Showing posts with label တောကြောင်. Show all posts
Showing posts with label တောကြောင်. Show all posts

Monday, September 29, 2008

"တစ်ကိုယ်ရေ လွမ်းဆွတ်မှု"

အလွမ်းတွေ
တစ်စက်ပြီးတစ်စက် ကြွေကြ
ခြေချစရာနေရာမရှိ
အလွမ်းတွေ ပြည့်လို့နေပြီ။
နင်းမိတဲ့အလွမ်း
မနွမ်းဘဲ လန်းဆန်း
ရင်ကို ထိအောင်နမ်းခဲ့တယ်။
အလွမ်းရဲ့ ရနံ့
နှလုံးသားနဲ့ ရှူရှိုက်ခွင့်ရပြန်တော့
ရင်မှာ ပိုလွမ်း
တမ်းတလို့ နေမိပြန်တယ်။
အလွမ်းတွေ မဝေဆာခင်
အလွမ်းနဲ့ ဝေးရာကို
ထွက်ပြေချင်ပေမယ့်
အလွမ်းတွေက
ကျနော့်ကို ဝန်းရံနေကြပြီလေ။
မြေမှာလဲ အလွမ်း
လေမှာလဲ အလွမ်း
အနမ်းတွေကို လွမ်းရင်း
အလွမ်တွေနဲ့ ရင်းနှီးလို့လာခဲ့ပြီ။
ပြေးဖို့ ကြိုးစားတဲ့ခြေလှမ်း
အလွမ်းရဲ့ ရစ်ပတ်ခြင်းကိုခံရတော့
ခြေလှမ်းတွေ လှမ်းလို့မရတော့ဘူး။
အလွမ်းတွေ ရစ်ပတ်ခံနေရတဲ့ကျနော်
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းနေပေမဲ့
ဘယ်သူမှ မကြားကြဘူး။
အလွမ်းတွေ ကျနော့်ကို ရစ်ပတ်လိုက်တာ
ခြေဖျားကနေ စလို့
အခုဆို ..
ကျနော့်နှလုံးသားအထက်ဆီရောက်လို့လာခဲ့ပြီ။
ဟူး ....................................
အသက်ရှူရတာလဲ မဝတော့ဘူး။
အလွမ်းတွေနဲ့ မွန်းကြပ်လိုက်တာ.....
ကျနော့်ကို ကယ်ကြပါအုံးလို့
အော် ခေါ်နေပေမယ့်
အသံက မထွက်တော့ဘူး။
နောက်ဆုံး ................
အလွမ်းရဲ့ လက်ချက်နဲ့
ကျနော်တစ်ယောက်
တမလွန်ဘဝကို ရောက်ခဲ့ရပြီလေ။

တောကြောင်။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, September 20, 2008

တိတ်တခိုး


အရိပ်ကလေးရယ် ...
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ …
ကိုယ့်အကြည့်တွေကို မုန်းလို့လား ?
မင်းရဲ့ အသိစိတ်ကဘဲ
ထွက်ပြေချင်နေတာလား ?
တရားသောနည်းနဲ့
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။
မင်းရဲ့ စကားလုံးတွေ
ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းရဲ့အကြည့်တွေကို
အထင်းသား မြင်ရတဲ့အခါ …
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်းကို မသိစေချင်ပါဘူးကွာ။
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
အိပ်မက်တွေကို သောက်ပြီး
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
ကိုယ်ရဲ့စိတ်နဲ့
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်
မင်းရဲ့ အရိပ်ကို
တခြားသူတွေ မမြင်အောင်
ကောင်းကင်ပေါ်မှာ
ချိတ်ဆွဲထားချင်ပါရဲ့။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 15, 2008

"ဆန့်ကျင်ဘက်"

နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။
ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်း
စကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်
သူမို့ပြောရက်တယ်.။
(မင်းမှာကြင်နာတတ်တဲ့ နှလုံးသားရော ရှိရဲ့လားကွာ ။)
မညီမျှခြင်းရဲ့ တစ်ဖက်
ငါ အသက်ဆက်ခဲ့တာ
မင်း အတွက်ပါ။
ငါ မဟုတ်တဲ့
မင်းရဲ့ အသက်ရှူသံတွေက
ငါ့ကို လစ်လျူရှုခဲ့တာ
မင်း သိချင်မှသိမှာ။
ဟူး..............
အသက်ရှူရတာ မွန်းကျပ်လာပြီ
ကျေးဇူးပြုပြီး
ကမ္ဘာကြီးကို ရပ်တန့်မထားကြပါနဲ့
ယောင်ပြန်ဟပ်ခံရမဲ့
လ ရဲ့အကြင်နာတွေကို
မမြင်ရမှာ စိုးလို့ပါ။
ဒီလိုနဲ့ .....................
နေ့တွေကို ရေတွက်
တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။
သူမရဲ့ မျက်နှာလေးကိုမြင်ရဖို့
နေ့နဲ့ည တွေကိုညာလို့ရရင် ကောင်းမှာ။
အခုတော့..............
ကိုယ့်စိတ်ကိုမညာချင်ဘဲ
ညာ နေ ခဲ့ ရ တယ် ။


တောကြောင်။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 22, 2008

အိပ်မက်

အိပ်မက်
ဟိုးအရင်ကတည်းက
အိပ်မက်တစ်ခုကို စွဲစွဲလမ်းလမ်းမက်ခဲ့ဖူးတယ်။
အိပ်မက်တွေနဲ့သာ ရှင်သန်ခွင့် ရခဲ့ရင်
.................................
အိပ်မက်ဆိုတာ.
ကိုယ်စွဲလမ်းနေတဲ့အရာတွေကို
ပုံဖော်ပေတဲ့သဘောပါ။
ကျနော့်ရဲ့စွဲလမ်းမှုကတစ်မျိုး
သူများတွေမြင်မှာစိုးလို့
အိပ်မက်တွေကို ခိုးပြီးမက်ခဲ့ရသူပါ။
ဘယ်သူမှ မသိစေချင်ပေမဲ့
အိပ်မက်ကလေး သိစေချင်တယ်။
အိပ်မက်ကလေးကို သိစေချင်ပေမဲ့
ဘယ်သူမှ မသိစေချင်ဘူး။
တောကြောင်။.....။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 9, 2008

အသက်မဲ့ သံစဉ်


သံစဉ်မရှိဘဲ
နှလုံးသားကို တီးခတ်
စကားလုံးတွေ တရစပ် ကြွေကျခဲ့တယ်။
ကောက်ယူစားသုံးမယ့်သူမရှိ။
ဟိုး ....... အဝေးကိုကြည့်လိုက်တော့
သိပ်ကိုထူးဆန်းတဲ့ ရယ်သံ သဲ့သဲ့လေးတွေက
ကျနော့ နှလုံးသားထဲကို
တံခါးမခေါက်ဘဲ
ဝင်လာခဲ့တယ်။
ထိတ်ထိတ်ပြာပြာ ဖြစ်သွားတာက
ကျနော့လိပ်ပြာ
အိပ်ယာပေါ်ရောက်လည်း
အငြိမ်မနေဘူး။
တိမ်တွေကို ခိုစီးပြီး
လေထဲမှာ လွင့်နေတဲ့အသံတစ်သံကို
လိုက်ရှာနေမိတယ်။
(အသံကလေးကတော့ ထွက်ပြေးလို့ပေါ့ .....)
သိပ်လှတဲ့ ဒီအသံ
ခြေသံတွေ မကြားရအောင်
လေပေါ်မှာ ဖွဖွကလေးနင်းပြီး
အတင်းလိုက်ဖမ်းရတာလည်း မလွယ်လှဘူး။
အရိပ်ကိုသာ မြင်ခွင့်ရတဲ့ဘ၀မှာ
စိတ်တွေကို ကန့်သန့်ထားခြင်း
ခံနေရတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

