Sunday, September 20, 2009

Tree!


ကျနော်လည်း ဘလော့လောကကနေ ပျောက်နေတာ ကြာလှပါပြီ။ လူက အသစ်တစ်ခုမှ ရေးလို့ မပြီးပြတ်။ ခံစားချက် ကလေး ရေးလိုက် ၊ ပညာရေးလေး အကြောင်းတွေးလိုက်၊ ပတ်ဝန်းကျင် အကြောင်း စာစီမိလိုက်၊ လူတစ်ချို့အကြောင်း ချရေးလိုက်၊ ဒေသန္တရ ဗဟုသုတ တစ်ခုခုကို ဝေမျှချင်လိုက်၊ ခေတ်ပြိုင် သမိုင်းတစ်ချို့ကို ဆေးခြယ်ချင်လိုက် ။ ဘာတစ်ခုမှ လက်စ မသတ်နိုင်လှ။ သြော် ဒါကတော့ ရေးလို့ မသင့်တော်လှ။ ဒါတော့ မဟုတ်သေး။ ဒီလို အတွေးတွေ နဲ့ချာချာလည်။ နောက် ပြီး လူက ပျင်း၊ ခံစားမှုဈာန်က ဖမ်းလို့မမိ။ တခါတစ်ရံကျတော့ စိတ်နှင့်ကိုယ်က အားလပ်တဲ့ အချိန်ချင်း မတိုက်ဆိုင်လှ။

စက်တင်ဘာ ၁၉ ဆိုတာက ကျနော့် မွေးနေ့ထက် ကျနော့် ဘ၀မှာ ပိုပြီး မှတ်မိသိရှိနေသော ထို့ထက် ကျနော့်ဘ၀မှာ အရေးပါလှသော နေ့တစ်နေ့။ အမှတ်တရတစ်ခုခုအဖြစ် စာတစ်ပုဒ်၊ ကဗျာ တစ်ပိုဒ် ရေးဖွဲ့ချင်သော်လည်း ယခုအထိ လက်စက မသတ်နိုင်။ ဒါနဲ့ပဲ ဆရာကိုတာရဲ့ “သုစရိတ စက်ဝန်း” (မြန်မာလို အနက်ကတော့ ကောင်းမှု့ကုသိုလ် စက်ဝန်း) ဆိုတဲ့ စာအုပ်ထဲက “သစ်ပင်” ဆိုတဲ့ Article တစ်ခုကို ကျနော်ဖတ်လို့သဘောကျတာနဲ့ အားလုံးအတွက် ဝေမျှလိုက်ပါတယ် ။ တခြား article တွေလည်း မဆိုးပါ။ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အတွက်တွေ များပါတယ်။ စာအုပ်ရဲ့ အမြည်းအဖြစ် သစ်ပင် ဆိုတဲ့ ခေါင်းစဉ်လေးကို မြည်းကြည့်ပါ။


သစ် ပင်


စိတ်ချမ်းသာခြင်းကိုတော့ ၀ယ်လို့ မရ။ ထိုအရာကား ကိုယ်တိုင် ပြုစု ပျိုးထောင်ရသော အရာ ဖြစ်လေသည်။






တရုတ် စကားပုံတစ်ခု ရှိသည်မဟုတ်လော။ သုံး နာရီကြာ စိတ်လှုပ်ရှား သဘောခွေ့လိုသော် လောင်းကစားလုပ်၊ သုံးပတ်ကြာ ပျော်လိုသော် ခရီးသွား ၊ သုံးလကြာ စိတ်ချမ်းသာလိုသော် ထိမ်းမြား၊ အိမ်သစ်တလုံးဆောက်လျင်ကား သုံးနှစ် ကြာ စိတ်ချမ်းသာလိမ့်မည်။ “ အမှန်တကယ်နှင့် ကြာရှည် ချမ်းသာရလိုလျှင်ကား သစ်ပင်စိုက်လျက် သစ်ပင်တို့နှင့်နေ” ။
သစ်ပင်များကား ပွင့်သောအခါမှ၊ အသီးသီး အရိပ်ရသောအခါမှ ပျော်ရွှင်စေသည် မဟုတ်။ မြေကြီးတွင် သစ်စေ့များ ချသော တဒင်္ဂမှစပြီး ရေလောင်းသောအခါ၊ ပေါင်းသင်သောအခါ၊ မြေဆွသောအခါ ပျော်ရွှင်သော ခံစားမှု့ကို ခံစားရစေသည်။ သစ်စေ့မှ အပင်ပေါက်၊ တဖြည်းဖြည်း ကြီးလာသည်နှင့်အတူ ကျွန်တော်တို့၏ ပျော်ရွှင်သော ခံစားမှုများလည်း တဖြည်းဖြည်း ကြီးလာလေ့ရှိသည်။ “ သဘာဝ” ထဲ မှာ နေရင်း အချိန်ကုန်လေ့ရှိသူတို့ ဒါကိုသိကြသည်။ ငြီးငွေ့စရာချည်းဟု ထင်ရသော ဘ၀ကား စင်စစ် ချမ်းသာသောဘ၀၊ ပင်ကိုယ်ငြိမ်းအေးမှု၊ ငြိမ်သက်မှုနှင့် ပြည့်လျှမ်းသော ဘ၀။

