ကျနော် ကဗျာဆရာမဟုတ်ပါ။ သို့သော် ကျနော်အချစ်ဆုံးဟာ ကဗျာပါ။ ကဗျာကြောင့် ကျနော့်ဘဝအလှည့်အပြောင်းတွေ ဖြစ်ခဲ့ရပါတယ်။ ကဗျာကြောင့် မိဘဆရာတွေကို စိတ်ဆင်းရဲဝမ်းနည်းစေခဲ့ရပါတယ်။ ကဗျာကြောင့်ပဲ မိဘဆရာ ဇာတိရပ်ရွာ ဂုဏ်ယူဝမ်းသာစေနိုင်ခဲ့ပါတယ်။ ကဗျာကြောင့်ပဲ မိဘဆရာ ဇာတိရပ်ရွာကို ခွဲခွာခဲ့ရတယ်။ ကဗျာကြောင့်ပဲ ချစ်သောအရာတွေနဲ့ ဝေးကွာခဲ့ရတာ နောက်ဆုံး ကဗျာတွေကိုယ်တိုင် အဝင်အပါ။ ကျနော် ကဗျာမစပ်ဖြစ်တာ နှစ်နဲ့ချီပြီးကြာပါပြီ။ (များသောအားဖြင့် ကဗျာတစ်ပုဒ်ဖြစ်လာဖို့ဆိုတာ စပ်ယူရတာပါ)။ တစ်ခါတစ်ရံတော့ သူ့အလိုလို စီးဆင်းပွင့်အန်လျှံကျဆဲပါ။ အဲ E-Journal မှာ ပါဝင်လာတာလည်း ကဗျာကြောင့်ပါပဲ။ ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ရဲ့ ပို့စ်တစ်ခုကို ဖတ်အပြီးမှာ လျှံကျလာတဲ့ *“လူတွေရဲ့ မြို့” ကဗျာလက်ရေးမူလေးကို စကင်ဖတ်ပြီး အီးမေးပို့လိုက်မိရာက သူ့ကိုယ်စား ကျနော်ပါဝင်ရေးသားနေရတော့တာပါပဲ။ (ဟဲ ဟဲ ချစ်ခြင်းအားဖြင့်ပါ ဆရာအိမ်လွမ်းသူခများ…) အဲဒီကဗျာလေးထဲက *“မြစ်ချောင်းတွေ မရှိတဲ့အဆုံး တစ်မြို့လုံးကလမ်းတွေကိုပဲ ကောက်ကွေ့ထား”တဲ့ မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကျနော်ဟာ ကဗျာကြောင့် ဇာတိရပ်ရွာကို ခွဲခွာခဲ့ပြီးတဲ့နောက် မြစ်ချောင်းတွေ ထောင်းလမောင်းထရှုပ်ပွနေတဲ့ ဧရာဝတီတိုင်းမှာ မသွားဖူးတဲ့ မြစ်ချောင်းမရှိလောက်အောင် ခရီးပေါက်ခဲ့ပါတယ်။ စကားမစပ် မြန်မာပြည်မှာ ခရီးသွားရတာ (ကျနော့်အမြင်တော့) ရေလမ်းခရီးဟာ သက်တောင့်သက်သာအဖြစ်ဆုံး၊ အစဉ်အပြေဆုံးပါ။ ရေချိုးခန်း၊အိမ်သာတွဲရက်ပါ သီးသန့်အဲယားကွန်းအိပ်ခန်း၊ အခန်းထဲအရောက် စားသောက်ဆိုင်ဝန်ဆောင်မှု စသဖြင့်၊ စသဖြင့် တော်ရုံတန်ရုံ တည်ခိုးခန်း၊ဟော်တယ်မယှဉ်နိုင်တဲ့ ပုဂ္ဂလိကပိုင်မဟုတ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုတာ ရှားမှရှားပဲ မဟုတ်လားဗျာ။ ပြည်တွင်းရေကြောင်းက အခန်းထိမ်းဝန်ထမ်းတွေ တကယ်ချီးကျူးစရာပါ။ အဲ ဒါပေမယ့် ကြွက်တွေ၊ ပိုးဟပ်တွေကတော့ ဖွားဖက်တော်တွေမို့လား မသိပါ။ လုံးဝ လုံးဝ မကင်းနိုင်ပါ။ ဘဏ်လုပ်ငန်းစနစ်မထွန်းကားသေး (သို့) ပြန်လည်မှေးမှိန်သွားတာကြောင့် ပမာဏဖောင်းပွနေတဲ့ငွေကြေးတွေကို ခရီးဆောင်အိတ်နဲ့အပြည့် ခပ်တည်တည်သယ်ယူသွားလာလုပ်ကိုင်နေရတဲ့ ခရီးသည်တစ်ဦးခမျာ စောစောက ပြည်တွင်းရေကြောင်းက ကောင်းမှကောင်းဆိုတဲ့ သင်္ဘောပေါ်က အဲယားကွန်းပြည့်အိပ်ခန်းထဲမှာ ပါသမျှငွေတွေအားလုံးနီးပါး ကြွက်ကိုက်သွားတာခံခဲ့ရဖူးပါတယ်။ သူက ပိုက်ဆံထည့်ထားတဲ့အိတ်ထဲမှာ စားစရာတစ်ချို့ ပါ ထည့်ထားမိတာကြောင့်ပါ။( အေးဗျ ဒါလေးတွေကို သီးသန့်ပို့စ်အဖြစ်ရေးရင် ပိုကောင်းမှာ။) အဲ ပြောချင်တာက ကျနော်ဟာ သာမန့်သာမန် ကဗျာချစ်သူ၊ စာချစ်သူတစ်ယောက်မျှသာ ဖြစ်သော်လည်း ကဗျာကို ထုတ်ကုန်ပစ္စည်းတစ်ခုပမာ ကျနော့်ကို ကဗျာရေးပေးပါ(သို့)စပ်ပေးပါလို့ တောင်းဆိုလာတဲ့အခါတွေမှာ (စိတ်ဆိုးခြင်း၊စိတ်တိုခြင်းဟာ ကျနော့်နဲ့ ဘာမျှမဆိုင်တာမို့ စိတ်မဆိုး၊ စိတ်မတိုသော်လည်း) ကျနော့်ရင်မှာ ကျင်နေအောင်နာတာ အမှန်ပါ။ ဒါပေမယ့် တောင်းဆိုသူတို့ သိခွင့်မရပါ။ အောက်ပါ ကဗျာလေးဟာ အဲဒီလို ဧရာဝတီတိုင်းမှာ အဲဒီလို သင်္ဘောနဲ့ခရီးသွားကြစဉ် အဲဒီလို တောင်းဆိုခြင်းခံရအပြီးမှာ အဲဒီလို ကျနော်စပ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကျနော် အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်က ဖျာပုံ-ဘိုကလေးခရီးစဉ်သွားစဉ်က ဖြစ်ပါမယ်။ ခုလို (၈)နှစ်ကြာပြီးတဲ့ အခါ … ဖျာပုံ၊ဘိုကလေးဟာ၊ ဧရာဝတီတိုင်းဟာ ……… ဧရာဝတီနိဂုံး . ဧရာဝတီ မြစ်ရေကြည်လည်း သည်ဆီရောက်၍ နောက်ခဲ့ပြီ ။ ရှိန်ဟုန်ပြင်းထန် သူ၏မာန်လည်း သွင်ဟန်ပြောင်းပျော့ လျော့ခဲ့ပြီ။ ဇမ္ဗူတစ်လူ မင်းမူခဲ့သမျှ ခဝါချ၍ တစ်ဝပင်လယ် ရေပြင်ကျယ်၌ သိမ်ငယ်နွမ်းညှိုး မြွေစွယ်ကျိုးသို့ တိုးလျှိုးဝင်ရောက် ပျောက်တော့မည်။………။
Wednesday, June 24, 2009
ဧရာဝတီနိဂုံး
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 7:31 PM 3 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Monday, June 22, 2009
Q and A
သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေးအဖြေ
သိကြား။ ။ နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။ဗုဒ္ဓ။ ။ ကိုယ်ထက်သာ မနာလိုသော ဣဿာ၊ ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော မစ္ဆရိယ၊ ဤတရား ၂ ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏။ ထိုတရား ၂ ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာတွေ ဖြစ်နေကြရသည်။
သိကြား။ ။ ထိုတရား၂ ပါးသည် ဘေးရန်များ၍ မကြီးပွားစေနိုင်သော တရားဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့) မိမိတို့ သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်း ဘုရား။ဗုဒ္ဓ။ ။ ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယတရား ၂ ပါးဖြစ်နေကြရသည်။ (အချစ်ဂိုဏ်းပါတီ၊ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဖက်၏ တိုးတက်မှုကိုသာ လိုးလာ၍ အမုန်းဖက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယ ၂ ပါးဖြစ်ရသည်။ အချစ်ဖက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဖက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ် ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆင်းရဲဒုက္ခဖြင့် ပျက်စီးဆုတ်ယုတ်ကြရသည် - ဟူလို။)
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး၊ စာမျက်နှာ ၄၁၉ မှ ကောက်နှုတ်ချက်
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး download
mediafire[9.96 MB]
zshare
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 11:44 PM 4 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ , သုတ ပန်းခင်း, ကေဇက်
Sunday, June 21, 2009
Tag Post
ဝါသနာပါရာ..
