Saturday, May 31, 2008

Rights of the Children.


ကလေးငယ်နှင့် အခွင့်အရေး

ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နုနယ်တဲ့ဘဝကတော့ ကျေနပ်ဖို့ကောင်းခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ မောင်နှမတွေ များလွန်းတဲ့ မိသားစုမှာ ဒုတိယအငယ်ဆုံး ဖြစ်လာရတဲ့ ကျွန်တော့်အနေနဲ့ အကိုတွေ၊ အမတွေရဲ့ ဂရုစိုက်မှုကိုခံရသလို အငယ်ဆုံးဆိုတော့ လိုအပ်ချက်တွေ နည်းခဲ့ပါတယ်။ ပြည့်စုံတဲ့ မိသားစု မဟုတ်သော်လည်း လည်လည်ပတ်ပတ် ရှိတယ်ဆိုတော့ လူလတ်တန်းစားဆိုတဲ့ ဘဝမှာ မိသားစုအနေနဲ့ ကျေနပ်လောက်ခဲ့ပါတယ်။ နုနယ်စဉ်ဘဝမှာ ပင်ပင်ပန်းပန်းနဲ့ မိသားစုစားဝတ်နေရေးကို ဝင်ရောက်ဖြည့်ဆည်းပေးစရာ မလိုခဲ့ပါဘူး။ အနည်းအကျဉ်း အိမ်အလုပ်ကူလုပ်၊ ကစားချိန်ကစားရင်း စာကျက်ချိန် စာကျက်တတ်အောင် သင်ကြားခံခဲ့ရတယ်။ ပြည့်စုံမှုနည်းပေမဲ့ ပြန်တွေးကြည့်ရင် ကျေနပ်လောက်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း အခြေအနေတူ၊ အနေထားတူ သူငယ်ချင်းတွေ များခဲ့တယ်။ ကစားချိန်လွန်ခဲ့လို့သာ အဆူခံရတယ်။ စာကောင်းကောင်း မကျက်လို့သာ အဆူခံရမယ်။ ကျွန်တော် ကံကောင်းခဲ့ပါတယ်။

အခုနောက်ပိုင်း တစ်ခါတလေမှာ ကလေးငယ်လေးတွေ အလုပ်လုပ်နေတာ၊ တစ်ဝမ်းတစ်ခါးအတွက် ရှာစားနေရတာတွေ တွေ့ရင် စိတ်မှာမကောင်းဘူး။ အခုနောက်ပိုင်းလို့ ပြောရတာက ဟိုးအရင် ငယ်စဉ်ကလည်း တွေ့ဖူးပါရဲ့။ ငယ်ငယ်တုန်းကတော့ စိတ်ထဲမှာ မသိလိုက်သလိုပဲ မြင်ကွင်းတွေက ဖြတ်သန်းသွားတာ။ စဉ်းစား တွေးခေါ်တတ်တဲ့ အရွယ်လေးရောက်လာကတည်းက အဲဒီလိုမြင်ကွင်းတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့လေးတွေ ဒီလိုအခြေအနေကို ဘာလို့ရောက်နေရတာလဲ။ အတော်များများ ဖြေကြတာကတော့ မိသားစုမှာ စားဝတ်နေရေး အဆင်မပြေဘူး။ အိမ်ရှိလူအကုန် အလုပ်လုပ်နေမှ စားလောက်တယ်။ ဒီအဖြေစကားက အမှန်ဆုံးနဲ့ အဖြေအများဆုံး ဖြစ်မယ်ထင်ပါတယ်။ ကြားဖူးတာတော့ ရှိတယ်။ တချို့သော တိုင်းတပါးပြည်တွေမှာ မိသားစုအတွင်း ကလေးငယ်ရှိလာရင် နိုင်ငံတော်က ကလေးအတွက် စရိတ် ထောက်ပံ့တယ်တဲ့။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာဆို မူလတန်းပညာရေး ပြီးဆုံးတဲ့အထိ ထောက့်ပံ့တယ်လို့ ကြားဖူးတယ်။ နိုင်ငံတော်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက တိုးတက်ဖို့လမ်းစ ရှာနေဆဲဆိုတော့ မချမ်းသာသေးတာ အမှန်ပဲ။ ဒီအားနည်းချက်အပေါ်မှာ လက်ညိုးထိုးနေရုံနဲ့တော့ မဖြစ်သေးဘူး။ ရင်သွေးငယ်တွေအကြောင်းပြောရင် မိဘဆိုတာလည်း မပါလို့ မဖြစ်ပြန်ဘူး။ အသိဉာဏ်အဆင့်နိမ့်တဲ့ သတ္တဝါပဲ ဖြစ်စေအုံးတော့ ကိုယ့်ရင်သွေးကို စောင့်ရှောက်ကာကွယ်ရမယ်ဆိုတဲ့ အသိရှိကြတာပဲ။ ကျွန်တော်တို့ လူသားဆိုတာကတော့ အတိုင်းထက်အလွန်ပေါ့။



