Saturday, August 16, 2008

အမေရဲ့ အမှာ


Rhyme ရဲ့ ဆုတောင်း ကိုဖတ်ပြီးတဲ့ အခါ အမေ့ရဲ့ “အမှာ“ ကို သတိရပါတယ်။
ပထမတော့ သာမန် အမှတ်ရရရုံမျှပါပဲ။ ဒါပေမယ့် (၂၅)နှစ်သမီး Rhyme ရဲ့ လောကဓံ အထုအထောင်းတွေကို စုဆောင်းထားတဲ့ ဆုတောင်း ကို ထပ်ခါတလဲလဲ ဖတ်မိလာတဲ့အခါ ကျနော်ရဲ့ (၂၆)နှစ်ပြည့် မွေးနေ့လက်ဆောင်၊အမေ့ရဲ့ “အမှာ“ မှာ သူ့အတွက် အဖြေပါသလို ခံစားလာရတယ်။

Rhyme ကတော့ သဘာဝက သဘာဝကျတာကို သဘာဝကျစွာ တုန့်ပြန်ခံစားထားတာပါပဲ။
အမေကတော့ သူ့သား၊ကျနော်ကို မှာတာ ကဗျာငွေ့တွေပါနေတာပါ။
အဲသည်တော့ ကဗျာအနေနဲ့ပဲ တင်လိုက်ပါတယ်။

ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူ ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြားရင်း ...
ချစ်သော ညီမလေး Rhyme နှင့်တကွ မောင်နှမများသို့ ရည်ရွယ်ပါကြောင်း …



အမှာ

သံသရာတွင်း၊ သက်ဆင်းခဏ
လူ့ဘဝတွင်၊ ဘုရားရှင်၏
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၍
ဖြူအောင်စိတ်ထား၊ ဆိုစကားကို
မေ့သားနားတွင်၊ မြဲအောင်ဆင်လျက်
သုံးပင်ရတနာ၊ မြတ်ဆရာနှင့်
မိဘဘိုးဘွား၊ ရင်ဝယ်ထားလော့။

ရောက်လေရာရာ၊ ပြည်တကာ၌
လူ့ရွာကောင်းကျိုး၊ သင်သယ်ပိုးလျက်
ခရီးဆက်ပါ…..
ပြီးခဲ့တာတေ၊ွ ပြီးပါစေတော့
ပေါ့ပေါ့ပါးပါး၊ စိတ်ထားတည်ကြည်
နောင်ဖြစ်မည်ကို၊ မတွေးလိုနှင့်…..
ယနေ့လုပ်ရန်၊ စိတ်အားသန်လျက်
ကြောင်းကျိုးဆက်က၊ သင့်တွက်နက်ဖြန်
ဧကန်လှပ၊ ပြည့်စုံရလိမ့်။……….။

5 comments:

ဇနိ said...

မှာကဗျာ - ဖတ်သွားပါတယ်။

အမှာတွေကို လိုက်နာနိုင်ပါစေ။

မယ် said...

ကိုမာရေးသျှင်....
အမှာကဗျာလေးကိုဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်...
အမှာကဗျာလေးထဲကအတိုင်းပဲ
မယ်တို့ အားလုံးလိုက်နာနိုင်ကြမယ်ဆိုရင်
အားလုံပဲစိတ်ချမ်းသာရမှာပါ....

ဆောင်း said...

ကဗျာလေးက ကောင်းတယ်

တားမြစ် ထားသော... said...

“နောင်ဖြစ်မည်ကို၊ မတွေးလိုနှင့်…..
ယနေ့လုပ်ရန်၊ စိတ်အားသန်လျက်”

ကဗျာကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရတာပါပဲ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုမာရေးသျှင်ရေ
ကဗျာလေးက သားကိုဆုံးမတယ် ဆိုသော်ငြား
အားလုံးသော လူတွေအတွက်လည်း အကျိုးများသော ဆုံးမစာလေးပါ။
ခုလိုဝေမျှပေးသော ကိုမာရေးသျှင် နှင့် သားကို ချစ်သော အမေကို ကျေးဇူး အထူး တင်ရှိရင်း