
Ubuntu ကို သိသူတွေလည်း အများကြီးရှိမှာပါ။ ကျနော်သိသလောက်လေးကို ပြောပြချင်လို့ ဒီပို့စ်ကို ရေးရခြင်းသာဖြစ်ပါတယ်။ Ubuntu ဆိုတာ တောင်အာဖရိက စကားလုံးလို့ပဲ ပြောပါတော့။ သူ့အဓိပ္ပါယ်ကို ဝီကီပီးဒီယားမှာ "humanity towards others" လို့ပြောပါတယ်။ မြန်မာလို အဓိပ္ပါယ်ကတော့ လူသားခြင်းစာနာမှု လို့ပဲ ဆိုလေမလား။ သူ့အသံထွက်ကတော့ အူဘွန်းတူးလို့ ဆိုပါတယ်။ နည်းပညာပိုင်းတွေကို သိပ်မပြောဘဲ ကျနော်မြင်တဲ့ အပိုင်းလေးတွေကိုပဲ ပြောပြသွားပါမယ်။ စိတ်ဝင်စားလို့ ဆက်လေ့လာချင်တယ်ဆိုရင် အင်တာနက်ပေါ်မှာ လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ပါတယ်။
အူဘွန်းတူးဆိုတာက ပိုက်ဆံမပေးရတဲ့ computer operating system တခုပါ။ Wikipdia မှာ အကျယ်ဖတ်ကြည့်လို့ရပါတယ်။ အော်ပရိတ်တီးစစ်စတမ် (အိုအက်စ်) ဆိုတာက Microsoft က ထုတ်တဲ့ Windows XP, Windows Vista, Windows 7 တို့လို အမျိုးအစားတွေကို ပြောတာပါ။
Windows 7၊ Vista၊ XP တွေကို လူအများစုက လိုင်စင်ဗားရှင်းတွေကို ဝယ်သုံးနေကြသလားဆိုတော့ ကျနော့်အထင်ပြောရရင်တော့ မြန်မာပြည်တွင်း လူအတော်များများကတော့ ဝယ်သုံးဖို့ဆိုတာ ခက်ခဲတယ်ထင်ပါတယ်။ ဒီတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်တွေကို အသုံးများတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ ပိုင်းရိတ်ဗားရှင်း ဝင်းဒိုစ်အခွေတွေကို မသုံးစေချင်ပါဘူး။ ငါးပါးသီလထဲက အဒိန္နာဒါနာကံကို တတ်နိုင်သမျှ စောင့်ထိန်းစေချင်တာပါပဲ။
အူဘွန်းတူးထဲမှာ အင်တာနက်ဘရောက်ဇာအဖြစ် Mozilla Firefox ကိုသုံးတယ်။ စာစီဖို့၊ အတွက်အချက် ပရင့်ဆန့်တေးရှင်းလုပ်ဖို့တွေအတွက် OpenOffice.org 3.1 ကို သုံးထားတယ်။ vector graphics editor အတွက်ဆိုရင် Inkscape ကိုသုံးကြပါတယ်။ Photoshop လို အသုံးပြုချင်ရင်တော့ GIMP ကို သုံးလေ့ရှိကြပါတယ်။
သိပ္ပံသမားတွေအတွက်ဆိုလည်း Matlab နဲ့ဆင်တူတဲ့ Scilab၊ Mathcad နဲ့ ဆင်တူတဲ့ Maxima အလကားပေးတဲ့ ဆော့ဝဲတွေလည်းရှိပါတယ်။
ဒီနေရာမှာ နဲ့ ဒီနေရာမှာ အင်စတော်လာတွေ စုစည်းထားတတ်ပါတယ်။ ဒါတွေက ကျနော်ရှာတွေ့တာပဲ ပြောတာပါ။ စိတ်ဝင်တစားရှာဖွေလိုက်ရင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဲ.. ချက်တင်လုပ်ချင်ရင်လည်း ဂျီတော့လို အသုံးပြုစရာတွေလည်း ပါဝင်ပါတယ်။
မြန်မာတချို့တွေဖန်တီးထားတဲ့ အူဘွန်းတူးဆိုဒ်လည်း ရှိပါတယ်။ Ubuntu For Myanmar ဆိုတဲ့ ဆိုဒ်ကလေးပါ။
အူဘွန်းတူးရဲ့ တရားဝင်ဝက်ဆိုဒ်ကတော့ ဒီမှာပါ။ အိုအက်စ်ကို ဒေါင်းလုပ်လုပ်ပြီး အသုံးပြုနိုင်သလို၊ ဒေါင်းလုပ်ချပြီးသားလူတွေဆီကနေလည်း တောင်းယူသုံးစွဲနိုင်ပါတယ်။ သူတို့ကလည်း အမြဲတမ်းအလကားပေးမယ်လို့လည်း ပြောထားပါတယ်။ Netbook တွေအတွက်လည်း အိုအက်စ်သီးသန့်ရှိသလို Server Edition လည်းရှိပါတယ်။
ဒီနေရာမှာ စေတန်ဂေါ့ရေးထားတဲ့ အူဘွန်းတူးအင်စတောလုပ်ပုံ စာအုပ်ရှိပါတယ်။
ဒီနေရာမှာ Ubuntu Linux နဲ့ သူ့အမျိုးတွေအကြောင်း တစေ့တစောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ်တွေ့ပါတယ်။ မြန်မာလိုရေးထားတာပါ။ သူ့ကိုဖတ်လိုက်ရင်လည်း အူဘွန်းတူးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိသွားပါလိမ့်မယ်။ သူ့ဆီမှာပဲ ဇော်ဂျီကီးဘုတ် အင်စတောလုပ်တာကို ရေးထားပါသေးတယ်။ ဒီမှာ ဖတ်ပြီး ဖောင့်ကိုလည်း အင်စတောလုပ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် - ကွန်ပြူတာတော့ ဝယ်နိုင်ပါတယ်၊ အိုအက်စ် နဲ့ အခြား အသုံးပြုပရိုဂရမ်တွေကို မဝယ်နိုင်ဘူးကွာ၊ ပိုင်းရိတ်ဗားရှင်းတွေလည်း မသုံးချင်ဘူးဆိုရင်တော့ အူဘွန်းတူးကိုပဲ သုံးဖို့ အကြံပေးချင်ပါတယ်။
Friday, January 8, 2010
Ubuntu ကို သုံးစေချင်တယ်
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 2:33 AM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, အသုံးချသိပ္ပံ, ကေဇက်
Saturday, July 25, 2009
Three people - same work different thinking
လူသုံးယောက်က အုတ်ခဲတွေကို စီချနေကြတယ်တုန်း အနီးက ဖြတ်သွားဖြတ်လာတစ်ယောက်က “ဘာတွေလုပ်နေကြသလဲ” ဆိုပြီးမေးတယ်။
ပထမတယောက်က - “ဝမ်းရေးအတွက် အလုပ်လုပ်နေတာ မမြင်ဘူးလားကွ” လို့ ပြန်ဖြေလိုက်တယ်။
ဒုတိယတယောက်က - “အုတ်ခဲတွေ စီချနေတာ မမြင်ဘူးလားလို့” ပြန်ပြောတယ်။
တတိယတယောက်က - “ငါက အလွန်လှတဲ့ အဆောက်အဦးတခုကို ဆောက်နေတာကွ” လို့ ပြန်ဖြေလိုက်တယ်။
သုံးယောက်လုံးကတော့ အလုပ်တမျိုးတည်းကို လုပ်နေတာပါပဲ ဒါပေမယ့် ပြန်ပေးတဲ့ အဖြေတွေကတော့ မတူပါဘူး။
မေးစရာရှိတာက - သူတို့တွေရဲ့ အလုပ်အပေါ် သဘောထားတွေ ကွဲပြားကြသလား။ အဲဒီသဘောထားတွေကရော အလုပ်လုပ်ကိုင်တဲ့ စွမ်းရည်ကို အကျိုးသက်ရောက်ပါသလား။
အဖြေကတော့ ရှင်းရှင်းလေးပါပဲ “Yes” ပါတဲ့။
Three people - same work different thinking
Three people were laying bricks and a passerby asked them what they were doing.
The first one replied, "Don't you see I am making a living?" The second one said, "Don't you see I am laying bricks?" The third one said, "I am building a beautiful monument." Three people doing the same thing gave totally different replies. The question is : did they have different attitudes? And would their attitude affect their performance? The answer is a clear yes.
