Tuesday, September 16, 2008

Professor! Ok, I got it.


ပညတ်၊ ပရမတ်နှင့် သုခမိန်။


ဘလော့ပေါ်ကို ပိုစ့်မတင်နိုင်တာလည်း ကြာသွားပါတယ်။ ဒီကြားထဲ စိတ်ညစ်စရာလေးတွေရှိလာတော့ ခဏကို ရှောင်ပုန်းနေလိုက်သေးတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် မနေနိုင်ပါဘူး။ နေ့တိုင်းပဲ အွန်လိုင်းအဆင်ပြေတာနဲ့ ဘလော့ဂ်လေးကို လာချောင်းရတာ အမောပါ။ နောက်တော့လည်း ငါ့ရဲ့ စိတ်တစ်ချို့က ဒီနေရာမှာပျော်နေတယ်လို့ တွေ့လိုက်ရတာပါပဲ။ ဒါနဲ့ပဲ ပိုစ့်အသစ်ရေးရအောင် ကုန်ကြမ်းရှာပါတော့တယ်။ ပြောချင်တာတွေ လုပ်ချင်တာတွေကများ၊ စိတ်ရှိနေတုန်းမှာ ချမရေးထားနိုင် ဆိုတော့ အကြောင်းအရာတွေက ရောင်ဝါးဝါးတွေဖြစ်နေရော။ စဉ်းစားရင်း အချိန်ကုန်တာက များသွားတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ တခြားရေးဖော် ရေးဖက်တွေတင်လို့ ဖတ်နေရတဲ့ ပိုစ့်လေးတွေက ကျေနပ်စရာတွေကြည့်ပဲ။ ပိုစ့်အကောင်းစားလေးတွေ။ ဘယ်သူချီးကျူး မချီးကျူးတော့မသိဘူး။ ကိုယ်တိုင်ကတော့ သဘောကျပါတယ်။ ပုံမှန်တင်နေတဲ့ ကိုမာရေးသျှင်၊ ခံစားချက်တွေကို ပွင့်အံထားတဲ့ ကိုတောကြောင်နဲ့ ကိုတာတူး။ အားလုံးပဲ အရေးကောင်း၊ အတွေးကောင်းလေးတွေနဲ့ပါ။

ဒီအချိန်မှာပဲ ကျွန်တော့်အတွက် ပြောစရာခေါင်းစဉ်ရသွားဖို့ ဖြစ်လာတယ်။ တိုက်ဆိုင်တာပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော်တို့ ရေးထားတာလေးတွေကို အလုပ်ထဲက ခင်တဲ့သူတစ်ယောက်ကို ပြနေမိပါတယ်။ ဘယ်စာကတော့ ဘယ်လို၊ ဘာညာပေါ့။ ပြောဖြစ်ကြတယ်။ အဲဒီမှာပဲ သူကမေးပါတယ်။ မင်းရေးတာက ဘယ်စာတွေလည်းတဲ့။ ကျွန်တော်လည်းပြတာပေါ့။ အဲဒီမှာ ထူးထူးဆန်းဆန်း သူကပြောလာပါတယ်။



“မင်းက၊ ကိုယ့်ကိုကိုယ် တော်တော် ယုံကြည်မှုရှိတာပဲ။”
“ဗျာ။ ဘာလို့လည်း။”
“သုခမိန်။ ပညာရှိလို့၊ ကိုယ့်ကိုကိုယ် အမည်ခံပြီး ရေးရဲတယ်။”
“အာ..။ ဟုတ်ဘူးဗျ။ အဲဒါက ဒီလို”
ရှင်းလိုက်ရတယ်။ ဟန်သာရှိ၍ အဆံမရှိကြောင်းကိုပေါ့။