အင်္ဂါဂြိုဟ်


ကျနော်ဟာ လူသားတစ်ယောက်ပါ။
ဒါပေမဲ့ အင်္ဂါဂြိုလ်မှာနေတယ်။
လေမရှိ ရေမရှိတဲ့အရပ်မှာ
ကျနော်ဘာကြောင့် အသက်ရှင်နေလဲ ?
သေချာတာတစ်ခုကတော့
ကျနော့်မှာ အစာမစားဘဲ
အသက်ရှင်စေတဲ့
အရာတစ်ခုရှိတယ်။
အဲဒါက ...........
အင်္ဂါနေ့မှာ ပွင့်တဲ့ပန်းကို
နမ်းရှိုက်ခွင့် ရရင်
ကျနော့်အသက်က ဆက်လို့ရပြီ။
တစ်ခါနမ်းရင်
တစ်ပတ်လောက်အထားခံတဲ့ပန်း
နေ့တိုင်းနမ်းချင်နေမိတယ်။
အင်္ဂါဂြိုလ်မှာရှိတဲ့ ပြက္ခဒိန်တွေက
ကျနော့်အတွက် အသက်ရှည်ဆေးပါပဲ။
(ဘာဖြစ်လို့လဲဆိုတော့ လတွေတိုင်းရဲ့ နေ့ရက်တွေဟာ အင်္ဂါနေ့တွေဖြစ်နေလို့ပါပဲ)
အင်္ဂါနေ့မှာ ကြားခွင့်ရတဲ့
အသံလေးကို အရမ်းချစ်တယ်။

ဆက်ဖတ်မယ်ဆိုရင် ...

စွဲလမ်းမှု


မမြင်ရတဲ့ အိပ်မက်
ရင်ကို တိုက်ရိုက်ထိတဲ့အခါ
ကမ္ဘာကြီး ရပ်တန့်သွားသလို
ခံစားရတယ်။

အိပ်မက်တွေ နိုးထ
ရင်ခုန်သံနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရပြန်တော့
ကမ္ဘာကြီးက ပိုပြီးလှလာတယ်လို့
ထင်မိပြန်တယ်။

အရင်ဘဝက
သူနဲ့ ကျနော်ဟာ
ချစ်သူတွေပါလို့ပြောချင်ပေမဲ့
ကျနော့်မှာ မျက်မြင်သက်သေမရှိခဲ့ဘူး။

အချစ်တွေ ထပ်တူညီဖို့
ဘာတွေရင်းနှီးရမလဲ
..........ပြောပါ..............
ကျနော့်မှာ အချစ်နဲ့အချစ်ပေါင်းဖို့
စွမ်းအားအပြည့်ရှိတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

တနေ့တာ


မမြင်ရသေးတဲ့ ရောင်နီဦးနဲ့အတူ ကျနော်တစ်ယောက် နိုးထလို့လာခဲ့ပြီ။ အလင်းရောင်ကို မမြင်ရသေးပေမယ့် အမှောင်ရယ်လို့ မထင်ခဲ့ဘူး။ သူမရဲ့အကြည့်တွေက အလင်းရောင်ကိုဖြိုခွင်း တစ်ကမ္ဘာလုံးကို လင်းလက်စေခဲ့တယ်လေ။ တနည်းအားဖြင့် ကျနော့်ဘဝကို မမှောင်စေခဲ့ဘူး။ (မလင်းပေမယ့် မမှောင်ခဲ့ပါ။ မှောင်နေပေမယ့် လင်းလက်နေခဲ့ပါတယ်။)



