Wednesday, December 31, 2008

ပြောင်းလဲခြင်းနှစ်သစ်အတွေး


ပြောင်းလဲခြင်း

ဓနိအစား
သွပ်မိုးမလားလို့
ဖျက်ထားတုန်း မိုးသည်း
ရွှဲ…..
ဘာပဲဖြစ်ဖြစ်
သွပ်မိုးဖြစ်အောင် မိုးမှာပါ။………။

ယခု ကုန်တော့မယ့် ၂၀၀၈ ခုနှစ် ရဲ့ ပထမဆုံးနေ့တုန်းက ကျနော့်မိတ်ဆွေများထံပို့ခဲ့တဲ့ ကဗျာလေးပါ။ ဆရာ အိမ်လွမ်းသူ (မှန်နီကုန်း) ကို အကြောင်းပြုပြီး E-journal မှာ တစ်တပ်တစ်အား ပါဝင်ဖြစ်ခဲ့ရာမှာ ဒုတိယတစ်ပုဒ် အနေနဲ့ ဒီကဗျာလေးကို တင်ခဲ့ပါတယ်။ ဒီကဗျာလေးကို ပထမဆုံးဖော်ပြခဲ့တာက ရွှေပြည်ကြီးက ကျနော့်မိခင်ကုမ္ပဏီရဲ့ (၃)လ တစ်ကြိမ်ထုတ်ဝေတဲ့ Inhouse Newsletter မှာပါ။



အခြေအနေအကြောင်းကြောင်းကြောင့် အပြောင်းအလဲကို လက်ခံလိုက်ကြရတဲ့၊ရွေးချယ်ခဲ့ကြတဲ့ မိတ်ဆွေအချို့  ကို အကြောင်းပြုပြီး ၁၉၉၉ ခုနှစ်မှာ ရေးဖြစ်ခဲ့တာပါ။

“ငါ့သား တည်ငြိမ်ဖို့ သင့်ပြီနော်” လို့ အမေက ပြောခဲ့ရတဲ့ ကျနော့်ရဲ့ (၁၀)စုနှစ်တစ်ခုစာ အပြောင်းအလဲများစွာမှာ အဓိကတွန်းအားပေးခဲ့တာ ဒီကဗျာလေးပါ။ အခု ၂၀၀၈ အကုန် ၂၀၀၉ အကူးမှာလည်း ပြောင်းလဲလို့မဆုံးသေးတဲ့ကျနော် ပထမဆုံး သတိရမိတာ အဲဒီကဗျာလေးပါပဲ။

အဲဒီအခါ တစ်ဆက်တည်းမှာပါပဲ ကဗျာလေးတစ်ပုဒ်ကို သတိရမိပါတယ်။


နှစ်သစ်အတွေး


ဟောင်းနွမ်းသမျှ
ပြင်နေရ၍
ဒုက္ခသစ်များ ပွင့်ဖူးဝေ ။……….။

ကျနော့်ဦးကြီးရေးခဲ့တဲ့ ကဗျာလေးပါ။ ဦးကြီးဟာ နေ့တိုင်းနီးပါး ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ကဗျာတွေရေးပါတယ်။ အခုကဗျာလေးဟာ ဦးကြီးတို့အိမ်အလည်သွားရင်း ထုံးစံအတိုင်း ကျောက်သင်ပုန်းပေါ်မှာ ဖတ်ခဲ့ရာက ကျနော့်ရင်ထဲမှာ စွဲနေတဲ့ ကဗျာလေးပါ။ ဒီကဗျာလေးဟာလည်း (၁၀)စုနှစ်တစ်ခုစာ မကတော့တာ သေချာပါတယ်။ ခေါင်းစဉ်က “နှစ်သစ်အတွေး” လို့ပဲ ဖြစ်မယ်ထင်ပါတယ်။ စာသားတွေကလည်း ကျနော်မှတ်မိသလိုပါပဲ။ မဂ္ဂဇင်း(သို့)ဂျာနယ်တစ်ခုခုမှာ ပုံနှိပ်ဖော်ပြပြီးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

ဒုတိယမ္ပိတစ်ဆက်တည်းမှာပဲ E-journal မောင်နှမများအတွက် အမေရေးတဲ့ကဗျာလို့ ကျနော်ထင်တဲ့ (အဖေ့ရဲ့ကဗျာ လည်းဖြစ်ကောင်းဖြစ်နိုင်တဲ့) ကဗျာလေးတစ်ပုဒ်ကို နှစ်သစ်လက်ဆောင်အဖြစ် ရွတ်ချင်လာပါတယ်။ အဖေ(သို့)အမေက ကဗျာခေါင်းစဉ်ပေးမထားတဲ့အတွက် ကျနော့်အာဘော် မစွတ်ဖက်လိုတာကြောင့် ဒီအတိုင်းလေးပဲ ရွတ်ခွင့်ပြုပါ။

အဲဒီတော့ ထုံးစံအတိုင်း ကဗျာလေးကို နားမဆင်ခင် ကိုယ့်ကိုယ်ကို အရင်ပြင်ဆင်ကြရအောင်…….
.
ကျေးဇူးပြုပြီး……….
သင့်ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ် (၅) ခါ လုပ်ပါ။
.
ကျနော်ကဗျာ ရွတ်ပါတော့မယ်။




နေ့ကို လစား ၊ လကို နှစ်မျို
သက်တွေအိုမင်း ၊ မယွင်းမပြောင်း
မဟောင်းမအို ၊ နုပျိုနေသော မေတ္တာတွေ

မြင့်ရာမှနိမ့် ၊ တသိမ့်သိမ့်စီး
ခရီးရှည်နွမ်း ၊ လမ်းတွေကြမ်းလည်း
မခန်းမခြောက် ၊ လမ်းမပျောက်သော မေတ္တာပေ

တိုးတက်တဲ့ကမ္ဘာ ၊ အဆန်းတကာ့ လက်နက်
အထက်မြက်ဆုံး ၊ ထွင်မဆုံးကြ

ဘာတွေထွင်ထွင် ၊ ဘာတွေကောင်းကောင်း
မနှောင်းသေးဘူး ၊ ငြိမ်းချမ်းရေးလက်နက်
အထက်မြက်ဆုံး ၊ မေတ္တာဗုံးကို
သုံးဖူးသူတိုင်းသိပါသည် ။

ဆက်ဖတ်မယ်ဆိုရင် ...

MBAA



အကယ်ဒမီ ဘလော့ဂ်၊ ဘလော့ဂ် အကယ်ဒမီ


အလုပ်တွေရှုပ်နေလို့ မအားတာနဲ့ အွန်လိုင်းလဲ မသုံးဖြစ်။ ကျွန်တော်တို့ရဲ့ E-Journal လေးကိုလဲ လာမကြည့်ဖြစ်။ ဒါပေမဲ့ တစ်နေ့က အွန်လိုင်းသုံးရတုန်း ဘလော့ဂ်လေးကိုဖွင့် ဘာထူးနေလဲ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်တော့ မြန်မာဘလော့ဂ် လုပ်ဖူးသူတိုင်းနီးပါး ရင်းနှီးတဲ့ ကိုရန်အောင်ရဲ့ဘလော့ဂ်အကယ်ဒမီ ဆိုပြီး လင့်လေးထားခဲ့တာကို စီဘောက်စ်မှာ တွေ့တယ်။ ကျွန်တော်ကလည်း သူ့ဘလော့ဂ်ဆီကို (မရောက်သလောက်) အရောက်နည်း။ သူကလည်း ကျွန်တော်တို့ဆီကို (မလာသလောက်) အလာနည်းတယ်။ ထူးထူးခြားခြား ရောက်လာတယ်ဆိုတော့ သွားကြည့်ဖြစ်ပါတယ်။ သူရေးထားတာလေးတွေဖတ် နောက်တော့ ညွှန်ထားတဲ့ဆီ သွားကြည့်ပါတယ်။ အော်.. ဒီလိုလေးလုပ်ထားတာပါလားလို့ တွေးမိတယ်။



ဒါက စိတ်ဝင်စားစရာ အစီအစဉ်ပဲ။ စိတ်ဝင်စားသွားတာက များလွန်းတဲ့ ဘလော့တွေကို ဘယ်လိုစုစည်းလဲပေါ့။ နောက်တော့ လက်လှမ်းမှီသလို စုစည်းထားတာပဲလို့ နားလည်လိုက်တာပါပဲ။ အဲဒီမှာ တွေးမိတာက ငါတို့ ဘလော့ဂ်လေးကိုလည်း စာရင်းသွင်းအုံးမှပါ။ လူသိ ဘယ်လောက်များလည်း သိရတာပေါ့။ ဆုဆိုတာကတော့ ကိုယ်နဲ့မဆိုင်ပေါ့လေ။ ဒါနဲ့ပဲ တစ်ခါတည်း မေးလ်ပို့၊ ခွဲထားတဲ့ ခေါင်းစဉ်တွေထဲက ကိုယ့်ဘလော့ဂ်လေးနဲ့ အဆင်ပြေမယ်ထင်တဲ့ မြန်မာစာပေမှာထည့်ပေးပါလို့ ပြောလိုက်တယ်။ နောက်ပြီး လက်လှမ်းမီသလောက် ကောင်းတယ်ထင်တာလေးတွေကိုလည်း မဲပေးခဲ့တယ်။ တစ်ချို့ဘလော့ဂ်တွေက (ဖြစ်နိုင်တာ အတော်များများက) မသိတော့ သိလဲသိ၊ ကောင်းတယ်လဲ ထင်တာလေးတွေကို မဲပိုခဲ့တာပါပဲ။

ဒီလိုတွေလုပ်ပြီးမှ ကိုဟန်သစ်ငြိမ်ရဲ့ ဘလော့ဂ်ဆီရောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အကယ်ဒမီပွဲမှာ သူ့ဘလော့ဂ်ကို ရသဆိုတဲ့ ခေါင်းစဉ်အောက်ထားတာ စဉ်းစားစရာလို့ ရေးထားတဲ့စာကို ဖတ်ရတာပါပဲ။ ဒါနဲ့ ပြန်စဉ်းစားမိတယ် ငါရော မြန်မာစာပေဆိုပြီး စာရင်းထည့်ခိုင်းတာ အမဲရိုးနဲ့ ဟင်းအိုးများဖြစ်သွားပလား။ စဉ်းစားမိတာပြောပါတယ်။ နောက်တော့ လူတွေသိကြရဲ့လား စမ်းစစ်တာပဲ ခေါင်းစဉ်ဘယ်လိုတတ်တတ်ကွာ၊ အဲလို ဖြစ်သလိုစိတ်လေးက ဝင်လာပါတယ်။ ကဲရှိစေတော့ပဲပေါ့။ အဲဒီတစ်ရက် အချိန်ကုန်သွားတာနဲ့ ဒီလောက်ပဲ အစီအစဉ်ကိုသိခဲ့ရတယ်။။ ဒီနေ့တော့ အွန်လိုင်းကြာကြာထိုင်ဖြစ်နေတုန်း အဝေးရောက်သူငယ်ချင်းတစ်ယောက်နဲ့ ဟိုဟိုဒီဒီ စာရိုက်ဖြစ်တယ်။ ပြောနေရင်းကနေ သတိရလာတာနဲ့ အကယ်ဒမီအကြောင်းပြောဖြစ်ပါတယ်။

သူကတော့ သိဘူးတဲ့။ ဒါနဲ့ လင့်ခ်တွေပေး သွားကြည့်ပါအုံးပြောတော့တာပဲ။ ကြိုက်ရင်လဲ ဗုတ်ဗျာ။ မကြိုက်လည်း ဘာမှမဖြစ်ပါဘူးဆိုတော့ အင်းအင်းတော့ ပြောရှာတယ်။ သူက အဲဒီအချိန်ကျမှ သူနဲ့ရင်းနီးတဲ့ ဘလော့ဂ်တစ်ခုကိုလည်း တွေ့တယ်။ မဲအတော်အတန်များတယ်။ (လူသိများတယ် ပေါ့ဗျာ။) သူတို့မသိပဲနဲ့ စာရင်းမှာပါနေတာလို့ သူ့သူငယ်ချင်းက ပြောသတဲ့။ ဒါနဲ့ ပြောပြရတယ်။ ကျွန်တော်ကတော့ စာရင်းမှာပါချင်လို့ မေးလ်ပို့ထည့်ခိုင်းတာပါလို့။ နောက်ပြီး သူကပြောလာတာ အရင်တုန်းက ခင်များဘလော့ဂ်က အစုံအလင်လေ။ ခုက မြန်မာစာပေဘက်ကို အားပါလို့လားတဲ့။ ခက်တော့တာပါပဲ။ အဲ.. အဲလိုလဲ ဟုတ်ဘူး။ ဘာညာ ကွိကွတွေ ဖြစ်ကုန်ရော။ ဒါနဲ့ သူ့ကိုလည်းပြောရင်း ကိုယ့်အနေအထားကို ရလဒ်သွားကြည့်တော့ အော်.. ဒီလောက်တော့ စိတ်ဝင်စားကြသားလို့ ရာနှုန်းအချို့ကို တွေ့တယ်။

ဒီလိုနဲ့ပဲ အဲဒီစာမျက်နှာကို ဟိုဟိုဒီဒီလှန်တော့မှ တချို့သော ဘလော့ဂ်ပိုင်ရှင်များရဲ့ အစီအစဉ်အပေါ် အမြင်တွေကို သိရတယ်။ တချို့က သတင်းပေးအနေနဲ့ ရေးထားတယ်။ တချို့က သရော်စာတွေရေးထားတယ်။ တစ်ချို့ကတော့ ရေးချင်လို့ရေးတာ ဘယ်ဆုမှမမျှော်လို့ အစီအစဉ်ကနေ ထွက်သတဲ့။ တစ်ချို့ကလည်း သူ့ကို မဲမပေးဖို့ တောင်းဆိုကြတယ်။ အမြင်အမျိုးမျိုးကို တွေ့ရတယ်။ ကောင်းလေစွ။ ဘလော့ဂ်လောကမှာ တငွေ့ငွေ့ဖြစ်နေတဲ့ မီးလေးပဲကိုး။ ဒီတစ်ခါတော့ ရှောင်မရအောင် တည့်တည့်တိုးနေပြီ။ ကံကြမ္မာ ဖန်လာတော့တာပါပဲ။ စာရင်းသွင်းလိုက်တဲ့နေ့ ကတည်းက ကျန်တဲ့ ရေးဖော်ရေးဖက်တွေဆီကိုလည်း မေးလ်ပို့ပြီး အသိပေးထားတယ်။ (ဒါပေမဲ့ ဖွင့်ကြည့်ကြမယ်လည်း မထင်ပါ။) သူတို့တွေကရော ဘယ်လိုမြင်လဲမသိ ဆိုပြီး တွေးမိပါသေးတယ်။

ဘာလိုပဲဖြစ်ဖြစ်ပါ။ အတွေးလေးတွေ၊ အမြင်လေးတွေ၊ ခံစားမှုလေးတွေ၊ ပျော်စရာလေးတွေ၊ … … တွေ။ အရောင်စုံအောင် လက်သွေးထားတာလေးတွေကို အချိန်ကုန်ခံလာဖတ်ပြီး အေး - သဘောကျသကွဆိုလည်း။ အော် အင်း အင်းပေါ့။ ကျွန်တော်တို့ရဲ့ လက်ရာလေးတွေကို အရင်းခံကိုက ဝေမျှချင်တာပါ။ ဒီအစီအစဉ်မှာ လူသိသွားလို့ လာဖတ်ကြတယ်ဆိုရင်လည်း ဒါဆုတစ်ခုပါပဲ။ ကိုယ့်ပေတံနဲ့ ကိုယ့်ချိန်ခွင်အရ အနေအထားကို သိသော်လည်း သူတို့ပေတံနဲ့ ဝင်ရပ်ကြည့်တယ်။ သူတို့ချိန်ခွင်နဲ့ ဝင်ချိန်ကြည့်ပါတယ်။ ဒါဟာ ကြေငြာနည်းတစ်မျိုးပဲ၊ အမျိုးတွေစုပြီး မဲပေးခိုင်းအုံးမယ်လို့လဲ မတွေးပါ။ တွေးထင်မထားသော်လဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရေးဖော်ရေးဖက်များနှင့် အခါအားလျော်စွာ စာလာဖတ်သူများကို ဒီအစီအစဉ်လေးမှာ ပါဝင်ထားကြောင်း အသိပေးလိုခြင်းမျှသာပါ။
ဖြစ်နိုင်ရင်၊ အချိန်ရမယ်ဆိုရင် အပေါင်းအသင်းများကလည်း စာတွေရေးကြပါအုံး။ စာဖတ်သူများကလည်း ကောင်းနိုးရာရာလေးတွေ ဖတ်ရှုသွားကြပါအုံး။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, December 24, 2008

မွေးနေ့ဆုတောင်း

ဒီနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ဟာ ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ)ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ) -၂ညီလေးသို့ပေးစာ (ဝန်ချတောင်းပန်ခြင်း အနုပညာ) စတဲ့ ညီလေးသို့ ပေးစာ များကို လက်ခံရယူနေတဲ့ ချစ်လှစွာသော ညီငယ်လေးရဲ့ မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခု၏ သက်တမ်း (သို့) မွေးနေ့ ဖြစ်ပါတယ်။
ဒီနေ့ဆို ညီလေးဟာ (၂၇) နှစ်သားကြီးဖြစ်ခဲ့ပါပြီ။ ကျနော်အတွက်တော့ ညီလေးဟာ (၂)နှစ်နဲ့ (၇)လသားလေးလို ချစ်ခင်မြတ်နိုးစရာကောင်းပြီး (၇၂)နှစ် လူကြီးကြီးတစ်ယောက်ပမာ ယုံကြည်လေးစားထိုက်သူပါ။ ကျနော့်ရင်ထဲမှာ ချစ်ခြင်းမေတ္တာဟာ ညီလေးကိုချစ်ခင်တတ်ရာက စတင်ပြီး အမြစ်တွယ်ရှင်သန် ကြီးထွားရင့်သန်လာခဲ့တာပါ။
အခု ကဗျာလေးက ညီလေးရဲ့ (၂၆) နှစ်ပြည့်မွေးနေ့မှာ အမေရဲ့ မွေးနေ့ဆုတောင်းပါ။





မွေးနေ့ဆုတောင်း


မွေးမိရင်သွေး ၊ ပိစိကွေးသည်
မွေးမိရင်မှ ၊ လျှင်စွာခွာပြေး
တိုးတက်ရေးမို့ ၊ လွမ်းလွမ်းလျက်သာ
နှစ်တွေကြာလည်း ၊ လွမ်းနေဆဲ ။

မွေးနေ့ရက်မှာ ၊ ဝေးရပ်ရွာမှ
မေ့သည်းချာလေး ၊ မာစေရေးနဲ့
ဘေးကင်းရန်ကွာ ၊ စိတ်ချမ်းသာပြီး
လိုရာဆန္ဒ ၊ ကောင်းသမျှကို
ပြည့်ဝပြီးလျှင် ၊ တရားမြင်တွေ့
မဂ်ဖိုလ်မွေ့စေ။

