Showing posts with label သမိုင်းထဲမှ ပန်းပွင့်များ. Show all posts
Showing posts with label သမိုင်းထဲမှ ပန်းပွင့်များ. Show all posts

Tuesday, July 29, 2008

The sound of youth.


ငါတို့ခေတ်နှင့် အပြိုင်။

လူငယ်တွေအကြောင်း ပြောကြမယ်ဟေ့ လို့တော့ မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ စာအုပ်တအုပ် ဖတ်ရင်း ဖတ်နေတဲ့ စာအုပ်ရဲ့ နောက်ဆုံးနားမှာ စာအုပ်ကြေငြာတစ်ခု တွေ့တယ်။ ကြေငြာတားတဲ့စာအုပ်ကို ကျွန်တော်ကတော့ မဖတ်ဘူးပါဘူး။ ဖတ်ဖူးသူတွေရှိရင်လည်း အကြောင်းအရာလေးတွေကိုတော့ သိချင်သား၊ ပီဒ်ီအက်ဖ်နဲ့ ရှိနေရင်လည်း လိုချင်သား လို့တော့ တွေးမိပါတယ်။ စာအုပ်အကြောင်းလည်း သေချာမသိ၊ ဖတ်လည်းမဖတ်ဖူးပါဘူး။၊ ဒါပေမဲ့ ကျွန်တော်တို့ ဂျာနယ်လေးအတွက် မှတ်မှတ်ရရ ဒီကြေငြာလေးကို ကူးယူဖော်ပြချင်လောက်အောင် ကြိုက်သွားမိလို့ပါ။ ခေတ်တခေတ်ရဲ့ လိုအပ်နေတဲ့ လူငယ်တွေဖြစ်မယ်ထင်တယ်။ ပြောချင်တာက အဲဒီစာအုပ်ရေးသားချိန်၊ အဲဒီခေတ်မှာ စာရေးသူက သူလိုချင်တဲ့ သူဖြစ်စေချင်တဲ့ လူငယ်တွေအကြောင်းထင်ပါတယ်။ ကျွန်တော်ကလည်း မဆီမဆိုင် စဉ်းစားမိပါတယ်။




ဒါဟာ လူငယ့်အားမာန်၊ လူငယ်တွေမှာ ရှိသင့်တဲ့ စိတ်နေစိတ်ထား လို့ပါ။ ဘယ်လိုခေတ်မှာမဆို ဒီလိုလူငယ်တွေရှိနေရင်၊ ဒါမှမဟုတ် ရှိနေတဲ့တိုင်းပြည်တစ်ခုဟာ တိုးတက်လာမှာ အမှန်ပဲ။ ဒါဆိုရင်တော့ ဒီစာတွေဟာလည်း ခေတ်နဲ့ စနစ်ကိုကျော်ဖြတ်နိုင်ရမယ်။ ဘယ်လိုအခြေအနေမှာ၊ ဘယ်လိုခေတ်မှာပဲ ဖတ်လိုက်ရ ဖတ်လိုက်ရ လူငယ့်စိတ်ကို ဖမ်းစားနိုင်ရမယ်။ ဒီစာတွေဟာ လူငယ်ကြိုက်ဖြစ်ရမယ်။ အဲဒီလိုတွေးပါတယ်။

ကျွန်တော်တို့ရဲ့ စာဖတ်သူ၊ ဒီဘလော့ဂ်လေးကို အားပေးနေသူတွေဟာလည်း လူငယ်တွေပါပဲ။ တိုက်ရိုက်မဟုတ်တောင် ကိုယ့်ကိုကိုယ် လူငယ်လို့ ခံစားချက်ရှိသူတွေ ဖြစ်လိမ့်မယ်လို့ ထင်လိုက်တာ။ မမှားဘူးဆိုရင်တော့ ဒီစာလေးကို ကြိုက်ကြမှာပါ။ အယူအဆတစ်မျိုးရှိလို့ မကြိုက်ဘူးဆိုလည်း တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကြည့်သွားတယ်ဆိုရင် ဝေမျှလိုက်ရတာအတွက် ကြေနပ်ပါတယ်။

သုခမိန်။…..။
*******************************************************************
ငါတို့ခေတ်နှင့် အပြိုင်
(မင်းကျော်)

ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမဲ့ ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက်မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေမဟုတ်ဖူး။
ငါတို့မှာ ယုံကြည်ချက်ဆိုတာရှိတယ်။
ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။
ငါတို့မှာ အားမာန်နဲ့ သတ္တိလဲရှိတယ်။
ဒါကို ဒင်းတို့တတွေသိတယ်။
ဒါပေမဲ့ ဒင်းတို့က ငါတို့ကို တိရစ္ဆာန်တွေလို သဘောထားပြီး စော်ကားချင်ကြတယ်။ စော်ကားကြတယ်။
စဉ်းစားကြည့်ပါ။
အစော်ကားခံရလွန်းရင် နာကျည်းတတ်မြဲ မဟုတ်လား။
ဒေါသဆိုတာ နာကျည်းခြင်းမှာ အခြေခံတယ်။
X X X
တကယ်တော့ ဒို့ဟာ တိရစ္ဆာန်တွေမဟုတ်ဖူး။ ဒါပေမဲ့ ....

  • တချို့က ပုတ်သင်လိုခေါင်းညိတ်ပြီး၊ ရာသီအလိုက် အရောင်ပြောင်းနေကြတယ်။
  • တချို့ကျတော့ ဓါတ်ခွဲစမ်းသပ်ခန်းထဲက ဖားကလေး၊ ယုန်ကလေးတွေလို ငြိမ်ငြိမ်ကလေး အသေခံကြတယ်။
  • တချို့ကတော့လဲ မျောက်သင်းကွဲတွေလိုပဲ။
  • တချို့ကိုတော့ မုဆိုးလမ်းပြ တောလိုက်ခွေးတွေလို့ ဆိုချင်တယ်။
  • တချို့က ခြင်္သေ့ရေခြုံထားတဲ့ မြည်းတွေ။
  • တချို့က အမြီးဖြတ်ဖို့ အဖော်ညှိတဲ့ မြေခွေးတွေလဲ ရှိသေးရဲ့။
  • ဥပုသ်စောင့်ပြီး သက်သတ်လွတ် စားတယ်ဆိုတဲ့ ကျားငစဉ်းလဲ တွေလဲ အများကြီးဘဲ။

ဘာပဲဖြစ်ဖြစ် ဒီအပိုင်းကို တပိုင်းတကဏ္ဍ ထားရမယ်။

ငါတို့တတွေဟာ -
အားမာန်ကို အားမာန်ချင်း၊ သတ္တိကို သတ္တိချင်း၊ ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း၊ မျှော်လင့်ချက်ကို မျှော်လင့်ချက်ချင်း အားပြိုင်တိုက်ခိုက်ကြရလိမ့်မယ်။

အဲဒီလို တိုက်ခိုက်ရင်း တွေ့ကြုံရမယ့် -
လူတန်းစား ပြဿနာတို့၊ ဘဝရပ်တည်မှု ပြဿနာတို့၊ အသည်းနှလုံး ပြဿနာတို့ စတဲ့ အထွေထွေ အတွေ့အကြုံတွေကို ငါတို့တတွေ မတုန်မလှုပ် ရင်ဆိုင်ရလိမ့်မယ်။ ဒါတွေအတွက် ငါတို့နောက်ဆံမတင်း မျက်ရည်မကျစတမ်းနဲ့ …

ငါတို့ရဲ့တိုက်ပွဲကို ငါတို့ဆင်နွှဲရလိမ့်မယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, July 22, 2008

The Leader of Myanmar




"...နေသောင်းထောင် အရောင်မညိုးသလိုပ
ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တစ်မျိုးရယ်နှင့်......"


