Thursday, December 24, 2009

ညီလေး


ဒီဇင်ဘာ ၂၅ မှာ ခရစ်တော်အား မွေးဖွားခဲ့ပြီး
ဒီဇင်ဘာ ၂၄ မှာ (ငါတို့ရဲ့)အချစ်တော်လေး မွေးဖွားခဲ့တယ်။

ဒီကနေ့ဆို
ငါ့သမိုင်းရဲ့ အနက်ရှိုင်းဆုံးမေတ္တာတရား
စတင်ထွန်းကားလာတာ
နှစ်ပေါင်း(၂၈)နှစ်ကြာပြီ။

ငါတို့အိမ်ရဲ့ အထွေးဆုံးလေး
အဖေပေးတဲ့နာမည်က “ဧရာ”
ပညတ်သွားရာ ဓာတ်သက်ပါ
ငါတို့ပိုင်ဆိုင်သမျှအရာရာမှာ
မင်းဟာ
တကယ့်တကယ် အကြီးမားဆုံးရတနာပါ “အငယ်လေး”။

အထွေးဆုံးနဲ့ နို့ညှာတို့ရဲ့ အစဉ်အလာ
သဝန်တိုတယ်ဆိုတာ၊
တစ်အူထုံ့ဆင်းတွေရဲ့ အတူကြုံခြင်းဓမ္မတာ
ရန်ဖြစ်စကားများတယ်ဆိုတာ
မင်းနဲ့ငါမှာ မရှိခဲ့ဘူး ညီလေး။

တစ်နှစ်နဲ့သုံးလသာဆိုပေမယ့်
တစ်ဆယ်နဲ့သုံးနှစ်တာ အသက်ကွာတဲ့ညီအစ်ကိုပမာ
မင်းနဲ့ငါ ကြင်နာခဲ့။

အစ်ကိုနဲ့ညီကြား ရှာမှရှားတဲ့ ချစ်ခြင်းမေတ္တာတရား
မင်းနဲ့ငါကြားမှာ အမှန်တကယ်ထွန်းကားခဲ့တယ်။

ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်တာ
သီတင်းကျွတ်မီးထွန်းပွဲတော်တစ်ခုမှာ
ခွေးပိုင်ရှင်အဒေါ်ကြီးရဲ့ ရင်ခွင်တွင်းက ဇောက်ထိုးမြင်ကွင်း ...
“သူ့အစ်ကိုကိုလိုက်တဲ့ခွေးကိုဆဲရင်း
ခွေးပိုင်ရှင်တွေကို ပြစ်တင်ကြိမ်းမောင်းရင်း
တရှုပ်ရှုပ်ငိုနေတဲ့မင်း”
ဒါ ငါ့ဘဝရဲ့ ပထမဆုံးသောချစ်ခြင်းမြင်ကွင်းပါ ညီလေး။

“နဖူး(ယာ)အမာရွတ်ပါ”ဆိုတဲ့ မှတ်ပုံတင်ထဲကစာ
အဲဒီတုန်းက ရခဲ့တာဖြစ်သလို
ငါ့ဘဝရဲ့အထင်ရှားဆုံးအမှတ်အသား ချစ်ခြင်းမေတ္တာတရား
စတင်ထင်ရှားလာတာလည်း
အဲဒီတုန်းကပါပဲ ညီ။

တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ
မင်းကြောင့်သာ တတ်မြောက်ခဲ့ရတဲ့ အနုပညာ။
မင်းကိုချစ်တဲ့ချစ်ခြင်းမေတ္တာနဲ့
ဒီကနေ့ ဒီနေရာမှာ
ငါရပ်တည်နေတာပါ ညီလေး။

ညီလေးရေ ငါ မင်းကို သိပ်ချစ်တယ်။..........။



မာရေးသျှင်
Christmas eve' 2009, 7PM





ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 20, 2009

နံနက်ခင်းကဗျာများ(၁)


ရေချိုးပြီးစ အပျိုမလို
လှချင်တိုင်းလှနေတဲ့
မိုးရေစက်လက် ဤနံနက်ကို
သင့်တွက် လက်ဆောင်ပေးပါသည်။..........။

မာရေးသျှင်



မနက်ခင်းမိုးအလင်း အိပ်ရာက ထထချင်းတွေမှာ ချစ်ခင်ရင်းနှီးတဲ့ ဘာသာစကားတူသူတစ်ချို့ဆီ ပို့ဖြစ်တဲ့ SMS ကဗျာလေးတွေပါ။
မိတ်ဆွေက (E-Journal)မှာ မျှဝေသိမ်းထားဖို့ တိုက်တွန်းလာတာကြောင့် စတင်အကောင်အထည်ဖော်လိုက်တာပါ။
လွယ်ကူတဲ့စတင်ခြင်းကိုတော့ စတင်လိုက်ပါပြီ။ မလွယ်ကူတဲ့ အရှည်သဖြင့် စိုက်လိုက်မတ်လိုက် တစဉ်တစိုက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေခြင်းကိုတော့ ဆက်လက်စောင့်စားကြရမှာပါပဲပေါ့ခင်မျာ။.........။


ဆက်ဖတ်မယ်ဆိုရင် ...

Friday, December 18, 2009

How to breed the Scientists!


“သိပ္ပံပညာရှင် မွေးမြူနည်း”

ဟိုး ငယ်နုစဉ်တုံးက လူငယ်စိတ်နဲ့ မှန်တယ်ဆိုတာကို စိတ်ထဲ ရှိတဲ့အတိုင်း လုပ်မယ် . . . . အဲလို စိတ်တွေ ရှိခဲ့တုန်းက ပေါ့ ကျနော်တို့နှင့် သဘောထားချင်း၊ ရပ်တည်မှု့ခြင်း မကိုက်ညီသော လူကြီး တစ်ယောက်ကို ပေးဖတ်ချင်လွန်းလှ စွာ ရှာခဲ့ဘူးသော စာအုပ်လေးထဲက article တစ်ခုကို ဝေမျှ ချင်ပါတယ်ခင်ဗျာ ။ အဲဒီ စာအုပ်လေးက မုံရွေးစာအုပ်တိုက်ကထုတ်တဲ့ အမှတ်စဉ် ၆၅ မြောက် “ သိပ္ပံ ပညာရှင် မွေးမြူနည်း နှင့် အိုင်စတိုင်း” ဆိုတဲ့ စာအုပ်လေးပါ။ စရေးဆရာ ၉ ဦး ရဲ့ သိပ္ပံပညာရှင်အိုင်စတိုင်းနဲ့ ပတ်သတ်ရာစာစုလေး တွေကို စုစည်းထုတ်ဝေတဲ့ စာအုပ်လေးပေါ့။ ခုမှ စာအုပ်လေးကို ပြန်ကြည့်မိတော့ ထုတ်ဝေတဲ့ ရက်စွဲက “မတ်၊ ၂၀၀၁” တဲ့ ဆယ်စုနှစ် တစ်ခုတောင်မပြည့်တပြည့်ရှိပြီ ရော . . . .

အဲဒီတုန်းက ၂၀၀၃ ခုနှစ် လောက်ပေါ့ . . အဲဒီစာအုပ်ကို ရှာလိုက်တာ ရန်ကုန်မြို့ထဲ နှံ့ရောပဲ။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက မြေနီကုန်း ကားဂိတ်နားက “လောကနတ်” လက်ဘက်ရည်ဆိုင်ရှေ့နားမှာ “မုံရွေး” စာအုပ်ဆိုင်လေး ရှိခဲ့သေးတယ်။ အဲဒီဆိုင် မှာလည်း မရှိ။ “စာပေလောက” တို့ မြို့ထဲက စာအုပ်ဆိုင် တော်တော်များများမှာ လည်း မရ ။
လိုချင်တော့ မရတာပြောပါတယ် ။ စာအုပ်ကို ဘယ်အချိန်ကျမှ ရသလဲဆိုတော့ ၂၀၀၅ နှစ်ဆန်းပိုင်းလောက်ကျမှ မမျှော်လင့်တဲ့ အချိန်၊ မမျှော်လင့်တဲ့ နေရာ မှာ တွေ့ပြီး ရခဲ့ပါတယ်။ ကမ္ဘာအေး ဘုရား စောင်းတန်းက ဘုရားရှိခိုးစာအုပ်တွေနဲ့ အခြားစာအုပ်တွေ ရောင်းတဲ့ ဆိုင်လေးက ရခဲ့တာ။ အဲဒီတုန်းက စာအုပ်တန်ဘိုးက မှတ်မှတ်ရရ မူရင်းတန်ဖိုးအတိုင်း ၃၅၀ ကျပ် ပဲပေးးခဲ့ရတယ် ။ အဲဒီလူကြီး ကို ပေးဖတ်ဖြစ်ခဲ့ လားလို့ မေးချင် မလားပဲ . . .
“ဟင့်အင်း” လို့ပဲ ကျနော်ဖြေရမှာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ လူက နဲနဲလေး ပိုရင့်ကျက်လာတယ်ပြောရမလား ပဲ . . . လူနပ် ချမ်းသာ လုပ်ဖို့ အတိုက်အခံ မလုပ်ခဲ့တာတော့ မဟုတ်ပါ။ ရိုးသားစွာ ပြောရရင် ကျနော့်ထုံးစံ အတိုင်း အဲဒီအချိန်မှာ ဥပက္ခော ဆိုတာကို လက်ကိုင်ပြုစ . . .
ဒီလိုနဲ့ပဲ အဲဒီစာအုပ်လေးက ဒီနေ့အထိ ကျနော်ထံမှာ ရှိနေဆဲ . . .။
ခုတော့ ကျနော်တို့ e-journal လာ မိတ်သဟာ များကို အဲဒီစာစုလေး ဝေမျှလိုက်ပါတယ် ခင်ဗျာ ။
ဆရာ “ညိုမြ”လက်ရာ “သိပ္ပံပညာရှင် မွေးမြူနည်း” ဆိုတဲ့ article ထဲက ပါ ။

သိပ္ပံပညာရှင်ဆိုတာ ဘယ်လိုလူစားလဲ။ သူတို့ကို မွေးမြူရင် စရိတ်စက ဘယ်လောက် ကုန်သလဲ။ သူတို့ ဘာကြိုက်သလဲ ။ ဘာ မကြိုက်လဲ။ သူတို့ ထွန်းကားအောင် ပျော်ရွှင်အောင် ဘယ်လိုထားမလဲ ။




ယခုခေတ်မှာ နိုင်ငံတကာ တိုးတက်ဖွံဖြိုးရေး စီမံကိန်း အမျိုးမျိုး ရေးဆွဲကြစမြဲ မဟုတ်လား ။ ဒီတော့ ကြက် ဘဲ မွေးမြူရေး ၊ ပျားမွေးမြူရေး ၊ ပိုး မွေးမြူရေး ၊ ကုံကုမံ စိုက်ပျိုးရေး ဌာနအသီးသီး ထားရှိသလို သိပ္ပံပညာရှင် မွေးမြူရေးကိုလည်း သီးခြား ထားရှိရမှာပ ။
အိုင်စတိုင်းလို လူရိုးလူဖြောင့် သိပ္ပံဆရာကြီး မွေးမြူရေးဟာ အမှန်တော့ ကြက် ဘဲ မွေးမြူရေးထက် စရိတ်စက သက်သာကြောင်း တွေ့ရှိခဲ့ရလေပြီ။ သူ့လခက မြန်မာငွေ ၉၀၀ ပဲကျတယ် ။ သူလိုအပ်တဲ့ ခဲတံနှင့် ဗလာစာအုပ်ဖိုးကိုလည်း သူပဲ အကုန်ခံတယ်။
အဲ . . . သိပ္ပံသမားများ အသုံးအဆောင်ဖြစ်တဲ့ မှန်ပြောင်းတို့၊ ဓါတ်အိုးတို့၊ ဓါတ်ခွက်တို့ကတော့ ဈေးကြီးသဗျ။ ဒါကြောင့် သူ့မိတ်ဆွေများက ဘဏ်တိုက်မှာ သီးခြား ငွေတသောင်း ရံပုံငွေ ဖွင့်ပေးထားရတယ် ။
နောက်ဆုံးမှာ အမေရိကန် အစိုးရက အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် ဒေါ်လာ ကုဋေ ၂၀၀ စိုက်ထုတ်ပေးခဲ့တယ် ။ ဒီအထဲက အိုင်စတိုင်း တစ်ပြားမှ အသုံးမပြုခဲ့ပါ။ ဆိုင်ရာ ဌာန အကြီးအကဲများ အသုံးဘတ်ဂျက် အတိုင်းပါပဲ။ ဒါက သိပ္ပံပညာရှင် မွေးမြူရေးနှင့် မဆိုင်ပါ။ အကုန်အကျ များတယ်ထင်ရင် သိပ္ပံဆရာကို မခိုင်းရုံပဲ ရှိတော့မပေါ့။
အိုင်စတိုင်းက ပကာသနကို အလိုမရှိ။ အဲဒီအချက်ကတော့ ပြဿနာပဲဗျ။ လူတွေက များသောအားဖြင့် ပကာသနကို မလွန်ဆန်နိုင်ကြတော့ သူ့ကို ကြိုးကိုင်အုပ်ချုပ်သူများနှင့် စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်မလဲ။
သူ့ကို အလုပ်လွှဲအပ်ပြီးချိန်မှာ လုပ်ငန်းတာဝန်များကို သူက တော်သင့်သလို လုပ်ဆောင်သွားမယ်တဲ့။ သူ့ကိုချုပ်ချယ်တဲ့ စည်းကမ်း ဘာမျှ မထားရှိရဘူး၊ ဘယ်သူမှ ၀င်ပြီး သြဇာမပေးရဘူး၊ ဆရာမလုပ်ရဘူးတဲ့။
အဲဒီတောင်းဆိုချက်မျိုးဟာ ခွမကျလား။ ဘယ်ကမ္ဘာမှာ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် နက်နဲစွာ ပြန်လှန် စဉ်းစားကြည့်လျှင် ဒီလို နှောင်ကြိုးမဲ့ တာဝန်လွှဲအပ်နည်းကို လူ့ပြည့်မှာ မကြာခဏ ကြုံတွေ့ရပါတယ်။ မြန်မာပြည် အပါအ၀င်ပေါ့။
သာသနာရေး လောကမျာ ဘုရားခေတ်မှစပြီး ရှင်ဘုရင်များ၊ သူဌေးသူကြွယ်များက မိမိယုံကြည်ကိုးကွယ်ရာ သံဃာတော်များထံမှာ ရွှေကျောင်း ငွေကျောင်းကြီးများကို ၀တ္တကမြေယာ ကျေးကျွန်များနှင့်တကွ လှူကြသဗျ။ ဆရာတော်များအပေါ်မှာ ဒါယိကာများက ဘာ အချုပ်အချယ်မျှ မထားပါ။ ပကာသနကို အလိုမရှိတဲ့ ဆရာတော်များက အလှူဒါန ကျောင်းတော်ကြီးများကို လက်ခံပြီး သူတို့မပျော်ပိုက်ချိန်မှာတော့ ထွက်ကြတယ်။ ၀ါဆိုကျောင်း၊ ၀ါးကျောင်းမှာနေပြီး ဘာဝနာတရား အားထုတ်ကြတယ်။ အိုင်စတိုင်းကတော့ လူအချင်းချင်း ဒါကိုပဲ တောင်းဆိုခဲ့တာ မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ရိုင်းသည်မဆိုနိုင်ပါ
ကျွန်တော်တို့ မြန်မာပြည်မှာလည်း အိုင်စတိုင်းလို ပကာသန ကင်းမဲ့စွာနှင့် ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများ မနည်းပါဘူး။ ပုဂံခေတ်က အနော်ရထာမင်း၊ ရှင်ဒိသာပါမောက္ခ၊ အင်းဝခေတ်က တောင်ဖီလာဆရာတော်၊ ဆူးတွင်းပစ် ဆရာတော်၊ ကုန်းဘောင်ခေတ်က အလောင်းမင်းတရားကြီး နှင့် ဆရာတော် ဦးဗုဓ်၊ တွင်းသင်းမင်းကြီး၊ အမတ်ကြီး ဥိးပေါ်ဦး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ မျက်မှောက်ခေတ်မှာ လယ်တီဆရာတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဘောင်ခတ်ထားစရာ မလိုသူများပါ။ သူတို့ကို လွှတ်ထားလျင် မဟုတ်တာ လုပ်မည့် လူစားတွေလား ၊ သူတို့ဟာ အလုပ်နှင့်တာဝန်ကို သိရှိသူများမို့ အိုင်စတိုင်းလို ရွက်ဆောင်သွားတတ်သူများပါ။
သို့သော် မြန်မာတို့ အနေနှင့် ဗုဒ္ဓတပည့်တော်များဖြစ်လို့ လောကီရေးမှာ လျှော့ပေါ့တတ်ပြီး လောကုတ္တရာကို ဦးစားပေးလေ့ ရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံရေးရာမှာ နောက်ကျခဲ့ခြင်းပါ။
ခေတ်သစ် အစိုးရများ အနေနှင့် လောကီနှင့် လောကုတ္တရာ မျှတတဲ့ ရာသီဥတု ဖန်တီးပေးလျှင် ကောင်းမည်ထင်ပါတယ်။ ဒါမှ သိပ္ပံပညာရှင် မွေးမြူရေးစခန်းမှာ ဥပေါက်စ အိုင်စတိုင်းလေးများ ပြေးလွှားမြူးထူးနေပုံများ မုချ မြင်တွေ့ရပါမည်။