သစ်ပင်စိုက်လျက် ပတ်ဝန်းကျင်ကို စောင့်ရှောက်၊ “သဘာဝ” ၏ အစိတ်အပိုင်းဖြစ်ဖို့ အခွင့်အရေးရခြင်းကား ကျွန်တော်အဖို့ တကယ့်သုခဖြစ်သည်။ သဘာဝ၏ အကျိုးကျေးဇူးကို ခံစားရုံ၌သာ ရပ်မနေပဲ ပတ်ဝန်းကျင်ကို ပြုစုစောင့်ရှောက်ရာတွင် ကျွန်တော်တို့ တက်တက်ကြွကြွ လုပ်သင့်သည်။ ယခုကာလတွင် ထိုသို့သော အခွင့်အရေးမျိုး နည်းတော့ နည်းသည်။တောအုပ်ရိုင်းများက ဆက်တိုက် ကြုံ့လာသည်။ တောရိုင်းများ ပြန်လာအောင် လက်တွဲ ဆောင်ရွက်ကြဖို့ လိုသည်။ဒါသည် ကျွန်တော်တို့ ကိုယ်ပိုင်လက်များဖြင့် “ပျော်ရွှင်ခြင်း” ကိုစိုက်ခြင်း နိဒါန်းဖြစ်သည်။

တချိန်ထဲ၌ မိမိနှလုံးသား၌ရှိသော “သစ်ပင် တစ်ပင်” ကိုလည်း အပြင်မှသစ်ပင်ထက်မလျှော့ပဲ ဂရုစိုက်ဖို့ အရေးကြီးသည်။ ထိုသစ်ပင် ရှင်သန်သည်နှင့် အမျှ ကျွန်တော်တို့ စိတ်ငြိမ်းချမ်းသောကြောင့်ဖြစ်သည်။ ထိုသစ်ပင် ဘယ်လိုနေသလဲ၊ ကျန်းမာသန်စွမ်းသလား၊ ကြုံလှီ ညိုးရော်သလား ကျွန်တော်တို့ စိတ်မနောအတွင်းမှ ထိုသစ်ပင်အား ကျွန်တော်တို့ ဘယ်ကလောက် ဂရုစိုက်ပါသလဲ။

လူအများစုကြီးကတော့ သူတို့အထဲတွင် သူတို့ကိုယ်တိုင် ပြုစု ဂရုစိုက်ရန်လိုသော သစ်ပင်တစ်ပင် ရှိနေလေရဲ့ ဆိုသည်ကိုပင် သတိထားကြပုံ မပေါ်။ ထိုသစ်ပင် ရှင်သန်ရဲ့လား၊ ညိုးနွမ်းသလား လုံးလုံးလျားလျား သတိမထားနိုင်ကြ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ကျွန်တော်တို့ အချိန်မပေးကြသောကြောင့် ဖြစ်၏။ အချိန်အများစုကို ဗဟိဒ္ဓအရာများနှင့် အလုပ်ရှုပ်နေကြသကိုး။ မိတ်ဆွေ၊ တီဗွီ တို့နှင့် မဆုံးနိုင်ကြ။ ထိုအရာများကို မလုပ်မဖြစ်ဟု ကျွန်တော်တို့ တွေးကြသည်။ အတွင်း အဇ္ဈတ္တပြဿနာများကို ရှောင်ရန် အပြင်ဗဟိဒ္ဓသို့ ကြည့်နေကြသည်။ စိတ်ထဲက “သစ်ပင်” ကို လျစ်လျူရှု့လိုက်ကြသည်။ ဖျက်ပိုးများ၊ ပေါင်းပင်များ၊ မိုးခေါင်ခြင်းများနှင့် သူ့ခမျာ တိုးတော့သည်။ သို့သော် ယခုကား ပြန်လှန်ကြည့်၍့ “ကျွန်တော်တို့၏ သစ်ပင်” ကို ပြုစုဖို့ အချိန်ကျပြီ။