“၁၉ဇူလိုင်ပြီးလျှင်…..”



ဒီ ဇူလိုင် နှင့် ကျနော်တို့ မြန်မာ့သမိုင်းက မစိမ်းခဲ့ပါဘူး။ လွန်ခဲ့သော ၁၉ဇူလိုင်ပြီးလျှင် ယခု ၂၃ဇူလိုင်ပါ။ ဒါပေမဲ့ ဒီ၂၃ဇူလိုင် ကိုတော့ သိတဲ့သူနဲပါတယ်။ ဒီ၂၃ဇူလိုင်နှင့် ပတ်သတ်နေသော ပုဂ္ဂိုလ်ကတော့ ‘ဆရာကြီးသခင်ကိုယ်တော်မှိုင်း’ ပါ။ ကျနော်တို့ မြန်မာ့ သမိုင်းမှာ သူ့အကြောင်းသာ မပါခဲ့လျှင် မြန်မာ့ သမိုင်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်မှာပါ..။ဘာကြောင့် ပြောနိုင်သလဲ ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ “လွတ်လပ်ရေးရဲ့ ဖခင်ကြီး” “အမျိုးသား ခေါင်းဆောင်ကြီး” “တပ်မတော်ရဲ့ ဖခင်ကြီး” လို့ အမြဲတမ်း ဂုဏ်ပုဒ်တွေ အတတ်ခံရသော အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တောင် နိုင်ငံရေး အတွေးအခေါ်တွေနဲ့ ပတ်သတ်လာလျှင် ဆရာကြီးရဲ့ အရှိန်အဝါ အောက်က မလွတ်ခဲ့ပါဘူး။ စာဖတ်သူတို့ လဲ သိတဲ့အတိုင်း ဆရာကြီး ဟာ မြန်မာ့ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အင်မတန် ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးနဲ့ ပက်သတ်လာလျှင် “အမျိုးသားစာဆို ဆရာကြီးသခင် ကိုယ်တော်မှိုင်း” “ခေတ်ပေါ်ကဗျာ ခေါင်းဆောင်ကြီး” “အမျိုးသားညီညွတ်ရေး ဗိသုကာ” “လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်” “ငြိမ်းချမ်းရေးဖခင်ကြီး” “တက္ကသိုလ်ရဲ့ ဖွားဘက်တော်” အစသဖြင့် အမျိုးမျိုးသော ဂုဏ်ပုဒ်တွေ ကလဲ တပ်လို့ မကုန်နိုင်ပါဘူး..။ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကို ၁၈၇၆ မတ်လ ၂၃ရက်(ကြာသပတေး)နေ့ တွင် အဖဦးစံထွန်း၊အမိဒေါ်အုန်းတို့က ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ဝါးလည်ရွာတွင် မွေးဖွားခဲ့ပြီး၊ ၁၉၆၄ ဇူလိုင်လ ၂၃ရက်(ကြာသပတေး)နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။ ယခုဆိုလျှင် ဆရာကြီး ဆုံးသွားတာ ၄၄နှစ်ပြည့်သွားပါပြီ…။ ဆရာကြီး ကိုလွမ်းဆွတ် သတိရသောအားဖြင့်…. ဆရာဇော်ဂျီ ရေးသားသော ရသစာပေ နိဒါန်း စာအုပ်မှ… အပိုင်းအစလေး ကို ဖော်ပြပါရစေ..။
နိုင်ငံရေးသမားတို့သည် ဆရာကြီးကို မည်ကဲ့သို့ မြင်ကြမည်ကို မခန့်မှန်းတတ်ပါ။ ကျွန်တော်တို့ စာပေသမားများကမူ ဆရာကြီးကို လူပဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် သီလသမာဓိပညာနှင့် ပြည့်စုံ၍ု ပြည်သူလူထုအပေါ်၌ မေတ္တာအထားဆုံးဖြစ်သော စာဆိုဟူ၍ လည်းကောင်း၊ စာရေးဆရာတစ်ဦးအဖြစ်ဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေး ရရာရကြောင်းအတွက် ကျေးဇူးအပြုဆုံးဖြစ်သော စာဆိုဟူ၍ လည်ကောင်း တန်ဖိုးထားချင် ပါသည်။ကျွန်တော်တို့ ခေတ်တွင်သာမက နောင်လာမည့် ခေတ်အဆက်ဆက် တိုင် တန်ဖိုးထားကြလိမ့်မည်လို့ ဆိုရဲပါသည်။
၁၉၁၈ခုနှစ်လောက်ကစပြီး ၁၉၅၃လောက်အထိ အနှစ်နှစ်ဆယ်နီးပါး ကဗျာဆိုခဲ့သော ဆရာကြီးသည် အာရှတိုက်၌ ယခုတိုင်သတင်းမွှေးနေသော အိန္ဒိယစာဆို တဂိုးနှင့် လည်းကောင်း၊ တရုတ်ဝတ္ထုရေးဆရာ လူရွှန်းနှင့်လည်းကောင်း တူပါသည်ဟု ယူချင်ပါသည်..။တူပုံမှာ တဂိုး၏ကဗျာများသည် အိန္ဒိယ ပြည်သူလူထု မျက်စေ့ ပွင့်ရေးအတွက် လည်းကောင်း၊လူရွှန်း၏ ဝတ္ထုများသည် တရုတ်ပြည်သူလူထုအတွက် မျက်စေ့ ပွင့်ရေးအတွက်လည်းကောင်း၊ အခြေခံဖြစ်ခဲ့ကြသကဲ့သို့ ၊ ဆရာကြီး၏ ကဗျာများသည်လည်း မြန်မာတိုင်းရင်းသား ပြည်သူလူထု မျက်စေ့ပွင့်ရေးအတွက် အခြေခံ ဖြစ်ခဲ့သည်ဟု ယူပါသည်.။ ထိုခေတ်ထိုအခါက အိန္ဒိယသည် ဗြိတိသျှ နယ်ချဲ့၏ စိုးမိုးမူ့ကိုခံနေရသည် ဖြစ်ရာအိန္ဒိယတို့၏ ဇာတိမာန်သည် ကျဆုံးလျှက်ရှိ၏။ ထိုသို့ ဖြစ်ရသည်မှာ အိန္ဒိယ၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှုတို့ကို အထင်သေးနေခြင်းတည်းဟူသော အပြစ်ကြောင့် ဖြစ်သည်ဟု တဂိုးက မြင်သည်။ ထိုအပြစ်ရှိနေသမျှ ကာလပတ်လုံး ဇာတိမာန်မရှိနိုင်၊ ဇာတိမာန်မရှိလျှင် အိန္ဒိယလွတ်လပ်ရေး အတွက် ကြိုးပမ်းချင်စိတ်မရှိနိုင်ဟုလည်း တဂိုးကမြင်သည်။ ထို့ကြောင့် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို အခြေခံပြုလျှက် ဂီတဉ္စလီ စသော ကဗျာတို့ကို ရေးသားခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ကို နှိုးဆော်ပေးခဲ့သည်။
တဖန် တရုတ်ပြည်သည် လွတ်လပ်သောနိုင်ငံဖြစ်နေသော်လည်း၊စီးပွးရေးအားဖြင့် သော်လည်းကောင်း၊ လူမှုရေးအားဖြင့် သော်လည်းကောင်း၊ ဥရောပ နယ်ချဲ့နှင့် ပြည်တွင်း ဧကရာဇ်၊ ပဒေသရာဇ်တို့၏ ဒဏ်ကိုခေါင်းငုံ့၍ ခံနေရသည်။ ထိုသို့ဖြစ်ရသည်မှာ အထက်တန်းလွှာတို့၌ စည်းစိမ်ယစ်မူးနေကြခြင်း အပြစ်ကြောင့် လည်းကောင်း၊ ၊ပြည်သူလူထု၌ အကြိုးမပြု ခေတ်မမှီတော့သော အစဉ်အလာ အယူအဆအချို့ကို မပြောင်းလဲ ချင်ကြသောကြောင့်လည်းကောင်း ဖြစ်သည်ဟု လူရွှန်းမြင်သည်။ ထိုအပြစ်တို့ ရှိနေသမျှ ကာလပတ်လုံး တရုတ်ပြည်သည် ဥရောပနယ်ချဲ့ ၊ ပြည်တွင်း ဧကရာဇ် ပဒေသရာဇ် တို့၏ ဒဏ်ကို တွန်းလှန်ခြင်းမပြုနိုင်။ တွန်းလှန်ခြင်းမပြုနိုင်လျှင် တိုးတက်ခြင်းမရှိနိုင်ဟုလည်း လူရွှန်းမြင်သည်။ ထို့ကြောင့် လူရွှန်းသည် ထို အပြစ်တို့ကို ပြည်သူလူထုက မြင်လာ၍ ရှုတ်ချချင်ကြအောင် ၊ စွန့်ချင်ကြအောင်၊ ထိုအပြစ်တို့ကို ရှုတ်ချ၍လည်းကောင်း၊ သရော်၍လည်းကောင်း၊ ဝတ္ထုတစ်မျိုး၊ ဆောင်းပါးတစ်ဖုံရေးကာ ပြည်သူလူထု၏ မျက်စိဖွင့်ကိုပေးခဲ့သည်..။
