Friday, July 22, 2011

ဒီနေ့အဖို့ ပျော်လိုက်တာ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စတုတ္ထတန်းအောင်ပြီး အစိုးရအလယ်တန်းကျောင်းမှာ ပဉ္စမတန်းပြောင်းတတ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသား (၁၆) ယောက်ရဲ့ လစဉ်ပညာသင်ထောက်ပံ့ကြေးကို သူငယ်ချင်းတွေ စုပေါင်းတာဝန်ယူထားတာ ဒီလ- ဇူလိုင်လအတွက် လွှဲလိုက်ရတာ ပျော်လိုက်တာ။


  • မနေ့ညက တစ်ရေးနိုး စာထဖတ်အပြီး လင်းအားကြီးမှ ပြန်အိပ်ထားရာက မနက် (၁၀) နာရီလောက်မှာ နေ့လည်စာဖိတ်တဲ့ ဖုန်းသတင်းတိုလေးကြောင့် နိုးထလာရတာ ပျော်လိုက်တာ။
  • အိမ်ကမထွက်ခင် ဟာနေတဲ့ဝမ်းကိုဖြည့်ဖို့ ပေါင်မုန့်တစ်လုံး အဆင်သင့်ရလိုက်တာ ပျော်လိုက်တာ။
  • ချိန်းထားတဲ့နေရာကိုအသွား လိုင်းကားပေါ်မှာ ဖုန်းထဲကတစ်ဆင့် ဘိုလို စိတ်ညှို့အိပ်မွေ့ချနေတာ ခံယူရင်း မြန်မာလို အပြည့်အဝ စိတ်ကူးပုံဖော်လို့ရနေတာ ပျော်လိုက်တာ။
  • လုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေမှုအကြောင်း တကူးတက ထမင်းဖိတ်ကျွေးပြီး ရင်ဖွင့်လာတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးအတိုင်ပင်ခံ နိုင်ငံခြားသားမိတ်ဆွေကို သူ့ ပြဿနာရဲ့အရင်းအမြစ်ကို သူဘာသာရှာတွေ့သွားသည့်တိုင် နှစ်သိမ့်နားထောင်ပေးရတာ ပျော်လိုက်တာ။
  • နေ့လည်စာစားတဲ့ ဂျပန်ဆိုင်မှာ ပိုက်ဆံအပိုဆောင်းပေးစရာမလိုတဲ့ ရေနွေးကြမ်း နဲ့ ချင်းအချဉ်ကို တော်တော်ခံတွင်းတွေ့တာ ပျော်လိုက်တာ။
  • မြန်မာတွေဆုံစည်းရာအသွား ခင်မင်ရင်နီးစွဲရှိခဲ့တဲ့ မိတ်ဆွေတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံလိုက်ရတာ ပျော်လိုက်တာ။
  • အဲဒီမှာပဲ မသောက်ဖြစ်တာ တော်တော်ကြာပြီဖြစ်တဲ့ လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို သောက်လိုက်ရတာ ပျော်လိုက်တာ။
  • ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ စတုတ္ထတန်းအောင်ပြီး အစိုးရအလယ်တန်းကျောင်းမှာ ပဉ္စမတန်းပြောင်းတတ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသား (၁၆) ယောက်ရဲ့ လစဉ်ပညာသင်ထောက်ပံ့ကြေးကို သူငယ်ချင်းတွေ စုပေါင်းတာဝန်ယူထားတာ ဒီလ- ဇူလိုင်လအတွက် လွှဲလိုက်ရတာ ပျော်လိုက်တာ။
  • အိမ်အပြန် ရထားပေါ်မှာ ကိုယ့်ဘာသာ ဖုန်းထဲမှာ အသံသွင်းထားတဲ့ မိမိကိုယ်မိမိအခိုင်အမာပြောဆိုချက်လေးတွေ အကြိမ်ကြိမ်ပြန်နားထောင်နေရတာ ပျော်လိုက်တာ။
  • ဘူတာရုံကအထွက်မှာ မိုးဖွဲဖွဲလေးတွေကျတော့ မဆောင်တာကြာပြီဖြစ်တဲ့ထီးကို မနက်ကမှ မှတ်မှတ်ရရ ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့မိတာကြောင့် ပျော်လိုက်တာ။
  • ဘူတာရုံကနေ အိမ်ကိုလမ်းအလျောက် ထီးရွက်ပေါ်တဖြောက်ဖြောက်ကျနေတဲ့ မိုးသံကို ကြားနေရတာ ပျော်လိုက်တာ။
  • အိမ်ရှေ့ဆင်ဝင်ကိုရောက်မှ မိုးက ဝေါခနဲ သည်းကြီးမည်းကြီးရွာချလိုက်တာကြောင့် ပျော်လိုက်တာ။
  • တံခါးဖွင့်ပေးတဲ့ သူတို့နိုင်ငံသားအရာရှိက လက်အုပ်ကလေးချီ၊ ကိုယ်ကလေးကိုင်းပြီး “သာဓု သာဓု သာဓု” လို့နှုတ်ဆက်တော့ ပျော်လိုက်တာ။
  • အပြင်ကနေ မိုးမိလာရင် ရေဖွားဖွား ခေါင်းပေါ်ကလောင်းချိုးပြီး အခိုးပွင့်ဆေးလေးသောက် နွေးနွေးထွေးထွေးနေဖို့ တဖွဖွမှာတတ်တဲ့ ဖွားဖွားဖြစ်နေပြီဖြစ်တဲ့ အမေ့ကို သတိရကာ ရေနွေးနွေးလေး ချိုးလိုက်ရတာ ပျော်လိုက်တာ။
  • အခု ဒါလေးရေးပြီးရင် မိုးအေးအေးနဲ့ ချိုးကွေးကွေးရမှာ ပျော်လိုက်တာ။


