Thursday, December 24, 2009

ညီလေး


ဒီဇင်ဘာ ၂၅ မှာ ခရစ်တော်အား မွေးဖွားခဲ့ပြီး
ဒီဇင်ဘာ ၂၄ မှာ (ငါတို့ရဲ့)အချစ်တော်လေး မွေးဖွားခဲ့တယ်။

ဒီကနေ့ဆို
ငါ့သမိုင်းရဲ့ အနက်ရှိုင်းဆုံးမေတ္တာတရား
စတင်ထွန်းကားလာတာ
နှစ်ပေါင်း(၂၈)နှစ်ကြာပြီ။

ငါတို့အိမ်ရဲ့ အထွေးဆုံးလေး
အဖေပေးတဲ့နာမည်က “ဧရာ”
ပညတ်သွားရာ ဓာတ်သက်ပါ
ငါတို့ပိုင်ဆိုင်သမျှအရာရာမှာ
မင်းဟာ
တကယ့်တကယ် အကြီးမားဆုံးရတနာပါ “အငယ်လေး”။

အထွေးဆုံးနဲ့ နို့ညှာတို့ရဲ့ အစဉ်အလာ
သဝန်တိုတယ်ဆိုတာ၊
တစ်အူထုံ့ဆင်းတွေရဲ့ အတူကြုံခြင်းဓမ္မတာ
ရန်ဖြစ်စကားများတယ်ဆိုတာ
မင်းနဲ့ငါမှာ မရှိခဲ့ဘူး ညီလေး။

တစ်နှစ်နဲ့သုံးလသာဆိုပေမယ့်
တစ်ဆယ်နဲ့သုံးနှစ်တာ အသက်ကွာတဲ့ညီအစ်ကိုပမာ
မင်းနဲ့ငါ ကြင်နာခဲ့။

အစ်ကိုနဲ့ညီကြား ရှာမှရှားတဲ့ ချစ်ခြင်းမေတ္တာတရား
မင်းနဲ့ငါကြားမှာ အမှန်တကယ်ထွန်းကားခဲ့တယ်။

ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်တာ
သီတင်းကျွတ်မီးထွန်းပွဲတော်တစ်ခုမှာ
ခွေးပိုင်ရှင်အဒေါ်ကြီးရဲ့ ရင်ခွင်တွင်းက ဇောက်ထိုးမြင်ကွင်း ...
“သူ့အစ်ကိုကိုလိုက်တဲ့ခွေးကိုဆဲရင်း
ခွေးပိုင်ရှင်တွေကို ပြစ်တင်ကြိမ်းမောင်းရင်း
တရှုပ်ရှုပ်ငိုနေတဲ့မင်း”
ဒါ ငါ့ဘဝရဲ့ ပထမဆုံးသောချစ်ခြင်းမြင်ကွင်းပါ ညီလေး။

“နဖူး(ယာ)အမာရွတ်ပါ”ဆိုတဲ့ မှတ်ပုံတင်ထဲကစာ
အဲဒီတုန်းက ရခဲ့တာဖြစ်သလို
ငါ့ဘဝရဲ့အထင်ရှားဆုံးအမှတ်အသား ချစ်ခြင်းမေတ္တာတရား
စတင်ထင်ရှားလာတာလည်း
အဲဒီတုန်းကပါပဲ ညီ။

တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ
မင်းကြောင့်သာ တတ်မြောက်ခဲ့ရတဲ့ အနုပညာ။
မင်းကိုချစ်တဲ့ချစ်ခြင်းမေတ္တာနဲ့
ဒီကနေ့ ဒီနေရာမှာ
ငါရပ်တည်နေတာပါ ညီလေး။

ညီလေးရေ ငါ မင်းကို သိပ်ချစ်တယ်။..........။



မာရေးသျှင်
Christmas eve' 2009, 7PM





ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 20, 2009

နံနက်ခင်းကဗျာများ(၁)