သံသရာဖြတ် ၊ နိဗ္ဗာန်မြတ်ကို
မရသေးခင် ၊ အောင်မြင်တိုးတက်
မျိုးဆက်ဖွံ့ဖြိုး ၊ ဂုဏ်မြင့်မိုးနေ
မွေးမေတောင်းဆု ၊ ပြည့်ပါစေ။..........။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 23, 2008

the role of Mother


ခေတ်မီလာတယ်ပဲပြောရမလား ခေတ်ရေစီးကြောင်းပဲ ပြောရမလား။ ဒီနေ့ခေတ်မှာ တစ်ချို့သော မိန်းကလေးတွေက သူတို့အနေနဲ့ အိမ်ထောင်ပြုပြီဆိုရင် ကလေးယူဖို့ကိစ္စကို မဝင့်ရဲချင်ကြဘူး။ မယူချင်ကြဘူး။ ရှက်တာလိုလို ကြောက်တာလိုလို သူတို့အနေနဲ့ တစ်ခုခုကိုပဲ ဆုံးရှုံးခံလိုက်ရသလိုတွေ ရှိနေကြတယ်။ ကြားဘူးနေတယ်။ တစ်ကယ်တော့ အဲဒီကိစ္စလေးမှာက စိတ်ဝင်စားစရာ ဆွေးနွေးချင်စရာလေးတွေ နဲ့ပါ။ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်လား၊ သဘာဝတရားရဲ့ တုံ့ပြန်ချက်တွေလား၊ လူမှုပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေလား ဆိုတဲ့ အမြင်မျိုးစုံတော့ ရှိနေမှာပါပဲ။ နိုင်ငံတော်အနေနဲ့ရော ဒီလိုကိစ္စတွေအပေါ်မှာ ဘယ်လိုတုံ့ပြန်သင့်သလဲ။ စသဖြင့် စိတ်ဝင်စားစရာလေးတွေကို တနေရာမှာ ဖတ်မိပါတယ်။ ဖတ်မိတော့လည်း အစားကောင်းစားရတော့ မိတ်ဆွေကိုသတိရတတ်သလိုမျိုး ပြန်လည် ဝေမျှချင်ပါတယ်။ ဒါနဲ့ပဲ အဲဒီ့ဆွေးနွေးချက်လေးတွေကို ကူးတင်ပေးလိုက်တယ်။ စာဖတ်သူတို့လည်း စိတ်ဝင်စားကြမယ် လို့ထင်ပါတယ်။ တွေးစရာလေးပါလို့ အတွေးစရသွားခဲ့မယ်၊ ဒါမှမဟုတ် စိတ်မှာရှိနေပြီးသား အတွေးတွေဆိုရင်လည်း အော်-သူတို့ကတော့ ဒီလိုတွေးကြပါလားလို့ ဗဟုသုတလေး ရသွားတယ်ဆိုရင် ဝေမျှရတာအတွက် ကျေနပ်လေရဲ့။ မိခင်တွေအနေနဲ့ မြင့်မြတ်စွာ လူ့လောကကို ဦးဆောင်နေမှုလေးကိုလည်း မြင်သာစေမယ်ထင်ပါတယ်။

သုခမိန်။…..။



မိခင်ဘဝရဲ့ လုပ်ငန်း


အီကေဒါ -
ကလေးတစ်ယောက်ကို လူလားမြောက်တဲ့အထိ စောင့်ရှောက်သွန်သင်ရတဲ့ ပြဿနာဟာ လူသားမိခင်တစ်ယောက်ရဲ့ အကြီးမားဆုံးတာဝန်တစ်ခုလည်း ဖြစ်ပြီး အကြီးမားဆုံး အခွင့်ထူးတစ်ခုလည်း ဖြစ်ပါတယ်။ သည်အလုပ်ဟာ အလွန်ကြိုးစားအားထုတ်ဖို့ရော စိတ်ပညာနဲ့ ပက်သက်တဲ့ နားလည်သဘောပေါက်မှုရော လိုပါတယ်။ ဒါပေမဲ့ အနန္တမေတ္တာတရားမပါဝင်ရင်တော့ မအောင်မြင်နိုင်တဲ့ အလုပ်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ လူမမယ်ကလေးတစ်ယောက်ရဲ့ တိုးတက်ဖြစ်ထွန်းနိုင်တဲ့ အလားလာတွေက အကန့်အသတ်မရှိ များပြားလွန်းတာကြောင့်ပါပဲ။ နောက်ပြီး နုနယ်လှတဲ့ စိတ်ပေါ်မှာရိုက်ခတ်သွားတဲ့ တွေ့ကြုံခံစားချက်တွေရဲ့ သဘာဝကလည်း အလွန်အရေးပါလို့ပါပဲ။ မိခင်တွေကို ကလေးထိန်းသိမ်းရတဲ့ အလုပ်မှ သက်သာရာရအောင် ကလေးထိန်းဌာနတွေနဲ့ အစားထိုးတာဟာ အမျိုးသမီးတွေရဲ့ လွတ်မြောက်ရေးလမ်းပဲ ဖြစ်တယ်လို့ စဉ်းစားတာဟာဖြင့် အလွန်ကြီးမားတဲ့ အမှားပဲ ဖြစ်ပါတယ်။

တွိုင်ဘီ - လူမမယ်ကလေးတွေရဲ့ အစောပိုင်းနှစ်ကာလများမှာပဲ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေ ပုံပေါ်ဖြစ်ထွန်းလာပါတယ်။ သည်အချိန်ကာလမှာ မိခင်ဟာ သူကလေးရဲ့ ဆရာပဲ။ သည်လိုဆရာအဖြစ်ကို အစားထိုးလို့မရဘူးဆိုတာ ကျွန်တော်ထောက်ခံပါတယ်။
ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်စိတ်တစ်ပိုင်းကို သူ့မိဘနှစ်ပါးဆီက ဆက်ခံတဲ့ ဗီဇပစ္စည်းတွေက ဖန်တီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အကျင့်စရိုက်ကို ဖန်တီးတာကတော့ ပတ်ဝန်းကျင်အပေါ် သူ့ရဲ့ တုံ့ပြန်မှုနဲ့ မျိုးရိုးဗီဇအကြား အပြန်အလှန်အကျိုးပြုမှုပါ။ အကျင့်စရိုက်ကို ဘယ်အသက်အရွယ်မှာမဆို ပြုပြင်ပြောင်းလဲလို့ ရနိုင်ပေမဲ့ အကျင့်စရိုက်တွေ ပြတ်ပြတ်သားသား ဖြစ်ထွန်းလာတာကတော့ ကလေးရဲ့ ပထမဆုံး ငါးနှစ်တာကာလအတွင်းမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို လူအားလုံး သဘောတူကြပုံ ရပါတယ်။ နောက်ပြီး သည်လိုအကျင်းစရိုက် ဖြစ်တည်ဆဲ အဆင့်မှာ ကလေးငယ်ဟာ နေအိမ်အတွင်းမှာပဲ မိခင်ရဲ့ ပြုစုပျိုးထောင်မှုကို ခံရမယ်ဆိုရင် သူ့အတွက် အဓိကပတ်ဝန်းကျင်ဟာ မိခင်ရဲ့ ပညာရေးလွှမ်းမိုးမှုပဲ ဖြစ်တယ်ဆိုတာကိုလည်း သဘောတူလက်ခံကြပုံ ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တုန်းက ဗြိတိန်နိုင်ငံမှာ ကလေးမိဘတွေကို စစ်ပွဲနဲ့ဆိုင်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ သူတို့ကလေးတွေကို သူတို့နဲ့ခွဲခြားပြီး တခြားအဖွဲ့အစည်းတွေ ဌာနတွေဆီကို ပို့ထားခဲ့တယ်။ သည်ကလေးတွေထဲက တစ်ချို့ရဲ့သမိုင်းကို လူကြီးဖြစ်လာတဲ့အခါမှာ စိတ်ပညာရှင်တွေက လေ့လာကြည့်လိုက်တော့ ကလေးတွေ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကသောင်းကနင်းဖြစ်ရပ်တွေရဲ့ အကျိုးဆက်များဟာ အသက်ကြီးလာတဲ့အထိ ရှိနေပြီး ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။


အီကေဒါ - လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ပညာရေးအပေါ်မှာပဲ တည်နေပါတယ်။ ဒါကြောင့် လူမမယ်ကလေးတစ်ယောက်ရဲ့ စိတ်ပေါ်မှာ ပထမဆုံးစွဲထင်မဲ့ ပညာရေးသွန်သင်ချက်များဟာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးနေသင့်ပါတယ်။ လူသားဆန်သင့်ပါတယ်။ အမိန့်အာဏာနဲ့ ပြဋ္ဌာန်းချက်ဆန်တာမျိုး မဖြစ်သင့်ပါဘူး။
ရုပ်ဝတ္ထုပစ္စည်းများ ထုတ်လုပ်တဲ့နေရာမျိုးမှာ ယောက်ျားတွေဟာ ထိပ်ပါပဲ။ ဒါပေမဲ့ အလွန်အာရုံခံစားမှုထက်မြက်ပြီး ခံယူမှုအားကောင်းလွန်းတဲ့ ကလေးဘဝကို စောင့်ရှောက်မွေးမြူတဲ့ကိစ္စနဲ့ ကလေးကိုလူလာမြောက်အောင် လမ်းပြသွန်သင်တဲ့ ကိစ္စမျိုးမှာတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ကျွမ်းကျင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ သိမ်မွေ့တဲ့ စိတ်ပိုင်းပြောင်းလဲမှုများကို ပိုသတိထားမိလိုပါပဲ။ နောက်ပြီး ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ချစ်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပေးနိုင်တာဟာ မိန်းမတွေရဲ့ သဘာဝဖြစ်လို့ပါပဲ။
ကလေးဟာ မိခင်ရဲ့ သွန်သင်ထိန်းကျောင်းမှုကို အလွန်နိုးကြားတက်ကြွစွာ ခံယူပါတယ်။ မိခင်ရဲ့ ပြုမူလှုပ်ရှားတွေ၊ မိခင်ရဲ့ စိတ်ခံစားချက်တွေ၊ လူသားတစ်ဦးရဲ့ ရုပ်ပုံလွှာတစ်ခုလုံးကို ထက်မြက်တဲ့ အာရုံခံယူမှုတွေနဲ့ ခံယူမှတ်သားနေပါတယ်။ သည်လို ခံယူမှတ်သားရင်းနဲ့ ကလေးဟာ ကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေကို မသိလိုက်မသိဖာသာ စုဆောင်းပါတယ်။ သည်လိုနဲ့ပဲ အခြေခံလူယဉ်ကျေးမှုစရိုက်ကို အမွေဆက်ခံလိုက်ပါတယ်။ ရှေးစကားပုံတစ်ခု ရှိပါတယ်။ “ကလေးသည် မိခင်၏ ကြေးမုံ”တဲ့။ လူ့အသိုင်းအဝိုင်းများဟာ အသိုင်းအဝိုင်းထဲမှာ ပါဝင်သူတွေကို ပညာသင်ကြားပေးနိုင်ပါမယ်။ အသိတရားတွေ အများကြီး သွတ်သွင်းပေးနိုင်ပါမယ်။ ဒါပေမဲ့ မိခင်နဲ့ မိသားစုက ကလေးတစ်ယောက်ကိုပေးတဲ့ အရာတွေကိုတော့ ပေးနိုင်စွမ်းမရှိပါဘူး။


တွိုင်ဘီ - အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့တခြားစွမ်းရည်တွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး အသုံးချရင်းနဲ့ တစ်ချိန်တည်းမှာ သားငယ်သမီးငယ်တွေကို အသိပညာနဲ့ မေတ္တာတရား ပေးဝေနိုင်စေဖို့အတွက်ဆိုရင် ယောက်ျားတွေ ကြီးစိုးတာလည်းမဟုတ်၊ မိန်းမတွေ ကြီးစိုးတာလည်းမဟုတ်တဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားသင့်ပါတယ်။ သည်လူ့အဖွဲ့စည်းဟာ ယောက်ျားတွေရော မိန်းမတွေပါ အဆင်ပြေကြေနပ်စေမဲ့ လူ့အဖွဲ့စည်းဖြစ်ရပါမယ်။
လူသားတစ်ယောက်အတွက် လွတ်လပ်မှုဆိုတာ ကိုယ့်မှာရှိနေတဲ့ စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်အသုံးချခွင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အလားလာတွေကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပဲ ဖြစ်ပါတယ်။ သည်စွမ်းရည်တွေ အလားလာတွေထဲမှာ ယောက်ျားနဲ့ မိန်းမတို့ရဲ့ သီးခြားဇီဝကမ္မဗေဒဆိုင်ရာ စရိုက်များနဲ့ စိတ်ပိုင်းအကျင်းစရိုက်များကြောင့် ဖြစ်လာရတဲ့ ယောက်ျားမှာမှသာရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော မိန်းမမှာမှရှိတဲ့ စွမ်းရည်နဲ့ အလားအလာတွေရော ပါဝင်ပါတယ်။


အီကေဒါ - ကိုယ့်ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ အခွင့်အရေးများကို ယောက်ျားမိန်းမ ခွဲခြားမှုမရှိဘဲ လူတိုင်းကိုပေးတဲ့ လူ့အဖွဲ့စည်းတစ်ခုကို ဖန်တီးတည်ထောင်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ သည်လူ့အဖွဲ့စည်းက ယောက်ျားကပဲ လုပ်လုပ်၊ မိန်းမကပဲ လုပ်လုပ် တူညီတဲ့အလုပ်အတွက် တူညီတဲ့ လုပ်ခကို ပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ရပါမယ်။ ဒါပေမဲ့ မိန်းမတွေဟာ အိမ်ရှင်မအလုပ်တွေ မိခင်အလုပ်တွေက ကင်းလွတ်ရမယ်လို့ အမျိုသမီး လွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ တောင်းဆိုချက်ကတော့ မှားယွင်းပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းမှာ မိန်းမတွေဟာ သူတို့ရဲ့စွမ်းရည်ကို ယောက်ျားတွေလောက် လွယ်လွယ်ကူကူ တိုးတက်စေနိုင်ခြင်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘူး။ နောက်ပြီး မိန်းမတွေဟာ လုပ်အားခနဲ့ ပက်သက်ပြီး မတရားအနှိမ်ခံနေရတယ်လို့ သည်လှုပ်ရှားမှုတွေကို ထောက်ခံသူများက ပြောတာကျတော့လည်း မှန်နေပါတယ်။ သည်လိုကိစ္စတွေကိုတော့ ပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာအလုပ်တစ်ခုဖြစ်တဲ့ ကလေးမွေးတဲ့အလုပ်ကနေ လွတ်မြောက်အောင် လုပ်နေတာတွေ ကလေးတွေကို ပြုစုပျိုးထောင်ပြီး အိမ်မှုကိစ္စကို ထိန်းသိမ်းတဲ့အလုပ်များမှ လွတ်မြောက်အောင် လုပ်နေတာတွေကတော့ လူ့ဘောင်လောကကြီး ပျက်စီးစေမယ့် ဘေးအန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ နောက်ပြီး သည်အလုပ်တွေကို စွန့်လွှတ်ပစ်လိုက်မယ်ဆိုရင် မိန်းမတွေအနေနဲ့ ကိုယ့်ရဲ့အရေးအပါဆုံး အားသာချက်ကို လွှင့်ပစ်လိုက်သလို ဖြစ်သွားပါမယ်။ သည်လိုအရေးပါတဲ့ အလုပ်တွေကို မြဲမြဲဆုပ်ကိုင်ထားပြီး ကိုယ့်ဘဝရဲ့ တိုးတက်ခွင့်နဲ့ လုပ်အားခကို ယောက်ျားများနဲ့ တန်းတူညီမျှရရှိဖို့ တောင်းဆိုခြင်းဟာ မိန်းမတွေအတွက် အကျိုးရှိစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေအနေနဲ့ မိသားစုရဲ့ တာဝန်ဝတ္တရားတွေကို တခြားအလုပ်အကိုင်တွေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ပြဿနာတွေ အများအပြားပေါ်ပေါက်လာပါတယ်။

တွိုင်ဘီ - သည်ပြဿနာတွေအတွက် ပထမဆုံး ဖြေရှင်းချက်ကတော့ ကလေးမွေးနေရတဲ့ အချိန်ကာလနဲ့ ကလေးထိန်းနေရတဲ့ အချိန်ကာလအတွင်းမှာ မိန်းမတွေကို အချိန်ပိုင်းအလုပ်အကိုင်တွေ ရရှိနိုင်အောင် စီမံပေးဖို့ပါပဲ။ အိမ်မှုကိစ္စတွေကို စက်နဲ့ အစားထိုးလုပ်ဆောင်ခြင်းအားဖြင့် မိခင်တွေအတွက် အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်။ ပိုပြီးခက်ခဲတာက စိတ်ပိုင်းဆိုင်ရာပြဿနာပါ။ မိခင်တစ်ယောက်ရဲ့ အလုပ်ကိုရော တခြားအချိန်ပိုင်းအလုပ်ကိုရော လုပ်နိုင်အောင် အချိန်ကို ခွဲဝေနိုင်ပေမဲ့ သူ့ရဲ့ဂရုပြုမှုနဲ့ ကြောင့်ကြစိုက်မှုတို့ကိုတော့ ကျေနပ်စရာကောင်းအောင် ခွဲဝေဖို့ ခက်ခဲနိုင်ပါတယ်။ ကလေးတွေက တစ်ဖက် လုပ်ဖော်ကိုင်ဖက်တွေက တစ်ဖက်နဲ့ သည်ကြားထဲ ရောကနေတဲ့သူဟာ ဘယ်ဖက်ကိုမှ ပြည့်ပြည့်ဝဝ ဂရုမပြုနိုင်ဘူး။ ကြောင့်ကြမစိုက်နိုင်ဘူးဆိုတဲ့ မကျေနပ်စိတ်မျိုး ဝင်လာနိုင်ပါတယ်။
ဆေးပညာ တိုးတက်လာမှုရဲ့ ရလာဒ်အဖြစ် လူတွေရဲ့ အလုပ်လုပ်နိုင်တဲ့ ပျမ်းမျှသက်တမ်းဟာ တိုးလာတဲ့အတွက် နောက်ထပ် ဖြေရှင်းချက်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ယခုအချိန်မှာ မိန်းမတစ်ယောက်ဟာ အဆင့်မြင့်ပညာရေးကို အပြည့်အဝ သင်ယူနိုင်ပါပြီ။ သက်မွေးအလုပ်တစ်ခုကို လုပ်နိုင်တဲ့ အရည်အချင်းကို ရရှိနိုင်ပါပြီ။ ပြီးတော့ အိမ်ထောင်သားမွေး လုပ်နိုင်ပါပြီ။ သားသမီးကို ထိန်းသိမ်းမွေးမြူရင်း ကိုယ့်သက်မွေးအလုပ်ကိုလည်း အချိန်ပိုင်းလုပ်နိုင်ပါပြီ။ အချိန်ပိုင်းဆိုပေမဲ့ ကျွမ်းကျင်မှုလည်းမပျက်အောင် တိုးတက်ဖြစ်ထွန်းမှု အသစ်တွေနဲ့လည်း ရင်ပေါင်တန်းလိုက်နိုင်အောင်အထိ လုပ်နိုင်တဲ့ အချိန်ပိုင်းဖြစ်ပါတယ်။ နောက်ပိတ်ဆုံးမှာ ကလေးတွေအားလုံး အရွယ်ရောက်တာနဲ့ သူ့အလုပ်ကို အချိန်ပြည့်ပြန်လုပ်နိုင်ပါတယ်။ သည်အချိန်မှာ သူဟာ အရွယ်ကောင်းပဲ ရှိပါဦးမယ်။ သည်အနေအထားဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဖြစ်ကောင်းမှ ဖြစ်နိုင်ပေမဲ့ သားသမီးအရေအတွက်ကို မိသားစုစီမံကိန်းနဲ့ အသိရှိရှိကန့်သတ်ကြတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဖြစ်နိုင်ပါပြီ။ မိန်းမတစ်ယောက်အတွက် မိခင်ဘဝရလိုခြင်းဟာ ပုံမှန်ဖြစ်နိုင်အောင်အထိ မိခင်ဘဝဟာ အရေးပါပြီးအကျိုးရှိတဲ့ အလားအလာတစ်ခု ဖြစ်ပါတယ်။
လူတွေကို သူတို့လုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ လုပ်ခတွေ နေရာတွေကို ပေးခြင်းဟာ အလုပ်ကောင်းတွေ လုပ်ဖို့ တွန်းအားပေးခြင်းပါပဲ။ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု ကြီးစိုးတဲ့ စီးပွားရေးခေတ်မှာတော့ နေရာအဆင့်အတန်းကို ဖော်ပြတဲ့ အဓိကသင်္ကေတဟာ လစာငွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေကိုလည်း တစ်ခြားပညာရေး ဝန်ထမ်းတွေလိုပဲ လစာပေးသင့်တယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ သည်လစာဟာ မြင့်လည်းမြင့်သင့်ပါတယ်။ မိခင်တွေကို တိုင်ရိုက်လည်း ပေးသင့်ပါတယ်။ ဒါမှ ယောက်ျားရဲ့ ဝင်ငွေကိုမှီခိုမှုမှ ကင်းလွတ်ပြီး ကိုယ်ပိုင်ဝင်ငွေကိုရရှိမှာ ဖြစ်တယ်။ မိခင်များကို ပေးတဲ့ လစာငွေဟာ လူ့အဖွဲ့အစည်းရဲ့ လုပ်ခငွေထဲက များများကြီး နှုတ်ယူသွားပါလိမ့်မယ်။ ဒီလိုငွေများကို ရှာဖို့အတွက် ယောက်ျားတွေကို ပေးမယ့် လုပ်ခငွေတွေကို ခပ်များများ လျှော့ချပစ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်းမှာ လူ့အသိုင်းအဝိုင်းရဲ့ ဝင်ငွေကို မိန်းမတွေဘက် ဦးစားပေးပြီး ခွဲဝေခြင်းကြောင့် မိန်းမတွေရဲ့ လူမှုအဆင့်အတန်း လူမှုရေးဂုဏ်သိက္ခာ မြင့်တက်လာပါလိမ့်မယ်။