တက်ဂ်ဂိမ်းလေးကို တွေ့လိုက်တော့ ကိုအောင်ပိုင်စိုး တက်ဂ်ထားတယ်ဆိုတာနဲ့ အတော်ကိုရက်ကွာသွားပါပြီ။ ဒါပေမဲ့ စောစောသိလည်း ခုလောက်မှ ရေးနိုင်မှာပါ။ အရှုပ်တွေလုပ်နေတယ်ပဲ ပြောမလား။ အလုပ်တွေ ရှုပ်နေတယ်ပဲပြောမလားပေါ့။ အွန်လိုင်းကို ကောင်းကောင်းမသုံးနိုင်ပါဘူး။ ခုတော့လည်း ကိုအောင်ပိုင်စိုးရဲ့ ကျေးဇူးနဲ့ ပိုစ့်တစ်ခုဖြစ်ပါတယ်။ ဘာရေးရမယ်စိတ်မှာ ရှာမရသေးခင် ဒါလေးရေးတာပေါ့ဆိုပြီး ရေးစရာရသွားတဲ့အတွက်တင်မဟုတ်ဘဲ ခင်မင်စွာနဲ့ တက်ဂ်ခဲ့တာကိုပါ ကျေးဇူးတင်ပါတယ်။
တစ်ကယ်တော့ ကျွန်တော်က အသက်၃၀သာ ကျော်သွားလိုက်တယ်။ ကိုယ့်ကိုကိုယ် ကလေးထင်နေတုန်းပါ။ ပြောရရင်တော့ စိတ်ဓါတ်ပိုင်း သိပ်မရင့်ကျက်တာပေါ့။ ခုချိန်ထိ “မင်း-ဘာဝါသနာပါလဲကွ”လို့ မေးခံရရင် ဟိုဟိုဒီဒီတွေ ပြောဖြစ်နေတုန်းပါ။ ငယ်ငယ်ကတည်းက ဘာဆိုတာကို သေချာမရွေးချယ်နိုင်တာလည်း ပါမှာပါ။
ခပ်ငယ်ငယ်ကတော့ ဘောလုံးကို အတော်ဝါသနာပါတာပါ။ မိုးရွာရွာ၊ နေပူပူ အဖော်တစ်ယောက်လောက်ရရင် ကစားတော့တာပါပဲ။ အဲလိုမှမဟုတ်ရင် အိမ်မှာဆော့တာပါ။ အမေကတော့ အလွန်အမြင်ကပ်ပေါ့ဗျာ။ ဘောလုံးကစားမယ်ဆိုရင် အမေ့ကိုကြည့်နေရတာက အလုပ်တစ်ခုပဲ။ တွေ့ရင် ကွင်းဘေးခဏထွက်ထိုင်၊ အမေဖြတ်သွားမှ ဆက်ကစား။ နောက်ပြီး ကစားဖော် ကစားဖက် ကောင်းကောင်းတွေလည်း ရခဲ့တာပါပဲ။ ဒါပေမဲ့ ကျောင်းသားဘဝရောက်တော့ အင်တိုက်အားတိုက် မကစားဖြစ်တော့ပါဘူး။ ထိမိ၊ ခိုက်မိတာတွေရှိဖူးပေမဲ့ ကျောင်းသားဘဝမှာ ဒူးကိုပြင်းပြင်းထန်ထန် ထိမိလိုက်ကတည်းက အသည်းအသန်ကစားတာကို ရပ်လိုက်တာပါပဲ။ နောက်ပိုင်း တယ်လီဗေးရှင်းမှာ ဘောလုံးပွဲတွေ ခေတ်ထလာတော့ ကျွန်တော်လည်း စိတ်ဝင်စားသပေါ့။
ဒါပေမဲ့ ကျွန်တော်က သူများနဲ့မတူတဲ့ အတွေးပဲတွေးတတ်သလား၊ ခံစားချက်ကိုက မတူတာလားတော့မသိဘူး။ နိုင်ငံခြားပွဲတွေကို ကိုယ့်ပွဲလိုခံစား လောင်းကြ-စားကြ။ အိပ်ရေးပျက်ခံကြည့်ကြ။ လူချင်းမဆုံလိုက်နဲ့ ဒါပဲပြော။ အဲလိုတွေကို မခံစားနိုင်ဘူးဗျ။ ကျွန်တော်က နိုင်ငံခြားပွဲတွေကြည့်တယ်ဆိုတာ သူတို့ဘယ်လိုကန်လဲ၊ ဘယ်လိုကစားကြလည်း၊ ဘောလုံးသမားတွေကရော ဘယ်လို ခြေမျိုးလည်းကို ကြည့်ချင်တာ။ အဖြေသိပြီးသား နောက်ရက်မှကြည့်လဲ ရတယ်။ အဲဒီ့မှာ အများနဲ့ကွာတော့ တယ်လီဗေးရှင်းမှာ ကြည့်တာကိုပါ ဖြတ်ထားလိုက်တယ်။ အတော်ကောင်းတဲ့ ပွဲတွေမှပဲ ကြည့်တော့တယ်။ ဒါပေမဲ့ ဘောလုံးကိုတော့ စိတ်ထဲမှာ ချစ်နေတုန်းပါပဲ။
နောက်တစ်ခုရှိတာက ငယ်ငယ်ကတည်းက အချိန်အားရရင် စာဖတ်လေ့ရှိတာပါပဲ။ တစ်ခုကောင်းသွားတာက ကျွန်တော့်အကိုနှစ်ယောက်ကလည်း စာဖတ်နာသူတွေပါ။ သူတို့မှာ စာအုပ်တွေက အမျိုးစုံပဲ။ ကျွန်တော်က ယူယူဖတ်ရင်းကနေ စာဖတ်ဝါသနာလည်း ပါနေသလိုပေါ့။
စာဖတ်တာက ကျွန်တော့်ကို ပိုဆွဲဆောင်တယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စကားဝိုင်းဖွဲ့ပြောရတာမျိုးကို သိပ်သဘောကျသူကိုး။ သူငယ်ချင်းတွေနဲ့ အသိလေးတွေဖလှယ်ရတဲ့အခါ သဘောကျတတ်ပါတယ်။ နောက်တော့ ကျွန်တော် အတော်များများကို ဖတ်ဖြစ်တော့တာပါပဲ။ ဘာရယ်လို့လည်း မခွဲခြားပဲ အစုံဖတ်တာပါ။ ဟိုဟိုဒီဒီ ဖတ်မိလာရင် ဖြစ်လာနေကျခံစားချက်ဖြစ်တဲ့ ချရေးချင်တာလေးလည်း ကျွန်တော့်မှာ ပေါ်လာသပေါ့။ တစ်ချိန်က ကျွန်တော့်သူငယ်ချင်းတွေကို ပြောဖူးတဲ့စကားလေး အမှတ်ရသေးတယ်။ “ခပ်အေးအေးနေရာလေးမှာ ထိုင်ခုံလေးတစ်လုံးနဲ့၊ စားချိန်တန် ထစားပြီး စာလေးတွေဖတ်နေချင်တာ”လို့ ပြောခဲ့ဖူးပါတယ်။