မြန်မာပြည်သည်လည်း ထိုခေတ် ထိုအခါကသော် အိန္ဒိယနှင့် တလှေတည်း စီး တစ်ခရီးတည်း သွားနေသော တိုင်းပြည်ပင်ဖြစ်ရာ အိန္ဒိယမှာကဲ့သို့ပင် မြန်မာ့ဇာတိမာန် သည် ကျဆုံးခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ မြန်မာပြည်၌ ကိုယ့်ရာဇဝင်၊ကိုယ့်ယဉ်ကျေးမှု၊ တို့ကို အထင်သေးနေကြခြင်းကြောင့် တည်းဟူသော အပြစ် ကြောင့် ဖြစ်ရသည်ဟု အိန္ဒိယ၌ တဂိုးမြင်သလို မြန်မာပြည်၌လည်း ဆရာကြီး ပြတ်ပြတ်သားသား မြင်ခဲ့သည်။ ထိုအပြစ်ကို ပွဲဦးထွက် လုပ်ငန်းတစ်ရပ် အဖြစ်ဖြင့် ချေဖျက်နိုင်မှသာ မြန်မာပြည်၏ လွတ်လပ်ရေးလမ်းစဉ် ဖြောင့်ဖြူးမည်ဟု လည်း ဆရာကြီး ကောင်းစွာသဘောပေါက် ခဲ့သည်။ အိန္ဒိယတွင် တဂိုးသည် အမျိုးဘာသာ ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ခံကတုတ်ပြုကာ အိန္ဒိယဇာတိမာန် ကျဆုံးမှုကို တိုက်ဖျက်ခဲ့သည်.။ မြန်မာပြည်၌ကား ဆရာကြီးသည် အတိတ်မြန်မာ့ ရာဇဝင်မှ မြန်မာ့ ဂုဏ်ရည် အစိတ်အပိုင်းကို ပဓာနအားဖြင့် ခံကတုတ်ပြုကာ မြန်မာ့ဇာတိမာန် ကျဆုံးမှု ကို တိုက်ဖျက်ခဲ့သည်။ ၁၉၁၃ ခုနှစ်၊ ဗိုလ်ဋီကာ ဆောင်းပါးများကို ရေးသည်မှ အစပြု့၍ မှာတော်ပုံဝတ္ထု၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ မျောက်ဂဏ္ဍိ၊ ခွေးဋီကာ၊ သခင်ဋီကာတို့ကို ဆက်တိုက် ရေးကာ ရာဇဝင်နီတိ ဆောင်းပါးများ ကိုရေးသည်အထိ ယုံယုံ ကြည်ကြည် တိုက်ပွဲဝင်၍ မြန်မာတိုင်းရင်းသား ပြည်သူတို့ ၏ မျက်စိကို ဖွင့်ပေးခဲ့ သည်.။
သူ့စာတွင် ‘ ဘမရာပလ္လင် သောင်းမြေ့ပဟိုရ်နှင့် ကြငှန်းဆီက၊ သမ္ဘာမထင် ဒေါင်းငွေ့ညိုသနဲ့ သန်းပေမဲ့၊ ရာဇဝင် ကောင်းပေ့ဆိုတဲ့ အခန်းတွေနှင့် သိမ်ဦးရွာတောင် မှာ စိန်ခြူးကြာညောင်နဲ့ လွမ်းချိန်မို့ ၊ ဆရာအရှင်မှာ ရာဇဝင်နဲ့ ထမ်းရပေမပေါ့’ ဟု ဆရာကြီး ကိုယ်တိုင် အတိအလင်း ကြွေးကြော်ခဲ့ သည်ကို ထောက်ခြင်းအားဖြင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ၌ အတိတ်ကမြန်မာရာဇဝင် မှ မြန်မာ့ဂုဏ်ရည် ခံကတုတ်ကို ဆရာကြီး အသုံးပြုမည်ဖြစ်ကြောင်း ဆရာကြီး သန္နိဋ္ဌာန်ချခဲ့ကြောင်းကို သိနိုင်သည်။
ထိုခေတ်အခါ က တေးကဗျာတို့၏ စကားအသိမ်အမွေ့ ၊ အယဉ်အကျေး အနုအနွဲ့ ပလီပလာ တီတီတာတာ သက်သက်တို့ ၌သာ မိန်းမောနေကြသော အခြားကဗျာ ဆရာအချို့ သည်လည်းကောင်း ကျမ်းဂန်စာပေများထဲ ၌သာ ပါပြီးသားဖြစ်သော အသိပေးစကား သက်သက်တို့ ကိုသာ ချွတ်စွပ် ဖောက်သည်ချကာ ခံညားထည်ဝါနေကြသော စာရေးဆရာ အချို့သည် လည်းကောင်း၊ ဆရာကြီး၏ ကဗျာများကို ပေါ့ပေါ့ တန်တန်မျှထင်မှတ်ခဲ့ ကြသည်။ အချို့သည် အကာကိုပင် အနှစ်ထင်နေ၍ အပြစ်တင်လွဲခဲ့ကြသေးသည်.။ ဥပမာ- ဆရာကြီး သည် မိမိရေးလေ့ရှိ သော မန်ကျည်းရွက်သတ် နဘေထပ်လေးချိုးရှည်များကို မဟာကဗျာ လေးချိုးကြီး ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ သော လေးချိုးအစပ်များသည် ထိုအခါ ကသော် ဇတ်ပွဲ၊ ရုပ်သေးပွဲတို့၌ ငိုချင်းအတွက် သုံးစွဲသော အစပ်မျိုး ဖြစ်သည်.။ ထိုအခါ ထိုအချိုးထဲကမှ ‘တေးမျိုး အပြီး မသာမယာကို လေးချိုးကြီး မဟာကဗျာ ရယ်လို့ ခေါ်ရက်လေခြင်းဟု’ ကဲ့ရဲ့ သူများပေါ်ခဲ့သည်..။ထိုသူတိုသည် ဆရာကြီး၏ ကဗျာဥာဏ် တန်ဖိုးအစစ်အမှန်ကို မမြင်ခဲ့ပေ။ နာမ ပညတ်လောက်ကိုသာ ရေးကြီးခွင့်ကျယ် မြင်ခဲ့ကြသည်ဟု ထင်မိသည်။ အနုပ်မက်၍ အခွက်ပျက်ရသော သဘောမျိုး နှင့်တူသည်။
ထိုခေတ်ထိုအခါက ထိုသို့ မြင်တတ်ကြ၍ ထိုသို့ ပေါ့ပေါ့ တန်တန် မှတ်ထင်ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ယခုခေတ် ယခုအခါ၌ပင် ဆရာကြီး၏ ကဗျာဥာဏ်တန်ဖိုးကို မြင်တတ်အောင် အားမထုတ်လိုကြသော စာသင်ဆရာ ပညာရှိ အခေါ်ခံသူ အချို့ အစိတ်အပိုင်း၌ ဆိုခဲ့သော အယူအဆမျိုးနှင့် အမှတ်အထင်တို့ ရှိနေကြသေးသည်ကို တွေ့နေလျှက် ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ထိုခေတ်ထိုအခါကပင် သူ့စိတ်ကိုသူ သိပြီးဖြစ်သဖြင့် မသိသူ၊ တန်ဖိုးမဖြတ်တတ်သောသူတို့၏ အဆိုအမိန့် အသေးအဖွဲတို့ကို သူ့စကား အစစ်ဖြင့် ၊နှစ်သက်ဖွယ်ဖြစ်အောင် မမှိတ်မသုန် ရေးချယ်ခဲ့သည်။ ထိုသို့ ရေးခဲသောကြောင့် မြန်မာပြည်သူလူထုသည် ဆရာကြီး၏ ကဗျာတို့ မှာတဆင့် အတိတ်မြန်မာ ရာဇဝင် အဖြစ်အပျက်များတွင် ချီးကျူးသင့်သည်ကို ချီးကျူးလာတတ်သော ပညာကိုလည်းကောင်း၊ ကရုဏာဖြစ်သင့်သည်ကို ဂရုဏာဖြစ်လာတတ်သော ပညာကိုလည်းကောင်း၊ အားတတ်သင့်သည်ကို အားတတ်လာသော ပညာကိုလည်းကောင်း၊ နှမြောသင့်သည်ကို နှမြောတတ်လာတတ်သော ပညာကိုလည်းကောင်း၊ တတ်မြောက်လာကြ၍ မီးခဲပြာဖုံး၊ ဇာတိမာန်စိတ်ဓါတ်ကို ပြန်လည်ရရှိလာသည်ဟု ယူပါသည်.။ ပုဂံခေတ်ဘွဲ့၊ အင်းဝခေတ်ဘွဲ့၊ တပင်ရွှေထီးဘွဲ့၊ တောင်ငူရာဇာဘွဲ့၊ အလောင်းမင်းတရားဘွဲ့၊ မင်းတုန်းမင်းဘွဲ့၊ ဗိုလ်လရောင်ဘွဲ့၊ ဆရာတော် ဦးဥတ္တမဘွဲ့၊ စသည်တို့သည် ဇာတိမာန် စိတ်ဓါတ်အတွက် မရိုးနိုင်သော စာများဖြစ်သည်..။
အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် ယူပေးခဲ့သည်မှာမှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို တဂိုးက စည်းရုံးပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ်ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏၊ သိုရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင်ကိုယ်တော်မှိုင်းက စည်းရုံးပေးနိုင်ခဲ့သောကြေင့် ဖြစ်သည်..ဟု ယူဆပါသတည်း။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ..ကွယ်လွန်ခြင်း ၄၄နှစ်ပြည့်ကို လွမ်းဆွတ်တမ်းတ သောအားဖြင့်……..မျှဝေလိုက် ရပါသည်..။


