Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts
Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts

Sunday, June 21, 2009

Tag Post



ဝါသနာပါရာ..


တက်ဂ်ဂိမ်းလေးကို တွေ့လိုက်တော့ ကိုအောင်ပိုင်စိုး တက်ဂ်ထားတယ်ဆိုတာနဲ့ အတော်ကိုရက်ကွာသွားပါပြီ။ ဒါပေမဲ့ စောစောသိလည်း ခုလောက်မှ ရေးနိုင်မှာပါ။ အရှုပ်တွေလုပ်နေတယ်ပဲ ပြောမလား။ အလုပ်တွေ ရှုပ်နေတယ်ပဲပြောမလားပေါ့။ အွန်လိုင်းကို ကောင်းကောင်းမသုံးနိုင်ပါဘူး။ ခုတော့လည်း ကိုအောင်ပိုင်စိုးရဲ့ ကျေးဇူးနဲ့ ပိုစ့်တစ်ခုဖြစ်ပါတယ်။ ဘာရေးရမယ်စိတ်မှာ ရှာမရသေးခင် ဒါလေးရေးတာပေါ့ဆိုပြီး ရေးစရာရသွားတဲ့အတွက်တင်မဟုတ်ဘဲ ခင်မင်စွာနဲ့ တက်ဂ်ခဲ့တာကိုပါ ကျေးဇူးတင်ပါတယ်။



တစ်ကယ်တော့ ကျွန်တော်က အသက်၃၀သာ ကျော်သွားလိုက်တယ်။ ကိုယ့်ကိုကိုယ် ကလေးထင်နေတုန်းပါ။ ပြောရရင်တော့ စိတ်ဓါတ်ပိုင်း သိပ်မရင့်ကျက်တာပေါ့။ ခုချိန်ထိ “မင်း-ဘာဝါသနာပါလဲကွ”လို့ မေးခံရရင် ဟိုဟိုဒီဒီတွေ ပြောဖြစ်နေတုန်းပါ။ ငယ်ငယ်ကတည်းက ဘာဆိုတာကို သေချာမရွေးချယ်နိုင်တာလည်း ပါမှာပါ။

ခပ်ငယ်ငယ်ကတော့ ဘောလုံးကို အတော်ဝါသနာပါတာပါ။ မိုးရွာရွာ၊ နေပူပူ အဖော်တစ်ယောက်လောက်ရရင် ကစားတော့တာပါပဲ။ အဲလိုမှမဟုတ်ရင် အိမ်မှာဆော့တာပါ။ အမေကတော့ အလွန်အမြင်ကပ်ပေါ့ဗျာ။ ဘောလုံးကစားမယ်ဆိုရင် အမေ့ကိုကြည့်နေရတာက အလုပ်တစ်ခုပဲ။ တွေ့ရင် ကွင်းဘေးခဏထွက်ထိုင်၊ အမေဖြတ်သွားမှ ဆက်ကစား။ နောက်ပြီး ကစားဖော် ကစားဖက် ကောင်းကောင်းတွေလည်း ရခဲ့တာပါပဲ။ ဒါပေမဲ့ ကျောင်းသားဘဝရောက်တော့ အင်တိုက်အားတိုက် မကစားဖြစ်တော့ပါဘူး။ ထိမိ၊ ခိုက်မိတာတွေရှိဖူးပေမဲ့ ကျောင်းသားဘဝမှာ ဒူးကိုပြင်းပြင်းထန်ထန် ထိမိလိုက်ကတည်းက အသည်းအသန်ကစားတာကို ရပ်လိုက်တာပါပဲ။ နောက်ပိုင်း တယ်လီဗေးရှင်းမှာ ဘောလုံးပွဲတွေ ခေတ်ထလာတော့ ကျွန်တော်လည်း စိတ်ဝင်စားသပေါ့။

