Monday, March 30, 2009

၁၉၉၇ခုနှစ်က ကဗျာ


သံယောဇဉ်မြစ်
ကွေ့ရစ်တိုက်စား
ကမ်းပါးဖြစ်စိတ်
ရင်ထိတ်တွေဝေ .....
ထလေ “ဂိန္မာန်”
နေလျှံနဲ့တိုက်
ကွေ့ဝိုက်မြစ်ပြင်
စစ်ဆင်ခြေမှုန်း
ပျက်သုဉ်းခမ်းစေ …..
မြစ်ရေကစ
နှမလက်လျော့
အားပျော့ပစေ …..
နှိုးနေစဉ်ပင်
မြစ်ပြင်မာန်ကြွ
ဒေါထလှိုင်းထန်
မကျန်ကမ်းပါး
တိုက်စားသွား၏။……….။

မာရေးသျှင်
၁၉၉၇ မတ် ၂၄
.
ကျနော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးတွေဟာ တမင်တကာ ဖန်တီးယူထားတာထက် သူ့အလိုလို ပွင့်အန်လျှံကျ လာတာက များပါတယ်။ ပြီးတော့ သိမ်းမထားတတ်ပါဘူး။




ကြုံရာမှာရေးပြီး ကျရာမှာထားခဲ့တာများပါတယ်။ ငယ်စဉ်ကတော့ မဂ္ဂဇင်း၊ဂျာနယ်တွေကို ပို့ဖြစ်ခဲ့ပါတယ်။ (အခုတော့ ကိုချောပြောသလို “မောင်ချောနွယ်ကို တည်ထောင်ဖို့ထက် သန်းလေးဆယ်အတွက် ထွန်ယက်ဖို့”အတွက်သာ E-Journal မှာရှိနေတာပါ။) ဒီကဗျာလေးဟာ ကျောက်သင်ပုန်းကြီးပေါ်က ကဗျာလေးတွေထဲက တစ်ပုဒ်ပါ။ အခုဆို ဒီကဗျာလေးဟာ (၁၂)နှစ်သားကြီးတောင် ဖြစ်နေရှာပါပြီ။ တခုတ်တရ သိမ်းထားပြီး တကူးတက ကျနော့်ဆီပြန်ပို့ပေးသူကတော့ ကျနော့်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။

အခုပြန်ဖတ်ကြည့်တဲ့အခါ အဲဒီကဗျာလေးကိုရော၊ ကဗျာရေးတဲ့ (၁၇)နှစ်သားကောင်ကလေးကိုရော ဟောဒီ(၂၉)နှစ်သားကြီးက မေတ္တာသက်ဝင်ချစ်ခင်မိပါတယ်။ ကျနော့်နှလုံးသားထဲမှာ အဲဒီကောင်ကလေးရှိသေးရဲ့လား။ ဘာပဲဖြစ်ဖြစ် အဲဒီ(၁၇)နှစ်သားကလေးကို ချစ်ခင်လေးစားသောအားဖြင့် သူခေါင်းစဉ်မတပ်ထားတဲ့ကဗျာကို ကျနော် ဝင်ရောက်စွပ်ဖက်ခြင်း အလျဉ်းမရှိဘဲ အရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

A story by Kahlil Gibran


A story by Kahlil Gibran ဆိုပြီး Paulo Coelho ရေးထားတာကို ဘာသာပြန်တာပါ။




ကျနော် စိတ္တဇဆေးရုံထဲက ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ဖီလော်ဆိုဖီစာအုပ်တအုပ်ကို ဖတ်နေတဲ့ လူငယ်တယောက်ကို တွေ့ဆုံခဲ့ပါတယ်။ သူ့သွင်ပြင်နဲ့ သိသိသာသာကောင်းမွန်လှတဲ့ သူ့ကျန်းမာရေးက အခြားသူများကြားမှာ ထင်ပေါ်နေတယ်။
ကျနော် သူ့ဘေးမှာ ထိုင်ပြီး မေးလိုက်တယ်။

- ဒီမှာ ဘာလုပ်နေလဲ။

သူက ကျနော့်ကို ကြည့်တယ်၊ အံ့သြသွားတယ်။ ကျနော်က ဆရာဝန်မဟုတ်ဘူးဆိုတာလည်း သိတော့ ကျနော့်ကို စကားပြန်ပြောတယ်။

- အင်း ဒီကိစ္စက သိပ်ရိုးရှင်းပါတယ်ဗျာ။ ကျနော့် အဖေက အောင်မြင်တဲ့ ရှေ့နေတယောက်ပါ၊ သူက ကျနော့်ကို သူ့လို ဖြစ်စေချင်တယ်။ ကုန်တိုက်ကြီးတခုကို ပိုင်ဆိုင်တဲ့ ကျနော် ဦးလေးကလည်း ကျနော် သူ့လမ်းစဉ်ကို လိုက်မယ်ထင်နေတယ်။ အမေကတော့ သူ့ချစ်ဖခင် ကျနော့်ဖိုးဖိုးလို ဖြစ်စေချင်တာ။ ကျနော့်အမကလည်း သူ့ခင်ပွန်းကို သိပ်အောင်မြင်တဲ့လူတယောက်ဆိုပြီး မိတ္တူအနေနဲ့ ကျနော့်ကို ထုတ်ထုတ်ပြောတယ်။ အကိုကကျတော့ သူ့လို အောင်မြင်တဲ့ အားကစားသမားတယောက် ဖြစ်စေချင်တာ။

ကျောင်းရောက်တော့လည်း ပုံစံတူအဖြစ်အပျက်တွေက ဖြစ်တာပဲ။ ပီယာနိုဆရာမရယ် အင်္ဂလိပ်ဆရာမရယ်က သူတို့က အားကျဖွယ်ကောင်းတဲ့၊ အတုယူဖို့ အကောင်းဆုံးသော ဥပမာတွေလို့ သူတို့ဘာသာ ယုံကြည်နေကြပြန်တယ်။ ဘယ်သူကမှ ကျနော့်ကို လူတယောက်အနေနဲ့ မကြည့်ဘူး၊ မှန်တချပ်လိုပဲ ကြည့်နေကြတယ်။

ဒီတော့ ကျနော် ဒီဆေးရုံကိုလာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ ဒီမှာ ကျနော်က ကျနော်ဖြစ်နေနိုင်တယ်လေ။


ဆက်ဖတ်မယ်ဆိုရင် ...

