Saturday, May 17, 2008

Chaos-thoughts


တောင်ရောက် မြောက်ရောက် အတွေးများ

ပိုစ့်အသစ်တစ်ခုလောက်တော့ ရေးအုံးမှပါဆိုတဲ့ စိတ်ကူးက စိတ်ကူးအဆင့်ကနေကို တက်မလာနိုင်ဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအနည်းငယ်ရှိနေလို့ရယ်၊ နောက်ပြီး နိုင်ငံနှင့်အဝှမ်း ထူးခြားဖြစ်စဉ်တွေကလဲ များပါသဘိနဲ့၊ ဖြစ်စဉ်တိုင်းကလဲ စိတ်လက် မရွှင်ပျစရာတွေဆိုတော့ ပိုစ့်တင်ဖို့ကို ဟာဒရမှာ ဘာမှငြိတွယ်မနေဘူး။ ဒါပေမဲ့ အလိုလိုမှ ဧည့်နည်းရတဲ့အထဲ ပိုစ့်အသစ်ပါ မဖတ်ရရင်တော့ ဒီဘလော့ဂ်လေး မျက်နှာငယ်ရချည်ရဲ့ ဆိုပြီး ဘယ်သူမှ တာဝန်မပေးပဲ၊ ကိုယ့်ဘာသာကိုယ် (လက်တည့်စမ်းချင် စိတ်ကိုရှေ့ထားပြီး) ပိုစ့်တစ်ခု ရေးလိုက်တယ်။ ခြေဆင်းတွေခံနေရတာက အလည်လာသူတွေ စိတ်ညစ်မသွားအောင်ပါ။ ကိုယ်ပိုင်အချိန်လေးတွေ ရသမျှထဲကနေ ဘလော့ဂ်လည်ရ၊ ဘလော့ဂ်ရေးကြနဲ့ အလုပ်ရှုပ်လွန်းလှတဲ့ ဧည့်သည်တွေမယ် ဘာခံစားချက်မှမပေး၊ ဘာအသိမှမပေးတဲ့ ဟိုရောင်ရောင် ဒီရောင်ရောင် ပိုစ့်ကိုဖတ်ကြရမှာမို့ပါ။ ဒါပေမဲ့ စာရေးဆရာ ဆရာကိုတာဆိုရင် တောင်ရောက်မြောက် အတွေးတွေဆိုပြီး ရေးရင်းနဲ့ (တစ်ခါတလေလည်း အညာသံပါပါနဲ့ ရေးတယ်မပြောဘူးဗျ။ ဟဲတယ်လို့လဲ ပြောတတ်တယ်။) စာဖတ် ပရိတ်သတ်ကို အသိတွေပေးနေတာပဲလေ။ ငါ့တောင်ရောက် မြောက်ရောက်လည်း စိတ်ဝင်စားစရာ ဖြစ်ချင် ဖြစ်တာမှာပေါ့ဆိုပြီး အားတင်းရေးထားရလို့ပါ။



