Tuesday, September 30, 2008

ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ) -၂

ညီလေးရေ…..


ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန် ငြင်းပယ်ခြင်းရဲ့အလှ မဟာဗျူဟာကို အကောင်အထည် ဖော်ဖို့ရာ နည်းဗျူဟာလေးတွေ ဥပမာ ပေးချင်ပါတယ်။ “ချက်”ဆို နားကွက်ကမီးတောက်ပြီးသား ညီလေးအတွက် အသေးစိတ်ဖွင့်ဆိုရှင်းပြဖို့မလိုတာ ကိုကြီးသိပါတယ်။

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ - ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်” ဆိုတဲ့ ဗုဒ္ဓရဲ့စကားကို လက်ကိုင်ထားပြီး “ငါသာလျှင် ငါ့ကံ၏အရှင်သခင် (ဆွဲဆောင်မှုနိယာမ) ”ကို မိတ်ဆက်နေသူ ပီပီ အတွေးနည်းဗျူဟာကပဲ စချင်ပါတယ်။


ငြင်းပယ်ရမယ့် အတွေးများ

ညီလေးရဲ့ပန်းတိုင်ကိုလှမ်းကိုင်စေနိုင်တာဟာ ညီလေးရဲ့ အတွေးတွေ ဖြစ်သလို ၊ ညီလေးရဲ့ ပန်းတိုင်က ဝေးကွာစေတာလည်း ညီလေးရဲ့အတွေးတွေပါပဲ။ အဲဒါကြောင့် တားမြစ် ထားသော...အတွေးများကို ဖယ်ရှားပြီး အပြုသဘောဆောင်တဲ့ ပေါကြွယ်ဝခြင်းဆိုင်ရာ အကောင်းမြင်အတွေးတွေကို အစားထိုးရမှာ ကိုကြီးတို့တာဝန်ပါ။ ညီလေးရဲ့ အဇ္ဈတ္တကပဲဖြစ်ဖြစ်၊ ပြင်ပလူတွေဆီကပဲဖြစ်ဖြစ် အနုတ်လက္ခဏာသဘောဆောင်တဲ့ အတွေးအမြင်၊ စကားအမျှင်ဆိုရင် လုံးလုံးသည်းမခံပါနဲ့။ မိုးတွေ ဝေါခနဲရွာတာနဲ့ အခန်းတခါးကို ဒိုင်းခနဲပိတ်ချလိုက်သလိုသာ အဲဒီအတွေးတွေကို ငြင်းပယ်ချလိုက်ပါ။

ငြင်းပယ်ရမယ့် ခြွင်းချက်များ

ကိုကြီးတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပျင်းရိခြင်းခြောက်ပါး ဆိုတာ ခြွင်းချက်များပါပဲ။ အဲဒီလိုခြွင်းချက်တွေဟာ အချိန်၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု နဲ့ အကျိုးအမြတ်တွေကို ကုန်ခမ်းစေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို မညှာမတာတမ်း အရိုးသားဆုံး စစ်ဆေးသုံးသပ်ပြီး ကိုယ် ဘယ်လို ပြုမူဆောင်ရွက်ချင်တယ်ဆိုတာ ခြွင်းချက်မရှိအောင် ပြဋ္ဌာန်းထားရပါမယ်။ လိုက်နာနိုင်ဖို့အတွက်ကတော့ ကျကျနန လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပ္ပမာဒတရား မြင့်မားနေဖို့လိုပါတယ်။

ငြင်းပယ်ရမယ့်စကား

တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်စေမယ့်စကား မဟုတ်ရင် မပြောဘဲ ငြင်းပယ်တတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမယ်။ လိုအပ်လို့ပြောတဲ့အခါမှာလည်း အဖြေကိုပဲ ပြောပါ။ ပြဿနာအပေါ်မှာ၊ အပြစ်ပုံချနေခြင်းအပေါ်မှာ အချိန်ဖြုန်းမနေမိဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလိုလေ့ကျင့်ခြင်းဖြင့် အချိန်ကုန်အများကြီးသက်သာသလို တကယ့်တကယ် အရေးပါတဲ့ အရေးအရာတွေမှာသုံးရမယ့် စိတ်အင်အားကိုလည်း မလိုအပ်တဲ့နေရာမှာ မဖြုန်းတီးရာ ရောက်ပါတယ်။

ဒီလောက်ဆိုရင် ကျန်တဲ့ နည်းဗျူဟာတွေကို ညီလေးကိုယ်တိုင်ဆက်လက်ရေးဆွဲတတ်ပြီဆိုတာ ကိုကြီး အပြည့်အဝ ယုံကြည်ပါတယ်။ ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန်ကို လာမယ့် အောက်တိုဘာ (၃)ရက်၊ သောကြာနေ့မှာ စကြရအောင်။


ဆက်ဖတ်မယ်ဆိုရင် ...

ညည်းချင်း…….


“ညည်းချင်း”

မိုးဆောင်းနွေတို့ လှည့်ပတ်
ရှစ်နှစ်ဆိုတဲ့၊ အခန်းဆက်မှာ
ပညာပြည့်ဝ၊ ဘွဲ့ တွေရလို့ 
မိဘနဲ့ ဝေး၊ တာဝန်ပေးလို့ 
စွမ်းဆောင်ဝန်တာ၊ အလုပ်မှာကား
ပညာနှင့် နည်းနည်းမှမဆိုင်။

သို့ ပေမဲ့လည်း
တာဝန်တွေသိ၊ လုပ်ဆောင်ခဲ့၏။

နားဖို့ ချိန်၊ ဘယ်မရှိ
စားဖို့ ဆန်၊ ၀ယ်ချိန်မရှိ
စိတ်မပျော်တဲ့၊ ဒီဘဝမှာ
မျှော်လင့်တဲ့၊ စိတ်အာရုံ
အလုပ်ဆိုသည်မှာ
ဈာန်ဝင်စားရာသာ ဖြစ်ခြေသည်တကား။

ဖြစ်ချင်တာမဖြစ်၊
ဖြစ်ချင်တာဖြစ်နေတဲ့လောကမှာ
လုပ်သည့်အလုပ်၊ စာရေးသာသာ
ဟိုလူကအော်၊ ဒီလူငေါက်နဲ့ 
ကြိမ်ဖန်များတော့၊ ဘဝရယ်နာ။

အော်… မေမေရယ်
ဟောဒီ့အလုပ်ကိုလေ
မေမေ့သမီးမှာ…..
စိတ်ပျက်ပါ၏။ ထွက်ပြေးချင်မိ။
မယ်(5:30pm,23.9.08)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 29, 2008

"တစ်ကိုယ်ရေ လွမ်းဆွတ်မှု"

အလွမ်းတွေ
တစ်စက်ပြီးတစ်စက် ကြွေကြ
ခြေချစရာနေရာမရှိ
အလွမ်းတွေ ပြည့်လို့နေပြီ။
နင်းမိတဲ့အလွမ်း
မနွမ်းဘဲ လန်းဆန်း
ရင်ကို ထိအောင်နမ်းခဲ့တယ်။
အလွမ်းရဲ့ ရနံ့
နှလုံးသားနဲ့ ရှူရှိုက်ခွင့်ရပြန်တော့
ရင်မှာ ပိုလွမ်း
တမ်းတလို့ နေမိပြန်တယ်။
အလွမ်းတွေ မဝေဆာခင်
အလွမ်းနဲ့ ဝေးရာကို
ထွက်ပြေချင်ပေမယ့်
အလွမ်းတွေက
ကျနော့်ကို ဝန်းရံနေကြပြီလေ။
မြေမှာလဲ အလွမ်း
လေမှာလဲ အလွမ်း
အနမ်းတွေကို လွမ်းရင်း
အလွမ်တွေနဲ့ ရင်းနှီးလို့လာခဲ့ပြီ။
ပြေးဖို့ ကြိုးစားတဲ့ခြေလှမ်း
အလွမ်းရဲ့ ရစ်ပတ်ခြင်းကိုခံရတော့
ခြေလှမ်းတွေ လှမ်းလို့မရတော့ဘူး။
အလွမ်းတွေ ရစ်ပတ်ခံနေရတဲ့ကျနော်
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းနေပေမဲ့
ဘယ်သူမှ မကြားကြဘူး။
အလွမ်းတွေ ကျနော့်ကို ရစ်ပတ်လိုက်တာ
ခြေဖျားကနေ စလို့
အခုဆို ..
ကျနော့်နှလုံးသားအထက်ဆီရောက်လို့လာခဲ့ပြီ။
ဟူး ....................................
အသက်ရှူရတာလဲ မဝတော့ဘူး။
အလွမ်းတွေနဲ့ မွန်းကြပ်လိုက်တာ.....
ကျနော့်ကို ကယ်ကြပါအုံးလို့
အော် ခေါ်နေပေမယ့်
အသံက မထွက်တော့ဘူး။
နောက်ဆုံး ................
အလွမ်းရဲ့ လက်ချက်နဲ့
ကျနော်တစ်ယောက်
တမလွန်ဘဝကို ရောက်ခဲ့ရပြီလေ။

တောကြောင်။

ဆက်ဖတ်မယ်ဆိုရင် ...

ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ)

ညီလေးရေ.....
မနက်ဖြန်ဆိုရင် ၂၀၀၈ ခုနှစ်ရဲ့ ချစ်သော စက်တင်ဘာဟာ ဘယ်သောအခါမှ ပြန်မဆုံနိုင်တဲ့ ခရီးကို အပြီးအပိုင် ထွက်ခွာသွားတော့မယ်။ နှစ်တစ်နှစ်မှာ (၁၂)လ ရှိတဲ့အနက် (၉)လတာ ကုန်ဆုံးကာ (၃)လသာ ကျန်တော့မယ်။ ပြက္ခဒိန်တစ်ခုရဲ့ လေးပုံပုံသုံးပုံဟာ ကုန်ဆုံးသွားတဲ့အတွက်ကြောင့် လေးပုံတစ်ပုံသာ ကျန်တော့တယ် ဆိုပါစို့။ ဒါဟာ ဒီကမ္ဘာပေါ်က လူသားအားလုံးအတွက် တူညီတဲ့ အမှန်တရားပါ။တန်းတူရည်တူ အခွင့်အရေးပါ။

အဲဒီတော့ မြန်မာပီပီ ရက်(၉၀)အဓိဋ္ဌာန် တင်ပြီး အဲဒီအခွင့်အရေးကို အသုံးချကြရအောင် ညီလေးရေ။ အတိအကျ ဆိုရင်တော့ အောက်တိုဘာ (၃)ရက်၊ သောကြာနေ့က စကြတာပေါ့။ အဲဒီနေ့က စရေတွက်ရင် ၂၀၀၈ အကုန် ဒီဇင်ဘာ(၃၁)ရက်အထိ ရက်(၉၀)ကွက်တိပဲ။ ဒီ ရက်ပေါင်း (၉၀)ဟာ အခု အသုံးချရင်ချ၊ မဟုတ်ရင် ဘယ်တော့မှ ပြန်မရမယ့် အခွင့်အရေးပါ။

ကဲ နှစ်အစမှာ ကိုကြီးတို့ချခဲ့တဲ့ ရည်မှန်းချက်တွေ၊ရာထားချက်တွေ ဘယ်လောက် အောင်မြင်ခဲ့ပြီးပြီလဲ၊ ဘယ်လောက်ပြည့်မီခဲ့ပြီးပြီလဲ။ ဘာပဲဖြစ်ဖြစ်
“ပြီးခဲ့တာတေ၊ွ ပြီးပါစေတော့
ပေါ့ပေါ့ပါးပါး၊ စိတ်ထားတည်ကြည်
နောင်ဖြစ်မည်ကို၊ မတွေးလိုနှင့်…..
ယနေ့လုပ်ရန်၊ စိတ်အားသန်လျက်
ကြောင်းကျိုးဆက်က၊ သင့်တွက်နက်ဖြန်
ဧကန်လှပ၊ ပြည့်စုံရလိမ့်” ဆိုတဲ့ “အမေရဲ့ အမှာ” နဲ့အညီ အခုကျန်တဲ့ ရက်(၉၀)ဟာ ကိုကြီးတို့ဘဝရဲ့ အကောင်းဆုံး သုံးလပတ်ဖြစ်စေရမှာ ကိုကြီးတို့ရဲ့တာဝန်ပါ။ အဲဒီအခါ မဟာဗျူဟာလိုတယ်။ နည်းဗျူဟာ လိုတယ်။




ငြင်းပယ်ခြင်းရဲ့ အလှ


ပထမဦးဆုံးသော မဟာဗျူဟာကတော့ ---- အဲဒီတော့ ဒီရက်ပေါင်း (၉၀)လုံးလုံး “ဘူး”တစ်လုံးဆောင်ကြမယ်။ ငြင်းပယ်ခြင်းရဲ့ အလှကို ထွန်းလင်းပြကြမယ်။

ရည်ရွယ်ချက်ကြီးမားတဲ့ သူဆိုတာ စိတ်ဓာတ်အင်အားကြီးမားရတယ်။ အကြီးမားဆုံးစိတ်ဓာတ်အင်အားက “ခန္တီ”ဆိုတဲ့ တရားပဲ။ သူတစ်ပါးတွေကို သည်းခံဖို့ ဆိုတာကိုက ခက်လှပြီ။ ကိုယ်ကိုယ့်ကို သည်းခံဖို့ဆိုတာက ပါရမီရှိမှဖြစ်မယ်။ ပါရမီဆိုတာ ဖြည့်ကျင့်ယူရင်ရပါတယ်။ …..
ကိုကြီး ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ “လေရူးသည် စာမတတ်ပါ”ထဲက စကားလေးတွေကို ကိုကြီးမှတ်မိသလို ပြန်ကိုးကားလိုက်တာပါ။ စာသားတွေကတော့ အတိအကျမဟုတ်ဘူးပေါ့။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ဖတ်ဖူးတာဆိုတော့ သေချာ မမှတ်မိတော့ဘူး။ (အဲသည်စာအုပ်ကလေး ညီလေး ဖတ်ပြီးသားဖြစ်မှာပါ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါလား။)

ကိုကြီးတို့ ရက်ပေါင်း (၉၀)လုံးလုံး ငြင်းပယ်ကြမယ်။

ငြင်းပယ်ခြင်း၊ ငြင်းဆိုခြင်း၊ ဟင့်အင်း ဆိုတာ ကိုကြီးတို့ ကြွယ်ဝသမျှ ဝေါဟာရတွေထဲမှာ စွမ်အားအကြီးမားဆုံး စကားလုံးဆိုရင် မမှားပါဘူးကွာ။ ကိုကြီးတို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ ခါးဝတ်ပုဆိုးပမာ မြဲကြပါတယ်ဆိုတဲ့ ငါးပါးသောသီလတွေဟာ ငြင်းပယ်ခြင်းတွေချည်းပါပဲ။ ငြင်းပယ်ခြင်းဟာ အကန့်အသတ်တစ်ခုကို ချမှတ်ဖို့၊ နယ်နိမိတ်တွေကို ခိုင်မာစေဖို့၊ ညီလေးလုပ်မယ့်အရာတွေနဲ့ မလုပ်မယ့်အရာတွေကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် အလွယ်ကူဆုံး စကားလုံးဖြစ်ပါတယ်။ ငြင်းပယ်ခြင်း (ဟင့်အင်း-ဆိုတာ) ညစ်နွမ်းတဲ့စကားလုံး၊ အနုတ်လက္ခဏာသဘောဆောင်တဲ့စကားလုံး မဟုတ်သလို၊ အတ္တဆန်တဲ့ စကားလုံးလည်း မဟုတ်ပါဘူး။ အတ္တ၊ ပရ နှစ်ဖြာအတွက် သန့်စင်သောစွမ်းအားရဲ့ စကားလုံးသာဖြစ်ပါတယ်။

