ချစ်တဲ့ ညီငယ်
စိတ်ချမ်းသာလို့ ကျန်းမာပါစ။ ဒီစာကို ညီမ၊ အမေ၊ အဖေတို့ကိုလည်း ပေးဖတ်စေချင်တယ်။ ညီငယ်သဘော
ပါပဲ။ အစ်ကိုတို့ရွာ၊ အစ်တို့မိသားစုတွေမှာ အဆင်ခြင်မဲ့ကိုးကွယ်ယုံကြည်တာတွေရှိလာလို့၊ သတိထားစေချင်လို့ ဒီအကြောင်းတွေကို သိစေချင်တာကြောင့် ဒီစာကို ဒီလို ရေးပို့လိုက်တယ်ဆိုပါတော့။
ညီငယ်၊ အစ်ကိုမမွေးခင်က အစ်ကိုတို့ရွာမှာ တရုတ်နတ်ကိုးကွယ်တဲ့ဓလေ့မရှိခဲ့ဘူးကွယ့်။ အစ်ကိုမွေးပြီးတဲ့နောက်ပိုင်းမှ ရှိလာခဲ့တာ။ အခုဆို ညီငယ်ရဲ့ နောက်မွေးလာကြတဲ့ ခလေးတွေဟာ တရုတ်နတ်ဆိုတာ လိုတရဘုရားလိုလို၊ စီးပွားရေးတိုးတက်အောင်လုပ်ပေးနေတဲ့ နတ်ဘုရားကြီးတစ်ပါးလိုလို ကိုးကွယ်ယုံကြည်လာကြတာမြင်တော့ စိတ်မကောင်းဖြစ်မိတယ်။
တို့ရွာမှာ ဝက်တွေမွေးကြတယ်။ လသားကျော်ကျော် ဝက်ငယ်ငယ်လေးတွေဝယ်ပြီး ကြီးလာအောင်ပြုစု၊ကျွေး
မွေး၊ ကြီးလာရင် မြို့ တက်ရောင်းတာပေါ့။ ရွာထဲမှာဆို တစ်အိမ်ထောင်မှာ ဝက်နှစ်ကောင်စီ မွေးထားကြတယ်။
ထမင်းကျန်ဟင်းကျန်နဲ့ ကျွေးမွေးရတာဆိုတော့ စရိတ်လည်းသက်သာ၊ အချိန်တန် ပိုက်ဆံလည်းရဆိုတော့
အိမ်တိုင်းအိမ်တိုင်း ဝက်မွေးကြတာပေါ့လေ။
ဒါနဲ့ပဲ အစ်ကိုတို့အဖေအမေက အပိုဝင်ငွေရအောင်ဆိုပြီး ဝက်ငယ်နှစ်ကောင်ရှာဝယ်ပြီး ကျွေးမွေးကြတာ
ပေါ့။ ညီငယ်သိတဲ့ အတိုင်းပဲ မဟုတ်လား။ အစ်ကိုတို့ရွာငယ်လေးတွေဆိုတာက အပြိုင်အဆိုင်လုပ်တတ်ကြ
တာလေ။ ဒါမှလည်း ခေတ်မီတယ်ထင်တာကိုး။ ဒါပေမယ့် အစ်ကိုတို့အိမ်က ဝက်ငယ်လေးတွေဟာ သူများအိမ်
ကဝက်တွေလို မကြီးဘူး၊ မထွားဘူးလေ။ သူများအိမ်က ဝက်တွေက ကြီးထွားပြီး ရောင်းလို့ ကောင်းနေတဲ့အ
ချိန် အစ်ကိုတို့အိမ်မှာ မွေးထားတဲ့ ဝက်လေး နှစ်ကောင်ကတော့ သေးသေးကျစ်ကျစ်လေးပဲ ရှိနေသေးတာ
ကိုး။
အဲဒီလိုနဲ့ အဖေ၊ အမေတို့က ဝက်ငယ်လေးတွေကြီးထွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဟိုမေးဒီမေး ဆို
ပါတော့။ ဖြေတဲ့သူတွေကလည်း အဖြေတွေအမျိုးမျိုး ဖြေကြတာပေါ့။ အဖေအမေတို့ကလည်း အဖြေအမျိုး
မျိုးအတိုင်း လိုက်လုပ်ကြတာပေါ့။ သူများတွေပြောတိုင်း လိုက်လုပ်ကြတာပါပဲ။ သူများတွေအကြံပေးတဲ့အတိုင်း လိုက်လုပ်ကြတာပေါ့။ ဒါပေမယ့်လည်း သူများဝက်တွေလောက် မကြီးထွားဘူးဆိုပါတော့။ ဒုံရင်းဒုံရင်း
ပါပဲ။ သေးသေးကျစ်ကျစ် ဝက်ငယ်လေးနှစ်ကောင်ကို ရောင်းပြီး မျိုးကောင်းမျိုးသန့်ဆိုတဲ့ ဝက်ဝယ်ပြီးမွေးလည်း
မကြီးဘူး။ မထွားဘူးဖြစ်နေတော့တာပါပဲ။ အဲဒါနဲ့ အကြံပေးသူတွေက အစ်ကိုတို့အိမ်က ဝက်မွေးတာ လက်မ
လိုက်ဘူးဆိုပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အစ်ကိုတို့အိမ်မှာတရုတ်နတ်ကို မကိုးတာကြောင့်တဲ့လေ။ အေးပေါ့
အမေ၊ အဖေတို့ကိုလည်း အပြစ်ပြောလို့မရပါဘူး ။ လိုချင်တာပဲ သိတာကိုး။ ပြီးတော့ ဆန့်ထွက်တဲ့အမြင်
ကလည်း အစ်ကိုတို့ရွာလေးမြင်ကွင်းပဲ ရှိတာဆိုတော့။ တရုတ်နတ်ကိုးရင် ဝက်ကြီးမယ်။ ပိုက်ဆံပိုရမယ်ဆိုတာ
ပဲ တွေးလိုက်တာပေါ့လေ။
ညီငယ်၊ အဖေအမေတို့ကလည်း အဟုတ်မှတ်လိုက်လုပ်ကြတာပေါ့။ အစ်ကိုတို့အိမ်မှာ တရုတ်နတ်ကိုးဖို့ နတ်ပွဲထိုးတာပါပဲ။ ညီငယ်သိတဲ့အတိုင်း တရုတ်နတ်ကိုးတယ် ဆိုရင်ပဲ ခေါက်ဆွဲကြော်၊ ဝက်သား၊ အရက်၊ တရုတ်တွေသုံးတဲ့ အဖြူအဝါစက္ကူတွေ၊ အနံ့ပြင်းပြင်း အမွေးတိုင်၊ ဖရောင်းတိုင်တွေက ပါလာရော။ ဒီလိုနဲ့ တရုတ်တွေ စီးပွားဖြစ်တာပါပဲ။
တရုတ်နတ်ကိုးရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို အတိအကျလိုက်နာရတယ်တဲ့။ ဒီလို မဟုတ်ရင် တရုတ်နတ်ကြီးက ဖမ်းစားတတ်တယ်တဲ့။ ကိုးတဲ့သူတွေက ကြောက်ကြတာပေါ့။ တရုတ်နတ်ကိုးမယ်လို့  ဆုံးဖြတ်လိုက်ရင် အိမ်မှာ ထမင်းဟင်း ဦးဦးဖျားဖျား ဘယ်သူမှမစားရတော့ဘူးတဲ့ ။ တရုတ်နတ်မကိုးမပြီးချင်းပေါ့လေ။ အဖေတို့ အမေတို့မှာလည်း ဟိုပစ္စည်းရှာရ၊ ဒီပစ္စည်းရှာရနဲ့ ပူပန်လို့ပေါ့။ တရုတ်နတ်ကိုးပြီးရင်လည်း အိမ်သားတွေက စားမှရတယ်ဆိုပဲ။ အိမ်သားတွေအတွက် စားဖို့က ပြဿနာမဟုတ်ပေမယ့် အရက်သာက်ဖို့အတွက်က ပြဿနာဖြစ်လာရော။ အဲဒီအချိန်တုန်းက အစ်ကိုပဲ သောက်ခဲ့ရတာပေါ့။ ဒီလိုနဲ့ အစ်ကိုလည်း အရက်သောက်တတ်သွားတယ် ဆိုပါတော့။ အရက်ချက်တဲ့ တရုတ်တွေအတွက်ကတော့ စီးပွားဖြစ်တာပေါ့လေ။ တရုတ်နတ်ကို နှစ်လတစ်ခါ ကိုးရတယ်တဲ့။ ဒီလိုနဲ့ အစ်ကိုဆို အရက်နဲ့လည်းရင်းနှီးလာတာပေါ့လေ။
ညီငယ်၊ မသိဘဲနဲ့ ကိုးကွယ်မယ်ဆိုရင်၊လုပ်မယ်ဆိုရင် ဘာမှမကောင်းပါဘူး။ ကြောက်ရတယ်။ ပူပန်ရတယ်။ စိုးရိမ်ရတတ်တယ်လေ။ ပြီးတော့ ကြောက်လို့ ကိုးကွယ်မိရင်တော့ ဆန့်ထွက်နိုင်တဲ့ အသိတွေ၊ လုပ်နိုင်တဲ့အားတွေဟာ ပိတ်ကုန်တော့တာပါပဲ။ ကြောက်လို့ ကိုးကွယ်ရင်း၊ ပသရင်းနဲ့ ကိုးကွယ်
ခံသူတွေရဲ့ ခြေနင်းဖြစ်လာကြတာပါပဲ။ ဒါကြောင့် ညီငယ်၊ ကြောက်လို့ ကိုးကွယ်တဲ့ သူမဖြစ်စေနဲ့။ သိလို့ ကိုး
ကွယ်တဲ့သူတစ်ယောက်ဖြစ်ပါစေ။
ဒီလိုနဲ့ပေါ့ ညီငယ်၊ အစ်ကို ငယ်ငယ်တုန်းက အရမ်းပျော်ခဲ့တာပေါ့။ နှစ်လတစ်ခါ ဝက်သားစားရတယ်။
ခေါက်ဆွဲစားရတယ်။ အရက်လည်းသောက်ရတယ်ဆိုတော့။ အစ်ကိုတို့တစ်အိမ်တည်း မဟုတ်ပါဘူး။ သူများအိမ်တွေမှာလည်း သွားပြီးစား၊ သောက်တာပေါ့။ သူများအိမ်တွေကလည်း တရုတ်နတ်လိုက်ကိုးလာကြတာကိုး။ အစ်ကိုပြောခဲ့တယ်မဟုတ်လား။ အပြိုင်အဆိုင်လုပ်တာမှ ခေတ်မီတယ်လို့လေ။ ဒီလိုနဲ့ သူများအိမ်တွေက ဝက်တွေကတော့ လက်လိုက်တယ်လို့ ပြောလို့ရတာပေါ့။ ကြီးမှကြီး လှမှလှ၊ ဈေးကောင်းရ။ အစ်ကိုတို့အိမ်မှာကတော့ သိပ်လည်းမကြီး သိပ်လည်းမလှဘူးဆိုပါတော့။ အဲဒါနဲ့အဖေ၊ အမေတို့က ဝက်မမွေးတော့ဘူးလို့ 
ဆုံးဖြတ်လိုက်ပြီး ဝက်မမွေးကြတော့ဘူးလေ။ အစ်ကိုတို့အိမ်မှာ ဝက်မမွေးတော့ဘူးဆိုတော့ တရုတ်နတ်ကိုးဖို့ လည်းမလိုတော့ဘူးပေါ့။ အစ်ကိုတို့အိမ်မှာ တရုတ်နတ်မကိုးတော့တဲ့အချိန်မှာ အစ်ကိုက အရက်သောက်တတ်နေပြီ။ အစ်ကို့သူငယ်ချင်းတွေ အကုန်လုံးကလည်း သောက်ကုန်ကြပြီလေ။
တရုတ်နတ်မကိုးတော့တဲ့နာက်ပိုင်း ညီငယ် နေမကောင်းစဖြစ်တော့တာပါပဲ။ ညနေဘက်ဆို ကိုယ်တွေပူ၊ ချမ်းတယ်ချမ်းတယ်နဲ့ အော်ပြီးငိုတာပါပဲ။ အဖေ၊အမေတို့က ညီငယ်အတွက် စိုးရိမ်ပြီး တောဆရာဝန်တွေနဲ့ပြ၊ ကြားဖူးတဲ့ ဆေးမြီးတိုတွေနဲ့ကု၊ ပယောဂဆရာတွေနဲ့ ကုတာပေါ့။ ဒါပေမယ့် ညီငယ်ရောဂါက မနက်၊နေ့လည်ဆို လူကောင်းကြီးဖြစ်ပြီး ညနေဘက်ဆို ကိုယ်တွေပူ၊ ချမ်းတယ်ချမ်းတယ်နဲ့  အော်ငို နေခဲ့တာပါပဲ။ ညီငယ်ဒီလိုဖြစ်နေခဲ့တာ နှစ်လကျော်ကျော်ကြာခဲ့တယ်။ အဖေအမေတို့က ညီငယ်အတွက်စိုးရိမ်ပူပန်တာပေါ့။ ကုတဲ့ဆရာတွေကလည်း လက်လန်ကုန်ပြီလေ။ ဒါနဲ့ ရွာထဲက ဝက်မွေးတဲ့သူတွေက မေးတာပေါ့။ တရုတ်နတ်မကိုးတော့ဘူးလားတဲ့။ သူတို့က ညီငယ်နေမကောင်းဖြစ်တာ တရုတ်နတ်ကြီးက စိတ်ဆိုးပြီးဖမ်းစားတယ်ဆိုပဲ။ အဖေ၊အမေတို့ကလည်း သားဇောနဲ့ 
မှန်လားမှားလားသိအောင် မတွေးပါဘူး။ညီငယ်နေကောင်းရင်ရပြီမဟုတ်လား။ အဲဒါနဲ့ နှစ်လကျော်ကျော် မကိုး
ပဲပစ်ထားတဲ့ တရုတ်နတ်ကိုပြန်ကိုးတာပေါ့လေ။
ညီငယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ တရုတ်နတ်ပြန်ကိုးလို့ တစ်ပတ်ကျော်ကျော်လောက်ကြာရော ညီငယ် မှာညနေဘက် နေမကောင်းဖြစ်ဖြစ်နေတာတွေ ပျောက်သွားတယ်ဆိုပါတော့။ အဲဒီအချိန်တုန်းက တရုတ်နတ်ကြီးက အစ်ကိုတို့ရွာထဲမှာ တန်ခိုးကြီးလိုက်တာလွန်ရော။ ညီငယ်ကလည်း တရုတ်နတ်ကြီးလို သတင်းကြီးလိုက်တာ လွန်ရော။ ညီငယ်သိတဲ့အတိုင်း ရွာသူရွာသားတွေက ချဲ့ကားပြောဆိုကြတာပေါ့။ အဖေ၊ အမေတို့လည်း ပါဝင်တာပေါ့။ ကိုးကွယ်တဲ့ ဦးထိပ်ထား ဘာသာတောင် တရုတ်နတ်ကို အရင် ဦးစားပေးပြီးမှ ကိုးကွယ်ပသရသလိုတောင်ဖြစ်လာတာပေါ့။ အပြစ်မပြောလိုပါဘူး ညီငယ်။ အသိဥာဏ် တိမ်လို ဖြစ်လာရတာပါပဲ။ လက်ခံရမှာပေါ့လေ။ အဲဒီကတည်းကနေ တရုတ်နတ်ကိုးလာတာ အခုဆို ညီငယ်တစ်သက်ဖြစ်နေပြီလေ။ အခုဆို အစ်ကိုတို့ ရွာမှာ အိမ်တိုင်းလိုလို တရုတ်နတ်ကို ဦးစားပေး ကိုးနေရတာမြင်တော့ အစ်ကိုစိတ်မကောင်းဖြစ်မိတယ် ညီငယ်။ အခုဆို အစ်ကိုတို့ရွာလေးမှာ အကုန်လုံးနီးပါး အရက်သောက်တတ်သူတွေချည်းပါပဲ။ အရက်သောက်တတ်မှ ခေတ်မီတယ်တဲ့။
တစ်ခုခုဖြစ်ရင် တရုတ်နတ်ကြီးကို အားကိုးနေရပြီ။ တရုတ်နတ်မျိုးရိုးတွေဟာ သခင်တွေဖြစ်နေကြပြီလေ။ ဂေါတမဘုရားရဲ့ အဆုံးအမတွေကို လိုက်နာတာ တိမ်လာပါပြီ။ ကံကံ၏အကျိုးကိုယုံဖို့၊ အကြောင်းအကျိုးဆင်ခြင်ပြီးယုံဖို့၊ ၊ဘယ်သူမပြု မိမိမှုဆိုတာကိုသိဖို့ ဆိုတာတွေပေါ့။ အဆုံးအမတွေ၊ လမ်းညွှန်ချက်တွေ၊ လုပ်ဖို့ပြောခဲ့တာတွေ ရှိရက်သားနဲ့ တရုတ်နတ်ကို ဘုန်းကြီးကျောင်းဝင်းအတွင်း ဆောက်ခွင့်ပေးလိုက်တာ၊ အစ်ကိုတို့ရွာသားတွေရဲ့စိတ်တွေ နှုံးအနယ်တွေတင်လာတာကိုမြင်ရတော့ စိတ်မကောင်း ပိုဖြစ်မိတာပေါ့ ညီငယ်။
ညီငယ်၊ ဒီနေရာအထိ အစ်ကို့စာကိုဖတ်ပြီး ညီငယ်ခေါင်းထဲ မေးစရာတွေ၊ တွေးစရာတွေ၊ တွေဝေတာတွေ၊ အကြံတွေ၊ ဥာဏ်တွေ၊ အမြင်တွေ ထွက်လာတယ်ဆိုရင် အစ်ကိုဒီစာရေးပို့ရတာ ကျေနပ်ပါတယ်လေ။ ညီငယ်၊ အစ်ကိုပြောတာ နားထောင်ပေးပါဦး။ အစ်ကိုငယ်ငယ်က တရုတ်နတ်တို့၊ ဝက်မွေးတာတို့၊ ဘာတို့ညာတို့ရဲ့ ရည်
ရွယ်ချက်တွေကို အစ်ကို မသိခဲ့ပါဘူး။ သိအောင်လည်း မတွေးတတ်ခဲ့ဘူး။ တွေးဖို့လည်း မသိခဲ့ပါဘူး။ သိဖို့
လည်း လိုမယ်မထင်ခဲ့ဘူးလေ။ ညီငယ်၊ အစ်ကိုက ဘာကြောင့် အခုလို စာအရှည်ကြီးရေးပြောနေရလဲဆိုတော့ အခုဆို ညီငယ်ဟာ အရွယ်ရောက်လာပြီ။ ညီငယ်တို့ရပ်ရွာအတွက် တိုးတက်အောင်၊ ကြီးပွားအောင်၊ မှန်ကန်သောအမြင်တွေ ချပြတတ်အောင် ထုဆစ်ပုံဖော်မယ့် လူတစ်ယောက်ဖြစ်နေလို့ပဲ ညီငယ်။
အခုဆို အစ်ကိုတို့ရွာလေးမှာ တရုတ်နတ်ကြီး အစွဲခိုင်လာပြီ။ မျိုးဆက်ဘယ်နှစ်ဆက်ရှိသေးလို့လဲ။ နောက်ဆို ညီငယ်မျိုးဆက်တွေ လက်ထက်ရောက်ရင် တရုတ်နတ်ဆိုတာ ညီငယ်တို့ရွာရဲ့ စီးပွားရေး၊ ကြီးပွားတိုးတက်ရေးကို ဖန်ဆင်းပေးတဲ့ တန်ခိုးကြီးနတ်ဘုရားလို့ လက်ခံလာတော့မယ်။ လက်ခံလာတယ်ဆိုရင်ပဲ ယုံကြည်လာတော့မယ်။ ယုံကြည်လာတယ်ဆိုရင်ပဲ ကိုးကွယ်လာတော့မယ်။ ကိုးကွယ်လာတယ်ဆိုရင်ပဲ သူက သေဆိုသေ ရှင်ဆိုရှင်ဖြစ်လာကြတော့မယ်လေ။
ညီငယ် လူဆိုတာက ကိုးကွယ်အားထားရာကို မက်မောရှာဖွေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားငယ်လို့၊ ကြောက်လို့၊ ခွန်အားတွေ၊ စိတ်အားတွေရအောင်လို့ပေါ့။ ဒါပေမယ့် အဓိက ပဓါနအကျဆုံးက လူသားတစ်ယောက်ဖြစ်တဲ့ ညီလေးကိုယ်တိုင်ပါပဲ မဟုတ်လား။ ကိုးကွယ်ရမယ်၊ မကိုးကွယ်ရဘူးဆိုတာက ညီလေးရဲ့နှလုံးအိမ်ထဲက ဆင်ခြင်ဥာဏ်ပဲမဟုတ်လား။
ညီငယ်၊ အကြောင်းအကျိုးဆက်စပ်မှုတွေကြောင့် တိုက်ဆိုင်မှုတွေဖြစ်လာတတ်တယ်။ ဒီလိုအကြောင်းအကျိုး
တွေကြောင့် ဒီလို ဖြစ်လာတာလို့မသိရင်၊ မတွေးခဲ့ရင် အစ်ကိုတို့ရွာထဲက အရပ်ထဲကပြောနေတဲ့၊ ကိုးကွယ်
နေကြတဲ့ တရုတ်နတ်ဆိုတာ အထင်ကြီးစရာ၊ ယုံကြည်စရာတွေဖြစ်လာခဲ့တာပေါ့။
ညီငယ်၊ အမြင်တွေပွင့်လင်းပါစေ
အဝေးက
ချစ်တဲ့ ကိုကို
မင်းရဲရှင်
Friday, September 23, 2011
သိစေချင်လို့ ညီငယ်သို့
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 11:29 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Friday, July 22, 2011
ဒီနေ့အဖို့ ပျော်လိုက်တာ
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စတုတ္ထတန်းအောင်ပြီး အစိုးရအလယ်တန်းကျောင်းမှာ ပဉ္စမတန်းပြောင်းတတ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသား (၁၆) ယောက်ရဲ့ လစဉ်ပညာသင်ထောက်ပံ့ကြေးကို သူငယ်ချင်းတွေ စုပေါင်းတာဝန်ယူထားတာ ဒီလ- ဇူလိုင်လအတွက် လွှဲလိုက်ရတာ ပျော်လိုက်တာ။
မာရေးသျှင်
။...........။ အခြားတစ်နေရာမှာ ကိုယ်ရေးကိုယ်တာဆန်ဆန်ရေးထားတာကို မိတ်ဆွေက E-Journal မှာ ပို့စ်အဖြစ် သိမ်းထားဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 3:46 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Wednesday, July 6, 2011
မရိုက်ပါနဲ့ ....
လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိခဲ့လေသည်။ ကလေးငိုသံ ။ မကြားရတာတောင်
အတော်ကြာခဲ့ပြီ။ ဘာကြောင့်ပါလိမ့်။ အသံထွက်ပေါ်လာရာ စူးစမ်းလိုက်တော့ သြော်...
ကျွန်နော့် နဘေးမှာ ထိုင်နေကြသည့် မိသားစုဆီကကိုး။ အဖေဖြစ်သူက နှစ်နှစ်သားအရွယ်
ကလေးတစ်ယောက်ကို လက်နှင့်တင်ပါးကိုရိုက်နေ၏။ ကလေးသည် ငိုလျက်မိခင်ရင်ခွင်ထဲ
ထဲသို့ တိုးဝင်ခိုလှုံရန်ကြိုးစားနေ၏။ ငိုလျက်ပေါ့ ။
၏ မျက်လုံးပေါင်းများစွာသည် ထိုမိသားစုအပေါ်သို့ ကျရောက်ကုန်၏။ ထိုအချိန်လေးသည်
သီးခြားကမ္ဘာတစ်ခုလိုတိတ်ဆိတ်သွား၏။ လူများသည် ထိုအဖြစ်အပျက်အပေါ်အခြေခံ၍ အ
မျိုးမျိုးတွေးကြလိမ့်မည် ထင်သည်။
မိဘများကလေးတွေကို ရိုက်ပြီးဆုံးမခြင်းရှိသည်အပေါ် ကျွန်နော်မနှစ်မြို့ ပေ။ တချို့ မိဘ
များသည် ကလေးတွေကို မရိုက်တတ်။ တချို့ သည် ရိုက်ပြီးဆုံးမတတ်၏။ ကျွန်နော်ငယ်ငယ်
က အဖေရိုက်ပြီး ဆုံးမတာ၊ အမေရိုက်ပြီး ဆုံးမတာ အကြိမ်အတော်များများခံခဲ့ရ၏။ ဒါကြောင့်
လားမသိ ကလေးတွေအပေါ်ရိုက်ပြီး ဆုံးမနေသည်ကိုမြင်လျင် ကျွန်နော် အရမ်းဝမ်းနည်းမိ၏။
နာကျင်မိ၏။ သနား၏။
ရိုက်ပြီးဆုံးမခြင်းဆိုတာကလည်း “ ချစ်လို့ ” ဟုအဖြေပေးကြလိမ့်မည်။ သားသမီးတွေအပေါ်
ချစ်ခြင်းဆိုသည် မိဘတိုင်းတူညီကြ၏။ ဒီလိုချစ်ခြင်း တူညီကြပါရဲ့နှင့် ဘာကြောင့်များ ဆိုဆုံးမ
နည်းလမ်းများ မတူညီကြပါနည်း။ နှစ်နှစ်အရွယ်ကလေးတစ်ယောက်အပေါ် အပြစ်ပုံချကြမှာ
လား။ ဘယ်မိဘကများ ကိုယ့်သားကိုယ့်သမီးတွေကို ရိုက်ပြီးဆုံးမချင်မည်နည်းဟု ဖြေကြလိမ့်
မည်ထင်သည်။
တချို့ မိဘများသည် ညင်ညင်သာသာ ဆုံးမတတ်၏။ တချို့ မိဘများသည် ခပ်ကြမ်းကြမ်း
လေး ဆုံးမတတ်၏။ ကလေးတစ်ယောက်ကိုနားလည်အောင် သူ့ အကြိုက်ဆောင်ပြီး ညင်ညင်
သာသာ စိတ်ရှည်စွာ ရှင်းပြသွန်သင်မည်ဆိုရင် ဒီကလေး မလိုက်နာပဲနေမည်မဟုတ်။ ဒီလိုမ
ဟုတ်ဘဲ ခပ်ကြမ်းကြမ်းရိုက်ပြီးဆုံးမခြင်း၊ တားဆီးခြင်းဆိုတာကတော့ကလေးငယ်တစ်ယောက်
၏ ဖြူစင်သည့်နှလုံးသားကို အကြောက်တရားဖြစ်အောင်အရောင်ဆိုးပြီး နိုမ့်ကွပ် ဆုံးမခြင်း
မဟုတ်ပါလော။ ပြီးတော့ ဒီလိုဆုံးမခြင်းသည် “ ချစ်လို့ ” ဟုပြောသော်လည်း အရင်ဦးဆုံးအတ္တ
ဆိုသည့် စိတ်က အရင်ဖြစ်သွားတတ်၏။ ”ဥပမာ ကလေးတစ်ယောက်ပြောစကားနားမထောင်
ခဲ့ရင် ချက်ခြင်းစိတ်တိုသွားသလိုမျိုး။ ” စိတ်တိုသည့် စိတ်နှင့် ကလေးကိုရိုက်ခြင်းတည်း။ အမှန်
ပြောရရင် ချစ်လို့ ရိုက်တာမဟုတ်။ စိတ်တိုလို့ ရိုက်တာဟု မြင်မိသည်။ ရိုက်ပြီးမှ ၊ရိုက်ရင်းမှ
ကလေးမျက်နှာကြည့်ပြီး ကလေးကိုချစ်သည့်စိတ်၊ သနားသည့်စိတ်၊ ဝမ်းနည်းမိသည့်စိတ်၊
နောင်တစိတ်က ပေါ်လာတတ်သည်။ သို့ သော် ကလေးကိုတော့ ရိုက်ခဲ့ ပြီးပြီးမဟုတ်ပါလား။
ကလေးငယ်တစ်ယောက်၏ နှလုံးသားသည် အရာရာကိုသိချင်၏။ တတ်ချင်၏။ လေ့လာ၏။
စူးစမ်း၏။ အတုခိုး၏။ ဖန်တီးတတ်၏။ ပြီးတော့ သူလုပ်နိုင်သည်ဟု ချပြတတ်၏။ ပြီးတော့ အား
ပေးမှုကို မျှော်လင့်တတ်၏။ ကျန်သည့်အရာတွေကိုတော့ သေသေချာချာမသိ၊ မတွေးတတ်။
မိဘဟူသည် ကိုယ့်သားကိုယ့်သမီးကို ကောင်းတာ၊ တော်တာပဲ သိချင်၏။ မြင်ချင်၏။ တွေ့ 
ချင်၏။ ဖြစ်ချင်၏။ သို့ သော် သားသမီးတွေကို ဖြစ်စေချင်သည့် ပုံစံဖြစ်လာအောင် သွန်သင်
ပြုစုနိုင်သည့် နည်းလမ်းများကိုတော့ သိထားသင့်ပေသည်မဟုတ်လား။ တချို့ သိသည်။ တချို့ 
မသိ။ သိသူသည် နားလည်၏။ မသိသူကတော့ စိတ်မရှည်တတ်။ ထို့ ကြောင့်လေ့လာသင့်သည်
မဟုတ်ပါလား။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သည်ဆိုရာ၌ လွယ်သည့်ကိစ္စမဟုတ်ပေ။ အတ္တကိုအရင်
ခွာရ၏။ စိတ်ရှည်ရ၏။ သီးခံရ၏။ ဇွဲကြီးရ၏။ ဆင်ခြင်ရ၏။ ထိုအရာများသည် မိဘမေတ္တာဟူသော
စကားလုံးဖြင့်ထည်ဝါစွာဂုဏ်ယူနိုင်၏။ တန်ဖိုးကြီးလှ၏။ နှိုင်းတုလို့ မရပေ။ ထိုဂုဏ်များသည် မိဘ
ဖြစ်သူများအတွက် ဖြည့်ဆည်းရမည့်၊ ဖြည့်ဆည်းနေသည့်ပါရမီတရားများ မဟုတ်ပါလော့။ ဖြည့်
ဆည်းနိုင်ကြပါစေ။
ရိုက်ပြီးဆုံးမခံခဲ့ရသည့်ကလေးတစ်ယောက်၏ နှလုံးသားနှင့် မရိုက်ဘဲ ဆုံးမခံခဲ့ရသည့်ကလေး
တစ်ယောက်၏ နှလုံးသားမှာ တူညီနိုင်မည်မဟုတ်ပေ။ ရိုက်ပြီးဆုံးမခြင်းသည် မိဘမေတ္တာကို
ဖော်ပြ၏။ သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ကြောက်လန့် သွားအောင်ရှင်းမပြဘဲ နိုမ့်
ကွပ်အနိုင်ကျင့်ခြင်းပေတည်း။ ညင်ညင်သာသာပြောဆိုဆုံးမခြင်းသည် မိဘမေတ္တာကိုဖော်ပြ၏။
သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ပိုပြီးဖြူစင်သွားစေတတ်၏။ ပိုပြီးနူးညံ့သွားစေတတ်
သည်မဟုတ်ပါလား။ ပကတိ ဖြူစင်နေသည့် နှလုံးသားများကို လိုချင်သော အရောင်များဆိုးနိုင်
ကြပါစေ။
လူများလှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ရထားသည်ရပ်သွား၏။ ကျွန်နော့် နဘေးမှမိသားစု
လည်းမရှိတော့။ ကျွန်နော့်စိတ်သည် ဒုတိယမိ လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိ
လာသည်။ “ သြော်........ငါသွားမည့်ခရီးလည်း တစ်ဝက်ချိုးရာက်နေပြီကိုး”။
ညနေခင်းထဲ သူငယ်ချင်းအိမ်သို့ အလည်ခရီး။ ကျွန်နော့် စိတ်တစ်ခုလုံးသည် ကိုယ်ကျင့်
အဘိဓမ္မာစာတစ်အုပ်ထဲ နစ်မြုပ်လျက်။ ရုတ်တရက် ကလေးငိုသံတစ်ခု။ စာအုပ်ထဲနစ်မြုပ်
နေသည့် ကျွန်နော့်စိတ် လက်ရှိပတ်ဝန်းကျင်ထဲ ပြန်ရောက်လာ၏။ သေချာသည် ။ ကျွန်နော်
အိပ်မက်တစ်ခု မက်ခဲ့သည်မဟုတ်ပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 8:51 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Wednesday, June 22, 2011
မိုးရာသီထဲမှ တောသာလေး၏....
