Thursday, July 31, 2008

ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။


ဘလော့ဆိုတာ လူရွယ်၊လူလတ်တွေ အဖတ်များကြပါတယ်။ ဘလော့ဂ်ဖတ်သူအချို့ ကလေးပုံပြင်တွေဖတ်ရမှာ ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒီဘလော့ဂ်မှာ ကလေးပုံပြင်တွေ တင်ထားတာ ဆိုပေမယ့်လည်း ပုံပြင်လေးတွေကို ကိုယ့်တူလေးတွေ၊ တူမလေးတွေ၊ ကိုယ့်သားသမီးတွေကို ပြန်ပြောမယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ။
ဂျပန်ပုံပြင်ဒုတိယတပုဒ်ကို ထပ်မံဘာသာပြန်ဖော်ပြလိုက်ပါတယ်။

ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။


ဟိုးရှေးရှေးတုန်း နဂါးတိုင်းပြည်က နဂါးဘုရင်ကြီးရဲ့ မိဖုရားကြီးက ကလေးမွေးဖို့နီးလာတဲ့အခါမှာ မိဖုရားကြီးက မျောက်အသည်းကိုစားချင်တဲ့ ချင်ခြင်းဖြစ်မိသတဲ့။ ဘုရင်ကြီးက မိဖုရားကြီးအလိုကို ဖြည့်စီးပေးချင်တော့ သူ့ရဲ့သစ္စာခံ ပင်လယ်လိပ်ကြီးကိုခေါ်ပြီး ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းကောင်းမေးမြန်းတော်မူရှာတယ်။



ပင်လယ်လိပ်ကြီးကလည်း ဥာဏ်အလွန်ထက်ပါတယ်။ သူ ဂျပန်ကျွန်းကိုအလာ ပင်လယ်ကမ်းခြေနားက တောင်တန်းမှာ မျောက်တစ်ကောင် ကစားနေတာကိုတွေ့လိုက်တယ်။
- "မျောက်ကြီးခင်ဗျာ၊ နဂါးနန်းတော်ကို ဧည့်သည်အဖြစ်မသွားလိုဘူးလား"
- "အဲဒီအရပ်မှာ တောတောင်တွေက လှပသလို၊ စားဖွယ်တွေကလည်း စုံလင်လှပါတယ်။ အသင်သာ သွားလိုတယ်ဆိုရင်ဖြင့် ကျွန်ုပ်ကျောကုန်းပေါ်သာ တက်၍လိုက်လာခဲ့ပါ" ဆိုပြီး လိပ်ကြီးက သူ့ရဲ့ကျောကုန်းကြီးကို ပုတ်ပြရင်းပြောတယ်။

သံသယအလျင်းမရှိတဲ့ မျောက်ကြီးဟာ လိပ်ကြီးရဲ့စကားတွေကို ယုံပြီး၊ နဂါးတို့တိုင်းပြည်ကို စိတ်နှလုံးပျော်မွှေ့စွာ လိုက်လာခဲ့ပါတယ်။ သူ နန်းတော်ကို တကယ်ရောက်တဲ့အခါ သူအရင်ကကြားဖူးထားတာထက် ပိုပြီး ခမ်းနားနေတာကို တွေ့ရပါတယ်။

နန်းတော်အဝင်ဝပေါက်ကြီးမှာ မျောက်ကြီးက လိပ်ကြီးကို စောင့်နေတုန်း၊ တံခါးမှုး ဂျယ်လီငါးက မျောက်ကြီးရဲ့မျက်နှာကိုကြီးပြီး တဟားဟားရယ်ပါတော့တယ်။
- " မျောက်ကြီး ခင်ဗျာတကယ်ကို မသိတာလားဗျ။ မိဖုရားကြီးက ကလေးမွေးခါနီး မျောက်အသည်းကို စားချင်တယ်လို့ ချင်ခြင်းတပ်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားကို ဧည့်သည်တော်အနေနဲ့ ဖိတ်တာဖြစ်ပါလိမ့်မယ်။"လို့ဂျယ်လီငါးက ပြောလိုက်တယ်။

- " ဒီလိုကြီးတော့ မဖြစ်သေးဘူး။" - ကြောက်လန့်သွားတဲ့ မျောက်ကြီးက တွေးလိုက်တယ်။ သူကလည်း သိပ်တော်တဲ့သူဆိုတော့ ဘာကိုမှ မသိသလိုနဲ့ လိပ်ကြီးကို စောင့်နေလိုက်တယ်။
လိပ်ကြီး ရောက်လာတော့ - " ဒီလမ်းအတိုင်းသွားမယ်ဟေ့" - လို့ပြောပါတယ်။
- " လိပ်ကြီး ခင်ဗျာ"
မျောက်ကပြောလိုက်တယ်။
- " ကျနော် အမှားတခုလုပ်ခဲ့မိပါတယ်။ အခုလို ရာသီဥတုသာယာမယ်ဆိုတာကို ကြိုသိရင် ကျနော့်ရဲ့ အသည်းကို ဒီကို ယူလာပါတယ်။ အခုတော့ တောင်ပေါ်က သစ်ပင်ပေါ်မှာ ကျနော့်အသည်းကို အခြောက်လှမ်းဖို့ ချိတ်ထားခဲ့ပါတယ်။ မိုးရွာမယ်ဆိုရင် အသည်းတော့ မိုးစိုတော့မယ်ဆိုပြီး စိတ်ပူမိပါတယ်"

- " ဘယ်လို ..... ဘယ်လို .... ဘယ်လိုဖြစ်တာလဲကွ။ အသည်းကို ထုတ်ပြီး နေလှန်းခဲ့တယ်၊ ဟုတ်လား"
လိပ်ကြီးက အော်ပြောလိုက်တယ်။
- " ဒီတော့လည်းကွာ တခေါက်ပြန်ပြီး အသည်းကိုသွားယူရမှာပေါ့"

လိပ်ကြီးလည်း မျောက်ကို ကျောကုန်းကြီးပေါ်တင်ပြီး ကမ်းခြေဆီကို ပြန်လာခဲ့ရတယ်။ ကမ်းခြေကို ရောက်ရောက်ခြင်းပဲ မျောက်ကြီးက လိပ်ကြီးကျောကုန်းပေါ်ကနေ လျင်လျင်မြန်မြန်ခုန်ဆင်းပြီး အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ပြေးပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဘာမှမဖြစ်သလိုကြည့်လိုက်သေးတယ်။

- " မျောက်အိုကြီး ဘယ်လိုလုပ်တာလဲကွ" ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ လိပ်ကြီးက လှမ်းအော်လိုက်ပါတယ်။

မျောက်ကြီးက ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တယ်။
- " ပင်လယ်ထဲမှာ တောင်တန်းတွေနိုင်မရှိဘူး၊ ခန္ဓာကိုယ်အပြင်ဘက်မှာ အသည်းမရှိနိုင်ဘူး"

ပင်လယ်လိပ်ကြီး နန်းတော်ကို ပြန်ရောက်တဲ့အခါမှာ နဂါးမင်းကြီးကို တင်လျှောက်ရပါတယ်။
-" တံခါးဝမှာ မျောက်ကြီး နန်းတွင်းထဲ ဝင်ဖို့စောင့်နေတုန်း စကားအလွန်ပေါတဲ့ ဂျယ်လီငါးက အကြောင်းစုံကို ပြောလိုက်တာဖြစ်ပါတယ်"
- "စည်းမစောင့်တဲ့သူပဲ၊ သူ့အကြေးခွံတွေကို အကုန်ခွာလိုက်၊ ပြီး အရိုးတွေလည်း အကုန်ထုတ်ပစ်လိုက်ကြစမ်း"လို့ နဂါးဘုရင်ကြီးက အမိန့်ပေးလိုက်ပါတယ်။

စကားတွေ ဟိုပြောဒီပြော လုပ်လွန်းလို့ ဘုရင်ကြီးက အပြစ်ပေးလိုက်တာကြောင့် ဂျယ်လီငါးတွေက အခုခေတ်မှာ မြင်ရသလို အရိုးမရှိတဲ့ပုံစံဖြစ်နေတာပါ။
******

ဂျယ်လီငါးဆိုတာ ဒီပုံထဲကလို ငါးလေးဖြစ်ကြောင်း ကလေးတွေကို ပုံကလေးကိုပြရင်း ဒီပုံပြင်လေးပြောပြပြီး အခြားလူများရဲ့စကားတွေကို ကိုယ်နဲ့မဆိုင်ဘဲ ဟိုပြန်ပြော၊ ဒီပြန်ပြောမလုပ်ဖို့ ကလေးတွေကို သင်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျာ။


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, July 30, 2008

ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။


ပုံပြင်တွေ ဖတ်ချင်လို့ ကျနော်အင်တာနက်မှာရှာပါတယ်။ အခု ဂျပန်ပုံပြင်စာအုပ်ကလေးကို တွေ့တော့ ဒီဘလော့ဂ်ပေါ်မှာ (တခါတင်ရင် ၁ပုဒ် လောက်ဖြစ်ဖြစ်၊ ၂ ပုဒ်လောက်ဖြစ်ဖြစ်) ဘာသာပြန်ပြီး တင်ပါဦးမယ်။ ပုံပြင်ကို ကလေးကတည်းက နားထောင်ခဲ့ရတဲ့သူတွေ များကြမယ်ထင်ပါရဲ့။ နောက်ပိုင်းကာလတွေမှာ မိဘတွေက စီးပွားရေးကို အားထည့်လုပ်နေရတော့ ကလေးတွေကို ပုံပြင်ပြောပြကြတာတွေ နည်းသွားကြပြီးလား။ အဖိုးအဖွားတွေနဲ့ အတူနေခဲ့ရတဲ့သူတွေတော့ ပုံပြင်ကောင်းကောင်းတွေ နားထောင်ကောင်းနားခဲ့ရမှာပါ။ မြန်မာပြည်မှာရော ကလေးတွေအတွက် ကလေးစာပေတွေ အဆင်ပြေပြေရောထွက်နိုင်ကြသေးလား။ ထွက်လာတဲ့ ကလေးစာပေတွေရော မိဘတွေက ကလေးတွေကို ဝယ်ပေးနိုင်ကြတဲ့ အင်အားတွေရော ရှိကြသေးလား ကျနော် အသေအချာမသိပါဘူး။ စာပေဆိုတာ ဇိမ်ခံအရာများဖြစ်နေပြီလား။ အခုလောလောဆယ် ကျနော်ဖတ်မိတာတွေကို ဝေမျှပါဦးမယ်။



ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။


ဟိုးရှေးရှေးတုန်းက မျောက်အမြီးဆိုတာ ပေ ၂၀၀ လောက်ရှည်သတဲ့။ ဝက်ဝံတစ်ကောင်က ဥာဏ်များလို့ မျောက်မြီးက တိုသွားရတာပါ။
တစ်နေ့မှာ မျောက်က ဝက်ဝံကို မေးတယ်
- "ငါးတွေ များများမိအောင် ဘယ်လိုဖမ်းရမလဲကွာ"
စကားပြောဆိုပြီးတော့ ဝက်ဝံက အကြံပေးလိုက်တယ်။
- " ဒီလို ချမ်းအေးလှတဲ့ညမျိုးမှာ ကျောက်တုံးပေါ်ထိုင်ကွာ၊ ပြီး မြစ်ရေနက်နက်ထဲကို မင်းရဲ့အမြီးကို ရေထဲချလိုက်။ ငါးအမျိုးအစားအစုံက လာပြီး မင်းရဲ့အမြီးကို လာပြီးတွယ်ကပ်ကြလိမ့်မယ်။"
မျောက်ကလည်း ပြောတဲ့အတိုင်းလိုက်လုပ်တာပါပဲ။ ညနက်လာလေ သူ့အမြီးက ပိုပြီး လေးလံလာတယ်။ ရေတွေအေးခဲလာလို့ လေးလံလာတာကို မျောက်က ငါးတွေအများကြီးတော့ သူ့အမြီးမှာ မိနေပြီလို့ထင်မိတယ်။
-" ဒီလောက်ဆို လုံလောက်ပြီ" - နောက်ဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။
- " သိပ်အေးလာပြီဆိုတော့ အိမ်ကို ပြန်သင့်ပြီ။"
သူ့အမြီးကိုဆွဲတင်ပေမယ့်၊ အမြီးက ရေထဲကနေအပေါ်ကို ထွက်ပေါ်မလာပါဘူး။
- " ကြောက်စရာကြီးဗျ" လို့ လူးလိမ့်ပြီး သူအော်လိုက်တယ်။ သူအားကုန်ဆွဲထုတ်လိုက်တော့ အမြီးက အရင်းကနေပြက်သွားတယ်။
မျောက်က ကြောက်အားလန့်အားနဲ့ သူ့အမြီးကို ဆွဲချလိုက်လို့ နာလွန်းတာကြောင့် သူ့မျက်နှာကြီးက နီနေတာလို့ လူတွေကပြောကြပါတယ်။

***
ဒီပုံပြင်ကလေးပြောပြပြီးတော့ ကလေးတွေကို သူများပြောတိုင်းမယုံရဘဲ၊ ကိုယ့်ဥာဏ်နဲ့ ချင့်ချိန်ယုံတတ်ဖို့ သင်ပေးရမယ်လို့ ကျနော်တော့ မြင်မိပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, July 29, 2008

The sound of youth.


ငါတို့ခေတ်နှင့် အပြိုင်။

လူငယ်တွေအကြောင်း ပြောကြမယ်ဟေ့ လို့တော့ မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ စာအုပ်တအုပ် ဖတ်ရင်း ဖတ်နေတဲ့ စာအုပ်ရဲ့ နောက်ဆုံးနားမှာ စာအုပ်ကြေငြာတစ်ခု တွေ့တယ်။ ကြေငြာတားတဲ့စာအုပ်ကို ကျွန်တော်ကတော့ မဖတ်ဘူးပါဘူး။ ဖတ်ဖူးသူတွေရှိရင်လည်း အကြောင်းအရာလေးတွေကိုတော့ သိချင်သား၊ ပီဒ်ီအက်ဖ်နဲ့ ရှိနေရင်လည်း လိုချင်သား လို့တော့ တွေးမိပါတယ်။ စာအုပ်အကြောင်းလည်း သေချာမသိ၊ ဖတ်လည်းမဖတ်ဖူးပါဘူး။၊ ဒါပေမဲ့ ကျွန်တော်တို့ ဂျာနယ်လေးအတွက် မှတ်မှတ်ရရ ဒီကြေငြာလေးကို ကူးယူဖော်ပြချင်လောက်အောင် ကြိုက်သွားမိလို့ပါ။ ခေတ်တခေတ်ရဲ့ လိုအပ်နေတဲ့ လူငယ်တွေဖြစ်မယ်ထင်တယ်။ ပြောချင်တာက အဲဒီစာအုပ်ရေးသားချိန်၊ အဲဒီခေတ်မှာ စာရေးသူက သူလိုချင်တဲ့ သူဖြစ်စေချင်တဲ့ လူငယ်တွေအကြောင်းထင်ပါတယ်။ ကျွန်တော်ကလည်း မဆီမဆိုင် စဉ်းစားမိပါတယ်။




ဒါဟာ လူငယ့်အားမာန်၊ လူငယ်တွေမှာ ရှိသင့်တဲ့ စိတ်နေစိတ်ထား လို့ပါ။ ဘယ်လိုခေတ်မှာမဆို ဒီလိုလူငယ်တွေရှိနေရင်၊ ဒါမှမဟုတ် ရှိနေတဲ့တိုင်းပြည်တစ်ခုဟာ တိုးတက်လာမှာ အမှန်ပဲ။ ဒါဆိုရင်တော့ ဒီစာတွေဟာလည်း ခေတ်နဲ့ စနစ်ကိုကျော်ဖြတ်နိုင်ရမယ်။ ဘယ်လိုအခြေအနေမှာ၊ ဘယ်လိုခေတ်မှာပဲ ဖတ်လိုက်ရ ဖတ်လိုက်ရ လူငယ့်စိတ်ကို ဖမ်းစားနိုင်ရမယ်။ ဒီစာတွေဟာ လူငယ်ကြိုက်ဖြစ်ရမယ်။ အဲဒီလိုတွေးပါတယ်။

ကျွန်တော်တို့ရဲ့ စာဖတ်သူ၊ ဒီဘလော့ဂ်လေးကို အားပေးနေသူတွေဟာလည်း လူငယ်တွေပါပဲ။ တိုက်ရိုက်မဟုတ်တောင် ကိုယ့်ကိုကိုယ် လူငယ်လို့ ခံစားချက်ရှိသူတွေ ဖြစ်လိမ့်မယ်လို့ ထင်လိုက်တာ။ မမှားဘူးဆိုရင်တော့ ဒီစာလေးကို ကြိုက်ကြမှာပါ။ အယူအဆတစ်မျိုးရှိလို့ မကြိုက်ဘူးဆိုလည်း တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကြည့်သွားတယ်ဆိုရင် ဝေမျှလိုက်ရတာအတွက် ကြေနပ်ပါတယ်။

သုခမိန်။…..။
*******************************************************************
ငါတို့ခေတ်နှင့် အပြိုင်
(မင်းကျော်)

ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမဲ့ ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက်မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေမဟုတ်ဖူး။
ငါတို့မှာ ယုံကြည်ချက်ဆိုတာရှိတယ်။
ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။
ငါတို့မှာ အားမာန်နဲ့ သတ္တိလဲရှိတယ်။
ဒါကို ဒင်းတို့တတွေသိတယ်။
ဒါပေမဲ့ ဒင်းတို့က ငါတို့ကို တိရစ္ဆာန်တွေလို သဘောထားပြီး စော်ကားချင်ကြတယ်။ စော်ကားကြတယ်။
စဉ်းစားကြည့်ပါ။
အစော်ကားခံရလွန်းရင် နာကျည်းတတ်မြဲ မဟုတ်လား။
ဒေါသဆိုတာ နာကျည်းခြင်းမှာ အခြေခံတယ်။
X X X
တကယ်တော့ ဒို့ဟာ တိရစ္ဆာန်တွေမဟုတ်ဖူး။ ဒါပေမဲ့ ....

  • တချို့က ပုတ်သင်လိုခေါင်းညိတ်ပြီး၊ ရာသီအလိုက် အရောင်ပြောင်းနေကြတယ်။
  • တချို့ကျတော့ ဓါတ်ခွဲစမ်းသပ်ခန်းထဲက ဖားကလေး၊ ယုန်ကလေးတွေလို ငြိမ်ငြိမ်ကလေး အသေခံကြတယ်။
  • တချို့ကတော့လဲ မျောက်သင်းကွဲတွေလိုပဲ။
  • တချို့ကိုတော့ မုဆိုးလမ်းပြ တောလိုက်ခွေးတွေလို့ ဆိုချင်တယ်။
  • တချို့က ခြင်္သေ့ရေခြုံထားတဲ့ မြည်းတွေ။
  • တချို့က အမြီးဖြတ်ဖို့ အဖော်ညှိတဲ့ မြေခွေးတွေလဲ ရှိသေးရဲ့။
  • ဥပုသ်စောင့်ပြီး သက်သတ်လွတ် စားတယ်ဆိုတဲ့ ကျားငစဉ်းလဲ တွေလဲ အများကြီးဘဲ။

ဘာပဲဖြစ်ဖြစ် ဒီအပိုင်းကို တပိုင်းတကဏ္ဍ ထားရမယ်။

ငါတို့တတွေဟာ -
အားမာန်ကို အားမာန်ချင်း၊ သတ္တိကို သတ္တိချင်း၊ ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း၊ မျှော်လင့်ချက်ကို မျှော်လင့်ချက်ချင်း အားပြိုင်တိုက်ခိုက်ကြရလိမ့်မယ်။

အဲဒီလို တိုက်ခိုက်ရင်း တွေ့ကြုံရမယ့် -
လူတန်းစား ပြဿနာတို့၊ ဘဝရပ်တည်မှု ပြဿနာတို့၊ အသည်းနှလုံး ပြဿနာတို့ စတဲ့ အထွေထွေ အတွေ့အကြုံတွေကို ငါတို့တတွေ မတုန်မလှုပ် ရင်ဆိုင်ရလိမ့်မယ်။ ဒါတွေအတွက် ငါတို့နောက်ဆံမတင်း မျက်ရည်မကျစတမ်းနဲ့ …

ငါတို့ရဲ့တိုက်ပွဲကို ငါတို့ဆင်နွှဲရလိမ့်မယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, July 22, 2008

The Leader of Myanmar




"...နေသောင်းထောင် အရောင်မညိုးသလိုပ
ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နှင့်......"


“၁၉ဇူလိုင်ပြီးလျှင်…..”