ရေချိုးပြီးစ အပျိုမလို
လှချင်တိုင်းလှနေတဲ့
မိုးရေစက်လက် ဤနံနက်ကို
သင့်တွက် လက်ဆောင်ပေးပါသည်။..........။

မာရေးသျှင်



မနက်ခင်းမိုးအလင်း အိပ်ရာက ထထချင်းတွေမှာ ချစ်ခင်ရင်းနှီးတဲ့ ဘာသာစကားတူသူတစ်ချို့ဆီ ပို့ဖြစ်တဲ့ SMS ကဗျာလေးတွေပါ။
မိတ်ဆွေက (E-Journal)မှာ မျှဝေသိမ်းထားဖို့ တိုက်တွန်းလာတာကြောင့် စတင်အကောင်အထည်ဖော်လိုက်တာပါ။
လွယ်ကူတဲ့စတင်ခြင်းကိုတော့ စတင်လိုက်ပါပြီ။ မလွယ်ကူတဲ့ အရှည်သဖြင့် စိုက်လိုက်မတ်လိုက် တစဉ်တစိုက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေခြင်းကိုတော့ ဆက်လက်စောင့်စားကြရမှာပါပဲပေါ့ခင်မျာ။.........။


ဆက်ဖတ်မယ်ဆိုရင် ...

Friday, December 18, 2009

How to breed the Scientists!


“သိပ္ပံပညာရှင် မွေးမြူနည်း”

ဟိုး ငယ်နုစဉ်တုံးက လူငယ်စိတ်နဲ့ မှန်တယ်ဆိုတာကို စိတ်ထဲ ရှိတဲ့အတိုင်း လုပ်မယ် . . . . အဲလို စိတ်တွေ ရှိခဲ့တုန်းက ပေါ့ ကျနော်တို့နှင့် သဘောထားချင်း၊ ရပ်တည်မှု့ခြင်း မကိုက်ညီသော လူကြီး တစ်ယောက်ကို ပေးဖတ်ချင်လွန်းလှ စွာ ရှာခဲ့ဘူးသော စာအုပ်လေးထဲက article တစ်ခုကို ဝေမျှ ချင်ပါတယ်ခင်ဗျာ ။ အဲဒီ စာအုပ်လေးက မုံရွေးစာအုပ်တိုက်ကထုတ်တဲ့ အမှတ်စဉ် ၆၅ မြောက် “ သိပ္ပံ ပညာရှင် မွေးမြူနည်း နှင့် အိုင်စတိုင်း” ဆိုတဲ့ စာအုပ်လေးပါ။ စရေးဆရာ ၉ ဦး ရဲ့ သိပ္ပံပညာရှင်အိုင်စတိုင်းနဲ့ ပတ်သတ်ရာစာစုလေး တွေကို စုစည်းထုတ်ဝေတဲ့ စာအုပ်လေးပေါ့။ ခုမှ စာအုပ်လေးကို ပြန်ကြည့်မိတော့ ထုတ်ဝေတဲ့ ရက်စွဲက “မတ်၊ ၂၀၀၁” တဲ့ ဆယ်စုနှစ် တစ်ခုတောင်မပြည့်တပြည့်ရှိပြီ ရော . . . .