ဤကိစ္စမှာ လုံးဝ မခက်ခဲပါ။ ကောင်းတာတစ်ခုလုပ်လျှင်၊ တစ်ခုခု ပေးကမ်းလိုက်လျှင်၊ တစ်စုံတစ်ယောက် စိတ်ချမ်းသာအောင် ပြုလုပ်လိုက်လျှင် ကျွန်တော်တို့အတွင်းက သစ်ပင်ကို ကျွန်တော်တို့ ရေလောင်းနေခြင်း ဖြစ်သည်။ ပို၍ ပိုင်ဆိုင်လေ ပို၍ ပျော်လေလေဟု ကျွန်တော်တို့ သင်ခဲ့ကြရသည်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ၀ယ်လို့ရသည်ဟု လူတော်တော်များများ တွေးခဲ့ကြသည်။ ထို့ကြောင့် အရာဝတ္ထုများနောက် ပြေးလိုက်ခဲ့ကြသည်။ ပေးကမ်းခြင်းမှရသော ပျော်ရွှင်ခြင်းမှာ ပို၍နက်ရှိုင်းကြောင်း ပို၍သာကြောင်း လူနည်းစုသာ သိသည်။ ပေးကမ်းခြင်းကား စိတ်ထဲမှ သစ်ပင်ကို ရေလောင်း၏။ ရှင်သန်ကြီးထွားလာသော် အပွင့်များ၊ အရိပ်များ ပေးလိမ့်မည်။ မယှဉ်သာသော ငြိမ်းချမ်းမှု ခင်ဗျားကိုပေးမည်။

သစ်ပင်စိုက်သော ပရိုဂျက်တစ်ခုတွင် လုပ်အားပေးသူအများစုသည် မထင်မှတ်သော ပျော်ရွှင်ချမ်းမြေ့မှုရကြောင်း ပြောကြသည်။ ၂ရက်ကြာသော ထိုပရိုဂျက်အဆုံး၌ မိန်းမပျိုတစ်ယောက်က ၀န်ခံသည်။ ပထမ ကနဦး စေတီပုထိုးရှေ့က ကွင်းပြောင်ပြောင်ကိုကြည့်ရင်း သူဟာတော့ မြက်ပင်တွေလို အစုအဝေးကလေးပဲလို့ ခံစားရသတဲ့။ သစ်ပင်များ စိုက်ပြီးသောအခါမူ သူဟာသစ်ပင်တစ်ပင်ပဲလို့ ခံစားရသတဲ့။ စိတ်ထဲကသစ်ပင် ရှင်သန်လာတာကိုး။ အသုံးဝင်သော တစ်စုံတစ်ရာကို မိတ်ဆွေများနှင့်အတူ ၂ ရက်လုပ်ရုံမျှနှင့် အင်အားရှိလာသည်။ မြက်ပင်မှ သစ်ပင် ဖြစ်လာသည်။ ကျွန်တော်တို့လည်း သည်အတိုင်းပင်။ တစ်ယောက်ချင်းအပေါ် မူတည်သည်။ အတွင်းစိတ်က သစ်ပင်ကို ဘယ်လိုစိုက်၊ ဘယ်လို ပြုစုစောင့်ရှောက်မလဲ။ စိတ်ချမ်းသာမှုကား သစ်ပင်နှင့်မခြားနား။ ငယ်သေးလျှင် မိုးကောင်းကင်နှင့် ဥယဉ်မှူးထံမှ ရေလိုသည်။ ကြီးလာသော် သစ်ပင်သည် အထက်သို့သာ တတ်သည်မဟုတ်၊ အောက် မြေကြီးသို့လည်း အမြစ်တွယ်သည်။ အမြစ်များ ရေကြောသို့ ရောက်လျှင်မူ မိုးခေါင်သည်ဆိုဦး စိမ်းလန်းနေမည်။ အောက်မှ ရေရနေသကိုး။