ညိုမြ
[ စာမော်ကွန်း၊ အမှတ်(၅)၊ ဇန်န၀ါရီ၊ ၁၉၈၆]


အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေခင်ဗျာ ။

ခင်မင်လေးစားလျက်
တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 5, 2009

ဆန္ဒရှင်သို့ မွေးနေ့လက်ဆောင်ကဗျာ


“တစ်မိပေါက်၊တစ်ယောက်ထွန်း”တဲ့
အမေကတော့ ပေါက်သမျှထွန်းခဲ့
အမိအဖထက်တော်တဲ့သား
အားလုံးပါလားနော်။

“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး”တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ရောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။

ကြွက်နဲ့ဆင် အားယှဉ်တဲ့ပွဲမှာ
ဂဠုန်၊ခြင်္သေ့နဲ့ ကြွက်ပေါက်စ
မြေဇာပင် မဖြစ်ခဲ့ကြဘူးနော်။

အိုးတစ်လုံးသာရွက်နိုင်တဲ့ခေါင်း
အိုးသုံးလုံးရွက်ရမှာမကြောက်
လက်နှစ်ဖက်မှာတောင် ရေပုံးဆွဲ
အသည်းမငယ်ခဲ့ဘူးနော်။

ဆင်ကျီစားရာ ကြွက်ငယ်နာကျင်ခြင်း
အံခဲမာန်တင်း
(၅၀)တွင်းရောက်
အမောတွေပျောက် အကြောက်တွေပြေ
ဓမ္မတွေနဲ့ပဲနေတော့မယ်။.........။





မနေ့က အစ်မကြီးရဲ့ မွေးနေ့မှာ ဆန်ရေဖြစ်သူ ကျနော်က ကဗျာလက်ဆောင်ရေးဖို့ အကြောင်းပြချက်မျိုးစုံနဲ့ ပျက်ကွက်ခဲ့သော်လည်း စုန်ရေဖြစ်သူ အမေကတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ မပျက်ကွက်ခဲ့ပါဘူး။

အထက်ပါကဗျာဟာ မနေ့က အစ်မကြီးရဲ့မွေးနေ့အထိမ်းအမှတ် အမေရေးတဲ့ကဗျာပါ။ ဒါဟာ ကျနော်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင်၊အမေရေးတဲ့ လက်တန်းကဗျာဖြစ်သလို၊ ဒါဟာ အသက်(၅၀)တန်း မြန်မာအမျိုးသမီး၊ကျောင်းဆရာမတစ်ယောက်ရဲ့ ကဗျာလည်းဖြစ်ပါတယ်။ အဲဒီကဗျာကို အမေက ဖုန်းထဲမှာ ရွတ်ပြခဲ့ပါတယ်။

ကျနော်ဟာ ဒီအဖေ၊ဒီအမေရဲ့သားဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဒီကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထက်လောင်းသက်သေပြုပါရစေ။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, December 4, 2009

ဆန္ဒ


စိတ်ဝယ်ကျဉ်းကျပ် ၊ မနေတတ်၍
ဖွင့်ဟထုတ်ဖော် ၊ ပြောလိုသော်လည်း
ပိတ်ပင်စည်းနှောင် ၊ လောကဘောင်က
ချုပ်ငင်တားမြစ် ၊ ကာကွယ်ရစ်သဖြင့်
ရှိုက်မြိုအတင်း ၊ ငြင်းဆိုရင်းမှ
မြုပ်နှံသင်္ဂြိုဟ် ၊ ရင်းတွင်းဖိုကာ
ပြာပူအတိ ၊ ကျွမ်းလောင်၏။..........။



ဒီနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ဟာ
ကျနော့်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမိအရာ အစ်မကြီးရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်အခါပါ။
အလုပ်တစ်ဖက် ကျောင်းနှစ်ဖက်(တစ်ဖက်မဟုတ်ပါ)နဲ့ ကျနော့်ဦးနှောက်ခမျာ အစ်မကြီးအတွက် ထိုက်တန်တဲ့မွေးနေ့လက်ဆောင်ကဗျာ ဖန်တီးနိုင်စွမ်းလောက်အောင် လတ်ဆတ်မနေပါ။

အထက်ပါကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဆယ်ကျော်သက် ၁၆၊၁၇-နှစ်သမီး အစ်မကြီးကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ အဲဒီတုန်းက အပျိုစင်မဂ္ဂဇင်းရဲ့ ရင်းတွင်းဖြစ်ကဗျာတွေ ခေတ်စားနေစဉ် (သို့) ခေတ်စားခါစ ဖြစ်ပါမယ်။ အစ်မကြီးဟာ အဲဒီအတွက် ရည်ရွယ်ပြီးရေးခဲ့ပုံပေါ်ပါတယ်။ ကျနော့်အထင် သူကိုယ်တိုင် သူ့ကဗျာလေးကို မှတ်မိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီကဗျာလေးကို E-Journal မှာ အမှတ်တရ သိမ်းစည်းဝေငှလိုက်ခြင်းဟာ သူ့အတွက် ကျနော့်ရဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ပဲလို့ ယူဆကာ အကောင်အထည်ဖော်လိုက်တာပါ။ ကဗျာရေးသူ အစ်မကိုယ်တိုင် အမှတ်တမဲ့ဖြစ်နေလောက်တဲ့ကဗျာလေးကို အမှတ်တရဖြစ်နေခြင်းဟာ မောင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ မမှိတ်မသုန် ယုံကြည်ပါကြောင်း။........။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 27, 2009

ခန်းဆောင်နီအိပ်မက် မပျက်မပြယ် (Me or We, Wall or Web)



အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ် ၂၀ နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။



သမိုင်းဆရာများက “အမှောင်ခေတ်”ဟု ဆိုကြသော ပဒေသရာဇ်ခေတ်တစ်လျှောက်လုံး အဆက်ပြတ်အထီးကျန်ဖြစ်ခဲ့ရသည်ကိုမူ တစ်စုံတစ်ရာ နားလည်နိုင်ပါသည်။ အခြားနိုင်ငံများလည်း ဤနည်းနှင့်သာဖြစ်သည် မဟုတ်ပါလော။ သို့နှင့်တိုင် ခေတ်သစ်နိုင်ငံတကာစာပေနှင့် ခေတ်သစ်အတွေးအမြင်များနှင့် အထိအတွေ့တွင် “သိပ်များနောက်ကျလွန်းလေသလား”ဟု မကြာခဏ တွေးမိသည်။ ဥပမာ- မြန်မာ့နိုင်ငံရေးကို တစ်ဆစ်ချိုး လှည့်ပြောင်းစေခဲ့သော “နဂါးနီစာပေလှုပ်ရှားမှု”ကိုပဲကြည့်။ အောက်တိုဘာတော်လှန်ရေး၏ အမြောက်သံကို အနှစ်(၂၀) နီးပါးကြာမှ ပီပီသသကြားခွင့်ရခဲ့သည်။ ကြားပြန်တော့လည်း ဤတစ်သံတည်းမှာပင် နားအူကာ အခြားဘာအသံမှ အဝင်မခံတော့၊ မကြားနိုင်တော့။ ဒီလိုနှင့် အိုင်ဒီအိုလိုဂျီ ဧကမူစိတ်ဖြင့်ပင်၊ စစ်အေးခေတ်ကိုဖြတ်ခဲ့သည်။ နောက်ဆုံး စစ်အေးနိဂုံးအထိရောက်လာသည်။ ကျွန်တော်တို့ကား ခန်းဆောင်နီထဲတွင် အိပ်မက် မက်လို့ကောင်းဆဲ။ လောကီရေးတွင် ထာဝရ မဖောက်မပြန် အမြဲမှန်သည်ဆိုသော ပကတိအမှန်တရားမျိုး ရှိနိုင်ပါသလော။

........ ၁၉၈၉ ခုနှစ်တွင် စစ်အေးသင်္ကေတ ဘာလင်တံတိုင်းကြီး ပြိုကျသွားသည်။ ဤဖြစ်ရပ်ကြီးက ၁၁/၉ (နိုဝင်ဘာလ ၉ ရက်)ဆိုသော ခေတ်ပြိုင်သမိုင်း၏ အရေးကြီးဆုံးမှတ်တိုင်တစ်ခုကို စိုက်လိုက်သလို ရှိသည်။ ကမ္ဘာအနှံ့တုန်ဟည်းသွားသော အဆိုပါပြိုလဲမှုကြီးကိုလည်း မြန်မာစာပေလေထန်ကုန်းထက်မှ ခပ်သဲ့သဲ့သာ ကြားလိုက်ဟန်တူပါသည်။ ကြားသည်ဆိုလျှင်သော်မှ ဖြစ်ရပ်နောက်ကွယ်မှ တူရှုချက်ထိ ဆဝါးမိဟန်မတူ။ “သြော် - တံတိုင်းကြီးပြိုကျသွားပြီကိုး” ဆိုသော သာမန်သတင်းမှတ်ချက်လောက်သာ ရှိမည်ထင်ပါသည်။

အမှန်စစ်စစ် ၁၁/၉ မှာ မြင်သာထင်သာ နံရံတံတိုင်းကြီးပြိုကျရုံ သက်သက်မျှမဟုတ်။ “စစ်အေး” ဆိုသော နိုင်ငံရေးခေတ်ကြီးတစ်ခု နိဂုံးကမ္ပတ်အဆုံးသတ်သွားခြင်း ဖြစ်သည်။ သို့နှင့်အမျှ စစ်အေးခေတ်နိုင်ငံရေး စဉ်းစားပုံတွေ သံပတ်ကုန်သွားခြင်းလည်းဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း စစ်အေးခေတ်၏ သင်္ကေတမှာ နံရံတံတိုင်းဖြစ်သည်။ တံတိုင်းကြီးရှိနေသည်ကိုက “ငါတို့ကွဲနေကြပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါ”နဲ့“သူ”ဆိုသောအမြင်ဖြင့် တံတိုင်းကာကြည့်သော စဉ်းစားနည်းတို့ လွှမ်းမိုးသောကာလဖြစ်သည်။ အရာရာကို “ရန်သူ မိတ်ဆွေ”၊ “အင်တီ ပရို”ဆိုသောအမြင်ဖြင့် ချဉ်းကပ်သည်၊ မဖြူလျှင် မည်းရမည်ဆိုသောလောဂျစ်ကို အခြေခံသည်။ ဤသဘောများကို အနှစ်ချုပ်ပြီး နယူးယော့တိုင်းမ်ဂျာနယ်လစ် တောမတ်ဖရိုင်းမင်းက “ဝေါလ်ပါတီစဉ်းစားနည်း” (Wall Party Thinking) ဟု ဝိဂြိုလ်ပြုသည်။

တံတိုင်းကြီးအပြီး စစ်အေးလွန်ခေတ်၏ သင်္ကေတမှာ အင်တာနက်ဝက်ဘ်ဆိုက်ကြီးဖြစ်သည်။ ဤဝက်ဘ်ဆိုက်ကြီးရှိနေသည်ကိုက “ငါတို့ ပူးပေါင်းအလုပ် လုပ်လို့ရပါလား”ဆိုသော ဖော်ပြချက်ဖြစ်သည်။ “ငါတို့တစ်တွေ” ဆိုသောအမြင်ဖြင့် မြင့်သထက်မြင့်အောင် မိုးပေါ်တက်ကြည့်ကြဖို့ဖြစ်လာသည်။ “ဘာတွေကွဲသလဲ” ဆိုသည်ထက်၊ “ဘာတွေတူသလဲ”ဆိုသည်ကို အာရုံပြုသည်။ “ဘုံတူညီချက်”တစ်ခုကို မရအရ ရှာဖွေပြီး လက်တွဲဆောင်ရွက်ဖို့ကြိုးစားသည်။ ဖရိုင်းမင်းစကားနှင့်ဆိုရလျှင် “ဝက်ဘ်ပါတီစဉ်းစားနည်း” (Web Party Thinking)ဖြစ်ပါသည်။ စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လက်ဝဲ လက်ယာ အိုင်ဒီအိုလိုဂျီအငြင်းပွားမှုတွေ မလိုတော့ပြီ။ ဝေါလ်ပါတီနှင့် ဝက်ဘ်ပါတီသာ ရှိတော့သည်။ ဝေါလ်ထဲတွင် စံပယ်မြဲစံပယ်ကာ စစ်အေးခေတ်အရက်တွင်၊ ခေါင်းစိုက်ရီဝေနေကြမည်လော။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိဆိုသော မေတ္တာစိတ်ဖြင့် ဝက်ဘ်ပေါ်တက်၍ ကခုန်ကြမည်လော။

....................................................................................
ပြီးခဲ့သော အနှစ် ၂၀ က တံတိုင်းပြိုသံမှာ လွန်ခဲ့သော နှစ်(၉၀)က အောက်တိုဘာ အမြောက်သံကို မလွှမ်းနိုင်ရှိဆဲ။......။


(အနှစ် နှစ်ဆယ်၊ ကျော်ဝင်း၊ EDITOR'S SKETCH, THE WAVES MAGAZINE, 7/09.NOVEMBER. 2009 မှ ထုတ်နုတ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 17, 2009

Birthday!