ကျနော့်ရဲ့တစ်နေ့တာခရီးကိုစတင်ဖို့ ကမ္ဘာလောကကြီးနဲ့ အရင်ဆုံးမိတ်ဖွဲ့ခဲ့တယ်။ တစ်နေ့တာ ဆိုပေမယ့် တစ်နေ့တာတွေပေါင်းလိုက်ရင်တော့ ဘဝရယ်လို့ ဖြစ်လာပြီးပေါ့။ ဘာတစ်ခုမှ မတည်မြဲတဲ့ ဘဝတွေမှာ တည်မြဲနေတဲ့ နိယာမတွေကို လိုက်ရှာကြည့်ပါ။ အမှားတွေမတည်မြဲသရွေ့ အမှန်တွေ ကလည်း တည်မြဲနေမှာမဟုတ်ပါဘူး။ အဓိက ကတော့တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ရှိနေကြဖို့ပါပဲ။ သွားလေရာအမြဲပါတတ်တဲ့ အရိပ်တွေလို စိတ်တွေကို အသိနဲ့ထိန်းချုပ်၊ မသိစိတ်ကို မြင်အောင်ကြည့်ပြီး ကမ္ဘာလောကကြီးနဲ့ ညှိယူလိုက်ရင် တည်ငြိမ်အေးဆေးတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ရမှာ မလွဲပါဘူး။
တနေ့တာရဲ့အစကို ဘယ်အချိန်လို့ သတ်မှတ်ရင်ကောင်းမလဲ။ နေ့နဲ့ည ဆိုတဲ့သတ်မှတ် ချက်တော့ရှိတယ်။ တနေ့တာရဲ့အဆုံးကို ညလို့ သတ်မှတ်လိုက် တနေ့တာရဲ့အစက နေ့ဆိုတာ အလိုလိုသိကြမှာပါနော်။ အချိန်ကိုတော့ အတိအကျ မသတ်မှတ်တော့ပါဘူး။ ကိုယ့်အစွဲနဲ့ကိုသာ မှတ်ကြပေတော့။ (လူတွေမှာ အစွဲရှိတယ်၊ အစွဲတွေကအမှန်တရားတွေဖြစ်ရင် သိပ်ကောင်းမှာပဲနော်။)တနေ့တာရဲ့အစ နေရောင်ခြည်ရဲ့အလှတရားကိုမြင်ခွင့်ရဖို့ ကျနော်တို့အားလုံး ကမ္ဘာကြီးကို ခိုစီးပြီး ခရီးနှင်ခဲ့ကြတယ်။ အကွေ့အကောက်တွေများပေမယ့် သွားရမယ့်လမ်းက ဒီတစ်လမ်းပဲရှိတာ။ စမ်းတဝါးဝါးလျှောက်ရင်း လမ်းမှာအိပ်စက်ရတဲ့ ညတွေလဲ များပြီ။ အခုညကလဲ အရင်ညတွေလိုပဲ။ နောက်ညတွေလဲ အခုညလိုပဲနေမှာပါ။ (တိတ်ဆိတ်ငြိမ်သက်လျှက်.) တိတ်ဆိတ်ခြင်းက ညရဲ့ အလှပါ။ အိပ်မက်တွေကတော့ အနက်ရောင်ခြုံထားတဲ့ အမှောင်ညတွေအလယ်မှာ သင်းပျံ့ မွှေးကြိုင်စွာ ဖူးပွင့်နေကြလေရဲ့။ အရောင်အဆင်းကင်းတဲ့လေကို ရှူရှိုက်ရင်း ညနက်ကြီးတစ်ခုကို ဖြတ်သန်းကျော်လွန်ခွင့်ရတော့မယ်။ နေ့တာတွေရှည်ပြီး ညတာတွေတိုတဲ့အခါ အိပ်မက်တွေကို နှမျှောတယ်။ ညတာတွေရှည်ပြီး နေ့တာတွေတိုတဲ့အခါ အိပ်မက်တွေထွက်ပြေးသွားမှာ စိုးရိမ် နေမိတယ်။ နေ့တွေ ညတွေကိုဖြတ်ရင်း လမ်းပျောက်ခဲ့တာလဲ အခါခါပါပဲ။
ကမ္ဘာမြေကြီးကတော့ ခုတ်မောင်းဆဲ။ ...................................
