Saturday, August 30, 2008

for a Moment


ခဏလောက်ဖြစ်ဖြစ်ပေါ့။

ဒီရက်ပိုင်းမှာ ကျွန်တော့်စိတ်ကိုကျွန်တော် မထိန်းသိမ်းနိုင် ဖြစ်စရာလေးတွေ တွေ့ကြုံနေရတယ်။ ကိုယ့်ကိုကိုယ် ပြန်စီစစ်စရာလေးတွေ ရှိလာတယ်။ စိတ်ရှုပ်စရာတွေလည်း လုပ်နေရတယ်။ အဲဒီတော့ ခဏလောက်ဖြစ်ဖြစ် ကျွန်တော် စိတ်အစာပြေ ရှောင်ပုန်းချင်လာတယ်။ ဒီအချိန်မျိုးမှာ ဒီစာလေးကိုတော့ ငါဖတ်အုံးမှဆိုပြီး စာတစ်ပုဒ် ဖတ်နေမိပါတယ်။ ဘလော့ဂ်လေးကိုလည်း သတိတွေအရမ်းရနေတော့ အခုကျွန်တော် ဖတ်နေတဲ့ စာလေးမှာ ကျွန်တော်ကိုယ်တိုင် သဘောကျမိလို့ မျဉ်းသားမိတာလေးတွေကို ပြန်ဝေမျှလိုက်တယ်။ စာတစ်ပုဒ်လုံးမပေးမိလို့ တောင်းပန်တယ်။ ဖတ်မိပြီးသားသူတွေက စိတ်ဆိုးမိကြမှာပါ။ ဘာလို့လည်းဆိုတော့ ဒီစာက တစ်ပုဒ်လုံးဖတ်မှ ပိုလို့တန်ဖိုးရှိတာကိုး။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်ကြိုက်တာလေးတွေကိုပဲ ဖော်ပြလိုက်တယ်။ ဒီအထဲကနေ တွေးစရာ၊ စိတ်ကျေနပ်စရာ တစ်ခုလောက် ဖတ်မိသူတွေ ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။



“အကျိုးရှိအချိန်”

သဘာဝတရားက လူတွေအပေါ် တန်းတူညီမျှ အတူတူထားတာတစ်ခု ရှိတယ်ဆိုရင် အဲဒါ အချိန်ပါပဲ။

ဖြုန်းပစ်တဲ့ အချိန်တွေက အသက်ရှင်ဖို့သက်သက်သာ။ အသုံးချတဲ့ အချိန်တွေကတော့ ဘဝ။

အချိန်ကိုအသုံးချပုံဟာ ကံကြမ္မာပဲ။

လောကကြီးမှာ နေရတဲ့အခိုက်အတန့် အချိန်ကို ဘယ်လိုကုန်စေမလဲဆိုတဲ့ ပြဿနာဟာ လူတစ်ယောက်ချင်းစီရဲ့ အရေးကြီးဆုံး ပြဿနာ။

ဘာရလာဒ်မှ မမျှော်မှန်းဘဲ အလိုက်သင့်အလျားသင့် အချိန်ကုန်သွားတဲ့ လူတွေလည်း ရှိပါတယ်။

အကျိုးရှိအချိန်ဆိုတာ ကြုံသလိုကျသလို ကုန်တဲ့ ဝေလေလေ အချိန်တွေ မပါပါဘူး။

ကိုယ့်ဘဝ ဘယ်ကိုသွားနေသလဲ။ ကိုယ်ဘာကို လိုချင်သလဲ။ ကိုယ်တန်ဖိုးထားတာက ဘာလဲဆိုတာတွေကို မသိရင် အချိန်ကို အကျိုးကျိုးရှိရှိ သုံးရာရောက်မှာ မဟုတ်ဘူး။

“Know Thyself - ကိုယ့်ကိုကိုယ်သိပါ။”

လူဟာ သူ့ကိုယ်သူ မရှာဖွေပဲနဲ့ ပတ်ဝန်းကျင် အခြေအနေရဲ့ လှုံ့ဆော်ချက်တွေအတိုင်း လှုပ်ရှားနေတာလို့ ဆိုပါတယ်။

ခင်ဗျားရဲ့စိတ်ထဲမှာ နောက်ဆုံး လှုပ်ခတ်သွားလောက်အောင် ဖြစ်ခဲ့တာ ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘယ်လိုဖြစ်ခဲ့သလဲ။

ကိုယ့်အလုပ်နဲ့ မပက်သက်ပေမဲ့ ကိုယ်ဘယ်နေရာမှာ တော်သလဲဆိုတာ ပြန်ကြည့်ရင် ကိုယ့်ကိုကိုယ် ပြန်တွေ့နိုင်ပါတယ်။

ငါ ဘာစိတ်ကူးလေ့ရှိသလဲဆိုတာကို ပြန်ကြည့်ခြင်းအားဖြင့်လည်း မိမိရဲ့ ငါကို တွေ့ရပါလိမ့်မယ်။

မိမိရဲ့ စိတ်သဘာဝ ရင်ထဲက သဘာဝလေးတွေကို ဖော်ထုတ်ကြည့်သလိုပဲ ကိုယ့်မှာရှိနေတဲ့ တန်ဖိုးတွေ အသိစိတ်တွေကိုလည်း ဖော်ထုတ်ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ့်ကိုကိုယ် သေကြည့်ဖို့ အကြံပေးထားဖူးပါတယ်။ အဲဒီအခါမှာ ဘဝဟာ ဘယ်လိုနေထိုင်မှ၊ ဘယ်လိုကျင့်ကြံမှ၊ ဘယ်လိုဆောင်ရွက်မှ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ တန်ဖိုးတွေကို တွေ့ရှိလာပါလိမ့်မယ်တဲ့။

“ငါ” ကို သစ္စာရှိဖို့ လိုပါလိမ့်မယ်။

အချိန်ကို စီမံခန့်ခွဲမှုကတော့ “ပထမအလုပ်ကို ပထမလုပ်”ဆိုတဲ့ စကားလေးပါပဲ။

“ပထမအလုပ်” ဆိုတာကလည်း မိမိ အကျိုးရှိရာရှိကြောင်း ပထမထားတဲ့ ကိစ္စရပ်ဖြစ်ကြတဲ့အတွက် တစ်သီးပုဂ္ဂလကိစ္စ ဖြစ်ပါတယ်။

ငါ့ကိုယ်ငါမသိရင် ငါ့ရဲ့ ပထမအလုပ်ဆိုတာကို သိမှာမဟုတ်ပါဘူး။

အချိန်ကို စီမံခန့်ခွဲတော့မယ်ဆိုရင် အခြေခံအကျဆုံး ပထမအချက်ကတော့ “မိမိကိုယ်ကို မိမိ သစ္စာရှိရေး” ဖြစ်ပါတယ်။

အဲဒီလို ပြဌာန်းခြင်းဟာ “ခေါင်းဆောင်မှု”ရဲ့ သဘောပါ။ အဲဒီအလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဟာ “စီမံခန့်ခွဲမှု”ရဲ့ သဘောပါ။

အရေးကြီးတယ်ဆိုတာကတော့ များသောအားဖြင့် ရလာဒ်နဲ့ နွယ်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။

လူအတော်များများဟာ အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားမသိဘဲနဲ့ ချက်ချင်းအလျင်စလို လုပ်ရမယ်ဆိုတာကိုပဲ တုံ့ပြန်နေတတ်ကြပါသတဲ့။

အကျိုးရှိ အချိန်ရဲ့ အဓိက အသည်းနှလုံးဟာ အလျင်စလို လုပ်ဖို့မလိုပါဘူး။ ဒါပေမဲ့ အရေးကြီးတယ်။

ထိထိရောက်ရောက် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြဿနာ အာရုံစိုက်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူးတဲ့။ သူတို့ဟာ အခွင့်အလမ်းရှာနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ပါသတဲ့။

တကယ်လို့ နေ့စဉ်နေ့တိုင်း မှန်မှန်လုပ်ခဲ့လို့ရှိရင် ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဘဝမှာ ထူးထူးခြားခြား အပြောင်းလဲကြီး ပြောင်းလဲနိုင်တဲ့ အလုပ်ဟာ ဘာအလုပ်ပါလဲ။

နေ့တိုင်းသာ လုပ်သွားနိုင်ရင် ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းဘဝမှာ ထူးထူးခြားခြား အပြောင်းအလဲကြီး ဖြစ်စေနိုင်တဲ့အလုပ်ဟာ ဘာအလုပ်ပါလဲ။

အဲဒီအလုပ်ဟာ များသောအားဖြင့် ချက်ချင်းထ အလျင်စလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အရေးကြီးပါတယ်။

ဘဝရဲ့ ကိစ္စတချို့ကို ငြင်းရဲတဲ့ သတ္တိ ကျွန်တော်တို့မှာရှိဖို့ လိုပါတယ်။

ခွင်တစ်ခွင်မှာ အောင်မြင်တာနဲ့ တခြားတစ်ခွင်မှာ ကျဆုံးသမျှကို အစားထိုးရနိုင်တယ်လို့ လူတော်တော်များများက ထင်တတ်ကြပါတယ်။ တကယ်ရော ဟုတ်ပါရဲ့လား။

တကယ့် ထိထိရောက်ရောက်ဘဝမှာ နေမယ်ဆိုရင်တော့ ခွင်တိုင်း ဟန်ချက်ထိမ်းထားနိုင်ဖို့ လိုမှာပေါ့။
*************************************************************

ကျွန်တော်ဖတ်မိသမျှထဲက ကြိုက်တာလေးတွေကို ပြန်ဝေမျှတာပါပဲ။ အားလုံးသော စကားစုလေးတွေမှာ ကျွန်တော်ကကြိုက်ဆုံးကတော့ “အချိန်ကို အသုံးချပုံဟာ ကံကြမ္မာပဲ” ဆိုတဲ့ စကားစုလေးပါပဲ။ စာကိုးကတော့ ဆရာတင်မောင်သန်းရဲ့ အကျိုးရှိအချိန်ဆိုတဲ့ ဆောင်းပါးလေးပါ။ မုံရွေးကနေ ဆရာ့ဆောင်းပါးတွေ စုပြီးထုတ်ထားတဲ့ စာအုပ်လေးကနေ ဖတ်လိုက်ရတာပါ။

အကျိုးရှိအချိန်တွေနဲ့ ကျွန်တော့်ရဲ့ ကံကြမ္မာတို့ကို ကျွန်တော်လွမ်းနေရတယ်။ စိတ်မတည်ငြိမ်စရာ အဖြစ်အပျက်လေးတွေရှိနေလို့ ကျွန်တော် ခဏတော့ ပျောက်နေမယ်ဗျာ။ အရိုးဆုံး ဝန်ခံရရင် E-Journal လေးကို ခုကတည်းက လွမ်းနေပါပြီ။ သူ့သက်တမ်းလေးလည်း တနှစ်ပြည့်တော့မှာပါ။ October 14, 2007 မှာ ပိုစ့်တစ်ခုနဲ့ စတင်ခဲ့တာကိုး။ တနှစ်ပြည့်မတိုင်ခင်တော့ ကျွန်တော်ပြန်လာနိုင်အောင် ကြိုးစားမယ်။

ကျွန်တော်မရှိသော်လည်း အတူတူ ရေးဖော်၊ ရေးဖက်တွေ ဆက်လက်လို့ ရှင်သန်ပေးစေချင်ပါတယ်။ ဆက်လက် အသက်ဆက်ပေးနေဖို့ တောင်းလည်း တောင်းဆိုပါတယ်။ တခြားသူတွေ အလည်လာအောင် ကိုယ်တိုင်လည်း အလည်သွားရင်း မိတ်ဆက်ပေးမှလည်း ပျော်စရာပါ။ အချိန်ပေးနိုင်သလောက် သွားလည်ပေးကြပါ။ ပြုပြင်စရာတွေ ရှိလာမယ်ဆိုရင်လည်း အတူတကွ ကောင်းမယ်ထင်တာသာ လုပ်ကြပါ။ ကိုတာတူးနဲ့ ကိုကေဇက်တို့က အားလုံးပြုပြင်နိုင်တဲ့သူတွေပါ။

အားလုံး ဆက်လက်လို့ ပျော်ရွှင်စွာ ဘလော့ဂ်ဂင်းနိုင်ကြပါစေ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 28, 2008

လူတွေမျက်နှာကိုမကြည့်ချင်ဘူး....

မယ်တို့ ကျောင်းသူဘ၀တုန်းကပေါ့...
မယ့်တို့ ကိုစာသင်ပေးတဲ့ဆရာမကြီးတစ်ယောက်ကပြောဖူးတယ်....
"လူတွေမျက်နှာကိုမကြည့်ချင်ဘူး....လူတွေမျက်နှာကိုမှတ်မထားချင်ဘူးတဲ့...."
မယ်တို့ ကငယ်လည်းငယ်သေးတော့ ဆရာမကြီးပြောတာကိုနားမလည်ဘူး....
တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာ....
လုပ်ငန်းခွင်ထဲရောက်လာမှဆရာမကြီးပြောတဲ့စကားမှန်တယ်ဆိုတာသိလာတယ်..... လူတွေမျက်နှာကိုကြည့်မိရင်....


သူတို့ မျက်နှာမှာပေါ်နေတဲ့ခံစားချက်တွေကိုကိုယ်ကသိနေတာကို....
သူတို့ မျက်နှာတွေက ကိုယ့်ကိုလိုလားတာ....မလိုလားတာ....
ကိုယ်စီကမျှော်လင့်နေတာတွေ....ကိုယ်ကသိနေနားလည်တတ်လားပြီကို...
အဲဒီအချိန်မှာ...သူတို့ မျက်နှာတွေကြည့်မိတဲ့အချိန်မှာ...
ကိုယ့်ကိုမလိုလားဘူးဆိုတာသိရင်...ကိုယ်ပဲစိတ်အနှောက်အယှက်ဖြစ်ရမယ်....
ကိုယ့်စီကသူတို့ မျှော်လင့်နေတဲ့အရာကိုကိုယ်ကမပေးနိုင်ရင်...
ကိုယ်ပဲစိတ်မကောင်းဖြစ်ရမယ်.... *****************************************************************
အဲဒါနဲ့ မယ်စဉ်းစားလိုက်တယ်...
လူတွေမျက်နှာကိုမကြည့်မိအောင်နေဖို့ လေ...
ဒီလိုကျတော့လည်းမဖြစ်သေးပြန်ဘူး....
လူတွေမျက်နှာကိုမကြည့်မိတော့...
သူတို့ ရဲ့ သဘောထားအမှန်ကိုမသိနိုင်ပြန်ဘူး.....
သူတို့ မျက်နှာကိုမကြည့်မိလို့ သူတို့ ခံစားချက်အစစ်အမှန်ကိုမသိလို့ ...
သူတို့ အပေါ်ယုံကြည်စိတ်ချမိရင်ကိုယ်ပဲဒုက္ခရောက်နိုင်တယ်လေ....
ဒါကြောင့်အကောင်းဆုံးကဘာဖြစ်မလဲလို့ မယ်စဉ်းစားကြည့်တယ်...
လူတွေမျက်နှာကိုမကြည့်ချင်လို့ မကြည့်ပဲနေဖို့ မလိုပါဘူး....
လူတွေမျက်နှာကိုကြည့်တတ်ဖို့ ပဲလိုတယ်ဆိုတာကိုပါ....
ကိုယ်ရဲ့ ခံစားချက်ကိုသူများတွေအပေါ်မမှီခိုပဲနေနိုင်အောင်ကြိုးစားဖို့ ပါ...
လူ့ ပတ်ဝန်းကျင်မှာကျင်လည်နေသမျှ ...
လူတွေမျက်နှာကိုမကြည့်ချင်ပေမဲ့...
ကြည့်တတ်အောင်ကြည့်နေရဦးမှာမို့ ....
လူတွေမျက်နှာကိုကြည့်တတ်ကြပါစေလို့ ဆုတောင်းပေးပါတယ်...

မယ်(5း58pm.28.8.2008)

ဆက်ဖတ်မယ်ဆိုရင် ...

ညီလေးသို့ပေးစာ (ဝန်ချတောင်းပန်ခြင်း အနုပညာ)


ဝန်ချတောင်းပန်ခြင်း အနုပညာ

“ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့မှ တစ်ပါးပါးသောကံဖြင့် ကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ…..”