မွေးနေ့…

လူတွေ မွေးဖွားကြတယ်… သေဆုံးကြတယ်…
ကိုယ်မွေးခဲ့တဲ့မွေးနေ့ရောက်ရင် လူတွေကဘာလုပ်ကြလဲ….
တချို့လူတွေက အလှူအတန်းတွေလုပ်ကြတယ်…
တချို့လူတွေက ဘုရားသွားကြတယ်…
တချို့လူတွေက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေ လုပ်ကြတယ်…




တကယ်တမ်း ကိုယ့်ကို လူဘဝထဲရောက်အောင် ခေါ်လာခဲ့တဲ့… ခုမွေးနေ့ ဒီအသက်အရွယ်အထိ ရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ရဲ့ကျေးဇူးရှင်မိဘတွေကိုမေ့လျော့နေကြတာများပါတယ်…
ကျွန်မကိုယ်တိုင်လည်း အရင်က မွေးနေ့ရောက်ရင် ဘုရားသွားမယ်… အလှူအတန်းလုပ်မယ်… သူငယ်ချင်းအပေါင်းအသင်းတွေနဲ့မုန့်စားမယ်….
ဒီလိုပဲနေခဲ့တာပါ…
ကျွန်မရဲ့ အသက် (၂၀) ပြည့်မွေးနေ့မှာ သူက
“ ဒီနေ့မွေးနေ့ဆိုတော့ ဘ နဲ့ မယ့် ကို ကန်တော့ …
ဘုရားမှာ အလှူလုပ်ပြီးရင် ဘနဲ့မယ့် ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေလို့ဆုတောင်းပေးပေါ့ … “ လို့ပြောလာတော့ ကျွန်မ တအံတသြနဲ့သူ့ကို ကြည့်မိပါတယ်…
သူ့ကိုလည်း ကျွန်မ ကျေးဇူးတင်မိပါတယ်… ကျွန်မ မေ့လျော့နေတဲ့အချက်ကိုထောက်ပြပေးခဲ့လို့ပါ…
သူကိုယ်တိုင်ကလည်း ကျွန်မကို မွေးနေ့ဆုတောင်းပေးတဲ့အချိန်မှာလည်း ဒီအသက်(၂၀)ပြည့် မွေးနေ့က စလို့ အသက် ၁၀၀ ကျော်တိုင်အောင် ဘနဲ့မယ် ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ … ကျွန်မကိုယ်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ….
ကျွန်မရဲ့အသက် (၂၀)ပြည့်မွေးနေ့ကစပြီး ကျွန်မမွေးနေ့တိုင်းမှာ ဘုရားကန်တော့ပြီးရင် ဘနဲ့မယ့်အတွက် ရည်ရွယ်ပြီး ကောင်းမှုတွေ လုပ်ဖြစ်တယ် အလှူအတန်း လုပ်ပေးဖြစ်တယ်… ဘနဲ့မယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေလို့ ဆုတောင်းပေးဖြစ်တယ်…
ဘနဲ့မယ့်ကို ကန်တော့တဲ့အကျင့် … ဘနဲ့မယ် တို့နဲ့အတူတူ ရှိမနေခဲ့ရင်တောင် ဘယ်နေရာရောက်ရောက် ဖုန်းဆက်ပြီး ကန်တော့တဲ့အကျင့် အကျင့်ကောင်း (၁)ခု ရလာတာ ခုထိပါပဲ…
ကျွန်မရဲ့အကျင့်ကောင်းကို မွေးမြူပေးခဲ့တဲ့ သူနဲ့ကျွန်မ အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြတာ ကြာပါပြီ…
မနက်ဖြန်ဆို သူ့မွေးနေ့ရောက်ပြီလေ…
မနက်ဖြန်မှာကော သူ့ကိုယ်တိုင် ကျွန်မကိုသင်ကြားပေးခဲ့တဲ့ အကျင့်ကောင်းအတိုင်းပဲ သူ့မိဘတွေအတွက် ရည်ရွယ်ပြီး ကောင်းမှူတွေလုပ်မှာလား???
ဒါမှမဟုတ် တခြားသူတွေလိုပဲ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးနေမလား???
ဘယ်လိုပဲဖြစ်ဖြစ်…
သူ့မွေးနေ့မှာ သူ့မိဘတွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ…
သူကိုယ်တိုင်လည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေ… လို့ဆုတောင်းဖြစ်မှာပါ….

မယ်(11:00pm, 15.11.09)

မယ်က သူ့ဆီက ကော်နက်ရှင် အဆင်မပြေလို့ ကျနော့်ကို တင်ခိုင်းထားတာပါ။ ကျနော်ကလည်း အွန်လိုင်းကို မရောက်ဖြစ်လို့
ခုမှတွေ့လို့ တင်ပေးလိုက်တာပါ။ မယ့်သူငယ်ချင်းလေး တယောက်ရဲ့ မွေးနေ့ပါ။

နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်မယ်ရေ ။ ။ အချိန်လေးတော့ မှီနိုင်ကောင်းသေးတယ်မျှော်လင့်ရင်း တင်လိုက်ပါတယ် ။

လေးစား ခင်မင်လျှက်
တာတူး


ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 13, 2009

မွေးနေ့လက်ဆောင်ကဗျာ


၂၃၊၉၊၈၀ ၊ လောကလယ်သို့
လူငယ်တစ်ယောက် ၊ စတင်ရောက်လျက်
ပေါက်မြောက်အောင်မြင် ၊ လမ်းသစ်ထွင်ကာ
သူနှင်ခရီး ၊ လောကကြီးဝယ်
မညည်းမကြောက် ၊ ပန်းတိုင်ရောက်အောင်
တောက်လျောက်ကြိုးစား ၊ မျိုးဆွေများအတွက်
ခွန်အားတစ်ရပ်ဖြစ်ခဲ့ပြီ။



ငယ်သော်ကသား ၊ ကြီးသော်အားဟု
ဝံ့ကြွားမိဘ ဆိုနိုင်ကြပြီ။

ငါ၏မောင်လေး ၊ အနေဝေးလည်း
နွေးထွေးရိုသေ ၊ အားပေးဝေလျက်
သရေမညှိုး ၊ မျိုးဂုဏ်တိုးအောင်
သည်ပိုးထမ်းဆောင် ၊ ချစ်သောမောင်လို့
အစ်မတို့က ဆိုနိုင်ကြပြီ။

ဟိုစဉ်ကာလ ၊ ငယ်ဘဝမှ
အစပြုလျက် ၊ ညီအတွက်ဆို
မားမတ်ရပ်တည် ၊ မြဲချစ်ကြည်သည်
စံမီအစ်ကို ၊ လူတိုင်းဆိုသား
ထိုယောက်ျားသည် ၊ ငယ်ထွေးညီတွက်
မပြတ်မှီခိုအားထားရာ ...
အမြဲကြည်ညိုလေးစားရာ ...



“၂၃၊၉၊၂၀၀၉-နှစ်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့အမှတ်တရ”ဆိုပြီး
ညီလေးရေးပေးတဲ့ ကျနော့်အတွက်မွေးနေ့လက်ဆောင်ကဗျာပါ။
ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတရားကို E-Journal မောင်နှမများအား ဝေငှလိုခြင်းဖြစ်ပါသလို... ကျနော့်ဘဝရဲ့ ချစ်ခြင်းမေတ္တာတရား စတင်ထွန်းကားရာ ရေသောက်မြစ်ဟာ ညီလေးကိုချစ်တဲ့အချစ်ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားလိုခြင်းလည်း ဖြစ်ပါတယ်။


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 8, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၈)

Rules of Etiquette : How to Sneeze Properly

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, November 7, 2009

ရွှေရတုအလွန်


နေမင်းရှိန်ရှိန် ၊ မွန်းတည့်ချိန်ကျော်ခဲ့ပေါ့
မွန်းလွဲနေအကျမှာ ၊ အပူရှိန်ဟာအားပျော့
နေဝင်တော့မယ်။



နေအဝင်မှာ ညင်သာစွာနှုတ်ဆက်
စိတ်လက်ဖြောင့်တန်း ၊ မပင်ပန်းစေလို
ဒါနကိုဝေမျှ ၊ သီလကိုစောင့်ထိန်း
အာရုံတွေသိမ်းလွှတ် ၊ တရားတွင်တွင်ရှု
ဖြစ်ပျက်ဟုနှလုံးသွင်း
ကန္တာရအတွင်းမှ လွတ်ချင်လှသော်လည်း
ကျနေအေးအေး မိရိပ်ဝေးမှ
သားတွေသမီးတွေ ရှိလေရာဆီ
စုန်ချည်ဆန်ချည်နဲ့
ပုတီးကိုချ ၊ မြေးကိုမရင်း
သောကဒုက္ခ ၊ ဝေမျှခံစား
အမေမအားသေးဘူးကွယ်။..........။


**၂၇၊၄၊၂၀၀၈(မွေးနေ့အမှတ်တရ) ဆိုတဲ့ မှတ်ချက်နဲ့ အမေရေးထားတဲ့ (၅၁)နှစ်ပြည့်မွေးနေ့ကဗျာလေးပါ။
E-Journal မှာ သိမ်းထားဖို့စိတ်ကူးရတာနဲ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သလို တစ်ချိန်တည်းမှာပဲ အမေတွေရဲ့ သဘောသဘာဝကို ဝေမျှခြင်းလည်း ဖြစ်ပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, October 28, 2009

The things must be throw out.



တစ်ခါတစ်လေမှာ ဆူဆူညံညံလေးတွေကိုလည်း စိတ်ဝင်စားတတ်တယ်။ ဘာရယ်မဟုတ်ပါဘူး။ မသိတာအတော်များများကို အဘိဓာန်ဖွင့်လိုက်တာပါ။ သဘောကျတာကတော့ ဆိုထားတဲ့ပုံစံလေးနဲ့ သံစဉ်လေးကိုပါပဲ။



စွန့်ပြစ်သင့်တဲ့အရာတွေ


အန္တရာယ်ဆိုတာကို သိရဲ့လား။
မင်းအတွက် ဘာတွေက အနှောင့်အယှက်ဆိုတာကိုရော သိရဲ့လား။
ဟုတ်ပြီလေ။ ဒါတွေကဘာလည်းလို့ မင်းသိချင်မှာပါပဲ။

စဉ်းစားကြည့်လေ။ အန္တရာယ်ဆိုတာဘာလဲလို့။
မင်းအတွက် အနှောင့်အယှက်တွေဆိုတာကိုရော တွေးကြည့်မိရဲ့လား။

အန္တရာယ်ဆိုတာကိုရော ရန်သူလို့သတ်မှတ်မှာလား။
မင်းအတွက် အနှောင့်အယှက်ဖြစ်နေတာတွေကရော ရန်သူတွေပဲလား။
ကဲ-ထားတော့။ အန္တရာယ်၊ အနှောင့်အယှက်နဲ့ ရန်သူဆိုတာဘာတွေလည်းလို့ မင်းသိချင်နေမှာပါပဲလေ။

ရက်စက်မှုဆိုတာ အင်အားပဲ။ အဲဒီ့အင်အားက သူတို့ကိုတွန်းလှန်ဖို့ပေါ့။ ဟုတ်တယ်၊ ရက်စက်မှုကို အင်အားအဖြစ်ပြောင်းလဲရမယ်။ မိန်းမကျင့် မိန်းမကြံဆိုတာကို ကျင့်သုံးပေါ့။ ဓမ္မတေးသီဆိုနေသူတွေလည်း ချီတက်ကြမှာပဲ။ အစဉ်အလာအဖြစ်နဲ့ လိုက်နာနေရတာတွေကိုလည်း ဆန့်ကျင်ရမယ်လေ။ ရုပ်ပြကြီးတွေကို စွန့်ပစ်ထားရမယ်။ အဓိကအချက်ကတော့ ပြောပြောဆိုဆိုလုပ်နေသူတွေရဲ့ကွန်ယက်ကို ဖျက်ဆီးပစ်ရမယ်။

ဆိတ်ဆိတ်နေခြင်းက အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူပဲ။ မင်းရဲ့ အရေးကြီးလိုအပ်ချက်တွေကို စွန့်ပစ်ထားလိုက်။ ဒါမှလည်း မင်းအတွင်းစိတ်ရဲ့ လိုလားမှုတွေကို ဖော်ထုတ်နိုင်မယ်လေ။

မင်းအတွက် အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူဆိုတာကို သိပြီလား။

သွေးထွက်လောက်အောင် အရှုံးပေးရပြီဆိုရင်ပဲ မလိုလားမှုတွေအပေါ် ဆန့်ကျင်မှုဆိုတာ မြင့်တက်လာတတ်တယ်။ ဒါပေမဲ့ မင်းမျက်လုံးတွေကိုတော့ အလိမ်အညာတွေနဲ့ ဖုံးအုပ်မထားစေနဲ့ပေါ့။
ဟုတ်ရဲ့လား။
ရက်စက်မှုဆိုတာ အင်အားပဲ။
ဒီကနေစရေတွက်သွား ဘယ်တော့မှအဆုံးမရှိတော့တဲ့အထိ ရက်စက်မှုဆိုတာ အင်အားပဲ။
ဆိတ်ဆိတ်နေခြင်းက အန္တရာယ်၊ အနှောင့်အယှက်။ ဒါမှမဟုတ်ရင် ရန်သူပဲ။
ကဲ - ဒီတော့ အပြောင်းအလဲလုပ်တာပေါ့။

သုခမိန်

မှတ်ချက်။…..။ GreenDay ရဲ့ Know your Enemy ကို ခံစားကြည့်ခြင်းမျှသာ ဖြစ်ပါကြောင်း။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 27, 2009

သတင်းနှင့် အတွေးအမြင် ... .. .