အိမ်လွမ်းသူ


ဆက်ဖတ်မယ်ဆိုရင် ...

Saturday, July 12, 2008

ဖိုးလှကြီး၊ သခင်၊ အာဠာဝက


ဖိုးလှကြီး၊ သခင်၊ အာဠာဝက

မနေ့တနေ့က ဘာဖြစ်ခဲ့လဲ၊ ပြန်စဉ်းစားလိုက်ရင် ကျွန်တော်တို့အတွက် သိပ်ထူးခြားမနေတတ်ပါဘူး။ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ မနေ့ကဆိုတာကလည်း တကယ့်စိတ်ဝင်စားစရာ လေ့လာချင်စရာ ဖြစ်မနေပြန်ဘူး။ လူ့သဘာဝကို လေ့လာမယ်ဆိုရင်တော့ တစ်ဦးချင်းစီရဲ့ ဘဝတွေ အတွေ့အကြုံတွေဟာ စိတ်ဝင်စားစရာပါ။ ဒီနေရာမှာ ထပ်ပြောချင်တာ တစ်ခုရှိပါတယ်။ လူ့သဘာဝအရ ငါဘယ်သူလည်း၊ ငါဘယ်ကလာတာလည်း၊ ဟိုအရင်က ငါတို့တွေဟာ ဘယ်လိုမျိုးတွေလည်းဆိုပြီး စိတ်ဝင်စားတတ်ကြတယ်လေ။ လူတယောက်အကြောင်းကို ကောင်းကောင်းသိရတာ၊ သူကျင်လည်တဲ့ ပတ်ဝန်းကျင်နဲ့ ခေတ်ကို အသေအချာပြန်တွေ့နိုင်တာ အတ္ထုပ္ပတ္တိဆိုတဲ့ စာပေမှာပါ။ ကျွန်တော်တို့အတွက် လူ့ဘဝကို ကိုယ့်ရှေ့ကလူတွေ ဘယ်လိုဖြတ်သန်းသလဲဆိုတာနဲ့၊ သူတို့တွေ ဖြတ်သန်းသွားတဲ့ ကျွန်တော်တို့ မသိလိုက်တဲ့ ခေတ်တွေကိုလည်း အဲဒီလိုစာပေမှာ မြင်ကြရမှာပါ။ အခုလည်း အတ္ထုပ္ပတ္တိ စာပေအနေနဲ့ အပြည့်အစုံ ခေါ်ဖို့ခက်ပေမဲ့ ကျွန်တော်တို့ မသိ၊ မမှီလိုက်တဲ့ခေတ်က သမိုင်းဝင်လူတချို့အကြောင်းရေးထားတဲ့ စာအုပ်လေးတစ်ခုထဲက မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားကြီး အာဠာဝက အမည်ခံ သခင်ဖိုးလှကြီးအကြောင်းကိုတွေ့ပါတယ်။ ကျွန်တော်ကတော့ စိတ်ဝင်စားမိပါတယ်။ သူတို့ခေတ်ကိုလည်း မြင်ယောင်ကြည့်မိတယ်။