ဒီ ဇူလိုင် နှင့် ကျနော်တို့ မြန်မာ့သမိုင်းက မစိမ်းခဲ့ပါဘူး။ လွန်ခဲ့သော ၁၉ဇူလိုင်ပြီးလျှင် ယခု ၂၃ဇူလိုင်ပါ။ ဒါပေမဲ့ ဒီ၂၃ဇူလိုင် ကိုတော့ သိတဲ့သူနဲပါတယ်။ ဒီ၂၃ဇူလိုင်နှင့် ပတ်သတ်နေသော ပုဂ္ဂိုလ်ကတော့ ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’ ပါ။ ကျနော်တို့ မြန်မာ့ သမိုင်းမှာ သူ့အကြောင်းသာ မပါခဲ့လျှင် မြန်မာ့ သမိုင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မှာပါ..။ဘာကြောင့် ပြောနိုင်သလဲ ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ “လွတ်လပ်ရေးရဲ့ ဖခင်ကြီး” “အမျိုးသား ခေါင်းဆောင်ကြီး” “တပ်မတော်ရဲ့ ဖခင်ကြီး” လို့ အမြဲတမ်း ဂုဏ်ပုဒ်တွေ အတတ်ခံရသော အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တောင် နိုင်ငံရေး အတွေးအခေါ်တွေနဲ့ ပတ်သတ်လာလျှင် ဆရာကြီးရဲ့ အရှိန်အဝါ အောက်က မလွတ်ခဲ့ပါဘူး။ စာဖတ်သူတို့ လဲ သိတဲ့အတိုင်း ဆရာကြီး ဟာ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အင်မတန် ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးနဲ့ ပက်သတ်လာလျှင် “အမျိုးသားစာဆို ဆရာကြီးသခင် ကိုယ်တော်မှိုင်း” “ခေတ်ပေါ်ကဗျာ ခေါင်းဆောင်ကြီး” “အမျိုးသားညီညွတ်ရေး ဗိသုကာ” “လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်” “ငြိမ်းချမ်းရေးဖခင်ကြီး” “တက္ကသိုလ်ရဲ့ ဖွားဘက်တော်” အစသဖြင့် အမျိုးမျိုးသော ဂုဏ်ပုဒ်တွေ ကလဲ တပ်လို့ မကုန်နိုင်ပါဘူး..။ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကို ၁၈၇၆ မတ်လ ၂၃ရက်(ကြာသပတေး)နေ့ တွင် အဖဦးစံထွန်း၊အမိဒေါ်အုန်းတို့က ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ဝါးလည်ရွာတွင် မွေးဖွားခဲ့ပြီး၊ ၁၉၆၄ ဇူလိုင်လ ၂၃ရက်(ကြာသပတေး)နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။ ယခုဆိုလျှင် ဆရာကြီး ဆုံးသွားတာ ၄၄နှစ်ပြည့်သွားပါပြီ…။ ဆရာကြီး ကိုလွမ်းဆွတ် သတိရသောအားဖြင့်…. ဆရာဇော်ဂျီ ရေးသားသော ရသစာပေ နိဒါန်း စာအုပ်မှ… အပိုင်းအစလေး ကို ဖော်ပြပါရစေ..။
နိုင်ငံရေးသမားတို့သည် ဆရာကြီးကို မည်ကဲ့သို့ မြင်ကြမည်ကို မခန့်မှန်းတတ်ပါ။ ကျွန်တော်တို့ စာပေသမားများကမူ ဆရာကြီးကို လူပဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် သီလသမာဓိပညာနှင့် ပြည့်စုံ၍ု ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော စာဆိုဟူ၍ လည်းကောင်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးဖြစ်သော စာဆိုဟူ၍ လည်ကောင်း တန်ဖိုးထားချင် ပါသည်။ကျွန်တော်တို့ ခေတ်တွင်သာမက နောင်လာမည့် ခေတ်အဆက်ဆက် တိုင် တန်ဖိုးထားကြလိမ့်မည်လို့ ဆိုရဲပါသည်။
၁၉၁၈ခုနှစ်လောက်ကစပြီး ၁၉၅၃လောက်အထိ အနှစ်နှစ်ဆယ်နီးပါး ကဗျာဆိုခဲ့သော ဆရာကြီးသည် အာရှတိုက်၌ ယခုတိုင်သတင်းမွှေးနေသော အိန္ဒိယစာဆို တဂိုးနှင့် လည်းကောင်း၊ တရုတ်ဝတ္ထုရေးဆရာ လူရွှန်းနှင့်လည်းကောင်း တူပါသည်ဟု ယူချင်ပါသည်..။တူပုံမှာ တဂိုး၏ကဗျာများသည် အိန္ဒိယ ပြည်သူလူထု မျက်စေ့ ပွင့်ရေးအတွက် လည်းကောင်း၊လူရွှန်း၏ ဝတ္ထုများသည် တရုတ်ပြည်သူလူထုအတွက် မျက်စေ့ ပွင့်ရေးအတွက်လည်းကောင်း၊ အခြေခံဖြစ်ခဲ့ကြသကဲ့သို့ ၊ ဆရာကြီး၏ ကဗျာများသည်လည်း မြန်မာတိုင်းရင်းသား ပြည်သူလူထု မျက်စေ့ပွင့်ရေးအတွက် အခြေခံ ဖြစ်ခဲ့သည်ဟု ယူပါသည်.။ ထိုခေတ်ထိုအခါက အိန္ဒိယသည် ဗြိတိသျှ နယ်ချဲ့၏ စိုးမိုးမူ့ကိုခံနေရသည် ဖြစ်ရာအိန္ဒိယတို့၏ ဇာတိမာန်သည် ကျဆုံးလျှက်ရှိ၏။ ထိုသို့ ဖြစ်ရသည်မှာ အိန္ဒိယ၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှုတို့ကို အထင်သေးနေခြင်းတည်းဟူသော အပြစ်ကြောင့် ဖြစ်သည်ဟု တဂိုးက မြင်သည်။ ထိုအပြစ်ရှိနေသမျှ ကာလပတ်လုံး ဇာတိမာန်မရှိနိုင်၊ ဇာတိမာန်မရှိလျှင် အိန္ဒိယလွတ်လပ်ရေး အတွက် ကြိုးပမ်းချင်စိတ်မရှိနိုင်ဟုလည်း တဂိုးကမြင်သည်။ ထို့ကြောင့် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို အခြေခံပြုလျှက် ဂီတဉ္စလီ စသော ကဗျာတို့ကို ရေးသားခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကို နှိုးဆော်ပေးခဲ့သည်။
တဖန် တရုတ်ပြည်သည် လွတ်လပ်သောနိုင်ငံဖြစ်နေသော်လည်း၊စီးပွးရေးအားဖြင့် သော်လည်းကောင်း၊ လူမှုရေးအားဖြင့် သော်လည်းကောင်း၊ ဥရောပ နယ်ချဲ့နှင့် ပြည်တွင်း ဧကရာဇ်၊ ပဒေသရာဇ်တို့၏ ဒဏ်ကိုခေါင်းငုံ့၍ ခံနေရသည်။ ထိုသို့ဖြစ်ရသည်မှာ အထက်တန်းလွှာတို့၌ စည်းစိမ်ယစ်မူးနေကြခြင်း အပြစ်ကြောင့် လည်းကောင်း၊ ၊ပြည်သူလူထု၌ အကြိုးမပြု ခေတ်မမှီတော့သော အစဉ်အလာ အယူအဆအချို့ကို မပြောင်းလဲ ချင်ကြသောကြောင့်လည်းကောင်း ဖြစ်သည်ဟု လူရွှန်းမြင်သည်။ ထိုအပြစ်တို့ ရှိနေသမျှ ကာလပတ်လုံး တရုတ်ပြည်သည် ဥရောပနယ်ချဲ့ ၊ ပြည်တွင်း ဧကရာဇ် ပဒေသရာဇ် တို့၏ ဒဏ်ကို တွန်းလှန်ခြင်းမပြုနိုင်။ တွန်းလှန်ခြင်းမပြုနိုင်လျှင် တိုးတက်ခြင်းမရှိနိုင်ဟုလည်း လူရွှန်းမြင်သည်။ ထို့ကြောင့် လူရွှန်းသည် ထို အပြစ်တို့ကို ပြည်သူလူထုက မြင်လာ၍ ရှုတ်ချချင်ကြအောင် ၊ စွန့်ချင်ကြအောင်၊ ထိုအပြစ်တို့ကို ရှုတ်ချ၍လည်းကောင်း၊ သရော်၍လည်းကောင်း၊ ဝတ္ထုတစ်မျိုး၊ ဆောင်းပါးတစ်ဖုံရေးကာ ပြည်သူလူထု၏ မျက်စိဖွင့်ကိုပေးခဲ့သည်..။
မြန်မာပြည်သည်လည်း ထိုခေတ် ထိုအခါကသော် အိန္ဒိယနှင့် တလှေတည်း စီး တစ်ခရီးတည်း သွားနေသော တိုင်းပြည်ပင်ဖြစ်ရာ အိန္ဒိယမှာကဲ့သို့ပင် မြန်မာ့ဇာတိမာန် သည် ကျဆုံးခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာပြည်၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှု၊ တို့ကို အထင်သေးနေကြခြင်းကြောင့် တည်းဟူသော အပြစ် ကြောင့် ဖြစ်ရသည်ဟု အိန္ဒိယ၌ တဂိုးမြင်သလို မြန်မာပြည်၌လည်း ဆရာကြီး ပြတ်ပြတ်သားသား မြင်ခဲ့သည်။ ထိုအပြစ်ကို ပွဲဦးထွက် လုပ်ငန်းတစ်ရပ် အဖြစ်ဖြင့် ချေဖျက်နိုင်မှသာ မြန်မာပြည်၏ လွတ်လပ်ရေးလမ်းစဉ် ဖြောင့်ဖြူးမည်ဟု လည်း ဆရာကြီး ကောင်းစွာသဘောပေါက် ခဲ့သည်။ အိန္ဒိယတွင် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံကတုတ်ပြုကာ အိန္ဒိယဇာတိမာန် ကျဆုံးမှုကို တိုက်ဖျက်ခဲ့သည်.။ မြန်မာပြည်၌ကား ဆရာကြီးသည် အတိတ်မြန်မာ့ ရာဇဝင်မှ မြန်မာ့ ဂုဏ်ရည် အစိတ်အပိုင်းကို ပဓာနအားဖြင့် ခံကတုတ်ပြုကာ မြန်မာ့ဇာတိမာန် ကျဆုံးမှု ကို တိုက်ဖျက်ခဲ့သည်။ ၁၉၁၃ ခုနှစ်၊ ဗိုလ်ဋီကာ ဆောင်းပါးများကို ရေးသည်မှ အစပြု့၍ မှာတော်ပုံဝတ္ထု၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ မျောက်ဂဏ္ဍိ၊ ခွေးဋီကာ၊ သခင်ဋီကာတို့ကို ဆက်တိုက် ရေးကာ ရာဇဝင်နီတိ ဆောင်းပါးများ ကိုရေးသည်အထိ ယုံယုံ ကြည်ကြည် တိုက်ပွဲဝင်၍ မြန်မာတိုင်းရင်းသား ပြည်သူတို့ ၏ မျက်စိကို ဖွင့်ပေးခဲ့ သည်.။
သူ့စာတွင် ‘ ဘမရာပလ္လင် သောင်းမြေ့ပဟိုရ်နှင့် ကြငှန်းဆီက၊ သမ္ဘာမထင် ဒေါင်းငွေ့ညိုသနဲ့ သန်းပေမဲ့၊ ရာဇဝင် ကောင်းပေ့ဆိုတဲ့ အခန်းတွေနှင့် သိမ်ဦးရွာတောင် မှာ စိန်ခြူးကြာညောင်နဲ့ လွမ်းချိန်မို့ ၊ ဆရာအရှင်မှာ ရာဇဝင်နဲ့ ထမ်းရပေမပေါ့’ ဟု ဆရာကြီး ကိုယ်တိုင် အတိအလင်း ကြွေးကြော်ခဲ့ သည်ကို ထောက်ခြင်းအားဖြင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ၌ အတိတ်ကမြန်မာရာဇဝင် မှ မြန်မာ့ဂုဏ်ရည် ခံကတုတ်ကို ဆရာကြီး အသုံးပြုမည်ဖြစ်ကြောင်း ဆရာကြီး သန္နိဋ္ဌာန်ချခဲ့ကြောင်းကို သိနိုင်သည်။
ထိုခေတ်အခါ က တေးကဗျာတို့၏ စကားအသိမ်အမွေ့ ၊ အယဉ်အကျေး အနုအနွဲ့ ပလီပလာ တီတီတာတာ သက်သက်တို့ ၌သာ မိန်းမောနေကြသော အခြားကဗျာ ဆရာအချို့ သည်လည်းကောင်း ကျမ်းဂန်စာပေများထဲ ၌သာ ပါပြီးသားဖြစ်သော အသိပေးစကား သက်သက်တို့ ကိုသာ ချွတ်စွပ် ဖောက်သည်ချကာ ခံညားထည်ဝါနေကြသော စာရေးဆရာ အချို့သည် လည်းကောင်း၊ ဆရာကြီး၏ ကဗျာများကို ပေါ့ပေါ့ တန်တန်မျှထင်မှတ်ခဲ့ ကြသည်။ အချို့သည် အကာကိုပင် အနှစ်ထင်နေ၍ အပြစ်တင်လွဲခဲ့ကြသေးသည်.။ ဥပမာ- ဆရာကြီး သည် မိမိရေးလေ့ရှိ သော မန်ကျည်းရွက်သတ် နဘေထပ်လေးချိုးရှည်များကို မဟာကဗျာ လေးချိုးကြီး ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ သော လေးချိုးအစပ်များသည် ထိုအခါ ကသော် ဇတ်ပွဲ၊ ရုပ်သေးပွဲတို့၌ ငိုချင်းအတွက် သုံးစွဲသော အစပ်မျိုး ဖြစ်သည်.။ ထိုအခါ ထိုအချိုးထဲကမှ ‘တေးမျိုး အပြီး မသာမယာကို လေးချိုးကြီး မဟာကဗျာ ရယ်လို့ ခေါ်ရက်လေခြင်းဟု’ ကဲ့ရဲ့ သူများပေါ်ခဲ့သည်..။ထိုသူတိုသည် ဆရာကြီး၏ ကဗျာဥာဏ် တန်ဖိုးအစစ်အမှန်ကို မမြင်ခဲ့ပေ။ နာမ ပညတ်လောက်ကိုသာ ရေးကြီးခွင့်ကျယ် မြင်ခဲ့ကြသည်ဟု ထင်မိသည်။ အနုပ်မက်၍ အခွက်ပျက်ရသော သဘောမျိုး နှင့်တူသည်။
ထိုခေတ်ထိုအခါက ထိုသို့ မြင်တတ်ကြ၍ ထိုသို့ ပေါ့ပေါ့ တန်တန် မှတ်ထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ယခုခေတ် ယခုအခါ၌ပင် ဆရာကြီး၏ ကဗျာဥာဏ်တန်ဖိုးကို မြင်တတ်အောင် အားမထုတ်လိုကြသော စာသင်ဆရာ ပညာရှိ အခေါ်ခံသူ အချို့ အစိတ်အပိုင်း၌ ဆိုခဲ့သော အယူအဆမျိုးနှင့် အမှတ်အထင်တို့ ရှိနေကြသေးသည်ကို တွေ့နေလျှက် ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ထိုခေတ်ထိုအခါကပင် သူ့စိတ်ကိုသူ သိပြီးဖြစ်သဖြင့် မသိသူ၊ တန်ဖိုးမဖြတ်တတ်သောသူတို့၏ အဆိုအမိန့် အသေးအဖွဲတို့ကို သူ့စကား အစစ်ဖြင့် ၊နှစ်သက်ဖွယ်ဖြစ်အောင် မမှိတ်မသုန် ရေးချယ်ခဲ့သည်။ ထိုသို့ ရေးခဲသောကြောင့် မြန်မာပြည်သူလူထုသည် ဆရာကြီး၏ ကဗျာတို့ မှာတဆင့် အတိတ်မြန်မာ ရာဇဝင် အဖြစ်အပျက်များတွင် ချီးကျူးသင့်သည်ကို ချီးကျူးလာတတ်သော ပညာကိုလည်းကောင်း၊ ကရုဏာဖြစ်သင့်သည်ကို ဂရုဏာဖြစ်လာတတ်သော ပညာကိုလည်းကောင်း၊ အားတတ်သင့်သည်ကို အားတတ်လာသော ပညာကိုလည်းကောင်း၊ နှမြောသင့်သည်ကို နှမြောတတ်လာတတ်သော ပညာကိုလည်းကောင်း၊ တတ်မြောက်လာကြ၍ မီးခဲပြာဖုံး၊ ဇာတိမာန်စိတ်ဓါတ်ကို ပြန်လည်ရရှိလာသည်ဟု ယူပါသည်.။ ပုဂံခေတ်ဘွဲ့၊ အင်းဝခေတ်ဘွဲ့၊ တပင်ရွှေထီးဘွဲ့၊ တောင်ငူရာဇာဘွဲ့၊ အလောင်းမင်းတရားဘွဲ့၊ မင်းတုန်းမင်းဘွဲ့၊ ဗိုလ်လရောင်ဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့၊ စသည်တို့သည် ဇာတိမာန် စိတ်ဓါတ်အတွက် မရိုးနိုင်သော စာများဖြစ်သည်..။
အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် ယူပေးခဲ့သည်မှာမှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ်ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏၊ သိုရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြေင့် ဖြစ်သည်..ဟု ယူဆပါသတည်း။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ..ကွယ်လွန်ခြင်း ၄၄နှစ်ပြည့်ကို လွမ်းဆွတ်တမ်းတ သောအားဖြင့်……..မျှဝေလိုက် ရပါသည်..။


အိမ်လွမ်းသူ


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 20, 2008

“ ပေးဆပ်သူတို့ နှလုံးသား ”


အချိန်အားဖြင့် အရှေ့ကောင်းကင်ပြင်မှာ လင်းအာရုဏ်၏ ရှေ့တော်ပြေး ရောင်နီဦးဟာ နုရာမှသည် ရင့်ရာသို့ တဖြေးဖြေး ပြောင်းလဲလျှက်ရှိနေပါတယ်…..။ ညလုပ်သား ညဉ့်ငှက်တွေက လည်း အိပ်တန်းဆီကို ခြေဦးလှည့်ဖို့ကြိုးစားနေကြတဲ့ အချိန်ပေါ့ ။ လင်းကြက်တို့ရဲ့ တွန်သံသည်လဲ စဲစပြုနေပြီလေ..။ နောက်ပြီး မိုးရိပ် မိုးငွေ့လေးတွေ ဆွတ်ဖျန်းထားတဲ့ နံနက်အာရုဏ်၏ လေပြေညှင်းလေးကလည်း အေးမြခြင်း၊ နုညံ့ခြင်း၊ သာယာခြင်းတွေကို ဆောင်ကျဉ်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား တိုးတိတ်ညင်သာစွာ တိုးဝှေ့ရင်း လူးလွန့်တိုက်ခက်လျှက် ရှိနေပြန်တယ် ..။ အဲ့ဒီလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ အသံဆိုလို့…. “တောကျောင်း” က တုံးခေါက်သံနှင့် အနောက်ရပ်က 'ဖိုးလေးလောစံ'ရဲ့ ဘုရားဝတ်ပြုသံ ကလွဲပြီး အရာရာဟာ ပကတိအတိုင်း ငြိမ်သက်လျှက်..။
ဒါပေမဲ့….။




များမကြာမှီမှာတော့ ……အိမ်တိုင်းအိမ်တိုင်းဆီက ရေနံဆီမီးခွက်ရဲ့ မှုန်ပြပြအရောင် ကလေးတွေ လက်လာကြသလို. ယောက်ျားသားတွေရဲ့ နွားမောင်းသံ၊ လှည်းကသံ၊ နွားခြူသံ၊ တွေက ပတ်ဝန်းကျင်ကို စတင်အသက်ဝင်အောင်.. လှုပ်နှိုးလိုက်တယ်လေ..။ အဲ့ဒီလိုပဲ… အိမ်ရှင်မတွေရဲ့ အိုးသံ၊ခွက်သံတွေကလည်း နေ့တစ်နေ့တာရဲ့ တစ်ခန်းရပ် အတွက် ပိတ်ကားကိုဖွင့်လှစ်ရန် သံစဉ်၊တီးလုံးတီးကွက်တွေနဲ့ တစ်မျိုးတစ်ဖုံ ဖော်စပ်နေသည့် ဟန် .ပေါ့.လေ။ အဲ့ဒီလိုပတ်ဝန်းကျင်လေးထဲ ကမှ “ဟဲ့ .. ကောင်လေး… နင့်အဖေကဖြင့် နွားကဖို့တောင် လုပ်နေပြီ။ ထတော့ ဟဲ့..။” ဆိုတဲ့ မိခင်ဖြစ်သူ 'ဒေါ်ဦး' ရဲ့အသံကြားမှ “ဖိုးထွန်း” တစ်ယောက် အိပ်ယာမှ လူးလွန့် ထလာခဲ့တယ်…လေ.။ နောက်ပြီး မျက်နှာကို ကမန်းကတမ်းသစ်ပြီး လယ်ထွန်လိုက်ဖို့ “ခမောက်” “ဓါးမ” “ဘွဲ့ကြိုး” “ထွန်ညှင်းကွင်း” “ဂျဖျာ” (နွားရိုက်ကြိမ်လုံး) အစသဖြင့် ဝန်စည်စလွယ်တွေကို ကပြာကယာ ယူပြီး ဖခင်နှင့်အတူ လယ်တောဆီသို့ ထွက်လာခဲ့တာ..ပေါ့. .။ဒါပေမဲ့… အဲ့ဒီလိုပဲ နေစဉ်နဲ့ အမျှ လယ်တောဆီကို ထွက်လာခဲ့တိုင်း “ဖိုးထွန်း” တစ်ယောက် စိတ်နဲ့လူနဲ့ မကပ်တာတော့ သေချာပါတယ်။ ဤလိုဖြစ်အောင်လည်း အကြောင်းကဖန်ခဲ့တယ်မို့လား။ အကြောင်းဖန်ဆို……ဟိုတလော ည ဆီကပေါ့….။ မိသားစု စုံညီနေတဲ့ ညနေစာ ထမင်းဝိုင်းလေးမှာ မိဘနှစ်ပါးရဲ့ မဖြစ်မနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က 'ဖိုးထွန်း' ရဲ့ ရောင်စုံစီနေတဲ့ စိတ်ကူးထဲက အနာဂါတ်တွေ တစ်စဆီ ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့လို့ပါပဲ။ 'ဖိုးထွန်း' ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ အချိန်လေးပေါ့..။အဲ့ဒီ တုန်းကပေါ့..... ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ပြောလိုက်တဲ့စကားလုံးတွေက မယုံကြည်နိုင်စရာ..ပါပဲ။ ဒါပေမဲ့ သေချာမှုတစ်ခုကို လက်ခံလိုက်ရတဲ့ အချိန်မှာတော့….။စားလက်စ ထမင်းလုပ်ကလေး သည်လည်း ရင်ထဲမှာ တင်းကျပ်ပြည့်နစ် နေတဲ့ ဒေါသတွေ၊ ဝမ်းနဲမှုတွေ၊ သောကတွေ၊ မကျေနပ်ချက်တွေ က မျိုမကျစေခဲ့ တာတော့ အမှန်ပဲလေ..။ 'ဖိုးထွန်း' မှမဟုတ်ပါဘူး မိသားစုဝင်အားလုံး စိတ် မချမ်းမြေ့ ခဲ့တာပါ။ အဲ့ဒီတုန်းက
အဖေတို့ အမေတို့ ပြောနေတဲ့ စကားသံတွေက အခု(ယခုအ)ချိန်ထိ နားထဲမှာ ပဲ့တင်ထပ်နေတုန်း..ပါပဲ ။
“ဟဲ့..မိဦး… ငါတို့ ဒီနှစ်က စီးပွားရေးကလဲ ကျပ်တယ်။ နင့်မှာလဲ နောက်ထက် ကိုယ်ဝန်က ရနေပြန်ပြီ.။ ထမင်းချက်တာတို့ အိမ်လုပ်ငန်းလုပ်တာတို့ ကတော့ 'မိမဲလေး' ဈေးရောင်းပြန်မှ လုပ်ရင်လဲဖြစ်တယ် ထားအုံး..။ဒီနွားမတွေ ကျောင်းဖို့နဲ့ ကုန်းထဲလယ်ထဲ (ယာထဲလယ်ထဲ) လုပ်ရမှာက ငါတစ်ယောက်ထဲ မဖြစ်သေးဘူးထင်တယ်နော်.."။
" ဒါဆို….. ‘တော်’ က ဘာလုပ်ချင်လို့လဲ.."။
"ငါစဉ်းစားနေတာ ဟ။ အခုဆိုရင် 'ဖိုးထွန်း' လေးလဲ လေးတန်းအောင်ပြီဆိုတော့ ရေးတတ်ဖတ်တတ်နေပြီပဲ.။ နွားကျောင်းလေးရရ ထွန်နောက် လိုက်လေးရရ ကျောင်းထွက်ခိုင်းရင် ကောင်းမလားလို့ လေ."။
"ကျုပ်ကတော့ ဘယ်သူ့မှ.. ကျောင်းတော့ မထုတ်ချင်ဘူးတော်ရေ့.။ ကျုပ်တို့ဟာ ကျုပ်တို့ ဖြစ်အောင် ရုန်းချင်တာပဲ.."။
" အေးလေဟာ… ငါလဲ ဘယ်ထုတ်ချင်ပါ့မလဲ ဟ။တကယ့် တကယ် ကောက်စိုက်ချိန်တို့၊ ပြောင်းချိုးချိန်တို့ ရောက်ရင် နင်လဲ ကိုယ်ဝန်ကရင့်နေပြီ..၊ အလုပ်ကလဲ ပြိုင်ကျလာမှာ ။ လူငှား (သူရင်းငှား)ငှားခိုင်းရအောင်လဲ ကိုယ့်မိသားစု ဝမ်းစာတောင် အနိုင်နိုင် လုပ်နေရ တာ .။ ဘယ်လိုလုပ်ပြီး ငှားမလဲ။ ငါလည်း ကိုယ့်သားသမီးကို ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းထဲ …………ဆိုပြီး….." 'ဦးလွန်း' တစ်ယောက်လဲ အသံတိမ်ဝင်သွားလေရဲ့..။
'ဒေါ်ဦး' တစ်ယောက်လည်း ဘာစကားသံမှ ထက်ပြီး ထွက်ကျမလာနိုင်အောင် ကို…….ရင်နင့်စွာ ခံစားနေရပါတယ်။ခံစားဆို….. သူကိုယ်တိုင်နကန်းတလုံးမှ မသိခဲ့တဲ့ 'ဒေါ်ဦး' …ဘာကိစ္စ၊ ညာကိစ္စ၊ လက်မှတ်ထိုးဖို့ ကြုံလာတိုင်း လက်မှတ်ထိုးရန်နေရာမှာ တုန်တုန်ချိချိနဲ့ ကြက်ခြေခက် ကိုဖြောင့်အောင်မခက်တတ်တဲ့ 'ဒေါ်ဦး' …ရင်ထဲမှာ အမြစ်တွယ်နေတာကတော့ “ငါ့သားသမီးတွေ…. ငါ့လို မဖြစ်စေရဘူး…..” “ငါ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်ကို ဖြစ်ရမယ်….” “ငါ့တို့လို ဆင်းဆင်းရဲရဲ နွားနဲ့ ဖက်ရုန်းရမယ့် အထဲမှာ ငါသားသမီးတွေ မပါစေရဘူး… ”လို့ အမြဲတမ်း စိတ်ထဲက ကြုံးဝါးခဲ့တဲ့ “ဒေါ်ဦး” တစ်ယောက် …။ဟော့ ..အခုတော့…ထမင်းလုပ်တွေ ရှေ့မဆက်နိုင်တော့ ပါဘူး..။ စိတ်ထဲက ချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန် စကားလုံးတွေက မေးခွန်းပေါင်းများစွာအဖြစ် အသွင်ပြောင်း တားမနိုင်၊စည်းမရ ထွက်လာခဲ့တဲ့ အဖြေက မျက်ရည်တွေ လေ..။ခါတိုင်းဆို … အင်မတန်မှ စိုပြေနေတဲ့ ထမင်းဝိုင်းလေး အခုတော့ အသက်မဝင်တော့ ဘူး.ပေါ့.။
အကြီးမ'မိမဲလေး' တုန်းကလဲ မိခင်ဖြစ်သူ ကလေးတွဲလောင်းနဲ့၊ ထမင်းချက်လိုက်ရ၊ လယ်တောသွားလိုက်ရ၊ စိုက်ရပျိုးရနဲ့၊ အားရတယ်မရှိလို့ …နောက်ဆုံး မနေနိုင်တဲ့ အဆုံး သူဟာသူ ကျောင်းထွက် ပစ်လိုက်တာလေ။ အဲ့ဒီအချိန် တုန်းကတော့ .. သမီးမိန်းကလေး ဖြစ်နေတာက တစ်ကြောင်း၊ သူတစ်ယောက်ကျောင်းထွက်ပြီး အိမ်ကို ကူရင်တော့ ကျန်တဲ့ အငယ်တွေ ရှေ့ ဆက်နိုင်လောက်ပါတယ်လို့ ထင်နေခဲ့တာက တစ်ကြောင်း ဆိုတော့ ဘာမှ မပြောခဲမိဘူးလေ။ ဟော့…အခုတော့ ..ဆိုရှယ်လစ်စနှစ်ရဲ့
စီးပွားရေး ကပ်ဆိုးက ငါ့သားသမီးတွေကို အသက်ကလေး နုနုနယ်နယ်နဲ့ လုပ်ငန်းခွင်ထဲ အတင်း စတေးခိုင်းနေ ပါပကော…. လား။ အကြီးမ 'မိမဲလေး' လေးမှာလည်း
ကျောင်းကနေထွက်လိုက်ပြီ ဆိုကတည်းက … ကနေ့ထိ (ယနေ့ထိ)နားရတယ်မရှိဘူး…။ တစ်မိသားစုလုံးစာ ထမင်းချက်လိုက်ရ၊ အားရင်အားသလို ရာသီအလိုက် မုန့်ဖက်ထုပ်လေး ရောင်းလိုက်ရ၊ ပြောင်းဖူးပြုပ်လေး ရောင်းလိုက်ရ၊ ပေါင်းသင်း (ကောက်ညှင်းကျည်တောင့်) ချိန် ပေါင်းသင်း၊ ခေါစီ(ခေါပုပ်) ချိန် ခေါစီ၊ ဟော့….ဈေးတောင်းနဲ့ ခေါင်း ဓါတ်၊နာမ်များ ပဏ္ဍာသင့်နေသလား အောင့်မေ့ရတယ်…။ မြို့ထဲ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ နေပူစပ်ခါး၊ ခြေတိုအောင်လှည့်ရောင်းနေရတာ ကို..တောင်.. မကြည့်ရက်ပါဘူး..ဆိုနေမှ.ဟော အခု လာပြန်ပြီ နောက်ထပ် သားတစ်ယောက် လောကရဲ့ စစ်တလင်းပြင်ဆီ အတင်းစစ်ချီခိုင်း. နေပြန် ပါရော့..လား။
'မိမဲလေး' ကတော့ အငယ်နှစ်ကောင် 'ဝင်းအောင်' 'ဝင်းမောင်' ကို ထမင်းခူးကျွေးနေလေ ရဲ့..။ အငယ်ဆုံးကောင် 'ဝင်းမောင်' ကတော့ ကျောင်းနေဖို့ တစ်နှစ်လောက်လိုသေးတယ်..။ အထူးသဖြင့် 'ဝင်းအောင်' လဲ အစ်ကိုဖြစ်သူ ကျောင်းထွက်ရ တော့မယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာ အပြင်၊ အားလဲငယ်မိတာ ပေါ့..။ ခါတိုင်းနှစ်တွေ ဆိုရင်တော့ ညီအစ်ကိုနှစ်ယောက် အတူကျောင်းသွား၊ အတူကျောင်းပြန် မို့လား။ နောက်ပြီး ကျောင်းမှာ ဘေးတစိမ်းတွေနဲ့ ရန်ဖြစ်ရင်တောင် အစ်ကို 'ဖိုးထွန်း'က အမြဲတမ်း ကူနေကြလေ..။ အစ်ကို 'ဖိုးထွန်း'ရှိနေရင် ဘယ်သူမှလဲ ရန်မစရဲဘူး မို့လား။ အခုတော့ ကိုယ်အားကိုးနေရတဲ့ အစ်ကိုတစ်ယောက် ပညာရေးရဲ့ လမ်းခုလပ်မှာ ညီဖြစ်သူတွေ ကို အားပေး၊လက်ပြရင်း ကျောင်းတော်ကို ကျောခိုင်းသွားလျှက်…. နောက်မျိုးဆက် အခက်မတွေ့ရအောင် ပခုံးပြောင်းထမ်းဖို့ ပြင်နေပြီလေ.. ။
'ဖိုးထွန်း' တစ်ယောက်လဲ…မိဘတွေကို ဘာတစ်ခွန်းမှ ပြန်မပြောလိုတော့…။ ပြောနေလို့ရော… ပြဿနာက ပြေလည်လာစရာ အကြောင်းမရှိ။ ရင်ထဲမှာတော့ တင်းကျပ် ပြည့်နစ်နေတော့ ထမင်းစားနေတဲ့ လက်တစ်ဘက်လဲ ပန်းကန်ထဲကနေ မခွာတော့ပါဘူး..။ သက်ပြင်းအကြိမ်ကြိမ်ချရင်း “ဒီလို ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာရတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား…၊” “ဒီလို အခြေအနေဆိုးတဲ့ မိသားစုရဲ့ စီးပွားရေး အကြပ်အတည်း က ဘာဖြစ်လို့ ငါရဲ့ ကံကြမ္မာကိုမှ လာခိုရတာလဲ…” “ဒါမှမဟုတ် လူ့လောကကို ရောက် မလာ သေးတဲ့ အမေ့ဗိုက်ထဲက ရင်သွေးလေးကပဲ ဒီကြမ္မာဆိုးကို ငါတို့မိသားစုဆီ သယ်ဆောင် လာလေ သလား ..” 'ဖိုးထွန်း'တစ်ယောက်မှာတော့ ဘာတစ်ခုမှ ဝေခွဲလို့မရ…။ရင်ထဲမှာ ဗလောင်ဆူပြီး ပွက်အံကျလာတဲ့ မျက်ရေတွေကတော့
တသွင်သွင်…။ နောက်ဆုံး ရှေ့ခရီး မဆက်နိုင်တော့ တဲ့ ထမင်းပန်ကန် နွားစာလောင်းထဲ သွန်ပြီး စိတ်ပြေရာ ပြေကြောင်း ကပြင်(အိမ်ရှေ့ ကွပ်ပျစ်) ဆီကို ထွက်လာခဲ့တယ်.မို့လား။
အော် အခုတော့…… 'ဖိုးထွန်း' တစ်ယောက် လယ်တောရောက်လို့ လယ်ထဲကိုဆင်းတဲ့ အထိ အတွေးစကမပြတ်..သေးဘူး။ စိတ်နဲ ခန္ဓာကင်းကွာနေသလိုပါပဲ…။ ကိုယ်ဟာကို ဘဝင်မကျ ဖြစ်နေတဲ့ 'ဖိုးထွန်း' ရဲ့ မျက်နှာပြင်လိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း အပြိုင်အဆိုင် အုံ့ဆိုင်းညို့မှိုင်း လျှက်.လေ။ မိုးကလဲ တစ်ချက်တစ်ချက် ဖွဲဖွဲလေးရွာလိုက်၊ ရပ်သွားလိုက်နဲ့ 'ဖိုးထွန်း' ရဲ့ တအုံနွေးနွေးခံစားနေတဲ့ ခံစားချက်ကို အသက်ဆက်ပေး နေသလား အောင့်မေ့မိပါ ရဲ့။ လယ်ကွင်းစပ်က ပေါက်ပင်ပေါ်မှာတော့ “ဗျိုင်း” သုံး၊လေး ကောင် လယ်ထွန်လိုက်တဲ့ အခါ တဖျပ်ဖျပ်လူးပြီးပေါ်လာမည့် “ငါး”ကလေး “ဖား” ကလေးများကို ထိုးသုတ်ကြဖို့် တီးတိုး တိုင်ပင်နေကြသလို..။ ညောင်ပင်ပေါ်က “ကြက်တူရွေး” တစ်အုပ်ကလဲ …..တ “ကလိ့” “ကလိ့ ” နဲ့ ပတ်လည်ဝိုင်းနေတဲ့… ပြောင်းခင်းရှင် တွေကို ခြိမ်းခြောက်နေကြ လေရဲ့..။အရှေ့ဘက်နားဆီမှာတော့ 'ဖိုးလေးကင်း' တစ်ယောက် လေ ကလေး တချွန်ချွန်နဲ့ မြေပဲခင်းထဲ ပေါင်းသင်ရင်း အလုပ်ရှုပ်နေတာကို တွေ့နေရပါတယ်။တခါတလေ အနောက်ဘက်ထန်းပင်ခံ(လယ်)လျှို ဆီမှ 'ဥိးလေးတင်ညွန့်' ရဲ့ သူ့ “နွား” တွေကို စိတ်တိုင်း မကျတိုင်း ဆဲသံ ဆိုသံကလည်းံ တစ်ချက်တစ်ချက် ကြားရတတ်သေးတယ်.. လေ။ နောက်ထပ်တစ်ဖုံ သဲကောကြီးတိုက် (လယ်ကွင်းနာမည်)ဆီမှ 'လေးကြင်မြိုင်' ရဲ့ ဘောက်အဖွဲ့ ကောက်ဆိုက်သမများ ကလည်း သီချင်းဆိုလိုက်ကြ၊ တစ်ခါတစ်ခါမှာတော့ “ဟေး….” တိုက်လိုက်ကြနဲ့ “လယ်”ကွင်းပြင်က “ဇတ်”တလင်းပြင် ကလဲ တစ်မျိုးလေး စွဲညွတ်စရာ…မို့လား။ ဒါပေမဲ့ ဘယ်လောက်ပင် ပတ်ဝန်းကျင်က အခြေအနေတွေ လှည့်ဖြားးလှည့်ဖြား 'ဖိုးထွန်း' ရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ 'ဖိုးထွန်း' ရှေ့မှာ ဦးဆောင် ထွန်နေရှာသော ဖခင်ဖြစ်သူ 'ဦးလွန်း' မှာတော့ သားဖြစ်သူရဲ့ ခံစားချက်ကို အမှုမဲ့ အမှတ်မဲ့ မို့ မသိရှာပေ။ ပြီးဆုံးသွားသော ပုံရိပ်တစ်ခုကို မေ့မေ့ပျောက်ပျောက်ပါပဲ…။
ကာယကံရှင် 'ဖိုးထွန်း' မှာတော့ ……“အင်း …. မနှစ်တုန်းက ငါတစ်နှစ်လုံးဝတ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည်လေးနဲ့ အင်္ကျီဖြူလေး..အခု ဘာညွန်ကြားချက်စာတစ်စောင်မှ မလိုပဲ ညီဖြစ် သူရဲ့ခါးပေါ် အလိုလို ရောက်သွားပြီ …” “မူလတန်း တစ်လျှောက်ပခုံးက မခွာခဲ့တဲ့ “လွယ်အိတ်” ကလေး ကလည်း အခုဆိုရင် ပခုံးပြောင်းသွားပြီ..။” နောက်ပြီး “ညနေတိုင် အလုပ်သိမ်းလို့ လယ်တောကပြန် အိမ်ရောက်တော့လည်း မြင်တွေ့နေရတဲ့ လွယ်အိတ်ကလေး၊ အင်္ကျီဖြူနဲ့ ကျောင်းစိမ်းလုံချည် လေးတွေက သခင်ဟောင်းကိုပဲ ပြန်လည်တမ်းတနေ သယောင်ယောင်…” “ဟော အခုဆို ညနေစားလို့ပြီးရင် လုပ်စရာက ဗလာနတ္ထိပါဆို…အရင်တုန်းက စာကြည့်ရင် အမြဲထွန်းနေကျ ရေနံဆီမီးကွက်လေး
ကလည်း ဝါကျင့်ကျင့် အလင်းရောင်အောက်ကနေ ဘယ်ညာ လူးလွန့်ရင်း လှောင်ပြောင်နေသလား အောက်မေ့ရပြန်ရော့…..။” အဲဒီလိုပဲ ပတ်ဝန်းကျင်ရဲ့ မြင်မြင်သမျှဟာ ဘဝင်မကျ စရာတွေ ဖြစ်နေခဲ့တာပေါ့..။ အဲ့ဒီလိုနဲ့… နွားနှစ်ကောင်ရဲ့ သယ်ဆောင်ရာကို ကျိုးနှစ်ချောင်းကိုင်လိုက်နေတဲ့ ..'ဖိုးထွန်း'တစ်ယောက် အတွေးတွေ နယ်ချဲ့နေလိုက်တာ ရှေ့ကထွန် နေတဲ့ ဖခင်ရဲ့ “ဟဲ့ … ကောင်လေး…….. လယ်ကန်သင်းရိုးနားရောက်ရင် ထွန်တုံးအစွန်ကို လူကနင်းပြီး နုတ်ခမ်းသားတွေ ထွန်တုံးနဲ့ ရစ်ရစ်ချဟဲ့…ဒါမှ “လယ်” မကော မှာ…ငါ့သားရဲ့….” ဆိုပြီး သုံးလေးခါ လှည့်လှည့်ပြောမှပဲ သတိပြန်ဝင် လာခဲ့တာ မို့လား….။ ..။
အင်း…. ဘယ်အရာမှ အစိုးမရတဲ့ လောကကြီးမှာ ရာသီစက်ဝိုင်းအလီလီ ပြောင်းလာလိုက်တာ အဲဒီအချိန်တုန်းက 'ဖိုးထွန်း'က အခုဆိုရင် 'ဦးဖိုးထွန်း' ဖြစ်နေပြီ လေ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်ကလေး. က မနေ့တစ်နေ့က လိုပါပဲလား..။အင်း…….!!! အဲဒီတုန်းက လူလောကကိုမရောက်သေးတဲ့ အမေ့ဗိုက်ထဲက ညီလေးတောင် အခု နိုင်ငံခြားမှာ အလုပ်လုပ်နေပြီပဲ..။ ဟိုတစ်နေ့က အမေတို့အိမ်ကို သွားလည်ရင်း သူ ဖုန်းဆက်တာနဲ့ကြုံလို့ စကားခဏ ပြောလိုက်ရသေးတယ်။
“အစ်ကို နေကောင်းလား…။ အဆင်ရော ပြေလား…။ အခုဘာတွေ စိုက်ပြီးပြီလဲ..။ လယ်တွေရော ရေရနေပြီလား…” အစသဖြင့်…ညီဖြစ်သူတွေဆီက “ပီရဝါစာ” ချစ်ဖွယ်သောစကား လေးတွေ ကြားလိုက်ရတာနဲ့ပဲ…… မိမိအတွက် အရာရာဟာ ဘာမှ မပြောပလောက်တော့ ပါဘူး…။ ဘာပဲဖြစ်ဖြစ် “ငါ့သားသမီးတွေ ကိုတော့ ငါတို့မိသားစုလိုမဖြစ်ရအောင် ကြိုးစားနေတာပဲ လေ..” အင်း…ထိုင်ပြီး တွေးနေလို မဖြစ်သေးပါဘူး..။ ထွန် နားထားတာ တောင် ကြာနေပြီ..ပဲ… ..။ နွားတွေလဲ နေပူ လှပြီ…ဒီတစ်စပ်ကလေးတော့ စပ်အောင်ထွန်လိုက်အုံး….မှ…။….။
စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ။
အိမ်လွမ်းသူ (မှန်နီကုန်း)