“သြကာသ ကန်တော့ချိုး” မှ


“အခြားသူတွေနဲ့ အတူရှိနေတဲ့အခါ မိမိရဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတိုင်းဟာ အခြားသူတွေကို အနှောင့်အယှက် မဖြစ်ဖို့က နံပတ်တစ်ပါပဲ။ အဲဒီတော့ “အပ္ပမာဒေန သမ္မာဒေထ” မမေ့မလျော့ မပေါ့မဆ ထာဝစဉ် သတိပဋ္ဌာန်ဓမ္မ နဲ့ နေဖို့ပါပဲ။”


……………………………………………………………………………………………………………………………………......
ညီလေးရဲ့ အပြုအမူတစ်စုံတစ်ရာဟာ တစ်ဖက်သားအပေါ်မှာ ဘယ်လိုသက်ရောက်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ညီလေးမှာ တာဝန်ရှိပါတယ်။ပုထုဇဉ်ဟူသမျှမှာ ခြွင်းချက်မရှိ ပြည့်စုံတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါ့အပြင် တစ်ခါတလေ အမှားတွေကို ကျူးလွန်တတ်ကြပါသေးတယ်။ ဒါကြောင့်လည်း ဝန်ချတောင်းပန်ရမယ့် အကြိမ်ပေါင်းများစွာ ကိုကြီးတို့မှာ ရှိနေတာ အသေအချာပါ။



အဲ အင်မတိ အင်မတန် ရှုပ်ထွေးခက်ခဲနက်နဲတဲ့အရာကတော့…. ကိုယ့်ဘဝမှာ အရေးကြီးဆုံးလူတွေကို ဝန်ချတောင်းပန်ဖို့ဆိုတာ ဘဝမှာ အခဲယဉ်းဆုံးဖြစ်နေတာပါပဲ။ ကိုကြီးအထင်တော့ ဝန်ချတောင်းပန်လိုက်တာကြောင့် ငြင်းပယ်စွန့်ပစ်ခြင်းခံရတဲ့အထိ ထိခိုက်နာကျင် ဒဏ်ရာရသွားမှာ စိုးရိမ်ကြတာကြောင့်ပဲ ဖြစ်မှာပါ။ ဝန်ချတောင်းပန်တယ်ဆိုတာ “ကျနော်ဟာ ထင်ထားသလောက် မပြည့်ဝပါဘူး”လို့ ကိုယ့်ဘာသာ ဖွင့်ဟဝန်ခံလိုက်တာပဲကိုး။ ဒါကြောင့် ကိုယ်ချစ်ခင်မြတ်နိုးသူတွေက ကိုယ့်ရဲ့ မပြည့်ဝခြင်းတွေကို ရှာဖွေတွေ့ရှိသွားကြပြီး စွန့်ခွာသွားကြမှာ စိုးရိမ်ကြောက်လန့်နေကြတာပါ။

တကယ်တော့ ကြောက်စရာ မလိုပါဘူး။ စောစောကပြောခဲ့သလိုပဲ ပုထုဇဉ်အားလုံးမှာ ခြွင်းချက်မရှိ ပြည့်စုံတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါ့အပြင် တစ်ခါတလေ အမှားတွေကို ကျူးလွန်တတ်ကြပါသေးတယ်။ ကိုယ့်ရဲ့အမှားတွေကို ဖွင့်ဟဝန်ခံခြင်းဆိုတာ ”ကိုယ့်ကိုယ်ကို ချစ်တတ်အောင်”နဲ့ “ကိုယ့်လိုပဲ မပြည့်ဝ၊မပြည့်စုံတဲ့ အခြားလူသားတွေကို ချစ်တတ်အောင်” သင်ကြားပုံ၊သင်ကြားနည်း ပါပဲ။

ကောင်းမွန်သင့်လျော်တဲ့တောင်းပန်ခြင်းဟာ ဘယ်လိုမျိုး ဗုံးစံနက်တံကိုမဆို ပြုတ်ထွက်သွားစေနိုင်သလို နုံချာတဲ့ ဝန်ချတောင်းပန်ခြင်းကလည်း မကောင်းတဲ့ အခြေအနေကို ပိုလို့ဆိုးစေမှာ အသေအချာပါ။ နာကျင်ခံခက် ဒေါသထွက်နေတဲ့သူတွေဟာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ အခြေအနေမှာ ရှိမနေကြပါဘူး။ ဒါကြောင့် အဲဒီအချိန်မှာ သူတို့ကိုသွား တရားပြနေရင် “ဖွတ်မရ ဓားမဆုံး” ညီလေးပဲ အတုံးအရုံး ပြေးခဲ့ရပါလိမ့်မယ်။

ကောင်းမွန်သင့်လျော်တဲ့ ဝန်ချတောင်းပန်ခြင်းဆိုတာ တိုက်ရိုက်ဖြစ်ရမယ်။ ရိုးစင်းရမယ်။ ပြီးတော့ ပွင့်လင်းရပါမယ်။

(၁) လူကိုယ်တိုင် ဝန်ချတောင်းပန်ပါ။

အကယ်၍ အခြေအနေမပေးဘူး၊ မဖြစ်နိုင်ဘူးဆိုရင်တောင် မှတ်စုအတိုလေးကို ကိုယ့်လက်ရေးနဲ့ ကိုယ်တိုင်ရေးပါ။ စာမရိုက်ပါနဲ့။ အီးမေး မပို့ပါနဲ့။ အသင့်လုပ်ပြီးသားကဒ် မဝယ်ပါနဲ့။ အလိုအလျောက်ဖုန်းဖြေစက်ထဲမှာ သတင်းစကား မထားခဲ့ပါနဲ့။

(၂) တကယ့်စစ်မှန်တဲ့ စိတ်မကောင်းခြင်းနဲ့ ဝန်ချတောင်းပန်ပါ။

ညီလေးကလည်း ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က ညီလေးရဲ့ အပြုအမူ၊လုပ်ဆောင်ချက်ကြောင့် နာကျင်ခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်ရဲ့နာကျင်မှုကို စာနာသနား စိတ်မကောင်းဖြစ်ပါ။ ညီလေးရဲ့ စိတ်ရင်းစေတနာကောင်း၊ ရည်ရွယ်ချက်ကောင်းကို မေ့ထားပြီးတော့ မရည်ရွယ်ခဲ့တဲ့ နောက်ဆက်တွဲဖြစ်ရပ်ကို အာရုံစိုက်ပါ။

(၃) ရိုးစင်းတဲ့ သတင်းနဲ့ တောင်းပန်ပါ။

ဒီအချိန်ဟာ ရယ်ရွှင်ဖွယ် စကားလုံးတွေ၊ ဝါကျတည်ဆောက်ပုံတွေ သုံးရမယ့် အချိန်မဟုတ်ပါဘူး။ ဆိုလိုရင်းကို ချက်ချင်းရောက်ပါစေ။ အကောင်းဆုံး နိဒါန်းကတော့ “ကျနော် စိတ်မကောင်းပါဘူး”ဆိုတာပါပဲ။ ပြီးမှ ကိုယ်စိတ်မကောင်းတဲ့အကြောင်း ထုတ်နှုတ်ဖော်ပြချက် အတိုကလေးရယ်၊ အဲဒီလူရဲ့ ခံစားချက်ကိုအသိအမှတ်ပြုကြောင်းရယ်၊ နောက် ကိုယ့်ကြောင့်ဖြစ်ရတဲ့နာကျင်မှုကို ကုစားဖို့ ဘာပဲလိုလို ပြုလုပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ အဆုံးသတ်ပါ။

တစ်စုံတစ်ယောက်က သူရဲ့အမှားတွေအတွက် တာဝန်ယူဖို့ ရှောင်ကြဉ်တဲ့အခါမှာတော့ “မှားယွင်းတာ လူသား၊ ခွင့်လွှတ်တာ ဘုရား” ဆိုတဲ့စကားကို အာရုံထားပါ။ ခွင့်လွှတ်ခြင်းကို ရှာဖွေတဲ့အခါ၊ ဘုရားကို တွေ့မှာပါ။
……………………………………………………………………………………………………………………………………......

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, August 27, 2008

ပျော်ရွှင်ပါရစေ....


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 26, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၄)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

အတွင်းမှအပြင်သို့ ချစ်ခြင်းမေတ္တာ

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။

(ဗုဒ္ဓ )

“မေတ္တာဆိုတာ စိတ်မှာလွတ်လပ်သူ၊ စိတ်ဓာတ်အင်အားကြီးမားသူ၊ စိတ်မှာပြည့်စုံနေသူရဲ့ စိတ်မှာ အလိုအလျောက် ဖြစ်လာတာ။ လုပ်ယူရတာ မဟုတ်ဘူး။”

(ဦးဇောတိက)

“မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြစ်သည်။”

မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်းဆိုတာ မဖြစ်မနေ လုပ်ရမယ့် အရာပါ။ ခင်များကိုခင်များ အရင် ဖြည့်မထားရင် သူတစ်ပါးကို ပေးစရာ ဘာမှရှိမှာ မဟုတ်ပါ။



ခင်များရဲ့ ပျော်ရွှင်မှုကို ပထမဦးဆုံး စဉ်းစားပါ။ သင့်ပျော်ရွှင်မှုဟာ သင့်ဝန်တာ။ ကိုယ့်ပျော်ရွှင်မှု ကို ကိုယ်တာဝန်ယူပြီး ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေ ခင်များလုပ်တဲ့အခါ ခင်များဘဝနဲ့ ပတ်သက်ဆက်နွယ်သမျှသူတိုင်းအတွက် ခင်များကိုယ်တိုင်ဟာ ပျော်ရွှင်ခြင်း စံနမူနာဖြစ်လာပါတော့တယ်။ ခင်များ ပျော်ရွှင်လာပြီဆိုရင် သူတစ်ပါးကို ဝေမျှဖို့ဆိုတာ ထည့်သွင်းစဉ်းစားစရာ မလိုတော့ပါဘူး။ သူ့အလိုလို စီးဆင်းသွားပါလိမ့်မယ်။

ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

FLOWER!!!


အိန္ဒိယနိုင်ငံ...ချန်ဒီကဒ်မြို့ က.... ပန်းပွဲတော်ကပုံတွေပါ....
တစ်နှစ်တခါကျင်းပတဲ့ .... ပန်းပွဲတော်ကပြိုင်ပွဲဝင်တဲ့ပန်းတွေပါ.....

သူငယ်ချင်းတစ်ယောက်ရဲ့ camera နဲ့ ရိုက်ထားပြီး....
movie maker သုံးပြီး movie file လုပ်ထားတာပါ....

video

အားလုံးနှစ်သက်နိုင်ကြပါစေ.......

မယ် ( 6း45pm.26.8.08)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, August 25, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၃)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

အတွင်းမှ အပြင်သို့ ဆက်ဆံရေး

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
(ဗုဒ္ဓ )


“ပထမဦးဆုံး ကိုယ်က သူတစ်ပါးကို နားလည်အောင် ကြိုးစားပါ။ ပြီးတော့ ကိုယ်ကို့ သူတစ်ပါးက နားလည်အောင် ကြိုးစားပါ။”

မာရေးသျှင် သတင်းနှင့် အတွေးအမြင် ... .. .” မှ

ဒါကြောင့် အတွင်းမှအပြင်သို့ဆက်ဆံရေးမှာလည်း မိမိကိုယ်ကို နားလည်အောင် ကြိုးစားဖို့က ပထမဖြစ်ပါတယ်။




“တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တစ်ဖက်သားကို အောင်နိုင်ခြင်းပါပဲ။ တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို သူ့အပေါ် ပြုမူဆက်ဆံလိုက်ဖို့ပါပဲ။”


ကျနော်တို့ သူများတွေက မိမိအပေါ် ပြုမူဆက်ဆံစေချင်သလို မိမိကိုယ်ကို ပြုမူဆက်ဆံဖြစ်ကြပါသလား။

ကျနော်တို့ရဲ့ ကာယကံမှုတွေဟာ ကျနော်တို့ရဲ့ မနောကံမှုက လာတာပါ။ ဒီတော့ ခင်များကိုခင်များ ချစ်ချစ်ခင်ခင်၊ လေးလေးစားစား မဆက်ဆံခြင်းဟာ “ခင်များဟာ မလေးစားထိုက်သူပါ၊ မချစ်ခင်ထိုက်သူပါ”လို့ ခင်များကိုယ်တိုင် ကြေညာနေတာပါပဲ။ ဒါကြောင့်ပဲ လူတွေရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းဆိုတာ ခင်များ မကြုံဖူးတာပေါ့။တကယ်တော့ အဲဒီလူတွေက အကျိုးတရားသက်သက်မျှသာ။ တကယ့်အကြောင်းတရားက ခင်များကိုယ်တိုင်ရဲ့ အတွေးတွေပါ။

ဒီတော့ အရင်ဆုံး ခင်များကိုခင်များ ချစ်ချစ်ခင်ခင်၊ လေးလေးစားစား ဆက်ဆံပါ။ ခင်များရဲ့ ဘဝမှာ ချစ်ခင်လေးစား အားထားသူတွေ ဝိုင်းဝိုင်းလည်လာမှာ အသေအချာ။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

ဆက်ဖတ်မယ်ဆိုရင် ...

H5N1 *(CO2) P

ကျနော့်ကဗျာလေးအတွက် ဆရာသုက မှတ်ချက်ရေးပါတယ်။
ဆရာသုရဲ့ မှတ်ချက်အတွေးကို ကျနော်က ကဗျာ ပြန်ရေးလိုက်ပါတယ်။
ဟဲ ဟဲ... ပျော်လို့ပါ။
ဆရာသု.... “သာဓု သာဓု သာဓု” ခေါ်ပါတယ်။
ဆရာသုလို လူများ ဤကမ္ဘာ၌ တိုးပွားပါစေသောဝ် ....
H5N1 *(CO2) P

ထိုငှက်
အိမ်စဉ်တက်
ကူးစက်
ကုရခက်။……။

မာရေးသျှင်

*CO2 = Coo = ချိုးကူသည်။



ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 24, 2008

H5N1 *(CO2)

H5N1 *(CO2)

ခိုငှက်
အိမ်စဉ်တက်
ကူးစက်
ကုရခက်။.....။

မာရေးသျှင်

*CO2 = Coo = ခိုညည်းသည်။

ဆက်ဖတ်မယ်ဆိုရင် ...

I don't wanna see these nut-case.


အရူးဘုံမှ အရူးဒီရေတက်သွားသူများ


ကျွန်တော်တို့ အလုပ်နားမှာ စားစရာတွေ ရောင်းတဲ့ ဆိုင်လေးတွေ ရှိတယ်။ လ္ဘက်ရည်ဆိုင်၊ အသုပ်ဆိုင်၊ ကွမ်းရာဆိုင် စသဖြင့်ပေါ့။ သူတို့တွေအများစုကတော့ နယ်ကနေတက်လာကြပြီး စီးပွားရေးလုပ်စားနေကြတာ။ အလုပ်ကြမ်းရော၊ အခုလိုဆိုင်လေးတွေထွက်တာရော၊ ခေါင်းရွက်ဗျက်ထိုးရောင်းကြတာရော အစုံပါပဲ။ ပညာအရည်အချင်းကတော့ ပြောစရာမလိုအောင်ပါပဲ။ သူတို့စိတ်ဝင်စားတာ အကုန်တတ်တယ်။ စိတ်မဝင်စားရင် ဘာမှမတတ်တော့ဘူး။ ဥပမာ အင်္ဂလိပ်စာမတတ်သော်လည်း ဖဲချပ်တွေကို ကောင်းကောင်းကြည့်တတ်တယ်။ နေတာကတော့ ဒီလိုပါပဲ။ ကျူးကျော်ခေါ်မလား ရွှေ့ပြောင်းအိမ်ရာခေါ်မလား။ သူတို့ဘဝနဲ့ သူတို့ကတော့ လည်ပတ်နေကြတာ။

အရူးတွေအကြောင်းဆိုပြီး သူတို့ကိုပြောနေရတာ စိတ်တော့မကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ လူရယ်လို့ဖြစ်လာရင် ရူးနေဖို့သေချာနေပြီကိုး။ သူများတွေလို ပါဠိလေးဘာလေး ရွတ်တတ်ရင်တော့ ပြောချင်သား။ ဘာတဲ့ လူဆိုတာ အရူးကြည့်ပဲ ဆိုတာလေးလေ။



ဟုတ်ပါတယ်။ ကျွန်တော်တို့တတွေဟာ ကျင်လည်ရာဘဝတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ ရူးနေကြရတာကိုး။ ခင်ဗျားလည်း အရူးပဲ။ ကျွန်တော်လည်း အရူးပဲ။ အိုဗျာ အားလုံးအရူးပါတဲ့။ ဒါပေမဲ့ ပုံစံလေးတွေတော့ ကွာခြားကြမှာပေါ့ဗျာ။ ဥပမာ ခင်ဗျားက ကဗျာတွေ၊ စာတွေနဲ့ ရူးသွပ်သူဆိုရင် ကျွန်တော်က မိန်းကလေးတစ်ယောက်အတွက် ရူးသွပ်နေသူပေါ့။ လူတွေပြောကြပါသေးတယ်။ အရူးပါးတဲ့။ အတော်တော့ ခံရခက်တဲ့ စကားလုံးဗျ။ အရူးခြင်းအတူတူကို ဒီလိုလူက တစ်မူးပိုရှုတယ်လို့ ဆိုလိုတာကိုး။ နောက်ရှိသေးတယ် အတူတူချင်းကို မဆီမဆိုင် ဝိုင်းလက်ညိုးထိုးပြီး အရူးပါကွာလို့ သတ်မှတ်ကြတာ။

အဲဒီလို အရူးတွေပျော်ပါးနေတဲ့ လောကကြီး၊ တမျိုးပြောရရင် အရူးဘုံကြီးမှာ ကံတရားကပဲ ဒဏ်ခတ်တာလား၊ ဘဝပေးကုသိုလ်လားမသိ ရေချိန်အမြင့်ဆုံးထိ ရူးနေတတ်သူတွေ ရှိသေးတယ်။ တစ်ခါက ရန်ကုန် ရွာသာကြီးကို အလုပ်ကိစ္စရှိလို့ သွားဖူးတယ်။ ဘတ်စ်ကားနဲ့ သွားရတာ။ ကားသေးတော့ လူလည်းကျပ်၊ ခရီးကလည်းဝေးဆိုတော့ ကားပေါ်မှာ ဘေးပတ်ဝန်းကျင်နဲ့ ပြုံးပြနှုတ်ဆက်၊ စကားတွေ ပြောဖြစ်ကြတာပေါ့။ အတော်စကားပြောလို့ ကောင်းပါတယ်။ ဘေးနားက အမျိုးသားကြီးတစ်ယောက်ပေါ့။ ဘယ်ဟုတ်မလည်း ကားပေါ်ကဆင်းမယ်ဆိုတော့မှ သူက ဆေးသွားပြမဲ့ လူနာမှန်းသိတော့တယ်။ ယဉ်ယဉ်လေးရူးဆိုတာ ဒါနေမှာလို့ အဲဒီကတည်းက တွေးဖူးတယ်။