အထက်တန်းကျောင်းသားဘဝ ကတည်းက မှတ်စုစာအုပ်ထဲမှာ ဟိုခြစ်ဒီခြစ် လုပ်တတ်ပါတယ်။ စာတို ကဗျာတိုလေးတွေပေါ့။ အဲဒီ့အကျင့်က ကျောင်းသားဘဝတစ်လျှောက်လုံးပါပဲ။ ကျွန်တော့် မှတ်စုကို သူများကိုပေးလိုက်ရင် တခြားဖတ်စရာလေးတွေပါ ပါသွားတတ်တာပါပဲ။ နောက်တော့ ကဗျာလေးတွေကို အတော်နှစ်သက်စွာ ရေးမိပါသေးတယ်။ ကောင်းတယ်ထင်ရင် စာအုပ်တစ်အုပ်နဲ့ ကူးရေးထားပေါ့။ အဲဒီလိုသာ ရေးဖူးပေမဲ့ ပုံနှိပ်စာလုံးနဲ့ တစ်ခါမှ မဖော်ပြဘူးပါဘူး။ တစ်လောကတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်အဲဒီလိုပြောမိတာကို ဘယ်ဟုတ်မလဲတဲ့။ ကျောင်းတုန်းက ကဗျာစာအုပ်လေးမှာ ကျွန်တော့်ကဗျာတစ်ပုဒ် သူတို့ထည့်ဖူးသတဲ့။ အော်.. ကျွန်တော်မှ မတွေ့ဘူးပဲကိုး။
နောက်ပြီး အင်ဂျင်နီယာလည်း သိပ်ဖြစ်ချင်သူပါ။ အင်ဂျင်နီယာစာတွေ သင်ဖူးပေမဲ့ ခုချိန်ထိ အင်ဂျင်နီယာ မဖြစ်ပါဘူး။ ဖြစ်ချင်သေးလားတောင် ကိုယ့်ဘာသာကိုယ် မသေချာတော့ပါဘူး။ နောက်ပိုင်းမှာ ဖြစ်ချင်တာတွေမဖြစ်ရ၊ ဖြစ်ချင်တာဖြစ်နေသလိုပါလားလို့ ဘဝဆိုတာကိုခံစားမိနေတော့ ကျွန်တော့်ကျက်စားရာက စာဖတ်ခြင်းဆီမှာပဲ ပျော်နေပါတယ်။ တစ်ကယ်က ရေးချင်တာလည်း လက်ကိုယားလို့ ဆိုတာမျိုးထဲကပါ။ စိတ်ကူးနဲ့ စာတွေရေးကြည့်တတ်တာလည်း မကြာခဏပါပဲ။ ကျွန်တော်ပြောချင်နေတာတွေကို စာရေးပြီးပြောရင် နှစ်ယောက် သုံးယောက်မက လူအများကိုပြောသလို ပြောနိုင်မယ်။ သူတို့လည်း စဉ်းစားစရာ တွေးချင်စရာလေးဖြစ်သွားမယ်၊ စိတ်မှာ သတိကပ်သွားမယ်ဆိုရင် ကျွန်တော်က ပျော်ချင်သူပါ။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဘလော့ဂ်လေးပြတော့ ငါလည်းလုပ်ချင်သကွဆိုပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ပျော်နေမိတာပါ။ ဒါတောင် ကိုယ့်အရည်အချဉ်းကိုယ်သိနေတော့ ရေးချင်သမျှ ချမရေးဖြစ်ပါဘူး။ စိတ်မှာတော့ ရေးချင်တာတွေ၊ ပြောချင်တာတွေ များမှ များပေါ့ဗျာ။
ကိုအောင်ပိုင်စိုးရေ ဝါသနာအကြောင်းပြောဆိုရင်တော့ အခုပြောမိတာလေးတွေက အဓိက ဝါသနာတွေပေါ့။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ နောက်ထပ်ဝါသနာပါတာတွေလည်း ရှိသေးသကိုး။ ဒါပေမဲ့ ဒီအချက်တွေလောက်တော့ ကျွန်တော့်ကို မဆွဲဆောင်ဘူးဆိုတာ သေချာပါတယ်။ အထက်နားမှာ ကျွန်တော်ပြောထားသလို ဝါသနာပါတာကိုပြောဆိုရင် ဟိုဟိုဒီဒီဖြစ်လေ့ရှိသလို အခုလည်း ဟိုဟိုဒီဒီဖြစ်နေရင် နားလည်ပေးပါလို့သာ ပြောချင်မိပါကြောင်းနဲ့ သူများကို ထပ်လွှဲပေးရအောင်ကလည်း ကျွန်တော်ရောက်လေ့ရှိတဲ့ ဘလော့ဂ်တွေက ရေးပြီးသလောက်တွေဆိုတော့ ဒီလောက်နဲ့ နားလိုက်ပါတယ် ခင်ဗျာ။
ခင်မင်မှုဖြင့်
သုခမိန်
(ကိုအောင်ပိုင်စိုးလို့ ခေါ်သာ ခေါ်နေရတယ်။ ကိုယ့်ဦးလေးအရွယ်ထင်ပါတယ်။ သားတွေသမီးတွေက နိုင်ငံခြားမှာလို့တောင် ဖတ်ရလို့ပါ။ အသုံးနှုန်း ရိုင်းခဲ့မယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 12:30 PM 5 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အိတ်ဖွင့်ပေးစာ, အရောင်စုံ အတွေးများ . . . . .
