Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Friday, December 18, 2009

How to breed the Scientists!

“သိပ္ပံပညာရှင် မွေးမြူနည်း”

ဟိုး ငယ်နုစဉ်တုံးက လူငယ်စိတ်နဲ့ မှန်တယ်ဆိုတာကို စိတ်ထဲ ရှိတဲ့အတိုင်း လုပ်မယ် . . . . အဲလို စိတ်တွေ ရှိခဲ့တုန်းက ပေါ့ ကျနော်တို့နှင့် သဘောထားချင်း၊ ရပ်တည်မှု့ခြင်း မကိုက်ညီသော လူကြီး တစ်ယောက်ကို ပေးဖတ်ချင်လွန်းလှ စွာ ရှာခဲ့ဘူးသော စာအုပ်လေးထဲက article တစ်ခုကို ဝေမျှ ချင်ပါတယ်ခင်ဗျာ ။ အဲဒီ စာအုပ်လေးက မုံရွေးစာအုပ်တိုက်ကထုတ်တဲ့ အမှတ်စဉ် ၆၅ မြောက် “ သိပ္ပံ ပညာရှင် မွေးမြူနည်း နှင့် အိုင်စတိုင်း” ဆိုတဲ့ စာအုပ်လေးပါ။ စရေးဆရာ ၉ ဦး ရဲ့ သိပ္ပံပညာရှင်အိုင်စတိုင်းနဲ့ ပတ်သတ်ရာစာစုလေး တွေကို စုစည်းထုတ်ဝေတဲ့ စာအုပ်လေးပေါ့။ ခုမှ စာအုပ်လေးကို ပြန်ကြည့်မိတော့ ထုတ်ဝေတဲ့ ရက်စွဲက “မတ်၊ ၂၀၀၁” တဲ့ ဆယ်စုနှစ် တစ်ခုတောင်မပြည့်တပြည့်ရှိပြီ ရော . . . .

အဲဒီတုန်းက ၂၀၀၃ ခုနှစ် လောက်ပေါ့ . . အဲဒီစာအုပ်ကို ရှာလိုက်တာ ရန်ကုန်မြို့ထဲ နှံ့ရောပဲ။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက မြေနီကုန်း ကားဂိတ်နားက “လောကနတ်” လက်ဘက်ရည်ဆိုင်ရှေ့နားမှာ “မုံရွေး” စာအုပ်ဆိုင်လေး ရှိခဲ့သေးတယ်။ အဲဒီဆိုင် မှာလည်း မရှိ။ “စာပေလောက” တို့ မြို့ထဲက စာအုပ်ဆိုင် တော်တော်များများမှာ လည်း မရ ။
လိုချင်တော့ မရတာပြောပါတယ် ။ စာအုပ်ကို ဘယ်အချိန်ကျမှ ရသလဲဆိုတော့ ၂၀၀၅ နှစ်ဆန်းပိုင်းလောက်ကျမှ မမျှော်လင့်တဲ့ အချိန်၊ မမျှော်လင့်တဲ့ နေရာ မှာ တွေ့ပြီး ရခဲ့ပါတယ်။ ကမ္ဘာအေး ဘုရား စောင်းတန်းက ဘုရားရှိခိုးစာအုပ်တွေနဲ့ အခြားစာအုပ်တွေ ရောင်းတဲ့ ဆိုင်လေးက ရခဲ့တာ။ အဲဒီတုန်းက စာအုပ်တန်ဘိုးက မှတ်မှတ်ရရ မူရင်းတန်ဖိုးအတိုင်း ၃၅၀ ကျပ် ပဲပေးးခဲ့ရတယ် ။ အဲဒီလူကြီး ကို ပေးဖတ်ဖြစ်ခဲ့ လားလို့ မေးချင် မလားပဲ . . .
“ဟင့်အင်း” လို့ပဲ ကျနော်ဖြေရမှာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်မှာ လူက နဲနဲလေး ပိုရင့်ကျက်လာတယ်ပြောရမလား ပဲ . . . လူနပ် ချမ်းသာ လုပ်ဖို့ အတိုက်အခံ မလုပ်ခဲ့တာတော့ မဟုတ်ပါ။ ရိုးသားစွာ ပြောရရင် ကျနော့်ထုံးစံ အတိုင်း အဲဒီအချိန်မှာ ဥပက္ခော ဆိုတာကို လက်ကိုင်ပြုစ . . .
ဒီလိုနဲ့ပဲ အဲဒီစာအုပ်လေးက ဒီနေ့အထိ ကျနော်ထံမှာ ရှိနေဆဲ . . .။
ခုတော့ ကျနော်တို့ e-journal လာ မိတ်သဟာ များကို အဲဒီစာစုလေး ဝေမျှလိုက်ပါတယ် ခင်ဗျာ ။
ဆရာ “ညိုမြ”လက်ရာ “သိပ္ပံပညာရှင် မွေးမြူနည်း” ဆိုတဲ့ article ထဲက ပါ ။

သိပ္ပံပညာရှင်ဆိုတာ ဘယ်လိုလူစားလဲ။ သူတို့ကို မွေးမြူရင် စရိတ်စက ဘယ်လောက် ကုန်သလဲ။ သူတို့ ဘာကြိုက်သလဲ ။ ဘာ မကြိုက်လဲ။ သူတို့ ထွန်းကားအောင် ပျော်ရွှင်အောင် ဘယ်လိုထားမလဲ ။