အင်း ဘာပဲပြောပြောပါ။ ဒီရက်ပိုင်းမှာကတော့ အများရွှင်တဲ့ နှစ်ပါးခွင်ဆိုတဲ့ ဇာတ်စကားလေး သံယောင်လိုက်ပြောရရင် (ပြည်သူ)အများရွှင်လန်းစရာ ဘယ်ကမ်းသာမှ မရှိအောင်ကိုပါပဲ။ နာဂစ်တဲ့။ အရှေ့တောင်အာရှမှာ ဆူနာမိကပ်ဘေးပြီးရင် အသေအပျောက် အများဆုံးဆိုလားပဲ။ ထားတော့။ အရေအတွက်အကြောင်းမပြောပဲ သူ့အရည်အချင်းကိုပြောရရင် အတော်ဆိုးဝါးတယ်။ တိုက်ဆိုင်မှုလော ကျိမ်စာလော ဆိုတဲ့စကားလိုပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ စားနပ်ရိက္ခာအတွက် အားအထားရဆုံးဆိုတဲ့ ဒေသကိုမှရွေးပြီး သူကလဲ ဖျက်ဆီးလိုက်လေရဲ့။ အကျိုးဆက်တွေကတော့ များမှများပါပဲ။ နည်းနည်းသိရတဲ့သူက နည်းနည်းစိတ်ပင်ပန်းရတယ်။ များများသိသူတွေလည်းပဲ များများစိတ်ပင်ပန်းကြရတယ်။ သူ့ရိုက်ချက်က ပြင်းသကိုး။ ဆုံးပါးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရသလို၊ ကျန်ရစ်သူမိသားစုတွေနဲ့ ဒေသတစ်ခုလုံးကို ပြန်လည်ထူထောင်ရေးကလည်း ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့ စိတ်ဓါတ်ကို ကြိုးဝိုင်းတစ်ဖက်ကနေ လက်ခမောင်းခတ်နေပါပြီ။ ဒိုင်လူကြီးကတော့ အချိန်နဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ မီးကုန်ယမ်းကုန်မဟုတ်တောင် အစွမ်းကုန်တော့ ကျွန်တော်တို့တတွေ ကြိုးစားရပါတော့မယ်။ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်မှာ ကျွန်တော်တို့ နောက်ကောက်မကျရေး အတွက် ပထမစဉ်းစားကြမလား၊ ပြိုင်ဘက်ကို ဘယ်လိုမှအသာမပေးပဲ အလဲထိုးရေးကို ပထမစဉ်းစားမလားဆိုတာ ညှိနှိုင်းနေစရာ မလိုဘူးထင်ပါတယ်။

နောက်တစ်ခု ရှိသေးပါတယ်။ စိုင်းစိုင်း သီချင်းစာသားလေးလိုပါပဲ။ တိုက်ဆိုင်လိုက်တာများကွာ မေလ ၁၀ ရက်၊ ဆိုးချက်က ရင်နင့်စရာ။ …..ကိုသွားခဲ့။ အဲ.. အဲဒီလို။ ကျွန်တော်တို့ မြန်မာဆိုတဲ့သူတွေကလည်း ဈေးဝယ်ရင် ဈေးဆစ်ရမှ၊ အလုပ်တစ်ခုလုပ်မယ်ဆို ဟိုမေးဒီမေးနဲ့ တွက်ချက်လိုက်ရမှ။ ဒီလိုလူမျိုးကိုး။ ဘယ်လောက်တောင် အကျင့်ပါလဲဆို ရင်းနှီးတဲ့ သူငယ်ချင်း (ကောင်မလေး)တစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ပါတယ်။ ထွက်သွားတာက ကိုယ့်ပညာနဲ့ကိုယ် လုပ်စားရအောင်ပါ။ သူ့ရဲ့ အထူးပြုဘာသာရပ်မှာ တော်လည်းတော်တဲ့သူပါ။ ဒါပေမဲ့ အကျင့်ပါနေတာများ နိုင်ငံခြားရောက်တော့ သူ့နောင်ရေးသိရအောင်ဆိုပြီး အဲဒီနိုင်ငံက ဆရာမတစ်ယောက်ဆီ သွားတွက်လိုက်သေးတာ။ တကယ်ဆို သူကိုယ်တိုင်ကြိုးစားရမှာ၊ ဒါလောကရဲ့ ဓမ္မတာပဲလေ။ ဒါကောင်မလေးမို့လို့ လို့လည်း ထင်မနေနဲ့။ သားသားတွေလည်းပဲ လုပ်တတ်ကြတယ်။ အဲဒီလို အလေ့အထရှိတဲ့ လူမျိုးဆိုတော့လည်း နာဂစ် ဘာလို့ဒီရက်ပိုင်းမှ ရွေးလာရလည်းလို့ စဉ်းစားချင် တွက်ချက်ချင်နေသူတွေ ရှိမှာပဲ။ ဘာပဲပြောပြော ဒါသဘာဝဘေးလေ၊ ကျွန်တော်တို့က သွားစရာရှိတာကိုသွားပြီး ကျွန်တော်တို့တတွေ နောင်ရေးအတွက် ကိုယ်လုပ်မယ်စဉ်းထားတာ လုပ်ရတာပေါ့။

