စာဖတ်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး
ကျွန်တော့်ပတ်ဝန်းကျင်မှာ ခင်စရာကောင်းသော၊ ဘောက်ကျကျဆက်ဆံရေးကို တစ်ခါတစ်ရံ ပြုမူတတ်သော၊ ဆက်ဆံရေးပြေပြစ်သော၊ စကားပြောရင် ဟာသဉာဏ် ရွှင်ရွှင်နဲ့ တွေးတွေးဆဆ ပြောတတ်သော၊ အားလုံးခြုံမိအောင် ပြောမယ်ဆိုရင် ဆန့်ကျင်ဘက်များစွာဖြင့် အဖိုးတန် သူငယ်ချင်းတွေ ရှိလေရဲ့။ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲအထိ အတူဆိုတော့လည်း ရင်းနီးကြတယ်ပေါ့။ ဒါပေမဲ့ လူသားဆန်တဲ့ သူငယ်ချင်းတွေဆိုတော့လည်း တယောက်ကို ပုံစံတစ်မျိုးစီနဲ့ ရူးသွပ်နေကြတာပါပဲ။ တူတဲ့နေရာလေးတွေ ရှိသလို ညှိမရတဲ့အခါတွေလည်း ရှိကြပါတယ်။ ဒါတွေဟာ လက်ခံတတ်မယ်ဆိုရင် ပျော်စရာတွေပဲပေါ့။
ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ညှိမရတာလေးတစ်ခုရှိလာလို့ အခင်အမင်ပျက်ရတယ်ဆိုတာ ကျွန်တော်တို့လို လူလတ်ပိုင်းပတ်ဝန်းကျင်မှာတော့ မရှိသလောက် ရှားကြမှာပါ။ ဘာလို့လည်းဆိုတော့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ပတ်ဝန်းကျင်တွေက အနည်းအကျဉ်းတော့ လူတွေကို ရင့်ကျက်စေတယ်လေ။ ကိုယ်တိုင် မသိလိုက်နိုင်ပဲကို တချို့သော ရင့်ကျက်မှုတွေက ရောက်ရှိနေတတ်ပါတယ်။ ဥပမာ ကောင်မလေးတွေ့တိုင်း အရူးအမူး လိုက်မကြိုက်တော့ဘူး။ ကိုယ်ကြိုက်တိုင်းလည်း ပြန်မကြိုက်၊ ကိုယ်မကြိုက်သော်လည်း ပြန်ကြိုက်ချင်ကြိုက်။ ဒါမျိုးတွေကို အရေထူလာပြီကိုး။ ဥပမာပြောပါတယ်။
ရင့်ကျက်မှု ဆိုတဲ့နေရာမှာလည်း ဒီကောင် ဒါလေးတောင်မသိရကောင်းလားလို့ တစ်ခါတရံမှာ အားမလိုအားမရ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဖြစ်အပျက်တွေဟာ နားလည်ပေးနိုင်မှု တစ်ခုကို ကျွန်တော်တို့ကိုယ်တိုင် စမ်းသပ်ခံရတာပါပဲ။ လူတစ်ဦးကို နားလည်ပေးနိုင်ဖို့ဆိုတာ တကယ်တော့ လွယ်ကူတာမှ မဟုတ်တာ။ ကိုယ်တိုင် ဘာမှမသိပဲ အရမ်းကာရော နားလည်ပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အသိ(သတိ)ဆိုတဲ့ စိတ်လေးကပ်ထားပြီး ကိုယ့်မှာရှိနေတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကနေ သူ့အပေါ် နားလည်ပေးနိုင်ဖို့ ချဉ်းကပ်တာ အကောင်းဆုံးလို့ မြင်ပါတယ်။ စာစကားလေးပါအောင် ပြောရရင် ပြဿနာတစ်ရပ်ကို အတွင်းမှ အပြင်သို့ ချဉ်းကပ်ခြင်းပေါ့။ ဒါဟာလည်း ကျွန်တော့်လို သာမာန်လူတစ်ယောက် အတွက်တော့ တစ်ခါတရံမှာ စည်းလွတ်သွားစေပါတယ်။ သတိဆိုတာလေး လွတ်သွားရင်ပေါ့။ ဒါတွေကလည်း ရင့်ကျက်မှုနည်းတာကို ပြတာနေမှာပါပဲ။