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 9:51 PM 3 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Monday, June 22, 2009
Q and A
သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေးအဖြေ
သိကြား။ ။ နတ်ရောလူပါ များစွာသော သတ္တဝါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန်တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ် ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။ဗုဒ္ဓ။ ။ ကိုယ်ထက်သာ မနာလိုသော ဣဿာ၊ ကိုယ်ကောင်းစားသလို သူတစ်ပါး မကောင်းစားစေလိုသော မစ္ဆရိယ၊ ဤတရား ၂ ပါးသည် သတ္တဝါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏။ ထိုတရား ၂ ပါးကြောင့် ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာတွေ ဖြစ်နေကြရသည်။
သိကြား။ ။ ထိုတရား၂ ပါးသည် ဘေးရန်များ၍ မကြီးပွားစေနိုင်သော တရားဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့) မိမိတို့ သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်း ဘုရား။ဗုဒ္ဓ။ ။ ချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာ၊ မချစ်အပ်သော ပုဂ္ဂိုလ် အသင်းအပင်းဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယတရား ၂ ပါးဖြစ်နေကြရသည်။ (အချစ်ဂိုဏ်းပါတီ၊ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဖက်၏ တိုးတက်မှုကိုသာ လိုးလာ၍ အမုန်းဖက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယ ၂ ပါးဖြစ်ရသည်။ အချစ်ဖက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဖက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ် ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆင်းရဲဒုက္ခဖြင့် ပျက်စီးဆုတ်ယုတ်ကြရသည် - ဟူလို။)
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး၊ စာမျက်နှာ ၄၁၉ မှ ကောက်နှုတ်ချက်
အရှင်ဇနကာဘိဝံသ - အနာဂတ်သာသနာရေး download
mediafire[9.96 MB]
zshare
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 11:44 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ , သုတ ပန်းခင်း, ကေဇက်
Saturday, June 6, 2009
Sand and Stone
သူငယ်ချင်းနှစ်ယောက်က သဲကန္တာရတခုမှာ ခရီးအတူသွားရင်း၊ လမ်းမှာ စကားများကြတယ်။ သူငယ်ချင်းတယောက်က ကျန်သူငယ်ချင်းရဲ့ မျက်နှာကို စိတ်ဆိုးမာန်ဆိုးနဲ့ ရိုက်လိုက်မိတယ်။ အရိုက်ခံရတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့ကို နာကျင်အောင်လုပ်တယ် ဆိုပြီး သဲပေါ်မှာ စာရေးလိုက်တယ်။
ဒီလိုနဲ့ ခရီးဆက်ကြတော့ ရေကန်ငယ်လေးတခုကို တွေ့ရော။ ရေဆင်းချိုးတော့ အစောက ပါးရိုက်ခံလိုက်တဲ့ သူငယ်ချင်းက ရေနစ်သွားတယ်။ ပါးကိုရိုက်လိုက်တဲ့ သူငယ်ချင်းက ရေထဲက ဆယ်တော့ - အသက်ချမ်းသာရာရသွားတဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ် ဆိုပြီး ကျောက်တုံးပေါ်မှာ ရေးထွင်းလိုက်တယ်။
အသက်သခင် သူငယ်ချင်းက မေးတယ် - အစောက သဲပေါ်မှာ ရေးပြီး အခုတခါ ဘာ့ကြောင့်များ ကျောက်တုံးမှာ ရေးထွင်းရသလဲ။
ကျောက်ပေါ်မှာ ရေးထွင်းနေတဲ့ သူငယ်ချင်းက ပြန်ဖြေတယ် - ဒီလိုပါ သူငယ်ချင်း၊ တယောက်ယောက်က တို့ကို နာကျင်အောင်လုပ်ခဲ့ရင် သဲပေါ်မှာပဲ ရေးသားမှတ်သင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေတွေတိုက်တော့ မှတ်သားထားတဲ့ နာကျင်မှုတွေ ပျောက်သွားအောင်လို့ပါ၊ သူတပါးက ကိုယ့်ကို ကျေးဇူးပြုထားတယ်ဆိုရင်ဖြင့် တသက်တာ မမေ့အောင်လို့ ကျောက်တုံးပေါ်မှာ ရေးသားမှတ်တမ်းတင်ထားအပ်ပါတယ်။
မူရင်း
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 2:43 PM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Tuesday, May 12, 2009
Matisse and Renoir meet
Matisse and Renoir meet
လူရွယ်ဖြစ်တဲ့ ပန်းချီဆရာ Henri Matisse က ပန်းချီကျော်ဆရာကြီး Renoirဆီ၊ သူ့ပန်းချီခန်းကို အပတ်စဉ်အလည်သွားလေ့ရှိပါတယ်။ ဆရာရီနွာ(Renoir) က အဆစ်ရောင်ရောဂါဒဏ်ကို ခံစားရတဲ့အခါမှာ မာတီးစ်(Matisse) ကနေ့တိုင်းလိုသွားပြီး ဆရာ့အတွက် အစားအသောက် ပြင်ပေးတယ်၊ စုတ်တံတွေ ပန်းချီကားတွေ ပြင်ဆင်ပေးရင်းနဲ့ အလုပ်တွေအများကြီးလုပ်လွန်းလို့ အနားယူဖို့ ဆရာ့ကို ပြောရတယ်။
တနေ့မှာတော့ ဆရာစုတ်တံတချက်ဆွဲလိုက်တိုင်း နာကျင်လွန်းလို့ညီးတွားသံကို ကြားတော့ တပည့်ကျော်က ဆရာ့ကို မနေနိုင်လို့ ပြောပါတယ်။
- ဆရာရယ် ပန်းချီကားတွေ၊ အရေးကြီးတဲ့ အရာတွေ အများကြီးကိုလည်း ဖန်တီးပြီးပါပြီ။ ဘာလို့များ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို ညဉ်းပန်းနေတာပါလဲဆရာရယ်။
- ရိုးရိုးလေးပါပဲကွယ်။ လို့ ဆရာ ရီနွာက ပြန်ပြောပါတယ်။
အလှတရားက ကျန်ခဲ့တယ်လေကွယ်၊ နာကျင်မှုဆိုတာ ပျောက်သွားတာပါတဲ့။
Paulo Coelho ၏ စာကို ဘာသာပြန်သည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:48 PM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Monday, April 20, 2009
Where the monkey puts his hand by Paulo Coelho
မျောက်တွေလို..
ကျနော်က သူငယ်ချင်းကို ပြောတယ်။
- “မျောက်အိုတကောင်က သူ့လက်ကို ဘယ်တော့မှ အိုးထဲကို မထည့်ဘူး” - ဆိုတဲ့ ထူးခြားထူးခြား ဆိုရိုးလေးတခုရှိသကွ။
- သူ့မှာလည်း သူ့ကိုယ်ပိုင် ဆင်ခြင်ထားတာလေး ပါတယ်။ - လို့ သူငယ်ချင်းက ပြန်ပြောပါတယ်။
- အိန္ဒိယမှာ မုဆိုးတွေက အုန်းသီးကိုဖောက်ပြီး အထဲမှာ ငှက်ပျောသီးကို ထည့်ပြီး အဲဒီဟာကြီးကို တနေရာမှ ပစ်ထားလေ့ရှိတယ်။ မျောက်က အုန်းသီးကို တွေ့တော့ အုန်းသီးအတွင်းကို ငှက်ပျောသီးကို ဖမ်းဆုပ်ဖို့ လက်သွင်းလိုက်တယ်။ ဒါပေမယ့် သူတို့လက်ကို ပြန်မထုတ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးဆုပ်ထားတဲ့ လက်သီးဆုပ်က အုန်းသီးပေါက်ဝထက် ပိုကြီးသွားတာကိုး။ ငှက်ပျောသီးကို လက်လွှတ်လိုက်ရမယ့် အစား မျောက်က ဆုပ်ထားတော့ နောက်ဆုံးမှာ မုဆိုး လက်တွင်းမှာ အမိခံလိုက်ရတော့တယ်။
- တို့ဘဝတွေမှာလည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်လေ့ရှိတယ်။ သေးမွှားပြီး အသုံးမတည့်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လိုတာနဲ့ပဲ လိုချင်မှုရဲ့ အကျဉ်းသားအနေနဲ့ ဘဝကို အဆုံးသတ်သွားရတတ်တယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 9:42 PM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Thursday, April 2, 2009
Making the field fertile by Paulo Coelho
ဇင်ဆရာကြီးတယောက်က သူ့တပည့်အား စပါးစိုက်ခင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။
ပထမနှစ်မှာ တပည့်က လိုအပ်တဲ့ရေပမာဏကို မပြတ်သွားအောင် ဂရုစိုက်တယ်။ စပါးပင်တွေ သန်မာထွားကျိုင်းလာပြီးတော့ ကောင်းမွန်စွာ ကောက်ရိတ်သိမ်းရပါတယ်။
တတိယနှစ်မှာ ဓာတ်မြေသြဇာကို ပိုပြီး သုံးပါတယ်။ ကောက်သိမ်းရတာ ပိုများလာပေမယ့် စပါးစေ့လေးတွေကတော့ ပိုပြီးသေးသွားပါတယ်။
- ဓာတ်မြေသြဇာပမာဏကို ဆက်ပြီး ပိုသုံးနေမယ်ဆိုရင် နောက်နှစ်မှာ ဘာမှရမှာမဟုတ်တော့ဘူး - လို့ ဆရာကြီးက ပြောပါတယ်။
