Saturday, February 27, 2010

သိမ်းထားတဲ့ကဗျာ (၃)


သိမ်းထားတဲ့ကဗျာများကို သိမ်းခြင်း

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်၊ (၁၅)နှစ် ဝန်းကျင်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးတွေပါ။ ကျနော်ဘာသာဆို ရှိတော့မှာ မဟုတ်ပါ။ အမေ တကူးတက သိမ်းထားပြီး တကူးတက ပို့ပေးလို့သာ ကျနော် ပြန်ဖတ်ရတာပါ။ ဟိုးအညာက အမေ့အိမ်ရဲ့အဝေး ရန်ကုန်(နေရာစုံ)မှာနေခဲ့တဲ့ ကျနော့်စာအုပ်အတိုအစ၊ ကဗျာအတိုအစတွေကို အမေ ဘယ်အချိန်က ဘယ်လို သိမ်းထားခဲ့လဲ ကျနော်မသိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုစာ အမေ တခုတ်တရ သိမ်းထားခဲ့တဲ့ ကဗျာလေးတွေကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အကောင်အထည်ဖော်ဖြစ် နေတာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား အမေ့ရဲ့မြေးမြစ်များအတွက်ပေါ့ ခင်မျာ။

အဲဒီ ကဗျာတော်တော်များများ ဟာ ခေါင်းစဉ်ပေးမထားပါ။ ဒါကြောင့် “သိမ်းထားတဲ့ကဗျာ” ဟုသာ သိမ်းထားလိုက်တာပါ။



သိမ်းထားတဲ့ကဗျာ (၃)

မှန်းဆလို့ပြောရဲအောင်မရှိတဲ့ ပကတိတရား
မှန်သားပြင်ပေါ်က မျက်နှာ
ထိတွေ့မှု ရှာမရသလို
ပွေ့မရ ပိုက်မရ
စိတ္တဇသခင် .....

လေတိုက်လည်းမရွေ့
မိုးရွာလည်းမစို
နေပူလည်းမနွမ်း
မျက်ဝန်းမှာပင် အစဉ်လွှမ်း
ရွှင်လန်းတဲ့ သူ့မျက်နှာ ...
မျက်စိမှိတ်လည်း ပေါ်ဆဲ
မျက်ဝန်းထဲက ပုံရိပ်
အိပ်မက်၌နေရာယူ
ကိုယ်လေ .....
ငြူစူခြင်းမရှိ ပကတိကျေနပ်ခြင်းနဲ့ပေါ့။..........။


မာရေးသျှင်

(ဒီကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကျနော်ရဲ့ ပထမဦးဆုံးသော ကြီးကောင်ဝင်စကဗျာလို့ ထင်ပါတယ်။ အဲဒီအတိုင်းအမှန်ပဲဆိုရင် ဒါဟာ မာရေးသျှင်ရဲ့စတင်ခြင်းကဗျာလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ မဆုံးမယ့်အရာဟာ မာရေးသျှင်ဆိုတာ အဲဒီကတည်းက သေချာခဲ့တာပါ။.........။)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, February 15, 2010

သတင်းနှင့် အတွေးအမြင် ... .. .



ဂန္ဓီက ရွေးကောက်ပွဲစနစ်ဟာ ၅၁ ရာနှုန်းရဲ့အာဏာရှင်ဆီ သွားတဲ့လမ်းပဲလို့ ပြောဖူးတယ်။

ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ခြင်း(ဝါ) ဂဏန်းတွက်ခြင်း arithmatic electionism နဲ့ အတူတူပါပဲလို့ မတွက်ဖို့ပဲ။ အဲ .. ဒါပေတဲ့ လွတ်လပ်ပြီး တရားတဲ့ရွေးကောက်ပွဲကို အမနာပ မပြောသင့်ဘူးလို့လည်း သိဖို့ပဲ။

ခင်များတို့ စဉ်းစားစရာတစ်ခု ပြောပါရစေ။ ၁၉၉၀ ကနေ ၂၀၀၄ အတွင်း တရုတ်သန်း ၄၀၀ ဆင်းရဲတွင်းက လွတ်တယ်။ တရုတ်ပြည်သူလူထုဟာ အလုပ်လုပ်ရတယ်၊ ရုန်းကန်ရတယ်။ သူတို့လိုချင်တာကို ရွေးကောက်ပွဲတွေမရှိဘဲ ရတယ်လို့ ပြောချင်တယ်။ အဲဒီအချိန်မှာပဲ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီတိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းသောပြည်သူလူထုဟာ ဆင်းရဲတွင်းထဲမှာ နစ်နေတုန်းပဲ။ ရွေးကောက်ပွဲဟာ ဘာမှမဟုတ်ဘူးလို့ ပြောရမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးတဲ့နောက် ရွေးကောက်ခြင်းက သယ်ဆောင်လာတဲ့ ခြစားခြင်းနဲ့ အဓမ္မလုပ်ခြင်းတွေကြောင့်လား။ လူတွေကို အပြစ်တင်ရမှာလား၊ ရွေးကောက်ပွဲကို အပြစ်တင်ရမှာလား၊ ပြောဖို့ခက်တယ်။