ပိုင်ဆိုင်၏။ ခွန်အားရှိသည့် မိုးစက်များကိုလည်းပိုင်ဆိုင်၏။ ရှင်းသန့် သည့် လေညှင်းကိုလည်းပိုင်
ဆိုင်၏။ ကျယ်ကျယ်လောင်လောင်ထစ်ချုန်းမှုကိုလည်းပေးတတ်၏။ မှိုင်းညို့ ညို့ ကိုလည်းဖော်ပြ
တတ်၏။ အလင်းရှိကြောင်းကိုလည်းပြတတ်၏။ မိုးဥတုသည် စွတ်စို၊စိုထိုင်း၊ အေးချမ်း၊ချမ်းအေး၊
လွမ်းဆွေး၊ သတိရ၊ တမ်းတ၊ နွေးထွေး အစရှိသည့်ခံစားမှုတွေကိုလည်းပေးတတ်၏။ အထူးသဖြင့်
မိုးဥတုသည် မိုးကိုချစ်တတ် သူနှလုံးသားပိုင်ရှင်များအတွက် ပိုပြီးပြည့်စုံ၊ပြည့်ဝ၊အသက်ဝင်လျက်
အရေးပေးဖော်ပြခြင်းဖြင့်ထင်ရှားနေသည်မဟုတ်ပါလား။
မိုးရာသီကိုကျွန်နော်ချစ်သည်။ ဘာကြောင့်ချစ်တာလဲဟု မေးခဲ့လျင် ကျွန်နော်မဖြေတတ်။
ဘာဖြစ်လို့ လဲဆိုတော့ ရင်ဘတ်ထဲကလာသော ချစ်သည်ဟူသည့်စကားလုံးသည် ကျွန်နော့်၏
ချစ်သည့်အကြောင်းစကားတစ်လုံးနှင့်ဖွင့်ဆိုခဲ့လျင် ကျွန်နော်ချစ်သည့် မိုးရာသီအပေါ် ကျွန်နော်
ချစ်သည့် “အချစ်” ဆိုသည့်အဓိပ္ဖါယ်လွဲသွားနိုင်ပါသည်။ဒါကြောင့်ချစ်သည် ဆိုသည့်အကြောင်းကို
စကားလုံးနှင့်အဓိပ္ဖါယ်မဖွင့်ချင်။ “ချစ်သည်” ဆိုသည့်စကားလုံးသည် တခါတရံမှာ အဓိပ္ဖါယ်ဖော်ဖို့ 
စကားလုံးမရှိ။ ဒီလိုဖော်ပြဖို့ စကားလုံးမရှိသည်ကိုက ကျွန်နော် မိုးရာသီကို ချစ်သည်ဆိုသည့်
အဓိပ္ဖါယ်ကို ကိုယ်စားပြုနေခဲ့ပြီ။ ထိုကြောင့် မိုးရာသီကို ချစ်တတ်သူ နှလုံးသားပိုင်ရှင်များသည်
ကျွန်နော် မိုးရာသီကို ဘာကြောင့်ချစ်သည်ဆိုသည့်အဓိပ္ဖါယ်ကို ပိုပြီးသိလိမ့်မည်ဟုထင်ပါ၏။
တချို့ သည် ဆောင်းကိုချစ်၏။ တချို့ သည် နွေကိုချစ်၏။ ကျွန်နော် မိုးကိုချစ်သည်။
ဆောင်းကိုချစ်တတ်သူနှင့် ကျွန်နော်တွေ့ လျင် အမြင်တစ်မျိုးရ၏ ။ နွေကိုချစ်တတ်
သူနှင့် ကျွန်နော် တွေ့ လျင် ရသတစ်မျိုးရ၏။ မိုးကိုချစ်တတ်သူနှင့်ကျွန်နော်တွေ့ လျင်
ခံစားမှုတွေမျှဝေတတ်လာ၏။ အမြင်တွေ၊ ရသတွေ၊ ခံစားမှုတွေမျှဝေရင်း ကျွန်နော်
အတွေးတွေကို ချရေးတတ်လာသည်။
ကောင်းကင်ပေါ်မိုးရိပ်တွေတက်လာပြီ။ လေတဖြူးဖြူးတိုက်လာပြီ။ လောက၀န်းကျင်
မှောင်လာပြီ။ ပတ်ဝန်းကျင်သည် ငြိမ်သက်အေးချမ်းလာပြီဆိုရင် ကျွန်နော်စိတ်သည်
အေးချမ်းလာ၏။ တစ်စုံတစ်ရာကိုလွမ်းလာ၏။ ပျော်သလိုလို၊ ၀မ်းနည်းသလိုလို ဖြစ်လာ
၏။ ဒီလိုခံစားမှုများသည် သည်လိုအချိန်ကျမှ ပေါ်ပေါက်လာတတ်သည်။ မိုးမရွာခင်ဖြစ်
ပေါ်လာသည့် ခံစားမှုကိုကျွန်နော်ချစ်တတ်လာပြီ။ သို့ တဆက်တက်၍ မြတ်နိုးတတ်
လာပါသည်။ ထို့ အတူ ညိုးနွမ်း သစ်ပင်လေးတွေဆို ဘယ်လောက်ပျော်နေလိုက်မလဲ။
မိုးစက်လေးများ တဖြောက်ဖြောက်ကျလာပြီ။ ပြီးတော့ တဖြည်းဖြည်းသည်းလာပြီ။
ပြီးတော့ တဝေါဝေါနှင့် မိုးရွာချလာပြီဆိုရင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးစိုထိုင်းသွားပြီ။
စွတ်စိုသွားပြီ။ မြေပြင်ရှိညစ်ဌေးမှုများ မိုးရေနှင့်အတူ စီးဆင်းသွားပြီ။ အဲဒီအချိန်လေး
ဆို “ ဘယ်လောက် ဖြူစင်သန့် ရှင်းလိုက်သည့် လောကဖြစ်နေမလဲ” ကျွန်နော်သိသည်။
အဲဒီအချိန်ဆို ကြည်လင်၏။ သန့် ရှင်း၏။ အေးချမ်းလှ၏။ လောကရှိ သစ်ပင်လေးများ
အညစ်အကြေးကိုယ်စီခါချလျက် ခေါင်းတညိမ့်ညိမ့် လုပ်နေပုံများ လှပလွန်း၏။
ဒီအချိန်ဆို ပျော်သည့်စိတ်နှင့်အတူ ကျွန်နော်မိုးရေထဲ ထွက်ကစားပြီ။ ပူလောင်နေ
သည့် ခန္ဒာအပေါ်ကျလာသည့် ချမ်းအေးသည့် မိုးစက်လေးများ။ ရှင်းသန့် မှု့ ၊ကြည်နူး
မှု့ ၊ချမ်းအေးမှု့ ၊ ငြိမ်းအေးမှု့ တို့ ပေါင်းစည်းလျက်ပေါ့။ ဒီလိုအချိန်လေးမှာ ကျွန်နော်
စိတ်တင်းကျပ်မှုမှ လွတ်မြောက်လျက်။ ကျွန်နော့် စိတ်နှင့် ခန္ဒာသည် လွတ်လပ်ပေါ့ပါး
လိုက်သည်ဖြစ်ခြင်း။ ဒီလိုခံစားမှု့ မျိုးကို ကျွန်နော်ချစ်သည်။ သို့ တဆက်တက်၍ မြတ်
နိုးတတ်လာပြီလေ။ “မိုးရွာသည့်အချိန် မိုးရေထဲထွက်ပြီး စိတ်နှင့်ခန္ဒာကို ဖြေလျော့ကြည့်
စမ်းပါ မိတ်ဆွေ။ ပြီးတော့ သစ်ပင်လေးတွေ မိုးရေချိုးရင်း ပြုံးနေသည်ကို စူးစမ်းကြည့်
စမ်းပါ။ ရေစိုနေသည့် ကိုယ်ထည်နှင့် ရှက်နေတတ်သည့် အပြစ်ကင်းစင်သောသဘာဝ
အလှကို မြင်နိုင်ပါရဲ့ ။”
ကျွန်နော် ဒီလို မိုးရေထဲ ကစားရင်း ရင်ထဲက ထွက်ပေါ်လာသည့် ပျော်ရွှင်မှု့ ၊ကျေနပ်
မှု့ ၊ လွတ်လပ်မှု့ တွေက မိုးစက်၊ မိုးပွင့်တို့ နှင့်အပြိုင်၊ မိုးသံလေသံတို့ နှင့်အပြိုင်ပေါ့လေ။
မိုးရေထဲမှာ ကျွန်နော် ရေဖွေးနေသည့်မြေပြင်အပေါ် ပက်လက်အိပ်သည်။ ဟိုဖက်သည်
ဖက်လူးလိမ့်သည်။ ဂျွမ်းထိုးသည်။ ထိုင်သည်။ ရပ်သည်။ ကိုင်းသည်။ ကွေးသည်။ခုန်သည်။
မိုးစက်လာရာ ကောင်းကင်ကို မော့ကြည့်သည်။ သူငယ်ချင်းတွေနှင့်အတူ ပျော်ရွှင်မှုတွေ
ကို အော်ဟစ်ဖော်ပြသည်။ ဒါကတော့ ကျွန်နော် ငယ်ငယ်က မိုးရေထဲ လွတ်လွတ်လပ်
လပ် ပျော်ရွှင်ခဲ့ သည့် အတိတ်မြင်ကွင်းတစ်ခု။ ကလေးများ၏ ဖြူစင်သန့် ရှင်းမှု့ ၊ပေါင်း
စည်းနိုင်မှု့ ၊တူညီသည့် ခံစားမှု့ ကိုယ်စီနှင့် အထိန်းအချုပ်မရှိ ပျော်ရွှင်မှု့ တွေပေါ့လေ။
ကလေးလေး တွေကို ပေးစွမ်းနိုင်ပါစေ။
“ ဂျိမ်း......ဒိန်း...ဒလိန်း..............”
တဝေါဝေါ တဖြောက်ဖြောက်နှင့်အတူ မိုးကြမ်းလာပြီဆိုရင်..........
“ မိုး မိုး ဘာကြောင့် ရွာ....ဖားအော်လို့ ရွာ။
ဖား ဖား ဘာကြောင့်အော်...မြွေကိုက်လို့ အော်။
မြွေ မြွေ ဘာကြောင့်ကိုက်...အစာငတ်လို့ ကိုက်။ ......”
ဆိုသည့် အဲသည်လို ကဗျာတွေအော်ဆိုကြလေရဲ့။ အရွယ်တူ သူငယ်ချင်းတွေနှင့်
အတူပေါ့။ အဲဒီအချိန်တုန်းကဆို ကဗျာတို့ သီချင်းတို့ ကို စိတ်လွတ်လပ်မှု့ ကတဆင့်
ပျော်လို့ စိတ်ကျေနပ်လို့ အော်ဆိုခဲ့ ကြာတာလေ။ တပိုင်းတစတွေပေါ့...ဒီတပိုင်း
တစ တွေကလည်း ဘယ်က ဘယ်လိုတတ်လာမှန်းမသိခဲ့ ဘူးလေ။ ကလေး များ၏
ပျော်ရွင်မှု့ နှင့်သီကျူးသံများ နားဆင်နိုင်ပါစေ။
မိုးရေထဲ အနေကြာလို့ နည်းနည်းချမ်းလာပြီဆိုရင်တော့ အဖေ၊အမေတို့ ၏ခေါ်သံ
ထွက်ပေါ်လာစမြဲ။.......“ သား.....လူလေး.....” ဘာညာပေါ့။
..”လာ ....နားတော့.....ဖျားတော့မယ်....တော်တော့ ကစားတာ....” ဘာညာပေါ့လေ။
အဲဒီအချိန်က အဖေ၊ အမေ တို့ ၏မေတ္တာကို မသိခဲ့ ပါဘူး။ ပျော်နေတာကို “တားတယ်၊
ဆီးတယ်....၀အောင် တောင် မကစားရဘူး ”ဆိုပြီး တွေးနေခဲ့ သပေါ့။ အဖေ၊အမေတို့ 
က မိုးရေထဲ ကစားတာ နားခိုင်းသည့်အချိန်ဆို ကျွန်နော် အပါအ၀င်သူငယ်ချင်းတွေ
အော်ဆိုကြတာက........“ မိုး ရွာရင် မိုးရေချိုးမယ်...
......ဖေဖေလာရင်အုန်းသီး ခွဲစားမယ်....
.......မေမေလာရင် နို့ စို့ မယ်........” တဲ့ ။
ကျွန်နော်လည်း မမှတ်မိတော့ပါဘူး။ ဒီလိုကဗျာတစ်ပိုင်းတစ်စတွေ ဘယ်လိုတတ်လာသလဲ
ဆိုတာကိုပေါ့။ ဒီလို အော်ဆိုပြီးရင် အိမ်တံစက်မြှိတ်ကကျနေသည့်ရေတံလျောက်ကမိုးရေ
ကို ခေါင်းမော့ချိုးပြီးတာနှင့် အိမ်ထဲဝင်တော့တာပဲ့။ လူကချမ်းလို့ တုန်နေပြီ။ နှုတ်ခမ်းတွေ
ပြာနေပြီ။ လက်ချောင်းတွေပိန်ကုန်ပြီ။ မိုးထဲရေထဲ ကစားချင်သည့်စိတ်ကမကုန်သေးဘူး။
အဲသည်လောက်ထိ မိုးရာသီကိုချစ်တာ၊ မိုးကိုချစ်တာ၊ မိုးရွာတာကိုချစ်ခဲ့တာလေ။ တွေး
ကြည့်ပေါ့။ “ ဘယ်လောက်ပျော်ရွှင်ကြည့်နူးဖို့ ကောင်းတဲ့ ကလေးဘ၀နှင့်မိုးရာသီကိုပေါ့။
အဲဒီကတည်းက မိုးရာသီကို ချစ်တဲ့ စိတ် အမြတ်တွယ်ခဲ့ လေသလားမသိ။
အိမ်ထဲရောက်တော့ ခေါင်းကိုခြောက်အောင်အ၀တ်နှင့်သုပ်၊နွေးထွေးသည့်အ၀တ်ကို
ဝတ်ပြီး အမေကျွေးသည့် ထမင်းပူပူနွေးနွေးကိုစားရတာကရော အမေ့ မေတ္တာနှင့်အတူ
ရောနှယ်ထားသည့်အာဟာရ၊ စိတ်ကျေနပ်စွာစားရသည့်ကျွန်နော့်အတွက် အိမ်အပြင်
ဖက်က တဝေါဝေါရွာနေသည့် မိုးသံ၊လေသံ၊ရေဖွေးဖွေးမြေပြင်၊ စိမ်းလန်းနေသည့်သစ်ပင်
များလှုပ်ရှားမှု၊ ရှင်းသန့် သည့်လေညှင်းကိုရှူရှိုက်ရင်း အဖေ၊အမေတို့ ၏ မေတ္တာနွေးနွေး
အောက်မှာ နေထိုင်ရသည့်ကလေးငယ်တစ်ယောက်၏ ဘ၀ဟာ မိုးရာသီနှင့်အတူ ထင်ရှား
စွာ အဓိပ္ဖါယ်ပြည့်ဝခဲ့တာပေါ့။
မိုးသံလေသံနားထောင်ရင်း၊ ရှင်းသန့် လေညှင်းတွေကိုရှူရှိုက်ရင်း မိုးရေထဲကစားခဲ့
သည့်နွမ်းနယ်မှုတွေနှင့်အတူ ခန္ဒာပြေလျော့ရင်း အိပ်ယာထဲ ခေါင်းချလိုက်တာနှင့်
အိပ်ပျော်သွားတာပါပဲ့ လေ။ ကျွန်နော် အိပ်ပျော်သွားသည့်အချိန်ဆို အမေက အဖေ့ ကို
“ မိုးရေထဲ ကစားတာ ကြပ်ကြပ်ခွင့်ပြု.....ဖျားရင်ဘယ်လိုလုပ်မလဲ ” ဆိုပြီး ဂရုဏာဒေါသ
နှင့်ပြောနေကျအသံက မိုးရာသီကုန်မှပဲ ပျောက်ကွယ်သွားတတ်လေရဲ့။ ဒါပေမယ့်
ကျွန်နော် တစ်ခါမှ မဖျားခဲ့ ဘူး၊ နေမကောင်းမဖြစ်ခဲ့ဘူး၊ မိုးရေထဲကစားလို့ ပေါ့လေ။
အလုပ်လုပ်နိုင်သည့်အရွယ်ဆိုရင်လည်း လယ်ယာလုပ်ငန်းမှာ အဖေ့ ကိုကူရင်း မိုးရာသီ
ထဲမှာ ပျော်ခဲ့ တာပါပဲ့ ။ မိုးရာသီ လယ်လုပ်ရင်း အလုပ်ခွင်ထဲ မိုးသံ၊လေသံ၊ ထစ်ချုန်းသံ
တွေနှင့်အပြိုင် လယ်ထွန်ရင်း၊ သံရှည်ဆွဲ သီချင်းငြီးရင်း၊ လယ်နားနီးခြင်း သူငယ်ချင်းတွေကို
အော်ပြောနောက်ပြောင်ရင်း မိုးနှင့်အပြိုင် အလုပ်ကိုကြိုးစားခဲ့ ရတာပေါ့လေ။ ဘာဖြစ်လို့ လဲ
ဆိုတော့ မိုးက အချိန်ကျရွာတယ်၊ လယ်ကလည်းဒီအချိန်ကျမှလုပ်ရတယ်ဆိုတော့ အလုပ်က
ဒီအချိန်ကျမှမပြီးရင် ဘယ်လိုလုပ်မတုန်း။ လယ်နားနီးခြင်း ဘ၀တူသူငယ်ချင်းတွေ၏အော်သံ၊
ငေါက်သံ၊ သီချင်းငြီးသံ၊ဆိုသံ တွေကိုနားထောင်ရင်း ကိုယ်တိုင်လည်း ဆိုရင်း၊ ငြီးရင်း ၊စရင်း၊
နောက်ရငှ်းနှင့်မိုးတွင်းလယ်ယာလုပ်ငန်းခွင်က မိုးရေတွေနှင့်အတူ စိုစွတ်လှသပေါ့လေ။ “
ကျွန်နော်လည်း မောရမှန်းကိုမသိဘဲ မိုးနှင့်အပြိုင်လုပ်ကိုင်ရင်း ဘ၀တူသူငယ်ချင်းတွေနှင့်
လယ်ကွင်းထဲ ပွဲစည်ခဲ့တယ်လေ။ ဒါကတော့ အဖေ့ကိုကူရင်း လယ်လုပ်ခဲ့ သည့်အချိန်က
ိမိုးရာသီ လယ်လုပ်ခဲ့ သည့်အတွေ့ အကြုံဒါမှမဟုတ် မိုးရာသီနှင့်ရင်းရင်းနှီးနှီးရှိနေခဲ့သည့်
အတိတ်ထဲက မိုးရာသီနှင့် လယ်လုပ်ငန်း။ မိုးရာသီမှာ လယ်လုပ်ခြင်းဟာ တောသား
လေး ကျွန်နော်အတွက် အရမ်းကို တန်ဖိုးရှိခဲ့ ပါတယ်လေ။
ကျွန်နော်အခု မိုးရာသီနှင့်ကွဲကွာနေတာ နှစ်နှစ်တောင်ကြာနေခဲ့ ပြီ။ မိုးရှားသည့်ဒေသတစ်ခု
၏ အလုပ်ခွင်ထဲမှာနေရင်း မိုးကိုတမ်းတရင်း၊ မိုးကိုလွမ်းရင်း ရွာမှာရှိသည့် အိမ်သို့  လွမ်းလျက်။
ဒီလိုနှင့် မိုးရွာသည့်နေ့ တစ်နေ့  အိမ်သို့ ဖုန်းဆက်ဖြစ်ခဲ့ ၏။ အဖေ ဖုန်းလာကိုင်၏။
ကျွန်နော် အဖေ့ ကို မေးလိုက်သည်။
......“ အဖေ နေကောင်းကျန်းမာရဲ့လား.........မိုးရာသီရောက်နေပြီမဟုတ်လား....
မိုးရောရွာရဲ့လား.....လယ်တွေရောလုပ်နေပြီလား.............” လို့ ပေါ့။
အဖေက..............လေသံလေးလေးနှင့်
“..........အေး..........သား အဆင်ပြေရဲ့လား.......အခုအဖေတို့ ဆီမှာမိုးတော်တော်ရွာနေပြီ
......လယ်တွေလည်းလုပ်နေပြီ .....”တဲ့ ။......ဒါပေမယ့်.........သားရေ ........
အဖေတို့ လယ်ကွင်းတွေထဲမှာ အရင်လို မစည်တော့ဘူး။ ပျော်စရာမကောင်းတော့ဘူး....”တဲ့ ။
“ ဘာဖြစ်လို့ လဲ အဖေ.............”
ကျွန်နော်ပြန်မေးလိုက်တော့..........“ ဒီလိုသားရေ...........
အခု လယ်ကွင်းတွေထဲမှာ မိုးသံလေသံနှင့်အပြိုင်အဆိုင်လုပ်နေတာကတော့ လူတစ်ယောက်နှင့်
စက်တစ်လုံး.....လယ်ဆယ်ဧကကို နိုင်နိုင်နှင်းနှင်းလုပ်နေကြပြီ..လယ်ကွင်းတွေထဲ စက်သံတညံ
ညံနှင့် အရင်လို လူသံတွေနှင့်မစည်ကားတော့ဘူးသားရေ.........လယ်ကွင်းထဲမှာ လူလည်းသိပ်
မရှိတော့ဘူး။။။။။။။။။။ကျွဲနွားတွေကိုလည်းသိပ်မသုံးတော့ဘူး..သားရေ..........”တဲ့ ။
သြော်.........ဒီလိုကိုး.............ဆိုပြီးတော့ ကျွန်နော့် အတွေးမှာတော့ ရွာနှင့်ကင်းကွာခဲ့သည့်
နှစ်နှစ်အတွင်း ရွာအခြေအနေ တော်တော်ပြောင်းလဲသွားပါလား။ ရွာက လယ်ကွင်းတွေထဲမှာ
လည်း ပြောင်းလဲသွားကြပါလား။ အရင်က လယ်ကွင်းတွေထဲ လူသံ၊ကျွဲနွား အော်သံ၊ မိုးသံလေသံ
တွေနှင့် ညံစည်နေသည့်နေရာမှာ စက်သံတညံညံတွေအစားထိုးဝင်ရောက်လာပါလား။
အဖေ ပြောမယ်ဆို ပြောစရာပါပဲ့ လေ။ဒီလိုနှင့် ကျွန်နော် စိတ်ထဲ ပျော်သလိုလို၊၀မ်းနည်းသလိုလို
ခံစားမှုဖြစ်ပေါ်လာပါတော့တယ်လေ။
ပျော်သလိုလိုဆိုတာက ကျွဲနွားတွေနှင့်ရုန်းကန်လုပ်ရှားရသည့်နေရာမှ စက်မှုထွန်းကား
ထိုးဖောက်ဝင်ရောက်လုပ်ကိုင်လာတယ်ဆိုတော့ အရင်လိုမပင်ပန်းတော့ဘူးပေါ့လေ။ ၀မ်းနည်း
သလိုလို ဆိုတာက ကျွဲနွားတွေနှင့်ရုန်းကန်လုပ်ရှားနေသည့် မြင်ကွင်းပျောက်ကွယ်သွားတော့
မည်.။ ပြီးတော့...........ပြီးတော့...........အဖေအတွက်..........အဖေ့အတွက်....