ယခုခေတ်မှာ နိုင်ငံတကာ တိုးတက်ဖွံဖြိုးရေး စီမံကိန်း အမျိုးမျိုး ရေးဆွဲကြစမြဲ မဟုတ်လား ။ ဒီတော့ ကြက် ဘဲ မွေးမြူရေး ၊ ပျားမွေးမြူရေး ၊ ပိုး မွေးမြူရေး ၊ ကုံကုမံ စိုက်ပျိုးရေး ဌာနအသီးသီး ထားရှိသလို သိပ္ပံပညာရှင် မွေးမြူရေးကိုလည်း သီးခြား ထားရှိရမှာပ ။
အိုင်စတိုင်းလို လူရိုးလူဖြောင့် သိပ္ပံဆရာကြီး မွေးမြူရေးဟာ အမှန်တော့ ကြက် ဘဲ မွေးမြူရေးထက် စရိတ်စက သက်သာကြောင်း တွေ့ရှိခဲ့ရလေပြီ။ သူ့လခက မြန်မာငွေ ၉၀၀ ပဲကျတယ် ။ သူလိုအပ်တဲ့ ခဲတံနှင့် ဗလာစာအုပ်ဖိုးကိုလည်း သူပဲ အကုန်ခံတယ်။
အဲ . . . သိပ္ပံသမားများ အသုံးအဆောင်ဖြစ်တဲ့ မှန်ပြောင်းတို့၊ ဓါတ်အိုးတို့၊ ဓါတ်ခွက်တို့ကတော့ ဈေးကြီးသဗျ။ ဒါကြောင့် သူ့မိတ်ဆွေများက ဘဏ်တိုက်မှာ သီးခြား ငွေတသောင်း ရံပုံငွေ ဖွင့်ပေးထားရတယ် ။
နောက်ဆုံးမှာ အမေရိကန် အစိုးရက အဏုမြူဗုံး ထုတ်လုပ်ရေး အတွက် ဒေါ်လာ ကုဋေ ၂၀၀ စိုက်ထုတ်ပေးခဲ့တယ် ။ ဒီအထဲက အိုင်စတိုင်း တစ်ပြားမှ အသုံးမပြုခဲ့ပါ။ ဆိုင်ရာ ဌာန အကြီးအကဲများ အသုံးဘတ်ဂျက် အတိုင်းပါပဲ။ ဒါက သိပ္ပံပညာရှင် မွေးမြူရေးနှင့် မဆိုင်ပါ။ အကုန်အကျ များတယ်ထင်ရင် သိပ္ပံဆရာကို မခိုင်းရုံပဲ ရှိတော့မပေါ့။
အိုင်စတိုင်းက ပကာသနကို အလိုမရှိ။ အဲဒီအချက်ကတော့ ပြဿနာပဲဗျ။ လူတွေက များသောအားဖြင့် ပကာသနကို မလွန်ဆန်နိုင်ကြတော့ သူ့ကို ကြိုးကိုင်အုပ်ချုပ်သူများနှင့် စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်မလဲ။
သူ့ကို အလုပ်လွှဲအပ်ပြီးချိန်မှာ လုပ်ငန်းတာဝန်များကို သူက တော်သင့်သလို လုပ်ဆောင်သွားမယ်တဲ့။ သူ့ကိုချုပ်ချယ်တဲ့ စည်းကမ်း ဘာမျှ မထားရှိရဘူး၊ ဘယ်သူမှ ၀င်ပြီး သြဇာမပေးရဘူး၊ ဆရာမလုပ်ရဘူးတဲ့။
အဲဒီတောင်းဆိုချက်မျိုးဟာ ခွမကျလား။ ဘယ်ကမ္ဘာမှာ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် နက်နဲစွာ ပြန်လှန် စဉ်းစားကြည့်လျှင် ဒီလို နှောင်ကြိုးမဲ့ တာဝန်လွှဲအပ်နည်းကို လူ့ပြည့်မှာ မကြာခဏ ကြုံတွေ့ရပါတယ်။ မြန်မာပြည် အပါအ၀င်ပေါ့။
သာသနာရေး လောကမျာ ဘုရားခေတ်မှစပြီး ရှင်ဘုရင်များ၊ သူဌေးသူကြွယ်များက မိမိယုံကြည်ကိုးကွယ်ရာ သံဃာတော်များထံမှာ ရွှေကျောင်း ငွေကျောင်းကြီးများကို ၀တ္တကမြေယာ ကျေးကျွန်များနှင့်တကွ လှူကြသဗျ။ ဆရာတော်များအပေါ်မှာ ဒါယိကာများက ဘာ အချုပ်အချယ်မျှ မထားပါ။ ပကာသနကို အလိုမရှိတဲ့ ဆရာတော်များက အလှူဒါန ကျောင်းတော်ကြီးများကို လက်ခံပြီး သူတို့မပျော်ပိုက်ချိန်မှာတော့ ထွက်ကြတယ်။ ၀ါဆိုကျောင်း၊ ၀ါးကျောင်းမှာနေပြီး ဘာဝနာတရား အားထုတ်ကြတယ်။ အိုင်စတိုင်းကတော့ လူအချင်းချင်း ဒါကိုပဲ တောင်းဆိုခဲ့တာ မဟုတ်ပါလား။ ထို့ကြောင့် သူ့ကို ရိုင်းသည်မဆိုနိုင်ပါ
ကျွန်တော်တို့ မြန်မာပြည်မှာလည်း အိုင်စတိုင်းလို ပကာသန ကင်းမဲ့စွာနှင့် ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများ မနည်းပါဘူး။ ပုဂံခေတ်က အနော်ရထာမင်း၊ ရှင်ဒိသာပါမောက္ခ၊ အင်းဝခေတ်က တောင်ဖီလာဆရာတော်၊ ဆူးတွင်းပစ် ဆရာတော်၊ ကုန်းဘောင်ခေတ်က အလောင်းမင်းတရားကြီး နှင့် ဆရာတော် ဦးဗုဓ်၊ တွင်းသင်းမင်းကြီး၊ အမတ်ကြီး ဥိးပေါ်ဦး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ မျက်မှောက်ခေတ်မှာ လယ်တီဆရာတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဘောင်ခတ်ထားစရာ မလိုသူများပါ။ သူတို့ကို လွှတ်ထားလျင် မဟုတ်တာ လုပ်မည့် လူစားတွေလား ၊ သူတို့ဟာ အလုပ်နှင့်တာဝန်ကို သိရှိသူများမို့ အိုင်စတိုင်းလို ရွက်ဆောင်သွားတတ်သူများပါ။
သို့သော် မြန်မာတို့ အနေနှင့် ဗုဒ္ဓတပည့်တော်များဖြစ်လို့ လောကီရေးမှာ လျှော့ပေါ့တတ်ပြီး လောကုတ္တရာကို ဦးစားပေးလေ့ ရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံရေးရာမှာ နောက်ကျခဲ့ခြင်းပါ။
ခေတ်သစ် အစိုးရများ အနေနှင့် လောကီနှင့် လောကုတ္တရာ မျှတတဲ့ ရာသီဥတု ဖန်တီးပေးလျှင် ကောင်းမည်ထင်ပါတယ်။ ဒါမှ သိပ္ပံပညာရှင် မွေးမြူရေးစခန်းမှာ ဥပေါက်စ အိုင်စတိုင်းလေးများ ပြေးလွှားမြူးထူးနေပုံများ မုချ မြင်တွေ့ရပါမည်။