ဘယ်အရာတွေကို၊ ဘယ်နေရာမှာ၊ ဘယ်လိုငြင်းပယ်ရမယ်ဆိုတဲ့ အနုပညာကို ညီလေး ကျွမ်းကျွမ်းကျင်ကျင် အောင်အောင်မြင်မြင်ရှိဖို့ဟာ အလွန်အရေးပါပါတယ်။ ငြင်းပယ်တတ်အောင် သင်ယူလေ့လာခြင်းဖြင့် ညီလေးရဲ့ အဓိကဦးစားပေးတွေမှာ အာရုံစူးစိုက်နိုင်လာကာ ညီလေးရဲအချိန်တွေဟာ ပိုမိုလွတ်မြောက်လာမှာပါ။ အချိန်ဆိုတာ အသက်၊ အချိန်ဆိုတာ ဘဝ။ ဒီတော့ ညီလေးရဲ့ ဘဝဟာ ပိုမိုလွတ်မြောက်လာမှာ၊ ညီလေးရဲ့ အချိန်၊ ညီလေးရဲ့ ဘဝဟာ ညီလေးရဲ့ လက်ထဲကို အပြည့်အဝ ရောက်လာမှာ အသေအချာပါ။ ဟင့်အင်း လို့ ပြောတတ်ခြင်းဖြင့် ညီလေးရဲ့ ပန်းတိုင်ကို လှမ်းကိုင်ဖို့ အချိန်တွေ၊ အင်အားတွေ ပိုလို့ရလာစေမှာပါ။ ညီလေးရဲ့ နေ့စဉ်ဘဝ၊ ပြုမူဆောင်ရွက်ချက်တွေမှာ ပိုမိုလွှမ်းမိုးချယ်လှယ်ချုပ်ကိုင်နိုင်လာတာဟာ ငြင်းပယ်ခြင်းရဲ့ အလှတစ်ပါးပါ။ ငြင်းပယ်ခြင်းအားဖြင့် လက်ခံခြင်းရဲ့ တန်ဖိုးကို ပိုမိုမြင့်မားစေပါတယ်။ ဟင့်အင်း-လို့ ညီလေးငြင်းပယ်လိုက်ခြင်းဟာ ညီလေးကိုယ်တိုင်ချမှတ်လိုက်တဲ့ မဟာဗျူဟာအမြောက်ဆုံးသော ဆုံးဖြတ်ချက်ပါပဲ။

အဲဒီတော့ ကိုကြီးတို့ရဲ့ ရက်(၉၀)အဓိဋ္ဌာန်ကို လာမယ့် အောက်တိုဘာ (၃)ရက်၊ သောကြာနေ့မှာ စကြရအောင်။

ဆက်ဖတ်မယ်ဆိုရင် ...

Just Psychological Test for fun.



သင်အိမ်ထောင်ကျမကျ ဒီအခြေအနေနဲ့ စမ်းသပ်ရအောင်

ကျွန်တော်တို့ အခြေအနေတစ်ရပ်ကို ဖန်တီးကြမယ်။ ခြောက်သွေ့နေတဲ့ တောတန်းတစ်ခုကို ဖြတ်သန်းအသွား အန္တရာယ်တစ်ခုနဲ့ တွေ့တယ်ပေါ့။ အသက်လုပြီး ပြေးနေရတယ်။ မောပန်းနွမ်းနယ်နေပြီ။ အဲဒီအချိန်မှာ ကမ်းပါးတစ်ခုကို ကျော်ဖြတ်ရတယ်။ ခင်ဗျား အရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့ အသက်ဘေးနဲ့ ကြုံတွေ့နေရလို့ ကမ်းပါးရံကို ကျော်ဖြတ်ကို ဖြတ်ရတော့မယ်။ အားတင်းလို့ ကျော်ဖြတ်နေတုန်းမှာ ခင်ဗျားရေအရမ်းဆာလာတယ်။ နည်းနည်းလောက် ဆက်ကြိုးစားလိုက်ရင်လည်း ကမ်းပါးကို ကျော်ဖြတ်လို့ အန္တရာယ်ကနေ လွန်တော့မယ်။ ရေကလည်း အရမ်းဆာနေပြီ။ ဆိုးသွားတာတစ်ခုက ခင်ဗျားရေသောက်ချင်တယ်ဆိုရင် ကမ်းပါးရံအောက်ခြေကို ဆင်းသောက်ရမယ်။ ရေကလည်း ရနိုင်တာ ဒီတစ်နေရာပဲ။ ကမ်းပါးရံရဲ့ဟိုတစ်ဖက်မှာက ရေအတွက်မသေချာဘူး။ အောက်ခြေမှာ အန္တရယ်နဲ့ရေ ရှိနေလေရဲ့။ ခင်ဗျားဘာ လုပ်မလည်း။ စိတ်မှာ ပုံဖော်ခံစားကြည့်ပြီး အဖြေတစ်ခု စဉ်းစားထားလိုက်ပါ။ ခင်ဗျား ကမ်းပါးရံကိုပဲ ကျော်ဖြတ်တော့မှာလား၊ ရေဆင်းသောက်မလား။
ပြီးမှ ဆက်ဖတ်ရန်ကို နိပ်နော်။



ခင်ဗျားက ကမ်းပါးရံကိုပဲ ကျော်ဖြတ်လို့ သွားတော့မယ်ဆိုရင် အိမ်ထောင်ကျဖို့အတွက် သိပ်မသေချာသူပါတဲ့။ သူတို့ပြောတာကတော့ အကျပ်အတည်းတစ်ခုကို ဖောက်ထွက်ရာမှာ ကိုယ့်အသက်ကိုကိုယ် ရွေးချယ်လို့တဲ့။
ခင်ဗျားက ရေဆင်းသောက်အုံးမယ် ဆိုရင်တော့ အိမ်ထောင်ကျဖို့ ရာနှုန်းများသူပါတဲ့။ အကျပ်အတည်းတစ်ခုမှာတောင် အသက်ကိုပဓာဏမထားပဲ အန္တရာယ်ရှိရာကို ပြန်သွားလို့တဲ့။

ဟုတ်မဟုတ်တော့ အရမ်းမတွေးကြပါနဲ့။ စိတ်ပိုင်းဆိုင်ရာ အပျော်မေးခွန်းလေးတစ်ခုပါ။ ကျွန်တော့်ကိုလည်း သူငယ်ချင်းတစ်ယောက်က မေးလို့မှတ်မိနေတာလေးပါ။ ဒီမေးခွန်းလေးကို သိပြီးသားဆိုရင်တော့လည်း ပြုံးသွားလိုက်ယုံပေါ့နော။ ဒါနဲ့ စကားမစပ် ကျွန်တော်ကတော့ ရေဆင်းသောက်သေးတယ်ဗျ။ ဟီး…ဟီး..။ အခုထိကတော့ ရည်းစားမရှိ လူပျိုပါခင်ဗျာ။း)

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 28, 2008

မင်းနဲ့ငါ တစ်ညတာ


အစားကောင်းစားရတဲ့အခါ ချစ်သောသူကို သတိရတယ် - တဲ့။
ကိုယ့်အတွက် သာမြင်ညောင်ညဟာ တစ်ချို့ အတွက် ရာထောင်မက ဖြစ်နေတတ်ပါတယ်။ အခု ကျနော့်ရဲ့ ရာထောင်မကတွေကို ခင်များတို့အား ဝေမျှလိုပါတယ်။ တကယ်တော့ ဒါဟာ တာဝန်တစ်ရပ်ကို ထမ်းရွက်ခြင်းလည်း ဖြစ်ပါတယ်……



မင်းနဲ့ငါ တစ်ညတာ

မင်းလည်း ပြောစရာရှိတာ မပြောနဲ့တော့။ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ မင်းကြီးပြင်းခဲ့တဲ့မြို့၊ မင်းငယ်ဘဝ၊ ငါကြီးပြင်းခဲ့ရာမြို့၊ ငါ့ငယ်ဘဝ။ ငါတို့ရဲ့အမှတ်ရစရာတွေ။ ငါတို့ရဲ့ခံစားမှုတွေ။ ငါတို့သီခဲ့ကြတဲ့တေးတွေ ရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။ လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ၊ ဝမ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။ အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။ ငါတို့မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲရှိနေပါစေကွာ။ ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဒါကို ငါစဉ်းစားမိသလို ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။ တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံး ကောင်းကောင်းဖုတ်မယ်။ သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကို စောင့်မျှော်မယ်။ မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့၊ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ အတွေ့အကြုံဖြတ်သန်းမှု မတူပေမယ့် ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။ မနက်လင်းရင် အရှေ့ အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်မယ်။ ငါတို့ငြင်းခုန်ဖို့ မလိုတော့ဘူး။ ငါတို့ဆွေးနွေးဖို့ မလိုတော့ဘူး။ စက်သီးကြိုးနဲ့ ကျောက်တုန်းရေတွင်းထဲကရေကို ငါငင်မယ်။ မင်းက သလဲပင်ကလေးကို လောင်းပါ။ တကယ်တော့ ပေါင်မုန့် တစ်လုံးထက် ပေါင်မုန့်နှစ်လုံးက ပိုကောင်းတာပေါ့ကွာ။ ဒါပေမယ့် ပေါင်မုန့်တစ်လုံးပဲ မင်းဖုတ်ခဲ့လည်း ငါကျေနပ်ပြီ။ မီးဖိုထဲက မီးတွေ ငြိမ်းသွားလို့ အအေးဓာတ် စတင် ဖြစ်ပေါ်လာခဲ့ရင် မင်းငါ့အနားကိုတိုးပါ။ မင်းကို ငါပွေ့ဖက်ထားမယ်။ နွေးအောင်ပေါ့။ ဒီထက်မပိုဘူး။ တကယ်လို့ မင်းနားထောင်ချင်ခဲ့ရင် ငါအလေးအနက် ပြောခဲ့တဲ့စကားကို ဘေးဖယ်ထားပြီး မင်းကို အကြောင်းအရာတစ်ခု ပြောပြမယ်။ ဟိုး ငါငယ်ငယ်တုန်းက ကြောင်ကလေးကို လက်သဲညှပ်ပေးခဲ့တဲ့ အကြောင်းလေ။ မင်းလည်း ခုထိ အမှတ်ရနေတဲ့ ငယ်ငယ်က မိုက်မဲမှုတစ်ခုခုကို ပြောပြပါ။ ငါနားထောင်ချင်လို့။

နေမျိုး
(ချင်းတွင်းမဂ္ဂဇင်း၊အမှတ် -၉ ၊ စက်တင်ဘာလ၊ ၂၀၀၆)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, September 27, 2008

Walking, talking.


လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“ကျွန်တော်နှင့် မိန်းမချောလေးများ”

ကျွန်တော်တို့ မြန်မာမှာ ဆိုရိုးလေးတစ်ခု ရှိသတဲ့။ “မိန်းကလေးတို့အိနြေ္ဒ ရွှေပေးလို့မရ”ဆိုပဲ။ ကျွန်တော်က ချစ်စဖွယ် စကားကိုသာ ဆိုချင်ပါတယ်။ တစ်ခါတလေတော့လည်း မဖြစ်ညစ်ကျယ် တွေးချင်မိတယ်။ အတွေးဆိုတာ ကိုယ်ပိုင်ဆိုပေမဲ့ ကျွန်တော်ကတော့ မျှဝေချင်တာ ဆန္ဒပါပဲ။ ဒါမှလည်း အတွေးတို့ပေါင်းစပ်ရင်း ဘဝအတွက် လျှောက်လှမ်းရာမှာ အဆင်ပြေမယ်ထင်တယ်လေ။

လူထုဒေါ်အမာရဲ့ စာသားတစ်ခုကို ကျွန်တော် စိတ်မှာမှတ်မိနေသေးတယ်။ အခုခေတ် မိန်းကလေးတွေများ အမေတို့ခေတ်နဲ့ ကွာလိုက်တာတဲ့။ ဆက်ပြောသွားတာတွေက အများကြီးပါ။ အများကြီးထဲမှာ ဆရာမကြီးပြောသွားတာက မိန်းကလေးတွေ ထမိန်ဝတ်တာနဲ့ ပက်သက်ပြီးပေါ့။ အမေတို့ခေတ်က လူမမြင်ကွယ်ရာကိုသွား၊ ထမိန်ကိုလည်း အကုန်မဖြန့်ရဘူး၊ လိုသလောက်လေးဖြန့်ပြီး ခပ်တင်းတင်းပြန်စည်းရတာတဲ့။



တနေ့က ကွန်ပျူတာစာစီစာရိုက်လုပ်တဲ့ ဆိုင်တစ်ခုနားကနေ ကျွန်တော်ဖြတ်သွားတယ်။ လမ်းလျှောက်ရင် ဘေးတစ်ဖက်ကိုကပ်၊ ကိုယ့်ဘာသာတွေးချင်ရာ တွေးနေတတ်တဲ့ ကျွန်တော့်မှာ အတော်အနေရခက်သွားပါတယ်။ တံခါးပွင့်လာတာကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီဆိုင်လေးနားကို ကပ်လျှောက်နေတာကိုး။ သမီးပျိုလေးတစ်ယောက် ထွက်လာတာပါ။ ကျွန်တော်က အပေါက်နားကိုအရောက်၊ သူက ထွက်အလာ။ အဲဒီလို။

ဒါပေမဲ့ အတွေ့ကတော့ မငြိမ်းချမ်းပါဘူး။ လူအရင်ထွက်မလာဘူး။ လက်တစ်ဖက်နဲ့ ဖြန့်ထားတဲ့ ထမိန်စ အရင်ထွက်လာတယ်။ ပြီးတော့ ကျွန်တော်မရှောင်ရင် တိုက်မိမဲ့ပုံနဲ့ အပြင်ကို ထမိန်ဝတ်ရင်း ထွက်လာတာပါ။ ကျွန်တော်မှားတယ် ယူဆလို့ အမြန်ပဲ ရှောင်ပေးလိုက်ပါတယ်။ ခက်တာက သူကဒီအဖြစ်အပျက်အပေါ်မှာ ဟာသလို့ တွေးတယ်ထင်တယ်။ နောက်ကကပ်ပါလာတဲ့ သူ့သူငယ်ချင်းနဲ့ ပြောရယ်နေကြလေရဲ့။ ကျွန်တော်ကြုံမိ အဖြစ်ရှိသွားတယ်ထင်ပ။

