Friday, November 27, 2009

ခန်းဆောင်နီအိပ်မက် မပျက်မပြယ် (Me or We, Wall or Web)



အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ် ၂၀ နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။



သမိုင်းဆရာများက “အမှောင်ခေတ်”ဟု ဆိုကြသော ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး အဆက်ပြတ်အထီးကျန်ဖြစ်ခဲ့ရသည်ကိုမူ တစ်စုံတစ်ရာ နားလည်နိုင်ပါသည်။ အခြားနိုင်ငံများလည်း ဤနည်းနှင့်သာဖြစ်သည် မဟုတ်ပါလော။ သို့နှင့်တိုင် ခေတ်သစ်နိုင်ငံတကာစာပေနှင့် ခေတ်သစ်အတွေးအမြင်များနှင့် အထိအတွေ့တွင် “သိပ်များနောက်ကျလွန်းလေသလား”ဟု မကြာခဏ တွေးမိသည်။ ဥပမာ- မြန်မာ့နိုင်ငံရေးကို တစ်ဆစ်ချိုး လှည့်ပြောင်းစေခဲ့သော “နဂါးနီစာပေလှုပ်ရှားမှု”ကိုပဲကြည့်။ အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ်(၂၀) နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။ ဒီလိုနှင့် အိုင်ဒီအိုလိုဂျီ ဧကမူစိတ်ဖြင့်ပင်၊ စစ်အေးခေတ်ကိုဖြတ်ခဲ့သည်။ နောက်ဆုံး စစ်အေးနိဂုံးအထိရောက်လာသည်။ ကျွန်တော်တို့ကား ခန်းဆောင်နီထဲတွင် အိပ်မက် မက်လို့ကောင်းဆဲ။ လောကီရေးတွင် ထာဝရ မဖောက်မပြန် အမြဲမှန်သည်ဆိုသော ပကတိအမှန်တရားမျိုး ရှိနိုင်ပါသလော။

........ ၁၉၈၉ ခုနှစ်တွင် စစ်အေးသင်္ကေတ ဘာလင်တံတိုင်းကြီး ပြိုကျသွားသည်။ ဤဖြစ်ရပ်ကြီးက ၁၁/၉ (နိုဝင်ဘာလ ၉ ရက်)ဆိုသော ခေတ်ပြိုင်သမိုင်း၏ အရေးကြီးဆုံးမှတ်တိုင်တစ်ခုကို စိုက်လိုက်သလို ရှိသည်။ ကမ္ဘာအနှံ့တုန်ဟည်းသွားသော အဆိုပါပြိုလဲမှုကြီးကိုလည်း မြန်မာစာပေလေထန်ကုန်းထက်မှ ခပ်သဲ့သဲ့သာ ကြားလိုက်ဟန်တူပါသည်။ ကြားသည်ဆိုလျှင်သော်မှ ဖြစ်ရပ်နောက်ကွယ်မှ တူရှုချက်ထိ ဆဝါးမိဟန်မတူ။ “သြော် - တံတိုင်းကြီးပြိုကျသွားပြီကိုး” ဆိုသော သာမန်သတင်းမှတ်ချက်လောက်သာ ရှိမည်ထင်ပါသည်။

အမှန်စစ်စစ် ၁၁/၉ မှာ မြင်သာထင်သာ နံရံတံတိုင်းကြီးပြိုကျရုံ သက်သက်မျှမဟုတ်။ “စစ်အေး” ဆိုသော နိုင်ငံရေးခေတ်ကြီးတစ်ခု နိဂုံးကမ္ပတ်အဆုံးသတ်သွားခြင်း ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးခေတ်နိုင်ငံရေး စဉ်းစားပုံတွေ သံပတ်ကုန်သွားခြင်းလည်းဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း စစ်အေးခေတ်၏ သင်္ကေတမှာ နံရံတံတိုင်းဖြစ်သည်။ တံတိုင်းကြီးရှိနေသည်ကိုက “ငါတို့ကွဲနေကြပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါ”နဲ့“သူ”ဆိုသောအမြင်ဖြင့် တံတိုင်းကာကြည့်သော စဉ်းစားနည်းတို့ လွှမ်းမိုးသောကာလဖြစ်သည်။ အရာရာကို “ရန်သူ မိတ်ဆွေ”၊ “အင်တီ ပရို”ဆိုသောအမြင်ဖြင့် ချဉ်းကပ်သည်၊ မဖြူလျှင် မည်းရမည်ဆိုသောလောဂျစ်ကို အခြေခံသည်။ ဤသဘောများကို အနှစ်ချုပ်ပြီး နယူးယော့တိုင်းမ်ဂျာနယ်လစ် တောမတ်ဖရိုင်းမင်းက “ဝေါလ်ပါတီစဉ်းစားနည်း” (Wall Party Thinking) ဟု ဝိဂြိုလ်ပြုသည်။

