Saturday, January 31, 2009

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်




ကျနော့်မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောက်အဖြစ်ကျနော်ဖန်တီးခဲ့တဲ့ ကျနော်ရဲ့ ရင်နှစ်သည်းခြာ အနုပညာဖြစ်သလိုတစ်ချိန်တည်းမှာပဲကျနော်ရဲ့ သမ္မာကျမ်းစာ၊ကျနော့်ရဲ့ ကိုရမ်ကျမ်းစာလည်းဖြစ်ပါတယ်။E-Journal မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု ချစ်သော ညီငယ်၊ ညီမငယ်များ နှင့် လူငယ်များအားလုံးအတွက် ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းပါတယ်။
ပုတုညှက်၊ဝေမှူးသွင် နှင့် ကိုဖိုးချိုတို့ ကျေနပ်နှစ်သက်နိုင်ကြပါစေ။
..................................................................................

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်


နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး။
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့။
ဘ၀ရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွဲ့။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွဲ့။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ-
ဘ၀ကို ရင်ခုန်သလိုအရင်းအတိုင်းနေပါ။
ဣတ္ထိယကို မှီဝဲပါ။
အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။
သီချင်းဆိုကြ မောင်တို့ရဲ့!
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး။
အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
အဲသည်လိုနဲ့
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အထူးထူးအပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန်သိခဲ့ပြီ။
ရန်အပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်နဲ့ငါ
လာရောင်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
သင်ကဗျာလည်းစပ်တတ်ရဲ့မဟုတ်လား။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ
သူငယ်ချင်းတို့ရေ! E-Journal ရေ !
ကျနော်တော့
တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။……….။

မာရေးသျှင်

Kind of Art : Collage
Material : ရထားကဗျာစာအုပ်(မောင်ချောနွယ်) ဒုတိယအကြိမ်

ဆက်ဖတ်မယ်ဆိုရင် ...

Friday, January 23, 2009

လွမ်းတဲ့ည


ကြယ်တွေမှေးမှိတ်
လရောင်အိပ်၍
တိမ်ရိပ်ဖုံးအုပ်
ညမိုးချုပ်ထိ
ငုတ်တုတ်ထိုင်နေမိခဲ့တကား။….......။





ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, January 21, 2009

အနှိုင်းမဲ့ ပန်းချီကား

အမေရေးတဲ့ ကျနော်တို့ငယ်ဘဝ မိသားစုပန်းချီကားလေးပါ။
အခုတော့ အဖိုးနဲ့အဖွားဟာ မရှိတော့ပါ။
ကျနော်တို့ မောင်နှမ(၄)ယောက်စလုံးကလည်း တစ်ယောက်တစ်နယ်စီမှာ။


အနှိုင်းမဲ့ ပန်းချီကား


ပါးချိုင့်ကလေးနဲ့ပြုံးတုံ့တုံ့
သားကြီးခပ်ငုံ့ငုံ့
မလှုပ်တလှုပ် ငြိမ်ဆိပ်စွာ
ရေဒီယိုနားမှာ
သတင်းလာရင် နားထောင်ငေး
ဖေ့ဖေ့အိုက်တင် အလွန်ပေး။

ပါးကွက်လေးနဲ့ချစ်စရာ
ထိပ်မှာပန်းပန်ကာ
မှန်တင်ခုံမှာပြင်ဆင်သေး
မေ့မေ့သမီးဖွေး။

ရေဒီယိုကတေးသံစုံ
သားငယ်ဗေထုံထုံ
ဗုံတွေတီးလို့ စည်းချက်ပေး
ခုန်ပေါက်ကတဲ့ သမီးလေး။

အိပ်ချိန်ရောက်ပြီ ညံစီစီ
ဘုရားရှိခိုးမည်
ဖေဖေ၊မေမေ ဦးနှိမ်ချ
ဖွားဖွားသြကာသ
ဖိုးဖိုးသြကာသ
ကြည့်မဝတဲ့ ရှုခင်းပ။……….။





ဆက်ဖတ်မယ်ဆိုရင် ...