အမှန်စင်စစ် ခြောက်သွေ့ပက်ကြားအက် ခရောင်းမြေအောက်၌ပင် ရေရှိနိုင်သည်။ ကျွန်တော်တို့လည်း မကြာခဏ ခရောင်းမြေလိုပင် မျှော်လင့်ချက် ကင်းပသယောင် ခံစားရတတ်သည်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးသွား၊ စားကောင်းသောက်ဖွယ်၊ အပျော်အပါး၊ စိတ်လှုပ်ရှားဖွယ်ရာများ ရှာကြံရသည်။ သို့သော် ထိုသို့သော ခံစားမှုများ ကြာရှည်မခံ။ ကောင်းကင်မှ ကျလာမည့် မိုးရေအပေါ် မှီခိုနေရသော သစ်ပင်နှင့်သာ တူသည်။ ဥတုခန်းခြောက်သော် ထိုသစ်ပင် ကြုံလှီသည်။ မြေကြီး၌ နက်နက်ဝင်သော အမြစ်ရှိသည့်သစ်ပင်၊ အတွင်းမှ ရေကြောသို့ရောက်သော သစ်ပင်ကား အတွင်းမှ ပျော်ရွှင်ခြင်းကို ဖမ်းယူနိုင်လေသည်။ ထိုအရာကား ကျွန်တော်တို့အထဲ၌ ရှိပြိးသားအရာ၊ ကျွန်တော်တို့ ကိုယ်နှင့်စိတ် ကပ်သောအခါ ထိုသို့ကပ်ရန် အချိန်ယူရသောအခါ ကိုယ့်စိတ်၏ အကြောင်းခြင်းရာ ဖြစ်ပျက်ပုံ ဆင်ခြင်နိုင်သောအခါ၊ ဆင်းရဲခြင်း ချမ်းသာခြင်း နှစ်ခုလုံးမှာ မိမိအပေါ်တွင်သာတည်ကြောင်း သတိပြုမိလာပါလိမ့်မည်။

ပေးကမ်းခြင်း၊ ကောင်းမှုကုသလ တစ်ခုခုပြုခြင်း၊ သူတပါးကို ကူညီခြင်း၊ ဧကစာ တစ်ဦးတည်း အချိန်ကုန်လွန်ခြင်းဖြင့် “အတွင်းက ပျော်ရွှင်ခြင်း” ကို တွေ့ထိနိုင်ပါသည်။ ဒါကိုပင် နာမ်ဝါဒ (spirituality) ဟုခေါ်သည်။ တကယ်တော့ ဘာသာတရားနှင့် မစပ်ဆိုင်ပဲလျက် ကျွန်တော်တို့ တစ်ဥိးချင်းစီ၏အတွင်း၌ “ပျော်ရွှင်ခြင်း” တည်ရှိပြီး ဖြစ်ပါသည်။ အဆိုးတစ်ခုခု၊ မကောင်းတာ တစ်ခုခု မဖြစ်မခြင်း သတိမပြုမိခြင်းသာ ဖြစ်သည်။ နေမကောင်းမှ မနေ့က ဘယ့်ကလောက် ပျော်ရွှင်စရာဖြစ်ကြောင်း ကျွန်တော်တို့ သိလေ့ရှိပါသည်။

ကျွန်တော်တို့က တစ်စုံတစ်ရာကို တမ်းမှန်းလျက် ရှိကြသည်။ ကိုယ့်ကံကို သတိမမူနိုင်ကြ။ ကျန်းမာတယ်၊ မိတ်ဆွေ၊ မိသားစု၊ ချစ်တဲ့သူတွေနဲ့ အတူရှိနေတယ် စသော ကိုယ့်ကံကောင်းခြင်းများကို အောက်မေ့နေရန် ခဲယဉ်းနေတတ်သည်။ ကျွန်တော်တို့ နှလုံးသားက တခြားတစ်စုံတစ်ရာကိုသာ တမ်းမှန်းလျက်နေသည်။