အဲဒီတုန်းက ၂၀၀၃ ခုနှစ် လောက်ပေါ့ . . အဲဒီစာအုပ်ကို ရှာလိုက်တာ ရန်ကုန်မြို့ထဲ နှံ့ရောပဲ။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက မြေနီကုန်း ကားဂိတ်နားက “လောကနတ်” လက်ဘက်ရည်ဆိုင်ရှေ့နားမှာ “မုံရွေး” စာအုပ်ဆိုင်လေး ရှိခဲ့သေးတယ်။ အဲဒီဆိုင် မှာလည်း မရှိ။ “စာပေလောက” တို့ မြို့ထဲက စာအုပ်ဆိုင် တော်တော်များများမှာ လည်း မရ ။
လိုချင်တော့ မရတာပြောပါတယ် ။ စာအုပ်ကို ဘယ်အချိန်ကျမှ ရသလဲဆိုတော့ ၂၀၀၅ နှစ်ဆန်းပိုင်းလောက်ကျမှ မမျှော်လင့်တဲ့ အချိန်၊ မမျှော်လင့်တဲ့ နေရာ မှာ တွေ့ပြီး ရခဲ့ပါတယ်။ ကမ္ဘာအေး ဘုရား စောင်းတန်းက ဘုရားရှိခိုးစာအုပ်တွေနဲ့ အခြားစာအုပ်တွေ ရောင်းတဲ့ ဆိုင်လေးက ရခဲ့တာ။ အဲဒီတုန်းက စာအုပ်တန်ဘိုးက မှတ်မှတ်ရရ မူရင်းတန်ဖိုးအတိုင်း ၃၅၀ ကျပ် ပဲပေးးခဲ့ရတယ် ။ အဲဒီလူကြီး ကို ပေးဖတ်ဖြစ်ခဲ့ လားလို့ မေးချင် မလားပဲ . . .
“ဟင့်အင်း” လို့ပဲ ကျနော်ဖြေရမှာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ လူက နဲနဲလေး ပိုရင့်ကျက်လာတယ်ပြောရမလား ပဲ . . . လူနပ် ချမ်းသာ လုပ်ဖို့ အတိုက်အခံ မလုပ်ခဲ့တာတော့ မဟုတ်ပါ။ ရိုးသားစွာ ပြောရရင် ကျနော့်ထုံးစံ အတိုင်း အဲဒီအချိန်မှာ ဥပက္ခော ဆိုတာကို လက်ကိုင်ပြုစ . . .
ဒီလိုနဲ့ပဲ အဲဒီစာအုပ်လေးက ဒီနေ့အထိ ကျနော်ထံမှာ ရှိနေဆဲ . . .။
ခုတော့ ကျနော်တို့ e-journal လာ မိတ်သဟာ များကို အဲဒီစာစုလေး ဝေမျှလိုက်ပါတယ် ခင်ဗျာ ။
ဆရာ “ညိုမြ”လက်ရာ “သိပ္ပံပညာရှင် မွေးမြူနည်း” ဆိုတဲ့ article ထဲက ပါ ။

သိပ္ပံပညာရှင်ဆိုတာ ဘယ်လိုလူစားလဲ။ သူတို့ကို မွေးမြူရင် စရိတ်စက ဘယ်လောက် ကုန်သလဲ။ သူတို့ ဘာကြိုက်သလဲ ။ ဘာ မကြိုက်လဲ။ သူတို့ ထွန်းကားအောင် ပျော်ရွှင်အောင် ဘယ်လိုထားမလဲ ။