ညိုမြ
[ စာမော်ကွန်း၊ အမှတ်(၅)၊ ဇန်န၀ါရီ၊ ၁၉၈၆]

အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေခင်ဗျာ ။

ခင်မင်လေးစားလျက်
တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 20, 2008

Does KNOWLEDGE represent Everything?

ပညာသည် အရာရာလော

ရီဗျူး
ဗြိတိလျှဝန်ကြီးချုပ် “တိုနီဘလဲ”၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ ပြောခဲ့ဘူးသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခု ရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ” ..ဟူ၏။ သူ့မိန့်ခွန်းမှာ ဗြိတိလျှလူထု၏ ဟဒယနှင့် သွားတွေ့သလို၊ ပညာရှင် အသိုင်းအဝိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ “ပညာခေတ်”၏ စံပြဝန်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိသည်။

သို့နှင့်တိုင် “တိုနီဘလဲ”ကိုသာမက၊ “ပညာခေတ်”တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်၊ မကြာခင်က ထွက်ပေါ်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေး လှုပ်သွားသည်ဟု သိရသည်။စာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးသော ပညာရေးပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ)” ALISON WOLF ဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထား စဉ်းစားစရာ ဖြစ်နေသည်။ ပါမောက္ခ အယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိတ်ဆက်စဉ်းစားကြည့်ရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်းဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏။

သို့ဖြင့် “ပညာခေတ်၏ ပညာရေး” EDUCATION IN THE AGE OF KNOWLEDGE တစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်တာတော့သည်။

ပညာဘိဇနက် (Knowledge Business)
ပြောရလျှင် “၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်”ဆိုသော လားရာအမြင်မှာ ၂၀ ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိုနှင့် သတင်းနည်းပညာ တော်လှန်ရေးအရှိန် ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ စီးပွားရေးဘဝတွင် “အသိပညာလုပ်ငန်းများ” KNOWLEDGE INDUSTRIES ရှေ့တန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် “ပညာစီးပွားရေး” KNOWLEDGE ECONOMY သို့ အသွင်ပြောင်းလာပြီဟု ကောင်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဗေဒ ပညာရှင်များကိုယ်တိုင်က “ပညာ” KNOWLEDGE ကို အဓိကအကျဆုံး “ထုတ်လုပ်ရေးအရင်းအမြစ်” PRODUCTIVE RESOURCES အဖြစ်၊ သတ်မှတ်လာကြရာ “ပညာရေး”သည်ပင် စီးပွားရေး၊ နိုင်ငံရေးပေါ်လစီ အရပ်ရပ်အတွက် အဓိက နိုင်ဖဲတစ်ခုလို ဖြစ်လာခဲ့ပါသည်။

သို့နှင့်အမျှ “ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ” မှာလည်း မျှော်လင့်ချက်အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများ ဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ “အပိုလိုအုပ်စု” APOLO GROUP ဆိုလျှင် “ဖစ်နစ်တက္ကသိုလ်” UNIVERSITY OF PHOENIXလို အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည်အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ ၁၀၈ သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် “ပညာဘိဇနက်” KNOWLEDGE BUSINESS မှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။

ပညာ၏“စန်း”မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ “ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍အောင်မြင်မှုရလေ” ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည် ဟူသော မျှော်လင့်စိတ်ကူးများဖြင့် “ပညာ”ကို မဟာဗျူဟာ အသုံးခံကစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် “ပညာသည်ပါဝါ” KNOWLEDGE IS POWER ဆိုသော အဆိုအမိန့်မှာ ပြန်လည်တစ်ခေတ်ဆန်းလာပြီး “ပညာပိုလိုတစ်” KNOWLEDGE POLITIC ဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။

သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေးဇာတ် သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ ရာစုနှစ်ဦး၊ “ဒေါ့ကွမ်ဈေးကွက်” DOT-COM MARKET အပြိုနှင့် စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့ပါသည်။

ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘဝအာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ၊ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကို ဆိုလိုပြီး၊ ဘာသာရပ်ကောင်းကောင်း ဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOOD ဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။

ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်မည်။ ပထမဆုံး သတိပြုမိလိုက်သည့် ရလဒ်မှာ ကလေးများအတွက် ငယ်ဘဝများ ပျောက်ဆုံးသွားခြင်းဟု ဆိုပါသည်။ “ဆယ်ကျော်သက်မတိုင်မီ အရွယ်များ” PRETEEN ဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ဆိုခဲ့ပါ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အဝလွန်ခြင်း စသော ရုပ်ပိုင်းဆိုးကျိုးများ ရှိနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန် ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ “တစ်ကိုယ်တော်၊ မှန်ကြောင်၊ ဖက်တီးလေးများ” ဖြစ်နေတော့သည်။