Saturday, June 20, 2009
ဒီနေ့အဖို့
၁။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ”လူလေးသို့ပေးစာများ“
၂။ ဆရာနေမျိုးရဲ့ ”မြည်နေတဲ့ထရမ်းပက်“ - ဝတ္ထုတိုငယ်စု နဲ့
၃။ Stephen R. Covey ရဲ့ ”The 7 Habits of Highly Effective Peoplen“
ဒီနေ့အဖို့ ဆရာနေမျိုးရဲ့ ”မြည်နေတဲ့ထရမ်းပက်“ကိုမှ တခုတ်တရ ရွေးချယ်သယ်ယူလာတာ ဘာကြောင့်လဲဆိုတာ ဝေမျှလိုပါတယ်။
ဒီနေ့အဖို့
ဒီနေ့ ငါစားတာတွေ နည်းနည်းများသွားပြီ။ မက်(စ်)ပါဝါတစ်ပုလင်း (ငါ့ပိုက်ဆံနဲ့ငါဝယ်သောက်တာ)၊ ကန်စွန်းဥသုံးလုံး။ ကြီးနှစ်၊ သေးတစ်။ အိမ်မှာပြုတ်တာ၊ လက်ဖက်ရည်ကတော့ မနက်ကနေ စတွက်ရင် ညထိ (၄)ခွက်တော့ရှိမယ်။ စတော်ဘယ်ရီဖျော်ရည်တစ်ခွက် (ဖိုးကျော်ကတိုက်တာ)၊ ကွမ်းယာက (၁၂)ယာလောက်တော့ ရှိမယ်။ ရေခဲရေ (၁)ခွက်၊ မနက်က ထပ်တစ်ရာတစ်ချပ်၊ လက်ဖက်ရည်တစ်ခွက်ခွဲလောက် ရှိမယ်။ (သမီးတို့မကုန်တာ ငါသောက်သေးတယ်)။ ထမင်းကတော့ မြိန်သလိုလို မမြိန်သလိုလိုနဲ့။ စတော်ဘယ်ရီဖျော်ရည်သောက်နေတုန်း အစ်မ မဝင်းမေကို သတိရမိသေးတယ်။ မြို့ထဲက နေပူပူထဲဖြတ်ပြန်လာတော့ အေးအေးချိုချိုချဉ်ချဉ်လေး ရေငတ်ပြေသောက်ချင်လို့ (၄)ကွေ့အလွန်က လမ်းဘေးအအေးဆိုင်လေးမှာ မက်(စ်)ပါဝါသောက်ခဲ့တာ ထင်သလောက် အရသာမတွေ့ဘူး။ ငါ့ပါးစပ်ထဲမှာ နည်းနည်းသက်တက်တက် ဖြစ်နေသလိုပဲ။ အပြီးသတ်မှာ ခါးခါးသွားတယ်။ နေ့လယ်က ကိုဝေးခေါင်နဲ့ ထမင်းဆိုင်လေးတစ်ဆိုင်မှာ ထမင်းအတူစားဖြစ်တယ်။ သူကငါးမြင်းနဲ့၊ ငါကဝက်သားနဲ့။ ဝက်သားတုန်း က ငါ့အကြိုက်တော့ နည်းနည်းမာနေတယ်။ ကုလားပဲဟင်းက အိနေတာပဲ။ ကောင်း။ ညနေအိမ်ကချက်တဲ့ဟင်းက ကြက်ဥချက် (တစ်ယောက်တစ်လုံးနှုန်း)၊ သရက်ချဉ်သုပ်၊ စွန်တာနီပဲနဲ့ ခွေးတောက်ရွက်ဟင်းချို။ မြိန်သလိုလို မမြိန်သလိုလိုနဲ့။ ဒီနေ့အဖို့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ နည်းနည်းများသွားပြီ။ တန်ရုံကောင်းတယ်။ အစ်မသိရင် ငါ့ကိုဆူမှာပဲ။ အပိုဆာဒါးတွေ။ ဒါပေမဲ့ ငါလိမ္မာတာလေးတွေလည်းရှိပါတယ်။ ကျုံးဘေးက ပုစွန်ဆိတ် ခုန်နေတဲ့ ထန်းရည်သည်လေးတွေဆီ ဝင်မသောက်ပဲ နေခဲ့တာလေ။
နေမျိုး
(နေမျိုး - မြည်နေတဲ့ထရမ်းပက် - ဝတ္ထုတိုငယ်စု - ပထမအကြိမ်၊ ဇန်နဝါရီလ၊ ၂၀၀၆)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:34 AM 3 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, မာရေးသျှင် ဝေမျှခြင်း အနုပညာ
Thursday, June 18, 2009
ရ ထားတဲ့ ရထား
မြင်ကွင်းအကုန်ဝေဝါး
ရထားထွက်ခဲ့ပြီ။..........။
လေတွေတဝုန်းဝုန်း
မိုးတွေတအုန်းအုန်း
တဂျုံးဂျုံးတဂျက်ဂျက်နဲ့။..........။
ရေယောင်ယောင်
ဟန်ဆောင်သူတံလျှပ်တွေနောက်
တကောက်ကောက်လိုက်ဖို့။..........။
မာရေးသျှင်
(၂၀၀၈-ခုနှစ်၊ဇွန်လ၊(၁၇)ရက်-ရက်စွဲနဲ့ E-Journalမှာ ဖော်ပြခဲ့တဲ့ ကျနော့်ရဲ့ ပထမဆုံးပို့စ်ပါ။ E-Journal မှာပါဝင်ရေးသားခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြလိုက်တာပါခင်မျာ။ ဒါဟာ E-Journal ဝိုင်းတော်သားများနှင့် E-Journal ရဲ့ မိတ်ဆွေ၊ မောင်နှမများကို ကျေးဇူးစကားဆိုခြင်းလည်း ဖြစ်ပါတယ်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:53 PM 3 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Wednesday, June 17, 2009
Comment on "What Is Love???" - နှလုံးလှဖို့ အလှဆုံးသို့ (၇)
We are incapable of loving another unless we love ourselves.
မိမိကိုယ်ကိုမိမိ မချစ်လို့ရှိရင် သူတစ်ပါးကိုချစ်ဖို့ရာ မတတ်နိုင်ပါဘူး။
The will to extend one’s self for the purpose of nurturing one’s own or another’s spiritual growth.
ကိုယ်ကိုယ်တိုင် စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်လာအောင်၊ မြင့်မြတ်လာအောင် လုပ်ပြီးတော့ သူတစ်ပါးကိုလည်းပဲ စိတ်ဓာတ်နဲ့အသိဥာဏ်ရင့်ကျက်လာအောင် အကူအညီပေးနိုင်တာ အထောက်အကူ ပေးနိုင်တာဟာ မေတ္တာပါပဲ။
If I truly love other I will obviously order my behavior order in such a way as to contribute the utmost to his or her spiritual growth.
အကယ်၍ ငါဟာ သူတစ်ပါးကို တကယ်အစစ်အမှန် ချစ်တယ်ဆိုရင် ကိုယ့်ရဲ့နေပုံ၊ ထိုင်ပုံ၊ ပြောပုံ ဆိုပုံကို ပြင်ရမယ်တဲ့။ သူ့ရဲ့စိတ်ဓာတ်နဲ့ အသိဥာဏ် လေးနက်မှု၊ ရင့်ကျက်မှုကို အစွမ်းကုန် အထောက်အကူပြုမယ်ဆိုတဲ့ အသိနဲ့ ကိုယ့်ရဲ့ နေပုံ ထိုင်ပုံ၊ ပြောပုံ ဆိုပုံကို ပြင်ရလိမ့်မယ်။
The only true end of love is spiritual growth.