မာရေးသျှင်

။...........။ အခြားတစ်နေရာမှာ ကိုယ်ရေးကိုယ်တာဆန်ဆန်ရေးထားတာကို မိတ်ဆွေက E-Journal မှာ ပို့စ်အဖြစ် သိမ်းထားဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, July 6, 2011

မရိုက်ပါနဲ့ ....

ရုတ်တရက် စူးစူးဝါးဝါးအော်ငိုလိုက်သည့် ကလေးတစ်ယောက်၏ ငိုသံကြောင့် ကျွန်နော်
လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိခဲ့လေသည်။ ကလေးငိုသံ ။ မကြားရတာတောင်
အတော်ကြာခဲ့ပြီ။ ဘာကြောင့်ပါလိမ့်။ အသံထွက်ပေါ်လာရာ စူးစမ်းလိုက်တော့ သြော်...
ကျွန်နော့် နဘေးမှာ ထိုင်နေကြသည့် မိသားစုဆီကကိုး။ အဖေဖြစ်သူက နှစ်နှစ်သားအရွယ်
ကလေးတစ်ယောက်ကို လက်နှင့်တင်ပါးကိုရိုက်နေ၏။ ကလေးသည် ငိုလျက်မိခင်ရင်ခွင်ထဲ
ထဲသို့ တိုးဝင်ခိုလှုံရန်ကြိုးစားနေ၏။ ငိုလျက်ပေါ့ ။
ဆူညံနေသည့်ပတ်ဝန်းကျင်သည် ငြိမ်သက်သွားသည်ဟုထင်ရ၏။ ပတ်ဝန်းကျင်ရှိလူများ
၏ မျက်လုံးပေါင်းများစွာသည် ထိုမိသားစုအပေါ်သို့ ကျရောက်ကုန်၏။ ထိုအချိန်လေးသည်
သီးခြားကမ္ဘာတစ်ခုလိုတိတ်ဆိတ်သွား၏။ လူများသည် ထိုအဖြစ်အပျက်အပေါ်အခြေခံ၍ အ
မျိုးမျိုးတွေးကြလိမ့်မည် ထင်သည်။
မိဘများကလေးတွေကို ရိုက်ပြီးဆုံးမခြင်းရှိသည်အပေါ် ကျွန်နော်မနှစ်မြို့ ပေ။ တချို့ မိဘ
များသည် ကလေးတွေကို မရိုက်တတ်။ တချို့ သည် ရိုက်ပြီးဆုံးမတတ်၏။ ကျွန်နော်ငယ်ငယ်
က အဖေရိုက်ပြီး ဆုံးမတာ၊ အမေရိုက်ပြီး ဆုံးမတာ အကြိမ်အတော်များများခံခဲ့ရ၏။ ဒါကြောင့်
လားမသိ ကလေးတွေအပေါ်ရိုက်ပြီး ဆုံးမနေသည်ကိုမြင်လျင် ကျွန်နော် အရမ်းဝမ်းနည်းမိ၏။
နာကျင်မိ၏။ သနား၏။
ရိုက်ပြီးဆုံးမခြင်းဆိုတာကလည်း “ ချစ်လို့ ” ဟုအဖြေပေးကြလိမ့်မည်။ သားသမီးတွေအပေါ်
ချစ်ခြင်းဆိုသည် မိဘတိုင်းတူညီကြ၏။ ဒီလိုချစ်ခြင်း တူညီကြပါရဲ့နှင့် ဘာကြောင့်များ ဆိုဆုံးမ
နည်းလမ်းများ မတူညီကြပါနည်း။ နှစ်နှစ်အရွယ်ကလေးတစ်ယောက်အပေါ် အပြစ်ပုံချကြမှာ
လား။ ဘယ်မိဘကများ ကိုယ့်သားကိုယ့်သမီးတွေကို ရိုက်ပြီးဆုံးမချင်မည်နည်းဟု ဖြေကြလိမ့်
မည်ထင်သည်။
တချို့ မိဘများသည် ညင်ညင်သာသာ ဆုံးမတတ်၏။ တချို့ မိဘများသည် ခပ်ကြမ်းကြမ်း
လေး ဆုံးမတတ်၏။ ကလေးတစ်ယောက်ကိုနားလည်အောင် သူ့ အကြိုက်ဆောင်ပြီး ညင်ညင်
သာသာ စိတ်ရှည်စွာ ရှင်းပြသွန်သင်မည်ဆိုရင် ဒီကလေး မလိုက်နာပဲနေမည်မဟုတ်။ ဒီလိုမ
ဟုတ်ဘဲ ခပ်ကြမ်းကြမ်းရိုက်ပြီးဆုံးမခြင်း၊ တားဆီးခြင်းဆိုတာကတော့ကလေးငယ်တစ်ယောက်
၏ ဖြူစင်သည့်နှလုံးသားကို အကြောက်တရားဖြစ်အောင်အရောင်ဆိုးပြီး နိုမ့်ကွပ် ဆုံးမခြင်း
မဟုတ်ပါလော။ ပြီးတော့ ဒီလိုဆုံးမခြင်းသည် “ ချစ်လို့ ” ဟုပြောသော်လည်း အရင်ဦးဆုံးအတ္တ
ဆိုသည့် စိတ်က အရင်ဖြစ်သွားတတ်၏။ ”ဥပမာ ကလေးတစ်ယောက်ပြောစကားနားမထောင်
ခဲ့ရင် ချက်ခြင်းစိတ်တိုသွားသလိုမျိုး။ ” စိတ်တိုသည့် စိတ်နှင့် ကလေးကိုရိုက်ခြင်းတည်း။ အမှန်