လယ်ထွန်စက်တစ်လုံး..............။
မိုးရာသီကို ရောက်နေပြီ.........အိမ်မှာလယ်လုပ်နေကြပြီ။ကျွန်နော် အိမ်နှင့်အဝေးကို
ရောက်နေသည်။ အဖေအမေကို လွမ်း၏။ အခုမိုးတွေရွာနေပြီ။ ငယ်ငယ်တုန်းက မိုးရေထဲ
ကစားခဲ့ ဖူးသည့်မြင်ကွင်းတွေကိုပြန်မြင်လာသည်။ ပြန်မြင်လာတိုင်း.........
မိုးရာသီကိုချစ်သည့်စိတ်။ မိုးကို မြတ်နိုးသည့်စိတ်တွေဟာ ညိုးနွမ်းသစ်ပင်လေးများ
မိုးကိုတမ်းတသည့်စိတ် ထက်ပိုမည်ဟုတွေးလျက်။ ရင်ထဲ ......................ပေါ့လေ။
......................မိုးကိုချစ်တတ်ကြပါစေ...................................................။
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 6:56 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Saturday, October 23, 2010
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လ၊ လပြည့်နေ့ ၊စနေနေ့အမှတ်တရ
ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံသီးသီး၌ ထူးခြား၊ထင်ရှားသည့်ပွဲတော်များရှိကြလေသည်။ ဤပွဲတော်များသည် တိုင်းနိုင်ငံပေါ်၌ မှီတင်းနေထိုင်ကြကုန်သော လူမျိုးများ၏ ယုံကြည်မှု၊ စိတ်ခံစားချက်များကို လွမ်းမိုးသော ဓလေ့များနှင့်အတူ ဖော်ပြကျင်းပကြလေသည်။ ထိုဓလေ့များသည် ထိုလူမျိုးများ၏ အကျင့်စာရိတ္တ၊ ယဉ်ကျေးမှုအဆင့်အတန်း၊ တန်ဖိုးထားမှုတို့ဖြင့် ထင်ဟပ်နေလေရာ ထိုပွဲတော်များသည် ထိုလူမျိုးတို့အတွက် အသက်တမျှ တန်ဖိုးကြီးလေသည်။ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများထဲမှ အရှေ့ တောင်အာရှတွင်ရှိသော မြန်မာနိုင်ငံသည် THE COUNTRY OF FESTIVALS ဟု ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားလေသည်။
တစ်ချို့အဖြစ်အပျက်များသည် ပြုလုပ်ပြီးတာနှင့်ကြာလာတော့ ပြုလုပ်သူတို့အတွက် နေ့ထူးနေ့မြတ်တွေ ဖြစ်သွားကြသည်။ တချို့အဖြစ်အပျက်တွေသည် ပြုလုပ်သူတို့အတွက် အမှတ်တရ မေ့မရသည့်နေ့တွေဖြစ်လာကြသည်။ တစ်ချို့အဖြစ်အပျက်တွေသည် မေ့လို့မသွားအောင် အမှတ်တရဖြစ်နေအောင် ပြုလုပ်ကျင်းပကြလေသည်။ ထိုသို့ ပွဲတော်များပြုလုပ်ကျင်းပကြရာတွင် ပညာရှင်များသည် သူတို့ လက်ခံသိရှိထားကြသည့် အတွေးအမြင်၊ ခံစားချက်တွေနှင့် မှတ်တမ်းတင်သည်။ မှတ်ထားကြသည်။ လက်ဆက်ကမ်း ဟောပြောကြသည်။
မြန်မာလူမျိုးအများသည် အခမ်းအနားအပြောင်းအလဲများ၊ ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ဆင်ယင်ကျင်းပရာတွင် နေ့ထူးနေ့ရက်တွေ၊ အခါကောင်း အချိန်ကောင်းတွေ ဟုသတ်မှတ်ထားသည့် အချိန်အခါ နေ့ရက်မျိုးတွင် ပြုလုပ်ကျင်းပကြလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူမျိုးအများသည် မှတ်တမ်းမှတ်ရာများကို ပေတို့၊ စာတို့ဖြင့်ရေးမှတ်ရမည်ကို အလွန်ပျင်းလှသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် မှတ်ရလွယ်သော၊ နေ့ထူးနေ့ရက်တွေ၊ ထု့ခြားသည့် နေ့ရက်တွေမှာ ပွဲလမ်းသဘင်များပြုလုပ်ကြလေသည်။ ထိုသို့လုပ်ခြင်းဖြင့် လက်ဆက်ကမ်းမှတ်သားဖို့ ထိုလူမျိုးများအတွက် ပို၍လွယ်ကူသောကြောင့်၊ ပို၍မှတ်မိသောကြောင့် ဖြစ်လေသည်။
ပွဲတော်များဟုဆိုရာတွင် မြန်မာလူမျိုးများ၌ သုံးမျိုးသုံးစား ရှိလေသည်။ ဘာသာရေးနှင့် စပ်ဆိုင်သောပွဲတော်၊ ရိုးရာယုံကြည်မှုအတိုင်းဆင်နွဲသည့်ပွဲတော်၊ ရာသီအလိုက်ဆင်နွဲသည့်ပွဲတော် ဟူ၍ ခွဲခြားလို့ ရလေသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်။
ဒီကနေ့ သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လ၊ လပြည့်နေ့ ၊ စနေနေ့ ၊ 2010 October 23 ရက်နေ့ဖြစ်လေသည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက် အမှတ်တရ၊ အဖိုးမဖြတ်နိုင်သည့် ကုသိုလ်အပေါင်း စုပေါင်းလုပ်ဆောင်ကြသည့်နေ့ ဖြစ်လေသည်။ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် မီးများထွန်းညှိပူဇော်ခြင်း၊ ဓမ္မတရားများရွတ်ဖတ်ခြင်း၊ အလှူအတန်းလုပ်ခြင်း၊ သက်ကြီးရွယ်အိုများအားပြုစုခြင်း၊ ကန်တော့ခြင်း၊ မာန်ကိုချ၍ သီးခံမှုများဖြင့် တစ်ရက်တိတိ အဓိဌာန်ဝင်ကြခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်း၊ သီတင်းကျွတ်မုန်များ စုပေါင်းပြုလုပ်ခြင်း၊ ဆွေမျိုးညာတကာထံသွားရောက်လည်ပတ်ခြင်း၊ လက်ဆောင်ဖြင့်ကန်တော့ခြင်း၊ မရှိဆင်းရဲသားများကိုပေးကမ်းလှူဒါန်းခြင်း၊ မီးပုံးပျံများ လွတ်တင်ပူဇော်ခြင်း၊ ဒီနေ့သည် ပျော်ရွင်မှုအပြည့်၊ ကြည်နူးမှုအပြည့်ဖြင့် ဒီနေ့သည် ထင်ရှားသော တစ်နှစ်အတွက် အမှတ်အသားတစ်ခု ဖြစ်လေသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါတော်ကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားအား အမူးပြု၍ စကြ၀ဋ္ဌာနေရာအနှံ့မှ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။
ထိုအချိန်၌ လူအပေါင်းသည် မီးများထွန်းညှိပူဇော်၍ ကြိုဆိုကြလေသည်။ ဤသီတင်းကျွတ်လပြည့်နေ့သည် ဘုရားရှင်သည် မွေးမိခင်ကျေးဇူးကို ဆပ်နိုင်သည့်နေ၊ သံဃာတော်များ ၀ါတွင်းသုံးလလုံးလုံး သီတင်းသုံးရာနေရာမှ အခြားနေရာသို့ တရားဒေသနာတော်များ ကြွချီဖြန့်ဝေနိုင်သည့်နေ့ ကုသိုလ်အပေါင်းကိုအားထုတ်သည့်နေ့ ဖြစ်နေသည့်အတွက် အထူးမွန်မြတ်စွာ တန်ဖိုးရှိစွာ၊ အဓိပါယ်ရှိစွာ၊ ပြည့်ဝစွာ ရှိနေတည်နေသော နေ့ရက်နေ့မြတ် ဖြစ်လေသည်။
ထိုကြောင့် ဤနေ့၊ ဤရက်၊ ဤအချိန်၊ ဤကာလသည် ဤသီတင်းကျွတ်မီးထွန်းပွဲတော်တွင် မြန်မာတို့၏ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားတတ်သော ၊မာန်မာနကို နိုမ့်ချလျက်၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သော၊ ယဉ်ကျေးသိမ့်မွေ့သော စိတ်နေစရိုက်သဘောထား၊ နိုင်ငံနှင့်လူမျိုးဂုဏ်၊ အမျိုးသားရေးဂုဏ်ကို မြင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာနှင့်အညီ ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံးတို့ပေါ်တွင် ထင်ဟပ်စေလျက် ထင်ရှားသောပွဲတော်ဖြစ်လာခဲ့သည်မှာငြင်းလို့မရပေ။ ထို့ကြောင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွားနိုင်သော၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် အေးချမ်းသည့် ဘ၀များဖြင့် နေထိုင်နိုင်ကြပါစေဟု စာဖတ်သူများနှင့်တကွ ဆက်နွယ်သူအပေါင်း သီတင်းကျွတ်လတွင် အမှတ်တရ ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။
အေးချမ်းကြပါစေ…….
ပညတ်တရားပေါ်အခြေခံပြီး အမှန်အသိများပိုင်ဆိုင်ကြပါစေ..
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 7:09 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Friday, October 22, 2010
၂၁၊၁၀၊၂၀၁၀။ ဒီကနေ့ .....
ထမ်းဆောင်ခဲ့သည်။ သူ့ ကိုလေးစားပါ၏။ သူ့ ဆိုတာ သူရဲ့ ခန္ဒာကိုယ် ကိုမဟုတ်။ သူ၏ နှလုံးသားထဲက မွန်မြတ်သည့် စိတ်ကို ။သူရေးဆွဲခဲ့သည်။ သူလျှောက်လမ်း ခဲံသည်။ သူ၏ အားနည်းချက်၊ အားသာချက်၊ အမှား၊ အမှန် တွေအများကြီးပြသ ခဲ့ပြီ။ သူ၏ အမှားအမှန်များသည် အမှန်တွေလား အမှားတွေလားဆိုသည်ကို အချိန် က ဆုံးဖြတ်သွားလိမ့်မည်။သေချာတာကတော့ မွန်မြတ်သော စိတ်စေတနာများ စိုက်ထူခဲ့သည့် သူ၏သမိုင်းကို မေ့လို့ ရမည်မဟုတ်ပေ။ ၂၊မွေးဖွားသူငယ်=ဆာလောင်မှုနဲ့ အတူ ပြင်းပြသောစိတ်နှင့်လောကထဲဝင်ရောက် လာသူ သူငယ်လေး သို့ မဟုတ် ခလေး။ သူသည် လောကအကြောင်း ဘာမှမသိ။ ပူသည်၊ အေးသည်၊ စားမည်၊အိပ်မည်ပဲ့ သိသည်။သူ၏ခေါင်းသည်ကြီး၏။ ရင်ဘတ် သေးငယ်၏။ခန္ဒာကိုယ်သည် ပျော့ဖတ်ဖတ်။ သူ၏ခြေဖ၀ါး၊လက်ဖ၀ါးများသည် သေးငယ်လှ၏။ သို့ သော် သေးငယ်သော လက်ဖ၀ါးများသည် အနာဂတ်မှာ လူထုအကျိုးကို ဆုပ်ကိုင်နိုင်သူဖြစ်လာနိုင်သည်။ သေးငယ်သော ခြေဖ၀ါးသည် အနာဂတ်မှာလောကလမ်းကို ရှင်းလင်းစွာ ဖောက်ထွင်းလမ်းပြနိုင်သူ ဖြစ်လာနိုင် သည်။ သူ၏ ဦးခေါင်းထဲ အသိဥာဏ်နှင့် ယုံကြည်မှု၊ မယုံကြည်မှုတို့ ကို ထည့်သွင်း ပေးရလိမ့်မည်။ထည့်သွင်းပေးထားသည့်အရာများကို ဖောက်ထွက်နိုင်အောင် သင်ကြားပေးရမည်။ မာယာနှင့်အတူ ရက်စက်မှုကို ပြောပြရမည်။ တည်ငြိမ်မှု နှင့်အတူ နူးညံ့သော နှလုံးသားတစ်ခုရှိနေကြာင်းပြောပြရမည်။ သူ၏ ခန္ဒာကိုယ် သည် အကောင်းအဆိုး ကိုခြုံရင်း လောက ကို လဲလျှောင်းအိပ်စက်နိုင်လာသူ ဖြစ်စေရမည်။ အပြောင်းအလဲ သို့  အလံအို=နိုင်ငံတစ်ခု၏ အမှတ်အသား၊ဦးညွတ်ရာ သို့ မဟုတ် အသက်ဆိုသည့်ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့သော အလံတစ်ခု အနားယူသည့်နေ့ ။ လူထု ဦးညွတ်ခဲ့ သည်။ ဒီကနေ့ အထိ(၂၁၊၁၀၊၂၀၁၀)၊။ နိုင်ငံတစ်ခု အပေါ်မှ မားမားမှတ်မှတ်ရပ်တည်လျက် ကမ္ဘာ အလယ်မြန်မာဟု ဥဒါန်းကျူးအောင် သက်သေတည် သမိုင်းထိုးခဲ့ပြီ။ အနီ၊အပြာ ကာလာပေါ် ကြယ်ဖြူဆယ့်လေး လုံးဝန်းရံထားသည့် စက်ဝန်းထဲ စပါးနှံနှင့်အတူ အဓိပါယ်ပြည့်ဝစွာနိုင်ငံဂုဏ် ကိုထည်ဝါစေခဲ့ပြီ။ ပြောင်းလဲ ခေတ်ရေစီထဲမျှောရင်း လူထု၏ ပျော်ရွှင်မှု ၊၀မ်း နည်းမှုတို့ ကို သက်သေပြုရာ၊ အသိအမှတ်ပြုရာ အမှတ်အသားဖြစ်ခဲ့ပြီ။ စိတ်` ဓါတ်တွေ၊ ခွန်အားတွေ ဖော်ပြရင်းနဲ့ အမြဲမတည်မြဲ ဆိုသည့် သဘောအတိုင်း ဒီကနေ့  (၂၁၊၁၀၊၂၀၁၀) အနားပေးလိုက်ပြီ။ သို့ သော်...လူထုနှလုံးသားထဲ ခိုင်ခံ့ထည်ဝါစွာ၊ အဓိပါယ်ပြည့်ဝစွာ နဲ့ အလံအို ကိုဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ အပြောင်းအလဲ သို့  အလံအသစ်=မွေးကတည်းကနေ ဒီကနေ့ အထိ(၂၁၊၁၀၊၂၀၁၀) အလံအိုအောက်မှာကြီးပြင်းလာသော လူထုအတွက် အလံသစ်သည် ခံစားမှုစိမ်းနေ၏။ လူထုအတွက်စိမ်းနေသေးသည်။ စောင့်ကြည့်ခြင်းခံယူ၍ ရင်းနှီးလာလိမ့်မည်။ လှုရှား ပြောင်းလဲနေသည့်ခေတ်အချိန်အတွင်း အလံအသစ်ရဲ့ လက်ထက်ဘာတွေပြောင်းလဲ လာလိမ့်မနည်း။ အ၀ါ၊အစိမ်း၊အနီ သုံးရောင်ကာလာတန်းအလယ်ကြယ်ဖြူကြီးကြီး တစ်လုံး မားမားဝံ့လျက် ရုတ်တရက် လူထုအတွက် သူစီမ်းဖြစ်နေပြီ။ နိုင်ငံ၏အထိမ်း အမှတ်၊ လူထု၏ အသိအမှတ်ပြုရာ တာဝန်ကို ဒီကနေ့ (၂၁၊၁၀၊၂၀၁၀) မှာယူလိုက် ပြီ။ အခုချိန်ကအစ လာမယ့်အနာဂတ် ခေတ်အချိန်အတွင်း လူထု၏ပျော်ရွှင်မှုများ၊ ဒါမှမဟုတ် လူထု၏ ၀မ်းနည်းမှုများ ဒါမှမဟုတ် ဘယ်လို သမိုင်းရေးထိုးမလဲဆိုသည် ကို စောင့်ကြည့်လျက် အလံသစ်ရေ....ပြောင်းလဲမှုများစ လိုက်ကြပါစို့ ........။
ဒီကနေ့ ခလေးတစ်ယောက် မွေးဖွားလာခဲ့သည်။
ဒီကနေ့ အမိမြန်မာနိုင်ငံတော်အလံ ပြောင်းလဲသည့်နေ့။
ဒီကနေ့ လူတစ်ယောက်သေဆုံးသွားခဲ့သည်။
ဒီကနေ့ သည် အတိတ်၊ ပစ္စုပ္စန် ၊အနာဂတ် သုံးရပ်လုံးပြည့်စုံနေခဲ့လေပြီ။
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 9:03 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Friday, July 9, 2010
ကမ္ဘာကြီး ပူနွေးလာသတဲ့လား - မြင့်သန်း
တုံးတယ်လိုပြောရင်လည်းခံရမှာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို(ကျွန်တော့်အမြင် သက်သက်အရ ရေးရရင်) ခေါင်းထဲထည့်စဉ်းစားသင့်တဲ့ကိစ္စလို့ မထင်ဘူး။