တစ်ခါသောရက်က လ္ဘက်ရည်ဆိုင်ထိုင်ပါတယ်။ ဆိုင်က ခုံပုလေးတွေနဲ့ ခင်းကျင်းတဲ့ဆိုင်ပါ။ သူရတဲ့နေရာမှာ အဆင်ပြေအောင် ခင်းရတယ်ဆိုတော့ ဝိုင်းတွေက မနီးလွန်း မဝေးလွန်းတွေပေါ့။ မကြာပါဘူး ခေတ်ရဲ့ သမီးပျိုလေးနှစ်ယောက် ဆိုင်ထဲကိုဝင်လာတယ်။ မှာစရာရှိတာမှာရင်းနဲ့ သူတို့တွေလည်း ထိုင်ကြတယ်ပေါ့။ သူ့နေရာနဲ့သူထိုင်ရင်း စကားပြောနေတာ၊ ဘယ်သူကိုမှ အနှောင့်အယှက်မဖြစ်ဘူးဆိုပေမဲ့ ကျွန်တော်ကတော့ အနှောင့်အယှက်ဖြစ်ပါတယ်။

ဒီကနေ့ခေတ်စားနေတဲ့ စတိုင်တစ်ခုဖြစ်တဲ့ ဂျင်းဘောင်းဘီကို အောက်နားခပ်ကျကျဝတ်တာဟာ (ချက်ပြုတ်လို့လည်းခေါ်ကြတယ်ထင်ပ) ပေါ့ပါးတဲ့ စတိုင်တစ်ခုလို့မြင်တယ်။ ကျွန်တော်က လက်ခံပါတယ်။ ဒါပေမဲ့ ခက်တာက ဂျင်းကအနက်ရောင်ဆိုရင် အတွင်းခံကိုလည်း အနက်ရောင်ဝတ်ပေါ့။ ဥပမာ ဂျင်းကအနက်ဆိုရင် ကျန်တာကို အနီရောင်ဝတ်လာတယ်။ ထင်ရှားစေချင်လို့တော့ မဟုတ်တန်ရာဘူး။ မြင်ရသူအတွက် မြန်မာ့အသိုင်းအဝိုင်းမှာ အနည်းအကျဉ်း စိတ်ရှုပ်စေပါတယ်။

အဲ၊ စောစောက သမီးပျိုနှစ်ယောက်ကတော့ ထိုင်ပြီးကတည်းက ဝတ်လာတဲ့အဝတ်အစားအရ ဘယ်လိုမှမလုံနိုင်တဲ့ သူတို့ခါးကို ဖုံးဖို့ကြိုးစားကြတယ်။ ကြိုးစားပါ၊ ကောင်းပါ၏။ မကောင်းတာက ခါးကို အင်္ကျီနဲ့ဖုံးလိုက် နောက်ဝိုင်းကလူတွေကို မသာမာသူလိုကြည့်လိုက်။ ခဏနေဆွဲချပြီးဖုံးလိုက် မသာမာသူလို ကြည့်လိုက်နဲ့။ အတော်စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ ကျွန်တော်ကြုံမိ အပြစ်ရှိသွားတယ်ထင်ပ။

ကျွန်တော်ကြုံမိလို့ အပြစ်ရှိသလိုဖြစ်သွားတာတွေ ပြန်ပြောပြနေရင် ကုန်နိုင်မယ်မထင်ပါဘူး။ ကျွန်တော်ကတော့ ပွင့်လင်းမှု၊ ခေတ်ရေစီးတွင်လိုက်လျောညီထွေရှိမှုတွေကို အရမ်းသဘောကျသူပါ။ ဒါပေမဲ့ လူဆိုတာ စည်းရှိရပါမယ်။

လူစုံရာမှာ စားပွဲတစ်လုံးနဲ့ ထိုင်လုပ်ရမဲ့အလုပ်မျိုးမှာ ရင်ဘတ်ဟိုက်လွန်းတာကို ဝတ်မလာပါနဲ့။ ဝတ်လာမိရင်လည်း နောင်တရပါ။ ကြည့်သောသူမြင်၏ ဆိုတာထက် တစ်ခါတစ်လေမှာ မြင်သောသူ အပြစ်ရှိ၏လို့ ဖြစ်အောင်တော့ မလုပ်စေချင်ပါဘူး။ အိနြေ္ဒဆိုတာက ရင်ဖုံးလေးဝတ်၊ ထမိန်ရှည်ရှည်လေးနဲ့ ဆံပင်ကို နောက်လေးသိမ်းပြီး ဆင်မရင်သာလှမ်းနေတာကို ပြောတာမဟုတ်တန်ရာဘူး။ ကိုယ့်ခေတ်၊ ကိုယ့်စတိုင်နဲ့ အနေတတ်ဖို့ကို ပြောတာပါ။ ပွင့်လင်းတယ်ဆိုတာကလည်း ရဲတင်းတာဟုတ်ဟန် မတူဘူး။ ရဲတင်းလွန်းစွာနှင့် အနေမတတ်ရင်သာ မိန်းကလေးတွေအတွက် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်တာပါ။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ယဉ်ကျေးမှုများ ပေါင်းစည်းခြင်းဆိုတာထက် ရောယှက်ခြင်းမျှသာပါ။ မကောင်းတာပယ်၊ ကောင်းတာကို သယ်ရမှာ။ ကိုရီးယားမလေးတွေ ဆံပင်ဖြောင့်နဲ့လှနေပေမဲ့ မြန်မာမလေးတွေက တခြားစတိုင်နဲ့မှ လှချင်လှနေမှာ။ သူတို့ကျင်လည်ရာပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် မတူကွဲပြားမှုကြားမှာ မျှယူရမှာပါ။ ဒါဟာ နတ်ဒိုးကို ခေတ်သံစဉ်နဲ့ တွဲဖက်သလိုလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ အလိုမတူ ကွဲပြားလို့ရပါတယ်။ ကိုယ့်ကြောင့်သာ ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မဖြစ်စေပါနဲ့။ ယဉ်ကျေးမှုဆိုတာကလည်း စီးဆင်းခြင်းတစ်မျိုးပါပဲ။ တားဆီးလို့ မရနိုင်ကောင်းပါဘူး။ ဒါပေမဲ့ လူမှုရေး နှုန်းသတ်မှတ်ချက်တွေကိုတော့ ဖောက်ဖျက်လို့ မရနိုင်ပါဘူး။ တဖြည်းဖြည်းခြင်းပဲ သူ့အလိုလိုပြုပြင်သွားတတ်တာမျိုးပါ။

အပြောင်းအလဲတစ်ခုကို ဦးဆောင်သူတွေဟာ ပေးဆပ်ရတတ်ပါတယ်။ ခေတ်ကာလ အမျိုးသမီးများကလည်း ဒါဟာငါတို့ အပြောင်းအလဲတစ်ခုကို ဦးတည်နေတာလို့ လက်ခံယုံကြည်ရဲရင် တစ်ချို့ကိုတော့ ပေးဆပ်ရမှာပါ။ ခေတ်ရှေ့ပြေးတဲ့နိုင်ငံတွေမှာ ခါးလေးရင်လေး လစ်ဟာတာလောက်နဲ့ မိန်းကလေးတွေကို ဘယ်ပုရိသမှ အရေးတယူမကြည့်ပါ။ သူတို့အတွက် မထူးဆန်းတော့လို့ပါ။ ဟုတ်ကဲ့ ကျွန်တော်တို့ မိန်းမချောလေးတွေလည်း မထူးဆန်းဘူးဆိုတဲ့ ခံစားချက်ကို အမောင်ပုရိသတို့ ခံစားရအောင် တစ်ချို့တော့ ပေးဆပ်ရမယ်ထင်တယ်။ မပေးဆပ်ချင်ရင်တော့ ပတ်ဝန်းကျင်အနေမခက်ရအောင် မပြောင်းလဲပါနဲ့လား။ ဒီလိုတော့လည်း မဟုတ်သေးဘူးထင်တယ်။ ပြောင်းလဲရင်လည်း ပတ်ဝန်းကျင်အနေရမခက်အောင် အနေတတ်ကြပါစေသား။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 25, 2008

နှင်းရည်စက်လက်

ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်
စကြာဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ
ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့
ကဗျာကို
သြော် ………. ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။

(မောင်သိန်းဇော်)

ကျနော် ကဗျာရွတ်ပါရစေ။
ဒီတစ်ခါတော့ ဗုံသံတွေထဲ ကျွံကျနေတဲ့ ကဗျာအလှ ကို ရွတ်ပါရစေ။
ဒါဟာ ကျနော် ကဗျာမရေးဖြစ်ခြင်း အကြောင်းရင်းကို ဖွင့်ဆိုခြင်းလည်း ဖြစ်ပါတယ်။

ကျနော်ကဗျာရွတ်ပါတော့မယ်။

ကျေးဇူးပြုပြီး …..
ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ်၊ (၅) ခါ လုပ်ပါ။

ကဲ ကျနော်ကဗျာ ရွတ်ပါတော့မယ်။



နှင်းရည်စက်လက်

မေမေ့ဆီမှာ
စိတ်ရဲ့အသုံးစရိတ်အနေနဲ့
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကိုကိုတောင်းယူခဲ့၊

တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြို့ကလေးလို့ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာဖူးပွင့်နေတဲ့
မြို့ကလေးလို့ပြောကြရအောင်ပါ။

နေလုံးနီနီရေ
ကိုယ် အထူးကျေးဇူးတင်ပါတယ် ၊
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်ခွင့်ရတယ် ။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့ မကောင်းပါဘူး ၊
ဘာမှမရေးဘဲ
မွှေးရနံ့တွေကို ငေးကြည့်နေဖို့ကောင်းပါတယ် ။

ကဲ ကိုယ့်ရာဇဝင်အတွက်တော့
101ဆိုတဲ့ အိပ်ခန်းလေး မပါလည်းဖြစ်တယ်
ဥရောပတိုက်ကြီး မပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ကလေးရေ မင်းကတော့ မပါလို့
မဖြစ်ပါဘူးကွယ် ။

ဒါပေမယ့် မေမေရယ်
မြို့ကလေးဟာ သူလှတာကို သူသိမနေရင်
သူဟာ ဒီထက်ပိုပြီး လှနေမှာပဲ ၊
သူ့ထံမှာ သားပျော်ပါတယ် ….. ဒါပေမယ့် မေမေရယ်
လေကောင်းလေသန့်တွေ ၊ ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ကလေးကို
နဂိုရည်အတိုင်းထားပြီး
သားပြန်ခဲ့ ။

အဲဒီနေ့ကပေါ့ မေမေရယ်
မနက်စောစောကြီး ….. မြို့ကလေးအပေါ်ကို
ချယ်ရီပန်းတွေအားရပါးရ ကြွေကျလို့ …..
အပြင်ဘက်ကနှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
မေမေ့သားရဲ့နှလုံးသားငယ် မိုးရေတွေ ရွှဲ လို့ ။……………။


မောင်သိန်းဇော်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, September 23, 2008

Researching the Research


အင်တာနက်ထဲမှာ ဟိုရှာ ဒီရှာလုပ်ရင် ပါဝါပွိုင့်ဆလိုက်တွေကိုတွေ့တော့ ဖတ်ကြည့်မိတာလေးတွေပါ။

Research must be teamed
  • African proverb
“If you want to go quickly, go alone. If you want to go far, go together.”
  • Research Proverb
“Doing alone, no more job and grant; doing as team, plenty of jobs and grants.”



အာဖရိကန် စကားပုံဆိုလိုတာက - ခရီးတခုကို မြန်မြန်သွားလိုရင် တစ်ယောက်တည်းသွားတဲ့၊ အဲ ဝေးဝေးသွားချင်ရင် အပေါင်းအဖော်တွေနဲ့ အတူတူသွားလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။

သူကိုလိုက်တုပြီး ပေါ်လာတဲ့ စကားပုံက တစ်ယောက်တည်းသာ အလုပ်လုပ်နေရင် ဘာမှလည်းဆက်လုပ်စရာပေါ်လာမှာ မဟုတ်သလို၊ ဘာအထောက်အပံ့မှလည်း ရမှာ မဟုတ်ဘူးပေါ့၊ အသင်းအစုအနေနဲ့ အလုပ်လုပ်ရင်တော့ အလုပ်အကိုင်တွေ၊ အထောက်အပံ့တွေလည်း များလာမယ်လို့ ဆိုလိုတာပါ။

သုသေသနအလုပ်လုပ်တဲ့အခါ အသင်းအဖွဲ့နဲ့ လုပ်တာ ကောင်းတယ်ဆိုတဲ့ သဘောကို ပြောချင်တာဖြစ်ပါလိမ့်မယ်။ သုသေသန အလုပ်တခုလုပ်တဲ့အခါမှာ အတွေ့အကြုံရှိတဲ့၊ သဘာရင့် ဆရာတွေက မျိုးဆက်သစ်တွေကို တွဲခေါ်ရမယ်။ တွဲခေါ်မယ်ဆိုတော့ ဝါရင့် သဘာရင့်တွေက မျိုးဆက်သစ် အငယ်တွေကို ဘယ်လိုတွဲခေါ်မှာတုန်း။ အထောက်အပံ့ဆိုတာကလည်းရှိမှသာ တွဲခေါ်သူကလည်း တွဲခေါ်နိုင်ရှာမယ်ပေါ့။ ဒီတော့ အထောက်အပံ့ကို ဘယ်က ရမှာပါလိမ့်။


Research, industry and system as a team and rule of game
  • Researchers convert tax money to knowledge.
  • Industries convert knowledge to MORE money (and pay more tax).
  • System manages to enlarge this spiral circle for benefit of tax payers and nation; creates Knowledge-Based Wealth.
  • To be successful,
  • Researchers know what should be done, under what conditions and have postgraduate students as connecting mechanism.
  • Industries give research problems/conditions, follow up and implement the results.
  • “Manager” creates system and rule to spirally circulate wealth.