ဆက်ဖတ်မယ်ဆိုရင် ...

Friday, July 18, 2008

The Lost Day

ပဟေဠိ


အဲဒီနေ့က
မိုးဖွဲဖွဲ ရွာနေသတဲ့။
(လွန်ခဲ့တဲ့ ရာစုတစ်ဝက် တုန်းက)

အဲဒီနေ့က
အဖေနဲ့ မြို့ထဲအသွား
တစ်မြို့လုံး ရုတ်တရက်
ခဏတာငြိမ်သက် ခဲ့တယ်။
(လွန်ခဲ့တဲ့ ငွေရတုနှစ်တွေဆီက)

အဲဒီနေ့က
ကျောင်းပိတ်ရက် အိမ်လည်အသွား
မြို့လည်က လမ်းထောင့်နားမှာ
ဖန်တီးမှု အနုပညာနဲ့
ရောင်စုံပန်းတို့
မျက်ရည်စို့ခဲ့ကြတယ်။
(လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီက)

အဲဒီနေ့က
ငါ့ပြက္ခဒိန်ကနေ
(မသိမသာ)
ထွက်ထွက်သွားလိုက်တာ
အဲဒီနေ့က…
ဒီနှစ်မှာ ဘယ်နေ့လဲဟင် ။…..။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, July 16, 2008

မြစ်ဝကျွန်းပေါ်


“ဘက်စ်ကားပေါ်က ထိုင်ခုံမှာ
မတော်တဆဆုံသလိုမျိုး
အမိ၊အဖ၊မောင်နှမ
မိသားစုကဏ္ဍကိုမယုံဘူး။
ချစ်ခြင်းမေတ္တာတစ်ခုပဲယုံတယ်……… “
ကျနော် ပွင့်အန်လျှံကျခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်က စာသားအချို့ ပါ။
ကျနော်ဟာ ကျနော့်မောင်နှမတွေအားလုံးကို ကျေးဇူးတရား ဦးထိပ်ထားပြီး လေးလေးစားစား ချစ်သူပါ။ မောင်နှမတော်လို့ ချစ်တာ မဟုတ်ပါ။ ကျနော့် မောင်နှမများကို ချစ်တာပါ။



မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ ဆိုလို့
ငါ့ခေါင်းအုံးအောက် က စာဟောင်းထဲမှာ
ငယ်ဘဝတွေက ပြိုကျနေတဲ့ ကမ်းပါးရှေ့ ကပြေး
ကမ်းပါးနောက်မှာ ကျန်ခဲ့တာက
ငါတို့ရဲ့ နောက်တစ်နေ့
ငါတို့ရဲ့ ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ် ပေါ်လာမယ့် သဲသောင်
အိပ်လို့ မပျော်တိုင်း
ထထကြည့်ရတဲ့ ငါတို့ရဲ့ မောင်နှမများ။
ငါတို့ အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့ အတူမျောပါခဲ့ရတဲ့ သရက်သီးများ
ရေစီးက တအားသန်တယ်
ငါတို့ ပြန်မလာနိုင်ကြတော့ဘူး။……….။

မိုးဝေး


မျက်ရည်တွေလူးနေတဲ့ မျက်လုံးအစုံ ကိုယ့်ကိုယ်ကိုမယုံနိုင်အောင် ခံစားခဲ့ရတယ်။
ကျနော် ရွှေပြည်ကြီးကခွာတဲ့အခါ တခုတ်တရကူးယူလာခဲ့တဲ့ တစ်ပုဒ်တည်းသော ကဗျာပါ။
မောင်နှမတွေကိုလွမ်းတဲ့အခါ ဒီကဗျာကို ထုတ်ထုတ်ဖတ်ပါတယ်။
အခု E-Journal မောင်နှမတွေအားလုံးကို ချစ်ခင်လေးစားစွာ ဒီကဗျာကို မျှဝေလိုက်တာပါ။
ကဗျာကိုချစ်တဲ့ အရိုးခံနှလုံးသားနဲ့ အစ်ကိုကြီးမိုးဝေးအား ရိုသေတုပ်ကွ ဂါရဝပြုရင်း…..
ချစ်ခြင်းအားဖြင့်

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, July 15, 2008

သားတို့ရုပ်ရည် (သို့) အမေရေးတဲ့ ကျနော့်ပုံတူ

သားတို့ရုပ်ရည်(သို့) အမေရေးတဲ့ ကျနော့်ပုံတူ

ဆရာ တားမြစ် ထားသော ရဲ့ “ကျွန်တော်၊ E-Journal နှင့် ဝိုင်းတော်သားများ“ကိုဖတ်ပြီးတဲ့အခါ ဒီကဗျာကို သတိရပါတယ်။
အစကတော့ ဆရာ့ရဲ့ပို့စ်အတွက် commentတစ်ခုအနေနဲ့ တင်ဖို့ပါ။ ပြီးမှ E-Journalရဲ့ မိတ်ဆွေတွေအားလုံး အလွယ်ကူဆုံး ဖတ်လို့ရအောင် သီးသန့်ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ခြင်းဖြစ်ပါတယ်။
သားမရှိတဲ့ အမေတွေရှိပေမယ့်၊ အမေမရှိတဲ့ သားကတော့ တစ်ယောက်မျှမရှိပါဘူး။ အမေရှိတဲ့ သား(သမီး) တစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်းအတွက် အမေတွေရဲ့စိတ်နှလုံးမှာ ကျနော်တို့ကို ဘယ်နည်းဘယ်ပုံ ရှုမဆုံးဖြစ်နေပုံလေး မိတ်ဆက်ပေးတာပါ။
အမေရေးတဲ့ ကျနော့်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့ ဆုတောင်းကဗျာပါ။ အမေကပြောတဲ့ သားအကြောင်းဆိုတော့ တစ်ဖက်စောင်းလေးတွေ ပါကောင်းပါမှာပေါ့ဗျာ။
ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ထပ်လောင်းပြောပါရစေ...

မျိုးဆက်သွေးတို့၊တိုးတက်စေကြောင်း
ကောင်းရာလမ်းညွှန်၊သွန်သင်ပေးရင်း
စိတ်ဓာတ်ရင့်ကျက်၊လွန်ထက်မြက်သူ။
အတတ်ပညာ၊လေ့လာမကုန်
အထုံကြီးမား၊စကားနူးညံ့
လွင့်ပျံ့မေတ္တာ၊မြင့်မြတ်ပါဘိ။
သဘောထားကြီး၊တရားနည်းလမ်း
လက်ကမ်းဖြန့်ဝေ၊အကျင့်စေတနာ
ဖြူစင်ပါသော၊မယ့်သားချော။
ငွေရတုခါ၊ရောက်ချိန်မှာဖြင့်
မပေါ့မဆ၊တိုးလုံ့လဖြင့်
ဘဝသာသနာ၊မြင့်ဝေဆာပြီး
ခရီးမဂ်ရောက်၊နိဗ္ဗာန်ပေါက်အောင်
အရောက်လှမ်းချီ၊မြန်းနိုင်မည့်သား ဖြစ်စေသောဝ်။……….။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 13, 2008

E-Journal, Me and Contributors.


ကျွန်တော်၊ E-Journal နှင့် ဝိုင်းတော်သားများ။

ဒီရက်ပိုင်း ဘလော့ဂ်မှာ ပိုစ့်အသစ်တင်ချင်တာ၊ ခေါင်းထဲမှာကလည်း ဘာမှရှိမနေတော့ ဘယ်နားက အစဆွဲထုတ်ရမယ်ကို စဉ်းစားမရဖြစ်နေတယ်။ ဒါနဲ့ နောက်ဆုံးတော့ ကိုယ့်အကြောင်းကိုယ် ပြောတာ ကောင်းမယ်စဉ်းစားလိုက်တယ်။ တစ်ခါမှလည်း ကိုယ့်အကြောင်းကို မပြောဖူးသေးဘူးကိုး။ ကဲ.. ဘာမှမဟုတ်လည်း အပျင်းပြေတော့ ဖတ်သွားဗျာ။ အလည်လာသူတွေကို တတ်နိုင်တဲ့ ဘက်ကနေ စိတ်အဆာပြေစေချင်တာပါပဲ။



ကျွန်တော့်အကြောင်း ပြောမယ်ဆိုတော့ ဘာမှ ထူးခြားမှုကမရှိ။ ပတ်ဝန်းကျင်ကလူတွေ၊ နောင်လာနောက်သားတွေ မှတ်သားလောက်စရာလည်း ရှိမှမရှိပဲကိုး။ ပြောမယ်ပြောထားပြီး မပြောပြန်လည်း မကောင်းဘူး။ ဒီလိုဗျ။ မြန်မာပြည် အလည်ပိုင်းက ဖားပေါတဲ့မြို့ပေါ့။ တစ်ကယ်ပေါလားတော့ ဖားရိုက်မထွက်ဖူးလို့ မသိပါဘူး။ ဒါပေမဲ့ မြန်မာကလေးငယ် အတော်များများကတော့ “မိတ္ထီလာကန်တော် အောက်က ဖားကောက်ခဲ့ပါ”ဆိုတဲ့ သားချော့တေးကို ရင်းနှီးနေကြမှာ အမှန်ပဲ။ ဒီဒေသမှာမွေး ဒီဒေသမှာပဲ ကြီးပြင်းခဲ့တဲ့ကောင်ပေါ့။ နောက်တော့လည်း ရန်ကုန်မြို့မှာ ဘဝတက်လမ်းအတွက် သွားပြီးရင်းနှီးမြုပ်နှံတယ်။ အခုတော့လည်း အဲဒီအရင်းအနှီးတွေနဲ့ အသက်ဆက်နေတာ မချောင်မလည်ပါပဲဗျာ။

ငယ်စဉ်ကတည်းက စာဖတ်တာ ဝါသနာပါတယ်။ ကလေးကတည်းက ကာတွန်းတွေ ဖတ်တယ်။ နောက်နည်းနည်းကြီးလာတော့ သိုင်းလောကမှာ ကျင်လည်တယ်။ နောက်ပိုင်းနားကျတော့ ဘာသာပြန်တွေနဲ့ မင်းသိင်္ခကို စွဲလမ်းလာပါရော။ အဲဒီအချိန်မှာပဲ အိမ်ကလူတွေက မျက်စိရှုပ်လာတယ်ထင်ပါတယ်။ အိမ်က အကိုတွေရဲ့ စာအုပ်စင်ကို မွှေခွင့်ပေးလိုက်တော့တယ်။ အရင်ကဆို သူတို့ငှားဖတ်တဲ့ မဂ္ဂဇင်းလောက်ပဲ ယူဖတ်ခွင့်ရတာကိုး။ အဲဒီလောက်ကတည်းက နွေကျောင်းပိတ်ရက်ဆို နေ့လည်ခင်းတွေက အလိုလိုစာဖတ်ချိန်တွေ ဖြစ်လာတော့တာပဲ။ နေပူလို့ နေ့လည်ဆို အပြင်မထွက်ရဘူးလို့ ပြောထားတာကိုး။ ဒါပေမဲ့ ဖတ်ဖူးခဲ့တဲ့စာတွေ တန်ဖိုးရှိမှန်းက နောက် ၁၀-နှစ်လောက်ရှိမှ နားလည်တာပါ။ ဉာဏ်ကလည်းမကောင်းသူဆိုတော့ သိပ်မမှတ်မိတော့ဘူးလေ။ ဒါနဲ့ပဲ ဇော်ကန့်လန့်ဖြစ်လာတာ။ ဟိုဟာဆို သိနေသလိုလို၊ ဒါလေးက ဖတ်ဖူးသလိုလိုပေါ့။ ထားတော့ ဒါကစာဖတ်တာ ဝါသနာပါတယ်လို့ ပြောပြတာ။

အရေးအသားလား။ မမေးနဲ့။ စာရေး အရမ်းပျင်းပဲ။ မှတ်မိနေသေးတယ် တက္ကသိုလ်ဝင်တန်း နောက်ဆုံးစာမေးပွဲကျမှ စာစီစာကုံးကို စာမေးပွဲမှာ ဖြေဖူးတာ။ ဒါတောင် အမှတ်ရသလောက်ယူမှဆိုပြီး ကျမှာကြောက်လို့ ဇွတ်ရေးရေးလိုက်တာ။ အမှတ်လည်း ရမဲ့ပုံပေါ်ပါဘူး။ အရင်ကဆို စာစီစာကုံး လုံးဝမဖြေဘူး။ အဲဒီလိုကောင်ဗျ။ တစ်ခုတော့ရှိတယ် အဲဒီနောက်ပိုင်း ကောင်မလေးတွေကို နည်းနည်း ပိုးချင်ချင်ဖြစ်လာတော့ ဟိုချရေး၊ ဒီချရေးလေးတွေ လုပ်တတ်လာတယ်။ မပေးရဲတာနဲ့ မပေးဖြစ်တာတွေက များပါတယ်။ သူတို့လေးတွေ အရေးအသားကောင်းတွေကိုတော့ မဖတ်လိုက်ရတော့ဘူးပေါ့။ ဒါပေမဲ့ ပိုးကတော့ ထချင်ချင်ဖြစ်လာပြီ။ နောက်တော့ ပေးရလည်းရေး၊ မပေးရလည်းရေးနဲ့ အဲဒီဖက်မှာ အတော်ရေးတတ်လာတယ်။ ဒါပေမဲ့ အနုအရွတွေ၊ မိန်းကလေးကြိုက်တွေ မပါဘူးထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်တိုင်လည်း အခုထိ တစ်ယောက်မှ အဆင်မပြေဖူးသေးဘူး။ ရှဲထိုးရေးပေးရတဲ့ သူငယ်ချင်းတွေလည်း ကိုယ့်ကြောင့် အဆင်ပြေသွားတယ် ကြားမှ မကြားဖူးပဲကိုး။ (ခင်ဗျားတို့ ကိုတာတူးကိုလည်း ရှဲထိုးရေးပေးဖူးတာပေါ့ဗျာ။ အနေအထားတော့ သူ့သာမေးကြည့်ပေတော့။ ဟီး… ဖွလိုက်ပြီ ငတာတူးရေ။ ချိတ်ချိုးနဲ့။) ဒါပေမဲ့ အဲဒီအချိန်ကတည်းက အခွင့်ရရင်တော့လားကွာဆိုပြီး လက်ပြင်နေတာ။ ဟော… ဘလော့ဂ်ဂါ ဒေါ့ကွမ်းနဲ့တွေ့မှပဲ လုပ်ချင်တာ လုပ်ခွင့်ရှိတော့တယ်။ သူတို့သိသိ၊ မသိသိ ကျေးဇူးတော့ တင်လိုက်အုံးမယ်။ “ကျေးဇူး ဘလော့ဂ်ဂါရေ့။”

ဘလော့ဂ်ကို စသိတာက ၂၀၀၇ နှစ်စလောက်မှာထင်တယ်။ သူငယ်ချင်းတစ်ယောက်က သူရေးထားတာတွေဆိုပြီး လာလာပြတယ်။ ဟ.. ဒီကောင်ဘယ်ဆိုးလဲဟ။ အင်တာနက်ကြီးပေါ်မှာတောင် စာရေးနေပြီပေါ့။ သူကလည်း ကိုယ်လိုပဲ စာဖတ်၊ စာရေးဝါသနာပါသူကိုး။ ဒါနဲ့ အားကျကြောင်းပြောတော့ ဟား..ဟား.. ကိုယ်တိုင်လုပ်လို့ ရတယ်တဲ့။ ရော့ဒီမှာလုပ်ဆိုပြီး ဘလော့ဂ်ဂါ ဒေါ့ကွမ်းနဲ့ မိတ်ဆက်ပေးပါရောလား။ ဟိုလုပ်ဒီလုပ်နဲ့ မြန်မာလိုပေါ်အောင်ကို မလုပ်တတ်တော့ ဒီသူငယ်ချင်းပဲ ပြန်အပူကပ်ရတာပေါ့။ သူလည်း လုပ်ပေးရှာပါတယ်။ နောက်တော့ စိတ်ရှုပ်လို့ထင်ပ သူ့ဘလော့ဂ်ကို ခေါ်လိုက်တယ်။ ဘယ်လောက်တုန်းလဲဆို အဲဒီလင့်ခ်နောက်ကို လိုက်ရမှန်းကိုမသိတာ။ ထားတော့ ဒီလိုနဲ့ပဲ ကိုယ်ပိုင်ဘလော့ဂ်တစ်ခု စဖြစ်ခဲ့တယ်။ တစ်ကယ်ရေးဟ ဆိုတော့လည်း ဘာရေးရမှန်းမသိတော့ဘူး။ ကိုယ့်အနေအထားကို ကိုယ်လည်းနားလည် လာတာပေါ့။ စိတ်ဓါတ်မကျပဲ ဆက်လုပ်နေလိုက်တာ မဆိုးဘူးဖြစ်လာတယ်။ ဘလော့ဂ်လောကမှာ လည်းနည်းနည်း ကျင်လည်လာတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဖြစ်ချင်တော့လည်း ဒီလိုပဲ။ အဲဒီဘလော့ဂ်ကို ဖျက်လိုက်ရတယ်။ (တစ်ကယ်က ပျက်သွားတာဗျ။ သိပ်လည်းမရှင်းပါဘူး။) နောက်ပြီး မဒီကလည်း (ကိုယ်က ကြိုက်နေရသူပါ။) ဘလော့ဂ်လုပ်တာ မကြိုက်ဘူးတဲ့လေ။

ဒါပေမဲ့ မရတော့ဘူး။ ပိုးကဝင်နေပြီ။ ရပ်မရတော့ဘူး။ ဒါနဲ့ပဲ Google Account တစ်ခုထပ်လုပ်။ ဘလော့ဂ်တစ်ခု ထပ်ပြီး ဖန်တီးတော့တာ။ လူသိမခံချင်ဘူးဆိုတော့ ပေးထားတဲ့အမည်ကိုက Verboten ဆိုတာ တားမြစ်ထားတဲ့အရာ၊ အခွင့်မရှိတဲ့အရာ။ အဲဒီလိုမျိုး အမည်ကို ရွေးမိတယ်။ တစ်ခါတည်း ကြေငြာလိုက်အုံးမယ် (ဆက်သွယ်လို့ရအောင်) အခုဘလော့ဂ်လုပ်ထားတဲ့ မေးလ်ဆိုရင်လည်း taboo4me@gmail.com လို့ ရွေးခဲ့တာ။ စောစောကလို အဓိပ္ပါယ်မျိုးပဲပေါ့ဗျာ။ ဒီတစ်ခါလည်း လုပ်သာလုပ်ရတာပါ နည်းပညာပိုင်းကတော့ စောစောတုန်းက သူငယ်ချင်းကပဲ တာဝန်ယူပြီး အကုန်လုပ်ပေးထားတာ။ ကိုယ်တိုင်က ဘာမှသိဘူး။ အော်.. အဲဒီသူငယ်ချင်းက E-Journal ကို ဝင်ရောက်အားပေးနေတဲ့ ကိုကေဇက်ပဲပေါ့။ ဒီတစ်ခါ ဘလော့ဂ်လုပ်တော့ နည်းနည်းတော့ လိုချင်တာတွေက များလာတယ်။ ဒါနဲ့ပဲ ကိုယ်ပိုင်ပုံစံ မလုပ်ဘဲ ဂျာနယ်လေးတစ်ခုလို လုပ်လိုက်တာ။ ဖတ်စရာ၊ မှတ်စရာလေးတွေ ပေးမဲ့ ဂျာနယ်ပေါ့ဗျာ။ (ဟဲ..ဟဲ ရည်ရွယ်ရင်းကတော့ အဲဒီလို။ ဒါပေမဲ့ ခပ်ပါးပါးပဲ လုပ်နိုင်သေးတယ်။)