တံတိုင်းကြီးအပြီး စစ်အေးလွန်ခေတ်၏ သင်္ကေတမှာ အင်တာနက်ဝက်ဘ်ဆိုက်ကြီးဖြစ်သည်။ ဤဝက်ဘ်ဆိုက်ကြီးရှိနေသည်ကိုက “ငါတို့ ပူးပေါင်းအလုပ် လုပ်လို့ရပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါတို့တစ်တွေ” ဆိုသောအမြင်ဖြင့် မြင့်သထက်မြင့်အောင် မိုးပေါ်တက်ကြည့်ကြဖို့ဖြစ်လာသည်။ “ဘာတွေကွဲသလဲ” ဆိုသည်ထက်၊ “ဘာတွေတူသလဲ”ဆိုသည်ကို အာရုံပြုသည်။ “ဘုံတူညီချက်”တစ်ခုကို မရအရ ရှာဖွေပြီး လက်တွဲဆောင်ရွက်ဖို့ကြိုးစားသည်။ ဖရိုင်းမင်းစကားနှင့်ဆိုရလျှင် “ဝက်ဘ်ပါတီစဉ်းစားနည်း” (Web Party Thinking)ဖြစ်ပါသည်။ စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လက်ဝဲ လက်ယာ အိုင်ဒီအိုလိုဂျီအငြင်းပွားမှုတွေ မလိုတော့ပြီ။ ဝေါလ်ပါတီနှင့် ဝက်ဘ်ပါတီသာ ရှိတော့သည်။ ဝေါလ်ထဲတွင် စံပယ်မြဲစံပယ်ကာ စစ်အေးခေတ်အရက်တွင်၊ ခေါင်းစိုက်ရီဝေနေကြမည်လော။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဆိုသော မေတ္တာစိတ်ဖြင့် ဝက်ဘ်ပေါ်တက်၍ ကခုန်ကြမည်လော။

....................................................................................
ပြီးခဲ့သော အနှစ် ၂၀ က တံတိုင်းပြိုသံမှာ လွန်ခဲ့သော နှစ်(၉၀)က အောက်တိုဘာ အမြောက်သံကို မလွှမ်းနိုင်ရှိဆဲ။......။


(အနှစ် နှစ်ဆယ်၊ ကျော်ဝင်း၊ EDITOR'S SKETCH, THE WAVES MAGAZINE, 7/09.NOVEMBER. 2009 မှ ထုတ်နုတ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 17, 2009

Birthday!


မွေးနေ့…

လူတွေ မွေးဖွားကြတယ်… သေဆုံးကြတယ်…
ကိုယ်မွေးခဲ့တဲ့မွေးနေ့ရောက်ရင် လူတွေကဘာလုပ်ကြလဲ….
တချို့လူတွေက အလှူအတန်းတွေလုပ်ကြတယ်…
တချို့လူတွေက ဘုရားသွားကြတယ်…
တချို့လူတွေက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေ လုပ်ကြတယ်…




