Sunday, August 24, 2008

I don't wanna see these nut-case.


အရူးဘုံမှ အရူးဒီရေတက်သွားသူများ


ကျွန်တော်တို့ အလုပ်နားမှာ စားစရာတွေ ရောင်းတဲ့ ဆိုင်လေးတွေ ရှိတယ်။ လ္ဘက်ရည်ဆိုင်၊ အသုပ်ဆိုင်၊ ကွမ်းရာဆိုင် စသဖြင့်ပေါ့။ သူတို့တွေအများစုကတော့ နယ်ကနေတက်လာကြပြီး စီးပွားရေးလုပ်စားနေကြတာ။ အလုပ်ကြမ်းရော၊ အခုလိုဆိုင်လေးတွေထွက်တာရော၊ ခေါင်းရွက်ဗျက်ထိုးရောင်းကြတာရော အစုံပါပဲ။ ပညာအရည်အချင်းကတော့ ပြောစရာမလိုအောင်ပါပဲ။ သူတို့စိတ်ဝင်စားတာ အကုန်တတ်တယ်။ စိတ်မဝင်စားရင် ဘာမှမတတ်တော့ဘူး။ ဥပမာ အင်္ဂလိပ်စာမတတ်သော်လည်း ဖဲချပ်တွေကို ကောင်းကောင်းကြည့်တတ်တယ်။ နေတာကတော့ ဒီလိုပါပဲ။ ကျူးကျော်ခေါ်မလား ရွှေ့ပြောင်းအိမ်ရာခေါ်မလား။ သူတို့ဘဝနဲ့ သူတို့ကတော့ လည်ပတ်နေကြတာ။

အရူးတွေအကြောင်းဆိုပြီး သူတို့ကိုပြောနေရတာ စိတ်တော့မကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ လူရယ်လို့ဖြစ်လာရင် ရူးနေဖို့သေချာနေပြီကိုး။ သူများတွေလို ပါဠိလေးဘာလေး ရွတ်တတ်ရင်တော့ ပြောချင်သား။ ဘာတဲ့ လူဆိုတာ အရူးကြည့်ပဲ ဆိုတာလေးလေ။



ဟုတ်ပါတယ်။ ကျွန်တော်တို့တတွေဟာ ကျင်လည်ရာဘဝတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ ရူးနေကြရတာကိုး။ ခင်ဗျားလည်း အရူးပဲ။ ကျွန်တော်လည်း အရူးပဲ။ အိုဗျာ အားလုံးအရူးပါတဲ့။ ဒါပေမဲ့ ပုံစံလေးတွေတော့ ကွာခြားကြမှာပေါ့ဗျာ။ ဥပမာ ခင်ဗျားက ကဗျာတွေ၊ စာတွေနဲ့ ရူးသွပ်သူဆိုရင် ကျွန်တော်က မိန်းကလေးတစ်ယောက်အတွက် ရူးသွပ်နေသူပေါ့။ လူတွေပြောကြပါသေးတယ်။ အရူးပါးတဲ့။ အတော်တော့ ခံရခက်တဲ့ စကားလုံးဗျ။ အရူးခြင်းအတူတူကို ဒီလိုလူက တစ်မူးပိုရှုတယ်လို့ ဆိုလိုတာကိုး။ နောက်ရှိသေးတယ် အတူတူချင်းကို မဆီမဆိုင် ဝိုင်းလက်ညိုးထိုးပြီး အရူးပါကွာလို့ သတ်မှတ်ကြတာ။

အဲဒီလို အရူးတွေပျော်ပါးနေတဲ့ လောကကြီး၊ တမျိုးပြောရရင် အရူးဘုံကြီးမှာ ကံတရားကပဲ ဒဏ်ခတ်တာလား၊ ဘဝပေးကုသိုလ်လားမသိ ရေချိန်အမြင့်ဆုံးထိ ရူးနေတတ်သူတွေ ရှိသေးတယ်။ တစ်ခါက ရန်ကုန် ရွာသာကြီးကို အလုပ်ကိစ္စရှိလို့ သွားဖူးတယ်။ ဘတ်စ်ကားနဲ့ သွားရတာ။ ကားသေးတော့ လူလည်းကျပ်၊ ခရီးကလည်းဝေးဆိုတော့ ကားပေါ်မှာ ဘေးပတ်ဝန်းကျင်နဲ့ ပြုံးပြနှုတ်ဆက်၊ စကားတွေ ပြောဖြစ်ကြတာပေါ့။ အတော်စကားပြောလို့ ကောင်းပါတယ်။ ဘေးနားက အမျိုးသားကြီးတစ်ယောက်ပေါ့။ ဘယ်ဟုတ်မလည်း ကားပေါ်ကဆင်းမယ်ဆိုတော့မှ သူက ဆေးသွားပြမဲ့ လူနာမှန်းသိတော့တယ်။ ယဉ်ယဉ်လေးရူးဆိုတာ ဒါနေမှာလို့ အဲဒီကတည်းက တွေးဖူးတယ်။

