Ubuntu ကို သိသူတွေလည်း အများကြီးရှိမှာပါ။ ကျနော်သိသလောက်လေးကို ပြောပြချင်လို့ ဒီပို့စ်ကို ရေးရခြင်းသာဖြစ်ပါတယ်။ Ubuntu ဆိုတာ တောင်အာဖရိက စကားလုံးလို့ပဲ ပြောပါတော့။ သူ့အဓိပ္ပါယ်ကို ဝီကီပီးဒီယားမှာ "humanity towards others" လို့ပြောပါတယ်။ မြန်မာလို အဓိပ္ပါယ်ကတော့ လူသားခြင်းစာနာမှု လို့ပဲ ဆိုလေမလား။ သူ့အသံထွက်ကတော့ အူဘွန်းတူးလို့ ဆိုပါတယ်။ နည်းပညာပိုင်းတွေကို သိပ်မပြောဘဲ ကျနော်မြင်တဲ့ အပိုင်းလေးတွေကိုပဲ ပြောပြသွားပါမယ်။ စိတ်ဝင်စားလို့ ဆက်လေ့လာချင်တယ်ဆိုရင် အင်တာနက်ပေါ်မှာ လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ပါတယ်။
အူဘွန်းတူးဆိုတာက ပိုက်ဆံမပေးရတဲ့ computer operating system တခုပါ။ Wikipdia မှာ အကျယ်ဖတ်ကြည့်လို့ရပါတယ်။ အော်ပရိတ်တီးစစ်စတမ် (အိုအက်စ်) ဆိုတာက Microsoft က ထုတ်တဲ့ Windows XP, Windows Vista, Windows 7 တို့လို အမျိုးအစားတွေကို ပြောတာပါ။
Windows 7၊ Vista၊ XP တွေကို လူအများစုက လိုင်စင်ဗားရှင်းတွေကို ဝယ်သုံးနေကြသလားဆိုတော့ ကျနော့်အထင်ပြောရရင်တော့ မြန်မာပြည်တွင်း လူအတော်များများကတော့ ဝယ်သုံးဖို့ဆိုတာ ခက်ခဲတယ်ထင်ပါတယ်။ ဒီတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်တွေကို အသုံးများတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်အခွေတွေကို မသုံးစေချင်ပါဘူး။ ငါးပါးသီလထဲက အဒိန္နာဒါနာကံကို တတ်နိုင်သမျှ စောင့်ထိန်းစေချင်တာပါပဲ။
အူဘွန်းတူးထဲမှာ အင်တာနက်ဘရောက်ဇာအဖြစ် Mozilla Firefox ကိုသုံးတယ်။ စာစီဖို့၊ အတွက်အချက် ပရင့်ဆန့်တေးရှင်းလုပ်ဖို့တွေအတွက် OpenOffice.org 3.1 ကို သုံးထားတယ်။ vector graphics editor အတွက်ဆိုရင် Inkscape ကိုသုံးကြပါတယ်။ Photoshop လို အသုံးပြုချင်ရင်တော့ GIMP ကို သုံးလေ့ရှိကြပါတယ်။
သိပ္ပံသမားတွေအတွက်ဆိုလည်း Matlab နဲ့ဆင်တူတဲ့ Scilab၊ Mathcad နဲ့ ဆင်တူတဲ့ Maxima အလကားပေးတဲ့ ဆော့ဝဲတွေလည်းရှိပါတယ်။
ဒီနေရာမှာ နဲ့ ဒီနေရာမှာ အင်စတော်လာတွေ စုစည်းထားတတ်ပါတယ်။ ဒါတွေက ကျနော်ရှာတွေ့တာပဲ ပြောတာပါ။ စိတ်ဝင်တစားရှာဖွေလိုက်ရင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဲ.. ချက်တင်လုပ်ချင်ရင်လည်း ဂျီတော့လို အသုံးပြုစရာတွေလည်း ပါဝင်ပါတယ်။
မြန်မာတချို့တွေဖန်တီးထားတဲ့ အူဘွန်းတူးဆိုဒ်လည်း ရှိပါတယ်။ Ubuntu For Myanmar ဆိုတဲ့ ဆိုဒ်ကလေးပါ။
အူဘွန်းတူးရဲ့ တရားဝင်ဝက်ဆိုဒ်ကတော့ ဒီမှာပါ။ အိုအက်စ်ကို ဒေါင်းလုပ်လုပ်ပြီး အသုံးပြုနိုင်သလို၊ ဒေါင်းလုပ်ချပြီးသားလူတွေဆီကနေလည်း တောင်းယူသုံးစွဲနိုင်ပါတယ်။ သူတို့ကလည်း အမြဲတမ်းအလကားပေးမယ်လို့လည်း ပြောထားပါတယ်။ Netbook တွေအတွက်လည်း အိုအက်စ်သီးသန့်ရှိသလို Server Edition လည်းရှိပါတယ်။
ဒီနေရာမှာ စေတန်ဂေါ့ရေးထားတဲ့ အူဘွန်းတူးအင်စတောလုပ်ပုံ စာအုပ်ရှိပါတယ်။
ဒီနေရာမှာ Ubuntu Linux နဲ့ သူ့အမျိုးတွေအကြောင်း တစေ့တစောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ်တွေ့ပါတယ်။ မြန်မာလိုရေးထားတာပါ။ သူ့ကိုဖတ်လိုက်ရင်လည်း အူဘွန်းတူးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိသွားပါလိမ့်မယ်။ သူ့ဆီမှာပဲ ဇော်ဂျီကီးဘုတ် အင်စတောလုပ်တာကို ရေးထားပါသေးတယ်။ ဒီမှာ ဖတ်ပြီး ဖောင့်ကိုလည်း အင်စတောလုပ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် - ကွန်ပြူတာတော့ ဝယ်နိုင်ပါတယ်၊ အိုအက်စ် နဲ့ အခြား အသုံးပြုပရိုဂရမ်တွေကို မဝယ်နိုင်ဘူးကွာ၊ ပိုင်းရိတ်ဗားရှင်းတွေလည်း မသုံးချင်ဘူးဆိုရင်တော့ အူဘွန်းတူးကိုပဲ သုံးဖို့ အကြံပေးချင်ပါတယ်။
Friday, January 8, 2010
Ubuntu ကို သုံးစေချင်တယ်
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 2:33 AM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, အသုံးချသိပ္ပံ, ကေဇက်
Monday, June 22, 2009
Q and A
သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေးအဖြေ
သိကြား။ ။ နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။ဗုဒ္ဓ။ ။ ကိုယ်ထက်သာ မနာလိုသော ဣဿာ၊ ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော မစ္ဆရိယ၊ ဤတရား ၂ ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏။ ထိုတရား ၂ ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာတွေ ဖြစ်နေကြရသည်။
သိကြား။ ။ ထိုတရား၂ ပါးသည် ဘေးရန်များ၍ မကြီးပွားစေနိုင်သော တရားဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့) မိမိတို့ သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်း ဘုရား။ဗုဒ္ဓ။ ။ ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယတရား ၂ ပါးဖြစ်နေကြရသည်။ (အချစ်ဂိုဏ်းပါတီ၊ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဖက်၏ တိုးတက်မှုကိုသာ လိုးလာ၍ အမုန်းဖက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယ ၂ ပါးဖြစ်ရသည်။ အချစ်ဖက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဖက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ် ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆင်းရဲဒုက္ခဖြင့် ပျက်စီးဆုတ်ယုတ်ကြရသည် - ဟူလို။)
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး၊ စာမျက်နှာ ၄၁၉ မှ ကောက်နှုတ်ချက်
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး download
mediafire[9.96 MB]
zshare
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 11:44 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ , သုတ ပန်းခင်း, ကေဇက်
Saturday, May 9, 2009
Six Sense Technology
ဆဌ အာရုံ
ဒီလောက်ကြာမှ ဘာထ စိတ်ရူးပေါက်လည်း မေးရင်တော့လည်း ပြုံးနေယုံမှ တပါး ကျနော်လည်း ဘာမှ မဖြေတတ်တော့ပါ။ ရေးချင်တာလေးတွေတော့ ရှိပါတယ် လူက မအား တခါတလေတော့လည်း စိတ်က မအားပါ ။ နောက် စိတ်က အရင်လို မကြည်လင်။ အဲလို ချာလပတ်တွေရမ်းရင်း၊ အပျင်းတွေ ထူရင်း ဘလော့ လောက ကနေ ပျောက်နေဖြစ်တာ တော်တော် ကြာပါပြီ. ဒီနေ့တော့ Internet မှာ မွှေရင်း သဘောကျတာလေး တခုတွေ့လို့ တင်လိုက်ပါတယ် ။ Technology က ကျနော် တို့ အိမ်မက် မက်ခဲ့ကြသလို ဖြစ်လာဖို့ နီးလာနေပါပြီ။ ကျနော် ယခု Six Sence Technology ဆိုတာလေး ဝေမျှ လိုက်ပါတယ်. . ထွင်တဲ့ သူကတော့ ကျနော် .မောင် တာတူး . . . . . . . . . . .လို့ မထင်ပါနဲ့လို့ . . . :P .
Technology နဲ့ ပက်သက်ရင် နာမည်ကြီးတဲ့ MIT က ကျောင်းသား/ သူ တွေ (Pranav Mistry၊ Dr. Pattie Maes) ပါ။
,
မူရင်း က
http://www.ted.com/index.php/talks/pattie_maes_demos_the_sixth_sense.html
မှာပါ။
လေးစား ခင်မင်လျက် . . .
တာ တူး
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 9:23 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း
Tuesday, December 23, 2008
the role of Mother
ခေတ်မီလာတယ်ပဲပြောရမလား ခေတ်ရေစီးကြောင်းပဲ ပြောရမလား။ ဒီနေ့ခေတ်မှာ တစ်ချို့သော မိန်းကလေးတွေက သူတို့အနေနဲ့ အိမ်ထောင်ပြုပြီဆိုရင် ကလေးယူဖို့ကိစ္စကို မဝင့်ရဲချင်ကြဘူး။ မယူချင်ကြဘူး။ ရှက်တာလိုလို ကြောက်တာလိုလို သူတို့အနေနဲ့ တစ်ခုခုကိုပဲ ဆုံးရှုံးခံလိုက်ရသလိုတွေ ရှိနေကြတယ်။ ကြားဘူးနေတယ်။ တစ်ကယ်တော့ အဲဒီကိစ္စလေးမှာက စိတ်ဝင်စားစရာ ဆွေးနွေးချင်စရာလေးတွေ နဲ့ပါ။ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်လား၊ သဘာဝတရားရဲ့ တုံ့ပြန်ချက်တွေလား၊ လူမှုပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေလား ဆိုတဲ့ အမြင်မျိုးစုံတော့ ရှိနေမှာပါပဲ။ နိုင်ငံတော်အနေနဲ့ရော ဒီလိုကိစ္စတွေအပေါ်မှာ ဘယ်လိုတုံ့ပြန်သင့်သလဲ။ စသဖြင့် စိတ်ဝင်စားစရာလေးတွေကို တနေရာမှာ ဖတ်မိပါတယ်။ ဖတ်မိတော့လည်း အစားကောင်းစားရတော့ မိတ်ဆွေကိုသတိရတတ်သလိုမျိုး ပြန်လည် ဝေမျှချင်ပါတယ်။ ဒါနဲ့ပဲ အဲဒီ့ဆွေးနွေးချက်လေးတွေကို ကူးတင်ပေးလိုက်တယ်။ စာဖတ်သူတို့လည်း စိတ်ဝင်စားကြမယ် လို့ထင်ပါတယ်။ တွေးစရာလေးပါလို့ အတွေးစရသွားခဲ့မယ်၊ ဒါမှမဟုတ် စိတ်မှာရှိနေပြီးသား အတွေးတွေဆိုရင်လည်း အော်-သူတို့ကတော့ ဒီလိုတွေးကြပါလားလို့ ဗဟုသုတလေး ရသွားတယ်ဆိုရင် ဝေမျှရတာအတွက် ကျေနပ်လေရဲ့။ မိခင်တွေအနေနဲ့ မြင့်မြတ်စွာ လူ့လောကကို ဦးဆောင်နေမှုလေးကိုလည်း မြင်သာစေမယ်ထင်ပါတယ်။
သုခမိန်။…..။
မိခင်ဘဝရဲ့ လုပ်ငန်း
အီကေဒါ - ကလေးတစ်ယောက်ကို လူလားမြောက်တဲ့အထိ စောင့်ရှောက်သွန်သင်ရတဲ့ ပြဿနာဟာ လူသားမိခင်တစ်ယောက်ရဲ့ အကြီးမားဆုံးတာဝန်တစ်ခုလည်း ဖြစ်ပြီး အကြီးမားဆုံး အခွင့်ထူးတစ်ခုလည်း ဖြစ်ပါတယ်။ သည်အလုပ်ဟာ အလွန်ကြိုးစားအားထုတ်ဖို့ရော စိတ်ပညာနဲ့ ပက်သက်တဲ့ နားလည်သဘောပေါက်မှုရော လိုပါတယ်။ ဒါပေမဲ့ အနန္တမေတ္တာတရားမပါဝင်ရင်တော့ မအောင်မြင်နိုင်တဲ့ အလုပ်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ လူမမယ်ကလေးတစ်ယောက်ရဲ့ တိုးတက်ဖြစ်ထွန်းနိုင်တဲ့ အလားလာတွေက အကန့်အသတ်မရှိ များပြားလွန်းတာကြောင့်ပါပဲ။ နောက်ပြီး နုနယ်လှတဲ့ စိတ်ပေါ်မှာရိုက်ခတ်သွားတဲ့ တွေ့ကြုံခံစားချက်တွေရဲ့ သဘာဝကလည်း အလွန်အရေးပါလို့ပါပဲ။ မိခင်တွေကို ကလေးထိန်းသိမ်းရတဲ့ အလုပ်မှ သက်သာရာရအောင် ကလေးထိန်းဌာနတွေနဲ့ အစားထိုးတာဟာ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးလမ်းပဲ ဖြစ်တယ်လို့ စဉ်းစားတာဟာဖြင့် အလွန်ကြီးမားတဲ့ အမှားပဲ ဖြစ်ပါတယ်။