ဒီမိုကရေစီမှာ အနှစ်သာရတွေရှိတယ်။ ကျုပ်အမြင်မှာ သုံးခုပေါ့။

ပထမအနှစ်သာရ - အုပ်ချုပ်ခံရဲ့ဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်း၊(Rule by the consent of the Ruled)
ဒုတိယ အနှစ်သာရ - ပြဿနာပဋိပက္ခတွေကို အဓမ္မနည်းနဲ့မဖြေရှင်းတာပဲ။ (Nonviolent conflict Resolution)
တတိယ အနှစ်သာရ - အခြေခံလူ့လိုအပ်ချက်များနဲ့ အခြေခံ လူ့အခွင့်အရေးများကို စောင့်ရှောက်ရခြင်းပဲ။

“အုပ်ချုပ်ခံ”က ဒီမိုစ့်၊ အက်သ်နိုစ့်(Ethnos) မဟုတ်ဘူး။ အက်သ်နိုစ့်က ဓလေ့ထုံးစံတစ်ခုနဲ့ လူမျိုးတစ်စုကို ပြောတာ။ ဒီမို့စ်က အားလုံးကိုပြောတာ။ တစ်နေရာမှာ မှီတင်းနေထိုင်ကြတဲ့လူအလုံးစုံ အားလုံးပါဝင်တာကို ပြောတာ။ Ethnos တစ်ခုတည်း(ဝါ) လူမျိုးစုတစ်ခုတည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုလိုတယ်။

(၁) တိုက်ရိုက် ဒီမိုကရေစီက အဲဒီလူသာအားလုံးက အစည်းအဝေး(assembly) တစ်ခုမှာ သူတို့ဆန္ဒကို ဖော်ထုတ်တာကို ခေါ်တယ်။
(၂) ကိုယ်စားလှယ်ရွေးပြီး ကိုယ်စားလှယ်ကတစ်ဆင့် စည်းဝေးပွဲမှာ ဖော်ထုတ်တာကို တိုက်ရိုက်မကျသော ဒီမိုကရေစီ (Indirect democracy) ကို ခေါ်မှာပေါ့။
(၃) ၄ နှစ်တစ်ကြိမ် ကိုယ်စားလှယ်ရွေးပြီး ဒီ ၄ နှစ်အတွင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားလှယ်တွေနဲ့ပဲ လွှဲထားတာကတော့ ပိုပြီး တိုက်ရိုက်မကျသော ဒီမိုကရေစီပေါ့။

ဒီသုံးခုစလုံးမှာ အုပ်စိုးသူဟာ အုပ်စိုးခံရဲ့ဆန္ဒနဲ့အညီ လုပ်ရတယ်။ ဒါမှ တရားဝင်တယ်၊ Legitimacy လို့ ခေါ်မှာပေါ့။ အုပ်စိုးခံရဲ့ဆန္ဒနဲ့မညီဘူး အုပ်စိုးသူဟာ တာဝန်မခံတော့ဘူးဆိုရင်၊ တာဝန်ခံနိုင်တဲ့ နောက်အုပ်စိုးသူ လူတစ်သိုက်နဲ့ အစားထိုးမယ်။

ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ဖွဲ့တည်မှုပဲ (Political formation)။ အခြေခံ လူ့လိုအပ်ချက်ကို အားလုံးအတွက် ဖြည့်စည်းပေးဖို့ပဲ။ အထူးသဖြင့် အလိုအပ်ဆုံးလူမွဲတွေအတွက်။ ပြီးတော့ အားလုံးအတွက် အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ပဲ။ အထူးသဖြင့် အားအင်ချို့ တဲ့ဆုံးလူတွေအတွက်။