စလုပ်လိုက်ကတည်းက ကိုယ်တစ်ယောက်တည်းဆို မနိုင်လောက်ဘူး တွက်ထားပြီးသားလေ။ အင်တာနက် ဆင်းရဲတာလည်းပါတယ်။ စာရေးနည်းတာလည်း ကိုယ့်အခြေအနေကို ကိုယ်သိနေတော့ အဝန်းအဝိုင်းလေးတစ်ခုဖွဲ့ပြီး လုပ်မယ်လို့ စဉ်းစားထားတာ။ ဒါတောင် ကိုယ့်အပေါင်းအသင်းတွေက မအားတာတွေ၊ ဒီဘက်ကို မလှည့်နိုင်တာတွေနဲ့ E-journal လေးက ပိုစ့်အသစ်ကို မနည်းမျှော်မျှော်နေရတယ်။ ပြောအုံးမယ်။ အခု ပါဝင်အားဖြည့် ရေးသားနေသူတွေ အကြောင်းကို။

E-Journal စလုပ်တော့ နည်းပညာပိုင်းဆရာ ကိုကေဇက်ကို တစ်ခါတည်း ခေါ်လိုက်တော့တာ။ လာပါ။ ဒီမှာလည်းရေးပါပေါ့။ သူကလည်းရေးရှာပါတယ်။ ဟိုဟိုဒီဒီလေးတွေ။ စကတည်းကတော့ အားပေးသွားတယ်။ နာမည်ကလည်း “အီး ဂျာနယ်”တဲ့ဆိုပြီး။ ထားတော့။ သူကလည်း တခြားဘက်မှာ ပျော်နေတဲ့ (ပျော်လည်း ပျော်ချင်စရာ ကောင်းတဲ့) ဘလော့ဂ်က ရှိနေတော့ ဒီဘက်ကို အားမထည့်အားပါဘူး။ တစ်ခါတလေများ မေ့နေလားလို့ သွားပြောယူရတယ်။ သူကလည်းပြောရှာသား “ဧည့်လဲ မရှိဘူး။ ပျင်းစရာ”တဲ့။ သူကတော့ တစ်ကယ့်ကို စာပေတွေ ကဗျာတွေကို စိတ်ဝင်စားသူပါ။ စာရေးလည်းကောင်းပါတယ်။ စိတ်ဝင်စားအောင် ရေးတတ်တယ်။ အဲ.. တစ်ခုပဲ။ ဟိုမှာပျော်၍ ဒီမှာမပျော်သူ၊ လုပ်နေတော့ ဒီဂျာနယ်လေးက အားငယ်နေရတာပေါ့။ (နည်းနည်းတော့ ဖွလိုက်ပြီနော်။ :P)

ကိုကေဇက်နဲ့ ကျွန်တော် ဒီလိုပဲ မင်းရေးအုံး၊ ငါရေးအုံး လုနေချိန်မှာ။ သကောင့်သားတစ်ယောက်ကို သတိရတယ်။ ကိုရင်တာတူးပေါ့။ တကယ်က ဒီဘလော့ဂ်လေး စလုပ်နေကတည်းက သူလည်းပါတယ်။ သူ့ကိုလည်း ဒီလိုပဲ အကူအညီတောင်းရတာပေါ့။ လာပါ။ ရေးပါ။ တို့တွေ စာတွေရေးကြတာပေါ့။ ပြောသာပြောရတာ သိပ်မခေါ်လိုက်ရဘူး။ သူကလည်း စာရေးချင်နေတာကိုး။ ဒါနဲ့ပဲ မြန်မြန်သဘောတူပြီး ဒီမှာရေးတော့တာ။ ညွှန်းလိုက်အုံးမယ် သူက အနုအရွ သိပ်ရတဲ့ကောင်ဗျ။ အမြင်လည်းစူးရှတယ်။ စာရေးချင်နေတာ လက်ကိုယားလို့ ဆိုသူမျိုးလေ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူအသည်းကွဲနေသရောင်ရောင် အချိန်ကလည်းဖြစ် (ချစ်ရတဲ့သူနဲ့ ဝေးနေလို့)၊ အလုပ်တွေကလည်းများဆိုတော့ လာတော့ ဖတ်ရှာသား။ ရေးဖို့ပြောလိုက်တိုင်းတော့ “အေး။ ငါအကြမ်းတော့ လုပ်ထားတယ်” ပြောပြောနေတာပဲ။ သူ့အကြမ်းက BE လား၊ တောလားတော့ ပြောတတ်ပါဘူး။ အလုပ်ရှုပ်နေတယ် ပြောတော့လည်း ဇွတ်မပြောရက်ဘူး။ တော်ကြာ မင်းကထမင်းကျွေးထားမလားဆိုပြီး အိမ်ပေါ်တက်လာမှာ ကြောက်လို့။

ဒီလိုပဲ သူ့ကိုမကြာခဏ အပူကပ်လို့ ထင်ပါတယ်။ သူကလည်းနောက်တစ်ယောက် ခေါ်လာပေးတယ်။ ကိုနယုန်မိုးပေါ့။ ကိုနယုန်မိုးကို ကျွန်တော်က သိပ်မသိပါဘူး။ ကိုတာတူးနဲ့မှ သူငယ်ချင်းတွေပါ။ ကျွန်တော်နဲ့ကျတော့ ဂျာနယ်လေးရဲ့ စာမျက်နှာပေါ်ကနေပဲ ခင်ရတာပါ။ သူကလည်း စာရေးကောင်းသူ၊ စိတ်ဓါတ်ပြင်းထန်သူပါပဲ။ ဒါပေမဲ့ နောက်ပိုင်းတွေမှာတော့ ငြိမ်နေတာများပါတယ်။ သူ့ကိုတော့ သိပ်အပူမကပ်မိပါဘူး။ ကိုယ်ကလည်း သူ့အနေအထားကို သေချာမှ မသိတာကိုး။ ဒါပေမဲ့ မကြာခဏတော့ မျှော်မိတာပေါ့။ ဖတ်ကောင်းမဲ့ စာလေးတွေများ ထွက်လာမလားလို့လေ။

နောက်တစ်ယောက် ရှိသေးတယ်။ သူကလည်း ကိုတာတူးပဲ ဆွဲခေါ်လာတာ။ သွားချင်ရာသွားနေပြီး အခုမှ အိမ်လွမ်းတယ်လေး ဘာလေးလုပ်နေတဲ့ အိမ်လွမ်းသူ(မှန်နီကုန်း)ပေါ့။ သူ့ကိုကတော့ ကောင်းကောင်းသိတယ်လေ။ စာအရေးအသားကို အခုမှ တွေ့ဘူးပေမဲ့ ခေသူမဟုတ်လောက်ဘူးလို့ တွေးထားပြီးသား။ ဘာလို့လည်းဆိုတော့ စကားပြော အရမ်းကောင်းတဲ့ သူကိုး။ စကားပြော ကောင်းချက်တွေကတော့ ပြောမဆုံးပေါင်တွေပေါ့။ ဒါပေမဲ့ သူကလည်း ကိုတာတူးလိုပဲ၊ အလုပ်ရှုပ်သူဆိုတော့ သိပ်မပြောရဲဘူး။ ဖတ်စရာလေးတွေ ဘယ်တော့လာမလဲဆိုတာလောက်ပဲ မျှော်ရဲတာ။ တော်ကြာ ဖေဖေနဲ့မေမေဆီခေါ်ဖို့ ဖုန်းဖိုးမရှိရင် မင်းကပေးမှာလားမေးနေရင် အခက်လေ။ ပြောသာပြောတာပါ။ ဖုန်းကလည်း ကောင်မလေးဆီပဲ ခေါ်နေတာထင်ပ။ ( :P )

ဒီလိုနဲ့ ဝိုင်းတော်သားတွေ စုမိနေတုန်းမှာပဲ။ နောက်တစ်ယောက် ထပ်ရောက်လာတယ်လေ။ သူကတော့ ကိုအိမ်လွမ်းသူကြီး ခေါ်လာတာတဲ့။ လူချင်းကတော့ မသိပါဘူး။ အရေးအသားတွေက ဖတ်ချင်စရာကောင်းအောင် အမြဲဆွဲဆောင်နေတတ်တဲ့ ကိုမာရေးသျှင်ပေါ့။ သူကတော့ ရောက်လာကတည်းက ဝိုင်းတော်သားတွေထဲမှာ လက်အသွက်ဆုံးပေါ့။ အမြဲတန်းနီးပါး အသစ်သစ်လေးတွေ လုပ်ပေးနေတတ်တယ်။ တာဝန်အကျေဆုံးလို့ပဲ ပြောရမယ် လုပ်နေမှ စာမေးပွဲရှိလို့တဲ့ နားသွားတယ်။ တစ်လလောက် ပျောက်နေအုံးမတဲ့။ အင်း စာမေးပွဲရက်တွေမှာလည်း အလည်လာရင်း နည်းနည်းလုပ်ပေါ့လို့ပြောရင် မင်းဝင်ဖြေပေးမှာလားဆိုမှလည်း အခက်ဗျ။

ဒီလိုတွေ လူစည်ကားနေတုန်းမှာ ကျွန်တော်က တို့ဆီမှာ အမျိုးသမီး ကလောင်ရှင်လေးပါရင် ဆွဲဆောင်မှု ပိုလာမယ်ထင်တယ်ဟ။ ရှာပါအုံးဆိုတော့ ကိုရင်တာတူးကပဲ တစ်ယောက်သော အမျိုးသမီး ကလောင်ရှင်ကို ခေါ်လာပေးတယ်။ ဟေ့၊ ဟေ့… လှလားလို့ မေးဖို့ မကြံနဲ့အုံး။ ကျွန်တော်ကို မမြင်ဘူးသေးဘူး။ သူလေးကတော့ ဘဝမှာ အမှတ်အသားလေးတွေ အမြဲထားတတ်သူလား မသိ။ နာမည်လေးကိုက Asterisk တဲ့။ သူ့ကိုလည်း သေချာမသိ။ တစ်ခါက ဂျီတော့မှာ ဆုံတုန်း စပ်စုလိုက်တာ သူ့အကြောင်းပြောရမယ်ဆို မရေးတော့ဘူးပြောလို့ နှုတ်ပိတ်နေလိုက်ရတယ်။ သူလေးလည်း အရေးကောင်းသူပါ။ အဲ.. နည်းနည်းတော့ သူလည်း အလုပ်ရှုပ်သူထင်ပ။ ပျောက်ပျောက်နေတတ်တယ်။ ကိုယ်တွေကတော့ မျှော်ရတာပေါ့နော်။ ထူးထူးခြားခြားလည်း သူတစ်ယောက်ရှိတာကိုး။ ဒါမှလည်း အလည်လာတဲ့ ကိုကိုတွေကို ပြုံးပျော်စေမှာလေ။

ဟဲ..ဟဲ နောက်ဆုံးရောက်လာတဲ့ ဝိုင်းတော်သားကျန်နေတယ်။ အစကတည်းက ကျွန်တော်သတိထားမိတယ်။ ပုံမှန်လေး လုပ်နိုင်မဲ့ ဝိုင်းတော်သားတော့ ရှာအုံးမယ်ဆိုပြီး သူ့ကိုခေါ်လာတာ။ ကိုယ်တိုင် လူကဲခတ် ဒီလောက်ညံ့မှန်း သူလုပ်မှပေါ်တော့မယ်။ မရ ရအောင်ခေါ်လာပြီး ဇွတ်ရေးခိုင်းနေတာ။ ကြာပေါ့။ လှုပ်ကို မလှုပ်ဘူး။ တစ်ကယ်ပဲ။ ကိုယ်ကတော့ သူ့အားကိုးမလားပေါ့။ သူဆိုတာက ကိုအခြားပေါ့။ သူကလည်း စာဖတ်အားတော့ ကောင်းသူတစ်ယောက်ဗျ။ စကားလုံးတိုင်းကို အေးအေးလေးနဲ့ တွေးတွေးဆဆ ပြောတတ်သူပေါ့။ အခုထိတော့ ကျွန်တော်ပြောလွန်းလို့ ဂျာနယ်လေးကို နှုတ်ဆက်စကားပြောသွားလေရဲ့။ ချက်ချင်းကြီးတော့လည်း သူ့ကို အပူကပ်နေရတာ အားနာတယ်ဗျ။ သူက တစ်ကယ်ကို ဘလော့ဂ်လောကနဲ့ စိမ်းတဲ့သူ၊ ဇော်ဂျီလက်ကွက်တောင် အခုမှ စတွေ့တာလေ။ ဒါပေမဲ့ သူကလည်း စာတစ်ပုဒ်ရေးဖို့ဆိုရင် ဂိမ်းတစ်ပွဲနိုင်အောင် တိုက်ဖို့လောက်ကို စိတ်မပါဘူး လုပ်နေတယ်။ ကျုပ်တော့ မျက်နှာမလှ ဖြစ်ရချည်သေးရဲ့ဗျာ။ အခြားက အသစ်လေးဗျ။ (ဟီး..ဟီး) တကယ့် အသစ်လေးဆိုတော့ စာဖတ်သူတွေ ဝိုင်းဝန်းလို့ အားပေးလိုက်ကြပါအုံးနော်။

တလက်စတည်း ပြောအုံးမယ်။ အားပေးကြပါအုံးဆိုလို့ပါ။ ဟိုတလောက ဘလော့ဂ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ဘာတဲ့… ကွန်မန့်ဆိုတာ ဘလော့ဂ်ဂါတွေအတွက်တော့ စာမူခပါပဲတဲ့။ လင့်ခ်လေးကို မမှတ်မိလို့ဗျာ။ မှတ်မိရင် ပေးလိုက်ချင်သေးတာ။ သူပြောတာလည်း ဟုတ်တာကိုး။ အရင်က ကျွန်တော်ဆို စီဗောက်စ်မှာပဲ စာရေးတယ်။ သူများတွေဆီကို အလည်ရောက်ရင်လေ။ ကွန်မန့်ပေးရမှာကို လန့်နေတတ်တာ။ ဇာတ်ရှုပ်တတ်တဲ့ (ပြဿနာ ရှာတတ်တဲ့) စာသားတွေ ပါသွားမှာကို လန့်ပြီးတော့ပေါ့။ အခုတော့ ကျွန်တော်လည်း ကိုယ်ချင်းစာတတ်နေပါပြီ။ တတ်နိုင်သလောက် ကွန်မန့်တွေပေးတယ်။ ဟုတ်တယ်လေ။ သူငယ်ချင်းတစ်ယောက် ပြောသလိုပဲ။ ဘလော့ဂ်ရေးရတာ ပင်ပန်းတယ်ဗျာတဲ့။ ဒါပေမဲ့ ကိုယ်ကပျော်နေတာကိုးတဲ့။ ကျွန်တော်ထင်တယ် အဲဒီလို ပျော်နေဖို့ဆိုတာ ကိုယ့်စာလေးအတွက် မှတ်ချက်လေးတွေကို မြင်နေရမှ။ ဒီလိုမှ မဟုတ်လည်း အနည်းဆုံးတော့ စီဗောက်စ်မှာ အားပေးစကား၊ နှုတ်ဆက်စကားလေးတွေ မြင်နေရမှကိုး။ ဟုတ်ဘူးလား။

ဒီတော့ ကျွန်တော်တို့ E-Journal ဝိုင်းတော်သားလေးတွေ ပျော်နေအောင်၊ ဆက်လက် ဘလော့ဂ်ဂင်းနှိုင်အောင် အားပေးကြပါအုံးဗျာ။ စာစကားနဲ့ပြောရရင်တော့ စာမူခလေးတွေ ဝေမျှပါအုံးပေါ့။ ပြောသာပြောရတာ။ ကိုယ်ကလည်း တခြားစာမျက်နှာတွေကို အလည်သွား၊ နှုတ်ဆက်၊ မှတ်ချက်လေးတွေပေး။ ဒီလိုလုပ်နေမှကိုး။ သူတို့ဆီမှာ ဂျာနယ်လေးရဲ့ ခြေရာချန်ပြီး ဖိတ်ခေါ်ရမှာလေ။ ကျွန်တော်တို့ ဝိုင်းတော်သားတွေကလည်း ခပ်အေးအေးတွေများတော့ အိမ်လည်မထွက်ကြဘူးထင်ပ။ ဝိုင်းတော်သားတွေကလည်း အပြင်ထွက်လည်ကြအုံးနော်။ ဒီနေရာမှာတော့ ကိုတာတူးက တာဝန်ကျေသဗျ။ စီဘောက်စ်မှာ တွေ့လိုက်ရင် သူ့မိတ်ဆွေတွေပဲ လာလာနှုတ်ဆက်တာ။ ပြောရရင် အိမ်ပြင်မထွက်တဲ့ အထဲမှာ ကျွန်တော်လည်းပါနေတယ်။ ကဲဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ ဆက်လက်ချီတက်ဖို့ စိတ်ပြင်းထန်နေတုန်းပဲဗျာ။
မပျင်းမရိ အပြီးထိဖတ်ပေးသွားလို့ ကျေးဇူးဗျာ။ ခြေရာချန်ခဲ့၊ လိုက်လည်မယ်။
မှတ်ချက်။...။
  • ကိုကေဇက်က ရှာပေးသွားလို့ ကွန်မန့်ဆိုတာ ဘလော့ဂ်ဂါတွေအတွက်တော့ စာမူခဆိုတဲ့ ပိုစ့်လေးကို လင့်ခ်ပေးလိုက်တယ်။
  • သူငယ်ချင်းတစ်ယောက်ကလည်း တစ်ဦးတည်းသော အမျိုးသမီး ကလောင်ရှင်ကို စိတ်မဆိုးဖို့ တောင်းပန်ပါတဲ့။ စိတ်မဆိုးပါနဲ့ မယ်ရေ။ အပျော်အဖြစ် နောက်ပြောင် လိုက်တာပါပဲ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, July 12, 2008

ဖိုးလှကြီး၊ သခင်၊ အာဠာဝက


ဖိုးလှကြီး၊ သခင်၊ အာဠာဝက

မနေ့တနေ့က ဘာဖြစ်ခဲ့လဲ၊ ပြန်စဉ်းစားလိုက်ရင် ကျွန်တော်တို့အတွက် သိပ်ထူးခြားမနေတတ်ပါဘူး။ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ မနေ့ကဆိုတာကလည်း တကယ့်စိတ်ဝင်စားစရာ လေ့လာချင်စရာ ဖြစ်မနေပြန်ဘူး။ လူ့သဘာဝကို လေ့လာမယ်ဆိုရင်တော့ တစ်ဦးချင်းစီရဲ့ ဘဝတွေ အတွေ့အကြုံတွေဟာ စိတ်ဝင်စားစရာပါ။ ဒီနေရာမှာ ထပ်ပြောချင်တာ တစ်ခုရှိပါတယ်။ လူ့သဘာဝအရ ငါဘယ်သူလည်း၊ ငါဘယ်ကလာတာလည်း၊ ဟိုအရင်က ငါတို့တွေဟာ ဘယ်လိုမျိုးတွေလည်းဆိုပြီး စိတ်ဝင်စားတတ်ကြတယ်လေ။ လူတယောက်အကြောင်းကို ကောင်းကောင်းသိရတာ၊ သူကျင်လည်တဲ့ ပတ်ဝန်းကျင်နဲ့ ခေတ်ကို အသေအချာပြန်တွေ့နိုင်တာ အတ္ထုပ္ပတ္တိဆိုတဲ့ စာပေမှာပါ။ ကျွန်တော်တို့အတွက် လူ့ဘဝကို ကိုယ့်ရှေ့ကလူတွေ ဘယ်လိုဖြတ်သန်းသလဲဆိုတာနဲ့၊ သူတို့တွေ ဖြတ်သန်းသွားတဲ့ ကျွန်တော်တို့ မသိလိုက်တဲ့ ခေတ်တွေကိုလည်း အဲဒီလိုစာပေမှာ မြင်ကြရမှာပါ။ အခုလည်း အတ္ထုပ္ပတ္တိ စာပေအနေနဲ့ အပြည့်အစုံ ခေါ်ဖို့ခက်ပေမဲ့ ကျွန်တော်တို့ မသိ၊ မမှီလိုက်တဲ့ခေတ်က သမိုင်းဝင်လူတချို့အကြောင်းရေးထားတဲ့ စာအုပ်လေးတစ်ခုထဲက မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားကြီး အာဠာဝက အမည်ခံ သခင်ဖိုးလှကြီးအကြောင်းကိုတွေ့ပါတယ်။ ကျွန်တော်ကတော့ စိတ်ဝင်စားမိပါတယ်။ သူတို့ခေတ်ကိုလည်း မြင်ယောင်ကြည့်မိတယ်။




သိပြီးသားသူတွေလည်း ပြန်လည်အမှတ်ရအောင်၊ မသိသေးသူတွေလည်း သိသွားရအောင်ဆိုပြီး ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းမယ်ထင်ပါတယ်။ ဥပမာ သခင်ဖိုးလှကြီးဟာ ပထမကမ္ဘာစစ်ပွဲမှာ အင်္ဂလိပ်စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းဘူးသူ။ အင်္ဂလိပ်အစိုးရက ရူးသွပ်နေသူ ဆိုပြီး အရူးထောင်ပို့တာ ခံခဲ့ရပေမဲ့ ဂျပန်ခေတ်မှာတော့ မြို့အုပ်ချုပ်ရေးမှုးတာဝန်ကိုတောင် ထမ်းဆောင်ခဲ့သူပါ။ သူ့ဘဝဟာ အလှည့်အပြောင်းများခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘဝမျိုးမှာရောက်ရောက် မြန်မာ့လွတ်လပ်ရေးကို ချစ်မြတ်နိုးပြီး အမြဲတိုက်ပွဲဝင်ခဲ့သူပါ။ စိတ်ဓါတ်ရေးရာမှာတော့ အားကျ အတုယူထိုက်သူပါပဲ။ နိုင်ငံရေးမှာ သဘောတရားရေးရာအရ ထင်ရှားသူ ဟုတ်ပုံမရပါဘူး။ စိတ်ဓါတ်ကိုအခြေခံပြီး ကိုယ်လိုချင်တာကို တစိုက်မတ်မတ် စွန့်စွန့်စားစား လုပ်သွားသူလို့ ကျွန်တော်ကတော့ မြင်တာပါပဲ။ ကဲ.. သူဖြတ်သန်းခဲ့တဲ့ ခေတ်နဲ့ဘဝကို ခံစားကြည့်စေချင်ပါတယ်။

သုခမိန်။…..။
***********************************

အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး

၁၂၉၉-ခု၊ ၁၃၀၀ ပြည့်နှစ် ရေနံမြေသပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင်ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန်ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။ ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်းယူဆမည်ဆိုလျှင် ၁၉၃၈-ခု ရေနံမြေ အရေးတော်ပုံ ကာလအတွင်း၌ သခင်ဖိုးလှကြီး၏ အသက်သည် ၃၀ ပတ်ဝန်းကျင်တွင် ရှိသည်ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉၀၈၊ ၁၉၀၉၊ ၁၉၁၀-ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်းရှိပါသည်။

ဖိုးလှကြီး ၁၄ နှစ်သား အရွယ်ခန့်လောက်တွင် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်မှ စတင်လာခဲ့သည်။ ဇာတိသွေး၊ ဇာတိမာန်များ ရင်တွင်းမှ စတင်ပျိုးထောင်လာခဲ့သည်။

ထိုခေတ်ကာလက မြန်မာပြည်ကို အုပ်ချုပ်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် မြေခွန်၊ ယာခွန်များ မပေးဆောင်နိုင်လျှင် ပစ္စည်းသိမ်း၍ လေလံပြစ်သည်။ သိမ်းရန် ပစ္စည်းမရှိလျှင် လူကိုဖမ်း၍ ထောင်ချသည်။ ဖိုးလှကြီး၏ ဖခင်မှာ မြေခွန်ဆောင်ရန် ငွေလည်းမရှိ၊ သိမ်းရန်ပစ္စည်းလည်း မရှိသဖြင့် လူဖမ်းခြင်း ခံရရှာလေသည်။

၁၄ နှစ်သားအရွယ် ခပ်ငယ်ငယ် ဖိုးလှကြီးသည် သူ့ဖခင်အား ပုလိပ်များ ဖမ်းသွားသည်ကို မြင်လိုက်ရသည်။ သူ့မိခင်က မျက်ရည်စက်လက်နှင့် “မြေခွန် မပေးနိုင်လို့ ဖမ်းသွားတယ် သားရယ်” ဟူသော သူ့မိခင်၏ အပြောကိုကြားရင်း သူ့ရင်တွင်း ပြည့်ကျပ်ဆို့နစ်နေသော ဝေဒနာကို ခံစားခဲ့ရရှာသည်။ သူ့မိခင်သည် မကျန်းမာလျက် ပူလိပ်ကို ပုဆစ်တုတ်ထိုင်ရင်း တောင်းပန်သည်ကို ဖိုးလှကြီး မြင်သည်။ တိုးလျှိုးတောင်းပန်သော အပြုအမှုမျိုးကို ဖိုးလှကြီး မနှစ်မြို့။ တကယ်မရှိလို့ မပေးနိုင်သည်ကို ခွင့်လွှတ်ရန်သာရှိသည်။ ယခုကား ရက်စက်ရာကျလွန်းသည်။ လူမဆန်သော ပြုမှုချက်သာ ဖြစ်သည်ဟု သူယူဆသည်။ တိုင်းတစ်ပါးသားတို့၏ အုပ်စိုးမှုအောင်တွင် နေရသောကြောင့် ဤအပြုအမူမျိုး ခံစားရသည်ဟု ဖိုးလှကြီး မြင်လာသည်။ နယ်ချဲ့ အင်္ဂလိပ်ကို ရွံမုန်းစပြုလာသည်။

ဖိုးလှကြီးသည် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့သော ဗိုလ်လရောင်၏ ညာလက်ရုံး ဖြစ်ခဲ့ဖူးသူ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ဖူးသည်။ ထိုဘုန်းတော်ကြီးသည် ဖိုးလှကြီးအား ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေမကျသဖြင့် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ရပုံ၊ အင်္ဂလိပ်တို့ ယုတ်ညံ့ - ညစ်ပတ်ပုံ၊ မြန်မာတို့ ဇာတိသွေးရှိပုံ၊ ထက်မြက်ပုံ၊ အမျိုးကို စောင့်ရှောက် ထိန်းသိမ်းထိုက်ပုံ၊ မြန်မာ့မြေပေါ်မှ ယုတ်မာသော နယ်ချဲ့အင်္ဂလိပ်တို့ကို မောင်းထုတ်ရမည့်ပုံ စသည်များကို ဇာတိမာန်တက်ကြွအောင် ပြောပြလေသည်။ ဖိုးလှကြီးသည် တစ်စထက် တစ်စ ဇာတိသွေးဇာတိမာန် တက်ကြွသည်ထက် တက်ကြွလာလေသည်။

၁၉၁၄-ခု၊ ၁၉၁၅-ခုနှစ်ခန့်လောက်တွင် ပထမကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလေသည်။ အင်္ဂလိပ်တို့သည် ကမ္ဘာစစ်ပွဲအတွက် စစ်သားစုဆောင်းသောအခါ မြန်မာပြည်မှ မြန်မာလူမျိုးများလည်း အများအပြား ဝင်ရောက်ကြသည်။