အနောက်တိုင်း လူ့အဖွဲ့အစည်းထဲမှာ အလုပ်မရှိကြောင်ရေချိုးဖို့ လုပ်နေတဲ့လူတွေ၊ နိုင်ငံရေးအခြေခံနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေ၊ လူ့ပတ်ဝန်းကျင်ကြီးကို ကယ်တင်မယ်လို့ကြေငြာပြီး သဘာဝတရားကြီးကို ထိန်းသိမ်းကြပါ။ စောက်ရှောက်ကြပါလို့ ကြွေးကြော်ရင်း မိုဘိုင်းလ်ဖုန်း၊ အင်တာနက်စတာတွေ မရှိရင် မနေတတ်တဲ့ တံလျှပ်လိုပညာတတ်တွေ၊ အဲဒီလူတွေက စနစ်တကျလှုံ့ဆော်ထားတဲ့ လှုပ်ရှားမှုတစ်ခုပဲလို့မြင်တယ်။ ဒီနေရာမှာ နိုင်ငံရေးအခြေခံနဲ့ မဟာဗျူဟာအဖြစ် သုံးစွဲဖွဲ့ စနစ်တကျ လုပ်ဆောင်ထားပုံမျိုးကို ပုံပေါ်အောင်ကွက်တိဖော်ပြလို့ မဖြစ်နိုင်ဘူး။ ဒီတော့ ရေးတေးတေးမြင်အောင် Greenpeace ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုသာ ပြန်ပြီးဆင်ခြင်ကြည့်ကြပါ။ ပညာရှင်တစ်ဦးပြောသလို Global warming is a political, rather than an scientific creation.ဆိုသလိုဖြစ်နေတယ်။
ကျွန်တော်က သိပံ္ပပညာရှင်လည်းမဟုတ်ဘူး။ ဒီတော့ သိပံ္ပဆရာများက ဆဲရင်လည်း ခံရမှာပဲ။ လမ်းပေါ်က လူတစ်ယောက်အမြင်နဲ့ ဆွေးနွေးချင်တာပါ။ အဓိကထား ဆွေးနွေးချင်တာကတော့ “ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ အကြောင်းရင်းကတော့ လူတွေ ကြောင့်ပဲ” လို့ဆိုတဲ့စကားပဲ။ ဒီစကားကို လက်မခံလိုဘူးဆိုရင် ကျွန်တော်အနေဲ့ ထောက်ခံရုံပဲ။ ပြောတဲ့လူကိုယ်တိုင်က ဗြောင်လိမ်ဗြောင်စား။ ဒီစကားကို နှစ်ပေါင်းသိပ်မကြာခင်ကလေးတင်က အိမ်ဖြူတော်မှာ ပညာရှင်တွေကို ကလင်တန်က ပြောခဲ့တာ။ ရုပ်မြင်သံကြားကင်မရာတွေ၊ သတင်းစားဆရာတွေရဲ့ မျက်နှာတွေကို တည့်တည့်ကြည့်ပြီး ဗြောင်လိမ်ခဲ့ဖူးတဲ့လူမို့ လက်သင့်ခံနေစရာမလိုဘူးလို့ မြင်တယ်။ ကလင်တန်ပြောလို့မှမဟုတ်ဘူး။ လက်ခံစရာကို မကောင်းလို့ပါ။ ဒါပေတဲ့ အဲဒီစွဲချက်တင်ထားတာကို နည်းနည်းဆွေးနွေးချင်တယ်။ သိပ္ပံအခြေကလေး နည်းနည်းလောက်ရှိရင်ပဲ ကမ္ဘာကြီးပိုပြီး ပူနွေးလာတယ်ဆိုတာဟာ ဘာကြောင့်ရယ်လို့ သိနိုင်ပါတယ်။ ရာစုနှစ်တစ်ခုမှာ ဆယ်ဒီဂရီလောက်တိုးလာတတ်တာဟာ သဘာဝပါ။ ပိုမိုနွေးတဲ့ ဆောင်းဥတုတွေ၊ ပိုမိုအေးတဲ့ နွေဥတုတွေ ရှိခဲ့တာပဲ။ သူ့အရပ်နဲ့ သူဖြစ်ခဲ့တာတွေရှိခဲ့တာပဲ။ ဒါကြောင့် ကမ္ဘာကြီးရဲ့အပူချိန် ပြောင်းသွားတယ်လို့ မဆိုနိုင်ဘူး။ တစ်ခုမေ့လျော့ထားဖို့ မသိကျိုးကျွန်ပြုထားဖို့ မသင့်တာက သဘာဝတရားရဲ့ဖြစ်ပျက်နေခြင်းအကြောင်းပဲ။ နေရဲ့စွမ်းအင်ထုတ်လုပ်မှုအတိုင်းအတာ။ ကမ္ဘာကြီးလည်ပတ်နေပုံ။ ကမ္ဘာကြီးရဲ့ ရုတ်ခြင်းပြောင်းလဲတတ်တဲ့ သဘော။ အာကာသထဲမှာ ပဲ့ထွက်လာတဲ့ဂြိုလ်တွေ၊ အစိုင်အခဲတွေ … အဲဒါတွေအပြင် ငလျင်ကြောင့်၊ မီးတောင်တွေ ပေါက်ကွဲလာတာကြောင့် ပေါ်ပေါက်လာတဲ့ ဖုန်မှုန့်တွေကို မေ့ထားလို့ မရပါဘူး။ မီးတောင်တစ်ခုပေါက်ကွဲရာက ပေါ်ထွက်လာတဲ့ ဖုန်မှုန့်၊ မီးခိုး စတာတွေ လေထုထဲရောက်ရှိပြီး လေထုညစ်ညမ်းတာမျိုး၊ လေထုကိုညစ်ညမ်းစေဖို့ လူသားတွေက လုပ်မယ်ဆိုရင် ဆယ်နှစ်လောက်လုပ်ရမယ်လို့ ပညာရှင်တွေက လေ့လာတင်ပြခဲ့ကြပါတယ်။ မီးတောင်တွေ၊ ပင်လယ်တွေ၊ တိရစ္ဆာန်တွေကို မေ့ထားလို့ မဖြစ်ပါဘူး။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ဂရင်းဟောက်(စ)လို အကျိုးတရားမျိုးပေးဖို့(ဆိုလိုတာက Greenhouse effect ဖြစ်ဖို့)အတွက် အဓိကပဲလို့ ဆိုကြပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးပိုပြီးပူနွေးလာဖို ဆိုးကျိုးတွေပေးဖို့လို့ ဆိုကြတယ်။ ဒီတော့ သစ်ပင်တွေစိုက်ဖို့ ပြောကြပြန်တယ်။ သစ်ပင်က လေထုကို သန့်ရှင်းအောင် ကာဗွန်ဒိုင်အောင်ဆိုဒ်ကို စုပ်ယူတယ်လို့ ပြောကြတယ်။ တစ်ခုပဲ ချန်ပြီး ပြောကြတာကိုး။ သစ်ပင်ဟာ အရွယ်အရောက်ခင်(while growing ဆိုလိုတာပါ)အထိပဲ။ အရွယ်ရောက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မစုပ်ကြတော့ပါဘူး။( Give off carbon dioxide when fully Grown)။ သစ်ကိုင်းခြောက်တွေ၊ လဲပြိုနေတဲ့သစ်ပင်ခြောက်တွေကလည်း ကာဗွန်ဒိုင်အောင်ဆိုဒ် ထုတ်ပစ်လိုက်တတ်ကြတာပဲ။ ဒါကြောင့်လည်း တောင်ရိုးတောင်ကြောတွေပေါ်မှာ တစ်ခါတရံ မြူခြေဆိုင်းသလိုမျိုး တောင်ခိုးဝေနေတာတွေ(Haze)တွေ့ရတတ်တာပဲ။ ကမ္ဘာကြီးကိုရံတားပြီး ဒုက္ခပေးတယ်ဆိုတဲ့ ဂရင်းဟောက်(စ) အကျိုးတွေဖြစ်ဖို့ ကာဗွန်ဒိုင်အောင်ဆိုဒ်တစ်ခုတည်း မျက်နှာလွဲခဲပစ်ပြောနေကြရတာက တခြားတစ်ခုကိုဘာမှမလုပ်နိုင်ကြလိုပါ။ အဲဒါက ရေမှုန်(vapour)တွေပဲ။ နာဆာသုတေသနဌာနက water vapour is the predo-minant Greenhouse gas, and plays a crucial role in the grobal climate system လို့ တင်ပြခဲ့ဖူးတာပဲ။ ရေခိုးရေငွေ့ပျံရာက(Evaporation)ဖြစ်ပေါ်လာတာတွေ။ ဘာမျှမတတ်နိုင်ဘူး။ ဘာမှလုပ်လို့မရဘူး။ သဘာဝတရားရဲ့လုပ်ရပ်ပဲ။ တကယ်တော့ ဂရင်းဟောက်(စ) အကျိုးတရားဆိုတာကလည်း အထိုက်အလျောတော့ရှိရမှာပဲ။ အဲဒီလို ဂရင်းဟောက်(စ) အကျိုးတရားမရှိရင် ကမ္ဘာကြီးဟာ အင်္ဂါဂြိုလ်လို ဖြစ်သွားလိမ့်မယ်။ ဓါတ်ငွေ့အကြောင်း ဆွေးနွေးရင်း လူလုပ်ဓါတ်ငွေ့ဖြစ်တဲ့ စီအက်(ဖ)စီ(Chlorofluro-carbon)အကြောင်း နည်းနည်းတင်ပြဖို့ လိုမယ်။ ဒီစီအက်(ဖ)စီကြောင့် အိုဇုန်းအလွှာပါးသွားတယ် Ozone depletion ဆိုတဲ့အယူအဆ၊ တင်ပြချက်တစ်ခုပေါ်ခုဖူးတာ မှတ်မိကြပါလိမ့်မယ်။ အဲဒီတုန်းကလည်း သိပံပညာရှင် အတော်များများခမျာ ဘာပြောရမှန်းကို မသိဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ စီအက်(ဖ)စီ ဓါတ်ငွေ့ဟာ လေးတယ်။ အထက်က လေထုအလွှာထဲကို တိုးမဝင်နိုင်ဘူး။ ဒီပြင် စီအက်(ဖ)စီဓါတ်ငွေ့ကို ဘက်တီးရီးယားတွေက ဖြိုဖျက်ပစ်လိုက်နိုင်တယ်။(ဖျက်ထုတ်ပစ်လိုက်နိုင်တယ်)။ ဒီတော့အချက်အလက်ကို အပြည့်အစုံ မတင်ပြကြဘဲ လိုသလိုဆွဲယူပြီး(အရပ်စကားနဲ့ ဆိုရရင်တော့ “ဇာချဲ့တယ်လို့ပဲဆိုရလိမ့်မယ်) မျောက်ပြဆန်တောင်း လုပ်တာပဲ။ တစ်ခြားပြသနာတစ်ခုက အိုဇုန်းအလွှာဟာ ၁၉၂၆ ခုလောက်ကတည်းက ပါးလာတာ။ စီအက်(ဖ)စီ တစ်မျိုးလို့ခေါ်ရမည့် Freon က ၁၉၂၈ အထိ မပေါ်သေးဘူး။
အိုဇုန်းအလွှာပါးလာတယ် ဆိုတာကလေးလည်း အထိုက်အလျောက်စဉ်းစားကြည့်ဖို့လိုမယ်။ သဘာဝရဲ့ဖြစ်စဉ်ထဲက ကိစ္စတစ်ခုနဲ့လည်း ဆိုင်နေလို့ပါ။ ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းနဲ့ မြောက်ဖက်ခြမ်းတောင် သိပ်မတူကြဘူး။ တောင်ဖက်ခြမ်းဆီမှာ ဝင်ရိုးစွန်းက(ရှိရင်းစွဲ)လေအေးတွေဟာ အနွေးပိုင်းကလာတဲ့ လေပူတွေကို အဲဒီဒေသဆီ တိုးဝင်မလာနိုင်အောင် တားထားကြပါတယ်။ ဒီတော့ အအေးဓာတ်ပိုကဲလာပြီး ရေခိုးရေငွေ့နဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေက တိမ်ဆိုင်တိမ်ခဲတွေဖန်တီး။ အဲဒီကနေ နှင်းကျလာတဲ့အခါ နိုက်ထရိုဂျင်ကိုသယ်လာ။ အဲဒီကနေ ကလိုရင်းဓာတ်ငွေ့ ဖွဲ့စည်းဖြစ်ပေါ်လာ။ အဲဒီရပ်ဝန်းဆီ အနွေးဓာတ်ပြန်ရောက်လာတာနဲ့ မိုးသားတိမ်ဆိုင်တွေက အခိုးပျံ။ အဲဒီတော့ ကလိုရင်းက လိုဇုန်းကို ပါးလွှာပစ်လိုက်တာပဲ။ အဲဒီလို ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းမှာ ဖန်တလဲလဲဖြစ်ပျက်နေတာက ဇွန်လကနေ နိုဝင်ဘာလအထိပဲ။ နောက်ခြောက်လအတွင်းမှာတော့ အိုဇုန်းအလွှာကြီး ပြန်ပြီးပြည့်လာတတ်တယ်။ အဲဒီလို ဖြစ်တာကလည်း ကမ္ဘာကြီးရဲ့တောင်ဖက်ခြမ်းမှာ ပိုဖြစ်တယ်လို့ ဆိုကြတယ်။ မြောက်ဖက်ခြမ်းမှာ ခုလိုပုံစံမျိုးတစ်သားတည်းမဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ သူတို့ဆီက ပတ်ဝန်းကျင်ထိန်းကျောင်းရေးအေဂျင်စီရဲ့ ဇာချဲ့မှုတစ်ခုလို့တောင် ပြောလို့ရနိုင်တယ်။ ဒီလိုပြသနာမျိုးတွေကို အထိန့်တလန့် အဆန်းတကြယ်ဖြစ်အောင်မလုပ်ရင် သင်းတို့မှာ လုပ်စရာမှမရှိပဲကိုး(သင်းတို့ကြောင့်ပဲ သက္ကရာဇ်၂၀၀၀ မတိုင်ခင်ကလည်း Rondon ဓါတ်ငွေ့နဲ့ပတ်သက်လို့ တောပြိုသလို သံစုံထွက်ပြီး ထိတ်လန့်ခဲ့ကြရသေးတယ်။) NCDC (National Climatic Data Center) က သိပံ္ပပညာရှင်တွေရဲ့ အလိုအရတော့ ပြီးခဲ့တဲ့နှစ်တစ်ရာလောက်အတွင်းမှာ ကမ္ဘာကြီးရဲ့ ဥတုရာသီပြောင်းလဲမှုဆိုတာ ပြောပလောက်အောင် ပြောင်းလဲသွားတယ်လို့ မဆိုနိုင်ဘူးတဲ့။ အဲဒီလိုပဲ MITက ပညာရှင်လင်(ဒ)ဇင် Richard S Lindzen ကလည်း(သူပြောတဲ့စကားလုံးအတိုင်းရေးပြပါရစေ) We don’t have any evidence that global warming is aserious problem တဲ့။ ဒီတော့ သိပံပညာရှင်တွေနဲ့ ကမ္ဘာကြီးပူနွေးလာတယ်ဆိုသူတွေအကြားမှာ တစ်သားတည်းကျတဲ့ သဘောတူညီမှုမရှိသေးဘူးလို့ ဆိုရမယ်။ အမေရိကန်နိုင်ငံရဲ့ ရီပတ်ဗလစ်ကင်ပါတီ Republican party ကို အကြံပေး နေရတဲ့ လာန့်(C) Frank Luntz ကလေ့လာပြီး တင်သွင်းတဲ့ အစီရင်ခံစာထဲမှာတော့ သူတို့နိုင်ငံရေးသမားတွေပြောတာကို လူတွေကျလာအောင် ဘယ်လိုပြောရမယ်ဆိုတာ တင်ပြထားဖူးတယ်။ ဆိုလိုတာက သူတို့ အကျိုးစီးပွားအတွက် ပြောနေတာတွေကို လူတွေနားယုံလာအောင် ဘယ်လိုပြောရမယ်ဆိုတဲ့ လမ်းညွှန်မှုတောင်ရှိတယ်။ ဒီတော့ ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတဲ့နေရာမှာ သံယောင်မလိုက်မိကြဖို့တော့ လိုလိမ့်မယ်။
ဒီမှာ ကျွန်တော်တင်ပြချင်တဲ့ အဓိကအချက်ဟာဒါပဲ။
ကျွန်တော်တို့ဆီက ပညာရှင်၊ ပညာရှိ၊(ထည့်ချင်ရင်ကဗျာဆရာတွေတောင် ထည့်လို့ရမယ်။ မဆီမဆိုင် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မြန်မာကဗျာကို ရှာကြံဆက်တတ်ကြတာကိုး။) တွေနဲ့ တစ်ပတ်ရစ် ဂျာနယ်လစ်တွေက ထစ်ကနဲဆို အနောက်က တစ်ခုခု အသံထွက်လာရင် အတင်းအဓမ္မ ဦးအောင်ဘာသာပြန် အပင်းသွင်းနေကြတာကို အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးပါတယ်။ ဒီကိစ္စမှာလည်း ဘယ်ရွေ့ဘယ်မျှ ဆီပုလင်းခါးချိတ်ပြီး ရှေ့ နေလိုက်ခဲ့ကြပြီလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ရန်ကုန်မှာ အမှတ်မထင် လမ်းကြုံတာနဲ့ ကျောင်းနေဖက်တစ်ယောက် အိမ်ဝင်တွေ့တော့ သူ့သားဘွဲ့လွန်ကျောင်းသားနဲ့လည်းတွေ့ရတယ်။ သူ့အဖေနဲ့က ဒီလောက် စကားမပြောရဘူး။ သူနဲ့ပိုပြောရတယ်။ သူ့စကားထဲမှာတော့ ကမ္ဘာကြီးပိုပူနွေးလာတယ်ဆိုတဲ့ ကိစ္စက အများကြီးပဲ။ သူ့ကြည့်ရတာလည်း အတော့်ကို စိတ်မချမ်းသာပုံရတယ်။ “နည်းနည်းသိတာဟာ အန္တာရာယ်များတယ်” ဆိုတာမျိုးပဲ။ ဒီတော့ ကျွန်တော်လည်း လက်လှမ်းမီလို့ သိရတာလေးတွေ ပြောပြရတယ်။ အထူးသဖြင့် နိုင်ငံရေးအရ တင်ကူးလုပ်ဆောင်ရမယ့် ဗျူဟာ အကြောင်းလည်းတိုးတိုး ပြောပြရတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာတစ်ခုက နွားတွေအီးအီးပေါက်တာကထွက်တဲ့ ဓါတ်ငွေ့ Cattle emissions ဟာလူသုံး ပို့ဆောင်ဆက်သွယ်ရေးကိရိယာတွေက ထွက်တဲ့ဓါတ်ငွေ့ထက် များတယ်ဆိုတာလည်း အသိပေးလိုက်ရသေးတယ်။ “ကမ္ဘာကြီးဟာ ပိုပြီးအေးလာလိမ့်မယ်ဆိုတဲ့ လှန့်လုံးရောမင်းကြားဖူးသလား”လို့ မေးကြည့်မိတယ်။ သူမကြားဖူးလောက်ဘူးဆိုတာ ကျွန်တော်ရိပ်မိတယ်။ သူက အသက်သုံးဆယ်မှ မပြည့်တတ်သေးဘဲကိုး။ ကမ္ဘာကြီးဟာ ပိုပြီးအေးလာမယ်ဆိုတဲ့ လှန့်လုံးဟာ ၁၉၇၀ ခုနှစ်ကာလတွေ အတွင်းက ပေါ်ခဲ့ဖူးတယ်။ ခုလိုပဲ လန့်တဲ့သူတွေက အတော်လန့်ခဲ့ကြတာ။ အဲဒီတုန်းကတော့ ရှနိုက်ဒါ Stephen Schneider ဆိုတဲ့ ငနဲက ကမ္ဘာကြီးဟာ လေထုမသန့်ရှင်းမှုတွေမှာ အခြေခံပြီးရေခဲခေတ်လို ပြန်ဖြစ်သွားမယ်လို့ ဆိုဖူးတယ်။ ဟော အခုတော့ အဲဒီရှနိုက်ဒါပဲ ကမ္ဘာကြီးပူနွေးလာမယ်လို့ ကြွေးကြော်တဲ့ ကျွမ်းကျင်သူပညာရှိ(အပ်စပတ်ကြီး)ဖြစ်လာတော့တယ်။ ဟိုစဉ်ကတည်းက ရှနိုက်ဒါက လှန့်ပေးဖို့လိုတယ်ဆိုတာပြောဖူးတယ်။(မူရင်းအတိုင်းရေးပြပါရစေ).....