ဒါပေမဲ့ ကျွန်တော်က သူများနဲ့မတူတဲ့ အတွေးပဲတွေးတတ်သလား၊ ခံစားချက်ကိုက မတူတာလားတော့မသိဘူး။ နိုင်ငံခြားပွဲတွေကို ကိုယ့်ပွဲလိုခံစား လောင်းကြ-စားကြ။ အိပ်ရေးပျက်ခံကြည့်ကြ။ လူချင်းမဆုံလိုက်နဲ့ ဒါပဲပြော။ အဲလိုတွေကို မခံစားနိုင်ဘူးဗျ။ ကျွန်တော်က နိုင်ငံခြားပွဲတွေကြည့်တယ်ဆိုတာ သူတို့ဘယ်လိုကန်လဲ၊ ဘယ်လိုကစားကြလည်း၊ ဘောလုံးသမားတွေကရော ဘယ်လို ခြေမျိုးလည်းကို ကြည့်ချင်တာ။ အဖြေသိပြီးသား နောက်ရက်မှကြည့်လဲ ရတယ်။ အဲဒီ့မှာ အများနဲ့ကွာတော့ တယ်လီဗေးရှင်းမှာ ကြည့်တာကိုပါ ဖြတ်ထားလိုက်တယ်။ အတော်ကောင်းတဲ့ ပွဲတွေမှပဲ ကြည့်တော့တယ်။ ဒါပေမဲ့ ဘောလုံးကိုတော့ စိတ်ထဲမှာ ချစ်နေတုန်းပါပဲ။

နောက်တစ်ခုရှိတာက ငယ်ငယ်ကတည်းက အချိန်အားရရင် စာဖတ်လေ့ရှိတာပါပဲ။ တစ်ခုကောင်းသွားတာက ကျွန်တော့်အကိုနှစ်ယောက်ကလည်း စာဖတ်နာသူတွေပါ။ သူတို့မှာ စာအုပ်တွေက အမျိုးစုံပဲ။ ကျွန်တော်က ယူယူဖတ်ရင်းကနေ စာဖတ်ဝါသနာလည်း ပါနေသလိုပေါ့။

စာဖတ်တာက ကျွန်တော့်ကို ပိုဆွဲဆောင်တယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စကားဝိုင်းဖွဲ့ပြောရတာမျိုးကို သိပ်သဘောကျသူကိုး။ သူငယ်ချင်းတွေနဲ့ အသိလေးတွေဖလှယ်ရတဲ့အခါ သဘောကျတတ်ပါတယ်။ နောက်တော့ ကျွန်တော် အတော်များများကို ဖတ်ဖြစ်တော့တာပါပဲ။ ဘာရယ်လို့လည်း မခွဲခြားပဲ အစုံဖတ်တာပါ။ ဟိုဟိုဒီဒီ ဖတ်မိလာရင် ဖြစ်လာနေကျခံစားချက်ဖြစ်တဲ့ ချရေးချင်တာလေးလည်း ကျွန်တော့်မှာ ပေါ်လာသပေါ့။ တစ်ချိန်က ကျွန်တော့်သူငယ်ချင်းတွေကို ပြောဖူးတဲ့စကားလေး အမှတ်ရသေးတယ်။ “ခပ်အေးအေးနေရာလေးမှာ ထိုင်ခုံလေးတစ်လုံးနဲ့၊ စားချိန်တန် ထစားပြီး စာလေးတွေဖတ်နေချင်တာ”လို့ ပြောခဲ့ဖူးပါတယ်။

အထက်တန်းကျောင်းသားဘဝ ကတည်းက မှတ်စုစာအုပ်ထဲမှာ ဟိုခြစ်ဒီခြစ် လုပ်တတ်ပါတယ်။ စာတို ကဗျာတိုလေးတွေပေါ့။ အဲဒီ့အကျင့်က ကျောင်းသားဘဝတစ်လျှောက်လုံးပါပဲ။ ကျွန်တော့် မှတ်စုကို သူများကိုပေးလိုက်ရင် တခြားဖတ်စရာလေးတွေပါ ပါသွားတတ်တာပါပဲ။ နောက်တော့ ကဗျာလေးတွေကို အတော်နှစ်သက်စွာ ရေးမိပါသေးတယ်။ ကောင်းတယ်ထင်ရင် စာအုပ်တစ်အုပ်နဲ့ ကူးရေးထားပေါ့။ အဲဒီလိုသာ ရေးဖူးပေမဲ့ ပုံနှိပ်စာလုံးနဲ့ တစ်ခါမှ မဖော်ပြဘူးပါဘူး။ တစ်လောကတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်အဲဒီလိုပြောမိတာကို ဘယ်ဟုတ်မလဲတဲ့။ ကျောင်းတုန်းက ကဗျာစာအုပ်လေးမှာ ကျွန်တော့်ကဗျာတစ်ပုဒ် သူတို့ထည့်ဖူးသတဲ့။ အော်.. ကျွန်တော်မှ မတွေ့ဘူးပဲကိုး။