တွိုင်ဘီ - လူမမယ်ကလေးတွေရဲ့ အစောပိုင်းနှစ်ကာလများမှာပဲ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေ ပုံပေါ်ဖြစ်ထွန်းလာပါတယ်။ သည်အချိန်ကာလမှာ မိခင်ဟာ သူကလေးရဲ့ ဆရာပဲ။ သည်လိုဆရာအဖြစ်ကို အစားထိုးလို့မရဘူးဆိုတာ ကျွန်တော်ထောက်ခံပါတယ်။
ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်စိတ်တစ်ပိုင်းကို သူ့မိဘနှစ်ပါးဆီက ဆက်ခံတဲ့ ဗီဇပစ္စည်းတွေက ဖန်တီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အကျင့်စရိုက်ကို ဖန်တီးတာကတော့ ပတ်ဝန်းကျင်အပေါ် သူ့ရဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးဗီဇအကြား အပြန်အလှန်အကျိုးပြုမှုပါ။ အကျင့်စရိုက်ကို ဘယ်အသက်အရွယ်မှာမဆို ပြုပြင်ပြောင်းလဲလို့ ရနိုင်ပေမဲ့ အကျင့်စရိုက်တွေ ပြတ်ပြတ်သားသား ဖြစ်ထွန်းလာတာကတော့ ကလေးရဲ့ ပထမဆုံး ငါးနှစ်တာကာလအတွင်းမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို လူအားလုံး သဘောတူကြပုံ ရပါတယ်။ နောက်ပြီး သည်လိုအကျင်းစရိုက် ဖြစ်တည်ဆဲ အဆင့်မှာ ကလေးငယ်ဟာ နေအိမ်အတွင်းမှာပဲ မိခင်ရဲ့ ပြုစုပျိုးထောင်မှုကို ခံရမယ်ဆိုရင် သူ့အတွက် အဓိကပတ်ဝန်းကျင်ဟာ မိခင်ရဲ့ ပညာရေးလွှမ်းမိုးမှုပဲ ဖြစ်တယ်ဆိုတာကိုလည်း သဘောတူလက်ခံကြပုံ ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တုန်းက ဗြိတိန်နိုင်ငံမှာ ကလေးမိဘတွေကို စစ်ပွဲနဲ့ဆိုင်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ သူတို့ကလေးတွေကို သူတို့နဲ့ခွဲခြားပြီး တခြားအဖွဲ့အစည်းတွေ ဌာနတွေဆီကို ပို့ထားခဲ့တယ်။ သည်ကလေးတွေထဲက တစ်ချို့ရဲ့သမိုင်းကို လူကြီးဖြစ်လာတဲ့အခါမှာ စိတ်ပညာရှင်တွေက လေ့လာကြည့်လိုက်တော့ ကလေးတွေ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကသောင်းကနင်းဖြစ်ရပ်တွေရဲ့ အကျိုးဆက်များဟာ အသက်ကြီးလာတဲ့အထိ ရှိနေပြီး ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။
အီကေဒါ - လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ပညာရေးအပေါ်မှာပဲ တည်နေပါတယ်။ ဒါကြောင့် လူမမယ်ကလေးတစ်ယောက်ရဲ့ စိတ်ပေါ်မှာ ပထမဆုံးစွဲထင်မဲ့ ပညာရေးသွန်သင်ချက်များဟာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးနေသင့်ပါတယ်။ လူသားဆန်သင့်ပါတယ်။ အမိန့်အာဏာနဲ့ ပြဋ္ဌာန်းချက်ဆန်တာမျိုး မဖြစ်သင့်ပါဘူး။
ရုပ်ဝတ္ထုပစ္စည်းများ ထုတ်လုပ်တဲ့နေရာမျိုးမှာ ယောက်ျားတွေဟာ ထိပ်ပါပဲ။ ဒါပေမဲ့ အလွန်အာရုံခံစားမှုထက်မြက်ပြီး ခံယူမှုအားကောင်းလွန်းတဲ့ ကလေးဘဝကို စောင့်ရှောက်မွေးမြူတဲ့ကိစ္စနဲ့ ကလေးကိုလူလာမြောက်အောင် လမ်းပြသွန်သင်တဲ့ ကိစ္စမျိုးမှာတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ကျွမ်းကျင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ သိမ်မွေ့တဲ့ စိတ်ပိုင်းပြောင်းလဲမှုများကို ပိုသတိထားမိလိုပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ချစ်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပေးနိုင်တာဟာ မိန်းမတွေရဲ့ သဘာဝဖြစ်လို့ပါပဲ။
ကလေးဟာ မိခင်ရဲ့ သွန်သင်ထိန်းကျောင်းမှုကို အလွန်နိုးကြားတက်ကြွစွာ ခံယူပါတယ်။ မိခင်ရဲ့ ပြုမူလှုပ်ရှားတွေ၊ မိခင်ရဲ့ စိတ်ခံစားချက်တွေ၊ လူသားတစ်ဦးရဲ့ ရုပ်ပုံလွှာတစ်ခုလုံးကို ထက်မြက်တဲ့ အာရုံခံယူမှုတွေနဲ့ ခံယူမှတ်သားနေပါတယ်။ သည်လို ခံယူမှတ်သားရင်းနဲ့ ကလေးဟာ ကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေကို မသိလိုက်မသိဖာသာ စုဆောင်းပါတယ်။ သည်လိုနဲ့ပဲ အခြေခံလူယဉ်ကျေးမှုစရိုက်ကို အမွေဆက်ခံလိုက်ပါတယ်။ ရှေးစကားပုံတစ်ခု ရှိပါတယ်။ “ကလေးသည် မိခင်၏ ကြေးမုံ”တဲ့။ လူ့အသိုင်းအဝိုင်းများဟာ အသိုင်းအဝိုင်းထဲမှာ ပါဝင်သူတွေကို ပညာသင်ကြားပေးနိုင်ပါမယ်။ အသိတရားတွေ အများကြီး သွတ်သွင်းပေးနိုင်ပါမယ်။ ဒါပေမဲ့ မိခင်နဲ့ မိသားစုက ကလေးတစ်ယောက်ကိုပေးတဲ့ အရာတွေကိုတော့ ပေးနိုင်စွမ်းမရှိပါဘူး။
တွိုင်ဘီ - အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့တခြားစွမ်းရည်တွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး အသုံးချရင်းနဲ့ တစ်ချိန်တည်းမှာ သားငယ်သမီးငယ်တွေကို အသိပညာနဲ့ မေတ္တာတရား ပေးဝေနိုင်စေဖို့အတွက်ဆိုရင် ယောက်ျားတွေ ကြီးစိုးတာလည်းမဟုတ်၊ မိန်းမတွေ ကြီးစိုးတာလည်းမဟုတ်တဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားသင့်ပါတယ်။ သည်လူ့အဖွဲ့စည်းဟာ ယောက်ျားတွေရော မိန်းမတွေပါ အဆင်ပြေကြေနပ်စေမဲ့ လူ့အဖွဲ့စည်းဖြစ်ရပါမယ်။
လူသားတစ်ယောက်အတွက် လွတ်လပ်မှုဆိုတာ ကိုယ့်မှာရှိနေတဲ့ စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးချခွင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလားလာတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပဲ ဖြစ်ပါတယ်။ သည်စွမ်းရည်တွေ အလားလာတွေထဲမှာ ယောက်ျားနဲ့ မိန်းမတို့ရဲ့ သီးခြားဇီဝကမ္မဗေဒဆိုင်ရာ စရိုက်များနဲ့ စိတ်ပိုင်းအကျင်းစရိုက်များကြောင့် ဖြစ်လာရတဲ့ ယောက်ျားမှာမှသာရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော မိန်းမမှာမှရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော ပါဝင်ပါတယ်။
အီကေဒါ - ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ အခွင့်အရေးများကို ယောက်ျားမိန်းမ ခွဲခြားမှုမရှိဘဲ လူတိုင်းကိုပေးတဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးတည်ထောင်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ သည်လူ့အဖွဲ့စည်းက ယောက်ျားကပဲ လုပ်လုပ်၊ မိန်းမကပဲ လုပ်လုပ် တူညီတဲ့အလုပ်အတွက် တူညီတဲ့ လုပ်ခကို ပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ရပါမယ်။ ဒါပေမဲ့ မိန်းမတွေဟာ အိမ်ရှင်မအလုပ်တွေ မိခင်အလုပ်တွေက ကင်းလွတ်ရမယ်လို့ အမျိုသမီး လွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ တောင်းဆိုချက်ကတော့ မှားယွင်းပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းမှာ မိန်းမတွေဟာ သူတို့ရဲ့စွမ်းရည်ကို ယောက်ျားတွေလောက် လွယ်လွယ်ကူကူ တိုးတက်စေနိုင်ခြင်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘူး။ နောက်ပြီး မိန်းမတွေဟာ လုပ်အားခနဲ့ ပက်သက်ပြီး မတရားအနှိမ်ခံနေရတယ်လို့ သည်လှုပ်ရှားမှုတွေကို ထောက်ခံသူများက ပြောတာကျတော့လည်း မှန်နေပါတယ်။ သည်လိုကိစ္စတွေကိုတော့ ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာအလုပ်တစ်ခုဖြစ်တဲ့ ကလေးမွေးတဲ့အလုပ်ကနေ လွတ်မြောက်အောင် လုပ်နေတာတွေ ကလေးတွေကို ပြုစုပျိုးထောင်ပြီး အိမ်မှုကိစ္စကို ထိန်းသိမ်းတဲ့အလုပ်များမှ လွတ်မြောက်အောင် လုပ်နေတာတွေကတော့ လူ့ဘောင်လောကကြီး ပျက်စီးစေမယ့် ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ နောက်ပြီး သည်အလုပ်တွေကို စွန့်လွှတ်ပစ်လိုက်မယ်ဆိုရင် မိန်းမတွေအနေနဲ့ ကိုယ့်ရဲ့အရေးအပါဆုံး အားသာချက်ကို လွှင့်ပစ်လိုက်သလို ဖြစ်သွားပါမယ်။ သည်လိုအရေးပါတဲ့ အလုပ်တွေကို မြဲမြဲဆုပ်ကိုင်ထားပြီး ကိုယ့်ဘဝရဲ့ တိုးတက်ခွင့်နဲ့ လုပ်အားခကို ယောက်ျားများနဲ့ တန်းတူညီမျှရရှိဖို့ တောင်းဆိုခြင်းဟာ မိန်းမတွေအတွက် အကျိုးရှိစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေအနေနဲ့ မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို တခြားအလုပ်အကိုင်တွေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ပြဿနာတွေ အများအပြားပေါ်ပေါက်လာပါတယ်။
တွိုင်ဘီ - သည်ပြဿနာတွေအတွက် ပထမဆုံး ဖြေရှင်းချက်ကတော့ ကလေးမွေးနေရတဲ့ အချိန်ကာလနဲ့ ကလေးထိန်းနေရတဲ့ အချိန်ကာလအတွင်းမှာ မိန်းမတွေကို အချိန်ပိုင်းအလုပ်အကိုင်တွေ ရရှိနိုင်အောင် စီမံပေးဖို့ပါပဲ။ အိမ်မှုကိစ္စတွေကို စက်နဲ့ အစားထိုးလုပ်ဆောင်ခြင်းအားဖြင့် မိခင်တွေအတွက် အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်။ ပိုပြီးခက်ခဲတာက စိတ်ပိုင်းဆိုင်ရာပြဿနာပါ။ မိခင်တစ်ယောက်ရဲ့ အလုပ်ကိုရော တခြားအချိန်ပိုင်းအလုပ်ကိုရော လုပ်နိုင်အောင် အချိန်ကို ခွဲဝေနိုင်ပေမဲ့ သူ့ရဲ့ဂရုပြုမှုနဲ့ ကြောင့်ကြစိုက်မှုတို့ကိုတော့ ကျေနပ်စရာကောင်းအောင် ခွဲဝေဖို့ ခက်ခဲနိုင်ပါတယ်။ ကလေးတွေက တစ်ဖက် လုပ်ဖော်ကိုင်ဖက်တွေက တစ်ဖက်နဲ့ သည်ကြားထဲ ရောကနေတဲ့သူဟာ ဘယ်ဖက်ကိုမှ ပြည့်ပြည့်ဝဝ ဂရုမပြုနိုင်ဘူး။ ကြောင့်ကြမစိုက်နိုင်ဘူးဆိုတဲ့ မကျေနပ်စိတ်မျိုး ဝင်လာနိုင်ပါတယ်။
ဆေးပညာ တိုးတက်လာမှုရဲ့ ရလာဒ်အဖြစ် လူတွေရဲ့ အလုပ်လုပ်နိုင်တဲ့ ပျမ်းမျှသက်တမ်းဟာ တိုးလာတဲ့အတွက် နောက်ထပ် ဖြေရှင်းချက်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ယခုအချိန်မှာ မိန်းမတစ်ယောက်ဟာ အဆင့်မြင့်ပညာရေးကို အပြည့်အဝ သင်ယူနိုင်ပါပြီ။ သက်မွေးအလုပ်တစ်ခုကို လုပ်နိုင်တဲ့ အရည်အချင်းကို ရရှိနိုင်ပါပြီ။ ပြီးတော့ အိမ်ထောင်သားမွေး လုပ်နိုင်ပါပြီ။ သားသမီးကို ထိန်းသိမ်းမွေးမြူရင်း ကိုယ့်သက်မွေးအလုပ်ကိုလည်း အချိန်ပိုင်းလုပ်နိုင်ပါပြီ။ အချိန်ပိုင်းဆိုပေမဲ့ ကျွမ်းကျင်မှုလည်းမပျက်အောင် တိုးတက်ဖြစ်ထွန်းမှု အသစ်တွေနဲ့လည်း ရင်ပေါင်တန်းလိုက်နိုင်အောင်အထိ လုပ်နိုင်တဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ နောက်ပိတ်ဆုံးမှာ ကလေးတွေအားလုံး အရွယ်ရောက်တာနဲ့ သူ့အလုပ်ကို အချိန်ပြည့်ပြန်လုပ်နိုင်ပါတယ်။ သည်အချိန်မှာ သူဟာ အရွယ်ကောင်းပဲ ရှိပါဦးမယ်။ သည်အနေအထားဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်ကောင်းမှ ဖြစ်နိုင်ပေမဲ့ သားသမီးအရေအတွက်ကို မိသားစုစီမံကိန်းနဲ့ အသိရှိရှိကန့်သတ်ကြတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဖြစ်နိုင်ပါပြီ။ မိန်းမတစ်ယောက်အတွက် မိခင်ဘဝရလိုခြင်းဟာ ပုံမှန်ဖြစ်နိုင်အောင်အထိ မိခင်ဘဝဟာ အရေးပါပြီးအကျိုးရှိတဲ့ အလားအလာတစ်ခု ဖြစ်ပါတယ်။