အီကေဒါ - ဆရာကြီးရဲ့ အကြံပေးချက်က အလွန်ကောင်းမွန်ပါတယ်။ နောက်ပြီး ကြောင်းကျိုးလည်း သင့်မြတ်ပါတယ်။ ကလေးမွေးရတာ ကလေးထိန်းရတာတွေရဲ့ အကျိုးရလာဒ်အဖြစ် မတရားဖိနှိပ်ခံနေရတယ်ဆိုတဲံ ခံစားမှုမျိုးကနေ မိန်းမတွေကို လွန်သွားစေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မိခင်တစ်ယောက်ရဲ့ အလုပ်ဟာ ဘယ်လောက်ထိ ကြီးမားခက်ခဲတယ်ဆိုတာကိုလည်း လူ့အဖွဲ့အစည်းတစ်ခုလုံး ဘွင်းဘွင်းကြီး သိသွားအောင် လုပ်ပါလိမ့်မယ်။ ယခုအချိန်ထိ လူ့အဖွဲ့အစည်းဟာ ကလေးများ ပြုစုပျိုးထောင်တဲ့ အလုပ်ကို မိန်းမတွေရဲ့ သဘာဝ လုပ်ငန်းဆိုတာထက် ပိုပြီး မသတ်မှတ်သေးပါဘူး။ ဒါရဲ့ အကျိုးဆက်အဖြစ် မိန်းမတွေကလည်း မိခင်ဘဝဆိုတာ မိန်းမလိင်က ချမှတ်လိုက်တဲ့ မကျေနပ်စရာအလုပ်တစ်ခုလို့ မြင်ပြီး ဒေါသတောင် ထွက်နေကြတယ်။ တချို့ဆိုရင် သည်ဝန်ထုပ်က လွတ်ကင်းဖို့တောင် တောင်းဆိုနေကြပါပြီ။
မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက် ဒါမှမဟုတ် ဇနီးတစ်ယောက်မဖြစ်ခင်မှာ လူသားတစ်ယောက်ဖြစ်နေပါတယ်။ မိန်းမတွေဟာ သူတို့ရဲ့ နေအိမ်တွေနဲ့ မိသားစုများဆီမှာ ကြိုးချည်ထားတာမျိုး မလိုချင်ဘူးလို့ အမျိုးသမီးများ လွတ်မြောက်ရေးလှုပ်ရှားမှုက ပြောဆိုနေတဲ့ အချက်က မှားယွင်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေဟာ လူသားတွေဖြစ်နေလို့ပါပဲ။ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အလုပ်တစ်ခုခုကို အချိန်ပြည့်လုပ်ဖို့ပဲ ဆန္ဒရှိနေတဲ့ မိန်းမတွေ အများအပြားရှိတာကို ကျွန်တော်သဘောပေါက်တဲ့အကြောင်း ဖြည့်စွက်ပြောရပါမယ်။ ဘာသာရေးနယ်ပယ်မှာသာမက တခြားနယ်ပယ်တွေမှာလည်း ရှိပါတယ်။ သဘာဝအရ သည်လို မိန်းမတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးရပါလိမ့်မယ်။


တွိုင်ဘီ - ကျွန်တော့်အမြင်မှာ အိမ်ထောင်သားမွေးအလုပ်ကို မလုပ်လိုဘဲ ကိုယ့်အလုပ်ထဲမှာသာ ကိုယ့်ဘဝတစ်ခုလုံးကို မြှုပ်နှံလိုတဲ့ မိန်းမများအနေနဲ့ သူတို့လုပ်လိုတဲ့အလုပ်ကို ယောက်ျားများနဲ့တန်းတူ လုပ်နိုင်ခွင့် အပြည့်အဝမရရှိသေးရင် မိန်းမတွေရခွင့်ရှိတဲ့ လွတ်လပ်မှုဆိုတာ မပြည့်စုံဘူးလို့ မြင်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်သားမွေးအလုပ်ကို တမင်သက်သက် ရှောင်ကြဉ်တယ်ဆိုရင်တောင်မှ အလွန်အရေးပါတဲ့ မိန်းမရဲ့ စွမ်းရည်ကို ဖော်ထုတ်မှုမပြုတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားရနိုင်ပါတယ်။ အိမ်ထောင်သားမွေးလုပ်လိုက်တဲ့အတွက် အလုပ်အကိုင်ထိခိုက်ပြီး ခံစားရနိုင်သလိုမျိုးပေါ့။
ခြုံပြီးပြောရရင် အိမ်ထောင်သားမွေးလုပ်လို့ အလုပ်အကိုင်ထိခိုက်ပြီး စိတ်ထဲမှာ ခံစားရတာက အိမ်ထောင်သားမွေးကို ရှောင်ကြဉ်လို့ ခံစားရတာလောက် ပြင်းထန်မယ် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျေနပ်စရာ အကောင်းဆုံး ဖြေရှင်းချက်ကတော့ အိမ်ထောင်သားမွေးတဲ့ အလုပ်နဲ့ အချိန်ပိုင်းအလုပ်ကို မိန်းမတွေ တွဲလုပ်နိုင်အောင် စီမံဖို့ပဲဖြစ်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းကို အကျိုးပြုနေသရွေ့ သူ့ကို လစာကောင်းကောင်းပေးပြီး အဆင့်မြင့်မြင့်မှာ ထားသင့်တယ်လို့ မြင်ပါတယ်။ ဒါတွေဟာ မိခင်ဘဝရဲ့ ပဓာနအလုပ်နဲ့ ထိုက်တန်တဲ့အရာတွေပါပဲ။ မိခင်တစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဟာ ပါမောက္ခတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် တရားသူကြီးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် လေယဉ်မှူးတစ်ယောက်ရဲ့ ဂုဏ်ဒြပ်အဆင့်အတန်းဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းလောက်ဖြစ်ဖြစ် မြင့်မားသင့်ပါတယ်။ ဒီလို ဂုဏ်ဒြပ်အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လစာကိုလည်း ရသင့်ပါတယ်။
ကလေးတစ်ယောက်အဖို့ မိခင်ရဲ့ မေတ္တာတရားနဲ့ ဂရုတစ်စိုက် ကျွေးမွေးစောင့်ရှောက်မှုဟာ မရှိမဖြစ်ပါ။ ကနေ့အချိန်မှာ မိန်းမတွေအနေနဲ့ အိန်ထောင်သားမွေး အလုပ်အပြင် တခြားလုပ်စရာတွေ အများအပြားရှိနေပါပြီ။ ဒါကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ မိခင်ကောင်းတွေ ထွက်ပေါ်လာဖို့ကတော့ သဘာဝရဲ့တာဝန်ပဲဖြစ်တယ်ဆိုပြီး သဘာဝအပေါ် တာဝန်ပုံချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဇီဝကမ္မဗေဒအရ ယောက်ျားတွေ မစွမ်းဆောင်နိုင်တဲ့ သည်လို သားမွေးတဲ့အလုပ်ကို မိန်းမတွေ လိုလိုလားလားလုပ်ချင်လာအောင် ဖန်တီးခြင်းဖြင့် မိခင်ကောင်းတွေ ပေါ်ထွက်ရေးအတွက် ဖြည့်ဆည်းပေးသင့်ပါတယ်။ မိခင်ဘဝကို အလွန်လေးစား တန်ဖိုးထားသင့်ပြီး လစာငွေလည်း ရက်ရက်ရောရော ပေးသင့်ပါတယ်။


***တွိုင်ဘီ - အီကေဒါ ဆွေးနွေးခန်း (မြသန်းတင့်၊ မောင်သာမည) ၊ စာမျက်နှာ ၁၇၀ မှ ၁၇၆ အထိ။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, December 22, 2008

Don'ts


“ တောင်းပန်ခြင်းနှင့် ရှောင်ရန် မှတ်သားဖွယ်များ”

ကျနော်လည်း စာမေးပွဲ မတိုင်ခင်က စာမေးပွဲရှိလို့ဆိုပြီး စာမရေးဖြစ်၊
စာမေးပွဲ ပြီးတော့လည်း အလုပ်ကြွေးတွေ ဘာတွေ အကြောင်းပြပြီး လစ်။
ခုကျတော့လည်း လူက စိတ် လေ တာလား စိတ်ကျတာ လား သေခြာ မသိတာတွေ ဖြစ်၊
ဘလော့တွေကို ရောက်ဖြစ်သော်လည်း တိတ်တိတ်လေး ပြန် အဲလိုတွေ ဖြစ်နေတယ်။

တလက်စတည်း အားလုံးသော ညီအကို မောင်နှမများ ဘဘော့လောကမှ လူများအားလုံးကိုလည်း အဲဒီလို တိတ်တိတ်လေး သွာားလာမိတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ ဘာရယ်မှတော့ မဟုတ်ပါဘူး လူက စိတ်ကျနေတာလည်း ပါတယ်။ ပြီးတော့ ကိုယ်က ဘာမှ လဲ မတင်နိုင်တော့ အားနာတာလဲ ပါတယ်ပေါ့လေ။ အဲဒါနဲ့ တိတ်တိတ်လေး ပြန်ပြန် သွားဖြစ်တာ။




စာတွေကတော့ အွန်လိုင်းမှာ တော်တော် လျောက်ဖတ်ဖြစ်တယ် ။ လူက “နေမထိဘူး” လို့ ဘားအံ ဒေသဘက်က အပြောကို ယူပြီး ပြောရမယ် ထင်တယ်။ တခုခုကို ချဉ်ခြင်း တပ်နေပါတယ်။ အနာသိသော်လည်း ဆေးက မရှိပါ ခင်ဗျာ။ စာတွေ ရေးသော်လည်း အပိုင်းပိုင်း အစစနဲ့ ရပ်လိုက် ပြန်ပြင်လိုက် ထပ်ရေးလိုက် အဲလို လုံးချာ တွေလည်။
ဒီလိုနဲ့ပဲ ဖတ်မိသော စာတွေထဲက သဘောကျတာလေး တခုကို ကူးပြီး တင်ပေးလိုက်ပါတယ် ခင်ဗျာ။ ပန်းတိုင်၊ ရည်ရွယ်ချက် တွေ ကို ချီတက်ရာ၊ လျောက်လှမ်းရာ မှာ ဆောင်ရန် ရှောင်ရန်များထဲက ရှောင်ရန်၊ သတိပြုရန် အချက်များကို ဝေမျှ ချင်ပါတယ်။ ဆောင်ရန်တွေကလည်း တစ်ကျောင်း တစ်ဂါထာ ကိုး။ အဲဒါနဲ့ ပဲ ရှောင်ရန်များကို အများအကျိုးရှိစေရန် ဝေမျှလိုက်ပါတယ် ခင်ဗျာ။ သတိပြုပြီး ရှောင်ရှားနိုင်၊ သတိပြုနိုင် ကြပါစေ ခင်ဗျာ။

လက္ခဏ ဗေဒ ဆရာကြီး ဦးစံတင်အောင် (ရွှေဘို) အား
အိန္ဒိယ နိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှူ့ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ လက္ခဏာ ပညာ ပါရဂူဘွဲ့ Ph.D (Palmistry)
ချီးမြှင့် ခံရခြင်း အတွက် ဂုဏ်ပြုပွဲ အခမ်းအနားတွင် အမှတ်တရ ထုတ်ဝေသော
လက်ကမ်း စာအုပ်ငယ်လေး ထဲမှ “ မအောင်မြင်ခြင်း အကြောင်းအရင်း (၄၅)ချက်
ကို ကူးယူ ဖော်ပြပါသည် ခင်ဗျာ။

။ တိကျသော ရည်ရွယ်ချက် မရှိခြင်း
။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။
။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့် အကျင့်ရှိခြင်း။
။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။
။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။
။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း ။
။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ် မရှိခြင်း။
။ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ခြင်း ။
။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ် ခံခဲ့ရခြင်း။
၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။
၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။
၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။
၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။
၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။
၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။
၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။
၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)
၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။
၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။
( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)
၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)
၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိ
နှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)
၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။
၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။
၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း ။
၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ ပြောဆိုခြင်း။
၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။
၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု တတ်ခြင်း။
၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။
၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။
၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါက်းအသင်း ၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။
၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို တိုးတက်အောင် မပြုလုပ်ခြင်း။
(မူရင်း စာတွင် နံပတ် ၁၇ နှင့် ၁၉ အချက် နှစ်ခုက ထပ်သွား၍ ဖြုတ်ချန်ထားခဲ့ ပါသည်။ လက်သဲကွင်း ထဲမှ စာသားများသည် ကျနော် နားလည်သလို လွယ်ကူအောင် ရေးထားခြင်း မျှသာ ဖြစ်ပါသည်။)

အဆင်ပြေရာများကို မှတ်သား၊ ရှောင်ရှား၊ သတိပြုနိုင်ကြပါစေခင်ဗျာ။


ခင်မင် လေးစားစွာဖြင့်

တာတူး


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 21, 2008

ခရစ်စမတ်

ခရစ်စမတ်

သခင်ဘုရား
ရှင်လာဖွား၍
ထင်ရှား ခရစ်စမတ် စီရင်သည်။ ။

အကြင်နာတရား
ရင်မှာထားမှ
သင့်အား ခရစ်စမတ် ပီပြင်မည်။ ။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 20, 2008

Does KNOWLEDGE represent Everything?


ပညာသည် အရာရာလော

ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် “တိုနီဘလဲ”၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ” ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ “ပညာခေတ်”၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။

သို့နှင့်တိုင် “တိုနီဘလဲ”ကိုသာမက၊ “ပညာခေတ်”တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်က ထွက်ပေါ်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေး လှုပ်သွားသည်ဟု သိရသည်။စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးသော ပညာရေးပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ)” ALISON WOLF ဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထား စဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြည့်ရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်းဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏။

သို့ဖြင့် “ပညာခေတ်၏ ပညာရေး” EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်တာတော့သည်။



ပညာဘိဇနက် (Knowledge Business)
ပြောရလျှင် “၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်”ဆိုသော လားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့် သတင်းနည်းပညာ တော်လှန်ရေးအရှိန် ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင် “အသိပညာလုပ်ငန်းများ” KNOWLEDGE INDUSTRIES ရှေ့တန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် “ပညာစီးပွားရေး” KNOWLEDGE ECONOMY သို့ အသွင်ပြောင်းလာပြီဟု ကောင်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဗေဒ ပညာရှင်များကိုယ်တိုင်က “ပညာ” KNOWLEDGE ကို အဓိကအကျဆုံး “ထုတ်လုပ်ရေးအရင်းအမြစ်” PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ “ပညာရေး”သည်ပင် စီးပွားရေး၊ နိုင်ငံရေးပေါ်လစီ အရပ်ရပ်အတွက် အဓိက နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။

သို့နှင့်အမျှ “ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ” မှာလည်း မျှော်လင့်ချက်အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ “အပိုလိုအုပ်စု” APOLO GROUP ဆိုလျှင် “ဖစ်နစ်တက္ကသိုလ်” UNIVERSITY OF PHOENIXလို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် “ပညာဘိဇနက်” KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။

ပညာ၏“စန်း”မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ “ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍အောင်မြင်မှုရလေ” ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည် ဟူသော မျှော်လင့်စိတ်ကူးများဖြင့် “ပညာ”ကို မဟာဗျူဟာ အသုံးခံကစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် “ပညာသည်ပါဝါ” KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး “ပညာပိုလိုတစ်” KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။

သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ “ဒေါ့ကွမ်ဈေးကွက်” DOT-COM MARKET အပြိုနှင့် စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့ပါသည်။

ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ၊ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကို ဆိုလိုပြီး၊ ဘာသာရပ်ကောင်းကောင်း ဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။

ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုမိလိုက်သည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများ ပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ “ဆယ်ကျော်သက်မတိုင်မီ အရွယ်များ” PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ဆိုခဲ့ပါ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အဝလွန်ခြင်း စသော ရုပ်ပိုင်းဆိုးကျိုးများ ရှိနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန် ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ “တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ” ဖြစ်နေတော့သည်။

ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့လည်း လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန် ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများ အောက်တွင် အရွယ်ကို စတေးပြစ်လိုက်ရပါသည်။ မိမိ ပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ “အတ္တ ဗဟိုပြုလူငယ်များ” SELFCENTERED YOUTH မွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော “စုပေါင်းစွမ်းအင်” SYNERGY ကို ဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။

စက်ယန္တရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက် ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည် ဟုပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးသည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်း ညွှန်းကိန်းများကို အားပြုလေ့ရှိရာ ပညာရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် “ပညာအလုပ်သမား” KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရှုချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိလျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုပါသည်။

အရေအတွက်များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင်စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခက်အခဲနှင့် ရင်ဆိုင်လာရာခြင်း စသည်တို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့် ကိစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှမဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစ ဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် “အရင်းအမြစ်များ ခန်းခြောက်လာခြင်း” DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။

ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ “အယ်လစ်ဆန်”၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လစ်လျူရှုပြီး ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား” သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ “ပညာ”ဆိုသည်နှင့် ပက်သပ်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။