ရုံးနားမှာ ကျွန်တော်တို့က လ္ဘက်ရည်လေးသွားသောက်။ တစ်ခါတစ်လေလည်း အသုပ်လေးဘာလေးစားရင်း စကားတွေပြောတယ်။ သူတို့ထဲက အမျိုးသားတစ်ယောက်က အရက်ကို ရေလိုသောက်တာပါ။ နေ့လည်ဆို ထမင်းမဆာပါဘူး။ အရက်ဆာတာပါ။ ဒါပေမဲ့ သူ့ကြည့်လိုက်ရင် ပြုံးနေတာပဲ။ မူးလို့ ဘယ်သူကိုမှ ရန်မရှာဘူး။ အေးအေးဆေးဆေး အရက်သမားကြီးပေါ့။ အဲ.. ဒီနေရာမှာ သူကံကောင်းတာတစ်ခုတော့ ရှိတယ်။ ဘာအလုပ်မှ လုပ်စရာမလိုဘူး။ မိန်းမက ရှာဖွေကျွေးနေတာ။ တစ်ခါတစ်လေ အားတောင်ကျတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က နေမကောင်းဖြစ်ပါတယ်။ ဆရာဝန်က သူ့ကိုပြောသတဲ့။ အရက်ဖြတ်ပါ။ ဆက်သောက်ရင် နောက်ဘဝကူးဖို့ အချိန်နီးနေပြီတဲ့။ မဆိုးပါဘူး။ အသက်တစ်ချောင်းကို သူလည်းချစ်တတ်တာပဲ။ အရက်ဖြတ်တယ်။ သောက်ကို မသောက်တော့တာ။

လူဆိုတာကလည်း ဆိုးတော့ဆိုးသားဗျ။ တစ်ခါတစ်လေမှာ ခင်ဗျားတို့ ကျွန်တော်တို့လည်း အပါအဝင်ပေါ့။ မလုပ်သင့်တာကို သိနေရက်နဲ့ ရှေ့ဆက်တိုးမိတာတွေလေ။ စွဲလမ်းမှုပဲ ပြောရမယ်ထင်တယ်။ နီးစပ်ရာ ဥပမာပေးရရင်တော့ ကွန်ပျူတာလေးကိုင်လိုက်တာနဲ့ ဘလော့ဂ်ကို ဖွင့်မိနေပြီ။ ဒါပေမဲ့ ဘလော့ဂ်စွဲတာကတော့ ကောင်းတဲ့ ရောဂါထင်ပါတယ်။ အဲ.. ဒါမျိုးပြောတာနေမယ်ဗျ။ အရူးပါးဆိုတာ။ ကိုယ်စွဲနေတာကြတော့ ကောင်းတဲ့ရောဂါတဲ့လေ။

သိပ်မကြာပါဘူး။ အရက်ဖြတ်တာ နှစ်လလောက်အကြာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အဲဒီအကိုကြီး အရက်ကြောင် ကြောင်ပြီး ရူးသွားသတဲ့။ ဘယ်လိုဖြစ်ရတာတုန်းဆိုတော့ ပြန်သောက်နေတာ တစ်လလောက်ရှိပြီဆိုပဲ။ အခုတော့ တွေ့တဲ့ခြုံကို ထိုင်ရှိခိုး။ နေပူကြီးလျှောက်သွား။ တယောက်တည်း စကားများ၊ ရန်ဖြစ်။ တွေ့မြင်နေရတာကိုက စိတ်မကောင်းစရာ။ ဟိုတရက်က ဆရာခေါ်ပြီး ဆေးထိုးတော့ စိတ်ငြိမ်ပြီး သတိပြန်ကပ်လာတယ်။ သူ့အမျိုးသမီးကိုလည်း ပြောသတဲ့ ငါကမနေရတော့ဘူး သွားတော့မယ်ဆိုပဲ။ အိမ်ရှင်မကလည်း ကလေးငယ်လေးတွေနဲ့ အားကိုးရာမဲ့ဖြစ်မှာဆိုပေမဲ့ သူက ကလေးတွေကို ငတ်မသေအောင် ရှာကျွေးနိုင်ပါသတဲ့လေ။ အားကျစရာ အားမာန်တစ်ခုကို တွေ့လိုက်ရတာပေါ့။

လူတွေက မသိချင်ယောင်ဆောင်တတ်ကြတယ်။ အဲဒီနေရာမှာ ကိုယ့်ကိုကိုယ် မသိချင်ယောင်ဆောင်တာ ပိုများ ပိုင်နိုင်ကြလားမသိပါဘူးဗျာ။ အရူးဒီရေ တက်သွားသူအကြောင်းကို ပြောနေကြတာ အရက်လေးတစ်မြမြနဲ့လေ။ ငါကတော့ ရူးခါနီးရင် ရပ်လိုက်မယ်များ တွေးကြလားမသိပါဘူး။ ကြောက်တတ်မယ်ဆိုရင် ကြောက်စရာဗျ။ သူတို့ တရှိုက်မက်မက် သုံးစွဲနေတဲ့ အရက်တွေက ကောင်းတာတွေ မဟုတ်ဘူး။ ကောင်းတာသောက်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ဟာမှ မသောက်တာ အကောင်းဆုံးပါ။ အခြေခံစားကုန်တွေကို ကျန်းမာရေးအတွက် သေချာစိစစ်ပြီး ထုတ်ပေးရင်တော့ အရက်သမားများလည်း အသက်ရှည်မယ်ထင်ပါတယ်။

တန်ဆေး၊ လွန်ဘေးပေါ့။ အရက်ဆိုတာကလည်း လူမှုရေးမှာ နေရာအတော်ရပါတယ်။ သူမပါရင် ပွဲမစည်သလိုပါ။ လုံးဝကင်းဖို့တော့ ကျွန်တော်ကိုယ်တိုင်အနေနဲ့ မတိုက်တွန်းပါဘူး။ အနည်းအကျဉ်းတော့ ရှိရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ကို အန္တရာယ်ပေးလောက်အောင်အထိ စွဲလန်းမိသွားရင် အကျိုးနည်းပါတယ်။ ဒီနေရာမှာတော့ အရက်မှ မဟုတ်ပါဘူး။ ဘယ်စွဲလမ်းမှုဖြစ်ဖြစ်ပါပဲ။ အခြေနိမ့်သူတွေမှာ ဒီလိုဖြစ်တာမြင်ရရင် ပိုလို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့မှာ ခံဖက်ကကြည့်ပဲကိုး။

အခြေခံကောင်းလေးတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာ။ ဒါမျိုးလေးတွေ ရှိနေမယ်ဆိုရင်တော့ အရူးဘုံသားခြင်းအတူတူမှာ ပိန်ညှက်ညှက်၊ မွဲခြောက်ခြောက် မြန်မာလေးတွေ နည်းလို့ အရက်ကြောင် ကြောင်ကုန်တယ်ဆိုတာ ဆေးပညာ စကားစုလေးအဖြစ်သာ ကျန်နေခဲ့မှာပါ။ အရူးဘုံကြီးမှာ မဖြစ်သင့်သော အရူးဒီရေတက်မှုများ ကင်းဝေးလို့ အရူးအခွင့်အရေးများ တန်းတူခံစားနိုင်ပါစေသား။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 22, 2008

ညီလေးသို့ ပေးစာ


၂၀၀၅ ခုနှစ် တုန်းက ၂၅ နှစ်သား အစ်ကိုဖြစ်သူ၊ကျနော်က
၂၄ နှစ်သား ညီဖြစ်သူဆီရေးတဲ့ စာပါ။
အဲဒီစာကို မတော်တဆ ပြန်တွေ့ချိန်မှာပဲ
ဆရာသုခမိန် ရဲ့ “စာဖတ်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး Reading Vs Personality” ကို ဖတ်လိုက်ရတာကြောင့် ဝေမျှလိုက်တာပါ။
တစ်လုံးတစ်ပါဒမျှ တည်းဖြတ်ပြုပြင်ထားခြင်းမရှိဘဲ
ညီလေးဆီမှာရှိတဲ့ မူရင်းစာအတိုင်း ဖော်ပြရင်း
ကျနော့်ရဲ့ ညီအပေါ်မှာချစ်ခြင်းကို ဖော်ပြခြင်းလည်းဖြစ်ပါကြောင်း …..



…………………………………………………………………………………………………………………………………........
တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တစ်ဖက်သားကို အောင်နိုင်ခြင်းပါပဲ။ တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို သူ့အပေါ်ပြုမူဆက်ဆံလိုက်ဖို့ပါပဲ။

ပညာအရည်အချင်း၊ ကိုယ်ကျင့်သီလ၊ စာရိတ္တ စတာတွေမှာ ဘာမျှပြောစရာမရှိတဲ့ ညီလေးကို ဘယ်ကျောင်းမှာမှ မသင်ခဲ့ရတဲ့၊ မြန်မာလူငယ်တွေကြားမှာ မထင်ရှားတဲ့၊ စိတ်ဝင်စားလို့ လေ့လာချင်ရင်တောင် စာအုပ်စာတမ်း ရှားပါးတဲ့ ဒီလူမှုရေးရာ ကျင့်ဝတ်အဖြာဖြာကို လက်ဆောင်ပါးချင်ပါတယ်။

Etiquette လို့ ခေါ်ပါတယ်။ Ticket (လက်မှတ်) လို့ အဓိပ္ပာယ်ရမယ့် ပြင်သစ်စကားက ဆင်းသက်လာတာပါ။ ရည်မွန်ယဉ်ကျေးတဲ့ ဂုဏ်သရေမြင့် လူမှုအသိုင်းအဝိုင်းကိုဝင်ဖို့ လက်မှတ်နဲ့တူတဲ့ အမူအရာ ကျင့်ဝတ်ထုံးတမ်းစဉ်လာတွေပေါ့။ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု ချင်းတူပါလျက် (တစ်ခါတရံ ကိုယ့်ထက်လျော့နည်းပါလျက်) နှာတစ်ဖျား၊ ဖျာတစ်ပြား (ပြီးတော့) တစ်ကမ္ဘာခြား သာသွားသူတွေမှာ တွေ့ရတက်တဲ့ အားသာချက်တွေပေါ့။

”ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တပ်တိုး၍ မသွားနှင့်။”
“ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ ညကြည်ဖြူ၊ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေ လက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်သူပေ ဆိုရချေ”
“ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့်ကြောင့်နှင့် ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ် မနေအပ်”စတဲ့ ရှင်မဟာသီလဝံသဆုံးမစာ လိုမျိုးပေါ့။

လက်ဆောင်ပါးချင်တယ်လို့ စကားဦးသန်းခဲ့ပေမယ့် ဒါဟာ မေတ္တာပါးလိုက်ပါတယ်ဆိုသလိုပေါ့ စိတ်နဲ့သာ ခံစားရယူရမယ့် သဘောတရားတွေပါ။ “လှေနံဓားထစ်”ပုံသေစွဲကိုင်ကျင့်သုံးလို့မရတဲ့ သဘောသဘာဝမို့ ပုံသေနည်းလို ချရေးလို့ရတာလည်းမဟုတ်ပါဘူး။ ကာယကံရှင်ရဲ့ ပါးရည်နပ်ရည်ရှိမှုနဲ့ အပြုသဘောဆန်တဲ့ စရိုက်လက္ခဏာတွေပေါ်မှာပဲ အဓိကမူတည်ပါတယ်။

ကုလပ္ပဏံ - အမျိုးယုတ်မြတ်ကို၊ ဝိနယော ပမာဏံ - ကိုယ်အမူအရာ၊နှုတ်အမူအရာအားဖြင့် သိအပ်၏ ။ ဗျတ္တိပ္ပမာဏံ - ပညာရှိမရှိကိုကား၊ ကထိတဝါကျံ - ဆိုသောစကားဖြင့် သိရာ၏ ။ အဲဒီတော့ မိမိရဲ့ ကိုယ်အမူအရာ၊ စကားအသုံးအနှုန်း၊ လေယူလေသိမ်း စတာတွေဟာပဲ အကောင်းဆုံး Certificate ပဲပေါ့။

မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြစ်သည်။ ဒါဟာ အနှစ်ချုပ်ပါပဲ။ အခြားသူတွေနဲ့ အတူရှိနေတဲ့အခါ မိမိရဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတိုင်းဟာ အခြားသူတွေကို အနှောင့်အယှက် မဖြစ်ဖို့က နံပတ်တစ်ပါပဲ။ အဲဒီတော့ “အပ္ပမာဒေန သမ္မာဒေထ” မမေ့မလျော့ မပေါ့မဆ ထာဝစဉ် သတိပဋ္ဌာန်ဓမ္မ နဲ့ နေဖို့ပါပဲ။

ဒါပေမယ့် ဒါဟာ အတတ်ပညာတစ်ရပ်ပါ။ အဖန်တလဲလဲ လေ့ကျင့်သင်ယူခြင်း ဖြင့်သာ ကျွမ်းကျင် တတ်မြောက် တိုးတက်နိုင်ပါတယ်။ ဖုတ်ပူမီးတိုက် တစ်ပွဲတိုး ဆေးမြီတိုနဲ့ မရပါဘူး။ ပွဲမဝင်ခင် အပြင်ကကျင်းပမှ ပွဲလယ်တင့်နိုင်မှာပါ။
……………………………………………………………………………………………………………………………………......

ဆက်ဖတ်မယ်ဆိုရင် ...

အိပ်မက်

အိပ်မက်
ဟိုးအရင်ကတည်းက
အိပ်မက်တစ်ခုကို စွဲစွဲလမ်းလမ်းမက်ခဲ့ဖူးတယ်။
အိပ်မက်တွေနဲ့သာ ရှင်သန်ခွင့် ရခဲ့ရင်
.................................
အိပ်မက်ဆိုတာ.
ကိုယ်စွဲလမ်းနေတဲ့အရာတွေကို
ပုံဖော်ပေတဲ့သဘောပါ။
ကျနော့်ရဲ့စွဲလမ်းမှုကတစ်မျိုး
သူများတွေမြင်မှာစိုးလို့
အိပ်မက်တွေကို ခိုးပြီးမက်ခဲ့ရသူပါ။
ဘယ်သူမှ မသိစေချင်ပေမဲ့
အိပ်မက်ကလေး သိစေချင်တယ်။
အိပ်မက်ကလေးကို သိစေချင်ပေမဲ့
ဘယ်သူမှ မသိစေချင်ဘူး။
တောကြောင်။.....။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 21, 2008

တိုင်တည်ခွင့်

တိုင်တည်ခွင့်


အမှတ်တရ ဖြစ်ဖို့အတွက်
အမှတ်တမဲ့ ဖြစ်ခဲ့တာလား။

နာကျင်စေဖို့အတွက်
ကြင်နာခဲ့မိတာလား။

အဖြေကမရေရာ
မသေချာလှတဲ့ ဘဝမှာ…
မိုးနတ်မင်းကြီးရယ်
တိုင်တယ်ခွင့်ပေးပါ။

သူ့ကိုချစ်ခဲ့မိတာဟာ
အမှတ်တမဲ့ဖြစ်ပေမဲ့
နှလုံးသားမှာ ထာဝရ
အမှတ်တရ ဖြစ်နေမယ်ဆိုတာ
သူသိစေချင်လိုက်တာ။

Rhyme။…..။

ဆက်ဖတ်မယ်ဆိုရင် ...