မေတ္တာရဲ့ တစ်ခုတည်းသော ဦးတည်ချက်၊ မျှော်မှန်းချက်ဟာ အသိဥာဏ်နဲ့ စိတ်ဓာတ်ရင့်ကျက်မှု၊ တိုးတက်မှု၊ မြင့်မြတ်မှုရှိအောင် အထောက်အကူပေးတာပဲ။
It is actually impossible to forsake our own spiritual development in favour of someone else’s.
ကိုယ့်မှာ လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်နဲ့ စိတ်ဓာတ်ဖြစ်ပေါ်လာအောင် မလုပ်ဘဲနဲ့ သူတစ်ပါးမှာ လေးနက်တဲ့၊ မြင့်မြတ်တဲ့ အသိဥာဏ်နဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင် လုပ်မပေးနိုင်ပါဘူး။
သူတစ်ပါးကို မေတ္တာထားနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အဖက်ဖက်က ပိုပြီးတော့ ကြီးပွားလာအောင်၊ တိုးတက်လာအောင်၊ အသိဥာဏ်နဲ့ စိတ်ဓာတ်တိုးတက်မှု၊ ရင့်ကျက်မှုဖြစ်လာအောင် အထောက်အကူပေးမှသာ ဖြစ်နိုင်ပါတယ်။
They think of love in terms of having positive feelings for others, taking care of others and as self-sacrifice.
စိတ်ထဲမှာ ကောင်းတဲ့ခံစားမှုလေးတွေ ဖြစ်လာတယ်။ သူ့ကိစလေးတွေကို အများကြီး ဆောင်ရွက်ပေးချင်တယ်။ သူနဲ့ပတ်သက်ပြီးတော့ ကိုယ့်အကျိုးကို အနစ်နာခံပေးလိုက်တယ် ဆိုတာကို ချစ်တယ်လို့ ထင်ကြတယ်။
These aspects of love are undoubtedly important parts of the picture but what they do not always remember is that at its highest love is more closely allied with realism than with feeling.
ဒီလိုအချက်တွေဟာ အရေးကြီးတာမှန်ပေမယ့် မေတ္တာရဲ့အဆင့်မြင့်ဆုံး ရောက်တဲ့အခါမှာ မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘဲနဲ့ အသိဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံး အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားပြီ။
မေတ္တာဆိုတာ ခံစားမှုမဟုတ်တော့ဘဲ အကျိုးကိုလိုလားခြင်း ဖြစ်သွားတယ်။ အကျိုးကိုလိုလားခြင်းဆိုတာ အသိဥာဏ်ဖြစ်သွားပြီနော်။
ကိုယ်ကိုယ်တိုင်က တကယ်စိတ်ချမ်းသာနေမှသာ သူတစ်ပါးစိတ်ချမ်းသာမှုကို တကယ်လိုလားတဲ့စိတ် အပြည့်အဝဖြစ်တယ်။
ကိုယ်က သူ့ကို ချစ်တယ်ဆိုရင် သူစိတ်ဆင်းရဲနေတဲ့အခါမှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့လိုတယ်နော်။ ဒါ ဘာကြောင့်တုန်းဆိုတော့ သူ့မှာ သောကကြီးလို့ ကိုယ့်ဆီလာတဲ့အခါမှာ ကိုယ်ကပါ သောကတွေနဲ့ ခေါင်းမီးတောက်သွားရင် ဘာဆက်လုပ်မလဲ။ ဘာမှ မလုပ်တတ်တော့ဘူး။ ဒါကြောင့် သူ့မှာ သောကကြီးနေတုန်းမှာ ကိုယ်က တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးနဲ့ နေနိုင်ရမယ်။ emotionally independent ဖြစ်ရမယ်။
သောကသိပ်ကြီးလွန်းတဲ့လူဟာ တကယ့်မေတ္တာစစ်ထားတဲ့လူ မဖြစ်နိုင်ဘူး။
ငါ့မှာတော့ သူ့ကိုချစ်လိုက်ရလို့ သောကတွေဖြစ်လိုက်ရတာလို့ တွေးမယ်နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။ အဲဒါ သမုဒယ သံယောဇဉ်၊ ပူလောင်တယ်။ မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ ဥာဏ်နဲ့ယှဉ်တဲ့အတွက်ကြောင့် ပူလောင်မှုကို မဖြစ်စေဘူး။
စိတ်ပိုင်းဆိုင်ရာ မှီခိုမှုကင်းတာ (Psychologically independent) ဖြစ်ရမယ်။ သူစိတ်ချမ်းသာအောင် ငါလုပ်ပေးမှ ဖြစ်မယ်လို့လည်း မတွေးတော့ဘူး။ ငါ စိတ်ချမ်းသာအောင် သူလုပ်ပေးမှ ဖြစ်မယ်လို့လည်း မတွေးတော့ဘူး။ တကယ့်မေတ္တာဆိုတာ ဘာလဲဆိုတော့ သူ့ဟာသူ စိတ်ချမ်းသာအောင် နေတတ်သွားအောင် နည်းလမ်းပေးလိုက်တယ်။
မြတ်စွာဘုရားရဲ့မေတ္တာဟာ အဲဒီလိုမေတ္တာမျိုးနော်။ မြတ်စွာဘုရားက သူများကို စိတ်ချမ်းသာသွားအောင် လုပ်ပေးလိုက်တာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင်နေနည်းကို ပေးလိုက်တာ။ သူတစ်ပါး စိတ်ဆင်းရဲနေလို့ မြတ်စွာဘုရားက စိတ်ဆင်းရဲနေမှာလား၊ ဘယ်သူ့အတွက်မှ စိတ်မဆင်းရဲပါဘူး။ အင်မတန် မေတ္တာကရုဏာ ကြီးပါတယ်ဆိုတဲ့ မြတ်စွာဘုရားဟာ ဘယ်သူ့အတွက်မှ မပူပါဘူးတဲ့။ အဲဒါ မေတ္တာ အစစ်ပဲနော်။
မေတ္တာဆိုတာ ငါ မေတ္တာစစ်ထားမယ်ဆိုတာနဲ့လည်း ဖြစ်မသွားဘူး။ အင်မတန် အသိဥာဏ်ကြီးမှ အမြဲတမ်း ကိုယ့်စိတ်ကို သိနေ၊ ကြည့်နေမှ ဖြစ်လာတယ်။
(မေတ္တာတရား - ဆရာတော်ဦးဇောတိက) မှ ထုတ်နုတ်ကူးယူပါသည်။
မေတ္တာဆိုတာ လွတ်လပ်တဲ့သူ စိတ်ဓာတ်အင်အားကြီးမားတဲ့သူ သူ့စိတ်မှာပြည့်စုံနေတဲ့သူရဲ့ စိတ်မှာ အလိုအလျောက်ဖြစ်လာတာ။ လုပ်ယူရတာမဟုတ်ဘူး။ မေတ္တာမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်တာဟာ အင်မတန် စိတ်ဓာတ်အင်အားကြီးပြီး လွတ်လပ်နေမှ ဖြစ်နိုင်တယ်။
(လွတ်လပ်သောစိတ် - ဆရာတော်ဦးဇောတိက) မှ
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 10:37 AM 2 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Monday, June 15, 2009
WHAT IS LOVE???