သိပြီးသားသူတွေလည်း ပြန်လည်အမှတ်ရအောင်၊ မသိသေးသူတွေလည်း သိသွားရအောင်ဆိုပြီး ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းမယ်ထင်ပါတယ်။ ဥပမာ သခင်ဖိုးလှကြီးဟာ ပထမကမ္ဘာစစ်ပွဲမှာ အင်္ဂလိပ်စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းဘူးသူ။ အင်္ဂလိပ်အစိုးရက ရူးသွပ်နေသူ ဆိုပြီး အရူးထောင်ပို့တာ ခံခဲ့ရပေမဲ့ ဂျပန်ခေတ်မှာတော့ မြို့အုပ်ချုပ်ရေးမှုးတာဝန်ကိုတောင် ထမ်းဆောင်ခဲ့သူပါ။ သူ့ဘဝဟာ အလှည့်အပြောင်းများခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်ဘဝမျိုးမှာရောက်ရောက် မြန်မာ့လွတ်လပ်ရေးကို ချစ်မြတ်နိုးပြီး အမြဲတိုက်ပွဲဝင်ခဲ့သူပါ။ စိတ်ဓါတ်ရေးရာမှာတော့ အားကျ အတုယူထိုက်သူပါပဲ။ နိုင်ငံရေးမှာ သဘောတရားရေးရာအရ ထင်ရှားသူ ဟုတ်ပုံမရပါဘူး။ စိတ်ဓါတ်ကိုအခြေခံပြီး ကိုယ်လိုချင်တာကို တစိုက်မတ်မတ် စွန့်စွန့်စားစား လုပ်သွားသူလို့ ကျွန်တော်ကတော့ မြင်တာပါပဲ။ ကဲ.. သူဖြတ်သန်းခဲ့တဲ့ ခေတ်နဲ့ဘဝကို ခံစားကြည့်စေချင်ပါတယ်။

သုခမိန်။…..။
***********************************

အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး

၁၂၉၉-ခု၊ ၁၃၀၀ ပြည့်နှစ် ရေနံမြေသပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင်ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန်ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။ ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်းယူဆမည်ဆိုလျှင် ၁၉၃၈-ခု ရေနံမြေ အရေးတော်ပုံ ကာလအတွင်း၌ သခင်ဖိုးလှကြီး၏ အသက်သည် ၃၀ ပတ်ဝန်းကျင်တွင် ရှိသည်ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉၀၈၊ ၁၉၀၉၊ ၁၉၁၀-ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်းရှိပါသည်။

ဖိုးလှကြီး ၁၄ နှစ်သား အရွယ်ခန့်လောက်တွင် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်မှ စတင်လာခဲ့သည်။ ဇာတိသွေး၊ ဇာတိမာန်များ ရင်တွင်းမှ စတင်ပျိုးထောင်လာခဲ့သည်။

ထိုခေတ်ကာလက မြန်မာပြည်ကို အုပ်ချုပ်သော အင်္ဂလိပ်နယ်ချဲ့ အစိုးရသည် မြေခွန်၊ ယာခွန်များ မပေးဆောင်နိုင်လျှင် ပစ္စည်းသိမ်း၍ လေလံပြစ်သည်။ သိမ်းရန် ပစ္စည်းမရှိလျှင် လူကိုဖမ်း၍ ထောင်ချသည်။ ဖိုးလှကြီး၏ ဖခင်မှာ မြေခွန်ဆောင်ရန် ငွေလည်းမရှိ၊ သိမ်းရန်ပစ္စည်းလည်း မရှိသဖြင့် လူဖမ်းခြင်း ခံရရှာလေသည်။

၁၄ နှစ်သားအရွယ် ခပ်ငယ်ငယ် ဖိုးလှကြီးသည် သူ့ဖခင်အား ပုလိပ်များ ဖမ်းသွားသည်ကို မြင်လိုက်ရသည်။ သူ့မိခင်က မျက်ရည်စက်လက်နှင့် “မြေခွန် မပေးနိုင်လို့ ဖမ်းသွားတယ် သားရယ်” ဟူသော သူ့မိခင်၏ အပြောကိုကြားရင်း သူ့ရင်တွင်း ပြည့်ကျပ်ဆို့နစ်နေသော ဝေဒနာကို ခံစားခဲ့ရရှာသည်။ သူ့မိခင်သည် မကျန်းမာလျက် ပူလိပ်ကို ပုဆစ်တုတ်ထိုင်ရင်း တောင်းပန်သည်ကို ဖိုးလှကြီး မြင်သည်။ တိုးလျှိုးတောင်းပန်သော အပြုအမှုမျိုးကို ဖိုးလှကြီး မနှစ်မြို့။ တကယ်မရှိလို့ မပေးနိုင်သည်ကို ခွင့်လွှတ်ရန်သာရှိသည်။ ယခုကား ရက်စက်ရာကျလွန်းသည်။ လူမဆန်သော ပြုမှုချက်သာ ဖြစ်သည်ဟု သူယူဆသည်။ တိုင်းတစ်ပါးသားတို့၏ အုပ်စိုးမှုအောင်တွင် နေရသောကြောင့် ဤအပြုအမူမျိုး ခံစားရသည်ဟု ဖိုးလှကြီး မြင်လာသည်။ နယ်ချဲ့ အင်္ဂလိပ်ကို ရွံမုန်းစပြုလာသည်။

ဖိုးလှကြီးသည် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့သော ဗိုလ်လရောင်၏ ညာလက်ရုံး ဖြစ်ခဲ့ဖူးသူ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ဖူးသည်။ ထိုဘုန်းတော်ကြီးသည် ဖိုးလှကြီးအား ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေမကျသဖြင့် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ရပုံ၊ အင်္ဂလိပ်တို့ ယုတ်ညံ့ - ညစ်ပတ်ပုံ၊ မြန်မာတို့ ဇာတိသွေးရှိပုံ၊ ထက်မြက်ပုံ၊ အမျိုးကို စောင့်ရှောက် ထိန်းသိမ်းထိုက်ပုံ၊ မြန်မာ့မြေပေါ်မှ ယုတ်မာသော နယ်ချဲ့အင်္ဂလိပ်တို့ကို မောင်းထုတ်ရမည့်ပုံ စသည်များကို ဇာတိမာန်တက်ကြွအောင် ပြောပြလေသည်။ ဖိုးလှကြီးသည် တစ်စထက် တစ်စ ဇာတိသွေးဇာတိမာန် တက်ကြွသည်ထက် တက်ကြွလာလေသည်။

၁၉၁၄-ခု၊ ၁၉၁၅-ခုနှစ်ခန့်လောက်တွင် ပထမကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလေသည်။ အင်္ဂလိပ်တို့သည် ကမ္ဘာစစ်ပွဲအတွက် စစ်သားစုဆောင်းသောအခါ မြန်မာပြည်မှ မြန်မာလူမျိုးများလည်း အများအပြား ဝင်ရောက်ကြသည်။

ဤတွင် အင်္ဂလိပ်ကို တော်လှန်တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းသည်။ ကျွန်အဖြစ် နေရမည့်အတူတူ စစ်မှုထမ်းရင်း ကိုယ့်အတွက် အမြတ်ထုတ်သင့်သည်။ စစ်ရဲ့ အတွေ့အကြုံကို ကိုယ်တိုင်တတ်သင့်သည်။ စစ်ပညာတတ်ထားပါမှ တစ်နေ့ ဒီကောင်တွေကို ပြန်လှန် တိုက်ခိုက်နိုင်မည် စသည်ဖြင့် စစ်ထဲဝင်ချင်အောင် ဟောပြောသည်။

ဖိုးလှကြီးသည် နဂိုကမှ အင်္ဂလိပ်ကို မုန်းတီး ရွံရှာနေသူတစ်ယောက်ဖြစ်၍ မကြာခင်ပင် စစ်ထဲဝင်ခဲ့လေသည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲတွင် ပါဝင်ခဲ့သည်။ စစ်တပ်၌ အမှုထမ်းနေစဉ်တွင် မျက်နှာဖြူ အင်္ဂလိပ်စစ်ဗိုလ်များနှင့် မျက်နှာကြော မတည့်ပေ။ သူတို့အပေါ် အမြဲတမ်း မာကျွတ်ကျွတ် ဘုကျကျဆက်ဆံခဲ့သည်။ မကြာခဏလည်း အချင်းများခဲ့ရသည်။