ဆင်းရဲမှုထောင်ချောက်.... သယံဇာတကျိန်စာ

အောက်ဆုံးမှ သန်း ၁၀၀၀ (တစ်နည်း စူပါကာက သန်း ၁၀၀၀)တို့ မှီတင်းနေထိုင်ရာ နိုင်ငံများမှာ ၂၁ ရာစုကို ဖြတ်သန်းနေရသော်လည်း၊ သူတို့တစ်တွေ၏ အရပ်ရပ်ရေချိန်မှာ ၁၄ ရာစုအဆင့်တွင်သာ တန့်ရပ်ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
..... ဤသို့ ဘာ့ကြောင့် နောက်ကျ ကျန်ရစ်ရသည်ကို ဆန်းစစ်ကြည့်ရာ၊ “ဆင်းရဲမှုထောင်ချောက်” (poverty trap)ထဲ ပိတ်မိနေသောကြောင့်ဟု အဖြေထုတ်သည်။

ကျမ်းရှင်၊ ပါမောက္ခ ကို(လ)လီယာ၏အလိုအရ၊ အဆိုပါနိုင်ငံများ ပိတ်မိနေသော ဆင်းရဲမှုထောင်ချောက်တွင် လက္ခဏာ ၄ ပါးရှိသည်ဟု ဆိုသည်။
ကုန်းတွင်းပိတ်နိုင်ငံများဖြစ်နေခြင်း (being landlocked)
သယံဇာတပေါကြွယ်ဝခြင်း (abundant natural resources)
အုပ်ချုပ်မှုဆိုးဝါးညံ့ဖျင်းခြင်း (bad governmace) နှင့်
ပြည်တွင်းစစ် (civil wars) တို့ဖြစ်သည်။ ဤလက္ခဏာတစ်ခုချင်းစီကိုလည်း သူက ရှင်းပြသည်။
ပထမလက္ခဏာကို ရှင်းပြရာတွင် ပထဝီအရ ကုန်းတွင်းပိတ်ဖြစ်တိုင်း ပြဿနာရှိသည်မဟုတ်။ အိမ်နီးချင်းနိုင်ငံများကပါ ဆင်းရဲပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် သီးခြားကင်းလွတ်နေသည်ကသာ တကယ့်ပြဿနာဟုဆိုသည်။
.....................................................................

သယံဇာတပေါကြွယ်မှုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပေးလက်ဆောင်ဟု ဆိုနိုင်သည့်တိုင် လက်တွေ့တွင်ဤသို့မဖြစ်။ နိုင်ငံရေးအီလစ်များကြား အကျင့်ပျက်ခြစားမှုနှင့်၊ အုပ်စုတိုက်ပွဲ (တစ်နည်း သယံဇာတလုပွဲ)များအတွက်သာ ရေခံမြေခံဖြစ်နေသည်။ ဤအနေအထားကို တတိယလက္ခဏာ (အုပ်ချုပ်မှု ဆိုးဝါးညံ့ဖျင်းခြင်း)က အားဖြည့်လျက်ရှိရာ၊ ကံကောင်းခြင်းလက်ဆောင်သည်ပင် ကျိန်စာတစ်ခုလို ဖြစ်လာရတော့သည်။ ဤသည်ကို နောက်ပိုင်းပညာရှင်များက “သယံဇာတကျိန်စာ”(resource curse) ဟု ခေါ်သည်။

ဆိုခဲ့ပါလက္ခဏာသုံးပါးကို ပို၍သည်းသန်ပြင်းထန်စေပြီး၊ နောက်ဆုံး တွင်းမည်းကြီးထဲသို့ ဆွဲခေါ်သွားနိုင်သည်မှာ၊ စတုထ္ထလက္ခဏာပြည်တွင်းစစ်ဟု ကျမ်းရှင်က သုံးသပ်ပြပါသည်။

EDITOR'S CHOICE , THE WAVES MAGAZINE 7/09.NOVEMBER.2009 မှ ထုတ်နုတ်ပါသည်။




ဆက်ဖတ်မယ်ဆိုရင် ...

Sunday, October 25, 2009

Answer of Previous Puzzle!

"ပဠေဟိလေးရဲ့ အဖြေ"

ကျနော်လည်း အရင် ရက်တွေက အလုပ်နဲနဲ များနေလို့ ပဠေဟိ ကို အဖြေ မညှိ ဖြစ်တာပါ။ လာလည်ပြီး ဖြေပေးသွားကြသော ကိုမာရေးသျှင်၊ Waing၊ ၀ါခေါင်မိုး၊ အေးမြနှင်းရည် နှင့်တကွ လာလည် ကြသော ညီအကို မောင်နှမအားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဖြေ ပေးသွားကြသာသူ အားလုံး မှန်ကြပါတယ် ခင်ဗျာ။
ကျနော် သိထားတဲ့ အဖြေလေး တစ်ခုနဲ့ စဉ်းစားပုံကိုတော့ အချိုပေါ် သကာလေး လောင်းခွင့်ပြုပါ။

ကျနော်တို့ စတင် စဉ်းစားကြသည့်အခါ (အဖြေမှန်ရသွားသော ကောင်မလေး) မိမိ ခေါင်းပေါ်က သရဖူသည် မသိကိန်း တစ်ခုသာ ဖြစ်သည်။ မိမိရှေ့တွင် ရွှေ သရဖူ နှစ်ခု ရှိနေသည်။



ဆိုကြပါစို့ ကျနော်တို့ ကိုယ် ကျနော်တို့ A ဖြစ်သည်ဟု ယူဆကြပါစို့။ ကျနော်တို့ ရှေ့ရှိ B နှင့် C တို့တွင် ရွှေသရဖူ အသီးသီး ရှိနေသည်။ B သည် C ၏ ဦးခေါင်းပေါ်ရှိ ရွှေသရဖူကို မြင်၍ လက်ထောင်ခြင်း လည်း ဖြစ်နိုင်သည်။ ထို့အတူ C သည် B ၏ ဦးခေါင်းပေါ်ရှိ ရွှေသရဖူကို မြင်၍ လက်ထောင်ခြင်း လည်း ဖြစ်နိုင်သည်။ ထိုအခါ ကျနော်တို့ ဦးခေါင်းပေါ်မှ သရဖူသည် ရွှေ သရဖူလား ၊ ငွေသရဖူလား . . . ကျနော်တို့ ဇဝေဇ၀ါ ။

ကျနော်တို့ B နေရာက ဖြစ်စေ C နေရာက ဖြစ်စေ ၀င်စဉ်းစားကြည့်သည့်အခါ ထို အတိုင်းပဲ ဇဝေဇ၀ါ အဖြေသာ ရလေသည်။

ဘုရင်ကြီးက အားလုံးကို တန်းတူ အခွင့်အရေး ပေးမည်ကလည်း အသေအချာ။ ကျနော်တို့ မည်ကဲသို့ စဉ်းစားမည်နည်း။ မိမိရှေ့မှ တယောက်ကို မေးရအောင်ကလည်း အားလုံးက အတူတူ ယှဉ်ပြိုင်နေကြခြင်းသာ။ မည်သူမျှ အဖြေကို ထုတ်ပြောရလောက်အောင် အ လိမ့်မည် မဟုတ် ။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ရမ်းသမ်းပြောရအောင် ကလည်း ဘုရင် ငြိုင်ပါက မိမိ အသက်ပါ အိုးစာကွဲဖို့ ရှိလေသည်။ သေခြာသော အဖြေရမှ ဖြစ်မည်။ သေခြာတာကတော့ မိမိ ပြိုင်ဘက် နှစ်ယောက်သည်လည်း သာမန် အမျိုးသမီးတို့ထက် သာလွန်သော အရည်အချင်း ရှိသူများသာ။ သူတို့ ဘာတွေ တွေးနေမလဲ ။ ဘယ်လိုတွေများ တွေးနေမှာလည်း . . . ခုထိတော့ အားလုံးက ငြိမ်ငြိမ် သက်သက်. . . သူတို့ မျက်လုံးကိုဖတ်သည့် အခါ သူတို့လည်း အဖြေကို ဇဝေဇ၀ါဖြင့် စဉ်းစားဆဲ ။



ဟုတ်ပြီ . . . ကျနော်တို့ တစ်မျိုး စဉ်းစား ကြည့်ရအောင်။ အထက်ပါ ပုံကိုပဲ ပြန် ကြည့်ပါ။
မိမိ ဦးခေါင်းပေါ်က သရဖူသည် ငွေဖြစ်သည် ဆိုပါစို့။
ထိုအခါ
B သည် မိမိ(A)ဦးခေါင်းပေါ်မှ ငွေသရဖူနှင့် C ၏ ဦးခေါင်းပေါ်မှ ရွှေသရဖူ ကို မြင်ရမည်။ ထို့အတူ C သည်လည်း မိမိ(A)ဦးခေါင်းပေါ်မှ ငွေသရဖူနှင့် B ၏ ဦးခေါင်းပေါ်မှ ရွှေသရဖူ ကို မြင်ရမည်။

“ပဠေဟိ ၏ ဥပဒေသမှာ မိမိရှေ့ရှိ တစ်ဦးဦး၏ ဦးခေါင်းပေါ်တွင် ဖြစ်စေ ၊ နှစ်ဦး စလုံး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ရွှေသရဖူ မြင်ပါက ညာလက်ကို မြှောက်ထားရမည်။”

ထိုအခါ B နှင် C အဖို့ လွယ်ကူသွားမည်။

B နေရာမှ စဉ်းစားပါက သူ့ရှေ့တွင် ရွှေ သရဖူ တစ်ခု၊ ငွေ သရဖူ တစ်ခု။ C ကလည်း လက်ထောင်ထားသည်။ ထိုကြောင့် C မြင်ရသည်က လည်း ရွှေသရဖူ တစ်ခု ငွေ သရဖူ တစ်ခုသာ ဖြစ်မည်။ A ၏ ဦးခေါင်းပေါ်တွင် ငွေ သရဖူသာ ရှိသည်။ ထိုအခါ မိမိ (B)ခေါင်းပေါ်မှ သရဖူသည် ရွှေသရဖူ ဖြစ်သည်မှာ အသေအချာ။

C နေရာက ထပ်ပြီး ၀င်စဉ်းပါကလည်း ထို့အတူ အဖြေသာ ရမည်။

သို့သော် စက္ကန့်၃၀လောက် အထိ သူမတို့ ဇဝေဇ၀ါ သာ ရှိသေးသည်။ အထက်ပါ မိမိ (A) ၏ ဦးခေါင်းပေါ်တွင် ငွေသရဖူ ရှိနေခြင်းသာ မှန်ကန်ခဲ့ပါက သူမတို့ အဖို့ ထိုမျှလောက် စဉ်းစားနေစရာလိုသော ပုစ္ဆာ မဟုတ်။ သူမတို့ ၂ ဦးက အဖြေကို စောလျှင်စွာ ဖြေနှင့်ပြီး ဖြစ်မည်။ ဘုရင်ကြီးကလည်း အားလုံးကို တန်းတူ အခွင့်အရေး ပေးရာ ကျမည် မဟုတ်။ ထို့အတူ ပုစ္ဆာသည်လည်း လွယ်ကူနေပေလိမ့်မည်။

ကဲ . . . မိမိ (A) ၏ ဦးခေါင်းထက်တွင် ရွှေသရဖူ ရှိနေသည် ဆိုပြီး ထပ်မံ စဉ်းစားကြပါဦးစို့။
ထိုအခါ ပုစ္ဆာ သည် အထက်က စဉ်းစားသကဲ့သို့ မလွယ်လှပဲ အဖြေကို စဉ်းစား မရချေ။
ထို့ကြောင့် သူမတို့ နှေင့်နှေးနေခြင်းမှာ ဤအကြောင်းသာ ဖြစ်သည်။ ထို့ကြောင့် မိမိဦးခေါင်းပေါ်မှ သရဖူသည် ရွှေသရဖူ သာဖြစ်လေသည်။
ထို့နောက် သူမ ထောင်ထသော လက်ကို ပြန်ချ၍ မတ်တက်ရပ် လိုက်သည်။
ထို့နောက် မိမိဦးခေါင်းပေါ်မှ သရဖူသည် “ရွှေသရဖူ” ဖြစ်ပါသည် အရှင်မင်းကြီးဟု လျောက်ထားလိုက်ပါတော့သည်။

လေးစား ခင်မင်လျက် . . .
တာ တူး


ဆက်ဖတ်မယ်ဆိုရင် ...

Friday, October 9, 2009

Puzzle!