အလုပ်လုပ်နေရတဲ့ လူမမယ်အရွယ်လေးတွေအကြောင်းပြောရင် မပါမဖြစ်တဲ့ မိဘတွေအကြောင်းလဲ နည်းနည်းတော့ ပြောရမှာပဲ။ ကိုယ်မွေးထားတဲ့ ကလေးကို ဘယ်မိဘကမှတော့ အရွယ်မရောက်ခင် ခိုင်းစားမှာမဟုတ်ပါဘူး။ စောစောကပြောခဲ့သလို စားဝတ်နေရေးအတွက် အဆင်မပြေလို့သာ ခိုင်းစားနေရတာလို့ပဲ ဖြေကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ကြားဖူးတဲ့ ဟာသလေးတစ်ခု ပြောချင်သေးတယ်။ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိ ဆင်းဆင်းရဲရဲ မိသားစုပေမဲ့ ကလေးတွေအများကြီးနဲ့ လူတစ်ယောက်ကို သူ့သူငယ်ချင်းက ပြောပါတယ်။ မင်းကလည်းကွာ အလုပ်မရှိ အကိုင်မရှိနဲ့ ကလေးပဲမွေးနေတာပဲဆိုတော့ ဟကောင်ရ - ငါ့မှာ၊ ဘာအလုပ်မှမရှိပါဘူးဆိုလို့ ပြန်ဖြေတယ်တဲ့။ ပြောချင်တာက မိသားစုတစ်ခု တည်ဆောက်ရာမှာ အသိပညာလေးလည်း လိုအပ်ပါတယ်။ ဒီလူဖြေလိုက်သလို ဘာအလုပ်အကိုင်မှ မရှိတာနဲ့ ကလေးထိုင်မွေးတာကို အလုပ်လိုလုပ်နေရင် ဘယ်လိုမှ မသင့်တော်ပါဘူး။ အဲဒီလိုမိသားစုမှာ လူဖြစ်ရမဲ့သူတွေလည်း သက်သာမယ်မထင်ဘူး။ တချို့နိုင်ငံတွေမှာတော့ မိသားစုတစ်စုမှာ ကလေးတစ်ယောက်ပဲ မွေးရမယ်လို့ ဥပဒေတွေရှိဆိုပဲ။ လူဦးရေ အရမ်းများလွန်းတဲ့ နိုင်ငံတွေ ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုဥပဒေမျိုး လိုလားမလိုလားတော့ အသေအချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ လိုက်နာသင့်တဲ့ ဥပဒေတွေတော့ ရှိမယ်ထင်ပါတယ်။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးလိုမျိုးတွေပေါ့။ အရွယ်မရောက်သေးသူတွေအတွက် တားမြစ်ထားတာတွေ၊ ခံစားခွင့်ရှိတာတွေကို လူထုကိုအသိပေးပြီး ထိထိရောက်ရောက် လိုက်နာဖို့ ဖိအားပေးသင့်ပါတယ်။ ဒါမှလည်း အလကားနေရင်း ကလေးထိုင်မွေးနေတာမျိုးတွေ၊ စားဝတ်နေရေး အဆင်မပြေလို့ဆိုပြီး ခိုင်းစားနေတာတွေ၊ လစာနည်းနည်းနဲ့ ကိုယ်လိုသလိုခိုင်းနိုင်လို့ ကလေးတွေကိုမှ ရွေးခန့်နေတဲ့ အလုပ်ရှင်မျိုးတွေကို တားဆီးနိုင်မယ်။ ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။