တစ်ခါ၊ မနက်တုန်းက ဘလော့ဂ်လေးကို ဖွင့်ကြည့်မိတော့ ကွန်မန့်တစ်ခုမှာ မသက်ဇင်ဆိုတဲ့ ဘလော့ဂါမမတစ်ယောက်က ဘယ်လိုခေါ်ရမှာလည်းလို့ မေးသွားတယ်။ အဲဒီအမဆီမှာလည်း သွားရှင်းပြလိုက်သေးတယ်။ ဒါပေမဲ့ အားလုံးလည်းသိစေတော့ဆိုပြီး (အကြံကုန်၍ ဆားချက်ရင်း) ပိုစ့်တစ်ခုတင်လိုက်တယ်။ သုခမိန်၏ မြစ်ဖျားခံရာပေါ့။

ကျွန်တော် ဒီဘလော့လေးကို စဖြစ်တော့။ ကျွန်တော့်မှာ ချစ်ရသော၊ သံယောဇဉ်ထားရသော သူတစ်ယောက်က ဘလော့ဂ်မလုပ်စေချင်ဘူး။ အဲဒီတော့ စကတည်းက ရွေးလိုက်မိတယ်။ တားမြစ်ထားသော… လို့။ ကျွန်တော်ကလည်း အစွဲအလန်းကြီးပါတယ်။ အဲဒီတော့ စထားမိတဲ့ နာမည်လေးကို မပစ်ရက်ပါဘူး။ အခုထိ ဘလော့ဂ်ပေါ်မှာ တရားဝင်ဖော်ပြနေတာက ဒီနာမည်လေးပါပဲ။ နောက်ရှိပါသေးတယ်။ တစ်ခြားသူတွေဆီကို အလည်သွားလို့ နှုတ်ဆက်ရင် စီပုံးလေးမှာ VBT လို့ နာမည်ရေးတတ်တယ်။ အဲဒါကတော့ ကျွန်တော်တို့ ဘလော့ဂ်လေးရဲ့ လိပ်စာက http://ver-bo-ten.blogspot.com ဆိုတော့ အလည်လာသူတွေ မှတ်ရလွယ်အောင်ဆိုပြီး အစစာလုံးလေးတွေကို ယူထားရင်း VBTလို့ ရေးထားတာပါ။ နောက်တစ်ခုကတော့ ဟိုဟိုဒီဒီလေးတွေ ရေးဖြစ်တော့ အရှည်သဖြင့်လည်း သုံးရအောင်၊ အဓိပ္ပါယ်လေးလဲပါမဲ့ နာမည်တစ်ခုတော့ ရွေးအုံးမယ်ဆိုပြီး ရွေးထားတာ သုခမိန် လို့ပေါ့။ ရွေးဖြစ်တာကလည်း ဒီလို။

ဘယ် ဗေဒင်ဆရာကြီးကမှ ရွေးပေးတာလည်းမဟုတ်။ တစ်ရက်မှာ ငါတော့နာမည်တစ်ခုခု ယူပြီးရေးအုံးမယ်လို့စဉ်းစားတယ်။ အဲဒီအချိန်က စာရေးဆရာကြီးဇေယျ နှစ်တစ်ရာပြည့် အထူးထုတ် ဇေယျစာစုများဆိုတာကို ဖတ်နေချိန်ပေါ့။ ကျွန်တော်က ဆရာကြီးအရေးအသားကို ခိုက်နေချိန်။ ဆရာကြီးရဲ့ ဘဝအကြောင်း တစေ့တစောင်းကိုလည်း စိတ်ဝင်စားနေချိန်။ အဲဒီမှာ ဘာကိုသတိတရဖြစ်သွားလည်းဆိုတော့ ဆရာကြီးက သူစာရေးရင်းနဲ့ ကလောင်အမည်ရွေးဖို့ စဉ်းစားတော့ “ကဲ၊ အင်္ဂလိပ်အဘိဓါန်ကို လှန်ပြီး တွေ့တဲ့စကားလုံးကို ကလောင်အမည်ရွေးမယ်။” အဲလို။ အဲသလို ဆုံးဖြတ်ပြီးတော့ စာအုပ်လှန်တာ victory ဆိုတဲ့ စကားလုံးဖြစ်နေသတဲ့။ ဒါနဲ့ အနီးစပ်ဆုံး မြန်မာမှုပြုလိုက်တာ “ဇေယျ”လို့ဖြစ်လာသတဲ့။

