Sunday, May 25, 2008

လွမ်းမောမိသော အတိတ်များ(၁)


ရှေးဦးစွာ ကျုပ်တို့ ရွာ၊ ကျုပ်တို့မြို့ အကြောင်းကို မိတ်ဆက်ပါရစေ။ ကျုပ်တို့မြို့ က မြန်မာပြည် အထက်ပိုင်း “မန္တလေး-မြစ်ကြီးနား” မီးရထားလမ်းပေါ် ရွှေဘိုခရိုင် ကန့်ဘလူမြို့ကပါ။ ဘာဖြစ်လို့ ကျုပ်တို့ရွာ၊ ကျုပ်တို့မြို့ ဆိုတဲ့ စကားလုံးကို သုံးရတာလဲ ဆိုရင် ကျုပ်တို့ရွာက မြို့နဲ့ ကပ်ရပ်ရွာလေ။ အခုတော့ ရပ်ကွက်ဖြစ်နေပါပြီ။ မြို့စွန်ရပ်ကွက်ပေါ့။



ဒါနဲ့ ”ကန့်ဘလူ” ဆိုလို့ ကျုပ်တို့ ငယ်တုန်းကလို ”ကန်မှာ ဘီလူးရှိလို့ ”ဆိုပြီး မထင်လိုက်နဲ့ နော်။ ဘာဖြစ်လို့လဲဆိုရင် ကျုပ်တို့ ဒေသက ကျေးရွာတွေ၊ မြို့တွေ အများစုဟာ ပတ်ဝန်ကျင်မှာရှိတဲ့ သစ်ပင်တွေ၊ သစ်တောတွေ ကို မှီပြီး နာမည်ပေးတတ်ကြလို့လေ။ ဒါကလည်း ကျုပ်တို့ ဒေသရဲ့ ယဉ်ကျေးမှုတစ်ခုလို့ ပြောရမယ်ထင်တယ်။ ကျုပ်တို့ မြို့နယ်က ဟိုး အရင်တုန်းကတော့ စစ်ကိုင်းတိုင်း မှာ သစ်တောဧရိယာ တော်တော်လေးကျယ်သလို သားရဲတိရိစ္ဆာန်လည်း တော်တော်လေး ပေါတယ်လေ။ ကျုပ်တို့ ငယ်တုန်းကတော့ မြို့ပြင်ကို ၂ မိုင်လောက် ထွက်လိုက်ရင် သစ်တောစပ်ကို ရောက်တော့ တာပါပဲ။ ဒါပေမဲ့ အခုခေတ်ကလေးတွေ ကိုတော့ သွားမမေး လိုက်လေနဲ့ ဗျ။ လက်ညှိုးထိုးပြပါလိမ့်မယ် ကြက်ဆူတောတွေ ကိုလေ။ ဒါကလဲ သူတို့ အပြစ်မဟုတ်ပါဘူး သူတို့ မြင်ဘူးတာက သစ်ပင်ကြီးကြီးမားမားဆိုလို့ ကြက်ဆူပင်လောက်ပဲ မြင်ဘူးကြတာမို့လား။
ဒါနဲ ခင်များတို့ တိုင်းရင်းဆေးအညွန်းတွေ ဖတ်ဖူးမယ်ထင်ပါတယ်။ တချို့ တိုင်းရင်းဆေးတွေမှာ “ကန့်ဘလူဥ” ဆိုတာ တွေ့ဖူးမှာပါ။ အဲ ကျုပ်တို့ မြို့ ပတ်ဝန်းကျင်က အဲ့ဒီ “ကန့်ဘလူဥ” တွေ တော်တော်ပေါတယ်ဗျ။ “ကန့်ဘလူဥ” ဆိုတာဗျာ ကျုပ်တို့ ဟင်းချက်တဲ့နေရာမှာသုံးတဲ ကြက်သွန်ဥ အနီနဲ့ တပုံစံတည်းပဲဗျ။ ကျုပ်တို့ ကတော့ “တောကြက်သွန်နီဥ”လို့ ခေါ်တာလေ။ အဲ့ဒီလိုပဲ ကျုပ်တို့ရွာကလည်း “မှန်နီကုန်း” လေ။ “မှန်နီပင်” ရှိတဲ့ ကုန်းမြေပေါ်မှာ ရွာတည်ထားတော့ “မှန်နီကုန်းရွာ” ဖြစ်သွားတာပေါ့။ အခုတော့ “မှန်နီကုန်းရပ်ကွက်” ဖြစ်သွာပြီ ။ ကျုပ်တို့ ငယ်တုန်းကဆိုရင် ကျုပ်တို့ဒေသ လမ်းပန်း ဆက်သွယ်ရေးက မီးရထား တစ်လမ်းပဲရှိတော့ မီးရထားလမ်း အဆင်မပြေဘူး ဆိုရင် သွားရေးလာရေးက တော်တော် လေးခက်ခဲတယ်ဗျ။ ဒေသတွင်း သွားရေးလာရေးကတော့ လှည်းနွားရှိတဲ့သူက လှည်းနွားနဲ့ သွားပေါ့။ မရှိတဲ့သူကတော့ ဘယ်လောက်ဝေးဝေး ခြေလျှင်သာ လျှောက်ပေတော့ ။
ကျုပ်တို့ငယ်တုန်းကဆိုရင် လေယာဉ်ပျံတို့၊ သင်္ဘောတို့ ဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ရှိတာလို့ ထင်ရတဲ့ အထိပါပဲ။ ကားဆိုတာ ကတော့ သစ်ထုတ်လုပ်ရေးတို့၊ စက်မှုလယ်ယာတို့ က ကားကြီးတွေ တစင်းတလေ လေး၊ငါး၊ခြောက်လလောက်ကြာမှ တစ်ခေါက်လောက် ကျုပ်တို့ရွာဘက်ကို ရောက်လာ တတ်တယ်။ ဒါကလဲ ကားဆရာတွေ မြို့ထဲမှာ အရက်ရှာမရလို့ အရက်လာသောက်ကြတာများပါတယ်။
အရက်ရှာမရဘူးဆိုတာက ကျုပ်တို့ မြို့က တောမြို့ကလေးဆိုတော့ နေ့ခင်းဘက် ဘယ်အရက်ဆိုင်ဖွင့်မလဲ။ အဲ့ဒီလိုများ ရွာထဲကို ကားတစင်းလောက်ဝင်လာရင် ကျုပ်တို့ ရွာက သိပ် သိသာတာဗျ။ မောင်းလာတဲ့ကားသံ ထက် ရွာထဲ မှာရှိတဲ့ ကလေးတွေက ဆူညံပွက်လောရိုက်သွားတာပဲ။ ရွာထိပ်က ကားစဝင်လာတာနဲ့ အရင်တွေ့တဲ့ ကလေးက ကားနောက်ကနေအော်ပြီး လိုက်လာ လိုက်ကြတာ ကားလဲရပ်ရော တရွာလုံးက ကလေးတွေ ကားနားမှာ ထန်းလျှက်ခဲ ပုရွက်ဆိတ်အုံသလို အုံပြီးတအံ့တသြ ကြည့်နေလိုက်ကြတာ အသက်တောင် ရှုတယ်လို့ မထင်ရဘူး ။ ကျုပ်တို့လဲ ဘယ်နေမလဲ ကားဆိုတဲ့ အသံကြားလို့ကတော့ ဘာပဲ လုပ်နေလုပ်နေ ထားပစ်ခဲ့ပြီး ခါးတောင်းကိုမြောင်နေအောင်ကျိုက်ပြီး အသံကြားတဲ့ဆီကို သုတ်ခြေတင်တော့ တာပါပဲ။ ကားနားရောက်လို့ ကတော့ ရန်ကုန် ဟံသာဝတီအဝိုင်းက ကားပွဲစားတွေ ကျုပ်တို့ကို ဘယ်မှီမလဲ။ ကားတစီးလုံး ဖင်ကကြည့် ခေါင်းကကြည့် နဲ့ အလုပ်တွေ ရှုပ်နေကြတာလေ။