What You Know vs How Much You Know About It






လူတွေမှာ အချိန်ရယ်၊ စွမ်းရည်ရယ်က အကန့်အသတ်ရှိပါတယ်။ အရာအားလုံးကို ထဲထဲဝင်ဝင်သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရေပြင်ညီဝန်ရိုးမှာ နယ်ပယ်တခုမှာ ဘယ်လောက် နက်နက်နဲနဲသိသလဲ၊ ထောင်လျက် ဝန်ရိုးမှာ အကြောင်းအရာ(နယ်ပယ်)တွေ ဘယ်လောက်များများသိသလဲ - ဆိုတဲ့ ဝန်ရိုးနှစ်ခုကို ဂရပ်မှာ ပြထားပါတယ်။ ညာဖက်ကို ရောက်သွားလေလေ နက်နက်နဲနဲသိလေ၊ အပေါ်ကိုထောင်တက်သွားလေလေ သိတာတွေကျယ်ပြန့်လေလေပါ။ စိတ်ဝင်စားစရာ ကောင်းတာတခုက ဒေါက်တာဘွဲ့ရသူတွေက သူတို့သိတဲ့နယ်ပယ်က မာစတာသမားတွေ၊ ကျောင်းသာတွေရဲ့ သိတဲ့နယ်ပယ်ထက် သေးနေတာတွေ့ရပါတယ်။ ဆိုလိုတာကတော့ သူတို့လုပ်နေတဲ့ အဝန်းအဝိုင်းထဲကိုပဲ သိတယ်လို့ဖြစ်ပါတယ်။

ဖော်ဖြူလာတခုနဲ့ ဂရပ်ကို ရှင်းပြပါ့မယ်။
a (နယ်ပယ်) + b (နက်နက်နဲနဲသိခြင်း) = c
(a> 0၊ b> 0 နဲ့ c ကတော့ ကိန်းသေပါ။ တခါတလေ အနုတ်ကိန်းလည်း ဖြစ်နိုင်ပါတယ်။)

လူအမျိုးမျိုးဆိုတော့ a၊ b၊c တွေကလည်း မတူဘူးပေါ့။ သိတဲ့နယ်ပယ် ကျယ်လာလေလေ၊ နက်နက်ရှိုင်းရှိုင်းသိတာတွေ နည်းသွားလေပါပဲ။ c - အရေးကြီးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ c - ကြီးလာလေလေ နယ်ပယ်ရယ်၊ နက်နက်ရှိုင်းရှိုင်းသိတာတွေလည်း တိုးလာလေလေပါပဲ။ ကမ္ဘာကြီးအကြောင်းကို လေ့လာတွေးတောနေမယ်ဆိုရင် စွမ်းရည်ကလည်း မြင့်လာမှပါပဲ။ နယ်ပယ်တခုရဲ့ အသိပညာတင်ရမှာ မဟုတ်ဘူး၊ စဉ်းစားဆင်ခြင်နိုင်တဲ့ စွမ်းရည်လည်း တိုးလာမှာပါပဲ။ c - တန်ဖိုးကတော့ အချိန်ရယ်၊ အားစိုက်မှုရယ်က အဖြေပေးသွားပါလိမ့်မယ်။ အားစိုက်ရင် တန်ဖိုးတွေ တက်လာမယ်။ နယ်ပယ်တခုကို လေ့လာတဲ့အတွက် နောက်ဆုံးကျတော့ အခြားနယ်ပယ်တွေကိုလည်း နားလည်လာနိုင်ပါတယ်။ အဲသလိုက ဖြစ်နိုင်တယ်ဆိုတာ ကျနော်နားလည်ပါတယ်၊ ဘာလို့လဲဆိုတော့ c - တန်ဖိုးတိုးလာတယ်လို့ အဓိပ္ပါယ်ရောက်တာကိုး။

c -တန်ဖိုး တိုးလာအောင် ကြိုးစားပေမယ့် a - တခုကပဲ အခုခေတ်မှာ တိုးနေတယ်လို့ မြင်ပါတယ်။

သင်က ကျယ်ကျယ်ပြန့်ပြန့် သိနေရင်၊ သင့်နယ်ပယ်မှာလည်း ပညာရှင်ဆန်ဆန်သိတာပါပဲ။ သင်က ကျယ်ကျယ်ပြန့်ပြန့်သိရင် သင့်နယ်ပယ်ကို သင်က ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဘက်စုံနယ်ပယ်ကနေ နားလည်တယ်လို့ သဘောရပါတယ်။

Source: http://globalvoicesonline.org/2008/08/21/korea-what-you-know-vs-how-much-you-know-about-it

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 19, 2008

Reading Vs Personality


စာဖတ်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး


ကျွန်တော့်ပတ်ဝန်းကျင်မှာ ခင်စရာကောင်းသော၊ ဘောက်ကျကျဆက်ဆံရေးကို တစ်ခါတစ်ရံ ပြုမူတတ်သော၊ ဆက်ဆံရေးပြေပြစ်သော၊ စကားပြောရင် ဟာသဉာဏ် ရွှင်ရွှင်နဲ့ တွေးတွေးဆဆ ပြောတတ်သော၊ အားလုံးခြုံမိအောင် ပြောမယ်ဆိုရင် ဆန့်ကျင်ဘက်များစွာဖြင့် အဖိုးတန် သူငယ်ချင်းတွေ ရှိလေရဲ့။ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲအထိ အတူဆိုတော့လည်း ရင်းနီးကြတယ်ပေါ့။ ဒါပေမဲ့ လူသားဆန်တဲ့ သူငယ်ချင်းတွေဆိုတော့လည်း တယောက်ကို ပုံစံတစ်မျိုးစီနဲ့ ရူးသွပ်နေကြတာပါပဲ။ တူတဲ့နေရာလေးတွေ ရှိသလို ညှိမရတဲ့အခါတွေလည်း ရှိကြပါတယ်။ ဒါတွေဟာ လက်ခံတတ်မယ်ဆိုရင် ပျော်စရာတွေပဲပေါ့။



ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ညှိမရတာလေးတစ်ခုရှိလာလို့ အခင်အမင်ပျက်ရတယ်ဆိုတာ ကျွန်တော်တို့လို လူလတ်ပိုင်းပတ်ဝန်းကျင်မှာတော့ မရှိသလောက် ရှားကြမှာပါ။ ဘာလို့လည်းဆိုတော့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ပတ်ဝန်းကျင်တွေက အနည်းအကျဉ်းတော့ လူတွေကို ရင့်ကျက်စေတယ်လေ။ ကိုယ်တိုင် မသိလိုက်နိုင်ပဲကို တချို့သော ရင့်ကျက်မှုတွေက ရောက်ရှိနေတတ်ပါတယ်။ ဥပမာ ကောင်မလေးတွေ့တိုင်း အရူးအမူး လိုက်မကြိုက်တော့ဘူး။ ကိုယ်ကြိုက်တိုင်းလည်း ပြန်မကြိုက်၊ ကိုယ်မကြိုက်သော်လည်း ပြန်ကြိုက်ချင်ကြိုက်။ ဒါမျိုးတွေကို အရေထူလာပြီကိုး။ ဥပမာပြောပါတယ်။

ရင့်ကျက်မှု ဆိုတဲ့နေရာမှာလည်း ဒီကောင် ဒါလေးတောင်မသိရကောင်းလားလို့ တစ်ခါတရံမှာ အားမလိုအားမရ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်တွေဟာ နားလည်ပေးနိုင်မှု တစ်ခုကို ကျွန်တော်တို့ကိုယ်တိုင် စမ်းသပ်ခံရတာပါပဲ။ လူတစ်ဦးကို နားလည်ပေးနိုင်ဖို့ဆိုတာ တကယ်တော့ လွယ်ကူတာမှ မဟုတ်တာ။ ကိုယ်တိုင် ဘာမှမသိပဲ အရမ်းကာရော နားလည်ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အသိ(သတိ)ဆိုတဲ့ စိတ်လေးကပ်ထားပြီး ကိုယ့်မှာရှိနေတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကနေ သူ့အပေါ် နားလည်ပေးနိုင်ဖို့ ချဉ်းကပ်တာ အကောင်းဆုံးလို့ မြင်ပါတယ်။ စာစကားလေးပါအောင် ပြောရရင် ပြဿနာတစ်ရပ်ကို အတွင်းမှ အပြင်သို့ ချဉ်းကပ်ခြင်းပေါ့။ ဒါဟာလည်း ကျွန်တော့်လို သာမာန်လူတစ်ယောက် အတွက်တော့ တစ်ခါတရံမှာ စည်းလွတ်သွားစေပါတယ်။ သတိဆိုတာလေး လွတ်သွားရင်ပေါ့။ ဒါတွေကလည်း ရင့်ကျက်မှုနည်းတာကို ပြတာနေမှာပါပဲ။

တရက်မှာပေါ့ အလုပ်ကအပြန် အခန်းရောက်၊ ရေမိုးချိုးပြီး ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် ဆိုင်မှာ တွေ့ဖို့ ချိန်းကြပါတယ်။ အစပိုင်းတော့ ဟိုဟိုဒီဒီပေါ့ဗျာ။ နောက်တော့လည်း ခပ်ထွေထွေဖြစ်လာသူတွေရဲ့ ဗီဇလေးတွေက ပြလာပါတယ်။ ငါက ဒီပြဿနာကို ဒီလိုထင်တာ။ သူက ဒီပြဿနာမှာ ဒီလိုလုပ်သင့်တာ။ အဲလို အဲလို။ အလုပ်ကိစ္စလေးတွေ၊ ကိုယ်ရေးကိုယ်တာလေးတွေ၊ ကောင်မလေးတွေ အကြောင်း။ ဇာတ်ပေါင်းလို့ မရအောင်ကို စုံစီနဖာပေါ့ဗျာ။ ပြောဖြစ်ကြတယ်။ ထူးဆန်းစွာ ပြောဖြစ်လိုက်တဲ့ ခေါင်းစဉ်တစ်ခုကတော့ စာဖတ်တာ ကောင်း၏၊ မကောင်း၏ကိုပါ။ ဒီနေရာမှာ ကျွန်တော်က ထူးဆန်းစွာလို့ သုံးနှုန်းပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်သိတယ်လေ။ သူက စာဖတ်ဝါသနာပါသူ မဟုတ်ပါဘူး။ ကျွန်တော်က စိတ်ပါနေရင် တွေ့တဲ့စာရွက်အစုတ်တောင် ကောက်ဖတ်ပြီး ဟိုဟိုဒီဒီ ပြောတတ်သူ။ သူနဲ့ ကျွန်တော်ရဲ့ စကားတွေက ဒီနေရာမှာတော့ ကျောခြင်းကပ်ပြီး လမ်းလျှောက်မိသလိုပါပဲ။

ကျွန်တော်က သူ့ကို စာဖတ်စေချင်ပါတယ်လို့ ပြောတယ်။ သူကလည်း စာအုပ်တွေကို သူစိတ်မဝင်စားကြောင်း၊ စာဖတ်တာ ကောင်းတယ်ဆိုတာ သူလက်ခံကြောင်းပေါ့။ ဒါပေမဲ့ စာအုပ်တွေကနေ အသိတွေရမယ်၊ အလွယ်ပြောရင် လူ့ယဉ်ကျေးဖြစ်မယ်၊ ဘာဘာညာညာပေါ့ဗျာ။ ပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြန်မေးပါတယ်။ မင်းရော စာတွေအများကြီးဖတ်တော့ အခုဘာတိုးတက်လို့လည်းတဲ့။ လက်ဝှေ့ပွဲစကားလေးနဲ့ ပြောရရင်တော့ ကျွန်တော့် မေးဖျားကို ဝိုက်လက်သီး လွတ်လွတ်လပ်လပ်ကြီး ထိပါတယ်။ ခံနိုင်ရည်အတွက် အလေ့အကျင့်လေးများ မရှိခဲ့ရင် နောက်ကောက်နဲ့ ပွဲသိမ်းပါမယ်။ ဒါပေမဲ့ ကျွန်တော်က ဒီမေးခွန်းအတွက် အရမ်းပျော်မိပါတယ်။

လူတွေ ပြောလေ့ပြောထရှိတယ်။ “ငါပြောသလိုလုပ်။ ငါလုပ်သလို မလုပ်နဲ့တဲ့” တစ်ခါတရံမှာ ဒီစကား မှန်တယ်လို့ ကျွန်တော်ယူဆတယ်။ ဟုတ်တယ်။ လူတွေမှာ သူကိုယ်တိုင် မလုပ်နိုင်သေးတဲ့ အကောင်းစား အသိတွေရှိနေတတ်တယ်။ ဒါပေမဲ့ လူမှာ သတိရှိမနေရင် ခပ်လွယ်လွယ်ပဲ တွေးတတ်ပါတယ်။ အဲဒါက ဘာကိုပြလဲဆိုတော့ ဒီလိုစကားပြောနေသူကို ဒီစကားနဲ့ တန်ရဲ့လားလို့ ပြန်ချိန်ထိုးတတ်တာပါပဲ။ ဒီစကားတွေ လာပြောနေသူတစ်ယောက်ကို ဒီစကားနဲ့ မတန်ဘူးလို့ယူဆရင် ဘယ်လိုစကားဖြစ်ဖြစ် လူတွေက အရေးမစိုက်တော့ပါဘူး။ အလကားပါကွာ ဖြစ်သွားရော။ ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ်။ ပြောကြတယ်မဟုတ်လား “ခွေးပါးစပ်က နတ်စကားထွက်တယ်” ဆိုတာ၊ ဒီလိုခံစားချက်မျိုးအတွက် စကားစုဖြစ်မယ်။

စာအုပ်ကို ဖတ်စမ်းပါ။ သိပြီးသားတွေရော၊ မသိသေးတာတွေရော။ မဖြစ်သင့်တာတွေရော၊ ဖြစ်သင့်တာတွေရော။ မရောက်ဘူးတဲ့ အရပ်ရော၊ ရောက်ဖူးတဲ့ အရပ်ရော။ မတွေ့ကြုံဘူးတဲ့ အဖြစ်အပျက်ရော၊ တွေ့ကြုံဖူးတဲ့ အဖြစ်အပျက်ရော။ မတတ်သေးတဲ့ အတတ်ပညာရော၊ တတ်ပြီးသား အတတ်ပညာရော။ မတွေ့ကြုံဘူးတဲ့ ခေတ်တွေရော၊ ဖြတ်သန်းနေရတဲ့ ခေတ်တွေရော။ အို… စုံလို့ပေါ့။ ကိုယ်ဘာလိုချင်လည်း ရှာဖတ်လို့ရတယ်။ တခုပဲ ပေးဆပ်ရမယ်။ စာဖတ်ဖို့ အချိန်ပေါ့။ ကိုယ်က ဘာတွေပြန်ရမလဲ။ ဒါက ပြန်ချိန်ထိုးကြည့်ရမဲ့ ကိစ္စပဲ။ အလွယ်ပဲ ပြောကြမယ်။ ဗဟုသုတရမယ်ပေါ့ဗျာ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာတယ်။ စာဖတ်တာကလည်း မိုးရေခံသလိုပါပဲ။ မိုးကတော့ ရွာလေရဲ့၊ စာအုပ်ကလည်း ဗဟုသုတတွေ ပေးလေရဲ့။ ကိုယ်မိုးရေကို ခံတဲ့ခွက်က ကိုယ်ရမဲ့ ပမာဏပေါ့။ ကိုယ့်ရဲ့ စဉ်းစားချင့်ချိန် လက်ခံနိုင်မှုက ကိုယ်ရမဲ့ ဗဟုသုတ ပမာဏပေါ့။

တစ်ချို့စာတွေက ဘယ်လောက်တောင် ကောင်းလည်းဆိုရင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် တောက်ပြောင်လာစေတယ်။ ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကိုတောင် လမ်းပြခေါ်ဆောင်သွားနိုင်တယ်။

ကျွန်တော်က ခပ်တေတေ လူတစ်ယောက်။ အနာဂတ်ဆိုတာ ဟော့ဟိုဘက်နားမှာပါကွာလို့ ဟာသဖောက်တတ်သူ။ တွေ့ရာလူနဲ့ ပျော်တတ်ပြီး၊ ဘဝကို အရောင်မတင်တတ်သူ။ ထပ်ပြီး အမွှန်းတင်ရရင် ခပ်ညံ့ညံ့ကောင်။ တွေ့ကရာစာတွေဖတ်ပြီး တောင်တောင်အီအီ ပြောနေတတ်သူ။ နောက်ပြီး မဟုတ်မခံစိတ်နဲ့ ချက်ချင်း တုန့်ပြန်တတ်သေးတယ်။ သူငယ်ချင်းက စာဖတ်ဝါသနာပါသူကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အားမရပါဘူး။ အဲဒီအတွက်နဲ့ စာဖတ်ခြင်းကိုဝေဖန်တာပါပဲ။ သူမဟုတ်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောဖူးပါတယ်။ မင်းစာသိပ်မဖတ်နဲ့တော့တဲ့။ မင်းအတွေးအခေါ်တွေက တွေဝေကုန်ပြီတဲ့။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် တူညီသောစကားစုနဲ့ တုန့်ပြန်ခဲ့ပါတယ်။

“ငါ့ကို ညံ့တယ်ပြောချင်ပြော။ စာဖတ်လို့ လူတွေက တွေဝေပြီး၊ ညံ့ကုန်မယ်ဆိုတာ မဟုတ်ဘူးကွ”
သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 17, 2008

ငယ်ချစ်ဦး

ငယ်ချစ်ဦး


ပန်ဆင်မယ်ခူး
မေ့သည်းဦးမို့
မဝေးချင်ဘူး
သိစေလို။
တသက်တာရည်စူး
ငယ်ချစ်ဦးမို့
မမေ့ဘူးမောင့်ကို
ယုံစေလို။

Rhyme။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 16, 2008

အမေရဲ့ အမှာ


Rhyme ရဲ့ ဆုတောင်း ကိုဖတ်ပြီးတဲ့ အခါ အမေ့ရဲ့ “အမှာ“ ကို သတိရပါတယ်။
ပထမတော့ သာမန် အမှတ်ရရရုံမျှပါပဲ။ ဒါပေမယ့် (၂၅)နှစ်သမီး Rhyme ရဲ့ လောကဓံ အထုအထောင်းတွေကို စုဆောင်းထားတဲ့ ဆုတောင်း ကို ထပ်ခါတလဲလဲ ဖတ်မိလာတဲ့အခါ ကျနော်ရဲ့ (၂၆)နှစ်ပြည့် မွေးနေ့လက်ဆောင်၊အမေ့ရဲ့ “အမှာ“ မှာ သူ့အတွက် အဖြေပါသလို ခံစားလာရတယ်။

Rhyme ကတော့ သဘာဝက သဘာဝကျတာကို သဘာဝကျစွာ တုန့်ပြန်ခံစားထားတာပါပဲ။
အမေကတော့ သူ့သား၊ကျနော်ကို မှာတာ ကဗျာငွေ့တွေပါနေတာပါ။
အဲသည်တော့ ကဗျာအနေနဲ့ပဲ တင်လိုက်ပါတယ်။

ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူ ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြားရင်း ...
ချစ်သော ညီမလေး Rhyme နှင့်တကွ မောင်နှမများသို့ ရည်ရွယ်ပါကြောင်း …



အမှာ

သံသရာတွင်း၊ သက်ဆင်းခဏ
လူ့ဘဝတွင်၊ ဘုရားရှင်၏
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၍
ဖြူအောင်စိတ်ထား၊ ဆိုစကားကို
မေ့သားနားတွင်၊ မြဲအောင်ဆင်လျက်
သုံးပင်ရတနာ၊ မြတ်ဆရာနှင့်
မိဘဘိုးဘွား၊ ရင်ဝယ်ထားလော့။