ပညာအစစ်သို့
“ပညာခေတ်”၊ “ပညာစီးပွားရေး”၊ “ပညာအလုပ်သမား” …။ မျက်မှောက်ခေတ်တွင် “ပညာ”ဆိုသော ရှေ့ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟည်းလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာစစ် ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြရသည်။

ယနေ့ အပြောများနေသော “ပညာ” KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့စည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ပါးဆေးအဖြစ် မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် “အဆုံးစွန်တန်ဖိုး” ABSOLUTE VALUE မရှိ။ “နှိုင်းရတန်ဖိုး” RELATIVE VALUE တန်ဖိုးသာရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် “သညာ”ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။

ဤသို့ဆိုလျှင် “တကယ့်ပညာအစစ်” WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည် (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည် (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်းကပ်နိုင်ရမည် (ALL ROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။

ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ “ပညာရေး” EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။
စာညွှန်း - THE EDUCATION SHIBBOLETH

ကျော်ဝင်း “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ - KNOWLEDGE, EDUCATION AND CHALLANGERS” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား ကောက်နှုတ်ချက်။ (စာမျက်နှာ ၁၆၅ မှ ၁၇၀ ထိ)။…။

ဖော်ပြခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်ကိုဖတ်ရင်း ကျွန်တော်တို့ခေတ်ရဲ့ ကြေးမုံပြင်မှာ ကိုယ့်ကိုကိုယ် တင်ကြည့်မိသေးတယ်။ တွေ့လိုက်ရသလိုတော့ ရှိပါတယ်။ အပြောင်းအလဲတွေများတဲ့ခေတ်၊ မြန်နှုန်းတွေနဲ့ စကားပြောရင်း ထိရောက်မှုကို အဓိကထားတဲ့ ခေတ်ပါ။ ၂၀ ရာစုအကုန်ပိုင်းတွေနဲ့ ၂၁ ရာစုအစမှာ တိုးတက်လာတဲ့ သတင်းနည်းပညာရဲ့ ရိုက်ချက်တွေပဲပေါ့။ ဒီနေ့ခေတ် ကြေးမုံပြင်မှာ တင်ကြည့်လိုက်တော့ ကိုယ့်အတွက်နေရာက အများနဲ့ယှဉ်ရင် ဟိုးအဝေးကြီးမှာရောက်နေပါတယ်။ ဆက်ပြီး စဉ်းစားရင်တော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ ခေတ်ကို ပညာခေတ်လို့ အများကခေါ်နေတာကနေ၊ အခုဆို နောက်တခေတ်ကိုတောင် ပြောင်းလဲတော့မယ် ထင်ပါတယ်။

ဒါပေမဲ့ သတင်းနည်းပညာရဲ့ အဓိကကျတဲ့ ကွန်ပျူတာကို အခုအချိန်ထိ ကျွန်တော်တို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါဘူး။ လူတန်းစားတစ်ရပ်ရဲ့ အသုံးပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့အသုံးဝင်မှုကိုလည်း အပြည့်အဝ အသုံးမချနိုင်သေးဘူးလို့ တွေးမိတယ်။ ဒါဟာ သတင်းနည်းပညာခေတ်အတွက် ကျွန်တော်တို့ရဲ့ နောက်ကျမှုတစ်ခုပါ။ ကမ္ဘာလုံးခြုံတဲ့ အမြင်နဲ့ကြည့်ရင် ခပ်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ။

အဆိုးထဲက အကောင်းကို သဲ့ယူကြစို့ရဲ့။ သူတို့တွေက ရှေ့ကနေဖြတ်သွားပြပြီးသားဆိုတော့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကြိုတွေးကြည့်လို့ ရမှာပါ။ ပုံတူကူးချလို့ မရမှာကတော့ သေချာပါတယ်။ “တစ်ကျောင်း တဂါထာ၊ တစ်ရွာ တပုဒ်ဆန်း” မြန်မာ စကားပုံလည်း ရှိသားမဟုတ်လား။ ဒီလိုသာဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးကရော ဘယ်လိုပညာရေးမျိုးလဲ။ ဒီပညာရေးကို ဖြတ်သန်းလိုက်ရင်ရော (ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် ပညာရှာသူတွေ အတွက်) ဘာတွေကျန်ခဲ့မလဲ။

ဒီနေ့ခေတ်မှာ ပညာဆိုတာကို အသုံးချနိုင်မှုနဲ့ တိုင်းတာနေပါတယ်လို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ကျွန်တော်တို့ဆီမှာလည်း အလုပ်တစ်ခုရဖို့ ရှိနေရမဲ့ (ရှိနေရင် ပိုကောင်းမယ်လို့လည်း ထင်ရတဲ့) သင်တန်းဆင်းလက်မှတ်တွေ မျိုးစုံပါပဲ။ အဲဒီကြားထဲမှာ လုပ်နိုင်မှုစွမ်းရည်ကို ပြန်လည် ဆန်းစစ်ရတာပါ။ အများစုကတော့ လက်ဝယ်ရှိနေရုံပါပဲ။ သင်တန်းပြီးမှမပြောနဲ့ တက်နေစဉ်ကတည်းက နားမလည်၊ ဘာမှမသိတာတွေများပါတယ်။ ဒါတွေဟာ အခြေခံမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။

နိုင်ငံအများစုမှာ အခြေခံပညာရေးကို (ဒီနေရာမှာ အခြေခံပညာရေးဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအထိလို့ ဆိုလိုချင်ပါတယ်။) နိုင်ငံတော်ကနေ တာဝန်ယူပါတယ်။ ဗဟိုအုပ်ချုပ်မှုစနစ်ရှိပြီး အဓိကရည်ရွယ်ချက်က အပြန့်ကျယ်မှု (လူအများ စာတတ်မြောက်ရေး) ကိုရည်ရွယ်တယ်။ အကယ်၍ ပုဂ္ဂလိကကျောင်းများ ရှိနေမယ်ဆိုရင် သူတို့တွေက အပြန့်ကျယ်မှုထက် ထိရောက်မှုကို အားပေးတယ်လို့ ဆိုကြပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေ မရှိသလောက်ပါပဲ။ အဲဒီအတွက် အပြန့်ကျယ်မှု စည်းမျဉ်းအောက်က ပေါက်ဖွားလာသူတွေဖြစ်တော့ စဉ်းစားတွေးခေါ်မှု၊ အကျိုးအကြောင်း ဆက်စပ်မှု၊ စူးစမ်းရှာဖွေမှု လိုမျိုး အခြေခံကောင်းတွေ လွတ်နေရတယ်လို့ထင်တယ်။

အရေအတွက်မှသည် အရည်အချင်းဆီသို့ ဆိုသော ကျွန်တော်တို့ဆီက လှုပ်ရှားမှုဟာလည်း သူတို့တွေပြောသလိုပါပဲ တက္ကသိုလ်ကျောင်းထွက်တွေ များလာရုံမှလွဲလို့ ကောင်းကျိုးပေးမှုနည်းပါတယ်။ ဟုတ်မရောင် တတ်ယောင်ကားတွေ ပိုများလာလို့ အန္တရာယ်တောင်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေးဟာ အပြန့်ကျယ်မှု ခွင်ထဲမှာပဲ ရှိနေတယ်ထင်ပါတယ်။ လက်တွေ့နဲ့ စူးစမ်းရှာဖွေမှု အပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့မှာက သူတို့အနေနဲ့ ပညာလို့တောင် မသတ်မှတ်ချင်တော့ပဲ သညာအဆင့်မှာပဲ ရှိပါသေးတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ ကြိုးစားရပါအုံးမယ်။ ဒီလိုမှမဟုတ်ရင်လည်း စောစောကပြောခဲ့သလို သူတို့တွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး အကောင်းဆုံးနည်းကိုရွေး ပြီးတော့အင်နဲ့အားနဲ့ နောက်ကလိုက်ရမှာပါ။

ဟုတ်ကဲ့ တောင်ရောက်မြောက်ရောက်နဲ့ သမုဒ္ဒရာရေပြင်ပေါ် ဆီးစေ့ကျသလောက် ကျွန်တော့် အတွေးလှိုင်းတွေမှာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျွန်တော့်ရဲ့ အားနည်းမှု၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်လို့ပါ။ အဓိက ဒီစာလေးရဲ့ရည်ရွယ်ရင်းကတော့ ကျွန်တော်တို့မြန်မာတွေ စဉ်းစားဖို့ အကြောင်းများထဲက တစ်ခုလေများလားဆိုပြီး အားလုံးကို မျှဝေလိုက်တာပါ။ အော် ဒီနေ့ခေတ်ကြေးမုံပေါ်က ကျွန်တော့်ပုံရိပ်ကတော့ ဝိုးတဝါးသာသာပါဆိုတာ ပြောဖို့မေ့နေတယ်။

***ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ June-14-2008 ရက်နေ့က ဒီဘလော့ဂ်လေးမှာ ဖော်ပြခဲ့ပါတယ်။***

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, December 19, 2008

thought from some words (4)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၄)


ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။



16-Jun-2008 - အချိန်ကို အသုံးချပုံဟာ ကံကြမ္မာပဲ။ (Chapman)
16-Jun-2008 - သဘာဝတရားက လူတွေအပေါ် တန်းတူညီမျှ အတူတူထားတာ တစ်ခုရှိတယ်ဆိုရင် ... အဲဒါ အချိန်ပါပဲ။ (ဆရာ တင်မောင်သန်း)

ကျွန်တော်တို့ ငယ်ငယ်က အပျော်သဘောနဲ့ ပြောတတ်တဲ့ ပုံပြင်လေးကို ပြန်ပြောပြပါအုံးမယ်။ တစ်ခါက လင်မယားနှစ်ယောက်ပဲ ရှိတဲ့အိမ်မှာ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးရှည်သွားရမယ်။ အဲဒီတော့ သူမရှိနေတုန်းမှာ ချစ်ရတဲ့ဇနီးအတွက် မှာတမ်းတွေ ခြွေတော့တာပါပဲ။ ဒီလိုနဲ့ သွားခါနီးမှာတော့ “ကဲ..မိန်းမရေ၊ မှာတာတွေလည်းများပြီ၊ ဘာမှမမှတ်မိတောင် - ကိုယ်မရှိနေတုန်းမှာ အချိန်နဲ့စား။ အချိန်နဲ့အိပ်။ အချိန်နဲ့ပဲနေပါကွာ။ နော်။” အဲသလို မှာသွားတဲ့။ နောက်တော့ ခရီးရက်ရှည်ကနေပြန်လာတဲ့ အချိန်မှာ အိမ်ဝကနေ ဆီးကြိုနေတဲ့ သူ့ဇနီးက ဗိုက်ကလေးနဲ့ဖြစ်နေပါရော။ ဒါနဲ့ပဲ အမာတကော ဘယ်လိုဖြစ်ရတာလည်း မေးလိုက်တော့ မိန်းမက ပြန်ပြောသတဲ့ “ဟင်.. ရှင်ပဲ - အချိန်နဲ့စား၊ အချိန်နဲ့အိပ်။ အချိန်နဲ့နေဆို…”တဲ့။ ပြောရင်းနဲ့ မေးထိုးပြတာက မျက်စောင်းထိုး လမ်းဟိုဘက်က အချိန်ဆိုတဲ့ တရုတ်ကြီးရဲ့အိမ်ကိုပါတဲ့။ သူ့ရဲ့ (အမျိုးသမီးရဲ့) အချိန်ကို အသုံးချပုံဟာလည်း မဆန်းကြယ်ပေဘူးလား ခင်ဗျာ။

“လာမယ့် စနေနေ့ဆိုရင် ကျွန်တော် အသက်-၃၀-ပြည့်တော့မယ်ဗျ။” ဒီလိုစကားမျိုးလေးကိုကြားရင် အားလုံးသောသူတွေ နားလည်လိုက်တာက သူ့ရဲ့ မွေးနေ့ကနေ အဲဒီ့စနေတစ်ရက်အထိ ရေတွက်ရင် အနှစ်-၃၀-ဆိုတာကိုပါပဲ။ ဒီလူတစ်ယောက်ရဲ့ အနှစ်-၃၀-ဆိုတာဟာ ကျွန်တော်တို့ရဲ့ အနှစ်-၃၀-နဲ့ အတူတူပါပဲ။ ဖြတ်သန်းရတဲ့ခေတ်တွေ၊ စနစ်တွေနဲ့ ပတ်ဝန်းကျင်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီအောင် ပြုလုပ်တတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အမူအကျင့်တွေကလည်း မတူညီအောင် ပြုလုပ်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ အားလုံးသောသူတွေအတွက် တစ်ရက်ဆိုတာဟာ ၂၄-နာရီပါပဲ။ ဘယ်သူမှ ပိုမရသလို၊ လိုနေတယ်ဆိုတာလည်း မရှိပါဘူး။ (ဒီနေရာမှာ ဆောင်းဝင်လာလို့ နာရီလှည့်ရတဲ့ နိုင်ငံတွေကတော့ အနည်းအကျဉ်း ပြောစရာရှိနေမယ်ထင်တယ်။ ပျမ်းမျှအနေနဲ့ ပြောလိုခြင်းပါ။ - စကားချပ်) အဲဒီလို အတူတူရလိုက်တဲ့ အချိန်ဆိုတာကို အသုံးချပုံတွေသာ ကွာခြားသွားကြတာပါ။

အထက်မှာ ဖော်ပြထားတဲ့ စာသားလေးနှစ်ခုစလုံးက ကျွန်တော်သဘောကျလို့ ဆိုပြီး ဆရာတင်မောင်သန်းရဲ့ “အကျိုးရှိအချိန်”ဆိုတဲ့ ဆောင်းပါးလေးကနေ ကူးယူဖော်ပြတာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချတယ်ဆိုတာကလည်း တစ်ဦးခြင်းစီရဲ့ စံတွေနဲ့သာ သက်ဆိုင်မယ်ထင်ပါတယ်။ လူတစ်ဦးတစ်ယောက်အတွက် အကျိုးရှိတယ်လို့ သတ်မှတ်နေတာဟာ တစ်ခြားသူတစ်ယောက်အတွက် မှန်ချင်မှလည်း မှန်နေပါမယ်။ ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေးလိုမျိုးတော့ ကွာနေနိုင်တာပါပဲ။ အကျိုးရှိဖို့ဆိုရာမှာ ငါဘာဖြစ်ချင်တာလည်း ရှင်းရှင်းလင်းလင်း သိနေရင် အကောင်းဆုံးပါပဲ။ အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်အတွက် လက်ရှိအချိန်ကို အမှန်ကန်ဆုံး အသုံးချနိုင်ရင်တော့ ပြီးပြည့်စုံမှုတစ်ခုကို လက်ဝယ်ပိုင်ဆိုင်နိုင်သလို ခံစားရမှာပါ။
အဲဒီတော့ ကျွန်တော်က သဘောကျစွာ တွေးမိပါတယ်။ “သဘာဝတရားရဲ့ ဘက်မလိုက်တဲ့ ပေးအပ်မှုတစ်ခုကို၊ အသုံးချပုံဟာ၊ ကျွန်တော်တို့ရဲ့ ကံကြမ္မာပဲ မဟုတ်လားဗျာ။”


26-Jun-2008 - Who looks outside, Dreams. Who looks inside, Awakes. (ဆရာတော် ဦးဇောတိက)

သူငယ်ချင်း “အခြား”တင်ခဲ့တဲ့ စာသားလေးပါ။ သူကတော့ အတော်သဘောကျတယ် ပြောပါတယ်။ ကျွန်တော်လည်း ကြိုက်တာပါပဲ။ ကြိုက်ရတာကလည်း ကျွန်တော့်ရဲ့ အတွေးလေးတွေနဲ့ တူနေတတ်လို့ပါ။ ကျွန်တော့်က အပြည့်အဝ လိုက်မလုပ်နိုင်သေးပေမဲ့ တတ်နိုင်သလောက် အမှုကိစ္စတွေကို အတွင်းမှ အပြင်သို့ ချဉ်းကပ်နည်းဆိုတာလေးနဲ့ ချဉ်းကပ်တတ်ပါတယ်။ ဒါကိုမှန်သောနည်းလမ်း၊ ကောင်းသောနည်းလမ်းလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ဆရာတော်ရဲ့ စကားလေးကို ကျွန်တော်က အဲဒီလိုချဉ်းကပ်နည်းကို ပြောနေတာလို့ တွေးထင်တာပါပဲ။

အမှုကိစ္စဆိုတာကလည်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ညွှန်းလိုတာပါ။ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ ပတ်ဝန်းကျင်ဆိုတာရဲ့ ရိုက်ခတ်မှုတွေ ရှိနေတတ်ပါတယ်။ အဲဒီ့လို အခြေအနေမှာ ဘေးပြောတွေ၊ ဘေးကဝေဖန်ချက်တွေကို အရမ်းကာရော ဂရုစိုက်လွန်းနေရင် အဆင်မသင့်ပါဘူး။ သူတို့ပြောသလို လိုက်လုပ်နေရတာဟာ အိမ်မက်မက်နေရသလိုပါပဲ။ ကိုယ်တကယ် လုပ်ချင်တာ၊ ကိုတကယ် ဖြစ်ချင်တာကို မလုပ်မိတော့ပဲ ဘေးကတီးပေးနေသလို လိုက်ကနေရင်းကနေ ပတ်ဝန်းကျင်ဆိုတာကို အားကိုးချင်လာမိမှာပါ။ အားကိုးလို့ရနေတုန်းတော့ ဟုတ်သလိုရှိနေရာကနေ အားကိုးလို့လည်းမရဘူးဆိုရော ကိုယ်တည်ဆောက်ထားတဲ့ ကမ္ဘာဟာ အိမ်မက်လိုပျောက်ကွယ်မှာပေါ့။ သူတစ်ပါး အကြိုက်လိုက်လုပ်နေရတာကိုး။ အိမ်မက်က လန့်နိုးလာသူတစ်ယောက်လို အရာအားလုံးဟာ အရင်နဲ့ဘာမှမဆိုင်သလို ဖြစ်နေမှာ။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းနေတာဟာ ကိုယ့်လမ်းကြောင်းကို မှေးမှိန်လို့ အိမ်မက်ဆန်သွားစေနိုင်ပါတယ်။

အမှုကိစ္စတွေကို ချဉ်းကပ်ရာမှာ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်ကနေ စတင်ချဉ်းကပ်သင့်ပါတယ်။ ဒီကိစ္စကို ငါကရော ဘယ်လိုမြင်လဲ။ ဘာလို့ ငါဒီလိုတွေး - ဒီလိုခံစားနေလည်း။ ကိုယ့်ကိုကိုယ် အရင်ဆုံး ဆန်းစစ်၊ နောက်တော့မှ တဖြည်းဖြည်းခြင်း သက်ဆိုင်ရာ အမှုကိစ္စကို အပြန့်ကျယ်စွာ ချဉ်းကပ်သင့်ပါတယ်။ ဒီနေရာမှာ ငါ့ကိုယ်ငါ ရှေ့တန်းတင်တယ်ဆိုတာ အတ္တကြီးခြင်း၊ တကိုယ်ကောင်းဆန်ခြင်းကို အားပေးစေလိုတာ မဟုတ်ပါဘူး။ မိမိနှင့်နှိုင်းယှဉ်လို့၊ အော်.. ငါကဒီလိုတွေးနေပေမဲ့ သူကဒီလိုတွေးချင်မှတွေးမယ်။ သူနဲ့ကိုယ်ရဲ့ အမြင်ကို နှိုင်းယှဉ်ရင်း၊ ကိုယ်ချင်းစာရင်း ဖြေရှင်းစေချင်တာပါ။ ကိုယ့်ကိုကိုယ် တည်ဆောက်ရာမှာလည်း “ငါ”ဘာလဲဆိုတာကို အရင်သိအောင် လုပ်နိုင်တာ အကောင်းဆုံးပါ။ ဒါကြောင်းလည်း ကိုယ့်စိတ်ကို ကိုယ်စစ်နေတတ်သူတွေဟာ နိုးကြားနေသူတွေ၊ ဖမ်းဆုပ်နိုင်သူတွေ ဖြစ်နေတာပါပဲ။


သုခမိန်။…..။

မှတ်ချက် ။…..။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်နေတာရယ်၊ ကွန်ပျူတာတွေ အင်တာနက်တွေ မသုံးနိုင်တာရယ်နဲ့ စာမရေးဖြစ်ဘူး။ သုံးဖြစ်ရင်လည်း ခဏဆိုတော့ အိမ်လည်လိုက်တာနဲ့ ပြီးနေတယ်။ ဒီစာလေးတွေကို အကြမ်းချရေးထားတဲ့ စာရွက်ကလည်း ဒီနေ့ ပျောက်နေတယ်။ စိတ်ထဲ မှတ်မိသလောက်နဲ့ တင်လိုက်ပါတယ်။ ဖတ်လို့ အဆင်မပြေရင်လဲ ကျွန်တော့်ရဲ့ အတွေးယိုင်နဲ့နဲ့ တွေကြောင့်ပါပဲ။ နောက်မှ ဆက်ပါအုံးမယ်။ ပြီးခဲ့တဲ့ အပိုင်းတွေကိုလည်း သွားဖတ်ဖို့ အချိန်ရရင် ဖတ်ကြည့်ကြပါအုံး။
အပိုင်း(၁)။ အပိုင်း(၂)။ အပိုင်း(၃)။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, December 17, 2008

မြက်ဖျားနှင်း....