To capture public imagination, we have to offer up scary scenarios, make simplified dramatic statements and little mention of any doubts one might have. Each of us has to decide the right balance betewwn being effective and being honest.
ရှနိုက်ဒါအနေနဲ့ ဟိုစဉ်က ကမ္ဘာကြီးဟာ ရေခဲခေတ်ပြန်ဖြစ်သွားမယ်လို့ ပြောရတာက ၁၉၄၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်အကြားမှာ ကမ္ဘာကြီးက အတော်ကလေးအေးတယ်။ ကမ္ဘာကြီးဟာ ပူလိုက်၊အေးလိုက်ဖြစ်တတ်တာ၊ သူ့သဘာဝပါ။ ကမ္ဘာ့သမိုင်းမှာ အလယ်ခေတ်ကာလအတွင်း ပူနွေးချိန်ရယ်ဆိုပြီး ခေါ်ခဲ့ကြတာ(so-called Medieval Warm period) တောင်ရှိခဲ့သေးတာပဲ။ သက္ကရာဇ် ၁၁၀၀ နဲ့ ၁၄၀၀ အကြားကာလပါ။ သိပံ္ပပညာရှင်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးလာရတာနဲ့ ပက်သက်လို့ ယတိပြတ်အကြောင်းမပြနိုင်သေးပေတဲ့၊ သဘာဝတရားအခြေခံနဲ့ ကမ္ဘာကြီးဟာ ပူနွေးခဲ့ဖူးတယ်ဆိုတာကတော့ သမိုင်းမှာရှိခဲ့တာပဲ။ တကယ်လို့သာ ဒီနေ့ကာလမှာ အလှန့်ခံထားရတဲ့အတိုင်း ကမ္ဘာကြီးပိုမိုပူနွေးလာတာဟာ ကမ္ဘာကြီး ပျက်သုန်းသွားလောက်အောင် ဆိုးရွားသွားမယ်ဆိုလို့ကတော့သိပ်မပူပါနဲ့ ၊ ဘယ်သူမှ မတားနိုင်ပါဘူး။ ပူနေလို့ အပိုပဲ။ ဖတ်ချင်ကြရင်ဖြင့် ရှာကြံဖတ်ကြည့်ဖို့ စာအုပ်တစ်အုပ်နာမည် ပေးပါရစေ။ စာအုပ်နာမည်က The Politically Incorrect Guide to Global Warming and Environmentalism ပဲ။ ရေးတာက Christopher C . Horner ဆိုသူပဲ။(Horner ဟာလူသူလေးပါး အလေးထားရတဲ့ ပညာရှင်တစ်ဦးပါ။)
အခုတော့ ကလင်တန်တင် မဟုတ်တော့ဘူး။ သူ့လက်အောက်မှာ လုပ်လာတဲ့ အဲလ်ဂေါ Albert Amold Gore ကပါ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို အခြေခံပြီး ကမ္ဘာကြီးကိုခါးပိုက်ထောင်ထဲထည့်ဖို့ လုပ်လာပြန်တယ်။ ကမ္ဘာအနှံ့ လျှောက်သွား။ တရားဟော၊ အင်တာဗျူးလုပ်(ဒီနေရာမှာ သူ့ ထမင်းသူစားပြီး စေတနာဝန်ထမ်း လုပ်နေတာ မဟုတ်ဘူးဆိုတာလေးတော့ သတိရကြပါ။) မှတ်တမ်းတင်ရုပ်ရှင်ကားမျိုးတောင် ရိုက်လိုက်သေးတယ်။ ဒါပေမဲ့ အဲလ်ဂေါက သူထင်ရာသူပြောပြီး သူ့အကျိုးစီးပွားလုပ်နေတာပဲ(သူထင်ရာသူပြောနေတဲ့နောက်မှာ ရည်ရွယ်ရင်းတွေ အကျိုးဆက်တွက်ဆထားမှုတွေ စတာတွေအများကြီးပါ)။ ကံအကြောင်းသင့်ရင် ဒီလုပ်ရပ်ကြောင့် သမ္မတောင်တက်ဖြစ်နိုင်သေးတာကိုး။ သူထင်ရာ သူပြောတယ်ဆိုတာကလည်း ဒီလိုပါ။ ဥပမာ အဲလ်ဂေါက လေမုန်တိုင်းတွေ၊ လေနီးကြမ်းတွေ တိုက်တာဟာ ကမ္ဘာကြီးပိုပြီးပူနွေးလာလို့ရယ်လို့ ဇွတ်ပြောတယ်။ ကမ္ဘာကျော်မိုးလေဝသာပညာရှင် ဒေါက်တာ ဝေလျာမ်ဂရေး William Gray ကတော့( သူ့စကားအတိုင်း ဖော်ပြပါရစေ) The degree to which you believe global warming is causing major hurricanes is inversely proportional to your knowledge about these storms လို့ပြောပါတယ်။ ဒီပြင် Discover အမည်ရှိတဲ့မဂ္ဂဇင်းထဲမှာ “ကမ္ဘာကြီးပူနွေးလာတာဟာ လူတွေကြောင့်ပဲ ဆိုတာကတော့ မတော်မတရားချဲ့ထွင်ပြောတာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာကို ကျုပ်မငြင်းပါဘူး။ ၁၉၃၀ နဲ့ ၁၉၄၀အကြားမှာ အတော်ပူနွေးခဲ့တာပဲ။ ၁၉၄၀ ခုနှစ် အလယ်ပိုင်းလောက်ကျတော့ ဖြည်းဖြည်းပြန်အေးလာတာ ၁၉၇၀ ခုနှစ်တွေ အထိပဲ။ ကျုပ်နဲ့ အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီကိစ္စကို သံသယ ဖြစ်မိတယ်။ ကျုပ်တို့ကိုတော့ ဘယ်သူကမှ လာမမေးဘူး”လို့ရေးထားတယ်။ နာဆာက သိပ္ပံပညာရှင် စပင်စာ Roy Spencer ကတော့ အဲလ်ဂေါ ဖြီးလုံးတွေနဲ့ ပတ်သက်လို့ “Questions for All Gore” လို့တောင်ရေးခဲ့ဖူးတယ်။(ဖတ်ချင်ကြရင် အင်တာနက်မှာ ကြည့်ပါ။ http://www.tcsdaily.com/article.aspx?id=052506C)။ လင်(ဒ)ဇင်ကလည်း ခုလို ပြောပြန်တယ်။(သူပြောခဲ့တဲ့စကားတွေအတိုင်းတင်ပြပါရစေ)……
A general characteristic of Mr. Gore’s approach is to assiduously ignore the fact that the earth and its climate are dynamic; they are always changing even without any external forcing. To treat all change as something to fear is bad enough; to do so in order to exploit that fear is much worse.
ဒီတော့ အဲလ်ဂေါဟာ သူ့အထင်နဲ့ လိုရာဆွဲပြောနေတယ်။ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာမျိုးဖြစ်အောင် လုပ်နေတယ်ဆိုတာ ပေါ်လွင်လာတယ်။
တကယ်တော့ သူလုပ်နေတာက သူ့အကျိုးစီးပွားကိုး။ သာမန်လူတွေ(သာမန်လူဆိုတာထဲမှာ ရုပ်ရှင်မင်းသား မင်းသမီးတွေလည်းပါတယ်) ဆီကိုသာ လှည့်ပြီးတောပြောတောင်ပြောပြောနေတာ။ တကယ့်ပညာရှင်တွေနဲ့ ထိပ်တိုက်တွေတော့ ရှောင်တယ်။ ဒိန်းမတ်နိုင်ငံရောက်တော့ အမျိုးသားသတင်းစာ Iylland-Posten နဲ့ အင်တာဗျူးလုပ်ဖို့ သဘောတူတယ်။ အင်တာဗျူးလုပ်မယ့်လူစာရင်းထဲမှာ လော(မ)ဘု Bjorn Lomborg ကိုလည်းတွေ့ရော ချက်ချင်းငြင်းတော့တာပဲ။ လော(မ)ဘုက ကမ္ဘာကျော်ဝေဖန်ရေးပညာရှင်။ တရားသေကြတဲ့ အယူအဆတွေကို ဝေဖန်နေတဲ့ပါမောက္ခတစ်ဦး။ အဲလ်ဂေါက မရင်ဆိုင်ရဲဘူး။ မရင်ဆိုင်ရဲဆို အဲလ်ဂေါက အချက်အလက်အနေနဲ့ ထောက်ပြနေတာတွေက တစ်လွဲချည်းပဲ။ ဥပမာ ကမ္ဘာကြီးပူနွေးလာလို့ ငှက်ဖျားရောဂါတွေ ပိုဖြစ်လာကြမယ်လို့ပြောပြီး နိုင်ယာရိုဘီ Nairobi မှာ ဖြစ်နေတာမျိုးရယ်လို့ ထောက်ပြတယ်။ ဒါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာတင်ပြချက်နဲ့ လုံးလုံးမတူဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီနေ့ကာလ နိုင်ယာရိုဘီမှာ ငှက်ဖျားမရှိတော့ဘူး လို့ဆိုတယ်။ ၁၉၂၀ ခုနှစ်ကာလ၊ ၁၉၃၀ ခုနှစ်ကာလတွေက ရှိခဲ့တာ။ အဲဒီတုန်းက ခုထက် အများကြီးအေးတယ်တဲ့။ ဒီတော့ တကယ့်အချက်အလက်နဲ့ အဲလ်ဂေါပြောနေတာတွေနဲ့ တလွဲစီပဲ။ နောက်ဥပမာ တစ်ခုပြရလျှင် အဲလ်ဂေါရဲ့ ရုပ်ရှင်ကားမှာ တောင်ဝင်ရိုးစွန်းက အင်တာတိတ်ကား Antarctica ကိုပြတယ်။ တစ်ခုလုံးမဟုတ်ဘူး။ ၂ရာခိုင်နှုန်းလောက်ရှိတဲ့ ပူနွေးတဲ့အပိုင်းကိုပြတာ။ ကျန်တဲ့ ၉၈ ရာခိုင်နှုန်းရှိတဲ့ အပိုင်းကို မပြဘူး။ အဲဒီအပိုင်းက လွန်ခဲ့တဲ့ ၃၅ နှစ်တာ ကာလအတွင်းမှာပိုအေးလာတဲ့အပိုင်း။ ကုလသမဂ္ဂရဲ့ လေ့လာသူပညာရှင်များကတော့ အင်တာတိတ်ကာဟာ ဒီရာစုနှစ်ကာလအတွင်းမှာ နှင်းတွေတောင် ပိုလာဦးမယ်လို့ ဆိုကြတယ်။ အဲလ်ဂေါက မြောက်ဖက်ခြမ်းက ပင်လယ်တွေ ဆီမှာရေခဲတွေ လျှော့ပါးသွားတယ်လို့ဆိုပေတဲ့၊ တောင်ဖက်ခြမ်းမှာ ရေခဲတွေ တိုးလာတာကိုဘာမှမပြောဘူး။ သူသာ စိတ်ရင်းကောင်းနဲ့ အမှန်ကိုပြောမယ်ဆိုရင် ဘာကြောင့်အခုလို ချန်လှပ်ထားစရာလိုမှာလဲ။ တတိယ ဥပမာတစ်ခုပေးပါရစေဦး။ အဲလ်ဂေါက ကမ္ဘာကြီးပူနွေးလာလို့ ပင်လယ်ရေမျက်နှာပြင်ဟာ ပေ၂၀ အထိမြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းသတဲ့။ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း IPCCက နောက်နှစ်တစ်ရာအတွင်းမှာ ၁၇(တစ်ဆယ့်ခုနှစ်)လက်မ တက်မယ်လို့ဆိုတယ်။ IPCC ဆိုတာက ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNEP အောက်ကပါ။ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာ။
ကောင်းပြီး။ ကမ္ဘာကြီးပူနွေးလာတယ်။ ဒါမှမဟုတ်ရင်ပိုမိုပူနွေးလာတယ်။ ကြိုက်သလိုပြောနိုင်ပါတယ်။ လက်ခံချင်ရင် လက်ခံနိုင်ပါတယ်။ လက်မခံလည်း အရေးမကြီးဘူး။ ကလင်တန်တို့၊ အဲလ်ဂေါတို့ အလုပ်မရှိ ကြောင်ရေချိုးပေးချင်သူတွေကတော့ စားလို့သောက်လို့ကောင်းနေမှာပဲ။ ကျွန်တော်တို့မှာ ဘာအကျိုးထူးလာသလဲ။ တစ်ပတ်ရစ်ဂျာနယ်လစ်တွေ ကောင်းမှုကြောင့် သူများက “သမိုင်းကြီးပြီးဆုံးသွားပြီ” ဆိုတာနဲ့ ကိုယ်ကလည်း ဘုမသိဘမသိ အူကြောင်ကြောင်နဲ့ “ပြီးဆုံးဖူးပြီ” ပဲ။ ဂေဟယ်ပြောတာ တကယ်မသိဘဲ ဖူကူးယာမရဲ့ ဆိုလိုရင်းမသိဘဲ “ပြီး” ထည့်လိုက်ဖူးတယ်။ သောကတွေ ပွားဖူးတယ်။ ခြေခြေမြစ်မြစ်မရှိဘဲ ငြင်းခုန်ခဲ့ကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုပြန်တော့လည်းမဆီမဆိုင် အညာက ကဗျာဆရာကတောင် မြန်မာကဗျာကို ကလိုဘယ်လိုက်ဇေးရှင်းနဲ့ ပေးစားဖူးတယ်။ ဒေါ်လာစားရတဲ့သူတွေက မစားရဝခမန်းနဲ့ လက်ဆပ်(စ) သံလွင်ပင်ကို မျှော်မှန်းကြည့်ခိုင်းကြတယ်။ “ ကမ္ဘာအပြားကြီး”ဆိုတော့လည်း လိုက်ပြီး ယောင်တောင်တောင်နဲ့ ပြားကြည့်ခဲ့ကြတယ်။ တကယ်တော့ ဖွံ့ဖြိုးစနိုင်ငံတွေ တတိယကမ္ဘာက နိုင်ငံတွေကလူတွေ အဲဒီလိုဖြစ်လာလေလေ သူတို့အတွက် ကောင်းလာလေလေပဲ။ တည့်တည့်ပြောရရင် ဒီလိုမရေရာနဲ့ နားယောင်မှုတွေဟာ ပဋိပက္ခတိုးပွားစရာ လမ်းစတွေချည်းပဲကိုး။ တကယ်တမ်းမှာတော့ ကျွန်တော်တို့တွေက ဒုံရင်းပဲ။ ခြေအေး ဝမ်းရောင်၊လသာ တုတ်ခြစ် ….ထက်မပိုဘူး။ ကျွန်တော်အမြင်(သက်သက်)ဆိုရရင် ကျွန်တော်တို့တတွေဟာ သံယောင်လိုက်ရင်း သူများအကျိုးစီးပွားအတွက် ဝိုင်းပြီး ညာသံပေးနေမယ့်အစား၊ ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်နိုင်တာ လုပ်ဖို့ကောင်းတယ်လို့ ထင်မိ မြင်မိတယ်။ အိုဇုန်းအလွှာပါးသွားတာကိုထိုင်ပြီး ပူနေမယ့်အစား၊ ကိုယ်နေတဲ့ လမ်းထဲကလမ်းမှာ ချိုင့်ဖြစ်သွားတာကလေးကို ထပြီးဖို့။ ပညာတွေ သိပ်တတ်နေကြရင် ကလေးတွေ ကိုပညာလက်ဆင့်ကမ်း။ ပိုက်ဆံတွေပိုနေရင် မိဘမဲ့ကလေးတွေ၊ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး။ အလကား ပညာသင်ပေး။ အရိပ်ရချင်လို့ သစ်ပင်စိုက်ချင်ရင်စိုက်။ ကမ္ဘာကြီးကယ်တင်ဖို့ရယ်၊ ဘာရယ်၊ ညာရယ် ပြောမနေနဲ့။ ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်လာလို့ ပင်လယ်ရေမျက်နှာပြင် တက်လာမှာတွေးကြည့်နေမယ့်အစား တာလမ်းပေါ်က သစ်ပင်အောက်မှာ သောက်ရေအိုးထဲရေနည်းနေရင်ရေသွားဖြည့်။ ဘာမှမလုပ်ချင်ရင်တောင် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာကို ထိုင်ပြီးပူနေမယ့်အစား သတ္တဝါအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့သာ မေတ္တာပို့နေ။ ပို့တဲ့ဆီ မေတ္တာရောက်မယ်၊ မရောက်ဖူးတော့ အာမ မခံနိုင်ဘူး။ အကုသိုလ်စိတ်တော့ နည်းမယ် ထင်တယ်။
မြင့်သန်း
ဆွေးနွေးခြင်း၊ ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၁၆)၊ မေလ၊ ၂၀၀၇
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 6:55 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မင်းရဲရှင်, အရောင်စုံ အတွေးများ . . . . .
Friday, May 7, 2010
ကျွန်မတို့ကကော မျောက်တွေပဲလား???
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 7:50 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Tuesday, April 27, 2010
၃၈ ဖြာ မင်္ဂလာတရားတော်
အမှန်ကဒီပို့စ်ကို New Year ကတည်းကတင်ဖို့ရည်ရွယ်ခဲ့တာပါ…
အကြောင်းကြောင်းသော ကိစ္စတွေကြောင့် မတင်ဖြစ်ခဲ့ပါဘူး…
E-Journal မောင်နှမအားလုံးနဲ့ E-Journal ကို လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း အားလုံး မြန်မာနှစ်သစ် ၁၃၇၂ မှာ မင်္ဂလာတရားတော်နဲ့အညီနေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်…
မြန်မာနှစ်သစ် ၁၃၇၂ မှစ၍ ဆန္ဒ နှင့် ဘဝ ထပ်တူကျနိုင်ကြပါစေလို့....