Friday, March 27, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၁)


ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူးဆိုရင်တော့ မြတ်စွာဘုရားရဲ့တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာ ဖြစ်မယ်။



ရဟန်းတွေရဲ့ ဝိနည်းတော်ထဲမှာ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ဝိနည်းသိက္ခာပုဒ်တွေဟာ အင်မတန် များပါတယ်။ တစ်ကိုယ်လုံး သန့်ရှင်းနေဖို့၊ ခြေသည်း၊ လက်သည်း၊ ဆံပင်ကအစ ပါတယ်။ သွားတွေကို တံပူနဲ့ တိုက်ဖို့ ဆိုတာတွေ ပါတယ်။

အစားအသောက် အနေအထိုင် သန့်ရှင်းဖို့ ဆိုတာကို မြတ်စွာဘုရားက အများကြီး ဟောခဲ့တယ်။ သင်္ကန်း လျှော်တာနဲ့ ပတ်သက်လို့ သန့်ရှင်းဖို့ ဆိုတာတွေ ပါတယ်။ သပိတ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းဖို့ အတိအကျပါတယ်။ မပြောင်ရင် အပြစ်ရှိတယ်။

နေတဲ့ထိုင်တဲ့ ကျောင်းမှာ မသန့်ရှင်းရင် အပြစ်ရှိတယ်။ သေနာသနဝတ်ကို မလုပ်မနေရ။ သေနာသန ဆိုတာ နေထိုင်တဲ့ နေရာကို ပြောတာ။ ဝတ် ဆိုတာ ဝတ္တရား။ သေနာသနဝတ်ကို မပြုရင် အပြစ်ရှိတယ်။ အဲသလိုရဟန်း တရားအားထုတ်ရင် တရားထူး မရဘူးတဲ့။

အဲဒီတော့ တရားအားထုတ်တဲ့နေရာမှာ အဆင်ပြေချင်ရင် လုပ်ရမယ့် စည်းကမ်းထဲမှာ သန့်ရှင်းရေး ဆိုတာ ပါနေတယ်။ နောက်ဆုံး ဘယ်လောက်အထိတောင် ပါသလဲ သိလား။ ဝမ်းချုပ်နေရင် အထဲမှာ မသန့်ရှင်းဘူး၊ ဝမ်းနှုတ်ဆေးစားတဲ့။ အဲဒီလောက်အထိတောင် ပါတယ်။

မြတ်စွာဘုရားဟာ တပည့်တွေအားလုံးကို အဆင့်အတန်းမြင့်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့် ရုပ်ပိုင်းသန့်ရှင်းဖို့ စိတ်ပိုင်းသန့်ရှင်းဖို့ကို အသေးစိပ်ဟောခဲ့တယ်။

ဘုန်းကြီးကတွေးကြည့်တယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူးဆိုရင်တော့ မြတ်စွာဘုရားရဲ့တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာ ဖြစ်မယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) - အလှတရားမှအမှန်တရားသို့(ပထမအကြိမ်) (စာ- ၁၄-၁၅)

ဆက်ဖတ်မယ်ဆိုရင် ...

it's not 4 U

“စိတ်မဝင်စားနဲ့”

ရှုပ်ထွေးသတဲ့
မွေးစကတည်းက
အလင်းမရတဲ့ ဉာဏ်နဲ့
ရှေ့ကို လက်ညိုးထိုးမလား
နောက်ကို အားကိုးမလို့လား
သွား -
ဒီအတိုင်းသာဆက်သွား
တနေ့တခါ“ဝ”
ကျောပူနားပူမခံနိုင်တဲ့
နူးညံ့တဲ့နှလုံးလှ
ပထဝီလား တေဇောလား
ဓါတ်တစ်မျိုးနဲ့ တိုက်စားတဲ့အခါ
အေးချမ်းကြစေသား။.....။

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, March 26, 2009

the Sun will rise, Soon!

“မျှော်လင့်ချက်”


ဒီမှာသူငယ်ချင်း -
ဒို့လက်ထဲမှာ ဘာရှိလဲသိလား။
ဒီမှာသူငယ်ချင်း -
ဒို့လက်ထဲမှာ အသေလားအရှင်လား။
ဒီမှာသူငယ်ချင်း -
ဒို့လက်ထဲမှာ အတက်လားအကျလား။
ဒီမှာသူငယ်ချင်း -
ဘာရှိလဲ
အသေ အရှင်
အတက် အကျ
ကဲ -
တနေ့တော့ အာရုဏ်ကျင်းရမှာပ။.....။

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, March 24, 2009

just i think



“အတွေး”


အမှတ်မထင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးနှစ်ခုကနေ မြင်ကွင်းလေးတစ်ခုကိုရေးလိုက်တာပါ….




၂၀၀၉ ခုနှစ် …
ဇန်န၀ါရီလ…
မတ်လ….

အထူးကုဆေးခန်းတစ်ခုရဲ့….
အထူးသီးသန့်ခန်းတစ်ခု…..
တတီတီမြည်နေတဲ့ စက်တစ်ခု….
အောက်ဆီဂျင်ဘူးတစ်လုံး…

မကြာခဏ၀င်လာကြည့်တတ်တဲ့ အထူးကုတွေ၊ ဆရာဝန်တွေ…

ဘေးကနေ မျက်ခြေပြတ်မခံစောင့်ကြည့်နေတဲ့ ဆရာမလေး…

ကုတင်ပေါ်က
လက်နှစ်ဖက်၊ ခြေနှစ်ဖက်မှာ…
ဆေးပုလင်းပေါင်းစုံနဲ့…
ဝေဒနာပေါင်းစုံကိုခံစားနေရတဲ့
သက်(၈၀) ကျော်အဖိုးအိုတစ်ယောက်…

ဖခင်ကိုကျန်းမာစေချင်တဲ့ဇော၊ ဝေဒနာတွေသက်သာစေချင်တဲ့ဇောနဲ့
အကောင်းဆုံးဆေးတွေကို ဖခင်ကိုယ်ခန္ဓာထဲကို မရောက်ရောက်တဲ့နည်းနဲ့ ထိုးသွင်းဖိုးကြိုးစားနေခဲ့ကြတဲ့၊ သား၊သမီးဝတ္တရား ကျေချင်ကြတဲ့ သား၊သမီးတွေ…

ခံစားမိတာက သား၊သမီးတို့အနေနဲ့ ငါတို့မှာရှိတဲ့ပိုက်ဆံ၊ လုပ်ပိုင်ခွင့်…
ငါတို့တတ်နိုင်သလောက်၊ တစက္ကန့်… တမိနစ်… တနာရီ… တရက်…
တတ်နိုင်သလောက်ဆွဲဆန့်ထားချင်တဲ့ အဖေရဲ့အသက်…
ငါ့အဖေရဲ့နောက်ဆုံးအချိန်…

ကြည့်ရင်းနဲ့သနားလာမိတာက အဖိုးအိုကိုပါ
သူသွားရတော့မဲ့အချိန်မှာ သွားခွင့်မရသေးပဲ သား၊သမီးအလိုကျ ဝေဒနာဆက်ခံစားနေရတဲ့ ဘ၀…

ခံစားမိရင်းနဲ့ ၀င်ရောက်လာတဲ့ အတွေးပေါင်းစုံက…

ငါသာ သား၊သမီးနေရာမှာဆိုရင် …
… … … …… …… ………… ……………
ငါသာ အဖိုးအိုနေရာမှာဆိုရင် ……
… … … …… …… ………… ……………
ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး…

ငါသာ သား၊သမီးနေရာမှာဆိုရင် ငါ့မိဘကို ဒီလောက်အထိ ပံပိုးပေးနိုင်ပါ့မလား။ ခံစားနေရာတဲ့ဝေဒနာကို ဘာကုသမှုမှမပေးဘဲ ကြည့်နေနိုင်မလား။ ဝေဒနာသက်သာစေချင်တဲ့စိတ်နဲ့ ဝေဒနာကို ဆွဲဆန့်ပေးရက်မလား။