ဖိုးလှကြီးသည် မျက်နှာဖြူ အင်္ဂလိပ်တပ်ကြပ်တစ်ဦးနှင့် ကပ္ပလီစစ်သားတစ်ဦး လက်ဝှေ့ထိုးရာမှာ မတရားသဖြင့်ထိုးမှုကြောင့် အင်္ဂလိပ်တပ်ကြပ်ကို လက်ဝှေ့တက်ထိုးသည့် အဖြစ်ကြောင့် တစ်ညလုံး အချုပ်ခံခဲ့ရသည်။ ၎င်းပြင် စစ်ပွဲတွင် အောင်ပွဲခံ၍ အရက်သေစာ စားသောက်ကြသောအခါ၌ ဖြစ်သည့် ဖြစ်ရပ်မှာ စိတ်ဝင်စားစရာ ဖြစ်ရပ်တစ်ခု ဖြစ်သည်။

ဖြစ်ရပ်မှာ ဤသို့တည်း။ အင်္ဂလိပ်များသည် ဘယ်အခါမဆို လူမျိုးခြားထားသော အကျင့်ရှိသည်။ ကုလား၊ မြန်မာ၊ ကပ္ပလီစသော အခြားသူများကို သူတို့နှင့် တန်းတူရည်တူမထားပေ။ အစဉ်အမြဲ ခွဲခြားထားလေ့ရှိသည်။ ယခုအောင်ပွဲခံရာ၌ အသားမည်း၊ အသားညို၊ အသားဝါ စစ်သားများကတခြား၊ သူတို့ လူဖြူစစ်သားတို့က ရွက်ထည်တဲ့ဖြင့် တစ်နေရာ ကျကျနန လူခွဲ၍ စားသောက်ကြသည်။ အစား အစာများမှာလည်း အစာချင်းမတူ၊ သူတို့က ပိုကောင်းသည်။ ကြက်သားကင်၊ ကြက်သားကြော်၊ ဆိတ်သား၊ သိုးသား၊ အမဲသားစသော အကြော်အနှပ်တို့က တင်းကြမ်း၊ ဝီစကီ၊ ဘရမ်ဒီ စသော အရက်သေစာတို့ကလည်း အကောင်းစား၊ သောက်မကုန် စားမခန်း။

အသားညို အသားမည်း၊ အသားဝါအုပ်စုမှ ဖိုးလှကြီးသည် ဤသို့ ခွဲခြားသည်ကို မခံရပ်နိုင် ဖြစ်လာသည်။ သူ့စိတ်ထဲမှာ အတော်ဒေါသ ထွက်နေသည်။

ထို့ကြောင့် ၎င်းအား ပေးလာသည့် အရက်ခွက်ကို မသောက်ဘဲ စားပွဲပေါ်သို့ တအားပစ်ပေါက်ချလိုက်သည်။ ယင်းနောက် စားပွဲပေါ်သို့ ခုန်တက်ကာ “စစ်မြေပြင်တိုက်တုန်းက အတူတူ၊ ခုအောင်သေ အောင်သားစားတဲ့အခါကျတော့ ခွဲခြားထားကြတယ်။ အင်္ဂလိပ်တွေ သိပ်လူပါးဝတယ်။ ကုလားလဲ ကျွန် မဟုတ်၊ မြန်မာလဲ ကျွန် မဟုတ်၊ ကပ္ပလီလဲ ကျွန် မဟုတ်။ အင်္ဂလိပ် မျောက်ကောင်တွေက မတရား ကျွန်လုပ်ထားလို့ ခံနေရတယ်။ ဒီထဲမှာ သတ္တိရှိတဲ့သူ ထွက်ခဲ့ကြ။ အင်္ဂလိပ်မျောက်တွေနဲ့ အရက်အတူတူ သောက်မယ်ကွ” ဟု ကုလားလိုပြောလိုက်သည်။ အားလုံးငြိမ်၍ နားထောင်နေကြသည်။ တုတ်တုတ်မျှ မလှုပ်၊ အံ့အားသင့်နေကြသည်။ ကုလားစစ်သား ၃ ယောက်ခန့် နေရာမှထကာ ဖိုးလှကြီး စကားကို ထောက်ခံသည်။ အင်္ဂလိပ်စစ်သားများနှင့် အရက်အတူသောက်ရန် သဘောတူကြသည်။

ဖိုးလှကြီး ခေါင်းဆောင်သော လူတစ်စုသည် အင်္ဂလိပ်စစ်သားများရှိရာ ရွက်ထည်တဲသို့ဝင်ကာ ခပ်တင်းတင်းပင် အသင့်ထည့်ထားသော အရက်ခွက်များကို ရဲတင်းစွာ သောက်လိုက်ကြသည်။ အစားအစာများကိုလည်း ယူစားကြသည်။ မျက်နှာဖြူစစ်သားများသည် ပထမ အံ့အားသင့်နေကြသည်။ နောက်တော့ ဆဲဆိုကာ တဲအတွင်းမှ ထွက်သွားရန် နှင်ထုတ်ကြသည်။

ဖိုးလှကြီးက ထွက်မသွားသေးဘဲ “ဘာလဲကွ၊ မင်းတို့က အသေခံ တိုက်ပွဲဝင်တော့ အတူတူ၊ စားတဲ့ သောက်တဲ့နေရာကျတော့ ခွဲခြမ်းခွဲခြမ်းနဲ့၊ မင်းတို့ချည်း ကောင်းကောင်းစားလို့ ဘာရမလဲကွ။” ဟု ပြောပြောဆိုဆို စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲကို ဆွဲမှောက်ပစ်လိုက်သည်။ နောက်ဆုံးတွင် ထုံးစံအတိုင်း ဖိုးလှကြီးမှာ တပ်တွင်းအချုပ်ခံရလေသည်။**
**လုပ်သားပြည်သူ့ သတင်းစာဆောင်းပါး၊ ၁၁-၆-၁၉၇၀။
ဖိုးလှကြီးသည် စစ်မြေပြင်တွင် ၃နှစ် အမှုထမ်းခဲ့သည်။ ထိုစဉ်က စစ်ပြန်များ မြေယာကို ပေးလေ့ရှိသည်။ အမှုထမ်းလိုကလည်း ထိုက်သင့်ရာ အလုပ်ကိုပေးသည်။ တစ်နည်းအားဖြင့် အင်္ဂလိပ်များအား လေးစားကြည်ညိုလာအောင် စည်းရုံးသော နည့်းရိယာယ်တစ်ခုပင် ဖြစ်သည်။ ဖိုးလှကြီးသည် ဗမာ့မြေကို ဗမာပိုင်သည်။ အဂ်လိပ်က ပေးစရာမလိုဟု ယူဆကာ သပ်ဆိုင်ရာရုံးသို့ မသွားဘဲ မြေယာများကို မယူခဲ့ပေ။

ဖိုးလှကြီးသည် ရေနံမြေအလုပ်ကြမ်းသမားအဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်။ လစာနှင့် အလုပ်အကိုင် အနေအထိုင်မှာ မျှတမှုမရှိခဲ့။ ဆင်းရဲပြီး အလွန်နုံချာလှသည်။ လူစဉ်မီအောင် အနိုင်နိုင်အားခဲရသည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အင်္ဂလိပ်ကပြားများမှာ တိုက်တာအဆောက်အအုံနှင့် ကားနှင့် ဝင်းခြံနှင့် ဇိမ်ယစ်နေကြ နတ်ပြည်ရောက်နေကြသည်။