သုသေသနရယ်၊ (စက်မှု)လုပ်ငန်းရယ်၊ စနစ်ရယ်က သဟဇာတဖြစ်နေရမယ်။
  • သုသေသနသမားက အခွန်ငွေကို အသိပညာအဖြစ်ပြောင်းလဲပစ်တယ်။
  • စက်မှုလုပ်ငန်းတွေက အသိပညာတွေကို ပိုက်ဆံတွေအဖြစ်ပြောင်းလဲပစ်မယ်။ (ပြီးတော့ အခွန်ထမ်းဆောင်ပေါ့။)
  • စနစ်က ဒီစက်ဝိုင်းကို အဆင်ပြေပြေလည်ပတ်နိုင်အောင် မောင်းနှင်နိုင်ရမယ်။ (အခွန်ထမ်းသူတွေရယ်၊နိုင်ငံအတွက်ရယ် ပညာကိုအခြေခံတဲ့ ကြွယ်ဝမှုရှိအောင် လုပ်ဆောင်ပေးရမယ်။)
  • အောင်မြင်ဖို့ရာက -
  • သုသေသနသမားတွေက ဘယ်လိုအခြေအနေမှာ ဘာတွေကိုလုပ်ဆောင်ရမယ်ဆိုတာ သိရမယ်၊ ဘွဲ့လွန်တွေလည်း အဆက်မပြတ်မွေးရမယ်။
  • စက်မှုလုပ်ငန်းတွေက သုသေသနလုပ်ငန်းအတွက် ဘယ်လိုပြဿနာတွေရှိတယ်၊ ဘယ်လို အခြေအနေရှိတယ်ဆိုတာကို ပြောပြနိုင်ရမယ်။ ရလာတဲ့ ရလာဒ်တွေကိုလည်း အမှန်တကယ် အကောင်အထည်ဖော်ရမယ်။
  • စီမံသူတွေကတော့ ကြွယ်ဝချမ်းသာရေးအတွက် စနစ်ကိုဖန်တီးနိုင်ပြီး မောင်းနှင်ထိန်းချုပ်တတ်ရမယ်ပေါ့။

ဒီတော့ကာ တို့နိုင်ငံမှာရော သုသေသနရယ်၊ စက်မှုလုပ်ငန်းတွေရယ် အဆက်အစပ်ရှိပြီလား။ အပြင်ကလုပ်ငန်းတွေရဲ့နည်းပညာလိုအပ်ချက်တွေကို သုသေသနလုပ်ငန်းတွေက လိုက်ပြီးဖြည့်ဆည်းနိုင်ပြီလား။ သုတေသနသမား ကောင်းကောင်းတွေမွေးထုတ်ဖို့ တက္ကသိုလ်ကောင်းကောင်းတွေရော ရှိပြီလား။ တကယ်ကောင်းတဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်တဲ့ အခြေခံအထောက်အပံ့တွေရော ရရှိရဲ့လား။
လားပေါင်းများစွာနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

အရိပ်ကလေး

အရိပ်ကလေး

ချိတ်ဆွဲထားချင်ပါရဲ့
ကောင်းကင်ပေါ်မှာ…
တခြားသူတွေ မမြင်အောင်
မင်းရဲ့ အရိပ်ကို
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်…

ကိုယ်ရဲ့စိတ်နဲ့
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
အိပ်မက်တွေကို သောက်ပြီး
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
မင်းကို မသိစေချင်ပါဘူးကွာ။

ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်းရဲ့အကြည့်တွေကို အထင်းသား မြင်ရတဲ့အခါ …
မင်းရဲ့ စကားလုံးတွေ ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။

တရားသောနည်းနဲ့
ထွက်ပြေးချင်နေတာလား။
မင်းရဲ့ အသိစိတ်ကပဲ
ကိုယ့်အကြည့်တွေကို မုန်းလို့လား။
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ
အရိပ်ကလေးရယ် ... ။………………..။

မာရေးသျှင်

Material : တိတ်တခိုး (တောကြောင်)

ဆက်ဖတ်မယ်ဆိုရင် ...

သံယောဇဉ် တစုံတရာသို့.....

အစကတော့သူကိုသတိမထားမိဘူး....
သူငယ်ချင်းကသူ့ ကိုပြဖူးပေမဲ့ အမှုမဲ့ အမှတ်မဲ့ပါပဲ....
တရက်တိုက်တိုက်ဆိုင်ဆိုင်စိတ်ညစ်နေတဲ့အချိန်
သူငယ်ချင်းကသူနဲ့ မိတ်ဆက်ပေးခဲ့တယ်...
သူနဲ့ အဲဒီမှာစပြီးစကားတွေပြောဖြစ်ခဲ့တယ်....
သူနဲ့ စကားတွေပြောရတာကိုပျော်လာတယ်....
အဲဒီအချိန်ကစပြီးမယ့်ဘ၀ထဲကို
သူရောက်လာခဲ့တာလား....
သူ့ ဘ၀ထဲကိုမယ်ရောက်သွားခဲ့တာလားဆိုတာ
မစဉ်းစားတတ်တော့ဘူး....







သေချာတာတခုက....
သူဟာမယ်စိတ်ညစ်နေတဲ့အချိန်မှာမယ်ရဲ့ ရင်ဖွင့်ဖော်...
မယ်ပျော်နေချိန်မှာမယ့်နဲ့ အတူ
ပျော်နိုင်တဲ့အဖော်ဖြစ်လာခဲ့တယ်...
မယ်စိတ်ဝင်စားတဲ့အကြောင်းတွေကို
သူကနေတဆင့် တခြားသူတွေနဲ့  ဆွေးနွေးဖြစ်တယ်....
တဖြည်းဖြည်းနဲ့ သူ့ ကိုမယ်စွဲလန်းမှန်းမသိစွဲလန်းလာမိတယ်....
တစစနဲ့ သူ့ အပေါ်တွယ်တာလာမိတယ်...
နောက်ပိုင်းမယ်အလုပ်တွေရှုပ်နေလို့ 
သူနဲ့ စကားတွေမပြောဖြစ်ခဲ့ရင်တောင်
သူဘာတွေလုပ်နေတယ်....
သူနဲ့ မယ့်သူငယ်ချင်းတွေဘာတွေပြောကြ....
ဆွေးနွေးကြတယ်.....
သူဘာတွေပြောင်းလဲနေတယ်ဆိုတာကို
နေ့တိုင်းစောင့်ကြည့်ဖြစ်တယ်....
သူအပေါ်သံယောဇဉ်တွယ်မိတဲ့မယ်
ကိုယ်တိုင်အံသြမိတယ်…..
ဒီနောက်ပိုင်းမယ်သူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
မယ်ပြောဖို့ ကြိုးစားခဲ့ပါတယ်…..
မယ်ပြောတဲ့စကားတွေ…
မယ်ဆွေးနွေးမဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး….
သူလက်ခံနိုင်ပမလား….
သူကြိုက်ပမလားဆိုတဲ့အတွေးတွေဝင်လာတော့….
မယ်လည်းသူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
သူနဲ့ စကားတွေမပြောဖြစ်ပေမဲ့ သူကိုမယ်မမေ့ပါဘူး…
နေ့ တိုင်းသူဘာတွေလုပ်နေတယ်ဆိုတာကို
မယ်အမြဲစောင့်ကြည့်နေပါတယ်…
သူ့ ကိုမယ်စကားမပြောဖြစ်ရင်တောင်မြင်ခွင့်…
ကြည့်ခွင့်လေးတော့ရှိသေးတယ်…
အင်း… မယ်ရဲ့ အကြောင်းကြောင်းသောကိစ္စတွေကြောင့်...
ဒီနောက်ပိုင်း သူ့ နဲ့ စကားပြောခွင့် ….
သူ့ ကိုစောင့်ကြည့်ခွင့်…ရှိပါတော့မလားဆိုတာ
မယ်နဲနဲစိတ်ပူလာမိတယ်…
သူနဲ့ စကားမပြောဖြစ်ခဲ့ရင်…
သူ့ ကိုမြင်တွေ့ ခွင့်မရှိခဲ့ရင်တောင်…
မယ်သူ့ ကိုမမေ့ပါဘူးဆိုတာ
သူ့ ကိုသိစေချင်ပါတယ်…
အခွင့်အရေးရမဲ့တနေ့ မှာ
သူနဲ့ စကားတွေဆက်ပြောဖြစ်ဦးမှာပါ…
အဲဒီတနေ့ ကိုမယ်မျှော်နေတယ်ဆိုတာသူသိပါစေလို့ ……
မယ်(93း0 , 20.9.08)

ဆက်ဖတ်မယ်ဆိုရင် ...

Open Letter

အိတ်ဖွင့်ပေးစာ။…..။

အမည်မသိသူသို့ တောင်းပန်ခြင်း။


တနေ့က ကျွန်တော်တို့ရဲ့ စီဘောက်စ်လေးမှာ လာပြောသွားပါတယ်။
Anonymous: သုခမိန်(E-Journal) ရေ.. ဘာများဖြစ်လို့ ကျွန်တော့ကဗျာကို ကူးထားတာပါလဲ.. တိုက်ဆိုင်မိသွားလို့ပါလားခင်ဗျာ.. ဘယ်သူ့ဆီက ကြည့်ကူးတာမှမဟုတ်ပါဘူးနော်.. တိုက်ဆိုင်သွားရင် ပြန်ဖျက်ပေးပါ့မယ်။
18 Sep 08, 03:58
အဲဒီ စကားစုလေးကို မြင်မြင်ခြင်း ကျွန်တော် ကြောင်သွားတယ်။ နောက်တော့ ပြုံးမိတယ်။ ကျွန်တော်က ကဗျာရေးတာနည်းတယ်။ မရှိသလောက်ပါ။ အရေးလည်း မကောင်းဘူး။ ဒီလိုအပြောခံလိုက်ရတော့ “မဟုတ်တာလို့”ပဲ တွေးပါတယ်။

ဒါပေမဲ့ နောက်ရက်တွေအထိ အဲဒီအကြောင်းက စိတ်ထဲမှာ ရောက်နေတယ်။ ဘယ်လိုဖြစ်သွားတာလည်း။ ကျွန်တော် ရေးဖူးသလောက် ကဗျာဆိုတာကလည်း ကောင်းတာ၊ မကောင်းတာထက် ကိုယ်တိုင် မွေးဖွားလိုက်တာတွေပဲ။ စဉ်းစားပါတယ်။ စဉ်းစားရင်း နောက်တော့ အဖြေတစ်ခုတွေ့လာပါတယ်။ ကွန်မန့်တွေပါ။ ဟုတ်ကဲ့၊ မလည်မဝယ် နဲ့ကျွန်တော် ဇာတ်ရှုပ်မိသွားပါပြီ။

ကျွန်တော်က သူများတွေစာကိုဖတ်တယ်။ ပြီးရင် ကွန်မန့်ရေးတဲ့အခါမှာ စိတ်ထဲရှိသလိုပဲ ရေးတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကဗျာတွေဖတ်တယ်။ နောက်ပြီးကျရင် ကဗျာဆိုတော့ ကွန်မန့်မှာ ဘာပြောရမလဲ မစဉ်းစားတတ်ဖြစ်သွားတာမျိုးတွေ ရှိလာပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော် ဖတ်မိတဲ့ကဗျာလေးထဲက စိတ်ကို စွဲဆောင်သွားတဲ့ စာသားလေးတွေကို ချရေးလိုက်တာပါပဲ။ တစ်ခါတစ်လေမှာ ခေါင်းစဉ်ကိုတောင် ပြန်ကူးရေးပေးခဲ့တတ်ပါတယ်။ ပြီးရင်တော့ အောက်မှာ “သုခမိန်(E-Journal)”ဆိုပြီး ရေးလိုက်တော့တာ။ အဲဒီမှာ နားလည်မှုလွဲတယ်ထင်ပါတယ်။

ကျွန်တော် ဒီလိုလုပ်လိုက်တယ်ဆိုတာဟာ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်အပြီး လိုက်ဆိုလိုက်သလိုပါပဲ။ ကပေါက်တိ ကပေါက်ချာ၊ တောင်ရောက် မြောက်ရောက်။ သံပြိုင်အပိုဒ်ဆိုလိုက် စိတ်ဝင်စားတဲ့ စာသားလေး ကောက်ရွတ်လိုက်။ အဲဒီလိုပါခင်ဗျာ။ ပြန်ကူးချရခြင်း မဟုတ်ပါ။ ကျွန်တော့်ကိုပိုင်ကဗျာ မဟုတ်ပါ။

ဒီစာစုဟာ တောင်းပန်ခြင်းစာစုဖြစ်သလို၊ ကျွန်တော့်ကိုယ် ကျွန်တော် ဆုံးမခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး လုပ်ခဲ့မိတာကို ပြောတာဆိုရင် (ကွန်မန့်မှာ ပြန်ကူးချထားတာဆိုရင်) ဖျက်ပြစ်လိုက်ပါ ခင်ဗျာ။ တောင်းပန်မှုလည်း ပြုအပ်ကြောင်းပါ၊ အမည်မသိခင်ဗျား။ နှောင်ကိုလည်း အဲဒီလို ကွန်မန့်မျိုးမရေးဖြစ်အောင် ကျွန်တော် ထိမ်းသိမ်းရပါတော့မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဆုံးမဖြစ်လိုက်ကြောင်းပါ။

ဒီလိုမှမဟုတ်ဘဲ ကျွန်တော်ရေးထားသော (ဒီဘလော့ဂ်လေးမှာ တင်ထားသော) ကဗျာဟာ တူညီနေတာဆိုရင်လည်း သေချာညွှန်ပြ ပြောသွားနိုင်ကြောင်းပါခင်ဗျား။ ကျွန်တော်ကတော့ ဒီဘလော့ဂ်ပေါ်မှာ တင်ထားတာတွေအတွက် ကူးယူထားရင်လည်း ကူးယူထားကြောင်း ပြောပါတယ်။ မပြောဖြစ်ဘဲ ကျန်ရစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အားနာစရာမရှိ၊ ပုဂ္ဂိုလ်စွဲမထားပဲ ဆွေးနွေးနိုင်ပါတယ်။

နောက်ထပ်လည်း အလည်လာရောက်လို့ အားပေးစေချင်ပါတယ်။ ကျွန်တော်မှားခဲ့တဲ့ အပြုအမူရှိနေရင် တောင်းပန်ပါတယ် အမည်မသိခင်ဗျား။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, September 20, 2008

တိတ်တခိုး


အရိပ်ကလေးရယ် ...
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ …
ကိုယ့်အကြည့်တွေကို မုန်းလို့လား ?
မင်းရဲ့ အသိစိတ်ကဘဲ
ထွက်ပြေချင်နေတာလား ?
တရားသောနည်းနဲ့
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။
မင်းရဲ့ စကားလုံးတွေ
ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းရဲ့အကြည့်တွေကို
အထင်းသား မြင်ရတဲ့အခါ …
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်းကို မသိစေချင်ပါဘူးကွာ။
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
အိပ်မက်တွေကို သောက်ပြီး
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
ကိုယ်ရဲ့စိတ်နဲ့
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်
မင်းရဲ့ အရိပ်ကို
တခြားသူတွေ မမြင်အောင်
ကောင်းကင်ပေါ်မှာ
ချိတ်ဆွဲထားချင်ပါရဲ့။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 18, 2008

smart answer is Submarine!