- သင်က တစုံတယောက်ကို အကူအညီ အနည်းငယ်သာပေးတာဆိုရင် သင်က တစုံတယောက်ကို ခွန်အားပေးတာဖြစ်ပါတယ်။ အကယ်၍ သင်က သူ့ကို အကူအညီတွေ အများကြီးပေးလိုက်ရင် သင်က သူ့ကို အားနည်းအောင် ပြုလုပ်လိုက်တာပါပဲ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 4:54 AM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Monday, March 30, 2009
A story by Kahlil Gibran
A story by Kahlil Gibran ဆိုပြီး Paulo Coelho ရေးထားတာကို ဘာသာပြန်တာပါ။
ကျနော် စိတ္တဇဆေးရုံထဲက ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ဖီလော်ဆိုဖီစာအုပ်တအုပ်ကို ဖတ်နေတဲ့ လူငယ်တယောက်ကို တွေ့ဆုံခဲ့ပါတယ်။ သူ့သွင်ပြင်နဲ့ သိသိသာသာကောင်းမွန်လှတဲ့ သူ့ကျန်းမာရေးက အခြားသူများကြားမှာ ထင်ပေါ်နေတယ်။
ကျနော် သူ့ဘေးမှာ ထိုင်ပြီး မေးလိုက်တယ်။
- ဒီမှာ ဘာလုပ်နေလဲ။
သူက ကျနော့်ကို ကြည့်တယ်၊ အံ့သြသွားတယ်။ ကျနော်က ဆရာဝန်မဟုတ်ဘူးဆိုတာလည်း သိတော့ ကျနော့်ကို စကားပြန်ပြောတယ်။
- အင်း ဒီကိစ္စက သိပ်ရိုးရှင်းပါတယ်ဗျာ။ ကျနော့် အဖေက အောင်မြင်တဲ့ ရှေ့နေတယောက်ပါ၊ သူက ကျနော့်ကို သူ့လို ဖြစ်စေချင်တယ်။ ကုန်တိုက်ကြီးတခုကို ပိုင်ဆိုင်တဲ့ ကျနော် ဦးလေးကလည်း ကျနော် သူ့လမ်းစဉ်ကို လိုက်မယ်ထင်နေတယ်။ အမေကတော့ သူ့ချစ်ဖခင် ကျနော့်ဖိုးဖိုးလို ဖြစ်စေချင်တာ။ ကျနော့်အမကလည်း သူ့ခင်ပွန်းကို သိပ်အောင်မြင်တဲ့လူတယောက်ဆိုပြီး မိတ္တူအနေနဲ့ ကျနော့်ကို ထုတ်ထုတ်ပြောတယ်။ အကိုကကျတော့ သူ့လို အောင်မြင်တဲ့ အားကစားသမားတယောက် ဖြစ်စေချင်တာ။
ကျောင်းရောက်တော့လည်း ပုံစံတူအဖြစ်အပျက်တွေက ဖြစ်တာပဲ။ ပီယာနိုဆရာမရယ် အင်္ဂလိပ်ဆရာမရယ်က သူတို့က အားကျဖွယ်ကောင်းတဲ့၊ အတုယူဖို့ အကောင်းဆုံးသော ဥပမာတွေလို့ သူတို့ဘာသာ ယုံကြည်နေကြပြန်တယ်။ ဘယ်သူကမှ ကျနော့်ကို လူတယောက်အနေနဲ့ မကြည့်ဘူး၊ မှန်တချပ်လိုပဲ ကြည့်နေကြတယ်။
ဒီတော့ ကျနော် ဒီဆေးရုံကိုလာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ ဒီမှာ ကျနော်က ကျနော်ဖြစ်နေနိုင်တယ်လေ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 2:21 AM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Saturday, March 14, 2009
Rebuilding the world
ကမ္ဘာကြီးအား ပြန်လည်တည်ဆောက်ခြင်း
ဖခင်က သတင်းစာဖတ်ဖို့လုပ်နေတာကို သူ့သားငယ်လေးက နှောက်ယှက်နေတယ်။ နောက်ဆုံး ဖခင်လုပ်သူက စိတ်ညစ်လာလို့ သတင်းစာထဲက ကမ္ဘာမြေပုံပါတဲ့ စာရွက်ကို ဆုတ်ဖြဲလိုက်တယ်၊ ပြီးတော့ မြေပုံစာရွက်ကို အပိုင်းပိုင်းဆွဲဆုတ်လိုက်ပြီးတော့ သားကိုပေးလိုက်တယ်။
- ကဲ အခု သားမှာ လုပ်စရာ အလုပ်ရသွားပြီ။ ဒီကမ္ဘာမြေပုံကို မှန်မှန်ကန်ကန် ပြန်ဆက်ပေးစမ်း။
ဖခင်လုပ်သူက သားတော်မောင်တော့ တနေကုန် အလုပ်ရှုပ်ပြီဆိုပြီး သတင်းစာပြန်ဖတ်တယ်။ ဒါပေမယ့် ၁၅ မိနစ်လောက်ကြာတော့ ကလေးက မြေပုံလေးနဲ့ ပြန်ရောက်လာတယ်။
အဖေလုပ်သူက တအံ့တသြနဲ့ - မင်းမေမေကများ မင်းကို ပထဝီသင်ပေးလိုက်တာလား။ - လို့ မေးလိုက်တယ်။
သားတော်မောင် ပြန်ပြောလိုက်ပုံက - ကျနော်ဖြင့် ဒါကြီးကို ဘာမှန်းတောင် ကောင်းကောင်းမသိပါဘူး။ ဟိုဖက်စာမျက်နှာမှာ လူတစ်ယောက်ရဲ့ ဓာတ်ပုံပါတယ်လေ၊ ဒါနဲ့ပဲ ကျနော်က လူပုံကို မှန်အောင်ပြန်ဆက်လိုက်တာ ကမ္ဘာ့မြေပုံကြီးကလည်း ပြန်ဆက်သွားရော။
မူရင်း - Rebuilding the world by Paulo Coelho
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 3:34 AM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Sunday, November 16, 2008
Quotable Quotes
အခု ကျနော့်စာအုပ်ကလေးထဲမှာ မှတ်ထားတဲ့ အဆိုအမိန့်တချို့ကို ပြန်ရေးပြချင်ပါတယ်။ ဘယ်သူရေးသလဲဆိုတာကိုတော့ အသေအချာ မသိပါဘူး။ ဖတ်ဖူးသူတွေလည်း ရှိမှာပါ။ ဖတ်ဖူးတယ်ဆိုတော့လည်း အပျင်းပြေ နောက်တခေါက် ဖတ်သွားကြပေါ့ဗျာ။ သူတို့ရေးထားတာတွေအပြင် ဆိုင်ဆိုင်မဆိုင်ဆိုင် ကျနော်ထပ်ပွားထားတာတွေပါ ဖတ်လို့ရတာပေါ့။If there were no one to watch them drive by, how many people would buy a Mercedes?
လိုက်ငေးပြီးကြည့်သူမရှိရင် ဘယ်သူတွေကများ မာစီးဒီကိုဝယ်မှာလဲ။
- ကိုင်း ဘယ်နှယ့်ရှိစ။
လူတစ်ယောက်က လူ့သဘော လူ့မနောအရ ကြွားချင်ဝါချင်တာရယ်၊ လူအများက သူ့ကို အထင်တကြီးရှိတာကို သဘောကျကြောင်းကို ပေါ်လွင်စေတဲ့ စာကြောင်းလေးပါပဲ။
ကားကိုမစီးဘဲ နာမည်ကို စီးကျသလို၊ ဆေးလိပ်ကို မသောက်ဘဲ နာမည်ကို သောက်ကြသလိုပေါ့။ အခြားဘက်ကကြည့်တော့လည်း ပစ္စည်းတခုရဲ့ နာမည်ကိုသာ ယုံကြည့်လိုက်ရင် အရည်အသွေးဆိုတာကလည်း အလိုလို စိတ်ချပြီးသား ဖြစ်သွားတာပါပဲ။ နာမည်ကိုယုံပြီး ပုံအောချလို့လည်း မှားတဲ့အခါတွေလည်း ရှိမပေါ့။ ထားတော့ လိုရင်းကနေ ဝေးသွားတော့မယ်။Our character is what we do when we think no one is looking.
လူတစ်ယောက်ရဲ့ အမူအကျင့်ဆိုတာက သူ့ကို ဘယ်သူမှ ကြည့်မနေတဲ့အချိန်မှာ သူဘာလုပ်နေသလဲ ဆိုတာပါပဲ။
- ဗုဒ္ဓမြတ်စွာဘုရားက မကောင်းမှုကို ဆိတ်ကွယ်ရာမှာတောင် မပြူပါဘူး။
ကျနော်တို့ သာမန်ပုထုဇဉ်လူသားတွေလည်း လူအများရှေ့မှာရော နောက်ကွယ်မှာပါ မကောင်းမှုတွေကို မပြုမိအောင် မိမိကိုယ်ကိုထိန်းသိမ်းသင့်ပါတယ်။ ကျနော်ကြားဖူးတဲ့ အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်အကြောင်းကို ပြန်ဖောက်သည်ချပါဦးမယ်။ ပညာရှင်ရဲ့ နာမည်ကိုတော့ မေ့နေပါပြီ။ လက္ခဏာဆရာ တစ်ယောက်က (အကြားအမြင် ဆရာတစ်ယောက်လည်း ဖြစ်နိုင်တယ်) ပညာရှိကြီးကို အလွန်ကို တဏှာရာဂစိတ်ပြင်းပြတယ်လို့ ပြောပါသတဲ့။ တပည့်တပန်းတွေက သူတို့ဆရာက မကောင်းတာတခုမှ မလုပ်တဲ့အကြောင်း၊ ဒီလိုကိစ္စအရှုပ်အရှင်းလည်း မရှိကြောင်းပြောပြီး၊ ဒေါသတွေဖြစ်ကာ ဟောတဲ့သူကို တခုခုလုပ်မယ်လုပ်တော့ ပညာရှိကြီးကတားပါသတဲ့၊ သူပြောသလို မူရင်းအမှန်က တဏှာစိတ်ပြင်းပြတာမှန်တဲ့အကြောင်း၊ သူကိုယ်သူ ထိန်းသိမ်းလို့သာ ဒီလို အစွန်းအထင်းတွေ မရှိတာဖြစ်ကြောင်းပြောပြရပါသတဲ့။ မကောင်းဘူး၊ ကောင်းတယ်ကို ခွဲခြားသိတယ်ဆိုရင် တတ်နိုင်သမျှ သတိကပ်ပြီး ကျွန်တော်တို့လည်း မပြုလုပ်သင့်တာတွေကို မလုပ်ဖြစ်အောင် ဆင်ခြင်သင့်ကြောင်းပါ။No one is guaranteed happiness. Life just gives each person time and space. It's up to us to fill it with joy.
ဘယ်သူ့ကိုမှ ပျော်ရွှင်ရမယ်လို့ အာမမခံပါဘူး။ လူတိုင်းကို အချိန်ရယ် နေရာရယ်ပဲ ပေးတာပါ။ ပျော်ရွှင်တာတွေနဲ့ ဖြည့်ဆည်းရမှာကတော့ ကျနော်တို့ တာဝန်ပါ။
- အင်း ကျနော်တို့တွေ အသက်အရွယ်တွေကြီးလာတော့ အချိန်အခါရယ် နေရာဒေသရယ်ကြောင်း ပျော်ရွှင်စရာတွေ အတော်ခေါင်းပါးတာကို တွေ့နေရပါတယ်။ (အရမ်းကို ပျော်နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။) ကျနော်တို့တတွေ စိတ်ဆင်းရဲခြင်း သပ်သပ်နဲ့ ဘဝမှာ အချိန်ကုန်လွန်သွားရင်တော့ မဟုတ်သေးပါဘူး။ ရတဲ့အချိန်ရယ် နေရာဒေသရယ်ပေါ်မှာ ရသလောက်နဲ့ ကိုယ့်အတွက် ကျန်အောင် (ကိုယ့်စိတ်ကျေနပ်မှုရအောင်) တခုခုလုပ်သင့်ပါတယ်။ နေနေတဲ့အချိန်လေးမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုမဟုတ် တခုရအောင် ကြံစည်ပြီး နေကြည့်ကြရအောင်ဗျာ။Luck is what happens when preparation meets opportunity.
