Saturday, May 31, 2008

Rights of the Children.


ကလေးငယ်နှင့် အခွင့်အရေး

ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နုနယ်တဲ့ဘဝကတော့ ကျေနပ်ဖို့ကောင်းခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ မောင်နှမတွေ များလွန်းတဲ့ မိသားစုမှာ ဒုတိယအငယ်ဆုံး ဖြစ်လာရတဲ့ ကျွန်တော့်အနေနဲ့ အကိုတွေ၊ အမတွေရဲ့ ဂရုစိုက်မှုကိုခံရသလို အငယ်ဆုံးဆိုတော့ လိုအပ်ချက်တွေ နည်းခဲ့ပါတယ်။ ပြည့်စုံတဲ့ မိသားစု မဟုတ်သော်လည်း လည်လည်ပတ်ပတ် ရှိတယ်ဆိုတော့ လူလတ်တန်းစားဆိုတဲ့ ဘဝမှာ မိသားစုအနေနဲ့ ကျေနပ်လောက်ခဲ့ပါတယ်။ နုနယ်စဉ်ဘဝမှာ ပင်ပင်ပန်းပန်းနဲ့ မိသားစုစားဝတ်နေရေးကို ဝင်ရောက်ဖြည့်ဆည်းပေးစရာ မလိုခဲ့ပါဘူး။ အနည်းအကျဉ်း အိမ်အလုပ်ကူလုပ်၊ ကစားချိန်ကစားရင်း စာကျက်ချိန် စာကျက်တတ်အောင် သင်ကြားခံခဲ့ရတယ်။ ပြည့်စုံမှုနည်းပေမဲ့ ပြန်တွေးကြည့်ရင် ကျေနပ်လောက်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း အခြေအနေတူ၊ အနေထားတူ သူငယ်ချင်းတွေ များခဲ့တယ်။ ကစားချိန်လွန်ခဲ့လို့သာ အဆူခံရတယ်။ စာကောင်းကောင်း မကျက်လို့သာ အဆူခံရမယ်။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။

အခုနောက်ပိုင်း တစ်ခါတလေမှာ ကလေးငယ်လေးတွေ အလုပ်လုပ်နေတာ၊ တစ်ဝမ်းတစ်ခါးအတွက် ရှာစားနေရတာတွေ တွေ့ရင် စိတ်မှာမကောင်းဘူး။ အခုနောက်ပိုင်းလို့ ပြောရတာက ဟိုးအရင် ငယ်စဉ်ကလည်း တွေ့ဖူးပါရဲ့။ ငယ်ငယ်တုန်းကတော့ စိတ်ထဲမှာ မသိလိုက်သလိုပဲ မြင်ကွင်းတွေက ဖြတ်သန်းသွားတာ။ စဉ်းစား တွေးခေါ်တတ်တဲ့ အရွယ်လေးရောက်လာကတည်းက အဲဒီလိုမြင်ကွင်းတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့လေးတွေ ဒီလိုအခြေအနေကို ဘာလို့ရောက်နေရတာလဲ။ အတော်များများ ဖြေကြတာကတော့ မိသားစုမှာ စားဝတ်နေရေး အဆင်မပြေဘူး။ အိမ်ရှိလူအကုန် အလုပ်လုပ်နေမှ စားလောက်တယ်။ ဒီအဖြေစကားက အမှန်ဆုံးနဲ့ အဖြေအများဆုံး ဖြစ်မယ်ထင်ပါတယ်။ ကြားဖူးတာတော့ ရှိတယ်။ တချို့သော တိုင်းတပါးပြည်တွေမှာ မိသားစုအတွင်း ကလေးငယ်ရှိလာရင် နိုင်ငံတော်က ကလေးအတွက် စရိတ် ထောက်ပံ့တယ်တဲ့။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာဆို မူလတန်းပညာရေး ပြီးဆုံးတဲ့အထိ ထောက့်ပံ့တယ်လို့ ကြားဖူးတယ်။ နိုင်ငံတော်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက တိုးတက်ဖို့လမ်းစ ရှာနေဆဲဆိုတော့ မချမ်းသာသေးတာ အမှန်ပဲ။ ဒီအားနည်းချက်အပေါ်မှာ လက်ညိုးထိုးနေရုံနဲ့တော့ မဖြစ်သေးဘူး။ ရင်သွေးငယ်တွေအကြောင်းပြောရင် မိဘဆိုတာလည်း မပါလို့ မဖြစ်ပြန်ဘူး။ အသိဉာဏ်အဆင့်နိမ့်တဲ့ သတ္တဝါပဲ ဖြစ်စေအုံးတော့ ကိုယ့်ရင်သွေးကို စောင့်ရှောက်ကာကွယ်ရမယ်ဆိုတဲ့ အသိရှိကြတာပဲ။ ကျွန်တော်တို့ လူသားဆိုတာကတော့ အတိုင်းထက်အလွန်ပေါ့။



အလုပ်လုပ်နေရတဲ့ လူမမယ်အရွယ်လေးတွေအကြောင်းပြောရင် မပါမဖြစ်တဲ့ မိဘတွေအကြောင်းလဲ နည်းနည်းတော့ ပြောရမှာပဲ။ ကိုယ်မွေးထားတဲ့ ကလေးကို ဘယ်မိဘကမှတော့ အရွယ်မရောက်ခင် ခိုင်းစားမှာမဟုတ်ပါဘူး။ စောစောကပြောခဲ့သလို စားဝတ်နေရေးအတွက် အဆင်မပြေလို့သာ ခိုင်းစားနေရတာလို့ပဲ ဖြေကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ကြားဖူးတဲ့ ဟာသလေးတစ်ခု ပြောချင်သေးတယ်။ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိ ဆင်းဆင်းရဲရဲ မိသားစုပေမဲ့ ကလေးတွေအများကြီးနဲ့ လူတစ်ယောက်ကို သူ့သူငယ်ချင်းက ပြောပါတယ်။ မင်းကလည်းကွာ အလုပ်မရှိ အကိုင်မရှိနဲ့ ကလေးပဲမွေးနေတာပဲဆိုတော့ ဟကောင်ရ - ငါ့မှာ၊ ဘာအလုပ်မှမရှိပါဘူးဆိုလို့ ပြန်ဖြေတယ်တဲ့။ ပြောချင်တာက မိသားစုတစ်ခု တည်ဆောက်ရာမှာ အသိပညာလေးလည်း လိုအပ်ပါတယ်။ ဒီလူဖြေလိုက်သလို ဘာအလုပ်အကိုင်မှ မရှိတာနဲ့ ကလေးထိုင်မွေးတာကို အလုပ်လိုလုပ်နေရင် ဘယ်လိုမှ မသင့်တော်ပါဘူး။ အဲဒီလိုမိသားစုမှာ လူဖြစ်ရမဲ့သူတွေလည်း သက်သာမယ်မထင်ဘူး။ တချို့နိုင်ငံတွေမှာတော့ မိသားစုတစ်စုမှာ ကလေးတစ်ယောက်ပဲ မွေးရမယ်လို့ ဥပဒေတွေရှိဆိုပဲ။ လူဦးရေ အရမ်းများလွန်းတဲ့ နိုင်ငံတွေ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုဥပဒေမျိုး လိုလားမလိုလားတော့ အသေအချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ လိုက်နာသင့်တဲ့ ဥပဒေတွေတော့ ရှိမယ်ထင်ပါတယ်။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးလိုမျိုးတွေပေါ့။ အရွယ်မရောက်သေးသူတွေအတွက် တားမြစ်ထားတာတွေ၊ ခံစားခွင့်ရှိတာတွေကို လူထုကိုအသိပေးပြီး ထိထိရောက်ရောက် လိုက်နာဖို့ ဖိအားပေးသင့်ပါတယ်။ ဒါမှလည်း အလကားနေရင်း ကလေးထိုင်မွေးနေတာမျိုးတွေ၊ စားဝတ်နေရေး အဆင်မပြေလို့ဆိုပြီး ခိုင်းစားနေတာတွေ၊ လစာနည်းနည်းနဲ့ ကိုယ်လိုသလိုခိုင်းနိုင်လို့ ကလေးတွေကိုမှ ရွေးခန့်နေတဲ့ အလုပ်ရှင်မျိုးတွေကို တားဆီးနိုင်မယ်။ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။

