Saturday, December 5, 2009

ဆန္ဒရှင်သို့ မွေးနေ့လက်ဆောင်ကဗျာ


“တစ်မိပေါက်၊တစ်ယောက်ထွန်း”တဲ့
အမေကတော့ ပေါက်သမျှထွန်းခဲ့
အမိအဖထက်တော်တဲ့သား
အားလုံးပါလားနော်။

“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး”တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ရောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။

ကြွက်နဲ့ဆင် အားယှဉ်တဲ့ပွဲမှာ
ဂဠုန်၊ခြင်္သေ့နဲ့ ကြွက်ပေါက်စ
မြေဇာပင် မဖြစ်ခဲ့ကြဘူးနော်။

အိုးတစ်လုံးသာရွက်နိုင်တဲ့ခေါင်း
အိုးသုံးလုံးရွက်ရမှာမကြောက်
လက်နှစ်ဖက်မှာတောင် ရေပုံးဆွဲ
အသည်းမငယ်ခဲ့ဘူးနော်။

ဆင်ကျီစားရာ ကြွက်ငယ်နာကျင်ခြင်း
အံခဲမာန်တင်း
(၅၀)တွင်းရောက်
အမောတွေပျောက် အကြောက်တွေပြေ
ဓမ္မတွေနဲ့ပဲနေတော့မယ်။.........။





မနေ့က အစ်မကြီးရဲ့ မွေးနေ့မှာ ဆန်ရေဖြစ်သူ ကျနော်က ကဗျာလက်ဆောင်ရေးဖို့ အကြောင်းပြချက်မျိုးစုံနဲ့ ပျက်ကွက်ခဲ့သော်လည်း စုန်ရေဖြစ်သူ အမေကတော့ ဘယ်လိုအကြောင်းပြချက်နဲ့မှ မပျက်ကွက်ခဲ့ပါဘူး။

အထက်ပါကဗျာဟာ မနေ့က အစ်မကြီးရဲ့မွေးနေ့အထိမ်းအမှတ် အမေရေးတဲ့ကဗျာပါ။ ဒါဟာ ကျနော်ရဲ့ ချစ်လှစွာသော အနန္တကျေးဇူးရှင်၊အမေရေးတဲ့ လက်တန်းကဗျာဖြစ်သလို၊ ဒါဟာ အသက်(၅၀)တန်း မြန်မာအမျိုးသမီး၊ကျောင်းဆရာမတစ်ယောက်ရဲ့ ကဗျာလည်းဖြစ်ပါတယ်။ အဲဒီကဗျာကို အမေက ဖုန်းထဲမှာ ရွတ်ပြခဲ့ပါတယ်။

ကျနော်ဟာ ဒီအဖေ၊ဒီအမေရဲ့သားဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဒီကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထက်လောင်းသက်သေပြုပါရစေ။

1 comment:

Dr. Yi Yi Win said...

ကိုမာရေးသျှင်ရဲ့ အစ်မကြီးအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်နော်။

အမောတွေပျောက် အကြောက်တွေပြေ
ဓမ္မတွေနဲ့ပဲနေတော့မယ်။.........။ ဖတ်ရတာအေးချမ်းမှုကိုရတယ်။ အစစအရာရာ အဆင်ပြေပါစေရှင်။

ခင်မင်စွာ
ယုဝရီ