ရောက်လေရာရာ၊ ပြည်တကာ၌
လူ့ရွာကောင်းကျိုး၊ သင်သယ်ပိုးလျက်
ခရီးဆက်ပါ…..
ပြီးခဲ့တာတေ၊ွ ပြီးပါစေတော့
ပေါ့ပေါ့ပါးပါး၊ စိတ်ထားတည်ကြည်
နောင်ဖြစ်မည်ကို၊ မတွေးလိုနှင့်…..
ယနေ့လုပ်ရန်၊ စိတ်အားသန်လျက်
ကြောင်းကျိုးဆက်က၊ သင့်တွက်နက်ဖြန်
ဧကန်လှပ၊ ပြည့်စုံရလိမ့်။……….။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 15, 2008

ဆုတောင်း


*********************************************************
အသစ်သော ပါဝင်ရေးသားမဲ့သူတစ်ယောက်ပါ။ အွန်လိုင်းနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ကဗျာတွေရေးတာ ဝါသနာပါသူဆိုလို့ ပါဝင်ရေးသားနိုင်အောင် ကျွန်တော်ပဲ ကူညီခေါ်ဆောင်ခဲ့တာပါ။ အခုမှ အသစ် စတင်ရေးသားတာဆိုတော့ အားပေးကြပါအုံး။ အားပေးမှုတွေ သူ့အတွက် လိုအပ်နေမှာပါ။ သူကတော့ သိပ်လည်းမငယ်တော့တဲ့ အလွန်လည်း အရွယ်မရောက်သေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ Rhyme ကိုယ်တိုင်လည်း ဒီ E–Journal မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း……

သုခမိန်။…..။
*********************************************************



ဆုတောင်း


ဘဝက အိမ်မက်တစ်ခုလား။
ပြဇာတ်တစ်ပုဒ်လား။
မရေရာမှုတွေနဲ့ ရောထွေးနေတယ်။
ဘဝပေးကပဲ ကြမ်းတမ်းတာလား။
ကံတရားကပဲ ရက်စက်တာလား။
ခက်ခဲမှုတွေနဲ့ ရုန်းကန်ခဲ့ရတယ်။

မိုးနတ်မင်းကြီးရယ်…
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ၊
ဟောဒီလောက သဘာဝကြီးကို
တစ်ကပြန်စ
အသစ် အသစ်သာ ဖြစ်ပါရစေ။

Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 14, 2008

အဖေ့ရဲ့ကဗျာ


အလျဉ်းသင့်လို့ အမေရေးတဲ့ကဗျာလေးတွေကို E-Journal မှာ ဖော်ပြဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တစ်နွယ်ငင်ကာ အဖေရေးတာလေးတွေကောလို့ အတွင်းသိတစ်ချို့ က မေးလာကြပါတယ်။
အမေနဲ့အဖေဟာ ကျနော်တို့အတွက် မွေးနေ့လက်ဆောင်လို ကဗျာလေးတွေမှအပ အခြားကဗျာအများစုကို ကွမ်းစားတဲ့သူတစ်ယောက် ကြုံရာမှာ ကြုံသလို ကွမ်းထွေးထွေးသွားသလိုမျိုး လက်တန်းရေးရေးထားခဲ့တာ များပါတယ်။ ခေါင်းစဉ်တပ်တာ၊ ကဗျာရေးသူအမည်တပ်တာ အလွန်ရှားပါတယ်။ တစ်ချို့ ကဗျာတွေဆို အမေရေးတာလား၊ အဖေရေးတာလား မကွဲပြားပါဘူး။



ဟဲ ဟဲ ကျနော်တို့မောင်နှမတွေကလည်း တခုတ်တရ မှတ်တမ်းတင်ထားတာ လုံးဝမရှိပါ။ အဲ စိတ်ထဲ စွဲစွဲထင်ထင်ရှိတဲ့ ကဗျာ(အနည်းစု)ကိုပဲ အသည်းစွဲမှတ်မိနေတာပါ။ “ဘအမျိုး ဘိုးတူ“ ကျနော်ကိုယ်တိုင်ရဲ့ ကဗျာတွေဟာလည်း အဲသည်လိုပါပဲ။
အခု အဖေရေးခဲ့ပြီး ကျနော်မှတ်မှတ်ရရရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကို ဝေမျှလိုက်ပါတယ်။ အဖေက ခေါင်းစဉ် မတပ်ခဲ့ပါ။ သို့မဟုတ် ကျနော်က မမှတ်မိပါ။ ဒါကြောင့် ကျနော် မှတ်မိတဲ့ အတိုင်းလေးပဲ ဖော်ပြလိုက်တာပါ။
…………………………………………………


သတင်းစာမှာ
နေ့စဉ်ပါသည်
ကြော်ငြာကဏ္ဍ
သင်္ခါရ၏
ဘဝကူးပြောင်း
ချုပ်ငြိမ်းကြောင်းတွင်
သိမ်ကျောင်းဒကာ
ဆရာကျောင်းသား
မင်းသားမင်းသမီး
အသီးသီးတို့
သေနည်းမျိုးစုံ
သေကြပုံမှာ
ရဂုံမြိုင်ဗွေ
ဖွဲဖွဲကြွေသည်
သစ်ရွက်တွေလိုပါတကား။……….။

မာရေးသျှင်


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 12, 2008

စားစရာလား? ကစားစရာလား?

Ejournal ကိုအလည်လာတဲ့သူတွေအားလုံးကို....
Ejournal ကနေမုန့် တွေနဲ့ ဧည့်ခံပါတယ်...အလည်လာသူအားလုံးပျော်ရွှင်ကြပါစေ.....











ဓါတ်ပုံတွေကိုဝေမျှပေးတဲ့ သူငယ်ချင်း Sarasak ကို အထူးကျေးဇူးတင်ပါတယ်.....
မယ်(33း0 pm.12.8.08)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, August 11, 2008

Some Jokes at School.


ဆရာနှင့်တပည့်လေးများ၏ ရယ်စရာလေးများ။


Forward mail တစ်ခုကနေ သဘောကျတာလေးတွေကို မြန်မာမှုပြုထားတာပါ။ ရယ်စရာလေးတွေဆိုတော့လည်း ကိုရင်ညိန်းပြောသလို အသက်ရှည်တာပေါ့ဗျာ။ နော့။ မရယ်ရလည်း ရယ်ရတယ်ပြောဗျာ။ :P

သုခမိန်။…..။
********************************************



ဆရာ။…..။
“မိနွယ် - လူတွေက စိတ်မဝင်စားတော့ပါဘူး ဆိုတဲ့အထိကို အရှိန်ကောင်းကောင်းနဲ့ စကားပြောနေတတ်သူတွေက ဘယ်သူတွေလည်း။ သိရင် ဖြေပါအုံး။”
မိနွယ်။…..။
“ကျောင်းဆရာတွေပါ - ဆရာ”

**********************************************

ဆရာ။…..။
“မင်းအောင် - ရေရဲ့ ဓာတုဗေဒ ဖော်မြူလာကို ပြောစမ်း။”
မင်းအောင်။…..။
“ H, I, J, K, L, M, N, O ပါဆရာ။”
ဆရာ။…..။
“ဟေ့ကောင် မင်းဘာတွေ ရွတ်နေတာလည်းကွ။”
မင်းအောင်။…..။
“မနေ့က ဆရာပဲ ရေရဲ့ ဓာတုဗေဒ ဖော်မြူလာက “H to O” လို့ ပြောခဲ့ပါတယ်ခင်ဗျာ။”

**********************************************

ဆရာ။…..။
“မိနွယ် - မိကျောင်းကို အင်္ဂလိပ်လို မင်းဘယ်လို စာလုံးပေါင်းမလဲ။”
မိနွယ်။…..။
“K-R-O-K-O-D-I-A-L ပါဆရာ။”
ဆရာ။…..။
“မင်း စာလုံးပေါင်းတာ မှားနေတယ်။”
မိနွယ်။…..။
“ဟုတ်ကဲ့။ မှားချင်မှားနေမှာပါ ဆရာ။ ဆရာက သမီးဘယ်လို စာလုံးပေါင်းလည်း မေးလို့ ဖြေလိုက်တာပါ။”

**********************************************

ဆရာ။…..။
“မင်းအောင် - ဆရာ့နားလာပြီး မြောက်အမေရိကတိုက်ကို အားလုံးမြင်သာအောင် မြေပုံမှာ ထောက်ပြလိုက်ပါအုံး။”
မင်းအောင်။…..။
“ဒီမှာပါ ဆရာ။”
ဆရာ။…..။
“အေး.. မှန်တယ်။ ကဲ - အခု တစ်တန်းလုံးက ဖြေပါအုံး။ အမေရိကကို ဘယ်သူ ရှာဖွေ တွေ့ရှိခဲ့တာလည်း။”
“မင်းအောင်ပါ ဆရာ။”

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 9, 2008

အသက်မဲ့ သံစဉ်


သံစဉ်မရှိဘဲ
နှလုံးသားကို တီးခတ်
စကားလုံးတွေ တရစပ် ကြွေကျခဲ့တယ်။
ကောက်ယူစားသုံးမယ့်သူမရှိ။
ဟိုး ....... အဝေးကိုကြည့်လိုက်တော့
သိပ်ကိုထူးဆန်းတဲ့ ရယ်သံ သဲ့သဲ့လေးတွေက
ကျနော့ နှလုံးသားထဲကို
တံခါးမခေါက်ဘဲ
ဝင်လာခဲ့တယ်။
ထိတ်ထိတ်ပြာပြာ ဖြစ်သွားတာက
ကျနော့လိပ်ပြာ
အိပ်ယာပေါ်ရောက်လည်း
အငြိမ်မနေဘူး။
တိမ်တွေကို ခိုစီးပြီး
လေထဲမှာ လွင့်နေတဲ့အသံတစ်သံကို
လိုက်ရှာနေမိတယ်။
(အသံကလေးကတော့ ထွက်ပြေးလို့ပေါ့ .....)
သိပ်လှတဲ့ ဒီအသံ
ခြေသံတွေ မကြားရအောင်
လေပေါ်မှာ ဖွဖွကလေးနင်းပြီး
အတင်းလိုက်ဖမ်းရတာလည်း မလွယ်လှဘူး။
အရိပ်ကိုသာ မြင်ခွင့်ရတဲ့ဘ၀မှာ
စိတ်တွေကို ကန့်သန့်ထားခြင်း
ခံနေရတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

အင်္ဂါဂြိုဟ်


ကျနော်ဟာ လူသားတစ်ယောက်ပါ။
ဒါပေမဲ့ အင်္ဂါဂြိုလ်မှာနေတယ်။
လေမရှိ ရေမရှိတဲ့အရပ်မှာ
ကျနော်ဘာကြောင့် အသက်ရှင်နေလဲ ?
သေချာတာတစ်ခုကတော့
ကျနော့်မှာ အစာမစားဘဲ
အသက်ရှင်စေတဲ့
အရာတစ်ခုရှိတယ်။
အဲဒါက ...........
အင်္ဂါနေ့မှာ ပွင့်တဲ့ပန်းကို
နမ်းရှိုက်ခွင့် ရရင်
ကျနော့်အသက်က ဆက်လို့ရပြီ။
တစ်ခါနမ်းရင်
တစ်ပတ်လောက်အထားခံတဲ့ပန်း
နေ့တိုင်းနမ်းချင်နေမိတယ်။
အင်္ဂါဂြိုလ်မှာရှိတဲ့ ပြက္ခဒိန်တွေက
ကျနော့်အတွက် အသက်ရှည်ဆေးပါပဲ။
(ဘာဖြစ်လို့လဲဆိုတော့ လတွေတိုင်းရဲ့ နေ့ရက်တွေဟာ အင်္ဂါနေ့တွေဖြစ်နေလို့ပါပဲ)
အင်္ဂါနေ့မှာ ကြားခွင့်ရတဲ့
အသံလေးကို အရမ်းချစ်တယ်။

ဆက်ဖတ်မယ်ဆိုရင် ...

စွဲလမ်းမှု


မမြင်ရတဲ့ အိပ်မက်
ရင်ကို တိုက်ရိုက်ထိတဲ့အခါ
ကမ္ဘာကြီး ရပ်တန့်သွားသလို
ခံစားရတယ်။

အိပ်မက်တွေ နိုးထ
ရင်ခုန်သံနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရပြန်တော့
ကမ္ဘာကြီးက ပိုပြီးလှလာတယ်လို့
ထင်မိပြန်တယ်။

အရင်ဘဝက
သူနဲ့ ကျနော်ဟာ
ချစ်သူတွေပါလို့ပြောချင်ပေမဲ့
ကျနော့်မှာ မျက်မြင်သက်သေမရှိခဲ့ဘူး။

အချစ်တွေ ထပ်တူညီဖို့
ဘာတွေရင်းနှီးရမလဲ
..........ပြောပါ..............
ကျနော့်မှာ အချစ်နဲ့အချစ်ပေါင်းဖို့
စွမ်းအားအပြည့်ရှိတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

တနေ့တာ


မမြင်ရသေးတဲ့ ရောင်နီဦးနဲ့အတူ ကျနော်တစ်ယောက် နိုးထလို့လာခဲ့ပြီ။ အလင်းရောင်ကို မမြင်ရသေးပေမယ့် အမှောင်ရယ်လို့ မထင်ခဲ့ဘူး။ သူမရဲ့အကြည့်တွေက အလင်းရောင်ကိုဖြိုခွင်း တစ်ကမ္ဘာလုံးကို လင်းလက်စေခဲ့တယ်လေ။ တနည်းအားဖြင့် ကျနော့်ဘဝကို မမှောင်စေခဲ့ဘူး။ (မလင်းပေမယ့် မမှောင်ခဲ့ပါ။ မှောင်နေပေမယ့် လင်းလက်နေခဲ့ပါတယ်။)