ကိုယ်လုပ်စရာရှိတာ လုပ်ကြဖို့ ပြောမယ်လုပ်တော့ အခုလောလောဆယ် ခေတ်ထနေတာလေးတစ်ခု သတိရလာတယ်။ ဘလော့ဂ်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတာလေးပါ။ တစ်ယောက်နဲ့တစ်ယောက် အပျော်အပျက် ပြောင်ကြနောက်ကြရင်း အခြေအတင်ဖြစ်မယ်၊ အယူအဆတွေမတူတာကနေ အခြေအတင်ဖြစ်မယ်။ ဒီလို အခြေအတင်တွေဟာ ဆွေးနွေးတဲ့အဆင့်မှာရှိရမယ်၊ တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းကြရမယ်။ ကျွန်တော်က အဲဒီလိုပဲထင်တယ်။ နောက်ဆုံးအဆင့် ဘယ်လိုမှ ညှိနှိုင်းလို့မရရင် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် တစ်ဖက်ရပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေရုံပေါ့။ ဟိုဟိုဒီဒီ လက်ညိုးလိုက်ထိုးနေတာ၊ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာဖို့ ကြိုးစားတာမျိုးတွေ မဖြစ်သင့်ဘူးထင်တာပဲ။ ဒါပေမဲ့ အခြားတစ်ဖက်ကနေ စဉ်းစားလိုက်တယ်။ ပိုစ့်တစ်ခုတည်းကို အဲဒီလောက် ကွန်မန့်တွေရတာ ပျော်စရာပဲ။ ကျွန်တော်က ကွန်မန့်ရေးဖို့ကို အတော်ပျင်းတတ်သူ။ စီဘောက်စ်လောက်မှာပဲ ဟိုပြော၊ဒီပြော ပြောတတ်သူလေ။ ဒါပေမဲ့ ကိုယ့်ပိုစ့်လေးမှာ ကွန်မန့်လေးတွေ တွေ့ရရင် မှိုရတာထက်ပျော်တတ်သူပါ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ငါ့လဲဖွစမ်းပါဟ၊ ကွန်မန့်အများကြီးလိုချင်လို့ဆိုတော့ မရဘူးသူငယ်ချင်းတဲ့။ ဖွတိုင်းလဲ ပွချင်မှပွတာဆိုပဲ။ အင်းဘာပဲပြောပြော ဘလော့ဂ်တစ်ခုတိုင်း တစ်ခုတိုင်းဟာ ကိုယ့်ဘာသာကိုယ် စိတ်ဝင်စားတာလေးတွေ ဝေမျှ၊ ရပ်တည်ချင်တဲ့ ရည်ရွယ်ချက်မှာ ရပ်တည်၊ နောက်ဆုံး နေ့စဉ် ဒိုင်ယာရီပဲဖြစ်ပစေပေါ့။ အလည်သွားရတာပျော်ရင် သွားလည်၊ ခြေရာချန်ချင်ချန်ခဲ့။ ကိုယ်နဲ့ စည်းဝါးမကိုက်ရင်လည်း လှည့်ပြန်ခဲ့ရုံပေါ့။ ဝါးအစည်းပြေသလို မြန်မာဘလော့ဂါတွေ စည်းလုံးမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး လက်ညိုးထိုးနေကြရင် ပျင်းစရာဗျာ။ ဘလော့ဂါ ဒေါ့ကွမ်း(မ်)ကြီးကို အားနာစရာ၊ သူ့မှာ World vision တောင်မဟုတ်ဘူး Global vision လိုမျိုးအထိ ရည်ရွယ်ပြီး ဆေးခါးကြီးတစ်ခွက် ပေးထားတာ။ အမောင်တို့ အလိုရှိသလို၊ ကျွမ်းကျင်သလိုသာ သုံးကြပေတော့ပေါ့။