ကျွန်တော့်ဦးကြီးတစ်ယောက် ကျိုက်ထီးရိုးတက်သည့်အကြောင်း ပြောဖူးသည်။ တောင်ထိပ်မရောက်မီ အားကုန်ပြီး ဆက်မတတ်နိုင်သဖြင့် အထမ်းခေါ်ရသည်။ အပြန်ခရီး အဆင်းတွင်မှ လမ်းဘေးဝဲယာက ရှုမျှော်ခင်းကို မြင်နိုင်သတဲ့။ တောပန်း တောင်ပန်းတွေက အလွန်လှ၊ သဘာဝက လှသကိုးတဲ့။ အတက်မှာ သည်အလှတွေကို သူ မတွေ့ သူ့စိတ်ထဲက ထိပ်ရောက်ဖို့ပဲ စွဲနေလို့။ လူ့ဘ၀နှင့် မခြားနားလှပါ။ အနာဂတ်သို့ သူတို့စိတ်များ ရောက်နေသောကြောင့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ကျော်ကြားလိုခြင်း၊ ဂုဏ်သိန်သရေနှင့် အောင်မြင်ပေါက်ရောက်လိုခြင်းတို့ကြောင့်၊ အနာဂတ်ဆီက ပျော်ရွှင်ခြင်းကို ငံ့လင့်လျက်ရှိသောကြောင့်။ တကယ်တော့ ယခုမျက်မှောက် ကိုယ့်ရှေ့၌ ပျော်ရွှင်ခြင်း ရှိနေသည်။ ပစ္စုပ္ပန်၌ ရှိနေသော “ကောင်းတာများ” ကို သတိမထားနိုင်၊ ရှေ့ဆီမှာ တည်ရှိမည့် ပျော်ရွှင်ခြင်းတို့နောက် တကောက်ကောက် ရှာဖွေမဆုံးနိုင်သောအခါ၊ ယင်းတို့ ဖြစ်မလာသော် ဆင်းရဲကြတော့သည်။

ပန်းတိုင်၌ ပျော်လိမ့်မည်ဟုတွေးကာ ယင်းနောက် လိုက်သောအခါ နေ့တိုင်းနေ့တိုင်း ကလေးများနှင့် မိသားစုနှင့် အချိန်အချို့ကို ကုန်ဆုံးစေလျက်၊ လေ့ကျင့်ခန်း လုပ်လျက်၊ ငြိမ်သက်စွာ ထိုင်လျက်၊ ကိုယ်နှစ်သက်ရာ တစ်ခုခု လုပ်လျက်လည်း ပျော်နိုင်သည်ကို မေ့သွားသည်။ အနာဂတ်၌ချည်း အာရုံမစိုက်ပဲ “ယခု ခဏ” ကို ဂရုဓမ္မစိုက်ပါ။ ယခုခဏ ကို ဂရုစိုက်ပါဟု ပြောခြင်း၌ ယခုရရှိသမျှနှင့် ရောင့်ရဲပါဟုသာ ဆိုလိုသည် မဟုတ်။ အတိတ် သို့မဟုတ် အနာဂတ်အတွက် ကြောင့်ကျဗျာပါဒ မရောက်ရန်လည်း ဆိုလိုသည်။ အတိတ်က လွန်ပြီးသမျှနှင့် မရောက်လာသေးသော အနာဂတ်အတွက် ပူပန်နေတတ်ကြသည်။ ပစ္စုပ္ပန်နှင့် နေနိုင်က ကျွန်တော်တို့ ပို၍ ငြိမ်းချမ်းမည်။ ပို၍ တည်ငြိမ်မည်။

သစ်ပင်ကား နေရောင်ကို မကြောက်။ ကြီးပြင်း၍ အကိုင်းထွက်က နေရောင်ကို အရိပ်အဖြစ် ပြောင်းနိုင်၍ဖြစ်သည်။ သစ်မြစ်များကလည်း အမှိုက်သရိုက်ကို မကြောက် မြေဆီမြေသြဇာအဖြစ်၊ မွှေးသော အပွင့်များအဖြစ်၊ အရသာရှိသော အသီးများအဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ စိတ်ကို စောင့်ကြည့်သော်၊ သတိနှင့် ပညာနှင့် ဆင်ခြင်သော် ဆင်းရဲခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းကိုသော်မှ ကျွန်တော်တို့ ကြောက်မည်မဟုတ်။ ဆင်းရဲခြင်းအား ပျော်ရွှင်ချမ်းသာခြင်းသို့၊ ကံဆိုးခြင်းအား ကံကောင်းခြင်းသို့ ကျွန်တော်တို့ ပြောင်းလဲနိုင်၍ ဖြစ်သည်။ နေ၏အပူကို အေးမြသော အရိပ်သို့၊ အမှိုက်သရိုက်များကို ချိုမြိန်သော သစ်သီးနှင့် ပန်းပွင့်များသို့ ပြောင်းနိုင်သော သစ်ပင်လိုပင်။