Saturday, January 17, 2009

သတင်းနှင့် အတွေးအမြင် ... .. .


ကျွန်တော်တို့ဆီမှာ ခေတ်အဆက်ဆက် အတွေးအခေါ် တစ်စုံတစ်ရာကို (ဘယ်လိုစိတ်ကူး၊ ရည်စူးချက်နဲ့ပဲဖြစ်ဖြစ်) မြန်မာ့လူ့အဖွဲ့အစည်းထဲ သွတ်သွင်းပေးချင်နေတဲ့လူတွေ မေ့လျော့နေပုံရတဲ့ အချက်တစ်ခု ရှိနေတာကို သတိထားမိပါတယ်။ အဲဒါကတော့ တံတားထိုးပေးဖို့ မေ့နေကြတာပဲ။ ကမ်းပါးနှစ်ခု ဆက်သွယ်ပေးဖို့ တံတားလိုပါတယ်။ အထူးသဖြင့် အတွေးအခေါ်၊ ပညာရပ်၊ အသိပညာဖွံ့ဖြိုးရေး နည်းနာ စတာတွေဟာ ကွန်ပျူတာခလုတ်နှိပ်လိုက်လို့ စာကြောင်းတွေ ပေါ်လာတာမျိုး မဟုတ်ပါဘူး။ အခြေခံနဲ့ အဆက်အစပ်တွေကို သိဖို့လိုပါတယ်။ ဖြတ်လမ်းက အတင်းတွန်းလို့ မရပါဘူး။

ယုတ္တိဗေဒ ဒိုင်ယာလက်တစ်နဲ့ ထရိုင်ယာလက်တစ်ရဲ့ ကိစ္စ (မြင့်သန်း) - ချင်းတွင်းမဂ္ဂဇင်း - အမှတ်(၃၄)၊ ဇန်နဝါရီလ၊ ၂၀၀၉



ကျန်သမျှ အားလုံးဖော်ပြရန်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, January 10, 2009

အနန္တကျေးဇူးရှင် အနန္တမိခင်များသို့


ပြာသိုလပြည့်

အမေနေ့တွင်

ချမ်းမြေ့အမေ

ပျော်ရွှင်စေဟု

သားဇေ ဆုတောင်းလိုက်ပါသည်။……….။



ကျန်သမျှ အားလုံးဖော်ပြရန်

ဆက်ဖတ်မယ်ဆိုရင် ...

Friday, January 9, 2009

အမေရဲ့ သမီးများအတွက် မွေးနေ့လက်ဆောင်ကဗျာ


ဒီနေ့ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ဟာ ကျနော့်ရဲ့ အစ်မလတ်၊အစ်မရည်လေးရဲ့ အသက်(၃၀) ပြည့်မွေးနေ့မင်္ဂလာပါ။ ကျနော်ရေးခဲ့တဲ့ “ကျောက်သင်ပုန်းကြီးပေါ်က မွေးနေ့လက်ဆောင်ကဗျာ”ကို မွေးနေ့အထိမ်းအမှတ်အဖြစ် (ဒီနေ့မှာ မအားမှာစိုးလို့)ကြိုကြိုတင်တင် တင်ထားခဲ့တာပါ။ အခုတော့ အချိန်အားလေးတွေ ထွက်လာတာကြောင့် အစ်မရည်လေးအတွက် အမေ့ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးတစ်ပုဒ်ကို ထပ်မံ မျှဝေပေးပါရစေ။



သမီးဝတ်ရည် ၊ မွေးနေ့ဆီမှ
ရှည်ကြာသမျှ ၊ သင့်ဘဝမှာ
မြင့်ကြာရေထက် ၊ ဂုဏ်သိန်တက်၍
မျိုးဆက်ကောင်းကျိုး ၊ သင်သယ်ပိုးရင်း
တိုးဝေသာသနာ ၊ ဆောင်နိုင်ပါစေ ။
ပညာပြည့်ဝ ၊ နှလုံးလှ၍
အားကျတုယူ ၊ မြင်သူတကာ
ချစ်ကြင်နာလျက် ၊ ဝေဖြာအလှ
ပိုင်ဆိုင်ရစေ ၊ တောင်းဆုခြွေ ။