Global vision ဆိုလို့ ပြောပါအုံးမယ်။ Globalization အကြောင်းကို မြန်မာစာဖတ် ပရိတ်သတ်အတွက် ကြိုးကြိုးစားစား တစိုက်မတ်မတ် မိတ်ဆက်ပေးနေတဲ့ ဆရာကျော်ဝင်းရဲ့ စာတစ်အုပ်ကို အခုတစ်လောပဲ ဖတ်လိုက်ရတယ်။ စာအုပ်ခေါင်းစဉ်လေးက ထူးဆန်းတယ်လို့ တွေ့စကတည်းက တွေးမိပါတယ်။ ဖတ်ရင်းနဲ့မှ အော် ဆရာ့နဲ့ ခေါင်းစဉ်လဲ ရွေးတတ်ပါပေ့လို့ ချီးကျူးမိပါတယ်။ စာအုပ်ခေါင်းစဉ်က “ကျော်ဝင်း - စာအုပ်များနှင့် နှစ်ပေါင်းများစွာတဲ့” ။ ဟုတ်ပါတယ်။ စာအုပ်တစ်အုပ်လုံးမှာဆိုလဲ ဟိုးအရင်နှစ်တွေတုန်းက ဆရာဖတ်ခဲ့တာတွေကနေ ဒီနေ့အချိန်ထိ ဖတ်ပြီးသမျှ စာအုပ်တွေကို စာမြည်းများအပြင် တချို့ကို ဖတ်ပြီးသွားတော့ လယ်လိုအတွေးတွေ တွေးမိကြောင်းဆိုပြီး ရေးထားတဲ့ စာအုပ်ပါ။ ဆရာဒဂုန်တာရာရဲ့ ကဗျာပေါင်းချုပ်လိုကနေ သမိုင်းသုတေသီရဲ့ သမိုင်းစာအုပ်။ ဂျူးရဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး လိုမျိုး ခေတ်ပြိုင်ဝတ္ထုမှသည် ဘိုးလှိုင်ရဲ့ဘာသာပြန် ဦးနှောက်များကို မီးညှိခြင်းနဲ့ ကိုတာရဲ့ အခြားတစ်ဖက်မှ ဆင်ခြင်နိုင်ရန်အကြောင်းများလို မြန်မာစာအုပ်ကောင်းတွေ အတော်များများကို ဆရာက ဖတ်ပြီး ခံစားပြထားပါတယ်။ (စာအုပ် အမည်များမှားယွင်းနေနိုင်ပါသည်။ အမှတ်ရသလို ချရေးလိုက်တာပါ။) အဲဒီအပြင် ဂလိုဘယ်လိုက်ဇေးရှင်း အကြောင်း၊ အနာဂတ်ကမ္ဘာကြီးအတွက် ကြိုတင်ခန့်မှန်းပြထားတဲ့ ကမ္ဘာကျော်စာအုပ်များ အကြောင်းနှင့် နိုဘယ်ဆုရ သိပ္ပံပညာရှင်အကြောင်းတွေကိုလည်း ထိတွေ့ ခံစားပြပါတယ်။ နောက်ပြီး မော်စီတုန်းတို့လို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ အကြောင်းလည်းပါလိုက်သေးတယ်။ စာအုပ်ကတော့ ဆရာ့ပုံစံအတိုင်း ကမ္ဘာလုံးခြုံအမြင်တွေ စကားလုံးတွေနဲ့ အဲဒီဘက်ကအမြင်အတိုင်း ချဉ်းကပ်မှုတွေပါပဲ။ စာဖတ်အားကောင်းလွန်းသလို စာဖတ်ရင်လည်း ထိထိရောက်ရောက် ဖတ်တတ်တယ်၊ ပြီးတော့ စိတ်မှာပေါ်လာတဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတတ်တယ်လို့ ခံစားရပါတယ်။ ဆရာကိုယ်တိုင်ကလည်း သူက စာတွေဖတ်ပြီး ပြန်ပြောပြနေသူပါလို့ သုံးနှုန်းသွားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်သင့်တဲ့ စာတစ်အုပ်လို့ ညွှန်းလိုက်ပရစေ။