ဒါတော့ ဘယ်ရမလဲ။ ကျွန်တော်ကလည်း အဲဒီလိုပဲရွေးမယ်လို့ ဆုံးဖြတ်ပြီး စာအုပ်လှန်လိုက်တာ professor တဲ့ ကျလာတဲ့စကားလုံးက။ ကျွန်တော်လည်း စဉ်းစားတယ် မြန်မာမှုပြုမယ်ဆိုရင် ဘယ်လိုလည်းပေါ့။ “ကျောင်းဆရာ” ဒါလည်းမကောင်းဘူး။ “ပရောဖက်”..၊ “ဆရာကြီး”..၊ “ဒိသာပါမောက္ခ”….၊ “သုခမိန်”…..။ ဟာဟုတ်ပြီ။ သုခမိန်ပဲကောင်းတယ်။ အဲလို၊ အဲသလိုနဲ့ ရွေးဖြစ်ထားတာ။

အများကတော့ တွေးနေကြသလားမသိ “ဒီကောင်၊ ဘာမှမဟုတ်ပဲနဲ့ သူ့ကိုယ်သူများ သု…ခ..မိန်၊ တဲ့။” ဟဲဟဲ။ ဘာရယ်ဟုတ်ပါဘူးဗျာ။ အစမှာ ကျွန်တော်ကိုယ်တိုင် ဖြစ်ပါ့မလား တွေးလိုက်သေးတယ်။ အမည်က လေးနေမှာစိုးလို့လေ။ သူများတွေလို ခေါ်လို့လည်းကောင်း၊ အဓိပ္ပါယ်လေးလည်း ကောင်းတဲ့ တစ်ခုခုပြောင်းမလား။ စာအုပ်ပဲ ထပ်လှန်လိုက်ရင် ကောင်းမလားပေါ့။ နောက်တော့လည်း ပညတ်တွေ၊ ပရမတ်တွေ စဉ်းစားမိပြီး ဒါပဲယူမယ်ကွာ ဖြစ်သွားတယ်။ အဲဒီကတည်းက စာရေးဖြစ်ရင် အောက်ခြေမှာ ဒီလိုလေး “သုခမိန်။.....။” လို့ ရေးလာတော့တာပါပဲ။

ကျွန်တော်က နာမည်တွေ ဟိုဟိုဒီဒီဖြစ်နေလို့ ခေါ်ရခက်နေသူ၊ ဘယ်လိုခေါ်ရမှန်းမသိသူတွေကို စိတ်ရှုပ်စရာတွေ မဖြစ်ရအောင် နောင်ကိုလည်း အလည်သွားရင် သုခမိန်(E-Journal) လို့ပဲ ရေးတော့မယ်။ ကွန်မန့်တွေမှာရောပေါ့။ ကိုမာရေးသျှင်ကို ကြည့်ပြီး အတုခိုးလိုက်တာ။ ဒါတရားဝင်နာမည် ဖြစ်ပြီနော်။ ဒါပေမဲ့ တားမြစ်ထားသော… လေးကိုလည်း ဒီအတိုင်းပဲ ရှိနေစေအုံးမှာဖြစ်ပါကြောင်းပေါ့။

တစ်ချို့က ပြောအုံးမယ်။ ဟာ.. ဒါဆိုရင် အမည်ပေး၊ ကင်ပွန်းတပ် လုပ်တာပေါ့။ တစ်ခုခုကျွေး။ ဘာညာပေါ့။ အဲဒီလို သူငယ်ချင်းတွေအတွက် တစ်ခါတည်းလက်ဆောင်ပါးလိုက်တယ်။ (မုန့်က တစ်ကယ်ကျွေးလို့မှ မရတာ။ အွန်လိုင်းမှာကိုး။ ဒီတော့လက်ဆောင်ကိုပဲ ယူသွားကြနော်။) လက်ဆောင်က ပျော်စရာပါ။ ကျွန်တော်ကတော့ အဲဒီလက်ဆောင်လေးကနေ အသံတွေ ကြားချင်သေးတယ်။ မေးခွန်းလေးတစ်ခု မေးမှာဆိုတော့ အဖြေလေးတွေကို ကြားချင်တာ (မြင်ချင်တာ)လို့ ပြောတာ။

မေးခွန်းက ဒီလို……….