မြက်ဖျားနှင်း....


အရင်ရက်ကညနေပိုင်းခဏအားတာနဲ့ ပုံလှလှလေးတွေရှာရင်း

အောက်ကပုံလေးကိုတွေ့  လိုက်လို့ 

မြက်ဖျားနှင်းဆိုပြီး တခုခုရေးဖို့ စိတ်ကူးမိတယ်...

အလုပ်ရှုပ်နေတာနဲ့  ဘာစိတ်ကူးမှထွက်မလာခဲ့ဘူး...

ဒီမနက်ဘလော့လ်ကိုရောက်တော့ ဝါခေါင်မိုးက

အသစ် ကလေးတွေ တင်ပေးပါဦးဆိုတော့

စိတ်ကူးလေးတခုရသွားတယ်....

အောက်က ပုံလေးကိုကြည့်ပြီး စိတ်ကူးလေးတွေ

ခံစားရတာလေးတွေရေးပေးကြပါလို့  တောင်းဆိုပါတယ်....

စိတ်ကူးလေးတွေကိုဝေမျှပေးတဲ့

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်...




ဒီပုံလေးကို Internet ကယူထားတာပါ...Link ကိုထပ်ပေးပါ့မယ်....

မယ်(17.12.08)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 13, 2008

POEM!!!


မယ့်သူငယ်ချင်းရဲ့ ကဗျာလေးပါပဲ....

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, December 10, 2008

My Favorite Poem - 1

မယ်သူငယ်ချင်းက သူ့ ကဗျာလေးပေးဖတ်တာနဲ့ ...
မယ်ကြိုက်တဲ့ကဗျာမို့  သူ့ ဆီကခွင့်တောင်းပြီးတင်လိုက်တာပါ...
ဝေမျှပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်....

မယ်(၁၀-၁၂-၀၈)





ဆက်ဖတ်မယ်ဆိုရင် ...

Heartfelt words !


သူငယ်ချင်းတစ်ယောက်က သူ့ဘလော့ဂ်မှာ လိုအပ်တာလေးတွေ ပြင်ပေးပါအုံးဆိုပြီး ခေါ်လို့ ရောက်သွားတယ်။ လောလောဆယ်တော့ ဘာမှ သေချာ မကူညီရသေးဘူး။ စီဘောက်စ်လေး ထည့်ပေးလိုက်တာပဲရှိတယ်။ နောက်တော့ သူလည်း သဘောပေါက်မှာပါ၊ အားမကိုးလောက်ဘူးဆိုတာကို။ သူသဘောမပေါက်သရွေ့ကတော့ ကျွန်တော့်ဆရာသမားများ စိတ်ညစ်ကြပေတော့။ မသိသမျှ လာမေးမှာမို့ပါ။ မဆုံတာနှစ်တွေကြာတဲ့ ခင်ရတဲ့သူငယ်ချင်းဆီမှာ၊ ဘလော့ဂ်အသစ်လေးဆီမှာ ရေးဖြစ်တဲ့ကဗျာလေးပါ။ သူ့ကိုသတိရရင်း ပြောချင်နေတဲ့ စကားတစ်ချို့ကို ကဗျာအသွင် ပြောင်းမိခဲ့တယ်။ စာလေးတစ်ပုဒ် ရေးမိပြီဆိုတော့လည်း ကိုယ့်မိတ်ဆွေတွေကို မမေ့ချင်သလိုမို့လို့ ဒီမှာပါတင်လိုက်ပါတယ်။ (E-Journal အတွက် အကြံအိုက်နေတုန်း ဆားချက်တာလည်း ဖြစ်တယ်။) ကဗျာကို ခေါင်းစဉ်အနည်းအကျဉ်းလေးနဲ့ တင်ပြထားတာလေးတစ်ခု ပြောင်းထားပါတယ်။ သူငယ်ချင်းတစ်ယောက်တည်းထက် ချစ်ခင်ရသူအားလုံးကို ဒီနေရာမှာရည်ရွယ်လိုရင်းသဘောပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။



သူငယ်ချင်း - သံဝေဂစာ

သူငယ်ချင်း ...
ချဉ်းနင်းဝင်ရောက်
ဟောဟိုမှာလို့
တံခါးခေါက်သံ
မိုးသို့ညံဖို့ဝေးစွ၊
ညနေရီတရော
နှင်းရောတဲ့မြူကြားက
လူ ဘွားခနဲထွက်လာသလို
ပြို.. ပြိုသွားတဲ့ သက္ကရာဇ်တွေ။
ဒေါက်။
ဒေါက်၊ ဒေါက်။
ဂျောက်။
ဟင့်အင်း... ဒါ၊
ဒါ - ငါ့အခေါင်းခေါက်သံ
( ဖြစ် - ပျက် )
ဟင့်အင်း မဖြစ်ချင်သေးဘူး။
ဟင့်အင်း မပျက်ချင်သေးဘူး။
ငါ... အသင့်မဖြစ်သေးဘူး။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 2, 2008

post devil

ခေတ်သစ်သရဲ

အဝေးတနေရာမှာ
မင်းကိုငါတမ်းတတော့
ကမ္ဘာ့ကွန်ယက်အကူအညီနဲ့
ငါတို့ လွမ်းတေးသီကြတာပေါ့။

“၈၀”လွန်နှစ်တွေဆီက
ခေတ်စားတဲ့သရဲတစ်ကောင်
အသဲမကြောင်တဲ့သမီးပျိုတွေနဲ့
ရဲရင့်တဲ့လူငယ်တစ်ချို့
ခေါစာပြစ်လို့တောင်ဖိတ်ခေါ်
ဖုံး*သရဲသူခေါ်တွင်သတဲ့။

ဒီမှာချစ်သူ
ငါတို့ရဲ့ကမ္ဘာကြီးတောင်
လုံးရာကပြား
ဈေးကွက်ဝင်အိုင်ဒီများနဲ့ရာစုနှစ်အသစ်
မြန်နှုန်းနဲ့စကားပြော
ဘုတောတော့လာမတောနဲ့
ဒေါက်ခနဲ အန်းတား*ခေါက်ရင်
ခေါင်းရင်းပေါက်ကနေ
ဒုံးကျည်တွေဝင်လာအုံးမတဲ့။

အားပိုသာလာတဲ့ခေတ်သစ်မှာ
သရဲသစ်တကောင်လည်း ပေါက်ဖွား
သူတအားပူးဝင်ရင်တော့
မျက်ကွင်းညိုအစားပျက်
လက်ချောင်းတွေသွက်လို့လာ
စိတ်ကူးကမ္ဘာကြီးကိုဖန်တီးအိမ်မက်
ချက်ခြင်းပြန်မောင်းရခက်လို့
အမြစ်ပြတ်ဖို့ဆိုဝေး
ဒင်း - ချက်*သရဲလေးတဲ့ကွယ်။

ကဲ - ချစ်သူရေ
ဒင်းဘယ်လောက်ဆိုးဆိုး
တို့အတွက်တော့တစ်မျိုးပေါ့
အဝေးတနေရာမှာ
မင်းကိုငါတမ်းတရင်
ကမ္ဘာ့ကွန်ယက်အကူအညီနဲ့
ငါတို့ လွမ်းတေးသီကြတာပေါ့ ချစ်သူ။

သုခမိန်။…..။
ဖုံး* - Telephone
အန်းတား* - Enter key from PC keyboard
ချက်* - Chatting via online

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 30, 2008

Walking, talking (3).


လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“မရှိခိုးနိုးနှင့် ရိုးသားခြင်း”

မှုခင်းဆိုင်ရာ စကားလုံးအရဆိုရင် သံသယရှိသူလို့ပဲ သုံးမလား။ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အထင်ခံရသူ။ ပြဿနာမဖြစ်ခင်ကတည်းက ဒီလိုလူမျိုးတွေကတော့ ဒါမျိုးလုပ်တတ်တယ်ဆိုပြီး ကြိုပိုင့်နဲ့ အထင်ခံရသူတွေတောင် ရှိပါတယ်။ ဒီနေရာမှာတော့ အဆိုးတွေပါမလာအောင်ဆိုရင် သံသယမျက်စိနဲ့ ကြည့်မဲ့သူရော၊ တဖက်ကလူရော နှစ်ဦးနှစ်ဘက်စလုံးနဲ့ ဆိုင်မယ်ထင်တယ်။ ကြည့်တဲ့သူကလည်း မှန်ကန်တဲ့အကြည့်၊ အစွဲကင်းတဲ့အကြည့် ရှိနေမှ။ တစ်ဖက်လူကလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကိုယ်တင်ထားမှ၊ ဒီလိုမှမဟုတ်လည်း ရိုးသာမှုကို အခြေခံတဲ့ လူနေမှုစရိုက်ရှိမှ။ ဘယ်လိုဖြစ်ဖြစ် သံသယဆိုတာက နှစ်ဦးနှစ်ဖက်စလုံးအတွက်တော့ စိတ်မသက်သာစရာပါပဲ။



နယ်ကသူငယ်ချင်းတစ်ယောက် သူရောက်နေကြောင်း အလုပ်ကို ဖုံးဆက်တယ်။ ငါ@@ဟိုတယ်မှာ ရှိနေတယ်၊ မင်းလာခဲ့ပါလား ဆိုတော့၊ အေး.. ညနေအဆင်ပြေရင် ထွက်လာခဲ့မယ် ပြောလိုက်တယ်။ ညနေ သူ့ဆီရောက်သွားတော့ အခန်းမှာ သူရှိမနေပါဘူး။ အပြင်ထွက်သွားတယ်တဲ့။ ပြောရရင်လည်း ကိုယ့်အပြစ်ပါ။ သေချာအတိအကျ လာမယ်မပြောလိုက်တော့ သူကလည်း စောင့်မနေပဲ အပြင်ထွက်သွားတာပေါ့။ အတိအကျ မပြောနိုင်တာကလည်း ကိုယ့်မှာက သူ့ဆီသွားဖို့ကို လမ်းစရိတ်ရှာရအုံးမယ်။ ခုလိုမျိုး အပြန်မသေချာရင် ကိုယ့်အခန်းရောက်အောင်ပြန်ဖို့က လွယ်မှမလွယ်ပဲ။ သူတည်းတာက လူကုံထံရပ်ကွက်။ ကိုယ်ပြန်ရမှာက မြို့စွန်။ ဒီလိုနဲ့ပဲ ညမိုးချုပ်မှ ဟိုတယ်ကြီးတွေစုထားတဲ့ ရပ်ကွက်ကနေ မြို့စွန်ပြန်ဖို့ ပြဿနာစတော့တာပါပဲ။

ဘတ်စ်ကားတွေရှိနေတဲ့ နေရာကိုရောက်ဖို့ အတော်ဝေးဝေးကို လျှောက်ရအုံးမယ်။ လူကလည်း အလုပ်မှာပင်ပန်းတာနဲ့ အလာကတည်းက ဟိုတယ်အရောက် လမ်းလျှောက်ထားရတော့ အတော်လေးပင်ပန်းနေပါပြီ။ ဒါပေမဲ့လည်း ကိုယ့်ပေတံနဲ့ ကိုယ်ပဲလေ။ အငှားကားမယူနိုင်တော့လည်း လျှောက်ပေါ့။ နည်းနည်း လျှောက်မိလာတော့ ဟိုဘက်နားက ဟိုတယ်တစ်ခုရှေ့ မှောင်ရိပ်မှာ ဆိုက်ကားတစ်စီး တွေ့တယ်။ စီးသွားရင် ကောင်းမလားပေါ့။ ဒါပေမဲ့ ဒီလိုနေရာမှာ ဆိုက်ကားက ဘာလို့ရှိနေရတာလည်း စဉ်းစားမိတော့လည်း မခေါ်ချင်ပြန်ဘူး။ ဟုတ်တယ်လေ ကိုယ့်ကားမပါတောင် အငှားကားတွေနဲ့ပဲ အဝင်အထွက်လုပ်တဲ့ ဒီလိုနေရာမှာ ညမိုးချုပ်ကို မှောင်ရိပ်မှာ ဆိုက်ကားတစ်စီးရှိနေတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ်ပဲ လမ်းလျှောက်မယ်ပေါ့။

ဒါပေမဲ့ ညီလေး၊ ဆိုက်ကားသွားမလား မေးသံကြားလိုက်သလို ရှိတော့ သူ့ကိုပြန်လှည့်ကြည့်မိတယ်။ သူက ထွက်လာခဲ့မယ်ဆိုတဲ့ပုံနဲ့။ ကဲ သွားမယ်ကွာဆိုပြီး လက်ပြခေါ်လိုက်တော့တယ်။
“ဘယ်ကိုသွားမှာလဲ”
“ရှေ့ကို ရောက်သလောက်အကိုရာ”
“ဟုတ်ဘူးလေ။ သွားမဲ့နေရာ ပြောမှပေါ့ကွ”
“အော်၊ ဘတ်စ်ကားဂိတ်ထိ သွားချင်တာ အကိုရ”
“လာ.. တက်လေ။ ဘယ်ထိပြန်မှာမို့လည်း”
“ကားဂိတ်ထိက ဘယ်လောက်လည်းဗျ“

မေးသင့်တာကို မေးထားမှလေ။ ကိုယ့်မှာကလည်း ကိုယ့်အတိုင်းနဲ့ကိုယ်။ ဒါပေမဲ့ ကားဂိတ်အရောက်မှ ငွေလေးရာဆိုတော့ တက်ထိုင်လိုက်ရမှာတောင် အားနာနေတယ်။ အတော်ဝေးသေးတာကိုး။ ကဲဘယ်တတ်နိုင်မလဲလေ အဆင်ပြေချင်တာလို့ပဲမှတ်ပြီး ဆိုက်ကားပေါ် ရောက်သွားတော့တယ်။ စိတ်နည်းနည်း ပေါ့သွားတော့မှ ကိုယ့်ဆရာကိုလည်း သေချာကြည့်မိ၊ ဟိုဟို ဒီဒီလေးလည်း စကားပြောချင်လာတယ်။

ကျွန်တော်က @@ရွာနားက ရပ်ကွက်ထိ ပြန်ရမှာအကိုရ၊ အဲဒါကြောင့် ဘတ်စ်ကားမရှိတော့မှာလည်း စိုးရိမ်နေတာ ဆိုပြီး စလိုက်တဲ့စကားဝိုင်းလေးပေါ့။ စိတ်မပူနဲ့ နောက်တနာရီလောက်ထိ ကားတွေလာသေးတယ်။ အေးဆေးပြန်လို့ရတယ်ဆိုမှ ကျွန်တော်လည်း စိတ်အေးတယ်။ ဒါနဲ့ပဲ ခရီးတစ်ထောက်မရောက်ခင် သူ့ကို ဗျူးမိတော့တာပဲ။ သူ့ပုံစံက အတော်လေးကို ပိန်ခြောက်ခြောက်၊ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ပါ။ ဒါပေမဲ့ ဆိုက်ကားကို နင်းနေတာကတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ။ စကားလေးတွေ လိုက်ထောက်ပေးနေယုံနဲ့ကို သူပြောစရာမကုန်အောင် မမောတန်းပြောတော့တာပါပဲ။

ဒီဟိုတယ်ကြီးတွေရဲ့ ဟိုးဘက်နောက်ထဲမှာ ရပ်ကွက်သေးသေးလေးရှိတယ်။ အဓိကနေကြတာတော့ ပန်းရံသမားတွေ များတယ်တဲ့။ ဟိုတယ်တွေက မကြာခဏ ပြုပြင်ကြတော့ အဲဒီ့ အလုပ်ခွင်တွေမှာ လုပ်ကြသူတွေတဲ့။ သူလည်းအပါအဝင်ပါ။ ညပိုင်းရောက်ရင် ဆိုက်ကားယူနင်းတယ်။ ဟိုတယ် ရှေ့နားမှာ စောင့်နေတယ်ဆိုတာက ဟိုတယ်က ညပိုင်းနားတတ်တဲ့ အလုပ်သမားတွေ ညဈေးတန်းဘက်ကို မုန့်စားသွားတယ်။ အသွားအပြန်ကို သုံးယောက်လောက်ရလိုက်ရင် ငွေသုံးထောင်လောက်ရတယ်။ ကိုယ့်အတွက်လည်း အဆင်ပြေ သူတို့လည်း အဆင်ပြေတယ်တဲ့။ ဒီလိုပဲ ဟိုပြောဒီပြောနဲ့ သူ့အကြောင်းတွေ ရောက်ကုန်တယ်။

လွန်ခဲ့တဲ့ တလလောက်ကပဲ အငယ်ဆုံး ကလေးငယ်လေးဆုံးသွားတယ်။ အမေက နို့သိပ်မလိုက်လို့ဆိုတော့ စိတ်တောင်မကောင်းဘူး။ နောက်ပြီး မနေ့ညတုန်းက သူ့လိုပဲ ဒီနားမှာနေပြီး ညပိုင်းဆိုက်ကားနင်းတဲ့သူက သူ့ဖောက်သည်တွေကို သူရောက်မလာခင်တင်သွားလို့ စိတ်တိုတဲ့အကြောင်း ရောက်ပါလေရော။ သူပြောနေတာ ပြောရင်းနဲ့ တကယ့်ကို စိတ်တိုလာသလိုပါ။ သူစိတ်ကို အတော်ထိန်းထားရတယ်၊ အရင်ကဆို ဘယ်လောက်ထိ စိတ်မြန်လက်မြန်ရှိလည်း ဆိုတာတွေ ပါလာပါတယ်။ တပ်ထဲမှာ ၁၄နှစ်လောက်နေရင်း တိုက်ပွဲမှာ လူသတ်ဖူးတာတွေ၊ တပ်ကထွက်လာပြီးတော့မှ ရပ်ကွက်ထဲမှာ ဓါးနဲ့ခုတ်လို့ ထောင်ထဲသွားဖူးတာတွေ။ နောက်ပြီး ညီအရင်းကို စကားများပြီး စိတ်ဆိုးထားတာ ခုလောလောဆယ် သူ့ညီက ထောင်ထဲရောက်နေတယ်။ နောက်သုံးလလောက်ဆို လွတ်ပြီ။ အဲဒီအချိန်ကျရင် တွေ့အုံးမယ်ဆိုပြီး ဓါးကြိမ်းတွေလည်း ကြိမ်းနေပါရောလား။