သဘာဝမှ သစ်ပင်များနှင့် မိမိစိတ်မှ သစ်ပင် ထိုနှစ်ခုလုံးကို စိုက်ပျိုးရန် စောင့်ရှောက်ယုယရန်တော့ ကျွန်တော်တို့ အားထုတ်ဖို့လိုသည်။ ဒါမှသာ ထိုသစ်ပင်များ ရှင်သန်၊ အနက်အရှိုင်းအထိ အမြင့်အမားအထိ ပေါက်ရောက်လျက် အရိပ်ကိုလည်းပေးမည်။ ပျော်ရွှင်ခြင်းကိုလည်း ပေးမည်။

(ဆရာ ကိုတာ ၏ သုစရိတ စက်ဝန်း စာအုပ်မှ)


ခင်မင်လေးစားလျက်

တာတူး



ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 6, 2009

“နှုတ်ချို… သျှိုတပါး…”


ကျွန်မတို့ ကြားဘူးတဲ့ မြန်မာ စကားပုံ တခု ရှိပါတယ် . . . . .
“ နှုတ်ချို သျှို တပါး ” ဆိုတာပါ။ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဖို့ သတိပေးတဲ့ စကားပုံလေး တခုပါ။ ဘယ်သူ မဆို ချိုချို သာသာ ပြောဆို ဆက်ဆံတာ ပဲ လိုလားကြတာပါ။ စကားပြော မာကြောတာ နဲ့ ပက်သတ်ပြီး ကျွန်မ ကိုယ်တွေ့လေး တခုကို မျှဝေရင်း၊ ကိုယ့်ကိုယ်ကိုလည်း ဆုံးမရင်း ဒီပို့စ်လေးကို e-journal မှာ မျှ လိုက်ပါတယ်ရှင်။