လူတွေကို သူတို့လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ လုပ်ခတွေ နေရာတွေကို ပေးခြင်းဟာ အလုပ်ကောင်းတွေ လုပ်ဖို့ တွန်းအားပေးခြင်းပါပဲ။ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု ကြီးစိုးတဲ့ စီးပွားရေးခေတ်မှာတော့ နေရာအဆင့်အတန်းကို ဖော်ပြတဲ့ အဓိကသင်္ကေတဟာ လစာငွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေကိုလည်း တစ်ခြားပညာရေး ဝန်ထမ်းတွေလိုပဲ လစာပေးသင့်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ သည်လစာဟာ မြင့်လည်းမြင့်သင့်ပါတယ်။ မိခင်တွေကို တိုင်ရိုက်လည်း ပေးသင့်ပါတယ်။ ဒါမှ ယောက်ျားရဲ့ ဝင်ငွေကိုမှီခိုမှုမှ ကင်းလွတ်ပြီး ကိုယ်ပိုင်ဝင်ငွေကိုရရှိမှာ ဖြစ်တယ်။ မိခင်များကို ပေးတဲ့ လစာငွေဟာ လူ့အဖွဲ့အစည်းရဲ့ လုပ်ခငွေထဲက များများကြီး နှုတ်ယူသွားပါလိမ့်မယ်။ ဒီလိုငွေများကို ရှာဖို့အတွက် ယောက်ျားတွေကို ပေးမယ့် လုပ်ခငွေတွေကို ခပ်များများ လျှော့ချပစ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းမှာ လူ့အသိုင်းအဝိုင်းရဲ့ ဝင်ငွေကို မိန်းမတွေဘက် ဦးစားပေးပြီး ခွဲဝေခြင်းကြောင့် မိန်းမတွေရဲ့ လူမှုအဆင့်အတန်း လူမှုရေးဂုဏ်သိက္ခာ မြင့်တက်လာပါလိမ့်မယ်။
အီကေဒါ - ဆရာကြီးရဲ့ အကြံပေးချက်က အလွန်ကောင်းမွန်ပါတယ်။ နောက်ပြီး ကြောင်းကျိုးလည်း သင့်မြတ်ပါတယ်။ ကလေးမွေးရတာ ကလေးထိန်းရတာတွေရဲ့ အကျိုးရလာဒ်အဖြစ် မတရားဖိနှိပ်ခံနေရတယ်ဆိုတဲံ ခံစားမှုမျိုးကနေ မိန်းမတွေကို လွန်သွားစေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မိခင်တစ်ယောက်ရဲ့ အလုပ်ဟာ ဘယ်လောက်ထိ ကြီးမားခက်ခဲတယ်ဆိုတာကိုလည်း လူ့အဖွဲ့အစည်းတစ်ခုလုံး ဘွင်းဘွင်းကြီး သိသွားအောင် လုပ်ပါလိမ့်မယ်။ ယခုအချိန်ထိ လူ့အဖွဲ့အစည်းဟာ ကလေးများ ပြုစုပျိုးထောင်တဲ့ အလုပ်ကို မိန်းမတွေရဲ့ သဘာဝ လုပ်ငန်းဆိုတာထက် ပိုပြီး မသတ်မှတ်သေးပါဘူး။ ဒါရဲ့ အကျိုးဆက်အဖြစ် မိန်းမတွေကလည်း မိခင်ဘဝဆိုတာ မိန်းမလိင်က ချမှတ်လိုက်တဲ့ မကျေနပ်စရာအလုပ်တစ်ခုလို့ မြင်ပြီး ဒေါသတောင် ထွက်နေကြတယ်။ တချို့ဆိုရင် သည်ဝန်ထုပ်က လွတ်ကင်းဖို့တောင် တောင်းဆိုနေကြပါပြီ။
မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက် ဒါမှမဟုတ် ဇနီးတစ်ယောက်မဖြစ်ခင်မှာ လူသားတစ်ယောက်ဖြစ်နေပါတယ်။ မိန်းမတွေဟာ သူတို့ရဲ့ နေအိမ်တွေနဲ့ မိသားစုများဆီမှာ ကြိုးချည်ထားတာမျိုး မလိုချင်ဘူးလို့ အမျိုးသမီးများ လွတ်မြောက်ရေးလှုပ်ရှားမှုက ပြောဆိုနေတဲ့ အချက်က မှားယွင်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ လူသားတွေဖြစ်နေလို့ပါပဲ။ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အလုပ်တစ်ခုခုကို အချိန်ပြည့်လုပ်ဖို့ပဲ ဆန္ဒရှိနေတဲ့ မိန်းမတွေ အများအပြားရှိတာကို ကျွန်တော်သဘောပေါက်တဲ့အကြောင်း ဖြည့်စွက်ပြောရပါမယ်။ ဘာသာရေးနယ်ပယ်မှာသာမက တခြားနယ်ပယ်တွေမှာလည်း ရှိပါတယ်။ သဘာဝအရ သည်လို မိန်းမတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးရပါလိမ့်မယ်။
တွိုင်ဘီ - ကျွန်တော့်အမြင်မှာ အိမ်ထောင်သားမွေးအလုပ်ကို မလုပ်လိုဘဲ ကိုယ့်အလုပ်ထဲမှာသာ ကိုယ့်ဘဝတစ်ခုလုံးကို မြှုပ်နှံလိုတဲ့ မိန်းမများအနေနဲ့ သူတို့လုပ်လိုတဲ့အလုပ်ကို ယောက်ျားများနဲ့တန်းတူ လုပ်နိုင်ခွင့် အပြည့်အဝမရရှိသေးရင် မိန်းမတွေရခွင့်ရှိတဲ့ လွတ်လပ်မှုဆိုတာ မပြည့်စုံဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်သားမွေးအလုပ်ကို တမင်သက်သက် ရှောင်ကြဉ်တယ်ဆိုရင်တောင်မှ အလွန်အရေးပါတဲ့ မိန်းမရဲ့ စွမ်းရည်ကို ဖော်ထုတ်မှုမပြုတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားရနိုင်ပါတယ်။ အိမ်ထောင်သားမွေးလုပ်လိုက်တဲ့အတွက် အလုပ်အကိုင်ထိခိုက်ပြီး ခံစားရနိုင်သလိုမျိုးပေါ့။
ခြုံပြီးပြောရရင် အိမ်ထောင်သားမွေးလုပ်လို့ အလုပ်အကိုင်ထိခိုက်ပြီး စိတ်ထဲမှာ ခံစားရတာက အိမ်ထောင်သားမွေးကို ရှောင်ကြဉ်လို့ ခံစားရတာလောက် ပြင်းထန်မယ် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျေနပ်စရာ အကောင်းဆုံး ဖြေရှင်းချက်ကတော့ အိမ်ထောင်သားမွေးတဲ့ အလုပ်နဲ့ အချိန်ပိုင်းအလုပ်ကို မိန်းမတွေ တွဲလုပ်နိုင်အောင် စီမံဖို့ပဲဖြစ်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းကို အကျိုးပြုနေသရွေ့ သူ့ကို လစာကောင်းကောင်းပေးပြီး အဆင့်မြင့်မြင့်မှာ ထားသင့်တယ်လို့ မြင်ပါတယ်။ ဒါတွေဟာ မိခင်ဘဝရဲ့ ပဓာနအလုပ်နဲ့ ထိုက်တန်တဲ့အရာတွေပါပဲ။ မိခင်တစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဟာ ပါမောက္ခတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် တရားသူကြီးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် လေယဉ်မှူးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လစာကိုလည်း ရသင့်ပါတယ်။
ကလေးတစ်ယောက်အဖို့ မိခင်ရဲ့ မေတ္တာတရားနဲ့ ဂရုတစ်စိုက် ကျွေးမွေးစောင့်ရှောက်မှုဟာ မရှိမဖြစ်ပါ။ ကနေ့အချိန်မှာ မိန်းမတွေအနေနဲ့ အိန်ထောင်သားမွေး အလုပ်အပြင် တခြားလုပ်စရာတွေ အများအပြားရှိနေပါပြီ။ ဒါကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ မိခင်ကောင်းတွေ ထွက်ပေါ်လာဖို့ကတော့ သဘာဝရဲ့တာဝန်ပဲဖြစ်တယ်ဆိုပြီး သဘာဝအပေါ် တာဝန်ပုံချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဇီဝကမ္မဗေဒအရ ယောက်ျားတွေ မစွမ်းဆောင်နိုင်တဲ့ သည်လို သားမွေးတဲ့အလုပ်ကို မိန်းမတွေ လိုလိုလားလားလုပ်ချင်လာအောင် ဖန်တီးခြင်းဖြင့် မိခင်ကောင်းတွေ ပေါ်ထွက်ရေးအတွက် ဖြည့်ဆည်းပေးသင့်ပါတယ်။ မိခင်ဘဝကို အလွန်လေးစား တန်ဖိုးထားသင့်ပြီး လစာငွေလည်း ရက်ရက်ရောရော ပေးသင့်ပါတယ်။
***တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း (မြသန်းတင့်၊ မောင်သာမည) ၊ စာမျက်နှာ ၁၇၀ မှ ၁၇၆ အထိ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 11:11 AM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, သုတ ပန်းခင်း, အရောင်စုံ အတွေးများ . . . . .
Tuesday, July 29, 2008
The sound of youth.
ဘာပဲဖြစ်ဖြစ် ဒီအပိုင်းကို တပိုင်းတကဏ္ဍ ထားရမယ်။
ငါတို့ခေတ်နှင့် အပြိုင်။
လူငယ်တွေအကြောင်း ပြောကြမယ်ဟေ့ လို့တော့ မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ စာအုပ်တအုပ် ဖတ်ရင်း ဖတ်နေတဲ့ စာအုပ်ရဲ့ နောက်ဆုံးနားမှာ စာအုပ်ကြေငြာတစ်ခု တွေ့တယ်။ ကြေငြာတားတဲ့စာအုပ်ကို ကျွန်တော်ကတော့ မဖတ်ဘူးပါဘူး။ ဖတ်ဖူးသူတွေရှိရင်လည်း အကြောင်းအရာလေးတွေကိုတော့ သိချင်သား၊ ပီဒ်ီအက်ဖ်နဲ့ ရှိနေရင်လည်း လိုချင်သား လို့တော့ တွေးမိပါတယ်။ စာအုပ်အကြောင်းလည်း သေချာမသိ၊ ဖတ်လည်းမဖတ်ဖူးပါဘူး။၊ ဒါပေမဲ့ ကျွန်တော်တို့ ဂျာနယ်လေးအတွက် မှတ်မှတ်ရရ ဒီကြေငြာလေးကို ကူးယူဖော်ပြချင်လောက်အောင် ကြိုက်သွားမိလို့ပါ။ ခေတ်တခေတ်ရဲ့ လိုအပ်နေတဲ့ လူငယ်တွေဖြစ်မယ်ထင်တယ်။ ပြောချင်တာက အဲဒီစာအုပ်ရေးသားချိန်၊ အဲဒီခေတ်မှာ စာရေးသူက သူလိုချင်တဲ့ သူဖြစ်စေချင်တဲ့ လူငယ်တွေအကြောင်းထင်ပါတယ်။ ကျွန်တော်ကလည်း မဆီမဆိုင် စဉ်းစားမိပါတယ်။
ဒါဟာ လူငယ့်အားမာန်၊ လူငယ်တွေမှာ ရှိသင့်တဲ့ စိတ်နေစိတ်ထား လို့ပါ။ ဘယ်လိုခေတ်မှာမဆို ဒီလိုလူငယ်တွေရှိနေရင်၊ ဒါမှမဟုတ် ရှိနေတဲ့တိုင်းပြည်တစ်ခုဟာ တိုးတက်လာမှာ အမှန်ပဲ။ ဒါဆိုရင်တော့ ဒီစာတွေဟာလည်း ခေတ်နဲ့ စနစ်ကိုကျော်ဖြတ်နိုင်ရမယ်။ ဘယ်လိုအခြေအနေမှာ၊ ဘယ်လိုခေတ်မှာပဲ ဖတ်လိုက်ရ ဖတ်လိုက်ရ လူငယ့်စိတ်ကို ဖမ်းစားနိုင်ရမယ်။ ဒီစာတွေဟာ လူငယ်ကြိုက်ဖြစ်ရမယ်။ အဲဒီလိုတွေးပါတယ်။
ကျွန်တော်တို့ရဲ့ စာဖတ်သူ၊ ဒီဘလော့ဂ်လေးကို အားပေးနေသူတွေဟာလည်း လူငယ်တွေပါပဲ။ တိုက်ရိုက်မဟုတ်တောင် ကိုယ့်ကိုကိုယ် လူငယ်လို့ ခံစားချက်ရှိသူတွေ ဖြစ်လိမ့်မယ်လို့ ထင်လိုက်တာ။ မမှားဘူးဆိုရင်တော့ ဒီစာလေးကို ကြိုက်ကြမှာပါ။ အယူအဆတစ်မျိုးရှိလို့ မကြိုက်ဘူးဆိုလည်း တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကြည့်သွားတယ်ဆိုရင် ဝေမျှလိုက်ရတာအတွက် ကြေနပ်ပါတယ်။
သုခမိန်။…..။
*******************************************************************
ငါတို့ခေတ်နှင့် အပြိုင်
(မင်းကျော်)
ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမဲ့ ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက်မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေမဟုတ်ဖူး။
ငါတို့မှာ ယုံကြည်ချက်ဆိုတာရှိတယ်။
ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။
ငါတို့မှာ အားမာန်နဲ့ သတ္တိလဲရှိတယ်။
ဒါကို ဒင်းတို့တတွေသိတယ်။
ဒါပေမဲ့ ဒင်းတို့က ငါတို့ကို တိရစ္ဆာန်တွေလို သဘောထားပြီး စော်ကားချင်ကြတယ်။ စော်ကားကြတယ်။
စဉ်းစားကြည့်ပါ။
အစော်ကားခံရလွန်းရင် နာကျည်းတတ်မြဲ မဟုတ်လား။
ဒေါသဆိုတာ နာကျည်းခြင်းမှာ အခြေခံတယ်။
X X X
တကယ်တော့ ဒို့ဟာ တိရစ္ဆာန်တွေမဟုတ်ဖူး။ ဒါပေမဲ့ ....