ငါသာ အဖိုးအိုနေရာမှာဆိုရင် သား၊သမီးတွေရဲ့ စေတနာနဲ့မေတ္တာကို နားလည်ပေးနိုင်ပေမဲ့ သွားရမဲ့လမ်းကို ငါသိပြီးသားမို့ ဆက်သွားချင်မိမလား။

တရက်ပြီးတရက်…
နောက်ထပ် တရက်ပြီးတရက်…
ကုန်သွားပြီးနောက်တော့…
ပေးလိုက်ရတဲ့ပိုက်ဆံတထပ် ပြန်ရလိုက်တဲ့ ဘောက်ချာတထပ်၊ ပြန်အပ်လိုက်ရတဲ့အခန်းတခု၊ ငိုကျွေးနေတဲ့မိသားစု၊ အေးစက်နေတဲ့ခန္ဓာတခု ဘာများပြန်ပါသွားခဲ့ပါသလဲ…………

တလနီးပါးကြာသွားတော့ အိမ်အပြန်မှာ လိုက်ပါခွင့်မရတော့တဲ့ တစ်ခြားလမ်းတစ်ခုကို ဆက်လျှောက်သွား သူတစ်ယောက်……



*** မယ့်ပတ်ဝန်းကျင်မှာကြုံတွေ့ခဲ့ရတဲ့
စိတ်မကောင်းစရာ တူညီတဲ့အဖြစ်အပျက်လေး (၂) ခုကနေ
စဉ်းစားမိတဲ့အကြောင်းလေးတစ်ခုပါ…
ပြောပြချင်တာကအများကြီးပါ…****
မယ်(10:12 pm, 23.3.09)

ဆက်ဖတ်မယ်ဆိုရင် ...

true love

“အချစ်စစ်”

  • ချစ်
ဟိုမှာလည်းချစ် ဒီမှာလည်းချစ်
အသစ်လာလည်းချစ် အပြစ်မှာလည်းချစ်
ရေစုန်မှာချစ် ရေဆန်မှာချစ်
အမှတ်တမဲ့မှာချစ် အမှတ်တရမှာချစ်
ချစ် -
ဒို့ ကမ္ဘာကြီးကို ချစ်။.....။
သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, March 19, 2009

ChitChat !


မှတ်ချက်။…..။ စာမရေးဖြစ်တာ ကြာပြီဗျ။ ကျွန်တော်ကိုယ်တိုင် အတွေးတွေ မငြိမ်ဖြစ်နေလို့ပါ။ ဒီနေ့တော့ ရေးအုံးမှပါဆိုပြီး ချရေးတော့ အရင်စဉ်းစားထားတဲ့ အကြောင်းအရာတွေ အများကြီးက ပေါ်မလာတော့ဘူး။ ဖြစ်နေကျအတိုင်းပါပဲ။ စိတ်ကူးထဲပဲ မှတ်မှတ်ထားတတ်တော့ ရေးကြည့်မယ်လည်းလုပ်ရော ဘာမှမရှိတော့ဘူး။ ဒါနဲ့ပဲ ဒီရက်ပိုင်းတွေမှာ တိတ်ဆိတ်စွာဆူညံနေတတ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်ကိုယ်ထဲက ကျွန်တော်တို့ရဲ့ စကားစစ်ထိုးနေမိတာလေးကို ချရေးမိပါတယ်။ ဘာမှမဟုတ်ဘူးဆိုလည်း ဆရာ-ကိုတာရဲ့စကား ယူသုံးရမှာပဲ။ “တောင်ရောက်မြောက်ရောက်ပေါ့ခင်ဗျား” ။။




ကျွန်တော်နှင့် စကားစမည်


ကြာပါပေါ့လား။ ပိုစ့်အသစ်တွေမလုပ်မိတာ။ ဘယ်လိုတွေဖြစ်နေလို့လဲ။ အကောင်းဆုံးတွေများ ဖန်တီးနေလား။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အသစ်ဆိုတာနဲ့တော့ ဧည့်ခံနေမှလေ။ စာဖတ်သူ စာကိုဆာလောင်သူကတော့ လာကြည့်မယ်ထင်တယ်။ ကြည့်စရာလေးမှမရှိရင် ပရိတ်သတ်ကို စိတ်ပျက်စေမယ်လေ။ အော်.. တစ်ယောက်ရှိရင်လည်း ဒါ- ပရိတ်သတ်ပါပဲ။ အများကြီးလည်း မျှော်လင့်လို့ ဘယ်ရမလဲ။ တွေးမိသမျှ ချပြဖို့ခက်နေတယ်ဆိုရင်တော့ ဒါ- အကြောင်းပြချက်ဖြစ်သွားပြီ။ ဟုတ်တယ်။ အများပြောသလိုဆိုရင် ဆင်ခြေပေါ့။ ပန်းပုဆရာရဲ့လက်မှာ ပုံမပေါ်နိုင်တဲ့ ကျောက်တုံးတို့ သစ်တုံးတို့ မရှိဘူးလေ။ ပြောစရာရှိရင် ပြောလို့ရတယ်။ မြင်တာရှိရင် ပြန်ပြော။ အော်.. အမြင်မတော်ရင်တော့ ကြည့်ပြော။ တစ်ချို့က စိတ်ဆိုးတတ်တယ်။