ဖြေရှင်းချက်တွေ ပေးလိုက်တယ်။


ကြိုးစားပမ်းစားမဟုတ်တောင် ဘာလည်းဟဆိုပြီး စဉ်းစားသွားသူတွေအတွက် အဖြေမှန်လေးကို ပြောပြတာပါ။ ဟိုနေ့က မေးမိတဲ့ လူ၆၀တင်တဲ့သဘောင်္၊ လူ၆၀တက်ပြီးတော့ ရေအောက်မြုပ်သွားတယ်ဆိုတာက ဒီလိုဗျ။ ဟဲ ဟဲ။



ကိုတာတူး။...။
အ ဟွန်း ဟွန်း . . . . . ကိုဗာဘို ။ ဘယ်ရမလဲ ကိုဝန်ဆောင်သည် တက်လာလို့ မြုပ်တာဖြစ်မယ် ။ ပေး ဗျာ လက်ဆောင်။
ဒီလူဟာလေ။ ဒါပဲတွေးနေတယ်။ ဗိုက်ကြီးချင် အဲလေ၊ ကလေးလိုချင်နေလားမသိဘူး။ ရေငုပ်သဘောင်္လေဗျာ။ လိုက်မယ့်သူစုံပြီဆိုတော့ သွားမယ်ဆိုပြီး ဆင်းသွားတယ်၊ ရေအောက်ကို၊ မြုပ်ရော။

ရွှန်းမီ။...။
မင်္ဂလာပါ ကိုသု =)
သဘောင်္မြုပ်သွားတာ ရေထဲမှာ ရောက်နေလို့ပါ။
လူဆံ့တာ မဆံ့တာက မြုပ်တာ မမြုပ်တာနဲ့ မဆိုင်ဘူးထင်တယ်။ =)
ဒီအဖြေကကောင်းတယ်။ ရေအောက်ကိုမြုပ်ဖို့ ရေထဲကိုရောက်နေဖို့လိုတယ်။ အခြေခိုင်တဲ့ အတွေး။ လောကကြီးမှာ ရလဒ်တစ်ခုအတွက် ချဉ်းကပ်ရမှာက သူရှိနေနိုင်တဲ့ အဝန်းအဝိုင်းပါပဲ။ ဒါပေမဲ့ အဖြေကိုတော့ မှားတယ်ပြောမယ်။ ဒီမှာက ရေငုပ်သဘောင်္ကြီး ဖြစ်နေတယ်ကိုး။

Asterisk (မယ်)။...။
ကိုတားမြစ်ရေ...
ဘာကြောင့် ရေအောက်ကို မြုပ်သွားသလည်းဆိုတာက................................... အဖြေမှန်လို့ လက်ဆောင်မပေးနိုင်ပေမဲ့....မုန့်က တကယ်ကျွေးလို့ ရပါတယ်....
အင်း။ ဒီတစ်ယောက်လည်း အစားပဲမက်နေတယ်ကိုး။ စဉ်းစားဖို့ကိုအားမထည့်ဘူး။ ဒီလိုသာဆိုရင် ဝပုတ်ဖြစ်တော့မယ်။

ဇနိ။...။
ဟီးဟီး သိသိကြီးနဲ့ရေးသွားပြီ
ရေမြုပ်သင်္ဘော ဖြစ်နေလို့ပေါ့ ကိုသုရယ်
း)
ဒီလူက လူဆိုး။ သူ့ကိုမေးဖူးလို့ သူသိနေတာ။ အစီစဉ်ထဲ ဖြေပိုင်ခွင့်မရှိဆိုပြီး သူ့ကိုထည့်လိုက်ရမှာ၊ မေ့သွားတယ်။

မာရေးသျှင်။...။
“ရေငုပ်သင်္ဘောမို့ ထင်ပါ့ ဆရာသု ရေ”

တိုက်ဆိုင်တယ်။ အဖြေမှန်ကလည်း ရေငုပ်သဘောင်္ပဲဗျ။ အားလုံးထဲမှာ ဒီဆရာတစ်ယောက် အတွေးတော်တော်ပေါက်တယ်။

khin oo may။...။
ထင်တာကတော့ လေးလို့မြုပ်သွားတာပါ။
ကဲ မကောင်းဘူးလား။ မခင်ဦးမေတစ်ယောက်စဉ်းစားတာ ကွက်တိပါပဲ။ ရေအောက်မြုပ်ဖို့ အလေးချိန်တစ်ခုခုတော့ ပိုင်ဆိုင်ရမှာပဲ။ ဒါက သာမာန်ကျတဲ့ ယုတ္တိပဲ။ အတည့်စဉ်းစားတယ်။ ဖြေသွားပုံကို သဘောကျတယ်။ ဒါပေမဲ့ အမရေ ရေငုပ်သဘောင်္ဖြစ်နေလို့ဗျ။

အိမ်လွမ်းသူ(မှန်နီကုန်း)။...။
အကိုကြီးသုရေ....
ကျနော်ထင်တာ ပြောရရင်တော့
ballast system မကောင်းတာဗျ..။ ကျနော်က သင်္ဘောပေါ်နေ့တိုင်းတက်ပြီး သံချေးခေါက်နေတော့... နဲနဲတော့ သိတယ်ဗျ။ ကျနော်တို့ ကုမ္ပဏီက service လုပ်လိုက်တာလဲ ဖြစ်နိုင်တယ်ဗျ...။
သူကတော့ သီအိုရီသမားဖြစ်မယ်။ သူပြောတာတွေကို သားလည်းမသိ။ ပညာရှင်များ ကူညီကြပါကုန်လော့…။ တစ်ခုပဲ။ သူကများ လူကိုလာပြီး အကိုကြီးသုတဲ့။ ဆုံလာခဲ့ရင် ကောင်မလေးတယောက်လောက်ကို တို့နှစ်ယောက် ဘယ်သူပိုငယ်လည်း မေးကြည့်အုံးမယ်။ ဟင်း.. အဲဒီကျရင်တော့ ပေါ်မှာပဲ။ အသက်ပြောပါတယ်။

ရွှေပြည်သူ။...။
သင်္ဘောကတော့ အစတကည်းက ၀မ်းပေါက်နေလို့များလား (ဥာဏ်မီသလောက်လေး စဉ်းစားကြည့်တာပါး) )

ဒီကအမ မေ့တတ်တဲ့ အကျင့်များရှိလေသလား၊ တွေးနေမိတယ်။ သဘောင်္ဝမ်းအပေါက်က အစကတည်းက ရှိနေတယ်စဉ်းစားလို့ပါ။ ဒါပေမဲ့ သေချာတွေးမှ အယ်၊ သူပြောတာလည်း မှန်နေသလိုပဲလို့ တွေးလိုက်မိတယ်။ ဟုတ်တယ်လေ အပေါက်ရှိလို့ကို မြုပ်ရတာကိုး။ ရေငုပ်သဘောင်္လည်း ဒီလိုပဲလေ။

မိုးသောက်။...။
မာလိန်မှုး နဲ့ဆိုတော့ ၆၁ ယောက် ဖြစ်သွားလို့ ထင်တယ်
ဒါမှ မဟုတ်ရင်တော့ အစကတည်းက ရေ မြုပ်သင်္ဘော လားမှ မသိတာ
အဟဲ ဘာရယ် မဟုတ်ဘူး .. ရမ်းစမ်း ဖောကြည့်တာ :P
ဒီအကိုကလည်း အလုပ်ဆိုရင် သေချာလုပ်တာ မလုပ်တာထက် အခြေအနေတရပ်အတွက် အဓိကကို တွေးတတ်သူဖြစ်မယ်။ မာလိန်မှုးကို စဉ်းစားပေးလို့။ ဒါပေမဲ့ နောက်မှထည့်တွက်တယ်။ လူဆိုး။ အဖြေကိုလည်း နှစ်ခုပြောသွားတယ်။ နောက်တစ်ခုလည်းကျရော ထည့်မှန်ရောပဲ။ ဟုတ်ပ ရေမြုပ်သဘောင်္ကြီးကိုးဗျ။

ကဲအားလုံးပဲ ဆက်စပ်တွေးပေး၊ ဖြေပေးသွားတာ ကျေးဇူးပါ။ နောင်များလည်း လာလည်ကြပါ။ စာတွေဖတ်လို့ လိုအပ်တာတွေ၊ ပြုပြင်စရာတွေကိုလည်း အားမနာတမ်းသာ မှာကြားသွားပါ။ ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, September 16, 2008

Professor! Ok, I got it.


ပညတ်၊ ပရမတ်နှင့် သုခမိန်။


ဘလော့ပေါ်ကို ပိုစ့်မတင်နိုင်တာလည်း ကြာသွားပါတယ်။ ဒီကြားထဲ စိတ်ညစ်စရာလေးတွေရှိလာတော့ ခဏကို ရှောင်ပုန်းနေလိုက်သေးတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် မနေနိုင်ပါဘူး။ နေ့တိုင်းပဲ အွန်လိုင်းအဆင်ပြေတာနဲ့ ဘလော့ဂ်လေးကို လာချောင်းရတာ အမောပါ။ နောက်တော့လည်း ငါ့ရဲ့ စိတ်တစ်ချို့က ဒီနေရာမှာပျော်နေတယ်လို့ တွေ့လိုက်ရတာပါပဲ။ ဒါနဲ့ပဲ ပိုစ့်အသစ်ရေးရအောင် ကုန်ကြမ်းရှာပါတော့တယ်။ ပြောချင်တာတွေ လုပ်ချင်တာတွေကများ၊ စိတ်ရှိနေတုန်းမှာ ချမရေးထားနိုင် ဆိုတော့ အကြောင်းအရာတွေက ရောင်ဝါးဝါးတွေဖြစ်နေရော။ စဉ်းစားရင်း အချိန်ကုန်တာက များသွားတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ တခြားရေးဖော် ရေးဖက်တွေတင်လို့ ဖတ်နေရတဲ့ ပိုစ့်လေးတွေက ကျေနပ်စရာတွေကြည့်ပဲ။ ပိုစ့်အကောင်းစားလေးတွေ။ ဘယ်သူချီးကျူး မချီးကျူးတော့မသိဘူး။ ကိုယ်တိုင်ကတော့ သဘောကျပါတယ်။ ပုံမှန်တင်နေတဲ့ ကိုမာရေးသျှင်၊ ခံစားချက်တွေကို ပွင့်အံထားတဲ့ ကိုတောကြောင်နဲ့ ကိုတာတူး။ အားလုံးပဲ အရေးကောင်း၊ အတွေးကောင်းလေးတွေနဲ့ပါ။

ဒီအချိန်မှာပဲ ကျွန်တော့်အတွက် ပြောစရာခေါင်းစဉ်ရသွားဖို့ ဖြစ်လာတယ်။ တိုက်ဆိုင်တာပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်တို့ ရေးထားတာလေးတွေကို အလုပ်ထဲက ခင်တဲ့သူတစ်ယောက်ကို ပြနေမိပါတယ်။ ဘယ်စာကတော့ ဘယ်လို၊ ဘာညာပေါ့။ ပြောဖြစ်ကြတယ်။ အဲဒီမှာပဲ သူကမေးပါတယ်။ မင်းရေးတာက ဘယ်စာတွေလည်းတဲ့။ ကျွန်တော်လည်းပြတာပေါ့။ အဲဒီမှာ ထူးထူးဆန်းဆန်း သူကပြောလာပါတယ်။



“မင်းက၊ ကိုယ့်ကိုကိုယ် တော်တော် ယုံကြည်မှုရှိတာပဲ။”
“ဗျာ။ ဘာလို့လည်း။”
“သုခမိန်။ ပညာရှိလို့၊ ကိုယ့်ကိုကိုယ် အမည်ခံပြီး ရေးရဲတယ်။”
“အာ..။ ဟုတ်ဘူးဗျ။ အဲဒါက ဒီလို”
ရှင်းလိုက်ရတယ်။ ဟန်သာရှိ၍ အဆံမရှိကြောင်းကိုပေါ့။

တစ်ခါ၊ မနက်တုန်းက ဘလော့ဂ်လေးကို ဖွင့်ကြည့်မိတော့ ကွန်မန့်တစ်ခုမှာ မသက်ဇင်ဆိုတဲ့ ဘလော့ဂါမမတစ်ယောက်က ဘယ်လိုခေါ်ရမှာလည်းလို့ မေးသွားတယ်။ အဲဒီအမဆီမှာလည်း သွားရှင်းပြလိုက်သေးတယ်။ ဒါပေမဲ့ အားလုံးလည်းသိစေတော့ဆိုပြီး (အကြံကုန်၍ ဆားချက်ရင်း) ပိုစ့်တစ်ခုတင်လိုက်တယ်။ သုခမိန်၏ မြစ်ဖျားခံရာပေါ့။

ကျွန်တော် ဒီဘလော့လေးကို စဖြစ်တော့။ ကျွန်တော့်မှာ ချစ်ရသော၊ သံယောဇဉ်ထားရသော သူတစ်ယောက်က ဘလော့ဂ်မလုပ်စေချင်ဘူး။ အဲဒီတော့ စကတည်းက ရွေးလိုက်မိတယ်။ တားမြစ်ထားသော… လို့။ ကျွန်တော်ကလည်း အစွဲအလန်းကြီးပါတယ်။ အဲဒီတော့ စထားမိတဲ့ နာမည်လေးကို မပစ်ရက်ပါဘူး။ အခုထိ ဘလော့ဂ်ပေါ်မှာ တရားဝင်ဖော်ပြနေတာက ဒီနာမည်လေးပါပဲ။ နောက်ရှိပါသေးတယ်။ တစ်ခြားသူတွေဆီကို အလည်သွားလို့ နှုတ်ဆက်ရင် စီပုံးလေးမှာ VBT လို့ နာမည်ရေးတတ်တယ်။ အဲဒါကတော့ ကျွန်တော်တို့ ဘလော့ဂ်လေးရဲ့ လိပ်စာက http://ver-bo-ten.blogspot.com ဆိုတော့ အလည်လာသူတွေ မှတ်ရလွယ်အောင်ဆိုပြီး အစစာလုံးလေးတွေကို ယူထားရင်း VBTလို့ ရေးထားတာပါ။ နောက်တစ်ခုကတော့ ဟိုဟိုဒီဒီလေးတွေ ရေးဖြစ်တော့ အရှည်သဖြင့်လည်း သုံးရအောင်၊ အဓိပ္ပါယ်လေးလဲပါမဲ့ နာမည်တစ်ခုတော့ ရွေးအုံးမယ်ဆိုပြီး ရွေးထားတာ သုခမိန် လို့ပေါ့။ ရွေးဖြစ်တာကလည်း ဒီလို။

ဘယ် ဗေဒင်ဆရာကြီးကမှ ရွေးပေးတာလည်းမဟုတ်။ တစ်ရက်မှာ ငါတော့နာမည်တစ်ခုခု ယူပြီးရေးအုံးမယ်လို့စဉ်းစားတယ်။ အဲဒီအချိန်က စာရေးဆရာကြီးဇေယျ နှစ်တစ်ရာပြည့် အထူးထုတ် ဇေယျစာစုများဆိုတာကို ဖတ်နေချိန်ပေါ့။ ကျွန်တော်က ဆရာကြီးအရေးအသားကို ခိုက်နေချိန်။ ဆရာကြီးရဲ့ ဘဝအကြောင်း တစေ့တစောင်းကိုလည်း စိတ်ဝင်စားနေချိန်။ အဲဒီမှာ ဘာကိုသတိတရဖြစ်သွားလည်းဆိုတော့ ဆရာကြီးက သူစာရေးရင်းနဲ့ ကလောင်အမည်ရွေးဖို့ စဉ်းစားတော့ “ကဲ၊ အင်္ဂလိပ်အဘိဓါန်ကို လှန်ပြီး တွေ့တဲ့စကားလုံးကို ကလောင်အမည်ရွေးမယ်။” အဲလို။ အဲသလို ဆုံးဖြတ်ပြီးတော့ စာအုပ်လှန်တာ victory ဆိုတဲ့ စကားလုံးဖြစ်နေသတဲ့။ ဒါနဲ့ အနီးစပ်ဆုံး မြန်မာမှုပြုလိုက်တာ “ဇေယျ”လို့ဖြစ်လာသတဲ့။

