Friday, August 22, 2008

ညီလေးသို့ ပေးစာ


၂၀၀၅ ခုနှစ် တုန်းက ၂၅ နှစ်သား အစ်ကိုဖြစ်သူ၊ကျနော်က
၂၄ နှစ်သား ညီဖြစ်သူဆီရေးတဲ့ စာပါ။
အဲဒီစာကို မတော်တဆ ပြန်တွေ့ချိန်မှာပဲ
ဆရာသုခမိန် ရဲ့ “စာဖတ်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး Reading Vs Personality” ကို ဖတ်လိုက်ရတာကြောင့် ဝေမျှလိုက်တာပါ။
တစ်လုံးတစ်ပါဒမျှ တည်းဖြတ်ပြုပြင်ထားခြင်းမရှိဘဲ
ညီလေးဆီမှာရှိတဲ့ မူရင်းစာအတိုင်း ဖော်ပြရင်း
ကျနော့်ရဲ့ ညီအပေါ်မှာချစ်ခြင်းကို ဖော်ပြခြင်းလည်းဖြစ်ပါကြောင်း …..



…………………………………………………………………………………………………………………………………........
တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တစ်ဖက်သားကို အောင်နိုင်ခြင်းပါပဲ။ တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို သူ့အပေါ်ပြုမူဆက်ဆံလိုက်ဖို့ပါပဲ။

ပညာအရည်အချင်း၊ ကိုယ်ကျင့်သီလ၊ စာရိတ္တ စတာတွေမှာ ဘာမျှပြောစရာမရှိတဲ့ ညီလေးကို ဘယ်ကျောင်းမှာမှ မသင်ခဲ့ရတဲ့၊ မြန်မာလူငယ်တွေကြားမှာ မထင်ရှားတဲ့၊ စိတ်ဝင်စားလို့ လေ့လာချင်ရင်တောင် စာအုပ်စာတမ်း ရှားပါးတဲ့ ဒီလူမှုရေးရာ ကျင့်ဝတ်အဖြာဖြာကို လက်ဆောင်ပါးချင်ပါတယ်။

Etiquette လို့ ခေါ်ပါတယ်။ Ticket (လက်မှတ်) လို့ အဓိပ္ပာယ်ရမယ့် ပြင်သစ်စကားက ဆင်းသက်လာတာပါ။ ရည်မွန်ယဉ်ကျေးတဲ့ ဂုဏ်သရေမြင့် လူမှုအသိုင်းအဝိုင်းကိုဝင်ဖို့ လက်မှတ်နဲ့တူတဲ့ အမူအရာ ကျင့်ဝတ်ထုံးတမ်းစဉ်လာတွေပေါ့။ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု ချင်းတူပါလျက် (တစ်ခါတရံ ကိုယ့်ထက်လျော့နည်းပါလျက်) နှာတစ်ဖျား၊ ဖျာတစ်ပြား (ပြီးတော့) တစ်ကမ္ဘာခြား သာသွားသူတွေမှာ တွေ့ရတက်တဲ့ အားသာချက်တွေပေါ့။

”ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တပ်တိုး၍ မသွားနှင့်။”
“ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ ညကြည်ဖြူ၊ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေ လက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်သူပေ ဆိုရချေ”
“ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့်ကြောင့်နှင့် ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ် မနေအပ်”စတဲ့ ရှင်မဟာသီလဝံသဆုံးမစာ လိုမျိုးပေါ့။

လက်ဆောင်ပါးချင်တယ်လို့ စကားဦးသန်းခဲ့ပေမယ့် ဒါဟာ မေတ္တာပါးလိုက်ပါတယ်ဆိုသလိုပေါ့ စိတ်နဲ့သာ ခံစားရယူရမယ့် သဘောတရားတွေပါ။ “လှေနံဓားထစ်”ပုံသေစွဲကိုင်ကျင့်သုံးလို့မရတဲ့ သဘောသဘာဝမို့ ပုံသေနည်းလို ချရေးလို့ရတာလည်းမဟုတ်ပါဘူး။ ကာယကံရှင်ရဲ့ ပါးရည်နပ်ရည်ရှိမှုနဲ့ အပြုသဘောဆန်တဲ့ စရိုက်လက္ခဏာတွေပေါ်မှာပဲ အဓိကမူတည်ပါတယ်။