စာအုပ်တော့ ညွှန်းမိပြီဆိုတော့ မထူးပါဘူး၊ ဖတ်လက်စ စာအုပ်လေးအကြောင်းပါ ပြောအုံးမယ်။ အခုတလော ဆရာမကြီး လူုထုဒေါ်အမာရဲ့ “ကျွန်မတို့ ငယ်ငယ်က” ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်နေပါတယ်။ ဆရာမကြီးက စာအရေးကောင်းတော့ ဖတ်ရတာ ငြိမ့်ငြိမ့်လေးပါပဲ။ ဆရာမကြီးက သူ့ရဲ့ အဖိုးအဖွားခေတ်ကနေ သူ့ရဲ့ တက္ကသိုလ်ကျောင်းသူ ဘဝအထိကို ရေးထားတာ (ဖတ်နေတာ အဲဒီနားပဲ ရောက်သေးတယ်။ ဘယ်ထိရေးထားလဲတော့ မသိပါ။) အသေးစိတ်မဟုတ်တောင် ခေတ်တစ်ခုကို မြင်ကြည့်လို့ရအောင်ထိ စာပန်းချီ ချယ်မှုန်းထားတာပါ။ ဆရာမကြီးက အဲဒီစာအုပ်ရဲ့ ကျောဖုံးမှာကတည်းက လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်က အကြောင်းတွေဆိုတော့ စိတ်ဝင်စားဖို့ ကောင်းချင်မှတော့ကောင်းမယ်။ အဲဒီခေတ်က အခြေအနေတွေကိုတော့ သိရတာပေါ့လို့ (အတိအကျ မဟုတ်တောင် အဲဒီလိုအဓိပ္ပါယ် မျိုးပါပဲ။) ရေးပြထားတယ်။ ကျွန်တော်တို့ မသိလိုက်၊ မမှီလိုက်တဲ့ ခေတ်တွေက အခြေအနေတွေနဲ့ အဲဒီခေတ်တွေက မန္တလေးရဲ့ ပုံရိပ်တွေပါပဲ။ ထူးဆန်းတယ်လို့ စိတ်မှာခံစားရတဲ့ အဖြစ်တွေကို ဖတ်ရသလို၊ ထင်မထားတဲ့ ခေတ်မှီမှုတွေကိုလည်း တွေ့ရပါတယ်။ ခေတ်ချင်းကတော့ တကယ်ကို ကွာခြားသွားပါပြီ။ လူနေမှုပုံစံတွေကိုက မတူတော့ပါဘူး။ ဒါတောင် ကျွန်တော်က မန္တလေးသားမဟုတ်တော့ ကွားခြားမှုတွေကို သိပ်မသိပါဘူး။ လူနေမှုပုံစံ ကွာခြားလို့ပဲ ဆရာမကြီးပြောပြနေတဲ့ ခေတ်က လူတွေရဲ့ အတွေးအခေါ်နဲ့ အခုခေတ် လူတွေရဲ့ အတွေးအခေါ် မတူကြတောတာလို့ ကျွန်တော်ကတော့ ထင်တာပဲ။ ဒါမှမဟုတ် အတွေးအခေါ်တွေကြောင့်ပဲ လူနေမှုပုံစံတွေ ကွာခြားသွားကြတယ်နဲ့ တူပါတယ်။ နှစ်ခုစလုံးလဲ တစ်ခုနဲ့ တစ်ခု အမှီပြုပြီး ပြောင်းလဲနေနိုင်ပါတယ်။