ဟိုပြောဒီပြောနဲ့ ဆင်ခေါင်းကို ခွေးချီသလို မနိုင်နင်းဖြစ်တော့မယ်။ ကြားဖူးနားဝတွေ စိတ်ထဲထင်တာတွေပဲ ပြောနေရလို့ ကိုယ်တွေ့လေးတစ်ခုလောက် ပြောပါအုံးမယ်။ ဒီစာလေးတွေ ချရေးဖြစ်အောင်လည်း အခုအဖြစ်အပျက်လေးက တွန်းအားပေးလိုက်တာပါ။ ခရီးသွားဖြစ်တဲ့တစ်ရက် စီးလာတဲ့အဝေးပြေးကားက လမ်းခုလတ်မှာ ဆီဝင်ထည့်ပါတယ်။ ဆီဆိုင်တွေရဲ့ စည်းကမ်းအရ ယဉ်ပေါ်ရှိ ခရီးသည်အားလုံး ဆင်းပေးရတယ်။ ပြန်အထွက်မှာမှ ခရီးသည်အားလုံး ပြန်တက်၊ ခရီးဆက်ရပါတယ်။ အဲဒီတော့ ကားပေါ်ကဆင်း ကားပြန်ထွက်လာမဲ့ အထွက်ဂိတ်ရှိရာကို အိပ်ချင်မူးတူးတူးနဲ့ လမ်းလျှောက်လာတုန်း ကျွန်တော့်လက်ကို တစ်ယောက်ယောက် ဆွဲကိုင်လိုက်တယ်။ ခံစားချက်အရ သိလိုက်တာက ဒါကလေးတစ်ယောက်ပေါ့။ ငုံ့ကြည့်မိတော့ တစ်ကယ်ကိုချစ်စရာ ပါးကွက်ကလေးနဲ့ ကလေးငယ်လေးပါ။ ပြုံးရွှင်မှုမရှိတဲ့ သူ့မျက်နှာမှာ တောင်းပန်မှု အရိပ်ယောင်လိုတော့ တွေ့မိသား။ သူကပြောလာတဲ့စကားက ကြက်ဥပြုတ်တွေ အားပေးအုံးတဲ့။ ကျွန်တော် ခေါင်းရမ်းပြမိတော့ ကျွန်တော့်လက်ကို ဆွဲလှုပ်ပြီး ကလေးငယ်တစ်ယောက် ပူဆာသလိုမျိုး မရဘူး - အားပေးရမယ်။ တစ်လုံးကို နှစ်ရာ သုံးလုံးယူရင် ငါးရာပဲပေး။ အားပေးရမယ်တဲ့။ အမှန်က ကျွန်တော်ပြန်ပြောပြနေသလို ပီပီသသတွေတောင် မဟုတ်ပါဘူး။ မပီကလာ ပီကလာနဲ့ မူနွဲ့နွဲ့လေးပြောနေတာ။ မျက်နှာကတော့ အားငယ်နေတဲ့ မျက်နှာပါ။ အိပ်ချင်နေတဲ့ကျွန်တော် ရုတ်တရက် အတွေးတွေ ရှုပ်ကုန်ပါလေရော။ ငါဒီအရွယ်တုန်းက သင်္ချာတတ်ပြီလားကို အရင်စဉ်းစားမိတာ။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလေ။ အလွန်ဆုံးတတ်နေပြီဆိုရင် မူကြိုမှာ ဆရာမနဲ့အတူ ကဗျာတွေ အော်နေတာပဲ ဖြစ်မှာ။ ဒါပေမဲ့ သူ့လက်ထဲမှာ ငွေစအချို့ကိုလည်းတွေ့ရတယ်။ ဒါဆို သူတစ်ကယ် ဈေးရောင်းတတ်နေပြီလား။ ဒါပေမဲ့ ဒီလိုအချိန်မတော်ကြီး သူက ဘာလို့ဈေးရောင်းနေတာလဲ။ အိမ်မှာ အိပ်နေသင့်ပြီလေ။ ဟိုတွေး ဒီတွေး ကြောင်တောင်တောင် ဖြစ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး အဆင်မပြေလောက်ဘူး သူတွေးပုံရပါတယ်။ အနီးနားက အမျိုးသမီးနှစ်ယောက်ဆီသွားပြီး သူရောင်းပါတော့တယ်။ ကံကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ တစ်လုံးရောင်းလိုက်ရတယ်။ ငွေပြန်အမ်းတာတော့ မတွေ့ပါဘူး။ နောက်ပြီး အမျိုးသမီးတွေနဲ့ အဖွဲ့ကျနေလေရဲ့။ သူတို့တွေ အဖွဲ့ကျလို့ ပြီးလောက်ပြီထင်တော့ သူ့ကို ကျွန်တော်လှမ်းခေါ်လိုက်တယ်။ အနားလဲရောက်ရော သူ့ကို ကျွန်တော်မုန့်ဖိုးထုတ်ပေးတယ်။ ဘယ်လောက်ပေးလဲ သူသိပုံမပေါ်ပါဘူး။ ကျွန်တော့်ကို ကြက်ဥတလုံး ပေးတယ်။ မယူဘူး၊ အကိုက မင်းကိုမုန့်ဖိုးပေးတာလို့ ပြောတော့ နားမလည်သလိုတော့ ပြန်ကြည့်ပါတယ်။ ဒါပေမဲ့ နောက်တော့ သဘောပေါက်သလိုပါပဲ။ ကျွန်တော့်ကို ပြန်ပြုံးပြတယ်။ ကျွန်တော်က သူ့ခေါင်းလေးကို ကိုင်ပြီး စကားပြောဖို့ ကြိုးစားမယ် အလုပ်မှာပဲ။ ကားပေါ်ကို ခရီးသည်တွေ ပြန်တက်နေကြပြီ။ ဒါနဲ့ ကျွန်တော်လည်း ကားပေါ်ပြန်တက် ခရီးဆက်လာခဲ့တယ်။

နောက်ထပ်တစ်နာရီလောက် ကျွန်တော် အတွေးတွေ ရှုပ်နေမိသေးတယ်။ နောက်တော့လည်း အင်းဒါက ဒီလိုနေမှာပါဆိုပြီး အိပ်ငိုက်ဖို့ ကြိုးစားလိုက်တော့တယ်။ ကားပေါ်က ဖျော်ဖြေရေးအစီအစဉ်မှာတော့ အဆိုတော်မလေးတစ်ယောက်က ရှေးသီချင်းတွေ၊ နတ်သီချင်းတွေကို ဒစ်စကိုသံစဉ်နဲ့ (Disco music) ပြန်ဆိုရင်း ကနေလေရဲ့။ အင်း.. မျက်စိမှိတ်ထားတာ ပိုကောင်းမယ်။…..။

သုခမိန်။…..။
Children have rights as human beings and also need special care and protection. (UNICEF)
အချိန်ရရင် ဒီလင့်ခ်မှာ သွားကြည့်လိုက်ပါအုံး။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, May 28, 2008

just for Smile!


ပြုံးချင်စရာ

“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ” တဲ့။ စိုင်းစိုင်းကတော့ သီချင်းလုပ်ဆိုသွားတယ်။ “မင်း - သူများအတင်း အတော်ပြောနိုင်တဲ့ကောင်ပဲ။” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင် လူအတော်များများက မခံချင်အောင် ဖြစ်သွားတတ်ကြတယ်လေ။ (ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုပါပဲ။) အဲ… ဒါပေမဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေရရင် စကားဆိုတာတွေကလည်း အတော်ချိုနေသလိုလို။ တစ်ခါတစ်လေများ ညစ်နေတာလေးတွေတောင် ပျောက်ကုန်ပြီး လန်းဆန်းလာတတ်တာ။ လူတစ်ချို့ကတော့ ဒီလိုခံစားမှုမျိုးကို အတော်ခုံမင်တတ်ကြသလား မသိပါဘူး။ နောက်တစ်ခု ရှိသေးတယ်။ စပ်စုတယ်ဆိုတဲ့ စကားလုံး။ “ဒီကောင် အတော်စပ်စုတတ်တယ်ကွ” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင်လည်း မျက်နှာကြီးတွေက ဖြစ်သွားတတ်လိုက်ကြတာ။ မပြောချင်ဘူး။ ဒါပေမဲ့ လူဆိုတာ မျောက်ကဆင်းသက်လာတယ်တဲ့။ (အတော်များများ လက်ခံထားတဲ့ သီအိုရီတစ်ခုပေါ့။) မျောက်တွေ အတင်းပြောမပြောတော့ သေချာမသိပါဘူး။ ဒီကောင်တွေ စပ်စုမှာတော့ သေချာတယ်ဗျ။ အငြိမ်မှမနေပဲ။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်။ သူများလုပ်တာ လိုက်လုပ်လိုက်နဲ့လေ။



ထားတော့။ ကျွန်တော် စပ်စပ်စုစုလုပ်ထားတဲ့ အကြောင်းလေးတစ်ခုကို ပြောချင်လို့ အားလုံးပဲ ဒီလို တစ်ခါတလေ စပ်စုမှာပဲလို့၊ စပ်စုဖော် စပ်စုဖက် ညှိနေတာ။ မစပ်စုတတ်ပါဘူး ပြောလာရင်တော့ - “ဟေ့ -- တို့တွေအားလုံးက မျိုးနွယ်တူနော်” လို့ ပြောမယ်လေ။ ကဲမပိုင်လိုက်တဲ့ အကြံလို့ တွေးမိဘူးလား။ အဖြစ်ကဒီလို။ တနေ့လည်ခင်းမှာပေါ့။ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရယ် ပျင်းနေကြတာလေ။ ပြောစရာ အတင်းအဖျင်းနဲ့ သတင်းတွေ၊ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေ ကလည်း ကုန်နေပြီ။ အဲ… အဲဒီလိုနေတုန်းကို ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့နားမှာ ကောင်မလေးတစ်ယောက် ဖုံးလာပြောပါတယ်။ တစ်ဖက်က ခေါ်လို့ လာပြောတာပါ။ ကျွန်တော်တို့ ထိုင်နေတာက အလုပ်ထဲက အများသုံး တယ်လီဖုံးနားမှာ။ ဘာရယ်ဟုတ်ပါဘူး ဒီလိုပဲ ဖုံးပြောတယ်။ ပြီးတော့ ထွက်သွားတယ်။ ကောင်မလေးပြန်သွားမှ သူငယ်ချင်းက တစ်စခန်းထတာ။ ဟေ့ကောင် ဒီကောင်မလေး ဖုံးပြောတာကို ငါလိုက်ရေးထားတယ်တဲ့။ ဟုတ်သလားပေါ့၊ ပေးပါအုံး ဖတ်ကြည့်မယ်။ ဒီလောက်ပဲ။ ဖတ်ကြည့်နေရင်းမှ စိတ်ထဲမှာ ပြုံးချင်တာ။ အော်.. တစ်ခါတစ်လေ ငါတို့ ဖုံးပြောလည်း ဒီလိုပဲထင်ပဆိုပြီးလေ။ စိတ်ထဲကနေ မဖတ်ဘဲ၊ အသံထွက်ဖတ်ကြည့်။ ပြီးတော့ သူတို့ဘာတွေပြောလည်း စဉ်းစားကြည့်။ ပြုံးချင်စရာဗျ။

အင်း…
အော်အင်း…
ဟုတ်လား…
အင်း…
ကြားရတယ်…
ဟုတ်လား…
အင်း…
နေကောင်းလား၊
အော်…
ဟုတ်လား…
ငှက်ဖျားမရှိဘူးလား၊
အင်း…
ဟုတ်လား…
အင်း…
အင်း…
အင်း..
ပြေရင်ပြီးတာပဲ၊
အမ်…
အမယ် ဟုတ်လို့လား၊
အင်း…
ဒါပဲနော်၊
အင်း။…..။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, May 25, 2008

လွမ်းမောမိသော အတိတ်များ(၁)


ရှေးဦးစွာ ကျုပ်တို့ ရွာ၊ ကျုပ်တို့မြို့ အကြောင်းကို မိတ်ဆက်ပါရစေ။ ကျုပ်တို့မြို့ က မြန်မာပြည် အထက်ပိုင်း “မန္တလေး-မြစ်ကြီးနား” မီးရထားလမ်းပေါ် ရွှေဘိုခရိုင် ကန့်ဘလူမြို့ကပါ။ ဘာဖြစ်လို့ ကျုပ်တို့ရွာ၊ ကျုပ်တို့မြို့ ဆိုတဲ့ စကားလုံးကို သုံးရတာလဲ ဆိုရင် ကျုပ်တို့ရွာက မြို့နဲ့ ကပ်ရပ်ရွာလေ။ အခုတော့ ရပ်ကွက်ဖြစ်နေပါပြီ။ မြို့စွန်ရပ်ကွက်ပေါ့။