နောက်ပြီး အင်ဂျင်နီယာလည်း သိပ်ဖြစ်ချင်သူပါ။ အင်ဂျင်နီယာစာတွေ သင်ဖူးပေမဲ့ ခုချိန်ထိ အင်ဂျင်နီယာ မဖြစ်ပါဘူး။ ဖြစ်ချင်သေးလားတောင် ကိုယ့်ဘာသာကိုယ် မသေချာတော့ပါဘူး။ နောက်ပိုင်းမှာ ဖြစ်ချင်တာတွေမဖြစ်ရ၊ ဖြစ်ချင်တာဖြစ်နေသလိုပါလားလို့ ဘဝဆိုတာကိုခံစားမိနေတော့ ကျွန်တော့်ကျက်စားရာက စာဖတ်ခြင်းဆီမှာပဲ ပျော်နေပါတယ်။ တစ်ကယ်က ရေးချင်တာလည်း လက်ကိုယားလို့ ဆိုတာမျိုးထဲကပါ။ စိတ်ကူးနဲ့ စာတွေရေးကြည့်တတ်တာလည်း မကြာခဏပါပဲ။ ကျွန်တော်ပြောချင်နေတာတွေကို စာရေးပြီးပြောရင် နှစ်ယောက် သုံးယောက်မက လူအများကိုပြောသလို ပြောနိုင်မယ်။ သူတို့လည်း စဉ်းစားစရာ တွေးချင်စရာလေးဖြစ်သွားမယ်၊ စိတ်မှာ သတိကပ်သွားမယ်ဆိုရင် ကျွန်တော်က ပျော်ချင်သူပါ။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ဘလော့ဂ်လေးပြတော့ ငါလည်းလုပ်ချင်သကွဆိုပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ပျော်နေမိတာပါ။ ဒါတောင် ကိုယ့်အရည်အချဉ်းကိုယ်သိနေတော့ ရေးချင်သမျှ ချမရေးဖြစ်ပါဘူး။ စိတ်မှာတော့ ရေးချင်တာတွေ၊ ပြောချင်တာတွေ များမှ များပေါ့ဗျာ။

ကိုအောင်ပိုင်စိုးရေ ဝါသနာအကြောင်းပြောဆိုရင်တော့ အခုပြောမိတာလေးတွေက အဓိက ဝါသနာတွေပေါ့။ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ နောက်ထပ်ဝါသနာပါတာတွေလည်း ရှိသေးသကိုး။ ဒါပေမဲ့ ဒီအချက်တွေလောက်တော့ ကျွန်တော့်ကို မဆွဲဆောင်ဘူးဆိုတာ သေချာပါတယ်။ အထက်နားမှာ ကျွန်တော်ပြောထားသလို ဝါသနာပါတာကိုပြောဆိုရင် ဟိုဟိုဒီဒီဖြစ်လေ့ရှိသလို အခုလည်း ဟိုဟိုဒီဒီဖြစ်နေရင် နားလည်ပေးပါလို့သာ ပြောချင်မိပါကြောင်းနဲ့ သူများကို ထပ်လွှဲပေးရအောင်ကလည်း ကျွန်တော်ရောက်လေ့ရှိတဲ့ ဘလော့ဂ်တွေက ရေးပြီးသလောက်တွေဆိုတော့ ဒီလောက်နဲ့ နားလိုက်ပါတယ် ခင်ဗျာ။

ခင်မင်မှုဖြင့်
သုခမိန်
(ကိုအောင်ပိုင်စိုးလို့ ခေါ်သာ ခေါ်နေရတယ်။ ကိုယ့်ဦးလေးအရွယ်ထင်ပါတယ်။ သားတွေသမီးတွေက နိုင်ငံခြားမှာလို့တောင် ဖတ်ရလို့ပါ။ အသုံးနှုန်း ရိုင်းခဲ့မယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။)