တရက်မှာပေါ့ အလုပ်ကအပြန် အခန်းရောက်၊ ရေမိုးချိုးပြီး ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် ဆိုင်မှာ တွေ့ဖို့ ချိန်းကြပါတယ်။ အစပိုင်းတော့ ဟိုဟိုဒီဒီပေါ့ဗျာ။ နောက်တော့လည်း ခပ်ထွေထွေဖြစ်လာသူတွေရဲ့ ဗီဇလေးတွေက ပြလာပါတယ်။ ငါက ဒီပြဿနာကို ဒီလိုထင်တာ။ သူက ဒီပြဿနာမှာ ဒီလိုလုပ်သင့်တာ။ အဲလို အဲလို။ အလုပ်ကိစ္စလေးတွေ၊ ကိုယ်ရေးကိုယ်တာလေးတွေ၊ ကောင်မလေးတွေ အကြောင်း။ ဇာတ်ပေါင်းလို့ မရအောင်ကို စုံစီနဖာပေါ့ဗျာ။ ပြောဖြစ်ကြတယ်။ ထူးဆန်းစွာ ပြောဖြစ်လိုက်တဲ့ ခေါင်းစဉ်တစ်ခုကတော့ စာဖတ်တာ ကောင်း၏၊ မကောင်း၏ကိုပါ။ ဒီနေရာမှာ ကျွန်တော်က ထူးဆန်းစွာလို့ သုံးနှုန်းပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်သိတယ်လေ။ သူက စာဖတ်ဝါသနာပါသူ မဟုတ်ပါဘူး။ ကျွန်တော်က စိတ်ပါနေရင် တွေ့တဲ့စာရွက်အစုတ်တောင် ကောက်ဖတ်ပြီး ဟိုဟိုဒီဒီ ပြောတတ်သူ။ သူနဲ့ ကျွန်တော်ရဲ့ စကားတွေက ဒီနေရာမှာတော့ ကျောခြင်းကပ်ပြီး လမ်းလျှောက်မိသလိုပါပဲ။
ကျွန်တော်က သူ့ကို စာဖတ်စေချင်ပါတယ်လို့ ပြောတယ်။ သူကလည်း စာအုပ်တွေကို သူစိတ်မဝင်စားကြောင်း၊ စာဖတ်တာ ကောင်းတယ်ဆိုတာ သူလက်ခံကြောင်းပေါ့။ ဒါပေမဲ့ စာအုပ်တွေကနေ အသိတွေရမယ်၊ အလွယ်ပြောရင် လူ့ယဉ်ကျေးဖြစ်မယ်၊ ဘာဘာညာညာပေါ့ဗျာ။ ပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြန်မေးပါတယ်။ မင်းရော စာတွေအများကြီးဖတ်တော့ အခုဘာတိုးတက်လို့လည်းတဲ့။ လက်ဝှေ့ပွဲစကားလေးနဲ့ ပြောရရင်တော့ ကျွန်တော့် မေးဖျားကို ဝိုက်လက်သီး လွတ်လွတ်လပ်လပ်ကြီး ထိပါတယ်။ ခံနိုင်ရည်အတွက် အလေ့အကျင့်လေးများ မရှိခဲ့ရင် နောက်ကောက်နဲ့ ပွဲသိမ်းပါမယ်။ ဒါပေမဲ့ ကျွန်တော်က ဒီမေးခွန်းအတွက် အရမ်းပျော်မိပါတယ်။
လူတွေ ပြောလေ့ပြောထရှိတယ်။ “ငါပြောသလိုလုပ်။ ငါလုပ်သလို မလုပ်နဲ့တဲ့” တစ်ခါတရံမှာ ဒီစကား မှန်တယ်လို့ ကျွန်တော်ယူဆတယ်။ ဟုတ်တယ်။ လူတွေမှာ သူကိုယ်တိုင် မလုပ်နိုင်သေးတဲ့ အကောင်းစား အသိတွေရှိနေတတ်တယ်။ ဒါပေမဲ့ လူမှာ သတိရှိမနေရင် ခပ်လွယ်လွယ်ပဲ တွေးတတ်ပါတယ်။ အဲဒါက ဘာကိုပြလဲဆိုတော့ ဒီလိုစကားပြောနေသူကို ဒီစကားနဲ့ တန်ရဲ့လားလို့ ပြန်ချိန်ထိုးတတ်တာပါပဲ။ ဒီစကားတွေ လာပြောနေသူတစ်ယောက်ကို ဒီစကားနဲ့ မတန်ဘူးလို့ယူဆရင် ဘယ်လိုစကားဖြစ်ဖြစ် လူတွေက အရေးမစိုက်တော့ပါဘူး။ အလကားပါကွာ ဖြစ်သွားရော။ ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ်။ ပြောကြတယ်မဟုတ်လား “ခွေးပါးစပ်က နတ်စကားထွက်တယ်” ဆိုတာ၊ ဒီလိုခံစားချက်မျိုးအတွက် စကားစုဖြစ်မယ်။