ယခုခေတ်မှာ နိုင်ငံတကာ တိုးတက်ဖွံဖြိုးရေး စီမံကိန်း အမျိုးမျိုး ရေးဆွဲကြစမြဲ မဟုတ်လား ။ ဒီတော့ ကြက် ဘဲ မွေးမြူရေး ၊ ပျားမွေးမြူရေး ၊ ပိုး မွေးမြူရေး ၊ ကုံကုမံ စိုက်ပျိုးရေး ဌာနအသီးသီး ထားရှိသလို သိပ္ပံပညာရှင် မွေးမြူရေးကိုလည်း သီးခြား ထားရှိရမှာပ ။
အိုင်စတိုင်းလို လူရိုးလူဖြောင့် သိပ္ပံဆရာကြီး မွေးမြူရေးဟာ အမှန်တော့ ကြက် ဘဲ မွေးမြူရေးထက် စရိတ်စက သက်သာကြောင်း တွေ့ရှိခဲ့ရလေပြီ။ သူ့လခက မြန်မာငွေ ၉၀၀ ပဲကျတယ် ။ သူလိုအပ်တဲ့ ခဲတံနှင့် ဗလာစာအုပ်ဖိုးကိုလည်း သူပဲ အကုန်ခံတယ်။
အဲ . . . သိပ္ပံသမားများ အသုံးအဆောင်ဖြစ်တဲ့ မှန်ပြောင်းတို့၊ ဓါတ်အိုးတို့၊ ဓါတ်ခွက်တို့ကတော့ ဈေးကြီးသဗျ။ ဒါကြောင့် သူ့မိတ်ဆွေများက ဘဏ်တိုက်မှာ သီးခြား ငွေတသောင်း ရံပုံငွေ ဖွင့်ပေးထားရတယ် ။
နောက်ဆုံးမှာ အမေရိကန် အစိုးရက အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် ဒေါ်လာ ကုဋေ ၂၀၀ စိုက်ထုတ်ပေးခဲ့တယ် ။ ဒီအထဲက အိုင်စတိုင်း တစ်ပြားမှ အသုံးမပြုခဲ့ပါ။ ဆိုင်ရာ ဌာန အကြီးအကဲများ အသုံးဘတ်ဂျက် အတိုင်းပါပဲ။ ဒါက သိပ္ပံပညာရှင် မွေးမြူရေးနှင့် မဆိုင်ပါ။ အကုန်အကျ များတယ်ထင်ရင် သိပ္ပံဆရာကို မခိုင်းရုံပဲ ရှိတော့မပေါ့။
အိုင်စတိုင်းက ပကာသနကို အလိုမရှိ။ အဲဒီအချက်ကတော့ ပြဿနာပဲဗျ။ လူတွေက များသောအားဖြင့် ပကာသနကို မလွန်ဆန်နိုင်ကြတော့ သူ့ကို ကြိုးကိုင်အုပ်ချုပ်သူများနှင့် စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်မလဲ။
သူ့ကို အလုပ်လွှဲအပ်ပြီးချိန်မှာ လုပ်ငန်းတာဝန်များကို သူက တော်သင့်သလို လုပ်ဆောင်သွားမယ်တဲ့။ သူ့ကိုချုပ်ချယ်တဲ့ စည်းကမ်း ဘာမျှ မထားရှိရဘူး၊ ဘယ်သူမှ ၀င်ပြီး သြဇာမပေးရဘူး၊ ဆရာမလုပ်ရဘူးတဲ့။
အဲဒီတောင်းဆိုချက်မျိုးဟာ ခွမကျလား။ ဘယ်ကမ္ဘာမှာ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် နက်နဲစွာ ပြန်လှန် စဉ်းစားကြည့်လျှင် ဒီလို နှောင်ကြိုးမဲ့ တာဝန်လွှဲအပ်နည်းကို လူ့ပြည့်မှာ မကြာခဏ ကြုံတွေ့ရပါတယ်။ မြန်မာပြည် အပါအ၀င်ပေါ့။
သာသနာရေး လောကမျာ ဘုရားခေတ်မှစပြီး ရှင်ဘုရင်များ၊ သူဌေးသူကြွယ်များက မိမိယုံကြည်ကိုးကွယ်ရာ သံဃာတော်များထံမှာ ရွှေကျောင်း ငွေကျောင်းကြီးများကို ၀တ္တကမြေယာ ကျေးကျွန်များနှင့်တကွ လှူကြသဗျ။ ဆရာတော်များအပေါ်မှာ ဒါယိကာများက ဘာ အချုပ်အချယ်မျှ မထားပါ။ ပကာသနကို အလိုမရှိတဲ့ ဆရာတော်များက အလှူဒါန ကျောင်းတော်ကြီးများကို လက်ခံပြီး သူတို့မပျော်ပိုက်ချိန်မှာတော့ ထွက်ကြတယ်။ ၀ါဆိုကျောင်း၊ ၀ါးကျောင်းမှာနေပြီး ဘာဝနာတရား အားထုတ်ကြတယ်။ အိုင်စတိုင်းကတော့ လူအချင်းချင်း ဒါကိုပဲ တောင်းဆိုခဲ့တာ မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ရိုင်းသည်မဆိုနိုင်ပါ
ကျွန်တော်တို့ မြန်မာပြည်မှာလည်း အိုင်စတိုင်းလို ပကာသန ကင်းမဲ့စွာနှင့် ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများ မနည်းပါဘူး။ ပုဂံခေတ်က အနော်ရထာမင်း၊ ရှင်ဒိသာပါမောက္ခ၊ အင်းဝခေတ်က တောင်ဖီလာဆရာတော်၊ ဆူးတွင်းပစ် ဆရာတော်၊ ကုန်းဘောင်ခေတ်က အလောင်းမင်းတရားကြီး နှင့် ဆရာတော် ဦးဗုဓ်၊ တွင်းသင်းမင်းကြီး၊ အမတ်ကြီး ဥိးပေါ်ဦး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ မျက်မှောက်ခေတ်မှာ လယ်တီဆရာတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဘောင်ခတ်ထားစရာ မလိုသူများပါ။ သူတို့ကို လွှတ်ထားလျင် မဟုတ်တာ လုပ်မည့် လူစားတွေလား ၊ သူတို့ဟာ အလုပ်နှင့်တာဝန်ကို သိရှိသူများမို့ အိုင်စတိုင်းလို ရွက်ဆောင်သွားတတ်သူများပါ။
သို့သော် မြန်မာတို့ အနေနှင့် ဗုဒ္ဓတပည့်တော်များဖြစ်လို့ လောကီရေးမှာ လျှော့ပေါ့တတ်ပြီး လောကုတ္တရာကို ဦးစားပေးလေ့ ရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံရေးရာမှာ နောက်ကျခဲ့ခြင်းပါ။
ခေတ်သစ် အစိုးရများ အနေနှင့် လောကီနှင့် လောကုတ္တရာ မျှတတဲ့ ရာသီဥတု ဖန်တီးပေးလျှင် ကောင်းမည်ထင်ပါတယ်။ ဒါမှ သိပ္ပံပညာရှင် မွေးမြူရေးစခန်းမှာ ဥပေါက်စ အိုင်စတိုင်းလေးများ ပြေးလွှားမြူးထူးနေပုံများ မုချ မြင်တွေ့ရပါမည်။