ငါတို့တတွေဟာ -
အားမာန်ကို အားမာန်ချင်း၊ သတ္တိကို သတ္တိချင်း၊ ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း၊ မျှော်လင့်ချက်ကို မျှော်လင့်ချက်ချင်း အားပြိုင်တိုက်ခိုက်ကြရလိမ့်မယ်။
အဲဒီလို တိုက်ခိုက်ရင်း တွေ့ကြုံရမယ့် -
လူတန်းစား ပြဿနာတို့၊ ဘဝရပ်တည်မှု ပြဿနာတို့၊ အသည်းနှလုံး ပြဿနာတို့ စတဲ့ အထွေထွေ အတွေ့အကြုံတွေကို ငါတို့တတွေ မတုန်မလှုပ် ရင်ဆိုင်ရလိမ့်မယ်။ ဒါတွေအတွက် ငါတို့နောက်ဆံမတင်း မျက်ရည်မကျစတမ်းနဲ့ …
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 9:12 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သမိုင်းထဲမှ ပန်းပွင့်များ, သုခမိန်, သုတ ပန်းခင်း
Saturday, April 26, 2008
Sex Liberation
The Toynbee-Ikeda Dialogue
Man Himself Must Choose
Arnold J. Toynbee & Daisaku Ikeda
တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း (မြသန်းတင့် - မောင်သာမည)။ အဲဒီ စာအုပ်လေးရဲ့ နောက်ကျောဖုံးမှာ စာအုပ်အတွက် ပေးထားတဲ့ မှတ်ချက်လေးက - ဤစာအုပ်တွင် သူတို့နှစ်ဦးသည် ပြဿနာတစ်ရပ်ကို အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေး၊ စိတ်ပညာ၊ သိပ္ပံ စသော ဘာသာရပ်ဆိုင်ရာ ရှုထောင့်အမြင်များနဲ့ စေ့စပ်စွာ ဆွေနွေးထားပါသည်။ ဤစာအုပ်ကို ဖတ်ခြင်းဖြင့် ရှုထောင့်မျိုးစုံ အမြင်ကျယ်တာမည့်အပြင် တွေးဆ ဆင်ခြင်စရာများလည်း အများကြီးရလာပါမည်။ လူ့လောက၏ ပြဿနာများအပေါ် နက်နက်နဲနဲ အာရုံစိုက်သူများ လက်မလွှတ်စတမ်း ဖတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ - ဒီလိုဆိုထားပါတယ်။ လူ့လောက ပြဿနာတွေကို အာရုံစိုက်တာ မစိုက်တာထက် ဆရာမြသန်းတင့် ဘာသာပြန်တာဆို ကောင်းမှာပဲဆိုပြီး ပုဂ္ဂျိုလ်စွဲနဲ့ ဖတ်မိပါတယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းအောင် ဆွေးနွေးထားတဲ့ စာအုပ်ပါ။ ဆရာမြသန်းတင့်က ဒီစာအုပ်ကို အတွေးအမြင်စာစဉ်မှာ ဆက်တိုက်ဘာသာပြန်ရင်း အပြီးတိုင်ဘာသာမပြန်ဘဲ လူ့လောကကို နှုတ်ဆက်သွားပါတယ်။ ဆရာ မောင်သာမညက ကျန်နေတဲ့ အပိုင်းတွေကို ဆက်လက် ဘာသာပြန်ပြီး စာအုပ်အနေနဲ့ ထုတ်ထားတာ။ ကျွန်တော်ကတော့ ဖတ်ရတာ သဘောကျတယ်။ ကဏ္ဌလေးတွေလဲ စုံတယ်ဗျ။ လူမှုရေးဘဝ၊ သဘာဝပတ်ဝန်းကျင်၊ အသိပညာအကြောင်း၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး စသဖြင့်ပါပဲ။ စာအုပ်ကတော့ ဖတ်နေဆဲပါ။ တွေးစရာ၊ စဉ်းစားစရာလေးတွေနဲ့ဆိုတော့ ဖြည်းဖြည်းပဲ ဖတ်နေမိတယ်။
စာကောင်းကောင်းလေးတွေ ဖတ်ရရင် ပြန်မျှဝေချင်တတ်တဲ့ အကျင့်ကပါနေတော့ ဒီစာအုပ်မှာ ဖတ်ပြီးထားတဲ့ ခေါင်းစဉ်လေးတစ်ခုကို ဝေမျှလိုက်တယ်။ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့အပိုင်းထဲကပါ။ ဖတ်ပြီးသားသူတွေအတွက် ပြန်တွေးစရာ၊ မဖတ်ရသေးတဲ့သူတွေအတွက်က စဉ်းစားတွေးမြင်စရာလေးတွေရမယ်ဆိုရင် လက်ညောင်းခံရကျိုးနပ်ပါတယ်။ ဒီခေါင်းစဉ်လေးကို ဝေမျှချင်တာကလည်း ဖို-မကိစ္စဆိုတာ သာမာန်လူသားတွေ အားလုံး ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုကိုး။ တကယ်က အဲဒီ ကိစ္စမှာ ကျွန်တော်ကိုယ်တိုင်ကလည်း တွေးကြည့် မြင်ကြည့် ဘူးတာတွေရှိနေတယ်။ ကျွန်တော့်လိုပဲ အားလုံးလည်း ဒီကိစ္စအပေါ်မှာ အထင်တွေ အမြင်တွေရှိကြမှာပါ။ ကျွန်တော်တို့ ယဉ်ကျေးမှုအရ ဖို-မ ကိစ္စဟာ အရမ်းကာရော မပွင့်လင်းရပါဘူး။ အဲ သိုသိုသိပ်သိပ် နေတတ်ရမယ်လို့တောင် ပြောရင်ရမယ်ထင်တယ်။ အနောက်ယဉ်ကျေးမှုနဲ့ ယှဉ်ရင် ဒီကိစ္စမှာ တော်တော်လေး ထိန်းချုပ်မှုတွေ များတယ်။ အရင်ကဆို နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့ ဖို-မကိစ္စ ပွင့်လင်းရမယ်လို့ကို ကျွန်တော်ထင်ခဲ့ဘူးတယ်။ အကြောင်းပြချက်ကတော့ ကလေးအတွေးပါ။ ဒီနေ့ ကမ္ဘာမှာ တိုးတက်တဲ့နိုင်ငံတွေမှာ ပွင့်လင်းတဲ့ ဖို-မကိစ္စဆက်ဆံရေးတွေရှိတယ်ဆိုပြီးပေါ့။ နောက်တော့ ဒီကိစ္စဟာ ပွင့်လင်းလွန်းပြန်ရင် မကောင်းဘူးလို့ တွေးမိပြန်ပါတယ်။ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင် ကျွန်တော့်အတွေးတွေ မျှချေတစ်ခုနားကို ချဉ်းကပ်သွားပြီလို့ ကျွန်တော်က ထင်လိုက်ပါပြီ။
တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း စာအုပ်လေးမှာ အခြေခံလူသား ဆိုတဲ့ခေါင်းစဉ်အောက်က “ဖိုမကိစ္စ - လွတ်လပ်ခွင့်ပြဿနာ” ဆိုတဲ့ အခန်းလေးကို ဖတ်ပြီး မျှချေတစ်ခု ရောက်အောင် စဉ်းစားလို့ရတယ်ပြောတာပါ။ ဟုတ်ကဲ့ ဒီကိစ္စမှာ ရေးကြီးနေတာ လူ့ဂုဏ်သိက္ခာ။ အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်တာက အချစ်စိတ်လို့ ကျွန်တော်လည်းပဲ တွေးမိလိုက်ကြောင်းပါ။
သုခမိန်
ဖို-မကိစ္စ -- လွတ်လပ်ခွင့်ပြဿနာ
အီကေဒါ - ဒီနေ့ ဖို-မကိစ္စ လွတ်လပ်ခွင့် ပြဿနာ Sex Liberation ဟာ ကမ္ဘာနဲ့ အဝန်း ကြီးကျယ်တဲ့ ပြဿနာကြီးဖြစ်နေပါတယ်။ အထူးသဖြင့် ဥရောပ၊ အမေရိကနဲ့ ဂျပန်တို့မှာတော့ ပိုပြီးကြီးတာပေါ့လေ။ ပြဿနာက ဘယ်လောက်အထိ ကြီးသလဲဆိုရင် ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အခြေခံတွေကို ကိုင်လှုပ်နေသလိုပဲ။ ခုဆိုရင် တစ်ခါတုန်းက ရှက်စရာကောင်းတယ်လို့ ယူခဲ့ကြတဲ့ အရာတွေကို ပြောင်ပြောင် တင်းတင်းပြောပြီး ပြောင်ပြောင် တင်းတင်း လုပ်နေကြပါပြီ။
ဖို-မကိစ္စကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုတယ်ဆိုတာမှန်ပါတယ်။ ဒီကိစ္စကို အတင်းအဓမ္မ ဖုံးကွယ်မထားသင့်ဘူး။ ဒီလိုဖုံးကွယ်ထားရင် ဒီကိစ္စနဲ့ပက်သက်လို့ မှားယွင်းတဲ့သဘောထားတွေ ပေါ်တာနိုင်တယ်။ ဒါပေမဲ့ တချို့လူတွေ ပြောနေသလို ဖို-မကိစ္စမှာ လွတ်လပ်ခွင့်ပေးသင့်တယ်၊ လိုက်လျောတဲ့ သဘောထားရှိသင့်တယ်၊ ဒီလိုလုပ်တာ လူသားလွတ်မြောက်ရေးအတွက် နည်းလမ်းဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်လက်မခံနိုင်ဘူး။ လွတ်လပ်မှု Freedom နဲ့ စည်းဝါးလွတ်မှု License ဟာ မတူပါဘူး။ ခေတ်သစ် ဖို-မကိစ္စ လွတ်လပ်ခွင့် ပြဿနာမှာ ကြီးမားတဲ့ ချို့ယွင်းချက်ကြီးတစ်ခု ရှိတယ်လို့ ကျွန်တော်မြင်တယ်။ ဖို-မကိစ္စကို ချဉ်းကပ်ကိုင်တွယ်ရာမှာ အခြေခံကျတဲ့ အချက်တစ်ခုခု လိုနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
တွိုင်ဘီ - လူဟာ တိရစ္ဆာန်လည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကို သိစိတ်ရှိပြီး စိတ်(နာမ်တရား)လည်း ရှိတဲ့ သတ္တဝါလည်းဖြစ်နေတယ်။ ဒီမှာတင် လူရဲ့အနေအထားဟာ တော်တော်ခွတီးခွကျနိုင်ပြီး အနေရခက်တဲ့ အနေအထားကို ရောက်နေတယ်။ သူ့မှာ စိတ်(နာမ်တရား) ရှိတဲ့အတွက် အခြားတိရစ္ဆာန်တွေမှာ မရှိတဲ့ ဂုဏ်သိက္ခာ (Diginity) မျိုးရှိတယ်ဆိုတာ သူ့ဘာသာသူ သတိပြုမိတယ်။ ဒီဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်ဆိုတာလည်း သူသဘောပေါက်တယ်။ တိရစ္ဆာန်တွေမှာ ဖို-မဆက်ဆံရေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ဖို-မဆက်ဆံရေး လုပ်ဆောင်မှုတွေ၊ အာသာဆန္ဒတွေရှိသလို သူ့မှာလည်း အလားတူတွေရှိတယ်ဆိုတာကို တွေ့တော့ သူအနေရခက်တယ်။ သူဟာ အရိုင်းအစိုင်း တိရစ္တာန်တွေနဲ့ ဇီဝကမ္မဗေဒ သဘောအရ ဆွေမျိုးနီးစပ် တော်နေပါကလား၊ ဒီလို ဆွေမျိုးတော်နေတာဟာ လူ့ဂုဏ်သိက္ခာကို စိန်ခေါ်နေတာပါကလား ဆိုတာကို သိတော့ သူအနေရခက်တယ်။ အဟိတ် တိရစ္ဆာန်တွေကတော့ ဒီလို ဖို-မကိစ္စတွေကို လုပ်ဆောင်နေရတာကို မရှက်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကိုယ့်ကိုယ်ကို သိစိတ်ရှိတဲ့ သတ္တဝါတွေမှ မဟုတ်ဘဲကိုး။ ဒီလို ဂုဏ်သိက္ခာဆုံးရှုံးသွားမှာကို ကြောက်ပြီး ရှက်နေတာ၊ ဆုံးရှုံးသွားတဲ့အခါမှာ အရှက်တကွဲ အကျိုးနည်းခံစားရတာ ဒါတွေဟာ လူမှာတွေ့နေရတဲ့ ဒုက္ခတွေပဲ။