ဒါတော့ ဘယ်ရမလဲ။ ကျွန်တော်ကလည်း အဲဒီလိုပဲရွေးမယ်လို့ ဆုံးဖြတ်ပြီး စာအုပ်လှန်လိုက်တာ professor တဲ့ ကျလာတဲ့စကားလုံးက။ ကျွန်တော်လည်း စဉ်းစားတယ် မြန်မာမှုပြုမယ်ဆိုရင် ဘယ်လိုလည်းပေါ့။ “ကျောင်းဆရာ” ဒါလည်းမကောင်းဘူး။ “ပရောဖက်”..၊ “ဆရာကြီး”..၊ “ဒိသာပါမောက္ခ”….၊ “သုခမိန်”…..။ ဟာဟုတ်ပြီ။ သုခမိန်ပဲကောင်းတယ်။ အဲလို၊ အဲသလိုနဲ့ ရွေးဖြစ်ထားတာ။

အများကတော့ တွေးနေကြသလားမသိ “ဒီကောင်၊ ဘာမှမဟုတ်ပဲနဲ့ သူ့ကိုယ်သူများ သု…ခ..မိန်၊ တဲ့။” ဟဲဟဲ။ ဘာရယ်ဟုတ်ပါဘူးဗျာ။ အစမှာ ကျွန်တော်ကိုယ်တိုင် ဖြစ်ပါ့မလား တွေးလိုက်သေးတယ်။ အမည်က လေးနေမှာစိုးလို့လေ။ သူများတွေလို ခေါ်လို့လည်းကောင်း၊ အဓိပ္ပါယ်လေးလည်း ကောင်းတဲ့ တစ်ခုခုပြောင်းမလား။ စာအုပ်ပဲ ထပ်လှန်လိုက်ရင် ကောင်းမလားပေါ့။ နောက်တော့လည်း ပညတ်တွေ၊ ပရမတ်တွေ စဉ်းစားမိပြီး ဒါပဲယူမယ်ကွာ ဖြစ်သွားတယ်။ အဲဒီကတည်းက စာရေးဖြစ်ရင် အောက်ခြေမှာ ဒီလိုလေး “သုခမိန်။.....။” လို့ ရေးလာတော့တာပါပဲ။

ကျွန်တော်က နာမည်တွေ ဟိုဟိုဒီဒီဖြစ်နေလို့ ခေါ်ရခက်နေသူ၊ ဘယ်လိုခေါ်ရမှန်းမသိသူတွေကို စိတ်ရှုပ်စရာတွေ မဖြစ်ရအောင် နောင်ကိုလည်း အလည်သွားရင် သုခမိန်(E-Journal) လို့ပဲ ရေးတော့မယ်။ ကွန်မန့်တွေမှာရောပေါ့။ ကိုမာရေးသျှင်ကို ကြည့်ပြီး အတုခိုးလိုက်တာ။ ဒါတရားဝင်နာမည် ဖြစ်ပြီနော်။ ဒါပေမဲ့ တားမြစ်ထားသော… လေးကိုလည်း ဒီအတိုင်းပဲ ရှိနေစေအုံးမှာဖြစ်ပါကြောင်းပေါ့။

တစ်ချို့က ပြောအုံးမယ်။ ဟာ.. ဒါဆိုရင် အမည်ပေး၊ ကင်ပွန်းတပ် လုပ်တာပေါ့။ တစ်ခုခုကျွေး။ ဘာညာပေါ့။ အဲဒီလို သူငယ်ချင်းတွေအတွက် တစ်ခါတည်းလက်ဆောင်ပါးလိုက်တယ်။ (မုန့်က တစ်ကယ်ကျွေးလို့မှ မရတာ။ အွန်လိုင်းမှာကိုး။ ဒီတော့လက်ဆောင်ကိုပဲ ယူသွားကြနော်။) လက်ဆောင်က ပျော်စရာပါ။ ကျွန်တော်ကတော့ အဲဒီလက်ဆောင်လေးကနေ အသံတွေ ကြားချင်သေးတယ်။ မေးခွန်းလေးတစ်ခု မေးမှာဆိုတော့ အဖြေလေးတွေကို ကြားချင်တာ (မြင်ချင်တာ)လို့ ပြောတာ။

မေးခွန်းက ဒီလို……….

သဘောင်္တစ်စင်းဟာ လူအယောက် ၆၀ ဆံ့သတဲ့။ ခရီးသွားမယ်ပေါ့။ ဒါပေမဲ့ လူ၆၀လဲတက်ပြီးရော မြုပ်သွားပါသတဲ့။

ကဲဖြေရမှာက “ဘာကြောင့် ရေအောက်ကို မြုပ်သွားသလည်းဆိုတာကိုပါ။”

အဖြေကိုစဉ်းစား။ ဖြစ်နိုင်ရင် အမြန်ဖြေပါ။ အစီစဉ်ကတော့ မှန်မှန်နဲ့ မြန်မြန်ဖြေနိုင်သူကို လက်ဆောင်အဖြစ်……. လက် ဆောင် အ ဖြစ်..။ ဘာမှပေးဘူး။း)


သုခမိန်။…..။
မှတ်ချက်။ ။ ကျွန်တော်က ဒီပိုစ့်လေးကို ရေးနေတုန်းမှာ ကိုတာတူးက သူ့အကြောင်းဆိုပြီး ပိုစ့်တင်သွားတာကို တွေ့လိုက်တော့ မဖြစ်ခြေဘူး။ အစီစဉ်ထူးအောင် ငါကတော့ လက်ဆောင်ပေးမှဆိုပြီး လက်ဆောင်လေး ထည့်ပေးလိုက်တာပါ။ အားလုံးပဲ ပျော်ရွှင် အဆင်ပြေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 15, 2008

အချစ် ၊ အလွမ်း များ


ပြီး ခဲ့တဲ့ စနေနေ့ ညက ကျနော့ အကိုရယ် ၊ ကို အိမ်လွမ်းသူရယ် ၊ ကျနော်ရယ် ခြင်္သေ့ ကျွန်းက အရှေ့ဘက် ကမ်းခြေလေးမှာ ည ဘက်ကြီး လမ်းလျောက်ထွက်ကြရင်း ရေးဖြစ်တဲ့ စာစုလေးပါ ။ အကိုနဲ့ ကိုအိမ်လွမ်းသူကတော့ ဖုန်းတွေနဲ့ အသဲတွေ အသက်တွေ လုပ်ရင်း မအားလပ်ကြ ။ ကျနော်ကလည်း အပြောကျယ်တဲ့ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင်း အားတွေငယ်ပေါ့လေ ။

ဝိုင်းဝိုင်းစက်စက် လမင်းကြီးရယ် ၊ အပြာရောင် ကောင်းကင်ကြီးရယ် ၊ ရေပေါ်က ရွာတန်းရှည်ကြီးရယ် လှိုင်းပုတ်သံတွေရယ် ညို့ငင်မှု့တွေ ကြားမှာ ကျနော်လည်း မဆွတ်ခင်က ညွှတ်ချင်နေသူ ပီပီ ကျနော့ရဲ့ တစ်စုံ တစ်ယောက်ကို လွမ်းပါသည်။




“ မြန်မာပြည်ကို လွမ်းတယ် ပြန်တော့မယ်” ဆိုတာကလည်း အသက်တွေမှ မငယ်ကြတော့ စိတ်နောက် ကိုယ်ပါ လုပ်ဖို့ အတော် ခက်ပါသည် ။ ပင်လယ်ရယ် ၊ လမင်းရယ် ၊ ကောင်းကင်ကြီးရယ် ၊ လှူပ်ရှားနေကြဆဲ လူတွေရယ် ၊ အိပ်မောကျနေဆဲ လူတစ်ချို့ရယ် ကိုငေးကြည့်ရင်း ဘ၀ဆိုတာ ဒီလိုပါပဲလို့ ဖြေသိမ့်ရပြန်ပါသည် ။
လရောင်ရဲ့ အေးမြမှု့ကို လူတစ်ချို့ ရှာဖွေ ကြည်နူးနေချိန်မှာ ၀မ်းတစ်ထွာ အတွက် ညဆိုတာကို မစဉ်းစား နိုင်အားသော သူများကလည်း တစ်ချို့။
ဘ၀ဆိုတာ ဘာလည်းလို့ သေချာသိချင် မနေတော့တာကတော့ ရှုပ်ထွေးများပြားလှသော အဖြေများကြောင့်လည်း ဖြစ်မည်ထင်ပါသည် ။ လူဖြစ်လာသူချင်း အတူတူ တစ်ချို့က လူပီပီ သသ မဖြစ်ကြရသေးတာ မြင်သော အခါ ဘ၀ဆိုတာ ရယ် ၊ ကံရယ်၊ အတိတ်ကံရယ်ကို မမှီ မကမ်း ဆက်စပ် ကြည့်ချင်ပြန်ပါသည် ။
ထို သို့သော တောင်ရောက် မြောက်ရောက် အတွေးစများကို စုစည်း ရန် မလွယ်လှသော်လည်း သူမကို ကျနော် လွမ်းတာကတော့ အသေအချာ ။ လှလှ ပပ လွမ်းသော အလွမ်းဖြစ်ရန်ကတော့ နည်းပါးလွန်းလှသော ရာနှုန်းတစ်ခုသာပါ။
တစ်ဘက်သက် နှင့် အချစ် ဆိုသော စကားလုံးကိုတော့ သူမက ကျနော့် သမိုင်းထဲကို ပူးတွဲ ပြီး ဆွဲဝင်လာသူသာဖြစ်သည် ။ သို့မဟုတ် သူမနှင့် အတူ ထို စကားလုံးများကို ကျနော့ သမိုင်းထဲသို့ ပစ်ချခံရခြင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ အချစ်ဆို တာ ဘာလည်း ၊ ချစ်ဖူးခဲ့ပြီလား ၊ မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားပြီလား လားပေါင်းများစွာနဲ့ေေ၀၀ါးနေဆဲ ကျနော့် ဘ၀ကို ဒါဟာ အချစ်လို့ လင်းလက် ပြသသူကတော့ သူမသာ ဖြစ်သည်။ လွန်ခဲ့သော ထို့ထက် မဝေးလှစွာသော အတိတ် က ယင်းမာပွင့်ချိန်သည် ကျနော့ အချစ်တို့မွေးဖွားရာ ၊ မျှော်လင့်ချက်တို့ ရှင်သန်ထမြောက်ရာ ရာသီသာ ဖြစ်သည်။
ထင်မှတ်မထားသော၊ မမျှော်လင့်တော့သော၊ ထို့ထက် မွေးဖွားလာမည် မထင်တော့သော အချစ်ဆိုသော ဘာသာစကားသည် ကျနော့ ဒုတိယ မိခင် ကျောင်းတော်က ကန်တင်းမှာ ဘာမှ ပြင်ဆင်ချိန်မရပဲ ကျနော့် ရင်မှာ တွယ်ကပ်ပြီး မသေမသပ် မွေးဖွားခဲ့လေသည် ။ တစ်ချိန်ထည်းမှာပဲ လူလားမြောက်လာခဲ့ ၊ရှင်သန်ခဲ့သည်ဟုလည်း ပြောမှ အဓိပ္ပယ် ပြည့်စုံလိမ့်မည် ။
မချစ်ဘူးခဲ့သူမို့ထင်သည် ကျနော်သည် အချစ်ရေးမှာ မသေသပ်လှချေ ။ ပျော်ပျော်နေတတ်သော၊ ဖြစ်ကတတ်ဆန်းနေတတ်သော ကျနော်သည် သူမအား ချစ်မိနေပါကြောင်းကို လိမ်လည်ဖုံးဝှက်ရန် မစွမ်းသာခဲ့ ။ ကံအကြောင်းမလှ လို့ လူသိသွားတာဟု ပြောရန်လည်း ကိုယ့်လိပ်ပြာ ကိုယ်မလုံ လှ။ ဟန်ဆောင်ကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့ဘူးသော်လည်း စာမေးပွဲတွေ့မှ ချွေး ဒီးဒီး ပြန်ကျလာလေသည်။ ထို့ကြောင့် ကျနော်သည် ၀န်ခံခဲ့ရလေသည်။ ထို့ကြောင့် ပဲ ကျနော်တို့ ပြဇာတ်သည် လွမ်းမောဖွယ် မဖြစ်ခဲ့ပဲ ကျနော်သာ ကြေကွဲနေရသူ ဖြစ်ခဲ့သည် ။ ကိုထီး ရဲ့ သီချင်းလို "သခင်ရယ် ကြည်နုချစ်ခွင့် ရမလား ၊ မော် ဖူး ကြည့်ခွင့် ရှိမလား" တောင် မေးခွင့် မရ ။ ဘာကို အပြစ်ပုံချမလဲကတော့ စဉ်းစားကြည့်ရင် ခေါင်း အတော် ပူလေသည်။ သူမ နှလုံးသားကို ထိအောင် မပစ်ပဲ ကျနော့ နှလုံးသားမှာတင် ရပ်တန့်သွားသော မြှား ပစ်ရှင် ကို မြှားနတ်မောင်ကိုတော့ အားပိုထည့်ပြီး နောက်တစ်ကြိမ်ပစ်ပေးပါ ဟု တောင်းပန်ချင်ပါသည်။
မြင်သော ကြည့်သော ထောင့်များ လည်း ကွာဟနိုင်လေသည်။ ကျနော်တို့ ခံစားချက် ၊ အမြင်များလဲ ကွဲလွဲခွင့် လွတ်လပ်စွာ ရှိကြသည် ။ သူမ ကျနော့်ကို မချစ်ခဲ့တာကတော့ ဖြေရှင်း မရခဲ့သော ပု စ္ဆာ သာဖြစ်သည်။
တစ်ခု ပြောရန်ရှိသည်က သူမသည် တွေ့စကတည်းက ကျနော့ကို မဖြားယောင်းခဲ့ချေ ။
ကျီးမနင်းပဲ ကြွေခဲ့သော ထန်းသီးသည် ကျနော် ။ လူတော်တစ်ယောက် မဖြစ်သော်လည်း လူကောင်းတစ်ယောက်တော့ သူမကြောင့် ကျနော် ဖြစ်လာခဲ့ဘူးသည် ။ စာဆိုတာ စာမေးပွဲဖြေရန် တစ်ညလိုမှ ထဖတ်တတ်သော ကျနော်သည် အတန်းမှန်မှန် တက်တတ်လာလေသည်။ ကျောင်းပိတ်ရက်ကို မုန်းမိလာသည်ဟု ကျနော် ပြောလျင် သူမကတော့ ပိတ်ရက်တွေက နည်းလိုက်တာဟု သူမရဲ့ ကျောင်းဖွင့်ရက် ငရဲခန်းကို ပြန်မရချင်လှစွာ ရေရွတ် မည်တမ်းလိမ့်မည် ထင်ပါသည်။
ကျနော့်ရဲ့ သူမကတော့ ကျနော်နှင့် အဲလို အရှေ့နှင့်အနောက် ခံစားချက်ခြင်း တော်တော် တူလေသည် ။


မကြာတော့သော ကာလမှာ ကျနော့ ချစ်သက်တမ်း ၆ နှစ်ပြည့်တော့မည် ။ အမှတ်တရ အဖြစ် ကဗျာတစ်ပုဒ်လောက် အံချချင်သော်လည်း စကားလုံးများက ရှားပါး လှစွာ ။ ကာရံ ပျောက် နေဆဲ စကားလုံးများကို ပြန်စုစည်းသော်လည်း ကဗျာဆိုတာက ပီပီသသမဖြစ် ။
အဲ ဒါကြောင့် ကျနော် ဖတ်ဘူး ပြီး ကြိုက်မိနေဆဲ ကဗျာတစ်ပုဒ် ကို ပြန်ရေးချရင်း ကျနော့် ခံစားမှူ့ စာစုကို နိဂုံး ချုပ်လိုပါသည် ။ “သုည” ၀တ္ထုထဲက ကဗျာလေးပါ။ (ဆရာ မင်းခိုက် စိုးစံ လား၊ ဆရာ တာရာ မင်းဝေ လား ကျနော် မသေချာလှပါ)

တစ်ဘ၀စာ
ခပ်ကြာကြာ ထိုင်ကြည့်ခွင့် ရယုံ လေးတင်ပါပဲ
ဒီ့ အပြင် ဘာမှ မပိုခဲ့ဘူး
ငါ ဆိုတဲ့ ကောင်ကလည်း သွေးအေး
ယဉ်ယဉ်ကျေးပဲ
လွမ်း . . တယ် . . . ။


ဆက်ဖတ်မယ်ဆိုရင် ...