အတွေးတွေ မတူကြတော့တဲ့ အကြောင်းပြောတော့ တစ်ခါတုန်းက ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက် ဆွေးနွေးမိတာလေးကို ဖောက်သည်ချပါအုံးမယ်။ တစ်ယောက်သော ကျွန်တော့် သူငယ်ချင်းက ဝေးမြေခြားမှာ အတော်အသင့် အဆင်ပြေတဲ့ (မြန်မာလိုပြောရင် အဆင်ပြေတဲ့) အလုပ်တစ်ခုနဲ့ ဘွဲ့လွန်သင်တန်း ကြိုးစားတက်နေသူပါ။ အဲဒီ နေရာကိုရောက်ဖို့အတွက် သူကြိုးစားခဲ့ရတာ၊ အစီအစဉ်တွေ ဆွဲခဲ့ရတာ၊ တချို့သော သံယောဇဉ်တွေကို ထားခဲ့ရတာပါ။ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေနဲ့ အမြဲလှုပ်ရှားနေသူပေါ့။ တစ်ကယ်ဆို နောက်သူငယ်ချင်းကလည်း သူ့လိုဖြစ်ချင်တာပါ။ အကြောင်း အကြောင်းလေးတွေနဲ့ နောက်ကျနေရင်းကနေ အခုဆို မျှော်လင့်ချက်မီးရောင်က မှေးလိုက်လာနေသလို ခံစားနေရတာ။ တနေ့ ပထမသူငယ်ချင်းဖြစ်သူက မေးတယ်။ ဘယ်တော့ လာမှာလဲပေါ့၊ ဒါပေမဲ့ ဒုတိကသူငယ်ချင်းရဲ့အဖြေကို သူကြားတော့ အတော်စိတ်ဆိုးသွားပါတယ်။ (ဒုတိက သူငယ်ချင်းက ဘာမှ မလုပ်ရသေးပဲကိုး။) အဲဒီမှာ ကွာခြားမှုလေးတွေကို တွေ့ရတာပါပဲ။ သေချာတာတော့ ကျွန်တော့်ရဲ့ သူငယ်ချင်းနှစ်ယောက် အခုလက်ရှိမှာ မတူတော့တာ လူနေမှုပုံစံတွေပါ။ အဲဒါလေးတွေကနေမှ မတူတဲ့အတွေးတွေ ထွက်ကျလာကြတော့တာ။ ပထမသူငယ်ချင်းကပြောပါတယ် မင်းတော့ ဒီအတိုင်း (ဒီပုံစံအတိုင်းနဲ့)ပဲ သေမှာပဲတဲ့။ မင်းရဲ့ နောက်လာမဲ့ မျိုးဆက်အတွက် မင်းမစဉ်းစားဘူးလားတဲ့။ ဒုတိယ သူငယ်ချင်းကိုပြောတာပါ။ အဲဒီမှာပဲ ဟုတ်တယ်ငါ့ကောင်ရေတဲ့ ငါ့မှာပြောရင်းနဲ့ ဝမ်းနည်းလာသလိုတောင် ခံစားလိုက်ရတယ်တဲ့။ ဒုတိယသူငယ်ချင်းက ဝန်ခံတာပါ။ ကျွန်တော်က ဘာသွားတွေးမိလဲဆိုတော့ ဒုတိယသူငယ်ချင်းက ဆရာမကြီးဒေါ်အမာရဲ့ ကလေးဘဝ ခေတ်လောက်မှာ ရပ်နေပြီး ပထမသူငယ်ချင်းက ၂၀၀၈ခုနှစ် မန္တလေးဈေးချိုပေါ်ကနေ လက်လှမ်းပြလိုက်သလို ခံစားလိုက်ရတာနေမှာပေါ့လို့လေ။ သူငယ်ချင်းရေ မင်းက ဂျက်လေယာဉ်စီးပြီး အနှစ်(၈၀)လောက် မအိုမနာပဲ ခေတ်ရှေ့ပြေးသွားလေရဲ့နော်။ အင်းဗျာ ကျွန်တော်တို့တစ်တွေအတွက် ဂျက်လေယာဉ်တွေဟာ သိပ္ပံဝတ္ထုထဲကလို အချိန်ခရီးသွားယာဉ်တွေ ဖြစ်နေဆဲပါပဲဗျာ။ အဲဒီလို တခါတလေမှာ တောင်ရောက်မြောက်ရောက်နဲု့များ မတွေးမိကြဘူးလားဟင်။…..။