အခွင့်အလမ်းနဲ့ ကြိုတင်ပြင်ဆင်ထားတာ ထိပ်တိုက်တွေ့တဲ့အခါ ကံကောင်းတယ်ဖြစ်လာတယ်။
- ကိုယ့်ကိုယ်ကို ကံမကောင်းပါလား တွေးမိနေတဲ့ ဘော်ဒါတို့ရေ - အားတင်းကြတာပေါ့ဗျာ။ တတ်နိုင်သလောက် ပြင်ဆင်ထားမယ်၊ အခွင့်အလမ်းတွေအတွက် မျက်စိ၊ နားဖွင့်ထားမယ်။
(အခွင့်အလမ်းနဲ့ ပြင်ဆင်ထားတာက တသက်လုံးလည်း မတွေ့ဘဲ ဖြစ်သွားနိုင်တာကိုလည်း သတိရပါလေ။)If you're headed in the wrong direction, God allows U-turns.
လမ်းမှားနေရင် ဘုရားသခင်က ဂ-ကွေ့ကွေ့ခွင့်ပေးသတဲ့။
- လူ့ဘဝမှာ ဆုံးဖြတ်ချက်အမှားတွေချတဲ့အခါချ၊ လမ်းအမှားတွေရွေးတဲ့အခါ ရွေး၊ ဒီလိုပဲ မှားတဲ့အခါမှာလည်း မှားပေမပေါ့ဗျာ။ အင်း မှားမှန်းသိတဲ့အခါမှာတော့ ပြန်ပြင်ဖို့ လိုတာပေါ့။ ပြန်လည်း ပြင်ဆင်ဖို့ရာက အချိန်တွေကြာရင်လည်း ကြာနေနိုင်ပါတယ်။
(ဘုရားသခင်က ခွင့်ပြုပေမယ့် တကယ့်တကယ်က ဂ-ကွေ့ ကွေ့လို့ မလွယ်တဲ့ လမ်းတွေလည်း ရှိပါတယ်လို့ ဘုရားသခင်ကိုတောင် ပြန်ပြောလိုက်ချင်သေး ဟဲ ဟဲ)A person who is always telling you how honest he is probably has his own suspicions.
ကိုယ့်ကိုယ်ကို သိပ်ရိုးသားပါတယ်လို့ ပြောလွန်းသူတစ်ယောက်က သူ့ရိုးသားမှုကိုလည်း သံသယရှိပုံရပါတယ်။
- စိတ်မလုံတော့ ပါးစပ်က တတွတ်တွတ်ထွက်တာမျိုး၊ စာလုံးမဲကြီးတွေနဲ့ ရေးတာမျိုးတွေ ဖြစ်မယ်ထင်တယ်။ ဆင်ခြင်ကြကုန်။
ပြောမှားဆိုမှား ရေးမှားရှိရင်လည်း ပြင်ဆင်ပေးကြပါလေ…
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:01 AM 8 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Tuesday, September 23, 2008
Researching the Research
အင်တာနက်ထဲမှာ ဟိုရှာ ဒီရှာလုပ်ရင် ပါဝါပွိုင့်ဆလိုက်တွေကိုတွေ့တော့ ဖတ်ကြည့်မိတာလေးတွေပါ။
Research must be teamed
“If you want to go quickly, go alone. If you want to go far, go together.”
“Doing alone, no more job and grant; doing as team, plenty of jobs and grants.”
အာဖရိကန် စကားပုံဆိုလိုတာက - ခရီးတခုကို မြန်မြန်သွားလိုရင် တစ်ယောက်တည်းသွားတဲ့၊ အဲ ဝေးဝေးသွားချင်ရင် အပေါင်းအဖော်တွေနဲ့ အတူတူသွားလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။
သူကိုလိုက်တုပြီး ပေါ်လာတဲ့ စကားပုံက တစ်ယောက်တည်းသာ အလုပ်လုပ်နေရင် ဘာမှလည်းဆက်လုပ်စရာပေါ်လာမှာ မဟုတ်သလို၊ ဘာအထောက်အပံ့မှလည်း ရမှာ မဟုတ်ဘူးပေါ့၊ အသင်းအစုအနေနဲ့ အလုပ်လုပ်ရင်တော့ အလုပ်အကိုင်တွေ၊ အထောက်အပံ့တွေလည်း များလာမယ်လို့ ဆိုလိုတာပါ။သုသေသနအလုပ်လုပ်တဲ့အခါ အသင်းအဖွဲ့နဲ့ လုပ်တာ ကောင်းတယ်ဆိုတဲ့ သဘောကို ပြောချင်တာဖြစ်ပါလိမ့်မယ်။ သုသေသန အလုပ်တခုလုပ်တဲ့အခါမှာ အတွေ့အကြုံရှိတဲ့၊ သဘာရင့် ဆရာတွေက မျိုးဆက်သစ်တွေကို တွဲခေါ်ရမယ်။ တွဲခေါ်မယ်ဆိုတော့ ဝါရင့် သဘာရင့်တွေက မျိုးဆက်သစ် အငယ်တွေကို ဘယ်လိုတွဲခေါ်မှာတုန်း။ အထောက်အပံ့ဆိုတာကလည်းရှိမှသာ တွဲခေါ်သူကလည်း တွဲခေါ်နိုင်ရှာမယ်ပေါ့။ ဒီတော့ အထောက်အပံ့ကို ဘယ်က ရမှာပါလိမ့်။
Research, industry and system as a team and rule of game
သုသေသနရယ်၊ (စက်မှု)လုပ်ငန်းရယ်၊ စနစ်ရယ်က သဟဇာတဖြစ်နေရမယ်။ဒီတော့ကာ တို့နိုင်ငံမှာရော သုသေသနရယ်၊ စက်မှုလုပ်ငန်းတွေရယ် အဆက်အစပ်ရှိပြီလား။ အပြင်ကလုပ်ငန်းတွေရဲ့နည်းပညာလိုအပ်ချက်တွေကို သုသေသနလုပ်ငန်းတွေက လိုက်ပြီးဖြည့်ဆည်းနိုင်ပြီလား။ သုတေသနသမား ကောင်းကောင်းတွေမွေးထုတ်ဖို့ တက္ကသိုလ်ကောင်းကောင်းတွေရော ရှိပြီလား။ တကယ်ကောင်းတဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်တဲ့ အခြေခံအထောက်အပံ့တွေရော ရရှိရဲ့လား။
လားပေါင်းများစွာနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 7:52 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Thursday, August 21, 2008
What You Know vs How Much You Know About It
လူတွေမှာ အချိန်ရယ်၊ စွမ်းရည်ရယ်က အကန့်အသတ်ရှိပါတယ်။ အရာအားလုံးကို ထဲထဲဝင်ဝင်သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရေပြင်ညီဝန်ရိုးမှာ နယ်ပယ်တခုမှာ ဘယ်လောက် နက်နက်နဲနဲသိသလဲ၊ ထောင်လျက် ဝန်ရိုးမှာ အကြောင်းအရာ(နယ်ပယ်)တွေ ဘယ်လောက်များများသိသလဲ - ဆိုတဲ့ ဝန်ရိုးနှစ်ခုကို ဂရပ်မှာ ပြထားပါတယ်။ ညာဖက်ကို ရောက်သွားလေလေ နက်နက်နဲနဲသိလေ၊ အပေါ်ကိုထောင်တက်သွားလေလေ သိတာတွေကျယ်ပြန့်လေလေပါ။ စိတ်ဝင်စားစရာ ကောင်းတာတခုက ဒေါက်တာဘွဲ့ရသူတွေက သူတို့သိတဲ့နယ်ပယ်က မာစတာသမားတွေ၊ ကျောင်းသာတွေရဲ့ သိတဲ့နယ်ပယ်ထက် သေးနေတာတွေ့ရပါတယ်။ ဆိုလိုတာကတော့ သူတို့လုပ်နေတဲ့ အဝန်းအဝိုင်းထဲကိုပဲ သိတယ်လို့ဖြစ်ပါတယ်။
ဖော်ဖြူလာတခုနဲ့ ဂရပ်ကို ရှင်းပြပါ့မယ်။
a (နယ်ပယ်) + b (နက်နက်နဲနဲသိခြင်း) = c
(a> 0၊ b> 0 နဲ့ c ကတော့ ကိန်းသေပါ။ တခါတလေ အနုတ်ကိန်းလည်း ဖြစ်နိုင်ပါတယ်။)
လူအမျိုးမျိုးဆိုတော့ a၊ b၊c တွေကလည်း မတူဘူးပေါ့။ သိတဲ့နယ်ပယ် ကျယ်လာလေလေ၊ နက်နက်ရှိုင်းရှိုင်းသိတာတွေ နည်းသွားလေပါပဲ။ c - အရေးကြီးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ c - ကြီးလာလေလေ နယ်ပယ်ရယ်၊ နက်နက်ရှိုင်းရှိုင်းသိတာတွေလည်း တိုးလာလေလေပါပဲ။ ကမ္ဘာကြီးအကြောင်းကို လေ့လာတွေးတောနေမယ်ဆိုရင် စွမ်းရည်ကလည်း မြင့်လာမှပါပဲ။ နယ်ပယ်တခုရဲ့ အသိပညာတင်ရမှာ မဟုတ်ဘူး၊ စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်လည်း တိုးလာမှာပါပဲ။ c - တန်ဖိုးကတော့ အချိန်ရယ်၊ အားစိုက်မှုရယ်က အဖြေပေးသွားပါလိမ့်မယ်။ အားစိုက်ရင် တန်ဖိုးတွေ တက်လာမယ်။ နယ်ပယ်တခုကို လေ့လာတဲ့အတွက် နောက်ဆုံးကျတော့ အခြားနယ်ပယ်တွေကိုလည်း နားလည်လာနိုင်ပါတယ်။ အဲသလိုက ဖြစ်နိုင်တယ်ဆိုတာ ကျနော်နားလည်ပါတယ်၊ ဘာလို့လဲဆိုတော့ c - တန်ဖိုးတိုးလာတယ်လို့ အဓိပ္ပါယ်ရောက်တာကိုး။
c -တန်ဖိုး တိုးလာအောင် ကြိုးစားပေမယ့် a - တခုကပဲ အခုခေတ်မှာ တိုးနေတယ်လို့ မြင်ပါတယ်။
သင်က ကျယ်ကျယ်ပြန့်ပြန့် သိနေရင်၊ သင့်နယ်ပယ်မှာလည်း ပညာရှင်ဆန်ဆန်သိတာပါပဲ။ သင်က ကျယ်ကျယ်ပြန့်ပြန့်သိရင် သင့်နယ်ပယ်ကို သင်က ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဘက်စုံနယ်ပယ်ကနေ နားလည်တယ်လို့ သဘောရပါတယ်။