ဖိုးလှကြီးတို့လို အလုပ်ကြမ်းသမားများကျတော့ ငရဲပြည်ရောက်နေကြသည်နှင့် တူလှသည်။ အင်္ဂလိပ် မျက်နှာဖြူများက နတ်ပြည် နတ်သားတွေ၊ မြန်မာ အလုပ်သမားတွေက ငရဲပြည် ငရဲသားတွေ၊ အထက်ဘဝဂ်၊ အောက်အဝီစိ ဖြစ်နေကြသည်။

ဖိုးလှကြီးသည် ရေနံမြေ အလုပ်သမားကြီးများဘဝ အခြေကို ရင်နာမိသည်။ မျက်နှာဖြူများ မတရားအုပ်စီးထားမှုကို လေ့လာသည်။ စူးစမ်းသည်။ ဆင်ခြင်သည်။ အလုပ်သမားများကို မျက်စိပွင့်ရန် ဆော်သြသည်။ သတ္တိရှိစေရန် သွေးစည်းသည်။ စည်းလုံးညီညွတ်မှုရှိရန် ဖန်တီးသည်။

ဖိုးလှကြီးသည် ရေနံမြေ စတိုစာရေးကြီး ဦးညီခင်၏ သမီး မညွန့်နှင့် အိမ်ထောင်ကျသည်။ လူငယ်ချင်း မေတ္တာမျှ၍ ခိုးပြေးကြခြင်း ဖြစ်သောကြောင့် မညွန့်၏ မိဘများက အမွေပြတ် စွန့်ပစ်ခဲ့သည်။ ဖိုးလှကြီးတို့ ဇနီးမောင်နှံကား တူနှစ်ကိုယ် တဲအိုပျက်မှာ နေရစေကာမူ ပျော်တပြုံးပြုံး မော်မဆုံးခဲ့၊ ချစ်တာသာ ပဓာန ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလား။

၁၉၃၈ ခုနှစ်တွင် အလုပ်သမားများက တစ်နှစ်လျှင် လုပ်ခမပျက် ခွင့်ရက် ၃၀ ရက်ပေးရန် တောင်းဆိုကြသည်။ ယင်းအပြင် လိုလားချက် ၁၂ ချက်ကိုပါ တောင်းဆိုလိုက်ကြသည်။ အင်္ဂလိပ်မျက်နှာဖြူပိုင် ကုမ္ပဏီများက လိုက်လျောခြင်း မပြုသဖြင့် ၁၉၃၈ ခု၊ ဇန်နဝါရီလ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့တွင် ရေနံမြေသပိတ်ကြီး စတင်မှောက်ကြသည်။ လုပ်ငန်းများ ဆောင်ရွက်ရန် သခင်လေးမောင်၊ သခင်မြ၊ သခင်သင်၊ သခင်ခင်၊ သခင်အောင်ဖေ၊ သခင်ခ၊ သခင်ဘတင်၊ သခင်လှိုင်၊ ဦးဘလှိုင်၊ သခင်ဖိုးလှကြီးတို့အား ရွေးချယ်ကြသည်။

သပိတ်တပ်ကို ရန်ကုန်သို့ ချီတက်ရန် သခင်ဖိုးလှကြီး ခေါင်းဆောင်၏။ မကွေးသို့ရောက်သောအခါ သခင်ဖိုးလှကြီးကို အင်္ဂလိပ်လက်ပါးစေတို့က ဖမ်းလိုက်သည်။ သပိတ်တပ် နတ္တလင်းသို့ ရောက်သောအခါ (ဒီဖင်ဘာ ၂၄ ရက်နေ့တွင်) သခင်ဖိုးလှကြီး ပြန်လွတ်လာသည်။ သခင်ဖိုးလှကြီးသည် သပိတ်တပ်နှင့် ထပ်မံ တွေ့ပြန်သောအခါ ခေါင်းဆောင် လုပ်ပြန်လေသည်။ သခင်ဖိုးလှကြီးကို သပိတ်တပ်သားများက အားရရွှင်လန်းစွာဖြင့် “အာဠာဝက - ကွ”ဟု အမည်ပေး ကင်ပွန်းတပ်ကြသည်။ ဤသည်မှစပြီး “အာဠာဝက-သခင်ဖိုးလှကြီး”ဟု တွင်ရစ်ခဲ့တော့သည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်သို့ ရောက်သောအခါ သပိတ်စခန်းချနေစဉ် အတွင်းမှာပင် ဓနိတော ဘီ၊ အို၊ စီနှင့် အိုင်၊ ဘီ၊ စီ စက်ရုံများမှအလုပ်သမားများ အရေးကို ဆောင်ရွက်ခဲ့သည်။ အခွင့်အရေးများကိုလည်း တောင်းစေခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ ဓနရှင်များသည် သပိတ်ခေါင်းဆောင် အချို့ကို ဖမ်းသည်။ အချို့ကို အပြစ်ပေး၍ ထောင်ချသည်။ ခေါင်းဆောင်စာရင်း ပေးသောအခါ အာဠာဝက-သခင်ဖိုးလှကြီး အမည်ကို ပယ်ချလိုက်သည်။ ဦးနှောက်မကောင်း၊ ရူးနေပြီဟု အကြောင်းပြကာ ဖိုးလှကြီးကို အရူးထောင်သို့ ပို့လိုက်သည်။ စည်းလုံးညီညွတ်နေသော သပိတ်တပ်သားများကိုလည်း ခွဲပြစ်လိုက်သည်။

အာဠာဝက-သခင်ဖိုးလှကြီး အရူးထောင်မှ ပြန်လာသောအခါ သပိတ်တပ်သား ၂၀၀ ခန့်သာ ရှိတော့သည်။ ခေါင်းဆောင် အချို့မှာ အခွင့်အရေးယူသွားကြသည်။ အားနည်း ကွဲပြားအောင် ဓနရှင် အင်္ဂလိပ်တို့က အမျိုးမျိုးအဖုံဖုံ လုပ်ဆောင်ဖန်တီးကြသည်။ သခင်ဖိုးလှကြီးမှာ စိတ်အပျက်ကြီး ပျက်ကာ ကိုရင်ကြီး ဝတ်သွားရှာသည်။ ကိုရင်ကြီးဝတ်နှင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကိုရေးသည်။ ရသောငွေကို ရန်ပုံငွေအဖြစ် သုံးသည်။ စိတ်မလျော့သေးဘဲ လူဝတ်လဲကာ လက်ကျန် သံမဏိသပိတ်တပ် ၂၀၀ ခန့်ဖြင့် ရှေ့တစ်လှမ်းတိုးပြန်သည်။ ပထမ သပိတ်စခန်းကို ရွှေတိဂုံဘုရားတွင် ထားသည်။ နောက်မှ ခြောက်ထပ်ကြီးဘုရား၊ ၎င်းမှတစ်ဆင့် ကိုးထပ်ကြီးသို့ အဆင့်ဆင့် ချီတက်ကာ အဓိဌာန်ပြုကြသည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် သံမဏိတပ်သားများအား မိမိတို့ကိုယ်ကိုမိမိတို့ သရဏဂုံတင်ရန် တိုက်တွန်းပြီး အသုဘဖိတ်စာ ၁၀၀၀ ရိုက်၍ ဝေငှပြီး အစာငတ်အသေခံ ဆန္ဒပြကြသည်။ ကိုးထပ်ကြီးဘုရားရှိ သပိတ်စခန်းသို့ ကြည့်ရှုလာသော ပရိတ်သတ်များ တိုးမပေါက်အောင် စည်ကားလှသည်။ ဆေးလိပ်၊ ကွမ်း၊ သားရေစာ စသည့် ပစ္စည်းများ လှူဒါန်းကြသူများမှာလည်း အများအပြားရှိသည်။ ဦးပု ညွန့်ပေါင်းအစိုးရကလည်း ကျေအေးရန် အစွမ်းကုန် ကြိုးစားကြသည်။ အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁၀-ကျပ်၊ ထမင်းဖိုး ၃-ကျပ် ပေးမည်ဟု ဖျောင်းဖျကြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း “တပည့်တွေ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်နဲ့ နပန်းလုံးပြီး အသေမခံနဲ့ဦး၊ ရှေ့မှာ ကျားနဲ့လုံးဖို့ ရှိသေးတယ်”ဟု ဆုံးမပြန်သည်။ ယင်းတို့ကြောင့် သခင်ဖိုးလှကြီးတို့ သံမဏိသပိတ်တပ်သားများ အစာပြန်စားရန် ဆုံးဖြတ်ပြီး ရေနံမြေသို့ ပြန်ကြလေသည်။