ဆယ်ကျော်သက်ရွယ် ရောက်ပြန်တော့လည်း လူငယ်ဘဝ၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန် ဟူ၍ မရှိတော့ပါ။ ကြီးမားသော ယှဉ်ပြိုင်စိန်ခေါ်မှုများ အောက်တွင် အရွယ်ကို စတေးပြစ်လိုက်ရပါသည်။ မိမိ ပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ “အတ္တ ဗဟိုပြုလူငယ်များ” SELFCENTERED YOUTH မွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုပါသည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော “စုပေါင်းစွမ်းအင်” SYNERGY ကို ဖန်တီးနိုင်ပါမည်လော။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။

စက်ယန္တရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက် ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်များကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည် ဟုပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးသည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်း ညွှန်းကိန်းများကို အားပြုလေ့ရှိရာ ပညာရေးလောကတွင်ပါ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် “ပညာအလုပ်သမား” KNOWLEDGE WORKER မည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရှုချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိလျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှာ လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုပါသည်။

အရေအတွက်များများ မွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင်စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခက်အခဲနှင့် ရင်ဆိုင်လာရာခြင်း စသည်တို့ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့် ကိစ္စဟု ဆိုကြသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ အသေမဟုတ်ပါ။ အရှင်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှမဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစ ဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် “အရင်းအမြစ်များ ခန်းခြောက်လာခြင်း” DRAINING OF RESOURCES ဟု ဝေဖန်ကြပါသည်။

ဤနေရာတွင် အထက်က ညွှန်းဆိုခဲ့သော ပါမောက္ခ “အယ်လစ်ဆန်”၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လစ်လျူရှုပြီး ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား” သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ “ပညာ”ဆိုသည်နှင့် ပက်သပ်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်။

ပညာအစစ်သို့
“ပညာခေတ်”၊ “ပညာစီးပွားရေး”၊ “ပညာအလုပ်သမား” …။ မျက်မှောက်ခေတ်တွင် “ပညာ”ဆိုသော ရှေ့ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟည်းလျက် ရှိနေပါသည်။ ယခုတော့ ဤပညာသည်ပင် ပညာစစ် ဟုတ်မဟုတ် ပြန်လည်စိစစ်လာကြရသည်။

ယနေ့ အပြောများနေသော “ပညာ” KNOWLEDGE ဆိုသည်မှာ ရလာသော အင်ဖော်မေးရှင်းများကို အသုံးတည့်ရေးရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့အသုံးပြုရေး မျက်နှာစာတစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့စည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် ၉၆ပါးဆေးအဖြစ် မမျှော်လင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် “အဆုံးစွန်တန်ဖိုး” ABSOLUTE VALUE မရှိ။ “နှိုင်းရတန်ဖိုး” RELATIVE VALUE တန်ဖိုးသာရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် “သညာ”ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။

ဤသို့ဆိုလျှင် “တကယ့်ပညာအစစ်” WISDOM မှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ လောကလုံးသဘော ဆောင်နိုင်ရမည် (UNIVERSAL CONCEPT)။ ရေရှည်ခံသည့် တန်ဖိုးရှိရမည် (SUSTAINABLE VALUE)။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်စွမ်း ရှိရမည် (MORALLY JUSTIFIED)။ ဘက်ပေါင်းစုံမှ ချဉ်းကပ်နိုင်ရမည် (ALL ROUND DIMENSIONS) စသဖြင့် ညွှန်းဆိုလာကြပါသည်။

ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ “ပညာရေး” EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။
စာညွှန်း - THE EDUCATION SHIBBOLETH

ကျော်ဝင်း “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ - KNOWLEDGE, EDUCATION AND CHALLANGERS” စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား ကောက်နှုတ်ချက်။ (စာမျက်နှာ ၁၆၅ မှ ၁၇၀ ထိ)။…။

ဖော်ပြခဲ့တဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်ကိုဖတ်ရင်း ကျွန်တော်တို့ခေတ်ရဲ့ ကြေးမုံပြင်မှာ ကိုယ့်ကိုကိုယ် တင်ကြည့်မိသေးတယ်။ တွေ့လိုက်ရသလိုတော့ ရှိပါတယ်။ အပြောင်းအလဲတွေများတဲ့ခေတ်၊ မြန်နှုန်းတွေနဲ့ စကားပြောရင်း ထိရောက်မှုကို အဓိကထားတဲ့ ခေတ်ပါ။ ၂၀ ရာစုအကုန်ပိုင်းတွေနဲ့ ၂၁ ရာစုအစမှာ တိုးတက်လာတဲ့ သတင်းနည်းပညာရဲ့ ရိုက်ချက်တွေပဲပေါ့။ ဒီနေ့ခေတ် ကြေးမုံပြင်မှာ တင်ကြည့်လိုက်တော့ ကိုယ့်အတွက်နေရာက အများနဲ့ယှဉ်ရင် ဟိုးအဝေးကြီးမှာရောက်နေပါတယ်။ ဆက်ပြီး စဉ်းစားရင်တော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ ခေတ်ကို ပညာခေတ်လို့ အများကခေါ်နေတာကနေ၊ အခုဆို နောက်တခေတ်ကိုတောင် ပြောင်းလဲတော့မယ် ထင်ပါတယ်။

ဒါပေမဲ့ သတင်းနည်းပညာရဲ့ အဓိကကျတဲ့ ကွန်ပျူတာကို အခုအချိန်ထိ ကျွန်တော်တို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပါဘူး။ လူတန်းစားတစ်ရပ်ရဲ့ အသုံးပဲရှိသေးတယ်။ နောက်ပြီး သူ့ရဲ့အသုံးဝင်မှုကိုလည်း အပြည့်အဝ အသုံးမချနိုင်သေးဘူးလို့ တွေးမိတယ်။ ဒါဟာ သတင်းနည်းပညာခေတ်အတွက် ကျွန်တော်တို့ရဲ့ နောက်ကျမှုတစ်ခုပါ။ ကမ္ဘာလုံးခြုံတဲ့ အမြင်နဲ့ကြည့်ရင် ခပ်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ။