Source: http://globalvoicesonline.org/2008/08/21/korea-what-you-know-vs-how-much-you-know-about-it
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:50 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Thursday, July 31, 2008
ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။
ဘလော့ဆိုတာ လူရွယ်၊လူလတ်တွေ အဖတ်များကြပါတယ်။ ဘလော့ဂ်ဖတ်သူအချို့ ကလေးပုံပြင်တွေဖတ်ရမှာ ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒီဘလော့ဂ်မှာ ကလေးပုံပြင်တွေ တင်ထားတာ ဆိုပေမယ့်လည်း ပုံပြင်လေးတွေကို ကိုယ့်တူလေးတွေ၊ တူမလေးတွေ၊ ကိုယ့်သားသမီးတွေကို ပြန်ပြောမယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ။
ဂျပန်ပုံပြင်ဒုတိယတပုဒ်ကို ထပ်မံဘာသာပြန်ဖော်ပြလိုက်ပါတယ်။
ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။
ဟိုးရှေးရှေးတုန်း နဂါးတိုင်းပြည်က နဂါးဘုရင်ကြီးရဲ့ မိဖုရားကြီးက ကလေးမွေးဖို့နီးလာတဲ့အခါမှာ မိဖုရားကြီးက မျောက်အသည်းကိုစားချင်တဲ့ ချင်ခြင်းဖြစ်မိသတဲ့။ ဘုရင်ကြီးက မိဖုရားကြီးအလိုကို ဖြည့်စီးပေးချင်တော့ သူ့ရဲ့သစ္စာခံ ပင်လယ်လိပ်ကြီးကိုခေါ်ပြီး ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းကောင်းမေးမြန်းတော်မူရှာတယ်။
ပင်လယ်လိပ်ကြီးကလည်း ဥာဏ်အလွန်ထက်ပါတယ်။ သူ ဂျပန်ကျွန်းကိုအလာ ပင်လယ်ကမ်းခြေနားက တောင်တန်းမှာ မျောက်တစ်ကောင် ကစားနေတာကိုတွေ့လိုက်တယ်။
- "မျောက်ကြီးခင်ဗျာ၊ နဂါးနန်းတော်ကို ဧည့်သည်အဖြစ်မသွားလိုဘူးလား"
- "အဲဒီအရပ်မှာ တောတောင်တွေက လှပသလို၊ စားဖွယ်တွေကလည်း စုံလင်လှပါတယ်။ အသင်သာ သွားလိုတယ်ဆိုရင်ဖြင့် ကျွန်ုပ်ကျောကုန်းပေါ်သာ တက်၍လိုက်လာခဲ့ပါ" ဆိုပြီး လိပ်ကြီးက သူ့ရဲ့ကျောကုန်းကြီးကို ပုတ်ပြရင်းပြောတယ်။
သံသယအလျင်းမရှိတဲ့ မျောက်ကြီးဟာ လိပ်ကြီးရဲ့စကားတွေကို ယုံပြီး၊ နဂါးတို့တိုင်းပြည်ကို စိတ်နှလုံးပျော်မွှေ့စွာ လိုက်လာခဲ့ပါတယ်။ သူ နန်းတော်ကို တကယ်ရောက်တဲ့အခါ သူအရင်ကကြားဖူးထားတာထက် ပိုပြီး ခမ်းနားနေတာကို တွေ့ရပါတယ်။
နန်းတော်အဝင်ဝပေါက်ကြီးမှာ မျောက်ကြီးက လိပ်ကြီးကို စောင့်နေတုန်း၊ တံခါးမှုး ဂျယ်လီငါးက မျောက်ကြီးရဲ့မျက်နှာကိုကြီးပြီး တဟားဟားရယ်ပါတော့တယ်။
- " မျောက်ကြီး ခင်ဗျာတကယ်ကို မသိတာလားဗျ။ မိဖုရားကြီးက ကလေးမွေးခါနီး မျောက်အသည်းကို စားချင်တယ်လို့ ချင်ခြင်းတပ်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားကို ဧည့်သည်တော်အနေနဲ့ ဖိတ်တာဖြစ်ပါလိမ့်မယ်။"လို့ဂျယ်လီငါးက ပြောလိုက်တယ်။
- " ဒီလိုကြီးတော့ မဖြစ်သေးဘူး။" - ကြောက်လန့်သွားတဲ့ မျောက်ကြီးက တွေးလိုက်တယ်။ သူကလည်း သိပ်တော်တဲ့သူဆိုတော့ ဘာကိုမှ မသိသလိုနဲ့ လိပ်ကြီးကို စောင့်နေလိုက်တယ်။
လိပ်ကြီး ရောက်လာတော့ - " ဒီလမ်းအတိုင်းသွားမယ်ဟေ့" - လို့ပြောပါတယ်။
- " လိပ်ကြီး ခင်ဗျာ"
မျောက်ကပြောလိုက်တယ်။
- " ကျနော် အမှားတခုလုပ်ခဲ့မိပါတယ်။ အခုလို ရာသီဥတုသာယာမယ်ဆိုတာကို ကြိုသိရင် ကျနော့်ရဲ့ အသည်းကို ဒီကို ယူလာပါတယ်။ အခုတော့ တောင်ပေါ်က သစ်ပင်ပေါ်မှာ ကျနော့်အသည်းကို အခြောက်လှမ်းဖို့ ချိတ်ထားခဲ့ပါတယ်။ မိုးရွာမယ်ဆိုရင် အသည်းတော့ မိုးစိုတော့မယ်ဆိုပြီး စိတ်ပူမိပါတယ်"
- " ဘယ်လို ..... ဘယ်လို .... ဘယ်လိုဖြစ်တာလဲကွ။ အသည်းကို ထုတ်ပြီး နေလှန်းခဲ့တယ်၊ ဟုတ်လား"
လိပ်ကြီးက အော်ပြောလိုက်တယ်။
- " ဒီတော့လည်းကွာ တခေါက်ပြန်ပြီး အသည်းကိုသွားယူရမှာပေါ့"
လိပ်ကြီးလည်း မျောက်ကို ကျောကုန်းကြီးပေါ်တင်ပြီး ကမ်းခြေဆီကို ပြန်လာခဲ့ရတယ်။ ကမ်းခြေကို ရောက်ရောက်ခြင်းပဲ မျောက်ကြီးက လိပ်ကြီးကျောကုန်းပေါ်ကနေ လျင်လျင်မြန်မြန်ခုန်ဆင်းပြီး အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ပြေးပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဘာမှမဖြစ်သလိုကြည့်လိုက်သေးတယ်။
- " မျောက်အိုကြီး ဘယ်လိုလုပ်တာလဲကွ" ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ လိပ်ကြီးက လှမ်းအော်လိုက်ပါတယ်။
မျောက်ကြီးက ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တယ်။
- " ပင်လယ်ထဲမှာ တောင်တန်းတွေနိုင်မရှိဘူး၊ ခန္ဓာကိုယ်အပြင်ဘက်မှာ အသည်းမရှိနိုင်ဘူး"
ပင်လယ်လိပ်ကြီး နန်းတော်ကို ပြန်ရောက်တဲ့အခါမှာ နဂါးမင်းကြီးကို တင်လျှောက်ရပါတယ်။
-" တံခါးဝမှာ မျောက်ကြီး နန်းတွင်းထဲ ဝင်ဖို့စောင့်နေတုန်း စကားအလွန်ပေါတဲ့ ဂျယ်လီငါးက အကြောင်းစုံကို ပြောလိုက်တာဖြစ်ပါတယ်"
- "စည်းမစောင့်တဲ့သူပဲ၊ သူ့အကြေးခွံတွေကို အကုန်ခွာလိုက်၊ ပြီး အရိုးတွေလည်း အကုန်ထုတ်ပစ်လိုက်ကြစမ်း"လို့ နဂါးဘုရင်ကြီးက အမိန့်ပေးလိုက်ပါတယ်။
စကားတွေ ဟိုပြောဒီပြော လုပ်လွန်းလို့ ဘုရင်ကြီးက အပြစ်ပေးလိုက်တာကြောင့် ဂျယ်လီငါးတွေက အခုခေတ်မှာ မြင်ရသလို အရိုးမရှိတဲ့ပုံစံဖြစ်နေတာပါ။
******
ဂျယ်လီငါးဆိုတာ ဒီပုံထဲကလို ငါးလေးဖြစ်ကြောင်း ကလေးတွေကို ပုံကလေးကိုပြရင်း ဒီပုံပြင်လေးပြောပြပြီး အခြားလူများရဲ့စကားတွေကို ကိုယ်နဲ့မဆိုင်ဘဲ ဟိုပြန်ပြော၊ ဒီပြန်ပြောမလုပ်ဖို့ ကလေးတွေကို သင်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျာ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:36 PM 5 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, ကေဇက်, ပျော်စရာလေးတွေ
Wednesday, July 30, 2008
ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။
ပုံပြင်တွေ ဖတ်ချင်လို့ ကျနော်အင်တာနက်မှာရှာပါတယ်။ အခု ဂျပန်ပုံပြင်စာအုပ်ကလေးကို တွေ့တော့ ဒီဘလော့ဂ်ပေါ်မှာ (တခါတင်ရင် ၁ပုဒ် လောက်ဖြစ်ဖြစ်၊ ၂ ပုဒ်လောက်ဖြစ်ဖြစ်) ဘာသာပြန်ပြီး တင်ပါဦးမယ်။ ပုံပြင်ကို ကလေးကတည်းက နားထောင်ခဲ့ရတဲ့သူတွေ များကြမယ်ထင်ပါရဲ့။ နောက်ပိုင်းကာလတွေမှာ မိဘတွေက စီးပွားရေးကို အားထည့်လုပ်နေရတော့ ကလေးတွေကို ပုံပြင်ပြောပြကြတာတွေ နည်းသွားကြပြီးလား။ အဖိုးအဖွားတွေနဲ့ အတူနေခဲ့ရတဲ့သူတွေတော့ ပုံပြင်ကောင်းကောင်းတွေ နားထောင်ကောင်းနားခဲ့ရမှာပါ။ မြန်မာပြည်မှာရော ကလေးတွေအတွက် ကလေးစာပေတွေ အဆင်ပြေပြေရောထွက်နိုင်ကြသေးလား။ ထွက်လာတဲ့ ကလေးစာပေတွေရော မိဘတွေက ကလေးတွေကို ဝယ်ပေးနိုင်ကြတဲ့ အင်အားတွေရော ရှိကြသေးလား ကျနော် အသေအချာမသိပါဘူး။ စာပေဆိုတာ ဇိမ်ခံအရာများဖြစ်နေပြီလား။ အခုလောလောဆယ် ကျနော်ဖတ်မိတာတွေကို ဝေမျှပါဦးမယ်။