"ပျော်စရာ ပဠေဟိလေး တစ်ခု"

လာလည် ကြသော ညီ အကို မောင် နှမများ အတွက် အပျင်းပြေ ပဠေဟိ လေး တစ်ခု နဲ့ ဧည့် ခံ လိုက်ပါတယ် ခင်ဗျာ။


ဟိုးရှေးရှေးတုံးက ဘုရင်ကြီး တပါးဟာ တိုင်းပြည်တခုမှာ အုပ်စိုးသတဲ့ ။ အဲဒီ ဘုရင်က ပညာတတ် ဘုရင် ဖြစ်လေတော့ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေကို ကျေးတော် ကျွန်တော် တွေလို့ အထင်အမြင် သေးသေး မထားပဲ သူက အဲဒီလူတွေရဲ့ ဦးဆောင်သူ တယောက်မျှသာ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ ခံယူတော်မူသတဲ့။ မင်းဘဏ္ဍာတော် ရဖို့ အခွန်အတုပ်တွေ နင်းကန် မကောက်ပဲ မျှတရုံ တော်သင့်ရုံသာ ကောက်၊ လယ်ယာ ကိုင်းကျွန်း စည်ပင်ပြန့်ပွားဖို့ တိုးတက်ကောင်းမွန်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လူမှု့ရေး ၊ အစစ အရာရာ မျှတအောင် တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်တော် မူတယ်တဲ့။ တိုင်းပြည်ကလည်း ဦးဆောင်သူ ဘုရင်က ကောင်းလေတော့ စည်စည်ပင်ပင် ဖွံ့ဖွံ့ဖြိုးဖြိုးပေါ့။ အမှိုက်သိမ်းတဲ့ လူက အစ ဆယ်လူလာ ခါးကြားညှပ်လို့၊ အိမ်ခြေ ယာခြေမဲ့ ဆိုတာကလည်း နတ္ထိ။ အသက်အရွယ်တွေကြီးရင့်မှ မနိုင်ဝန်တွေ လုပ်နေရတဲ့ အိုကြီး အိုမတွေလည်း မရှိ။ အလှူတွေ ပွဲလမ်းသဘင်တွေ ကြက်ပျံမကျနဲ့ မုဆိုးမတောင် ဘုရားတည်နိုင် လောက်အောင် ပြည့်ဝ စည်ပင်လို့ ပေါ့။





အဲဒီလိုနဲ့ တိုင်းပြည်ကြီးက စည်ပင်ဝပြောလာတော့ အရေးအရာတွေ လုပ်စရာတွေက များလာ သပေါ့။ တချို့ အရာတွေကျတော့ ဘုရင် ကိုယ်တော်တိုင် ပြုလုပ် အဆင်ပြေပေမယ့် တချို့ အရာတွေကျ အဆင်မပြေလှပေဘူးပေါ့။ အမျိုးသမီး ရေးရာတို့၊ မိခင်နဲ့ ခလေးတို့လို ကိစ္စတွေပေါ့လေ။ အဲဒါနဲ့ ဘုရင်ကြိးက သူ့အတွက် တိုင်းပြည်ထဲက အမျိုးသမီး တယောက်ယောက်ကို မိဖုရား မြှောက်ဖို့ အကြံ ဖြစ်သတဲ့။ သူ့ရဲ့ အကြံပေး မူးကြီး မတ်ကြီးတွေ ပရောဟိတ်ဆရာကြီးတွေနဲ့ ခေါင်းချင်ဆိုင် တိုင်ပင်သတဲ့။
ရုပ်ရည် ရူပကာ လှပယုံလေး ဆိုရင်လည်း သူ့တိုင်းပြည်ထဲ ဗြူတီပါလာ တွေသာ များလာမယ် တိုင်းပြည်က ဒီထက်စည်ပင်ဖို့ မိဖုရားရဲ့ အထောက်အကူ မရနိုင်ပေဘူးပေါ့။
အသံ သာတာလေး ရွေးမယ်ဆိုတော့လည်း သူ့တိုင်းပြည်ထဲ ကာရာအိုကေ ဆိုင်တွေသာ မိုးဥိးကျ မှိုတွေ ထသလိုသာ ဖြစ်လာမယ် တိုင်းပြည်က တိုးတက်မယ် မဟုတ်ပေဘူးပေါ့။
စာတတ်ပေတတ်တွေ ရွေးမယ် ကြံတော့လည်း ကြက်တူရွေးလို စာတွေ သင်ပြီး စာတွေပဲ တတ်တာတွေ ရွေးမိမှာလည်း စိုးရိမ်တော် မူပြန်တယ်တဲ့။
တော်ကြာ ပညာတော့ တတ်ပါရဲ့ မိဖုရား ဖြစ်လောက်တဲ့ ရုပ်ရည် မရှိပြန်ရင်လည်း အခြားတိုင်းပြည်တွေက ကဲ့ရဲ့ကြမှာ စိုးရိမ်တော် မူကြပြန်သတဲ့။
အဲဒါနဲ့ နောက်ဆုံးကျတော့ အကောင်းဆုံး ဖြစ်မယ်ထင်တာနဲ့ ဒီဘက်ခေတ်ဆို Miss Universe ရွေးသလိုပေါ့ အဆင်းလေးရော အချင်းလေးရော မျှတပြိး ပါအောင် ရွေးဖို့ လုပ်ကြသတဲ့။ တိုင်းပြည်ထဲမှာ ရှိတဲ့ အိမ်ထောင်မကျသေးသော အပျိုဟူသမျှ လွပ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရသတဲ့။ တန်းတူ ညီမျှ အခွင့်အရေးပေါ့လေ။ ၀န်ကြီး သမီးမို့၊ စစ်ကဲကြီး သမီးမို့၊ ရွာစား သမီးမို့၊ လယ်သူမမို့၊ ကောက်စိုက်သမမို့၊ ဇီးသီးသည်မို့ ခွဲခြားထားတာတွေ မရှိ၊ စည်းမျဉ်းတွေက တန်းတူပေါ့။ အဲဒါနဲ့ လူတန်းစား အလွှာအသီးသီးက လုံမပျိုတွေနဲ့ ပြည်လုံးကျွတ် မိဖုရား ရွေးချယ်ပွဲ အဆင့်ဆင့် ကျင်းပလာလိုက်တာ . . . . . . . . . နောက်ဆုံးကျတော့ စကာတင် ၃ ယောက်ပဲ ကျန်သတဲ့။

အဲဒါနဲ့ ဘုရင်ကြီးက အဲဒီ မိဖုရာလောင်း ၃ ဦးကို သူကိုယ်တော်တိုင် နောက်းဆုံး မေးခွန်း၂ခု မေးပြီး ရွေးချယ်တော် မူမယ်လို့ မိန့်တော်မူသတဲ့။
အဲဒီ နောက်ဆုံး မေးခွန်း မေးမယ့်နေ့ကျတော့ ဘုရင်ကြီးက လုံမပျို ၃ ယောက်ကို ဖိုခနောက်ဆိုင်ပုံ (၃ နားညီ တြိဂံ ပုံစံ) တစ်ဦးမျက်နှာ တစ်ဦး မြင်သာအောင် ထိုင်ခိုင်းလိုက်ပြီး
အသင် လုံမပျိုတို့ သင်တို့သည် ငါတို့ တိုင်းပြည်ထဲမှ အထူးချွန် အလိမ္မာဆုံး လုံမပျိုများ ဖြစ်ကြသည်။ ယခု အချိန်အထိ အသင်တို့ ၃ဦးစလုံးသည် မိဖုရား ဖြစ်ဖို့ အခွင့်အရေး တန်းတူ ရှိကြသည်။ သို့သော် သင်တို့အထဲမှ အထူးချွန် အလိမ္မာဆုံးသောသူသာ မိဖုရား ဖြစ်ခွင့် ရှိသည်။ မိဖုရား ဖြစ်သူသည် ငါနှင့်အတူ တိုင်းပြည် အကျိုး ဦးစီး ဆောင်ရွက် တော်မူရမည်။ မိဖုရား မဖြစ်သူများကလည်း တိုင်းပြည် အကျိုးကို မိမိတို့ အစွမ်းရှိသမျှ ဆောင်ရွက်ဖို့ ကြိုတင် မိန့်မှာ လိုပေသည်။ ယခု မေးခွန်းများ မမေးခင်
သင်တို့ မျက်နှာတွေကို ပ၀ါစဖြင့် ဘာမှ မမြင်ရအောင် စည်းထားမည်။ နောက် သင်တို့ ဦးခေါင်းတွေပေါ်မှာ ငါကိုယ်တော် သရဖူ တခုစီတင်ပေးမည်။ သင်တို့ ဦးခေါင်းပေါ်က သရဖူသည် ရွှေသရဖူ ဖြစ်ချင် ဖြစ်မည်၊ ငွေသရဖူ ဖြစ်ချင်ဖြစ်မည်။ သုံးဦး လုံး၏ ဦးခေါင်းပေါ်တွင် သရဖူ အသီးသီး တင်ပြီးပါက သင်တို့ မျက်လုံးကို စည်းထားသော ပ၀ါစများကို တပြိုင်နက် ဖြူတ်ချပေးလိုက်မည်။ ထိုအခါ သင်တို့အထဲမှ အခြား နှစ်ဦးကို အသင်တို့ ရှေ့တွင် မြင်ရမည်။ သင်တို့ ရှေ့ရှိ နှစ် ဦးထဲမှ တစ်ဦး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ၊ နှစ်ဦး စလုံး၏ ဦးခေါင်းပေါ်တွင်ဖြစ်စေ ရွှေသရဖူ မြင်ပါက သင်တို့၏ ညာလက်ကို မြှောက်ထားရမည်။

သင်တို့ဦးခေါင်းပေါ်တွင် ရှိသော သရဖူသည် မည်သည့် သရဖူ ဖြစ်သည်ကို သင်တို့ မှန်းဆ သိရှိလိုက်လျှင်လိုက်ချင်း သင်၏ ထောင်ထသော လက်ကို ချရမည်။ ထို့နောက်
(၁) သင့်ဦးခေါင်းပေါ်တွင် မည်သည့် သရဖူ ရှိသည်ကို ထုတ်ဖော်ပြောပြရမည်။

(၂) ထိုအဖြေကို မည်ကဲ့သို့ ရရှိလာသည်ကို လည်း ရှင်း ပြရမည်။ ”

ထိုကဲသို့ မိန့်တော် မူပြီးနောက် ဘုရင်ကြီးက သူ၏မင်းချင်းများကို လုံမပျို ၃ ယောက်စလုံး၏ မျက်နှာတွင် ပ၀ါများ စည်းစေပြီးနောက် သူကိုယ်တော်တိုင်ပင် ၃ ယောက်စလုံး၏ ဥိးခေါင်းထက်တွင် ရွှေသရဖူ တစ်ခုစီ တင်ပေး လိုက်သည်။
ထို့နောက် သူ၏် မင်းချင်းများကို လုံမပျိုများ မျက်နှာပေါ်မှ စည်းထားသော ပ၀ါများကို တပြိုင်နက်တည်း ဖြူတ်ချ ခိုင်းလိုက်သည်။

တခဏမျှ နေပြိးနောက် မိန်းမပျို ၃ ဦး စလုံး သူတို့၏ ညာလက်များကို မြှောက်လိုက်ကြသည် ။ နန်းတော် တစ်ခုလုံးကလည်း မိမိအသက်ရှူသံကို ပြန်ကြားရလောက်အောင် ရင်ခုန်စွာဖြင့် တိတ်တိတ်ဆိတ်ဆိတ်. . . ။ အချိန် အတော်ကြာမှ ( စက္ကန့်၃၀လောက် အကြာမှ ) သူတို့ ၃ ဥိးထဲမှ တစ်ဦးက သူမ၏် မြှောက်ထားသော လက်ကိုချလိုက်ပြိး သူမ ဦးခေါင်းထက်မှ သရဖူသည် . . . .
ဖြေဆိုလိုက်ပြိး သူမသည် ဘုရင်ကြီး၏ မိဖုရား ဖြစ်သွားကာ တိုင်းပြည်ကို သာယာဝပြော ပိုမိုစည်ပင်အောင် ကူညီ သွားသတဲ့ ကွယ် . . . .

ပုံပြင်လေး အဲ မှားလို့ ပဠေဟိလေးက နံပတ် (၁) နဲ့( ၂) ပါ။ အဲဒီ လုံမပျိုလေး အဖြေကို ဘယ်လိုရသွားသလဲ ဆိုတာ ကူညီ စဉ်းစားပေးကြပါ။

အပျော် လေး ပေါ့ ခင်ဗျာ. . .

လေးစား ခင်မင်လျက် . . .
တာ တူး


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 20, 2009

Tree!


ကျနော်လည်း ဘလော့လောကကနေ ပျောက်နေတာ ကြာလှပါပြီ။ လူက အသစ်တစ်ခုမှ ရေးလို့ မပြီးပြတ်။ ခံစားချက် ကလေး ရေးလိုက် ၊ ပညာရေးလေး အကြောင်းတွေးလိုက်၊ ပတ်ဝန်းကျင် အကြောင်း စာစီမိလိုက်၊ လူတစ်ချို့အကြောင်း ချရေးလိုက်၊ ဒေသန္တရ ဗဟုသုတ တစ်ခုခုကို ဝေမျှချင်လိုက်၊ ခေတ်ပြိုင် သမိုင်းတစ်ချို့ကို ဆေးခြယ်ချင်လိုက် ။ ဘာတစ်ခုမှ လက်စ မသတ်နိုင်လှ။ သြော် ဒါကတော့ ရေးလို့ မသင့်တော်လှ။ ဒါတော့ မဟုတ်သေး။ ဒီလို အတွေးတွေ နဲ့ချာချာလည်။ နောက် ပြီး လူက ပျင်း၊ ခံစားမှုဈာန်က ဖမ်းလို့မမိ။ တခါတစ်ရံကျတော့ စိတ်နှင့်ကိုယ်က အားလပ်တဲ့ အချိန်ချင်း မတိုက်ဆိုင်လှ။

စက်တင်ဘာ ၁၉ ဆိုတာက ကျနော့် မွေးနေ့ထက် ကျနော့် ဘ၀မှာ ပိုပြီး မှတ်မိသိရှိနေသော ထို့ထက် ကျနော့်ဘ၀မှာ အရေးပါလှသော နေ့တစ်နေ့။ အမှတ်တရတစ်ခုခုအဖြစ် စာတစ်ပုဒ်၊ ကဗျာ တစ်ပိုဒ် ရေးဖွဲ့ချင်သော်လည်း ယခုအထိ လက်စက မသတ်နိုင်။ ဒါနဲ့ပဲ ဆရာကိုတာရဲ့ “သုစရိတ စက်ဝန်း” (မြန်မာလို အနက်ကတော့ ကောင်းမှု့ကုသိုလ် စက်ဝန်း) ဆိုတဲ့ စာအုပ်ထဲက “သစ်ပင်” ဆိုတဲ့ Article တစ်ခုကို ကျနော်ဖတ်လို့သဘောကျတာနဲ့ အားလုံးအတွက် ဝေမျှလိုက်ပါတယ် ။ တခြား article တွေလည်း မဆိုးပါ။ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အတွက်တွေ များပါတယ်။ စာအုပ်ရဲ့ အမြည်းအဖြစ် သစ်ပင် ဆိုတဲ့ ခေါင်းစဉ်လေးကို မြည်းကြည့်ပါ။


သစ် ပင်


စိတ်ချမ်းသာခြင်းကိုတော့ ၀ယ်လို့ မရ။ ထိုအရာကား ကိုယ်တိုင် ပြုစု ပျိုးထောင်ရသော အရာ ဖြစ်လေသည်။