သူ့မျက်နှာဟာ ဒေါသမျက်နှာပါ။ ဒီလိုစကားကောင်းနေရင်းနဲ့ပဲ ကားဂိတ်ကိုရောက်ပါတယ်။ ငွေရှင်းတော့ တစ်ထောင်တန်တစ်ရွက်ကို အကြွေမရှိဖြစ်ပါရောလား။ သူက ညဈေးတန်းကို ဆက်သွားမှာ ဟိုမှာ အကြွေလဲပြီးမှ ပေးလို့ ပြောတယ်။ ကဲသွားတာပေါ့၊ အဲဒီကနေ ကားစီးလည်းရတာပဲ ဆိုပြီး ဆက်လိုက်သွားတယ်။ အမှန်ပြောရရင် ကျွန်တော်က သူ့ကိုကြည့်ပြီး လန့်နေပါပြီ။ လောလောဆယ် အကြွေမရှိဘူးဆိုပြီး ငွေကလည်း သူ့လက်ထဲမှာ။

ညဈေးကိုရောက်တော့ သူက အကြွေသွားလဲတယ်။ ကျွန်တော့်ကို ငွေလေးရာပဲအမ်းပြီး သူ့အိတ်ကို ဟိုနှိုက်ဒီနှိုက် လုပ်နေတယ်။ ကျွန်တော်ထင်တာက ဒီလူ ငါ့ကိုလူလည်ကျပြီပေါ့။ ရောရောင်ပြီး ငွေပိုယူတယ်။ အဲလိုတွေးပါတယ်။ ကျွန်တော်ကလည်း ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာပါ။ အဲလိုမျိုး လူလည်ကျသလိုလုပ်ရင် စိတ်က မကြိုက်တတ်ဘူး။ ဒါပေမဲ့ သူ့အကြောင်းတွေကြားထားတော့ ရုတ်တရက်လည်း မတောင်းရဲဘူး။ လက်ယဉ်တဲ့လူမိုက်ပေါ့။ ကျွန်တော်တွေးတာပြောပါတယ်။ အချိန်လေးနည်းနည်းကြာလာတော့ သေချာပြီ၊ မသိချင်ရောင်ဆောင်ပြီ၊ ပြောမယ်ကွာဆိုပြီး သူ့နားသွားလိုက်တော့မှ သူ့အင်္ကျီလေးထဲကနေ အတော်ရှာယူရတဲ့ပုံနဲ့ ငွေနှစ်ရာဖိုး အကြွေတွေ ထုတ်လာတယ်။

“ရော့ညီလေး၊ ကားတွေက ဒီအချိန်ဆို အကြွေပေးမှကွ”
“ဗျာ…. ဟို.. အဲ၊ အဲဒါအကိုယူလိုက်တော့။ ရတယ်။”
ကျွန်တော့်မျက်နှာကို သူကြည့်မိရင် ရှက်နေတယ်ဆိုတာ မြင်နိုင်မှာပါ။ သူကတော့ သူ့အတွေးနဲ့သူ။ နောက်ထပ်ခရီးသည် ရှာနေလေရဲ့။ ကျွန်တော်က စိတ်ထဲမှာတင် သူ့ကိုမှတ်ချက်ချ၊ ဒီလိုလူဆိုတော့ ဒါမျိုးလုပ်ပြီဆိုပြီး အတွေးရောက်ချိန်မှာ သူကတော့ ကျွန်တော့်အပြန်လမ်း ခရီးသာစေဖို့ကို တတ်နိုင်တဲ့ဖက်က ကြိုးစားပေးနေတာကိုး။ အဲဒီညက အခန်းပြန်ရောက်တဲ့အထိ ကိုယ့်ကိုကိုယ် ရှက်နေမိတယ်။ နောက်တော့ အတွေးလေးတွေဆက်ပြီး အင်း… ငါတော့ မရှိခိုးနိုးနဲ့ ရိုးသားမှုအကြားမှာ ရင့်ကျက်တဲ့စိတ်တွေ မထားတတ်သေးပါလားလို့ တွေးနေမိပါတယ်။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 28, 2008

thought from some words (3)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၃)


ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။ အပိုင်း(၁) နဲ့ အပိုင်း(၂)ကိုလည်း လင့်ခ်လေးတွေမှာ ဖတ်ကြည့်နိုင်လေရဲ့။



10-Jun-2008 - “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”... ဟူ၏။(တိုနီဘလဲ UK's PM)
ကျွန်တော်ကိုယ်တိုင် ကြိုက်လို့တင်ခဲ့တဲ့ စာသားလေးပါပဲ။ ဆရာကျော်ဝင်းရဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်လေးမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောထားတာပါ။ သဘောကျလို့ ဆောင်းပါးလေးကို ကူးယူဖော်ပြဖူးပါတယ်။ ဒီမှာသွားကြည့်လို့ရပါတယ်။ ကွန်မန့်မှာလည်း စိတ်ဝင်စားစွာ လာပြောသူတွေရှိနေတယ်။ ဖြစ်နိုင်ရင် သွားဖတ်ကြည့်စေချင်ပါတယ်။ ဖတ်ပြီးသွားပြီဆိုရင်တော့ ဒီစာသားလေးကို ကျွန်တော်နှစ်သက်ရတဲ့အကြောင်း နားလည်ခံစားမိမယ် ထင်ပါတယ်။ နောက်ပြီး တိုးတက်ဖို့ဆိုရာမှာ လက်ရှိအနေအထားအရ (ကမ္ဘာလုံးအမြင်အရ) သူ့ကို(ပညာရေးကို) ဘယ်လိုမှ စွန့်လွှတ်လို့မရသလို သူ့ကိုအဓိကထားပြီး ကျန်တာတွေနဲ့ ပံ့ပိုးရင်ဖြင့် အနာဂတ်မှာ ရွှေရောင်လွှမ်းနိုင်မှာပါလို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ ဒီနေရာမှာ ကျွန်တော့်ထင်မြင်ချက်နည်းပြီး အညွှန်းတွေ များနေပါတယ်။ သဘောကတော့ ကျွန်တော့်မှာရှိနေတာလောက်နဲ့ ဝင်မပြောနိုင်လို့ပါ။ ဒါပေမဲ့ ရွှေရောင်လွှမ်းစေချင်တာကတော့ ဆန္ဒအမှန်ဖြစ်ကြောင်းပါ။

16-Jun-2008 - လူဟာ သူ့ကိုယ်သူ မရှာဖွေဘဲနဲ့ ပတ်ဝန်းကျင် အခြေအနေရဲ့ လှုံ့ဆော်ချက်တွေအတိုင်း လှုပ်ရှားနေတာလို့ ဆိုပါတယ်။ (ဆရာ တင်မောင်သန်း)
ခင်များကို ခင်များ ရှာဖွေဖူးပါသလား။ ဒီလိုမေးတော့ တစ်မျိုးတော့ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မှန်ထဲမှာ ကိုယ့်ကိုကိုယ် သေချာပြန်တွေ့ဖူးကြမယ်တော့ ထင်ပါတယ်။ ဒါဟာ မှန်ကြည့်တာနဲ့ မတူပါဘူး။ မှန်ထဲမှာ တွေ့လိုက်ရတယ်။ အာ… ဒါငါပါလား ဆိုတာမျိုးပေါ့။ တစ်ခါ မျက်လုံးကိုအသာမှိတ် ပုံရိပ်ကိုမြင်အောင်ဖော်ပြီး ကိုယ့်ကိုကိုယ် ပြန်ရှာကြည့်ပါအုံး။ အဲဒီအချိန်မှာ တွေ့လိုက်ရတဲ့ သူစိမ်းတစ်ယောက်လို ကိုယ့်ကိုကိုယ်ပြန်မြင်ရတာ တစ်မျိုးတော့လည်း ပျော်စရာပါ။ နောက်ထပ် ဆက်တွေးကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်တဲ့အခါမှာ စိတ်ကျေနပ်မှု အဆင့်ဘယ်လောက် ရှိနေလည်း။ စိတ်အလိုမကျတာတွေ အတွက်ကိုရော ဘာလို့ငါ မလုပ်မိသေးလည်း။ အဲလိုသာ ဆက်တွေးမိမယ်ဆိုရင် အခုဖော်ပြထားတဲ့ စာသားလေးကို လက်ခံနိုင်ကောင်းရဲ့။ ကျွန်တော်တို့ရဲ့ တနေ့တာ လှုပ်ရှားမှုတွေမှာ အတော်များများဟာ ပတ်ဝန်းကျင်ရဲ့ (တခြားသူတွေရဲ့) လှုံ့ဆော်မှုတွေက ပိုလို့များနေတတ်ပါတယ်။ ကိုယ်လုပ်ချင်တာ မလုပ်လိုက်ရအောင်ကိုပဲ တစ်ခါတစ်လေမှာ များနေတတ်ပါတယ်။ ဆက်လက်လို့ တွေးမယ်ဆိုရင်တော့ အမူအကျင့်တွေဟာလည်း ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေ ရာခိုင်နှုန်းတစ်ခုထိ ပါနေတတ်ပါတယ်။
ဒီစာစုလေးကို ကျွန်တော်ကိုယ်တိုင်ပဲ ကြိုက်လို့ဆိုပြီး ဆရာတင်မောင်သန်းရဲ့ အကျိုးရှိအချိန်ဆိုတဲ့ ဆောင်းပါးလေးထဲကနေ ကူးတင်ထားတာပါ။ အဲဒီဆောင်းပါးလေးကိုလည်း အားလုံးမဟုတ်ပဲ တစ်ရက် ကျွန်တော်ဖတ်မိတုန်းမှာ မျဉ်းသားမိတဲ့ စာလေးတွေစုပြီး ဖော်ပြထားတဲ့ ပိုစ့်လေးရှိပါတယ်။ ဖြစ်နိုင်ရင်တော့ လင့်ခ်လေးမှာ သွားကြည့်လိုက်ပါ။ ကောင်းတဲ့စကားစုလေးတွေကို တွေ့ရမယ်လို့ ညွှန်းချင်ပါတယ်။ ဒီဆောင်းပါးလေးတွေက ကျွန်တော့်အကြိုက်၊ စိတ်လေနေရင် ပြန်ပြန်ဖတ်ရတဲ့ စာလေးတွေပါပဲ။ အဓိက ပြောချင်တာကတော့ ကိုယ်လုပ်ချင်တာ လုပ်နိုင်အောင် (ကိုယ့်လမ်းကိုယ် လျှောက်နိုင်အောင်) တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေအပေါ် သတိကပ်ထားနိုင်စေဖို့ပါပဲ။

16-Jun-2008 - “လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်းဆောင်နေကြတာပဲ။ Everybody is the leader of himself” (သခင်ဘသောင်း)
အပေါ်က ကျွန်တော်ညွှန်းခဲ့တဲ့ ဆရာတင်မောင်သန်းရဲ့ စာအုပ်အတွင်း အကျိုးရှိအချိန်ဆိုတဲ့ ဆောင်းပါးနဲ့ မျက်နှာချင်းဆိုင်စာမျက်နှာမှာ ဖော်ပြထားတဲ့ စာစုလေးတစ်ခုပါ။ မြန်မာ့သမိုင်းနဲ့လည်း နဲနဲဆက်နွယ်နေမယ်ထင်ပါတယ်။ သခင်ဘသောင်းတို့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတုန်း ဆိုင်ရာလူကြီးတစ်ယောက်က ခေါင်းဆောင်ဘယ်သူလဲမေးလို့ သခင်ဘသောင်း ပြန်ဖြေတဲ့ စကားစုလို့ ကျွန်တော်က မှတ်သားဖူးပါတယ်။ ကျွန်တော်ကတော့ အမြင်တစ်မျိုးနဲ့ ချဉ်းကပ်ပါတယ်။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တယ်ဆိုတဲ့စကားအတွက် အတွေးနယ်ချဲ့လို့ ကောင်းလွန်းတယ်လည်း ထင်ပါတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာလို့လည်း ဆိုကြတယ်ကိုး။ ကိုးကွယ်တာ မကိုးကွယ်တာထက် ဦးဆောင်နိုင်ဖို့၊ ခေါင်းဆောင်နိုင်ဖို့ကတော့ လိုအပ်တာအမှန်ပါပဲ။ ကိုယ်တိုင်မှ ခေါင်းမဆောင်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်မြို့ ကိုယ့်ရွာ ဘယ်လိုမှ ခေါင်းဆောင်နိုင်မယ်မထင်ပါဘူး။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တယ် ဆိုတာကလည်း ကောင်းမွန်တဲ့၊ လိုအပ်တဲ့ အရာတစ်ခုကို ရယူခူးဆွတ်နိုင်ဖို့အတွက်ပါပဲ။ ဆောင်ရန်ရှောင်ရန်၊ စောင့်ထိန်းသင့်တာနဲ့ ပြစ်ပယ်သင့်တာတွေအတွက် အတွေးမှန်ဖို့နဲ့ ရွေးချယ်ရာလမ်းကို ရဲဝင့်စွာ လျှောက်လှမ်းနိုင်ဖို့ပါပဲ။ ခင်များဖြစ်ချင်တာတစ်ခုအတွက်၊ လိုချင်တာ လိုအပ်တာတစ်ခုအတွက် လုပ်ဆောင်ရန်မှာ ပထမဆုံးခေါင်းဆောင်ဟာ ခင်များပါပဲ။ ဘာလို့လည်းဆိုတော့ လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်းဆောင်နေရလို့ပါပဲ။

ဒီတစ်ခါတော့ ဒီလောက်ပါပဲ။ ကျွန်တော်လင့်ခ်လေးတွေနဲ့ ညွှန်းထားတဲ့ ပိုစ့်တွေကိုလည်း အချိန်ရရင် ဖတ်ကြည့်ကြပါလို့ ထပ်ဆင့်တိုက်တွန်းပါတယ်။ တစ်ခါက ဘလော့ဂ်တွေ လျှောက်ဖတ်နေတုန်း ပိုစ့်တစ်ခုမှာ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကားကို ကိုးကားတာ ကြိုက်လို့ ဒီနေရာကနေ ပြောပါအုံးမယ်။ ဆရာမကြီးက စာရေးတယ်ဆိုတာ ရေကူးနေရသလိုပဲတဲ့။ ရပ်လိုက်ရင်တော့ မြုပ်သွားမှာပဲ။ နည်းနည်းတော့ ခြေလေးလက်လေး လှုပ်ပေးနေမှလို့ ပြောသတဲ့။ ကျွန်တော်လည်း မရေးတာကြာလို့၊ ရေနစ်မှာစိုးလို့ တောင်ရောက်မြောက်ရောက်လေးတွေ ဝေမျှလိုက်ပါကြောင်းနဲ့ အဆင်မသင့်တာတွေ့ရင်လည်း စေတနာရှေ့ထားလို့ လမ်းညွှန်ကြပါလို့ တောင်းဆိုရင်း …။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 21, 2008

မေ့ပစ်ရန်ခက်သော(၄)

ဆိုးပုံများ(၃)

မိန်းကလေးတို့ ဆိုးပုံများ…သောင်းကျန်းပုံက….
ပိတ်ရက်ဆိုအဆောင်မှာလာမရှာနဲ့ မရှိဘူး….
စက်ဘီးကိုယ်စီနဲ့ ထွက်ပြီ….
ပထမနှစ်မှာ ပျော်ပျော်ပါးပါးနေလိုက်ကြတာ….
မန္တလေးမြို့ ပေါ်မှာမရောက်ဖူးတဲ့နေရာမရှိတော့ဘူး…
ကျောင်းပတ်ဝန်းကျင်ကတောင်တွေလည်း
မတက်ဖူးတဲ့တောင်မရှိတော့ဘူး….



အဆောင်မှနေလည်းအဆောင်မှာမို့ ဟောဂျူတာမနိုင်ဘူး….
ကျောင်းမှာလည်းကျောင်းမှာမို့ …
မိန်းကလေး တို့ ကျောင်းတက်တုံးက
တတိယနှစ်ရောက်မှာ မေဂျာခွဲတာဆိုတော့
Class တခုကိုလူကအများကြီး…
အတန်းထဲမှထိုင်ရင်မိန်းကလေးတွေရဲ့ နောက်ဆုံးတန်း…
ကန်တင်းထိုင်ရင်မိန်းကလေးကလူနဲစုပဲ…
အဲဒီအထဲမှာ မိန်းကလေးတို့ အဖွဲ့ ပါတယ်…
ကန်တင်းရောက်ရင်ဘေးပတ်ဝန်းကျင်မှာ
ဘာဖြစ်တယ်မသိတော့ဘူး…
တယောက်တမျိုးမှာပြီးဟိုဟာမှာစားဒီဟာမှာစားနဲ့ ….
မှတ်မှတ်ရရအပြောခံရဖူးတယ်…
ခေါင်းမော့ပါဦးတဲ့….
တချိန်လုံးခေါင်းမဖော်တမ်းစားနေလို့ လေ… အဟီး….
(အဟဲ … ကြွားဦးမယ် မိန်းကလေးကလွဲလို
သူငယ်ချင်းတွေကလှကြတယ်…
ကွင်း(၂) ယောက်ပါတယ်ဗျ…
(၂) ယောက်လောက်ကမေဂျာတူသွားလို့ )အဟဲ….

ဖြစ်ပုံပြောရဦးမယ်…
မိန်းကလေးတို့ ထဲက (၂) ယောက်လောက်က
စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်မစီးတတ်ဘူး…
အတတ်ကဆန်းသေး စက်ဘီးစီးရင်(၆) စီးလုံးကရင်ဘောင်တန်းစီးတာ…
တရက်ရန်ကင်းတောင်ခြေမှာအကြော်သွားစားတာ….
တယောက်ကစပြီးမှောက်တာကျန်တဲ့ဘီးတွေပါအကုန်လဲရော….
ဖြစ်တာကရွာထဲမှာ….

တခါကလဲ ရှေ့ တည့်တည့်ကလာနေတဲ့မြင်းလှည်းကို
တည့်တည့်ဝင်တိုးတာ….
တခြားသူဟုတ်ဝူး…မိန်းကလေး….

အဲလိုပျော်ပျော်ပါးပါးဖြတ်တန်းရင်းနဲ့ စာမေးပွဲဖြေရော…
စာမေးပွဲဖြေခါနီးစာကလည်းမရသေးကြားထဲမှာစိတ်ညစ်ရသေးတယ်…
မန်းချယ်ရီဆောင်ပြောင်းရမယ်ဆိုလို့ လေ….
မပြောင်းချင်ကြဘူး….
မန်းချယ်ရီရောက်ရင် (၂) ယောက်တခန်းနေရမယ်လေ….
အဲလိုနဲ့ ပထမနှစ်ပြီးသွားတယ်….
မယ်(21.11.08)



ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 17, 2008

homesick!