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, December 31, 2008

MBAA



အကယ်ဒမီ ဘလော့ဂ်၊ ဘလော့ဂ် အကယ်ဒမီ


အလုပ်တွေရှုပ်နေလို့ မအားတာနဲ့ အွန်လိုင်းလဲ မသုံးဖြစ်။ ကျွန်တော်တို့ရဲ့ E-Journal လေးကိုလဲ လာမကြည့်ဖြစ်။ ဒါပေမဲ့ တစ်နေ့က အွန်လိုင်းသုံးရတုန်း ဘလော့ဂ်လေးကိုဖွင့် ဘာထူးနေလဲ ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်တော့ မြန်မာဘလော့ဂ် လုပ်ဖူးသူတိုင်းနီးပါး ရင်းနှီးတဲ့ ကိုရန်အောင်ရဲ့ဘလော့ဂ်အကယ်ဒမီ ဆိုပြီး လင့်လေးထားခဲ့တာကို စီဘောက်စ်မှာ တွေ့တယ်။ ကျွန်တော်ကလည်း သူ့ဘလော့ဂ်ဆီကို (မရောက်သလောက်) အရောက်နည်း။ သူကလည်း ကျွန်တော်တို့ဆီကို (မလာသလောက်) အလာနည်းတယ်။ ထူးထူးခြားခြား ရောက်လာတယ်ဆိုတော့ သွားကြည့်ဖြစ်ပါတယ်။ သူရေးထားတာလေးတွေဖတ် နောက်တော့ ညွှန်ထားတဲ့ဆီ သွားကြည့်ပါတယ်။ အော်.. ဒီလိုလေးလုပ်ထားတာပါလားလို့ တွေးမိတယ်။



ဒါက စိတ်ဝင်စားစရာ အစီအစဉ်ပဲ။ စိတ်ဝင်စားသွားတာက များလွန်းတဲ့ ဘလော့တွေကို ဘယ်လိုစုစည်းလဲပေါ့။ နောက်တော့ လက်လှမ်းမှီသလို စုစည်းထားတာပဲလို့ နားလည်လိုက်တာပါပဲ။ အဲဒီမှာ တွေးမိတာက ငါတို့ ဘလော့ဂ်လေးကိုလည်း စာရင်းသွင်းအုံးမှပါ။ လူသိ ဘယ်လောက်များလည်း သိရတာပေါ့။ ဆုဆိုတာကတော့ ကိုယ်နဲ့မဆိုင်ပေါ့လေ။ ဒါနဲ့ပဲ တစ်ခါတည်း မေးလ်ပို့၊ ခွဲထားတဲ့ ခေါင်းစဉ်တွေထဲက ကိုယ့်ဘလော့ဂ်လေးနဲ့ အဆင်ပြေမယ်ထင်တဲ့ မြန်မာစာပေမှာထည့်ပေးပါလို့ ပြောလိုက်တယ်။ နောက်ပြီး လက်လှမ်းမီသလောက် ကောင်းတယ်ထင်တာလေးတွေကိုလည်း မဲပေးခဲ့တယ်။ တစ်ချို့ဘလော့ဂ်တွေက (ဖြစ်နိုင်တာ အတော်များများက) မသိတော့ သိလဲသိ၊ ကောင်းတယ်လဲ ထင်တာလေးတွေကို မဲပိုခဲ့တာပါပဲ။

ဒီလိုတွေလုပ်ပြီးမှ ကိုဟန်သစ်ငြိမ်ရဲ့ ဘလော့ဂ်ဆီရောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အကယ်ဒမီပွဲမှာ သူ့ဘလော့ဂ်ကို ရသဆိုတဲ့ ခေါင်းစဉ်အောက်ထားတာ စဉ်းစားစရာလို့ ရေးထားတဲ့စာကို ဖတ်ရတာပါပဲ။ ဒါနဲ့ ပြန်စဉ်းစားမိတယ် ငါရော မြန်မာစာပေဆိုပြီး စာရင်းထည့်ခိုင်းတာ အမဲရိုးနဲ့ ဟင်းအိုးများဖြစ်သွားပလား။ စဉ်းစားမိတာပြောပါတယ်။ နောက်တော့ လူတွေသိကြရဲ့လား စမ်းစစ်တာပဲ ခေါင်းစဉ်ဘယ်လိုတတ်တတ်ကွာ၊ အဲလို ဖြစ်သလိုစိတ်လေးက ဝင်လာပါတယ်။ ကဲရှိစေတော့ပဲပေါ့။ အဲဒီတစ်ရက် အချိန်ကုန်သွားတာနဲ့ ဒီလောက်ပဲ အစီအစဉ်ကိုသိခဲ့ရတယ်။။ ဒီနေ့တော့ အွန်လိုင်းကြာကြာထိုင်ဖြစ်နေတုန်း အဝေးရောက်သူငယ်ချင်းတစ်ယောက်နဲ့ ဟိုဟိုဒီဒီ စာရိုက်ဖြစ်တယ်။ ပြောနေရင်းကနေ သတိရလာတာနဲ့ အကယ်ဒမီအကြောင်းပြောဖြစ်ပါတယ်။