ဘာကြောင့် မျောက်အမြီးတိုနေရတာလဲ။ 
ဟိုးရှေးရှေးတုန်းက မျောက်အမြီးဆိုတာ ပေ ၂၀၀ လောက်ရှည်သတဲ့။ ဝက်ဝံတစ်ကောင်က ဥာဏ်များလို့ မျောက်မြီးက တိုသွားရတာပါ။
တစ်နေ့မှာ မျောက်က ဝက်ဝံကို မေးတယ်
- "ငါးတွေ များများမိအောင် ဘယ်လိုဖမ်းရမလဲကွာ"
စကားပြောဆိုပြီးတော့ ဝက်ဝံက အကြံပေးလိုက်တယ်။
- " ဒီလို ချမ်းအေးလှတဲ့ညမျိုးမှာ ကျောက်တုံးပေါ်ထိုင်ကွာ၊ ပြီး မြစ်ရေနက်နက်ထဲကို မင်းရဲ့အမြီးကို ရေထဲချလိုက်။ ငါးအမျိုးအစားအစုံက လာပြီး မင်းရဲ့အမြီးကို လာပြီးတွယ်ကပ်ကြလိမ့်မယ်။"
မျောက်ကလည်း ပြောတဲ့အတိုင်းလိုက်လုပ်တာပါပဲ။ ညနက်လာလေ သူ့အမြီးက ပိုပြီး လေးလံလာတယ်။ ရေတွေအေးခဲလာလို့ လေးလံလာတာကို မျောက်က ငါးတွေအများကြီးတော့ သူ့အမြီးမှာ မိနေပြီလို့ထင်မိတယ်။
-" ဒီလောက်ဆို လုံလောက်ပြီ" - နောက်ဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။
- " သိပ်အေးလာပြီဆိုတော့ အိမ်ကို ပြန်သင့်ပြီ။"
သူ့အမြီးကိုဆွဲတင်ပေမယ့်၊ အမြီးက ရေထဲကနေအပေါ်ကို ထွက်ပေါ်မလာပါဘူး။
- " ကြောက်စရာကြီးဗျ" လို့ လူးလိမ့်ပြီး သူအော်လိုက်တယ်။ သူအားကုန်ဆွဲထုတ်လိုက်တော့ အမြီးက အရင်းကနေပြက်သွားတယ်။
မျောက်က ကြောက်အားလန့်အားနဲ့ သူ့အမြီးကို ဆွဲချလိုက်လို့ နာလွန်းတာကြောင့် သူ့မျက်နှာကြီးက နီနေတာလို့ လူတွေကပြောကြပါတယ်။
***
ဒီပုံပြင်ကလေးပြောပြပြီးတော့ ကလေးတွေကို သူများပြောတိုင်းမယုံရဘဲ၊ ကိုယ့်ဥာဏ်နဲ့ ချင့်ချိန်ယုံတတ်ဖို့ သင်ပေးရမယ်လို့ ကျနော်တော့ မြင်မိပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 11:59 AM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, ကေဇက်, ပျော်စရာလေးတွေ
Wednesday, July 2, 2008
The Killer
သေနတ်သမား
သူ ရုတ်တရက်နိုးလာတော့ သူဘယ်သူလဲဆိုတာမသိဘူး၊ အဲ ဘာကိစ္စ ဒီလက်နက်ပစ္စည်းစက်ရုံထဲ ရောက်နေသလဲဆိုတာ နားမလည်ပါဘူး။ ကိုယ့်နာမည်ကိုတောင်မမှတ်မိ၊ ဘာတွေများလုပ်နေမိပါလိမ့်။ ဘာဆိုဘာမှကို မမှတ်မိပါဘူး။
စက်ရုံကအတော်အတန်ကြီးပါတယ်။ ပစ္စည်းတပ်ဆင်ရေးလိုင်း၊ ကွန်ဗိုင်ယာတွေ၊ ပစ္စည်းတပ်ဆင်သံတွေထွက်လို့ပါ။
သူ အဆင်သင့်လုပ်ပြီးသား သေနတ်တလက်ကို အော်တိုမက်တစ်ထုပ်ပိုးထားတဲ့ သေတ္တာထဲကနေ ဆွဲထုတ်လိုက်တယ်။ ယန္တယားတစ်ခုကို သူကိုင်တွယ်မောင်းနှင်ခဲ့တာ အခုတော့ ယန္တယားက ရပ်သွားပါပြီ။
သေနတ်ကို ဖြတ်ကနဲလှမ်းကိုင်လာတာ အသားကျနေတာပါပဲလား။ လမ်းသွယ်ကလေးကနေ စက်ရုံရဲ့အခြားဖက်ခြမ်းကို ထွက်လာတဲ့တယ်။ အဲဒီမှာ အခြားတစ်ယောက်က ကျည်ဆံတွေကို ထုပ်ပိုးနေတယ်။
“ငါဘယ်သူလဲ” သူ အသံခပ်တုန်တုန် လေးလေးကန်ကန်မေးလိုက်တယ်။
အဲဒီလူက အလုပ်ဆက်လုပ်နေတယ်။ လှည့်မကြည့်သလို ဘာမှမကြားသလို လှုပ်ရှားမှုလည်း ရှိပါဘူး။
“ငါဘယ်သူလဲ” “ငါဘယ်သူလဲ” လို့ အော်လိုက်တယ်၊ ဒါပေမယ့် စက်ရုံကြီးတခုလုံးမှာ သူ့အသံကြီးပဲ့တင်ထပ်သွားတာကလွဲပြီး ဘာမှထူးခြားမသွားပါဘူး။ လူတွေလည်း လှည့်တောင်မကြည့်ဘဲ အလုပ်ပဲဆက်လုပ်နေကြပါတယ်။
သူ ကျည်ထုပ်ပိုးနေတဲ့သူရဲ့ ခေါင်းကို သေနတ်နဲ့ မွှေ့လိုက်တယ်။ ဖျောင်းကနဲ အသံမြည်သွားပြီး ကျည်ထုပ်ပိုးနေတဲ့သူလည်း မှောက်ကျသွားပြီး ကျည်ဆံတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။
ကျည်တစ်တောင့်ကို ကောက်ယူလိုက်တယ်။ အသင့်တော်ဆုံး ကျည်ဆံတခုထင်ပါရဲ့။ ကျည်တွေက အဆင်မပြေတွေဖြစ်တတ်တယ်။
သူ အပေါ်ဘက်က ခြေသံတချက်ချက်ကို ကြားရတယ်၊ လမ်းသွယ်လေးကနေ သူ့ဆီကိုလာနေတဲ့သူကို အဖြေကိုလုံးဝ မမျှော်လင့်ဘဲ “ငါဘယ်သူလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။
အဲဒီတစ်ယောက်လည်း အောက်ကိုငုံ့ကြည့်ပြီး ပြေးတော့တာပဲ။
သူလည်း သေနတ်ကို အပေါ်ထောင်ပြီး နှစ်ချက်လောက်ပစ်လိုက်တယ်။ ပြေးသွားတဲ့သူလည်း ရပ်ပြီး ဒူးထောက်ကျသွားပြီး လဲမကျခင်မှာဘဲ နံရံပေါ်က ခလုတ်အနီလေးကို နှိပ်လိုက်တယ်။
အချက်ပေး အသံတွေက ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတယ်။
“သေနတ်သမား သေနတ်သမား သေနတ်သမား ” ဆိုပြီး စပီကာတွေကနေ အချက်ပေးသံတွေထွက်လာတယ်။
ဘယ်အလုပ်သမားတွေကမှ လှည့်မကြည့်ကြပါဘူး။ အလုပ်ပဲ ဆက်လုပ်နေကြတာပါ။
သူ ပြေးတယ်၊ သတိပေးသံတွေထွက်နေတဲ့ စပီကာတွေကနေလွတ်အောင်ပေါ့။ တံခါးတစ်ပေါက်ကိုတွေ့တော့ အဲဒီဆီကို ပြေးသွားလိုက်တယ်။ တံခါးကပွင့်သွားတယ်၊ အဲ ယူနီဖောင်းမတူ လူလေးယောက်ရပ်နေတယ်။ သူတို့တွေက သူ့ကို အံ့ဖွယ်စွမ်းရည်မြင့်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတချို့ပြုတ်ထွက်ကုန်တယ်။ သူက သုံးကြိမ်လောက် သေနတ်နဲ့ ပြန်ပစ်တော့ ဟိုလေးယောက်ထဲက တစ်ယောက်က သေနတ်ကြီး ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှောက်သွားတယ်။
သူတစ်ခြားတစ်ဖက်ကို ထွက်ပြေးပေမယ့် အဲဒီတခြားဖက်ကလည်း အဲသလို လူတွေ ထွက်လာကြတာပဲ။ ဘေးဝန်းကျင်ကိုကြည့်တော့ ဖက်ပေါင်းစုံကနေ သူ့ဆီကို ချဉ်းကပ်လာတာတွေ့ရတယ်။
လွတ်အောင်ပြေးမှဖြစ်မယ်။
သူ အထက်အမြင့်တွေရောက်အောင် အပေါ်ထပ်တွေကို တက်တယ်။ အပေါ်မှာလည်း သူတို့တွေနဲ့ သူပိတ်မိနေပြီ။ သူကျည်တွေ ကုန်သည်အထိ သေနတ်နဲ့ ပစ်လိုက်တယ်။
သူတို့တွေ သူ့ဆီကို အပေါ်တွေ အောက်ဖက်တွေကနေချဉ်းကပ်လာတော့ “ကျေးဇူးပြုပြီး ငါ့ကို မပစ်ခတ်ပါနဲ့၊ ငါဘယ်သူလဲဆိုတာကို သိချင်ယုံသက်သက်ပါ”
သူတို့ သူ့ကို ပစ်ခတ်လိုက်ပါတယ်၊ စွမ်းအင်မြင့်အရောင်တွေ ဖြာကျ၊ အရာအားလုံးပြီးဆုံးသွားပါတယ်…
///////
သူတို့တွေက သူ့ကိုကြည့်ပြီး တံခါးကို ၀ုန်းကနဲပိတ်လိုက်တယ်၊ ပြီးကုန်တင်ကားလည်း ထွက်သွားတယ်။ “သူတို့ထဲက တစ်ယောက်ယောက်ကတော့ ခဏခြင်း အဲသလိုတွေ ဖြစ်တတ်တယ်” အစောင့်တစ်ယောက်ကပြောတယ်။
“ငါက အဲဒါ နားကိုမလည်တာ”ဆိုပြီး ဒုတိယ အစောင့်က ခေါင်းကုတ်ရင်းပြောတယ်။
“အခုတစ်ယောက်ကိုပဲ ကြည့်၊ သူဘာပြောသလဲဆိုတော့ ငါဘယ်သူလဲဆိုတာလေးကိုပဲ သိချင်တာပါတဲ့။ အဲသလိုတွေပဲ၊ လူတွေနဲ့ သိပ်တူတာ။ သူတို့တွေက အဲဒီစက်ရုပ်တွေကို သိပ်ပြီး ကောင်းလွန်းအောင်လုပ်ထားတယ်လို့ ငါတော့ ထင်တယ်။”
အစောင့်နှစ်ယောက်သည် စက်ရုပ်တင်သွားသော ကုန်တင်ကား ကွယ်ပျောက်သွားသည်အထိ ငေးမောကြည့်နေကြလေသည်။
မူရင်း - The Killer by Stephen King
စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ....
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:57 AM 6 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အားယူနေဆဲ အဖူးအပွင့်များ, ကေဇက်
Monday, June 2, 2008
Funny jokes.
အလည်ရောက်လာသူတွေကို ရီစရာမောစရာလေးတစ်ချို့နဲ့ဧည့်ခံပါရစေ။
ဟိုဟို ဒီဒီမှ တွေ့ရာများကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
ဒီဟာသတွေကို ဖတ်ရင်း တစ်ချက်လောက်လေး မတော်တဆပြုံးသွားရင်ကို ၀မ်းသာလှပါပြီ။
ငါက ဒီလို ဒီလို
အမျိုးသမီး သုံးယောက် စကားဝိုင်းဖွဲ့နေကြလေသည်။
ပထမအမျိုးသမီး - ငါ့ယောက်ျားက ကာလာတီဗွီဝယ်ပေးတယ် စပီကာတွေကလည်း သိပ်ကောင်းတော့ အသံတွေလည်း ကြည်နေတာပဲ၊ သိပ်ကောင်းတယ်။ အပြင်လည်း သွားစရာမလိုတော့ဘူး၊ အိမ်မှာထိုင်ပြီး ကြည့်ယုံပဲ။
ဒုတိယအမျိုးသမီး - ငါ့ကျတော့ ငါ့ယောက်ျားက ဗွီဒီယိုပြစက်ဝယ်ပေးတာ။ အခွေတွေထိုင်ကြည့်နေယုံပဲ။ နင့်ကိုရော ဘာတွေဝယ်ပေးလဲ။ - ဟု ပြောကာ တတိယအမျိုးသမီးအားမေးလိုက်လေသည်။
တတိယအမျိုးသမီး - ငါ့ယောက်ျားက ငါ့ကို ဘာမှ ၀ယ်မပေးဘူး။ ငါနဲ့တွဲပြီး အပြင်ထွက် ရုပ်ရှင်တွေ ပြဇာတ်တွေ သွားကြည့်လို့ရသေးတယ်တဲ့။
ရှင်လောက်တော့…ဟင်း..ဟင်း…ဟင်း..
ယောက်ျားသည် ညမိုးချုပ်အိမ်သို့နောက်ကျပြန်လာပြီး မိန်းမအားပြောလေသည်
- မင်းကလေ ငါဘယ်ရောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှလည်း မခန့်မှန်းဘူး။
- ခန့်မှန်းမှာပါ၊ ပထမဆုံး ရှင့် ဗားရှင်(version)လေး အရင်ပြောပါဦး။
အိပ်ယာက တကယ်ထချင်တာလား…
အကယ်၍ သင်သည် နိုးစက်နာရီအနီးတွင် ကြွက်ထောင်ချောက်ကို ထားပါက သင် အလုပ်သို့ အချိန်မှီရောက်ရန်အတွက် အိပ်ယာမှ စောစောထရန် လွယ်ကူပေလိမ့်မည်။
မှတ်သားဖွယ်ရာ
သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:32 AM 7 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Wednesday, April 23, 2008
ကျနော်တွေးမိသော ခွေးများအကြောင်း
အခုတလော ကျနော် ခွေးနဲ့ပတ်သတ်တဲ့ စကားပုံတွေ၊ လူတွေနဲ့ ခွေးတွေရဲ့ကြားမှာရှိတဲ့ ဆက်ဆံရေး အကြောင်းတွေကို တွေးနေမိပါတယ်။ ကျနော်သိသလောက်၊ စဉ်းစားရသလောက် ခွေးနဲ့ပတ်သတ်တဲ့ နေ့တိုင်းပြောစကားတွေထဲက စကားလုံးတွေ၊ စကားပုံတွေကို ရေးချကြည့်ပါဦးမယ်။
လူတစ်ယောက်က မဟုတ်တရုတ်လုပ်ဖို့ ကြံစည်နေရင်၊ အတော့်ကို အဆင့်အတန်းနိမ့်နိမ့် အပြုအမှုတစ်ခု၊ လုပ်ရပ်တစ်ခုကို လုပ်ကိုင်ဖို့ကြံစည်နေပြီဆိုရင် ပြောလေ့ရှိတာက “ခွေးကျင့်ခွေးကြံမကြံနဲ့”။ ခွေးတွေက တစ်ခုခုစားစရာရှိရင် လူတွေမသိအောင် အသာကလေး ခိုးကြောင်ခိုးဝှက်နဲ့ ခိုးစားတတ်တယ်။ ပိုင်ရှင်က ကြည်ဖြူလို့ ကျွေးမှ စားရသောက်ရမှာကို စားလိုစိတ်နဲ့ ခွေးက အဆင့်အတန်းနိမ့်နိမ့်ကြံစည်တတ်တာမျိုးကို အစွဲပြုပြီး ခွေးကျင့်ခွေးကြံမကြံနဲ့လို့ ပြောစကားပေါ်လာတာလားမသိနော်။ (ကျနော်က ဒီနေရာမှာ အစားကို ပြောတာဆိုပေမယ့် ခွေးစားချင်တာက အစားတစ်ခုတည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ အစားအပြင် တခြားဟာတွေလည်း ရှိမှာပါ။)
ခွေးနဲ့ပတ်သတ်တဲ့ စာကြောင်းတစ်ခုကို ငယ်ငယ်က ဖတ်ဖူးပါတယ်။ ကျွန်းပြားပေါ်မှာ ပန်းချီဆရာက အဲဒီစာကြောင်းကို အသေအချာ ရေးထားတာပါ။ ပြီး အိမ်ရှင်က ဧည့်ခန်းမှာ အိမ်လာတဲ့သူတိုင်း ထင်းကနဲမြင်သာတဲ့ နေရာမှာ ချိတ်ထားတာပါ။ စာကြောင်းကတော့ “လူတွေအကြောင်းသိလေလေ၊ ခွေးတွေကိုပိုချစ်ချစ်လေလေ” တဲ့။ ကျနော်အဲဒီစာကြောင်းကို မြင်စကတည်းက အတော်ဘ၀င်မကျတာပါ။ အိမ်ကို အလည်ပဲရောက်လာလာ၊ ကိစ္စရှိလို့ပဲရောက်လာလာ ရောက်လာတဲ့သူတိုင်းရဲ့ရင်ဝကို ခြေနဲ့ဆီးကန်လိုက်သလိုပါပဲ။ အတော်ကြည်နူးစရာမကောင်းတဲ့ စာကြောင်းပါ။ သူက လူတွေကို ဘယ်လို စိတ်နာနေလို့ပါလိမ့်။ သူဆိုလိုချင်တာက လူတွေက ခွေးတွေလောက်တောင် သစ္စာမရှိဘူးလို့ ပြောချင်တာလား။ အိမ်လာတဲ့သူအပေါင်းကို မင်းတို့လူတွေက လိမ်လည်လှည့်ဖြားတတ်လွန်း၊ ကျေးဇူးမသိတတ်လွန်းလို့၊ ငါကတော့ မင်းတို့ကို ခွေးတွေလောက်တောင် မခင်တွယ်ဘူးဟေ့ဆိုတာကို ပြောချင်တာလား။ ထားပါတော့ ကျနော့်ကတော့ ဘယ်လိုပဲနေနေ ဒီစာတန်းကြီးကို မြင်ရတာ အတော် ဘ၀င်မကျတာပါ။
ခွေးနဲ့ပတ်သတ်တဲ့ စာကြောင်းနောက်တစ်ခုကတော့ “လူပု စိတ်တို၊ ခွေးပု ရန်လို”တဲ့။ အရပ်ပုပြီး စိတ်အလွန်တိုတတ်တဲ့သူတွေကို စချင်၊နောက်ချင်တာနေမှာပါ။ ရှိပါသေးတယ် “ခွေးဝဲစား”၊ “သားရေပေါ်အိပ်၊ သားရေနားစား”၊ “ဈေးခွေး”၊ “မွဲချင်တဲ့ခွေး ပြာပုံတိုး”၊ “ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုတာတွေ။ စိတ်ထဲပေါ်လာသလောက်ချရေးတာပါ။ အဓိပ္ပါယ်တွေတော့ မဖွင့်တော့ပါဘူး။
ကြားဖူးတာ နောက်တစ်ခုက လူတွေက သခင်ဖြစ်ချင်လို့ ခွေးမွေးတာတဲ့။ ကိုယ့်ကသာ ကျွေးမွေးထားတယ်ဆိုရင် ခွေးဆိုတာ သခင်အပေါ်မှာ အလွန်သစ္စာရှိသတဲ့။ ညရေးညတာ ခြံလုံအောင်လည်း ကင်းစောင့်တတ်ပါတယ်။ မွေးရကျိုး အလွန်နပ်ပါတယ်။ တစ်ချို့ကလည်း အလှမွေးကြတာပါ။ လမ်းလျှောက်ဖော်ပေါ့။ ဈေးကြီးကြီးပေးပြီး သာမန်လူတွေတောင် ၀ယ်မစားနိုင်တဲ့ အသားတွေ၊ အစားတွေကို ကျွေးရပါသတဲ့။ ခွေးနဲ့လူကြားက ဆက်ဆံရေးတွေပါ။