သဘောင်္တစ်စင်းဟာ လူအယောက် ၆၀ ဆံ့သတဲ့။ ခရီးသွားမယ်ပေါ့။ ဒါပေမဲ့ လူ၆၀လဲတက်ပြီးရော မြုပ်သွားပါသတဲ့။

ကဲဖြေရမှာက “ဘာကြောင့် ရေအောက်ကို မြုပ်သွားသလည်းဆိုတာကိုပါ။”

အဖြေကိုစဉ်းစား။ ဖြစ်နိုင်ရင် အမြန်ဖြေပါ။ အစီစဉ်ကတော့ မှန်မှန်နဲ့ မြန်မြန်ဖြေနိုင်သူကို လက်ဆောင်အဖြစ်……. လက် ဆောင် အ ဖြစ်..။ ဘာမှပေးဘူး။း)


သုခမိန်။…..။
မှတ်ချက်။ ။ ကျွန်တော်က ဒီပိုစ့်လေးကို ရေးနေတုန်းမှာ ကိုတာတူးက သူ့အကြောင်းဆိုပြီး ပိုစ့်တင်သွားတာကို တွေ့လိုက်တော့ မဖြစ်ခြေဘူး။ အစီစဉ်ထူးအောင် ငါကတော့ လက်ဆောင်ပေးမှဆိုပြီး လက်ဆောင်လေး ထည့်ပေးလိုက်တာပါ။ အားလုံးပဲ ပျော်ရွှင် အဆင်ပြေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

17 comments:

megumi said...

ဪ၊ သုခမိန်ဆိုတာ အကိုကိုး ၊
သိပြီ။ သိပြီ။ :P :P

WWKM said...

အော်.. (ကို )တားမြစ်ထားသော ကနေ သုခမိန် အဖြစ်
နာမည်ပြောင်းလိုက်တာပေါ့..တိတွားဘီ..
အဖြေလည်း မဖြေတတ်ဘူး...လက်ဆောင်လည်းမယူတော့ဘူး။
ပြန်တော့မယ်နော်.း)
မကြာခဏလာအားပေးတတ်သော ကိုတားမြစ်ထားသော ရေ..ကျေးဇူးပါနော်.

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အ ဟွန်း ဟွန်း . . . . . ကိုဗာဘို ။ ဘယ်ရမလဲ ကိုဝန်ဆောင်သည် တက်လာလို့ မြုပ်တာဖြစ်မယ် ။ ပေး ဗျာ လက်ဆောင် ။ :D တ ကယ်ပျော်တယ်ဗျာ ။ ကိုဗာဘို ပြန်လာတာကို ၀မ်းသာ အဲ လဲ ကြိုဆိုရင်း ။ ကို ကေဇက်လို ပဲ “ ကို သု” လို့ပဲ အဖျားဆွတ် ခေါ်မယ် ဗျာ နော် ။ သဘောတူရင် ထန်းရည်တိုက် ၊ သဘော မတူရင် ဘီယာ ပဲ ။ ဘာ Brand ဖြစ်ဖြစ် ရတယ် ။:P

ရွှန်းမီ said...

မင်္ဂလာပါ ကိုသု =)
သဘောင်္မြုပ်သွားတာ ရေထဲမှာ ရောက်နေလို့ပါ။
လူဆံ့တာ မဆံ့တာက မြုပ်တာ မမြုပ်တာနဲ့ မဆိုင်ဘူးထင်တယ်။ =)

မယ် said...