ရုံးနားမှာ ကျွန်တော်တို့က လ္ဘက်ရည်လေးသွားသောက်။ တစ်ခါတစ်လေလည်း အသုပ်လေးဘာလေးစားရင်း စကားတွေပြောတယ်။ သူတို့ထဲက အမျိုးသားတစ်ယောက်က အရက်ကို ရေလိုသောက်တာပါ။ နေ့လည်ဆို ထမင်းမဆာပါဘူး။ အရက်ဆာတာပါ။ ဒါပေမဲ့ သူ့ကြည့်လိုက်ရင် ပြုံးနေတာပဲ။ မူးလို့ ဘယ်သူကိုမှ ရန်မရှာဘူး။ အေးအေးဆေးဆေး အရက်သမားကြီးပေါ့။ အဲ.. ဒီနေရာမှာ သူကံကောင်းတာတစ်ခုတော့ ရှိတယ်။ ဘာအလုပ်မှ လုပ်စရာမလိုဘူး။ မိန်းမက ရှာဖွေကျွေးနေတာ။ တစ်ခါတစ်လေ အားတောင်ကျတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က နေမကောင်းဖြစ်ပါတယ်။ ဆရာဝန်က သူ့ကိုပြောသတဲ့။ အရက်ဖြတ်ပါ။ ဆက်သောက်ရင် နောက်ဘဝကူးဖို့ အချိန်နီးနေပြီတဲ့။ မဆိုးပါဘူး။ အသက်တစ်ချောင်းကို သူလည်းချစ်တတ်တာပဲ။ အရက်ဖြတ်တယ်။ သောက်ကို မသောက်တော့တာ။

လူဆိုတာကလည်း ဆိုးတော့ဆိုးသားဗျ။ တစ်ခါတစ်လေမှာ ခင်ဗျားတို့ ကျွန်တော်တို့လည်း အပါအဝင်ပေါ့။ မလုပ်သင့်တာကို သိနေရက်နဲ့ ရှေ့ဆက်တိုးမိတာတွေလေ။ စွဲလမ်းမှုပဲ ပြောရမယ်ထင်တယ်။ နီးစပ်ရာ ဥပမာပေးရရင်တော့ ကွန်ပျူတာလေးကိုင်လိုက်တာနဲ့ ဘလော့ဂ်ကို ဖွင့်မိနေပြီ။ ဒါပေမဲ့ ဘလော့ဂ်စွဲတာကတော့ ကောင်းတဲ့ ရောဂါထင်ပါတယ်။ အဲ.. ဒါမျိုးပြောတာနေမယ်ဗျ။ အရူးပါးဆိုတာ။ ကိုယ်စွဲနေတာကြတော့ ကောင်းတဲ့ရောဂါတဲ့လေ။

သိပ်မကြာပါဘူး။ အရက်ဖြတ်တာ နှစ်လလောက်အကြာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အဲဒီအကိုကြီး အရက်ကြောင် ကြောင်ပြီး ရူးသွားသတဲ့။ ဘယ်လိုဖြစ်ရတာတုန်းဆိုတော့ ပြန်သောက်နေတာ တစ်လလောက်ရှိပြီဆိုပဲ။ အခုတော့ တွေ့တဲ့ခြုံကို ထိုင်ရှိခိုး။ နေပူကြီးလျှောက်သွား။ တယောက်တည်း စကားများ၊ ရန်ဖြစ်။ တွေ့မြင်နေရတာကိုက စိတ်မကောင်းစရာ။ ဟိုတရက်က ဆရာခေါ်ပြီး ဆေးထိုးတော့ စိတ်ငြိမ်ပြီး သတိပြန်ကပ်လာတယ်။ သူ့အမျိုးသမီးကိုလည်း ပြောသတဲ့ ငါကမနေရတော့ဘူး သွားတော့မယ်ဆိုပဲ။ အိမ်ရှင်မကလည်း ကလေးငယ်လေးတွေနဲ့ အားကိုးရာမဲ့ဖြစ်မှာဆိုပေမဲ့ သူက ကလေးတွေကို ငတ်မသေအောင် ရှာကျွေးနိုင်ပါသတဲ့လေ။ အားကျစရာ အားမာန်တစ်ခုကို တွေ့လိုက်ရတာပေါ့။