တရုတ် စကားပုံတစ်ခု ရှိသည်မဟုတ်လော။ သုံး နာရီကြာ စိတ်လှုပ်ရှား သဘောခွေ့လိုသော် လောင်းကစားလုပ်၊ သုံးပတ်ကြာ ပျော်လိုသော် ခရီးသွား ၊ သုံးလကြာ စိတ်ချမ်းသာလိုသော် ထိမ်းမြား၊ အိမ်သစ်တလုံးဆောက်လျင်ကား သုံးနှစ် ကြာ စိတ်ချမ်းသာလိမ့်မည်။ “ အမှန်တကယ်နှင့် ကြာရှည် ချမ်းသာရလိုလျှင်ကား သစ်ပင်စိုက်လျက် သစ်ပင်တို့နှင့်နေ” ။
သစ်ပင်များကား ပွင့်သောအခါမှ၊ အသီးသီး အရိပ်ရသောအခါမှ ပျော်ရွှင်စေသည် မဟုတ်။ မြေကြီးတွင် သစ်စေ့များ ချသော တဒင်္ဂမှစပြီး ရေလောင်းသောအခါ၊ ပေါင်းသင်သောအခါ၊ မြေဆွသောအခါ ပျော်ရွှင်သော ခံစားမှု့ကို ခံစားရစေသည်။ သစ်စေ့မှ အပင်ပေါက်၊ တဖြည်းဖြည်း ကြီးလာသည်နှင့်အတူ ကျွန်တော်တို့၏ ပျော်ရွှင်သော ခံစားမှုများလည်း တဖြည်းဖြည်း ကြီးလာလေ့ရှိသည်။ “ သဘာဝ” ထဲ မှာ နေရင်း အချိန်ကုန်လေ့ရှိသူတို့ ဒါကိုသိကြသည်။ ငြီးငွေ့စရာချည်းဟု ထင်ရသော ဘ၀ကား စင်စစ် ချမ်းသာသောဘ၀၊ ပင်ကိုယ်ငြိမ်းအေးမှု၊ ငြိမ်သက်မှုနှင့် ပြည့်လျှမ်းသော ဘ၀။

သစ်ပင်စိုက်လျက် ပတ်ဝန်းကျင်ကို စောင့်ရှောက်၊ “သဘာဝ” ၏ အစိတ်အပိုင်းဖြစ်ဖို့ အခွင့်အရေးရခြင်းကား ကျွန်တော်အဖို့ တကယ့်သုခဖြစ်သည်။ သဘာဝ၏ အကျိုးကျေးဇူးကို ခံစားရုံ၌သာ ရပ်မနေပဲ ပတ်ဝန်းကျင်ကို ပြုစုစောင့်ရှောက်ရာတွင် ကျွန်တော်တို့ တက်တက်ကြွကြွ လုပ်သင့်သည်။ ယခုကာလတွင် ထိုသို့သော အခွင့်အရေးမျိုး နည်းတော့ နည်းသည်။တောအုပ်ရိုင်းများက ဆက်တိုက် ကြုံ့လာသည်။ တောရိုင်းများ ပြန်လာအောင် လက်တွဲ ဆောင်ရွက်ကြဖို့ လိုသည်။ဒါသည် ကျွန်တော်တို့ ကိုယ်ပိုင်လက်များဖြင့် “ပျော်ရွှင်ခြင်း” ကိုစိုက်ခြင်း နိဒါန်းဖြစ်သည်။

တချိန်ထဲ၌ မိမိနှလုံးသား၌ရှိသော “သစ်ပင် တစ်ပင်” ကိုလည်း အပြင်မှသစ်ပင်ထက်မလျှော့ပဲ ဂရုစိုက်ဖို့ အရေးကြီးသည်။ ထိုသစ်ပင် ရှင်သန်သည်နှင့် အမျှ ကျွန်တော်တို့ စိတ်ငြိမ်းချမ်းသောကြောင့်ဖြစ်သည်။ ထိုသစ်ပင် ဘယ်လိုနေသလဲ၊ ကျန်းမာသန်စွမ်းသလား၊ ကြုံလှီ ညိုးရော်သလား ကျွန်တော်တို့ စိတ်မနောအတွင်းမှ ထိုသစ်ပင်အား ကျွန်တော်တို့ ဘယ်ကလောက် ဂရုစိုက်ပါသလဲ။

လူအများစုကြီးကတော့ သူတို့အထဲတွင် သူတို့ကိုယ်တိုင် ပြုစု ဂရုစိုက်ရန်လိုသော သစ်ပင်တစ်ပင် ရှိနေလေရဲ့ ဆိုသည်ကိုပင် သတိထားကြပုံ မပေါ်။ ထိုသစ်ပင် ရှင်သန်ရဲ့လား၊ ညိုးနွမ်းသလား လုံးလုံးလျားလျား သတိမထားနိုင်ကြ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ကျွန်တော်တို့ အချိန်မပေးကြသောကြောင့် ဖြစ်၏။ အချိန်အများစုကို ဗဟိဒ္ဓအရာများနှင့် အလုပ်ရှုပ်နေကြသကိုး။ မိတ်ဆွေ၊ တီဗွီ တို့နှင့် မဆုံးနိုင်ကြ။ ထိုအရာများကို မလုပ်မဖြစ်ဟု ကျွန်တော်တို့ တွေးကြသည်။ အတွင်း အဇ္ဈတ္တပြဿနာများကို ရှောင်ရန် အပြင်ဗဟိဒ္ဓသို့ ကြည့်နေကြသည်။ စိတ်ထဲက “သစ်ပင်” ကို လျစ်လျူရှု့လိုက်ကြသည်။ ဖျက်ပိုးများ၊ ပေါင်းပင်များ၊ မိုးခေါင်ခြင်းများနှင့် သူ့ခမျာ တိုးတော့သည်။ သို့သော် ယခုကား ပြန်လှန်ကြည့်၍့ “ကျွန်တော်တို့၏ သစ်ပင်” ကို ပြုစုဖို့ အချိန်ကျပြီ။

ဤကိစ္စမှာ လုံးဝ မခက်ခဲပါ။ ကောင်းတာတစ်ခုလုပ်လျှင်၊ တစ်ခုခု ပေးကမ်းလိုက်လျှင်၊ တစ်စုံတစ်ယောက် စိတ်ချမ်းသာအောင် ပြုလုပ်လိုက်လျှင် ကျွန်တော်တို့အတွင်းက သစ်ပင်ကို ကျွန်တော်တို့ ရေလောင်းနေခြင်း ဖြစ်သည်။ ပို၍ ပိုင်ဆိုင်လေ ပို၍ ပျော်လေလေဟု ကျွန်တော်တို့ သင်ခဲ့ကြရသည်။ ဒါကြောင့် ပျော်ရွှင်ခြင်းကို ၀ယ်လို့ရသည်ဟု လူတော်တော်များများ တွေးခဲ့ကြသည်။ ထို့ကြောင့် အရာဝတ္ထုများနောက် ပြေးလိုက်ခဲ့ကြသည်။ ပေးကမ်းခြင်းမှရသော ပျော်ရွှင်ခြင်းမှာ ပို၍နက်ရှိုင်းကြောင်း ပို၍သာကြောင်း လူနည်းစုသာ သိသည်။ ပေးကမ်းခြင်းကား စိတ်ထဲမှ သစ်ပင်ကို ရေလောင်း၏။ ရှင်သန်ကြီးထွားလာသော် အပွင့်များ၊ အရိပ်များ ပေးလိမ့်မည်။ မယှဉ်သာသော ငြိမ်းချမ်းမှု ခင်ဗျားကိုပေးမည်။

သစ်ပင်စိုက်သော ပရိုဂျက်တစ်ခုတွင် လုပ်အားပေးသူအများစုသည် မထင်မှတ်သော ပျော်ရွှင်ချမ်းမြေ့မှုရကြောင်း ပြောကြသည်။ ၂ရက်ကြာသော ထိုပရိုဂျက်အဆုံး၌ မိန်းမပျိုတစ်ယောက်က ၀န်ခံသည်။ ပထမ ကနဦး စေတီပုထိုးရှေ့က ကွင်းပြောင်ပြောင်ကိုကြည့်ရင်း သူဟာတော့ မြက်ပင်တွေလို အစုအဝေးကလေးပဲလို့ ခံစားရသတဲ့။ သစ်ပင်များ စိုက်ပြီးသောအခါမူ သူဟာသစ်ပင်တစ်ပင်ပဲလို့ ခံစားရသတဲ့။ စိတ်ထဲကသစ်ပင် ရှင်သန်လာတာကိုး။ အသုံးဝင်သော တစ်စုံတစ်ရာကို မိတ်ဆွေများနှင့်အတူ ၂ ရက်လုပ်ရုံမျှနှင့် အင်အားရှိလာသည်။ မြက်ပင်မှ သစ်ပင် ဖြစ်လာသည်။ ကျွန်တော်တို့လည်း သည်အတိုင်းပင်။ တစ်ယောက်ချင်းအပေါ် မူတည်သည်။ အတွင်းစိတ်က သစ်ပင်ကို ဘယ်လိုစိုက်၊ ဘယ်လို ပြုစုစောင့်ရှောက်မလဲ။ စိတ်ချမ်းသာမှုကား သစ်ပင်နှင့်မခြားနား။ ငယ်သေးလျှင် မိုးကောင်းကင်နှင့် ဥယဉ်မှူးထံမှ ရေလိုသည်။ ကြီးလာသော် သစ်ပင်သည် အထက်သို့သာ တတ်သည်မဟုတ်၊ အောက် မြေကြီးသို့လည်း အမြစ်တွယ်သည်။ အမြစ်များ ရေကြောသို့ ရောက်လျှင်မူ မိုးခေါင်သည်ဆိုဦး စိမ်းလန်းနေမည်။ အောက်မှ ရေရနေသကိုး။

အမှန်စင်စစ် ခြောက်သွေ့ပက်ကြားအက် ခရောင်းမြေအောက်၌ပင် ရေရှိနိုင်သည်။ ကျွန်တော်တို့လည်း မကြာခဏ ခရောင်းမြေလိုပင် မျှော်လင့်ချက် ကင်းပသယောင် ခံစားရတတ်သည်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးသွား၊ စားကောင်းသောက်ဖွယ်၊ အပျော်အပါး၊ စိတ်လှုပ်ရှားဖွယ်ရာများ ရှာကြံရသည်။ သို့သော် ထိုသို့သော ခံစားမှုများ ကြာရှည်မခံ။ ကောင်းကင်မှ ကျလာမည့် မိုးရေအပေါ် မှီခိုနေရသော သစ်ပင်နှင့်သာ တူသည်။ ဥတုခန်းခြောက်သော် ထိုသစ်ပင် ကြုံလှီသည်။ မြေကြီး၌ နက်နက်ဝင်သော အမြစ်ရှိသည့်သစ်ပင်၊ အတွင်းမှ ရေကြောသို့ရောက်သော သစ်ပင်ကား အတွင်းမှ ပျော်ရွှင်ခြင်းကို ဖမ်းယူနိုင်လေသည်။ ထိုအရာကား ကျွန်တော်တို့အထဲ၌ ရှိပြိးသားအရာ၊ ကျွန်တော်တို့ ကိုယ်နှင့်စိတ် ကပ်သောအခါ ထိုသို့ကပ်ရန် အချိန်ယူရသောအခါ ကိုယ့်စိတ်၏ အကြောင်းခြင်းရာ ဖြစ်ပျက်ပုံ ဆင်ခြင်နိုင်သောအခါ၊ ဆင်းရဲခြင်း ချမ်းသာခြင်း နှစ်ခုလုံးမှာ မိမိအပေါ်တွင်သာတည်ကြောင်း သတိပြုမိလာပါလိမ့်မည်။

ပေးကမ်းခြင်း၊ ကောင်းမှုကုသလ တစ်ခုခုပြုခြင်း၊ သူတပါးကို ကူညီခြင်း၊ ဧကစာ တစ်ဦးတည်း အချိန်ကုန်လွန်ခြင်းဖြင့် “အတွင်းက ပျော်ရွှင်ခြင်း” ကို တွေ့ထိနိုင်ပါသည်။ ဒါကိုပင် နာမ်ဝါဒ (spirituality) ဟုခေါ်သည်။ တကယ်တော့ ဘာသာတရားနှင့် မစပ်ဆိုင်ပဲလျက် ကျွန်တော်တို့ တစ်ဥိးချင်းစီ၏အတွင်း၌ “ပျော်ရွှင်ခြင်း” တည်ရှိပြီး ဖြစ်ပါသည်။ အဆိုးတစ်ခုခု၊ မကောင်းတာ တစ်ခုခု မဖြစ်မခြင်း သတိမပြုမိခြင်းသာ ဖြစ်သည်။ နေမကောင်းမှ မနေ့က ဘယ့်ကလောက် ပျော်ရွှင်စရာဖြစ်ကြောင်း ကျွန်တော်တို့ သိလေ့ရှိပါသည်။

ကျွန်တော်တို့က တစ်စုံတစ်ရာကို တမ်းမှန်းလျက် ရှိကြသည်။ ကိုယ့်ကံကို သတိမမူနိုင်ကြ။ ကျန်းမာတယ်၊ မိတ်ဆွေ၊ မိသားစု၊ ချစ်တဲ့သူတွေနဲ့ အတူရှိနေတယ် စသော ကိုယ့်ကံကောင်းခြင်းများကို အောက်မေ့နေရန် ခဲယဉ်းနေတတ်သည်။ ကျွန်တော်တို့ နှလုံးသားက တခြားတစ်စုံတစ်ရာကိုသာ တမ်းမှန်းလျက်နေသည်။