ဤတွင် အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းသည်။ ကျွန်အဖြစ် နေရမည့်အတူတူ စစ်မှုထမ်းရင်း ကိုယ့်အတွက် အမြတ်ထုတ်သင့်သည်။ စစ်ရဲ့ အတွေ့အကြုံကို ကိုယ်တိုင်တတ်သင့်သည်။ စစ်ပညာတတ်ထားပါမှ တစ်နေ့ ဒီကောင်တွေကို ပြန်လှန် တိုက်ခိုက်နိုင်မည် စသည်ဖြင့် စစ်ထဲဝင်ချင်အောင် ဟောပြောသည်။

ဖိုးလှကြီးသည် နဂိုကမှ အင်္ဂလိပ်ကို မုန်းတီး ရွံရှာနေသူတစ်ယောက်ဖြစ်၍ မကြာခင်ပင် စစ်ထဲဝင်ခဲ့လေသည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲတွင် ပါဝင်ခဲ့သည်။ စစ်တပ်၌ အမှုထမ်းနေစဉ်တွင် မျက်နှာဖြူ အင်္ဂလိပ်စစ်ဗိုလ်များနှင့် မျက်နှာကြော မတည့်ပေ။ သူတို့အပေါ် အမြဲတမ်း မာကျွတ်ကျွတ် ဘုကျကျဆက်ဆံခဲ့သည်။ မကြာခဏလည်း အချင်းများခဲ့ရသည်။

ဖိုးလှကြီးသည် မျက်နှာဖြူ အင်္ဂလိပ်တပ်ကြပ်တစ်ဦးနှင့် ကပ္ပလီစစ်သားတစ်ဦး လက်ဝှေ့ထိုးရာမှာ မတရားသဖြင့်ထိုးမှုကြောင့် အင်္ဂလိပ်တပ်ကြပ်ကို လက်ဝှေ့တက်ထိုးသည့် အဖြစ်ကြောင့် တစ်ညလုံး အချုပ်ခံခဲ့ရသည်။ ၎င်းပြင် စစ်ပွဲတွင် အောင်ပွဲခံ၍ အရက်သေစာ စားသောက်ကြသောအခါ၌ ဖြစ်သည့် ဖြစ်ရပ်မှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တစ်ခု ဖြစ်သည်။

ဖြစ်ရပ်မှာ ဤသို့တည်း။ အင်္ဂလိပ်များသည် ဘယ်အခါမဆို လူမျိုးခြားထားသော အကျင့်ရှိသည်။ ကုလား၊ မြန်မာ၊ ကပ္ပလီစသော အခြားသူများကို သူတို့နှင့် တန်းတူရည်တူမထားပေ။ အစဉ်အမြဲ ခွဲခြားထားလေ့ရှိသည်။ ယခုအောင်ပွဲခံရာ၌ အသားမည်း၊ အသားညို၊ အသားဝါ စစ်သားများကတခြား၊ သူတို့ လူဖြူစစ်သားတို့က ရွက်ထည်တဲ့ဖြင့် တစ်နေရာ ကျကျနန လူခွဲ၍ စားသောက်ကြသည်။ အစား အစာများမှာလည်း အစာချင်းမတူ၊ သူတို့က ပိုကောင်းသည်။ ကြက်သားကင်၊ ကြက်သားကြော်၊ ဆိတ်သား၊ သိုးသား၊ အမဲသားစသော အကြော်အနှပ်တို့က တင်းကြမ်း၊ ဝီစကီ၊ ဘရမ်ဒီ စသော အရက်သေစာတို့ကလည်း အကောင်းစား၊ သောက်မကုန် စားမခန်း။

အသားညို အသားမည်း၊ အသားဝါအုပ်စုမှ ဖိုးလှကြီးသည် ဤသို့ ခွဲခြားသည်ကို မခံရပ်နိုင် ဖြစ်လာသည်။ သူ့စိတ်ထဲမှာ အတော်ဒေါသ ထွက်နေသည်။

ထို့ကြောင့် ၎င်းအား ပေးလာသည့် အရက်ခွက်ကို မသောက်ဘဲ စားပွဲပေါ်သို့ တအားပစ်ပေါက်ချလိုက်သည်။ ယင်းနောက် စားပွဲပေါ်သို့ ခုန်တက်ကာ “စစ်မြေပြင်တိုက်တုန်းက အတူတူ၊ ခုအောင်သေ အောင်သားစားတဲ့အခါကျတော့ ခွဲခြားထားကြတယ်။ အင်္ဂလိပ်တွေ သိပ်လူပါးဝတယ်။ ကုလားလဲ ကျွန် မဟုတ်၊ မြန်မာလဲ ကျွန် မဟုတ်၊ ကပ္ပလီလဲ ကျွန် မဟုတ်။ အင်္ဂလိပ် မျောက်ကောင်တွေက မတရား ကျွန်လုပ်ထားလို့ ခံနေရတယ်။ ဒီထဲမှာ သတ္တိရှိတဲ့သူ ထွက်ခဲ့ကြ။ အင်္ဂလိပ်မျောက်တွေနဲ့ အရက်အတူတူ သောက်မယ်ကွ” ဟု ကုလားလိုပြောလိုက်သည်။ အားလုံးငြိမ်၍ နားထောင်နေကြသည်။ တုတ်တုတ်မျှ မလှုပ်၊ အံ့အားသင့်နေကြသည်။ ကုလားစစ်သား ၃ ယောက်ခန့် နေရာမှထကာ ဖိုးလှကြီး စကားကို ထောက်ခံသည်။ အင်္ဂလိပ်စစ်သားများနှင့် အရက်အတူသောက်ရန် သဘောတူကြသည်။

ဖိုးလှကြီး ခေါင်းဆောင်သော လူတစ်စုသည် အင်္ဂလိပ်စစ်သားများရှိရာ ရွက်ထည်တဲသို့ဝင်ကာ ခပ်တင်းတင်းပင် အသင့်ထည့်ထားသော အရက်ခွက်များကို ရဲတင်းစွာ သောက်လိုက်ကြသည်။ အစားအစာများကိုလည်း ယူစားကြသည်။ မျက်နှာဖြူစစ်သားများသည် ပထမ အံ့အားသင့်နေကြသည်။ နောက်တော့ ဆဲဆိုကာ တဲအတွင်းမှ ထွက်သွားရန် နှင်ထုတ်ကြသည်။

ဖိုးလှကြီးက ထွက်မသွားသေးဘဲ “ဘာလဲကွ၊ မင်းတို့က အသေခံ တိုက်ပွဲဝင်တော့ အတူတူ၊ စားတဲ့ သောက်တဲ့နေရာကျတော့ ခွဲခြမ်းခွဲခြမ်းနဲ့၊ မင်းတို့ချည်း ကောင်းကောင်းစားလို့ ဘာရမလဲကွ။” ဟု ပြောပြောဆိုဆို စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲကို ဆွဲမှောက်ပစ်လိုက်သည်။ နောက်ဆုံးတွင် ထုံးစံအတိုင်း ဖိုးလှကြီးမှာ တပ်တွင်းအချုပ်ခံရလေသည်။**
**လုပ်သားပြည်သူ့ သတင်းစာဆောင်းပါး၊ ၁၁-၆-၁၉၇၀။
ဖိုးလှကြီးသည် စစ်မြေပြင်တွင် ၃နှစ် အမှုထမ်းခဲ့သည်။ ထိုစဉ်က စစ်ပြန်များ မြေယာကို ပေးလေ့ရှိသည်။ အမှုထမ်းလိုကလည်း ထိုက်သင့်ရာ အလုပ်ကိုပေးသည်။ တစ်နည်းအားဖြင့် အင်္ဂလိပ်များအား လေးစားကြည်ညိုလာအောင် စည်းရုံးသော နည့်းရိယာယ်တစ်ခုပင် ဖြစ်သည်။ ဖိုးလှကြီးသည် ဗမာ့မြေကို ဗမာပိုင်သည်။ အဂ်လိပ်က ပေးစရာမလိုဟု ယူဆကာ သပ်ဆိုင်ရာရုံးသို့ မသွားဘဲ မြေယာများကို မယူခဲ့ပေ။

ဖိုးလှကြီးသည် ရေနံမြေအလုပ်ကြမ်းသမားအဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်။ လစာနှင့် အလုပ်အကိုင် အနေအထိုင်မှာ မျှတမှုမရှိခဲ့။ ဆင်းရဲပြီး အလွန်နုံချာလှသည်။ လူစဉ်မီအောင် အနိုင်နိုင်အားခဲရသည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အင်္ဂလိပ်ကပြားများမှာ တိုက်တာအဆောက်အအုံနှင့် ကားနှင့် ဝင်းခြံနှင့် ဇိမ်ယစ်နေကြ နတ်ပြည်ရောက်နေကြသည်။

ဖိုးလှကြီးတို့လို အလုပ်ကြမ်းသမားများကျတော့ ငရဲပြည်ရောက်နေကြသည်နှင့် တူလှသည်။ အင်္ဂလိပ် မျက်နှာဖြူများက နတ်ပြည် နတ်သားတွေ၊ မြန်မာ အလုပ်သမားတွေက ငရဲပြည် ငရဲသားတွေ၊ အထက်ဘဝဂ်၊ အောက်အဝီစိ ဖြစ်နေကြသည်။

ဖိုးလှကြီးသည် ရေနံမြေ အလုပ်သမားကြီးများဘဝ အခြေကို ရင်နာမိသည်။ မျက်နှာဖြူများ မတရားအုပ်စီးထားမှုကို လေ့လာသည်။ စူးစမ်းသည်။ ဆင်ခြင်သည်။ အလုပ်သမားများကို မျက်စိပွင့်ရန် ဆော်သြသည်။ သတ္တိရှိစေရန် သွေးစည်းသည်။ စည်းလုံးညီညွတ်မှုရှိရန် ဖန်တီးသည်။

ဖိုးလှကြီးသည် ရေနံမြေ စတိုစာရေးကြီး ဦးညီခင်၏ သမီး မညွန့်နှင့် အိမ်ထောင်ကျသည်။ လူငယ်ချင်း မေတ္တာမျှ၍ ခိုးပြေးကြခြင်း ဖြစ်သောကြောင့် မညွန့်၏ မိဘများက အမွေပြတ် စွန့်ပစ်ခဲ့သည်။ ဖိုးလှကြီးတို့ ဇနီးမောင်နှံကား တူနှစ်ကိုယ် တဲအိုပျက်မှာ နေရစေကာမူ ပျော်တပြုံးပြုံး မော်မဆုံးခဲ့၊ ချစ်တာသာ ပဓာန ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလား။

၁၉၃၈ ခုနှစ်တွင် အလုပ်သမားများက တစ်နှစ်လျှင် လုပ်ခမပျက် ခွင့်ရက် ၃၀ ရက်ပေးရန် တောင်းဆိုကြသည်။ ယင်းအပြင် လိုလားချက် ၁၂ ချက်ကိုပါ တောင်းဆိုလိုက်ကြသည်။ အင်္ဂလိပ်မျက်နှာဖြူပိုင် ကုမ္ပဏီများက လိုက်လျောခြင်း မပြုသဖြင့် ၁၉၃၈ ခု၊ ဇန်နဝါရီလ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့တွင် ရေနံမြေသပိတ်ကြီး စတင်မှောက်ကြသည်။ လုပ်ငန်းများ ဆောင်ရွက်ရန် သခင်လေးမောင်၊ သခင်မြ၊ သခင်သင်၊ သခင်ခင်၊ သခင်အောင်ဖေ၊ သခင်ခ၊ သခင်ဘတင်၊ သခင်လှိုင်၊ ဦးဘလှိုင်၊ သခင်ဖိုးလှကြီးတို့အား ရွေးချယ်ကြသည်။

သပိတ်တပ်ကို ရန်ကုန်သို့ ချီတက်ရန် သခင်ဖိုးလှကြီး ခေါင်းဆောင်၏။ မကွေးသို့ရောက်သောအခါ သခင်ဖိုးလှကြီးကို အင်္ဂလိပ်လက်ပါးစေတို့က ဖမ်းလိုက်သည်။ သပိတ်တပ် နတ္တလင်းသို့ ရောက်သောအခါ (ဒီဖင်ဘာ ၂၄ ရက်နေ့တွင်) သခင်ဖိုးလှကြီး ပြန်လွတ်လာသည်။ သခင်ဖိုးလှကြီးသည် သပိတ်တပ်နှင့် ထပ်မံ တွေ့ပြန်သောအခါ ခေါင်းဆောင် လုပ်ပြန်လေသည်။ သခင်ဖိုးလှကြီးကို သပိတ်တပ်သားများက အားရရွှင်လန်းစွာဖြင့် “အာဠာဝက - ကွ”ဟု အမည်ပေး ကင်ပွန်းတပ်ကြသည်။ ဤသည်မှစပြီး “အာဠာဝက-သခင်ဖိုးလှကြီး”ဟု တွင်ရစ်ခဲ့တော့သည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်သို့ ရောက်သောအခါ သပိတ်စခန်းချနေစဉ် အတွင်းမှာပင် ဓနိတော ဘီ၊ အို၊ စီနှင့် အိုင်၊ ဘီ၊ စီ စက်ရုံများမှအလုပ်သမားများ အရေးကို ဆောင်ရွက်ခဲ့သည်။ အခွင့်အရေးများကိုလည်း တောင်းစေခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ ဓနရှင်များသည် သပိတ်ခေါင်းဆောင် အချို့ကို ဖမ်းသည်။ အချို့ကို အပြစ်ပေး၍ ထောင်ချသည်။ ခေါင်းဆောင်စာရင်း ပေးသောအခါ အာဠာဝက-သခင်ဖိုးလှကြီး အမည်ကို ပယ်ချလိုက်သည်။ ဦးနှောက်မကောင်း၊ ရူးနေပြီဟု အကြောင်းပြကာ ဖိုးလှကြီးကို အရူးထောင်သို့ ပို့လိုက်သည်။ စည်းလုံးညီညွတ်နေသော သပိတ်တပ်သားများကိုလည်း ခွဲပြစ်လိုက်သည်။

အာဠာဝက-သခင်ဖိုးလှကြီး အရူးထောင်မှ ပြန်လာသောအခါ သပိတ်တပ်သား ၂၀၀ ခန့်သာ ရှိတော့သည်။ ခေါင်းဆောင် အချို့မှာ အခွင့်အရေးယူသွားကြသည်။ အားနည်း ကွဲပြားအောင် ဓနရှင် အင်္ဂလိပ်တို့က အမျိုးမျိုးအဖုံဖုံ လုပ်ဆောင်ဖန်တီးကြသည်။ သခင်ဖိုးလှကြီးမှာ စိတ်အပျက်ကြီး ပျက်ကာ ကိုရင်ကြီး ဝတ်သွားရှာသည်။ ကိုရင်ကြီးဝတ်နှင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကိုရေးသည်။ ရသောငွေကို ရန်ပုံငွေအဖြစ် သုံးသည်။ စိတ်မလျော့သေးဘဲ လူဝတ်လဲကာ လက်ကျန် သံမဏိသပိတ်တပ် ၂၀၀ ခန့်ဖြင့် ရှေ့တစ်လှမ်းတိုးပြန်သည်။ ပထမ သပိတ်စခန်းကို ရွှေတိဂုံဘုရားတွင် ထားသည်။ နောက်မှ ခြောက်ထပ်ကြီးဘုရား၊ ၎င်းမှတစ်ဆင့် ကိုးထပ်ကြီးသို့ အဆင့်ဆင့် ချီတက်ကာ အဓိဌာန်ပြုကြသည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် သံမဏိတပ်သားများအား မိမိတို့ကိုယ်ကိုမိမိတို့ သရဏဂုံတင်ရန် တိုက်တွန်းပြီး အသုဘဖိတ်စာ ၁၀၀၀ ရိုက်၍ ဝေငှပြီး အစာငတ်အသေခံ ဆန္ဒပြကြသည်။ ကိုးထပ်ကြီးဘုရားရှိ သပိတ်စခန်းသို့ ကြည့်ရှုလာသော ပရိတ်သတ်များ တိုးမပေါက်အောင် စည်ကားလှသည်။ ဆေးလိပ်၊ ကွမ်း၊ သားရေစာ စသည့် ပစ္စည်းများ လှူဒါန်းကြသူများမှာလည်း အများအပြားရှိသည်။ ဦးပု ညွန့်ပေါင်းအစိုးရကလည်း ကျေအေးရန် အစွမ်းကုန် ကြိုးစားကြသည်။ အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁၀-ကျပ်၊ ထမင်းဖိုး ၃-ကျပ် ပေးမည်ဟု ဖျောင်းဖျကြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း “တပည့်တွေ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်နဲ့ နပန်းလုံးပြီး အသေမခံနဲ့ဦး၊ ရှေ့မှာ ကျားနဲ့လုံးဖို့ ရှိသေးတယ်”ဟု ဆုံးမပြန်သည်။ ယင်းတို့ကြောင့် သခင်ဖိုးလှကြီးတို့ သံမဏိသပိတ်တပ်သားများ အစာပြန်စားရန် ဆုံးဖြတ်ပြီး ရေနံမြေသို့ ပြန်ကြလေသည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် အလုပ်သို့ ပြန်မဝင်တော့ဘဲ အလုပ်သမားအစည်းအရုံးတွင် အချိန်ပြည့်ထိုင်ကာ အလုပ်သမားအကျိုး ဆောင်ရွက်သည်။ ၁၉၄၀ ခုနှစ်တွင် ရေနံမြေ အစခန်းထ၍ လှုပ်ရှားရန် အာဠာဝက-သခင်ဖိုးလှကြီးနှင့် သခင်တစ်စုတို့ ကြိုးစားကြပြန်သည်။ လုပ်သားထု လွှတ်တော်ကျင်းပရန် ကြံစည်ကြသည်။ အစည်းအဝေး ၂ ရက်အလိုတွင် လူဖမ်းဝရန်းပြ၍ အာဠာဝက-သခင်ဖိုးလှကြီးနှင့် အပေါင်းပါ သခင်တင်၊ သခင် ဘိုးသာ၊ သခင်မာတို့ကို ဖမ်းသွားကြသည်။

သခင်ဖိုးလှကြီးနှင့် ခေါင်းဆောင်အချို့အား မြစ်ကြီးနားခရိုင်သို့ နယ်နှင်ဒဏ် ပေးလိုက်သည်။ မြစ်ကြီးနားခရိုင်တွင် ဥမကွဲသိုက်မပျက် နေထိုင်ကြရင်း ဒုတိယကမ္ဘာစစ်ကြီး နီးကပ်လာသောကြောင့် နယ်ချဲ့အစိုးရက အာဠာဝက သခင်ဖိုးလှကြီးတို့အား ဗန်းမော်ထောင်သို့ ပို့လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးစီးသော ရဲဘော်သုံးကျိပ်မှ ဘီ၊ အိုင်၊ အေ နှင့် ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာသောအခါ မြန်မာ့တပ်မတော်သည် သခင်ဖိုးလှကြီးတို့အား ဗန်းမော်ထောင်မှ ထုတ်ယူခဲ့သည်။ အခြား အဖမ်းခံနိုင်ငံရေး ခေါင်းဆောင်များကိုလည်း ထောင်မှ ထုတ်ယူ၍ နေရင်းသို့ အသီးသီး ပို့ပေးခဲ့သည်။ အာဠာဝက သခင်ဖိုးလှကြီးကိုမူ ဗန်းမော်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ အုပ်ချုပ်စေခဲ့သည်။

ဂျပန်တို့သည် ရေနံမြေကို ပြန်စသောအခါ သခင်ဖိုးလှကြီးသည် မိမိထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးရာထူးကို ပြန်အပ်ခဲ့ပြီး ရေနံမြေသို့ ပြန်လာခဲ့သည်။ ရေနံမြေသို့ ရောက်သောအခါ သခင်မြ၏ ပြောပြချက်အရ အခြားလုပ်ငန်းများကို မပေးဘဲ ချောက်မြို့၏ အုပ်ချုပ်ရေးရာထူးကို ပေးသည်။ ဂျပန်ခေတ်အတွင်း သခင်ဖိုးလှကြီးသည် အစာအိမ်ရောဂါဖြစ်၍ သခင်မြ၊ သခင်ကျော်စိန်တို့၏ တိုက်တွန်းချက်အရ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသရင်း ဘဝတပါးသို့ ကွယ်လွန်သွားရှာသည်။
*********************************
ရွှေဥသြ
“တစ်ချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ”
စပယ်ဦး စာပေဖြန့်ချီရေး။ စာ၁၁၇မှ ~ စာ ၁၂၃ထိ

ဆက်ဖတ်မယ်ဆိုရင် ...

To E-Journal.


သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။



အခြားက ငယ်ငယ်တည်းက ကိုးလိုးကန့်လန့်ကောင်။
သူ့မှာမကောင်းတဲ့အကျင့်တော်တော်များများ ရှိတယ်။
ဒီလိုပါပဲ ဇလည်းရှိ၊ အတုမြင် အတတ်သင် တွေလည်းရှိတာပေါ့။
နည်းနည်း လူလတ်ပိုင်း ဖြစ်လာတော့ ကောင်းတာ၊ မကောင်းတာ နည်းနည်းမျှပြီး လုပ်ကြည့်ဖို့ စိတ်ကူးရှိ လာ တယ်။
အဲဒါကတော့ E-Journal ကို ရောက်လာရတဲ့ အကြောင်းရင်း ပါ။
အခြားက Blog တွေ နဲ့ တော်တော်ကြီး ကို စိမ်းပါသေးတယ်။
သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။
E-Journal သူငယ်ချင်း များကိုလေးစားလျက် ။ ။

The other .

ဆက်ဖတ်မယ်ဆိုရင် ...

ဝဿန်နဒီအလွမ်း


ကျနော် စာမေးပွဲအတွက် အချိန်ပေးတော့မှာမို့
သြဂတ်စ်လလယ်လောက်ထိ ပို့စ်မတင်ဖြစ်ဖို့များပါတယ်။
(နေနိုင်မယ် မထင်ပါဘူး။)း-)
ဒါကြောင့်…
ကျနော့်နှလုံးသားကပဲ့ထွက်တဲ့
နှလုံးသွေးတစ်စက်
E-Journal အတွက် ဖော်ပြလိုက်ပါတယ်။
ကျနော့်ရဲ့ တစ်သက်တာဟာခင်များတို့အတွက် တစ်လစာတော့ လုံလောက်မယ်လို့ ယုံကြည်ရင်း….



ဝဿန်နဒီအလွမ်း


မှိုင်းပြာရီညို့
မိုးရိပ်တို့သည်
ဟို့… ဟိုတစ်ခွင်
ထက်ကောင်းကင်၌
သခင်ကိုလွမ်း
ရင်မှာကျွမ်းအောင်
စွမ်းဆောင်နှိပ်စက်
သက်သက်တမင်
တိမ်ရေးငင်ပြီ။…..။

လျဉ်လျဉ်စီးမျော
မြစ်ယဉ်ကြောလည်း
ဖြူသောလှိုင်းထိပ်
တလိပ်လိပ်ဖြင့်
တိမ်ရိပ်နှင့်တူ
စစ်ရေးကူပြီ။…..။

လေယူသိမ်းရာ
ယိမ်းရှာလေသော
မြက်စိမ်းတောလည်း
သဘောထားသေး
ဖိအားပေးပြီ။…..။

တိမ်ရေးငယ်ငင်
မိုးရေးစင်လျက်
မြစ်ပြင်မြက်တော
သဘောညီတူ
ဝိုင်းဝန်းကူတော့
မလွမ်း ဘယ်သူရှိပါအံ့။…..။

လွမ်းပြီသခင်…
ကျွမ်း သည်ရင်၌
အပူမြှိုက်သော
တိမ်တိုက်မည်းညို
ပြစ်မဆိုချင်
ကိုယ်ပင်လွမ်းတတ်လေသောကြောင့်။…..။

လွမ်းတတ်သောသူ
ကျွမ်းမြေ့ပူဆဲ
တစ်မူကဲပို
တေးဟစ်ဆိုရင်း
ဟိုသည်ရှေ့နောက်
ကဆုန်ပေါက်လျက်
စနောက်ကျီစယ်
ငါ့ကိုရယ်သည်
”လှိုင်းငယ်”… သင်ရော မလွမ်းလော။……….။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, July 10, 2008

Globalization and My Village!