သူကတော့ သိဘူးတဲ့။ ဒါနဲ့ လင့်ခ်တွေပေး သွားကြည့်ပါအုံးပြောတော့တာပဲ။ ကြိုက်ရင်လဲ ဗုတ်ဗျာ။ မကြိုက်လည်း ဘာမှမဖြစ်ပါဘူးဆိုတော့ အင်းအင်းတော့ ပြောရှာတယ်။ သူက အဲဒီအချိန်ကျမှ သူနဲ့ရင်းနီးတဲ့ ဘလော့ဂ်တစ်ခုကိုလည်း တွေ့တယ်။ မဲအတော်အတန်များတယ်။ (လူသိများတယ် ပေါ့ဗျာ။) သူတို့မသိပဲနဲ့ စာရင်းမှာပါနေတာလို့ သူ့သူငယ်ချင်းက ပြောသတဲ့။ ဒါနဲ့ ပြောပြရတယ်။ ကျွန်တော်ကတော့ စာရင်းမှာပါချင်လို့ မေးလ်ပို့ထည့်ခိုင်းတာပါလို့။ နောက်ပြီး သူကပြောလာတာ အရင်တုန်းက ခင်များဘလော့ဂ်က အစုံအလင်လေ။ ခုက မြန်မာစာပေဘက်ကို အားပါလို့လားတဲ့။ ခက်တော့တာပါပဲ။ အဲ.. အဲလိုလဲ ဟုတ်ဘူး။ ဘာညာ ကွိကွတွေ ဖြစ်ကုန်ရော။ ဒါနဲ့ သူ့ကိုလည်းပြောရင်း ကိုယ့်အနေအထားကို ရလဒ်သွားကြည့်တော့ အော်.. ဒီလောက်တော့ စိတ်ဝင်စားကြသားလို့ ရာနှုန်းအချို့ကို တွေ့တယ်။

ဒီလိုနဲ့ပဲ အဲဒီစာမျက်နှာကို ဟိုဟိုဒီဒီလှန်တော့မှ တချို့သော ဘလော့ဂ်ပိုင်ရှင်များရဲ့ အစီအစဉ်အပေါ် အမြင်တွေကို သိရတယ်။ တချို့က သတင်းပေးအနေနဲ့ ရေးထားတယ်။ တချို့က သရော်စာတွေရေးထားတယ်။ တစ်ချို့ကတော့ ရေးချင်လို့ရေးတာ ဘယ်ဆုမှမမျှော်လို့ အစီအစဉ်ကနေ ထွက်သတဲ့။ တစ်ချို့ကလည်း သူ့ကို မဲမပေးဖို့ တောင်းဆိုကြတယ်။ အမြင်အမျိုးမျိုးကို တွေ့ရတယ်။ ကောင်းလေစွ။ ဘလော့ဂ်လောကမှာ တငွေ့ငွေ့ဖြစ်နေတဲ့ မီးလေးပဲကိုး။ ဒီတစ်ခါတော့ ရှောင်မရအောင် တည့်တည့်တိုးနေပြီ။ ကံကြမ္မာ ဖန်လာတော့တာပါပဲ။ စာရင်းသွင်းလိုက်တဲ့နေ့ ကတည်းက ကျန်တဲ့ ရေးဖော်ရေးဖက်တွေဆီကိုလည်း မေးလ်ပို့ပြီး အသိပေးထားတယ်။ (ဒါပေမဲ့ ဖွင့်ကြည့်ကြမယ်လည်း မထင်ပါ။) သူတို့တွေကရော ဘယ်လိုမြင်လဲမသိ ဆိုပြီး တွေးမိပါသေးတယ်။