ဟိုပြောဒီပြောနဲ့ ဆင်ခေါင်းကို ခွေးချီသလို မနိုင်နင်းဖြစ်တော့မယ်။ ကြားဖူးနားဝတွေ စိတ်ထဲထင်တာတွေပဲ ပြောနေရလို့ ကိုယ်တွေ့လေးတစ်ခုလောက် ပြောပါအုံးမယ်။ ဒီစာလေးတွေ ချရေးဖြစ်အောင်လည်း အခုအဖြစ်အပျက်လေးက တွန်းအားပေးလိုက်တာပါ။ ခရီးသွားဖြစ်တဲ့တစ်ရက် စီးလာတဲ့အဝေးပြေးကားက လမ်းခုလတ်မှာ ဆီဝင်ထည့်ပါတယ်။ ဆီဆိုင်တွေရဲ့ စည်းကမ်းအရ ယဉ်ပေါ်ရှိ ခရီးသည်အားလုံး ဆင်းပေးရတယ်။ ပြန်အထွက်မှာမှ ခရီးသည်အားလုံး ပြန်တက်၊ ခရီးဆက်ရပါတယ်။ အဲဒီတော့ ကားပေါ်ကဆင်း ကားပြန်ထွက်လာမဲ့ အထွက်ဂိတ်ရှိရာကို အိပ်ချင်မူးတူးတူးနဲ့ လမ်းလျှောက်လာတုန်း ကျွန်တော့်လက်ကို တစ်ယောက်ယောက် ဆွဲကိုင်လိုက်တယ်။ ခံစားချက်အရ သိလိုက်တာက ဒါကလေးတစ်ယောက်ပေါ့။ ငုံ့ကြည့်မိတော့ တစ်ကယ်ကိုချစ်စရာ ပါးကွက်ကလေးနဲ့ ကလေးငယ်လေးပါ။ ပြုံးရွှင်မှုမရှိတဲ့ သူ့မျက်နှာမှာ တောင်းပန်မှု အရိပ်ယောင်လိုတော့ တွေ့မိသား။ သူကပြောလာတဲ့စကားက ကြက်ဥပြုတ်တွေ အားပေးအုံးတဲ့။ ကျွန်တော် ခေါင်းရမ်းပြမိတော့ ကျွန်တော့်လက်ကို ဆွဲလှုပ်ပြီး ကလေးငယ်တစ်ယောက် ပူဆာသလိုမျိုး မရဘူး - အားပေးရမယ်။ တစ်လုံးကို နှစ်ရာ သုံးလုံးယူရင် ငါးရာပဲပေး။ အားပေးရမယ်တဲ့။ အမှန်က ကျွန်တော်ပြန်ပြောပြနေသလို ပီပီသသတွေတောင် မဟုတ်ပါဘူး။ မပီကလာ ပီကလာနဲ့ မူနွဲ့နွဲ့လေးပြောနေတာ။ မျက်နှာကတော့ အားငယ်နေတဲ့ မျက်နှာပါ။ အိပ်ချင်နေတဲ့ကျွန်တော် ရုတ်တရက် အတွေးတွေ ရှုပ်ကုန်ပါလေရော။ ငါဒီအရွယ်တုန်းက သင်္ချာတတ်ပြီလားကို အရင်စဉ်းစားမိတာ။ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလေ။ အလွန်ဆုံးတတ်နေပြီဆိုရင် မူကြိုမှာ ဆရာမနဲ့အတူ ကဗျာတွေ အော်နေတာပဲ ဖြစ်မှာ။ ဒါပေမဲ့ သူ့လက်ထဲမှာ ငွေစအချို့ကိုလည်းတွေ့ရတယ်။ ဒါဆို သူတစ်ကယ် ဈေးရောင်းတတ်နေပြီလား။ ဒါပေမဲ့ ဒီလိုအချိန်မတော်ကြီး သူက ဘာလို့ဈေးရောင်းနေတာလဲ။ အိမ်မှာ အိပ်နေသင့်ပြီလေ။ ဟိုတွေး ဒီတွေး ကြောင်တောင်တောင် ဖြစ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး အဆင်မပြေလောက်ဘူး သူတွေးပုံရပါတယ်။ အနီးနားက အမျိုးသမီးနှစ်ယောက်ဆီသွားပြီး သူရောင်းပါတော့တယ်။ ကံကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ တစ်လုံးရောင်းလိုက်ရတယ်။ ငွေပြန်အမ်းတာတော့ မတွေ့ပါဘူး။ နောက်ပြီး အမျိုးသမီးတွေနဲ့ အဖွဲ့ကျနေလေရဲ့။ သူတို့တွေ အဖွဲ့ကျလို့ ပြီးလောက်ပြီထင်တော့ သူ့ကို ကျွန်တော်လှမ်းခေါ်လိုက်တယ်။ အနားလဲရောက်ရော သူ့ကို ကျွန်တော်မုန့်ဖိုးထုတ်ပေးတယ်။ ဘယ်လောက်ပေးလဲ သူသိပုံမပေါ်ပါဘူး။ ကျွန်တော့်ကို ကြက်ဥတလုံး ပေးတယ်။ မယူဘူး၊ အကိုက မင်းကိုမုန့်ဖိုးပေးတာလို့ ပြောတော့ နားမလည်သလိုတော့ ပြန်ကြည့်ပါတယ်။ ဒါပေမဲ့ နောက်တော့ သဘောပေါက်သလိုပါပဲ။ ကျွန်တော့်ကို ပြန်ပြုံးပြတယ်။ ကျွန်တော်က သူ့ခေါင်းလေးကို ကိုင်ပြီး စကားပြောဖို့ ကြိုးစားမယ် အလုပ်မှာပဲ။ ကားပေါ်ကို ခရီးသည်တွေ ပြန်တက်နေကြပြီ။ ဒါနဲ့ ကျွန်တော်လည်း ကားပေါ်ပြန်တက် ခရီးဆက်လာခဲ့တယ်။