Introduction about me


ကျနော်ပြောပြချင်သော ကျနော့ အကြောင်းများ

အမ မသက်ဇင်က မေးလာတာနဲ့ ကျနော်လည်း ကျနော့ကိုယ် ကျနော်တော့ မိတ်ဆက်ဦးမှလို့ အတွေးဝင်လာပါသည်။ ဘလော့ လောကမှာ ခင်ကြမင်ကြသော ညီအကို မောင်နှမ အားလုံး ကို ကျနော်ပြောပြချင်သော ကျနော့် အကြောင်း များ ဆိုပါတော့ ခင်ဗျာ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ နဲနဲ သက်သာလို သက်သာငြားပေါ့။ ကျနော့် သူငယ်ချင်း ဂျာနယ်လစ်များ အကြောင်းကတော့ ကျနော် လက်လှမ်းမှီသမျှ ဖွထားပါသည် ။ (အ ဟီး . . . ရှင်းပြထားပါသည် )။




ကျနော်က တာတူးပါ။ နာမည် အရင်းကတော့ ခု ပြောချင်သေးဘူး ပေါ့ခင်ဗျာ ။ နောက်တော့ ပြောပြဖြစ်မှာပါ။ တာ တူး ဆိုတာကတော့ ကျနော့ ငယ်နာမည် တစ်ခုပါ ။(၀ါ )အမေ့ခံ လူတစ်ယောက်ဆိုတာက တာတူး ၊ဒါမှ မဟုတ် အမေ့ခံလူတစ်ယောက်လို့ ၀ိသေသ ပြုတာပါ ။ အမေ့လျော့ ခံရတာ၊ ဂျောင်ထိုးခံရတာတွေ များခဲ့လို့ ပေးထားတဲ့ နာမည် ပါ ။ ဒီ E-Journal လေးမှာ စတင်ပြီးရေးဖို့ ကိုဗာဘိုက ခေါ်တော့ ကလောင်နာမည်ကိုပေးဖို့ စဉ်းစားရပါသည်။ ကျနော့မှာ သုံးလက်စ ကလောင် အမည်ခွဲ အချို့ ရှိခဲ့ဘူးသည်ဆိုတော့ ဆက်သုံးမလား ၊ အသစ်ရွေးမလားပေါ့ ။ နောက်ဆုံးတော့ တာတူး ဆိုတာလေးကိုပဲ ရွေးဖြစ်သွားပါသည်။ ငယ်နာမည် ဖြစ်တာက တစ်ကြောင်း ၊ လွပ်လပ် ပေါ့ပါးသော ၊ ခပ်ဆိုးဆိုး ပေတေတေလေ လေးလို့ သဘောသက်ရောက်မည် လည်း ထင် ၍ ယူထား ပါသည် ခင်ဗျာ ။ အသက်ကတော့ သိပ် မပြောချင်လှပါ။ တစ်ခါတစ်ရံ ကျနော့် အသက်နှင့် ရေးသောစာသည် မမျှလှပဲ ကလေး ကလား ဆန်တတ်သောကြောင့်ပါ။ ဒါပေမယ့် ခင်၍ မင်၍ ပြောပြပါမည် လူပျိုကြီး ရာထူးရယူထားပြီဖြစ်သော ၃၀ ပါ ။ လက်ရှိနေရပ်က အမိမြေ တောင်ဘက် ယွန်းယွန်းက ခြင်္သေ့ ကျွန်း ပေါ့ ။ ဖုန်း နံပတ်ကလား အ ဟီး ပြော ပြပါဘူးနော် ။ :P (အကြွေးတောင်းမှာ စိုးလို့ ။) e-mail ကတော့ tartuu007@gmail.com ဆို ကျနော့ဆီရောက်ပါသည်။ Journal တိုက်က C-Box မှာ လာအော်လည်း ရောက်ပါသည် ခင်ဗျာ ။
ထမင်း ဖိတ်ကြွေးချင်လျင် တော့ သေချာ လိပ်စာ ပေးခဲ့ပါ ။ မရောက် ရောက်အောင် ကြိုးစားလာပါမည် ။ :D

ကိုဗာဘိုကတော့ ဂျာနယ်လေး အကြောင်းရယ် ၊ သူ့အကြောင်းရယ် ၊ ကျနော်တို့ ဝေမျှသူတွေ အကြောင်းရယ်ကို ဒီလင့်လေးမှာ ရေးထားပါသည် ။ တပ်မံ ဖော်ပြပါကလည်း ကျနော်တို့ ငယ်ကျိုး ငယ်နာတွေ ပေါ်ကုန်တော့မည် ထင်ပါသည် ။
ကိုဗာဘိုကို တားမြစ်ခံထားရသော လူကြီးလို့ ကျနော်က တစ်ခါ တစ်ခါ နောက်တတ် ပါသည် ခင်ဗျာ ။ သူလည်း ကလောင်နာမည်ဟုသာ ကျနော် ထင်မြင်ပါကြောင်း ။ :P

အိမ်လွမ်းသူကတော့ နာမည်ရင်း တစ်လုံးမှ မပါပဲ ကလောင်နာမည် သက်သက် ပါခင်ဗျာ ။ အိမ်လွမ်းသူ (မှန်နီကုန်း) ဆိုတာကတော့ အိမ်ကိုတော့ လွမ်းတာပဲ ။ ဘယ် အိမ်ကို လွမ်းသလဲ ဆိုတာသာ ကျနော်တို့သေချာ မသိတာ ။ အနောက်မြောက် မြို့တော်က အိမ် ဖြစ်ဖို့တော့ ရာနှုန်း ၉၀ ပါ။ :P (အိမ်လွမ်းသူရေ စိတ်ဆိုးနဲ့နော်) ။
မှန်နီကုန်း ဆိုတာကတော့ သူ့မွေးရပ် ရွာပါ။ ခုတော့ အဲဒီ မှန်နီကုန်းလည်း ကန့်ဘလူမြို့ရဲ့ ရွာလား ရပ်ကွက်လား သေချာ မပြောတတ်ပါ ။ ဒီမှာလည်း လေ့လာနိုင်ပါသည်။

မယ်ကတော့ သူအကြောင်းရေးရင် အသိပဲဟု ကျနော်တို့ကို ကြိမ်းထား၍ လက်ရှောင်ပါသည် ခင်ဗျာ။ ကာယကံရှင် မရေးသေးသမျှ ကျနော်တို့လည်း ပြောမပြ နိုင်ပါကြောင်း ။ :P ( ထမင်းလိုက်ကြွေးရင် ပြောပြမယ် ။)

ကျန်တဲ့ သူများအကြောင်းကတော့ ကျနော် မဖွ အဲ မရေး သေးပါ ခင်ဗျာ ။ ပါမစ်ရမှပဲ တင်ပြပါတော့မယ် ။ ဘယ်တော့လဲလို့တော့ ကျေးဇူးပြု၍ မမေးစေချင်ပါ ။ မြန်မာပြည်က ကားပါမစ်လို ကြာချင်လည်း ကြာမည် ။ မြန်ချင်မိလည်း မြန်မည် ။ လျောက်လွှာပျောက်ဆုံးနေပါသဖြင့် သို့မဟုတ် လမ်းခရီးတွင် ကြန့်ကြာနေပါသဖြင့် လူကြီးမင်း၏ ပါမစ်အား စဉ်းစားရန် မဖြစ်နိုင်သေးပါရှင် လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

လက်ရှိ ကျနော်တို့ ဂျာနယ်လစ်စာရင်းက

လေဒီ ဖက်စ် ဆိုတော့
မယ် (Asterisk)
Rhyme

ပြီးတော့
ကိုနယုန်မိုး
ကိုဗာဘို (ကို သုခမိန်)
အိမ်လွမ်းသူ (မှန်နီကုန်း)
ကို အခြား
ကိုကေဇက်
ကို မာရေးသျှင်
ကိုတောကြောင်
ပြီးတော့ ကျနော်
ကိုတာတူး ပေါ့ ။
အသက်ကတော့ ကျနော်ကလွဲရင် ကျန်တဲ့ ညီ အကိုတွေက အသက် ကြီးစဉ်ငယ်လိုက်ဖြစ်မယ် ထင်ပါတယ် ။ ကျနော်လည်း သေချာတော့ မသိပါ။
အားလုံးကို ကြီးစဉ်ငယ်လိုက် ယူဆရင်တော့ ကျနော်က စိတ်မဆိုးလှပါ ။ :D
(မောင်နှမများခင်ဗျာ You and Me လို့ပဲ ပြောကြ ဆိုကြလို့ ကျနော့်နံပတ်ကို အောက်ဆုံးမှာ လိပ်မူထားပါသည် ခင်ဗျာ ။ :P)
ကိုဗာဘိုကတော့ မင်းက အငယ်လား ငါက အငယ်လားဆိုပြီး ဇယား ကိုလက်ညိုးထိုးပြီး ကျနော့ နံပတ်ကို ပြင်ချင်နေမယ် ထင်ပါသည်။ :D
(အဟိ . . . နာ အငယ်ဆုံးကွ )


အားလုံးကို ခင်မင်လေးစားလျက်

တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

"ဆန့်ကျင်ဘက်"

နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။
ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်း
စကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်
သူမို့ပြောရက်တယ်.။
(မင်းမှာကြင်နာတတ်တဲ့ နှလုံးသားရော ရှိရဲ့လားကွာ ။)
မညီမျှခြင်းရဲ့ တစ်ဖက်
ငါ အသက်ဆက်ခဲ့တာ
မင်း အတွက်ပါ။
ငါ မဟုတ်တဲ့
မင်းရဲ့ အသက်ရှူသံတွေက
ငါ့ကို လစ်လျူရှုခဲ့တာ
မင်း သိချင်မှသိမှာ။
ဟူး..............
အသက်ရှူရတာ မွန်းကျပ်လာပြီ
ကျေးဇူးပြုပြီး
ကမ္ဘာကြီးကို ရပ်တန့်မထားကြပါနဲ့
ယောင်ပြန်ဟပ်ခံရမဲ့
လ ရဲ့အကြင်နာတွေကို
မမြင်ရမှာ စိုးလို့ပါ။
ဒီလိုနဲ့ .....................
နေ့တွေကို ရေတွက်
တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။
သူမရဲ့ မျက်နှာလေးကိုမြင်ရဖို့
နေ့နဲ့ည တွေကိုညာလို့ရရင် ကောင်းမှာ။
အခုတော့..............
ကိုယ့်စိတ်ကိုမညာချင်ဘဲ
ညာ နေ ခဲ့ ရ တယ် ။


တောကြောင်။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 14, 2008

၁၉၈၅ခုနှစ်က နှင်းဆီ

“နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
ဝဝဖီးဖီးကဖီးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။”
....................................................

ကျနော် ကဗျာရွတ်ပါရစေ။

ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ကို အကြောင်းပြုပြီး E-Journal မှာ ပါဝင်မှု စတင်ကတည်းက ကဗျာရွတ်ချင်နေတာပါ။

ကျနော် လက်ရှိ နေထိုင်နေတဲ့ နေရာဟာ မြန်မာစာအုပ်စာတမ်း တော်တော်များများ ရနိုင်တဲ့နေရာပါ။ ရွှေပြည်ကြီးမှာ ရှာလို့ မလွယ်တော့တဲ့ ရှားပါးစာအုပ်စာတမ်းတွေကိုတောင် လွယ်လွယ်ကူကူရနိုင်ပါတယ်။ (ကြောက်ရခြင်းမှ ကင်းရတာလည်း ပါမှာပေါ့ခင်မျာ)။ ဒါပေမယ့် ကဗျာစာအုပ်ကတော့ တော်တော်ရှားပါတယ်။ ရနိုင်ခဲပါတယ်။



ကျနော့်မှာလည်း နှလုံးသားထဲ စွဲနေတာက လွဲလို့ တစ်ပုဒ်၊တစ်အုပ်မှ ပါမလာခဲ့ပါ။ ဆရာမိုးဝေးရဲ့ “မြစ်ဝကျွန်းပေါ်” တစ်ပုဒ်တည်းသာ ကျနော့် ဒိုင်ယာရီထဲမှာ ချရေးထားတာကြောင့် ပါလာခဲ့တာပါ။

ဘလော့တွေလည်တတ်လာပြီး တစ်ခြားဘလော့တွေမှာ သူတို့ ဝေမျှထားတဲ့ ကဗျာကောင်းလေးတွေ ဖတ်ရတဲ့အခါ ရေငတ်နေတုန်း ရေတွင်းထဲကျသူပမာ ခံစားရပါတယ်။ ယခုတလော ဆရာတောကျောင်းဆရာ ရဲ့ “တစ်ခါက တစ်ချို့ တလေ” မှာ ကျနော်ရဲ့ တစ်ခါက တစ်ချို့ တလေတွေကို ပြန်ပြန်တွေ့ရတဲ့ အခါ ကျနော့်ရဲ့ ကဗျာရွတ်ဆို ဝေငှလိုစိတ်ဟာ ထိန်းမနိုင်သိမ်းမရ ရုန်းကြွလာပါတယ်။

ဒါကြောင့် ကျနော် ကဗျာရွတ်ပါမယ်။ (ကဗျာဆိုတာ ဒါပါပဲ လို့ ပြောဆိုလိုရင်းလည်း ဖြစ်ပါတယ်။)

ဟိုး...... ဟိုး...... တုန်းက အင်းလျားကန်ဘောင်ပေါ်မှာ၊ အင်းစိန်လမ်းမကြီးပေါ်မှာ၊ အဓိပတိလမ်းမပေါ်မှာ၊ မိုးရွာထဲမှာ၊ ညလယ်ယံမှာ ကျနော်နဲ့အတူ ကဗျာတွေ ရွတ်ခဲ့တဲ့ “လေလုံဇကာထဲပိတ်မိနေတဲ့ ပေါ့ဆတတ်တဲ့ သစ်ရွက်တစ်ရွက် (သို့မဟုတ်) ဗလာကောင်” ကို ဒီနေရာက အသိအမှတ်ပြုလိုက်ပါကြောင်း………