အင်း.. မလုပ်ဖြစ်ဘူးဗျာ။ မလုပ်ဖြစ်ဆို ပိုစ့်အသစ်လည်းမလုပ်ဖြစ်၊ တစ်ခြားသူတွေရဲ့ စာတွေတောင် လျှောက်မဖတ်ဖြစ်တာ ကြာသွားတယ်။ သိပ်ဖြေရခက်တယ်။ ဒါမှမဟုတ် လူတွေက ပြောစရာများပြီး ရုတ်တရက်စိတ်မှာ မပြောချင်သေးရင် ဒီလိုပဲ ပြောတတ်ကြလားမသိပါဘူး။ အော်.. “ဒီလိုပါပဲဗျာ” ဆိုတဲ့စကားလေ။ အဲဒီလိုပဲ ဖြေရတော့မှာ။ ဘာရယ်။ ဟားဟ။ အကောင်းဆုံးဆိုတာ ကိုယ်သတ်မှတ်လို့မရပါဘူးဗျာ။ သူများသတ်မှတ်လိမ့်မယ်။ တစ်ခုတော့ရှိတယ်၊ အားရတယ်ဆိုတာမျိုးပေါ့။ နောက်တာပါ။ ဘာအကောင်းဆုံးမှလည်း မလုပ်ဖြစ်ဘူးရယ်။ ဘယ်ဟာမှလည်း အားမရပါဘူး။ အင်း.. ဟုတ်တော့လည်းဟုတ်တယ်ဗျ။ မျက်စိလည်လာတာပဲ ဖြစ်ဖြစ်။ တမင်တကာ လှည့်လာတာပဲဖြစ်ဖြစ် ရောက်လာသူတွေကိုတော့ စိတ်အဆာပြောစေချင်တာအမှန်ပါ။ ပြောသာပြောနေရတာ အီးဂျာမှာလည်း ပရိတ်သတ်ဆိုတာ ..အင်း၊ ပရိတ်သတ်ပေါ့ဗျာ။ စာတစ်ကြောင်းတစ်လေအတွက် တစ်ယောက်သောသူလောက် စိတ်ကျေနပ်သွားတယ်ဆိုရင်ကို ပျော်သဗျို့။ တစ်ခါတစ်လေကျတော့လည်း စိတ်မှာတွေးမိတာတွေကို ချပြဖို့ခက်နေပြန်ရောဗျ။ စိတ်ရှိတိုင်းသာ ချပြနေရရင်၊ ပုံဖော်ပြနေနိုင်ရင်လည်း ကောင်းသားဗျ။ ဟင်.. ဆင်ခြေပေးတယ်လို့ ပြောချင်တာလား။ အေးဗျာ အများပြောသလို ဆင်ခြေတွေဆိုရင်တော့ အသုံးမဝင်လို့မပေးပါဘူး။ ဟုတ်တယ်လေ ကြက်ခြေထောက်ဆိုမှ သုပ်စားလို့ရအုံးမယ်။ ဟိုးဆရာဟိုး။ ပုံဖော်နိုင်လောက်အောင် အစွမ်းအစနဲ့ ဆရာမဟုတ်ဘူးဗျ။ သူများထုပြီးသား လောကနတ်ရုပ်ချပြရင်တောင် “ဟေ့-ဟေ့ နတ်သားရုပ်ကို စည်းဝါးလိုက်ခိုင်းစရာလားကွ..”လို့ ရုပ်တည်နဲ့ သတိပေးတတ်သူပါဗျာ။ ပြောတော့လည်းလွယ်သားလား။ ပြောချင်တာတွေ၊ မြင်တာတွေရှိတယ်။ ဒါပေမဲ့ ပြောချင်တာကို ပြောလိုက်ရင်၊ မြင်တာကိုအမြင်အတိုင်း ပြောလိုက်ရင် မတော်ပါဘူးဗျာ။ ပြောချင်တာလည်း အဲဒါပဲ။ စိတ်ဆိုးတတ်သူတွေမှာ ကျုပ်ကိုယ်တိုင်လည်းပါတယ်လေ။ ကျုပ်ဘက်ကနေကျုပ် စိတ်ဆိုးလွန်းလို့ တစ်ခါတစ်လေဆို ..အင်း၊ အဲဒီတစ်ခါတစ်လေမှာပဲ ထားပါစို့ဗျာ။ ဘာလို့လည်း မမေးနဲ့အုံးနော် - ဒီလိုပါပဲဆိုတာ ဖြေမှာ။ ကြိုပြောထားတာ။

ပြောလိုက်ရင်တော့ သင့်တယ်ဆိုတာကြည့်ပါပဲ။ စလုပ်လိုက်ဖို့ကျတော့ ခက်နေပြန်ရော။ အခြေအနေ၊ အချိန်အခါဆိုတာနဲ့ စိတ်ဆိုတာတွေကလည်း ခက်သားလား။ ဟုတ်တယ် အဖေနဲ့အမေပေးတဲ့ တစ်သက်စာအမွေအပြင် ကိုယ့်ဘာသာကိုယ် မွေးယူကြည့်မှ တယ်လည်းမလွယ်ပါ့လားလို့ သိရတာ။ အစကတော့ ကိုယ့်အသိနည်းနည်းခေါ် လ္ဘက်ရည်လေးတိုက် မုန့်လေးနည်းနည်းကျွေးလိုက်ရင် ဖြစ်ပြီထင်တာ။ ဟုတ်ရိုးလားဗျာ။ ပေးချင်တယ်ဗျာ။ ပေးချင်ပါတယ်။ လဲနေသူထူဖို့ ကိုယ်တိုင်လည်း မတ်မတ်ရှိနေရမတဲ့။ မိတ်ဆွေတစ်ယောက်က ပေးဖူးတဲ့ဒဿန။ တွေးကြည့်မိတော့လည်း ကိုယ်တိုင်က ခပ်ယိုင်ယိုင်လေ။ နောက်တစ်ချက် ခက်တာရှိသေးတယ်။ လူတွေလေ၊ ကိုယ်ကကောင်းစေချင်လို့ပြောရင် မင်းကရောဘာမို့လို့လဲဆိုတာမျိုး တွေးပလိုက်တာ။ အတော်တော့ ညစ်ဖို့ကောင်းတဲ့ အတွေးအခေါ်တွေ။ အင်း.. ကျွန်တော်လည်း ဒီအနုပညာနဲ့ ဘဝကိုနေထိုင်ဖြတ်သန်းချင်တာပါပဲ။ ဟုတ်တယ် စာဖတ် စာရေးကို ဝါသနာမပါသေးသူဟာ ဘဝကိုကောင်းကောင်း မနေထိုင်ရသေးတာပါပဲ။

အေးဗျာ.. လုပ်သင့်တာလေးတွေတော့ လုပ်နေရမှာပဲ။ အော်.. ဒီဆင်ခြေတွေက ပါလာပြန်ပလား။ ခင်များမှာ ခင်များနောက်တစ်ယောက် ရှိနေပြီလေ။ နာမည်ဆိုတာ သေသွားတတ်တယ်နော်။ သူ့ကိုမသေအောင် အသက်ဆက်နေအောင်လုပ်ရတာ ပိုခက်သဗျ။ တတ်နိုင်သလောက်လေးတော့ အသိတွေပေးချင်သေးဆို။ ယိုင်တာမယိုင်တာ ပြဿနာမှမဟုတ်တာ။ သူတို့မမြင်သေးတာဆိုရင် ဒါ- အခြားတစ်ဖက်မှ ဆင်ခြင်ခြင်းပဲပေါ့။ လူတိုင်းကိုတော့ ဘယ်စည်းရုံးနိုင်မလဲ။ အိုဘားမားတောင် အတိုက်အခံနဲ့လေ။ ၉၀ရာနှုန်းကျော်တာမှ မဟုတ်တာ။ ကဲ.. ထားပါ။ စာတွေဖတ်ကွ ကောင်းတယ်။ ဖြစ်နိုင်ရင် ပြန်ချရေးကြည့်။ ဒါလည်း အနုပညာတစ်ရပ်ပဲလေ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, March 18, 2009

သတင်းနှင့် အတွေးအမြင် ... .. .


“ရဟန်းတို့၊ သိမ်းပိုက်ထားရန်မဟုတ်ဘဲ ကူးမြောက်ရန် အကျိုးငှာ ဖောင်ဥပမာရှိသော တရားကို သင်တို့အား ငါဟောကြား၏။ (ဖောင်ဥပမာ ဟူသည်ကား ဖောင်ဖြင့် ရေပင်လယ်ကို ကူးသွားသော ခရီးသည်တစ်ဦးသည် တစ်ဖက်ကမ်းသို့ ရောက်သောအခါ ဖောင်ကို တပ်မက်မနေတော့ဘဲ စွန့်လွှတ်ပြီးလျှင် ခရီးဆက်လက်၍ သွား၏။)

ရဟန်းတို့ ဖောင်ဥပမာကို သိသော သင်တို့သည် တရားမှု(သမထဝိပဿနာ)၌ဖြစ်သော ဆန္ဒရာဂတို့ကိုပင်သော်လည်း ပယ်စွန့်ရမည်။ မတရားမှု(ကာမဂုဏ်)၌ဖြစ်သော ဆန္ဒရာဂတို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ပေ။”
.
ဗုဒ္ဓ

(မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သြပမ္မဝဂ်၊ အလဂဒ္ဒူပမသုတ်)






ဆက်ဖတ်မယ်ဆိုရင် ...