ကျုပ်တို့ရွာနဲ့ ဂလိုဘယ်(လ်)လိုက်ဇေးရှင်း

“Globalization” ဆိုတဲ့ စကားလုံး ကို ဒီဘက်ခတ်မှာ တော်တော်လေး လူသုံးများလာတာ တွေရပါတယ်။ အဲဒီမှာ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ရဲ အကြောင်းကို ဃဃဏဏ သိလို့ သုံးနေတဲ့သူတွေလဲ ရှိသလို..တော်ရိရော်ရိ သူများသုံးလို့ လိုက်သုံးနေသူတွေက ပိုများမယ်ထင်ပါတယ်.။မင်းကော ဘယ်အထဲကလဲ လို့မေးရင်တော့ ယောင်တောင်တောင် ထဲကပါပဲ..။ဘာပဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာမှာ သတင်းနဲ့ နည်းပညာ ကဏ္ဍ အရမ်းတိုးတက် တော့ နေ့စဉ် အချိန်နဲ့ အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံ တွေ ကို ကမ္ဘာ့နေရာတိုင်းလိုလိုက မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်လို့ ဆိုကြသမို့လား။ ဒါကြောင့်လဲ ဒီ “ဂလိုဘယ်(လ်)လိုက်ဇေးရှင်း” ဆိုတာကြီးကို တပြောတည်း ပြောနေကြတယ် လေ..။

ကျုပ်လဲ အားကျမခံ ကျုပ်တို့ရွာ နဲ့ ဒီဂလိုဘယ်(လ်)လိုက်ဇေးရှင်းကြီး ဘယ်လိုများ ပတ်သတ်နေလဲလို့ မဆီမဆိုင် တွေးနေမိတယ်.။ ဒီလိုပါ…ကျုပ်တို့ ရွာမှာရော ဘာသာရေး ကစ၊ သာရေးနာရေး၊ ရပ်ရေးရွာရေး၊ ဟိုအကြောင်းဒီအကြောင်း၊ ထွေလီကာလီ များမြောင်လှတဲ့ လူဘဝဇတ်ခုံ အဖုံဖုံ ဘယ်လိုတွေ များ အခန်းဆက်နေကြသလဲ ပေါ့…။ အို… စေ့စေ့ တွေးမှရေးရေးပေါ်ဆိုသလိုပဲ…ဗျို့..။ ယနေ့ များတကာတွေ သြချနေရတဲ့ “ကမ္ဘာရွာ”ဆိုတဲ့ခေတ်ကြီးလိုပဲ ပေါ့။ ကျုပ်တိုရွာမှာလဲ သတင်းယူတာ၊ သတင်းပို့တာ၊ သတင်းဖြန့်ဝေတာ၊ ဆိုတဲ့ စနစ်က သူ့ရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပဲ ဗျို့..။



အိုင်တီ နည်းပညာမှာတော့ hacker လို့ ခေါ်မလားမသိဘူး။ ဒီလိုပြောလိုက်တော့ ခင်ဗျားတို့ အတော်များများက ကွင်းခနဲ ကွက်ခနဲ မြင်လိုက်မယ်။ တဒေါက် ဒေါက်နဲ့ လက်သွက်တဲ့၊ သတင်းနိုက်တတ်တဲ့ ပညာရှင်တွေကို။ ကျုပ်တို့ ရွာမှာတော့ ကြက်သရေဆောင်၊ သတင်းကင်းထောက်တွေ ဘယ်လောက်ထိကောင်းလဲ သိချင်ရင်တော့ ကျုပ်တို့ မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေကိုသာ မေးပေတော့လို့ ပြောပါရစေ။ အကြောင်းကဒီလိုပါ….. မိတ်ဆွေတို့ သိတဲ့ အတိုင်း.. ကျုပ်တို့ ၇ွာက မြို့နဲ့ ကပ်လျက် ရွာဆိုတဲ့ အကြောင်းလေ..။ အဲဒီတော့ မြို့နဲ့ ပတ်သက်တဲ့ ကောင်ကျိုး၊ဆိုးကျိုးဟူသမျှလဲ ကျုပ်တို့ ရွာနဲ့ သက်ဆိုင်တယ်ပေါ့ဗျာ။ ကျုပ် မှတ်မိသလောက်တော့ ဗျာ..ကောင်းကျိုး၊ဆိုးကျိုးလို့သာ ဆိုရတယ်… ကျုပ်တို့ ရွာက ဆိုးကျိုးသာပို ခံစားရတယ်ထင်ပါတယ်။ ဥပမာဗျာ.. လုပ်အားပေးဆိုပါတော့ (ငယ်ငယ်တုံးက) မြို့ထဲက အိမ်တွေ က လူပဲ လိုက်ရတာ များတယ်၊ ကျုပ်တို့ ရွာကတော့ လူတင်မကဘူး တခါတလေ လှည်းရောနွားရောပါ လိုက်ရတာဗျ.။ ထားပါ..ဒါတွေ က။

စောစောကပြောသလို ပေါ့ ….မြို့နဲ ပတ်သက်တဲ့ မီးသတ်ရန်ပုံငွေကစ၊ ဘာကြေးညာကြေး ဆို.. ကျုပ်တို့ ရွာလဲ ပေးရတာပေါ့…။အဲဒီလိုပဲ နွေရာသီရောက်ပြီဆိုရင် မီးသတ်တပ်ဖွဲဝင်တွေ က ကျုပ်တို့ ရွာ အပါ အဝင်၊ မြို့ပေါ်က ရပ်ကွက်ပေါင်းစုံ ကို အလှည့်ကျ မီးလိုက်စစ်လေ့ ရှိပါ တယ်..။ သူတို့ စစ်တာကလဲ တခြားမဟုတ်ပါဘူး. မီးချိတ်၊ မီးကပ်၊ ရေတဘက်၊ မီးသတ်သဲနဲ့ မီးသတ်ရေ စုံမစုံပေါ့ဗျာ။ အထူးသဖြင့် မီးကြွင်းမီးကျန် ရှိမရှိပေါ့..။ အဲ.. ပစ်မှုတစ်ခုတွေ့ရင်တော့ ပစ်မှုပေါ် မူတည်ပြီး ဒါဏ်တပ် တယ်လေ..။မီးသတ်ရေ ဖြည့် မထားရင် ဘယ်လောက်..၊ မီးကြွင်း မီးကျန်ဆိုရင် ဘယ်လောက်.. အစသဖြင့် ပေါလေ။ ကျုပ်တို့ ရွာကအိမ်ထောင်စု အားလုံးက တောသူတောင်သားတွေ ဆိုတော့ …မီးချိတ်၊ မီးကပ်၊ ရေတဘက်ဆိုတာကတော့ အထူး လုပ်နေစရာ မလိုပါဘူး။ သစ်တို့ ဝါးတို့ ပေါတာကိုး။ မီးသတ်ရေအိုး ကတော့ နွားသောက်၊ ဝက်သောက်နဲ့ ဆိုတော့ ကုန်နေတာက များပါတယ်၊ မီးကြွင်းမီးကျန်ကလဲ ကျေးရွာဓလေ့ဆိုတော့ လူကြီးတွေက ရေနွေးကြမ်းက အပြတ်မခံကြဘူးလေ..။ အမြဲတမ်း မီးဖိုနဲ့ ရေနွေးအိုးဖင် ခွာရတယ် မရှိဘူး။ အဲဒီတော့ အထူးသဖြင့် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့လာပြီဆိုရင် အဓိက လုပ်ရတာက မီးသတ်ရေအိုး ရေဖြည့်ပို့ရယ်နဲ့ မီးကြွင်းမီးကျန်သတ်ဖို့ ပါပဲ။ အဲပြောရအုံးမယ်.. မီးသတ်ရေအိုးက ရေတစ်ဂါလံ ကျော်ကျော်လောက်ဆံ့မယ်ထင်တယ် ၅လုံး..၊ မီးသတ်သဲကလဲ တစ်တင်း ထန်းခေါက်လောက်တောင်း အစုပ်တစ်ခုနဲ့ ထည့် ထားရတယ်ဗျ။

ကျုပ်မှတ်မိသလောက်ပြောရရင် ကျုပ်တို့ ရွာထဲမှာ မီးသတ်တပ်ဖွဲ့ ဒါဏ်ရိုက်ခံရတယ် ဆိုတာ ရွာထိပ်က တစ်အိမ်နှစ်အိမ်နဲ့ ရွာနောက်ပိုင်း အစွန်က တစ်အိမ်နှစ်အိမ်ပဲ ကြားဖူးတယ်။ ဒါတောင် တစ်နှစ်လုံးနေမှ တစ်ခါလောက်ပါ။ တော်တော်လေးရှားပါတယ်။ ရွာလည်က အိမ်တွေ ဆိုတာကတော့ ပြောမနေနဲ့ တော့ ..။ တစ်ခါမှ အဖမ်းမခံရဖူး ဘူးလေ။ ဘာကြောင့် လဲ မေးရင်တော့ ကျုပ်တို့ ရွာကို ဝင်ဖို့ လယ်ကွင်းလျှို လေးကို ဖြတ်ရတာ က တစ်ကြောင်း၊ ကျုပ်တို့ ရွာရဲ hackers တွေ က လဲ နေရာတိုင်းမှာ ရှိနေတာက တစ်ကြောင်းလေ။ မီးသတ်ရဲဘော်တွေ လယ်ကွင်းကို ဖြတ်နေပြီဆိုတာနဲ့ သတင်းက ကျုပ်တို့ တစ်ရွာလုံး နှံ့ နေပြီ။ အဲဒီလို အချိန်ဆို ဆော့ နေတဲ့ ကလေး အားလုံးရပ် ပြီး “မီးသတ်ဗျို့ …….မီးသတ်ဗျို့….။” ရွာထဲ က လမ်းဟူသမျှ လူစုခွဲပြီးအော် ကြတာလေ..။ တစ်မျိုးပျော်စရာတောင် ကောင်းသေးဗျ။ လူကြီးတွေ ကလဲ ချက်ချင်းပဲ မီးသတ်ရေအိုးရေဖြည့်တယ်…၊ မီးကြွင်းမီးကျန်သတ်တယ်၊ ဟော့.. မီးသတ်ရဲဘော်တွေလဲ ရွာထဲ ရောက်ရော့ အားလုံး အဆင်သင့်ပဲ ။ မီးသတ်ရဲဘော်ကြီးတွေ ကြိုက်သလောက် ခြေတိုအောင် စစ်ပေတော့ ကျုပ်တို့ ရွာမှာ ဒါဏ်တတ်ခံရတယ်ဆိုတာမရှိဘူး။ အဲဒီလောက်ကောင်းတာ သတင်းကပို့တာ ဖြန့်ဝေတာက။ အဲ တစ်ခါတစ်လေ ရွာရှေ့ပေါက်က ဝင်ရင် အဆင်မပြေလို့ ရွာနောက်ပေါက်ကဝင်ဖမ်းလဲ မထူးပါဘူး။ ထိပ်ပိုင်းက တစ်အိမ်စ နှစ်အိမ်စတော့ တစ်ခါတစ်လေ အဖမ်းခံရတတ်ပါတယ်။ ဒါကလဲ ရှားပါတယ်။ သူတို့ ကလဲ ကျုပ်တို့ ရွာအကြောင်းသိထားတော့ တစ်အိမ်နှစ်အိမ်လောက် စစ်ပြီးရင် ဆက်မစစ်တော့ ပါဘူး။ တွေ့တဲ့ အိမ်ဝင်ထိုင်ပြီး အဲ့ဒီအိမ်က တိုက်တဲ့ ရေနွေးကြမ်းလေး သောက်လိုက်၊ ကြွေးတဲ့ လက်ဖက်ကလေး စားရင်း တောင်ပြော၊ မြောက်ပြောနဲ့ ပြန်သွားရတာများပါတယ်။

အဲဒါက မီးသတ်ကိစ္စပါ..။ နောက်ရှိသေးတယ် Google Search Engine တွေမှာ သုံးတဲ့ News ဆိုတဲ့ link လိုမျိုး ကျုပ်တို့ ရွာရဲ့ ပင်တိုင်စံ ရွာဆော် ကိုစိန်အောင်ပါ။ သတင်းစုံသိချင်ရင် သူ့သာမေးပေတော့။ သူကတော့ တကယ့် အစိုးရရဲ့ အခွန်အတုတ် ကိစ္စတွေ၊ ရပ်ရွာ သာရေး၊နာရေး ကိစ္စတွေနဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ဆော်သြပေးရသူလေ။ အကြောင်းတစ်စုံ တစ်ရာ ထူးတာနဲ့ သူကရွာရိုးကိုးပေါက် ခြေပေါက်အောင် လှည့်ပြီးဟစ်နေရတာမို့လား။ ပြောရအုံးမယ် ကိုစိန်အောင်က ရွာဆော်လုပ်နေလို့ သာဗျ ၊ သူ့အသံက ကောင်းမှကောင်းပဲ။ တစ်ခါတစ်လေ “ဘာဗျို့ ….ညာဗျို့…..” အော်ပြီး ပြီဆိုရင် အလင်္ကာကျော်စွာရဲ အသံနဲ့ တစ်ပုဒ်လောက် ဟဲလိုက်သေးတယ်..ဗျို့။ ကျုပ်တို့ဆို သူတစ်ခုခုအော်ပြီးတာနဲ့ ဘာသီချင်းများ ဆိုမလဲ ဆိုပြီး နားစွန့်ရတာ အမောသားပဲ။

ဒါတင်ဘယ်ကမလဲ pop-up တွေလို သတင်းအချက်အလက်တွေ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော၊ ရောပြွန်းသပြွန်း တစ်အိမ်တက်ဆင်း လိုက်ပြီး သတင် ဖလှယ်ရေး ကို အဓိကထားလုပ်နေတဲ့ မိန်းမတွေ က ရှိသေးတယ်လေ။ ဒီကနေ့ ဘယ်သူ့အိမ်က ဘာဟင်းချက်စားတယ်……ကစ၊ ဘယ်သူကတော့ ဒီနှစ်သီးနှံတွေ ဘယ်လောက်ရတယ်တော့.. ဆိုတာထိ။ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာတွေလေ။ တစ်ခါတစ်လေ “ဟယ်… ရွာလယ်ခေါင်က ခင်စန်းလေး ကလေးသုံးမွှာပူးမွေးလို့ တဲ့ တော့..။ အယ်… ဟုတ်လား။ နှစ်ယောက်က ချက်ချင်းသေသွားတာတဲ့ ။ အော်…။ ကျန်တာလေးက ယောက်ျားလေးတဲ့..။ ဟုတ်သလား….ဒါဆို"မောင်ကျန်”လေးပေါ့။” နောက်တစ်ခါ… “ဟို မြောက်ချောင်(ပိုင်း) က မြင့်ဆွေ မိန်းမလေး ကိုယ်ဝန် အရင့် အမာကြီးနဲ့ ဝက်စာအိုးကျိုတာလေ အဲ့ဒီ မီးဖိုနားလေးတင် ကလေးမွေးတာတဲ့ တော့ သနားပါတယ်။ ဟယ်..။ အယ်…ဟုတ်သလား၊ ဒုက္ခပါပဲနော်..။” “ဘာလေးတဲ့လဲ..” “ယောက်ျားလေး ဆိုလား ဟဲ့” အဲ့ဒီကလေးလဲ ချက်ချင်းပဲ အရပ်က ရေတစ်ခွက် မတိုက်ရပဲ နာမည်ပါ ကင်မွန်းတပ်ပေးလိုက်တယ် လေ… “ပြာလူး” တဲ့။ မြို့တွေမှာလို နာမည်တစ်လုံးပေးပို့ အရေး ဝိထာရ ချဲ့မနေပါဘူး..။ မိဘတွေ ကလဲ အရပ်က သဘောကျလို့ ပေးထားတဲ့ နာမည် တစ်လုံး ကြေကြေနပ်နပ်ပါပဲ..။ ဘယ်လောက် မြန်လဲ ကျုပ်တို့ ရွာက သတင်းကဏ္ဍမှာ..။

ဟော….. အခုဆိုရင် “ပြာလူး” တို့ ဆိုတာ ကျုပ်တို့ရွာရဲ့ ကြက်သရေဆောင် hacker တောင်ဖြစ်နေပြီလေ..။ ကျုပ်တို့ ရွာမှာ သဘောကျတာ တစ်ခု ရှိသေးတယ်၊ ရွာထဲ ကို သူခိုးဝင်တယ်ဆိုပါတော့..။ တစ်ရွာလုံး ရှိရှိသမျှလူ အကုန်ထွက်ပြီး လိုက်တာပဲ။ များသောအားဖြင့် မိတာပါပဲ။ မြို့တွေ မှာလို ကိုယ်ပစ္စည်းကို ဖင်ခုထိုင်ပြီး ကျီးကြည့် ကြောင်ကြည့် လုပ်မနေပါဘူး။ အဲ သူခိုးမိပြီဆိုရင်လဲ ကျုပ်တို့ရွာက ဘယ်တော့ မှ သူခိုးကို ရဲစခန်း မအပ်ဘူး။ နောက်တစ်ခါ ကျုပ်တို့ ရွာထဲ မလာရဲအောင် ကောင်းကောင်းဆုံးမ လွတ်တာပဲ။ ရွာထဲ ရှိရှိသမျှ လူငယ်ဟူသမျှကို… ပညာလဲပေးရင်း၊ ဝင်ပြီးရိုက် ခိုင်းတာလေ။ လူငယ်တွေကိုလဲ လူကြီးတွေက ခိုးစားတဲ့ “သူခိုး” ဆိုတာ ဒီလိုပဲ လို့ ခေါ်ပြတာလေ။ အခုနောက်ပိုင်းဆိုရင် ကျုပ်တို့ရွာကို သူခိုး ခိုးသံမကြားရသလောက်ပါပဲ..။

ကဲ ဘယ်လိုလဲ ကမ္ဘာရွာကြီးရေ.. ကျုပ်တို့ရွာကတော့ အဲ့ဒီလိုရပ်တည်လာတာ နှစ်တွေတောင်ဆွေးနေပြီ….။ ခင်များရော… ဘယ်လို ရှေ့ဆက်မလဲ ဆိုတာတော့ …..။ စာရှုသူအပေါင်းကို…… ပြာလူးတို့ ရွာက သတင်းနဲ့နည်းပညာတွေ လေ့လာရအောင် ဖိတ်ခေါ်ပါတယ်ဗျာ..။ ကြုံရင်ဝင်ခဲ့ကြပါအုံး။

စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

အိမ်လွမ်းသူ (မှန်နီကုန်း)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, July 8, 2008

အဖေနဲ့ ကျနော်

အဖေနဲ့ ကျနော်

ငါသေသွားလည်း
ဇနီးမယား သမီးသားတို့
ခရီးဆက်ရန်မပူပန်ပြီ။
ရှုံးရှုံးနိုင်နိုင်
ယိုင်ယိုင်လဲလဲ
ခိုင်ခိုင်မြဲမြဲ
ရင်ဆိုင်ရဲတဲ့
ယှဉ်ပြိုင်ရဲတဲ့
စိတ်ဓာတ်အမွေ
သတ္တိတွေကို
ပေးခဲ့ချေပြီ
ဒီအနေမှာ
ငါသေချင်လည်း သေပါစေ။
အမွေအစစ်ရယူစေ။……….။

ကျနော့်အမေရေုးခဲ့တဲ့ ”အမွေ” ဆိုတဲ့ ကဗျာလေးရဲ့ တစ်ပိုင်းတစ်စပါ။ ကျနော့်ရင်ထဲမှာ အလွတ်ရနေတာပါ။ အဲဒီကဗျာလေးနဲ့ အတူ အဖေနေ့(ဇွန်လ ၁၅ ရက်၊ ၂၀၀၈)မှာ Dr. Tian Dayton ရဲ့ The Quiet Voice of Soul စာအုပ်ထဲက From Father to Self ကိုဖတ်ပြီး ပြန်ချရေးထားတဲ့ တစ်ပိုင်းတစ်စကို တင်ပြလိုက်ပါတယ်။



ကျနော့်ရဲ့စိတ်အတွင်းပိုင်းထဲ နက်ရှိုင်းစွာ ၀င်လို့ရတဲ့ တစ်နေရာ ကျနော့်မှာရှိပါတယ်။
ဟိုး.. ကလေးဘ၀အိမ်ကလေးရဲ့ လသာဆောင်မှာ အဖေနဲ့အတူ ထိုင်ခဲ့ကြတယ်။ အဲဒီနေရာလေးမှာပဲ ကျနော်ဟာ ချစ်ခြင်းမေတ္တာဆိုတာကို ပထမဦးဆုံးအကြိမ် တိတိပပ မိမိရရ သိခဲ့ရတာပါ။ကျနော်က အဲဒီနေရာကလေးကို နေ့တိုင်း၊နေ့တိုင်း သွားရောက်ခဲ့သလို အဖေကလည်း အဲဒီမှာ မပျက်မကွက် ရှိနေလျက်ပါပဲ။
အဖေက ကျနော့်ကို အရုဏ်ဦးနဲ့ အထူးမိတ်ဆက်ပေးခဲ့တာဟာ အဲဒီနေရာလေးမှာပါပဲ။ ကျနော်တို့ဟာ မနက်ခင်းတိုင်းမှာ အရုဏ်ဦးကို ခရီးဦးကြိုပြုဖို့ လိမ္မော်ရည်တစ်ခွက်နဲ့ လသာဆောင်ဘက် ထွက်ထွက်ထိုင်ခဲ့ကြတယ်။ အဖေလိမ္မော်ရည်ညှစ်နေတဲ့အခါတိုင်း ချစ်ခြင်းမေတ္တာတရားနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အဖေရဲ့လက်များမှာ မှော်ဝင်စားနေတယ်လို့ ကျနော်ခံစားခဲ့ရတယ်။
အဖေရဲ့ တွယ်တာမြတ်နိုး တန်ဖိုးထားမှုကို ကျနော်ခံစားခဲ့ရတယ်။ အပြင်းပြေလမ်းလျှောက်ထွက်တဲ့ အခါတိုင်း အဖေက ကျနော့်ကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဖေ့ရဲ့ ငယ်စဉ်ဘ၀ တစ်ထောင့်တစ်ညတွေကို ပြောပြတယ်။ အဖေက ကျနော့်စိတ်ထဲမှာ ဖြစ်ရှိနေတဲ့အရာတွေကို စိတ်ဝင်တစားရှိခဲ့တယ်။ ကျနော့်ရဲ့ အတွင်းပိုင်းအကျဆုံး အတ္တတွေကို ဖွင့်ငှဖို့ သင်ကြားပေးခဲ့တယ်။ ကျနော့်မျက်နှာမှာ ၀မ်းနည်းရိပ်တွေ တွေ့တဲ့အခါ ဘာမှားယွင်းနေသလဲ တစ်မေးတည်းမေးနေတတ်တယ်။ အဖေက ကျနော့်ကိုယ်ကျနော် တန်ဖိုးရှိတယ်လို့ ခံစားရစေခဲ့တယ်။
အဖေဟာ ကျနော်စိတ်ပျက်အားလျော့တဲ့အခါ ကျနော့်အတွက် စိတ်ပူပြီး၊ ကျနော်ပျော်ရွှင်တဲ့အခါ ကျနော်နဲ့အတူ ပျော်ပွဲဆင်ခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုခံစားရတဲ့အရာမျိုးလဲဆိုတာ အဖေက ကျနော့်ကို သင်ပေးခဲ့တာပါ။ အဲဒီရင်တွင်းဖြစ်ခံစားသိနဲ့ပဲ ကျနော့်ဘ၀ကြင်ဖော်ကို ရွေးချယ်ခဲ့တာပါ။ အဖေ့ဆီက ရခဲ့ဖူးတဲ့ ခံစားချက်မျိုး တစ်ခါထပ်တွေ့ကြုံလိုက်ရတဲ့အခါ … ဒီလူဟာ ငါ့ဘ၀တစ်လျောက်လုံး အတူတူကုန်ဆုံးချင်တဲ့သူပဲဆိုတာ အနက်ရှိုင်းဆုံး သိလိုက်ရပါတယ်။ ကျနော်တို့ဟာ အဲဒီနည်းနဲ့ ချစ်ခြင်းကို သင်ယူခဲ့ကြပြီး၊ အဲဒီနည်းနဲ့ပဲ ချစ်ခြင်းကို ပြန်လည်သင်ကြားပေးနေကြတာပါ။
မိဘဆိုတာ အပြောနဲ့မဟုတ် အလုပ်နဲ့ သင်ကြားပြသသူတွေပါ။စံပြုပြခြင်းဆိုတာ မိဘက သားသမီးဆီ လက်ဆင့်ကမ်းပေးတဲ့သင်ယူခြင်းမှာ အမြော်အမြင်အကြီးမားဆုံးသောအဆင့်ဖြစ်ပါတယ်။ ”လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ” သူ့ကိုယ်သူချစ်တဲ့၊ ဇနီးမယားသမီးသားတွေကို ချစ်တဲ့ ဖခင်တစ်ယောက်ဟာ သူ့သားကို ဖအေတူသားဖြစ်ဖို့ အသံတိတ်သင်ကြားပေးပါလိမ့်မယ်။ သမီးကိုချစ်တတ်တဲ့အဖေဟာ သူ့သမီးကို ယောကျာင်္းကောင်းတစ်ယောက်ရဲ့ ချစ်မြတ်လေးစားခြင်းနဲ့ ထိုက်တန်အောင် အလိုလိုသင်ကြားပေးပြီးသားပါ။
ကလေးရဲ့ရင်ထဲမှာ တစ်စိတ်တစ်ပိုင်းအမြစ်တွယ်နေတဲ့ အဖေရဲ့ပုံရိပ်ဟာ သူလူလားမြောက်တဲ့အထိ ပါသွားပါတယ်။ ကလေးတစ်ယောက်ရဲ့ အဇ္ဈတ္တမှာ အဖေကိုဘယ်လိုနေရာချမလဲ ဆိုတာ အလွန်အရာရောက်တာကြောင့် မိသားစုဘ၀မှာ အဖေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, July 7, 2008

Me and My friend's Dialog


ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်ရဲ့ ဆွေးနွေးခန်း

တနေ့တုန်းက မြန်မာတွေရဲ့ အလှူနဲ့ပက်သက်ပြီး ပိုစ့်တစ်ခုတင်လိုက်တယ်။ နောက်ပြီးမှ ပိုစ့်က ဘာသာရေးတွေပါနေတော့ ဇာတ်ရှုပ်မှာ ဆိုးလာတယ်။ ဒါနဲ့ သူငယ်ချင်းတယောက်ကို အဲဒီပိုစ့်အကြောင်း ဆွေးနွေးလိုက်တာ။ သူငယ်ချင်းက စကားတွေပြောသွားလိုက်တာ နည်းမှ မနည်းပဲ။ နောက်ပြီး သူနဲ့ပြောလိုက်ရတာက ဗဟုသုတတွေလည်း ရသင့်သလောက်ရလိုက်တယ်။ ဒါနဲ့ G-talk မှာ ပြောထားတာတွေကို ဘလော့ဂ်မှာ တင်မယ်ဆိုတော့ လုပ်လေတဲ့ ရပါတယ်တဲ့။ ဒါနဲ့ပဲ သူငယ်ချင်းနဲ့ ပြောထားတာတွေကို ဖတ်ကောင်းအောင် (အပိုတွေ ကိုယ်ရေးကိုယ်တာတွေ ဖြုတ်ပြီး) နည်းနည်း ပြုပြင်ပြီး တင်ပေးလိုက်တယ်။ တစ်ခုတော့ရှိတယ်။ စာတွေက အရမ်းရှည်နေလိမ့်မယ်။ ဖတ်ရတာ မပျင်းပါနဲ့၊ ကျွန်တော်တို့ ဘာတွေပြောဖြစ်လည်း သိရတာပေါ့။ နည်းနည်းလေး တွေးစရာ ရသွားတယ်ဆိုရင်ကို စာတွေအများကြီး သေချာပြန်စစ်၊ ပြန်စီရကျိုး နပ်ပါတယ်။ ကဲ.. ဖတ်ကြည့်ပါအုံး။