ဘာလိုပဲဖြစ်ဖြစ်ပါ။ အတွေးလေးတွေ၊ အမြင်လေးတွေ၊ ခံစားမှုလေးတွေ၊ ပျော်စရာလေးတွေ၊ … … တွေ။ အရောင်စုံအောင် လက်သွေးထားတာလေးတွေကို အချိန်ကုန်ခံလာဖတ်ပြီး အေး - သဘောကျသကွဆိုလည်း။ အော် အင်း အင်းပေါ့။ ကျွန်တော်တို့ရဲ့ လက်ရာလေးတွေကို အရင်းခံကိုက ဝေမျှချင်တာပါ။ ဒီအစီအစဉ်မှာ လူသိသွားလို့ လာဖတ်ကြတယ်ဆိုရင်လည်း ဒါဆုတစ်ခုပါပဲ။ ကိုယ့်ပေတံနဲ့ ကိုယ့်ချိန်ခွင်အရ အနေအထားကို သိသော်လည်း သူတို့ပေတံနဲ့ ဝင်ရပ်ကြည့်တယ်။ သူတို့ချိန်ခွင်နဲ့ ဝင်ချိန်ကြည့်ပါတယ်။ ဒါဟာ ကြေငြာနည်းတစ်မျိုးပဲ၊ အမျိုးတွေစုပြီး မဲပေးခိုင်းအုံးမယ်လို့လဲ မတွေးပါ။ တွေးထင်မထားသော်လဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရေးဖော်ရေးဖက်များနှင့် အခါအားလျော်စွာ စာလာဖတ်သူများကို ဒီအစီအစဉ်လေးမှာ ပါဝင်ထားကြောင်း အသိပေးလိုခြင်းမျှသာပါ။
ဖြစ်နိုင်ရင်၊ အချိန်ရမယ်ဆိုရင် အပေါင်းအသင်းများကလည်း စာတွေရေးကြပါအုံး။ စာဖတ်သူများကလည်း ကောင်းနိုးရာရာလေးတွေ ဖတ်ရှုသွားကြပါအုံး။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, September 23, 2008

သံယောဇဉ် တစုံတရာသို့.....

အစကတော့သူကိုသတိမထားမိဘူး....
သူငယ်ချင်းကသူ့ ကိုပြဖူးပေမဲ့ အမှုမဲ့ အမှတ်မဲ့ပါပဲ....
တရက်တိုက်တိုက်ဆိုင်ဆိုင်စိတ်ညစ်နေတဲ့အချိန်
သူငယ်ချင်းကသူနဲ့ မိတ်ဆက်ပေးခဲ့တယ်...
သူနဲ့ အဲဒီမှာစပြီးစကားတွေပြောဖြစ်ခဲ့တယ်....
သူနဲ့ စကားတွေပြောရတာကိုပျော်လာတယ်....
အဲဒီအချိန်ကစပြီးမယ့်ဘ၀ထဲကို
သူရောက်လာခဲ့တာလား....
သူ့ ဘ၀ထဲကိုမယ်ရောက်သွားခဲ့တာလားဆိုတာ
မစဉ်းစားတတ်တော့ဘူး....