စာအုပ်ကို ဖတ်စမ်းပါ။ သိပြီးသားတွေရော၊ မသိသေးတာတွေရော။ မဖြစ်သင့်တာတွေရော၊ ဖြစ်သင့်တာတွေရော။ မရောက်ဘူးတဲ့ အရပ်ရော၊ ရောက်ဖူးတဲ့ အရပ်ရော။ မတွေ့ကြုံဘူးတဲ့ အဖြစ်အပျက်ရော၊ တွေ့ကြုံဖူးတဲ့ အဖြစ်အပျက်ရော။ မတတ်သေးတဲ့ အတတ်ပညာရော၊ တတ်ပြီးသား အတတ်ပညာရော။ မတွေ့ကြုံဘူးတဲ့ ခေတ်တွေရော၊ ဖြတ်သန်းနေရတဲ့ ခေတ်တွေရော။ အို… စုံလို့ပေါ့။ ကိုယ်ဘာလိုချင်လည်း ရှာဖတ်လို့ရတယ်။ တခုပဲ ပေးဆပ်ရမယ်။ စာဖတ်ဖို့ အချိန်ပေါ့။ ကိုယ်က ဘာတွေပြန်ရမလဲ။ ဒါက ပြန်ချိန်ထိုးကြည့်ရမဲ့ ကိစ္စပဲ။ အလွယ်ပဲ ပြောကြမယ်။ ဗဟုသုတရမယ်ပေါ့ဗျာ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာတယ်။ စာဖတ်တာကလည်း မိုးရေခံသလိုပါပဲ။ မိုးကတော့ ရွာလေရဲ့၊ စာအုပ်ကလည်း ဗဟုသုတတွေ ပေးလေရဲ့။ ကိုယ်မိုးရေကို ခံတဲ့ခွက်က ကိုယ်ရမဲ့ ပမာဏပေါ့။ ကိုယ့်ရဲ့ စဉ်းစားချင့်ချိန် လက်ခံနိုင်မှုက ကိုယ်ရမဲ့ ဗဟုသုတ ပမာဏပေါ့။
တစ်ချို့စာတွေက ဘယ်လောက်တောင် ကောင်းလည်းဆိုရင် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် တောက်ပြောင်လာစေတယ်။ ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကိုတောင် လမ်းပြခေါ်ဆောင်သွားနိုင်တယ်။
ကျွန်တော်က ခပ်တေတေ လူတစ်ယောက်။ အနာဂတ်ဆိုတာ ဟော့ဟိုဘက်နားမှာပါကွာလို့ ဟာသဖောက်တတ်သူ။ တွေ့ရာလူနဲ့ ပျော်တတ်ပြီး၊ ဘဝကို အရောင်မတင်တတ်သူ။ ထပ်ပြီး အမွှန်းတင်ရရင် ခပ်ညံ့ညံ့ကောင်။ တွေ့ကရာစာတွေဖတ်ပြီး တောင်တောင်အီအီ ပြောနေတတ်သူ။ နောက်ပြီး မဟုတ်မခံစိတ်နဲ့ ချက်ချင်း တုန့်ပြန်တတ်သေးတယ်။ သူငယ်ချင်းက စာဖတ်ဝါသနာပါသူကျွန်တော့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အားမရပါဘူး။ အဲဒီအတွက်နဲ့ စာဖတ်ခြင်းကိုဝေဖန်တာပါပဲ။ သူမဟုတ်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောဖူးပါတယ်။ မင်းစာသိပ်မဖတ်နဲ့တော့တဲ့။ မင်းအတွေးအခေါ်တွေက တွေဝေကုန်ပြီတဲ့။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော် တူညီသောစကားစုနဲ့ တုန့်ပြန်ခဲ့ပါတယ်။
“ငါ့ကို ညံ့တယ်ပြောချင်ပြော။ စာဖတ်လို့ လူတွေက တွေဝေပြီး၊ ညံ့ကုန်မယ်ဆိုတာ မဟုတ်ဘူးကွ”
KuchingTrip
1 week ago
7 comments:
ဟုတ်တယ်ဗျ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးပဲ။ စာဖတ်တယ်ဆိုပြီး စာတွေအားလုံးကို စာအုပ်ထဲမှာပဲ ထားရစ်ခဲ့လေသလား။ စာအုပ်ပြင်ပမှာ တကယ်အသုံးချနိုင်ခဲ့ရဲ့လား။ ကျနော့အတွက် မေးခွန်းတစ်ခုဖြစ်သွားပြီဗျာ။ သေသေချာချာ ဖြေနိုင်အောင်ကြိုးစားမှဖြစ်မယ်ထင်တယ်နော့ဗျာ...