ကျနော့်ရဲ့တစ်နေ့တာခရီးကိုစတင်ဖို့ ကမ္ဘာလောကကြီးနဲ့ အရင်ဆုံးမိတ်ဖွဲ့ခဲ့တယ်။ တစ်နေ့တာ ဆိုပေမယ့် တစ်နေ့တာတွေပေါင်းလိုက်ရင်တော့ ဘဝရယ်လို့ ဖြစ်လာပြီးပေါ့။ ဘာတစ်ခုမှ မတည်မြဲတဲ့ ဘဝတွေမှာ တည်မြဲနေတဲ့ နိယာမတွေကို လိုက်ရှာကြည့်ပါ။ အမှားတွေမတည်မြဲသရွေ့ အမှန်တွေ ကလည်း တည်မြဲနေမှာမဟုတ်ပါဘူး။ အဓိက ကတော့တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ရှိနေကြဖို့ပါပဲ။ သွားလေရာအမြဲပါတတ်တဲ့ အရိပ်တွေလို စိတ်တွေကို အသိနဲ့ထိန်းချုပ်၊ မသိစိတ်ကို မြင်အောင်ကြည့်ပြီး ကမ္ဘာလောကကြီးနဲ့ ညှိယူလိုက်ရင် တည်ငြိမ်အေးဆေးတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ရမှာ မလွဲပါဘူး။
တနေ့တာရဲ့အစကို ဘယ်အချိန်လို့ သတ်မှတ်ရင်ကောင်းမလဲ။ နေ့နဲ့ည ဆိုတဲ့သတ်မှတ် ချက်တော့ရှိတယ်။ တနေ့တာရဲ့အဆုံးကို ညလို့ သတ်မှတ်လိုက် တနေ့တာရဲ့အစက နေ့ဆိုတာ အလိုလိုသိကြမှာပါနော်။ အချိန်ကိုတော့ အတိအကျ မသတ်မှတ်တော့ပါဘူး။ ကိုယ့်အစွဲနဲ့ကိုသာ မှတ်ကြပေတော့။ (လူတွေမှာ အစွဲရှိတယ်၊ အစွဲတွေကအမှန်တရားတွေဖြစ်ရင် သိပ်ကောင်းမှာပဲနော်။)တနေ့တာရဲ့အစ နေရောင်ခြည်ရဲ့အလှတရားကိုမြင်ခွင့်ရဖို့ ကျနော်တို့အားလုံး ကမ္ဘာကြီးကို ခိုစီးပြီး ခရီးနှင်ခဲ့ကြတယ်။ အကွေ့အကောက်တွေများပေမယ့် သွားရမယ့်လမ်းက ဒီတစ်လမ်းပဲရှိတာ။ စမ်းတဝါးဝါးလျှောက်ရင်း လမ်းမှာအိပ်စက်ရတဲ့ ညတွေလဲ များပြီ။ အခုညကလဲ အရင်ညတွေလိုပဲ။ နောက်ညတွေလဲ အခုညလိုပဲနေမှာပါ။ (တိတ်ဆိတ်ငြိမ်သက်လျှက်.) တိတ်ဆိတ်ခြင်းက ညရဲ့ အလှပါ။ အိပ်မက်တွေကတော့ အနက်ရောင်ခြုံထားတဲ့ အမှောင်ညတွေအလယ်မှာ သင်းပျံ့ မွှေးကြိုင်စွာ ဖူးပွင့်နေကြလေရဲ့။ အရောင်အဆင်းကင်းတဲ့လေကို ရှူရှိုက်ရင်း ညနက်ကြီးတစ်ခုကို ဖြတ်သန်းကျော်လွန်ခွင့်ရတော့မယ်။ နေ့တာတွေရှည်ပြီး ညတာတွေတိုတဲ့အခါ အိပ်မက်တွေကို နှမျှောတယ်။ ညတာတွေရှည်ပြီး နေ့တာတွေတိုတဲ့အခါ အိပ်မက်တွေထွက်ပြေးသွားမှာ စိုးရိမ် နေမိတယ်။ နေ့တွေ ညတွေကိုဖြတ်ရင်း လမ်းပျောက်ခဲ့တာလဲ အခါခါပါပဲ။
ကမ္ဘာမြေကြီးကတော့ ခုတ်မောင်းဆဲ။ ...................................
မသဲမကွဲမြင်ရတဲ့ သူမရဲ့အရိပ်ကို ပုံဖော်ကြည့်ရင်း မိုးလင်းလို့လာခဲ့ပြီ။ နေမင်းကြီးရဲ့ အကြင်နာအလင်းတွေက ညကမ္ဘာကိုတိုက်ဖျက် အလင်းရောင်ကိုမြင်ခွင့်ပေးခဲ့ပြီ။ အာရုံဦးလေကို ရှူရှိုက်ခွင့်ရခဲ့ပြီး။ လူတွေလဲ သွားလာလှုပ်ရှားနေကြပြီ။ စကားလုံးတွေလဲ အသက်ဝင်လာခဲ့ပြီ။ (ကိုယ်ကြိုက်တဲ့စကားလုံးတွေကိုပဲ သိမ်းထားလို့ရရင်ကောင်းမှာပဲနော်။) မြူမှုံတွေ က နေတဲ့ အလှကိုလည်း မြင်ခွင့်ရခဲ့ပြီ။ မမြင်ရတာက ပျောက်ကွယ်သွားတဲ့ည။ တမ်းတမ်းတတရှိနေတာ သူသိပါ့မလား ? သွားလာလှုပ်ရှားနေတဲ့လူတွေကိုကြည့်ရင်း ရင်မောနေမိတယ်။ စကားလုံးတွေ လဲလှယ်တဲ့ပွဲကို တစ်ပွဲပြီးတစ်ပွဲ ကျင်းပနေကြလေရဲ့။ အနိုင်အရုံးတွေက အဓိကမကျပါဘူး။ လူတိုင်းသိထားရမှာက ကိုယ်သုံးလိုက်တဲ့ စကားလုံးတွေနဲ့ တခြားသူတွေကို မထိခိုက်စေဖို့ပါပဲ။ ခိုက်ရန်ဒေါသဖြစ်တယ်ဆိုတာ မကောင်းဘူး။ ဟန်ဆောင်ပြီးပြုံးတဲ့အပြုံးတွေနဲ့ ရင်မဆိုင်ချင်ဘူး။ စကားမဟုတ်တဲ့စကားတွေကို နားမထောင်ချင်ဘူး။ တစ်ယောက်တစ်မျိုး ရူးနေကြတဲ့ကမ္ဘာမှာ မရူးတဲ့သူက အရူးပဲ။ (ရူးလို့ပြောတယ်မထင်ပါနဲ့၊ ကျနော်သူ့ကို တကယ်ချစ်တာပါ။)
စိတ်သစ်လူသစ်နဲ့ လမ်းလျှောက်ချင်တယ်။ စိတ်ရှိလက်ရှိချစ်ဖို့ ကျနော့်မှာ အင်အားအပြည့်ရှိတယ်။ အလင်းရောင်တွေနဲ့ ကျနော့်အချစ်တွေကို ပေးမတွေချင်ဘူး။ သူများမြင်မှာစိုးလို့။ ရိုးတာကို အ,တယ်လို့ ပြောချင်ကြသလို၊ မရိုးတဲ့သူတွေကိုတော့ လည်တယ်လို့ ပြောချင်ကြတယ်။ ခင်ဗျားရော ရိုးချင်သလား? မရိုးချင်သလား? လူ့လောကကြီးက မနေပျော်ပါဘူး။ တနေ့သေရမှာ သိလျက်နဲ့ အမုန်းမပွားသင့်ဘူးနော်။ ခံစားချက် ရှိသူတွေ ခံစားရတဲ့အခါ ခံစားချက်မရှိသူတွေ မခံစားရတာ သဘာဝကျလား ? အပြန်အလှန်ထားတဲ့ မေတ္တာတွေမှာ တူညီမှုရှိသလား ? တစ်ခါတလေကြ ဝေဝါးနေတာပဲကောင်းတယ်။ သောက်စရာ မရှိတဲ့အခါ အရမ်းသောက်ချင်တဲ့ရောဂါကလဲ မသေးဘူး။ အဝေးမှာနေနေရပေမယ့် နီနေသလိုပါပဲ။ စွဲလမ်းတမ်းတမှုတွေနဲ့ ကျနော် အမြဲတစ်ထပ်တည်းကျနေခဲ့တယ်။
ပြင်လို့မရတဲ့အမှားတွေကို မှားမှန်းသိသိကြီးနဲ့ စွဲလမ်းနေမိတယ်။ လူသားအားလုံးပျော်ရွှင်ဖို့ ကျနော် မရယ်ရဘူးဆိုရင် တသက်လုံး မရယ်ဘဲနေနိုင်ပါတယ်။ အဓိပ္ပါယ်မရှိတဲ့ အတွေးတွေနဲ့ ကမ္ဘာကြီးကို ခိုစီးပြီး ခရီးနှင်ရတာ အားနာလာတယ်။ နေမင်ကြီးကတော့ သာဆဲ ညမင်းကြီးကတော့ နေမင်းကြီး အလာကို စောင့်ရင်း လူတွေရဲ့အတွေးတွေကို ကြည့်ပြီး ပြုံးနေလေရဲ့။(ဘာတွေရေးနေတာလဲ လို့တော့ လာမမေးနဲ့။) ရက်ရက်စက်စက်လှတဲ့ ကောင်းကင်ကြီးကို ချစ်တယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Is that your day?

သင်္ချာတွက်ရင်း ဗေဒင်မေးကြမယ်လေ။


ဒီနည်းလေးက မယ်ငယ်ငယ်လေးကတည်းက စာအုပ်တစ်အုပ်ထဲကနေ ကူးယူထားတာပါ....စာရေးတဲ့သူနဲ့ စာအုပ်ကိုသေချာမမှတ်မိတော့ဘူး... ဒီနည်းလေးက ကိုယ့်မွေးနေ့ ရယ်.... လက်ရှိရောက်နေတဲ့နေ့ ရယ်နဲ့ မေးရတာပါ.... ခုရောက်နေတဲ့နေ့ ထဲကနေ ကိုယ်မွေးနေ့ ကိုနုတ်ရပါမယ်.... ပြီးရင်ဂဏန်းတစ်လုံးပဲကျန်အောင်ပေါင်းရမယ်.... အဲဒီကျန်တဲ့ဂဏန်းရဲ့ အဓိပ္ပါယ်ကိုအောက်မှာရှင်းပြပေးထားပါတယ်....

တွက်ပုံတွက်နည်း(၁) က....

ယနေ့  .................. 09 08 2008

မွေးနေ့ .................. 01 01 1979

-------------------------------------------

နှုတ်လို့ ရတဲ့အဖြေ.....08 07 0029

ရလာတဲ့အဖြေကို ဂဏန်းတစ်လုံးတည်းကျန်အောင်ပေါင်းရမယ်... 0+8+0+7+0+0+2+9 = 26

2+6=8

အဖြေက 8 ပါ.....


1 ဂဏန်းရတဲ့နေ့  --- မုချတစုံတခုရမဲ့နေ့ တဲ့....

2 ဂဏန်းရတဲ့နေ့  --- ကိုယ်ပြောသမျှကို ဘယ်သူကမှ မဟုတ်ဘူး မပြောပဲ လက်ခံမဲ့နေ့တဲ့....

3 ဂဏန်းရတဲ့နေ့  --- ကံအကောင်းဆုံးနေ့ တဲ့....

4 ဂဏန်းရတဲ့နေ့  --- မိုးလင်းကတည်းကနေ... မိုးချူပ်တဲ့အထိတနေကုန် အလုပ်တွေ ရှုပ်နေတဲ့နေ့ တဲ့....

5 ဂဏန်းရတဲ့နေ့  --- ဘာကိုမှကြိုတင်ကြံစည်ပြီးလုပ်လို့ မရတဲ့နေ့ တဲ့.... လုပ်စရာရှိရင်....လုပ်ချင်တာရှိရင်ချက်ချင်းလုပ်ပါတဲ့...ဒီနေ့မှာ မျှော်လင့်မထားတဲ့ဆီက လဘ်လာဘတွေဝင်လာတတ် ပါတယ် တဲ့....

6 ဂဏန်းရတဲ့နေ့  --- ကံကောင်းတဲ့နေ့ .... အချစ်ရေးကိစ္စတွေပေါ်ပေါက်လာမဲ့ နေ့ တဲ့....

7 ဂဏန်းရတဲ့နေ့  --- တစ်ယောက်တည်း အေးအေးဆေးဆေးနေနေရတတ်တယ်။
မရောက်ဖူးတဲ့နေရာတွေ ရောက်သွားတတ်တယ်.... မစားဖူးတဲ့အစားတွေစားရတတ်တယ်တဲ့....

8 ဂဏန်းရတဲ့နေ့  --- ကံအဆိုးဆုံးနေ့ တဲ့.... ကြေကွဲစရာ...၀မ်းနည်းစရာတွေ ရောက်လာတတ်တယ်တဲ့....အရေးကြီးတဲ့ကိစ္စတွေ မလုပ်မိအောင်သတိထားပါတဲ့.....

9 ဂဏန်းရတဲ့နေ့  --- ကံအဆိုးဆုံး (သို့ ) ကံအကောင်းဆုံးနေ့ တဲ့.... တန်ခိုးကြီးဘုရားတွေဖူးရတတ်တယ်တဲ့။

မယ်။.....။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 8, 2008

ဘဝ


၈-ရက်၊၈-လ၊၂၀၀၈
ရုပ်မြင်သံကြားမှာ အဆွေတော်၊ပေါက်ဖော်ကြီးတို့ရဲ့ ဇာတိပုည ဂုဏ်မာနကို ဖော်ပြတဲ့ ဘေဂျင်းအိုလံပစ်ဖွင့်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲနေပါတယ်။ မနက်ဖြန်ဆိုရင် ချစ်သော စင်္ကာပူရ်ကလည်း အမျိုးသားအောင်ပွဲနေ့ကို အံ့သြဘနန်း တခမ်းတနား ကျင်းပပါတော့မယ်။
အဲဒီအကြည့်၊အဲဒီအသိတွေဟာ ငုပ်လျှိုးနေတဲ့ ကျနော့်ဘဝကို ဥာဏ်အလင်းပြန်ရစေပါတယ်။
၁၉၉၈ က ဘဝ ပါ။
တစ်စုံတစ်ရာမှသည် အစစအရာရာအတွက် ရည်ရွယ်ပါကြောင်း....




ဘဝ

အံ့သြမှင်သက်
ကောင်းကင်ထက်ရှိ
မီးစက်ရှုးပန်း
အံ့မခန်းသည်
သက်တမ်းတိုတိုလေးပါတကား။……….။

မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 7, 2008

မိဘတီဘီ


ကျနော် စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။
အဲဒီအခါ ဆယ်တန်းတုန်းက စာကြည့်ခဲ့တာကို သတိရလာပါတယ်။



(အဲဒီတုန်းက) ကျနော်က ညဉ့်နက်အောင် စာကြည့်ရတာမှာ မွေ့လျော်ပါတယ်။
ကျနော် ညဉ့်နက်တော့ ကျနော့်မိဘများ အိပ်ရေးပျက်ကြရှာပါတယ်။
ကျနော် စာကျက်တဲ့ အသံကြောင့် မဟုတ်ပါ။
ကျနော် စာကျက်တာ အသံမထွက်ခြင်းကြောင့်ပါ။
ထိုအခါ ကျနော် ကဗျာတစ်ပုဒ်ရပါတယ်။
ရွှင်သောစိတ်နဲ့ မဟုတ်ပါ။ မချိသောနှလုံးဖြင့်သာ…

အခု … ကျနော့်အလွမ်းကို မဖော်ပြနိုင်တဲ့အဆုံး
အဲဒီကဗျာလေးကို ရသေ့စိတ်ဖြေသုံးလိုက်ပါတယ်။



မိဘတီဘီ


လောကဆိတ်ငြိမ်
စာကျက်ချိန်မှာ
မီးအိမ်လဲ့လဲ့
ထွန်းလင်းရဲ့နဲ့
သဲ့သဲ့အသံ
မကြားပြန်တိုင်း
ကာရန်မကျ
ချောင်းဟန့်ရ။……….။


မာရေးသျှင်

ဆက်ဖတ်မယ်ဆိုရင် ...

Would you like to sit the exams?


စာမေးပွဲတွေဖြေဖို့ နှစ်သက်သူတစ်ယောက်လား။


ကျွန်တော်တို့ ကလေးဘဝ၊ အထက်တန်းကျောင်းသားဘဝမှာ ကျောင်းသွားတော့မယ်ဆိုရင် အိမ်ကနေ ကျောင်းကားစီးပြီး သွားရတာပါ။ ခပ်ငယ်ငယ်တုန်းကတော့ ကျောင်းကားစီးရင် ဘေးနားက သူငယ်ချင်းနဲ့ ဆော့နေမလား၊ လမ်းတစ်လျှောက် ဟိုဟိုဒီဒီ ကြည့်နေမလား။ စိတ်ဝင်စားမှုက အဲဒီလောက်ပါပဲ။ နောက်ပိုင်း အတန်းလေးကြီးလာတော့ စိတ်ဝင်စားမှုတွေက ပိုလာတတ်ပါပြီ။ အဲဒီထဲမှာ ကျောင်းကားမောင်းတာ နှေးနေလား၊ မြန်နေလားဆိုတာလေးကိုပါ စိတ်ဝင်စားတတ်လာပါပြီ။ ကျွန်တော်တို့ ကျောင်းကားမှာက ကျောင်းသားနည်းပါတယ်။ အဲဒီတော့ ကားဆရာကြီးနဲ့ ကျွန်တော်တို့က ရင်းနီးနေတာပေါ့။ ခပ်ဖြည်းဖြည်းပဲ မောင်းတတ်တဲ့ ကားဆရာကြီးကို ကျွန်တော်တို့က တစ်ခါတစ်လေမှာ မြန်မြန်လေး မောင်းစေချင်ပါတယ်။ အဲဒီအချိန်တိုင်းမှာ သူပြန်ပြောတတ်တာက ကားမောင်းရင် စည်းကမ်းရှိဖို့နဲ့ စိတ်ရှည်ဖို့တွေပဲပေါ့။



တရက်မှာ ကျောင်းကားရောက်လာတော့ ကျွန်တော်တို့ရဲ့ ကားဆရာကြီး မဟုတ်ပါဘူး။ နောက်တစ်ယောက် ဖြစ်နေပါတယ်။ မေးကြည့်တော့ နောက်သုံးရက်လောက်နေမှ သူပြန်မောင်းမယ်။ သူက ရှမ်းပြည်ဘက်ကို ကားမောင်းပို့ဖို့ ကိစ္စနဲ့ သွားနေတယ်တဲ့။ သိပ်မကြာပါဘူး။ သူပြန်ရောက်လာပြီး ကျွန်တော်တို့ ကျောင်းကားလေးကို မောင်းနေတာပါပဲ။ တဖြည်းဖြည်းနဲ့ ရက်သိပ်မကြာခင်မှာ ကျွန်တော်တို့ သတိထားမိတာက သူကားမောင်းတာ အရင်ထက်ပိုမြန်လာတာပါပဲ။

ကျွန်တော်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူနဲ့က ဟိုး.. ခပ်ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူ့ကို ကျွန်တော်နားလည်နိုင်လောက်အောင်အထိ ပေါင်းသင်းဖူးသူတွေပေါ့။ ခပ်ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်းတွေကို သံယောဇဉ်ကြီးတယ်။ ကျောင်းစာမှာလည်း တော်သူတစ်ယောက်ပေါ့။ ကျွန်တော့် သူငယ်ချင်းမှာ အားနည်းနေတတ်တာက တစိမ်းတွေနဲ့ ဆက်ဆံဖို့ကို စိုးရိမ်တတ်သူ၊ ရပ်ဝေးကိုလည်း မရောက်ဖူးသလောက်ဆိုတော့ ခရီးသွားရင် တစ်ယောက်တည်း မသွားရဲသူပါ။ တစိမ်းတွေနဲ့ ပြောစရာ ဆိုစရာတွေရှိလာရင် သူကအလိုလိုပဲ နောက်နားရောက်သွားတတ်သူပါ။

အထက်တန်းပြီးနောက်ပိုင်းမှာ သူနဲ့ ကွဲကွာလာခဲ့ပါတယ်။ ကျွန်တော်ကလည်း တမြို့တနယ်ရောက်၊ သူကလည်း တမြို့တစ်နယ်ရောက်လို့ အလုပ်တွေဘာတွေ လုပ်နေပါပြီတဲ့။ သူငယ်ချင်းကိုပြန်တွေ့တော့ သူ့အလုပ်အကြောင်းမေးရင်း၊ ကျွန်တော့်အကြောင်းတွေပြောရင်း စကားလက်ဆုံကျမိပါတယ်။ သူပြောင်းလဲသွားပါပြီကော။ အရင်လို ခပ်ပျော်ပျော်နေတတ်တယ်၊ အပေါင်းအသင်းတွေကို ခင်မင်တတ်နေတုန်းပဲ။ ထူးခြားလာတာကတော့ သူငယ်ချင်းက အရင်လို သူစိမ်းတွေနဲ့ ဆက်ဆံရာမှာ ခပ်အေးအေး ခပ်လေးလေးမဟုတ်တော့ပါဘူး။ အလုပ်ကိစ္စလေးတွေရှိလာရင်လည်း သူကိုယ်တိုင် ဦဆောင်ဦးရွက် လုပ်နေပါပြီ။

ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ သိသိသာသာ အရည်အချင်းတွေ စစ်ဆေးခဲ့တာကတော့ ကျောင်းစာမေးပွဲတွေပါ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက ကျွန်တော်တို့ကိုယ်တိုင် သိသိသာသာရော မသိမသာလေးပါ လူ့ဘဝနဲ့ဆိုင်တဲ့ အရည်အချင်းစစ် စာမေးပွဲလေးတွေ (အဖြစ်အပျက်လေးတွေ)ကို ဖြတ်သန်းခဲ့ရတာ။ နောက်ကိုလည်း လူ့ဘဝသက်တမ်းတစ်လျှောက် ဖြတ်သန်းနေစဉ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အရောင်တင်ဖို့၊ ရင့်ကျက်ဖို့၊ စိတ်ဓါတ်ပိုင်းရော လူနေမှုဘဝပိုင်းမှာပါ တိုးတက်လာဖို့ စာမေးပွဲလေးတွေ ကြုံတွေ့နေအုံးမှာပါပဲ။

ရှမ်းပြည်က ခက်ခဲတဲ့ယဉ်ကြောမှာ မောင်းလာပြီးတော့ သူ့ကိုသူ ပိုလို့ယုံကြည်လာတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းကားမောင်း ကားဆရာကြီး။ သူကိုယ်တိုင် ရွေးချယ်တဲ့ အလုပ်ကိုက လူအများနဲ့ဆက်ဆံ၊ ဦးစီးဦးဆောင်လုပ်ရတဲ့ အလုပ်မှာ ကျင်လည်ရင်း ပိုလို့ရင့်ကျက်လာတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း။ သူတို့တွေလိုပဲ ကျွန်တော်တို့တွေကိုလည်း ငယ်စဉ်ကနေ အခုအချိန်ထိ ကျင်လည်ရာ လူ့လောကကြီးက သင်ပေးလိုက်တာတွေရှိတာပါပဲ။ ကိုယ့်အတွက် အသုံးဝင်တဲ့ အတွေ့အကြုံတွေကို လက်ခံကျင့်သုံးလို့ ကိုယ်တိုင်တိုးတက်ရာကို ရှာဖွေရမှာပါပဲ။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုယ်တိုင်က ယုံကြည်မှုမရှိသေးတဲ့ အမှုကိစ္စတွေ ဆောင်ရွက်စရာ ကြုံတွေ့လာမယ်၊ ဖြတ်သန်းကျော်လွှားဖို့ တောင်းဆိုလာတဲ့ အခိုက်အတန့်လေးတွေ ပေါ်ပေါက်လာပါမယ်။ အဲဒီလို ကိုယ်တိုင်က ယုံကြည်မှုနည်းနေသော်လည်း ဆုံးရှုံးမှုဆိုတာက နောက်ဆုံးနေရာ၊ ကြိုးစားလုပ်ဆောင်ဖို့ကတော့ ကိုယ့်ဝန်တာလို့ စိတ်မှာ ခံယူရင်း လူ့ဘဝတစ်လျှောက်လုံးမှာ အရည်အချင်းစစ် စာမေးပွဲလေးတွေ (အဖြစ်အပျက်လေးတွေ)ကို ကြည်ဖြူစွာ လက်ခံကြိုဆိုရင်း အောင်မြင်အောင် ကြိုးစားကြပါစို့လား။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 3, 2008

တစ်ရှူးဗေဒင်ပါ….

နောက်ဗေဒင်မေးနည်းတစ်မျိုးပါ….
တစ်ရှူးဗေဒင်ပါ….
ဒီနည်းလေးက… မယ်ရဲ့ အဆောင်မှူး မမတစ်ယောက် ပြောပြတဲ့နည်းလေးပါ…
ပြောပြတဲ့မမ ကိုကျေဇူးတင်ပါတယ်….

ဒီဗေဒင်ကတော့ YES or NO! အဖြေပဲပေးနိုင်ပါတယ်….
တစ်ရှူးတစ်ရွက်ရှိယုံနဲ့ မေးလို့ ရပါတယ်….
တစ်ရှူးတစ်ရွက်ကို ဒေါင်လိုက် (သို့ ) အလျားလိုက် (၆) စပိုင်းလိုက်ပါ….
ပြီးရင် တစ်ရှူး တစချင်းစီကို ကြိုးကျစ်သလို ကျစ်လိုက်ပါ…
အဲလို ဆိုရင် တစ်ရှူးကြိုး (၆) ကြိုးရမယ်….
ရလာတဲ့ တစ်ရှူးတွေရဲ့ အစတဖက်ကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်….
ပြီးရင်ကိုယ်မေးချင်တဲ့မေးခွန်းကိုမေး….
ဥပမာ …. စာမေးပွဲအောင်မှာလား အောင်မယ်ဆိုရင် အကွင်း (၃) ကွင်းရပါစေ….
အဲလိုမေးပြီးရင်….တဖက်မှာရှိနေတဲ့ ကြိုးစတွေကို (၂) ပင်စီပူး ချည်လိုက်ပါ….
ပြီးရင် မချည်ရသေးတဲ့ နောက်တဖက်မှာရှိတဲ့ အစတွေကို (၂) ပင်စီပူး ချည်လိုက်ပါ….
ပြီးရင် လက်ဖ၀ါးဖြန့် ပြီးတစ်ရှုးတွေကို ကြည့်ရင် ကြိုးကွင်းလေးတွေရနေလိမ့်မယ်….
အဲဒီကြိုးကွင်းလေးတွေက (၃) ကွင်းဆိုရင်တော့….. အောင်ပြီပေါ့…..
ကြိုးကွင်းက (၁) ကွင်း (၂) ကွင်း (၃) ကွင်း အထိဖြစ်နိုင်ပါတယ်….
ပြီးတော့သီးသန့် ကွင်းလေးတွေကော… ကွင်းဆက်လေးတွေပါဖြစ်နိုင်တယ်….
ကွင်းဘယ်နှစ်ကွင်းလဲလို့  မေးတဲ့အချိန်မှာ ကွင်းဆက်လေးလား သီးသန့် ကွင်း လားဆိုတာကို သေချာပြောနိုင်ရင် ပိုကောင်းပါတယ် …..

PS . ( ဒီနည်းလေးသုံးပြီးဗေဒင်မေးရင်… ကိုတာတူးတို့ ….. ကိုတားမြစ်တို့ လို လူပျိုကြီးတွေ….
အခက်တွေ့ နိုင်ပါတယ်…. တစ်ရှူးကိုင်ပေးမဲ့သူမရှိလို့ လေ…..)

မယ် (5:00 pm .2.8.08)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, August 2, 2008

Myo Myint Swe


ဆရာမျိုးမြင့်ဆွေ

“မှန်ထဲကသစ္စာ”

  • မှန်တစ်ချပ်ဟာ
    သစ္စာတရားတဲ့
    လူများပြောလေ့ရှိကြတယ်။
  • မင်းပြုံးရင်
    မှန်ပြင်ရိပ်က၊ ပြန်ပြုံးပြမယ်။
  • မင်းမဲ့ရင်
    မှန်ပြင်ရိပ်က၊ ပြန်မဲ့ပြမယ်။
  • ဒါပေမယ့်
    မင်းရဲ့လက်ယာ၊ မှန်ထဲမှာ ဘယ်
    မင်းရဲ့လက်ဝဲ၊ မှန်ထဲမှာ ညာ။
  • စာတစ်ကြောင်း
    ပြောင်းပြန်ပေါ်လာ
    မှန်ထဲမှာဖတ်မရ။
  • မှန်ထဲကသစ္စာ
    ဘယ်မှာ စိတ်ချရလို့လဲ။
    (၆-၂-၈၈)




ဆရာမျိုးမြင့်ဆွေရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ စာအုပ်လေးက လက်ထဲမှာ ရက်အတော်ရနေပါပြီ။ ဆရာ့ကဗျာတစ်ပုဒ်လောက် ဝေမျှအုံးမယ်ဆိုပြီး ရှာနေရင်းပေါ့။ တစ်ကယ်တမ်းကျတော့ ဒီစာအုပ်လေးက “မှန်ထဲကသစ္စာနှင့် အခြားကဗျာများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာရဲ့ ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အမှတ်တရ ထုတ်တာပါ။ ၁၉၉၅ မှာထုတ်တာပါ။ အခုဆိုရင် ဆရာကွယ်လွန်တာ ၁၈နှစ်လောက်ရှိပါပြီ။ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့ပါတယ်။ လူသေသော်လည်း အမည်မသေသူလို့ ပြောချင်ပါတယ်။ ဆရာကျင်လည်တာက ပန်းချီလောက၊ ကဗျာလောက၊ ဂီတနဲ့ စာပေမှာဆိုတော့ ခေတ်အရ သိသူရှိသလို မသိသူလည်းရှိမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီစာအုပ်လေးမှာ ကျွန်တော်တို့ဘလော့ဂ်လေးရဲ့ ဧည့်သည်တွေ စိတ်ဝင်စားစရာမဲ့ ကဗျာလေးတွေကို ရှာမိပါတယ်။ ပထမဆုံးကဗျာဖြစ်တဲ့ “အဘိုးနောက်မှာ” (သခင်ကိုယ်တော်မှိုင်းအကြောင်း) ကဗျာကနေပြီး ဖတ်ကောင်းမဲ့ကဗျာတွေပဲ တွေ့နေလိုက်တာ ဘာကိုရွေးပေးရမှန်း မသိပါဘူး။ ဒါနဲ့ပဲ ပိုစ့်ကို ခပ်ရှည်ရှည်လေး လုပ်လိုက်ပါတယ်။ ဒီကဗျာစာအုပ်လေးမှာ ကဗျာတွေ အများကြီးကို ပြန်လည်စုစည်းထားတာပါ။ စီစဉ်သူက ရက်စွဲလေးတွေအလိုက် စီထားပါတယ်။ ဒါနဲ့ ရက်စွဲလေးတွေကို ဂရုပြုပြီး ဖတ်မိပါတယ်။

နောက်ဆုံးတော့ ဆရာ့ကဗျာတွေအားလုံးကို ခံစားရင်းကနေ သတိထားမိသွားတာတစ်ခု ရှိလာပါတယ်။ မကြာခဏဆိုသလိုပဲ ဆရာဟာ လူ့ဘဝကို ရထားကြီးတစ်စီးနဲ့ နှိုင်းယှဉ်လေ့ရှိတာကိုပါ။ ဒါနဲ့ပဲ ဒီစာအုပ်လေးမှာ နောက်ဆုံးကဗျာလည်းဖြစ်၊ ရထားတစ်စီးနဲ့ တင်စားထားတဲ့ ကဗျာလည်းဖြစ်တဲ့ “မေတ္တာပို့” ဆိုတဲ့ ကဗျာလေးကိုလည်း ဝေမျှဖို့ ရွေးလိုက်ပါတယ်။

“မေတ္တာပို့”

  • နေပူလည်းသွား၊ သည်ရထား။
  • မိုးရွာလည်းသွား၊ သည်ရထား။
  • မိုးပေါက်ကပက်၊ ရွှံ့ဗွက်ကစင်
    ငါးချဉ်သို့သိပ်၊ နေလျှံဖိတ်နှင့်
    တိုးကြိတ်စီးသွား၊ သည်ရထားတွင်
    စိတ်ထားဖြောင့်မှန်၊ မဖြောင့်မှန်နှင့်
    အကြံရာထောင် လူရာထောင်။
  • စိတ်ထားဖြောင့်သူ
    လူ ဟူစလောက်၊ လိုရာရောက်၍
    မိုးပေါက်သို့နှယ် အေးချမ်းစေ။
  • စိတ်ထားကောက်ကြံ၊ လူ့ဖောက်ပြန်ကား
    နေလျှံမြိုက်သို့ လောင်ကျွမ်းစေ။
  • ငါ အရင့်အမာ၊ မဟုတ်ပါ၍
    မေတ္တာညီမျှ၊ မဝေငှနိုင်
    ကြိုက်မှ သာဓုခေါ်ပါလေ။.....။
    (နေ့စွဲ မဖော်ပြ)


နောက်သတိထားမိတာ တစ်ခုက ဆရာဟာ ကဗျာကို ပုံစံမျိုးစုံ ရေးသွားတာပါ။ ဥပမာ “ဂျိမ်းဖောပွဲတော်” လိုကဗျာမျိုး တွေအပြင်၊ လေးလုံးစပ်တွေ၊ ကာရံတွေကို အထူးပြုရေးတတ်ပါတယ်။ ပိုင်ပိုင်နိုင်နိုင်နဲ့ စကားလုံးတွေကလည်း သာမာန်ဖြစ်ပေမဲ့ ထိရောက်တဲ့ အဓိပ္ပါယ်ပါအောင် စပ်ဆိုပါတယ်။ ဒါပေမဲ့ သူ့ကလောင်စွမ်းတာကို သူတတ်နိုင်တဲ့ဘက်ကနေ အများအတွက်၊ ပြည်သူအတွက် လုပ်ပေးချင်တယ်ဆိုတာ ကဗျာတွေမှာ မြင်နေရပါတယ်။ ပိုပြီး သိသာစေဖို့ ဆရာ့ကဗျာတွေထဲကနေ ကျွန်တော်တို့လို နောက်မျိုးဆက်တွေအတွက် သတိထားစရာလည်းရမလားဆိုပြီး “ကဗျာမလေး တစ်ယောက်အကြောင်း” ဆိုတဲ့ ကဗျာကိုလည်း ဝေမျှဖို့ ရွေးလိုက်ပါတယ်။

“ကဗျာမလေးတစ်ယောက်အကြောင်း”

  • ကဗျာတတ်ချင်လို့
    စာစပ်ကို သင်ပြပေးပါ တဲ့
    မလေး သူဆိုလာလို့
    မနေသာ စေတနာဓာတ်ရာယ်နှင့်
    တတ်သလောက်ပြရပြန်။
  • သံပေါက်ဆို ဘယ်ပုံမျိုး
    သံချပ်ဆို ဘယ်ပုံသုံး
    ဒွေးချိုးကို ဘယ်လိုမှတ်
    လေးချိုးကို ဘယ်လိုစပ်
    တေးထပ်က ဘယ်ဥပဒေ
    ရေးတတ်မှ လွယ်မှုနဘေ
    လင်္ကာမြေ ကျယ်ပါသရွေ့ကိုဖြင့်
    ဝင်ပါလေ ဘယ်ညာရှေ့မှာ
    တွေ့လိမ့်ကာရန်။
  • ကဗျာမတတ်ခင်တော့
    ပြောတတ်တယ် မကြာမကြာပေါ့
    အလင်္ကာ မာလာခက်တွေနှင့်
    ပြည်သူကို ပန်တော်ဆက်မယ်တဲ့
    အားတက်ဖွယ့် သူ့အသံ
    ပျားကြံသို့ ချိုပေသား။
  • ကဗျာလည်း တတ်ပါရော
    ဖတ်ရတယ် သူ့စာများက
    လူကြွားဂုဏ်ရှင်နှင့်
    ချစ်ကြင်တယ် ပထမ
    နောင်ကျတော့ စိမ်းကားဟန်
    သူ့သည်းတွေ ဗလောင်ဆန်တဲ့
    ဆွေးကာရံ ရှိုက်သံချည်းပေမို့
    တစ်နည်းငယ် အသွင်ကွာလို့
    ခရီးရယ် မတွင်လာဘူ့
    သင်ဆရာ ကိုယ့်ရင်ဝမ်းမှာ
    (မိညာရေ…)
    ပန်းရပါလား။.....။
    (နေ့စွဲ မဖော်ပြ)


“မှန်ထဲက သစ္စာ”ကိုတော့ စာအုပ်ခေါင်းစဉ် ယူထားတဲ့ ကဗျာဖြစ်နေလို့ ဖော်ပြပေးပါတယ်။ ဒီစာအုပ်လေးမှာ ဆရာမကြီး လူထုဒေါ်အမာက လွမ်းလွမ်းဆွေးဆွေးပဲ အမှာရေးထားပါတယ်။ “ကျွန်မတို့အချင်းချင်း တစ်ဦးကွယ်လွန်သွားတဲ့အခါ ကျန်ရစ်သူများက ဒါလောက်ကလေးပဲ လုပ်နိုင်စွမ်းတော့တာလား …” “… ဒီလိုအနုပညာ ပါရမီရှင်တစ်ယောက် ကွယ်ပျောက်သွားတဲ့အခါ ကျွန်မတို့တတ်နိုင်တဲ့ မပြောပလောက်တာကလေးမျိုးနဲ့ ကူပံရတာ မလုံလောက်တာတော့ အမှန်ပဲလို့ အောက်မေ့မိတဲ့အကြောင်း ရေးသားပါရစေ။”

ကဗျာအများစုကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ ဒီလောက်ပဲဝေမျှလိုက်ပါတယ်။ အားလုံးပဲ ဆရာမျိုးမြင့်ဆွေကို ပိုရင်းနှီးသွားအောင် ဒီစာအုပ်လေးမှာ ဖော်ပြပါရှိတဲ့ ဆရာ့ရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိလက်ရေးမူကို ဖော်ပြလိုက်ပါတယ်။