သုခမိန်။…..။

7 comments:

Anonymous said...

တကယ်ပါပဲ ခေါင်းစဉ်နဲ့ အင်မတန်ကိုက်ညီလောက်အောင်ကို တောင်ရောက်မြောက်ရောက် နိုင်လွန်းတဲ့ အတွေးတွေ ပါဗျ။ ဒါပေမယ့် အတွေးများရင် ဈေးမသွားတာကောင်းတယ်တဲ့ စကားပုံရှိပါတယ်... :D
ခင်မင်မှုနဲ့ နောက်တာပါ ... တောင်ရောက်မြောက်ရောက်ပေမယ့် ဖတ်ရတာ အရသာရှိတဲ့ ဗိုက်တာမင် ရောင်စုံပိုစ့်တစ်ပုဒ်ပါဗျာ ... ဒီထက်မက ကောင်းတဲ့ ပိုစ့်များ ဖတ်ချင်ပါတယ်လို့ ဆန္ဒပြုရင်း ...

လင်းထက် said...

ဟုတ်ပါ့ဗျာ ကျွန်တော်ဖြစ်နေတာနဲ့ အတူတူပါပဲ

ဖိုးသောကြာ said...

ကိုသုခမိန်လည်း ကွန်မန့် များများလိုချင်တယ်ထင်တယ်။ ပေးခဲ့တယ်ဗျာ။ ကျေနပ်တော့။

ဟီး နောက်တာပါ။

ကိုသုခမိန်တို့များတွေးတတ်ရေးတတ်လိုက်တာဗျာ။ လောလောဆယ် အများစိတ်ဝင်စားနေတဲ့ အကြောင်းတွေလည်း စုံသွားတာပဲ။ ဗဟုသုတတွေလည်း ပေးသွားသေးတယ်။ အစကတော့ သုခမိန်ဆိုတာ ပရော်ဖက်ရှင်နယ် စာရေးဆရာကြီးတစ်ယောက် ထင်နေတာ။ သူ့ဟာတွေကို တားမြစ်ထားသောက ကူးပြီးတင်ပေး နေတယ်ပေါ့နော်။ အဲလိုပဲ တွက်ထားတာ။ ခုမှသိရတော့တယ်။ အားပေးနေပါတယ်ဗျာ။

ဇနိ said...

သုခမိန်- လှိုင်
ဟဲ ဟဲ
တို့ရွာဖက်ကိုလာချင်ရင် ဂျက်လေယာဉ်ကို နှစ်ပေါင်းများစွာ နောက်ပြန်စီးခဲ့။
နောက်ဆုံးအပိုဒ်မှာ တို့ရွာက သူငယ်ချင်းတစ်ယောက်အကြောင်း ထပ်ထည့်ရေးရင် ကောင်းမယ်နော်။

Heartmuseum said...

သုခမိန်ရေ.... မောင်ရင့် ဂျက်လေယာဉ်ပေါ်ကို မြန်မာပြည် တင်ခဲ့ကွာ။ အနှစ်၈၀လောက် မအိုမနာပဲ ခေတ်ရှေ့ရောက်သွားအောင်..........

NatShinNaung said...