ပြောရရင် ချစ်လို့ ရိုက်တာမဟုတ်။ စိတ်တိုလို့ ရိုက်တာဟု မြင်မိသည်။ ရိုက်ပြီးမှ ၊ရိုက်ရင်းမှ
ကလေးမျက်နှာကြည့်ပြီး ကလေးကိုချစ်သည့်စိတ်၊ သနားသည့်စိတ်၊ ဝမ်းနည်းမိသည့်စိတ်၊
နောင်တစိတ်က ပေါ်လာတတ်သည်။ သို့ သော် ကလေးကိုတော့ ရိုက်ခဲ့ ပြီးပြီးမဟုတ်ပါလား။
ကလေးငယ်တစ်ယောက်၏ နှလုံးသားသည် အရာရာကိုသိချင်၏။ တတ်ချင်၏။ လေ့လာ၏။
စူးစမ်း၏။ အတုခိုး၏။ ဖန်တီးတတ်၏။ ပြီးတော့ သူလုပ်နိုင်သည်ဟု ချပြတတ်၏။ ပြီးတော့ အား
ပေးမှုကို မျှော်လင့်တတ်၏။ ကျန်သည့်အရာတွေကိုတော့ သေသေချာချာမသိ၊ မတွေးတတ်။
မိဘဟူသည် ကိုယ့်သားကိုယ့်သမီးကို ကောင်းတာ၊ တော်တာပဲ သိချင်၏။ မြင်ချင်၏။ တွေ့ 
ချင်၏။ ဖြစ်ချင်၏။ သို့ သော် သားသမီးတွေကို ဖြစ်စေချင်သည့် ပုံစံဖြစ်လာအောင် သွန်သင်
ပြုစုနိုင်သည့် နည်းလမ်းများကိုတော့ သိထားသင့်ပေသည်မဟုတ်လား။ တချို့ သိသည်။ တချို့ 
မသိ။ သိသူသည် နားလည်၏။ မသိသူကတော့ စိတ်မရှည်တတ်။ ထို့ ကြောင့်လေ့လာသင့်သည်
မဟုတ်ပါလား။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သည်ဆိုရာ၌ လွယ်သည့်ကိစ္စမဟုတ်ပေ။ အတ္တကိုအရင်
ခွာရ၏။ စိတ်ရှည်ရ၏။ သီးခံရ၏။ ဇွဲကြီးရ၏။ ဆင်ခြင်ရ၏။ ထိုအရာများသည် မိဘမေတ္တာဟူသော
စကားလုံးဖြင့်ထည်ဝါစွာဂုဏ်ယူနိုင်၏။ တန်ဖိုးကြီးလှ၏။ နှိုင်းတုလို့ မရပေ။ ထိုဂုဏ်များသည် မိဘ
ဖြစ်သူများအတွက် ဖြည့်ဆည်းရမည့်၊ ဖြည့်ဆည်းနေသည့်ပါရမီတရားများ မဟုတ်ပါလော့။ ဖြည့်
ဆည်းနိုင်ကြပါစေ။
ရိုက်ပြီးဆုံးမခံခဲ့ရသည့်ကလေးတစ်ယောက်၏ နှလုံးသားနှင့် မရိုက်ဘဲ ဆုံးမခံခဲ့ရသည့်ကလေး
တစ်ယောက်၏ နှလုံးသားမှာ တူညီနိုင်မည်မဟုတ်ပေ။ ရိုက်ပြီးဆုံးမခြင်းသည် မိဘမေတ္တာကို
ဖော်ပြ၏။ သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ကြောက်လန့် သွားအောင်ရှင်းမပြဘဲ နိုမ့်
ကွပ်အနိုင်ကျင့်ခြင်းပေတည်း။ ညင်ညင်သာသာပြောဆိုဆုံးမခြင်းသည် မိဘမေတ္တာကိုဖော်ပြ၏။
သို့ သော် အဖြူရောင်နှလုံးသားတစ်ခုကို ပိုပြီးဖြူစင်သွားစေတတ်၏။ ပိုပြီးနူးညံ့သွားစေတတ်
သည်မဟုတ်ပါလား။ ပကတိ ဖြူစင်နေသည့် နှလုံးသားများကို လိုချင်သော အရောင်များဆိုးနိုင်
ကြပါစေ။
လူများလှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ရထားသည်ရပ်သွား၏။ ကျွန်နော့် နဘေးမှမိသားစု
လည်းမရှိတော့။ ကျွန်နော့်စိတ်သည် ဒုတိယမိ လက်ရှိပတ်ဝန်းကျင်ထဲ ပြန်လည်ရောက်ရှိ
လာသည်။ “ သြော်........ငါသွားမည့်ခရီးလည်း တစ်ဝက်ချိုးရာက်နေပြီကိုး”။
ညနေခင်းထဲ သူငယ်ချင်းအိမ်သို့ အလည်ခရီး။ ကျွန်နော့် စိတ်တစ်ခုလုံးသည် ကိုယ်ကျင့်
အဘိဓမ္မာစာတစ်အုပ်ထဲ နစ်မြုပ်လျက်။ ရုတ်တရက် ကလေးငိုသံတစ်ခု။ စာအုပ်ထဲနစ်မြုပ်
နေသည့် ကျွန်နော့်စိတ် လက်ရှိပတ်ဝန်းကျင်ထဲ ပြန်ရောက်လာ၏။ သေချာသည် ။ ကျွန်နော်
အိပ်မက်တစ်ခု မက်ခဲ့သည်မဟုတ်ပါ။