(ရည်လေးအတွက်)
မေမေ
၉.၁.၀၆

တစ်ဆက်တည်းမှာပဲ ကျနော်တို့ရဲ့ အမိအရာ ထိုက်တန်လှစွာသော အစ်မကြီး(အစ်မရည်ဖွေး)ရဲ့ မွေးနေ့တစ်ခုမှာ အမေရေးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကဗျာလေးကိုပါ မျှဝေပေးပါရစေ။ ဒါဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေတိုင်း နဲ့ သားသမီးတွေကြားက ချစ်ခြင်မေတ္တာတရားကို ဖော်ကြားလိုခြင်းလည်းဖြစ်ပါတယ်။


သုံးဆယ်တစ်လျော့ ၊ မငယ်တော့ပြီ
ရာသီအေးအေး ၊ နှင်းဖွေးဖွေးဝယ်
မွေးသည့်ရင်နှစ် ၊ သမီးချစ်သည်
ဖြစ်တည်ဘဝ ၊ မြင့်မားလှစေ
ဧမြငြိမ်းချမ်း ၊ နှင်းဆမ်းပန်းနှယ်
ဝင့်ထည်တောက်ကြွား ၊ များအကျိုးဆောင်
ရန်ပေါင်းအောင်လျက် ၊ အသက်ရာထောင် ရှည်ပါစေ ။

(ဖွေးအတွက်)
မေမေ
၎.၁၂.၀၅

အဖေက အမေ့ကို ရွှေအိုးကြီး(၄)လုံး လက်ဆောင်ပေးထားတာကြောင့် အမေဟာ တစ်နှစ်ကို အနည်းဆုံး ကဗျာ(၄)ပုဒ်တော့ ပုံမှန်ရေးဖြစ်ပါတယ်။ ညီလေး နဲ့ ကျနော့်အတွက် ကဗျာလေးတွေကိုတော့ မွေးနေ့ဆုတောင်းသားတို့ရုပ်ရည် (သို့) အမေရေးတဲ့ ကျနော့်ပုံတူသားကြီးမွေးနေ့နှင့် မိခင်ဆန္ဒ စသဖြင့် မျှဝေထားပြီးဖြစ်ပါတယ်။

ကျနော်ဟာ ဒီအမေရဲ့သားဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဒီကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ထပ်လောင်းပြောပါရစေ။


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, January 7, 2009

ကျောက်သင်ပုန်းကြီးပေါ်က မွေးနေ့လက်ဆောင်ကဗျာ


လာမည့် ဇန်နဝါရီလ (၉) ရက်နေ့ဟာ ကျနော်ရဲ့ ချစ်လှစွာသော (ကျနော့်ကို ချစ်လှစွာသော) မေတ္တာရှင်၊ ကျေးဇူးရှင် အစ်မရည်လေးရဲ့ အသက် (၃၀) ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ ယခု ၂၀၀၉ E-journal ကို ၁၉၉၇ တုန်းက ရေးခဲ့တဲ့ ဇန်နဝါရီကျောင်းသား ကဗျာလေးနဲ့ဖွင့်ထားတာမို့ တစ်ဆက်တည်းမှာပဲ ၁၉၉၇ ခုနှစ် - အစ်မရည်လေးရဲ့ (၁၈)နှစ်ပြည့်မွေးနေ့မှာ (၁ရ)နှစ်သား၊ကျနော်ရေးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကဗျာလေးကို (အဲဒီတုန်းကရေးထားတဲ့အတိုင်း တစ်လုံးတစ်ပါဒမှ မပြုပြင်မတည်းဖြတ်ဘဲ) ဖော်ပြပါရစေ။ ဒါဟာ အစ်မရည်လေးနှင့်တကွ ကျနော့်ထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက် ကြီးသော အစ်မတွေအားလုံးအတွက် မွေးနေ့လက်ဆောင်ကဗျာ ဖြစ်သလို (၁၈) နှစ်ပြည့် လူငယ်အားလုံးကို ရည်ညွှန်းလိုရင်းလည်း ဖြစ်ပါတယ်။