ညိုမြ
[ စာမော်ကွန်း၊ အမှတ်(၅)၊ ဇန်န၀ါရီ၊ ၁၉၈၆]


အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေခင်ဗျာ ။

ခင်မင်လေးစားလျက်
တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 5, 2009

ဆန္ဒရှင်သို့ မွေးနေ့လက်ဆောင်ကဗျာ


“တစ်မိပေါက်၊တစ်ယောက်ထွန်း”တဲ့
အမေကတော့ ပေါက်သမျှထွန်းခဲ့
အမိအဖထက်တော်တဲ့သား
အားလုံးပါလားနော်။

“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး”တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ရောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။

ကြွက်နဲ့ဆင် အားယှဉ်တဲ့ပွဲမှာ
ဂဠုန်၊ခြင်္သေ့နဲ့ ကြွက်ပေါက်စ
မြေဇာပင် မဖြစ်ခဲ့ကြဘူးနော်။

အိုးတစ်လုံးသာရွက်နိုင်တဲ့ခေါင်း
အိုးသုံးလုံးရွက်ရမှာမကြောက်
လက်နှစ်ဖက်မှာတောင် ရေပုံးဆွဲ
အသည်းမငယ်ခဲ့ဘူးနော်။

ဆင်ကျီစားရာ ကြွက်ငယ်နာကျင်ခြင်း
အံခဲမာန်တင်း
(၅၀)တွင်းရောက်
အမောတွေပျောက် အကြောက်တွေပြေ
ဓမ္မတွေနဲ့ပဲနေတော့မယ်။.........။