လူ့အတန်းအစားဖွဲ့မှုတွေကို (class formation) ဖျက်ပစ်ဖို့ လျော့နည်းဖို့ လုပ်တာပဲ။ လူ့အတန်းအစား (class) ဆိုတာ ပါဝါကို ညီတူညီမျှ ခွဲဝေမပေးခြင်းကို ပြောတာ။
၁။ ဆုံးဖြတ်ချက်ချခြင်းနဲ့ စပ်လျဉ်းတဲ့ နိုင်ငံရေးပါဝါ
၂။ စီးပွားရေးနဲ့ဆွဲဆောင်တဲ့ မုန်လာဥပါဝါ (carrot-power)
၃။ စစ်ရေးနဲ့လွှမ်းမိုးတဲ့ တုတ်ပါဝါ (stick-power)
၎။ ယဉ်ကျေးမှု ကျင့်ဝတ်သီလနဲ့လမ်းပြတဲ့ ဆွဲဆောင်ပါဝါ (Persuasion-power)
အကြမ်းဖျဉ်းအားဖြင့် အဲသလို ပါဝါ ၄ ခု ရှိတယ် ဆိုပါစို့ဗျာ။ နင်းပြားကျောမွဲ ဆင်းရဲသားတွေမှာ ပါဝါ ၄ ခုလုံး ချို့တဲ့တယ်။ ဒီမိုကရေစီဟာ အဲသလို ပါဝါမဲ့သူတွေကို ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုစ္စမှာ ပါဝါအပ်နှင်းတာပဲ။

လူ့အခွင့်အရေးကတော့ ဒီမိုကရေစီရဲ့ မရှိမပြီးတဲ့ အစိတ်အပိုင်းပဲ။ “ရွေးကောက်ပွဲဒီမိုကရေစီ”မှာ ဖြစ်လေ့ရှိတဲ့ ၅၁ ရာခိုင်နှုန်းရဲ့ အော်တိုကရေစီ (ဝါ) အများစုရဲ့ ထင်ရာစိုင်းခြင်းကို ထိန်းရနိုင်သလောက်ထိန်းဖို့ လူ့အခွင့်အရေးက အရေးကြီးတာ။

ဒီမိုကရေစီဟူသည်မှာ အခြေခံလူ့အခွင့်အရေးများဖြင့် ထိန်းသိမ်းပဲ့ကိုင်ထားသော စနစ် ဖြစ်ပါသည်။ ထိုစနစ်သည် မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်းများကိုသုံးလျက် အကြမ်းမဖက် အဓမ္မမလုပ်သောနည်းလမ်း၊ တီထွင်သောနည်းလမ်းများအားဖြင့် ပဋိပက္ခများနှင့် ဓနခွဲဝေရာတွင်ဖြစ်သော ပြဿနာများကို ဖြေရှင်းပါသည်။ အုပ်ချုပ်မည့်သူအား တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်း၊ အသစ်တဖန်ရွေးကောက်ခြင်းကိုလည်း အကြမ်းမဖတ်သော နည်းလမ်းဖြင့်ပင် ပြုလုပ်ပါသည်။

သတိပြုရမှာလေးတွေတော့ ရှိတယ်။
(၁) ဒီမိုကရေစီဟာ ရွေးကောက်ပွဲလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။ (Democracy is not electionism)
(၂) ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံသက်သက်နဲ့ မတူပါ။ (Peace is not ceasefireism)
(၃) ဖွံ့ဖြိုးတိုးတက်ခြင်းဟာ တိုးတက်တဲ့နိုင်ငံတွေကို အမီလိုက်ခြင်းနဲ့မတူပါ။ အဲဒါကို deficitism ပဲလို့ ခေါ်ရမယ်။

(လမ်းပေါ်က လူတို့အတွက် ကိုရင်တာ နှစ်ပါးသွား၊ ကိုတာ၊ GUEST EDITOR, THE WAVES MAGAZINE, 1/10. FEBRUARY. 2010) မှ ထုတ်နုတ်ပါသည်။


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, February 3, 2010

ရင်ကိုထိရှ ခံစားရသည် ..... “မချစ်ကြပါနဲ့”

“အချစ်အမုန်း ၊ အရှုံးအမြတ်
မသုံးမသပ် ၊ မဆုံးမဖြတ်
အဝေးဆုံးကပ် ရပ်နေသူ။” (မာရေးသျှင်)


“.......... လူတစ်ယောက်က အခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာဟာ ပြောလိုက်တဲ့လူရဲ့ ရိုးသားတဲ့ ဝန်ခံမှုတစ်ရပ်ပဲ။ ဥပမာ နင့်ကို ငါက ချစ်တယ်လို့ ပြောခဲ့ရင် အဲဒါဟာ ငါရဲ့ ရိုးသားတဲ့ ဝန်ခံချက်တစ်ရပ်။ ရိုးသားတဲ့ ဖော်ထုတ်ချက်တစ်ရပ် ... ပဲ .....