ကျုပ်တို့ ကတော့ အဲ့ဒါမျိုးဆိုရင် ထမင်းမေ့ ဟင်းမေ့ပဲဗျ။ အဲ ကားဆရာလဲ ကိစ္စဝိစ္စပြီးလို့ ပြန်ရအောင် ကားနားရောက်လာတာနဲ ကျုပ်တို့ ကလေးတွေ အလုပ်စပြီး ရှုပ်တော့တာပါပဲ။ ဖိနပ်တွေ ချွတ်ပြီး ဖိနပ်သဲကြိုးထဲကို လက်တစ်ဖက်စီ လျိုသူကလျို၊ ပုဆိုးကိုစလွယ်သိုင်းသူကသိုင်း၊ ခါးထောင်းကျိုက်သူကကျိုက် ၊ နောက်ပြီး ဘောင်းဘီ အောက်အနားစတွေ ကို ဘောင်းဘီကြက်ပေါင်ကြိုး(မျော့ကြိုး) ထဲ ကို လိပ်ထည့်တဲ့သူ ကထည့်ပေါ့လေ။ ကားထွက်ရင်နောက်ကနေ ပြေးလိုက်ဖို့ ပြင်ဆင်ကြတာပေါ့။ ကားဆရာကလဲ ကားကိုစက်နှိုး နေပြီ။ ကားက တော်တော်နဲ့ နှိုးလို့ မရဘူးဆိုရင် ကလေးတွေ အားလုံး အသက်တောင်ပြင်းပြင်း မရှုကြဘူးဗျ။
အသက်ရှုသံ ကြားပြီး ကားစက်မနိုးမှာ စိုးလို့ လေ။ ကားလည်း စက်နိုးသွားတဲ့အသံ ဝူး…..ဆိုတာလဲ ကြားရော ဟေး…….ဆိုပြီး အော်တဲ့သူကအော်၊ လက်ခုပ်တီးတဲ့သူကတီးနဲ့ အားပေးကြတာလေ။ နောက်ပြီးကားလဲ ထွက်သွားရော ကားနောက်ကနေ တသီကြီး ပြေးလိုက်ကြတာ ကားဖင်ပိုင်းကိုမမြင်ရတော့ဘူး ဆိုမှ ကားနောက် ကပြေးလိုက်တာကို ရပ်လိုက်ကြရော။
ကားထွက်သွားလို့ ကျုပ်တို့ ပြသနာ ပြီးသွားပြီလို့ မထင်လိုက်နဲ့ ဇတ်လမ်းက အဲ့ဒီတော့မှ စတာဗျို့။ ကလေးတို့ သဘာဝ ကားကို သူအရင်မြင်တယ်၊ ငါအရင်မြင်တယ်၊ ကားနားကို သူအရင်ရောက်တယ်၊ ငါအရင် ရောက်တယ်နဲ့ စသဖြင့် ငြင်းကြခုံကြတာ အုံထနေတာပဲ။ တခါတလေ ကားရောက်လာတာကို “မင်းကို ငါပြောလို့ သိတာပါကွာ” ဆိုပြီး မျက်နှာတောင် ယူလိုက်သေးတယ်လေ။ ကားလဲ ပြန်သွားရော ကျုပ်တို့ ကလေးတွေ ကားရူးး ရူးးကြတော့တာ ပါပဲ။ ကျုပ်ဆိုရင် မှတ်မိသေးတယ် ကားသွားကြည့် ပြီး အိမ်ကိုပြန်လာတော့ ပုဆိုးကို စလွယ်သိုင်း လက်နှစ်ဘက်ကလည်း ကားဆရာ စတီယာရင် ကိုင်သလို အနေအထားမျိုး ထား ပါစပ်ကလဲ ကားသံလို ဝူး……ဆိုပြီး အော်လိုက်သေးတယ်။ နောက်ပြီး ခြေဗလာနှစ်ချောင်းကို ကားဘီးလို့ သဘောထားပြီး မောင်းလာလိုက်တာ အိမ်ထဲလည်း ဝင်ရော အိမ်ကနွားမကြီးနားက ဖြတ်မောင်းအလာ နွားမကြီးက လန့်ပြီး ကန်လိုက်တာ ညို့သကြီး ကို ညိုမဲသွားတာပဲ ။ နာကလဲနာ ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ လည်း မငိုရဲဘူးဗျ။ အမေသိ သွားရင် တနေကုန်လျှောက်လည်နေလို့ ဆော်ပလော်အတီးခံရ ဦးမှာမို့လား။