ကိုယ့်မှာ အဟိတ်တိရစ္ဆာန်တွေနဲ့တူတဲ့ အချက်တွေ ရှိသည့်တိုင် လူဟာ တိရစ္ဆာန်နဲ့ ကွဲပြားခြားနားအောင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်တယ်။ ဒီမှာတင် ဂုဏ်သိက္ခာကို ထိန်သိမ်းဖို့ နည်းလမ်းတွေကို ရှာကြံလာခဲ့ကြတယ်။ အဲဒီနည်းလမ်းတွေကတော့ အစဉ်အလာ လက်ခံကျင့်သုံးခဲ့ကြတဲ့ ဓလေ့ထုံးစံတွေပဲ။ ဇီဝဗေဒဆိုင်ရာ အမွေအနှစ်အဖြစ် ကျွန်တော်တို့ကိုယ်ထဲမှာ မွေးကတည်းကပါလာတဲ့ တိရစ္ဆာန်ကိုယ်အင်္ဂါ အစိတ်အပိုင်းပေါ်မှာ ဘယ်လိုသဘောထားမလဲ ဆိုတဲ့အချက်နဲ့ ပက်သက်လို့ သတ်မှတ်ချက်တွေ ဓလေ့ထုံးတမ်းတွေကို တီထွင်ခဲ့ကြရတယ်။ တိရစ္ဆာန်များကတော့ ဒီလို ဓလေ့ ထုံးတမ်းတွေကို မလုပ်ကြဘူးပေါ့။ လုပ်လဲ မလုပ်နိုင်ဘူးပေါ့။ ယဉ်ကျေးမှုတစ်ခု၊ ပြုစု ပျိုးထောင်မှုတစ်ခု ဘယ်လောက် အဆင့်မြင့်သလဲဆိုတာကို တိုင်းထွာစမ်းသပ်ကြည့်ချင်ရင် အဲဒီယဉ်ကျေးမှုမှာ အဲဒီကိုယ်အဂ်ါ အစိတ်အပိုင်းတွေကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတယ်။ အဲဒီ ကိစ္စတွေနဲ့ပက်သက်လို့ ဘယ်လိုဓလေ့ ထုံးတမ်းတွေ ရှိသလဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတယ်။
အီကေဒါ - ယဉ်ကျေးမှုတိုင်းမှာ ဖို-မဆက်ဆံရေးကိစ္စနဲ့ ပက်သက်လို့ သူတို့ကိုယ်ပိုင် ထုံးစံတွေ၊ ဓလေ့ထုံးတမ်းတွေ ရှိကြတယ်။ အဲဒီ ထုံးစံတွေ၊ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်တစ်ခုကနေ မျိုးဆက်တစ်ခုကို လက်ကမ်းလာခဲ့ကြတယ်။ ဒီနေ့ အချိန်မှာ ဖို-မကိစ္စပညာရေး Sex Education ကို အထူးစပါယ်ရှယ် ပညာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနေကြတယ်။ အမှန်ကတော့ ဖို-မကိစ္စပညာရေးဟာ ပုံသဏ္ဌာန်တစ်မျိုး မဟုတ်ရင် တစ်မျိုးနဲ့ ယဉ်ကျေးမှုတိုင်းမှာ ရှိခဲ့ကြပြီးသားပါ။
တွိုင်ဘီ - ဟုတ်ပါတယ်။ ယဉ်ကျေးမှုအတော်များများမှာ ဒီကိစ္စနဲ့ပက်သက်လို့ ထုံးတမ်းဓလေ့တွေ ရှိခဲ့ကြပါတယ်။ အဲဒီ ထုံးတမ်းဓလေ့တွေဟာ အခါအားလျော်စွာ ကွဲပြားခြားနားကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ ယဉ်ကျေးမှုမှာဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါတွေနဲ့ အညစ်အကြေးစွန့် အင်္ဂါတွေကို ဖုံးကွယ်ထားကြတယ်။ ကျွန်တော်တို့ဟာ လူတွေရှေ့မှာ ကိုယ်လက်နှီးနှောခြင်း မပြုကြဘူး။ လူတွေရှေ့မှာ သဘာဝကိစ္စလို့ခေါ်တဲ့ ကိစ္စကို မလုပ်ကြဘူး။ စားတဲ့ သောက်တဲ့နေရာမှာလည်း ထမင်းဝိုင်းယဉ်ကျေးမှု Table Manners တွေကို လိုက်နာကြတယ်။ ထမင်းဝိုင်း ယဉ်ကျေးမှုတွေဟာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အများကြီး ကွဲပြားကြတယ်။ ထမင်းဝိုင်း အလေ့အထမှာ ကွဲပြားနေတာဟာ ယဉ်ကျေးမှုချင်း ကွဲပြားနေတယ်ဆိုတဲ့ အချက်ကို မသိမသာ ညွှန်ပြနေတဲ့ အချက်တွေပဲ။ ဒါပေမဲ့ ထမင်းဝိုင်းအလေ့အထ ကွဲပြားတာကိုကြည့်ပြီး ယဉ်ကျေးမှုတစ်ခု ကျန်းမာတယ် မကျန်းမာဘူး၊ (နိမ့်တယ်၊ မနိမ့်ဘူး) လို့တော့ အတိအကျ တပ်အပ်ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စားခြင်းသောက်ခြင်းအမှုဟာ တိရစ္ဆာန်အားလုံးရဲ့ လုပ်ဆောင်ချက် ဖြစ်နေလို့ပဲ။ လူကလည်း စားခြင်း၊ သောက်ခြင်းအမှုမှာ ကြွက်တွေ၊ နွားတွေနှင့် သွားတူနေတဲ့အတွက် ရှက်ကြောက်ခြင်းမရှိဘူး။ (လူက ကြွက်တွေ ကိုက်ဖြတ်သလို၊ နွားတွေ စားမြုံ့ပြန်သလို မလုပ်ဘူးဆိုရင်ပေါ့လေ။) ဒီလိုဆိုရင် သူတို့နဲ့ စားခြင်း၊ သောက်ခြင်း အမှုမှာ တူနေသည့်တိုင် ဘာမှရှက်စရာမလိုဘူး။ ဒါပေမဲ့ ယဉ်ကျေးမှုချင်း ဘယ်လောက်ပဲကွဲကွဲ အညစ်အကြေးစွန့်တာနဲ့ ဖို-မဆက်ဆံရေး ကိစ္စကတော့ လူတွေအဖို့ ပင်ကိုအားဖြင့်ကို ရှက်စရာကောင်းနေတယ်။ ဒါကြောင့်မို့ အဲဒီသဘာဝ ကိစ္စတွေမှာ လူဟာ ဓလေ့ထုံးတမ်းတွေကို လိုက်နာရတယ်။
အထူးသဖြင့် ဖို-မဆက်ဆံရေး ကိစ္စဟာ ရှက်စရာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖို-မအာသာဆန္ဒဟာ အရွယ်ရောက်မှပေါ်လာတဲ့ နောက်ကိစ္စကိုး။ ဒါ့ကြောင့်မို့ အရွယ်ရောက်တဲ့သူတစ်ယောက်ကို ဘဝရဲ့ ဖို-မခြင်းရာတွေကို သိအောင်လုပ်ပေးရတယ်။ ဒီလိုသင်ပေးရတာဟာ တော်တော်တော့ စိုးရိမ်စရာကောင်းတဲ့ ပညာရေးဖြစ်တယ်။ လူကြီးမိဘက ဖို-မ ဆက်ဆံရေးကိစ္စကို ဖုံးကွယ်ထားပြီး ကလေးမှာ ဖို-မစိတ်တွေ ထကြွနိုးကြားလာသည်အထိ သူ့ကို အသိဉာဏ်မပေးခဲ့ရင် ကလေးရဲ့သိလိုစိတ်၊ စူးစမ်းစိတ်ကို နှိုးဆွပေးရာရောက်တယ်။ သူ့ကို ဘာမှမသိစေရဘူးဆိုပြီး ကလေးရဲ့ မကျေနပ်ချက်ကို နှိုးဆွပေးရာရောက်တယ်။ ဒီလိုဖြစ်လာရင် ကလေးဟာ ဖို-မကိစ္စကိုပဲ စိတ်ရောက်နေပြီး ဖို-မကိစ္စကို စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေကြတယ်။ ဒီလိုမဟုတ်ဘဲ မိဘက ကလေးရဲ့ ရှေ့မှာတင် ဖို-မကိစ္စကို ပြုမူနေကြတယ်ဆိုရင် ကလေးရဲ့အမြင်မှာ မိဘရဲ့ဂုဏ်သိက္ခာ ကျသွားတတ်တယ်။ ကဘေးဟာလည်း ကိုယ်ခန္ဓာမရင့်မှည့်မှီမှာ ဖို-မစိတ်တွေ ဝင်သွားတတ်တယ်။ ဖို-မကိစ္စ ပညာရေးမှာ အစွန်းနှစ်ဖက်ရှိတယ်။ တစ်ခုက အန္တရာယ်များတဲ့ အလွန်အကျွံပွင့်လင်းမှု၊ လိုက်လျောမှုဖြစ်ပြီး တစ်ခုကတော့ အန္တရာယ်များတဲ့ အလွန်အကျွံ လျှို့ဝှက်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုတို့ ဖြစ်တယ်။ အဲဒီနှစ်ခုကြားမှာ ကျေနပ်လောက်တဲ့ အလယ်အလတ်လမ်းကို ရှာရတာဟာ တော်တော်ခက်တယ်။
အီကေဒါ - မှန်ပါတယ် ခင်ဗျာ၊ ဒီပြဿနာဟာ တစ်လျှောက်လုံး ခက်လာတဲ့ ပြဿနာပါ။ အခုထိလည်း ခက်နေတုန်းပါပဲ။
တွိုင်ဘီ - ခက်တာက လူ့ဂုဏ်သိက္ခာဆိုတာလည်း ကျွန်တော်တို့ရဲ့ ဖို-မ ဆက်ဆံရေး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ဖို-မ ဆက်ဆံရေး လုပ်ဆောင်မှုတွေကို တမင်ဖုံးကွယ်နိုင်မှ ရှိတဲ့အရာမျိုး၊ ထိန်းသိမ်းနိုင်တဲ့ အရာမျိုးဖြစ်နေတယ်။ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်ရင် သည့်ထက်ကောင်းတဲ့ နည်းကို ရှာလို့မတွေ့သေးဘူး ဆိုပါတော့။ လူမဟုတ်တဲ့ အဟိတိရစ္ဆာန်တစ်ကောင်ကို လူ့အသိဉာဏ် တပ်ဆင်ပေးလိုက်ပြီး လူသားတွေရဲ့ အနေအထိုင်၊ အပြုအမူတွေကို လေ့လာခိုင်းလိုက်တယ် ဆိုပါတော့။ လက်စသတ်တော့ လူ့ဂုဏ်သိက္ခာဆိုတာ အတုအယောင်ပါဗျာ။ လူတွေက သူတို့နဲ့ တခြားတိရစ္ဆာန်တွေ အတူတူပဲဆိုတာ မသိအောင် ဖုံးကွယ်ဖို့ လုပ်ထားတဲ့ အစဉ်အလာတီထွင်တထားတဲ့ အရာပါလို့ ပြောမှာ သေချာတယ်။ ဒါပေမဲ့ လူကတော့ သူ့မှာဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းမထားနိုင်ရင် လူ့ထက်အောက်ကျတဲ့အဆင့်ကို ရောက်သွားမှာပဲလို့ ရိုးသားစွာ ယုံကြည်နေတယ်။ စောစောက ဥပမာပြတဲ့ လေ့လာသူရဲ့မှတ်ချက်ထက် ဒါကပိုမှန်တယ်။ ဒီတော့ လူ့ဂုဏ်သိက္ခာဆိုတာ ဘာလဲ။ လူဟာ ဇီဝကမ္မဗေဒအားဖြင့် တိရစ္ဆာန်ဖွဲ့စည်းမှု ဖြစ်သည့်တိုင် အဲဒီဖွဲ့စည်းမှုအပြင် တစ်ချိန်တည်းမှာ စိတ်(နာမ်တရား)ရှိတဲ့ သတ္တဝါလည်း ဖြစ်တယ်ဆိုတဲ့ အသိအမှတ်ပြုချက်ကို အခြားနည်းနဲ့ ခေါ်ထားတဲ့ အရာဖြစ်တယ်။ ဒါဟ ဂုဏ်သိက္ခာနဲ့ ပက်သက်လို့ လူ့ရဲ့နားလည်ခံယူမှုပဲ။