အိမ်ပြန်ချင်တဲ့ အလွမ်းတွေ

ဒီအချိန်ဆိုရင် ကျွန်တော်တို့ဆီမှာတော့ ပွဲတော်ရက်တွေပေါ့ဗျာ။ အိမ်နဲ့ခွဲခွာလာရတာ ကြာတော့လည်း လွမ်းမိသလားဆိုတာထက် အရမ်းသတိရတာက ပိုပါတယ်။ အခြေအနေတွေအရ အိမ်နဲ့ဝေးရာမှာ ငွေလာရှာနေရတာ။ အရင်ကတော့ ရောက်ပြီဆိုရင် ကိုယ်နဲ့အဆင်ပြေမဲ့အလုပ်ကိုလုပ်၊ ငွေစု တဖြည်းဖြည်းနဲ့ အရင်းအနှီးလေးရလာရင် ကိုယ့်ရပ်ကိုယ့်ရွာပြန်မယ်။ ရင်းနှီးစားသောက်မယ်ပေါ့။ ရောက်လာတော့လည်း ရှာရင်းသုံးရင်း ကုန်နေတာပါပဲ။ ဒါတောင် သူများတွေလို ဝတ်ဝတ်စားစား နေတာမဟုတ်ဘူး။ တတ်နိုင်သလောက် ချွေတာတယ်။ ချွေတာတယ်သာ ပြောရတာပါ။ ရောက်လာတော့ ဒီမှာလိုပဲနေရင်းကနေ လူက ငွေသုံးတတ်လာတယ်ထင်တယ်။ ရောက်ခါစတုန်းကလို ငွေက လောက်လောက်ငငမရှိဘူး။ အိမ်ကိုပြန်ပို့တယ်ဆိုတာကလည်း ခုဆိုရင် လူကြုံရှိမှ၊ တစ်ခါတစ်လေမှလို ဖြစ်နေပါပြီ။



အမေ့ကိုလည်း သတိရတယ်။ အပေါင်းအသင်းတွေကိုလည်း သတိရတယ်။ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ချစ်သူမဟုတ်သူကိုလည်း သတိရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာက ပွဲတော်တွေ၊ ဓလေ့တွေကိုလည်း သတိရတယ်။ တစ်ခါတစ်လေ အိမ်ထမင်းအိမ်ဟင်းနဲ့ အမေ့လက်ရာလေးတွေကိုလည်း သတိရတယ်။ သတိရတယ်။ သတိရတယ်ဗျာ။ ဒီမှာက အိမ်ထမင်း အိမ်ဟင်းဆိုရင်တော့လည်း ဟုတ်နေသလိုလို။ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ပြီး စားနေရတာကိုး။ ဒါမှလည်း ဝင်ငွေထွက်ငွေက မျှမှာ။ တစ်ခါတစ်လေ မတွေ့တာကြာတဲ့ အပေါင်းအသင်းတွေ မအားတဲ့ကြားက ကိုယ့်ဆီရောက်လာရင် အပြင်သွားပြီး ဆိုင်မှာ စားစားသောက်သောက် လုပ်တာတော့ ရှိတာပေါ့။ အသောက်ဆိုလို့ ဒီမှာက အလုပ်ပြီးသွားပြီဆိုရင် အခန်းကျဉ်းလေးမှာ တစ်ယောက်တည်း ပျင်းနေတတ်တော့ နည်းနည်းသောက်ဖြစ်တာပေါ့ဗျာ။ အမေ့ကိုတော့ အသိမပေးရဲပါဘူး။ အိမ်ကို စကားပြန်ရောက်သွားနိုင်တဲ့ အပေါင်းအသင်းတွေဆိုရင်လည်း ကြိုတားထားရတယ်။ အဝေးကနေ အမေ့ကို စိတ်ညစ်အောင် မလုပ်ချင်တော့ဘူးလေ။

အလုပ်သွားရှာမယ် ပြောကတည်းက စိတ်မချတတ်တဲ့အမေ။ ဒီလိုပတ်ဝန်းကျင်မှာ အဆင်မှပြေပါ့မလားလို့ သားအတွက် တွေးပူတတ်တဲ့အမေ။ အဖေကတော့ အားပေးတယ်။ ဒီမှာဆက်နေရင် ဝေလေလေနဲ့ ပျက်စီးမယ်တဲ့။ နောက်ပြီး ရှာရခက်တဲ့ငွေနဲ့ ဘဝဆိုတာကို ဒီလိုမှ တန်ဖိုးထားတတ်မှာတဲ့။ သွားဆိုပြီး တစ်ခွန်းတည်းပြောခဲ့တာ။ မင်းဘဝကို မင်းတိုးတက်အောင်လုပ်။ တိုးတက်ရာကို ရှာနိုင်တဲ့နေရာတဲ့။ ခုတော့လည်း စိတ်က မတိုးတက်ချင်တော့ပါဘူးဗျာ။ မွန်းကျပ်တဲ့ လူနေမှုစရိုက်တွေ၊ ရင်းနှီးမှုမရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အံဝင်ခွင်ကျ ဖြစ်မလာပါဘူး။ ပျော်နေလားဆိုတော့လည်း ပျော်နေသလို။ ပြန်ချင်လားဆိုတော့လည်း ပြန်ချင်တယ်။ ပြန်ရောက်ရင်လည်း ထူထူထောင်ထောင်ဖြစ်နေချင်တာ။ သွားမှာလားဆိုတော့လည်း သွားချင်သလိုလို၊ မသွားချင်သလိုလို… …“ဟေ့ကောင် - မင်းမသွားရင်ငါသွားမယ်။”
“ဒီကောင် - သွားမှာပါ။”
“ဟကောင် - ဟိုမှာ ခရီးသည်က စောင့်နေရပြီ။”

“ဟင်.. အင်း၊ အင်းအင်း။ အော်.. အမ၊ လာတက်တက်။ ဘယ်ကိုသွားမှာလည်း။ သံလွင်လမ်းထိပ်ပဲမဟုတ်လား။”
“ $_#@%\\--@ ”
“ဟိုဘက်ထိ ပို့လို့ရရင် ပို့ပါတယ်အမရယ်။ အနှေးယာဉ် မဝင်ရလေ၊ အမရဲ့”
ဟူး.. တော်ပါသေးရဲ့ ဒီတစ်ခေါက်ရလိုက်ရင် အုံနာကြေးရပြီ။ ဂိတ်ပြန်ရောက်မှပဲ အေးဆေး အိမ်လွမ်းအုံးမယ်။ အင်း… အေးဆေးပြန်ငိုက်အုံး မယ်ပါလေ။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 16, 2008

Quotable Quotes


အခု ကျနော့်စာအုပ်ကလေးထဲမှာ မှတ်ထားတဲ့ အဆိုအမိန့်တချို့ကို ပြန်ရေးပြချင်ပါတယ်။ ဘယ်သူရေးသလဲဆိုတာကိုတော့ အသေအချာ မသိပါဘူး။ ဖတ်ဖူးသူတွေလည်း ရှိမှာပါ။ ဖတ်ဖူးတယ်ဆိုတော့လည်း အပျင်းပြေ နောက်တခေါက် ဖတ်သွားကြပေါ့ဗျာ။ သူတို့ရေးထားတာတွေအပြင် ဆိုင်ဆိုင်မဆိုင်ဆိုင် ကျနော်ထပ်ပွားထားတာတွေပါ ဖတ်လို့ရတာပေါ့။



If there were no one to watch them drive by, how many people would buy a Mercedes?
လိုက်ငေးပြီးကြည့်သူမရှိရင် ဘယ်သူတွေကများ မာစီးဒီကိုဝယ်မှာလဲ။

- ကိုင်း ဘယ်နှယ့်ရှိစ။
လူတစ်ယောက်က လူ့သဘော လူ့မနောအရ ကြွားချင်ဝါချင်တာရယ်၊ လူအများက သူ့ကို အထင်တကြီးရှိတာကို သဘောကျကြောင်းကို ပေါ်လွင်စေတဲ့ စာကြောင်းလေးပါပဲ။
ကားကိုမစီးဘဲ နာမည်ကို စီးကျသလို၊ ဆေးလိပ်ကို မသောက်ဘဲ နာမည်ကို သောက်ကြသလိုပေါ့။ အခြားဘက်ကကြည့်တော့လည်း ပစ္စည်းတခုရဲ့ နာမည်ကိုသာ ယုံကြည့်လိုက်ရင် အရည်အသွေးဆိုတာကလည်း အလိုလို စိတ်ချပြီးသား ဖြစ်သွားတာပါပဲ။ နာမည်ကိုယုံပြီး ပုံအောချလို့လည်း မှားတဲ့အခါတွေလည်း ရှိမပေါ့။ ထားတော့ လိုရင်းကနေ ဝေးသွားတော့မယ်။

Our character is what we do when we think no one is looking.
လူတစ်ယောက်ရဲ့ အမူအကျင့်ဆိုတာက သူ့ကို ဘယ်သူမှ ကြည့်မနေတဲ့အချိန်မှာ သူဘာလုပ်နေသလဲ ဆိုတာပါပဲ။

- ဗုဒ္ဓမြတ်စွာဘုရားက မကောင်းမှုကို ဆိတ်ကွယ်ရာမှာတောင် မပြူပါဘူး။
ကျနော်တို့ သာမန်ပုထုဇဉ်လူသားတွေလည်း လူအများရှေ့မှာရော နောက်ကွယ်မှာပါ မကောင်းမှုတွေကို မပြုမိအောင် မိမိကိုယ်ကိုထိန်းသိမ်းသင့်ပါတယ်။ ကျနော်ကြားဖူးတဲ့ အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်အကြောင်းကို ပြန်ဖောက်သည်ချပါဦးမယ်။ ပညာရှင်ရဲ့ နာမည်ကိုတော့ မေ့နေပါပြီ။ လက္ခဏာဆရာ တစ်ယောက်က (အကြားအမြင် ဆရာတစ်ယောက်လည်း ဖြစ်နိုင်တယ်) ပညာရှိကြီးကို အလွန်ကို တဏှာရာဂစိတ်ပြင်းပြတယ်လို့ ပြောပါသတဲ့။ တပည့်တပန်းတွေက သူတို့ဆရာက မကောင်းတာတခုမှ မလုပ်တဲ့အကြောင်း၊ ဒီလိုကိစ္စအရှုပ်အရှင်းလည်း မရှိကြောင်းပြောပြီး၊ ဒေါသတွေဖြစ်ကာ ဟောတဲ့သူကို တခုခုလုပ်မယ်လုပ်တော့ ပညာရှိကြီးကတားပါသတဲ့၊ သူပြောသလို မူရင်းအမှန်က တဏှာစိတ်ပြင်းပြတာမှန်တဲ့အကြောင်း၊ သူကိုယ်သူ ထိန်းသိမ်းလို့သာ ဒီလို အစွန်းအထင်းတွေ မရှိတာဖြစ်ကြောင်းပြောပြရပါသတဲ့။ မကောင်းဘူး၊ ကောင်းတယ်ကို ခွဲခြားသိတယ်ဆိုရင် တတ်နိုင်သမျှ သတိကပ်ပြီး ကျွန်တော်တို့လည်း မပြုလုပ်သင့်တာတွေကို မလုပ်ဖြစ်အောင် ဆင်ခြင်သင့်ကြောင်းပါ။

No one is guaranteed happiness. Life just gives each person time and space. It's up to us to fill it with joy.
ဘယ်သူ့ကိုမှ ပျော်ရွှင်ရမယ်လို့ အာမမခံပါဘူး။ လူတိုင်းကို အချိန်ရယ် နေရာရယ်ပဲ ပေးတာပါ။ ပျော်ရွှင်တာတွေနဲ့ ဖြည့်ဆည်းရမှာကတော့ ကျနော်တို့ တာဝန်ပါ။

- အင်း ကျနော်တို့တွေ အသက်အရွယ်တွေကြီးလာတော့ အချိန်အခါရယ် နေရာဒေသရယ်ကြောင်း ပျော်ရွှင်စရာတွေ အတော်ခေါင်းပါးတာကို တွေ့နေရပါတယ်။ (အရမ်းကို ပျော်နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။) ကျနော်တို့တတွေ စိတ်ဆင်းရဲခြင်း သပ်သပ်နဲ့ ဘဝမှာ အချိန်ကုန်လွန်သွားရင်တော့ မဟုတ်သေးပါဘူး။ ရတဲ့အချိန်ရယ် နေရာဒေသရယ်ပေါ်မှာ ရသလောက်နဲ့ ကိုယ့်အတွက် ကျန်အောင် (ကိုယ့်စိတ်ကျေနပ်မှုရအောင်) တခုခုလုပ်သင့်ပါတယ်။ နေနေတဲ့အချိန်လေးမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုမဟုတ် တခုရအောင် ကြံစည်ပြီး နေကြည့်ကြရအောင်ဗျာ။

Luck is what happens when preparation meets opportunity.
အခွင့်အလမ်းနဲ့ ကြိုတင်ပြင်ဆင်ထားတာ ထိပ်တိုက်တွေ့တဲ့အခါ ကံကောင်းတယ်ဖြစ်လာတယ်။

- ကိုယ့်ကိုယ်ကို ကံမကောင်းပါလား တွေးမိနေတဲ့ ဘော်ဒါတို့ရေ - အားတင်းကြတာပေါ့ဗျာ။ တတ်နိုင်သလောက် ပြင်ဆင်ထားမယ်၊ အခွင့်အလမ်းတွေအတွက် မျက်စိ၊ နားဖွင့်ထားမယ်။
(အခွင့်အလမ်းနဲ့ ပြင်ဆင်ထားတာက တသက်လုံးလည်း မတွေ့ဘဲ ဖြစ်သွားနိုင်တာကိုလည်း သတိရပါလေ။)

If you're headed in the wrong direction, God allows U-turns.
လမ်းမှားနေရင် ဘုရားသခင်က ဂ-ကွေ့ကွေ့ခွင့်ပေးသတဲ့။

- လူ့ဘဝမှာ ဆုံးဖြတ်ချက်အမှားတွေချတဲ့အခါချ၊ လမ်းအမှားတွေရွေးတဲ့အခါ ရွေး၊ ဒီလိုပဲ မှားတဲ့အခါမှာလည်း မှားပေမပေါ့ဗျာ။ အင်း မှားမှန်းသိတဲ့အခါမှာတော့ ပြန်ပြင်ဖို့ လိုတာပေါ့။ ပြန်လည်း ပြင်ဆင်ဖို့ရာက အချိန်တွေကြာရင်လည်း ကြာနေနိုင်ပါတယ်။
(ဘုရားသခင်က ခွင့်ပြုပေမယ့် တကယ့်တကယ်က ဂ-ကွေ့ ကွေ့လို့ မလွယ်တဲ့ လမ်းတွေလည်း ရှိပါတယ်လို့ ဘုရားသခင်ကိုတောင် ပြန်ပြောလိုက်ချင်သေး ဟဲ ဟဲ)

A person who is always telling you how honest he is probably has his own suspicions.
ကိုယ့်ကိုယ်ကို သိပ်ရိုးသားပါတယ်လို့ ပြောလွန်းသူတစ်ယောက်က သူ့ရိုးသားမှုကိုလည်း သံသယရှိပုံရပါတယ်။

- စိတ်မလုံတော့ ပါးစပ်က တတွတ်တွတ်ထွက်တာမျိုး၊ စာလုံးမဲကြီးတွေနဲ့ ရေးတာမျိုးတွေ ဖြစ်မယ်ထင်တယ်။ ဆင်ခြင်ကြကုန်။

ပြောမှားဆိုမှား ရေးမှားရှိရင်လည်း ပြင်ဆင်ပေးကြပါလေ…


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 13, 2008

thought from some words (2)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၂)

ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။ အပိုင်း(၁)ကိုတော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်လေရဲ့။



27-May-2008 - Man is always more than he can know of himself; consequently, his accomplishments, time and again, will come as a suprise to him.(Golo Mann)
လူသည် သူ့ကိုယ်သူသိနေတာထက် ပိုပြီး စွမ်းနေမြဲဖြစ်သည်။ ထို့ကြောင့် မကြာခဏ သူ့စွမ်းဆောင်မှုကိုပြန်ပြီး အံ့အားသင့်နေရလိမ့်မည်။ (ဂိုလိုမန်း)
ဒီစာစုလေးကို ဘယ်နေရာကနေ မှတ်သားလိုက်လဲဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး။ တင်ခဲ့တာကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။ စိတ်မှာခံစားမိတာကတော့ ဒီစာလေးကိုဖတ်ပြီး အော်..ငါ့မှာ ငါမမြင်နိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတယ်လို့ မြင်စေချင်တာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်သိနေတာတွေရှိသလို ခင်ဗျားတို့မှာလည်း ခင်ဗျားတို့ ကိုယ်တိုင်အတွက် ထင်ထားတာတွေရှိနေပါတယ်။ လူတိုင်းခံစားဖူးမဲ့ ခံစားချက်တစ်ခုကတော့ ဒါကို ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတဲ့ အတွေးမျိုးပါ။ လူသာမာန်ကျွန်တော်တို့ရဲ့ အတွေးတွေဟာ စံသတ်မှတ်ပုံခြင်း မတူရင်တောင်မှ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ် ရှိနေတတ်တာပါပဲ။ မှတ်သားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ဖောက်ထွက်နိုင်ခြင်းဆိုတဲ့ စကားလုံးပါပဲ။ အခက်အခဲ၊ အကျပ်အတည်းတစ်ခု ရှိလာခဲ့ရင် ဖောက်ထွက်နိုင်တဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ကြတာမှာ ကျွန်တော်တို့ လူသားတွေအတွက် မမြင်နိုင်အောင် (မမှန်းဆနိုင်အောင်) ထူးခြားကောင်းမွန်တဲ့ စွမ်းရည်တွေ ရှိနေတတ်ပါတယ်။ အခြေအနေတစ်ခုမှာ ကိုယ်တိုင်ထင်ထားတဲ့ ကိုယ့်ရဲ့စံနှုန်းထက် ကျော်သွားတတ်တာမျိုးကို ခံစားဖူးကြမှာပါ။ ကိစ္စတစ်ခုကို ပြန်တွေးလိုက်တဲ့အချိန်မှာ ငါ-ဒါကိုလုပ်နိုင်ခဲ့တယ်ဆိုတဲ့ အံ့အားသင့်မှုပါပဲ။ လူသားရဲ့ သမိုင်းကြောင်းတစ်လျှောက် ပြန်ကြည့်ရင် အံ့အားသင့်စရာတွေ ပြည့်နှက်နေတာပါပဲ။ ဒီလိုပဲ ရှေ့ဆက်လို့လည်း အံ့အားသင့်စရာ ကျွန်တော်တို့မထင်ထားတဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ ဖော်ထုတ်ကြရမှာပေါ့။