နောက်ထပ်တစ်နာရီလောက် ကျွန်တော် အတွေးတွေ ရှုပ်နေမိသေးတယ်။ နောက်တော့လည်း အင်းဒါက ဒီလိုနေမှာပါဆိုပြီး အိပ်ငိုက်ဖို့ ကြိုးစားလိုက်တော့တယ်။ ကားပေါ်က ဖျော်ဖြေရေးအစီအစဉ်မှာတော့ အဆိုတော်မလေးတစ်ယောက်က ရှေးသီချင်းတွေ၊ နတ်သီချင်းတွေကို ဒစ်စကိုသံစဉ်နဲ့ (Disco music) ပြန်ဆိုရင်း ကနေလေရဲ့။ အင်း.. မျက်စိမှိတ်ထားတာ ပိုကောင်းမယ်။…..။

သုခမိန်။…..။
Children have rights as human beings and also need special care and protection. (UNICEF)
အချိန်ရရင် ဒီလင့်ခ်မှာ သွားကြည့်လိုက်ပါအုံး။

7 comments:

အိမ်လွမ်းသူ(မှန်နီကုန်း) said...

နို့ ညှာလေး တာမြစ်ထားသော ရေ ခင်များရေးတာလေး ဖတ်ပြီး မြန်မာပြည်ရဲ့ မျိုးဆက်သစ်လေး တွေအတွက် ရတက်မအေးဖြစ်မိတယ်ဗျာ။ လောကကြီးက ကားဂိတ်က ကလေးတွေ၊ လက္ဖရည်ဆိုင် စားပွဲထိုးကလေးတွေ၊ အစသဖြင့် အဲဒီလိုကလေးတွေ ကို အသက် ၁၈နှစ်လောက်များ ကြိုပြီးပြဋ္ဌာန်း လိုက်လေသလားဗျာ။ ဘယ်သူ့မှာတာဝန်ရှိသလဲ။ မိဘတွေလား။ လုပ်ငန်းရှင်တွေလား။နိုင်ငံတော်လား။တမျိုးသားလုံးလား။ ကျနော်လဲ ခေါင်းပူသွားပြီဗျာ။

ဇနိ said...

ကြားဖူးတာတစ်ခုရှိတယ်
သားသမီးဆိုတာ ရတနာတဲ့
မရှိတုန်း ထုတ်သုံးရတာတဲ့။
ပြောရရင်တော့
အခြေခံစီးပွားရေးက မကောင်း
စီးပွားရေးမကောင်းတာက စနစ်တွေကြောင့်
စနစ်မကောင်းတာက .......ကြောင့်
ကဲ..မခက်ပေဘူးလား။

Heartmuseum said...

