အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၃)
10-Jun-2008 - “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”... ဟူ၏။(တိုနီဘလဲ UK's PM)
ကျွန်တော်ကိုယ်တိုင် ကြိုက်လို့တင်ခဲ့တဲ့ စာသားလေးပါပဲ။ ဆရာကျော်ဝင်းရဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်လေးမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောထားတာပါ။ သဘောကျလို့ ဆောင်းပါးလေးကို ကူးယူဖော်ပြဖူးပါတယ်။ ဒီမှာသွားကြည့်လို့ရပါတယ်။ ကွန်မန့်မှာလည်း စိတ်ဝင်စားစွာ လာပြောသူတွေရှိနေတယ်။ ဖြစ်နိုင်ရင် သွားဖတ်ကြည့်စေချင်ပါတယ်။ ဖတ်ပြီးသွားပြီဆိုရင်တော့ ဒီစာသားလေးကို ကျွန်တော်နှစ်သက်ရတဲ့အကြောင်း နားလည်ခံစားမိမယ် ထင်ပါတယ်။ နောက်ပြီး တိုးတက်ဖို့ဆိုရာမှာ လက်ရှိအနေအထားအရ (ကမ္ဘာလုံးအမြင်အရ) သူ့ကို(ပညာရေးကို) ဘယ်လိုမှ စွန့်လွှတ်လို့မရသလို သူ့ကိုအဓိကထားပြီး ကျန်တာတွေနဲ့ ပံ့ပိုးရင်ဖြင့် အနာဂတ်မှာ ရွှေရောင်လွှမ်းနိုင်မှာပါလို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ ဒီနေရာမှာ ကျွန်တော့်ထင်မြင်ချက်နည်းပြီး အညွှန်းတွေ များနေပါတယ်။ သဘောကတော့ ကျွန်တော့်မှာရှိနေတာလောက်နဲ့ ဝင်မပြောနိုင်လို့ပါ။ ဒါပေမဲ့ ရွှေရောင်လွှမ်းစေချင်တာကတော့ ဆန္ဒအမှန်ဖြစ်ကြောင်းပါ။
16-Jun-2008 - လူဟာ သူ့ကိုယ်သူ မရှာဖွေဘဲနဲ့ ပတ်ဝန်းကျင် အခြေအနေရဲ့ လှုံ့ဆော်ချက်တွေအတိုင်း လှုပ်ရှားနေတာလို့ ဆိုပါတယ်။ (ဆရာ တင်မောင်သန်း)
ခင်များကို ခင်များ ရှာဖွေဖူးပါသလား။ ဒီလိုမေးတော့ တစ်မျိုးတော့ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မှန်ထဲမှာ ကိုယ့်ကိုကိုယ် သေချာပြန်တွေ့ဖူးကြမယ်တော့ ထင်ပါတယ်။ ဒါဟာ မှန်ကြည့်တာနဲ့ မတူပါဘူး။ မှန်ထဲမှာ တွေ့လိုက်ရတယ်။ အာ… ဒါငါပါလား ဆိုတာမျိုးပေါ့။ တစ်ခါ မျက်လုံးကိုအသာမှိတ် ပုံရိပ်ကိုမြင်အောင်ဖော်ပြီး ကိုယ့်ကိုကိုယ် ပြန်ရှာကြည့်ပါအုံး။ အဲဒီအချိန်မှာ တွေ့လိုက်ရတဲ့ သူစိမ်းတစ်ယောက်လို ကိုယ့်ကိုကိုယ်ပြန်မြင်ရတာ တစ်မျိုးတော့လည်း ပျော်စရာပါ။ နောက်ထပ် ဆက်တွေးကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်တဲ့အခါမှာ စိတ်ကျေနပ်မှု အဆင့်ဘယ်လောက် ရှိနေလည်း။ စိတ်အလိုမကျတာတွေ အတွက်ကိုရော ဘာလို့ငါ မလုပ်မိသေးလည်း။ အဲလိုသာ ဆက်တွေးမိမယ်ဆိုရင် အခုဖော်ပြထားတဲ့ စာသားလေးကို လက်ခံနိုင်ကောင်းရဲ့။ ကျွန်တော်တို့ရဲ့ တနေ့တာ လှုပ်ရှားမှုတွေမှာ အတော်များများဟာ ပတ်ဝန်းကျင်ရဲ့ (တခြားသူတွေရဲ့) လှုံ့ဆော်မှုတွေက ပိုလို့များနေတတ်ပါတယ်။ ကိုယ်လုပ်ချင်တာ မလုပ်လိုက်ရအောင်ကိုပဲ တစ်ခါတစ်လေမှာ များနေတတ်ပါတယ်။ ဆက်လက်လို့ တွေးမယ်ဆိုရင်တော့ အမူအကျင့်တွေဟာလည်း ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေ ရာခိုင်နှုန်းတစ်ခုထိ ပါနေတတ်ပါတယ်။
ဒီစာစုလေးကို ကျွန်တော်ကိုယ်တိုင်ပဲ ကြိုက်လို့ဆိုပြီး ဆရာတင်မောင်သန်းရဲ့ အကျိုးရှိအချိန်ဆိုတဲ့ ဆောင်းပါးလေးထဲကနေ ကူးတင်ထားတာပါ။ အဲဒီဆောင်းပါးလေးကိုလည်း အားလုံးမဟုတ်ပဲ တစ်ရက် ကျွန်တော်ဖတ်မိတုန်းမှာ မျဉ်းသားမိတဲ့ စာလေးတွေစုပြီး ဖော်ပြထားတဲ့ ပိုစ့်လေးရှိပါတယ်။ ဖြစ်နိုင်ရင်တော့ လင့်ခ်လေးမှာ သွားကြည့်လိုက်ပါ။ ကောင်းတဲ့စကားစုလေးတွေကို တွေ့ရမယ်လို့ ညွှန်းချင်ပါတယ်။ ဒီဆောင်းပါးလေးတွေက ကျွန်တော့်အကြိုက်၊ စိတ်လေနေရင် ပြန်ပြန်ဖတ်ရတဲ့ စာလေးတွေပါပဲ။ အဓိက ပြောချင်တာကတော့ ကိုယ်လုပ်ချင်တာ လုပ်နိုင်အောင် (ကိုယ့်လမ်းကိုယ် လျှောက်နိုင်အောင်) တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေအပေါ် သတိကပ်ထားနိုင်စေဖို့ပါပဲ။
16-Jun-2008 - “လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်းဆောင်နေကြတာပဲ။ Everybody is the leader of himself” (သခင်ဘသောင်း)
အပေါ်က ကျွန်တော်ညွှန်းခဲ့တဲ့ ဆရာတင်မောင်သန်းရဲ့ စာအုပ်အတွင်း အကျိုးရှိအချိန်ဆိုတဲ့ ဆောင်းပါးနဲ့ မျက်နှာချင်းဆိုင်စာမျက်နှာမှာ ဖော်ပြထားတဲ့ စာစုလေးတစ်ခုပါ။ မြန်မာ့သမိုင်းနဲ့လည်း နဲနဲဆက်နွယ်နေမယ်ထင်ပါတယ်။ သခင်ဘသောင်းတို့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေတုန်း ဆိုင်ရာလူကြီးတစ်ယောက်က ခေါင်းဆောင်ဘယ်သူလဲမေးလို့ သခင်ဘသောင်း ပြန်ဖြေတဲ့ စကားစုလို့ ကျွန်တော်က မှတ်သားဖူးပါတယ်။ ကျွန်တော်ကတော့ အမြင်တစ်မျိုးနဲ့ ချဉ်းကပ်ပါတယ်။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တယ်ဆိုတဲ့စကားအတွက် အတွေးနယ်ချဲ့လို့ ကောင်းလွန်းတယ်လည်း ထင်ပါတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာလို့လည်း ဆိုကြတယ်ကိုး။ ကိုးကွယ်တာ မကိုးကွယ်တာထက် ဦးဆောင်နိုင်ဖို့၊ ခေါင်းဆောင်နိုင်ဖို့ကတော့ လိုအပ်တာအမှန်ပါပဲ။ ကိုယ်တိုင်မှ ခေါင်းမဆောင်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ ကိုယ့်မြို့ ကိုယ့်ရွာ ဘယ်လိုမှ ခေါင်းဆောင်နိုင်မယ်မထင်ပါဘူး။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်တယ် ဆိုတာကလည်း ကောင်းမွန်တဲ့၊ လိုအပ်တဲ့ အရာတစ်ခုကို ရယူခူးဆွတ်နိုင်ဖို့အတွက်ပါပဲ။ ဆောင်ရန်ရှောင်ရန်၊ စောင့်ထိန်းသင့်တာနဲ့ ပြစ်ပယ်သင့်တာတွေအတွက် အတွေးမှန်ဖို့နဲ့ ရွေးချယ်ရာလမ်းကို ရဲဝင့်စွာ လျှောက်လှမ်းနိုင်ဖို့ပါပဲ။ ခင်များဖြစ်ချင်တာတစ်ခုအတွက်၊ လိုချင်တာ လိုအပ်တာတစ်ခုအတွက် လုပ်ဆောင်ရန်မှာ ပထမဆုံးခေါင်းဆောင်ဟာ ခင်များပါပဲ။ ဘာလို့လည်းဆိုတော့ လူတိုင်း ကိုယ့်ကိုကိုယ် ခေါင်းဆောင်နေရလို့ပါပဲ။
ဒီတစ်ခါတော့ ဒီလောက်ပါပဲ။ ကျွန်တော်လင့်ခ်လေးတွေနဲ့ ညွှန်းထားတဲ့ ပိုစ့်တွေကိုလည်း အချိန်ရရင် ဖတ်ကြည့်ကြပါလို့ ထပ်ဆင့်တိုက်တွန်းပါတယ်။ တစ်ခါက ဘလော့ဂ်တွေ လျှောက်ဖတ်နေတုန်း ပိုစ့်တစ်ခုမှာ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကားကို ကိုးကားတာ ကြိုက်လို့ ဒီနေရာကနေ ပြောပါအုံးမယ်။ ဆရာမကြီးက စာရေးတယ်ဆိုတာ ရေကူးနေရသလိုပဲတဲ့။ ရပ်လိုက်ရင်တော့ မြုပ်သွားမှာပဲ။ နည်းနည်းတော့ ခြေလေးလက်လေး လှုပ်ပေးနေမှလို့ ပြောသတဲ့။ ကျွန်တော်လည်း မရေးတာကြာလို့၊ ရေနစ်မှာစိုးလို့ တောင်ရောက်မြောက်ရောက်လေးတွေ ဝေမျှလိုက်ပါကြောင်းနဲ့ အဆင်မသင့်တာတွေ့ရင်လည်း စေတနာရှေ့ထားလို့ လမ်းညွှန်ကြပါလို့ တောင်းဆိုရင်း …။
KuchingTrip
1 week ago
4 comments:
အလွန်တန်ဘိုးရှိသော စာများကို အခုလို--
စေတနာနဲ့ ဝေငှပေးတဲ့ အတွက်---
ကျေးဇူးတင်လို့မဆုံးပါဘူး--
အီးဂျာနယ် ဆီ လာလည်တိုင်း--
စာစုံဖတ်ခွင့်ရတဲ့အတွက်--
တဖွဲ့လုံးကိုလည်း--လေးလေးစားစား နဲ့--
ချီးကျူးပါတယ်ရှင်--
အတွေးအမြင် စာစုလေးတွေ ဖတ်သွားပါတယ်။ ဆရာမကြီး လူထုဒေါ်အမာရဲ့ စကားက မှတ်သားစရာကောင်းသလို မှန်လဲ မှန်တယ်နော်။ ဆုဝေတို့လဲ တတ်နိုင်သမျှ ခြေလေးလက်လေး လှုပ်ပေးနေရတယ်။ ငြိမ်နေရင် မြုပ်သွားပြီး ပြန်ပေါ်လာမှာကို မဟုတ်တော့ဘူး။
ကောင်းတယ်။ ဒါပေမဲ့ရှည်နေလို့ ဖတ်ရတာပျင်းတယ်။
ကိုသုခမိန်ရေ
စာစုတွေကို ဒုတိယအကြိမ် ပြန်ဖတ်တော့
ကွန့်မန့်ချင်လာတယ်
ဆရာမကြီးက စာရေးတယ်ဆိုတာ ရေကူးနေရသလိုပဲတဲ့။ ရပ်လိုက်ရင်တော့ မြုပ်သွားမှာပဲ။ နည်းနည်းတော့ ခြေလေးလက်လေး လှုပ်ပေးနေမှလို့ ပြောသတဲ့။
အမေမာ ပြောတာ မှန်ပါတယ် မမြုပ်အောင် ကျမတို့
ခြေလက်တွေ လှုပ်နေရမယ်လေ စာပေအဖွဲ့လေးရေ
ဆက်လုပ်နေကြပါနော် အားပေးပါတယ်
Post a Comment