အာဠာဝက-သခင်ဖိုးလှကြီးသည် အလုပ်သို့ ပြန်မဝင်တော့ဘဲ အလုပ်သမားအစည်းအရုံးတွင် အချိန်ပြည့်ထိုင်ကာ အလုပ်သမားအကျိုး ဆောင်ရွက်သည်။ ၁၉၄၀ ခုနှစ်တွင် ရေနံမြေ အစခန်းထ၍ လှုပ်ရှားရန် အာဠာဝက-သခင်ဖိုးလှကြီးနှင့် သခင်တစ်စုတို့ ကြိုးစားကြပြန်သည်။ လုပ်သားထု လွှတ်တော်ကျင်းပရန် ကြံစည်ကြသည်။ အစည်းအဝေး ၂ ရက်အလိုတွင် လူဖမ်းဝရန်းပြ၍ အာဠာဝက-သခင်ဖိုးလှကြီးနှင့် အပေါင်းပါ သခင်တင်၊ သခင် ဘိုးသာ၊ သခင်မာတို့ကို ဖမ်းသွားကြသည်။

သခင်ဖိုးလှကြီးနှင့် ခေါင်းဆောင်အချို့အား မြစ်ကြီးနားခရိုင်သို့ နယ်နှင်ဒဏ် ပေးလိုက်သည်။ မြစ်ကြီးနားခရိုင်တွင် ဥမကွဲသိုက်မပျက် နေထိုင်ကြရင်း ဒုတိယကမ္ဘာစစ်ကြီး နီးကပ်လာသောကြောင့် နယ်ချဲ့အစိုးရက အာဠာဝက သခင်ဖိုးလှကြီးတို့အား ဗန်းမော်ထောင်သို့ ပို့လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးစီးသော ရဲဘော်သုံးကျိပ်မှ ဘီ၊ အိုင်၊ အေ နှင့် ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာသောအခါ မြန်မာ့တပ်မတော်သည် သခင်ဖိုးလှကြီးတို့အား ဗန်းမော်ထောင်မှ ထုတ်ယူခဲ့သည်။ အခြား အဖမ်းခံနိုင်ငံရေး ခေါင်းဆောင်များကိုလည်း ထောင်မှ ထုတ်ယူ၍ နေရင်းသို့ အသီးသီး ပို့ပေးခဲ့သည်။ အာဠာဝက သခင်ဖိုးလှကြီးကိုမူ ဗန်းမော်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ အုပ်ချုပ်စေခဲ့သည်။

ဂျပန်တို့သည် ရေနံမြေကို ပြန်စသောအခါ သခင်ဖိုးလှကြီးသည် မိမိထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးရာထူးကို ပြန်အပ်ခဲ့ပြီး ရေနံမြေသို့ ပြန်လာခဲ့သည်။ ရေနံမြေသို့ ရောက်သောအခါ သခင်မြ၏ ပြောပြချက်အရ အခြားလုပ်ငန်းများကို မပေးဘဲ ချောက်မြို့၏ အုပ်ချုပ်ရေးရာထူးကို ပေးသည်။ ဂျပန်ခေတ်အတွင်း သခင်ဖိုးလှကြီးသည် အစာအိမ်ရောဂါဖြစ်၍ သခင်မြ၊ သခင်ကျော်စိန်တို့၏ တိုက်တွန်းချက်အရ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသရင်း ဘဝတပါးသို့ ကွယ်လွန်သွားရှာသည်။
*********************************
ရွှေဥသြ
“တစ်ချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ”
စပယ်ဦး စာပေဖြန့်ချီရေး။ စာ၁၁၇မှ ~ စာ ၁၂၃ထိ

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, November 7, 2007

လိမ္မာခြင်းနှင့် မိုက်မဲခြင်း

သာယာဝတီ လယ်သမားသူပုန်ကြီး ပြိုကွဲသည့်နောက်တွင် ဓနရှင်လူတန်းစား ခေါင်းဆောင်သော ဝံသာနုလှုပ်ရှားမှုကြီး စခန်းသိမ်းသွားလေသည်။ တိုးတက်သော ဓနရှင်ပေါက်စ ပညာတတ် လူငယ်များ ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာလေသည်။

အင်္ဂလိပ်ဗြူရိုကရက် အရာရှိများက “သခင်” အခေါ်ခံနေရချိန်၊ ၎င်းတို့အား “ဘုရား” ထူးနေရချိန်တွင် တို့ဗမာအစည်းအရုံးဝင်များက မိမိတို့၏ နာမည်ရှေ့တွင် သခင်-သခင်မ တပ်၍ ရေးသားကြ - ခေါ်ဝေါ်လာကြလေသည်။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော်လာကြလေသည်။ လာမည့်ဘေး ပြေးတွေ့ ဟူသည်မှာ တို့ဗမာအစည်းအရုံးကြီး၏ ရဲရဲတောက် ဆောင်ပုဒ်တခု ဖြစ်လေသည်။




““လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်း ကြံခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်း ဖြစ်ပါမူ၊ အို-..အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာမိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ။””
““ – ”” .. ၁၉၃၂-ခု၊ ဇန်နဝါရီလ ၂-ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်၊ အတွဲ-၇၊ အမှတ် ၃၊ တို့ဗမာ သတင်းစဉ် မှတ်တမ်းမှကောက်နှုတ်ချက်။




စာရေးဆရာ (ဦး) မောင်တင်ရွှေ ရေးသားတဲ့ “သခင်ကိုယ်တော်မှိုင်း” ၊ ပထမအကြိမ်၊ ၁၉၇၆-ခု၊ ဇန်နဝါရီလ။ စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာမှ မြန်မာ့လူငယ်များ၏ လွတ်လပ်မှုနှင့် မတရားမှုများကို တွန်းလှန်ရန်အတွက် စိတ်ဓါတ်ရေးရာ ခွန်အားဖြည့် စာသားများဖြစ်ဟန်တူသည်။ အဓိပ္ပါယ်ပြည့်ဝသော၊ ခွန်အားအပြည့်ပါသော စာများ၊ စကားများသည် ခေတ်ကာလ မည်သို့ပင် ပြောင်းစေကာမူ ရှင်သန်ဆဲဖြစ်လေ့ရှိသည်။ ယနေ့ ကျွန်တော်တို့ခေတ်တွင်လည်း ယခုစကားစုလေးသည် အဓိပ္ပါယ်ပြည့်ဝဆ၊ဲ ခွန်အားရှိဆဲ ဖြစ်နေသည်ဟု တွေးမိသဖြင့် မျှဝေလိုက်ပါကြောင်း။


သုခမိန်


ဆက်ဖတ်မယ်ဆိုရင် ...