ဒါနဲ့ ”ကန့်ဘလူ” ဆိုလို့ ကျုပ်တို့ ငယ်တုန်းကလို ”ကန်မှာ ဘီလူးရှိလို့ ”ဆိုပြီး မထင်လိုက်နဲ့ နော်။ ဘာဖြစ်လို့လဲဆိုရင် ကျုပ်တို့ ဒေသက ကျေးရွာတွေ၊ မြို့တွေ အများစုဟာ ပတ်ဝန်ကျင်မှာရှိတဲ့ သစ်ပင်တွေ၊ သစ်တောတွေ ကို မှီပြီး နာမည်ပေးတတ်ကြလို့လေ။ ဒါကလည်း ကျုပ်တို့ ဒေသရဲ့ ယဉ်ကျေးမှုတစ်ခုလို့ ပြောရမယ်ထင်တယ်။ ကျုပ်တို့ မြို့နယ်က ဟိုး အရင်တုန်းကတော့ စစ်ကိုင်းတိုင်း မှာ သစ်တောဧရိယာ တော်တော်လေးကျယ်သလို သားရဲတိရိစ္ဆာန်လည်း တော်တော်လေး ပေါတယ်လေ။ ကျုပ်တို့ ငယ်တုန်းကတော့ မြို့ပြင်ကို ၂ မိုင်လောက် ထွက်လိုက်ရင် သစ်တောစပ်ကို ရောက်တော့ တာပါပဲ။ ဒါပေမဲ့ အခုခေတ်ကလေးတွေ ကိုတော့ သွားမမေး လိုက်လေနဲ့ ဗျ။ လက်ညှိုးထိုးပြပါလိမ့်မယ် ကြက်ဆူတောတွေ ကိုလေ။ ဒါကလဲ သူတို့ အပြစ်မဟုတ်ပါဘူး သူတို့ မြင်ဘူးတာက သစ်ပင်ကြီးကြီးမားမားဆိုလို့ ကြက်ဆူပင်လောက်ပဲ မြင်ဘူးကြတာမို့လား။
ဒါနဲ ခင်များတို့ တိုင်းရင်းဆေးအညွန်းတွေ ဖတ်ဖူးမယ်ထင်ပါတယ်။ တချို့ တိုင်းရင်းဆေးတွေမှာ “ကန့်ဘလူဥ” ဆိုတာ တွေ့ဖူးမှာပါ။ အဲ ကျုပ်တို့ မြို့ ပတ်ဝန်းကျင်က အဲ့ဒီ “ကန့်ဘလူဥ” တွေ တော်တော်ပေါတယ်ဗျ။ “ကန့်ဘလူဥ” ဆိုတာဗျာ ကျုပ်တို့ ဟင်းချက်တဲ့နေရာမှာသုံးတဲ ကြက်သွန်ဥ အနီနဲ့ တပုံစံတည်းပဲဗျ။ ကျုပ်တို့ ကတော့ “တောကြက်သွန်နီဥ”လို့ ခေါ်တာလေ။ အဲ့ဒီလိုပဲ ကျုပ်တို့ရွာကလည်း “မှန်နီကုန်း” လေ။ “မှန်နီပင်” ရှိတဲ့ ကုန်းမြေပေါ်မှာ ရွာတည်ထားတော့ “မှန်နီကုန်းရွာ” ဖြစ်သွားတာပေါ့။ အခုတော့ “မှန်နီကုန်းရပ်ကွက်” ဖြစ်သွာပြီ ။ ကျုပ်တို့ ငယ်တုန်းကဆိုရင် ကျုပ်တို့ဒေသ လမ်းပန်း ဆက်သွယ်ရေးက မီးရထား တစ်လမ်းပဲရှိတော့ မီးရထားလမ်း အဆင်မပြေဘူး ဆိုရင် သွားရေးလာရေးက တော်တော် လေးခက်ခဲတယ်ဗျ။ ဒေသတွင်း သွားရေးလာရေးကတော့ လှည်းနွားရှိတဲ့သူက လှည်းနွားနဲ့ သွားပေါ့။ မရှိတဲ့သူကတော့ ဘယ်လောက်ဝေးဝေး ခြေလျှင်သာ လျှောက်ပေတော့ ။
ကျုပ်တို့ငယ်တုန်းကဆိုရင် လေယာဉ်ပျံတို့၊ သင်္ဘောတို့ ဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ရှိတာလို့ ထင်ရတဲ့ အထိပါပဲ။ ကားဆိုတာ ကတော့ သစ်ထုတ်လုပ်ရေးတို့၊ စက်မှုလယ်ယာတို့ က ကားကြီးတွေ တစင်းတလေ လေး၊ငါး၊ခြောက်လလောက်ကြာမှ တစ်ခေါက်လောက် ကျုပ်တို့ရွာဘက်ကို ရောက်လာ တတ်တယ်။ ဒါကလဲ ကားဆရာတွေ မြို့ထဲမှာ အရက်ရှာမရလို့ အရက်လာသောက်ကြတာများပါတယ်။
အရက်ရှာမရဘူးဆိုတာက ကျုပ်တို့ မြို့က တောမြို့ကလေးဆိုတော့ နေ့ခင်းဘက် ဘယ်အရက်ဆိုင်ဖွင့်မလဲ။ အဲ့ဒီလိုများ ရွာထဲကို ကားတစင်းလောက်ဝင်လာရင် ကျုပ်တို့ ရွာက သိပ် သိသာတာဗျ။ မောင်းလာတဲ့ကားသံ ထက် ရွာထဲ မှာရှိတဲ့ ကလေးတွေက ဆူညံပွက်လောရိုက်သွားတာပဲ။ ရွာထိပ်က ကားစဝင်လာတာနဲ့ အရင်တွေ့တဲ့ ကလေးက ကားနောက်ကနေအော်ပြီး လိုက်လာ လိုက်ကြတာ ကားလဲရပ်ရော တရွာလုံးက ကလေးတွေ ကားနားမှာ ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလို အုံပြီးတအံ့တသြ ကြည့်နေလိုက်ကြတာ အသက်တောင် ရှုတယ်လို့ မထင်ရဘူး ။ ကျုပ်တို့လဲ ဘယ်နေမလဲ ကားဆိုတဲ့ အသံကြားလို့ကတော့ ဘာပဲ လုပ်နေလုပ်နေ ထားပစ်ခဲ့ပြီး ခါးတောင်းကိုမြောင်နေအောင်ကျိုက်ပြီး အသံကြားတဲ့ဆီကို သုတ်ခြေတင်တော့ တာပါပဲ။ ကားနားရောက်လို့ ကတော့ ရန်ကုန် ဟံသာဝတီအဝိုင်းက ကားပွဲစားတွေ ကျုပ်တို့ကို ဘယ်မှီမလဲ။ ကားတစီးလုံး ဖင်ကကြည့် ခေါင်းကကြည့် နဲ့ အလုပ်တွေ ရှုပ်နေကြတာလေ။
ကျုပ်တို့ ကတော့ အဲ့ဒါမျိုးဆိုရင် ထမင်းမေ့ ဟင်းမေ့ပဲဗျ။ အဲ ကားဆရာလဲ ကိစ္စဝိစ္စပြီးလို့ ပြန်ရအောင် ကားနားရောက်လာတာနဲ ကျုပ်တို့ ကလေးတွေ အလုပ်စပြီး ရှုပ်တော့တာပါပဲ။ ဖိနပ်တွေ ချွတ်ပြီး ဖိနပ်သဲကြိုးထဲကို လက်တစ်ဖက်စီ လျိုသူကလျို၊ ပုဆိုးကိုစလွယ်သိုင်းသူကသိုင်း၊ ခါးထောင်းကျိုက်သူကကျိုက် ၊ နောက်ပြီး ဘောင်းဘီ အောက်အနားစတွေ ကို ဘောင်းဘီကြက်ပေါင်ကြိုး(မျော့ကြိုး) ထဲ ကို လိပ်ထည့်တဲ့သူ ကထည့်ပေါ့လေ။ ကားထွက်ရင်နောက်ကနေ ပြေးလိုက်ဖို့ ပြင်ဆင်ကြတာပေါ့။ ကားဆရာကလဲ ကားကိုစက်နှိုး နေပြီ။ ကားက တော်တော်နဲ့ နှိုးလို့ မရဘူးဆိုရင် ကလေးတွေ အားလုံး အသက်တောင်ပြင်းပြင်း မရှုကြဘူးဗျ။
အသက်ရှုသံ ကြားပြီး ကားစက်မနိုးမှာ စိုးလို့ လေ။ ကားလည်း စက်နိုးသွားတဲ့အသံ ဝူး…..ဆိုတာလဲ ကြားရော ဟေး…….ဆိုပြီး အော်တဲ့သူကအော်၊ လက်ခုပ်တီးတဲ့သူကတီးနဲ့ အားပေးကြတာလေ။ နောက်ပြီးကားလဲ ထွက်သွားရော ကားနောက်ကနေ တသီကြီး ပြေးလိုက်ကြတာ ကားဖင်ပိုင်းကိုမမြင်ရတော့ဘူး ဆိုမှ ကားနောက် ကပြေးလိုက်တာကို ရပ်လိုက်ကြရော။
ကားထွက်သွားလို့ ကျုပ်တို့ ပြသနာ ပြီးသွားပြီလို့ မထင်လိုက်နဲ့ ဇတ်လမ်းက အဲ့ဒီတော့မှ စတာဗျို့။ ကလေးတို့ သဘာဝ ကားကို သူအရင်မြင်တယ်၊ ငါအရင်မြင်တယ်၊ ကားနားကို သူအရင်ရောက်တယ်၊ ငါအရင် ရောက်တယ်နဲ့ စသဖြင့် ငြင်းကြခုံကြတာ အုံထနေတာပဲ။ တခါတလေ ကားရောက်လာတာကို “မင်းကို ငါပြောလို့ သိတာပါကွာ” ဆိုပြီး မျက်နှာတောင် ယူလိုက်သေးတယ်လေ။ ကားလဲ ပြန်သွားရော ကျုပ်တို့ ကလေးတွေ ကားရူးး ရူးးကြတော့တာ ပါပဲ။ ကျုပ်ဆိုရင် မှတ်မိသေးတယ် ကားသွားကြည့် ပြီး အိမ်ကိုပြန်လာတော့ ပုဆိုးကို စလွယ်သိုင်း လက်နှစ်ဘက်ကလည်း ကားဆရာ စတီယာရင် ကိုင်သလို အနေအထားမျိုး ထား ပါစပ်ကလဲ ကားသံလို ဝူး……ဆိုပြီး အော်လိုက်သေးတယ်။ နောက်ပြီး ခြေဗလာနှစ်ချောင်းကို ကားဘီးလို့ သဘောထားပြီး မောင်းလာလိုက်တာ အိမ်ထဲလည်း ဝင်ရော အိမ်ကနွားမကြီးနားက ဖြတ်မောင်းအလာ နွားမကြီးက လန့်ပြီး ကန်လိုက်တာ ညို့သကြီး ကို ညိုမဲသွားတာပဲ ။ နာကလဲနာ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ လည်း မငိုရဲဘူးဗျ။ အမေသိ သွားရင် တနေကုန်လျှောက်လည်နေလို့ ဆော်ပလော်အတီးခံရ ဦးမှာမို့လား။
အဲဒီလိုကျုပ်တို့ ကလေးတွေ ကားရူး ရူးကြတာ ကားပြန်သွားပြီး နှစ်ပတ်လောက်ထိ အရှိန်မသေကြသေးဘူး။ ကျုပ်တို့ ရွားထဲက ကလေးတွေ က ဆင်းရဲကြတယ်လေ။ မြို့က ကလေးတွေ လို ပလက်စတစ် ကားရုပ်တောင်မဝယ်နိုင်ပါဘူး။ အဒီလို အရုပ်ကားကလဲ ဘုရားပွဲလေးဘာလေး ရှိမှ လာရောင်းကြတာများတယ်မို့လား။ ဈေးကလဲ ကြီးတော့ မဝယ်ဖြစ်ပါဘူး ။ဘုရားပွဲမှာ ရောင်းတဲ့ အရုပ်ဆိုင်ကို သရေတများများနဲ့ ထိုင်ကြည့်ပြီး ပြန်လာရတာပေါ့။ အဲ့ဒီမှာ ကျုပ်တို့ ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ခြင်း (own production) လုပ်ရတော့ တာပဲ။ အိမ်မှာရှိတဲ့ ပျဉ်ပြားအတိုအစတွေ ရှာ၊ ပြီးရင်ပျဉ်ပြားပေါ်ကို မီးသွေးခဲနဲ့ ပလက်စတစ်ဘူးအဖုံး ၊ ဒါမှမဟုတ် ဝိုင်းတဲ့ အရာတခုကို တင်ပြီး စက်ဝိုင်းအမှတ်အသားလုပ် ။ ပြီးတော့ ဓါးနဲ စိတ်ရှည်လက်ရှည် ခုတ်ပေတော့ ။ ဘီးနှစ်ခု ရရင် ဝင်ရိုးပေါက်က ဖောက်ရဦးမှာမို့လား။ အပေါက်ဖောက် ဖို့ ကလဲ မလွယ်ဘူးဗျ။ လေးလက်မလောက်ရှိတဲ့ သံချောင်းတစ်ချောင်းရှာ နောက်ပြီး အမေထမင်းချက်နေတဲ့ မီးဖိုနားကိုသွား၊ အမေရဲ့ မျက်နှာရိပ်လဲ ကြည့်ရသေးတယ်လေ။ မတော်လို့ အမေအလုပ်ရှုပ်နေတာနဲ့တွေ့ရင် ကိုယ်က သူအလုပ် လုပ်တဲ့အနားသွားရှုပ်လို့ ခေါင်းအခေါက်ခံရမယ်လေ။ အမေ ရဲ့ အခြေအနေ ကောင်းနေရင်တော့ လုပ်ထားတဲ့ ပျဉ်ပြားနှစ်ချပ်ကိုသေချာ နေရာချ၊ ပြီးရင် သံချောင်းကိုမီးဖိုထဲထည့် ဖုတ်။ သံချောင်းရဲနေပြီဆိုရင် မီးညှပ် နဲ ညှပ်ယူပြီး ပျဉ်ပြားရဲ့ ဗဟိုကိုမှန်းပြီး ထိုးထည့်ရတာလေ။
အဲ . . .ထန်းသီးပေါ်တဲ့အချိန်ဆိုရင်တော့ တော်တော်လေး အဆင်ပြေတယ်ဗျ။ ကားဘီးကိုအထူးလုပ်စရာမလိုဘူးလေ။ ထန်းသီး ခပ်ကြီးကြီး နှစ်လုံး ကို ကန့်လန့်ဖြတ်ခွဲ အတွင်းထဲ ကအဆံကတော့ ထွင်ပြီးစားတာပေါ့။ အဆံက သုံးဆံပါတယ်။ အခွံကိုတော့ ကားဘီးလုပ်တာပေါ့။ နောက်ပြီး ငါးပေ၊ခြောက်ပေလောက်ရှိတဲ့ ဝါးလုံးတစ်လုံးရှာ ။ပြီးရင် ဝါးလုံးရဲ့ တဖက်အစွန်းအဆစ်ပိတ်နားမှာ ဝင်ရိုးတတ်ဖို့ နဖားပေါက် ခပ်ကျယ်ကျယ်လေး ဖောက်ရတယ်။ဒါမှဝင်ရိုးလည်နိုင်မှာလေ။ ကျန်တဲ့ အစွန်းဘက်ကနေ ၂ပေလောက် အကွာမှာ လက်ကိုင်ရိုးတတ်ဖို့ နောက်ထပ် နဖားတစ်ပေါက်ထပ် ဖောက်ရတယ်။ လက်ကိုင်ရိုးပေါက်ကတော့ အံကိုက်ဖြစ်ရင်ပိုကောင်းတာပေါ့ ။ဒါမှငြိမ်မှာလေ။ ခင်ဗျားတို့ မျက်စိထဲမြင်အောင်ပြောရရင် ခရစ်ယမ်ဘာသာဝင်တွေ သုံးတဲ့ လက်ဝါးကပ်တိုင်လိုပဲ အလျားရှည်တဲ့ ဘက်အစွန်းမှာ ဝင်ရိုးနဲ့ ဘီးတတ်ထားတာလေ။လုပ်ပြီးသွားရင်တော့ ဝါးလုံးအစွန်းတဖက်ကို ပခုံးပေါ်တင် လက်ကိုင်ကိုကိုင် ဘီးကိုအောက်စိုက်တွန်းပြီးမောင်းရတာလေ။
ကျုပ်တို့ ကားကိုအထင်တော့ မသေးနဲ့ဗျ။ ကိုယ်ထက်ငယ်တဲ့ ကလေးတွေကို ခြေနှစ်ချောင်းကို ဝါးလုံးပေါ် ချိတ်တင် လက်နှစ်ချောင်းက တွဲလဲခိုပြီး လိုက်စီးခိုင်းလို့ ရတယ်လေ.။ အဲ့ဒီလို အချိန်ဆိုရင် ကျုပ်တို့ ရွာထဲက ကလေးတော်တော် များများ ကိုယ်ပိုင်ကားတွေနဲ့ပေါ့ လမ်းတကာကို ဟိုပြေးဒီပြေးနဲ့ လူးလားခတ်နေ ကြတာလေ။ နောက်ပြီး တခါတလေ တစ်ယောက်နဲ့တစ်ယောက် ကားချင်းတောင် ပြိုင်တိုက်လိုက်ကြ သေးတယ်။ ပြိုင်တိုက်ပြီဆိုရင် ကားဘီးကျွတ်ချင်ကျွတ် မကျွတ်ရင် ဝင်ရိုးကျိုးတဲ့ သူ ကအရှုံးလေ။
အခုဆိုရင် ကျုပ်ရွာက ကလေးတွေ ကျုပ်တို့ ငယ်တုန်းကလို အသိဥာဏ်ဗဟုသုတတွေ မနည်းပါစေနဲ့ လို့ ဆုတောင်းနေပါတယ်။ ဒီစာကလဲ ကျုပ်ငယ်တုံးက ဘဝကို ပြန်လည်တမ်းတတဲ့ သဘောပါ။ ကျုပ်တို့ငယ်တုံးက ကျုပ်တို့ရွာက လူကြီးတွေက ကလေးတွေကို လေးတန်းလောက်ထိ လူကြီးမပါရင် မြို့ထဲ ကို သွားခိုင်းတာ မဟုတ်ဘူးလေ။ မီးရထားသံလမ်းကို ဖြတ် ကျော်သွားရတော့ အန္တရာယ်လည်း များလို့ ထင်ပါတယ်။
ကလေးတွေ လူကြီးတွေလစ်ရင် သွားမှာစိုးရိမ်လို့ ထင်တယ် မြို့ထဲမှာ ကလေးတွေကို ဖမ်းပြီးရောင်းနေတယ်လို့ ချောက်ထားကြတာလေ။ ကျုပ်တို့လည်း ဘယ်သွားရဲမလဲ။ ရွာထဲမှာပဲ ကျုပ်တို့ တစ်ကမ္ဘာတည်ရ တော့တာပေါ့ဗျာ။
…………………………..
ရွှင်လန်းချမ်းမြေ့ကြပါစေ။