နောက်ဆုံးတော့ ခွေးတွေအပေါ်ထားတဲ့ ကျနော့်အမြင်ကို ပြောချင်တာပါ။ ခွေးဆိုတာကို ကျနော်က ခြံလုံအောင် ကင်းစောင့်စေဖို့ပဲ မွေးလိုတာပါ။ ၀အောင်ကျွေးမယ်၊ ခွေးနဲ့တန်တဲ့နေရာ စီစဉ်ပေးမယ် (ခွေးခြံဆောက်ပေးမယ်ပေါ့ဗျာ။) ခွေးရဲ့စောင့်ရှောက်မှုမလိုတဲ့အချိန် (ဥပမာ၊ နေ့ခင်းလို အိမ်မှာ လူတွေရှိနေတဲ့အချိန်)မှာ ခွေးကို ခွေးခြံထဲမှာပဲထားမှာပါ။ ခွေးရဲ့အစောင့်အရှောက်လိုတဲ့ ညလိုအခါမျိုးမှာသာ ခွေးကို ခွေးခြံထဲက လွတ်ပေးပြီး ခြံအစောင့်ခိုင်းမှာပါ။ ခြံလုံအောင် အစောင့်ခိုင်းဖို့ မွေးတဲ့ခွေးကို သခင်ဖြစ်တဲ့ ကျနော်က ကြောက်လာရရင်တော့ မကြိုက်တော့ပါဘူး။ အစာကျွေးတဲ့ လက်ကို မာန်တွေဖီလာပြီး ကိုက်ချင်လာရင်တော့ အတော့်ကို ကျနော် မနှစ်မြို့တော့တာပါ။ စာဖတ်သူတွေရော ခွေးမွေးမယ်ဆိုရင်ရော ဘာကြောင့် မွေးချင်တာလဲ ပြောပြပါလား။ နောက်ဆုံးအနေနဲ့ စာဖတ်သူတွေကို ကျနော် ဆုတောင်းပေးလိုက်ပါ့မယ်။ ကိုယ့်မွေးထားတဲ့ခွေးက ကိုယ့်ကိုပြန်ခြောက်လို့ ကြောက်ရတဲ့သူတွေ မဖြစ်ပါစေနဲ့ဗျာ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:04 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် အရောင်စုံ အတွေးများ . . . . ., ကေဇက်
Thursday, December 6, 2007
ရီစရာ မောစရာ ဟာသများ (၃)
မုဆိုးနှစ်ယောက်သည် သစ်တောထဲတွင် အမဲလိုက်ထွက်နေစဉ် တစ်ယောက်သောသူသည် ရုတ်တရက် လဲကျသွားလေသည်။ အသက်လည်းရှုပုံမရ၊ မျက်လုံးများမှာလည်း ရီဝေေ၀ဖြစ်နေလေသည်။ ကျန်တစ်ယောက်က ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနသို့ဆက်လေသည်။
အမောတကောဖြင့်ပြောလေသည်
- ကျနော် သူငယ်ချင်း သေပြီ၊ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်ဌာနမှ ပြန်ပြောလေသည် - စိတ်အေးအေးထားပါဗျာ။ ပထမ သေဆုံးတာ တကယ်ဟုတ်မဟုတ် သေချာအောင်လုပ်ပါဦး။
ခဏ စကားပြောသံ တိတ်သွားလေသည်။ ထို့နောက် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ပြီး ဖုန်းမှ စကားပြောသံပြန်ကြားရလေသည်
- အင်း တကယ်သေသွားပြီ၊ ဘာဆက်လုပ်ရမလဲဗျ။
အမျိုးသမီးတစ်ယောက်သည် လိုင်းကားပေါ်သို့ သူ့ကလေးအားချီပြီးတတ်လာသည်။
ဒရိုင်ဘာမှ ပြောလေသည်
- ဒီလောက်ရုပ်ဆိုးတဲ့ကလေး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကားနောက်ပိုင်းတွင်လာထိုင်ပြီး ဘေးနားတွင်ကပ်လျက်ထိုင်နေသော အမျိုးသားတစ်ယောက်အား
- ကျမကို သိပ်စော်ကားတာပဲ-ဟုပြောလေသည်။
ယင်းအမျိုးသားမှ - ဒရိုင်ဘာကိုအခုချက်ခြင်းသွားပြီး ရန်တွေ့သင့်တယ်။ ကျုပ်ခင်ဗျား မျောက်ကလေးကိုထိန်းထားမယ်။
ရှားလော့ဟုမ်း(စ)နှင့် ဒေါက်တာ ၀တ်ဆင်တို့ တောတွင်းခရီးသွား၏။ ညစာစားပြီးသော်၊ ခဏတဖြုတ်နားပြီး အိပ်ကြလေသည်။
နာရီအတန်ကြာအိပ်ပြီးသော် ရှားလော့ဟုမ်း(စ)သည် တရေးနိုးလာပြီး၊ သစ္စာရှိသူငယ်ချင်း ၀တ်ဆင်အားနိုးပြီး- ကောင်းကင်ကိုကြည့်ပြီး ဘာတွေမြင်လဲ ပြောစမ်းပါဦး။
- ကြယ်တွေ အသိန်း၊ အသန်းမြင်ရတာပေါ့ဗျာ။
- ကိုင်း ဘာတွေ ကောက်ချက်ချလို့ရမလဲဗျာ။
ဝတ်ဆင်သည်လည်း ခဏလောက် စေ့စေ့တွေးပြီး
- နက္ခတ္တဗေဒအရဆို အဲဒီကြယ်တွေဆိုတာ ဂလက်ဆီတွေ၊ဂြိုလ်တွေ အသိန်းအသန်းပေါ့။ နက္ခဗေဒင်အရဆိုရင် စေတန်က လီယိုဘက်ရောက်နေတယ်ဗျာ။ ဇာတာခွင်အရဆို အချိန် သုံးနာရီ ဆယ့်ငါးပေါ့။ ရာသီဥတုဆိုရင်တော့ မနက်ဖြန် နေသာပြီး သာယာမယ်ဗျာ။ ဘာသာရေးအရဆိုရင် ဘုရားသခင်က တန်ခိုးအလွန်ကြီးမားပြီး၊ ကျုပ်တို့က စကြာဠာထဲမှာ အလွန်သေးငယ်တဲ့အရာလေးတွေပေါ့။ နေပါဦး ခင်ဗျားကရော ဘာကောက်ချက်ချမလဲဗျာ။
ရှားလော့ဟုမ်း(စ)သည် ခဏဆိတ်ငြိမ်ပြီး
- ၀တ်ဆင်၊ ခင်ဗျားက ဝေးသကိုးဗျာ။ ကျုပ်တို့ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီဗျ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 1:00 AM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကေဇက်, ပျော်စရာလေးတွေ
Tuesday, December 4, 2007
Super Trains: Plans to Fix U.S. Rail Could End Road & Sky Gridlock

With airports and highways more congested than ever, new steel-wheel and maglev lines that move millions in Europe and Japan have the potential to resurrect the age of American railroads.
Unlike conventional diesel- and electric-powered trains, the motor for maglev trains is essentially embedded in the track. The track creates a traveling magnetic field beneath the train, which lifts the cars and propels them at 300-plus mph. The train’s on-board systems are powered by induction from the track. And only the section of track under the train is energized. (Illustration by Nathan Fariss)
http://www.popularmechanics.com/technology/transportation/4232548.html
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 6:15 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် သုတ ပန်းခင်း, ကေဇက်
နာရေး
နာရေး
သစ္စာနီ
ခေါင်းလည်းကျလို့ရ
ပန်းလည်းကျလို့ရတဲ့
ဒင်္ဂါးပြားတစ်ခုလိုပေါ့လေ။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
လေငင်ရာယိမ်းလို့
တစ်ယောက်နဲ့တစ်ယောက်
ထိပ်ပုတ်ခေါင်းပုတ်လုပ်လို့
ဆေးမြီးတိုသောက်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မျှော်လို့။
မြက်ခင်းစိမ်းစိမ်းတွေဖုံးနေတဲ့
မြေပုံမို့မို့
မနက်ဖြန်ကို
အဲဒီနေရာမှာ မြှုပ်နှံခဲ့တာပေါ့။ ။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 5:10 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, ကေဇက်