စာဖတ်တယ်ဆိုတော့ ဘာစာအုပ်တွေကို ဘာအတွက် ဖတ်မှာလဲ။ သုတ၊ ရသအတွက် စာပေတွေကို ရွေးဖတ်ရမှာပါ။ စာအုပ်တွေတိုင်းလည်း ကောင်းတယ်လို့ မဆိုသာပါဘူး။ စာအုပ်တွေက ညွှန်းတိုင်းလည်း မှန်တယ်လို့ မဆိုသာပါဘူး။ ဒီတော့ ဘာစာတွေပဲ ဖတ်ဖတ် ချင့်ချင့်ချိန်ချိန်နဲ့ ဖတ်သင့်ပါတယ်။ ဘယ်စာကိုဖတ်ဆိုတဲ့ အညွန်းရရင် ပိုကောင်းပါတယ်။ စာပေထဲက သိထားတာတွေလည်း အသုံချဖို့ရာ အခွင့်သင့်ရင်လည်း လက်တွေ့ အသုံးချရပါမယ်။ စာတွေဖတ်ခြင်းအားဖြင့် အသိအမြင်တွေ တိုးလာပါလိမ့်မယ်။ ဘာသာရေးအသိအမြင်တွေကိုလည်း စာဖတ်ခြင်းအားဖြင့်လည်း ရရှိနိုင်ပါတယ်။ ဗုဒ္ဓဘာသာအနေဖြင့်ဆိုလျှင် ဘုန်းကြီးကျောင်းလည်း မသွား၊ ဘေးနားတွင် ဘာသာရေးကြောင်း ပြောပြမည့်သူမရှိလျှင် စာအုပ်ဖတ်ခြင်းဖြင့် ဘာသာရေအသိကို ရရှိနိုင်သည်။ အလားတူပင် ကမ္ဘာပတ်၍ ခရီးမသွားနိုင်လျှင်လည်း ခရီးသွားစာပေဖတ်ခြင်းဖြင့် ကမ္ဘာကို ပတ်နိုင်လိမ့်မည်။ အကျိုးရှိမရှိမှာ စာဖတ်သူ၏ ပြန်လည်အသုံးချဖြင်းအပေါ်တွင်သာ မူတည်သည်။
ကျယ်ပြန့်ပါတယ် ၊၊ စာဖတ်ခြင်း(စိတ်ဝင်စားမှု)ဟာ ပုဂ္ဂိုလ်ရေးရာ ၊ ပတ်ဝန်းကျင် နဲ့ အသက်အရွှယ် တို့နဲ့လည်းဆက်နွယ်ပါတယ်၊၊
လူလတ်ပိုင်း အရွယ်တစ်ယောက် ဟာ ကိုယ်ဖတ်ခဲ့တဲ့ စာတွေ အတွေ့အကြုံတွေကို လက်တွေ့ကျကျပြန်ချပြဖို့ ဝေမျှဖို့ အားသန်လာတတ်ပါတယ်၊၊ဖတ်မိတဲ့ အကောင်း၊ အဆိုး စာပေအားလုံးဟာ အကောင်း၊ အဆိုး ဘက်မှာ အကျိုးရှိမှာပါ၊၊ ဒါဟာမငြင်းနိုင် တဲ့စည်း
ဝိုင်းတစ်ခုပါပဲ ၊၊
အိုင်းစတိုင်းရဲ့ ရီလေ့တစ်ဗတီ သီအိုရီ အရ ၊
နီးခြင်း၊ ဝေးခြင်း ၊ ကောင်းခြင်း ၊ဆိုးခြင်း အရာအားလုံးဟာ နှိုင်းယှဉ်တဲ့ ပုဂ္ဂိုလ်ရေးရာ အပေါ်အများကြီး မူတည်မှာပါ ၊၊
