Friday, May 7, 2010

ကျွန်မတို့ကကော မျောက်တွေပဲလား???



ဆရာ အော်ပီကျယ်ရဲ့ မျောက်ငါးကောင် ကာတွန်းလေးကို Forward Mail တစ်ခုကရလို့ ဖတ်ပြီး ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတွေ နဲ့ ယှဉ်တွေးမိတဲ့ အတွေးလေးတွေကို ပြန်ဖြန့်ဝေလိုက်တာပါ….

မည်သူ တစ်ဦးတစ်ယောက်ကိုမျှထိခိုက်စေရန်မရည်ရွယ်ပါဘူး…

တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွတ်စေချင်ပါတယ်…


ရေခဲရေနဲ့ အပက်ခံခဲ့ရတဲ့ မျောက်တွေအနေနဲ့ ငှက်ပျောသီးတက်ယူတဲ့ မျောက်ကို ဝိုင်းပြီးထုနှက်ကြတယ်ဆိုတာက သဘာဝကျပါတယ်…

မျောက်တစ်ကောင်က ငှက်ပျောသီးတက်ယူရင်သူတို့က ရေခဲရေနဲ့ အပက်ခံရမယ် ….

ဟိုမျောက်က သူ့ဘာသူ ငှက်ပျောသီးတက်ယူတာဆိုပေမဲ့ သူတို့မှာက ရေခဲရေနဲ့ အပက်ခံရတဲ့ အကျိုးတက်ရောက်မှုက ရှိနေတယ်လေ…

နောက်ရောက်လာတဲ့ မျောက်အသစ်တွေအနေနဲ့ကျတော့ ရေခဲရေနဲ့ အပက်ခံရတာလည်း မရှိပဲ ဟိုမျောက် ငှက်ပျောသီးတက်ယူတာကို ထုနှက်တာကတော့ သဘာဝမကျပါဘူး…

အဲလိုသဘာဝမကျတာတွေကလည်း ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးကြုံတွေ့နေရတာပါပဲလေ…

ငှက်ပျောသီးတက်မယူရဲတဲ့ မျောက်တွေနဲ့တူတဲ့ လူတွေနဲ့….

ဘာမှန်းမသိပဲနဲ့ ငှက်ပျောသီးတက်ယူတဲ့ မျောက်ကို ဝိုင်းထုနှက်ကျတဲ့ မျောက်တွေနဲ့ တူတဲ့ လူတွေရယ်ပါ…

ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးကြုံတွေနေရပါတယ်…

“ ဟာ… မင်းအဲဒီဘိုးတော်နဲ့ အလုပ်လုပ်တွဲလုပ်ရင် သတိထား အဲဒီလူက ဆိုးတယ်… မလွယ်ဘူး … မင်းသတိထားဆက်ဆံမှ တော်ကာကျလိမ့်မယ်”

အဲလိုပါပဲကျွန်မတို့ လုပ်ငန်းလုပ်ဖို့ လူတချို့နဲ့ ဆက်ဆံမိရင် လူတွေက သတိပေးသလို ခြိမ်းချောက်သလိုနဲ့ တားမြစ်တတ်ကျပါတယ်…

တကယ်တမ်း သူတို့ ပြောတဲ့လူနဲ့ဆက်ဆံပြီး အလုပ်အတူတူလုပ်ကြည့်တဲ့အခါမှာ

သူတို့ပြောသလိုမဟုတ်တာကို တွေ့ရတယ်…

ဒီလိုပါပဲ ကျွန်မနဲ့ အလုပ်တူတူလုပ်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး မကောင်း ပြောတာကို ကျွန်မကြုံခဲ့ဖူးပါတယ်…

သူတို့ကမကောင်းဘူးလို့ ပြောတဲ့သူကသူတို့ကို ဘာဒုက္ခပေးခဲ့လဲဆိုတော့ ဘာမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး….

သူတို့မသိတဲ့အချက်က အဲဒီသူက သူတို့တောင်မသိလိုက်ပဲ သူတို့ ဒုက္ခရောက်မှာစိုးလို့ အကူအညီပေးနေခဲ့တဲ့ သူဆိုတာကိုပဲ…

ကျွန်မလည်း သူတို့ကို ကြည့်ပြီး တွေးမိလိုက်ပါတယ်…

အော်… သူတို့ဟာ ဘာမှန်းမသိပဲ ဘာကြောင့်မှန်းမသိပဲ ငှက်ပျောသီး တက်ယူတဲ့ မျောက်ကို ထုနှက်နေတဲ့မျောက်တွေနဲ့ အတူတူပါလားလို့…

သူဘာသာသူ နေနေတဲ့ လူတစ်ယောက်… သူ့အလုပ်သူ လုပ်နေတဲ့ လူတစ်ယောက်….ကိုယ့်ကို ဘာမှ ဒုက္ခမှလည်း မပေးဖူးတဲ့လူတစ်ယောက်…

သူ့ကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာမှုလည်းမရှိခဲ့ဖူးပဲနဲ့ သူ့လမ်းသူလျှောက်ပြီး သူ့အလုပ်သူလုပ်နေတဲ့ လူတစ်ယောက်ကို…အဲဒီလူက မကောင်းဘူးဆိုပြီး ဝိုင်းထိုးနှက်တတ်ကြတာ ဘာကြာင့်လဲ???