ကျွန်တော့်ဦးကြီးတစ်ယောက် ကျိုက်ထီးရိုးတက်သည့်အကြောင်း ပြောဖူးသည်။ တောင်ထိပ်မရောက်မီ အားကုန်ပြီး ဆက်မတတ်နိုင်သဖြင့် အထမ်းခေါ်ရသည်။ အပြန်ခရီး အဆင်းတွင်မှ လမ်းဘေးဝဲယာက ရှုမျှော်ခင်းကို မြင်နိုင်သတဲ့။ တောပန်း တောင်ပန်းတွေက အလွန်လှ၊ သဘာဝက လှသကိုးတဲ့။ အတက်မှာ သည်အလှတွေကို သူ မတွေ့ သူ့စိတ်ထဲက ထိပ်ရောက်ဖို့ပဲ စွဲနေလို့။ လူ့ဘ၀နှင့် မခြားနားလှပါ။ အနာဂတ်သို့ သူတို့စိတ်များ ရောက်နေသောကြောင့် စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ကျော်ကြားလိုခြင်း၊ ဂုဏ်သိန်သရေနှင့် အောင်မြင်ပေါက်ရောက်လိုခြင်းတို့ကြောင့်၊ အနာဂတ်ဆီက ပျော်ရွှင်ခြင်းကို ငံ့လင့်လျက်ရှိသောကြောင့်။ တကယ်တော့ ယခုမျက်မှောက် ကိုယ့်ရှေ့၌ ပျော်ရွှင်ခြင်း ရှိနေသည်။ ပစ္စုပ္ပန်၌ ရှိနေသော “ကောင်းတာများ” ကို သတိမထားနိုင်၊ ရှေ့ဆီမှာ တည်ရှိမည့် ပျော်ရွှင်ခြင်းတို့နောက် တကောက်ကောက် ရှာဖွေမဆုံးနိုင်သောအခါ၊ ယင်းတို့ ဖြစ်မလာသော် ဆင်းရဲကြတော့သည်။

ပန်းတိုင်၌ ပျော်လိမ့်မည်ဟုတွေးကာ ယင်းနောက် လိုက်သောအခါ နေ့တိုင်းနေ့တိုင်း ကလေးများနှင့် မိသားစုနှင့် အချိန်အချို့ကို ကုန်ဆုံးစေလျက်၊ လေ့ကျင့်ခန်း လုပ်လျက်၊ ငြိမ်သက်စွာ ထိုင်လျက်၊ ကိုယ်နှစ်သက်ရာ တစ်ခုခု လုပ်လျက်လည်း ပျော်နိုင်သည်ကို မေ့သွားသည်။ အနာဂတ်၌ချည်း အာရုံမစိုက်ပဲ “ယခု ခဏ” ကို ဂရုဓမ္မစိုက်ပါ။ ယခုခဏ ကို ဂရုစိုက်ပါဟု ပြောခြင်း၌ ယခုရရှိသမျှနှင့် ရောင့်ရဲပါဟုသာ ဆိုလိုသည် မဟုတ်။ အတိတ် သို့မဟုတ် အနာဂတ်အတွက် ကြောင့်ကျဗျာပါဒ မရောက်ရန်လည်း ဆိုလိုသည်။ အတိတ်က လွန်ပြီးသမျှနှင့် မရောက်လာသေးသော အနာဂတ်အတွက် ပူပန်နေတတ်ကြသည်။ ပစ္စုပ္ပန်နှင့် နေနိုင်က ကျွန်တော်တို့ ပို၍ ငြိမ်းချမ်းမည်။ ပို၍ တည်ငြိမ်မည်။

သစ်ပင်ကား နေရောင်ကို မကြောက်။ ကြီးပြင်း၍ အကိုင်းထွက်က နေရောင်ကို အရိပ်အဖြစ် ပြောင်းနိုင်၍ဖြစ်သည်။ သစ်မြစ်များကလည်း အမှိုက်သရိုက်ကို မကြောက် မြေဆီမြေသြဇာအဖြစ်၊ မွှေးသော အပွင့်များအဖြစ်၊ အရသာရှိသော အသီးများအဖြစ် ပြောင်းနိုင်၍ ဖြစ်သည်။ စိတ်ကို စောင့်ကြည့်သော်၊ သတိနှင့် ပညာနှင့် ဆင်ခြင်သော် ဆင်းရဲခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းကိုသော်မှ ကျွန်တော်တို့ ကြောက်မည်မဟုတ်။ ဆင်းရဲခြင်းအား ပျော်ရွှင်ချမ်းသာခြင်းသို့၊ ကံဆိုးခြင်းအား ကံကောင်းခြင်းသို့ ကျွန်တော်တို့ ပြောင်းလဲနိုင်၍ ဖြစ်သည်။ နေ၏အပူကို အေးမြသော အရိပ်သို့၊ အမှိုက်သရိုက်များကို ချိုမြိန်သော သစ်သီးနှင့် ပန်းပွင့်များသို့ ပြောင်းနိုင်သော သစ်ပင်လိုပင်။

သဘာဝမှ သစ်ပင်များနှင့် မိမိစိတ်မှ သစ်ပင် ထိုနှစ်ခုလုံးကို စိုက်ပျိုးရန် စောင့်ရှောက်ယုယရန်တော့ ကျွန်တော်တို့ အားထုတ်ဖို့လိုသည်။ ဒါမှသာ ထိုသစ်ပင်များ ရှင်သန်၊ အနက်အရှိုင်းအထိ အမြင့်အမားအထိ ပေါက်ရောက်လျက် အရိပ်ကိုလည်းပေးမည်။ ပျော်ရွှင်ခြင်းကိုလည်း ပေးမည်။

(ဆရာ ကိုတာ ၏ သုစရိတ စက်ဝန်း စာအုပ်မှ)


ခင်မင်လေးစားလျက်

တာတူး



ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 6, 2009

“နှုတ်ချို… သျှိုတပါး…”


ကျွန်မတို့ ကြားဘူးတဲ့ မြန်မာ စကားပုံ တခု ရှိပါတယ် . . . . .
“ နှုတ်ချို သျှို တပါး ” ဆိုတာပါ။ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဖို့ သတိပေးတဲ့ စကားပုံလေး တခုပါ။ ဘယ်သူ မဆို ချိုချို သာသာ ပြောဆို ဆက်ဆံတာ ပဲ လိုလားကြတာပါ။ စကားပြော မာကြောတာ နဲ့ ပက်သတ်ပြီး ကျွန်မ ကိုယ်တွေ့လေး တခုကို မျှဝေရင်း၊ ကိုယ့်ကိုယ်ကိုလည်း ဆုံးမရင်း ဒီပို့စ်လေးကို e-journal မှာ မျှ လိုက်ပါတယ်ရှင်။



တကယ်တမ်းတော့ ကျွန်မဘဘ(အဖေ)က ကျွန်မအိမ်ပြန်ရောက်တိုင်း၊ ကျွန်မနဲ့ ဖုန်းပြောတဲ့ အချိန်တိုင်း အမြဲဆုံးမခဲ့တာကို ကျွန်မ သတိထားပြီး မလိုက်နာမိခဲ့တာပါ…
“သမီး ဘယ်ကိစ္စကိုပဲပြောပြော ဘယ်ကိစ္စကိုပဲလုပ်လုပ် ဘာပဲပြောပြော ဘာပဲလုပ်လုပ် ဘယ်အချိန်မှာပဲလုပ်လုပ် သတိထားပြီးပြောပါ လုပ်ပါ … အချိန်တိုင်းမှာ သတိကပ်ပြီး ပြောဆိုပြုမူပါ “ တဲ့…
ကျွန်မလည်း သတိလက်လွတ်ပြောဆိုပြုမူတာတွေများနေပါပြီ…
ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါ ရှိသလို သတိမထားမိတဲ့ အကြိမ်အရေအတွက်က လည်း များလာပါတယ်…
ဒီနေ့ညမှ တိုက်တိုက်ဆိုင်ဆိုင် မောင်လေးတစ်ယောက်ကလည်း
ကျွန်မရဲ့ အပြောအဆို အပြုအမူနဲ့ ပတ်သက်ပြီး ထောက်ပြလာတယ်…
ကျွန်မကိုယ်တိုင် သတိမထားမိတဲ့ အပြောအဆိုတွေကြောင့် …
သူများ ထောက်ပြတာ ခံရဖူးတာ ဒုတိယအကြိမ်ပါ…
ပထမတစ်ကြိမ်က အလုပ်ကိစ္စနဲ့ ဖုန်းပြောရင်း ဖြစ်သွားတဲ့ကိစ္စလေးပါ..
ကိုယ်ကိုယ်တိုင်လည်း သတိမထားမိပါဘူး…
သူများကတဆင့် ပြန်ပြောလို့ သိလိုက်ရတာပါ…
ပြောတဲ့သူက “ကျွန်တော်ဖုန်းဆက်ရင် သူနဲ့တွေ့မှာ ကြောက်တယ်… သူရဲ့အသံက တည်ငြိမ်ပြတ်သားပြီး ရေခဲတုံးလို အေးစက်မာကြောတဲ့အသံတဲ့…”
ကျွန်မလည်း လူတစ်ယောက်ကို စကားပြောတဲ့အချိန်မှာ မောက်မာတဲ့စိတ်…
နစ်နာစေလိုတဲ့စိတ် . . နဲ့ ပြောဆိုတာမျိုးမရှိခဲ့ဖူးပါဘူး…
အလုပ် အရမ်းရှုပ်နေတဲ့အချိန် စိတ် အရမ်းပင်ပမ်းနေတဲ့အချိန် မျိုးမှာတော့ စကားပြောရင် သိပ်စိတ်မရှည်တတ်ဘူး… လေသံက အရမ်း မာနေတတ်တာကို တော့ သတိထားမိပါတယ်…
ကိုယ်ကိုယ့်ကို သတိထားမိတဲ့အချိန် ဆိုရင်တော့ တတ်နိုင်သမျှ စကားမပြောပဲနေတယ်…
ဖုန်းလာရင်လည်း ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်… အလုပ်ကိစ္စပဲဖြစ်ဖြစ် … အရေးမကြီးရင် ဖုန်းမကိုင်တော့ပါဘူး…
ကျွန်မ သူငယ်ချင်းတစ်ယောက်ကလည်း ပြောဖူးပါတယ်…
သူ့အထက်အရာရှိက ကိစ္စတစ်ခုခု ပြောရင် လေသံမာမာနဲ့ ပြောတတ်တဲ့ အကျင့်ရှိတော့… သူက သူ့အရာရှိကို ပြောတယ်တဲ့ …
“ ဆရာ အေးဆေးပြောလည်း ဒီစကားပဲ လေသံမာမာနဲ့ ပြောလည်း ဒီစကားပဲ အေးအေးဆေးဆေးပြောတော့ နားထောင်တဲ့သူလည်း နာခံသာတယ်… ကြားရတဲ့ သူလည်း ကြားလို့ ကောင်းတယ်”
အဲဒီတုံးက ကျွန်မကိုယ်တိုင်လည်း သူငယ်ချင်းပြောတာ မှန်တယ်လို့ ထောက်ခံခဲ့ပါတယ် ။
ဒါပေမဲ့ ကျွန်မကိုယ်တိုင် loading အရမ်းများလာတဲ့အချိန် pressure တွေ အရမ်း များလာတဲ့ အချိန်မှာ ကျွန်မပြောဆိုတဲ့ လေသံက မာကြောလာပါတယ်…
ခက်တာကလည်း စကားတခွန်းဟာ ပြောဆိုတဲ့ Tone ကွာတာနဲ့ အကျိုး သက်ရောက်မှုက ကွာတာပါပဲ…
ဥပမာ - နေမကောင်းလို့ အိပ်ယာပေါ်လဲနေတဲ့ လူတစ်ယောက်ကို ကိုယ်က သတင်းသွားမေးတယ်…
မျက်နှာတည်တည်နဲ့ “နေလို့ သက်သာလား” လို့ မေးတာရယ်…
စိတ်မကောင်းတဲ့အသံနဲ့ “နေလို့ သက်သာရဲ့လား” လို့မေးတာရယ်…
ရုပ်ပြောင်နဲ့ “နေကောင်းရဲ့လား” လို့ မေးတာရယ်…
အဓိပ္ပါယ်ကောက်တာက လွဲသွားနိုင်ပါတယ်…
အလေးအနက်ပြောရမယ့် ကိစ္စတခုကို ရီပြီး ပြောလိုက်ရင် နားထောင်တဲ့သူရဲ့ စိတ်ထဲမှာ ပေါ့ပေါ့လေးပါလို့ ခံစားသွားရတာမျိုး ရှိပါတယ်…
အလေးအနက်ထားလုပ်ရမယ့် ကိစ္စတခုက ပြောတဲ့လေသံပေါ်မူတည်ပြီး လေးနက်မှူ ကွာသွားတာ ရှိပါတယ်…
ဒါပေမယ့် ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် နားထောင်သူ နာခံသာအောင် ချိုသာတဲ့ စကားနဲ့ ပြောတတ်ရင် အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ပြောဆိုပြုမူတတ်ရင် အကောင်းဆုံးဖြစ်မှာပါ…
ကျွန်မကိုယ်တိုင်လည်း သတိ ဆိုတဲ့အရာလေး ကပ်ပြီး ပြောဆိုပြုမူတတ်အောင် ၊ချိုသာသောစကား ဆိုတတ်အောင် လေ့ကျင့်ရဦးမှာပါ…
ကျွန်မရဲ့အမှားကို ထောက်ပြပေးတဲ့မောင်လေးကိုရော၊ ကျွန်မတို့ကို နားလည်အောင် ပြောဆိုဆုံးမခဲ့တဲ့ တီချယ်ကိုလည်း ကျေးဇူးတင်ပါတယ်….
E-journal မောင်နှမတွေအားလုံးနဲ့ လာလည်သူအပေါင်းလည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား၊ ချိုသာသော စကားများကိုသာ ဆိုနိုင်ကြပါစေ…ဆိုဖြစ်ကြပါစေ . . . .
မိမိကိုယ်တိုင်လည်း ကောင်းသောစကား… အကုသိုလ်ကင်းသောစကား …. ချိုသာသော စကားများကိုသာ ပြောဆိုရပါလို၏လို့ ဆန္ဒပြုရင်း …
(မယ် : 6.9.09 : 2:40am)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, September 3, 2009

Just4Me

“ငါ”အတွက် …


တစ်ချိန်ကို ပြန်စဉ်းစားတော့
ပျော်စရာတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်ခဲ့တဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ခဲ့သလား။

တစ်ချိန်ကို စိတ်မှာတွေးထင်ကြည့်တော့
မသေချာမှုတွေနဲ့ ဘဝပေါ့။
ဒါပေမဲ့၊ ငါမက်နေတဲ့ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်ချင်ရဲ့လား။

သိလိုက်ပါတယ်၊
မသေချာမှုတွေအားလုံးကို
ပျော်စရာတွေအဖြစ်ပြောင်းလဲဖို့နဲ့ ….
မက်ခဲ့တဲ့ အိမ်မက်တွေနဲ့
မက်နေဆဲ အိမ်မက်တွေအတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။

(တကယ်ရှိမနေတဲ့ “ငါ”အတွက်
ငါ-ဟာ ငါဖြစ်နေဖို့လိုအပ်တယ်။)

တကယ်တော့
ငါဟာ
ပုတ်သင်တစ်ကောင်အဖြစ်လည်း အိမ်မက်ချင်တယ်။

သုခမိန်(8:17 PM~ 02/09/09)

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, September 2, 2009


အတ္တ…

တို့တွေ ဝေးခဲ့တာ
ကြာခဲ့ပြီပဲ…

တို့နှစ်ယောက်ကြားက
လွဲချော်မူ့ က
ဆယ်စု တိုင်ခဲ့ပြီပဲ…




မျက်ဝန်း အကြည့်တစ်ချက်နဲ့
ရှေ့ဆက် မတက်ခဲ့တဲ့
တိုနှစ်ယောက်ကြားက
နားလည်မှုတစ်ခု…

ရှေ့ဆက်ခွင့်မပြုတဲ့
စည်းတစ်ခု…

မဖြစ်နိုင်တာ သိရက်နဲ့
ရှေ့ဆက်ဖို့ကြိုးစားမိတဲ့
ငါ့အဖြစ်က…

အတ္တကြီးတယ်ပြောပြော…

၁၀၀ % ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုအတွက်
၁% အတွက်လည်း
ငါစွန့်လွှတ်မှာပါ…

တစ်ဘဝစာ ပိုင်ဆိုင်ခွင့်မရတဲ့
အရာတစ်ခုကို
တခဏတာ ပိုင်ဆိုင်ခွင့်တော့
ငါမလိုချင်မိဘူး…

အစကတည်းက
ခွဲခွာခြင်းအတွက်
နှတ်ဆက်ခြင်းလို့
သိခွင့်ရှိခဲ့ရင်
ခဏတာတွေ့ဆုံခွင့်ကို
ငါ တမ်းတခဲ့မှာမဟုတ်ဘူး...