မှို ပေးသွားပါတယ်။ :D

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ ခုမှ လာနိုင်တာကိုတော့ ခွင့်လွှတ်ပါဗျာ။ ခင်ဗျားသိတဲ့ အတိုင်းပဲ ကျနော့်မှာကလည်း လယ်တွေယာတွေက တစ်ဖက်နဲ့ဗျာ။ ခုတောင် မုန်တိုင်းကာလမှာ ဖရုံခင်းတွေ အညွှန့်တွေ လန်ကုန်လို့ လုပ်နေရတာနဲ့ မြို့တက်တာနောက်ကျသွားတယ်။ အ ဟဲ ကျုပ်တို့ကတော့ ဈေးချိုဆိုတာတောင် ဘကြီး ဘုန်းကြီး ခေါ်သွားတုံးက တစ်ခေါက်ပဲ ရောက်ဖူးတာပါဗျာ။ မန္တလာသူတွေက ခုဆို ဆိုင်ကယ်တွေနဲ့ ဖြစ်ကုန်ပြီထင်ပ။ ရွှေခြေကျင်း တွေအစား ပလက်တီနံတွေ ၊ သနပ်ခါးအစား တရုပ်လုပ် မိတ်ကပ်တွေ၊ အိမ်ရှေ့မင်း ထန်းတောအစား ဘီယာဆိုင်တွေ၊ အကင်ဆိုင်တွေ . . . . . အင်း . . . ကျုပ်တို့ လိုက်လို့မှီတော့မယ် မထင်ပါဘူးဗျာ ။
ဒါနဲ့. . . . နေပါဦး . . . ခင်ဗျားရဲ့ ဒုတိယ သူငယ်ချင်းက ဘာလို့မီးရောင် မှိန်လာတာတုံးဗျ။ မှိန်လာတာဆိုရင်တောင် မီးသေတာမှ မဟုတ်ပဲ။ ဘာဖြစ်လဲ။ လင်းချင်တဲ့စိတ်နေရှိရင် လင်းလာမှာပေါ့။ ဘ၀ဆိုတာက ငှက်ခါးပျံသလိုပဲတဲ့။ နိမ့်ချည်၊ မြင့်ချည်ရှိတယ် ဆိုလားပဲဗျာ။ ခင်ဗျားတို့ လို စာဖတ်နာတဲ့သူတွေက ပိုပြီး သဘောပေါက်မှာပါ။ ဘ၀မှာ လွယ်လွယ်နဲ့ လက်မလျော့မိလိုက်ဖို့က အရေးကြီးသဗျ။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတဲ့ သတ္တ၀ါလေဗျာ။
အနှစ်(၈၀) လောက် မအို မနာရင်တော့ ကောင်းဘူးဗျ။ အန်ကယ်ကြီးနော်. . . .အန်ကယ်ကြီး. . . ဆိုပြီး ပြောခံနေရမယ်။ အဟီး ဂျက်လေယဉ်ပဲဗျာ။ လေထဲပျံဖို့က အဓိကပဲ ။ ကျုပ်ဆို ထန်းလက်နှစ်ရွက် ဂျိုင်းကြားညှပ်ပြီး ကောက်ရိုးပုံပေါ်က ခုန်ခုန်ချတာ အမူးတွေ ဘာတွေကို ပြေလို့။
ပြောရတာတွေ ရှည်တယ်ဗျာ။ ကျုပ်ရွာကို လာရင် Sky Beer ကို ကျုပ်ကိုတိုင် တက်ပြီး တိုက်မယ်ဗျာ။ ကြွက်ကျော်လေးကတော့ ဆောင်းတွင်းဆို အဆီတ၀င်းဝင်းပေါ့။ ရေခဲသေတ္တာဆိုတာ ကျုပ်ရွာမှာ မရှိတော့ ဆောင်းတွင်းမှပဲ လာဗျာ။ ရေ အေးအေးလေး တိုက်ချင်လို့။
ကျနော်လဲ တောင်ရောက်မြောက်ရောက် ၀င်ရေးကြည့်တာပါဗျာ။
(ကိုဗာဘိုရေ စိတ်ဆိုးနဲ့နော် အ ဟီး :D )