ဆက်ဖတ်မယ်ဆိုရင် ...

Sunday, July 3, 2011

ဝမ်းတွင်းစုန်း - ကိုသျှပ် (ကန့်ဘလူ)


သင်လို့ တတ်ခဲ့တာ မဟုတ်ဘူး
မွေးရာပါ မှားတဲ့သန္ဓေဟာ
ကြာကြာဝါးတော့ ခါးတယ်
တူးလိုက်
နား ... နားပြီး ဆက်တူးလိုက်
မိုက်တွင်းတွေ နက်သထက်နက်ခဲ့ပေါ့ ... ။
ယုံကြည်လို့
ကျားစွယ်ကို သွေးသောက်ခဲ့
ယုံကြည်လို့
သစ်ပင်ကို ခုတ်ပြီး
သစ်ငုတ်ကို ကိုးကွယ်ခဲ့
ယုံကြည်လို့
ဆေးမှင်ကြောင်တွေ ဖျက်ခဲ့
ယုံကြည်လို့
သစ္စာတရားကို အဆိပ်ခပ်ခဲ့
ယုံကြည်လို့
ကိုယ်စားရမယ့် ညစာထဲ
ကိုယ်တိုင် အပင်း သွင်းခဲ့
အလျော်အစားမရှိတဲ့ ကစားပွဲမှာ
ချစ်တော့ ချစ်လို့
မုန်းတော့ မုန်းလို့
တစ်ဖက်မှာ ပြုစားခံရစမြဲ။...........။


ကိုသျှပ် (ကန့်ဘလူ)

ဆက်ဖတ်မယ်ဆိုရင် ...