ကုလပ္ပဏံ - အမျိုးယုတ်မြတ်ကို၊ ဝိနယော ပမာဏံ - ကိုယ်အမူအရာ၊နှုတ်အမူအရာအားဖြင့် သိအပ်၏ ။ ဗျတ္တိပ္ပမာဏံ - ပညာရှိမရှိကိုကား၊ ကထိတဝါကျံ - ဆိုသောစကားဖြင့် သိရာ၏ ။ အဲဒီတော့ မိမိရဲ့ ကိုယ်အမူအရာ၊ စကားအသုံးအနှုန်း၊ လေယူလေသိမ်း စတာတွေဟာပဲ အကောင်းဆုံး Certificate ပဲပေါ့။

မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြစ်သည်။ ဒါဟာ အနှစ်ချုပ်ပါပဲ။ အခြားသူတွေနဲ့ အတူရှိနေတဲ့အခါ မိမိရဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတိုင်းဟာ အခြားသူတွေကို အနှောင့်အယှက် မဖြစ်ဖို့က နံပတ်တစ်ပါပဲ။ အဲဒီတော့ “အပ္ပမာဒေန သမ္မာဒေထ” မမေ့မလျော့ မပေါ့မဆ ထာဝစဉ် သတိပဋ္ဌာန်ဓမ္မ နဲ့ နေဖို့ပါပဲ။

ဒါပေမယ့် ဒါဟာ အတတ်ပညာတစ်ရပ်ပါ။ အဖန်တလဲလဲ လေ့ကျင့်သင်ယူခြင်း ဖြင့်သာ ကျွမ်းကျင် တတ်မြောက် တိုးတက်နိုင်ပါတယ်။ ဖုတ်ပူမီးတိုက် တစ်ပွဲတိုး ဆေးမြီတိုနဲ့ မရပါဘူး။ ပွဲမဝင်ခင် အပြင်ကကျင်းပမှ ပွဲလယ်တင့်နိုင်မှာပါ။
……………………………………………………………………………………………………………………………………......

5 comments:

တားမြစ် ထားသော... said...

လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ညီငယ်အတွက်ရေးခဲ့တယ်။ ဒါပေမဲ့ အခုဖတ်ရရင် အခုအကျိုးရှိနေတုန်းပါပဲ။ အတွေးအခေါ်ကောင်းတစ်ခု၊ စာကောင်းတစ်ပုဒ်ဟာ ခေတ်ကာလကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်။

့ “အပ္ပမာဒေန သမ္မာဒေထ”

မြတ်ဗုဒ္ဓရဲ့ ဒီစကားစုလေးကလည်း ကျွန်တော်အကြိုက်ဆုံးတွေထဲက တစ်ခုပါပဲ။
*************************
ဝေမျှတာကျေးဇူးဗျ။ ညီငယ်ကလည်း အဖိုးတန် အကိုတစ်ယောက်ရထားတယ်ကိုး...

ကိုရင်ညိန်း said...

ညီငယ်တစ်ယောက်နေရာကနေ အလေးအနက် ကျေးဇူးတင်သွားပါတယ်ခင်ဗျာ ... ဆက်လက်ရေးသားပါဦးခင်ဗျာ

Chaos said...

တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တစ်ဖက်သားကို အောင်နိုင်ခြင်းပါပဲ။ တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို သူ့အပေါ်ပြုမူဆက်ဆံလိုက်ဖို့ပါပဲ။

အစ်ကိုရေ တကယ်ပါပဲ အဲ့စာသားလေးက တကယ့်ကိုမှန်ကန်ပါတယ်။ ညီမလေးတစ်ယောက်နေရာက ၀င်ဖတ်ခံစားသွားပါတယ်

ကိုရင်နော်ခင်လေးငယ် said...

အဲလို လေးစားဖွယ် အကို တစ်ယောက်ရထားတဲ့
ညီလေးအတွက် ဂုဏ်ယူမိတယ်..
ခင်မင်စွာ..လေးစားလျှက်..အားပေးလျှက်..
(ဘကြီးကိုရင်၊မီးမီးခင်လေး) ;P

Han Thit Nyeim said...

တန်ဖိုးရှိတယ်ဗျာ...။