Tuesday, September 23, 2008

Open Letter

အိတ်ဖွင့်ပေးစာ။…..။

အမည်မသိသူသို့ တောင်းပန်ခြင်း။


တနေ့က ကျွန်တော်တို့ရဲ့ စီဘောက်စ်လေးမှာ လာပြောသွားပါတယ်။
Anonymous: သုခမိန်(E-Journal) ရေ.. ဘာများဖြစ်လို့ ကျွန်တော့ကဗျာကို ကူးထားတာပါလဲ.. တိုက်ဆိုင်မိသွားလို့ပါလားခင်ဗျာ.. ဘယ်သူ့ဆီက ကြည့်ကူးတာမှမဟုတ်ပါဘူးနော်.. တိုက်ဆိုင်သွားရင် ပြန်ဖျက်ပေးပါ့မယ်။
18 Sep 08, 03:58
အဲဒီ စကားစုလေးကို မြင်မြင်ခြင်း ကျွန်တော် ကြောင်သွားတယ်။ နောက်တော့ ပြုံးမိတယ်။ ကျွန်တော်က ကဗျာရေးတာနည်းတယ်။ မရှိသလောက်ပါ။ အရေးလည်း မကောင်းဘူး။ ဒီလိုအပြောခံလိုက်ရတော့ “မဟုတ်တာလို့”ပဲ တွေးပါတယ်။

ဒါပေမဲ့ နောက်ရက်တွေအထိ အဲဒီအကြောင်းက စိတ်ထဲမှာ ရောက်နေတယ်။ ဘယ်လိုဖြစ်သွားတာလည်း။ ကျွန်တော် ရေးဖူးသလောက် ကဗျာဆိုတာကလည်း ကောင်းတာ၊ မကောင်းတာထက် ကိုယ်တိုင် မွေးဖွားလိုက်တာတွေပဲ။ စဉ်းစားပါတယ်။ စဉ်းစားရင်း နောက်တော့ အဖြေတစ်ခုတွေ့လာပါတယ်။ ကွန်မန့်တွေပါ။ ဟုတ်ကဲ့၊ မလည်မဝယ် နဲ့ကျွန်တော် ဇာတ်ရှုပ်မိသွားပါပြီ။

ကျွန်တော်က သူများတွေစာကိုဖတ်တယ်။ ပြီးရင် ကွန်မန့်ရေးတဲ့အခါမှာ စိတ်ထဲရှိသလိုပဲ ရေးတတ်ပါတယ်။ တစ်ခါတစ်လေမှာ ကဗျာတွေဖတ်တယ်။ နောက်ပြီးကျရင် ကဗျာဆိုတော့ ကွန်မန့်မှာ ဘာပြောရမလဲ မစဉ်းစားတတ်ဖြစ်သွားတာမျိုးတွေ ရှိလာပါတယ်။ အဲဒီလိုဆိုရင် ကျွန်တော် ဖတ်မိတဲ့ကဗျာလေးထဲက စိတ်ကို စွဲဆောင်သွားတဲ့ စာသားလေးတွေကို ချရေးလိုက်တာပါပဲ။ တစ်ခါတစ်လေမှာ ခေါင်းစဉ်ကိုတောင် ပြန်ကူးရေးပေးခဲ့တတ်ပါတယ်။ ပြီးရင်တော့ အောက်မှာ “သုခမိန်(E-Journal)”ဆိုပြီး ရေးလိုက်တော့တာ။ အဲဒီမှာ နားလည်မှုလွဲတယ်ထင်ပါတယ်။

ကျွန်တော် ဒီလိုလုပ်လိုက်တယ်ဆိုတာဟာ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်အပြီး လိုက်ဆိုလိုက်သလိုပါပဲ။ ကပေါက်တိ ကပေါက်ချာ၊ တောင်ရောက် မြောက်ရောက်။ သံပြိုင်အပိုဒ်ဆိုလိုက် စိတ်ဝင်စားတဲ့ စာသားလေး ကောက်ရွတ်လိုက်။ အဲဒီလိုပါခင်ဗျာ။ ပြန်ကူးချရခြင်း မဟုတ်ပါ။ ကျွန်တော့်ကိုပိုင်ကဗျာ မဟုတ်ပါ။

ဒီစာစုဟာ တောင်းပန်ခြင်းစာစုဖြစ်သလို၊ ကျွန်တော့်ကိုယ် ကျွန်တော် ဆုံးမခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး လုပ်ခဲ့မိတာကို ပြောတာဆိုရင် (ကွန်မန့်မှာ ပြန်ကူးချထားတာဆိုရင်) ဖျက်ပြစ်လိုက်ပါ ခင်ဗျာ။ တောင်းပန်မှုလည်း ပြုအပ်ကြောင်းပါ၊ အမည်မသိခင်ဗျား။ နှောင်ကိုလည်း အဲဒီလို ကွန်မန့်မျိုးမရေးဖြစ်အောင် ကျွန်တော် ထိမ်းသိမ်းရပါတော့မယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဆုံးမဖြစ်လိုက်ကြောင်းပါ။

ဒီလိုမှမဟုတ်ဘဲ ကျွန်တော်ရေးထားသော (ဒီဘလော့ဂ်လေးမှာ တင်ထားသော) ကဗျာဟာ တူညီနေတာဆိုရင်လည်း သေချာညွှန်ပြ ပြောသွားနိုင်ကြောင်းပါခင်ဗျား။ ကျွန်တော်ကတော့ ဒီဘလော့ဂ်ပေါ်မှာ တင်ထားတာတွေအတွက် ကူးယူထားရင်လည်း ကူးယူထားကြောင်း ပြောပါတယ်။ မပြောဖြစ်ဘဲ ကျန်ရစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အားနာစရာမရှိ၊ ပုဂ္ဂိုလ်စွဲမထားပဲ ဆွေးနွေးနိုင်ပါတယ်။

နောက်ထပ်လည်း အလည်လာရောက်လို့ အားပေးစေချင်ပါတယ်။ ကျွန်တော်မှားခဲ့တဲ့ အပြုအမူရှိနေရင် တောင်းပန်ပါတယ် အမည်မသိခင်ဗျား။


သုခမိန်။…..။

1 comment:

တားမြစ် ထားသော... said...

Anonymous: အင်း ကျွန်တော် အစ်ကို့ကို တောင်းပန်စေလိုတဲ့ ဆန္ဒနဲ့ ပြောတာတော့ မဟုတ်ပါဘူး။

Anonymous: ကျွန်တော်ထင်တာက တိုက်ဆိုင်သွားခဲ့မိလို့ အစ်ကို ပြောတယ်ထင်လို့ပါ။ ကျွန်တော်ကလည်း အစ်ကိုတောင်းပန်လောက်အောင်အထိ မရည်ရွယ်ပါဘူးခင်ဗျား။ အစ်ကိုလည်း ကဗျာရေးကောင်းတာပဲနော်။

Anonymous: နောက်တစ်ခုက ကျွန်တော်က မွန်လေးမဟုတ်ပါဘူး. သူ့comment ထဲမှာ ကဗျာတွေလာလာရေးနေတဲ့ လူသားတစ်ယောက်ပါ။ ဟဲဟဲ..

*************************

အမှတ်တရ သိမ်းထားခြင်းပါ။

သုခမိန်(E-Journal)