ကိုတားမြစ်ရေ...
ဘာကြောင့် ရေအောက်ကို မြုပ်သွားသလည်းဆိုတာက....................................
အဖြေမှန်လို့ လက်ဆောင်မပေးနိုင်ပေမဲ့....
မုန့်က တကယ်ကျွေးလို့ ရပါတယ်....
(မယ်)

ဇနိ said...

ဟီးဟီး သိသိကြီးနဲ့ရေးသွားပြီ
ရေမြုပ်သင်္ဘော ဖြစ်နေလို့ပေါ့ ကိုသုရယ်
း)

ဇနိ said...

ဘော်ဘော်ကြီး ပြန်ရောက်လာတာကို ဝမ်းသာကြောင်း ပြောဖို့ မေ့သွားတယ်။

ဘဝဆိုတာ တိုက်ပွဲ
ခယ်မဆိုတာ --ပွဲ
ယောက်ဖဆိုတာ ရိုက်ပွဲ
း)
ကဲ ပျော်ပျော်ရွှင်ရွှင်ပေါ့ဗျာ... အဆင်ပြေသရွေ့ ဘလော့ဂင်းကြတာပေါ့နော....

Anonymous said...

သုခမိန်…..
အတုစိန်မဟုတ်ကြောင်း
ဒုအကြိမ်သိရပြန်ပါပြီ။
“ရေငုပ်သင်္ဘောမို့ ထင်ပါ့ ဆရာသု ရေ”

khin oo may said...

ထင်တာကတော.လေးလို.မြုပ်သွားတာပါ။

Anonymous said...

ဆရာသုရေ….
ကျနော်က ဆရာသုကို
ဆရာကျော်ဝင်းနေရာကို ဆက်ခံမယ့်
အဖိုးတန်ကျောက်မျက်ရတနာတစ်ပါးအဖြင့်
မျှော်လင့်စောင့်စားနေတာပါ။
တာဝန်ဝတ္တရား လို့ ခံစားသွားရင်လည်း မမှားပါဘူးခင်များ။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အကိုကြီးသုရေ....
ကျနော်ထင်တာ ပြောရရင်တော့
ballast system မကောင်းတာဗျ..။ ကျနော်က သင်္ဘောပေါ်နေ့တိုင်းတက်ပြီး သံချေးခေါက်နေတော့... နဲနဲတော့ သိတယ်ဗျ။ ကျနော်တို့ ကုမ္ပဏီက service လုပ်လိုက်တာလဲ ဖြစ်နိုင်တယ်ဗျ...။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

ကိုတားမြစ်ရေ... ဒီနေ့ကစပြီး ကိုသုခမိန်လို့ ပြောင်းခေါ်တော့မယ်နော်း) နာမည်(၂)ခုစလုံး ကောင်းတာပါပဲ။ နောက်ပြီး သင်္ဘောကတော့ အစတကည်းက ၀မ်းပေါက်နေလို့များလား (ဥာဏ်မီသလောက်လေး စဉ်းစားကြည့်တာပါး)

မသက်ဇင် said...

E-journal ကို ----
စ ဖတ် တဲ့ နေ့ထဲက စပြီး ရင်ထဲ အသဲနှလုံး ထဲက လှိုက်လှိုက်လှဲလှဲ မှတ်ချက် ပေးမိခဲ့ တာကတော့---------
ယနေ့ ခေတ် ကာလ မှာ ရသ စာပေ အား နည်း နေ ချိန် ။ ရသ စာပေ ဖန်တီးမှု အား ကောင်းတဲ့ မျိုးဆက်သစ် လူငယ်တွေ စုစည်း ထားသည့် ဂျာနယ်တစ်စောင် ဖြစ် တယ်ဆို
တာကိုပါ။
အမိမြန်မာပြည်ရဲ့ မြန်မာစာပေယဉ်ကျေးမှု
အတွက် အလားအလာ ရှိသည့် မျိုးဆက်သစ်
များ ကို ဝမ်းမြောက်ဝမ်းသာ အားကိုး မျှော် လင့် မိခဲ့ကြောင်းလည်းဝန်ခံ ပါတယ်။