E-journal ကိုအလည်လာတဲ့သူတွေအနေနဲ့လည်း ဒီအကြောင်းအရာလေးနဲ့ပါတ်သက်ပြီး ထင်မြင်ချက်လေးတွေကိုရေးပေးကြပါလို့လည်း Request လုပ်ပါတယ်ရှင်….
အချစ်ဆိုတာဘာလဲ???
လူတစ်ယောက်ကိုတကယ်ချစ်မိသွားတယ်ဆိုရင် ဘယ်လိုခံစားရလဲ???
အချစ်ဆိုတာက ပြောင်းလဲတတ်တဲ့ အရာတခုပဲလား???
ခုချိန်မှာ ဒီလူတယောက်ကို အရမ်းချစ်ပါတယ်ဆိုပြီး အနေဝေးသွားချိန်မှာ သူကို မေ့ပြီး တခြားတစ်ယောက်အပေါ် ချစ်မိတယ်ဆိုတာ???
ချစ်သူချင်း စိတ်ချင်း ဆက်သွယ်နေတယ်ဆိုတာ အမှန်ပဲလား???
သူ့ရင်ထဲ နင့်နေအောင်ခံစားရသလို ကိုယ့်ရင်ထဲမှာလည်း နင့်နေအောင်ခံစားရတယ်ဆိုတာ ရောတကယ်ပဲရှိလား????
မြင်မြင်ချင်းချစ်သွားတယ်ဆိုတာရောတကယ်ရှိလား???
နောက်…. အချစ်ဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုတာရော တကယ်ပဲလား???
မယ်တို့ငယ်ငယ်ကပေါ့
ချစ်သူရှိတဲ့ မယ့်သူငယ်ချင်းတစ်ယောက်ကို မေးဖူးတယ်….
အချစ်ဆိုတာဘာလဲ????
သူက ဘာပြန်ပြောလည်းဆိုတော့
အစားအစာတခုရဲ့အရသာကို မစားဖူးပဲနဲ့ အဲဒီအစားအစာရဲ့အရသာဆိုတာ ဘယ်လိုဆိုတာပြောဖို့ခက်တယ်တဲ့
အဲလိုပဲ . . . မချစ်ဖူးပဲနဲ့ အချစ်ဆိုတာကို ဘယ်လိုလဲဆိုတာကိုပြောဖို့ခက်တယ်တဲ့…
လူတစ်ယောက်ကို တကယ်ချစ်မိသွားတယ်ဆိုရင် ဘယ်လိုခံစားရလဲ???
လူတစ်ယောက်ကို အမြဲမြင်ချင် တွေ့ချင်နေမယ်…
သူနဲ့ အတူတူရှိနေချိန်တွေဟာ ကိုယ့်အတွက် ပျော်စရာအချိန်လေးတွေပဲဆိုရင် ….
သူနဲ့ဝေးနေတဲ့အချိန်တွေမှာ သူကိုအမြဲတမ်းသတိရနေတယ်ဆိုရင်….
ပျော်စရာလေးတွေကြုံလာတဲ့အချိန်မှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို သူ့ကို မျှဝေပေးချင်ရင်…
ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ဂရုတစိုက်ရှိနေမှာကို မနာလိုဖြစ်နေခဲ့ရင်…
ကိုယ့်မှာပြသနာတခုခုကြုံလာရင် စိတ်ညစ်စရာလေးတွေကြုံလာခဲ့ရင် သူဆီကဖေးမမှုကို လိုချင်နေခဲ့ရင်…
အဲဒီလူကို ကိုယ်တကယ်ချစ်မိပြီလား???
နောက်…. အချစ်ဦးကို မြေးဦးရတာတောင်မမေ့ဘူးဆိုတာကော တကယ်ပဲလား???
သူငယ်ချင်းတစ်ယောက်ကပြောပြဖူးတယ်….
သူ့ရဲ့ရည်းစားဦးက သူနဲ့ကွဲလို့ အခုဆိုကလေးတစ်ယောက်တောင်ရနေပြီတဲ့…
သူကိုယ်တိုင်ကလည်း ခုလက်ရှိကောင်မလေးရှိတယ်တဲ့…
စိတ်ညစ်စရာတခုခုကြုံလာရင် ရည်းစားဦးကိုပဲသတိရပြီး သူ အဆင်မပြေတာတွေကို ရည်းစားဦးကိုပဲပြောပြပြီး သူမဆီကဖေးမမှုကိုပဲ လိုချင်တယ်တဲ့…
ခုလက်ရှိကောင်မလေးကို မချစ်လို့မဟုတ်ဘူး… သစ္စာဖောက်တာလည်းဟုတ်ဘူးတဲ့…
ကိုယ်စိတ်ညစ်နေတဲ့အချိန်မှာ သူနဲ့စကားပြောခွင့်ရရင် တော်တော်စိတ်သက်သာရတယ်ပြောတယ်…
ဒီကိစ္စမှာ ရည်းစားဦးနဲ့သူနဲ့ဘာကြောင့်ကွဲသွားခဲ့ရတယ်ဆိုတာ သေချာမသိပေမဲ့…
ရည်းစားဦးဟာတော်တော်နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်…
တကယ်တမ်းကျတော့ လူတော်တော်များများက
တော်တော်ကို ချစ်နိုင်ကြတယ်လို့ ပြောရမလား???
သာယာတတ်ကြတယ်လို့ ပြောရမလား????
ဘယ်သူပဲဖြစ် လူတိုင်းက ဂရုစိုက်တာကိုခံချင်ကြတယ်…
ကိုယ့်ကိုဂရုစိုက်တယ်ဆိုရင်ကျေနပ်ကြတယ်….
လူတစ်ယောက်က ကိုယ်အပေါ်ဂရုစိုက်တာနဲ့ အဲဒီလူက ကိုယ့်ကိုတော်တော်ချစ်တယ်လို့ထင်ရင် မှားမှာပဲ…
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် ဂရုစိုက်တတ်တဲ့သူက လူတိုင်းကိုဂရုစိုက်မှာပဲတဲ့
သူကကိုယ့်ကိုဂရုစိုက်လို့ ကိုယ့်ကိုချစ်တယ်ထင်ရင်မှားမယ်တဲ့…
သူငယ်ချင်းပြောတဲ့စကားကမှန်တယ်…
ချစ်သူနှစ်ယောက်ကြားမှာ မာန်မာနတွေ ရှိသင့်သလား???
ကိုယ်တကယ်ချစ်တဲ့သူကို ရအောင်ယူမှာလား??? စွန့်လွှတ်မှာလား???