(မယ်, ၁၇.၄.၂၀၁၀)
(၁) အသေဝနာ စ ဗာလာနံ - လူမိုက်ကို ရှောင်ကြည်ခြင်း
(၂) ပဏ္ဍိတာနဉ္ဇ သေဝနာ - ပညာရှိကို ပေါင်းသင်းခြင်း
(၃) ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်း
(၄) ပတိရူပဒေသဝါသောစ - သင့်တော်ရာ အရပ်၌ နေခြင်း
(၅)ပုဗ္ဗေ စ ကတပုညတာ - ရှေးဘဝ ကောင်းမှုပြုခဲ့ခြင်း
(၆)အတ္တသမ္မာပဏိဓိစ - ကိုယ်နှင့်စိတ်ကို ကောင်းစွာထားခြင်း
(၇) ဗာဟုဿစ္စဉ္စ - အကြားအမြင် ဗဟုသုတရှိခြင်း
(၈) သိပ္ပဉ္စ - စက်မှုလက်မှု အတတ် တစ်ခုခုတတ်ကျွမ်းခြင်း
(၉) ဝိနယောစ သုသိက္ခိတော - လူမှုရေး ကျင့်ဝတ်များ သင်ကြားခြင်း
(၁၀) သုဘာသိတာ စ ယာဝါစာ- အကျိုးရှိသောစကားကို ပြောဆိုခြင်း
(၁၁) မာတာပိသုဥပဌာနံ - မိဘတို့ကို လုပ်ကျွေးပြုစုခြင်း
(၁၂.၁၃) ပုတ္တဒါရဿ သင်္ဂဟော - သားသမီးနှင့် ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၁၄) အနာကုလာ စ ကမ္မန္တာ - အနှောက်အယှက်မရှိသောအလုပ် လုပ်ရခြင်း
(၁၅) ဒါနဉ္စ - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
(၁၆) ဓမ္မစရိယာစ - သုစရိုက် တရားများကို ကျင့်ခြင်း
(၁၇) ဉာတကာနဉ္စ သင်္ဂဟော - ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံခြင်း
(၁၈) အနဝဇ္ဇာနိကမ္မာနိ - အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း
(၁၉) အာရတီ ဝိရတီ ပါပါ - မကောင်းမှုမှ ရှောင်ကြဉ်ခြင်း
(၂၀) မဇ္ဇပါနစ သံယမော - အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
(၂၁) အပ္ပမာဒေါစ စမ္မေသု - ကုသိုလ်တရားတို့ကို မမေ့ခြင်း
(၂၂) ဂါရဝေါစ - ရိုသေထိုက်သူကို ရိုသေခြင်း
(၂၃) နိဝါတောစ - မိမိကိုယ်ကို နှိမ့်ချခြင်း
(၂၄) သန္တုဠိစ - တင်းတိမ်ရောင့်ရဲခြင်း
(၂၅) ကတညုတ - သူတပါး၏ ကျေးဇူးကိုသိခြင်း
(၂၆) ကာလေန ဓမ္မဿဝနံ - လျောက်ပတ်သောအခါ တရားနာခြင်း
(၂၇) ခန္တီစ - သည်းခံခြင်း
(၂၈)သောသစဿတာ - ဆုံးမစကားကို နာယူလွယ်ခြင်း
(၂၉)သမဏာနဉ္စ ဒဿနံ - ရဟန်းသံဃာကို ဖူးမြော်ခြင်း
(၃၀) ကာလေန ဓမ္မသာကစ္ဆာ - တရား ဆွေးနွေးခြင်း
(၃၁) တပေါစ - ဣနြ္ဒိယ သံဝရစသော တပအကျင့်တို့ကို ကျင့်ခြင်း
(၃၂) ဗြဟ္မစရိယဉ္စ - အကျင့်မြတ်ကို ကျင့်ခြင်း
(၃၃) အရိယသစ္စာန ဒဿနံ - အရိယာသစ္စာ လေးပါးကို သိမြင်ခြင်း
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာစ - နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
(၃၅-၃၈) လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသော်လည်း မတုန်လှုပ်ခြင်း ၊ မစိုးရိမ်ခြင်း ၊ ကိလေသာမြူမရှိခြင်း ၊ ဘေးရန်မရှိခြင်း
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 10:02 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Monday, February 15, 2010
သတင်းနှင့် အတွေးအမြင် ... .. .
ဂန္ဓီက ရွေးကောက်ပွဲစနစ်ဟာ ၅၁ ရာနှုန်းရဲ့အာဏာရှင်ဆီ သွားတဲ့လမ်းပဲလို့ ပြောဖူးတယ်။
ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ခြင်း(ဝါ) ဂဏန်းတွက်ခြင်း arithmatic electionism နဲ့ အတူတူပါပဲလို့ မတွက်ဖို့ပဲ။ အဲ .. ဒါပေတဲ့ လွတ်လပ်ပြီး တရားတဲ့ရွေးကောက်ပွဲကို အမနာပ မပြောသင့်ဘူးလို့လည်း သိဖို့ပဲ။
ခင်များတို့ စဉ်းစားစရာတစ်ခု ပြောပါရစေ။ ၁၉၉၀ ကနေ ၂၀၀၄ အတွင်း တရုတ်သန်း ၄၀၀ ဆင်းရဲတွင်းက လွတ်တယ်။ တရုတ်ပြည်သူလူထုဟာ အလုပ်လုပ်ရတယ်၊ ရုန်းကန်ရတယ်။ သူတို့လိုချင်တာကို ရွေးကောက်ပွဲတွေမရှိဘဲ ရတယ်လို့ ပြောချင်တယ်။ အဲဒီအချိန်မှာပဲ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီတိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းသောပြည်သူလူထုဟာ ဆင်းရဲတွင်းထဲမှာ နစ်နေတုန်းပဲ။ ရွေးကောက်ပွဲဟာ ဘာမှမဟုတ်ဘူးလို့ ပြောရမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ခြင်းက သယ်ဆောင်လာတဲ့ ခြစားခြင်းနဲ့ အဓမ္မလုပ်ခြင်းတွေကြောင့်လား။ လူတွေကို အပြစ်တင်ရမှာလား၊ ရွေးကောက်ပွဲကို အပြစ်တင်ရမှာလား၊ ပြောဖို့ခက်တယ်။
ဒီမိုကရေစီမှာ အနှစ်သာရတွေရှိတယ်။ ကျုပ်အမြင်မှာ သုံးခုပေါ့။
ပထမအနှစ်သာရ - အုပ်ချုပ်ခံရဲ့ဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်း၊(Rule by the consent of the Ruled)
ဒုတိယ အနှစ်သာရ - ပြဿနာပဋိပက္ခတွေကို အဓမ္မနည်းနဲ့မဖြေရှင်းတာပဲ။ (Nonviolent conflict Resolution)
တတိယ အနှစ်သာရ - အခြေခံလူ့လိုအပ်ချက်များနဲ့ အခြေခံ လူ့အခွင့်အရေးများကို စောင့်ရှောက်ရခြင်းပဲ။
“အုပ်ချုပ်ခံ”က ဒီမိုစ့်၊ အက်သ်နိုစ့်(Ethnos) မဟုတ်ဘူး။ အက်သ်နိုစ့်က ဓလေ့ထုံးစံတစ်ခုနဲ့ လူမျိုးတစ်စုကို ပြောတာ။ ဒီမို့စ်က အားလုံးကိုပြောတာ။ တစ်နေရာမှာ မှီတင်းနေထိုင်ကြတဲ့လူအလုံးစုံ အားလုံးပါဝင်တာကို ပြောတာ။ Ethnos တစ်ခုတည်း(ဝါ) လူမျိုးစုတစ်ခုတည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုလိုတယ်။
(၁) တိုက်ရိုက် ဒီမိုကရေစီက အဲဒီလူသာအားလုံးက အစည်းအဝေး(assembly) တစ်ခုမှာ သူတို့ဆန္ဒကို ဖော်ထုတ်တာကို ခေါ်တယ်။
(၂) ကိုယ်စားလှယ်ရွေးပြီး ကိုယ်စားလှယ်ကတစ်ဆင့် စည်းဝေးပွဲမှာ ဖော်ထုတ်တာကို တိုက်ရိုက်မကျသော ဒီမိုကရေစီ (Indirect democracy) ကို ခေါ်မှာပေါ့။
(၃) ၄ နှစ်တစ်ကြိမ် ကိုယ်စားလှယ်ရွေးပြီး ဒီ ၄ နှစ်အတွင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားလှယ်တွေနဲ့ပဲ လွှဲထားတာကတော့ ပိုပြီး တိုက်ရိုက်မကျသော ဒီမိုကရေစီပေါ့။
ဒီသုံးခုစလုံးမှာ အုပ်စိုးသူဟာ အုပ်စိုးခံရဲ့ဆန္ဒနဲ့အညီ လုပ်ရတယ်။ ဒါမှ တရားဝင်တယ်၊ Legitimacy လို့ ခေါ်မှာပေါ့။ အုပ်စိုးခံရဲ့ဆန္ဒနဲ့မညီဘူး အုပ်စိုးသူဟာ တာဝန်မခံတော့ဘူးဆိုရင်၊ တာဝန်ခံနိုင်တဲ့ နောက်အုပ်စိုးသူ လူတစ်သိုက်နဲ့ အစားထိုးမယ်။
ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ဖွဲ့တည်မှုပဲ (Political formation)။ အခြေခံ လူ့လိုအပ်ချက်ကို အားလုံးအတွက် ဖြည့်စည်းပေးဖို့ပဲ။ အထူးသဖြင့် အလိုအပ်ဆုံးလူမွဲတွေအတွက်။ ပြီးတော့ အားလုံးအတွက် အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ပဲ။ အထူးသဖြင့် အားအင်ချို့ တဲ့ဆုံးလူတွေအတွက်။
လူ့အတန်းအစားဖွဲ့မှုတွေကို (class formation) ဖျက်ပစ်ဖို့ လျော့နည်းဖို့ လုပ်တာပဲ။ လူ့အတန်းအစား (class) ဆိုတာ ပါဝါကို ညီတူညီမျှ ခွဲဝေမပေးခြင်းကို ပြောတာ။
၁။ ဆုံးဖြတ်ချက်ချခြင်းနဲ့ စပ်လျဉ်းတဲ့ နိုင်ငံရေးပါဝါ
၂။ စီးပွားရေးနဲ့ဆွဲဆောင်တဲ့ မုန်လာဥပါဝါ (carrot-power)
၃။ စစ်ရေးနဲ့လွှမ်းမိုးတဲ့ တုတ်ပါဝါ (stick-power)
၎။ ယဉ်ကျေးမှု ကျင့်ဝတ်သီလနဲ့လမ်းပြတဲ့ ဆွဲဆောင်ပါဝါ (Persuasion-power)
အကြမ်းဖျဉ်းအားဖြင့် အဲသလို ပါဝါ ၄ ခု ရှိတယ် ဆိုပါစို့ဗျာ။ နင်းပြားကျောမွဲ ဆင်းရဲသားတွေမှာ ပါဝါ ၄ ခုလုံး ချို့တဲ့တယ်။ ဒီမိုကရေစီဟာ အဲသလို ပါဝါမဲ့သူတွေကို ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုစ္စမှာ ပါဝါအပ်နှင်းတာပဲ။
လူ့အခွင့်အရေးကတော့ ဒီမိုကရေစီရဲ့ မရှိမပြီးတဲ့ အစိတ်အပိုင်းပဲ။ “ရွေးကောက်ပွဲဒီမိုကရေစီ”မှာ ဖြစ်လေ့ရှိတဲ့ ၅၁ ရာခိုင်နှုန်းရဲ့ အော်တိုကရေစီ (ဝါ) အများစုရဲ့ ထင်ရာစိုင်းခြင်းကို ထိန်းရနိုင်သလောက်ထိန်းဖို့ လူ့အခွင့်အရေးက အရေးကြီးတာ။
ဒီမိုကရေစီဟူသည်မှာ အခြေခံလူ့အခွင့်အရေးများဖြင့် ထိန်းသိမ်းပဲ့ကိုင်ထားသော စနစ် ဖြစ်ပါသည်။ ထိုစနစ်သည် မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်းများကိုသုံးလျက် အကြမ်းမဖက် အဓမ္မမလုပ်သောနည်းလမ်း၊ တီထွင်သောနည်းလမ်းများအားဖြင့် ပဋိပက္ခများနှင့် ဓနခွဲဝေရာတွင်ဖြစ်သော ပြဿနာများကို ဖြေရှင်းပါသည်။ အုပ်ချုပ်မည့်သူအား တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်း၊ အသစ်တဖန်ရွေးကောက်ခြင်းကိုလည်း အကြမ်းမဖတ်သော နည်းလမ်းဖြင့်ပင် ပြုလုပ်ပါသည်။
သတိပြုရမှာလေးတွေတော့ ရှိတယ်။
(၁) ဒီမိုကရေစီဟာ ရွေးကောက်ပွဲလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။ (Democracy is not electionism)
(၂) ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံသက်သက်နဲ့ မတူပါ။ (Peace is not ceasefireism)
(၃) ဖွံ့ဖြိုးတိုးတက်ခြင်းဟာ တိုးတက်တဲ့နိုင်ငံတွေကို အမီလိုက်ခြင်းနဲ့မတူပါ။ အဲဒါကို deficitism ပဲလို့ ခေါ်ရမယ်။
(လမ်းပေါ်က လူတို့အတွက် ကိုရင်တာ နှစ်ပါးသွား၊ ကိုတာ၊ GUEST EDITOR, THE WAVES MAGAZINE, 1/10. FEBRUARY. 2010) မှ ထုတ်နုတ်ပါသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 4:13 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Wednesday, February 3, 2010
ရင်ကိုထိရှ ခံစားရသည် ..... “မချစ်ကြပါနဲ့”
“အချစ်အမုန်း ၊ အရှုံးအမြတ်
မသုံးမသပ် ၊ မဆုံးမဖြတ်
အဝေးဆုံးကပ် ရပ်နေသူ။” (မာရေးသျှင်)
“.......... လူတစ်ယောက်က အခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာဟာ ပြောလိုက်တဲ့လူရဲ့ ရိုးသားတဲ့ ဝန်ခံမှုတစ်ရပ်ပဲ။ ဥပမာ နင့်ကို ငါက ချစ်တယ်လို့ ပြောခဲ့ရင် အဲဒါဟာ ငါရဲ့ ရိုးသားတဲ့ ဝန်ခံချက်တစ်ရပ်။ ရိုးသားတဲ့ ဖော်ထုတ်ချက်တစ်ရပ် ... ပဲ .....
နင့်ကို ငါချစ်တယ်လို့ ပြောတဲ့အတွက် နင့်အနေနဲ့ ငါ့အပေါ်မှာ နင့်စိတ် နင့်သဘောနဲ့ ကြိုက်သလို တုံ့ပြန်နိုင်တယ်။ သဘောတူလက်ခံနိုင်တယ်။ ဆန့်ကျင် ငြင်းဆိုနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အသိအမှတ်ပြုရုံကလေး ပြုနိုင်တယ်။”
“တကယ်လို့ နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်ဆိုရင် နင်ဟာ ငါ့ရဲ့အဆိုကို အတည်ပြု လက်ခံတဲ့ သဘောပဲ။ ဒါပေမဲ့ နင့်ရဲ့ အတည်ပြုလက်ခံမှုဟာ ငါ့ကို ပိုင်းခြားကန့်သတ်လို့ မရဘူး။ ငါက နင့်ကို ချစ်တယ်လို့ ပြောတဲ့ စကားက နင်ဟာ တခြားလူကို မချစ်ရတော့ဘူးလို့ မတားနိုင်သလို နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်လို့ ဆိုတာဟာ နင်က ငါဟာ တခြားလူကို မချစ်ရတော့ဘူးလို့ အမိန့်ထုတ်တာ၊ ကန့်သတ်တာ မဟုတ်ဘူး။ လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ အသိပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို မတားနိုင်ဘူး။ ထိန်းချုပ်ကန့်သတ် မပစ်နိုင်ဘူး။............”
.......... အဲဒီတုန်းမှာပဲ သူက ပြောတယ်။
“နင်ပြောသလို ဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားဟာ သိပ်အရေးမပါသလိုပဲပေါ့။ ငါက နင့်ကို ချစ်ပါတယ်လို့ ပြောပေတဲ့ နင့်ဘာသာ ချစ်ချင်ရာတွေ လျှောက်ချစ်လို့ ရနေသေးတာပဲ။ ဘာအဓိပ္ပာယ် ရှိတော့လို့လဲ။”...........
“.......... ချစ်ချင်ရာ လျှောက်ချစ်နိုင်တယ်ဆိုတာတော့ ဟုတ်တာတော့ဟုတ်တယ်။ ချစ်ပုံချင်းက တူမှာမဟုတ်ဘူး..........။ ငါ့ကို ချစ်တယ်ဆိုတာဟာ နင့်ဒယ်ဒီကို နင်ချစ်တာ၊ နင့်အမေကို နင်ချစ်တာ၊ နင်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးကို နင်ချစ်တာ ချစ်တော့ ချစ်တာပဲ။ ချစ်ပုံချင်း ချစ်တဲ့ဒီဂရီ အတိုင်းအတာချင်းတော့ မတူနိုင်ကြဘူး။ တို့လူမျိုးမှာ အမြဲတမ်းမှားနေတဲ့ဟာ တစ်ခု ရှိတယ်။ ၁၅၀၀ ကို ၅၂၈ နဲ့ ရောပစ်တာ။ ပိဿာကို ပေါင်ချိန်နဲ့ ရောပစ်လိုက်တာမျိုးပဲ ရောပစ်လို့ မရနိုင်ဘူး။ ငါ နင့်ကို ချစ်တာဟာ တခြားသူတွေ၊ တခြားဟာတွေကို ချစ်တာနဲ့ မတူနိုင်ဘူး။”
“ပိုဆိုးတာတစ်ခုက ချစ်တယ်လို့ ပြောတာ။ တချို့ကျတော့လည်း သိတ္တိမရှိလို့ ရည်းစားစာရေးပြီး အသိပေးတာ။ ဘယ်လိုလုပ်လုပ် ဘာသာစကားဘောင်ထဲမှာတော့ သာမန်အဆိုတစ်ခုပဲ။ ချစ်တယ်ဆိုတာကို ပြောစကား၊ အရေးစကားနဲ့မှ မဟုတ်ဘူး။ ဘာသာစကားမပါပဲလည်း အမျိုးမျိုး ဖော်ထုတ်ပြနိုင်တယ်။ အသိအမှတ်ပြု လက်ခံနိုင်တယ်။”
“ဒါပေတဲ့ လူတွေက ချစ်ခြင်းဆိုတာကို အလွယ်တကူ သုံးပစ်လိုက်ကြတယ်။ လူတွေဟာ ချစ်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတွေးပြီး ချစ်တယ်လို့ ပြောတတ်ကြတာ။ နောက်ဆက်တွဲဆိုတာက ပိုင်ဆိုင်လိုတာ။ ကိုယ်ကာယချင်း နှီးနှောချင်တာ စတာတွေ အပုံကြီးပဲ။ နင် ခုနပြောတဲ့ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာက နောက်ဆက်တွဲမပါတဲ့ ချစ်ခြင်းပဲ။ ရိုးသားတဲ့ ချစ်ခြင်းပဲ...........”
(“မချစ်ကြပါနဲ့” ၊ မြင့်သန်း၊ ချင်းတွင်း မဂ္ဂဇင်း အမှတ် (၄၆) ၊ ဇန်နဝါရီလ ၊ ၂၀၁၀ - မှ ထုတ်နုတ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:40 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Sunday, January 31, 2010
Love Marriage??? Arranged Marriage???
ကျွန်မမိတ်ဆွေတွေက ကျွန်မကိုမကြာခဏမေးခဲ့ဖူးပါတယ်...
ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်မှာလား???