အဲဒီလိုကျုပ်တို့ ကလေးတွေ ကားရူး ရူးကြတာ ကားပြန်သွားပြီး နှစ်ပတ်လောက်ထိ အရှိန်မသေကြသေးဘူး။ ကျုပ်တို့ ရွားထဲက ကလေးတွေ က ဆင်းရဲကြတယ်လေ။ မြို့က ကလေးတွေ လို ပလက်စတစ် ကားရုပ်တောင်မဝယ်နိုင်ပါဘူး။ အဒီလို အရုပ်ကားကလဲ ဘုရားပွဲလေးဘာလေး ရှိမှ လာရောင်းကြတာများတယ်မို့လား။ ဈေးကလဲ ကြီးတော့ မဝယ်ဖြစ်ပါဘူး ။ဘုရားပွဲမှာ ရောင်းတဲ့ အရုပ်ဆိုင်ကို သရေတများများနဲ့ ထိုင်ကြည့်ပြီး ပြန်လာရတာပေါ့။ အဲ့ဒီမှာ ကျုပ်တို့ ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ခြင်း (own production) လုပ်ရတော့ တာပဲ။ အိမ်မှာရှိတဲ့ ပျဉ်ပြားအတိုအစတွေ ရှာ၊ ပြီးရင်ပျဉ်ပြားပေါ်ကို မီးသွေးခဲနဲ့ ပလက်စတစ်ဘူးအဖုံး ၊ ဒါမှမဟုတ် ဝိုင်းတဲ့ အရာတခုကို တင်ပြီး စက်ဝိုင်းအမှတ်အသားလုပ် ။ ပြီးတော့ ဓါးနဲ စိတ်ရှည်လက်ရှည် ခုတ်ပေတော့ ။ ဘီးနှစ်ခု ရရင် ဝင်ရိုးပေါက်က ဖောက်ရဦးမှာမို့လား။ အပေါက်ဖောက် ဖို့ ကလဲ မလွယ်ဘူးဗျ။ လေးလက်မလောက်ရှိတဲ့ သံချောင်းတစ်ချောင်းရှာ နောက်ပြီး အမေထမင်းချက်နေတဲ့ မီးဖိုနားကိုသွား၊ အမေရဲ့ မျက်နှာရိပ်လဲ ကြည့်ရသေးတယ်လေ။ မတော်လို့ အမေအလုပ်ရှုပ်နေတာနဲ့တွေ့ရင် ကိုယ်က သူအလုပ် လုပ်တဲ့အနားသွားရှုပ်လို့ ခေါင်းအခေါက်ခံရမယ်လေ။ အမေ ရဲ့ အခြေအနေ ကောင်းနေရင်တော့ လုပ်ထားတဲ့ ပျဉ်ပြားနှစ်ချပ်ကိုသေချာ နေရာချ၊ ပြီးရင် သံချောင်းကိုမီးဖိုထဲထည့် ဖုတ်။ သံချောင်းရဲနေပြီဆိုရင် မီးညှပ် နဲ ညှပ်ယူပြီး ပျဉ်ပြားရဲ့ ဗဟိုကိုမှန်းပြီး ထိုးထည့်ရတာလေ။
အဲ . . .ထန်းသီးပေါ်တဲ့အချိန်ဆိုရင်တော့ တော်တော်လေး အဆင်ပြေတယ်ဗျ။ ကားဘီးကိုအထူးလုပ်စရာမလိုဘူးလေ။ ထန်းသီး ခပ်ကြီးကြီး နှစ်လုံး ကို ကန့်လန့်ဖြတ်ခွဲ အတွင်းထဲ ကအဆံကတော့ ထွင်ပြီးစားတာပေါ့။ အဆံက သုံးဆံပါတယ်။ အခွံကိုတော့ ကားဘီးလုပ်တာပေါ့။ နောက်ပြီး ငါးပေ၊ခြောက်ပေလောက်ရှိတဲ့ ဝါးလုံးတစ်လုံးရှာ ။ပြီးရင် ဝါးလုံးရဲ့ တဖက်အစွန်းအဆစ်ပိတ်နားမှာ ဝင်ရိုးတတ်ဖို့ နဖားပေါက် ခပ်ကျယ်ကျယ်လေး ဖောက်ရတယ်။ဒါမှဝင်ရိုးလည်နိုင်မှာလေ။ ကျန်တဲ့ အစွန်းဘက်ကနေ ၂ပေလောက် အကွာမှာ လက်ကိုင်ရိုးတတ်ဖို့ နောက်ထပ် နဖားတစ်ပေါက်ထပ် ဖောက်ရတယ်။ လက်ကိုင်ရိုးပေါက်ကတော့ အံကိုက်ဖြစ်ရင်ပိုကောင်းတာပေါ့ ။ဒါမှငြိမ်မှာလေ။ ခင်ဗျားတို့ မျက်စိထဲမြင်အောင်ပြောရရင် ခရစ်ယမ်ဘာသာဝင်တွေ သုံးတဲ့ လက်ဝါးကပ်တိုင်လိုပဲ အလျားရှည်တဲ့ ဘက်အစွန်းမှာ ဝင်ရိုးနဲ့ ဘီးတတ်ထားတာလေ။လုပ်ပြီးသွားရင်တော့ ဝါးလုံးအစွန်းတဖက်ကို ပခုံးပေါ်တင် လက်ကိုင်ကိုကိုင် ဘီးကိုအောက်စိုက်တွန်းပြီးမောင်းရတာလေ။
ကျုပ်တို့ ကားကိုအထင်တော့ မသေးနဲ့ဗျ။ ကိုယ်ထက်ငယ်တဲ့ ကလေးတွေကို ခြေနှစ်ချောင်းကို ဝါးလုံးပေါ် ချိတ်တင် လက်နှစ်ချောင်းက တွဲလဲခိုပြီး လိုက်စီးခိုင်းလို့ ရတယ်လေ.။ အဲ့ဒီလို အချိန်ဆိုရင် ကျုပ်တို့ ရွာထဲက ကလေးတော်တော် များများ ကိုယ်ပိုင်ကားတွေနဲ့ပေါ့ လမ်းတကာကို ဟိုပြေးဒီပြေးနဲ့ လူးလားခတ်နေ ကြတာလေ။ နောက်ပြီး တခါတလေ တစ်ယောက်နဲ့တစ်ယောက် ကားချင်းတောင် ပြိုင်တိုက်လိုက်ကြ သေးတယ်။ ပြိုင်တိုက်ပြီဆိုရင် ကားဘီးကျွတ်ချင်ကျွတ် မကျွတ်ရင် ဝင်ရိုးကျိုးတဲ့ သူ ကအရှုံးလေ။
အခုဆိုရင် ကျုပ်ရွာက ကလေးတွေ ကျုပ်တို့ ငယ်တုန်းကလို အသိဥာဏ်ဗဟုသုတတွေ မနည်းပါစေနဲ့ လို့ ဆုတောင်းနေပါတယ်။ ဒီစာကလဲ ကျုပ်ငယ်တုံးက ဘဝကို ပြန်လည်တမ်းတတဲ့ သဘောပါ။ ကျုပ်တို့ငယ်တုံးက ကျုပ်တို့ရွာက လူကြီးတွေက ကလေးတွေကို လေးတန်းလောက်ထိ လူကြီးမပါရင် မြို့ထဲ ကို သွားခိုင်းတာ မဟုတ်ဘူးလေ။ မီးရထားသံလမ်းကို ဖြတ် ကျော်သွားရတော့ အန္တရာယ်လည်း များလို့ ထင်ပါတယ်။
ကလေးတွေ လူကြီးတွေလစ်ရင် သွားမှာစိုးရိမ်လို့ ထင်တယ် မြို့ထဲမှာ ကလေးတွေကို ဖမ်းပြီးရောင်းနေတယ်လို့ ချောက်ထားကြတာလေ။ ကျုပ်တို့လည်း ဘယ်သွားရဲမလဲ။ ရွာထဲမှာပဲ ကျုပ်တို့ တစ်ကမ္ဘာတည်ရ တော့တာပေါ့ဗျာ။
…………………………..
ရွှင်လန်းချမ်းမြေ့ကြပါစေ။