မြန်မာ လူငယ်တွေ စာများများ ဖတ်သင့်ပါ
တယ်။ ဖြစ်နိုင်ရင် သုခမိန် တို့ ရေးသားခဲ့ပြီး
သော ပိုစ့်လေးများကို စုစည်းပြီး အမှတ်တရ
စာအုပ်လေးတအုပ်ထုတ် စေချင်ပါတယ်။
သုခမိန်ရေ---------
ဘဝ မှာ ကိုယ်ရေးကိုယ်တာ အခက်အခဲကို
သီးသန့်ဖယ်ထုတ်ထား ပြီး မြန်မာ စာပေ ယဉ်ကျေး နှင့် လူငယ် မျိုးဆက်သစ် များ အတွက် မျှဝေ ပေးနိုင်ကြပါစေ။
ရသ နှင့် သုတ များ ကို ဆက်လက်ပြီး
သုခမိန် တို့ ကလောင်ရှင်လူငယ်များ
ဖြန့်ဝေပေးခြင်းဖြင့် မြန်မာစာပေ ယဉ်ကျေး
မှု အမွေ ကို ဆက်လက် ထိမ်းသိမ်းနိုင်ကြ
ပါစေ။

မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု ကို လေးစား
တန်ဘိုးထားပြီး။ စာပေချစ်သော မျိုးဆက်သစ် လူငယ်များအားလည်း
လေးစားတန်ဘိုးထားသည့်
မသက်ဇင်

Anonymous said...

မာလိန်မှုး နဲ့ဆိုတော့ ၆၁ ယောက် ဖြစ်သွားလို့ ထင်တယ်
ဒါမှ မဟုတ်ရင်တော့ အစကတည်းက ရေ မြုပ်သင်္ဘော လားမှ မသိတာ
အဟဲ ဘာရယ် မဟုတ်ဘူး .. ရမ်းစမ်း ဖောကြည့်တာ :P

ဖိုးသောကြာ said...

ဝေးးးးးးးးးးး
ကိုသုခမိန် ပြန်လာပြီကွ။

အရင်ကတော့ စာမရေးတော့ဘူး ထင်သွားတာ။
ဒါမျိုးတွေကလည်း ဖြစ်တတ်တယ်လေ။
အချစ်ဆိုတာရဲ့ စကားကို နားထောင်ရင်းနဲ့ နာမည်ကျော် actor တွေ၊ singer တွေ အနုပညာကို ဝါသနာပါရက်နဲ့ စွန့်လိုက်ရသလိုပေါ့။

တော်ပါသေးရဲ့ အများချစ်တဲ့ ဘလော့ဂါ ကိုသုခမိန်တစ်ယောက် ဘလော့ဂ်မိတ်ဆွေတွေဆီ ပြန်ရောက်လာတာ။

တားမြစ် ထားသော... said...

အဲ။ တစ်ချို့က ကျွန်တော်ပြန်လာတယ် ဆိုပြီး ဝမ်းသာကြသတဲ့။ ပြောသားပဲ။ ပြန်လာပါမယ်လို့။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဘလော့လေးစိုစိုပြေပြေပြန်ဖြစ်လာတာ ပျော်စရာပါ။

ဆက်လက်လို့ ချီတက်ကြပါစို့ အပေါင်းအဖော်တို့ရေ။

“ အများကလည်း၊ တွေးတွေးဆဆ၊ ဘေးမချပဲ၊ ကောင်းရာညွှန်ပို့၊ ကောင်းချီးစစ်အင်၊ ဖြိုးဉာဏ်ရွှင်လို့ - အားတစ်ချို့၊ ပေးသနားတော်မူကြပါဗျို့။ ”

သုခမိန်(E-Journal)

ပန်းခရမ်းပြာ said...

အခုမှ ဇာတ်ရည်လည်တော့တယ်။ ကိုဗာဘိုနဲ့ သုခမိန်ကတစ်ယောက်တာည်းကိုး။