သေချာတာတခုက....
သူဟာမယ်စိတ်ညစ်နေတဲ့အချိန်မှာမယ်ရဲ့ ရင်ဖွင့်ဖော်...
မယ်ပျော်နေချိန်မှာမယ့်နဲ့ အတူ
ပျော်နိုင်တဲ့အဖော်ဖြစ်လာခဲ့တယ်...
မယ်စိတ်ဝင်စားတဲ့အကြောင်းတွေကို
သူကနေတဆင့် တခြားသူတွေနဲ့  ဆွေးနွေးဖြစ်တယ်....
တဖြည်းဖြည်းနဲ့ သူ့ ကိုမယ်စွဲလန်းမှန်းမသိစွဲလန်းလာမိတယ်....
တစစနဲ့ သူ့ အပေါ်တွယ်တာလာမိတယ်...
နောက်ပိုင်းမယ်အလုပ်တွေရှုပ်နေလို့ 
သူနဲ့ စကားတွေမပြောဖြစ်ခဲ့ရင်တောင်
သူဘာတွေလုပ်နေတယ်....
သူနဲ့ မယ့်သူငယ်ချင်းတွေဘာတွေပြောကြ....
ဆွေးနွေးကြတယ်.....
သူဘာတွေပြောင်းလဲနေတယ်ဆိုတာကို
နေ့တိုင်းစောင့်ကြည့်ဖြစ်တယ်....
သူအပေါ်သံယောဇဉ်တွယ်မိတဲ့မယ်
ကိုယ်တိုင်အံသြမိတယ်…..
ဒီနောက်ပိုင်းမယ်သူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
မယ်ပြောဖို့ ကြိုးစားခဲ့ပါတယ်…..
မယ်ပြောတဲ့စကားတွေ…
မယ်ဆွေးနွေးမဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး….
သူလက်ခံနိုင်ပမလား….
သူကြိုက်ပမလားဆိုတဲ့အတွေးတွေဝင်လာတော့….
မယ်လည်းသူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
သူနဲ့ စကားတွေမပြောဖြစ်ပေမဲ့ သူကိုမယ်မမေ့ပါဘူး…
နေ့ တိုင်းသူဘာတွေလုပ်နေတယ်ဆိုတာကို
မယ်အမြဲစောင့်ကြည့်နေပါတယ်…
သူ့ ကိုမယ်စကားမပြောဖြစ်ရင်တောင်မြင်ခွင့်…
ကြည့်ခွင့်လေးတော့ရှိသေးတယ်…
အင်း… မယ်ရဲ့ အကြောင်းကြောင်းသောကိစ္စတွေကြောင့်...
ဒီနောက်ပိုင်း သူ့ နဲ့ စကားပြောခွင့် ….
သူ့ ကိုစောင့်ကြည့်ခွင့်…ရှိပါတော့မလားဆိုတာ
မယ်နဲနဲစိတ်ပူလာမိတယ်…
သူနဲ့ စကားမပြောဖြစ်ခဲ့ရင်…
သူ့ ကိုမြင်တွေ့ ခွင့်မရှိခဲ့ရင်တောင်…
မယ်သူ့ ကိုမမေ့ပါဘူးဆိုတာ
သူ့ ကိုသိစေချင်ပါတယ်…
အခွင့်အရေးရမဲ့တနေ့ မှာ
သူနဲ့ စကားတွေဆက်ပြောဖြစ်ဦးမှာပါ…
အဲဒီတနေ့ ကိုမယ်မျှော်နေတယ်ဆိုတာသူသိပါစေလို့ ……
မယ်(93း0 , 20.9.08)

ဆက်ဖတ်မယ်ဆိုရင် ...

Open Letter

အိတ်ဖွင့်ပေးစာ။…..။

အမည်မသိသူသို့ တောင်းပန်ခြင်း။


တနေ့က ကျွန်တော်တို့ရဲ့ စီဘောက်စ်လေးမှာ လာပြောသွားပါတယ်။
Anonymous: သုခမိန်(E-Journal) ရေ.. ဘာများဖြစ်လို့ ကျွန်တော့ကဗျာကို ကူးထားတာပါလဲ.. တိုက်ဆိုင်မိသွားလို့ပါလားခင်ဗျာ.. ဘယ်သူ့ဆီက ကြည့်ကူးတာမှမဟုတ်ပါဘူးနော်.. တိုက်ဆိုင်သွားရင် ပြန်ဖျက်ပေးပါ့မယ်။
18 Sep 08, 03:58
အဲဒီ စကားစုလေးကို မြင်မြင်ခြင်း ကျွန်တော် ကြောင်သွားတယ်။ နောက်တော့ ပြုံးမိတယ်။ ကျွန်တော်က ကဗျာရေးတာနည်းတယ်။ မရှိသလောက်ပါ။ အရေးလည်း မကောင်းဘူး။ ဒီလိုအပြောခံလိုက်ရတော့ “မဟုတ်တာလို့”ပဲ တွေးပါတယ်။