အဖြေက ချစ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်…
ချစ်သူကိုရအောင်ယူလို့ သူစိတ်ဆင်းရဲရမယ်ဆိုရင် ကိုယ်ဘယ်လောက်ပဲခံစားရပါစေ သူစိတ်ချမ်းသာတဲ့ ဘဝတခုမှာပဲ သူပျော်ရွှင်တဲ့ဘဝတခုမှာ သူ့ကိုထားခဲ့မှာပါ…
သူ့နေချင်တဲ့ဘဝမှာ နေခွင့်ပြုပြီး သူလိုအပ်တာကို အတိုင်းအတာတခုအထိပေးဆပ်ပေးမှာပါ…
အတိုင်းအတာတခုဆိုတာ ကိုယ်နဲ့သူအပြင် နောက်တယောက်ကို မထိခိုက်သေးတဲ့အချိန်အထိပဲ…
ကိုယ့်ဘဝကဘယ်လောက်ပဲကြမ်းတမ်းပါစေ ကိုယ်နဲ့နေလို့သူစိတ်ချမ်းသာမယ်ဆိုရင် သူ့ကိုကိုယ်ဘေးမှာပဲ တသက်လုံးထားမှာပါ…
တကယ်တမ်းကျတော့ လူတွေဟာကိုယ့်ကိုကိုယ် အချစ်ဆုံးပါပဲ…
လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် သူစိတ်ချမ်းသာအောင်ထားနိုင်ရမယ်လို့ မယ်ထင်ပါတယ်…
သူ့ကိုကိုယ်ပိုင်ဆိုင်ခွင့်ရသည်ဖြစ်စေ… ပိုင်ဆိုင်ခွင့်မရခဲ့သည်ဖြစ်စေ….
သူပျော်ရွှင်နေရင် ကိုယ်လည်းပျော်ရွှင်နိုင်ရမယ်လို့ထင်ပါတယ်…
ကိုယ့်လိုဘတခုတည်းကိုကြည့်ပြီးနေမယ်ဆိုရင် သူ့ကို ကိုယ်ချစ်တာမဟုတ်ပဲ…
ကိုယ့်ကိုကိုယ် ချစ်တာပဲလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်……….
*** ပေးဆပ်ချစ်နဲ့ ချစ်ခဲ့ဖူးတဲ့ ချစ်သူတွေရဲ့ ၉ နှစ် နဲ့ ၉ လပြည့် အမှတ်တရပါ ***
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 11:17 AM 7 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . .
Friday, June 12, 2009
လမ်း (သို့) ချိန်းစာ
ပြေးလွှားနေဆဲ . . .
ရုန်းထွက်နေဆဲ . . .
ယုံကြည်ရာလျှောက်လိုက်တော့ခရောင်းလမ်းပေါ့ . . .
မျှော်မှန်းရာကို ရောက်ဖို့ခက်ခက်
အသက်ထက်တန်ဖိုးထားတာ
ကိုယ်နဲ့အတူမကွဲမကွာ . . .
တောတန်းလေးထဲ အေးအေးချမ်းချမ်းအိပ်စက်ဖို့ရာ
မေတ္တာခြုံစောင်လေးနဲ့ပေါ့ . . .
ပွင့်ဖတ်နံ့လေးသင်းနေတဲ့ပန်းခင်းလေးဘေးမှာ တို့အတူဆုံမယ်နော် . . .။
(ကိုနယုန်မိုး Draftနဲ့သိမ်းထားတဲ့ စာလေးတစ်ပုဒ်ပါ။ Label မပေးရသေးပေမဲ့ ကဗျာခေါင်းစဉ်အောက်မှာ ထည့်လိုက်ပါတယ်။ ကိုနယုန်မိုးရဲ့ ခွင့်ပြုချက်မပါတာတော့ သေချာပါတယ်။ ခွင့်လွှတ်မယ်လဲ ထင်ပါရဲ့။.....။ သုခမိန်)
ခံစား၊ ဝေမျှ၊ တင်ပြသူက နယုန်မိုး at 7:30 PM 3 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, နယုန်မိုး
Thursday, June 11, 2009
Comment on "The man who wanna talk HRD!"
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။
“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”
ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံ ကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံ မကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး။
“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”
အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။
ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။
သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။
နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။
ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 8:25 PM 2 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Wednesday, June 10, 2009
The man who wanna talk HRD!
ဦးနှောက်များကို စိတ်ဝင်စားသူ
တစ်လောလေးကပဲ “ဦးနှောက်မြူးသူတစ်ယောက်”ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးပါတယ်။ ဖတ်ချင်လွန်းတယ်ပြောလို့ ရန်ကုန်ကသူငယ်ချင်းက လူကြုံနဲ့ထည့်ပေးလိုက်ပါတယ်။ ချင်းတွင်းမှာ အခန်းဆက် ဖတ်နေတုန်း လုံးချင်းထွက်တော့လည်း ဖတ်ချင်တာပါပဲ။ ချင်းတွင်းက လတိုင်းမဝယ်ဖြစ်ဘူးကိုး။ ဒါနဲ့ပဲ တစ်ခြားစာမဖတ်တော့ပဲ သူ့ကိုပဲဖတ်လိုက်ပါတယ်။ ကောင်းတဲ့စာအုပ်လေးပါ။ မဖတ်ရသေးရင် ညွှန်းချင်ပါတယ်။
စာအုပ်အစပိုင်းမှာ ဘာသာပြန်သူ (စာရေးသူ)ပြောသလို သူတို့ဆီက အတုယူစရာတွေ (ဒါမှမဟုတ်လည်း) သိထားသင့်တာတွေ ပါဝင်ပါတယ်။ အားကျစရာ၊ ဘက်ပေါင်းစုံမှ အတုယူစရာတွေပါ။ ပညာကိုချစ်မှ နိုင်ငံတိုးတက်ရေးအကြောင်းပြောရင် အရှိန်အဟုန်ဆိုတာ ပါလာမယ်ဆိုတာ ထင်ရှားစေပါတယ်။ ပညာဆိုတာကို အားပေးပုံ၊ ပညာတတ်ကို နိုင်ငံတော်အဆင့် တန်ဖိုးထားပုံတွေနဲ့ ကောင်းတဲ့စာအုပ်ပါပဲ။
ကျွန်တော့်စိတ်မှာ နည်းနည်းလေး စွဲသွားတာက အသက်၂၁နှစ်မှာ ဒေါက်တာဘွဲ့ရနေပါပြီ။ တောက်လျှောက်လည်း စိတ်ရောဂါရနေတဲ့ ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။ လူမှုရေးအရ အားနည်းတယ်ပြောလို့ရတဲ့ သူ့အမူအကျင့်တွေကို အမြင်တစ်မျိုးနဲ့ ကြည့်ပေးကြတယ်ထင်ပါတယ်။ ရုပ်ရှင်လည်းရှိသဗျ။ ကြည့်ဖူးတယ်။ အတော်တောင်ကြာပါပြီ။ A Beautiful Mind ဆိုတဲ့ ခေါင်းစဉ်နဲ့ပါပဲ။
ထားတော့။ ပြောချင်တာက စာရေးသူရဲ့စေတနာ။ တစ်ခါကလည်း “ဦးနှောက်များကို မီးညှိခြင်း”ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ခဲ့ဖူးတယ်။ အိန္ဒိယနိုင်ငံက သမ္မတကြီးရဲ့ လူငယ်တွေ(ကျောင်းသားတွေ)အပေါ်မှာ ထားတဲ့ စိတ်ထားနဲ့ စေတနာတွေကို ဖတ်ရပါတယ်။ ကောင်းတဲ့စာအုပ်ပါပဲ။ ဖတ်ပြီးကြသူတွေလည်းများမှာပါ။ မဖတ်ရသေးရင် ဒါလည်းဖတ်သင့်တဲ့ စာတစ်အုပ်ပဲ။