တားမြစ်ထားသောရေ.... ကျွန်တော်လည်း ဒီရက်ပိုင်း အဲဒါပဲတွေးမိနေတယ်ဗျာ။ အစစအရာရာ ချွတ်ချုံကျနေတဲ့ နိုင်ငံမှာ လူကြီးတွေ မိုးခါးရေသောက်နေတော့လည်း
သူတို့လေးတွေ........မြန်မာပြည်မှာ လူဖြစ်တာကံဆိုးပါတယ်ဗျာ။

Han Thit Nyeim said...

ကျွန်တော်ကတော့ ဘယ်သူ ဘယ်သူ့ကိုမှ လက်ညှိုးထိုးမနေချင်တော့ ပါဘူးဗျာ။ ဒါပေမယ့် သေချာပေါက် ပြောနိုင်တာ တစ်ခုတော့ရှိတယ်။
သားသမီးငတ်တာ မိဘရဲ့ အပြစ်အများဆုံးပါတယ်။
အဲလိုပဲ...

ဇနိ said...

မှတ်မိတာလေးတခု ပြောရအုံးမယ်ဗျ။
မင်္ဂလာဒုံ ၅၁ ကားပေါ်မှာ ကလေးတယောက်ဆုံဖူးတယ်။
သူ့ ကျောင်းစိမ်း၊အဖြူလေးတွေက ပြဲတဲ့နေရာက ပြဲလို့။ ဒါပေမယ့် ဖြူဖွေးနေတာပဲ။ ကောင်လေးက သနပ်ခါးလဲပါတယ်။ သူက ဖတ်စာအုပ်လေးနဲ့ လိုင်းကားစီးရင်း စာကျက်နေတာဗျ။ တတိယတန်းကလေးတစ်ယောက်က လိုင်းကားပေါ်မှာ
လိုချင်စိတ်ကလေးနဲ့ စာကျက်နေတော့ အလိုလို ချစ်ခင်သွားမိတယ်။
ဒန်ထမင်းဗူးလေးလဲ ပါသဗျ။ စိတ်ဝင်စားလို့ စကားပြောကြည့်တော့ “သား ဒီနေ့စာမေးပွဲရှိလို့တဲ့။ သား ပထမရမှ ဖြစ်မယ်တဲ့။ သားတို့က ဆင်းရဲလို့ပါတဲ့“
အတော်ရှားပါးတဲ့ ကလေးမျိုးပဲလို့ သူ့ကို မုန်ဖိုး ၅၀ ပေးမိတော့ “ကျေးဇူးတင်ပါတယ်မမ သားသွားလိုက်ပါအုံးမယ်“တဲ့။
မဇနိ

Apprenticeship said...

Yeah, we must give close attention to it.

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ " ငုံးဥကျုတ်တွေ . . . ညေပဲကျုတ်တွေ " (၁)
မှာတုံးကလည်း ကျနော် နဲနဲပြောခဲ့ဘူးတယ် ။ ပြောချင်တာတွေကတော့ အများကြီး ပဲဗျာ။ သေချာတာကတော့ ခင်ဗျားပြောသလိုပဲ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး စောက်ရှောက်မှု့တွေ ၊ ပညာပေးမှု့၊ စောင့်ကြည့် ထိမ်းသိမ်းမှု့တွေ တိတိကျကျ လုပ်ကြလိုက်နာကျဖို့ အရင်စလုပ်မှရမယ်ထင်တယ်။ ဒါမှ ကလေးတွေ သူတို့အခွင့်အရေး ၊ စောင့်ရှောက်မှု့ အပြည့်အ၀ရမယ် ။ ခိုင်းလို့လွယ်ရင်တော့ ခိုင်းနေကြမှာပဲ ။ ကျနော်တို့ တိုင်းပြည်ရဲ့ ပြသနာအားလုံးအရင်းခံက ပြည်သူတွေ ပညာမတတ်ကြတာက အဓိက ပြသနာပေါ့ဗျာ။ နှစ်တွေချီပြီး ကျောင်းတွေ တက်ကြတယ် ။ စာတတ်ပေတတ်တော့ ဖြစ်လာတယ် ။ ပညာတတ်ရှားတယ်ဗျာ ။ အဲဒါပဲ ဗျ အဓိက ပြသနာက ။