အီကေဒါ - ဟုတ်ကဲ့။ လူ့ရဲ့နာမ်ဆိုင်ရာ လှုပ်ရှားမှု (ဂုဏ်သိက္ခာကို ထိန်းသိမ်းမှုစသည်)တို့ဟာ (စောစောက ဥပမာပေးသွားတဲ့ လေ့လာသူထင်သလို) အပေါ်ယံ ဖုံးကွယ်ထားတာတွေ၊ အတုအယောင်တွေ၊ အလိမ်အညာတွေလို့ ပြောခဲ့ရင် သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လူတီထွင်ခဲ့တဲ့ အနေအထိုင်၊ အပြုအမူဆိုင်ရာ ဓလေ့ထုံးတမ်းတွေဟာလည်း အဓိပ္ပါယ်မရှိ ဖြစ်ကုန်တော့မှာပေါ့။ ဒါပေမဲ့ အမှန်ကတော့ လူဟာ စိတ်(နာမ်တရား)ရှိတဲ့ သတ္တဝါဖြစ်တယ်။ သူ့ရဲ့ စိတ်နာမ်ဆိုင်ရာ လှုပ်ရှားမှုတွေဟာလည်း သူ့ဘဝမှာ ကြီးစွာသော အစိတ်အပိုင်းက ပါဝင်နေကြတယ်။ ဒါ့ကြောင့် ဖို-မ ကိစ္စ၊ စားသောက်ခြင်း ကိစ္စနှင့် လူ့ရဲ့ အခြားလုပ်ဆောင်ချက်များနှင့် ပက်သက်တဲ့ ဓလေ့ထုံးတမ်းများဟာလည်း အတော်အတန် အဓိပ္ပါယ်ရှိနေရပါတယ်။
တွိုင်ဘီ - လူဟာ ဖို-မအင်္ဂါ အစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ဖို့အတွက် သူလိုက်နာရမဲ့ စည်းကမ်းတွေကို ချမှတ်ထားရတယ်။ ဒီနည်းအားဖြင့် လူဟာ သူ့လူသားမျိုးနွယ်ကို ခိုင်ခံအောင်လုပ်ပြီး ကာကွယ်စောင့်ရှောက်နေတယ်။ ခုအချိန်ထိတော့ လူ့လောကမှာ ကမ္ဘာနှင့်အဝန်း အားလုံးတူညီတဲ့ စည်းကမ်းသတ်မှတ်ချက်တွေတော့ မရှိသေးဘူးပေါ့။ လူ့အဖွဲ့စည်း အမျိုးမျိုးမှာ ရှိနေတဲ့ စည်းကမ်းချက်တွေဟာ အမျိုးမျိုး ကွဲနေခဲ့ကြတာပဲ။ နှိုင်းယှဉ်ကြည့်လျှင် အချို့ကပိုကောင်းတယ်၊ မကောင်းတာတွေကိုလည်း အစဉ်အမြဲ ပြုပြင်နေရတာပဲ။ ဒါပေမဲ့ ခုသိရသလောက်အထိတော့ စည်းကမ်းချက်တွေအားလုံးကို စွန့်ပြစ်လိုက်တဲ့ လူ့အဖွဲ့အစည်းရယ်လို့တော့ တစ်ခုမှ မရှိသေးဘူး။ ဒီလို စွန့်လွှတ်လိုက်တယ် ဆိုရင်လည်း အဲဒီအဖွဲ့အစည်းဟာ လူ့အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေဖို့အတွက် တော်တော်ခက်သွားလိမ့်မယ်။ လူမှာ အခြားသော တိရစ္ဆာန်များထက် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့် အများကြီးရှိတယ်။ ကျွန်တော်တို့ဟာ လူမဟုတ်တဲ့ အဟိတိရစ္ဆာန်တွေထက် ကောင်းအောင် နေမလား၊ ဆိုးအောင် နေမလား၊ ကျွန်တော်တို့ ကြိုက်သလို နေနိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ဟာ စည်းကမ်းသတ်မှတ်ချက်တွေ အောက်မှာ မနေခဲ့ရင် ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေထက် ဆိုးသွားမှာပဲ။
ဖို-မ ဆက်ဆံရေး ပြဿနာနှင့် ပက်သက်လို့ မှန်ကန်တဲ့ မှတ်ကျောက်ကတော့ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရေးပဲ။ အသွေးအသား ကိစ္စဖြစ်တဲ့ ဖို-မ ဆက်ဆံရေးကိစ္စကို လူဆန်အောင် လုပ်ပေးတဲ့ နာမ်အရည်အသွေးတစ်ခု ရှိတယ်။ အဲဒီ နာမ်အရည်အသွေးကတော့ ချစ်မေတ္တာပဲ ဖြစ်တယ်။ ချစ်မေတ္တာဟာ ဖို-မ ဆက်ဆံရေးကိစ္စကို လူဆန်အောင်လုပ်ပေးရာမှာ ဂုဏ်သိက္ခာထက် အရေးကြီးပါတယ်။ တကယ်ကတော့ ဖို-မ ဆက်ဆံရေးကိစ္စကို ချစ်မေတ္တာအရည်အသွေးနဲ့ လူဆန်အောင် လုပ်ရာမှာ ဂုဏ်သိက္ခာဟာ မရှိမဖြစ်တဲ့ လိုအပ်ချက် တစ်ရပ်သာဖြစ်ပါတယ်။ ချစ်မေတ္တာနှင့် ဂုဏ်သိက္ခာမပါတဲ့လူရဲ့ ဖို-မဆက်ဆံရေးဟာ အဟိတ်တိရစ္ဆာန် အာသာဆန္ဒတစ်ခုကို ဖြေဖျောက်ခြင်း သက်သက်မျှသာ ဖြစ်တယ်။ ဒီလို ဖို-မဆက်ဆံရေး ကိစ္စမျိုးဟာ စိတ်ဓါတ်အရ အောက်တန်းကျပါတယ်။ အဟိတ်တိရစ္ဆာန်တွေမှာတော့ ဖို-မဆန္ဒ တောင့်တမှုကို တုံ့ပြန်ပုံဟာ သိစိတ်ကင်းမဲ့တဲ့အတွက် အပြစ်ကင်းတယ်။ သူတို့မှာတော့ ဖို-မ ဆက်ဆံရေးကိစ္စ ဖို-မ ဘဝကို မွေးကတည်းကပါလာတဲ့ သဘာဝထိန်းချုပ်မှုများက ညှိပေးတယ်။ လူမှာတော့ ချစ်မေတ္တာနှင့် ဂုဏ်သိက္ခာမရှိတဲ့ ဖို-မ ကိစ္စဟာ တိရစ္ဆာန်သဘော ဆောင်တယ်လို့တောင် မပြောချင်ဘူး။ စိတ်ဓါတ်ရေးနဲ့ ကျင့်ဝတ်ရေးအရ တိရစ္ဆာန်တွေထက်တောင် အောက်တန်းကျတဲ့ အဆင့်ကို ရောက်နေသေးတယ်။
အီကေဒါ - ဟုတ်ပါတယ် ခင်ဗျား။ စည်းကမ်းရယ်လို့ မရှိရင် လူ့အဖွဲ့စည်းတစ်ခုဟာ လူဆန်တဲ့ အဖြစ်ကတောင် ရပ်စဲသွားမှာပါ။ လူလို့တောင် မခေါ်ထိုက်တော့ပါဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ လူ့ထက်အဆင့်နိမ့်တဲ့ အချို့သော တိရစ္ဆာန်အဖွဲ့စည်းများမှာပင်လျှင် တိရစ္ဆာန်တွေဟာ စည်းကမ်းကို လိုက်နာနေကြတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားကြတာကိုး။ ဥပမာအားဖြင့် အချို့သော လူဝံများဟာ ကလေးငယ်ကို အစာကျွေးခြင်းနဲ့ ဖို-ဆက်ဆံရေး ကိစ္စများနဲ့ပက်သက်လို့ စည်းကမ်းတစ်ချို့ရှိနေကြတယ် မဟုတ်လား။ ဒီစည်းကမ်းတွေကို လူဝံအဖွဲ့စည်းဝင်တွေကလည်း တိတိကျကျ လိုက်နာကြတာပဲ။ စည်းကမ်းမရှိတဲ့လူဟာ အဲဒီလို လူဝံတွေထက် လူမှုပေါင်းသင်းဆက်ဆံရေးအရ အောက်ကျနေတော့မှာပေါ့။
တွိုင်ဘီ - အဲဒီစည်းကမ်းတွေထဲမှာ ဖို-မဆက်ဆံရေး စည်းကမ်းတွေကတော့ အရေးကြီးဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖို-မ ဆက်ဆံရေး ကိစ္စဟာ လူ့သဘာဝရဲ့ တိရစ္ဆာန်သဘောဆန်တဲ့ အပိုင်းမှာ အလေးနက်ဆုံး အစိတ်အပိုင်းဖြစ်နေတာကိုး။ တခြား ကိစ္စတွေမှာ တိရစ္ဆာန်သဘောဆန်နေရင် တစ်ယောက်ချင်း၊ တစ်ဦးချင်းမျှသာ ထိခိုက်မယ်။ ဖို-မဆက်ဆံရေး ကိစ္စကတော့ အနည်းဆုံးလူနှစ်ဦးနဲ့ သက်ဆိုင်နေတယ်။ ကလေးတွေ မွေးလာရင် သူတို့နဲ့ပါ သက်ဆိုင်လာရပြီ။ လူတစ်ဦးချင်းဟာ ဖို-မဆက်ဆံရေးမရှိဘဲနဲ့ နေနိုင်တယ်။ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်တွေကိုကြည့်ပါလား။ သူတို့ဟာ မမြတ်သောအကျင့်ကို စွန့်လွှတ်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ လူ့အနွယ်ကြီးကတော့ ဖို-မဆက်ဆံရေးမရှိဘဲ အရှည်မတည်မြဲနိုင်ဘူး။ လူ့အနွယ်ကြီးဟာ သူ့ဘာသာသူမှ မတည်နိုင်ဘဲကိုး။ သဘာဝကြီးကပေးလိုက်တဲ့ ဖို-မဆန္ဒကို ဖြည့်စွမ်းရေးကိစ္စဟာ ချစ်မေတ္တာသဘော သက်ဝင်နေရမယ်။ ဒါမှသာလျှင် အဲဒီကိစ္စဟာ ဂုဏ်သိက္ခာရှိပြီး တင့်တယ်လိမ့်မယ်။ ဒီသဘောကို ဖို-မဆက်ဆံရေး စည်းကမ်းက ပြဌာန်းပေးခဲ့တယ်။ လင်နဲ့ မယားရဲ့အချစ်၊ သားသမီးနဲ့ မိဘရဲ့ အချစ်ဟာ လူ့ရဲ့ပေါင်းသင်းဆက်ဆံမှုနဲ့ ကျင့်ဝတ်မှာ အချက်အချာဖြစ်နေတယ်။ ကွန်ဖြူးရှပ်စ်ပြောသလိုပေါ့။
အီကေဒါ - အခြေခံအားဖြင့်တော့ ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ဖို-မကိစ္စမှာ ဖို-မဆိုင်ရာ ဆက်ဆံရေး ကျင့်ဝတ်ပျက်ပြားသွားခဲ့တာ၊ ဖို-မ ဆက်ဆံရေးမှာ အချစ်မပါတော့တာ၊ ဒီလိုဖြစ်နေရတာဟာ လူ့ဘဝကို ရုပ်ဝတ္ထုဆိုင်ရာ တန်ဖိုးသက်သက်နှင့်သာ ကြည့်လို့ ဒီလိုဖြစ်ရတာလို့ ကျွန်တော်ထင်ပါတယ်။ ဖို-မကိစ္စဟာ စိတ်ဓါတ်ဆိုင်ရာ တန်ဖိုးရယ်လို့ ဘာမှမရှိတော့ဘဲ သွေးသားဆန္ဒဖြေဖျောက်ဖို့ ကိစ္စသက်သက်လို့ ယူဆလာခဲ့ကြတယ်။ အဲဒီ အယူအဆဟာ ဘာလဲ။ ဘာ့ကြောင့် ပေါ်ပေါက်လာရသလဲဆိုတာတွေကို ကျွန်တော်တို့ ဆန်းစစ်ခြင်းမပြုနိုင်သေးသမျှ အဖြေကို ရှာလို့ရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
တွိုင်ဘီ - လူ့အဖွဲ့စည်းတစ်ခုရဲ့ စည်းကမ်းတွေ၊ အပြုအမှုတွေ၊ ထုံးစံတွေအားလုံးဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်ပေါင်းစုနေတဲ့ ကွန်ခြာကြီးတစ်ခု ဖြစ်ပါတယ်။ လူ့ဘဝရဲ့ ဘက်အသီးသီးကို ချုပ်ကိုင်လွှမ်းမိုးနေတဲ့ စည်းကမ်းတွေ တစ်ခုနဲ့ တစ်ခုအကြားမှာ ယုတ္တိဗေဒကျတဲ့ ဆက်သွယ်မှုတော့ ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ စိတ္တဗေဒဆိုင်ရာ ဆက်သွယ်မှုတော့ တကယ်အမှန်ရှိတယ်။ ဆိုလိုတာက ဘက်တစ်ဖက်မှာ လိုက်လျောမှု၊ သို့မဟုတ် တင်းကျပ်မှု တစ်ခုခုလုပ်လိုက်လို့ရှိရင် အဲဒီလိုလုပ်လိုက်မိတဲ့အတွက် အခြားတစ်ဖက်ကိုလည်း ကူးစက်ပျံ့နှံ့သွားတတ်တယ်။ ဒီနေ့အချိန်မှာ ဖို-မဆက်ဆံရေးနှင့် ပက်သက်လို့ လျော့ပေါ့ခွင့်ပြုချက်တွေ ပေါ်ပေါက်တာနေချိန်မှာ မှုးယစ်ဆေးသုံးစွဲမှု ခေတ်စားလာတာ၊ ကိုယ်ရေးကိုယ်တာ အောင်မြင်မှု၊ နိုင်ငံရေးရာ အောင်မြင်မှုတွေအတွက် ဖြတ်လမ်းလိုက်တဲ့အနေနှင့် မရိုးမဖြောင့် လုပ်လာကြတာ၊ အကြမ်းဖက်နည်းလမ်းတွေကို သုံးလာကြတာဟာ မတော်တဆ ဖြစ်လာကြတာ မဟုတ်ဘူး။ ဒါတွေဟာ တစ်ခုနှင့်တစ်ခု စိတ္တဗေဒသဘောအရ ဆက်စပ်နေတယ်။