Saturday, March 14, 2009

Rebuilding the world


ကမ္ဘာကြီးအား ပြန်လည်တည်ဆောက်ခြင်း

ဖခင်က သတင်းစာဖတ်ဖို့လုပ်နေတာကို သူ့သားငယ်လေးက နှောက်ယှက်နေတယ်။ နောက်ဆုံး ဖခင်လုပ်သူက စိတ်ညစ်လာလို့ သတင်းစာထဲက ကမ္ဘာမြေပုံပါတဲ့ စာရွက်ကို ဆုတ်ဖြဲလိုက်တယ်၊ ပြီးတော့ မြေပုံစာရွက်ကို အပိုင်းပိုင်းဆွဲဆုတ်လိုက်ပြီးတော့ သားကိုပေးလိုက်တယ်။



- ကဲ အခု သားမှာ လုပ်စရာ အလုပ်ရသွားပြီ။ ဒီကမ္ဘာမြေပုံကို မှန်မှန်ကန်ကန် ပြန်ဆက်ပေးစမ်း။

ဖခင်လုပ်သူက သားတော်မောင်တော့ တနေကုန် အလုပ်ရှုပ်ပြီဆိုပြီး သတင်းစာပြန်ဖတ်တယ်။ ဒါပေမယ့် ၁၅ မိနစ်လောက်ကြာတော့ ကလေးက မြေပုံလေးနဲ့ ပြန်ရောက်လာတယ်။

အဖေလုပ်သူက တအံ့တသြနဲ့ - မင်းမေမေကများ မင်းကို ပထဝီသင်ပေးလိုက်တာလား။ - လို့ မေးလိုက်တယ်။

သားတော်မောင် ပြန်ပြောလိုက်ပုံက - ကျနော်ဖြင့် ဒါကြီးကို ဘာမှန်းတောင် ကောင်းကောင်းမသိပါဘူး။ ဟိုဖက်စာမျက်နှာမှာ လူတစ်ယောက်ရဲ့ ဓာတ်ပုံပါတယ်လေ၊ ဒါနဲ့ပဲ ကျနော်က လူပုံကို မှန်အောင်ပြန်ဆက်လိုက်တာ ကမ္ဘာ့မြေပုံကြီးကလည်း ပြန်ဆက်သွားရော။

မူရင်း - Rebuilding the world by Paulo Coelho

ဆက်ဖတ်မယ်ဆိုရင် ...

Monday, March 9, 2009

တိုးအေးပေါ်မှ အိုမိခင်


မမျှော်မလင့်၊ မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ၊ သည်းဆတ်ခါမျှ
ကြမ္မာကံဆိုး၊ လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သော ထိုတစ်နေ့။

ထိုနေ့မှသည်၊ ညညနေ့နေ့
မြင်တွေ့မကောင်း၊ သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ၊ မြင်နေခဲ့ရ။

နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက်၊ ခါချိန်ရောက်မှ
ရေအောက်ကဖော်၊ “တိုးအေး” ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ၊ မိခင်ဇွဲကို
အသဲနင့်ဖွယ် မြင်ရသည်။

အရိုးစုမျှ၊ ကြွင်းသော်မှပင်
ချစ်လှရင်သွေး၊ သူ့ကလေးအား
ထွေးဆဲပိုက်ဆဲ၊ ယုယဆဲ ဟု
သဲသဲမဲမဲပြနေသူ။

ရေစီးကလှုပ်၊ လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား၊ စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ၊ မေ့သည်းချာအား
မကွာမကွဲပိုက်ပွေ့ဆဲ။

အို….. မိခင်
သင် ဘေးကင်းရာ
ကူးခပ်ပါ၍၊ လွတ်ရာအဝေး
ပြေးနိုင်ပါလျက်၊ မပြေးရက်၍
အသက် စတေးလိုက်ရော့လား။

အို….. မိခင်
“ကိုယ်လျှင်မချိ၊ အမိသော်လဲ
သားတော်ခဲ” ဟု
စွဲလားဆိုထုံး၊ စကားလုံးကို
ချေမှုန်း တော်လှန်လိုက်ရော့သလား။

အို….. မိခင်
သင်နှင့်အတူ၊ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ်၊ “မိခင်စိတ်” ဖြင့်
ယိုဖိတ်မေတ္တာ၊
စေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏။……….။


သမိန်သောင်း


ဆရာကြီး ဦးသုခ ၏ မင်္ဂလသုတ်အဖွင့်(စာ-၁၂၃-၁၂၅)တွင် ဖတ်ရှုခဲ့ရသော ရင်နင့်ဖွယ်ရာ မိခင်မေတ္တာဖွဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ၁၉၇၃ ခုနှစ် ရန်ကုန်-ဒလအကူး တိုးအေးသင်္ဘောနစ်မြုပ်စဉ်က တကယ့်ဖြစ်ရပ်မှန်တစ်ခုကို မြဝတီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် ကဗျာဆရာ ဆရာသမိန်သောင်း ရေးဖွဲ့ခဲ့သည်ဟု သိရပါသည်။ မူလက မည်သည့်ဂျာနယ်၊မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့ကြောင်း မသိရပါ။




ဆက်ဖတ်မယ်ဆိုရင် ...

Sunday, March 8, 2009

အဖေ


သားသမီးတွေဟာ
ကျောက်တုံးတွေဆိုရင်
သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံး
သူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါ
ငှက်ကြောင့်
ညောင်ပင်ဟာ အသီးနဲ့ဝေးရသလို
ငွေကြောင့်
မိဘဟာ သားသမီးနဲ့ ဝေးရတယ်
ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်
နှလုံးသားဟာ တောက်ပအလင်းဖြာမြဲ
တစ်ခါတစ်ခါ
ခြောက်ကပ်ကပ်အလွမ်းနဲ့
အရပ်ရှစ်မျက်နှာရော်ရမ်းရမ်း
တစ်ခါတစ်ခါ
အထီးကျန်ခြင်းက
သွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်း
မိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာ
မေတ္တာဝေစုကို တလူလူလွှင့်ခဲ့သလို
စကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီ
အပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့
ငါ့ပျက်ကွက်မှုတွေပါ တဲ့
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ။
.
.
ကိုသျှပ်(ကန့်ဘလူ)


နာကျင်မှုကိုမှ အနုပညာဖြစ်အောင် ကျင်ယူနေရှာတဲ့
ကဗျာဆရာ မိုးလှိုင်ည ရဲ့ ကျွန်တော်ကြိုက်သော ကဗျာများ မှာ ဖတ်ခဲ့ရတဲ့ ကဗျာပါ။
ကြိုက်လွန်းလို့ ပြန်လည် မျှဝေတာ သက်သက်ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ မဟုတ်သော်ငြား ဒီလိုကဗျာဆရာတစ်ဆူ အတွက် ဝံ့ကြွားဂုဏ်ယူတာ အမှန်ပါ။





ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, March 4, 2009

ဘဝနေနည်း အနုပညာ

ရွေးချယ်ခြင်း အနုပညာ

ခင်များဘဝကို ခင်များဘယ်လို ရှင်သန်နေထိုင်တယ်ဆိုတာ ခင်များရဲ့ ရွေးချယ်ချက်သာ ဖြစ်ပါတယ်။

ဘဝဆိုတာ ရွေးချယ်မှုတွေပါပဲ။ အခြေအနေတစ်ခုချင်းစီဟာ ရွေးချယ်မှုတွေပါ။ အဲဒီအခြေအနေတွေကို ခင်များဘယ်လိုတုန့်ပြန်မလဲဆိုတာ ခင်များရွေးချယ်တာပါ။ ခင်များရဲ့စိတ်အခြေအနေကို တစ်ခြားလူတွေက ဘယ်လိုသက်ရောက်စေမလဲဆိုတာလဲ ခင်များရွေးချယ်တာပါပဲ။

ခင်များစိတ်ရဲ့ ရာသီဥတု ကြည်လင်သာယာနေဖို့ (ဒါမှမဟုတ်) လေးလံထိုင်းမှိုင်းနေဖို့ ခင်များရွေးချယ်တာပါပဲ။

အထက်က စကားတွေဟာ “ဂျွန်”ပြောကြားခဲ့တာတွေပါ။



ထာဝစဉ် ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင် ရှိနေတတ်သူ၊ဘယ်တော့မဆို အပြုသဘော ပြောစရာ တစ်ခုခု အမြဲရှိနေတတ်သူ.. သူဟာ “ဂျွန်”ပါ ။ သူ့ကို “အခြေအနေဘယ်လိုလဲ” လို့ မေးလိုက်ရင် “အဆင်ပြေလိုက်တာမှ ဖြစ်နိုင်ရင် သည်လို ထပ်တူကျ ဂျွန်အမွှာပူးလေး ရလိုက်ချင်တယ်” လို့ ဖြေမှာ မလွဲဧကန်ပါ။

အဲသလို စိတ်အားတက်ကြွနေတာဟာ၊ အဲသလို စိတ်အားတတ်ကြွစေတာဟာ ဂျွန်ရဲ့မွေးရာပါ။ တစ်စုံတစ်ယောက်ရဲ့ ပြဿဒါးနေ့ဟာ ဂျွန်နဲ့တွေ့လိုက်ရင် ရက်ရာဇာဖြစ်သွားတတ်တာ ဓမ္မတာပါ။

သူ့ဘဝတစ်လျောက်လုံးမှာ အခုလို အပြုသဘောဆောင်တဲ့လူတစ်ယောက် ဖြစ်နေတာဟာ သူ့ရွေးချယ်ချက်ကြောင့်ပါတဲ့။

“ဂျွန်.. ဒီနေ့အဖို့ မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ကြည်လင်ပျော်ရွှင်နေဖို့ မင်းရွေးချယ်နိုင်သလို၊ ဆန့်ကျင်ဖက်ကိုလည်း မင်းရွေးချယ်နိုင်တယ်”။ မနက်ခင်းမိုးလင်း အိပ်ရာကထထချင်းတိုင်းမှာ သူ့ကိုသူ အဲသလို ရွေးချယ်ခိုင်းပါတယ်တဲ့။ ပြီးတော့ ကြည်လင်ပျော်ရွှင်ဖို့ကိုပဲ သူရွေးချယ်ပါတယ်တဲ့။

တစ်စုံတစ်ရာ ဆိုးရွားတဲ့ အဖြစ်အပျက်နဲ့ တွေ့ကြုံရတဲ့အခါတိုင်းမှာ “အဲဒီ အဖြစ်အပျက်ရဲ့ သားကောင်အဖြစ် ရွေးချယ်နိုင်သလို၊ အဲဒီအဖြစ်အပျက်ကနေ လေ့လာသင်ယူဖို့ ရွေးချယ်နိုင်တယ်” လို့ဆိုကာ သူဟာ အဲဒီအဖြစ်အပျက်ကနေ သင်ယူဖို့ကိုပဲ ရွေးချယ်ပါတယ်တဲ့။

တစ်စုံတစ်ယောက်က သူ့ဆီလာပြီး ပြစ်တင်ညည်းတွားတဲ့ အခါတိုင်းမှာ “ဒီလူတွေရဲ့ ပြစ်တင်ညည်းတွားခြင်းတွေကို လက်ခံဖို့ ရွေးချယ်နိုင်သလို၊ ဘဝရဲ့ ကောင်းတဲ့ဘက်ကို ထောက်ပြဖို့ ရွေးချယ်နိုင်တယ်” လို့ဆိုကာ သူဟာ ဘဝရဲ့ကောင်းတဲ့ဘက်ကိုပဲ ရွေးချယ်ပါတယ်တဲ့။

အဲဒီလို ရွေးချယ်မှုတွေနဲ့ ဂျွန်ဟာ တစ်နေ့တော့ သူ မရွေးချယ်တဲ့ မတော်တဆထိခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ရှာပါတယ်။ မျှော်စင်တစ်ခုရဲ့ ပေ(၆၀)အမြင့်ကနေ ပြုတ်ကျတာပါ။ သူ မရွေးချယ်တဲ့ မတော်တဆထိခိုက်မှုအတွက် ရင်ဆိုင်လက်ခံတုန့်ပြန်ပုံကိုတော့ သူကိုယ်တိုင်ပဲ ကျကျနန ရွေးချယ်ခဲ့ပါတယ်။

(၁၈)နာရီကြာ ခွဲစိတ်ကုသခြင်း၊ သီတင်းပတ်ပေါင်းများစွာ အထူးဂရုစိုက်ကုသမှုခံယူခြင်းတွေအပြီး ဆေးရုံကဆင်းလာတဲ့ ဂျွန်ဟာ ကျောထဲမှာ စတီးချောင်းတွေ အပိုပါလာခဲ့ပါတယ်။

ဒါပေမယ့် ဂျွန်ကတော့ သူ့အမာရွတ်တွေကို ပြန်ကြည့်ဖို့ ကိုယ်ပွားအမွှာပူးရချင်တယ်လို့ အရွှန်းဖောက်မြဲပါပဲ။

“အဲဒီမတော်တဆထိခိုက်မှုဖြစ်ပျက်နေတုန်း စိတ်ထဲကို ဘာတွေဝင်လာသလဲ” ဆိုတော့….

ပထမဦးဆုံး သူ့စိတ်ထဲဝင်လာတာက မကြာခင် မီးရှုးသန့်စင်ဖွားမြင်တော့မယ် သူ့သမီးကလေးပါပဲတဲ့။ အဲဒီနောက် သူ မြေကြီးပေါ်မှာလဲကျနေတုန်းမှာပဲ သူ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်ဆိုတာကို သတိရလိုက်တယ်တဲ့။ “အသက်ရှင်ဖို့ ငါရွေးချယ်နိုင်သလို၊ သေဆုံးဖို့ ငါရွေးချယ်နိုင်တယ်။” ဆိုကာ အသက်ဆက်ရှင်ဖို့ကိုပဲ သူရွေးချယ်ခဲ့ပါတယ်တဲ့။

“အဲဒီတုန်းက လန့်ဖျပ်မသွားဖူးလား၊ သတိမေ့သွားသေးလား” ဆိုတော့....