တကယ်တမ်း ကိုယ့်ကို လူဘဝထဲရောက်အောင် ခေါ်လာခဲ့တဲ့… ခုမွေးနေ့ ဒီအသက်အရွယ်အထိ ရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့ကျေးဇူးရှင်မိဘတွေကိုမေ့လျော့နေကြတာများပါတယ်…
ကျွန်မကိုယ်တိုင်လည်း အရင်က မွေးနေ့ရောက်ရင် ဘုရားသွားမယ်… အလှူအတန်းလုပ်မယ်… သူငယ်ချင်းအပေါင်းအသင်းတွေနဲ့မုန့်စားမယ်….
ဒီလိုပဲနေခဲ့တာပါ…
ကျွန်မရဲ့ အသက် (၂၀) ပြည့်မွေးနေ့မှာ သူက
“ ဒီနေ့မွေးနေ့ဆိုတော့ ဘ နဲ့ မယ့် ကို ကန်တော့ …
ဘုရားမှာ အလှူလုပ်ပြီးရင် ဘနဲ့မယ့် ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေလို့ဆုတောင်းပေးပေါ့ … “ လို့ပြောလာတော့ ကျွန်မ တအံတသြနဲ့သူ့ကို ကြည့်မိပါတယ်…
သူ့ကိုလည်း ကျွန်မ ကျေးဇူးတင်မိပါတယ်… ကျွန်မ မေ့လျော့နေတဲ့အချက်ကိုထောက်ပြပေးခဲ့လို့ပါ…
သူကိုယ်တိုင်ကလည်း ကျွန်မကို မွေးနေ့ဆုတောင်းပေးတဲ့အချိန်မှာလည်း ဒီအသက်(၂၀)ပြည့် မွေးနေ့က စလို့ အသက် ၁၀၀ ကျော်တိုင်အောင် ဘနဲ့မယ် ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ … ကျွန်မကိုယ်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ….
ကျွန်မရဲ့အသက် (၂၀)ပြည့်မွေးနေ့ကစပြီး ကျွန်မမွေးနေ့တိုင်းမှာ ဘုရားကန်တော့ပြီးရင် ဘနဲ့မယ့်အတွက် ရည်ရွယ်ပြီး ကောင်းမှုတွေ လုပ်ဖြစ်တယ် အလှူအတန်း လုပ်ပေးဖြစ်တယ်… ဘနဲ့မယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေလို့ ဆုတောင်းပေးဖြစ်တယ်…
ဘနဲ့မယ့်ကို ကန်တော့တဲ့အကျင့် … ဘနဲ့မယ် တို့နဲ့အတူတူ ရှိမနေခဲ့ရင်တောင် ဘယ်နေရာရောက်ရောက် ဖုန်းဆက်ပြီး ကန်တော့တဲ့အကျင့် အကျင့်ကောင်း (၁)ခု ရလာတာ ခုထိပါပဲ…
ကျွန်မရဲ့အကျင့်ကောင်းကို မွေးမြူပေးခဲ့တဲ့ သူနဲ့ကျွန်မ အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြတာ ကြာပါပြီ…
မနက်ဖြန်ဆို သူ့မွေးနေ့ရောက်ပြီလေ…
မနက်ဖြန်မှာကော သူ့ကိုယ်တိုင် ကျွန်မကိုသင်ကြားပေးခဲ့တဲ့ အကျင့်ကောင်းအတိုင်းပဲ သူ့မိဘတွေအတွက် ရည်ရွယ်ပြီး ကောင်းမှူတွေလုပ်မှာလား???
ဒါမှမဟုတ် တခြားသူတွေလိုပဲ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးနေမလား???
ဘယ်လိုပဲဖြစ်ဖြစ်…
သူ့မွေးနေ့မှာ သူ့မိဘတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ…
သူကိုယ်တိုင်လည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေ… လို့ဆုတောင်းဖြစ်မှာပါ….

မယ်(11:00pm, 15.11.09)

မယ်က သူ့ဆီက ကော်နက်ရှင် အဆင်မပြေလို့ ကျနော့်ကို တင်ခိုင်းထားတာပါ။ ကျနော်ကလည်း အွန်လိုင်းကို မရောက်ဖြစ်လို့
ခုမှတွေ့လို့ တင်ပေးလိုက်တာပါ။ မယ့်သူငယ်ချင်းလေး တယောက်ရဲ့ မွေးနေ့ပါ။

နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်မယ်ရေ ။ ။ အချိန်လေးတော့ မှီနိုင်ကောင်းသေးတယ်မျှော်လင့်ရင်း တင်လိုက်ပါတယ် ။