အိမ်လွမ်းသူ( မှန်နီကုန်း)


ကျနော်တို့ဂျာနယ်က ကလောင်အသစ်လေးပါ။ စာဖတ်တာကတော့ ကြာလှပြီ။ ခုမှ စရေးတာ။ အားပေး ကြပါဦးခင်ဗျာ။

လေးစားစွာဖြင့်

My e-journal ၀ိုင်းတော်သားများ




ဆက်ဖတ်မယ်ဆိုရင် ...

Saturday, May 17, 2008

Chaos-thoughts


တောင်ရောက် မြောက်ရောက် အတွေးများ

ပိုစ့်အသစ်တစ်ခုလောက်တော့ ရေးအုံးမှပါဆိုတဲ့ စိတ်ကူးက စိတ်ကူးအဆင့်ကနေကို တက်မလာနိုင်ဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအနည်းငယ်ရှိနေလို့ရယ်၊ နောက်ပြီး နိုင်ငံနှင့်အဝှမ်း ထူးခြားဖြစ်စဉ်တွေကလဲ များပါသဘိနဲ့၊ ဖြစ်စဉ်တိုင်းကလဲ စိတ်လက် မရွှင်ပျစရာတွေဆိုတော့ ပိုစ့်တင်ဖို့ကို ဟာဒရမှာ ဘာမှငြိတွယ်မနေဘူး။ ဒါပေမဲ့ အလိုလိုမှ ဧည့်နည်းရတဲ့အထဲ ပိုစ့်အသစ်ပါ မဖတ်ရရင်တော့ ဒီဘလော့ဂ်လေး မျက်နှာငယ်ရချည်ရဲ့ ဆိုပြီး ဘယ်သူမှ တာဝန်မပေးပဲ၊ ကိုယ့်ဘာသာကိုယ် (လက်တည့်စမ်းချင် စိတ်ကိုရှေ့ထားပြီး) ပိုစ့်တစ်ခု ရေးလိုက်တယ်။ ခြေဆင်းတွေခံနေရတာက အလည်လာသူတွေ စိတ်ညစ်မသွားအောင်ပါ။ ကိုယ်ပိုင်အချိန်လေးတွေ ရသမျှထဲကနေ ဘလော့ဂ်လည်ရ၊ ဘလော့ဂ်ရေးကြနဲ့ အလုပ်ရှုပ်လွန်းလှတဲ့ ဧည့်သည်တွေမယ် ဘာခံစားချက်မှမပေး၊ ဘာအသိမှမပေးတဲ့ ဟိုရောင်ရောင် ဒီရောင်ရောင် ပိုစ့်ကိုဖတ်ကြရမှာမို့ပါ။ ဒါပေမဲ့ စာရေးဆရာ ဆရာကိုတာဆိုရင် တောင်ရောက်မြောက် အတွေးတွေဆိုပြီး ရေးရင်းနဲ့ (တစ်ခါတလေလည်း အညာသံပါပါနဲ့ ရေးတယ်မပြောဘူးဗျ။ ဟဲတယ်လို့လဲ ပြောတတ်တယ်။) စာဖတ် ပရိတ်သတ်ကို အသိတွေပေးနေတာပဲလေ။ ငါ့တောင်ရောက် မြောက်ရောက်လည်း စိတ်ဝင်စားစရာ ဖြစ်ချင် ဖြစ်တာမှာပေါ့ဆိုပြီး အားတင်းရေးထားရလို့ပါ။



အင်း ဘာပဲပြောပြောပါ။ ဒီရက်ပိုင်းမှာကတော့ အများရွှင်တဲ့ နှစ်ပါးခွင်ဆိုတဲ့ ဇာတ်စကားလေး သံယောင်လိုက်ပြောရရင် (ပြည်သူ)အများရွှင်လန်းစရာ ဘယ်ကမ်းသာမှ မရှိအောင်ကိုပါပဲ။ နာဂစ်တဲ့။ အရှေ့တောင်အာရှမှာ ဆူနာမိကပ်ဘေးပြီးရင် အသေအပျောက် အများဆုံးဆိုလားပဲ။ ထားတော့။ အရေအတွက်အကြောင်းမပြောပဲ သူ့အရည်အချင်းကိုပြောရရင် အတော်ဆိုးဝါးတယ်။ တိုက်ဆိုင်မှုလော ကျိမ်စာလော ဆိုတဲ့စကားလိုပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ စားနပ်ရိက္ခာအတွက် အားအထားရဆုံးဆိုတဲ့ ဒေသကိုမှရွေးပြီး သူကလဲ ဖျက်ဆီးလိုက်လေရဲ့။ အကျိုးဆက်တွေကတော့ များမှများပါပဲ။ နည်းနည်းသိရတဲ့သူက နည်းနည်းစိတ်ပင်ပန်းရတယ်။ များများသိသူတွေလည်းပဲ များများစိတ်ပင်ပန်းကြရတယ်။ သူ့ရိုက်ချက်က ပြင်းသကိုး။ ဆုံးပါးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရသလို၊ ကျန်ရစ်သူမိသားစုတွေနဲ့ ဒေသတစ်ခုလုံးကို ပြန်လည်ထူထောင်ရေးကလည်း ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့ စိတ်ဓါတ်ကို ကြိုးဝိုင်းတစ်ဖက်ကနေ လက်ခမောင်းခတ်နေပါပြီ။ ဒိုင်လူကြီးကတော့ အချိန်နဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ မီးကုန်ယမ်းကုန်မဟုတ်တောင် အစွမ်းကုန်တော့ ကျွန်တော်တို့တတွေ ကြိုးစားရပါတော့မယ်။ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်မှာ ကျွန်တော်တို့ နောက်ကောက်မကျရေး အတွက် ပထမစဉ်းစားကြမလား၊ ပြိုင်ဘက်ကို ဘယ်လိုမှအသာမပေးပဲ အလဲထိုးရေးကို ပထမစဉ်းစားမလားဆိုတာ ညှိနှိုင်းနေစရာ မလိုဘူးထင်ပါတယ်။

နောက်တစ်ခု ရှိသေးပါတယ်။ စိုင်းစိုင်း သီချင်းစာသားလေးလိုပါပဲ။ တိုက်ဆိုင်လိုက်တာများကွာ မေလ ၁၀ ရက်၊ ဆိုးချက်က ရင်နင့်စရာ။ …..ကိုသွားခဲ့။ အဲ.. အဲဒီလို။ ကျွန်တော်တို့ မြန်မာဆိုတဲ့သူတွေကလည်း ဈေးဝယ်ရင် ဈေးဆစ်ရမှ၊ အလုပ်တစ်ခုလုပ်မယ်ဆို ဟိုမေးဒီမေးနဲ့ တွက်ချက်လိုက်ရမှ။ ဒီလိုလူမျိုးကိုး။ ဘယ်လောက်တောင် အကျင့်ပါလဲဆို ရင်းနှီးတဲ့ သူငယ်ချင်း (ကောင်မလေး)တစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ပါတယ်။ ထွက်သွားတာက ကိုယ့်ပညာနဲ့ကိုယ် လုပ်စားရအောင်ပါ။ သူ့ရဲ့ အထူးပြုဘာသာရပ်မှာ တော်လည်းတော်တဲ့သူပါ။ ဒါပေမဲ့ အကျင့်ပါနေတာများ နိုင်ငံခြားရောက်တော့ သူ့နောင်ရေးသိရအောင်ဆိုပြီး အဲဒီနိုင်ငံက ဆရာမတစ်ယောက်ဆီ သွားတွက်လိုက်သေးတာ။ တကယ်ဆို သူကိုယ်တိုင်ကြိုးစားရမှာ၊ ဒါလောကရဲ့ ဓမ္မတာပဲလေ။ ဒါကောင်မလေးမို့လို့ လို့လည်း ထင်မနေနဲ့။ သားသားတွေလည်းပဲ လုပ်တတ်ကြတယ်။ အဲဒီလို အလေ့အထရှိတဲ့ လူမျိုးဆိုတော့လည်း နာဂစ် ဘာလို့ဒီရက်ပိုင်းမှ ရွေးလာရလည်းလို့ စဉ်းစားချင် တွက်ချက်ချင်နေသူတွေ ရှိမှာပဲ။ ဘာပဲပြောပြော ဒါသဘာဝဘေးလေ၊ ကျွန်တော်တို့က သွားစရာရှိတာကိုသွားပြီး ကျွန်တော်တို့တတွေ နောင်ရေးအတွက် ကိုယ်လုပ်မယ်စဉ်းထားတာ လုပ်ရတာပေါ့။

ကိုယ်လုပ်စရာရှိတာ လုပ်ကြဖို့ ပြောမယ်လုပ်တော့ အခုလောလောဆယ် ခေတ်ထနေတာလေးတစ်ခု သတိရလာတယ်။ ဘလော့ဂ်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတာလေးပါ။ တစ်ယောက်နဲ့တစ်ယောက် အပျော်အပျက် ပြောင်ကြနောက်ကြရင်း အခြေအတင်ဖြစ်မယ်၊ အယူအဆတွေမတူတာကနေ အခြေအတင်ဖြစ်မယ်။ ဒီလို အခြေအတင်တွေဟာ ဆွေးနွေးတဲ့အဆင့်မှာရှိရမယ်၊ တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းကြရမယ်။ ကျွန်တော်က အဲဒီလိုပဲထင်တယ်။ နောက်ဆုံးအဆင့် ဘယ်လိုမှ ညှိနှိုင်းလို့မရရင် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် တစ်ဖက်ရပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေရုံပေါ့။ ဟိုဟိုဒီဒီ လက်ညိုးလိုက်ထိုးနေတာ၊ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာဖို့ ကြိုးစားတာမျိုးတွေ မဖြစ်သင့်ဘူးထင်တာပဲ။ ဒါပေမဲ့ အခြားတစ်ဖက်ကနေ စဉ်းစားလိုက်တယ်။ ပိုစ့်တစ်ခုတည်းကို အဲဒီလောက် ကွန်မန့်တွေရတာ ပျော်စရာပဲ။ ကျွန်တော်က ကွန်မန့်ရေးဖို့ကို အတော်ပျင်းတတ်သူ။ စီဘောက်စ်လောက်မှာပဲ ဟိုပြော၊ဒီပြော ပြောတတ်သူလေ။ ဒါပေမဲ့ ကိုယ့်ပိုစ့်လေးမှာ ကွန်မန့်လေးတွေ တွေ့ရရင် မှိုရတာထက်ပျော်တတ်သူပါ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ငါ့လဲဖွစမ်းပါဟ၊ ကွန်မန့်အများကြီးလိုချင်လို့ဆိုတော့ မရဘူးသူငယ်ချင်းတဲ့။ ဖွတိုင်းလဲ ပွချင်မှပွတာဆိုပဲ။ အင်းဘာပဲပြောပြော ဘလော့ဂ်တစ်ခုတိုင်း တစ်ခုတိုင်းဟာ ကိုယ့်ဘာသာကိုယ် စိတ်ဝင်စားတာလေးတွေ ဝေမျှ၊ ရပ်တည်ချင်တဲ့ ရည်ရွယ်ချက်မှာ ရပ်တည်၊ နောက်ဆုံး နေ့စဉ် ဒိုင်ယာရီပဲဖြစ်ပစေပေါ့။ အလည်သွားရတာပျော်ရင် သွားလည်၊ ခြေရာချန်ချင်ချန်ခဲ့။ ကိုယ်နဲ့ စည်းဝါးမကိုက်ရင်လည်း လှည့်ပြန်ခဲ့ရုံပေါ့။ ဝါးအစည်းပြေသလို မြန်မာဘလော့ဂါတွေ စည်းလုံးမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး လက်ညိုးထိုးနေကြရင် ပျင်းစရာဗျာ။ ဘလော့ဂါ ဒေါ့ကွမ်း(မ်)ကြီးကို အားနာစရာ၊ သူ့မှာ World vision တောင်မဟုတ်ဘူး Global vision လိုမျိုးအထိ ရည်ရွယ်ပြီး ဆေးခါးကြီးတစ်ခွက် ပေးထားတာ။ အမောင်တို့ အလိုရှိသလို၊ ကျွမ်းကျင်သလိုသာ သုံးကြပေတော့ပေါ့။