တကယ်တမ်းတော့ ကျွန်မဘဘ(အဖေ)က ကျွန်မအိမ်ပြန်ရောက်တိုင်း၊ ကျွန်မနဲ့ ဖုန်းပြောတဲ့ အချိန်တိုင်း အမြဲဆုံးမခဲ့တာကို ကျွန်မ သတိထားပြီး မလိုက်နာမိခဲ့တာပါ…
“သမီး ဘယ်ကိစ္စကိုပဲပြောပြော ဘယ်ကိစ္စကိုပဲလုပ်လုပ် ဘာပဲပြောပြော ဘာပဲလုပ်လုပ် ဘယ်အချိန်မှာပဲလုပ်လုပ် သတိထားပြီးပြောပါ လုပ်ပါ … အချိန်တိုင်းမှာ သတိကပ်ပြီး ပြောဆိုပြုမူပါ “ တဲ့…
ကျွန်မလည်း သတိလက်လွတ်ပြောဆိုပြုမူတာတွေများနေပါပြီ…
ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါ ရှိသလို သတိမထားမိတဲ့ အကြိမ်အရေအတွက်က လည်း များလာပါတယ်…
ဒီနေ့ညမှ တိုက်တိုက်ဆိုင်ဆိုင် မောင်လေးတစ်ယောက်ကလည်း
ကျွန်မရဲ့ အပြောအဆို အပြုအမူနဲ့ ပတ်သက်ပြီး ထောက်ပြလာတယ်…
ကျွန်မကိုယ်တိုင် သတိမထားမိတဲ့ အပြောအဆိုတွေကြောင့် …
သူများ ထောက်ပြတာ ခံရဖူးတာ ဒုတိယအကြိမ်ပါ…
ပထမတစ်ကြိမ်က အလုပ်ကိစ္စနဲ့ ဖုန်းပြောရင်း ဖြစ်သွားတဲ့ကိစ္စလေးပါ..
ကိုယ်ကိုယ်တိုင်လည်း သတိမထားမိပါဘူး…
သူများကတဆင့် ပြန်ပြောလို့ သိလိုက်ရတာပါ…
ပြောတဲ့သူက “ကျွန်တော်ဖုန်းဆက်ရင် သူနဲ့တွေ့မှာ ကြောက်တယ်… သူရဲ့အသံက တည်ငြိမ်ပြတ်သားပြီး ရေခဲတုံးလို အေးစက်မာကြောတဲ့အသံတဲ့…”
ကျွန်မလည်း လူတစ်ယောက်ကို စကားပြောတဲ့အချိန်မှာ မောက်မာတဲ့စိတ်…
နစ်နာစေလိုတဲ့စိတ် . . နဲ့ ပြောဆိုတာမျိုးမရှိခဲ့ဖူးပါဘူး…
အလုပ် အရမ်းရှုပ်နေတဲ့အချိန် စိတ် အရမ်းပင်ပမ်းနေတဲ့အချိန် မျိုးမှာတော့ စကားပြောရင် သိပ်စိတ်မရှည်တတ်ဘူး… လေသံက အရမ်း မာနေတတ်တာကို တော့ သတိထားမိပါတယ်…
ကိုယ်ကိုယ့်ကို သတိထားမိတဲ့အချိန် ဆိုရင်တော့ တတ်နိုင်သမျှ စကားမပြောပဲနေတယ်…
ဖုန်းလာရင်လည်း ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်… အလုပ်ကိစ္စပဲဖြစ်ဖြစ် … အရေးမကြီးရင် ဖုန်းမကိုင်တော့ပါဘူး…
ကျွန်မ သူငယ်ချင်းတစ်ယောက်ကလည်း ပြောဖူးပါတယ်…
သူ့အထက်အရာရှိက ကိစ္စတစ်ခုခု ပြောရင် လေသံမာမာနဲ့ ပြောတတ်တဲ့ အကျင့်ရှိတော့… သူက သူ့အရာရှိကို ပြောတယ်တဲ့ …
“ ဆရာ အေးဆေးပြောလည်း ဒီစကားပဲ လေသံမာမာနဲ့ ပြောလည်း ဒီစကားပဲ အေးအေးဆေးဆေးပြောတော့ နားထောင်တဲ့သူလည်း နာခံသာတယ်… ကြားရတဲ့ သူလည်း ကြားလို့ ကောင်းတယ်”
အဲဒီတုံးက ကျွန်မကိုယ်တိုင်လည်း သူငယ်ချင်းပြောတာ မှန်တယ်လို့ ထောက်ခံခဲ့ပါတယ် ။
ဒါပေမဲ့ ကျွန်မကိုယ်တိုင် loading အရမ်းများလာတဲ့အချိန် pressure တွေ အရမ်း များလာတဲ့ အချိန်မှာ ကျွန်မပြောဆိုတဲ့ လေသံက မာကြောလာပါတယ်…
ခက်တာကလည်း စကားတခွန်းဟာ ပြောဆိုတဲ့ Tone ကွာတာနဲ့ အကျိုး သက်ရောက်မှုက ကွာတာပါပဲ…
ဥပမာ - နေမကောင်းလို့ အိပ်ယာပေါ်လဲနေတဲ့ လူတစ်ယောက်ကို ကိုယ်က သတင်းသွားမေးတယ်…
မျက်နှာတည်တည်နဲ့ “နေလို့ သက်သာလား” လို့ မေးတာရယ်…
စိတ်မကောင်းတဲ့အသံနဲ့ “နေလို့ သက်သာရဲ့လား” လို့မေးတာရယ်…
ရုပ်ပြောင်နဲ့ “နေကောင်းရဲ့လား” လို့ မေးတာရယ်…
အဓိပ္ပါယ်ကောက်တာက လွဲသွားနိုင်ပါတယ်…
အလေးအနက်ပြောရမယ့် ကိစ္စတခုကို ရီပြီး ပြောလိုက်ရင် နားထောင်တဲ့သူရဲ့ စိတ်ထဲမှာ ပေါ့ပေါ့လေးပါလို့ ခံစားသွားရတာမျိုး ရှိပါတယ်…
အလေးအနက်ထားလုပ်ရမယ့် ကိစ္စတခုက ပြောတဲ့လေသံပေါ်မူတည်ပြီး လေးနက်မှူ ကွာသွားတာ ရှိပါတယ်…
ဒါပေမယ့် ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် နားထောင်သူ နာခံသာအောင် ချိုသာတဲ့ စကားနဲ့ ပြောတတ်ရင် အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ပြောဆိုပြုမူတတ်ရင် အကောင်းဆုံးဖြစ်မှာပါ…
ကျွန်မကိုယ်တိုင်လည်း သတိ ဆိုတဲ့အရာလေး ကပ်ပြီး ပြောဆိုပြုမူတတ်အောင် ၊ချိုသာသောစကား ဆိုတတ်အောင် လေ့ကျင့်ရဦးမှာပါ…
ကျွန်မရဲ့အမှားကို ထောက်ပြပေးတဲ့မောင်လေးကိုရော၊ ကျွန်မတို့ကို နားလည်အောင် ပြောဆိုဆုံးမခဲ့တဲ့ တီချယ်ကိုလည်း ကျေးဇူးတင်ပါတယ်….
E-journal မောင်နှမတွေအားလုံးနဲ့ လာလည်သူအပေါင်းလည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား၊ ချိုသာသော စကားများကိုသာ ဆိုနိုင်ကြပါစေ…ဆိုဖြစ်ကြပါစေ . . . .
မိမိကိုယ်တိုင်လည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား …. ချိုသာသော စကားများကိုသာ ပြောဆိုရပါလို၏လို့ ဆန္ဒပြုရင်း …
(မယ် : 6.9.09 : 2:40am)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 3, 2009