“အခြေအနေကောင်းလာမှာပါ”လို့ တတွတ်တွတ်အားပေးလာကြတဲ့ လူနာတင်ယာဉ်သူနာပြုတွေကတော့ တကယ့်ကိုတော်ကြပါတယ်တဲ့။ ဒါပေမယ့် အရေးပေါ်ခန်းထဲ တွန်းသွင်းသွားကြတဲ့အခါမှာ မြင်လိုက်ရတဲ့ ဆရာဝန်နဲ့သူနာပြုတွေရဲ့ မျက်နှာတွေပေါ်ကဖော်ပြချက်တွေကတော့ သူ့ကို တကယ်ပဲ လန့်ဖျပ်သွားစေခဲ့ပါတယ်တဲ့။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ “ဒီလူကတော့ သေလူပဲ” ဆိုတာကို ဖတ်လိုက်ရတဲ့အခါ သူတစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုတာ သိလိုက်ပါတယ်တဲ့။

“အဲဒီတော့ ဘာလုပ်လိုက်သလဲ” ဆိုတော့....

“မတည့်တဲ့ဆေး ရှိလား”လို့ အော်မေးနေတဲ့ လုံးကြီးပေါက်လှသူနာပြုဆရာမကြီးကို “ရှိတယ်”လို့ ပြန်ဖြေလိုက်တယ်တဲ့။ အဲဒါကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေအားလုံးဟာ လုပ်လက်စအလုပ်တွေရပ်ပြီး သူ့အဖြေကို စောင့်နေကြတယ်တဲ့။ ဒါနဲ့ သူဟာ အသက်ဝဝ တစ်ချက်ရှုပြီး နာနာကျင်ကျင်အော်ပြောလိုက်ပါတယ် - သူနဲ့မတည့်တာကတော.....့
ကမ္ဘာ့ဆွဲငင်အား” ပါတဲ့။

အတောမသတ်နိုင်တဲ့ ရယ်မောသံတွေကြားမှာပဲ “သူ အသက်ရှင်ဖို့ ရွေးချယ်ထားတဲ့အကြောင်း၊ သူ့ကို အသေလို့မတွက်ဘဲ အရှင်လို့သဘောထားပြီး ခွဲစိတ်ပေးကြဖို့အကြောင်း” အဲဒီဆရာဝန်တွေ၊ သူနာပြုတွေကို သူက ပြောလိုက်ပါတယ်တဲ့။

ဂျွန် တကယ်ပဲ အသက်ရှင်ခဲ့ပါတယ်။
.
.
မှတ်ချက်။……….။ “Articles About Sunny (This Article Made Me Think Of You)” ဆိုပြီး မိတ်ဆွေတစ်ယောက်ပို့လိုက်တဲ့ ဆောင်းပါးကို ကိုးကားထားတာပါ။ တတ်သိနားလည်လို့ မဟုတ်ဘဲ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို လှန်တတ်ရုံသက်သက်ဖြင့်သာ ခြုံငုံပြီး မြန်မာမှုပြုလိုက်တာပါ။ http://www.sunnythoughts.com မှာ မူရင်းဆောင်းပါးကို ရှာတွေ့နိုင်ပါလိမ့်မယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, March 3, 2009

Thank You !!!!

ကျေးဇူးတင်ပါတယ်…

အစက…
ငယ်ငယ်တုန်းက . . .
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကိုပြောဖို့တော်တော်ဝန်လေးတယ်…
တကယ်စိတ်ထဲမှာမပါပဲနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုမပြောချင်ခဲ့တာပါ…
လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီးကျွန်မဟာ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို တွင်တွင်သုံးတတ်လာခဲ့ပါတယ်….




သူကြောင့်ဆိုရင်မမှားပါဘူး…
သူကဘယ်ကိစ္စကိုဖြစ်ဖြစ်…
ဘယ်သူ့ကိုဖြစ်ဖြစ်….
ဘယ်နေရာမှာဖြစ်ဖြစ်…
ဘယ်အချိန်ဖြစ်ဖြစ်….
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို ပြောဖို့ ၀န်မလေးတတ်ခဲ့ဘူး…
Taxi ငှားစီးရင်တောင် ပိုက်ဆံပေးစီးတဲ့Taxi သမားကိုကျေးဇူးတင်ပါတယ်အမြဲပြောခဲ့တာပါ…
ကျွန်မလည်းသူနဲ့တူတူရှိပြီးတဲ့နောက် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပြောတတ်လာခဲ့တယ်…
လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပိုသုံးဖြစ်တယ်…

ကျွန်မလည်းတခါတလေတော့ စဉ်းစားမိပါတယ်…
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို တာဝန်တခုအနေနဲ့ ပြောမိတာလား???
တကယ်ကို ကျေးဇူးတင်လို့ပြောမိတာလား???
ယဉ်ကျေးမှူ့တခုအနေနဲ့ပြောမိတာလား???
သေချာတာကတော့ စိတ်ထဲမှာပါသည်ဖြစ်စေ…မပါသည်ဖြစ်စေ…. ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရင် အပြောခံရသူရဲ့စိတ်ထဲမှာ ကျေနပ်သွားစမြဲပါပဲ…
လုပ်ငန်းခွင်မှာလည်း ကျေးဇူးဆိုတဲ့စကားတခွန်းကြားလိုက်ရရင်ကျေနပ်ရမြဲပါပဲ…
တခါတလေ တနေကုန် "ကျေးဇူးနော်"… "ကျေးဇူး"… "ကျေးဇူးတင်ပါတယ်"….
"Thank You နော်"… မရိုးနိုင်… မမောနိုင်လောက်အောင်ကိုကျေးဇူးတင်နေခဲ့ရတယ်….

တနေ့ မမျှော်လင့်ပဲ ကျွန်မတို့ရဲ့ မမနဲ့ ထမင်းတ၀ိုင်းတည်းစားဖြစ်တယ်…
မမက သူငယ်ငယ်က မာသာတွေနဲ့ နေခဲ့ရတာတွေကိုပြန်ပြောပြရင်း
ကျေးဇူးဆိုတဲ့စကားအကြောင်းကိုရောက်သွားတယ်…
တရက် သူ့ကို ကားတံခါးလာဖွင့်ပေးတဲ့ Boy ကို “Thank You!!!” လို့ ပြောလိုက်တာကို မာသာကကြားသွားပြီး “You don’t need to say thank you. He is doing his duty” ဆိုပြီးမာန်တာခံရတယ်တဲ့….