မသဲမကွဲမြင်ရတဲ့ သူမရဲ့အရိပ်ကို ပုံဖော်ကြည့်ရင်း မိုးလင်းလို့လာခဲ့ပြီ။ နေမင်းကြီးရဲ့ အကြင်နာအလင်းတွေက ညကမ္ဘာကိုတိုက်ဖျက် အလင်းရောင်ကိုမြင်ခွင့်ပေးခဲ့ပြီ။ အာရုံဦးလေကို ရှူရှိုက်ခွင့်ရခဲ့ပြီး။ လူတွေလဲ သွားလာလှုပ်ရှားနေကြပြီ။ စကားလုံးတွေလဲ အသက်ဝင်လာခဲ့ပြီ။ (ကိုယ်ကြိုက်တဲ့စကားလုံးတွေကိုပဲ သိမ်းထားလို့ရရင်ကောင်းမှာပဲနော်။) မြူမှုံတွေ က နေတဲ့ အလှကိုလည်း မြင်ခွင့်ရခဲ့ပြီ။ မမြင်ရတာက ပျောက်ကွယ်သွားတဲ့ည။ တမ်းတမ်းတတရှိနေတာ သူသိပါ့မလား ? သွားလာလှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်း ရင်မောနေမိတယ်။ စကားလုံးတွေ လဲလှယ်တဲ့ပွဲကို တစ်ပွဲပြီးတစ်ပွဲ ကျင်းပနေကြလေရဲ့။ အနိုင်အရုံးတွေက အဓိကမကျပါဘူး။ လူတိုင်းသိထားရမှာက ကိုယ်သုံးလိုက်တဲ့ စကားလုံးတွေနဲ့ တခြားသူတွေကို မထိခိုက်စေဖို့ပါပဲ။ ခိုက်ရန်ဒေါသဖြစ်တယ်ဆိုတာ မကောင်းဘူး။ ဟန်ဆောင်ပြီးပြုံးတဲ့အပြုံးတွေနဲ့ ရင်မဆိုင်ချင်ဘူး။ စကားမဟုတ်တဲ့စကားတွေကို နားမထောင်ချင်ဘူး။ တစ်ယောက်တစ်မျိုး ရူးနေကြတဲ့ကမ္ဘာမှာ မရူးတဲ့သူက အရူးပဲ။ (ရူးလို့ပြောတယ်မထင်ပါနဲ့၊ ကျနော်သူ့ကို တကယ်ချစ်တာပါ။)
စိတ်သစ်လူသစ်နဲ့ လမ်းလျှောက်ချင်တယ်။ စိတ်ရှိလက်ရှိချစ်ဖို့ ကျနော့်မှာ အင်အားအပြည့်ရှိတယ်။ အလင်းရောင်တွေနဲ့ ကျနော့်အချစ်တွေကို ပေးမတွေချင်ဘူး။ သူများမြင်မှာစိုးလို့။ ရိုးတာကို အ,တယ်လို့ ပြောချင်ကြသလို၊ မရိုးတဲ့သူတွေကိုတော့ လည်တယ်လို့ ပြောချင်ကြတယ်။ ခင်ဗျားရော ရိုးချင်သလား? မရိုးချင်သလား? လူ့လောကကြီးက မနေပျော်ပါဘူး။ တနေ့သေရမှာ သိလျက်နဲ့ အမုန်းမပွားသင့်ဘူးနော်။ ခံစားချက် ရှိသူတွေ ခံစားရတဲ့အခါ ခံစားချက်မရှိသူတွေ မခံစားရတာ သဘာဝကျလား ? အပြန်အလှန်ထားတဲ့ မေတ္တာတွေမှာ တူညီမှုရှိသလား ? တစ်ခါတလေကြ ဝေဝါးနေတာပဲကောင်းတယ်။ သောက်စရာ မရှိတဲ့အခါ အရမ်းသောက်ချင်တဲ့ရောဂါကလဲ မသေးဘူး။ အဝေးမှာနေနေရပေမယ့် နီနေသလိုပါပဲ။ စွဲလမ်းတမ်းတမှုတွေနဲ့ ကျနော် အမြဲတစ်ထပ်တည်းကျနေခဲ့တယ်။
ပြင်လို့မရတဲ့အမှားတွေကို မှားမှန်းသိသိကြီးနဲ့ စွဲလမ်းနေမိတယ်။ လူသားအားလုံးပျော်ရွှင်ဖို့ ကျနော် မရယ်ရဘူးဆိုရင် တသက်လုံး မရယ်ဘဲနေနိုင်ပါတယ်။ အဓိပ္ပါယ်မရှိတဲ့ အတွေးတွေနဲ့ ကမ္ဘာကြီးကို ခိုစီးပြီး ခရီးနှင်ရတာ အားနာလာတယ်။ နေမင်ကြီးကတော့ သာဆဲ ညမင်းကြီးကတော့ နေမင်းကြီး အလာကို စောင့်ရင်း လူတွေရဲ့အတွေးတွေကို ကြည့်ပြီး ပြုံးနေလေရဲ့။(ဘာတွေရေးနေတာလဲ လို့တော့ လာမမေးနဲ့။) ရက်ရက်စက်စက်လှတဲ့ ကောင်းကင်ကြီးကို ချစ်တယ်။

ဆက်ဖတ်မယ်ဆိုရင် ...