စာရေးသူက ဒေါက်တာဘွဲ့ရ ရူပဗေဒပညာရှင်လို့ ပြောပါတယ်။ အကြောင်းအရာလေးတွေ ရွေးတတ်တာကို သဘောကျနေတာပါ။ လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။ ဒါပေမဲ့ အသုံးမကျတာကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်ပေါ့ဗျာ။ ထားတော့။) လူငယ်တွေကို ပညာဆိုတာ ဘာလည်းသိအောင်။ လေ့လာတတ်အောင်။ တန်ဖိုးထားတတ်အောင်။ ပြောနေတဲ့ စာတွေလို့ တွေးမိသဗျ။
ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာဖို့ဆိုတာ တစ်ယောက်အားဖြင့် မစွမ်းသာဆိုတာကို ပြောနေသလိုပါပဲ။ သိုင်းဖို့၊ ဝိုင်းဖို့လိုတယ်ပေါ့။ ပညာရေးမှာဆိုရင်လည်း ကျောင်သား၊ ဆရာ၊ မိဘတွေတင်မက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထိရောက်အောင် စွမ်းဆောင်မှုတွေ လိုအပ်ကြောင်းလည်း မြင်သာစေပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ တစ်ကယ်တော့ ဦးနှောက်တွေအကြောင်းပါပဲ။ ရေရှည်ကိုကြိုတွေးပြီး နူးညံ့စွာပြုပြင်ရတာတွေပေါ့။ ပါရမီရှင်တစ်ဦးဆိုတာ အလကားတော့ မဖြစ်တန်ရာဘူးလို့လည်း တွေးလေရဲ့။
နောက်တစ်အုပ်ပြောချင်သေးတာက “ပိုးချည်မျှင်မိုးနဂါး”ဆိုတဲ့ စာအုပ်ပါ။ အဲဒီ့စာအုပ်မှာဆိုရင် ပေါက်ဖော်တို့ရဲ့ ပညာတတ်ကိုမြှောက်စားရင်း တိုးတက်ရေးကို ကြိုးစားသွားတာ မြင်သာနေသလိုပါပဲ။ နောက်ဆုံးတော့ ကြေငြာခ မရဘဲ စာရေးသူဘိုးလှိုင်ရဲ့ စာသုံးအုပ်ကို ကြော်ငြာဝင်လိုက်တာပါ။ တစ်ကယ်တော့ စာဖတ်အားကောင်းပုံရတဲ့၊ စေတနာပါတဲ့စာရေးသူရဲ့ ဦးနှောက်တွေကို စိတ်ဝင်စားပုံ။ နောက်ပြီး ဦးနှောက်တွေအရေးကြီးပုံနဲ့ ပညာတတ်ကို တန်ဖိုးထားဖို့လိုကြောင်းလေးတွေကို စိတ်မှာတွေးမိနေလို့ အကြောင်းရှာပြီး ညွှန်းလိုက်ကြောင်းပါ။
သုခမိန်
HRD – Human Resource Development
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 7:00 PM 3 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, အရောင်စုံ အတွေးများ . . . . .
Monday, June 8, 2009
"Reason for Nothings"
“အကြောင်းမရှိအတွက် ဆေးတစ်ခွက်”
အကြောင်းမရှိလို့ ငါပြောမယ်စဉ်းစားတော့၊
အော်.. ပေါ်လာလိုက်တဲ့အကြောင်းအရာတွေ။
ဒါပေမဲ့ ရှိနေခြင်းဟာ မရှိခြင်းမှာဖြစ်တည်နေတယ်။
ဟုတ်တာပေါ့။ ငါ့မှာရှိနေတယ်ဆိုတာတွေက မရှိခြင်းတွေကိုး။
မရှိခြင်းတွေ ရှိနေကြောင်းကိုတော့ သက်သေပြဖို့မလိုပါဘူးကွယ်။
မမြင်ရတဲ့အရိပ်။ မကြားရတဲ့စကားသံနဲ့ ငါ့အတွက်မဟုတ်တဲ့ မင်းကိုယ်နံ့၊ ဒါ..
“မိုး” စိမ့်စိမ့်ရွာနေသလို။
ရွာပါစေ-ဒီ“မိုး”လို့ ငါကလက်လျော့သလိုပြောပြောနေရတာ။
အအေးဓါတ်ကိုမွေးထုတ်ရင် ဒါ - “မိုး”ဟုတ်တယ်လေ။
အချမ်းကြောက်သူအတွက် အသူရာတစ်ခွက်ရှိနေရင် ကိစ္စ ပြီးစေပါတယ်ချစ်သူ။
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 6:31 PM 5 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, သုခမိန်
Saturday, June 6, 2009
Sand and Stone
သူငယ်ချင်းနှစ်ယောက်က သဲကန္တာရတခုမှာ ခရီးအတူသွားရင်း၊ လမ်းမှာ စကားများကြတယ်။ သူငယ်ချင်းတယောက်က ကျန်သူငယ်ချင်းရဲ့ မျက်နှာကို စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်လိုက်မိတယ်။ အရိုက်ခံရတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့ကို နာကျင်အောင်လုပ်တယ် ဆိုပြီး သဲပေါ်မှာ စာရေးလိုက်တယ်။
ဒီလိုနဲ့ ခရီးဆက်ကြတော့ ရေကန်ငယ်လေးတခုကို တွေ့ရော။ ရေဆင်းချိုးတော့ အစောက ပါးရိုက်ခံလိုက်တဲ့ သူငယ်ချင်းက ရေနစ်သွားတယ်။ ပါးကိုရိုက်လိုက်တဲ့ သူငယ်ချင်းက ရေထဲက ဆယ်တော့ - အသက်ချမ်းသာရာရသွားတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ် ဆိုပြီး ကျောက်တုံးပေါ်မှာ ရေးထွင်းလိုက်တယ်။
အသက်သခင် သူငယ်ချင်းက မေးတယ် - အစောက သဲပေါ်မှာ ရေးပြီး အခုတခါ ဘာ့ကြောင့်များ ကျောက်တုံးမှာ ရေးထွင်းရသလဲ။
ကျောက်ပေါ်မှာ ရေးထွင်းနေတဲ့ သူငယ်ချင်းက ပြန်ဖြေတယ် - ဒီလိုပါ သူငယ်ချင်း၊ တယောက်ယောက်က တို့ကို နာကျင်အောင်လုပ်ခဲ့ရင် သဲပေါ်မှာပဲ ရေးသားမှတ်သင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေတွေတိုက်တော့ မှတ်သားထားတဲ့ နာကျင်မှုတွေ ပျောက်သွားအောင်လို့ပါ၊ သူတပါးက ကိုယ့်ကို ကျေးဇူးပြုထားတယ်ဆိုရင်ဖြင့် တသက်တာ မမေ့အောင်လို့ ကျောက်တုံးပေါ်မှာ ရေးသားမှတ်တမ်းတင်ထားအပ်ပါတယ်။
မူရင်း
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 2:43 PM 6 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Tuesday, June 2, 2009
Lost in Summer!
နွေအလွမ်း
မဝေခင်ကကြွေ
ရင်ကိုပူစေတဲ့နွေလား။
မနမ်းခင်ကပြယ်
အလွမ်းတွေကိုသယ်တဲ့လေလား။
မလှမ်းဝံ့ခင်မြေမှာခ
ကြွေကာကျတဲ့ဒီမျက်ရည်
ရင်တွင်းအပူကိုခဏသိမ်း
တစိမ့်စိမ့် နှိပ်စက်နေတဲ့ နွေ။
Rhyme
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 11:02 AM 6 comments Link this post.
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Rhyme, ကဗျာ့ ပန်းခင်း