လူ့ဘဝရဲ့ ဘက်အသီးသီးမှာ မကြာခင်တုန်းက ဥပဒေမဲ့မှု စည်းကမ်းမဲ့မှုတွေ အများကြီးပေါ်တာခဲ့တယ်။ ဒီလိုပေါ်လာတဲ့ အကြောင်းအရင်းတွေအနက် တစ်ကြောင်းကတော့ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခုနှင့် အဲဒီစစ်နှစ်ခုအကြားမှာဖြစ်တဲ့ ဒေသဆိုင်ရာ စစ်ပွဲတွေထဲမှာ သန်းပေါင်းများစွာသော လူများကို စစ်သားအဖြစ်ပြောင်းလဲပစ်ခဲ့လို့ပဲ။ စစ်ဟာ လူတစ်ယောက်ကို သတ်ဖို့ ဝန်လေးတဲ့ သာမာန်စိတ်ထားကို တမင်ပြောင်းပြန်လှန်ပေးလိုက်တယ်။ စစ်သားတစ်ယောက်အဖို့ မိမိလို လူအချင်းချင်းကို သတ်ရတာဟာ တာဝန်တစ်ခုပဲ။ တကယ်လို့ အရပ်ဝတ်အရပ်စား တစ်ယောက်အနေနှင့် သတ်ဖြတ်ခဲ့ရင် အဲဒီအမှုဟာ ရာဇဝတ်မှုကြီးပေါ့။ အဲဒီ အဓိက ကျင့်ဝတ်သီလာကြီးကို ကျိုးကြောင်း ညီညွတ်မှုကင်းစွာ၊ ဆိုးယုတ်စွာ ပြောင်းပြန်လှန်ပစ်လိုက်တာဟာ သဘာဝအားဖြင့် စိတ်ပျက်စရာလည်းကောင်း၊ နားမလည်နိုင်စရာလည်း ကောင်းပါတယ်။ဒါတင်မကဘူး။ လက်ရှိတာဝန်ထမ်းဆောင်နေရတဲ့ စစ်သားတစ်ယောက်ဟာ သူ့ရဲ့ သာမာန်တွေ့နေကျ လူမှုပတ်ဝန်းကျင်ကနေ ဝေးကွာသွားတဲ့အတွက် သူ့ရဲ့ သာမာန်တွေ့နေကျ လူမှုအထိန်းအကွပ်တွေကလည်း လွတ်ကျွတ်သွားတယ်။ ဒါဟာ ဘာမှ အံ့သြစရာမဟုတ်ပါဘူး။ ဗီယက်နမ်မှာ အမေရိကန် စစ်တပ်တွေ အကျင့်စာရိတ္တပျက်ပြားတာဟာ ဘယ်လို ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာကို ပြလိုက်တဲ့ အထင်ရှားဆုံး နမူနာပဲ။
အီကေဒါ - ဘယ်ခေတ်မှာပဲဖြစ်ဖြစ် စစ်ဟာ ဒီလို အကျင့်စာရိတ္တ ပျက်ပြားမှုမျိုးကို ယူလာတာချည်းပါပဲ။
တွိုင်ဘီ - စစ်ဟာမကောင်းမှုဖြစ်တယ်။ သိပ္ပံစိတ်ဓါတ်ကတော့ အကောင်းမှုမဟုတ်ဘူး။ ဒါပေမဲ့ မရည်ရွယ်ပဲနှင့်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ သိပ္ပံစိတ်ဓါတ်ဟာ လက်ရှိပေါ်ပေါက်နေတဲ့ တရားဥပဒေမဲ့မှုတွေကို အထောက်အကူပေးနေတယ်။ အထူးသဖြင့် ဖို-မဆက်ဆံရေး နယ်ပယ်မှာ ပိုဆိုးတယ်။ သိပ္ပံပညာမှာ ကျင့်ဝတ်ဆိုင်ရာအရ ချီးကျူးရမယ့် အချက်တွေရှိတယ်။ အဲဒါကတော့ အမှန်တရားကို အပတ်တကုတ်ရှာဖွေတယ်၊ ရင်ဆိုင်တယ်။ သိပ္ပံပညာဟာ အစဉ်အလာ ယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ အလေ့အထတွေ အားလုံးကို စိန်ခေါ်တယ်။ လူ့အဖွဲ့အစည်းတိုင်းမှာပဲ အစဉ်အလာ ဖို-မဆက်ဆံရေး ဓလေ့ထုံးတမ်းတွေမှာ အနည်းနှင့်အများဆိုသလို ကန့်သတ်ချုပ်ချယ်ထားမှုတွေ ရှိခဲ့တာပဲ။ ကျင့်ဝတ်သဘောအရ ကြည့်ရင် ဒါဟာမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကန့်သတ်ချက်က တင်းကျပ်လေလေ၊ ကန့်သက်ချက်ကို ချိုးဖောက်မှုဟာ ကြိန်ဖန်များပြီး ဆိုးဆိုးရွားရွား ဖြစ်လာလေလေ ဖြစ်မှာပဲ။ အဲဒီ ချိုးဖောက်မှုတွေကို ဖုံးကှယ်ထားမှုဟာလည်း ပိုပြီး ကြောင်သူတော်ဆန်လာလေလေ ဖြစ်မှာပဲ။ ဒီနေ့ ကလေးတွေက အမှန်တရားကို ရှာတတ်တဲ့ သိပ္ပံစိတ်ဓါတ်ရှိလာအောင်၊ အတုအယောင်တွေကို မုန်းတတ်တဲ့ သိပ္ပံစိတ်ဓါတ်ရှိလာအောင် သင်ကြားလာခဲ့ရတယ်။ ဒီလိုသင်ကြားလာတာဟာ ကျောင်းကတင် သာမာန်သင်ကြားပေးလိုက်တာ မဟုတ်ဘူး။ ခေတ်ရေစီး Zeitgeist ကပါ သင်ကြားပေးလိုက်တာ။ ရလာဒ်အဖြစ် ဒီနေ့ခေတ်မှာ မိဘနှင့် အစိုးရရဲ့ ဂုဏ်သိက္ခာ၊ ဒါနဲ့အတူ သူတို့ရဲ့ သြဖာအာဏာဟာ ယုံကြည်မှုကွာဟချက်ကြီးနှင့် လာတွေ့နေရတယ်။ သူတို့မိဘတွေဟာ ဖို-မဆက်ဆံရေး ကိစ္စမှာရော၊ တခြားကိစ္စတွေ အားလုံးမှာရော သူတို့ပြောသလို မလုပ်ကြဘူးလို့ ဒီနေ့ခေတ်ကလေးတွေ ထင်လာကြတယ်။
ဖို-မ ဆက်ဆံရေး အပြုအမူနှင့်ပက်သက်လို့ အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို ဒီနေ့ ချိုးဖောက်နေကြတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီအကြောင်းဟာ တစ်ခုပါတယ်လို့ ကျွန်တော်ထင်တယ်။ ဒီအတိုင်းမှန်ရင် တက်လာတဲ့ မျိုးဆက်သစ်တွေကို သူတို့ရဲ့ ဖို-မ ဆက်ဆံရေး အပြုအမူတွေ မှန်ကန်နည်းလမ်းကျအောင် အာဏာပိုင်တွေအနေနှင့် အာဏာစက်ကိုသုံးပြီး နှိက်ကွပ်တဲ့နည်း၊ ဒါမှမဟုတ် ဖို-မ ဆက်ဆံရေး ကိစ္စကို ခြိုးခြံကြအောင် လှုပ်ရှားမှုတစ်ခု လုပ်ပြီး ဆော်သြတဲ့ နည်းတွေနှင့်ရမယ်လို့ ကျွန်တော်မထင်ဘူး။
အီကေဒါ - ကျွန်တော်ကတော့ ဖို-မကိစ္စ စည်းဝါးလွတ်မှုကို တစ်မျိုးမြင်တယ်။ ဖို-မကိစ္စမှာ စည်းဝါးလွတ်လာကြတာဟာ ဘဝရဲ့ အတွင်းအဇ္ဖျတ္တအင်အား Internal Force of Life ယုတ်လျော့ အားနည်းလို့ ဖြစ်လာတာလို့ ကျွန်တော်မြင်တယ်။ ဒါဟာ တစ်ကယ့် အကြောင်းအရင်းလို့ ထင်ပါတယ်။ ခေတ်သစ်ရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ယျဉ်ကျေးမှု သြဇာက သိပ်ကြီးလာတဲ့အခါမှာ အဲဒီအတွင်း အဇ္ဖျတ္တအင်အားဟာ လျော့ပါးလာတယ်။ ဖို-မကိစ္စကို သူ့နေရာမှန် ထားဖို့အတွက် ရှင်သန်တက်ကြွတဲ့ အချစ်ဓါတ်လိုအပ်တယ်။ အဲဒီ ရှင်သန်တက်ကြွတဲ့ အချစ်ဓါတ်ဟာ အားနည်းယုတ်လျော့နေတဲ့ ဘဝအင်အားက မွေးဖွားမလာနိုင်ဘူး။ ဒီနေ့ လက်ရှိအခြေအနေကို ကျော်လွန်နိုင်ဖို့ နည်းလမ်းကို အချစ်ရဲ့ စေ့ဆော်မောင်းနှင်မှုမှ တစ်ဆင့် တွေ့ရှိနိုင်တယ်ဆိုတဲ့ ဆရာကြီးရဲ့ အယူအဆကို ကျွန်တော်သဘောတူပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တင် မလုံလောက်သေးဘူး။ ရှေ့ကို တစ်ဆင့် လှမ်းရအုံးမယ်ထင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေကို လက်တွေ့အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေချင်ရင် အချစ်ကို လှုံ့ဆော်ပေးတဲ့ ဘဝအင်အားစုတွေကို ယုံကြည်ရလိမ့်မယ်။ လူ့အနွယ်ကြီးကို မှန်ကန်တဲ့ ဖို-မဆက်ဆံရေး လမ်းပေါ်ကို ရောက်စေချင်ရင် စိတ်ဓါတ်ကို ချိုးနှိမ်ပစ်တဲ့ ပြင်ပအင်အားစုတွေကို ရှင်းလင်း ဖယ်ရှားပစ်ရလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း ဘဝကိုထောက်ပင့်တဲ့ ဘဝရဲ့ မူလအစကို ပြန့်ပွားစေတဲ့ အတွင်းအဇ္ဖျတ္တအင်အားစုကို ဖွံဖြိုးအောင်၊ ရှင်သန်အောင်၊ ခိုင်မာအောင် လုပ်ရလိမ့်မယ်။ အဲဒါတွေဖြစ်အောင် ဘယ်လိုလုပ်နိုင်မယ် ထင်သလဲ။
တွိုင်ဘီ - ဖို-မကိစ္စ စည်းဝါးလွတ်မှုကို ကုစားဖို့ တစ်ခုတည်းသောဆေးကတော့ အပြုသဘော ဖြစ်ရလိမ့်မယ်။ ဖို-မကိစ္စ စည်းဝါးလွတ်မှုဟာ လူ့လောကကြီးရဲ့ အနာဂတ်ကို ယုံကြည်မှုကင်းမဲ့တာ၊ မျှော်လင့်ချက်ကင်းမဲ့တာကို ဖော်ပြတဲ့ လက္ခဏာချက်ဖြစ်တယ်။ ကုရာဆေးနည်းကတော့ တက်လာတဲ့ မျိုးဆက်သစ်တွေကို ရည်မှန်းချက်ထားပေးဖို့ပဲ။ အဲဒီ ရည်မှန်းချက်ဟာ မျှော်လင့်ချက်ရှိတဲ့ ရည်မှန်းချက် ဖြစ်ရမယ်။ စိတ်ကူးယဉ်မဆန်ရဘူး။ လက်တွေ့ကျရလိမ့်မယ်။ ဖို-မဆက်ဆံရေး အပြုအမူအတွက် ဘယ်စည်းကမ်း၊ ဘယ်သတ်မှတ်ချက်ဟာဖြင့် ကောင်းတယ်၊ မြတ်တယ်ရယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ခက်တာက လူ့ရဲ့ ဖို-မဆက်ဆံရေးဟာ တစ်စုံတစ်ခုသော စည်းကမ်းသတ်မှတ်ချက်များနဲ့ ထိန်းချုပ်မထားခဲ့ရင် လူဟာ တိရစ္ဆာန်အဖြစ် လျောကျသွားမှာပဲ။ ဒါဖြင့်ရင် အဲဒီစည်းလမ်းသတ်မှတ်ချက်တွေဟာ ဘယ်လို စည်းကမ်းသတ်မှတ်ချက်မျိုးတွေ ဖြစ်ရမလဲ။ လူကို အဟိတိရစ္တာန်နဲ့ အတူတူဖြစ်စေတဲ့ ဇီဝကမ္မ ဗေဒဆိုင်ရာ လုပ်ဆောင်ချက်တွေအနက် ခွအကျဆုံးဖြစ်တဲ့ ဖို-မဆက်ဆံရေး ကိစ္စကို လူ့ဂုဏ်သိက္ခမျိုးရှိအောင် လုပ်ပေးတဲ့၊ လုပ်ပေးနိုင်တယ်လို့ အသိအမှတ်ပြုထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေဖြစ်ဖို့လိုတယ်။
တွိုင်ဘီ - အီကေဒါ
ဆွေးနွေးခန်း
(မြသန်းတင့် - မောင်သာမည) စာမျက်နှာ ၁၁ မှ ၂၀ ထိ။ ။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 3:43 PM 11 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, သုတ ပန်းခင်း, အရောင်စုံ အတွေးများ . . . . .