မယ် (24.8.09 ; 7:10 pm)


ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 22, 2009

၄၂ စစ်တမ်း


လွန်ခဲ့တဲ့ (၁၀)နှစ်တိတိက သြဂတ်လ (၂၂)ရက်နေ့မှာ
ကျနော့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အခန်းဖော်၊ ကျေးဇူးရှင် ဦးလေးတစ်ယောက်ရဲ့ (၄၂)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးပါ။ ကျနော့်ဘဝရဲ့ တစ်ခန်းတစ်ဏ္ဍမှာ ထိုဦးလေးဟာ အရေးကြီးတဲ့ တစ်စိတ်တစ်ဒေသက ပါဝင်ပေးခဲ့သူပါ။ အခုတော့ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ ကျနော်တို့ အဆက်အသွယ်ပြတ်တောက်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဒီနေ့ ထိုဦးလေးရဲ့ (၅၂)နှစ်ပြည့်မွေးနေ့မင်္ဂလာမှာ သူ့ရဲ့ ကျေးဇူးတရားတွေကို ဦးထိပ်ထားပြီး ကံသုံးပါးတို့နဲ့ ပြစ်မှားကျူးလွန်မိခဲ့သည်များရှိရင် ခွင့်လွှတ်ပါလို့ ရည်စူးတောင်းပန်ရင်း အဲဒီကဗျာလေးကိုပဲ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မျှဝေပါရစေ။ ဒီကဗျာလေးကို တခုတ်တရ သိမ်းထားပြီး တကူးတက ပြန်ပို့ပေးတဲ့သူကတော့ ထုံးစံအတိုင်း ကျနော်၏ ချစ်လှစွာသော အနန္တကျေးဇူးရှင် အမေပါပဲ။



၄၂ စစ်တမ်း


၄၀ ကျော် ၅၀ တွင်း
ချဉ်းနင်းဝင်ရောက်
တည်ဆောက်ခဲ့သမိုင်း
ယဉ်သလား ...
ရိုင်းသလား ...
ထား ... ။

ခွဲခြားပိုင်းစစ်
လေးဆယ့်နှစ်မှာ
ဥစ္စာ
ပညာ
ဘာဝနာ
ဘယ်ဟာတွေ သင် ရခဲ့ပြီလဲ၊
ဘယ်ဟာတွေ သင် ရဦးမှာလဲ၊
ဘယ်ဟာတွေ သင့် နောက်ပါမလဲ၊
လဲ ...............
လဲ ..........
လဲ .....။

လဲ ပေါင်းများစွာ
မေးစစ်ခါဖြင့်
မကြာသေတွင်း
မသက်ဆင်းခင်
မှန်ခြင်းတရားကျင့်အပ်ပေ။...........။
ကျန်ကြွင်းမထားမြင့်မြတ်စေ။...........။


မာရေးသျှင်
22-AUG-1999(SUN)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 20, 2009

ယန္တရား


ချစ်သော E-Journal ကို မြင်သာမြင် မကြင်ရတာ ကြာပြီ။

ကျနော့်ဘဝ၏ တကယ်ပင် မအားလပ်သော ကာလများပါပေ။

ဤသို့သောကာလများတွင် ခွန်အားဖြည့်သံဝေဂ ဂါထာပမာ ကျနော့်စိတ်မှာ ရစ်ဝဲလာလေ့ရှိသော အမေ၏ကဗျာလေးကို ကွမ်းစားဆေးသောက်ချိန်လေးမှာ အပြေးအလွှားလာကာ ဝေမျှသွားပါရစေ။



ယန္တရား

အရုဏ်မိုးချုပ်
လက်တိုင်းလှုပ်မှ …..
နေ့ညမနား
မြဲလှုပ်ရှားမှ …..
ဝမ်းဝကြည်လင်
လူပီပြင်လိမ့်။………။


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 16, 2009

အုံ့ပုန်း (၂)


အုန်းအုန်းကျက်ကျက်
လှိုက်တက်ဆို့နင့်
မပွင့်အံခဲ
ရင်ထဲမျိုသိပ်
ကြိတ်မှိတ်အောင့်အည်း
ဆိုညည်းပွင့်အန်
ခေါ်ရန်မရဲ
ရင်ကွဲပွင့်နိုး
“စိတ်” စိုးမရ
တသသဖြင့်။..........။


မာရေးသျှင်
25-2-1997(TUE)





ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 8, 2009

စိတ်ဝင်စားစရာဦးနှောက်များ





လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။



“လူငယ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ (ပြောသာပြောနေရတာ ကျွန်တော်တို့အရွယ်ကလည်း လူငယ်တန်းပါပဲ။)”

ဟဲ ဟဲ ကျနော်လည်း မှန်မကြည့်ဖြစ်တာကြာတော့ ကိုယ့်ကိုယ်ကို မမြင်ရဘူးဗျ။
ဒီနေ့ ကျနော့်တို့နိုင်ငံမှာ တာဝန်အရှိဆုံးသူတွေဟာ ဘယ်သူတွေလဲလို့ မေးရင် ဒီကနေ့ကျနော်တို့လူငယ်တွေပါပဲ။ ကျနော်တို့နိုင်ငံ ကောင်းတယ်ဆိုရင် ဒါ ကျနော်တို့တော်လို့ပါပဲ။ ကျနော်တို့နိုင်ငံ မကောင်းဘူးဆိုရင် ကျနော်တို့ညံ့လို့ပါပဲ။ တစ်ခြား ဘယ်သူတွေကြောင့်မှ မဟုတ်ပါဘူး။

“ပညာတတ်ကို မပစ်ပယ်ပဲ ထူးတဲ့ဦးနှောက်တစ်လုံးကို တန်ဖိုးထားတတ်တဲ့ သူတို့ရဲ့အလေ့အထပါ။”


အလေ့အထဆိုတာ ပြုစုယူလို့ ရတာပါ။ ကဲ လာဗျာ ကျနော့်တို့ စကြရအောင်။ ပညာတတ်တွေ မဟုတ်သော်ငြား၊ သာမန်ညောင်ညတွေမျှသာဖြစ်သော်ငြား … ကျနော်၊ ခင်များ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြရအောင်ဗျာ။

ခင်များကိုယ်တိုင်အဝင်အပါ ခင်များမိသားစုဝင်တွေဟာ ခင်များနိုင်ငံသားတွေပါ။
(ပြည်တွင်းမှာပဲဆိုရင်) ခင်များသူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ အခန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေ သူတို့သူတို့ တစ်တွေဟာ ခင်များနိုင်ငံသားတွေပါ။

သူတို့တစ်တွေကို စောင့်ရှောက်ခြင်းသည်ပင်လျှင်၊ သူတို့ တစ်ဦးတိုင်း တစ်ယောက်တိုင်း၊ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို ရေရှည်ကြိုတွေးပြီး နူးညံ့စွာပြုပြင်ခြင်းသည်ပင်လျှင် ခင်များလူမျိုး၊ ခင်များနိုင်ငံကို စောင့်ရှောက်ခြင်း၊ ပြုပြင်ခြင်းပါပဲ။

နှမ်းတစ်လုံးတည်းနဲ့ဆီမဖြစ်သော်ငြား နှမ်းစေ့လေးတွေများပြားလာတဲ့အခါ ဆီဖြစ်လာမှာပါ။ တစ်စက်ကျများ ပြည့်သော်လားသို့ပေါ့ဗျာ။ အပင်မပေါက်သေးသော်ငြား အစေ့ထဲကအပင်တွေကို ကျနော်တို့မြင်အောင်ကြည့်ကာ မူးပဲအစနဲ့ ထူးကဲဘဝတွေ တည်ဆောက်ကြတာပေါ့ဗျာ။

ဒီတော့ လာဗျာ.. စာဖတ်ကြရအောင်။ ကိုယ့်အိမ်သားတွေ အဝင်အပါ သူများတွေ စာဖတ်တတ်လာအောင် စည်းရုံးသွေးဆောင်ကြရအောင်။ သူတစ်ပါးကို စည်းရုံးသွေးဆောင် ပြုစုပြိုးထောင်တယ်ဆိုတာ သွယ်ဝိုက်ခေါင်းဆောင်မှုက ပိုမိုထိရောက်တာ။ ဥပမာ “ဒီစာအုပ်လေးဖတ်ကွ”လို့ တိုက်ရိုက်ပြောတာမျိုးထက် အဲဒီစာအုပ်လေးကို သူဖတ်ချင်လာအောင် သူမြင်သာတဲ့နေရာမှာ မသိမသာချထားတာမျိုးပေါ့။ သူပြုပြင်ပြောင်းလဲလာသော်ငြား ခင်များရှိနေတာတောင် သူသိချင်မှသိမှာ။ တစ်ခါတစ်ခါ တိုက်ရိုက်ခေါင်းဆောင်မှုလိုတဲ့အခါတွေမတော့ တိုက်ရိုက်ခေါင်းဆောင်ကြတာပေါ့ခင်ဗျာ။

လက်ဖက်ရည်ဆိုင်ထာကာ သူငယ်ချင်းတွေနဲ့ လေကန်ပါ။ ဒါသည်ပင် နိုင်ငံကို ပြုစုပျိုးထောင်တာ။ လက်ဖက်ရည်ဆိုင်ကလူငယ်တွေဟာ၊ အရက်ဆိုင်က လူငယ်တွေဟာ၊ ဂိမ်းဆိုင်က လူငယ်တွေဟာ၊ လယ်ကွင်းထဲက လူငယ်တွေဟာ စာသင်ခန်းထဲက လူငယ်တွေပမာ နိုင်ငံတော်ရဲ့ အနာဂတ်တွေပါ။


မှတ်ချက်အတွက်မှတ်ချက်။..........။ ဆရာသုရဲ့ပို့စ်ကို ဖတ်ပြီး ရေးတဲ့ မှတ်ချက်ပါ။ ဟဲ ဟဲ နည်းနည်းရှည်သွားလို့ဖြစ်မည် ..မိတ်ဆွေက ပို့စ်အဖြစ်တင်ဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ ပို့စ်အဖြစ်ရည်ရွယ်ပြီးရေးခြင်းမဟုတ်ဘဲ အလွတ်သဘော မှတ်ချက်အဖြစ် လက်တန်းရေးထားခြင်းမျှသာဖြစ်ပါတယ်။

(Comment on The man who wanna talk HRD! ကို ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 6, 2009

အဖေ့မွေးနေ့


(၇)ရက်၊ သြဂတ်လ၊ ၂၀၀၉ (သောကြာနေ့)

ဒီနေ့ဟာ ကျနော်၏ချစ်ခင်မြတ်နိုးလေးစားကြည်ညိုရပါသော အနန္တကျေးဇူးရှင် အဖေရဲ့ (၆၂)နှစ်ပြည့် မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ အဖေ့မွေးနေ့မှာ အထိမ်းအမှတ် ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ် ကျနော်ရေးဖွဲ့ချင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာ စကားလုံးများစွာ ပြွတ်သိပ်လာတဲ့အခါ တစ်လုံးမျှထွက်မလာတော့ပါ။

အခုတလော E-Journal မှာ ၁၉၉၇ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ကဗျာတော်တော်များကို ပြန်လည်ဝေမျှနေမိရာ ထိုနှစ်က အဖေ့ရဲ့မွေးနေ့မှာ ရေးဖြစ်ခဲ့တဲ့ကဗျာလေးကိုပဲ အမှတ်တရဖော်ပြဖို့ စိတ်ကူးရလာပါတယ်။

အဖေကတော့ ထုံးစံအတိုင်း ကျေနပ်ပျော်ရွှင်နေမှာ အသေအချာ။





သံသရာရှည်လျက်

အဆုံခက်သည့်

အမြတ်ဘာသာ

သာသနာတွက်

နှင်းဆက်အင်အား

သားကြိုးစား၍

သား၏ကိုယ်စား

သားညီဘွားကို

အင်အားဖေ့တွက်

သားနှင်းဆက်သည်

သာသနာထွန်းတောက်

ဖေဝမ်းမြောက်စေ။………..။

.

မာရေးသျှင်

7-8-1997(THU) 6:15am


(ဒီကဗျာကို ဖတ်ပြီးတဲ့အခါ ကျနော့်ကို သာသနာ့ဝန်ထမ်း လောကုတ္တရာနယ်ကရဟန်းများလား ထင်သွားစရာ ရှိပါတယ်။ မဟုတ်ပါဘူးခင်မျာ။ ကျနော်ဟာ လောကီနယ်ပယ်ထဲ တဝဲဝဲလည်နေဆဲ ကိလေသာအပူတောက လူချောတစ်ယောက်မျှသာဖြစ်ပါကြောင်း အခွင့်ကောင်းကြုံတုန်း ပြောပါရစေ။)




ဆက်ဖတ်မယ်ဆိုရင် ...