27-May-2008 - နှစ်တွေမှ မနည်းတော့တာ၊ မတွက်တတ်တော့ ပုစ္ဆာတစ်ပုဒ် ကိုယ့်အလုပ်မှ မဟုတ်ဘဲ။ ဉာဏ်မမှီရင် အသာ ချောင်ကုပ် ထိုးအိပ်ရင် အိပ်နေလိုက်ပါ့လားကွာ။ (ကေဇက်)
ကိုကေဇက်ရဲ့ ကိုယ်ပိုင်အတွေးလေးလို့ ကျွန်တော်က တွေးထင်ပါတယ်။ ရိုးရိုးသားသားပြောရရင်တော့ ဒီစာသားလေးကို ဘလော့ဂ်စာမျက်နှာမှာ မြင်တော့ အထပ်ထပ် အခါခါ ဖတ်နေမိပါတယ်။ ဒီစကားစုဟာ ငါ့ကိုများ ရည်ညွှန်းလေသလား။ ဘဝကို ပုစ္ဆာတစ်ပုဒ်လို တွေးမယ်ဆိုရင်တော့ မှန်နေသလိုပဲလေ။ အခုအချိန်ထိ မတွက်တတ်သေးတော့ အသာချောင်ကုပ်ပြီး ထိုးအိပ်နေတာကောင်းမယ်လို့ အိပ်ယာပေါ်မှာ တွေးနေမိလို့ပါ။ နောက်တော့ အတွေးနယ်ချဲ့ပါတယ်။ အော်… သူပြောချင်သူတွေက ဒီလူတွေပါလားလို့ သွားတွေ့ပြန်ပါတယ်။ (ကျွန်တော့်ရဲ့ ကိုယ်ပိုင် တွေးထင်ချက်ပါ။) ခင်ဗျားတို့လည်း သိမှာပါ။ လူတစ်ချို့ဗျာ။ ကိုယ့်အလုပ်လည်းမဟုတ်ဘူး၊ အမှုကိစ္စတွေအတွက်လည်း ဉာဏ်မမှီဘူး။ ရောင်တောင်တောင်နဲ့ စကားလုံးပန်းချီချယ်ပြီး လုပ်နေလိုက်တာ နှစ်တွေလည်း မနည်းတော့ဘူး။ တစ်ကယ်တော့ ကိုယ့်နေရာကိုယ်နေပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေရမှာ။ အဲဒီလိုမှမဟုတ်ရင်လည်း အသာချောင်ကုပ်ပြီး ထိုးအိပ်နေရင်ကို မဆိုးဘူးဗျ။ အင်း.. သူတို့တွေကတော့ ဒီစာစုလေးကိုလည်း ဖတ်မိမယ် မထင်ပါဘူးဗျာ။

31-May-2008 - ဘလော့ဂါဆိုသည်မှာ အင်တာနက်ဂျာနယ်လစ်ဟုလည်း ခေါ်ကြသော မိမိတို့ရင်ထဲရှိသမျှ အွန်လိုင်းပေါ် ချရေးနေကြသော အွန်လိုင်းစာရေးသူများ ဖြစ်သည်။
ဒီစာစုလေးကို ကျွန်တော်ကိုယ်တိုင် တင်ခဲ့တာပါပဲ။ ဆရာကျော်ဝင်းရဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်လေးထဲက ကြိုက်လို့ ဝေမျှလိုက်တာပါ။ ကိုယ်တိုင်လည်း ဘလော့ဂ်နဲ့ပက်သက်နေတယ်။ နောက်ပြီး BloggerDotCom နဲ့ဆုံမှ ကျွန်တော်ကတော့ လက်ဆော့ခွင့်ရတာပါ။ ငယ်ငယ်က စိတ်ကူးယဉ်တွေထဲမှာ စာရေးစာဖတ် လုပ်နေချင်တာလည်း တစ်ခုအပါအဝင်လေ။ ဒါပေမဲ့ သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါပဲ။ အချိန်လည်း ပေးနိုင်တုန်း၊ အင်တာနက်လေးလည်း အဆင်ပြေတတ်တယ်ဆိုတော့ ရေးဖြစ်တော့တာပါပဲ။ ဒါတောင် သိပ်မရေးတတ်တာရယ် စိတ်ကူးမရှိတာရယ်နဲ့ ခပ်ပါးပါးပဲ ရေးနေတာ။ တစ်လောလေးက (နည်းနည်းတော့ ကြာပြီထင်ပ) ဘလော့ဂ်စာမျက်နှာတွေမှာ ကိုယ့်ကိုကိုယ် ဘလော့ဂ်ဂါလို့ သတ်မှတ်မလား မသတ်မှတ်ဘူးလား ဆိုတာနဲ့ပက်သက်ပြီး ရေးနေကြတာတွေ ဖတ်ရပါတယ်။ အမြင်မျိုးစုံပါပဲ။ တစ်ချို့ကလည်း ကိုယ်ရေးကိုယ်တာ ရေးနေတာဖြစ်လို့ သူတို့ကိုယ်သူတို့ ဘလော့ဂ်ဂါမသတ်မှတ်ပါဘူးတဲ့။ ရသ၊ ဒါမှမဟုတ်လည်း အသိပညာပေးနိုင်အောင် ရေးနေတဲ့ ဘလော့ဂ်ပိုင်ရှင်တွေသာ ဘလော့ဂ်ဂါသတ်မှတ်သင့်ကြောင်း။ တစ်ချို့ကလည်း ဘယ်လိုပဲ စားမိစားမိ ကြက်သွန်ကတော့ ကြက်သွန်ပဲပေါ့။ ဘလော့ဂ်တစ်ခုမှာ စာရေးနေရင်ကို ဘလော့ဂ်ဂါပဲပေါ့။ အဲဒီလိုအမြင်တွေကြားက ဒီစကားစုလေးဟာလည်း အမြင်တစ်ခုပါပဲဆိုပြီး မျှဝေထားတာပါ။ ကြိုက်၏ မကြိုက်၏ကတော့ အမြင်အမျိုးမျိုးပေါ့ခင်ဗျာ။

ဖတ်မိသူတွေအနေနဲ့လည်း ပြောချင်တာလေးတွေရှိနေရင် အတွေးလေးတွေဝေမျှပါခင်ဗျာ။ နောက်ရှိနေသေးတာလေးတွေကိုတော့ ဆက်ရန်အဖြစ်ထားပါတယ်။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 11, 2008

Plz let me share our strength!


ကျွန်တော့်ရဲ့ အဝေးရောက်ချစ်သူ (သို့) ခွန်အားမျှပါလေးကို မယ်ဆိုတဲ့ ကျွန်တော်တို့ အဖွဲ့သားတစ်ယောက်က မေးလ်မှာ ဒီလိုကွန်မန့်လိုက်မယ်လို့ နောက်ပြောလေးပြောသွားပြီး ကဗျာလေးရေးသွားပါတယ်။ ခေါင်းစဉ်ကတော့ ကျွန်တော်ပဲ ပေးလိုက်တာပါ။ စကားလုံးလေးတွေလည်း နည်းနည်းတော့ ပြင်လိုက်ပါတယ်။ သူ့ကို ခွင့်မတောင်းပဲ ကျွန်တော်က ဘလော့ဂ်မှာ တင်လိုက်တာပါ။ စိတ်ဆိုးမယ်လည်း မထင်ပါခင်ဗျာ။ ဖတ်လို့ကောင်းတယ်ဆိုရင်တော့ သူ့ကိုသာ ချီးကျူးကြပါလို့။
အားလုံးပဲ ပျော်ရွှင်အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုရင်း၊

သုခမိန်။…..။



ခွန်အားမျှပါ
ချစ်သူရေ
ဟိုး.. ခပ်လှမ်းလှမ်းက
တောင်တန်းကြီးမှာ မင်းမျက်နှာမရှိပေမဲ့
ဘယ်သူမှဝင်မကြည့်နိုင်တဲ့
ငါ့ရင်ထဲမှာတော့
မင်းရှိနေတယ်။

ငါမဖြတ်သန်းချင်တဲ့
နေ့ရက်တွေဆိုတာလေ
မင်းဘေးမှာရှိမနေနိုင်တဲ့
နေ့ရက်တွေပါတယ်။

ငါမက်ခဲ့တဲ့
ဟောဟိုမှာ ငါထပ်မက်မဲ့
အိမ်မက်တွေတိုင်းမှာတော့
မင်းရှိနေလေရဲ့။

ဒါပေမဲ့ချစ်သူ
အဝေးရောက်နေသူရဲ့အလွမ်း
နွမ်းလျလွန်းတယ်ဆိုပေမဲ့
မင်းချစ်နေသေးတယ်ဆိုတဲ့အသိက
ငါ့ရင်ကိုလန်းစေတယ်။

ကဲ….
ယုံပါလို့မတောင်းဆိုရက်ပေမဲ့
လွမ်းမိတဲ့ငါ့အဖြစ်ကို
မင်းသိလို့ စာနာမိရင်
အလွမ်းတောင်ကိုဖြိုဖို့
ခွန်အားတစ်ချို့
ဝေမျှပါချစ်သူ။
မယ် (3:13PM)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 10, 2008

missing U, plz let me share our strength!

အဝေးရောက်ချစ်သူ (သို့) ခွန်အားမျှပါ








ချစ်သူရေ
ဟိုး.. ခပ်လှမ်းလှမ်းက
တောင်တန်းကြီးမှာလည်း မင်းမျက်နှာရှိတယ်။
ငါမဖြတ်သန်းချင်တဲ့
တစ်နေ့တာ အတွေးတွေက
မင်းအရိပ်ကို ပုံဖော်လေတယ်။
ငါမဖြတ်သန်းချင်တဲ့
ညစဉ်တိုင်းကုန်ဆုံးစေဖို့
အိမ်မက်တို့ကို နင်ဖန်ဆင်းတယ်။
ဒါပေမဲ့ ချစ်သူ
အဝေးရောက်နေသူရဲ့ အလွမ်း
ဘယ်လောက်ပဲလန်းဆန်းနေပါစေ
တို့နှစ်ယောက်အတွက်
နွေးထွေးမှုတို့ ခန်းခြောက်သတဲ့လား။

ကဲ….
မယုံချင်နေ ပုံပြင်တွေမှတ်
တိုးလို့သာနှောင် ငါ့အလွမ်းတောင်ကို
ရင်ဆိုင်ကျော်ဖြတ် ချစ်ပန်းဆက်ဖို့
ခွန်အားတစ်ချို့ ပေးမျှစေလို
(အို)
အလွမ်းချိုလို့
မင်းသတ်မှတ်ပေးပါ ချစ်သူ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

"Forget me not"


The flower say,

Pluck me not.

The little bird say,

Shoot me not.

The river say,

Dry me not.

Please, let me say,

Forget me not!


Rhyme (2:25PM)

ပုံလေးကို ဒီနေရာကနေ ယူပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 6, 2008

thought from some words (1)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၁)

ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။



26-April-08 - ဂျာနယ်တစ်ခုရဲ့ အသက်ဟာ စာဖတ်သူဆိုပေမဲ့ ကိုယ်ကပဲ စာဖတ်သူကိုရွေးချယ်၊ သူကရွေးချယ်တာမှာ မပျော်မွေ့လေနဲ့။ ( e-journal )
ဒီဘလော့ဂ်လေးကို စလုပ်ကတည်းက စိတ်မှာခံစားမိတဲ့ အတွေးလေးပါ။ ကျွန်တော်ကိုယ်တိုင် တင်ခဲ့တာပါပဲ။ ပထမဆုံး စာစုလေးလည်း ဖြစ်နေပါတယ်။ အမှန်ကိုပြောရရင်တော့ ဒီစာစုလေးကို တင်ရင်ကောင်းမလား မကောင်းဘူးလား အတွေးဗျာများလိုက်ပါသေးတယ်။ ဘာလို့လည်းဆိုတော့ နည်းနည်း အတွေးရှုပ်သွားစေသလို ခံစားရလို့ပါပဲ။
တစ်ကယ်တမ်း ပြောချင်တာလေးကို စာဖတ်သူတို့ မဖမ်းမိမှာ စိုးရိမ်လို့ပါ။ ကျွန်တော်ပြောချင်တာက ဒီနေရာမှာ ဒီလိုစာတွေပဲရေးမယ်။ ပရိတ်သတ်အကြိုက် လိုက်ကပြနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခင်းပြချင်တာလေးတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဥပမာ တစ်ခုဆောင်ချင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝက ဖတ်ရတဲ့ မဂ္ဂဇင်းတစ်အုပ်ရှိပါတယ်။ သင့်ဘဝ မဂ္ဂဇင်းပါ။ သူတို့က သူတို့စာဖတ်သူကို ရွေးချယ်ပြီးမှ ချပြကြတာပါ။ တစ်ခြား မဂ္ဂဇင်းတွေလို စုံစုံလင်လင် ဟုတ်ချင်မှတော့ ဟုတ်ပါမယ်။ ဒါပေမဲ့ တန်ဖိုးကြီးတာတွေ အများကြီးနဲ့ပါ။ ကျွန်တော်က အားကျပါတယ်။ ခုချိန်မှာတော့ သင့်ဘဝ မဂ္ဂဇင်းလည်း ဆက်လက် မလည်ပတ်နိုင်တော့ပါဘူး။
ကျွန်တော်က ဒီဘလော့ဂ်လေးကိုလည်း အုပ်တစ်ချပ် သဲတစ်ပွင့်လို စာလာဖတ်သူတွေအတွက် ဖြစ်စေချင်တာပါ။ စာဖတ်သူကလည်း ရွေးချယ်မှာပါပဲ။ စိတ်ဝင်စားစရာရှိရင်၊ တစ်ခုခု သူတို့အတွက် ပေးနိုင်နေရင် ဖတ်နေမှာပါ။ သူတို့ပိုင်တဲ့ အဖိုးတန်အချိန်လေးမှာ ဘာမှမဟုတ်တာ တစ်ခုအတွက်တော့ စာဖတ်သူကလည်း အချိန်ဖြုန်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက်လေးဖြစ်သလို၊ စာဖတ်သူကို တောင်းပန်စာလည်း မည်ပါတယ်။ အကြိုက်ခြင်းမတူလို့ အချိန်အလကားဖြစ်သွားရင် ကျွန်တော်တို့ကို မရွေးချယ်ဖို့ပါပဲ။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်လေးတွေကိုက
“ Our World Wide Web Community – thought: Knowledge: literature: ” ပါပဲ။ ကမ္ဘာ့ပင့်ကူအိမ် ကွန်ယက်ကြီးထဲက ပတ်ဝန်းကျင်လေးတစ်ခုပါ။ အတွေးအမြင်တွေ၊ အသိပညာတွေနဲ့ စာပေအကြောင်းကို စိတ်ဝင်စားသူတို့ ရှိနေတဲ့ အဝန်းအဝိုင်းလေးပေါ့ဗျာ။ ဒါပေမဲ့ စာဖတ်သူတို့က ကျွန်တော်တို့ ဆက်လက်ချီတက်ဖို့အတွက် အသက်ပါပဲ။

29-April-08 - သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ ရေသောက်မြစ်ကတော့ တခြားမဟုတ်ပါဘူး။ လောဘပဲ ဖြစ်ပါတယ်။ (တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း)
ကျွန်တော်ကိုယ်တိုင် ဝေမျှခဲ့တဲ့ စာစုလေးပါပဲ။ ဆရာမြသန်းတင့်နဲ့ ဆရာမောင်သာမညတို့ နှစ်ဦးပေါင်းပြီး ဘာသာပြန်ထားတဲ့ စာအုပ်လေးထဲကပါ။ မဖတ်ရသေးရင်လည်း ဖတ်ကြည့်စေချင်တယ်။ ဒီနေရာမှာ အဲဒီစာအုပ်လေးထဲက အကြောင်းအရာလေးတစ်ခုကိုလည်း ဖော်ပြထားသေးတယ်။
ဒီစာစုလေးကို ခံစားမိတာကတော့ ကောင်းလိုက်တဲ့အတွေးပဲလို့ပါ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ တဖြည်းဖြည်းနဲ့ လူသားတွေအတွက် “ကိုယ်လုပ်တဲ့ဒဏ် ကိုသာခံ”ဆိုသလို ပြန်လည် ခြိမ်းခြောက်လာတာကတော့ သဘာဝပတ်ဝန်းကျင်ပါပဲ။ ညစ်ညမ်းလာတဲ့ သဘာဝကြီးကို သေသေချာချာ လေ့လာပြီး ပြန်ဆန်းစစ်မယ်ဆိုရင် လောဘတစ်ကြီးနဲ့ ကျွန်တော်တို့တစ်တွေ ပြုမူခဲ့ကြလို့ပါပဲ။ သစ်ပင်တွေခုတ်မယ်။ တောင်တွေဖြိုမယ်။ မြို့သစ်တွေတည်မယ်။ ရေနံတွေတူးမယ်။ စက်မှုထွန်းကားတယ်ဆိုတဲ့ စက်ရုံတွေက မီးခိုးတွေနဲ့ အဆင့်မြင့်လာတယ်ဆိုတဲ့ လူနေမှုဘဝရဲ့ မော်တော်ကားတွေက မီးခိုးငွေ့တွေ။ အစုံပါပဲ။ သဘာဝကို ဝိုင်းဝန်းလို့ လောဘတစ်ကြီး စားသုံးကြတာ ခုတော့ သူ့ခမျာ နလန်မထူနိုင်အောင်ပါပဲ။ တစ်ခုဆိုးသွားတာက (ဒါမှမဟုတ် ကျွန်တော်တို့တစ်တွေ မျက်ခြေပြတ်သွားတာက) ကျွန်တော်တို့ကိုယ်တိုင် သဘာဝတရားကို မှီခိုနေရတာပါပဲ။
အဲဒီတော့ ညစ်ညမ်းနေပြီဆိုတဲ့ သဘာဝတရားကို ပြုပြင်ကြရာမှာ အခြေခံအကျဆုံးအချက်က ကျွန်တော်တို့တစ်တွေရဲ့ လောဘပဲမဟုတ်လားဗျာ။ ကိုယ်တိုင်မှီခိုနေရတဲ့ သဘာဝတရားကြီးကို ကိုယ့်လောဘနဲ့ကိုယ်ပဲ ဖျက်ဆီးမိနေတာပါ။ ဆင်ခြင်စရာတစ်ခု မဟုတ်ပါလားဗျာ။

ကဲ၊ ဒီတစ်ခါတော့ ဒီလောက်ပါပဲ။ အစောပိုင်းတွေမှာက ကျွန်တော်ပဲ စာစုလေးတွေ တင်တာများလို့ ကျွန်တော့် အတွေးတွေနဲ့ ကျွန်တော့်အမြင်တွေပဲ ဖြစ်နေတာကိုတော့ နားလည်ပေးစေချင်ပါတယ်။ ဆက်ရန်ပေါ့ခင်ဗျာ။
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, November 1, 2008

ကောင်မလေးရေ....

I LIE U... BUT U LOVE ME !!!


ကောင်မလေးရေ……


ငါအပေါ်ထားတဲ့ မင်းအချစ်က
ဖြူစင်ခဲ့တာ ငါသိပါတယ်…
မင်းပြောပြတဲ့ အတိတ်အကြောင်းတွေကြောင့်
ရင်နာရတာ ငါပဲသိတယ်…
မရည်ရွယ်ပဲ ပြုခဲ့မိတဲ့
ငါ့လုပ်ရပ်တွေကြောင့် နောင်တတွေလည်းရခဲ့ဖူးတယ်…
မထားရက်ပေမဲ့ မဖြစ်နိုင်လို့ 
စွန့် လွတ်ခဲ့တာ ငါမပြောရက်ဘူး…
ငါစိတ်ညစ်ချိန်တိုင်း ဖေးမခဲ့တဲ့
နင်ကျေးဇူးကို ငါအသိအမှတ်ပြုတယ်….
နင့်မေတ္တာကို မရည်ရွယ်ပဲ
လှည့်စားမိတဲ့ ငါ့အပြစ်အတွက်
နင်ခွင့်လွတ်နိုင်ဖို့  ငါဆုတောင်းတယ်…

မယ်(31.10.08)

ဆက်ဖတ်မယ်ဆိုရင် ...