မနေ့က အစ်မကြီးရဲ့ မွေးနေ့မှာ ဆန်ရေဖြစ်သူ ကျနော်က ကဗျာလက်ဆောင်ရေးဖို့ အကြောင်းပြချက်မျိုးစုံနဲ့ ပျက်ကွက်ခဲ့သော်လည်း စုန်ရေဖြစ်သူ အမေကတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ မပျက်ကွက်ခဲ့ပါဘူး။

အထက်ပါကဗျာဟာ မနေ့က အစ်မကြီးရဲ့မွေးနေ့အထိမ်းအမှတ် အမေရေးတဲ့ကဗျာပါ။ ဒါဟာ ကျနော်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင်၊အမေရေးတဲ့ လက်တန်းကဗျာဖြစ်သလို၊ ဒါဟာ အသက်(၅၀)တန်း မြန်မာအမျိုးသမီး၊ကျောင်းဆရာမတစ်ယောက်ရဲ့ ကဗျာလည်းဖြစ်ပါတယ်။ အဲဒီကဗျာကို အမေက ဖုန်းထဲမှာ ရွတ်ပြခဲ့ပါတယ်။

ကျနော်ဟာ ဒီအဖေ၊ဒီအမေရဲ့သားဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဒီကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထက်လောင်းသက်သေပြုပါရစေ။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, December 4, 2009

ဆန္ဒ


စိတ်ဝယ်ကျဉ်းကျပ် ၊ မနေတတ်၍
ဖွင့်ဟထုတ်ဖော် ၊ ပြောလိုသော်လည်း
ပိတ်ပင်စည်းနှောင် ၊ လောကဘောင်က
ချုပ်ငင်တားမြစ် ၊ ကာကွယ်ရစ်သဖြင့်
ရှိုက်မြိုအတင်း ၊ ငြင်းဆိုရင်းမှ
မြုပ်နှံသင်္ဂြိုဟ် ၊ ရင်းတွင်းဖိုကာ
ပြာပူအတိ ၊ ကျွမ်းလောင်၏။..........။



ဒီနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ဟာ
ကျနော့်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမိအရာ အစ်မကြီးရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်အခါပါ။
အလုပ်တစ်ဖက် ကျောင်းနှစ်ဖက်(တစ်ဖက်မဟုတ်ပါ)နဲ့ ကျနော့်ဦးနှောက်ခမျာ အစ်မကြီးအတွက် ထိုက်တန်တဲ့မွေးနေ့လက်ဆောင်ကဗျာ ဖန်တီးနိုင်စွမ်းလောက်အောင် လတ်ဆတ်မနေပါ။

အထက်ပါကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဆယ်ကျော်သက် ၁၆၊၁၇-နှစ်သမီး အစ်မကြီးကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ အဲဒီတုန်းက အပျိုစင်မဂ္ဂဇင်းရဲ့ ရင်းတွင်းဖြစ်ကဗျာတွေ ခေတ်စားနေစဉ် (သို့) ခေတ်စားခါစ ဖြစ်ပါမယ်။ အစ်မကြီးဟာ အဲဒီအတွက် ရည်ရွယ်ပြီးရေးခဲ့ပုံပေါ်ပါတယ်။ ကျနော့်အထင် သူကိုယ်တိုင် သူ့ကဗျာလေးကို မှတ်မိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီကဗျာလေးကို E-Journal မှာ အမှတ်တရ သိမ်းစည်းဝေငှလိုက်ခြင်းဟာ သူ့အတွက် ကျနော့်ရဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ပဲလို့ ယူဆကာ အကောင်အထည်ဖော်လိုက်တာပါ။ ကဗျာရေးသူ အစ်မကိုယ်တိုင် အမှတ်တမဲ့ဖြစ်နေလောက်တဲ့ကဗျာလေးကို အမှတ်တရဖြစ်နေခြင်းဟာ မောင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ မမှိတ်မသုန် ယုံကြည်ပါကြောင်း။........။

ဆက်ဖတ်မယ်ဆိုရင် ...