လူတွေက မသိချင်ယောင်ဆောင်တတ်ကြတယ်။ အဲဒီနေရာမှာ ကိုယ့်ကိုကိုယ် မသိချင်ယောင်ဆောင်တာ ပိုများ ပိုင်နိုင်ကြလားမသိပါဘူးဗျာ။ အရူးဒီရေ တက်သွားသူအကြောင်းကို ပြောနေကြတာ အရက်လေးတစ်မြမြနဲ့လေ။ ငါကတော့ ရူးခါနီးရင် ရပ်လိုက်မယ်များ တွေးကြလားမသိပါဘူး။ ကြောက်တတ်မယ်ဆိုရင် ကြောက်စရာဗျ။ သူတို့ တရှိုက်မက်မက် သုံးစွဲနေတဲ့ အရက်တွေက ကောင်းတာတွေ မဟုတ်ဘူး။ ကောင်းတာသောက်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ဟာမှ မသောက်တာ အကောင်းဆုံးပါ။ အခြေခံစားကုန်တွေကို ကျန်းမာရေးအတွက် သေချာစိစစ်ပြီး ထုတ်ပေးရင်တော့ အရက်သမားများလည်း အသက်ရှည်မယ်ထင်ပါတယ်။

တန်ဆေး၊ လွန်ဘေးပေါ့။ အရက်ဆိုတာကလည်း လူမှုရေးမှာ နေရာအတော်ရပါတယ်။ သူမပါရင် ပွဲမစည်သလိုပါ။ လုံးဝကင်းဖို့တော့ ကျွန်တော်ကိုယ်တိုင်အနေနဲ့ မတိုက်တွန်းပါဘူး။ အနည်းအကျဉ်းတော့ ရှိရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ကို အန္တရာယ်ပေးလောက်အောင်အထိ စွဲလန်းမိသွားရင် အကျိုးနည်းပါတယ်။ ဒီနေရာမှာတော့ အရက်မှ မဟုတ်ပါဘူး။ ဘယ်စွဲလမ်းမှုဖြစ်ဖြစ်ပါပဲ။ အခြေနိမ့်သူတွေမှာ ဒီလိုဖြစ်တာမြင်ရရင် ပိုလို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့မှာ ခံဖက်ကကြည့်ပဲကိုး။

အခြေခံကောင်းလေးတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာ။ ဒါမျိုးလေးတွေ ရှိနေမယ်ဆိုရင်တော့ အရူးဘုံသားခြင်းအတူတူမှာ ပိန်ညှက်ညှက်၊ မွဲခြောက်ခြောက် မြန်မာလေးတွေ နည်းလို့ အရက်ကြောင် ကြောင်ကုန်တယ်ဆိုတာ ဆေးပညာ စကားစုလေးအဖြစ်သာ ကျန်နေခဲ့မှာပါ။ အရူးဘုံကြီးမှာ မဖြစ်သင့်သော အရူးဒီရေတက်မှုများ ကင်းဝေးလို့ အရူးအခွင့်အရေးများ တန်းတူခံစားနိုင်ပါစေသား။

သုခမိန်။…..။

5 comments:

ဇနိ said...

အခြေခံစားကုန်တွေလည်း အသေအချာထုတ်ပေးရင်တော့ အားလုံးအတွက် အကောင်းဆုံးပေါ့ဗျာ...
း)
အလွန်အကျွံဆိုတာကတော့ ဘယ်အရာမှ မကောင်းပါဘူး။

****
ပိုသည်မရှိဆိုတာက သတိပဲ ရှိတယ်လို့ ကြားဖူးတယ်။
****

အရက်ဆိုတာ အစား ကောင်းကောင်းစားဝင်ဖို့ ကြားခံ ချောဆီလို့ သဘောထားရမယ်လို့လည်း မှတ်သားဖူးသဗျ။

အရက်ကျေးကျွန်းဘဝက ကင်းဝေးဖို့ သတိထားရမယ်။

မောင်မောင် said...

ဖတ်လို့ကောင်းတယ်ဗျာ။
ကျေးဇူးတင်ပါ၏။

မောင်မောင်

ကိုရင်နော်ခင်လေးငယ် said...

အရူးများအားလုံး တန်းတူ
အရူးအခွင့်အရေး ရရှိရေးးး
“ဒို့အရေးး” “ဒို့အရေး”...
..................

တောကြောင် said...

အရူးဆိုလို့ စိတ်ဝင်စားပြီးဖတ်ကြည့်လိုက်တာ။(ဖတ်လို့ကောင်းပါတယ်)၊ ဘာလို့လဲဆိုတော့ ကျနော်ကလဲ အရူးပဲလေ။ ကျနော်ကတော့ အရက်နည်းနည်းလေးသောက်လို့ရူးတာထင်တယ်။
များများသောက်၊ များများမူးပြီး များများရူးလိုက်ချင်တယ်။ သုခမိန်ကြီးကိုလဲ သာသောက်ဖို့ ဖိတ်ပါတယ်ဗျာ။

တန်ခူး said...

အရူးတယောက် အရူးတွေ အကြောင်းဖတ်သွားပါတယ်…