Thursday, August 7, 2008

Would you like to sit the exams?


စာမေးပွဲတွေဖြေဖို့ နှစ်သက်သူတစ်ယောက်လား။


ကျွန်တော်တို့ ကလေးဘဝ၊ အထက်တန်းကျောင်းသားဘဝမှာ ကျောင်းသွားတော့မယ်ဆိုရင် အိမ်ကနေ ကျောင်းကားစီးပြီး သွားရတာပါ။ ခပ်ငယ်ငယ်တုန်းကတော့ ကျောင်းကားစီးရင် ဘေးနားက သူငယ်ချင်းနဲ့ ဆော့နေမလား၊ လမ်းတစ်လျှောက် ဟိုဟိုဒီဒီ ကြည့်နေမလား။ စိတ်ဝင်စားမှုက အဲဒီလောက်ပါပဲ။ နောက်ပိုင်း အတန်းလေးကြီးလာတော့ စိတ်ဝင်စားမှုတွေက ပိုလာတတ်ပါပြီ။ အဲဒီထဲမှာ ကျောင်းကားမောင်းတာ နှေးနေလား၊ မြန်နေလားဆိုတာလေးကိုပါ စိတ်ဝင်စားတတ်လာပါပြီ။ ကျွန်တော်တို့ ကျောင်းကားမှာက ကျောင်းသားနည်းပါတယ်။ အဲဒီတော့ ကားဆရာကြီးနဲ့ ကျွန်တော်တို့က ရင်းနီးနေတာပေါ့။ ခပ်ဖြည်းဖြည်းပဲ မောင်းတတ်တဲ့ ကားဆရာကြီးကို ကျွန်တော်တို့က တစ်ခါတစ်လေမှာ မြန်မြန်လေး မောင်းစေချင်ပါတယ်။ အဲဒီအချိန်တိုင်းမှာ သူပြန်ပြောတတ်တာက ကားမောင်းရင် စည်းကမ်းရှိဖို့နဲ့ စိတ်ရှည်ဖို့တွေပဲပေါ့။



တရက်မှာ ကျောင်းကားရောက်လာတော့ ကျွန်တော်တို့ရဲ့ ကားဆရာကြီး မဟုတ်ပါဘူး။ နောက်တစ်ယောက် ဖြစ်နေပါတယ်။ မေးကြည့်တော့ နောက်သုံးရက်လောက်နေမှ သူပြန်မောင်းမယ်။ သူက ရှမ်းပြည်ဘက်ကို ကားမောင်းပို့ဖို့ ကိစ္စနဲ့ သွားနေတယ်တဲ့။ သိပ်မကြာပါဘူး။ သူပြန်ရောက်လာပြီး ကျွန်တော်တို့ ကျောင်းကားလေးကို မောင်းနေတာပါပဲ။ တဖြည်းဖြည်းနဲ့ ရက်သိပ်မကြာခင်မှာ ကျွန်တော်တို့ သတိထားမိတာက သူကားမောင်းတာ အရင်ထက်ပိုမြန်လာတာပါပဲ။

ကျွန်တော်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူနဲ့က ဟိုး.. ခပ်ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူ့ကို ကျွန်တော်နားလည်နိုင်လောက်အောင်အထိ ပေါင်းသင်းဖူးသူတွေပေါ့။ ခပ်ပျော်ပျော်နေတတ်တယ်။ အပေါင်းအသင်းတွေကို သံယောဇဉ်ကြီးတယ်။ ကျောင်းစာမှာလည်း တော်သူတစ်ယောက်ပေါ့။ ကျွန်တော့် သူငယ်ချင်းမှာ အားနည်းနေတတ်တာက တစိမ်းတွေနဲ့ ဆက်ဆံဖို့ကို စိုးရိမ်တတ်သူ၊ ရပ်ဝေးကိုလည်း မရောက်ဖူးသလောက်ဆိုတော့ ခရီးသွားရင် တစ်ယောက်တည်း မသွားရဲသူပါ။ တစိမ်းတွေနဲ့ ပြောစရာ ဆိုစရာတွေရှိလာရင် သူကအလိုလိုပဲ နောက်နားရောက်သွားတတ်သူပါ။

အထက်တန်းပြီးနောက်ပိုင်းမှာ သူနဲ့ ကွဲကွာလာခဲ့ပါတယ်။ ကျွန်တော်ကလည်း တမြို့တနယ်ရောက်၊ သူကလည်း တမြို့တစ်နယ်ရောက်လို့ အလုပ်တွေဘာတွေ လုပ်နေပါပြီတဲ့။ သူငယ်ချင်းကိုပြန်တွေ့တော့ သူ့အလုပ်အကြောင်းမေးရင်း၊ ကျွန်တော့်အကြောင်းတွေပြောရင်း စကားလက်ဆုံကျမိပါတယ်။ သူပြောင်းလဲသွားပါပြီကော။ အရင်လို ခပ်ပျော်ပျော်နေတတ်တယ်၊ အပေါင်းအသင်းတွေကို ခင်မင်တတ်နေတုန်းပဲ။ ထူးခြားလာတာကတော့ သူငယ်ချင်းက အရင်လို သူစိမ်းတွေနဲ့ ဆက်ဆံရာမှာ ခပ်အေးအေး ခပ်လေးလေးမဟုတ်တော့ပါဘူး။ အလုပ်ကိစ္စလေးတွေရှိလာရင်လည်း သူကိုယ်တိုင် ဦဆောင်ဦးရွက် လုပ်နေပါပြီ။

ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ သိသိသာသာ အရည်အချင်းတွေ စစ်ဆေးခဲ့တာကတော့ ကျောင်းစာမေးပွဲတွေပါ။ ဒါပေမဲ့ ငယ်စဉ်ကတည်းက ကျွန်တော်တို့ကိုယ်တိုင် သိသိသာသာရော မသိမသာလေးပါ လူ့ဘဝနဲ့ဆိုင်တဲ့ အရည်အချင်းစစ် စာမေးပွဲလေးတွေ (အဖြစ်အပျက်လေးတွေ)ကို ဖြတ်သန်းခဲ့ရတာ။ နောက်ကိုလည်း လူ့ဘဝသက်တမ်းတစ်လျှောက် ဖြတ်သန်းနေစဉ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အရောင်တင်ဖို့၊ ရင့်ကျက်ဖို့၊ စိတ်ဓါတ်ပိုင်းရော လူနေမှုဘဝပိုင်းမှာပါ တိုးတက်လာဖို့ စာမေးပွဲလေးတွေ ကြုံတွေ့နေအုံးမှာပါပဲ။

ရှမ်းပြည်က ခက်ခဲတဲ့ယဉ်ကြောမှာ မောင်းလာပြီးတော့ သူ့ကိုသူ ပိုလို့ယုံကြည်လာတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းကားမောင်း ကားဆရာကြီး။ သူကိုယ်တိုင် ရွေးချယ်တဲ့ အလုပ်ကိုက လူအများနဲ့ဆက်ဆံ၊ ဦးစီးဦးဆောင်လုပ်ရတဲ့ အလုပ်မှာ ကျင်လည်ရင်း ပိုလို့ရင့်ကျက်လာတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း။ သူတို့တွေလိုပဲ ကျွန်တော်တို့တွေကိုလည်း ငယ်စဉ်ကနေ အခုအချိန်ထိ ကျင်လည်ရာ လူ့လောကကြီးက သင်ပေးလိုက်တာတွေရှိတာပါပဲ။ ကိုယ့်အတွက် အသုံးဝင်တဲ့ အတွေ့အကြုံတွေကို လက်ခံကျင့်သုံးလို့ ကိုယ်တိုင်တိုးတက်ရာကို ရှာဖွေရမှာပါပဲ။

တစ်ခါတစ်လေမှာ ကျွန်တော်တို့ကိုယ်တိုင်က ယုံကြည်မှုမရှိသေးတဲ့ အမှုကိစ္စတွေ ဆောင်ရွက်စရာ ကြုံတွေ့လာမယ်၊ ဖြတ်သန်းကျော်လွှားဖို့ တောင်းဆိုလာတဲ့ အခိုက်အတန့်လေးတွေ ပေါ်ပေါက်လာပါမယ်။ အဲဒီလို ကိုယ်တိုင်က ယုံကြည်မှုနည်းနေသော်လည်း ဆုံးရှုံးမှုဆိုတာက နောက်ဆုံးနေရာ၊ ကြိုးစားလုပ်ဆောင်ဖို့ကတော့ ကိုယ့်ဝန်တာလို့ စိတ်မှာ ခံယူရင်း လူ့ဘဝတစ်လျှောက်လုံးမှာ အရည်အချင်းစစ် စာမေးပွဲလေးတွေ (အဖြစ်အပျက်လေးတွေ)ကို ကြည်ဖြူစွာ လက်ခံကြိုဆိုရင်း အောင်မြင်အောင် ကြိုးစားကြပါစို့လား။

သုခမိန်။…..။

4 comments:

မယ် said...

ဟုတ်ကဲ့ပါ...
ဝေမျှပေးတာကျေးဇူးတင်ပါတယ်....
အရည်အချင်းစစ်စာမေးပွဲတွေအားလုံးကို အောင်မြင်အောင်ကြိုးစားပါ့မယ်...
(မယ်)

မသက်ဇင် said...

ဖြတ်သန်းခဲ့ရတဲ့အတိတ်ကာလအတွေ့ အကြုံနဲ့ဒဿနဆန်ဆန်
ရေးထားတာပဲ။ ရိုးသားတဲ့အရေးအသားတွေပါ။
အနာဂတ်အတွက် မျှော်လင့်နိုင်စရာကလောင်ရှင်ပါပဲ။

ပန်းခရမ်းပြာ said...

အရမ်း တန်ဘိုးရှိတဲ့ ပို့စ်လေးပါပဲ။ ဆရာတစ်ယောက်က ပြောခဲ့ဘူးတယ်။ ကျောင်းနေစဉ်ခါမှာ ပညာ ရဲရင့် ပွဲလယ်တင့်။ ကျောင်းပြီးလို့ အလုပ်ခွင်ထဲ ဝင်တာနဲ့ လူပေါင်းသင့်မှ ပွဲလယ်တင့် မယ်တဲ့။

ဇနိ said...

ကိုတားမြစ်ထားသော ရေ ဟိုနေ့ကတည်းက ဒီပို့စ်လေး ဖတ်ပြီး ကျေးဇူးတင်နေတာ။ တန်ဖိုးရှိတဲ့အကြောင်းအရာလေးတွေပါ။ ဒီဘလော့ဂ်ကလည်း ပို့စ်ကောင်းလေးတွေတွေ့ရလို့ အမြဲအားပေးနေပါတယ်
တဖွဲ့သားလုံး ပျော်ရွှင်ကြပါစေ