အားလုံးငြိမ်းချမ်းပါစေဗျာ ၊၊
ဗဟုသုတစာများများ ဖတ်ထားရင် အသိကြွယ်တာပေါ့။ ဘိုးရာဇာ ဟာ စာဖတ်လို့ အမတ်ကြီးဖြစ်သွားတာ လက်တွေ့ သာဓကပါဘဲ၊
ဗဟုသုတကြွယ်ရင် ပါးစပ်မပိတ် ဘဲ အံ့သြနေရခြင်းဝေးစွာနဲ့  ၀င်ရောက်ဆွေးနွေးနိုင်တာပေါ့။ ဒါဟာ ထူးခြားတဲ့ အချက်မဟုတ်လား။ (ဗဟုသုတစာ) စာဖတ်နဲခဲ့ရင် သူတပါးနဲ့ ယှဉ်မပြောနိုင်တော့ပါဘူး။
ကောင်းသောစာပေကို ဖတ်ခြင်းဟာ ကောင်းသော အကျိုးကို ရစေပါတယ်…
လက်တွေ့ ကျင့်သုံးနိုင်ရင်တော့ ပိုအကျိုးထူးတာပေါ့...
စာဖတ်ခြင်းနဲ့ ဖတ်တဲ့စာတွေကိုရွေးချယ်ခြင်းဟာ..
ဝါသနာ၊ အသက်အရွယ်၊ ရင့်ကျက်မှု၊ စာဖတ်သက်၊ အတွေ့အကြုံ၊ စိတ်ခံစားမှု၊ ပင်ကိုယ်ဗီဇ၊... စတာတွေနဲ့ အခြေခံမယ်ထင်ပါတယ်။ ဖတ်တဲ့စာတွေထဲက တွေးစရာ ကိုတွေးနိုင်မယ် ယူစရာရှိတာကို ယူနိုင်မယ်ဆိုရင်... ဒါဟာ မိမိအတွက် အမြတ်တစ်ခုဘဲ မဟုတ်ပါလားရှင်..
စိတ်တွေလေးနေမယ် အဲ့လိုအချိန်မှာ ပေါ့ပေါ့ပါးပါးလေးတစ်ခုကိုဖတ်မယ် ပြုံးမိမယ်..
စိတ်အစဉ်ဟာ ကြည်လင်တည်ငြိမ်နေမယ် ဒီလိုအချိန်မှာ လေးနက် နက်ရှိုင်းလွန်းတဲ့ စာကိုဖတ်မယ် လေ့လာမယ်..အတွေးတွေနဲ့ တန်ဖိုးရှိရှိ ကုန်လွန်စေမယ်.. ဒါတွေအားလုံးဟာ စာပေကပေးတဲ့ ကျေးဇူးတင်ရမဲ့ ရသတွေလို့ဘဲ ကျမတော့ခံယူမိပါတယ်..
“ငါ့ကို ညံ့တယ်ပြောချင်ပြော။ စာဖတ်လို့ လူတွေက တွေဝေပြီး၊ ညံ့ကုန်မယ်ဆိုတာ မဟုတ်ဘူးကွ”
အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်တစ်ခုပါ။ စာဖတ်တာကို မိုးရေခံတာလေးနဲ့ နှိုင်းသွားတာ သိပ်ကိုကောင်းပါတယ်။ တွေးစရာ ဆင်ခြင်စရာတွေပါ ရသွားလိုပ တကယ်တန်ဖိုးရှိပါတယ်။ ကျေးဇူးတင်ပါတယ်း)
Post a Comment