Just4Me

“ငါ”အတွက် …


တစ်ချိန်ကို ပြန်စဉ်းစားတော့
ပျော်စရာတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်ခဲ့တဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ခဲ့သလား။

တစ်ချိန်ကို စိတ်မှာတွေးထင်ကြည့်တော့
မသေချာမှုတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်နေတဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ချင်ရဲ့လား။

သိလိုက်ပါတယ်၊
မသေချာမှုတွေအားလုံးကို
ပျော်စရာတွေအဖြစ်ပြောင်းလဲဖို့နဲ့ ….
မက်ခဲ့တဲ့ အိမ်မက်တွေနဲ့
မက်နေဆဲ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။

(တကယ်ရှိမနေတဲ့ “ငါ”အတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။)

တကယ်တော့
ငါဟာ
ပုတ်သင်တစ်ကောင်အဖြစ်လည်း အိမ်မက်ချင်တယ်။

သုခမိန်(8:17 PM~ 02/09/09)

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, September 2, 2009


အတ္တ…

တို့တွေ ဝေးခဲ့တာ
ကြာခဲ့ပြီပဲ…

တို့နှစ်ယောက်ကြားက
လွဲချော်မူ့ က
ဆယ်စု တိုင်ခဲ့ပြီပဲ…




မျက်ဝန်း အကြည့်တစ်ချက်နဲ့
ရှေ့ဆက် မတက်ခဲ့တဲ့
တိုနှစ်ယောက်ကြားက
နားလည်မှုတစ်ခု…

ရှေ့ဆက်ခွင့်မပြုတဲ့
စည်းတစ်ခု…

မဖြစ်နိုင်တာ သိရက်နဲ့
ရှေ့ဆက်ဖို့ကြိုးစားမိတဲ့
ငါ့အဖြစ်က…

အတ္တကြီးတယ်ပြောပြော…

၁၀၀ % ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုအတွက်
၁% အတွက်လည်း
ငါစွန့်လွှတ်မှာပါ…

တစ်ဘဝစာ ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုကို
တခဏတာ ပိုင်ဆိုင်ခွင့်တော့
ငါမလိုချင်မိဘူး…

အစကတည်းက
ခွဲခွာခြင်းအတွက်
နှတ်ဆက်ခြင်းလို့
သိခွင့်ရှိခဲ့ရင်
ခဏတာတွေ့ဆုံခွင့်ကို
ငါ တမ်းတခဲ့မှာမဟုတ်ဘူး...

မယ် (24.8.09 ; 7:10 pm)


ဆက်ဖတ်မယ်ဆိုရင် ...