မိဘကသဘောတူတဲ့သူနဲ့ လက်ထပ်မှာလား??? တဲ့...
ကျွန်မက ကိုယ်ကချစ်ပြီး မိဘကပါသဘောတူတဲ့သူနဲ့လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်ကြတယ်...
ငယ်ရွယ်တဲ့အသက်အရွယ်မှာတော့ နှလုံးသားအလိုဆန္ဒကိုပဲ ဦးစားပေးကြတာများပါတယ်...
မိဘသဘောတူတူ မတူတူ ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူနဲ့ပဲ လက်ထပ်ဖြစ်ကြတာများမယ်လို့ ကျွန်မထင်ပါတယ်...
အသက်အရွယ်ရလာတော့ နှလုံးသားခံစားချက် ၊ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်လာနိုင်ကြပြီး ဦးဏှောက်နဲ့ စဉ်းစားဆုံးဖြတ်လာတာများလာတယ်...
ကျွန်မအမြင်ကတော့...
ကိုယ်ချစ်တဲ့သူနဲ့ဖြစ်ဖြစ် ...
မိဘက သဘောတူစီစဉ်ပေးတဲ့သူနဲ့ဖြစ်ဖြစ်...
လက်ထပ်တယ်ဆိုတာက သီးခြားစီဖြစ်နေတဲ့ ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာပါပဲ....
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းရပ်တည်နေတဲ့ ဘဝတစ်ခုမှာတောင် လိုအပ်ချက်တွေ အလိုဆန္ဒတွေများနေကြတယ်...
ဘဝနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အချိန်မှာ လိုအပ်ချက်... ဆန္ဒတွေကပိုပိုများလာမယ်...
ဘယ်အရာမဆို အဆိုးနဲ့အကောင်းဆိုတာကတော့အမြဲဒွန်တွဲနေတာပါပဲ...
လူတစ်ယောက်နဲ့ပတ်သက်မိပြီဆိုရင်လည်း သူ့ ရဲ့ကောင်းကျိုး ဆိုးကျိုးနှစ်ခုစလုံးကို ခံစားကြရတာပါပဲ...
ချစ်သောမျက်စိနဲ့ကြည့်ရင်တော့ ဘာပဲလုပ်နေလုပ်နေ အပြစ်မမြင် အပြစ်မတင်ရက်ပေမဲ့…
မချစ်တဲ့သူတစ်ယောက်ကိုတော့ အသေးအမွားကိစ္စလေးတွေမှာခွင့်လွတ်နိုင်ပေမဲ့ ကိစ္စကြီးတွေမှာတော့ ခွင့်လွှတ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး…
လက်ထပ်ပြီးတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မကိုပြောဖူးပါတယ်…
လူနှစ်ယောက်လက်ထပ်ပြီးရင် ချစ်တာထက် တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားနိုင်ဖို့ရယ် နားလည်ပေးနိုင်ဖို့ရယ် အရေးကြီးပါတယ်တဲ့…
စဉ်းစားကြည့်တော့ သူပြောတာမှန်ပါတယ်…
ကိုယ်ချစ်တဲ့သူကို လက်ထပ်သည်ဖြစ်စေ… မိဘသဘောတူတဲ့သူကိုလက်ထပ်သည်ဖြစ်စေ သူ့ရဲ့စိတ်ထား … သူလုပ်ကိုင်တာတွေ… သူ့အပြုအမူတွေကို ကိုယ်ကနားလည်ပေးနိုင်တယ်… ကိုယ်နဲ့ပတ်သက်တာတွေကိုလည်း သူကနားလည်ပေးနိုင်တယ်ဆိုရင် နှစ်ယောက်
ရှေ့ ဆက်ရမဲ့ ဘဝတစ်ခုက အဆင်ပြေမှာပါ…
ခက်တာကလည်း “နားလည်ပေးပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ပြောရတာသာလွယ်တာပါ… တကယ်နားလည်ပေးရတော့ခက်ပါတယ် ….
ကျွန်မသူငယ်ချင်းပြောသလိုပါပဲ ကိုယ်ကနားလည်ပေးထားတာကိုလည်း သူကအသိအမှတ်ပြုပြီး ကိုယ့်စေတနာကိုနားလည်ဦးမှတဲ့…. ကိုယ်ကနားလည်ပေးလိုက် သူကလုပ်ချင်တာတွေလုပ်လိုက်နဲ့ဆို နားလည်ပေးတဲ့သူအတွက် အခက်ကြုံနိုင်ပါတယ်…
လူ့သဘောသဘာဝအရတော့ သည်းခံခွင့်လွတ်တယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိပဲဖြစ်နိုင်ပါတယ်…
ကျွန်မအနေနဲ့ကတော့ မိဘကသဘောတူသူ၊ ကိုကလည်း မေတ္တာထားနိုင်တဲ့သူ…
ကိုယ့်အပေါ်မှာ မေတ္တာထားနိုင်တဲ့သူကိုပဲလက်ထပ်ဖြစ်မှာပါ…
အားလုံးလည်း အခြေခိုင်မာတဲ့ အိမ်ထောင်ရေးများ ပြုစုပျိုးထောင်နိုင်၊ တည်ဆောက်နိုင်ကြပါစေလို့ . . . .
မယ်
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 11:23 AM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Friday, November 27, 2009
ခန်းဆောင်နီအိပ်မက် မပျက်မပြယ် (Me or We, Wall or Web)
အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ် ၂၀ နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။
သမိုင်းဆရာများက “အမှောင်ခေတ်”ဟု ဆိုကြသော ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး အဆက်ပြတ်အထီးကျန်ဖြစ်ခဲ့ရသည်ကိုမူ တစ်စုံတစ်ရာ နားလည်နိုင်ပါသည်။ အခြားနိုင်ငံများလည်း ဤနည်းနှင့်သာဖြစ်သည် မဟုတ်ပါလော။ သို့နှင့်တိုင် ခေတ်သစ်နိုင်ငံတကာစာပေနှင့် ခေတ်သစ်အတွေးအမြင်များနှင့် အထိအတွေ့တွင် “သိပ်များနောက်ကျလွန်းလေသလား”ဟု မကြာခဏ တွေးမိသည်။ ဥပမာ- မြန်မာ့နိုင်ငံရေးကို တစ်ဆစ်ချိုး လှည့်ပြောင်းစေခဲ့သော “နဂါးနီစာပေလှုပ်ရှားမှု”ကိုပဲကြည့်။ အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ်(၂၀) နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။ ဒီလိုနှင့် အိုင်ဒီအိုလိုဂျီ ဧကမူစိတ်ဖြင့်ပင်၊ စစ်အေးခေတ်ကိုဖြတ်ခဲ့သည်။ နောက်ဆုံး စစ်အေးနိဂုံးအထိရောက်လာသည်။ ကျွန်တော်တို့ကား ခန်းဆောင်နီထဲတွင် အိပ်မက် မက်လို့ကောင်းဆဲ။ လောကီရေးတွင် ထာဝရ မဖောက်မပြန် အမြဲမှန်သည်ဆိုသော ပကတိအမှန်တရားမျိုး ရှိနိုင်ပါသလော။
........ ၁၉၈၉ ခုနှစ်တွင် စစ်အေးသင်္ကေတ ဘာလင်တံတိုင်းကြီး ပြိုကျသွားသည်။ ဤဖြစ်ရပ်ကြီးက ၁၁/၉ (နိုဝင်ဘာလ ၉ ရက်)ဆိုသော ခေတ်ပြိုင်သမိုင်း၏ အရေးကြီးဆုံးမှတ်တိုင်တစ်ခုကို စိုက်လိုက်သလို ရှိသည်။ ကမ္ဘာအနှံ့တုန်ဟည်းသွားသော အဆိုပါပြိုလဲမှုကြီးကိုလည်း မြန်မာစာပေလေထန်ကုန်းထက်မှ ခပ်သဲ့သဲ့သာ ကြားလိုက်ဟန်တူပါသည်။ ကြားသည်ဆိုလျှင်သော်မှ ဖြစ်ရပ်နောက်ကွယ်မှ တူရှုချက်ထိ ဆဝါးမိဟန်မတူ။ “သြော် - တံတိုင်းကြီးပြိုကျသွားပြီကိုး” ဆိုသော သာမန်သတင်းမှတ်ချက်လောက်သာ ရှိမည်ထင်ပါသည်။
အမှန်စစ်စစ် ၁၁/၉ မှာ မြင်သာထင်သာ နံရံတံတိုင်းကြီးပြိုကျရုံ သက်သက်မျှမဟုတ်။ “စစ်အေး” ဆိုသော နိုင်ငံရေးခေတ်ကြီးတစ်ခု နိဂုံးကမ္ပတ်အဆုံးသတ်သွားခြင်း ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးခေတ်နိုင်ငံရေး စဉ်းစားပုံတွေ သံပတ်ကုန်သွားခြင်းလည်းဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း စစ်အေးခေတ်၏ သင်္ကေတမှာ နံရံတံတိုင်းဖြစ်သည်။ တံတိုင်းကြီးရှိနေသည်ကိုက “ငါတို့ကွဲနေကြပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါ”နဲ့“သူ”ဆိုသောအမြင်ဖြင့် တံတိုင်းကာကြည့်သော စဉ်းစားနည်းတို့ လွှမ်းမိုးသောကာလဖြစ်သည်။ အရာရာကို “ရန်သူ မိတ်ဆွေ”၊ “အင်တီ ပရို”ဆိုသောအမြင်ဖြင့် ချဉ်းကပ်သည်၊ မဖြူလျှင် မည်းရမည်ဆိုသောလောဂျစ်ကို အခြေခံသည်။ ဤသဘောများကို အနှစ်ချုပ်ပြီး နယူးယော့တိုင်းမ်ဂျာနယ်လစ် တောမတ်ဖရိုင်းမင်းက “ဝေါလ်ပါတီစဉ်းစားနည်း” (Wall Party Thinking) ဟု ဝိဂြိုလ်ပြုသည်။
တံတိုင်းကြီးအပြီး စစ်အေးလွန်ခေတ်၏ သင်္ကေတမှာ အင်တာနက်ဝက်ဘ်ဆိုက်ကြီးဖြစ်သည်။ ဤဝက်ဘ်ဆိုက်ကြီးရှိနေသည်ကိုက “ငါတို့ ပူးပေါင်းအလုပ် လုပ်လို့ရပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါတို့တစ်တွေ” ဆိုသောအမြင်ဖြင့် မြင့်သထက်မြင့်အောင် မိုးပေါ်တက်ကြည့်ကြဖို့ဖြစ်လာသည်။ “ဘာတွေကွဲသလဲ” ဆိုသည်ထက်၊ “ဘာတွေတူသလဲ”ဆိုသည်ကို အာရုံပြုသည်။ “ဘုံတူညီချက်”တစ်ခုကို မရအရ ရှာဖွေပြီး လက်တွဲဆောင်ရွက်ဖို့ကြိုးစားသည်။ ဖရိုင်းမင်းစကားနှင့်ဆိုရလျှင် “ဝက်ဘ်ပါတီစဉ်းစားနည်း” (Web Party Thinking)ဖြစ်ပါသည်။ စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လက်ဝဲ လက်ယာ အိုင်ဒီအိုလိုဂျီအငြင်းပွားမှုတွေ မလိုတော့ပြီ။ ဝေါလ်ပါတီနှင့် ဝက်ဘ်ပါတီသာ ရှိတော့သည်။ ဝေါလ်ထဲတွင် စံပယ်မြဲစံပယ်ကာ စစ်အေးခေတ်အရက်တွင်၊ ခေါင်းစိုက်ရီဝေနေကြမည်လော။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဆိုသော မေတ္တာစိတ်ဖြင့် ဝက်ဘ်ပေါ်တက်၍ ကခုန်ကြမည်လော။
....................................................................................
ပြီးခဲ့သော အနှစ် ၂၀ က တံတိုင်းပြိုသံမှာ လွန်ခဲ့သော နှစ်(၉၀)က အောက်တိုဘာ အမြောက်သံကို မလွှမ်းနိုင်ရှိဆဲ။......။
(အနှစ် နှစ်ဆယ်၊ ကျော်ဝင်း၊ EDITOR'S SKETCH, THE WAVES MAGAZINE, 7/09.NOVEMBER. 2009 မှ ထုတ်နုတ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:21 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . .
Tuesday, October 27, 2009
သတင်းနှင့် အတွေးအမြင် ... .. .
ဆင်းရဲမှုထောင်ချောက်.... သယံဇာတကျိန်စာ
အောက်ဆုံးမှ သန်း ၁၀၀၀ (တစ်နည်း စူပါကာက သန်း ၁၀၀၀)တို့ မှီတင်းနေထိုင်ရာ နိုင်ငံများမှာ ၂၁ ရာစုကို ဖြတ်သန်းနေရသော်လည်း၊ သူတို့တစ်တွေ၏ အရပ်ရပ်ရေချိန်မှာ ၁၄ ရာစုအဆင့်တွင်သာ တန့်ရပ်ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
..... ဤသို့ ဘာ့ကြောင့် နောက်ကျ ကျန်ရစ်ရသည်ကို ဆန်းစစ်ကြည့်ရာ၊ “ဆင်းရဲမှုထောင်ချောက်” (poverty trap)ထဲ ပိတ်မိနေသောကြောင့်ဟု အဖြေထုတ်သည်။
ကျမ်းရှင်၊ ပါမောက္ခ ကို(လ)လီယာ၏အလိုအရ၊ အဆိုပါနိုင်ငံများ ပိတ်မိနေသော ဆင်းရဲမှုထောင်ချောက်တွင် လက္ခဏာ ၄ ပါးရှိသည်ဟု ဆိုသည်။
ကုန်းတွင်းပိတ်နိုင်ငံများဖြစ်နေခြင်း (being landlocked)
သယံဇာတပေါကြွယ်ဝခြင်း (abundant natural resources)
အုပ်ချုပ်မှုဆိုးဝါးညံ့ဖျင်းခြင်း (bad governmace) နှင့်
ပြည်တွင်းစစ် (civil wars) တို့ဖြစ်သည်။ ဤလက္ခဏာတစ်ခုချင်းစီကိုလည်း သူက ရှင်းပြသည်။
ပထမလက္ခဏာကို ရှင်းပြရာတွင် ပထဝီအရ ကုန်းတွင်းပိတ်ဖြစ်တိုင်း ပြဿနာရှိသည်မဟုတ်။ အိမ်နီးချင်းနိုင်ငံများကပါ ဆင်းရဲပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် သီးခြားကင်းလွတ်နေသည်ကသာ တကယ့်ပြဿနာဟုဆိုသည်။
.....................................................................
သယံဇာတပေါကြွယ်မှုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပေးလက်ဆောင်ဟု ဆိုနိုင်သည့်တိုင် လက်တွေ့တွင်ဤသို့မဖြစ်။ နိုင်ငံရေးအီလစ်များကြား အကျင့်ပျက်ခြစားမှုနှင့်၊ အုပ်စုတိုက်ပွဲ (တစ်နည်း သယံဇာတလုပွဲ)များအတွက်သာ ရေခံမြေခံဖြစ်နေသည်။ ဤအနေအထားကို တတိယလက္ခဏာ (အုပ်ချုပ်မှု ဆိုးဝါးညံ့ဖျင်းခြင်း)က အားဖြည့်လျက်ရှိရာ၊ ကံကောင်းခြင်းလက်ဆောင်သည်ပင် ကျိန်စာတစ်ခုလို ဖြစ်လာရတော့သည်။ ဤသည်ကို နောက်ပိုင်းပညာရှင်များက “သယံဇာတကျိန်စာ”(resource curse) ဟု ခေါ်သည်။
ဆိုခဲ့ပါလက္ခဏာသုံးပါးကို ပို၍သည်းသန်ပြင်းထန်စေပြီး၊ နောက်ဆုံး တွင်းမည်းကြီးထဲသို့ ဆွဲခေါ်သွားနိုင်သည်မှာ၊ စတုထ္ထလက္ခဏာပြည်တွင်းစစ်ဟု ကျမ်းရှင်က သုံးသပ်ပြပါသည်။
EDITOR'S CHOICE , THE WAVES MAGAZINE 7/09.NOVEMBER.2009 မှ ထုတ်နုတ်ပါသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 7:10 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .
Sunday, September 20, 2009
Tree!
သစ်ပင်များကား ပွင့်သောအခါမှ၊ အသီးသီး အရိပ်ရသောအခါမှ ပျော်ရွှင်စေသည် မဟုတ်။ မြေကြီးတွင် သစ်စေ့များ ချသော တဒင်္ဂမှစပြီး ရေလောင်းသောအခါ၊ ပေါင်းသင်သောအခါ၊ မြေဆွသောအခါ ပျော်ရွှင်သော ခံစားမှု့ကို ခံစားရစေသည်။ သစ်စေ့မှ အပင်ပေါက်၊ တဖြည်းဖြည်း ကြီးလာသည်နှင့်အတူ ကျွန်တော်တို့၏ ပျော်ရွှင်သော ခံစားမှုများလည်း တဖြည်းဖြည်း ကြီးလာလေ့ရှိသည်။ “ သဘာဝ” ထဲ မှာ နေရင်း အချိန်ကုန်လေ့ရှိသူတို့ ဒါကိုသိကြသည်။ ငြီးငွေ့စရာချည်းဟု ထင်ရသော ဘ၀ကား စင်စစ် ချမ်းသာသောဘ၀၊ ပင်ကိုယ်ငြိမ်းအေးမှု၊ ငြိမ်သက်မှုနှင့် ပြည့်လျှမ်းသော ဘ၀။
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 12:28 AM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် တာတူး (ဝါ) အမေ့ခံလူတစ်ယောက်, အရောင်စုံ အတွေးများ . . . . .
Saturday, August 8, 2009
စိတ်ဝင်စားစရာဦးနှောက်များ
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။
“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”
ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံ ကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံ မကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး။
“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”
အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။
ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။
(ပြည်တွင်းမှာပဲဆိုရင်) ခင်များသူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အခန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေ သူတို့သူတို့ တစ်တွေဟာ ခင်များနိုင်ငံသားတွေပါ။
သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။
နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။
ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။
လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။
မှတ်ချက်အတွက်မှတ်ချက်။..........။ ဆရာသုရဲ့ပို့စ်ကို ဖတ်ပြီး ရေးတဲ့ မှတ်ချက်ပါ။ ဟဲ ဟဲ နည်းနည်းရှည်သွားလို့ဖြစ်မည် ..မိတ်ဆွေက ပို့စ်အဖြစ်တင်ဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ ပို့စ်အဖြစ်ရည်ရွယ်ပြီးရေးခြင်းမဟုတ်ဘဲ အလွတ်သဘော မှတ်ချက်အဖြစ် လက်တန်းရေးထားခြင်းမျှသာဖြစ်ပါတယ်။
(Comment on The man who wanna talk HRD! ကို ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 9:30 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, အရောင်စုံ အတွေးများ . . . . .