ဒါပေမဲ့ နောက်ရက်တွေအထိ အဲဒီအကြောင်းက စိတ်ထဲမှာ ရောက်နေတယ်။ ဘယ်လိုဖြစ်သွားတာလည်း။ ကျွန်တော် ရေးဖူးသလောက် ကဗျာဆိုတာကလည်း ကောင်းတာ၊ မကောင်းတာထက် ကိုယ်တိုင် မွေးဖွားလိုက်တာတွေပဲ။ စဉ်းစားပါတယ်။ စဉ်းစားရင်း နောက်တော့ အဖြေတစ်ခုတွေ့လာပါတယ်။ ကွန်မန့်တွေပါ။ ဟုတ်ကဲ့၊ မလည်မဝယ် နဲ့ကျွန်တော် ဇာတ်ရှုပ်မိသွားပါပြီ။

ကျွန်တော်က သူများတွေစာကိုဖတ်တယ်။ ပြီးရင် ကွန်မန့်ရေးတဲ့အခါမှာ စိတ်ထဲရှိသလိုပဲ ရေးတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကဗျာတွေဖတ်တယ်။ နောက်ပြီးကျရင် ကဗျာဆိုတော့ ကွန်မန့်မှာ ဘာပြောရမလဲ မစဉ်းစားတတ်ဖြစ်သွားတာမျိုးတွေ ရှိလာပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော် ဖတ်မိတဲ့ကဗျာလေးထဲက စိတ်ကို စွဲဆောင်သွားတဲ့ စာသားလေးတွေကို ချရေးလိုက်တာပါပဲ။ တစ်ခါတစ်လေမှာ ခေါင်းစဉ်ကိုတောင် ပြန်ကူးရေးပေးခဲ့တတ်ပါတယ်။ ပြီးရင်တော့ အောက်မှာ “သုခမိန်(E-Journal)”ဆိုပြီး ရေးလိုက်တော့တာ။ အဲဒီမှာ နားလည်မှုလွဲတယ်ထင်ပါတယ်။

ကျွန်တော် ဒီလိုလုပ်လိုက်တယ်ဆိုတာဟာ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်အပြီး လိုက်ဆိုလိုက်သလိုပါပဲ။ ကပေါက်တိ ကပေါက်ချာ၊ တောင်ရောက် မြောက်ရောက်။ သံပြိုင်အပိုဒ်ဆိုလိုက် စိတ်ဝင်စားတဲ့ စာသားလေး ကောက်ရွတ်လိုက်။ အဲဒီလိုပါခင်ဗျာ။ ပြန်ကူးချရခြင်း မဟုတ်ပါ။ ကျွန်တော့်ကိုပိုင်ကဗျာ မဟုတ်ပါ။

ဒီစာစုဟာ တောင်းပန်ခြင်းစာစုဖြစ်သလို၊ ကျွန်တော့်ကိုယ် ကျွန်တော် ဆုံးမခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး လုပ်ခဲ့မိတာကို ပြောတာဆိုရင် (ကွန်မန့်မှာ ပြန်ကူးချထားတာဆိုရင်) ဖျက်ပြစ်လိုက်ပါ ခင်ဗျာ။ တောင်းပန်မှုလည်း ပြုအပ်ကြောင်းပါ၊ အမည်မသိခင်ဗျား။ နှောင်ကိုလည်း အဲဒီလို ကွန်မန့်မျိုးမရေးဖြစ်အောင် ကျွန်တော် ထိမ်းသိမ်းရပါတော့မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဆုံးမဖြစ်လိုက်ကြောင်းပါ။

ဒီလိုမှမဟုတ်ဘဲ ကျွန်တော်ရေးထားသော (ဒီဘလော့ဂ်လေးမှာ တင်ထားသော) ကဗျာဟာ တူညီနေတာဆိုရင်လည်း သေချာညွှန်ပြ ပြောသွားနိုင်ကြောင်းပါခင်ဗျား။ ကျွန်တော်ကတော့ ဒီဘလော့ဂ်ပေါ်မှာ တင်ထားတာတွေအတွက် ကူးယူထားရင်လည်း ကူးယူထားကြောင်း ပြောပါတယ်။ မပြောဖြစ်ဘဲ ကျန်ရစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အားနာစရာမရှိ၊ ပုဂ္ဂိုလ်စွဲမထားပဲ ဆွေးနွေးနိုင်ပါတယ်။

နောက်ထပ်လည်း အလည်လာရောက်လို့ အားပေးစေချင်ပါတယ်။ ကျွန်တော်မှားခဲ့တဲ့ အပြုအမူရှိနေရင် တောင်းပန်ပါတယ် အမည်မသိခင်ဗျား။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...