ဟုတ်တော့လည်းဟုတ်သားပဲ…
သူ့အလုပ်သူလုပ်နေတဲ့လူတယောက်ကိုကိုယ်ကကျေးဇူးတင်သည်ဖြစ်စေ… မတင်သည်ဖြစ်စေသူလုပ်ရမဲ့အလုပ်ကိုသူလုပ်နေမှာပါပဲလေနော်…

ကျေးဇူးဆိုတဲ့စကားကိုကျေနပ်တတ်တဲ့သူဂရုစိုက်တတ်တဲ့သူတယောက်အနေနဲ့တော့ စိတ်ကျေနပ်မှူ့ရသွားမှာပဲလေ…

ကိုယ်အလုပ်ကိုယ် လုပ်နေကြတယ်ဆိုပေမဲ့ စေတနာနဲ့ လုပ်ပေးချင်တဲ့စိတ်နဲ့ လုပ်ပေးတာကတော့ လုပ်ပေးရတဲ့သူကော လုပ်ပေးခံရတဲ့သူပါ စိတ်ချမ်းသာရမှာပါ….

ကျွန်မအနေနဲ့ လည်း "ကျေးဇူး" ဆိုတဲ့စကားလုံးကိုဆက်သုံးဖြစ်နေဦးမှာပါ…

မယ်(10:18pm; 26.2.09)

*** အမှန်ကတော့သူ့ကိုသတိရမိလို့ သူနဲ့ ပတ်သက်တဲ့အကြောင်းလေးတခုကိုချရေးမိတာပါ
ဘာရယ်မဟုတ်ပါဘူး…***


ဆက်ဖတ်မယ်ဆိုရင် ...

လေးမွှာအသည်း

အနှိုင်းမဲ့ ပန်းချီကား ဟာ အမေခြယ်မှုန်းတဲ့ ကျနော်တို့ မောင်နှမလေးယောက်ရဲ့ ငယ်စဉ်ဘဝပန်းချီကားဆိုရင်…
ဒီကဗျာဟာ အမေရေးဆွဲတဲ့ ကျနော်တို့ရဲ့ လက်ရှိဘဝပထဝီဝင်ပါပဲ။

ပင်လယ်အော်တွင်းတူဆုံဆင်းစရာ ကျနော်တို့ရဲ့ မြစ်ဝကျွန်းပေါ် ဟာ ဘယ်ဆီမှာလဲ...





လေးမွှာအသည်း


သံလွင်၊ဧရာ မြစ်နှစ်မွှာသည်
ပြည်ရွာကောင်းကျိုး စဉ်သယ်ပိုး၏။

စစ်တောင်း၊ချင်းတွင်း မြစ်နှစ်စင်းလည်း
သူ့ဝန်းသူ့ကျင် အလှဆင်၏။

သံလွင်၊ဧရာ ဘယ်မြစ်သာလဲ
စစ်တောင်း၊ချင်းတွင်း ဘယ်မြစ်ရင်းလဲ
နှိုင်းခွဲချိန်ဆ မယှဉ်ကြရှင့်။

လိုအပ်ရာရာ ကိုယ့်ဝန်တာကို
ကျေစွာဆောင်ကြည်း ငြိုငြင်ကင်းခဲ့။

လေးစင်းမြစ်မွှာ မေ့သည်းချာတို့
နေရာဒေသ ဝေးကွာလှလည်း
ပင်လယ်အော်တွင်း တူစုံဆင်းသည်
သွေးချင်းသစ္စာမဟုတ်လော။……….။

ဆက်ဖတ်မယ်ဆိုရင် ...

Love ~ Life

















“အချစ် # ဘဝ”



ရွှေဘုံနန်းမှာ စံမြန်းရတဲ့မင်း
ဘဝကြမ်းမှာ ကြီးပြင်းရတဲ့ငါ
ဘဝချင်းက ခြားနား
အခြေအနေတွေက ကွာခြားလို့
တံတိုင်းများလည်း ကာဆီးထားခဲ့ပြီလေ။

ပန်းခင်းလမ်းမှာ လျှောက်ရတဲ့မင်း
ဆူးခင်းလမ်းမှာ နင်းလျှောက်နေတဲ့ငါ
မိုးနဲ့မြေပမာ အလှမ်းကွာဝေးလှလို့
ငါ့ဘဝနဲ့ငါ မင်းဘဝနဲ့မင်း
ရှိပါစေတော့လေ။

မင်းဘဝက
နန်းသုံးတော်ဝင် ပန်းသဇင်
ငါ့ဘဝက
ယာယီသာအသုံးကျ
အဆင်းမလှတဲ့ ပန်းတမျှသာ။

အဆင်းလှတဲ့ပန်း၊ အဆင်းမလှတဲ့ပန်း
နန်းတော်ကပန်း၊ လမ်းပေါ်ကပန်း
ဘယ်လိုပန်းပဲဖြစ်ဖြစ်
ပန်းသဇင်လို နန်းတော်ဝင် မဖြစ်ရလဲ
ပန်းခရေလို နွမ်းကာကြွေသည့်တိုင်
အဆင်းမရှိလည်း အချင်းကတော့ ရှိနေဆဲပါလေ။…..။
Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Monday, March 2, 2009

သတင်းနှင့် အတွေးအမြင် ... .. .


ကိုလိုနီခေတ်က မြန်မာလူငယ်ပညာတတ် အမြောက်အမြားဟာ မိမိတို့ကိုယ်ကို ကျောင်းဆရာဘဝမှာ မြှုပ်နှံကြတယ်။ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုဟာ ပညာရေးနဲ့တွဲနေရမယ်။ ပညာရေးအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ထုတ်မြှင့်တင်နိုင်မယ်။ ပညာရေးအားဖြင့် လွတ်လပ်မှုအတွေးအခေါ်ကို ဖြန့်ချိနိုင်မယ်။ လွတ်လပ်တဲ့အခါ ကိုယ့်အားကိုယ်ကိုး အုပ်စိုးနိုင်အောင် အသိပညာ၊ အတတ်ပညာနဲ့ ပြည့်စုံတဲ့နိုင်ငံသားကောင်းတွေကို ပညာရေးနဲ့သာ မွေးထုတ်ပေးနိုင်မယ်။ အဲလို ယုံကြည်ကြတဲ့အတွက်ဖြစ်ပါတယ်။

ကမ္ဘာ့အစည်းအရုံးအတွက် စံနမူနာပြ မြန်မာအမျိုးကောင်းသား ဦးသန့် - (ရည်မွန်) - မြန်မာသစ် ရသစုံ မဂ္ဂဇင်း အမှတ် (၄)၊ ဇန်နဝါရီ ၂၀၀၉

ဆက်ဖတ်မယ်ဆိုရင် ...

footprint of Fish!

“ငါးတစ်ကောင်ရဲ့ ခြေရာ”

  • ခိုနားရာ ကမ်းတစ်လျောက်
    ဘယ်တုန်းကမှ လမ်းမပျောက်ခဲ့သလို
    လောကပြင်ကျယ်သရွေ့
    ပျော်မွေ့နေခဲ့တယ်။

  • သတိရတဲ့ ခဏ
    ခရီးရှည်ငါ့ဘဝကိုပြန်ကြည့်တော့
    တိတ်ဆိတ် -
    ငြိမ်သက် -
    ငါ့ကိုယ်ငါ ပြန်မတွေ့နိုင်ခဲ့။…..။

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...