အဆိုးထဲက အကောင်းကို သဲ့ယူကြစို့ရဲ့။ သူတို့တွေက ရှေ့ကနေဖြတ်သွားပြပြီးသားဆိုတော့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကြိုတွေးကြည့်လို့ ရမှာပါ။ ပုံတူကူးချလို့ မရမှာကတော့ သေချာပါတယ်။ “တစ်ကျောင်း တဂါထာ၊ တစ်ရွာ တပုဒ်ဆန်း” မြန်မာ စကားပုံလည်း ရှိသားမဟုတ်လား။ ဒီလိုသာဆိုရင် ကျွန်တော်တို့ရဲ့ ပညာရေးကရော ဘယ်လိုပညာရေးမျိုးလဲ။ ဒီပညာရေးကို ဖြတ်သန်းလိုက်ရင်ရော (ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒါမှမဟုတ် ပညာရှာသူတွေ အတွက်) ဘာတွေကျန်ခဲ့မလဲ။

ဒီနေ့ခေတ်မှာ ပညာဆိုတာကို အသုံးချနိုင်မှုနဲ့ တိုင်းတာနေပါတယ်လို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ကျွန်တော်တို့ဆီမှာလည်း အလုပ်တစ်ခုရဖို့ ရှိနေရမဲ့ (ရှိနေရင် ပိုကောင်းမယ်လို့လည်း ထင်ရတဲ့) သင်တန်းဆင်းလက်မှတ်တွေ မျိုးစုံပါပဲ။ အဲဒီကြားထဲမှာ လုပ်နိုင်မှုစွမ်းရည်ကို ပြန်လည် ဆန်းစစ်ရတာပါ။ အများစုကတော့ လက်ဝယ်ရှိနေရုံပါပဲ။ သင်တန်းပြီးမှမပြောနဲ့ တက်နေစဉ်ကတည်းက နားမလည်၊ ဘာမှမသိတာတွေများပါတယ်။ ဒါတွေဟာ အခြေခံမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။

နိုင်ငံအများစုမှာ အခြေခံပညာရေးကို (ဒီနေရာမှာ အခြေခံပညာရေးဆိုသည်မှာ တက္ကသိုလ်ဝင်တန်းအထိလို့ ဆိုလိုချင်ပါတယ်။) နိုင်ငံတော်ကနေ တာဝန်ယူပါတယ်။ ဗဟိုအုပ်ချုပ်မှုစနစ်ရှိပြီး အဓိကရည်ရွယ်ချက်က အပြန့်ကျယ်မှု (လူအများ စာတတ်မြောက်ရေး) ကိုရည်ရွယ်တယ်။ အကယ်၍ ပုဂ္ဂလိကကျောင်းများ ရှိနေမယ်ဆိုရင် သူတို့တွေက အပြန့်ကျယ်မှုထက် ထိရောက်မှုကို အားပေးတယ်လို့ ဆိုကြပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကျောင်းတွေ မရှိသလောက်ပါပဲ။ အဲဒီအတွက် အပြန့်ကျယ်မှု စည်းမျဉ်းအောက်က ပေါက်ဖွားလာသူတွေဖြစ်တော့ စဉ်းစားတွေးခေါ်မှု၊ အကျိုးအကြောင်း ဆက်စပ်မှု၊ စူးစမ်းရှာဖွေမှု လိုမျိုး အခြေခံကောင်းတွေ လွတ်နေရတယ်လို့ထင်တယ်။

အရေအတွက်မှသည် အရည်အချင်းဆီသို့ ဆိုသော ကျွန်တော်တို့ဆီက လှုပ်ရှားမှုဟာလည်း သူတို့တွေပြောသလိုပါပဲ တက္ကသိုလ်ကျောင်းထွက်တွေ များလာရုံမှလွဲလို့ ကောင်းကျိုးပေးမှုနည်းပါတယ်။ ဟုတ်မရောင် တတ်ယောင်ကားတွေ ပိုများလာလို့ အန္တရာယ်တောင်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပညာရေးဟာ အပြန့်ကျယ်မှု ခွင်ထဲမှာပဲ ရှိနေတယ်ထင်ပါတယ်။ လက်တွေ့နဲ့ စူးစမ်းရှာဖွေမှု အပိုင်းတွေမှာ အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့မှာက သူတို့အနေနဲ့ ပညာလို့တောင် မသတ်မှတ်ချင်တော့ပဲ သညာအဆင့်မှာပဲ ရှိပါသေးတယ်ဆိုတဲ့ နေရာကိုရောက်ဖို့ ကြိုးစားရပါအုံးမယ်။ ဒီလိုမှမဟုတ်ရင်လည်း စောစောကပြောခဲ့သလို သူတို့တွေရဲ့ အတွေ့အကြုံတွေကို လေ့လာပြီး အကောင်းဆုံးနည်းကိုရွေး ပြီးတော့အင်နဲ့အားနဲ့ နောက်ကလိုက်ရမှာပါ။

ဟုတ်ကဲ့ တောင်ရောက်မြောက်ရောက်နဲ့ သမုဒ္ဒရာရေပြင်ပေါ် ဆီးစေ့ကျသလောက် ကျွန်တော့် အတွေးလှိုင်းတွေမှာ အမှားပါရင်လည်း ခွင့်လွှတ်ပါ။ ကျွန်တော့်ရဲ့ အားနည်းမှု၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်လို့ပါ။ အဓိက ဒီစာလေးရဲ့ရည်ရွယ်ရင်းကတော့ ကျွန်တော်တို့မြန်မာတွေ စဉ်းစားဖို့ အကြောင်းများထဲက တစ်ခုလေများလားဆိုပြီး အားလုံးကို မျှဝေလိုက်တာပါ။ အော် ဒီနေ့ခေတ်ကြေးမုံပေါ်က ကျွန်တော့်ပုံရိပ်ကတော့ ဝိုးတဝါးသာသာပါဆိုတာ ပြောဖို့မေ့နေတယ်။

***ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ June-14-2008 ရက်နေ့က ဒီဘလော့ဂ်လေးမှာ ဖော်ပြခဲ့ပါတယ်။***

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, June 14, 2008

Sunday, February 10, 2008

How to study Myanmar poems

မြန်မာကဗျာ လေ့လာမယ်ဆိုရင်

တနေ့ သူငယ်ချင်းတစ်ယောက် အခန်းကို အလည်သွားရင်း သူ့ဆီမှာ စာအုပ်တစ်အုပ်တွေ့တယ်။ ရုတ်တရက် စာအုပ်ပုံစံလေးကထူးဆန်းလို့ ဖတ်ကြည့်မိတော့ အထက်တန်း ကဗျာလက်ရွေးစင်ဆိုပဲ။ အော် ဒါဆို တက္ကသိုလ်ဝင်တန်း ကဗျာစာအုပ်ပဲပေါ့ဆိုပြီး ပြန်ချထားသေးတယ်။ နောက်တော့လဲ စကားပြောရင်း ပျင်းလာတာနဲ့ ဟိုဟိုဒီဒီ ဖတ်မိတယ်။ အားပါး တကယ့်ကဗျာလေးတွေပဲ၊ ငါဖတ်အုံးမှဖြစ်မယ်ဆိုပြီး သူငယ်ချင်းဆီကနေ ငှားလာလိုက်တယ်။ ၁၉၈၄ ဇန်နဝါရီလ အုပ်ရေ (၈၅ ၀၀၀)တဲ့။ မာတိကာကနေပြီး ကဗျာပုဒ်ရေ ၅၀ ကျော်မှာ စိတ်ဝင်စားတဲ့ ကဗျာဆရာအမည် ကဗျာခေါင်းစဉ် တွေကနေ ရွေးဖတ်ရင်း အဲဒီတစ်ညကုန်ပါရောလား။ တကယ်ကောင်းတဲ့ အထက်တန်းကဗျာ လက်ရွေးစင်ပါ။ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုဏ်တာရာ၊ ငွေတာရီ၊ ဗန်းမော်ညိုနွဲ့၊ နန်းညွန့်ဆွေ၊ နုယဉ်၊ ဇေယျ၊ ထီလာစစ်သူ၊ မောင်စွမ်းရည်၊ တင်မိုး၊ ကိုလေးအင်းဝဂုဏ်ရည် စသည်ဖြင့်ပေါ့။ နောက်ထပ်လဲ ပါကြသေးတယ်၊ အဲဒီခေတ်ရဲ့ ခေတ်ပြိုင်ကဗျာဆရာတွေ။ ရခိုင်တေး၊ ထားဝယ်တေး၊ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ လွမ်းချင်း အဲသလိုမျိုး မြန်မာကဗျာ ခေတ်ဦးပိုင်းက စာတွေလဲပါသဗျ။ ဖတ်ရင်း သဘောကျနေမိတာ။ တချို့ကဗျာတွေများဆို တစ်ကြိမ်ဖတ်ရတာနဲ့ အားမရလို့ ထပ်ထပ်ပြီး ဖတ်နေမိတာ။ ကဗျာစာအုပ်လေးမှာ သဘောကျမိတာက ကဗျာပုဒ်ရေ ၅၆ပုဒ်မှာ ၁၀ပုဒ်ပဲ ခေတ်ဦးပိုင်း မြန်မာကဗျာတွေ။ ကျန်တဲ့ကဗျာအားလုံးက ဒီနေ့ခေတ် မြန်မာကဗျာတွေ။ (ဒီနေ့ခေတ်ဆိုတဲ့ အသုံးမှာက ရှေးရိုးမဆန်ချင်းကိုသာ ဆိုလိုရင်းဖြစ်သည်။ မော်ဒန်၊ ပိုစ့်မော်ဒန်ခေတ် ဘာခေတ်၊ညာခေတ် ခွဲပြနိုင်လောက်အောင် ဗဟုသုတ မပြည့်စုံ၍ ဒီနေ့ခေတ်ဟုသုံးကြောင်း။) ကဗျာရေးသူတွေကလဲ မြန်မာကဗျာလောက၊ စာပေလောကမှာ ထင်ရှားသူတွေ။ တချို့ကဗျာတွေဆို ကျော်ကြားလွန်းလို့ ကျွန်တော်တို့ ဖတ်ဖူးကြပါတယ်။ ဥပမာ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလိုမျိုးတွေပါ။

ဒီကဗျာလက်ရွေးစင်ကိုဖတ်ရင်းနဲ့ ပြန်စဉ်းစားမိတယ်။ သူငယ်ချင်းနဲ့လဲ စာအုပ်အကြောင်းပြောဖြစ်တယ်။ ကဗျာတွေကို သလောကျမိတဲ့ အကြောင်းပေါ့။ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကဗျာတွေအကြောင်းလဲပါတယ်။ ဒီလက်ရွေးစဉ်ကဗျာတွေကို ကျွန်တော်တို့ မဖတ်ခဲ့ရ၊ မလေ့လာခဲ့ရပါဘူး။ ကျွန်တော်တို့ ဖတ်ခဲ့ရတာတွေကို ပြန်စဉ်းစားတော့ စဉ်းစားလို့မရကြဘူး။ တစ်ပုဒ် နှစ်ပုဒ်လောက်ပဲ မှတ်မိကြတယ်။ ဥပမာ နွေဦးကာလမြူထသောအခါ၊ ကလူ၏သို့မြူ၏သို့၊ နောက်ပြီး ဆုံးမစာတွေပေါ့။ ထူးဆန်းတာက ကျွန်တော်တို့နှစ်ယောက်လုံး ဒီလိုပဲဗျ။ (နှစ်ယောက်စလုံး ညံ့နေတာလဲ ဖြစ်နိုင်ပါတယ်။) စွဲမက်လောက်တဲ့ ကဗျာရယ်လို့ပြောရရင်လဲ ခေတ်ဦးပိုင်း ကဗျာတွေပဲဗျ။ ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ ကဗျာတွေကို မမှတ်မိကြဘူး။ တွေးမိကြတာကတော့ ခေတ်ပြိုင်ကဗျာတွေ မပါသလိုပဲ။ တကယ်က တက္ကသိုလ်ဝင်တန်းဆိုတဲ့ အရွယ်တွေကို ခေတ်ရဲ့ပုံရိပ်ထင်ဟပ်နေတဲ့ ကဗျာတွေနဲ့ များများထိတွေ့ပေးရပါမယ်။ မြန်မာစာ မြန်မာကဗျာရဲ့ အနှစ်သာရဖြစ်တဲ့ ရှေးရိုးဆန်ဆန်တွေကို အသိပေးရုံ၊ ခံစားတတ်ရုံလောက်ပဲ ထိတွေ့ပေးသင့်ပါတယ်။ ခေတ်ပြိုင်ကဗျာတွေကို ဖတ်ရ၊ လေ့လာရမှ တက်သစ်စလူငယ်တွေ အနေနဲ့ သူတို့ရောက်ရှိနေတဲ့ ခေတ်ကို ခံစားတတ်မယ်၊ လိုအပ်ချက်တွေ အားသာချက်တွေကို ကြည့်ပြီး သူတို့အနာဂတ်အတွက် စဉ်းစားစရာတွေ ပြင်ဆင်စရာတွေ လုပ်နိုင်ကြမှာပါ။ ဒီထက်ပိုပြီး မြန်မာကဗျာတွေကို စိတ်ဝင်စားသူ လေ့လာလိုသူတွေအတွက်က တက္ကသိုလ်အဆင့် တက်လှမ်းရမှာပါ။ အခုဖတ်မိတဲ့ ကဗျာလက်ရွေးစဉ်လေးက ကျွန်တော်တို့ တွေးမိသလိုလေးတွေနဲ့ အံဝင်နေပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ ဖတ်ခဲ့တဲ့ ကဗျာလက်ရွေးစဉ်လေးကို ကောင်းကောင်းမမှန်မိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီစာအုပ်လေးအကြောင်း သူငယ်ချင်းနှစ်ယောက်ပြောကြရင်း၊ နှစ်ယောက်စလုံး သဘောကျနှစ်ခြိုက်မိတဲ့ ကဗျာလက်ရွေးစဉ်စာအုပ်လေးရဲ့ အမှာစကားနဲ့ ကျောင်းသားတွေကို ဘယ်လိုသင်ကြားပါဆိုပြီး ပြောထားတဲ့ စာလေးကို ကူးယူပြီးဝေမျှလိုက်ပါတယ်။ ကဗျာချစ်သူများအတွက်ရော ဖတ်မိသူ စာချစ်သူတို့အတွက် အနည်းငယ် စိတ်ကျေနပ်စရာ မဖြစ်ရင်တော့ ကျွန်တော့်ရဲ့ စကားပြေ ညံ့ဖျင်းမှုသာဖြစ်ကြောင်း။ ။

သုခမိန်

-------------------------------------------------------------------------------------------

ကျွန်ုပ်တို့၏ စာဆိုတို့သည် အခြေအနေအရ ကဗျာအမျိုးမျိုးကို ဖွဲ့ဆိုခဲ့ကြသည်။ ဇာတ်တော်များကို အခြေပြု၍ ပျို့လင်္ကာများကိုဖွဲ့ဆို ခဲ့ကြသည်။ စစ်ရေးမက်ရေး နိုင်ငံရေးကို အခြေပြု၍ ဧချင်း မော်ကွန်း တို့ကို ဖွဲ့ဆိုခဲ့ကြသည်။ တောတောင်ရေမြေ ရာသီဥတုကို အခြေပြု၍ ရတုကဗျာများကို ဖွဲ့ဆိုခဲ့ကြသည်။ ထိုနည်းတူစွာ မျက်မှောက်ခေတ် စာဆိုတို့သည်လည်း ကဗျာအမျိုးမျိုးကို ဖွဲ့ဆိုလျက်ရှိကြသည်။ ယင်းကဗျာတို့မှ သင့်နိုးရာရာတို့ကို ရှာဖွေ ရွေးချယ်၍ ဤကဗျာစာအုပ်ကို ပြုစုထားသည်။ ရှေးရေး ကဗျာအချို့နှင့် ရခိုင်တေး၊ ထားဝယ်တေး တို့ကိုလည်း ထည့်ထားသည်။

စာဆိုတို့သည် မျက်စိရှင်ကြသည်။ နားပါးကြသည်။ အတွေးကြွယ်ဝသည်။ အပြောတတ်ကြသည်။ သာမန်လူတို့ မြင်သည်ထက်၊ သာမန်လူတို့ ကြားသည်ထက်၊ သာမန်လူတို့ တွေးသည်ထက်၊ သာမန်လူတို့ ပြောသည်ထက် မြင်တတ်၊ ကြားတတ်၊ တွေးတတ်၊ ပြောတတ် ကြသည်။ သူတို့ဖွဲ့ဆိုသော ကဗျာတို့ကို ဖတ်ရွတ် လေ့လာရခြင်းဖြင့် အခြားသူတို့သည်လည်း သူတို့ကဲ့သို့ပင် မြင်တတ်၊ ကြားတတ်၊ တွေးတတ်၊ ပြောတတ်နိုင်သောအစွမ်းကို ရရှိနိုင်ကြသည်။ ဤသို့ ရရှိအောင်လည်း ဆရာတို့က တပည့်တို့အား သင်ကြားပို့ချ ညွှန်ပြနိုင်ရန် အားထုတ်ကြရာသည်။
အင်္လကာနည်း
ကဗျာတို့တွင် အရသာများ ပါရှိသည်။ ဤအရသာတို့ကို ရှေးဆရာတို့သည် ကိုးမျိုးကိုးစား ခွဲပြလေ့ရှိသည်။ ယင်းတို့မှာ (၁)ချစ်ခင်မှုဆိုသော သိင်္ဂါရရသ (၂)ရယ်ရွှင်မှုဆိုသော ဟဿရသ (၃)ကြင်နာမှုဆိုသော ကရုဏာရသ (၄)ရက်စက်မှုဆိုသော ရုဒ္ဒရသ (၅)စွန့်စားမှုဆိုသော ဝီရရသ (၆)ကြောက်ရွံ့မှုဆိုသော ဘယာနကရသ (၇)မုန်တီးမှုဆိုသော ဝိဘစ္ဆရသ (၈)အံ့သြမှုဆိုသော အဗ္ဘုတရသ (၉)တင်းတိမ် ရောင့်ရဲမှုဆိုသော သန္တရသတို့ ဖြစ်ကြသည်။ ကဗျာတပုဒ်တွင် ဤအရသာမျိုး တမျိုးသော်လည်းကောင်း၊ အများသော်လည်းကောင်း ပါဝင်နေသည်ကို တွေ့ရမည်။ ကဗျာ လေ့လာသူတို့သည် ဤအချက်ကို သတိပြု ဖော်ထုတ် တတ်ကြရာသည်။