Tuesday, December 4, 2007
Super Trains: Plans to Fix U.S. Rail Could End Road & Sky Gridlock
With airports and highways more congested than ever, new steel-wheel and maglev lines that move millions in Europe and Japan have the potential to resurrect the age of American railroads.
Unlike conventional diesel- and electric-powered trains, the motor for maglev trains is essentially embedded in the track. The track creates a traveling magnetic field beneath the train, which lifts the cars and propels them at 300-plus mph. The train’s on-board systems are powered by induction from the track. And only the section of track under the train is energized. (Illustration by Nathan Fariss)
http://www.popularmechanics.com/technology/transportation/4232548.html
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:15 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်
Wednesday, November 7, 2007
လိမ္မာခြင်းနှင့် မိုက်မဲခြင်း
အင်္ဂလိပ်ဗြူရိုကရက် အရာရှိများက “သခင်” အခေါ်ခံနေရချိန်၊ ၎င်းတို့အား “ဘုရား” ထူးနေရချိန်တွင် တို့ဗမာအစည်းအရုံးဝင်များက မိမိတို့၏ နာမည်ရှေ့တွင် သခင်-သခင်မ တပ်၍ ရေးသားကြ - ခေါ်ဝေါ်လာကြလေသည်။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော်လာကြလေသည်။ လာမည့်ဘေး ပြေးတွေ့ ဟူသည်မှာ တို့ဗမာအစည်းအရုံးကြီး၏ ရဲရဲတောက် ဆောင်ပုဒ်တခု ဖြစ်လေသည်။
““လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်း ကြံခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်း ဖြစ်ပါမူ၊ အို-..အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာမိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ။””
““ – ”” .. ၁၉၃၂-ခု၊ ဇန်နဝါရီလ ၂-ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်၊ အတွဲ-၇၊ အမှတ် ၃၊ တို့ဗမာ သတင်းစဉ် မှတ်တမ်းမှကောက်နှုတ်ချက်။
စာရေးဆရာ (ဦး) မောင်တင်ရွှေ ရေးသားတဲ့ “သခင်ကိုယ်တော်မှိုင်း” ၊ ပထမအကြိမ်၊ ၁၉၇၆-ခု၊ ဇန်နဝါရီလ။ စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာမှ မြန်မာ့လူငယ်များ၏ လွတ်လပ်မှုနှင့် မတရားမှုများကို တွန်းလှန်ရန်အတွက် စိတ်ဓါတ်ရေးရာ ခွန်အားဖြည့် စာသားများဖြစ်ဟန်တူသည်။ အဓိပ္ပါယ်ပြည့်ဝသော၊ ခွန်အားအပြည့်ပါသော စာများ၊ စကားများသည် ခေတ်ကာလ မည်သို့ပင် ပြောင်းစေကာမူ ရှင်သန်ဆဲဖြစ်လေ့ရှိသည်။ ယနေ့ ကျွန်တော်တို့ခေတ်တွင်လည်း ယခုစကားစုလေးသည် အဓိပ္ပါယ်ပြည့်ဝဆ၊ဲ ခွန်အားရှိဆဲ ဖြစ်နေသည်ဟု တွေးမိသဖြင့် မျှဝေလိုက်ပါကြောင်း။
သုခမိန်
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 11:21 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သမိုင်းထဲမှ ပန်းပွင့်များ, သုခမိန်, သုတ ပန်းခင်း
Sunday, November 4, 2007
Our World
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:04 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်
Thursday, November 1, 2007
Buddhabrot
Buddhabrot ဆိုတာက Mandelbrot Set ကိုအထူးပြုပြင်ထားတာပါ။
သူကို့ နည်းနည်းလေးလှည့်ကြည့်လိုက်ရင် ဗုဒ္ဓပုံတော်နဲ့ ခပ်ဆင်ဆင်တူလို့ အဲသလိုနာမည်ပေးလိုက်ကြတာပါ။
သင်္ချာတွေကလည်း ထူးဆန်းပါပေ့။
စာညွှန်းတယ်ပဲဆိုပါတော့။ ၀ီကီပီးဒီးယားမှာ ဖတ်လိုက်ရင် ရှင်းသွားမှာပါ။
ဒီမှာသွားဖတ်လိုက်ကြပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 12:01 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်
Tuesday, October 30, 2007
ချစ်မောင်၊ ဦး၊ ဂျာနယ်ကျော်။
ဦးချစ်မောင်သည် မြန်မာသက္ကရာဇ် ၁၂၉၂ (ခရစ်နှစ် ၁၉၃၀ ပြည့်) လောက်မှစ၍ ထင်ရှားလာသော သတင်းထောက်၊ သတင်းစာဆရာ၊ စာရေးဆရာနှင့် မျိုးချစ်ပုဂ္ဂိုလ်ကြီးအဖြစ် ထင်ရှားလာသည်။ ဂျာနယ်ကျော် သတင်းစဉ်ကို ထုတ်ဝေသဖြင့်လည်း “ဂျာနယ်ကျော်-ဦးချစ်မောင်”ဟု မြန်မာနိုင်ငံတဝန်းလုံး ပိုမိုထင်ရှားလာခဲ့သည်။
မောင်ချစ်မောင်သည် ငယ်စဉ်က လက်ပံတန်းမြို့တွင် ပညာသင်ကြားရသည်။ လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာအိုအောင်ထွန်းက ကျောင်းထားပေးသဖြင့် ၁၀ တန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့မှ ရန်ကုန်မြို့သို့ စာအုပ်ဝယ်ရန် ခေတ္တလာရောက်ရာမှ တစ်ခါတည်း မပြန်တော့ဘဲ နော်ရထာ သတင်းစာတိုက်တွင် ဝင်ရောက်အလုပ် လုပ်ကိုင်တော့သည်။
ထို့နောက် ဈေးနှုန်းသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက် များတွင် ဝင်ရောက်လုပ်ကိုင်သည်။ ကိုချစ်မောင်သည် ဉာဏ်ထက်မြက်သူဖြစ်၍ အလုပ်ကို မနားမနေ ကြိုးစားသည်။ စာကို အမြဲမပြတ် ဖတ်လေ့ရှိသည်။ ယင်းသို့ကြောင့်ပင် မြန်မာ့အလင်း သတင်းစာတိုက်တွင် ညအယ်ဒီတာဘဝမှ အယ်ဒီတာချုပ်အဖြစ်သို့ ရောက်အောင် အဆင့်ဆင့် တိုးတက်လာခဲ့သည်။ အယ်ဒီတာဘဝ မဖြစ်ခင် လန်ဒန်မှနေ၍ မြန်မာ့အလင်း သတင်းထောက်အဖြစ်ဖြင့် သတင်း၊ ဆောင်းပါးများကို ပို့ပေးသည်။ တိုင်းပြည်တိုင်း ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများကို တစေ့တစောင်း လေ့လာအကဲခတ် လာခဲ့သည်။ ဘဝ တိုးတက်ရေးအတွက်လည်း အင်္ဂလိပ်စာကို အချိန်ရှိသရွေ့ လေ့လာဆည်းပူးခဲ့သည်။
ဦးချစ်မောင်သည် မြန်မာ့အလင်းသတင်စာတွင် အယ်ဒီတာချုပ် အဖြစ်သို့ ရောက်လာသောအခါ မျိုးချစ်စိတ်အရင်းခံရှိပြီး ဖြစ်သည့်အတိုင်း နိုင်ငံအတွက် အကျိုးရှိမည့်အရေးကိစ္စများတွင် ရဲရဲရင့်ရင့် ရေးသား ဖော်ဖြလေ့ရှိသည်။ ထိုသို့ ရေးသားသဖြင့် လွတ်လပ်စွာ ရေးသားခွင့်အတွက် တိုက်ရှင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်၍ ၁၃၀၁ ခုနှစ် (ခရစ် ၁၉၃၉ ခုနှစ်)တွင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ခဲ့သည်။
ဦးချစ်မောင်သည် မြန်မာ့အလင်းသတင်းစာမှ နုတ်ထွက်ပြီးနောက် မိမိကိုယ်တိုင် ဦးစီး၍ ”ဂျာနယ်ကျော်” အမည်ဖြင့် သတင်းစဉ်တစ်စောင်ကို ထုတ်ဝေလိုက်သည်။ ယင်းဂျာနယ်ကျော် သတင်းစဉ်သည် နိုင်ငံရေး စစ်ရေးတို့ကို ပြတ်ပြတ်သားသား ပေါ်ပေါ်လွင်လွင် ဝေဖန်ရေးသားသဖြင့် အလွန် လူကြိုက်များလာသည်။ ဗြိတိလျှခေတ်တွင် တိုင်းပြည်လူထုကို မျိုးချစ်စိတ် ထက်သန်စေရန်နှင့် လွတ်လပ်ရေးဆန္ဒ ပြင်းထန်စေရန် အထူးတိုက်တွန်း ရေးသားခဲ့သည်။ ဆင်းရဲသားတို့၏ နစ်နာမှုများကိုလည်း အထူးတလည်တင်ပြကာ နယ်ချဲ့ဗြိတိလျှ အစိုးရအား ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။ ယင်းသို့ကြောင့်ပင် ဂျာနယ်ကျော် ဆိုသည့်အတိုင်း ကျော်ကြားထင်ရှား လူကြိုက်အများဆုံး ဖြစ်ခဲ့သော ဂျာနယ်တစ်စောင် ဖြစ်ခဲ့သည်။
ဦးချစ်မောင်သည် ”ရွှေလင်းယုန်” ကလောင်အမည်ဖြင့် ”ရှာရှာဖွေဖွေ” ”ကမ္ဘာကြီး ပျက်စီးလုနီးပြီလော” စသော စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ စိတ်နေစိတ်ထား ပြုပြင်ရေးအတွက် သင်ခန်းစာပေးသော ”သူ” အမည်ရှိ ဝတ္ထုတစ်ပုဒ်ရေးသဖြင့် လူကြိုက်အလွန်များခဲ့သည်။ ”မှိုင်းမှုံမှုံ” ဝတ္ထုကိုလည်း ဦးချစ်မောင်ပင် ရေးသားခဲ့သည်။
ဦးချစ်မောင်သည် ဂျပန်ခေတ်တွင် ဘိုကလေးမြို့သို့ ရှောင်ခွာနေခဲ့သည်။ ယင်းနောက်မှ ရန်ကုန်သို့ ပြန်လာကာ တော်လှန်ရေးလုပ်ငန်းများကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ ဗြိတိလျှ စစ်တပ်များ ပြန်ဝင်လာသောအခါ ခဏခေတ္တ ဖမ်းဆီးခြင်းခံရသေးသည်။ ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ၊ ဆ၊ ပ၊ လ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် အဓိကနေရာမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖ၊ ဆ၊ ပ၊ လ အစိုးရဖွဲ့စည်းရန်အတွက် ဘုရင်ခံသို့ တင်ပြတောင်းဆိုချက် စည်းကမ်းများကို ရေးဆွဲရာတွင် ဦးချစ်မောင်၏ အကြံဉာဏ်များစွာ ပါဝင်သည်။
ဦးချစ်မောင်သည် ထိုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၌ ဥက္ကဌအဖြစ် ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နေဆဲတွင် ရုတ်တရက် မကျန်းမမာဖြစ်ကာ ၁၃၀၇ ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက်နေ့၊ အသက်(၃၃) နှစ်အရွယ်တွင် ကွယ်လွန်သွားရှာသည်။ ဦးချစ်မောင်၏ အလောင်းကို ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ကြီးမှပင် ကြီးမှူး၍ ကြံတောသုသာန်တွင် သင်္ဂြီုလ်သည်။
ဦးချစ်မောင်၏ ဇနီးမှာ အမျိုးသမီး စာရေးဆရာမ နာမည်ကျော် ဂျာနယ်ကျော်မမလေး (ခေါ်) ဒေါ်မမလေးဖြစ်သည်။ ဦးချစ်မောင်တွင် သား ၂ ယောက်၊ သမီး ၁ ယောက် ကျန်ရစ်ခဲ့သည်။ ဦးချစ်မောင်၏ အတ္ထုပတ္တိကို သူ၏ဇနီး ဂျာနယ်ကျော် မမလေးက ”သူလိုလူ” ဟူသော စာအုပ်ဖြင့် မှတ်တမ်းတင်ခဲ့သည်။
စပယ်ဦး စာပေဖြန့်ချီရေးက ထုတ်တဲ့ တစ်ချိန်ကထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ - ရွှေဥသြ ပြုစုသည် ဆိုတဲ့စာအုပ်ထဲကပါ။ ဦးချစ်မောင်ဆိုပြီး စာအညွှန်းပါတာက မြန်မာ့စွယ်စုံကျမ်း အတွဲ ၂၊ ဒုတိယအကြိမ် ၁၉၇၃၊ စာမျက်နှာ ၄၀၄။ စာအုပ်ထဲမှာကတော့ ပုဂ္ဂိုလ်ကျော်တွေ အများကြီးပါ။ လောလောဆယ် Post တင်စရာကလဲမရှိ စာအုပ်ထဲက တစ်ချို့ အကြောင်းအရာတွေကို ဝေမျှချင်တာနဲ့ တင်လိုက်တာပါ။ နောက်ပြီး Blog ကလဲ ဂျာနယ်လို့ အမည်ရတယ်ကိုး။ သူငယ်ချင်းတစ်ယောက် ပြောသလိုပဲ Blog နဲ့မှပဲ စာရေးဆရာ ဖြစ်တော့တယ်လေ။ ဘာပဲပြောပြော ဖတ်လို့ကောင်းတဲ့ အကြောင်းအရာ ဖြစ်တယ်ဆို ကျေနပ်ရမှာ။ နောက်အဆင်ပြေရင် တခြားသူတွေ ကိုလဲ တင်အုံးမယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက တားမြစ် ထားသော... at 5:16 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုခမိန်, သုတ ပန်းခင်း