အိမ်လွမ်းသူ( မှန်နီကုန်း)


ကျနော်တို့ဂျာနယ်က ကလောင်အသစ်လေးပါ။ စာဖတ်တာကတော့ ကြာလှပြီ။ ခုမှ စရေးတာ။ အားပေး ကြပါဦးခင်ဗျာ။

လေးစားစွာဖြင့်

My e-journal ၀ိုင်းတော်သားများ




10 comments:

ကေဇက် said...

ကန့်ဘလူသားကြီးရေ
ခင်ဗျားစာကို ဖတ်လိုက်ရတာ ခလေးဘ၀ကို လွမ်းသဗျာ စာရေးဒီလောက်ကောင်းတာ စောစောကတော့ မရေးဘူး။
မျှော်နေဦးမယ် နောက်အသစ်အသစ်တွေကို အားချိန်ရရင် ရေးပါဦးဗျ၊ အမြဲတမ်းပရိတ်သတ်တစ်ယောက်ရှိနေပါတယ်။

Heartmuseum said...

လက်စသတ်တော့ ကိုတာတူဝါးက ကန့်ဘလူသားကိုးဗျ။
ဗိုလ်ချုပ်ရူးကြီး အေးနဲ့ အမျိုးတော်လားဗျ။ နောက်တာနော်... ဟီ...ဟိ...
ကန့်ဘလူက လူတော်တော်များများ သိတယ်ဗျ။
ချောစုခင်ကော အဲဒီက မဟုတ်လား။

Heartmuseum said...

Sorry! ကလောင်သစ် အိမ်လွမ်းသူကိုးဗျ။ ကောင်းတယ်ဗျို့။

တန်ခူး said...

ကလောင်အသစ်လေးဆိုပေမယ့် အရေးကောင်းလှပါတယ်…

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ကျနော် ရဲ့ စာကို အချိန်ပေးပြီးစိတ်ရှည်လက်ရှည် ဖတ်ရှု့ ပေးကြသော စာရှု့ သူအပေါင်း ကို
အထူးကျေးဇူးတင်ပါတယ်ခင်မျာ။ မိတ်ဆွေများရဲ့ အားပေးမှုဟာ ကျနော့်ရဲ့ နောက်ထပ်ဖြစ်လာ
မည့် စာမျက်နှာများရဲ့ ခွန်အားတစ်ခုလို့ ယုံကြည်ထားပါ တယ်ခင်မျာ။ ....စာရှု့ သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။
............လေးစားလျှက်..
“ အိမ်လွမ်းသူ”

စိုးထက် - Soe Htet ! said...

ကျွန်တော်က ရွှေဘိုသား ဗျ ... ကန့်ဘလူ တော့ ရောက်ဖူးတယ် ။။။ မှန်နီကုန်းတော့ မသိဘူး ... :)

တားမြစ် ထားသော... said...