၁၉၈၅ခုနှစ်က နှင်းဆီ

(၁)
နယူးယောက်ဆိုတဲ့ မြို့ကြီးရဲ့
ဝဝဖီးဖီးကဖီးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။

(၂)
ဂန္ဓာလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းရဲ့လျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခိုက်လာတဲ့လေ
ပူနွေးစွတ်စိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့ နေတတ်လို့
ငါ ဘယ်လိုမေ့ပစ်နိုင်မှာလဲ။

(၃)
မင်းရဲ့ ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါရဲ့ တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘဝရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။

(၄)
“ဟစ်တလာ”ကို ငါတို့ မချစ်ခဲ့ဘူး
“ရှိတ်စပီးယား“ကို ငါတို့ ချစ်ခဲ့တယ်
“မူဆိုလီနီ”ကို ငါတို့ မချစ်ခဲ့ဘူး
“မိုဒီဂလျာနီ”ကို ငါတို့ ချစ်ခဲ့တယ်
“စတာလင်”ကို ငါတို့ မချစ်ခဲ့ဘူး
“ယက်ဖ်တူရှင်ကာ”ကို ငါတို့ ချစ်ခဲ့တယ်။

(၅)
“ကိုလံဘတ်(စ်)” ရေ
မစ္စတာ“ကိုလံဘတ်(စ်)”ခင်များ
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို “အမေရိက” မှာ ပစ်ချထားခဲ့ပေါ့။

(၆)
“ပုဇွန်တောင် ရေကျော်” မှသည်
“မြောက်အမေရိက” ဆီသို့
ငါ့ ရှင်မတောင်သနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။

(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား။
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်း ဘယ်လိုများနေရှာမလဲ
မသေခင်
ပြန်တွေ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်၊

(၈)
တမာပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
“အပါချီ”ရက်အင်ဒီးယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ “နှင်းဆီ”။…………….။


မိုဃ်းဇော်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, September 13, 2008

မြင်သိပုံရှုထောင့်


ဆရာ Republic ရဲ့ “SCALING ”ကို ခံစားအပြီးမှာ ရေးခဲ့တဲ့ comment ပါ။
မိတ်ဆွေက ပို့စ် အဖြစ်တင်ပြီး သိမ်းထားဖို့ တိုက်တွန်းတာကြောင့် “မြင်သိပုံရှုထောင့်” လို့ အမည်တပ်ကာ ဝတ္ထုတိုအဖြစ် သတ်မှတ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

မြင်သိပုံရှုထောင့်

“သုည” ပါဗျ။
“ဝလုံး” ပါ။
မဟုတ်ပါဘူး “အို” ပါ။
“ဇီးရိုး” ပါကွာ။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, September 10, 2008

ထိုးဇာတ်


ဆရာမ ပန်ဒိုရာ ရဲ့ “တိမ်ကိုငုံ့မိုး”ကို ခံစားအပြီးမှာ ပွင့်အန်လျှံကျလာခဲ့တဲ့ comment ပါ။
မိတ်ဆွေက ပို့စ် အဖြစ်တင်ပြီး သိမ်းထားဖို့ တိုက်တွန်းတာကြောင့် “ထိုးဇာတ်” လို့ အမည်တပ်ကာ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပါတယ်။

ထိုးဇာတ်

ကောင်းကင်မှာ
ပင်လယ်ဟာ မှောက်နေရှာပေါ့…
ဟိုး….. အဝေးက မြစ်က
တောင်တန်းတွေရဲ့ အထက်မှာ။
မြင်နိုင်တဲ့နေရာက မြင်ပြီး
မမြင်နိုင်တဲ့နေရာက မမြင်ဘူး။
အချစ်ဦးကိုလွမ်းတယ်။……။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 8, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၇)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)


“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
(ဗုဒ္ဓ )

“မနေ့က သင်ရွေးချယ်သောကြောင့်သာ ဒီကနေ့ သင်ဖြစ်နေတာ”

“Stephen R. Covey ; The 7 Habits of Highly Effective People” မှ


ခင်များကို ခင်များ သံလိုက်တစ်ခု အဖြစ် အာရုံပြုကြည့်ပါ။ ဒီစကြဝဠာမှာ အင်အားအကောင်းဆုံး သံလိုက်ဟာ ခင်များပါပဲ။ ဒီကမ္ဘာမှာ ရှိရှိသမျှ အရာရာထက် စွမ်းအားသာလွန်တဲ့ သံလိုက်စွမ်းအင်တွေ ခင်များကိုယ်တွင်းမှာ ရှိပါတယ်။ ကျနော်တို့ ဥာဏ်နဲ့လိုက်လို့မမီနိုင်စရာ အဲဒီသံလိုက်စွမ်းအင်တွေကို ခင်များရဲ့အတွေးတွေက တစ်ဆင့် ထုတ်လွှတ်နေတာ ခင်များကိုယ်တိုင် သိချင်မှသိမှာ။



ဆွဲဆောင်မှုနိယာမဆိုတာ တူရာတူရာ ဆွဲဆောင်တတ်တဲ့ သဘောပါ။ ခင်များ အတွေးတစ်ခုကို တွေးနေတာဟာ တစ်ချိန်တည်းမှာပဲ အဲဒီအတွေးနဲ့ တူညီတဲ့အရာကို ခင်များဆွဲဆောင်နေတာပါ။

မပျော်ရွှင်စရာ အကြောင်း တစ်စုံတစ်ရာကို ခင်များ ချည်စငင်မိတဲ့အခါ အဲဒီအကြောင်းတွေးလေ ခင်များမှာ ပိုပြီးမပျော်မရွှင်လေဖြစ်မှာ အသေအချာပါ။ ဒါဟာ ဆွဲဆောင်မှုနိယာမက ခင်များအတွေးတွေနဲ့ ထပ်တူကျတာတွေကို ချက်ချင်းလက်ငင်း သယ်ယူလာပေးခြင်းကြောင့်ပါ။ အဲဒီမှာ “တစ်နွယ်ငင်တော့ တစ်စင်ပါ” စိတ်ပျက်အားငယ် ဝမ်းနည်းဖွယ်တွေပဲ ဆက်တိုက်ဝင်လာပြီး ခင်များခမျာ ဆိုးရွားသထက်ဆိုးရွားစွာ ခံစားလာရတော့တာပါ။

တစ်ခါတစ်ရံ သီချင်းတစ်ပုဒ်ကို နားထောင်တဲ့အခါ အဲဒီသီချင်းကိုပဲ ထပ်ခါတစ်လဲလဲ ပြန်ကြားယောင်နေတာ ခင်များ ကြုံဖူးမှာပါ။ အဲဒါလည်း ဆွဲဆောင်မှုနိယာမကြောင့်ပါပဲ။ ခင်များ အဲဒီသီချင်းကို နားထောင်စဉ်မှာ (ခင်များကိုခင်များ သတိမထားမိသော်ငြား) ခင်များရဲ့ နှလုံးသားကို ပုံပေးထားလိုက်မိတာပါ။ အဲဒီအခါ အဲဒီသီချင်းနဲ့ တူညီတဲ့အတွေးတွေကိုပါ စွမ်အားအပြည့် ဆွဲဆောင်ပြီးသားဖြစ်ကာ ခေါင်းထဲက ထုတ်လို့မရတော့တာပါ။

ခင်များလိုချင်တဲ့အရာကို စိတ်နှလုံးသားမှာ ရှင်းရှင်းလင်းလင်း၊ တိတိကျကျ၊ ပြတ်ပြတ်သားသား သိအောင်လုပ်ပြီး အဲဒီအရာနဲ့ပတ်သက်တဲ့ အတွေးတွေကိုပဲ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ဟာ ခင်များ လုပ်ရမယ့်တာဝန်ပါ။ ခင်များ အများဆုံးတွေးနဲ့အရာတွေကို ခင်များ ဆွဲဆောင်ကာ၊ ခင်များ အများဆုံးတွေးနေတဲ့အရာကို ခင်များ ဖြစ်လာတာပါ။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 4, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၆)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။

(ဗုဒ္ဓ )


“ကိုမာရေးသျှင်ရေ...
စိတ်ဆိုတာကလည်းအခက်သားဗျ....
မကောင်းဘူးဆိုတာသိနေလည်း...
အရာအားလုံးကစိတ်ထဲရောက်လာတာပဲ...”

မယ် “ငါသာလျှင် ငါ့ကံ၏အရှင်သခင် (၅) သို့ မှတ်ချက်”

“ခင်များသဘောမတူဘဲ ဘယ်သူမှ ခင်များကိုနာကျင်အောင် မလုပ်နိုင်ပါ။”

“Stephen R. Covey ; The 7 Habits of Highly Effective People” မှ



ခင်များ တွေ့ကြုံဖြစ်ပျက်နေသမျှအရာရာဟာ ခင်များ မဆင့်ခေါ်ဘဲ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာကြတာ တစ်ခုမှ မဟုတ်ပါ။ အဲဒါတွေဟာ ခင်များမလိုချင်တာတွေဆိုရင်တောင် ပြိုင်ဖက်တင်ပေးဖို့ ခင်များရဲ့ ပျက်ကွက်မှုကြောင့်သာ တစ်ယောက်တည်းပြေးပြီး ပန်းဝင်ဗိုလ်စွဲလာတဲ့ အရာတွေမျှသာ။

ဘယ်သူကတော့ သူ မလိုချင်တဲ့အရာတွေကို တမင်တကာ ဆွဲဆောင်ဖိတ်ခေါ်ပါ့မလဲ။ လိုချင်တာကို ဆွဲဆောင်ရကောင်းမှန်း မသိလို့သာ (သို့) လိုချင်တာတွေကို ဆွဲဆောင်ဖို့ ပျက်ကွက်လို့သာ မလိုချင်တာတွေရဲ့ ကျူးကျော်သိမ်းပိုက်ဝင်ရောက်ခြင်း ခံနေကြရတာပါ။

မကောင်းတဲ့အရာတွေနဲ့ ယှဉ်ပြိုင်စရာ ကောင်းတာတွေကို ဆွဲဆောင်ရမှာ ခင်များဝန်တာ။

ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။……….။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, September 3, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၅)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။

(ဗုဒ္ဓ )


“ကိုယ့်စိတ်နဲ့ထိုက်တန်တဲ့ ဘဝကိုပဲ ကိုယ်ရတယ်”
(ဦးဇောတိက)


ကျနော်တို့ရဲ့ခံစားချက်တွေက ကျနော်တို့ဘာတွေတွေးနေသလဲဆိုတာကို ဖော်ညွန်းနေပါတယ်။

ခင်များရဲ့ ခံစားချက်တွေ အဝင်အပါ ဒီကမ္ဘာမှာ ခင်များ တွေ့ကြုံဖြစ်ပျက်သမျှအရာရာဟာ အကျိုးတရားတွေမျှသာပါ။ တကယ့်မူလပဓာနအကြောင်းတရားကတော့ ခင်များရဲ့အတွေးတွေပါ။



ခင်များ ပျော်ရွှင်နေသလား၊ စိတ်ညစ်နေသလား ခင်များကိုယ်တိုင်သာ အသိဆုံးပါ။ ခင်များကိုခင်များ မသေချာရင် ထပ်ခါထပ်ခါ ကိုယ့်ဘာသာ ပြန်စီစစ်ပါ။ အဲဒီအခါ ခင်များ ခံစားချက်တွေအပေါ် ခင်များ ပိုပြီး သတိထားတတ်လာမှာပါ။

အရေးကြီးဆုံးအရာကတော့ ခင်များ ကောင်းတာတွေ တွေးနေတဲ့အချိန်မှာ ခင်များ စိတ်ညစ်ဖို့ မဖြစ်နိုင်တာပါပဲ။ ခင်များ စိတ်ညစ်နေပြီဆိုရင်တော့ ခင်များ စိတ်ညစ်စရာတွေတွေးနေလို့ ဆိုတာ အသေအချာပါပဲ။

ခင်များရဲ့အတွေးတွေကို ရွေးချယ်တာ ခင်များပါ။ ပြီးတော့ ခင်များရဲ့ခံစားချက်တွေကို ခံစားတာလည်း ခင်များပါပဲ။ ဒီတော့ အရာရာကို ပြောင်းလဲစေနိုင်တဲ့ စွမ်းအားလည်း ခင်များမှာပဲ ရှိပါတယ်။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, September 2, 2008

မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခု၏ သက်တမ်း (သို့) မွေးနေ့



၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ကြာသပတေးနေ့)

အဲဒီနေ့က
ဒီဇင်ဘာရဲ့ နှင်းတစ်စက်ဟာ
ကမ္ဘာမြေပေါ်ရောက်ခဲ့တယ်။
အဲဒီနေ့က
ဒီကမ္ဘာမှာ
မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ
သေချာကျနစွာဖြစ်ခဲ့တယ်။



အဲဒီနေ့က..
ဒီဇင်ဘာနှင်းတစ်စက်ဟာ ---
မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ ---
ညီလေးဟာ ---
သူ့ဘဝကို သူရွေးချယ်ခဲ့တာမဟုတ်ပါ။
သူ့အဖေ နဲ့ သူ့အမေကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့အဖေ နဲ့ သူ့အမေကလည်း သူ့ကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။
သူ့ဆွေမျိုး၊မောင်နှမများကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့ဆွေမျိုး၊မောင်နှမများကလည်း သူ့ကိုရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။
သူ့လိင်အမျိုးအစားကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့အသားအရောင်၊မျက်လုံးအရောင်၊ဆံပင်အရောင်များကို သူရွေးချယ်ခဲ့တာမဟုတ်ပါ။
သူ့သွေးအမျိုးအစားကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့မွေးနေ့၊မွေးရက်၊မွေးချိန်များကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့ဇာတိချက်မြှုပ်ရာ ဒေသရပ်ရွာကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
………………………………
ထို ရွေးချယ်ခြင်း အလျဉ်းမရှိသော ကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ ---
ဒီဇင်ဘာနှင်းတစ်စက်ဟာ ---
ညီလေးဟာ ---
ယခုအခါ (၂၆) နှစ်ပြည့်မြောက်ပါပြီ။
သူက ကျနော့်ကို ရွေးချယ်ခဲ့တာ မဟုတ်ပါ။
ကျနော်က သူ့ကို ရွေးချယ်ခဲ့တာ မဟုတ်ပါ။
ထို တစ်ယောက်ကို တစ်ယောက်က ရွေးချယ်ခဲ့ခြင်း အလျဉ်းမရှိသော
ကျနော်တို့ နှစ်ယောက်ဟာ
ဘတ်စ်ကားပေါ်က ထိုင်ခုံမှာ မတော်တဆ ဆုံသလို
တစ်မိသားစုတည်းမှာ ညီအစ်ကို အဖြစ်ဆုံပါတယ်။
ထို့ကြောင့်…
ဒီစာကို မွေးနေ့လက်ဆောင်ပေးပါတယ်။

မွေးနေ့ကဒ်လှလှကလေးများတွင်ပါတတ်သော
ဆုတောင်းလှလှလေးများအတိုင်း
ဆုတောင်းလျက်….

ဆက်ဖတ်မယ်ဆိုရင် ...