Global vision ဆိုလို့ ပြောပါအုံးမယ်။ Globalization အကြောင်းကို မြန်မာစာဖတ် ပရိတ်သတ်အတွက် ကြိုးကြိုးစားစား တစိုက်မတ်မတ် မိတ်ဆက်ပေးနေတဲ့ ဆရာကျော်ဝင်းရဲ့ စာတစ်အုပ်ကို အခုတစ်လောပဲ ဖတ်လိုက်ရတယ်။ စာအုပ်ခေါင်းစဉ်လေးက ထူးဆန်းတယ်လို့ တွေ့စကတည်းက တွေးမိပါတယ်။ ဖတ်ရင်းနဲ့မှ အော် ဆရာ့နဲ့ ခေါင်းစဉ်လဲ ရွေးတတ်ပါပေ့လို့ ချီးကျူးမိပါတယ်။ စာအုပ်ခေါင်းစဉ်က “ကျော်ဝင်း - စာအုပ်များနှင့် နှစ်ပေါင်းများစွာတဲ့” ။ ဟုတ်ပါတယ်။ စာအုပ်တစ်အုပ်လုံးမှာဆိုလဲ ဟိုးအရင်နှစ်တွေတုန်းက ဆရာဖတ်ခဲ့တာတွေကနေ ဒီနေ့အချိန်ထိ ဖတ်ပြီးသမျှ စာအုပ်တွေကို စာမြည်းများအပြင် တချို့ကို ဖတ်ပြီးသွားတော့ လယ်လိုအတွေးတွေ တွေးမိကြောင်းဆိုပြီး ရေးထားတဲ့ စာအုပ်ပါ။ ဆရာဒဂုန်တာရာရဲ့ ကဗျာပေါင်းချုပ်လိုကနေ သမိုင်းသုတေသီရဲ့ သမိုင်းစာအုပ်။ ဂျူးရဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး လိုမျိုး ခေတ်ပြိုင်ဝတ္ထုမှသည် ဘိုးလှိုင်ရဲ့ဘာသာပြန် ဦးနှောက်များကို မီးညှိခြင်းနဲ့ ကိုတာရဲ့ အခြားတစ်ဖက်မှ ဆင်ခြင်နိုင်ရန်အကြောင်းများလို မြန်မာစာအုပ်ကောင်းတွေ အတော်များများကို ဆရာက ဖတ်ပြီး ခံစားပြထားပါတယ်။ (စာအုပ် အမည်များမှားယွင်းနေနိုင်ပါသည်။ အမှတ်ရသလို ချရေးလိုက်တာပါ။) အဲဒီအပြင် ဂလိုဘယ်လိုက်ဇေးရှင်း အကြောင်း၊ အနာဂတ်ကမ္ဘာကြီးအတွက် ကြိုတင်ခန့်မှန်းပြထားတဲ့ ကမ္ဘာကျော်စာအုပ်များ အကြောင်းနှင့် နိုဘယ်ဆုရ သိပ္ပံပညာရှင်အကြောင်းတွေကိုလည်း ထိတွေ့ ခံစားပြပါတယ်။ နောက်ပြီး မော်စီတုန်းတို့လို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ အကြောင်းလည်းပါလိုက်သေးတယ်။ စာအုပ်ကတော့ ဆရာ့ပုံစံအတိုင်း ကမ္ဘာလုံးခြုံအမြင်တွေ စကားလုံးတွေနဲ့ အဲဒီဘက်ကအမြင်အတိုင်း ချဉ်းကပ်မှုတွေပါပဲ။ စာဖတ်အားကောင်းလွန်းသလို စာဖတ်ရင်လည်း ထိထိရောက်ရောက် ဖတ်တတ်တယ်၊ ပြီးတော့ စိတ်မှာပေါ်လာတဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတတ်တယ်လို့ ခံစားရပါတယ်။ ဆရာကိုယ်တိုင်ကလည်း သူက စာတွေဖတ်ပြီး ပြန်ပြောပြနေသူပါလို့ သုံးနှုန်းသွားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်သင့်တဲ့ စာတစ်အုပ်လို့ ညွှန်းလိုက်ပရစေ။

စာအုပ်တော့ ညွှန်းမိပြီဆိုတော့ မထူးပါဘူး၊ ဖတ်လက်စ စာအုပ်လေးအကြောင်းပါ ပြောအုံးမယ်။ အခုတလော ဆရာမကြီး လူုထုဒေါ်အမာရဲ့ “ကျွန်မတို့ ငယ်ငယ်က” ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်နေပါတယ်။ ဆရာမကြီးက စာအရေးကောင်းတော့ ဖတ်ရတာ ငြိမ့်ငြိမ့်လေးပါပဲ။ ဆရာမကြီးက သူ့ရဲ့ အဖိုးအဖွားခေတ်ကနေ သူ့ရဲ့ တက္ကသိုလ်ကျောင်းသူ ဘဝအထိကို ရေးထားတာ (ဖတ်နေတာ အဲဒီနားပဲ ရောက်သေးတယ်။ ဘယ်ထိရေးထားလဲတော့ မသိပါ။) အသေးစိတ်မဟုတ်တောင် ခေတ်တစ်ခုကို မြင်ကြည့်လို့ရအောင်ထိ စာပန်းချီ ချယ်မှုန်းထားတာပါ။ ဆရာမကြီးက အဲဒီစာအုပ်ရဲ့ ကျောဖုံးမှာကတည်းက လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်က အကြောင်းတွေဆိုတော့ စိတ်ဝင်စားဖို့ ကောင်းချင်မှတော့ကောင်းမယ်။ အဲဒီခေတ်က အခြေအနေတွေကိုတော့ သိရတာပေါ့လို့ (အတိအကျ မဟုတ်တောင် အဲဒီလိုအဓိပ္ပါယ် မျိုးပါပဲ။) ရေးပြထားတယ်။ ကျွန်တော်တို့ မသိလိုက်၊ မမှီလိုက်တဲ့ ခေတ်တွေက အခြေအနေတွေနဲ့ အဲဒီခေတ်တွေက မန္တလေးရဲ့ ပုံရိပ်တွေပါပဲ။ ထူးဆန်းတယ်လို့ စိတ်မှာခံစားရတဲ့ အဖြစ်တွေကို ဖတ်ရသလို၊ ထင်မထားတဲ့ ခေတ်မှီမှုတွေကိုလည်း တွေ့ရပါတယ်။ ခေတ်ချင်းကတော့ တကယ်ကို ကွာခြားသွားပါပြီ။ လူနေမှုပုံစံတွေကိုက မတူတော့ပါဘူး။ ဒါတောင် ကျွန်တော်က မန္တလေးသားမဟုတ်တော့ ကွားခြားမှုတွေကို သိပ်မသိပါဘူး။ လူနေမှုပုံစံ ကွာခြားလို့ပဲ ဆရာမကြီးပြောပြနေတဲ့ ခေတ်က လူတွေရဲ့ အတွေးအခေါ်နဲ့ အခုခေတ် လူတွေရဲ့ အတွေးအခေါ် မတူကြတောတာလို့ ကျွန်တော်ကတော့ ထင်တာပဲ။ ဒါမှမဟုတ် အတွေးအခေါ်တွေကြောင့်ပဲ လူနေမှုပုံစံတွေ ကွာခြားသွားကြတယ်နဲ့ တူပါတယ်။ နှစ်ခုစလုံးလဲ တစ်ခုနဲ့ တစ်ခု အမှီပြုပြီး ပြောင်းလဲနေနိုင်ပါတယ်။

အတွေးတွေ မတူကြတော့တဲ့ အကြောင်းပြောတော့ တစ်ခါတုန်းက ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက် ဆွေးနွေးမိတာလေးကို ဖောက်သည်ချပါအုံးမယ်။ တစ်ယောက်သော ကျွန်တော့် သူငယ်ချင်းက ဝေးမြေခြားမှာ အတော်အသင့် အဆင်ပြေတဲ့ (မြန်မာလိုပြောရင် အဆင်ပြေတဲ့) အလုပ်တစ်ခုနဲ့ ဘွဲ့လွန်သင်တန်း ကြိုးစားတက်နေသူပါ။ အဲဒီ နေရာကိုရောက်ဖို့အတွက် သူကြိုးစားခဲ့ရတာ၊ အစီအစဉ်တွေ ဆွဲခဲ့ရတာ၊ တချို့သော သံယောဇဉ်တွေကို ထားခဲ့ရတာပါ။ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေနဲ့ အမြဲလှုပ်ရှားနေသူပေါ့။ တစ်ကယ်ဆို နောက်သူငယ်ချင်းကလည်း သူ့လိုဖြစ်ချင်တာပါ။ အကြောင်း အကြောင်းလေးတွေနဲ့ နောက်ကျနေရင်းကနေ အခုဆို မျှော်လင့်ချက်မီးရောင်က မှေးလိုက်လာနေသလို ခံစားနေရတာ။ တနေ့ ပထမသူငယ်ချင်းဖြစ်သူက မေးတယ်။ ဘယ်တော့ လာမှာလဲပေါ့၊ ဒါပေမဲ့ ဒုတိကသူငယ်ချင်းရဲ့အဖြေကို သူကြားတော့ အတော်စိတ်ဆိုးသွားပါတယ်။ (ဒုတိက သူငယ်ချင်းက ဘာမှ မလုပ်ရသေးပဲကိုး။) အဲဒီမှာ ကွာခြားမှုလေးတွေကို တွေ့ရတာပါပဲ။ သေချာတာတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက် အခုလက်ရှိမှာ မတူတော့တာ လူနေမှုပုံစံတွေပါ။ အဲဒါလေးတွေကနေမှ မတူတဲ့အတွေးတွေ ထွက်ကျလာကြတော့တာ။ ပထမသူငယ်ချင်းကပြောပါတယ် မင်းတော့ ဒီအတိုင်း (ဒီပုံစံအတိုင်းနဲ့)ပဲ သေမှာပဲတဲ့။ မင်းရဲ့ နောက်လာမဲ့ မျိုးဆက်အတွက် မင်းမစဉ်းစားဘူးလားတဲ့။ ဒုတိယ သူငယ်ချင်းကိုပြောတာပါ။ အဲဒီမှာပဲ ဟုတ်တယ်ငါ့ကောင်ရေတဲ့ ငါ့မှာပြောရင်းနဲ့ ဝမ်းနည်းလာသလိုတောင် ခံစားလိုက်ရတယ်တဲ့။ ဒုတိယသူငယ်ချင်းက ဝန်ခံတာပါ။ ကျွန်တော်က ဘာသွားတွေးမိလဲဆိုတော့ ဒုတိယသူငယ်ချင်းက ဆရာမကြီးဒေါ်အမာရဲ့ ကလေးဘဝ ခေတ်လောက်မှာ ရပ်နေပြီး ပထမသူငယ်ချင်းက ၂၀၀၈ခုနှစ် မန္တလေးဈေးချိုပေါ်ကနေ လက်လှမ်းပြလိုက်သလို ခံစားလိုက်ရတာနေမှာပေါ့လို့လေ။ သူငယ်ချင်းရေ မင်းက ဂျက်လေယာဉ်စီးပြီး အနှစ်(၈၀)လောက် မအိုမနာပဲ ခေတ်ရှေ့ပြေးသွားလေရဲ့နော်။ အင်းဗျာ ကျွန်တော်တို့တစ်တွေအတွက် ဂျက်လေယာဉ်တွေဟာ သိပ္ပံဝတ္ထုထဲကလို အချိန်ခရီးသွားယာဉ်တွေ ဖြစ်နေဆဲပါပဲဗျာ။ အဲဒီလို တခါတလေမှာ တောင်ရောက်မြောက်ရောက်နဲု့များ မတွေးမိကြဘူးလားဟင်။…..။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, May 11, 2008