အိမ်လွမ်းသူရေ၊
ဒီဘလော့ဂ်လေးကို စိုပြေအောင် အခုလို ဝင်ရောက်အားပေးတာ အများကြီးပျော်ရွှင်မိသဗျာ။ နောက်ထပ်လဲ အများကြီးကို မျှော်လင့်နေအုံးမယ်နော်။ ကျွန်တော်တို့တတွေရဲ့ အမှတ်တရ အဖြစ် ကြိုးစားပြီး အသက်ဆက်ပေးကြစို့ဗျာ။
ကျွန်တော်လည်း ငယ်ငယ်က အဲဒီလိုမျိုး ကားတွေလုပ်ပြီး ကစားခဲ့ဘူးတယ်။ ဖတ်လိုက်ရတဲ့အခါမှာ အတိတ်ကို ပြန်လွမ်းမိလိုက်တာ၊ တစ်ကယ်ပါပဲ။ အသည်းအသန်ကို ဒီဇိုင်းတွေထုတ်ခဲ့ကြတာ။ အဲဒီ ဒီဇိုင်းတွေကို ရောင်းစားရင်ကောင်းမလားတောင် တွေးနေမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကောင်းသဗျို့။ ရေးအုံးနောက်ထပ်။

Unknown said...

အရမ်းရွာကိုလွမ်းစေတဲ့အရေးအသားတွေပါဘဲငါ့ညီရေ..
ဟုတ်ပကွာ..ဒို့ငယ်ငယ်တုန်းကလဲဒီလိုပါဘဲ..နယ်နီးတော့..ကစားနည်းတွေလဲတူပြီပေါ့..ထန်းသီးချိင်လာတဲ့သူတွေ့ရင်..ကားလုပ်ဖို့.ထန်းသီးတောင်းရတာအမောပါဘဲငါ့ညီရေ..သူတို့ကလဲ
နွားကျွေးချင်ကြလို့သိတ်မပေးချင်ကြဘူးလေ...
ဒါမျိုးတွေထပ်ရေးပါဦးငါ့ညီရေ..တင်ပြပုံတွေကောင်းလွန်းလို့..
www.madinekyinn.blogspot.com