ကျွန်မအနေနဲ့ ကာတွန်းလေးကိုဖတ်ပြီး သတိထားရမှာကို သိလိုက်ရပါတယ်…

ကိုယ်ကိုယ်တိုင်လည်း ဘာမှန်းမသိပဲ ငှက်ပျောသီးတက်ယူတဲ့ မျောက်ကို ထိုးနှက်တဲ့ မျောက်တစ်ကောင် ဖြစ်မသွားအောင်လေ…


ငှက်ပျောသီးတက်မယူရဲတဲ့ မျောက်တစ်ကောင် ဖြစ်မသွားအောင်လည်း

သတိထားဖို့ လိုပါတယ်…


ကျွန်မတို့ပတ်ဝန်းကျင်မှာက အပြောင်းအလဲတွေအရမ်းများတယ်

လူတယောက်ဟာ နေရာတခုမှ အကြာကြီးမနေရပါဘူး…

နေရာတခုမှ နေရာလေးရလာပြီ အခွင့်အရေးလေးတွေရလာပြီဆိုရင်

ကိုယ်ရထားတဲ့နေရာတစ်ခုကနေစွန့်ခွာကြရတာများပါတယ်…

မယ့်ဆရာကြီးတစ်ယောက်ပြောဖူးတဲ့ဟာသလေးပါ…

တနေ့မှာ လူ ၂ ယောက်တွေ့တယ်တဲ့

A နဲ့ B ပေါ့

A ဆိုတဲ့လူကပြောတယ်

ဒီနေရာကိုကျွန်တော်ရောက်လာမှ အရင်ကမအောင်မြင်တာတွေကိုအောင်မြင်အောင်လုပ်နိုင်တယ်…

အရင်ကနဲ့မတူပဲ ဒီနေရာကတော်တော်တိုးတက်လာတယ်…

ဒါပေမဲ့ကျွန်တော်ဒီနေရာကနေ ပြောင်းရတော့မယ်

ကျွန်တော်ကြိုးစားထားခဲ့တာတွေက ကျွန်တော့ခံစားဖို့မဟုတ်တော့ဘူးဗျာတဲ့…

B ဆိုတဲ့လူက A ကိုပြန်ပြောတယ်

ခင်ဗျားကို ပုံပြင်တခုပြောပြမယ်ဗျာ….


“ တနေ့မှာ လူတစ်ယောက်က ခုံတလုံးဝယ်လာခဲ့တယ်တဲ့…

ခုံကတကယ့်ကိုအကောင်းစားပါပဲ…

အဲဒီလူက တော်တော်ကိုသဘောကျသနဲ့

အိမ်ကိုရောက်တော့ခုံကိုချပြီး ထိုင်လည်းထိုင်ရော

ခုံကကျိုးသွားတယ်…

ဒါနဲ့ ဆိုင်ကိုသွားပြီး ခုံကျိုးသွားတယ်ဆိုပြီးပြောတာပေါ့…

ဆိုင်ရှင်က ဘာပြန်ပြောလဲဆိုတော့

မဟုတ်မှလွဲရော ခင်ဗျား ထိုင်မိပြီထင်တယ်တဲ့….”


တကယ်ဆိုရင် ထိုင်ခုံဆိုတာထိုင်ဖို့ပါပဲ

ထိုင်လိုက်ရင်ကျိုးမဲ့ထိုင်ခုံကိုဘာလို့တက်ထိုင်ကြရမလဲ…

အဲလိုပါပဲ ငှက်ပျောသီးတက်ယူရင် ဝိုင်းထုနှက်တာကိုခံမဲ့ မျောက်လိုပဲ…

တကယ်တမ်းကျတော့ ငှက်ပျောသီးဆိုတာ မျောက်အတွက် စားစရာပါပဲ…

ထိုင်ခုံဆိုတာကလည်း ထိုင်ဖို့ပါပဲ…

ဝိုင်းထုနှက်မှာ ကြောက်လို့ ငှက်ပျောသီးကိုတက်မယူရဲရင်

ငှက်ပျောသီးကို မစားရယုံပဲ ရှိမှာပါပဲ…

ထိုင်ခုံကျိုးမှာစိုးလို့ ထိုင်ခုံမှာ တက်မထိုင်ရဲရင် မထိုင်ယုံပဲရှိမှာပါပဲ…

ကိုယ်လိုချင်တာတစ်ခုကိုတော့ သေချာစဉ်းစားရမှာပါပဲ …

ငှက်ပျောသီးကိုလိုချင်မှတော့ ဝိုင်းထုနှက်တာကို သည်းခံပြီး ငှက်ပျောသီးကိုရအောင်ယူရမှာပဲပေါ့….

ထိုင်ခုံမှာ ထိုင်ချင်ရင် ထိုင်ခုံကျိုးမှာ ကြောက်ရင် ပညာရှိသတိထားပြီးတော့ ထိုင်ခုံမကျိုးအောင်ညဏ်သုံးပြီးထိုင်ကြရမှာပဲပေါ့…


သတိတရားလက်ကိုင်ထားပြီး မျောက်တွေလိုမဟုတ်ပဲ လူပီသစွာနေနိုင်ကြပါစေလို့….

မယ်

(18:52,4.4.201)

ဆက်ဖတ်မယ်ဆိုရင် ...