လေးစား ခင်မင်လျှက်
တာတူး


ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 13, 2009

မွေးနေ့လက်ဆောင်ကဗျာ


၂၃၊၉၊၈၀ ၊ လောကလယ်သို့
လူငယ်တစ်ယောက် ၊ စတင်ရောက်လျက်
ပေါက်မြောက်အောင်မြင် ၊ လမ်းသစ်ထွင်ကာ
သူနှင်ခရီး ၊ လောကကြီးဝယ်
မညည်းမကြောက် ၊ ပန်းတိုင်ရောက်အောင်
တောက်လျောက်ကြိုးစား ၊ မျိုးဆွေများအတွက်
ခွန်အားတစ်ရပ်ဖြစ်ခဲ့ပြီ။



ငယ်သော်ကသား ၊ ကြီးသော်အားဟု
ဝံ့ကြွားမိဘ ဆိုနိုင်ကြပြီ။

ငါ၏မောင်လေး ၊ အနေဝေးလည်း
နွေးထွေးရိုသေ ၊ အားပေးဝေလျက်
သရေမညှိုး ၊ မျိုးဂုဏ်တိုးအောင်
သည်ပိုးထမ်းဆောင် ၊ ချစ်သောမောင်လို့
အစ်မတို့က ဆိုနိုင်ကြပြီ။

ဟိုစဉ်ကာလ ၊ ငယ်ဘဝမှ
အစပြုလျက် ၊ ညီအတွက်ဆို
မားမတ်ရပ်တည် ၊ မြဲချစ်ကြည်သည်
စံမီအစ်ကို ၊ လူတိုင်းဆိုသား
ထိုယောက်ျားသည် ၊ ငယ်ထွေးညီတွက်
မပြတ်မှီခိုအားထားရာ ...
အမြဲကြည်ညိုလေးစားရာ ...



“၂၃၊၉၊၂၀၀၉-နှစ်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့အမှတ်တရ”ဆိုပြီး
ညီလေးရေးပေးတဲ့ ကျနော့်အတွက်မွေးနေ့လက်ဆောင်ကဗျာပါ။
ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတရားကို E-Journal မောင်နှမများအား ဝေငှလိုခြင်းဖြစ်ပါသလို... ကျနော့်ဘဝရဲ့ ချစ်ခြင်းမေတ္တာတရား စတင်ထွန်းကားရာ ရေသောက်မြစ်ဟာ ညီလေးကိုချစ်တဲ့အချစ်ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားလိုခြင်းလည်း ဖြစ်ပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 8, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၈)

Rules of Etiquette : How to Sneeze Properly

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, November 7, 2009

ရွှေရတုအလွန်


နေမင်းရှိန်ရှိန် ၊ မွန်းတည့်ချိန်ကျော်ခဲ့ပေါ့
မွန်းလွဲနေအကျမှာ ၊ အပူရှိန်ဟာအားပျော့
နေဝင်တော့မယ်။



နေအဝင်မှာ ညင်သာစွာနှုတ်ဆက်
စိတ်လက်ဖြောင့်တန်း ၊ မပင်ပန်းစေလို
ဒါနကိုဝေမျှ ၊ သီလကိုစောင့်ထိန်း
အာရုံတွေသိမ်းလွှတ် ၊ တရားတွင်တွင်ရှု
ဖြစ်ပျက်ဟုနှလုံးသွင်း
ကန္တာရအတွင်းမှ လွတ်ချင်လှသော်လည်း
ကျနေအေးအေး မိရိပ်ဝေးမှ
သားတွေသမီးတွေ ရှိလေရာဆီ
စုန်ချည်ဆန်ချည်နဲ့
ပုတီးကိုချ ၊ မြေးကိုမရင်း
သောကဒုက္ခ ၊ ဝေမျှခံစား
အမေမအားသေးဘူးကွယ်။..........။


**၂၇၊၄၊၂၀၀၈(မွေးနေ့အမှတ်တရ) ဆိုတဲ့ မှတ်ချက်နဲ့ အမေရေးထားတဲ့ (၅၁)နှစ်ပြည့်မွေးနေ့ကဗျာလေးပါ။
E-Journal မှာ သိမ်းထားဖို့စိတ်ကူးရတာနဲ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သလို တစ်ချိန်တည်းမှာပဲ အမေတွေရဲ့ သဘောသဘာဝကို ဝေမျှခြင်းလည်း ဖြစ်ပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...