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အိမ်လွမ်းသူရေ ခင်ဗျားအရေးအသားလေးတွေက တကယ်ကိုပဲ အတိတ်ကို ပြန်ရောက်သွားစေပါရဲ့ဗျာ။ ဖိနပ်သဲကြိုးထဲကို လက်လျို ထားတဲ့ သာဦးတို့၊ ပုဆိုးကိုစလွယ်သိုင်းတတ်တဲ့ ခင်မောင်ဝင်း(သံချောင်း)တို့၊ ဘောင်းဘီ မျော့ကြိုးကို လိပ်ပြီး ၀တ်တတ်တဲ့ ဗလတို့ ဒီကျနော့် ငယ်သူငယ်ချင်း တွေကိုတောင် လွမ်းမိပါရဲ့ ။
ကျနော်ငယ်ငယ်က ရွာမှာ ကြီးခဲ့ရတော့ ကျနော်တို့လည်း အဲလိုနီးပါးကြုံခဲ့ရတာပေါ့ ။ကျနော်တို့လည်း ငယ်တုံးက ၀အောင်ဆော့ခဲ့ရတယ် ဆိုရမယ်။ ကျနော်ငယ်တုံးက ရွာမှာအနေများတာဆိုတော့ အမျိုးတွေက များမှများပဲ ။ အသက် အရွယ် မတိမ်းမယိမ်း အကိုဝမ်းကွဲ အမ၀မ်းကွဲတွေ ဦးလေးငယ်ငယ်တွေ ဒေါ်လေးငယ်ငယ်တွေ သူငယ်ချင်းတွေ နဲ့ ဆော့တာမှ စုံမှစုံ။ “ ပြဇာတ်ကတမ်း”ဆော့တယ် ။ “ကဲပုံ တိုက်တမ်း”ဆော့တယ် (လောက်စာလုံးလေးလုံးကို ဖိုခနောက်တင်ထားသောအပုံများကို ကျောက်ဒိုး၊ လောက်စာလုံးကို စဥ့်အိုးအပြင်မှစဥ့်ဖြင့် ပြောင်လက်နေအောင်တိုက်ထားသော ဒိုးတစ်ခုခုတို့ဖြင့်တို့ဖြင့် ပစ်ပြီး မှန်သောအပုံမှ နောက်ပိုင်းကို ယူရသော ကစားနည်း ။ ‘ခေါင်ထိ အကုန်စား’ ) ။ “အိမ်ဆောက်တမ်း” ဆော့တယ်။ (အိမ်တွေလုပ်ပြီး အလည်သွား၊ ဈေးရောင်းဈေးဝယ်)။ အုန်းလက်၊ ထန်းလက်တွေနဲ့ လုပ်ထားတဲ့ နွားတွေကိုသုံးပြီး လှည်းတွေနဲ့ “ထင်းတောတက်တမ်း” ၊ “ရေစည်တိုက်တမ်း” ၊ “လှည်းယဉ်ပြိုင်တမ်း”၊ “လယ်လုပ်တမ်း၊ ခြံလုပ်တမ်း” ဆော့တယ်။သဲတွေနဲ့ “ဘို့အိမ်ဆောက်တမ်း” ဆော့တယ် ။ သားရေကွင်းတွေကို သဲထဲထည့် လုံအောင်ဝှက်ပြီး ဒုတ်နဲ့တစ်ကြိမ်ပဲထိုးပြီး ပါသမျှအကုန်ယူရသော “ဒုတ်ထိုးတမ်း”ဆော့တယ်။ သားရေကွင်းတွေပုံပြီး ဖိနပ်နဲ့ “လျောတိုက်တမ်း”ဆော့တယ်။ သားရေကွင်းတွေကို ပုံပြီး သားရေကွင်းနဲ့(ဒိုးကြီး၊ဒိုးလေး တွေနဲ့) “သားရေကွင်း ပစ်တမ်း” ဆော့တယ်။ နောက်ပြီး ယောက်ကျားလေးတွေ ညနေ နွားကျောင်းရင်းနဲ့ “ကျေးသားရိုက်တမ်း” (တာရိုက်တာ ဟုလည်းခေါ်သော ဘေ့စ် ဘောကစားနည်းနှင့်ဆင်သော) ဆော့တယ်။ “ဘောလုံး”ကန်တယ် ။ အို စုံမှစုံ ပဲဗျာ။ တစ်ချို့မေ့နေတဲ့ ကစားနည်းတွေလည်းရှိတယ် ။ ငယ်ဘ၀ကို ပြန်လွမ်းမိတယ်ဗျာ။ ကျနော်တို့က နောက်မျိုးဆက်တွေ ခုလို မကစားရတော့ဘူဗျ။ ခြံထဲ၊လယ်ထဲကူရတယ်၊ ကျူရှင်တက်ရတယ် ။ သူတို့ငယ်ဘ၀တွေက တော်တော်ကျုံ့သွားတယ် ။ ကက်ဆက်တွေ၊ တီဗွီတွေ ပေါလာတာကလည်း တစ်ကြောင်းဖြစ်မယ်ထင်တယ်။ ခေတ်တွေ ကွာသွားပုံများ လိုက်လို့တောင် မမှီတော့ချင်ဘူး။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

စာရှု့သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။ ကျနော်စာကို ဖတ်ပြီး အားပေးကြလို့ အရမ်းကိုဝမ်းသာမိပါတယ်။ နောက်ထက်လဲ အဆင်ပြေရင် ထက်ရေးနိုင်အောင် ကြိုးစား သွားပါမယ် ခင်မျာ။ ကျနော် ကို လမ်းလျှောက်သင်ခါစ ကလေးတစ်ရောက်လို သဘောထားပြီး ဘေးကနေဝိုင်းဝန်းပြီး ဖေးမပေကြပါလို့ တောင်ဆိုပါရစေ။ ကျနော်ရေးသော စာများမှ အမှားများ၊ စိတ်ထဲမှာ အဆင်မသင့်ဖြစ်ခဲ့ ရင်လဲ ပြုပြင်ပေးကြပါ စာရှု့သူအပေါင်း ခင်များ...။ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတွေနဲ့ ပြည့်စုံကြပါစေ................။
လေးစားစွာဖြင့်.........................
အိမ်လွမ်းသူ(မှန်နီကုန်း)