မျိုးမြင့်ဆွေ
ရွှေဘိုခရိုင် ရေဦးမြို့နယ် မန်ကျီးတောရွာ ကျောင်းဆရာ ဦးအေးမောင်နှင့် ဒေါ်လေးငွေတို့မှ ၁၉၃၃ ခု- အောင်တိုဘာလတွင် ဖွားမြင်သော သားရတနာဖြစ်သည်။ အမည်ရင်းမှာ ဦးမြသောင်းဖြစ်သည်။ ဦးအေးမောင်နှင့် ဒေါ်လေးငွေတို့၏ သားသမီး (၈)ယောက်အနက် ဒုတိယမြောက် မွေဖွားသူဖြစ်သည်။
ဆောင်းပါး၊ ဝတ္ထုတိုမှစ၍ ကဗျာများကို ၁၉၅၅ ခုနှစ်မှ စတင်ကာ မန္တလေးထုတ် ဗဟိုရ်စည်၊ မန္တလေးသူရိယ၊ နဂါးနီ-ရှမ်းပြည်၊ မြတ်ရတနာ၊ ပန်တော်ဆက် စသော စာနယ်ဇင်းများနှင့် မြဝတီ၊ သွေးသောက်၊ ငွေတာရီ၊ သင့်ဘဝ စသော ရန်ကုန် စာနယ်ဇင်းအမျိုးမျိုးတွင် ရေးသားခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် “မိုးသောက်ယံ” ကဗျာများကိုလည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် “အလင်းခေတ်” ကဗျာများကိုလည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် “ခလေးအဖော် ရွှေဇီးကွက်”၊ ၁၉၇၈ ခုနှစ်တွင် “လိမ္မာယဉ်ကျေး မေ့ရင်သွေး” ကဗျာများကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။
၁၉၅၉ ခုနှစ် မြတ်ရတနာ မဂ္ဂဇင်း စာပေပြိုင်ပွဲတွင် ရွှေမန်းတောင် ကဗျာဖြင့် ပထမဆု၊ ၁၉၆၂ ခုနှစ် အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်း စာဆိုတော်နေ့ စာပေပြိုင်ပွဲတွင် “နိုင်ငံတော်သစ်ဆီသို့” ကဗျာဖြင့် ဒုတိယဆုကိုလည်းကောင်း၊ ဓနသဟာယစာစောင် ကဗျာပြိုင်ပွဲတွင် “မောင်ကြီးတို့ရွာ”ကဗျာဖြင့် ပထမဆုကိုလည်းကောင်း အသီးသီး ဆုများဆွတ်ခူးခဲ့သည်။ ၁၉၆၇ ခုနှစ် အမျိုးသားစာပေ ဆုနှင်းသဘင်တွင် “လူသားနှင့်ဝန်းကျင် ကဗျာများ” စာမူဖြင့် ပထမဆုကို ဆွတ်ခူးခဲ့သည်။
မျိုးမြင့်ဆွေသည် ရုပ်ရှင်မင်းသား ဇော်ဝမ်းသီဆိုသော ကျောက်ခဲ၊ သဇင် အစရှိသော ရုပ်ရှင်သီချင်းများ။ မီးခိုးလိုလူ တိမ်လိုလူ၊ ထရံပေါက်က နေပြောက်ကလေး၊ မေတ္တာမိုး စသော မြန်မာ့အသံ ရေဒီယိုနှင့် တီဗွီသီချင်းများ။ ဒေါင်မလေး၊ မန္တလေး မဟာမုနိ ဗုဒ္ဓဝင်ပြခန်း စသော ကက်ဆက်ခွေ သီချင်းများကိုလည်း ရေးသားခဲ့သည်။
ယနေ့အထိ ကဗျာများကို အဆက်မပြတ် ရေးသားနေသည်။ သို့ရာတွင် မျိုးမြင့်ဆွေ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ပန်းချီ (ပုံရေး၊ ပုံဆွဲ) လုပ်ငန်းပင် ဖြစ်ပါသည်။ ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဘီဘီစီအသံလွှင့်ဌာန၏ နှစ် ၅၀-မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသော ၇၂ နိုင်ငံပါဝင်သည့် ကမ္ဘာ့ပန်းချီပြပွဲတွင် “ဝေးမြေခြားမှ စကားလက်ဆောင် တေးလက်ဆောင်” ပန်းချီကားဖြင့် ဘီဘီစီ အရှေ့တိုင်းဌာနခွဲ၏ ပထမဆုကို ဆွတ်ခူးခဲ့သည်။
ယခုအခါ မျိုးမြင့်ဆွေသည် မန္တလေးမြို့ မြေနီကျင်းရပ် ၃၂-လမ်း အမှတ် (၁၇၇) နေအိမ်တွင် မိဘနှစ်ပါးနှင့်အတူနေထိုင်ရင်း ကဗျာနှင့်သီချင်းများ ရေးစပ်ခြင်း၊ ပန်းချီရေးခြင်းစသော လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။


အားလုံးပဲ သီးခံပြီးတော့ ပြီးအောင်ဖတ်သွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကို အဆင်သင့်မယ်ဆိုရင် ဆရာ့ကဗျာတွေကို ဝေမျှပါအုံးမယ်။


သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

သီချင်းဗေဒင်ပါ....

ဗေဒင်ကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက်...
စိတ်ညစ်နေတဲ့အချိန်...
ပျင်းနေတဲ့အချိန်....
တစ်ခုခုကိုစိတ်စနိုးစနှောင့်ဖြစ်နေတဲ့အချိန်.....
စိတ်ဖြေစရာ တစ်ခုအနေနဲ့ ...
သူငယ်ချင်းတစ်ယောက်ပြောပြဖူးတဲ့.....
သီချင်းဗေဒင်မေးတဲ့နည်းလေးပါ....
သိပြီးသားဖြစ်ရင်လည်း ကျော်သွားလိုက်ပါ...
စိတ်ဝင်စားတယ်ဆိုရင်လည်း စမ်းသပ်ကြည့်လိုက်ပါ....
Winamp လို Software ကို သုံးပြီး Male /Female/Couple Vocalist အစုံပါတဲ့ သီးချင်းပေါင်းစုံ (အချစ်… အလွမ်း… အပျော် ) ကိုထည့်ပါ…
သီချင်းအပုဒ်ရေများရင်ပိုကောင်းပါတယ်……
ပြီးရင်…Play မှာ Shuffle (သို့ ) Random ကို ရွေး…
ပြီးရင် Play ……အဲ…. ပြီးရင် ကိုယ်သိချင်တဲ့မေးခွန်းကိုမေး…
ဥပမာ….. " သူ့စိတ်ထဲမှာကိုယ်နဲ့ ပတ်သက်ပြီးဘာရှိလဲ " လို့ စိတ်ထဲမှာမေးပြီးရင် Next ကို Click ….
အဲ… Play နေတဲ့သီချင်းရဲ့ အဓိပ္ပါယ်ကအဖြေပါပဲ ……
ကိုယ်သိချင်တဲ့မေးခွန်းကို ကိုယ်လိုသလိုမေးပြီး သီချင်းစာသားရဲ့ အဓိပ္ပါယ်ကို အဖြေအဖြစ်ယူလိုက်ပါ….

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 1, 2008

LOVE!


"အချစ်"

အချစ်တဲ့
လူပြောများတဲ့ စကားလုံး
ရာစု အဆက်ဆက်သုံးကြ
မစားရ ၀ခမန်းတွေကို ဖြစ်လို့ ။
တစ်ချို့ဆို
ကိုယ်ပျော်လို့သူကမှိုင်
သုံး၊လေးပွင့်တွေတောင် ဆိုင်လို့
တစ်ချို့ကျ ဘား
တစ်ချို့က ဘုံဆိုင်
မနိုင်ခဲ့ ကြသူတွေ ထိုင်ကြ
ဒီလိုနဲ့ ဘ၀တွေကခါး
အချစ်က ဘုရားဖြစ်
နစ်သထက် နစ် နေလိုက်ကြတာ
ငါ . . . ငါဆိုတဲ့ အတ္တတွေတောင်
အရောင်တွေ လွင့်လို့ ။
. . . . .
ဤ သို့ ထိုသို့
အချစ်ဆိုတာကိုဖွဲ့ကြ
တစ်ထောင့် တစ်ည ပြောမကုန်ကြတာလည်းရှိ
နင်မရှိရင် ငါလည်းမရှိသူကမရှား
သြော် . . . လူတွေများနှယ်နော် ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက်



အဟီး စိတ်ဆိုးကြနဲ့နော် စတာ ။:D
ဆက်ဖတ်ကြပါဦး။
ဖွက်ထားတဲ့ နောက်ဆက်တွဲ ရှိသေးတယ် ။

လူမလစ်တဲ့ လောကထဲ
ငါလည်း လူလာဖြစ်လေတော့
အချစ်ကပြုစား
လာခဲ့ သွားမယ်ကွယ် ဘုရား
အဲလေ . . . မှားလို့
ချစ်ကြစို့တဲ့ တူပြိုင်
နိုင်ချင်နိုင် ရှုံးချင်ရှုံး
တစ်သက်လုံးပဲ ချစ်တော့မယ် ။

တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Notice for all Bloggers


သတိ

(အရေးကောင်းလိုသူများနှင့် အရေးကောင်းသူများ)

ကျွန်တော်ခင်မင်ရတဲ့၊ ကျွန်တော့်စိတ်ထဲကို ဝင်ရောက်နေတဲ့ ဒီဘလော့ဂ်လေးကို အွန်လိုင်းအဆင်ပြေတိုင်း ဖွင့်ကြည့်ရတာအမောပါ။ ကိုယ်ရေးထားတာလေးတွေ၊ အပေါင်းအသင်းရောင်းရင်းတို့ ရေးထားတာလေးတွေကို ပြန်ဖတ်ကြည့်၊ ကွန်မန့်လေးတွေကို ထပ်ဖတ်ကြည့် လုပ်နေရတာ စိတ်အစာပြေစေပါတယ်။ အချိန်များရခဲ့ရင် ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်၊ ကွန်မန့်ရေး၊ စီဘောက်စ်မှာ နှုတ်ဆက်နဲ့ အများတကာကြည့်ရင် တကယ့် အရေးတကြီး ကိစ္စတစ်ခုခုကို လုပ်နေသလိုပါပဲ။ ကျွန်တော့်အတွက်လည်း အနည်းအကျဉ်း (ဒါမှမဟုတ်လည်း အတော်များများ) ဘလော့ဂ်လေးတွေက ဖမ်းစားနိုင်ပါတယ်။ အစချီနေရတာက ပြောချင်တာလေးရှိလို့ပါ။ တရက်မှာ ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်လိုက်၊ ကိုယ့်ဘလော့ဂ်လေးကို ပြန်ကြည့်လိုက် လုပ်နေတဲ့ ကျွန်တော့်ကို အနားမှာရှိနေတဲ့ သူငယ်ချင်းတစ်ယောက်က သူဖတ်ဖူးတာလေးတစ်ခု ပြောပြပါတယ်။ သူ့စကားလေးတွေကို သဘောကျလို့ စာလာဖတ်တဲ့ ဘလော့ဂ်ဂါတွေကို ပြန်ဝေမျှပါတယ်။ သူပြောတာကတော့ နာမည်ကြီး စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာလေးပါတဲ့။ သူက အကြောင်းအရာကိုပဲ မှတ်မိလို့ အကြောင်းအရာကိုပဲ အဓိကပြောသွားပါတယ်။ ကျွန်တော်ကလည်း အကြောင်းအရာလေးကိုပဲ အဓိက ပြန်လည်ပြောပြပါမယ်။ အားလုံးပဲ သတိထားနိုင်အောင်ပါ။





တစ်ခါက လူ့ဘဝကိုဖြတ်သန်းအပြီးမှာ အပြစ်တွေကို ပေးဆပ်စရာရှိလို့ ပုဂ္ဂိုလ်နှစ်ဦးဟာ ငရဲမင်းကြီးဆီကို အတူတကွ ရောက်လာခဲ့ပါတယ်။ ငရဲမင်းကြီးလည်း သူတို့ရဲ့ အချက်အလက်တွေကြည့်၊ လိုအပ်တာတွေ စစ်ဆေးအပြီးမှာ အပြစ်ရှိသူနှစ်ဦးကို သူ့လက်ထောက်လက်အပ်ပြီး ဆီပူနဲ့ကြော်တဲ့ငရဲကို ပို့စေလို့ မိန့်သတဲ့။ အဲဒီနှစ်ဦးမှာ တစ်ဦးသောသူက လူ့ဘဝမှာ တိုင်းသိ၊ပြည်သိ နာမည်ကြီး စာရေးဆရာပါတဲ့။ နောက်တစ်ယောက်ကတော့ ဘာမှအထွေအထူးမလုပ် လူ့ဘဝမှာ အချိန်လေးရတာနဲ့ အရက်သေစာ သောက်စားတတ်သူ အရက်သမားပါ။ ငရဲမင်းကြီးရဲ့ လက်ထောက်အရာရှိက သူတို့ကို သက်ဆိုင်ရာငရဲကိုပို့ပြီး အပြစ်ပေးပါသတဲ့။

ဆီပူမှာ စာရေးဆရာကိုထည့်ကြော်၊ မီးအပူစပေးတော့ မီးအရှိန်က နည်းသတဲ့။ အရက်သမားမှာတော့ ဆီပူမှာစထည့်ခံရကတည်းက ပြင်းလွန်းတဲ့ မီးအရှိန်နဲ့ပေါ့။ ဒီလိုနဲ့ ငရဲကျသူနှစ်ဦး ပြစ်ဒဏ်တွေခံနေလိုက်ရတာ အဖြည်းဖြည်း ကြာလာပါလေရော။ အဲဒီမှာပဲ သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေက သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ ကွားခြားလာပါတော့တယ်။ စာရေးဆရာရဲ့ ဆီပူအိုးမီးဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ အရှိန်ကောင်းလာပါတယ်။ အရက်သမားရဲ့ ဆီပူအိုးမီးကတော့ တဖြည်းဖြည်းနဲ့ အရှိန်ကျလာလိုက်တာ ဖယောင်းတိုင်မီးသာသာပဲ ရှိတော့သတဲ့။ ဒီအတိုင်းသာ ဆက်သွားရင် အရက်သမားရဲ့ မီးအပူရှိန်က လုံးဝသေဖို့ ဖြစ်လာပြီး၊ စာရေးဆရာခမျာမှာတော့ ပူပြင်းလွန်းတဲ့ ဆီပူမှာ တကြော်ကြော် အော်ဟစ် ခံစားနေရတော့မှာပါ။

ဒါကို သတိထားမိတဲ့ စာရေးဆရာက ငရဲမင်းရဲ့လက်ထောက်ကြီးကို မကျေနပ်ကြောင်းပြောပါတော့တယ်။ လက်ထောက်ကြီးကလည်း ညွှန်ကြားချက်အရလုပ်ရတာ သူကတော့ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိပါဘူး။ ပြောချင်သပဆိုရင် ငရဲမင်းဆီ ခေါ်သွားပေးမယ်လို့ ပြောသတဲ့။ ဒါနဲ့ပဲ စာရေးဆရာဟာ ငရဲမင်းဆီသွားလို့ အရေးဆိုပါတော့တယ်။ ငရဲမင်းကြီးလည်း စာရေးဆရာရဲ့ မကြေနပ်ချက်တွေ တင်ပြပြီးတဲ့အထိ ပြုံးလို့နားထောင်ရင်း သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေကို ရှင်းပြသတဲ့။

“အရက်သမားက ကောင်းမှုကုသိုလ်မလုပ်သော်လည်း အရက်သေစာ သောက်စားထားချိန်မှာသာ အမှားတွေလုပ်၊ လူတွေကို ဒုက္ခပေးတာ။ ကျန်တဲ့အချိန်မှာ ဒုက္ခမပေးဘူးကွ။ သေလွန်သည်ရဲ့ နောက်ကွယ်မှာလည်း သူ့အပြစ်တွေက အကျိုးဆက်မရှိ ရပ်တန့်သွားပြီ။ မင်း-စာရေးဆရာကတော့ အရေးကောင်းကောင်းနဲ့ မင်းရဲ့အတွေးအမြင်တွေ၊ နိယာမတွေကို ဖြန့်ဝေ။ လူတွေကို ဒုက္ခပေးလိုက်တာ သေလွန်သည်ရဲ့နောက်မှာတောင် အတိုင်းတိုင်း အပြည်ပြည်ကိုပျံ့နှံ့၊ မျိုးဆက်ပေါင်းများစွာကို ဒုက္ခပေးနေတာ။ မင်းအပြစ်က ရပ်တန့်မယ်မထင်ဘူး။ ကဲ - အဲဒါ မင်းတို့နှစ်ဦးရဲ့ ကွာခြားချက်ပဲ” လို့ ရှင်းပြသတဲ့။

ရေဒီယိုက လေသံအတိုင်းပြောရရင် ပုံပြင်လေးကတော့ ဒါပါပဲကွယ်ပေါ့။ အရေးအသားကောင်းလိုသူနဲ့ အရေးအသားကောင်းသူတို့ရေ သတိတော့ထားကြဗျို့။ စာပေဟာ ပြည်သူ့အတွက်၊ အနုပညာအတွက်။ ဘယ်အတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ အများသူငါအတွက် ဒုက္ခကင်းမဲ့၊ အကျိုးရှိမဲ့ စာကလေးတွေသာ ဝေမျှနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်သဗျာ။ တော်ကြာ မီးအရှိန်တွေ တိုးသထက်တိုးတဲ့ ငရဲမျိုးမှာလည်း ရောက်နေကြအုံးမယ်နော်။ သတိ ပိုတယ်လို့ မရှိကြောင်းပါ။

သုခမိန်။…..။

မှတ်ချက်။…..။ သူငယ်ချင်းပြောသော အကြောင်းအရာလေးကို ဖတ်ကောင်းအောင် ပြန်ရေးပြတာပါ။ အပျော်သဘောပါခင်ဗျာ။ မူရင်းစာကို ဖတ်ဖူးထားသူတွေကိုလည်း တောင်းပန်၏။

ဆက်ဖတ်မယ်ဆိုရင် ...