အဲဒီကဗျာလေးကို ထုံးစံအတိုင်း ကျနော်တို့အိမ်က ကျောက်သင်ပုန်းကြီးပေါ်မှာ ရေးခဲ့တာပါ။ အဲဒီကျောက်သင်ပုန်းကြီးဟာ ကျနော်တို့ တစ်မိသားစုလုံးရဲ့ ပွင့်အန်သမျှနဲ့ ပြည့်လျှံကျနေတာ နေ့စဉ်နဲ့အမျှနီးပါးပါပဲ။ အခုတော့ ကျနော်တို့ မောင်နှမတွေအားလုံးဟာ အဲဒီကျောက်သင်ပုန်းကြီးရဲ့ အဝေး ၊ ကဗျာတွေ၊စာတွေရဲ့ မနီးမဝေး၊ အတိတ်သမိုင်းရဲ့ ဟိုး ခပ်ဝေးဝေး၊ ဆရာမိုးဝေးရဲ့ မြစ်ဝကျွန်းပေါ် မှာ…….



၁၉၉၇ ဇန်နဝါရီ ၉ ရက် (ကရင်နှစ်သစ်ကူးနေ့)


တစ်ကိုးခွန်ကိုး
စ၍တိုးကာ
လက်ချိုးရေလာ
(၁၈) ခါမြောက်
ယနေ့ရောက်ပြီ …..
ဒါကြောင့်
နိုင်ငံတကာကျင့်ထုံး
ယူလို့သုံးရရင်
“အတ္တာဟိ အတ္တနော နာထော” ကို
သင်ရောခံယူ
အများနဲ့အတူ
ကိုယ်လမ်းကိုယ်ဖောက်
ကိုယ်တိုင်လျှောက်လို့
မိဘတို့ထမင်းခွက်
ဝင်မစွက်ဘဲ
အားခဲရုန်းကန်
အမြင်မှန်ဖြင့်
ထာဝရရပ်တည်
အသက်ရှည်ကာ
လက်ချောင်းတစ်ရာ
တိုးပွားလာစေ
တောင်းဆုခြွေသည်
မ မောင် ဆုတောင်း ပြည့်စေသောဝ်။……။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, January 5, 2009

ဇန်နဝါရီကျောင်းသား


၁၉၉၇ ၊ ကျနော် (၁၀) တန်းကျောင်းသားဘဝတုန်းက ရေးခဲ့တဲ့ကဗျာပါ။ ဒီဘက်ခေတ် ကျောင်းသားတွေတော့ ဘယ်နည်းဘယ်ပုံ ဖြတ်သန်းနေကြသလဲ မသိပါ။ ကျနော်တို့တုန်းကတော့ ဒါဟာ ပတ်တန်တစ်ခုပါပဲ။ ကျနော်တို့ရှေ့ က နောင်တော်၊အစ်မတော်တွေလည်း ဒီလိုပဲ ဖြတ်သန်းသွားကြပြီး ကျနော်တို့ကလည်း ဖဝါးထပ်ချပ်မကွာ တစ်ပုံစံတည်း လိုက်ခဲ့ကြတာပါ။ ကျနော်တို့နောက်က ညီငယ်၊ နှမငယ်များကိုတော့ ဒီလိုမဖြစ်စေလိုပါ။
အသက် (၁၂) နှစ်ပိုကြီးလာတဲ့ ကျနော်ကတော့ အခုထိ မစွမ်းရင်းကလည်းရှိဆဲ ကန်စွမ်းခင်းကလည်းငြိမြဲပါ။



ဇန်နဝါရီကျောင်းသား

ကျောင်းကိုမခင်
ကျူရှင်မလာ
ကင်းကွာသိုင်းဝိုင်း
စိတ်တိုင်းကျကျက်
အိပ်စက်ချိန်နည်း
မျက်မည်းနက်ညို
ဗျာပိုနှလုံး
ချချုံးတုန်ရင်
နားထင်ပလာစတာကပ်
ယောက်ယက်ခတ်။…..။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...