frd: မောင် ## ရေ
ရှိလားဗျာ့
me: hote
frd: မေးမလို့
me: မေး
frd: နာမည်ကြီးကျောင်းတိုက်တွေမှာ အများဆုံးသိသလောက်ပေါ့ တနှစ်ကို ကထိန်ဘယ် နှစ်ကြိမ်ခင်းလဲ။
me: အာ။ ကထိန်ဆိုတာ တနှစ်တကြိမ်လေ ဟုတ်ဘူးလား။
frd: ဟုတ်တယ် ဒါပေမယ့် မောင် ##ေ၇းထားတာ အကြိမ်ကြိမ်များရနေလားလို့။
me: မှားနေလား။
frd: မှားပါဘူး။ သင်္ကန်းတွေ အထပ်လိုက်ဆိုတော့ အကြိမ်ကြိမ်များ ခင်းနေတဲ့ အဓိပ္ပာယ်လားပေါ့။ အဲဒါကြောင့်မေးတာ။
me: ဒီလိုပြောချင်တာပါ သူတို့တွေက ပြည့်စုံတယ် မလိုပဲ အလှူကရနေတော့ သိမ်းနေရတာ
frd: ပေါက်ပါတယ်။
me: အဲလိုမျိုး။
frd: မောင် ## ပြောထားတာကောင်းပါတယ်။
me: ဟာ မကောင်းဘူးကစဗျ အချင်းချင်းကို ပြောပေးမှ။
frd: မောင် ## သဘောပေါက်မှားနေလားလို့ မေးလိုက်တာ အလှူခံ ပုဂ္ဂိုလ်က မြတ်ရင် မြတ်သလို ဒါန ရဲ့ အကျိုးကျေးဇူးက ပိုကြီးတယ်ဆိုတာကို ဘယ်လိုသဘောရလဲ။ လက်မခံချင်အောင်ဖြစ်နေလား။ ဘယ်လိုမြင်လဲ။
me: မှန်တယ်။ ဒါပေမဲ့ အဓိက က စိတ်ဗျ။ ထင်တာပဲ လှူတဲ့သူရဲ့စိတ်။
frd: စေတနာလို့ပြောရင်လည်းရမယ်ထင်တယ်။
me: အင်းအင်း၊ အဲဒါ။
frd: အဲဒါကို ကျွန်တော်နားလည်သလိုရှင်းမယ်နော်။ အားရင်နားထောင်ဦး ကွန်မန့်ရေးရင် အရမ်းရှည်မယ်။
me: ရေးဗျ။ သူများတွေလည်း ဖတ်ရတယ်။
frd: ဘုရားက အလှူခံ ပုဂ္ဂိုလ်က မြင့်မြတ်လေ အလှူရဲ့ တန်ဖိုးက ကြီးလေးဆိုတာကို ဟောရတဲ့ အကြောင်းက သဘာဝ တရားဖြစ်စဉ်သက်သက်ကို ပြောခဲ့တာဖြစ်လိမ္မယ်။
သူ့တပည့်သား သံဃာတွေကို မြင့်မြင့်မြတ်မြတ် နေတတ်အောင်ပြောခဲ့တာဖြစ်လိမ္မယ်။
အလှူခံပုဂ္ဂိုလ်ဆိုတာကို လယ်ယာမြေ အလှူပြုခြင်းကို ဒါနမျိုးစေ့ချခြင်း အဲလိုပြောတာကိုဗျာ့
လယ်ယာမြေက ကောင်းလေ အကျိုးကျေးဇူးက ကြီးလေပေါ့။
me: အော်၊ နားလည်ပြီ။
frd: အဲဒီတစ်ချက်တည်းကိုကြည့်ပြီး အလှူပြုပုဂ္ဂိုလ်က လိုလို မလိုလို မြင့်မြတ်တဲ့နေရာပဲလှူမယ်ဆိုပြီး အဲဒီတရားတော်ရှူထောင့်တစ်ခုတည်းနဲ့တော့ အလှူခံပဂ္ဂိုလ်မရွေးသင့်ဘူးပေါ့။
me: အင်း ဒါပေမဲ့ ဒီလိုတွေများနေသလားလို့။
frd: အဲလိုဆိုရင်တော့ေ၇များရာမိုးရွာဖြစ်မှာပေါ့။ ဟုတ်တယ်။ အဲဒါဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လှူတဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားလိုချင်တာကိုး။ လိုချင်တယ်ဆိုကတည်းက
လှူတုန်းက လောဘဦးဆောင်နေတယ်။
me: ကျွန်တော် အဲဒါတွေကိုပြောချင်တာဗျ။ မြန်မာတွေ အဲလိုများနေတယ်။ ဟုတ်ဘူးလား။
အဲလို မခံစားမိဘူးလား။
frd: ကိုယ်လှူလိုက်တဲ့ ဒါနရဲ့ အကျိုးကို ကြီးကြီးမားမားရချင်တယ်၊ ခံစားချင်တယ်။
အဲဒါကြောင့် အဲဒီနေရာတွေကို လှူကြတာ။ အဲလိုလှူတယ်ဆိုမှတော့ သူ့အတွက်ဆိုတဲ့ စေတနာ ကဦးမဆောင်ဘူး။ ကိုယ်ရချင်တယ်ဆိုတဲ့ လောဘကဦးဆောင်နေတယ်။
me: ဒါဆိုမေးအုန်းမယ်
frd: ဟုတ် မေးမောင် ##
me: ဗုဒ္ဓဘာသာဝင်တစ်ယောက်က နိဗာန်ကို လိုချင်တယ်ဆိုတာ။ လိုချင်တယ်လို့ သုံးတယ်နော်။
frd: ဟုတ်။
me: စွဲလမ်းမှု၊ တက်မက်မှုလား။
frd: အဲဒါကိုလောဘ ခေါင်စဉ်တပ်မလို့လား။ မဟုတ်ဘူး။
me: မရှင်းလို့မေးတာ။ ပြောအုံး။
frd: အဲဒါက နိဗ္ဗာန်ချမ်းသာကို ရှင်းရခက်သလိုပဲ၊ အဲဒီအပိုင်းကလည်းခက်တယ်။ နိဗ္ဗာန်ချမ်းသာကို ခံစားချင်တယ်။ အဲလိုသုံးတာကိုး။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာကိုးက ခံစားခြင်းချမ်းသာမျိုးမဟုတ်ဘူး။ ငြိမ်းအေးခြင်းချမ်းသာတဲ့။
ဒါပေမယ့် ဘာသာစကားမှာ အဲဒီကောင်အတွက်၊ သင့်တော်တဲ့ စကားက မရှိတော့ မြင်သာအောင် နိဗ္ဗာန်ချမ်းသာခံစားတယ်လို့ပြောတာ။ အဲဒီချမ်းသာကို လိုချင်တာလဲ အဲလိုပဲ။ တကယ်တရားနားလည်လို့ လိုချင်တယ်ဆိုတာက၊ လောဘကနေကင်းတဲ့ လိုချင်မှုမျိုး။
me: ဒီလိုများဖြစ်မလား။ စိတ်ချမ်းသာတဲ့ လမ်းကို (ရှုခင်းကောင်းတဲ့လမ်းလိုမျိုးကို) လျှောက်မိတော့၊ စိတ်က အလိုလို တက်မက်မှုဆိုတာမပါပဲ၊ ကြည်နူးမှုနဲ့ ဆက်လျှောက်သလို။ နိဗာန်ကို ဆက်သွားရမှာ။ ဒီလိုလား။ စိတ်ရဲ့ အကြည်ဓါတ်လို့ သုံးကြတယ်။
frd: ဟုတ်မယ်ထင်တယ်။ ကောင်းကောင်းနားလည်အောင်တော့ ကိုယ်တိုင်ကျင့်မှသိမယ်ထင်တယ်။ တပ်မက်မှုဆိုတာရှိနေရင်တော့ နိဗ္ဗာန်က မရနိုင်ဘူးတဲ့။
အဲဒီအသုံးတွေက လက်တွေ့လုပ်မှ သိနိုင်တာတွေဖြစ်မယ်လို့ထင်တယ်။
me: ပုံမှန်အားဖြင့်တော့ နိဗာန်ဆိုတာကို လူတွေက၊ တက်မက်နေကြသလားလို့။ ဥပမာကိုပြောအုံး။
frd: ဥပမာပေးတာတွေတွေ့ဖူးတယ်မဟုတ်လား။တရားမသိတပ်မက်တာပေါ့။
ယောက်ျားယူတာ ဘယ်လိုခံစားရလဲမေးတဲ့ ညီအမ ၂ ယောက်ဥပမာလေ။ အရသာကို သူကောင်းကောင်းသိတယ်။ ဒါပေမယ့် ညီမဖြစ်သူကို စကားလုံးတွေနဲ့ ရှင်းမပြတတ်ဘူး။
အဲလိုပေါ့။ ဒါဆို မောင် ## က ပိုနီးစပ်သွားပြီ။ ဟီး…
me: ဟားဟား။ အင်း ထားတော့။ သားပိုစ့်ကို ပြောအုံး။
frd: ပြောနေတယ်။ စောစောက စေတနာကိစ္စနဲနဲလေးပြောဦးမယ်။ ငါ့ဒါနက ငါ့ကို၊ ကောင်းကျိုးများများပေးပါစေဆိုတဲ့ ဆန္ဒနဲ့ပဲ လှူရင် အဲဒါ စေတနာ ဦးစီးတာမဟုတ်တော့ဘူး။
လောဘဦးစီးတာ။ အဲဒီတော့လည်း လယ်ယာမြေက ဘယ်လောက်ကောင်းကောင်း
ပျိုးချစဉ်က ဖြစ်ကရက်ဆန်းဆိုရင် အကျိုးကျေးဇူးကမကြီးနိုင်ဘူးပေါ့။
me: အင်း
frd: ရေများရာ မိုးရွာတဲ့စနစ်ကတော့ အဲလို လောဘဦးစီးတာတွေဖြစ်လိမ္မယ်။ ငါ့အလှူပစ္စည်းလေးရလို့ သူတို့ပြည့်စုံပါစေ၊ သူတို့ချမ်းသာပါစေ အဲဒီလိုစိတ်က ထားလို့မှ မရတော့တာကိုး။ ရေများရာမိုးရွာမှတော့ ကိုယ့်ပစ္စည်းက လျှံကျဖို့ပဲရှိတော့တယ်လေ။
me: အေးဗျ။ မြန်မာတွေအလှူကို ပြန်ဆန်းစစ်စေချင်တယ်။ ခဏ၊ ပြောအုံးမယ်။ ဈေးတွေ၊ လမ်းတွေမှာ သင်္ကန်းဝတ်နဲ့ အလှူငွေ တောင်းခံရဘူးလား။ သပိတ်ပါဘူးနော်။
frd: ငွေကြေးအလှူခံတာကိုပြောတာလား။
me: အင်း
frd: ဘုရားပညတ်ထားတဲ့ ၀ိနည်းတော်အရ ငွေကြေးက လုံးဝ မကိုင်ဆောင်ရဘူး။ မစီမံရဘူး။
အဲဒါ အာပတ်သင့်တယ်။ ဒါပေမယ့် ဖြေလို့ရတယ်။ အရမ်းကြီးလေးတဲ့ အပြစ်တော့မဟုတ်ဘူး။
me: သင်္ကန်းကိုကြည့်ပြီး ငြင်းရလည်းခက်။ ဘယ်လိုမှလည်း ခံစားလို့မရဗျာ။
frd: သူတောင်းစားလို့ ပြောလိုက်ရလည်း အခက်၊ သံဃာလို အရိုသေပေးရလည်းအခက်။
me: မပြောရက်တော့ဘူးလေ။
frd: လက္ဖက်ရည်ဆိုင်တွေမှာပိုဆိုးသေးတယ်။ လှူတဲ့သူတွေကလည်း ရိုရိုသေသေ မရှိကြတော့ဘူး။
me: ဟုတ်ပ
frd: အဲဒါတွေက ပြောရရင် ##ရေးတွေပါ ပါလာလိမ္မယ်။ တကယ်တော့ ##ရ က အသုံးမကျတာ။
me: ရပြီလေ ##ရေးပါဘူး။ ဒါတွေကတော့ အပျက်ကိုပြောတာပါ။
frd: သာသနာရေးဝန်ကြီးဌာနဆိုတာကြီးက သာသနာအားလုံးရဲ့ ၀ိနည်းတွေကို လေ့လာရမယ်။ သာသနာ့ဝန်ထမ်းအားလုံးကို ၀ိနည်းတော်နဲ့ အညီ သီတင်းသုံးနိုင်အောင် ကူညီရမယ်။ ဘာသာတရားအားလုံးအတွက်ပါ။ လုပ်ပေးသင့်တယ်။ ဗုဒ္ဓဘာသာကတော့ ပိုအေ၇းကြီးတာပေါ့။ ဗုဒ္ဓဘာသာက ပိုအရေးကြီးတယ်ဆိုတာ ကိုယ့်ဘာသာကို အထူး အရေးပေးစေချင်လို့မဟုတ်ဘူး။ ဗုဒ္ဓဘာသာသံဃာတွေက ဘုရားဝိနည်းအတိုင်းနေနိုင်ဖို့
ပတ်ဝန်းကျင်းကောင်းကောင်းအရမ်းအရေးကြီးတယ်။ ကိုယ့်စီးပွားကိုယ်မရှာရဘူး။ ငွေကြေး စီမံခန့်ခွဲမလုပ်ရဘူး။ ကိုယ့်ကျောင်းကိုမဆောက်ရဘူး။ တော်တော်များတယ်။
me: အင်း။ ဒါနဲ့ စကားမစပ် ကျွန်တော့်ပိုစ့်မှာ ဘာကိုအဓိက ဖမ်းမိလည်း။
frd:ေ၇များရာမိုးရွာမနေကြဖို့၊ လိုအပ်တဲ့နေရာတွေလှူကြဖို့၊ လူမှုရေးလုပ်ငန်းလေးတွေလုပ်ကြဖို့၊ လဘ်နည်းတဲ့ကျောင်းတွေကိုလည်း ပညာမတတ်တဲ့သူတွေ သီတင်းသုံးနေပစေဦး၊
သီလမရှိသူတွေ သီတင်းသုံးနေပစေဦး၊သမာဓိအလုပ်အားမထုတ်သူတွေ သီတင်းသုံးနေပါစေဦး လှူကြဖို့။ အဲလိုတွေလား။
me: အင်း နောက်တစ်ခုရှိသေးသဗျ။ ဘုရား။ ဘုရားနဲ့ လှူနေလိုက်တာ လူမှုရေး အလှူကျ အားနည်းနေရော။ ဟုတ်ဘူးလား။
frd: ဟုတ်ပါတယ်။
me: အဲဒါရော
frd: မောင် ## ပြောတာထောက်ခံပါတယ်။ လူအများစုက မျက်စေ့နား မပွင့်ကြဘူး။ အဲလိုပဲမြင်တယ်။ တချို့က ဘယ်တွေမှာလိုနေမှန်းကို မသိကြတာ။
me: သဘောက ဘိုးဘွားရိပ်သာကို လှူတယ်ဗျာ။ သာသနာအတွက်ဟုတ်ဘူး။ သာသနာအတွက် လှူတာနဲ့ဘာကွာမလည်း။
frd: ကွာတာတော့ ကွာတာပေါ့ဗျာ။ သာသနာတွက်လှူတော့ သာသနာတွက်ဖြစ်တာပေါ့။
ဒါပေမယ့် မလိုတာတွေတော့ မလုပ်နဲ့ပေါ့။ သာသနာတွက်လုပ်မှ ဒါနမှ မဟုတ်တာ။ ကျန်တာတွေလည်း ဒါနပါပဲ။ နိမ့်တဲ့သူကိုစွန့်မယ်၊ တန်းတူလူကို ပေးမယ်၊ မြင့်တဲ့သူကို လှူမယ်။ အားလုံးဒါနပေါ့။
me: ကိုယ့်အတွက်ဖြစ်လာမဲ့ ကုသိုလ် အကျိုးဆက်ခြင်းတူနိုင်ပါ့မလား။
frd: အဲဒါဆိုနေဦး။ တစ်ခုမေးမယ်။ မေးတာကို နောက်တော့ဖြေမယ်။ ဆွမ်းလှူကျိုးငါးပါက
အလှူခံပုဂ္ဂိုလ်ရတာလား၊ အလှူပေးပဂ္ဂိုယ်ရတာလား။
me: ဟုတ်ဘူး။ လှူတဲ့သူရတာ။
frd: အဲဒီကစမှားပြီ။ အဲဒါကြောင့် မောင် ## က အထက်က မေးခွန်းကိုမေးနေတာ။ အဲဒီသဘောကို ပေါက်ရင် အထက်ကဟာမမေးတော့ဘူး။
me: အင်း။ ရှင်းအုံး။
frd: အသက်ရှည်ခြင်းဗျာ။ ထမင်းစားမှ အသက်ရှည်မှာပေါ့။ ခွန်အားကြီးခြင်းဗျာ။ အာဟာရရမှ ခွန်အားဖြစ်မှာပေါ့။ အဲဒါဆိုငါးခုက စားလိုက်တဲ့ အလှူခံပုဂ္ဂိုလ်ကရသွားတာပေါ့။
me: ဟုတ်ပြီ။
frd: ငါလှူလိုက်တဲ့ ပစ္စည်းကြောင့် သူ့မှာ အဲဒီလို ချမ်းသာပါစေဆိုတဲ့ စေတနာလေး လှူတဲ့သူမှာရှိရတယ်။ အဲဒီစေတနာက ကိုယ့်ကို အကျိုးပြန်ပေးတာ။
me: ရေအကျိုးဆယ်ပါးလည်း ဒီသဘောပေါ့။
frd: အတူတူပဲပေါ့ဗျာ့။ ကိုယ်လှူလိုက်တဲ့ ပစ္စည်းအတွက် ကိုယ်က သူ့အပေါ်စေတနာထားပေးလိုက်လို့ အဲဒီစေတနာ အကျိုးပေးခါမှကိုယ်ကရမှာ။ ပထမရတာက အလှူခံပုဂ္ဂိုလ်။ ၅ ခုတို့ ၁၀ ခုတို့ဆိုတာ။
me: ဟာဒါဆိုမှားနေပြီ။ ကျွန်တော်တင်မဟုတ်ဘူး။ အတော်မျာများမှားနေပြီ။
frd: ကိုယ်က စေတနာထားတတ်အောင် ပြထားတာ။ အဲဒီကနေတခြားဟာတွေ စေတနာထားရင်လည်း တခြားအကျိုးတွေပေးဦးမှာပဲ။ ငါ့မှာ အဲဒီအကျိုးကျေးဇူးတွေရပါစေ လို့ ငွေတိုးပေးသလိုစိတ်မျိုးနဲ့လှူရင် ဘယ်မှာလှူလှူ အကျိုးက ကြီးမှာမဟုတ်ဘူး။ သူတို့လေးတွေ ပြည့်စုံပါစေလို့ စေတနာထားတတ်ရင် ဘယ်မှာလှူလှူ ကိုယ့်စေတနာက အကျိုးပေးမှာပဲ။ ပေးတာပေါ့။ ကိုယ်ကသူတို့ကို ပြည့်စုံစေချင်တာကိုး။ သူတို့ပြည့်စုံစေချင်တယ် ဆိုကတည်းက စေတနာပဲပေါ့။ အကျိုးပေးတော့ မှာပေါ့။
me: အော် အော်။ အဲဒီတော့ အလှူမှာ သာသနာနဲ့ မဆိုင်တဲ့ လူမှုရေးအလှူဟာလည်း အကျိုးပေးနိုင်တယ်ပေါ့။ သိကြားဖြစ်သွားတဲ့ ဦးမာဃတောင် လူ့ဘဝမှာ လမ်းတွေတံတားတွေ လှူလို့ဆို။ ဟုတ်လား။ နောက်ဆုံးဘဝဖြစ်ရင် ဖြစ်မှာပေါ့။
frd: မာဃ ၀တ္ထုထဲမှာတော့ အဲလိုပဲဖတ်ရတယ်။ ဦးမာဃကို ဘာဖြစ်လို့ နောက်ဆုံးဘ၀ ဖြစ်နိုင်တယ်လို့ပြောတာလဲ။
me: အော်၊ ဒီလိုပါ။ တစ်ဘဝတည်းနဲ့တော့ သိကြားဖြစ်မှာဟုတ်ဘူးလေ။ တခြား ကုသိုလ်တွေလည်း ပါအုံးမယ်ထင်လို့။
frd: မာဃ၀တ္ထုဖတ်ကြည့်ပါ။ ဦးရွှေအောင်ရေးတာတစ်ခုဖတ်ဖူးတယ်။ ကောင်းပါတယ်။ သူက အများကောင်းကျိုးတွေလုပ်တာ။ လူမှုရေးလုပ်ငန်းတွေပဲ။ အဲဒီဘ၀တစ်ခုတည်းတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဘ၀ အဆက်ဆက်က အဲဒီကုသိုလ်မျိုးတွေမှာ ၀ါသနာ အထုံ ပါလာတာဖြစ်မှာပေါ့။ ကို ##သူလိုပဲ၊ လူမှုရေးတွေလုပ်လို့ အဖမ်းင်္ဆီးတွေလည်းခံလိုက်၇သေးတယ်။
me: အင်း။ ဟားဟား။ အဲဒါတွေပါဘူးဆို။
frd: ဘ၀အဆက်ဆက်က အထုံဝါသနာ ပါလာတဲ့ အလုပ်ကို ဒီဘ၀မှာ ထိထိရောက်ေ၇ာက် လုပ်နိုင်လိုက်တာဖြစ်မှာပေါ့။ ဒါပေမယ့် သိကြားဖြစ်ဖို့က အခက်ကြီးတော့ မဟုတ်လောက်ပါဘူး။ နိဗ္ဗာန်ရောက်ချင်ရင်တောင် ခုဘ၀မှာတင်ဖြစ်နိုင်ပါတယ်လို့ ဆရာတော်ကြီးတွေအာမခံထားသေးတာပဲ။ ဟုတ်ဘူးလား။
me: အင်းပေါ့
frd: သံသရာ အရှည်ကြီး အားစိုက်နေရလောက်အောင် မခက်လောက်ပါဘူး။ ဖြစ်နိုင်ပါတယ်။
ကြိုးစားပေါ့။ ကို ##သူလိုပဲ အဖမ်းအဆီးတော့ခံရနိုင်တာပေါ့။ ရှင်ဇနက ဘိဝံသ စာအုပ်တွေဖတ်။ ကောင်းတယ်။ စောစောက ဆွမ်းအကျိုးငါးပါး မေးခွန်းက ရှင်ဇနကာဘိဝံသကနေ ဦးသုခကို မေးတာတဲ့။ သုခရဲ့ သုခ စာအုပ်ထဲမှာ ဖတ်လိုက်ရတာ။ ငယ်ငယ်က အဖေနဲ့ ဦးလေးတွေ ပြောတာကြားဖူးတယ်။ ဟိုတလောလေးကမှ စာအုပ်က ဖတ်လိုက်ရတာ။ ဦးသုခက မဖြေရဲလို့ မဖြေဘူး။ အမိန့်ရှိပါဘုရားဆိုပြီး တရားတောင်းတော့တာ။ အဲဒီတော့မှ ဘုန်းကြီးက ရှင်းပြတာ။ ပြောဦးမယ်။ သံဃာကို လှူတယ်ဆိုတာ သံဃာ့ဂုဏ်တော်တွေကို အာရုံပြုပြီးလှူတတ်မှသံဃာကို လှူရာရောက်တာ။ မောင် ## ရေးထားတဲ့အထဲမှာ အဲဒီအပိုင်းလေးက ဘုန်းကြီးတစ်ပါးချင်းပေါ် အာရုံရောက်နေလားလို့။ ယှဉ်ပြသွားတဲ့နေရာလေးမှာလေ။
me: အင်းဟုတ်တယ်။ လူတွေက အဲလိုတွေးနေကြတယ်လို့ ပြောချင်တာ။
frd: ဟုတ်။ နောက်ဆုံးတစ်ခုပြောဦးမယ်။ ပို့စ်ထဲကအကြောင်းနဲ့ ဆက်စပ်လားလို့။ သီးခံပေတော့။ သိက္ခာတော်ရတယ်ဆိုတာလည်း ကြည်ညိုစရာ။ ပညာတတ်တယ်ဆိုတာလည်း ကြည်ညိုစရာ။ သီလရှိတာလည်းကြည်ညိုစရာ
သမာဓိရှိတယ်ဆိုတာလည်းကြည်ညိုစရာ စသဖြင့်ပေါ့ဗျာ။ ကိုယ့်ရင်ထဲမှာ ကောင်းတယ်လို့ တွက်တာလေးတွေပေါ့။ ကြည်ညိုပြီးလှူတယ်ဆိုရင်လည်း ဒါနအကျိုးနဲ့ စေတနာနဲ့တော့ သိပ်မဆိုင်ဘူး။ ကိုယ့်ရင်ထဲက ကောင်းတယ်လို့ထင်တယ် ဆိုရင်၊ ဒါက ဂုဏ်တော်တပါးပဲပေါ့။
အမှန်တကယ်ကြည်ညိုလို့လှူတယ်ဆိုတော့ ဂုဏ်တော်ပွားရကျိုးနပ်ပါတယ်။ ဒါနမှာ အဲဒီအကျိုးပါတွဲပြီးရနိုင်တယ်။ ဂုဏ်တော်ပွားတော့ မိမိကိုယ်တိုင် သူ့ကိုအားကျတာ သူ့လိုဖြစ်ချင်တာ အဲဒါပါလာတယ်။ အဲဒါကြောင့် လှူတဲ့ အခါမှာ မိမိကိုယ်တိုင် ကြည်ညိုလို့ ရလောက်အောင် သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ် ရှိတဲ့ ဘုန်းကြီးကိုလည်းရွေးသင့်ပါတယ်။
အဲဒါမှ သူတို့လည်း အလုပ်ပိုလုပ်လာမှာပေါ့။ ကြည်ညိုလေးစားတဲ့သူကို လှူရမှလည်း သဒ္ဓါတရားက ပိုပြီးကြည်လင်တာပေါ့။ ပေါက်လား။
me: ခဏ။ စောစောက ခင်ဗျား ပြောသွားတယ် ကြည်ညိုစရာကောင်းတဲ့ သူကိုလှူမှလည်း ကောင်းတယ်ဆိုတဲ့ အချက်တွေ မဟုတ်ဘူးမပြောဘူးနော်။ အဲ၊ ဒါတွေကိုပဲ
လက်ကိုင်ပြုလာပြီဆိုရင် မကောင်းတော့ဘူး။
frd: မလိုအပ်တဲ့နေရာတွေစုပြုံပြီး ၀ိုင်းလှူနေတာမျိုး အားမပေးချင်ပါဘူး။ ဘုန်းကြီးဆိုတဲ့အနေနဲ့ ပုဂ္ဂိုလ်ရွေးရင်တော့ ကြည်ညိုလို့မရပဲ ဘာကို အာရုံပြုရပါ့။
me: အင်း။ ဥပမာ ဒါမှလည်း သူတို့ အလုပ်ပိုလုပ်လာမယ်ဆိုတာမျိုး။ သံဃာတွေ တပါးနဲ့တပါး ပြိုင်ဆိုင်ကုန်ရင် ခက်ဘူးလား။
frd: သီလ သမာဓိ ပညာ အရာမှာ ပြိုင်တာကောင်းပါတယ်။ အနိုင်ရလိုစိတ်နဲ့ မတရားနည်း မသုံးဖို့အရေးကြီးတာ။ ပြိုင်တာကောင်းတယ်။ ကိုယ့်ထက်သာရင် သာတယ်လို့ လက်ခံနိုင်ရမယ်။ ရဟန်းကောင်းကို မဟုတ်မမှန် စွပ်စွဲပြီး။ အာပတ်သင့်ပြီလို့ မဆိုရဘူး။ အဲဒါတွေက အစကတည်းက ၀ိနည်းမှာပါတယ်။ သံဃာဆိုတာ ဘုန်းကြီးတစ်ပါးချင်းကို ပြောလို့မရဘူး အဖွဲ့လိုက်ပြောမှရတာ။
me: အော် ဒီလို။ ကျွန်တော်တို့က ဘယ်လိုအဆင့်ကနေစပြီး သံဃာလို့သတ်မှတ်မှာလည်း။
frd: အဲလိုပြောမယ်ဆိုတော့ ကိုရင်၊ သီလရှင် ဖိုးသူတော်တို့ထိအောင်တောင် ထည့်ပြီးရေတတ်ကြတယ်။ ဘာမှထူးထူးခြားခြား သိက္ခာပုဒ်ကိုကျင့်တာမဟုတ်ဘူးနော်
ဖိုးသူတော်ဆိုတာညစာလည်းစားတယ်။ သူတို့က လူဝတ်ကိုစွန့်ပြီး သာသနာဝန်ကိုထမ်းတယ်
အဲဒါလောက်နဲ့ အဲဒီစာရင်းသွင်းထားတာ။
me: အင်း။ ခဏဗျာ။ ဒီလို။ သာမန် တရားမှတ် ဘုရားဝတ်ပြုနေတဲ့ ဦးပဇင်းတွေ။ ဘာမကောင်းမှုမှလည်းလုပ်ဘူး။ ဝိနည်းကို အတော်ညီတယ်ပေါ့။
frd: သံဃာစာရင်းဝင်ပါတယ်။ အဲဒါကြည်ညိုစရာတွေပဲလေ။ ကြည်ညိုရင်လှူတော့ပေါ့။
me: အင်း အင်း။ ကျွန်တော်က ဒါမျိုးတွေကိုပါ တန်းတူ မဟုတ်တောင်
frd: အင်း။ ဓမ္မာစရိယတွေ ဒေါက်တာတွေလောက်တော့လည်း သူတို့က လာဘ်မပေါကြဘူးပေါ့။ ဒါပြောမလို့လား။
me: လူတွေက သာမန်ပဲတွေးနိုင်ကြတယ်ဗျ။ အခု ကျွန်တော်တို့ အတွေးတွေ အနားလောက်ရောက်အောင် မကြာမကြာ တွေးဖူးမှ။
frd: မလိုအပ်ပဲ သူများလုပ်လို့ နောက်ကလိုက်ပြီး ပုံအောလုပ်နေတာတော့ ဘယ်ကောင်းမလဲ။ လေးစားကြည်ညိုလို့ ကိုယ်နဲ့ နုတ်နဲ့ စိတ်နဲ့ အရိုအသေပေးတာ ကောင်းပါတယ်။ အဲဒီဂုဏ်တော်ကို အားကျတဲ့စိတ်က ကိုယ့်စိတ်ကို ကြည်လင်စေတယ်။ သူ့လိုဖြစ်အောင် ကြိုးစားချင်စိတ်ဝင်တယ်။ ဒါနအကျိုးနဲ့မဆိုင်တဲ့ တခြားအကျိုးလို့ပြော၇မှာပေါ့။
me: အင်းပေါ့၊ အင်းပေါ့။ အင်း.. ဒါဟုတ်ပါတယ်။ ခက်နေတာက လူတွေက အလွယ်ပြောမယ်နော် နာမည်ကြီးမှ လှူချင်တာဗျ။ သာမန်နဲ့တက်မလာနဲ့ ငေါက်မလွှတ်ရင်ကဲကောင်း။
frd: အဲဒါက တကယ်ကြည်ညိုတာ လေးစားတာ အားကျတာမပါရင်၊ သူများရောင်လို့ ရောင်တဲ့သဘောပဲ။ ဘာအကျိုးကျေးဇူးမှ ကြီးကြီးမားမားရမှာမဟုတ်ဘူး။
me: စောစောကလို လေးစားစရာ ကြည်ညိုစရာဆိုတာက ရှားတယ်လေ။ သူတို့က ပါရမီရှင်တွေ။ အရေအတွက် အများစုက သာမန်တွေ။ ကဲဒီတော့ သာမန်တွေ အခက်တွေ့စရာ ရှိမနေဘူးလား။ အဲဒါကို ပြင်စေချင်တယ်။ နည်းနည်းဖြစ်ဖြစ်ပေါ့။
frd: အဲဒါကြောင့်ပြောတာပေါ့။ လူတွေက ပညာနဲ့ အတွေးအခေါ်နိမ့်နေတာပါဆို။ ခက်ပါတယ်ဗျာ။ ဘယ်လိုပြောရပါ့။ ကျွန်တော့်သဘောက လူတွေကို အပြစ်တင်ရင်မကြိုက်ဘူး။ လူတွေ ပညာနိမ့်နေတာ အတွေးအခေါ်နိမ့်နေတာ စနစ်ကြောင့်ပဲ။ အဲလိုပဲမြင်တယ်။ အဲဒီတော့ အမြင်မကျယ်ဘူး။
me: ရပြီ။ သားပြောချင်တာက စနစ်ဆိုတဲ့ သူတို့အလုပ်၊ သူတို့လုပ်လိမ့်မယ်။ သားတို့ကလည်း တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကိုအသိတွေ ပေးဖို့ပါ။ ဒါမျိုးလေးတွေပါ။ အဆုံးစွန်က လှမ်းမြင်နေရတယ်။ မပြောတော့ဘူးလေ။
frd: လူတွေကို အပြစ်ပြောရင် မောင် ## ကိုပြောမလို့။ အဲဒါခင်ဗျားအပြစ်လို့။ ဘာဖြစ်လို့လည်းဆိုတော့ သိတဲ့လူတွေက လူတွေကို လုံလောက်တဲ့ ပညာပေးမှုတွေမှ မလုပ်နိုင်တာ။ လုပ်နိုင်အောင်မကြိုးးစားတာကိုးလို့။
me: အဲဒါပြောတာ။ အရင်ဆုံးက သူတို့မှားနေတာလေးကို စပြောပြရမယ်။ မှားမှန်းသိသွားအောင်။ ပြီးရင်တတ်နိုင်သလောက် ပြင်ရမယ်။ တယောက်တတ်နိုင်ရင် တယောက်ဗျာ။ ဟုတ်ဘူးလား။
frd: ဟုတ်ပါ့
me: အဲဒီပိုစ့်က အဲလိုပြောချင်တာဗျ။ အဓိပ္ပါယ်တွေ ရောက်ဘူးထင်ပ။
frd: အဲဒီပို့စ်က ပေးချင်တာကို ရပါတယ်။ လက်ရှိအခြေအနေက လူတွေအများစု ပညာနိမ့်တယ်၊ အတွေးတိမ်တယ်၊ အမြင်မကျယ်ဘူး။ လိုတဲ့နေရာတွေမရောက်ဘူး။ ရေများရာမိုးရွာချင်တယ်။ သူများေ၇ာင်လို့ လိုက်ေ၇ာင်တာများတယ်။
me: ရှိသေးတယ်။ တွေးနေတဲ့လူဆို ဟာသလုပ်ချင်ကြသဗျ။
frd: အဲဒီလူတွေကလည်း ဗုဒ္ဓဘာသာ အမည်ခံထားသူတွေဆိုတော့ ဘာသာတရားကိုပါ အထင်သေးလာကြတယ်။ ဗုဒ္ဓအဆုံးအမတွေကြောင့် လူတွေ ခုလိုဖြစ်နေတယ်လို့ ပြောချင်လာကြတယ်။ ထည့်မပြောသေးရင်တောင် အဲလိုတွေဆိုချင်ကြတယ်။ အဲဒီထဲမှာ မောင် ## ပါနေမှာစိုးလို့ အလှူခံပုဂ္ဂိုလ်ရွေးတာနဲ့ပတ်သက်ပြီး အဲဒီလောက်ပြောပြနေရတာ။
me: ဟုတ်။ နားလည်ပါ၏။
frd: ဗုဒ္ဓကသင်ထားတဲ့ အလှူခံပုဂ္ဂိုလ်ရွေးနည်းက လူမှုရေးလုပ်ငန်း ပယ်ဖို့မပါဘူး။ လယ်မြေကောင်းရင် အကျိုးကျေးဇူးပိုကောင်းတယ်။ အဲဒါကိုပြောထားတာ။
ပို့စ်တစ်ခုဖတ်ဖူးတယ်။ ပညာရေးပို့စ်။ “ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အစဉ်အလာအရ သခင်ကျွန်ဆက်ဆံရေး ပညာစနစ် ထွန်းကားနေတယ်ဆိုလား” အဲလိုကြီးရေးလိုက်တာ။ တော်တော်လေးကို မကျေနပ်လို့၊ ရှင်းလိုက်ရတဲ့ဖြစ်ခြင်း။ ကွန်မန့်ကို အရှည်ကြီးပဲ ဗုဒ္ဓက သခင်ကျွန် ဆက်ဆံရေးတော့ မဆိုထားနဲ့ ဆရာတပည့်ဆက်ဆံရေးကို တောင် အားမပေးကြောင်း၊ မိတ်ဆွေသဘောထားလို့ဖြစ်ကြောင်း၊ သူလို အတုမရှိကိုယ်တော်တိုင်က ငါ့ကို မိတ်ဆွေကောင်းတစ်ယောက်လို့သဘောထားဖို့ ခွင့်ပြုဖူးကြောင်း၊ အဲလိုသဘောထားရုံနဲ့လည်း နိဗ္ဗာချမ်းသာရနိုင်ကြောင်း။ မြန်မာတွေလို့စုပြီး အဆိုခံရရင်တော်တော်မကြိုက်တာ ဗုဒ္ဓဘာသာဝင်တွေလို့ဆိုရင် မခံနိုင်တော့ဘူး။
me: ဟားဟား။ အေးဗျာ။ ခင်များတို့လို သိတဲ့သူတွေက စာကိုမလေးစေပဲ လူပြိန်းနားလည်အောင် ရေးကြဗျာ။ ကုသိုလ်လည်းရတယ်။ ဟုတ်ပလား။
frd: ရေးတာပေါ့ဗျာ။ ရေးချင်ပါတယ်။ ရေးဖို့လည်းစိတ်ကူးရှိပါတယ်။ အကြောင်းကြောင်းလေးတွေကြောင့် လောလောဆယ်ကျဲနေတာ။ ကဲကဲ ကောင်မလေးနဲ့ချက်တော့ တော်တော်ကြာ စိတ်ဆိုးသွားဦးမယ်။
me: အင်း။ ရတယ်။ စောစောကတည်းက၊ ဆိုးသွားပြီ။ ဟားဟား။...။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 6, 2008

ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်

ကျနော့်မိတ်ဆွေတစ်ယောက်အတွက် မွေးနေ့လက်ဆောက်အဖြစ်
ကျနော်ဖန်တီးခဲ့တဲ့ ကျနော်ရဲ့ ရင်နှစ်သည်းခြာ အနုပညာဖြစ်သလို
တစ်ချိန်တည်းမှာပဲ
ကျနော်ရဲ့ သမ္မာကျမ်းစာ၊ကျနော့်ရဲ့ ကိုရမ်ကျမ်းစာလည်းဖြစ်ပါတယ်။
ယခု
တစ်စုံတစ်ရာမှသည် အစစအရာရာအတွက်
E-Journal သို့လက်ဆောင်ပေးပါသည်။
ပုတုညှက်၊ဝေမှူးသွင် နှင့် ကိုဖိုးချိုတို့ ကျေနပ်နှစ်သက်နိုင်ကြပါစေ
..................................................................................
ကြမ်းပိုးများတဲ့အိပ်ရာပေါ်က လူကြိုက်နည်းတဲ့ကောင်



နာကျင်တဲ့အခါ မအော်ဘဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး။
အမြောက်ကျည်ဆန်ဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့။
ဘ၀ရဲ့ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။
လိပ်ပြာလှလှနဲ့
အိပ်ရာထခဲ့ကြပါကွဲ့။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ်။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ်။
သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွဲ့။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ-
ဘ၀ကို ရင်ခုန်သလိုအရင်းအတိုင်းနေပါ။
ဣတ္ထိယကို မှီဝဲပါ။
အာရုံကို ဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လောက်တက်ကုန်မှာပေါ့။
စိတ်ရဲ့သိပ်သည်းမှုကို
သိပ္ပံပညာအန်မတုနိုင်ပါဘူးကွဲ့။
သီချင်းဆိုကြ မောင်တို့ရဲ့!
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ
ဥစ္စာဓနတွေနဲ့
ဘ၀ကိုမပုပ်သိုးပါစေနဲ့ကွယ်…
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး။
အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်။
အချိန်ဟာ
နာရီဒိုင်ခွက်ထဲ အကျည်းကျလို့။
တို့တွေဟာ
ဒိုင်ယာရီထဲ နေထိုင်ကြတယ်။
အဲသည်လိုနဲ့
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ။
အထူးထူးအပြားပြားသော ဆူးကြားမှ
လူလားမြောက်ရန်သိခဲ့ပြီ။
ရန်အပေါင်းကြောင့်
ဉာဏ်ပိုကောင်းခဲ့ပြီ။
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့လည်း
အိပ်ပျော်တတ်ခဲ့ပြီ။

နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်နဲ့ငါ
လာရောင်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။
သင်ကဗျာလည်းစပ်တတ်ရဲ့မဟုတ်လား။
ဘယ်လိုလဲဆိုတော့ကာ
အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်
သန်းတွေ တရွရွ တစိစိ ပွတက်နေသမျိုးလေ
ကဗျာတွေက သူ့ကိုယ်ပေါ်မှာ
သူငယ်ချင်းတို့ရေ! E-Journal ရေ !
ကျနော်တော့
တစ်လက်မမှ ဆုတ်မပေးနိုင်တော့ပါဘူးဗျာ။……….။

မာရေးသျှင်

Kind of Art : Collage
Material : ရထားကဗျာစာအုပ်(မောင်ချောနွယ်) ဒုတိယအကြိမ်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, July 5, 2008

Generous Myanmar people with their property!


ဒါနပါရမီအားကောင်းသော မြန်မာတွေ


ဘာသာရေးနဲ့ အတွေးအမြင်တချို့ကို ဆက်စပ်ကြည့်ဖို့ ကြိုးစားရာမှ ပေါ်ပေါက်လာသော အတွေးတချို့ပါ။ တရားစကား နေ့တိုင်းကြားသော်၊ စိတ်မှာလန်းဆန်း ကိုယ့်စိတ်ဖမ်း၍၊ အေးချမ်းသာယာပါစေသော်ဝ်ပေါ့။ ဒီလိုပြောလို့ ရွှေပြည်အေးသမားတွေကို မကြိုက်တတ်သူတွေက “လုပ်စရာရှိတာတွေကို လုပ်ကြစမ်းပါ။ ဒါတွေပြောနေ၊ ဒါတွေလုပ်နေရုံနဲ့ တို့တတွေ ဒီနေ့ကမ္ဘာ့ရွာမှာ လူရယ်လို့မှ ပီသပါအုံးမလား။ ဟင်။” ဒီလိုတွေမေးလာနိုင်ပါတယ်။ ဟုတ်ကဲ့၊ လုပ်စရာရှိတာတွေကို လုပ်ကြရာမှာ တရားဖက်စေချင်တာပါ။ အားလုံးဆံပယ်ကြမယ်။ တောထွက်ကြမယ်လို့။ မစည်းရုံးလိုပါဘူး။ မတိုက်တွန်းလိုပါဘူး။ ကျွန်တော့်လို (ဒါမှမဟုတ်လဲ ကျွန်တော်တို့လိုပေါ့) သာမန်လူသားလေးတွေ အတွက် ဗုဒ္ဓရဲ့အဆုံးအမတွေကို ဘဝလမ်းတစ်လျှောက်မှာ အကျိုးရှိနေရာတွေအတွက် အသုံးချနိုင်ဖို့ အတွေးတချို့ ဝေမျှဖို့ ကြိုးစားကြည့်ခြင်းပါ။




ကဲ… ဒီတော့ ဘာတွေပြောချင်တာလည်း။ ဟုတ်ကဲ့ ပြောချင်တာက ဒီလိုပါ။ ဗုဒ္ဓဘာသာဝင်လို့ ခံယူကြသူတိုင်း မရှောင်လွှဲနိုင်တဲ့ အလှူအကြောင်းပါ။ ကုသိုလ်ဒါနတွေပေါ့။ ဒါနဆိုတာကိုလည်း ဒါနပါရမီ ဆိုပြီး ပြောနေကြတာကြားဖူးတော့ ပါရမီအထုံတွေနဲ့လည်း သက်ဆိုင်မှာပေါ့။ ဒီနေရာမှာတော့ သာမန်အတွေး သာမန်အမြင်တွေပါပဲ။ ကျွန်တော်တို့ မြန်မာတွေရဲ့ အလှူကို ဘာသာရေးအရတော့ သံသရာကနေ မကျွတ်လွတ်သေးသရွေ့ လှည့်လည်ရာ သံသရာအဆက်ဆက်မှာ မြင့်မြတ်ရာကို ချဉ်းကပ်နိုင်ဖို့ အရင်းတည်တာလို့ပဲ မြင်ပါတယ်။ သံသရာမှ လွတ်မြောက်ရာကို ကြိုးစားမယ်ဆိုရင် အလှူပြုလုပ်ခြင်းဟာ အကူပစ္စည်းတစ်ခုလို နေရာမှာပဲရှိမှာပါ။ လွတ်မြောက်ရာကိုသွားရာ လမ်းကတော့ ဝိပဿနာအလုပ်လို ကျင့်စဉ်တွေမှာသာ ရှိတာပါ။ (ဒီအတွေးလေးက သူငယ်ချင်းတယောက်နဲ့ ပြောကြရင်းက ရလာတဲ့ အတွေးပါ။) လှူပါတယ်။ အတော်များများ ဘာသာဝင်တွေဟာ အခွင့်ကြုံတိုင်း လှူကြတန်းကြပါတယ်။ ဒါပေမဲ့ ဘာအစွဲတွေဝင်နေကြလည်း၊ ဘာကိုရည်မှန်းပြီး လှူနေကြလည်း၊ တွေးကြည့်လိုက်တော့ စိတ်မှာ ဘဝင်မကျတာတွေ တွေ့တယ်။

ဘုရားရှင်ရဲ့ ဟောကြားချက်တွေမှာကိုက လှူရတဲ့အလှူရဲ့ မြင့်မြတ်ပုံကို တဖြည်းဖြည်း ရှင်းပြသွားတာဟာ နောက်ဆုံးတော့ ဘုရားအမှုးရှိသော သံဃာကို လှူတာဟာ အမြတ်ဆုံးပါပဲတဲ့။ ဒီနေ့ခေတ်မှာ သံဃာအတုအယောင်တွေဆိုတာကို ခဏထားပြီး နာမည်ကြီး၊ သိက္ခာတော်ရ ဆရာတော်နဲ့ သာမန် ရဟန်းဘောင်ဝင်ပြီး တရားအလုပ်ကို ကြိုးစားပြီး လုပ်နေတဲ့ ဆရာတော်နှစ်ပါးကို စိတ်ကူးမှာ လှူဒါန်းကြည့်ကြပါဆို့ရဲ့။ ဒီနေရာမှာကိုပဲ ဘုရားရှင်ရဲ့ တပည့်သားခြင်းအတူတူ အလှူခံရရှိမှုက မတူညီတော့ပါဘူး။ သာမန်ဆရာတော်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါရဲ့နဲ့ကို အလှူဟာ သူတို့ဆီမှာ မရှိပါဘူး။ ဥပမာ ကထိန်သင်္ကန်း အလှူလိုမျိုးတွေပေါ့။ ခင်းလိုက်ကြတဲ့ ကထိန်တွေ။ လှူလိုက်ကြတဲ့ အလှူတွေ နာမည်ကြီးကျောင်းတိုက်တွေမှာ သင်္ကန်းတွေကို အထပ်ထပ် သိမ်းနေရသတဲ့။ သာမန်ကျောင်းတိုက်တွေမှာတော့ ဆရာတော်တွေဟာ အချုပ်အလုပ်ကို သေသေသပ်သပ် လုပ်တတ်နေကြပါလေရောလား။

အလှူရှင်တွေဘက်ကနေပဲ ဝင်ပြောချင်တာဖြစ်တဲ့အတွက် ဆရာတော်တွေရဲ့ အပိုင်းမှာသိပ်မပြောလိုပါဘူး။ ဒီလို မညီမျှတဲ့ အလှူရှင်တွေများလာရင်တော့ သံဃာလောကမှာလည်း အမြင်မတော်တာတွေရှိလာမှာပါ။ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးမဲ့ သံဃာတွေသာ၊ အများစု အဆင်မပြေဘူးဆိုရင် သာသနာတော်ရဲ့ အရောင်ဟာလည်း မှေးမှိန်စရာတွေ ဖြစ်လာနိုင်ပါတယ်။ စာတတ်ပေတတ်နဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်မှ လှူဒါန်းစရာလို့မြင်မယ်၊ သာမာန်ရဟန်းအဆင့်ကိုကျော်တဲ့ ဆရာတော်မှ လှူဒါန်းစရာလို့ မြင်မယ်ဆိုရင် ကျွန်တော်တို့ ပြန်စီစစ်သင့်နေပါပြီ။ ငါတို့တွေကရော သာသနာတော်ကို တဘက်တလမ်းကနေ စောင့်ရှောက်ရာ ရောက်ရဲ့လား၊ မသိမသာများ ပျက်စီးရာကို ပို့နေမိလေမလား။ စဉ်းစားကြည့်ချင်စရာပါ။

ဒါက သံဃာကို လှူတဲ့အလှူကိုပြောတာပါ။ သာသနာကို စောင့်ရှောက်ရာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျောင်းကန်ဘုရား အလှူမှာလည်း ဒီလိုပါပဲ။ တန်ခိုးကြီး စေတီတော်ကြီးတွေမှာ၊ တန်ခိုးကြီး ဆင်းတုတော်တွေမှာတော့ သပ္ပါယ်နေလိုက်တာ၊ ကြည်ညိုစရာ ကောင်းနေလိုက်တာဟာ ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ စေတီတိုင်းဟာ စေတီပါ၊ ဆင်းတုတော်တိုင်းဟာ ဆင်းတုတော်ပါ။ ဒီနေရာက စေတီကိုလှူမှ၊ ဒီနေရာက ဆင်းတုတော်ကမှ ဆိုတဲ့ အစွဲလေးတွေပါလာရင်တော့ တစ်ခုခု ပြန်တွေးစရာ ရှိနေပြီထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့အလှူတွေမှာတော့ ဒါမျိုးတွေပဲ များပါတယ်။ ဒီနေရာမှာ တန်ခိုးကြီးဆိုတာလေးကို နည်းနည်းပြောပါအုံးမယ်။ ဘာသာတရားရဲ့ အယူအရတော့ ရတနာသုံးပါးကို စိတ်မှာစွဲနေဖို့က အဓိကပါ။ ဘုရားရှင်ကို စိတ်မှာရှိနေရင် ရှိခိုးကန်တော့လို့ ရပါတယ်။ နေရာဒေသ၊ အရပ်မျက်နှာမရွေးပါဘူး။ ဒါဆိုရင် တန်ကြီးဘုရားနဲ့ တန်ခိုးမကြီးကရော ဘာတွေကွာခြားတာလည်း။ မေးချင်စရာပါ။

ဘာသာတရားရဲ့ အဆိုအရတော့ နတ်ကောင်းနတ်မြတ်တွေဆိုတာ သီလသမာဓိကောင်းသူ၊ အရပ်ဒေသ၊ ဘုရားကျောင်းကန်တွေကို စောင့်ရှောက်တတ်ပါသတဲ့။ ဒါကိုလက်ခံမယ်ဆိုရင်တော့ တန်ခိုးကြီးနဲ့ သာမန်ကွာခြားချက်ကို အနည်းအကျဉ်းမြင်အောင် ကြည့်ဖို့ရာ နည်းလမ်းရှိမယ်ထင်ပါတယ်။ စေတီပုထိုးကတော့ အားလုံးအတူတူပါပဲ။ ဆင်းတုတော်တွေဆိုတာလည်း အားလုံးအတူတူပါ။ သူ့အမျိုးအစားနဲ့သူ ရှိနေကြတာပါ။ ဒီနေရာက ဆင်းတုက တန်ခိုးကြီးတယ်၊ ဒီနေရာက ဘုရားက တန်ခိုးကြီးတယ်ဆိုတာ ဘုရားရှင်က မျက်နှာလိုက် ဖန်ဆင်းတော်မူတာ မဟုတ်ပါဘူး။ သူတော်ကောင်းတွေ ပျော်မွေ့ရာဒေသ၊ ပျော်မွေ့ရာနေရာဖြစ်လို့ နတ်ကောင်းနတ်မြတ်တွေလည်း ပျော်စံရာဖြစ်တာပါ။ ဒီနေရာ ဒေသမှာ သာသနာတိုးတက်ရေးအတွက် လုပ်သူတွေကိုလည်း ရှိနေတဲ့ နတ်ကောင်းနတ်မြတ်တွေက ပိုပြီးစောင့်ရှောက်မိသွားတာပေါ့။ (ဒီအတွေးလေးကလည်း သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူဝေမျှတဲ့ အမြင်လေးပါ) ဒီလိုဆိုရင်တော့ ကွာခြားမှုက ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုသာ တန်ခိုးကြီးမှ လှူနေမယ်ဆိုရင် သာသနာပြုနေမယ်ဆိုရင် သာသနာရဲ့တိုးတက်မှုနဲ့ အနာဂတ်က မရေရာနိုင်ပါဘူး။

ဒါတွေက သာသနာတော်အတွက် လှူဖို့ကို စဉ်းစားစရာလေးတွေများလားလို့ ပြောကြည့်တာပါ။ တစ်ကယ်တော့ “ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည်မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။”တဲ့။ ဘယ်ကမှန်း မမှတ်မိတော့လို့ အတိအကျတော့ ပြန်မပြောတတ်တော့ပါဘူး။ ဒါပေမဲ့ အယူအဆလေးက နှစ်သက်စရာလေးပါ။ ဒီအယူအဆကတော့ မြန်မာတွေအတွက် မထွန်းကားသေးဘူးထင်ပါတယ်။ ကျွန်တော် ဘဝင်မကျတာ ဒီနေရာမှာလည်းရှိနေပါတယ်။ လူမှုရေးအလုပ်တွေကို လှူဒါန်းကြတာ၊ ကူညီကြတာတွေဟာ အတွေ့ရနည်းလွန်းလှပါတယ်။ ဘာသာတရားအရ အလှူအတန်းဟာ ဘာသာရေးနဲ့ပဲ ယှဉ်နေပါတယ်။ ဒါတွေကတော့ အစောပိုင်းမှာ ကျွန်တော်ပြောခဲ့သလို ရွှေပြည်အေးသမားတွေကို မကြိုက်သူတွေက ပိုတွေးမယ်ထင်ပါတယ်။ ဒါကလည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ လူမှုရေးတွေကို လစ်လျူရှုထားမယ်၊ တိုးတက်ဖို့ကို ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ တော်တော်နဲ့ လူလားမြောက်မှာမဟုတ်ပါဘူး။ သူ့နောက်လိုက်တွေပဲ ထွန်းကားနေပါလိမ့်မယ်။

သာသနာတော်ကို စောင့်ရှောက်တာလည်း စောင့်ရှောက်ပါ။ သံသရာအတွက်ပါအောင်၊ ကိုယ့်ဘဝ တိုးတက်အောင်မြင်အောင် ဆိုပြီး လှူကြတာလည်းလှူပါ။ အမျိုးကို စောင့်ရှောက်ခြင်း၊ အများအတွက် အကျိုးပြုလုပ်ငန်းတွေပြုလုပ်ခြင်း၊ အများအတွက် ကိုယ်ကျိုးစွန့်ခြင်းတွေ မှာလည်း ပါဝင်လှုပ်ရှားကြပါ။ လှူဒါန်းကြပါ။ ဥပမာအားဖြင့် တန်ခိုးကြီးလွန်းလို့၊ ကြည်ညိုစရာ ကောင်းလွန်းလို့ဆိုပြီး ခေတ်အဆက်ဆက် လှူလာလိုက်တဲ့ ရွှေတွေ၊ ကျောက်သံပတမြားတွေ အပုံအပင်ရှိနေတဲ့ သာသနာဆိုင်ရာ နေရာတွေ မနည်းပါဘူး။ ဒီကြွယ်ဝချမ်းသာမှုက လိုတာထက်ပိုနေရင် တခြားအကျိုးပြုလုပ်ငန်းတွေမှာ လှူလို့ရပါတယ်။ အလှူမှာ အရေးအကြီးဆုံးကတော့ အလှူရှင်ရဲ့ စိတ်ထားထင်ပါတယ်။ မျက်မမြင်ကျောင်းတစ်ခုကို လှူလိုက်တာဟာ ဘာသာရေးအရတော့ မြင့်မြတ်ချင်မှ မြင့်မြတ်ပါမယ်။ လူသားဆန်မှု၊ ရိုင်းပင်းကူညီမှုလို လက်တွေ့လူ့ဘဝအတွက်တော့ များလွန်းတဲ့ အကျိုးကျေးဇူးပါ။ အနည်းဆုံးတော့ မျက်မမြင်တွေရဲ့ ဘဝတွေ တိုးတက်လာပါမယ်။ သူတို့တွေအတွက် လူအချင်းချင်းကြားမှာ အားငယ်နေရတာတွေ လျော့ပါးလာမှာပေါ့။ ဒီလိုပါပဲ မိဘမဲ့ ကျောင်းတွေ၊ ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာတွေ။ ပြောရမယ်ဆိုရင်တော့ လူမှုဘဝအတွက် လိုအပ်တဲ့အလှူက ပိုလို့တောင်များမယ်ထင်ပါတယ်။

ဒီလိုတွေလိုက်လှူနေရလို့ နောင်သံသရာအတွက် မပါတော့မှာကိုလည်း သိပ်ပူနေရာ မလိုလောက်ပါဘူး။ ဒီလို အလှူမျိုးကိုလည်း အလှူခေါ်ထိုက်မှာပါ။ (ဒီနေရာမှာတော့ ဘာသာရေးနဲ့ သိပ်ပြီး မတွေးတတ်ပါဘူး။) လျှောက်၊ လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင် စိတ်ကောင်းရှိဖို့က ပထမပါ။ စိတ်ကောင်းမရှိဘဲနဲ့ ကတော့ ဘယ်အလှူဒါနမှ မြင့်မြတ်မယ်မထင်ပါဘူး။ စိတ်ကောင်းထားပြီး တစ်ပါးသူကို ကူညီတာဟာလည်း ကုသိုလ်တစ်ခု မဟုတ်လားဗျာ။


သုခမိန်။…..။


ဆက်ဖတ်မယ်ဆိုရင် ...