အကြွင်းမဲ့ မေတ္တာတော်ရှင် အမေသို့



(သား )။ Hello!
(အမေ)။ ဟဲ့ လူလေး မနက်အစောကြီးပါလား ဘာဖြစ်လို့လဲ ။ နေမကောင်းလို့လား ။ ပိုက်ဆံလိုလို့လား . . . . ဟဲ့ ပြောစမ်းပါဟဲ့ မြန်မြန် ။ ဒီကလေးနှယ် ဘာဖြစ်နေတာလဲ ။
(သား)။ အာ ဟုတ်ပါဘူးအမေရ ဒီနေ့ အမေနေ့လေ အမေရဲ့ ။ အဲဒါ ကြောင့် အမေ့ကို အစောကြီးဖုန်းဆက်တာ။




(အမေ) ။ ဟဲ့ ပြာသိုလပြည့်နေ့မှ မဟုတ်လား ။
(သား) ။ အင်း ဟုတ်ပါတယ်။ ခုဟာက လည်း အမေနေ့လေ။ ဒီမှာလည်း ပွဲလုပ်ကြတယ် ။ အဲဒါနဲ့ အမေ့ကို လွမ်းနေတာနဲ့ ပေါင်းပြီး ခုလိုဖုန်းဆက်တာ။ နောက်နဲနဲကျရင် ကျနော်တို့ရွာက ဖုန်းခေါ်ရတာခက်တယ်လေ အမေရ ။
(အမေ) ။ အင်းပါ အင်းပါ ။ငါ က မိန်းမတောင်းခိုင်းပြီလားလို့ ။ (ရယ်လျက်) . . .
အခြောက် အခြမ်းတွေ၊လက်ဘက်တွေရောကုန်ပြီလား ။ ကုန်ရင် နင့်အဖေကို ရန်ကုန်လွှတ်ပြီး ပို့ခိုင်းလိုက်မယ်။
(သား) ။ ကျန်ပါသေးတယ်အမေရ ။ အရင်တပတ်ကတောင် မှိုတယ်ချင်နေလို့ ဆီစိမ်ထားရသေးတယ်။
(အမေ) ။ အေး သေချာထားဦး ။ မှိုတက်ရင်လည်း နှမြောမနေနဲ့ ။ ပစ် ပစ်လိုက် ကျန်းမာရေးက အရေးကြီးတယ် ။
(သား) ။ အမေတို့ ကျန်းမာရေးရော ကောင်းကြရဲ့လား ။
(အမေ) ။ ကောင်းပတော်။ နင်သာ ဂရုစိုက် လူက အစကတည်းက ကချူကချာ။
(သား) ။ အဖေရော အမေ။
(အမေ) ။ လယ်ထဲကို ဖရုံခင်းသွားကြည့်သဟဲ့ ။ အငှားတွေနဲ့ရေလောင်းရတာ စိတ်မချလို့လေ။ သူတို့ကလည်း ပိုင်ရှင်လစ်ရင် လစ်သလိုဟဲ့။ အရင်ထဲက ခိုင်းလာတာပါဟယ်။ ခုမှ ဘာတွေဖြစ်ကုန်တယ် မသိပါဘူး။ စီးပွားရေးက ကျပ်ကြတာကိုးဟယ် ။
နင်ဘာပြောဦးမလဲ ။
(သား) ။ အာပြောစရာတွေက အများကြီးပေါ့အမေရ ။ အနှစ် ၃၀ လောက်ပြောလာတာတောင် ကုန်တာမှ မဟုတ်တာ ။ အ ဟီး ။
(အမေ) ။ အေး အေး။ နောက်မှပြော ။ ဖုန်းဆက်ရတာ ငွေကုန်သဟဲ့ ။ အဲဒီငွေကို လေဘေး ဒုက်ခသည်တွေကို လှူလိုက်။ အ၀တ်အစားတို့ စောင်တို့ခြင်ထောင်တို့လည်း လှူပါဟယ်။ ကလေးတွေ တုပ်ကွေးဖြစ်ကုန်မှာ စိုးရိမ်ရတယ် ။ နင်တို့ဆီမှာ ဆေးဝါးကောင်းတွေရတယ် မဟုတ်လား ။ အဲဒါဝယ်ပြီးလှူ။ သုံးဖြုန်းမနေနဲ့ ။ရေချိုးတာ သတိထား ။ အအေးပတ်နေမယ်။ ခေါင်းပေါ်ကလည်း လောင်းမချိုးနဲ့။တော်ကြာ ဆေးရုံပြန်တက်နေရမယ် ။လျပ်စစ်ပစ်စည်းတွေ သုံးတာလည်း ဂရုစိုက်၊ ဓါတ်လိုက်နေမယ်။ ကား တို့ ရထားတို့ အတတ်အဆင်း ကို သတိထား။ လမ်းကူးရင်လည်း ဂရုစိုက်ပြီး ကူး။ ငေးမောပြီး မကူးနဲ့။
(သား) ။ ဟုတ်ကဲ့။
(အမေ) ။ အေးဒါပဲ ။ ငါမှာတာလည်း မမေ့နဲ့။

ဂွက်

ကျနော်အတွက်တော့ အမေက အနှိုင်းမဲ့ပါ အမေ။ အမေ့ကို ကျနော် အရမ်းချစ်တယ်အမေ။ ယုံကြည်မှူ့တစ်ခုအတွက် ၊ ကျနော်ရဲ့ ရည်မှန်းချက် အတွက် အမေနဲ့ရွာကို စွန့်လာခဲ့ပေမယ့် အမေ့ကို ကျနော်အရမ်းလွမ်းတယ် အမေ။ အမေကျန်းမာပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ လို့ သားဆုတောင်းလျက်ပါအမေ။


ဆက်ဖတ်မယ်ဆိုရင် ...

Saturday, May 10, 2008

ဖိုးအေးလေး ရေးတဲ့စာ


ဦးဦး စစ်ဘိုကြီး ဘဘ ဘိုချုပ်ကြီးများခင်မျာ သား က ပြင်စလူရွာက ၄ တန်းကျောင်းသားလေး အေးကိုပါ။ သားတို့အမေအပျိုပေါက်တုံးကတော့ မြ၀တီဆိုတဲ့ စာစောင်ထဲမှာ ပြင်စလူရွာသူဆိုပြီး ဖော်ပြခံရဘူးတဲ့ ပင်လယ်ဝက တံငါရွာလေးကပါ။ ပင်လယ်လေတဖြူးဖြူးနဲ့ ဆားချက်၊ ငါးဖမ်း၊ ပိုက်ထမ်းလာတဲ့လူ တစ်ပုံတစ်ပင်နဲ့ ပျော်စရာရွာလေးပါ။