နင့်ကို ငါချစ်တယ်လို့ ပြောတဲ့အတွက် နင့်အနေနဲ့ ငါ့အပေါ်မှာ နင့်စိတ် နင့်သဘောနဲ့ ကြိုက်သလို တုံ့ပြန်နိုင်တယ်။ သဘောတူလက်ခံနိုင်တယ်။ ဆန့်ကျင် ငြင်းဆိုနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အသိအမှတ်ပြုရုံကလေး ပြုနိုင်တယ်။”



“တကယ်လို့ နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်ဆိုရင် နင်ဟာ ငါ့ရဲ့အဆိုကို အတည်ပြု လက်ခံတဲ့ သဘောပဲ။ ဒါပေမဲ့ နင့်ရဲ့ အတည်ပြုလက်ခံမှုဟာ ငါ့ကို ပိုင်းခြားကန့်သတ်လို့ မရဘူး။ ငါက နင့်ကို ချစ်တယ်လို့ ပြောတဲ့ စကားက နင်ဟာ တခြားလူကို မချစ်ရတော့ဘူးလို့ မတားနိုင်သလို နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်လို့ ဆိုတာဟာ နင်က ငါဟာ တခြားလူကို မချစ်ရတော့ဘူးလို့ အမိန့်ထုတ်တာ၊ ကန့်သတ်တာ မဟုတ်ဘူး။ လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ အသိပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို မတားနိုင်ဘူး။ ထိန်းချုပ်ကန့်သတ် မပစ်နိုင်ဘူး။............”

.......... အဲဒီတုန်းမှာပဲ သူက ပြောတယ်။
“နင်ပြောသလို ဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားဟာ သိပ်အရေးမပါသလိုပဲပေါ့။ ငါက နင့်ကို ချစ်ပါတယ်လို့ ပြောပေတဲ့ နင့်ဘာသာ ချစ်ချင်ရာတွေ လျှောက်ချစ်လို့ ရနေသေးတာပဲ။ ဘာအဓိပ္ပာယ် ရှိတော့လို့လဲ။”...........

“.......... ချစ်ချင်ရာ လျှောက်ချစ်နိုင်တယ်ဆိုတာတော့ ဟုတ်တာတော့ဟုတ်တယ်။ ချစ်ပုံချင်းက တူမှာမဟုတ်ဘူး..........။ ငါ့ကို ချစ်တယ်ဆိုတာဟာ နင့်ဒယ်ဒီကို နင်ချစ်တာ၊ နင့်အမေကို နင်ချစ်တာ၊ နင်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးကို နင်ချစ်တာ ချစ်တော့ ချစ်တာပဲ။ ချစ်ပုံချင်း ချစ်တဲ့ဒီဂရီ အတိုင်းအတာချင်းတော့ မတူနိုင်ကြဘူး။ တို့လူမျိုးမှာ အမြဲတမ်းမှားနေတဲ့ဟာ တစ်ခု ရှိတယ်။ ၁၅၀၀ ကို ၅၂၈ နဲ့ ရောပစ်တာ။ ပိဿာကို ပေါင်ချိန်နဲ့ ရောပစ်လိုက်တာမျိုးပဲ ရောပစ်လို့ မရနိုင်ဘူး။ ငါ နင့်ကို ချစ်တာဟာ တခြားသူတွေ၊ တခြားဟာတွေကို ချစ်တာနဲ့ မတူနိုင်ဘူး။”

“ပိုဆိုးတာတစ်ခုက ချစ်တယ်လို့ ပြောတာ။ တချို့ကျတော့လည်း သိတ္တိမရှိလို့ ရည်းစားစာရေးပြီး အသိပေးတာ။ ဘယ်လိုလုပ်လုပ် ဘာသာစကားဘောင်ထဲမှာတော့ သာမန်အဆိုတစ်ခုပဲ။ ချစ်တယ်ဆိုတာကို ပြောစကား၊ အရေးစကားနဲ့မှ မဟုတ်ဘူး။ ဘာသာစကားမပါပဲလည်း အမျိုးမျိုး ဖော်ထုတ်ပြနိုင်တယ်။ အသိအမှတ်ပြု လက်ခံနိုင်တယ်။”

“ဒါပေတဲ့ လူတွေက ချစ်ခြင်းဆိုတာကို အလွယ်တကူ သုံးပစ်လိုက်ကြတယ်။ လူတွေဟာ ချစ်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတွေးပြီး ချစ်တယ်လို့ ပြောတတ်ကြတာ။ နောက်ဆက်တွဲဆိုတာက ပိုင်ဆိုင်လိုတာ။ ကိုယ်ကာယချင်း နှီးနှောချင်တာ စတာတွေ အပုံကြီးပဲ။ နင် ခုနပြောတဲ့ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာက နောက်ဆက်တွဲမပါတဲ့ ချစ်ခြင်းပဲ။ ရိုးသားတဲ့ ချစ်ခြင်းပဲ...........”


(“မချစ်ကြပါနဲ့” ၊ မြင့်သန်း၊ ချင်းတွင်း မဂ္ဂဇင်း အမှတ် (၄၆) ၊ ဇန်နဝါရီလ ၊ ၂၀၁၀ - မှ ထုတ်နုတ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...