ခုဆို ရွာကို ဘယ်နေရာမှာ ရှာရမယ်တောင် မသိတော့ ပါဘူးဗျာ။
ရွာထဲကလူတွေကလည်း ဘယ်ဆီရောက်လို့ ရောက်တယ်ကို မသိတော့ပါဘူး။ခုဆို သားမှာ ထမင်းမစားရတာလည်း ၄ ရက်ကျော်ဘီ။ ရေကတော့ လယ်ထဲက ရေနောက်တွေပဲ သောက်ရတာပေါ့ ။ယောက်ကျားပဲ သေတစ်နေ့မွေးတစ်နေ့ပေါ့ ဆိုပေမယ့် သားက ဆရာဝန်ကြီးဖြစ်ချင်သေးတယ်။ ခုဆို သားတို့ကျောင်းလေးလည်း ဘယ်ဆီမှာ ရောက်လို့ ဘာတွေဖြစ်ကုန်ပလဲ မသိတော့ပါဘူး။ ဆရာလေး ကိုအောင်ထက်ရော ဘယ်မှာများလဲ။ ဆရာမလေး ဒေါ်ကေသီရော ကျန်းမာပါ့မလား။ ဆရာမက မပေါ့မပါးကြီး ဖြစ်နေတာတောင် ဆရာ မလုံလောက်လို့ ကျောင်းကိုလာပြီး သင်ပေးရှာတာလေ။ စိတ်ထားကောင်းတဲ့ ဆရာလေးနဲ့ ဆရာမလေးကတော့ ဘေးကင်းမယ်ထင်တာပါပဲဗျာ။ သားတို့လို အစွန်အဖျားကရွာလေးကို လာသင်ပေးမယ့် ဆရာရော ရှိပါဦးမလား ။ သားတို့ရွာက သက်ကယ်မိုး ထရံကာ ကျောင်းလေးကရော ပြန်ဖြစ်လာပါဦးမလား ။ သားရော ဆရာဝန်ကြီး ဖြစ်ပါဦးမလား ။ ကျောင်းဆရာမကြီး လုပ်မယ့် ရွှေစင်ကတော့ ၀မ်းပျက်တာနဲ့သေရှာပြီ ။ သင်္ဘောသား လုပ်ပြီး ကမ္ဘာပတ်မယ့် အောင်ကျော်ကတော့ ပင်လယ်လှိုင်းထဲပါသွားပြီ။ ပင်လယ်လုပ်သားပဲလုပ်မယ်ဆိုတဲ့ မျက်ပြူး၊ သူနာပြူလုပ်မယ်ဆိုတဲ့ မသီတာ၊ ငါကတော့ အင်ဂျင်နီယာဆိုတဲ့ ၀တုတ်၊ ကျောင်းဆရာမလေး ဖြစ်ချင်တဲ့ ကြည်ပြာ ၊ သားနဲ့ ကစားဖော် ကြီးကြီး ငယ်ငယ်တွေ သေကုန်ကြပြီဗျ။သားနဲ့ ကြွက်တူးဖော် အိမ်က နီကျား ကတော့ မုန်တိုင်းထဲမှာ ပျောက်သွားပြီ။ အိမ်က ကျွဲတရှဉ်းကလည်း သေလို့ပွတောင်နေရောပေါ့ ။ မြင်နေကြ ရေပြင်ကြီးကိုတောင် ခုဆို သားမုန်းနေပါပြီ။ ဘယ်ကိုသွားလို့ သွားရမယ်ကို သားမသိတော့ပါဘူး ။သားဗိုက်ထဲမှာလည်း တစ်ကျုတ်ကျုတ်မြည်နေပြီ။ မေခလာဆိုတဲ့ နတ်သမီးကလည်း လာခဲလိုက်တာ ဦးတို့ရယ်။ ဦးပေါ်ကြီးကတော့ ကောင်းကင်ကနေ လေယဉ်ကြီးတွေ နဲ့ သားတို့ကိုလာခေါ်မှာဆိုပဲ ။ကောင်းတာပေါ့ဗျာ လေယဉ်စီးပြီး မြို့ကို သွားဘူးတယ်ရှိတာပေါ့။ ခက်တာက လေယဉ်ကလည်း ကိုထူးတို့အိမ်ကထော်လာဂျီလောက်တောင် မမြန်ပါလားဗျာ။ ကိုထူးတို့ ထော်လာဂျီတောင် မြို့နဲ့ရွာကို တစ်နေ့နှစ်ခေါက်ပြန်နိုင်သေးတယ်။ ခုထိကို မလာနိုင်သေးပါတဲ့ လေယဉ်လည်း ကျန်းမာ ပါစေဗျာ။ လေယဉ်ကသေးသေးလေးဆိုရင်တောင် လောက်ပါတယ်ဦးရယ်။ လူက ခုဆို သားနဲ့မှ ၉ယောက်ပဲရှိတာ။ ကျန်တဲ့ လူတွေကတော့ သေတဲ့လူကသေ၊ ပျောက်တဲ့လူကပျောက်ကုန်ပြီ။ ၉ယောက်ထဲဆို ခရီးမသွားကောင်းဘူးဆိုတော့. . . အင်းဗျ . . . မောင်ကျောက်ခဲလေးကို ခေါ်သွားဦးမှ ။ သားတို့တိုင်းပြည်မှာက စစ်တပ်မှာပဲ ရဟတ်ယဉ်ဆိုလား ပုဇင်းလိုကောင်ကြီး ရှိတယ်လို့ ဆရာလေးက ပြောဘူးလို့ ဦးတို့ကို တရတာပါဗျာ။ မင်းသားတွေ မင်းသမီးတွေ စီးတဲ့ လေယဉ်ကတော့ ဒီလိုဗွက်ထဲကို မဆင်းနိုင် မတက်နိုင်ဘူးလို့ ဦးပေါ်ကြီးကပြောတယ်ဗျ။ သားတို့ရွာ က ဘိုသင်တန်းတက်တဲ့ ကိုသန်းစိုးရော လာကယ်ပါ့မလားပဲ။ သူတို့ ကုန်စုံဆိုင်ကတော့ ကုန်ပြီဗျ။ ဆိုင်ဘေးက မန်ကျည်းပင်ပိတာနဲ့ ပြားသွားရှာတာပဲဗျာ။ သူတို့တင် မဟုတ်ပါဘူးဗျာ။ အားလုံး ခံရတာပါပဲ။လာမယ့် မိုးဦးကျ ကြရင် ဘယ်က နွားနဲ့ ကျွဲနဲ့ လယ်ထွန်ကြမယ် မသိပါဘူး။ မျိုးစပါးကရော ဘယ်ကလာပါ့မလဲ။ မျိုး အနေသာသာ ခုဆို သားတို့စားစရာ ဆန်တောင် ရှိတော့တာမှ မဟုတ်ပဲဗျ။ တွေးရင်တော့ သားတော့ ငိုချင်တာပါပဲ။ သားကျောင်းတက်ဖို့ ပိုက်ဆံတွေကလည်း မရှိတော့ဘူး။ လေထဲပါကုန်ပြီဗျာ။ သား ဆရာဝန်ကြီး ဖြစ်ချင်သေးတယ် ဦးတို့ ဘတို့ရယ်။ ဖြစ်နိုင်ရင်တော့ ကယ်ကြပါဦး။ ကူကြပါဦး ။ ပုံမှန်ဆို သားတို့က စားနိုင်သောက်နိုင်ထဲကပါ။ သားရှက်လည်း ရှက်ပါတယ် ရှက်လည်း မရှက်နိုင်တော့ပါဘူး။ ခုဘယ်က စလို့ စရမှာလည်း ။ အားလုံးကုန်ပြီလေ။ လယ်လုပ်သားကလည်း အစကတည်းကရှားတာ။ ခုဆို သားပါမှ တစ်ရွာလုံး ၉ ယောက်ပဲကျန်တာ။ ဒီပုံအတိုင်းဆို ၃နှစ်လောက် မနေမနား လုပ်တောင် ဒီလယ်တွေ စိုက်လို့ ပီးပ မလား။ နောက်ပြီး ဆားကွင်းတွေ၊ ငါးဖမ်းစက်လှေတွေ၊ လှေတွေကရော ဘယ်ကရမှာလဲ။ လူတွေကရော ဘယ်ကရမလဲ ။ ခုဆို ပိုက်ဆံကလည်း မရှိတော့ဘူး။ လူအငှားရရင်တောင် ဘယ်ကပိုက်ဆံနဲ့ အခ ပေးရမလဲ ။ ဦးတို့ စစ်သားတွေကလည်း လယ်တော့ လုပ်တတ်မယ် မထင်ပါဘူး။လုပ်တတ်တောင် အားမှာမှ မဟုတ်ကြတာနော ။ လူတွေကလည်း အစကတည်းက မြို့တက်ဖို့ပဲ စိတ်ဝင်စားကြတာပါ ။ ခုဆို ဘယ်လို လုပ်ကြမလဲ ။ ခက်ပါတယ်ဦးတို့ ဘတို့ရယ်။ ဆေးခန်းလေးကလည်း လေကြောင့်ပြားချပ်လို့။ သားတို့မှာ နေ့ဆို အောက်ကရေပူ အပေါ်ကနေပူ၊ ညကျတော့ လေက တဗြန်းဗြန်းနဲ့ ချမ်းမှ ချမ်းပဲ ။ ဆေးလေး ဘာလေးကလည်း မရှိ၊ ခြင်ကလည်းပေါ ။
ကြာရင် ၉ ယောက်တောင် ကျန်ပါဦးမလား ။ ကယ်ပါဦး ဦးတို့ ဘတို့ရယ် ။ ပုဇင်းလေးနဲ့ လာကယ်လှဲ့ပါ။ဦးပေါ်ကြီးလေဒီယိုလေးက ကြားရတာကတော့ ဦးတို့က မ၀င်ခိုင်းလို့ ပုဇင်းတွေ ၀င်လို့မရတာဆို။ ဘာဖြစ်လို့လည်း ဦးတို့ ဘတို့ရယ်။ သားတို့ကြာရင် သေ တော့မယ်။ ကျောသားရင်သား မခြားပဲ ကာကွယ် စောင့်ရှောက် ကြတယ်ဆို၊
သားလည်း ဦးတို့ ဘတို့ သားတွေ မြေးတွေလို ကျောင်းတွေအေးအေးလူလူတက်ပြီး ပညာတတ်ကြီး ဖြစ်ချင်ပါသေးတယ်။ သား ကို မေ့မထားပါနဲ့ဗျာ ။


(သတင်းတွေထဲက ကလေး အလောင်းတွေကိုမြင်ရပြီး စိတ်မကောင်းလွန်းလို့ ကလေးတစ်ယောက်နေရာက စိတ်ကူးယဉ်ထားမှူ့ပါ ။ အားလုံး တတ်နိုင်သမျှ ကူပေးကြပါဦးခင်ဗျာ ။)


ဆက်ဖတ်မယ်ဆိုရင် ...

Friday, May 9, 2008

Nargis, they are more foolish than you.


မင်းထက် ပိုရက်စက်ကြတယ်


ငါတို့ရဲ့
ထမင်းအိုးကို ခွဲရက်သူရေ …



နှောင်နှစ်ပေါင်းများစွာ
တို့တတွေ ဒီလိုဖြစ်နေအုံးမယ်လို့
သတိပေးလေရော့သလားဆိုပြီး
ဖြေသိမ့်အတွေးနဲ့
ငါတွေးပေးနိုင်ပါရဲ့။…..။

မြေပြင်မှာဝပ်ဆင်းနေကြတဲ့
အရုပ်ကြိုးပြတ် သစ်ပင်တွေ။
ဟိုနားဒီနား ဗျာပါဒများသွားရအောင်
တွန်းလှဲ-ဖြိုချခံရတဲ့ တို့ရဲ့ကွန်းခိုရာလေးတွေ။
ဇာပန အခမ်းအနားတစ်ခုအတွက်
မျက်ရည်နဲ့ အလွမ်းဆက်မနေအောင်များ မင်းလုပ်လိုက်လေသလား။
မေးပါများ စကားရတဲ့။
ဟင့်အင်း … ငါဆက်မမေးချင်တော့ဘူး၊
စစ်ပွဲတစ်ပွဲရဲ့ ဆုံးရှုံးမှုကမှခံသာအုံးမယ်။…..။

မင်းရက်စက်တယ်
မင်းထက်ပိုရက်စက်ကြတယ်
မင်းမှာ
အသိဉာဏ်နဲ့ ဂုဏ်သိက္ခာ ရှိစရာမလိုလို့လေ။…..။
သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...