တဖန် စာဆိုတို့သည် မိမိတို့တင်ပြလိုချက် ထင်ရှားပေါ်လွင် ထိခိုက်အောင် ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသည်တို့ကို သုံး၍ ဖွဲ့ဆိုတတ်ကြသည်။ ရေလိုအေး၍ ပန်းလိုမွှေးပါစေဟူသော ဆုတောင်းမေတ္တာ ပို့သပုံသည် ဥပမာခိုင်းနှိုင်းထားသည်ဖြစ်၍ ဥပမာအလင်္ကာပါသော အဆိုအမိန့်ဟု သိရသည်။ ထို့ပြင် ဘဝဇာတ်ခုံ ဆိုသောစကားကို လူတို့သုံးနေကြသည်။ လူ့ဘဝသည် ရသမျိုးစုံ ကခုန်နေရသော ဇာတ်ခုံနှင့်တူသည်။ ထို့ကြောင့် ဘဝနှင့် ဇာတ်ခုံကို အတူပြုကာ ဘဝဇာတ်ခုံဟု ခေါ်လိုက်ကြသည်။ ဤအခေါ်မျိုးကို ရှုပကအလင်္ကာပါသော အခေါ်အဝေါ်ဟု သိရသည်။ (ဥပမာအလင်္ကာတွင် “ကဲ့သို့” ဆိုသောပုဒ် သို့မဟုတ် အနက်တူပုဒ် တခုခု ပါရသည်။ ရှုပကအလင်္ကာတွင်ကား မပါ။ ဤသည်လျှင် ထူးခြားချက် ဖြစ်သည်။)

ဤအလင်္ကာနှစ်မျိုးအပြင် သမာဓိဂုဏ် မြောက်အောင်လည်း ဖွဲ့ဆိုတတ်ကြသည်။ သမာဓိဂုဏ် ဆိုသည်မှာ (၁)အသက်ရှိသော သတ္တဝါတို့၏သဘောကို အသက်မဲ့သော ဝတ္ထု၌တင်စားခြင်း (၂)အဆင်းသဏ္ဌာန်ရှိသော ဝတ္ထု၏ သဘောကို အဆင်းသဏ္ဌာန်မဲ့သော ဝတ္ထု၌တင်စားခြင်း (၃)အရသာရှိသော ဝတ္ထု၏ သဘောကို အရသာမဲ့သော ဝတ္ထု၌တင်စားခြင်း (၄)အရည်ဖြစ်သော ဝတ္ထု၏ သဘောကို အရည်မဟုတ်သော ဝတ္ထု၌တင်စားခြင်း (၅)လုပ်တတ်သောသူ၏သဘောကို လုပ်တတ်သူမဟုတ်သော ဝတ္ထု၌တင်စားခြင်း (၆)အစိုင်အခဲ ဖြစ်သော ဝတ္ထု၏သဘောကို အစိုင်အခဲမဟုတ်သော ဝတ္ထု၌ တင်စားခြင်း တို့ဖြစ်သည်။ (အကျယ်ကို အလင်္ကာ နိသျတို့၌ ကြည့်။) ကဗျာ လေ့လာသူတို့သည် ဤအလင်္ကာနှင့် ဂုဏ်တို့ကိုလည်း သတိပြု ဖော်ထုတ် ကြရာသည်။

၁။ ။ တကြိမ်၊ နှစ်ကြိမ် ဖတ်ရုံမျှနှင့် ကဗျာ၏ဆိုလိုချက်ကို အပြည့်အစုံ မသိမြင်နိုင်။ ထို့ကြောင့် ကဗျာကို အကြိမ်ကြိမ်ဖတ်ပါ။ ဖတ်သည်နှင့်အမျှ ဆိုလိုချက်တို့ ထင်ရှားပေါ်လွင်လာလိမ့်မည်။
၂။ ။ စာဆိုတို့သည် စကားလုံးတို့ကို တိတိကျကျ ကျစ်ကျစ် လစ်လစ် သုံးတတ်သည်။ သို့သော်လည်း ထိုစကားလုံးတို့သည် ဟောရိုးဟောစဉ် အနက်ထက် ပိုလွန်၍ ဟောတတ်သည်။ ထို့ကြောင့် အဘိဓါန်ကိုဖြစ်စေ ခက်ဆစ်အဖြေကိုဖြစ်စေ တတ်အားသမျှ လေ့လာပါ။
၃။ ။ အခွင့်သာလျှင် ကဗျာကို အသံထွက်၍ ဖတ်ပါ။ အခွင့်မသာလျှင် မိမိစိတ်က ကြားရလောက်အောင် နှုတ်ခမ်းလှုပ်၍ ဖတ်ပါ။ ကဗျာတွင် စီကုံးထားသော စကားလုံးတို့၏ အသံသည် ကဗျာ၏ အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်စေနိုင်သည်။ တတ်နိုင်လျှင် အနေအသံထားနှင့် ဌာန်ကရိုဏ်းကျအောင် ဖတ်ပါ။ ကဗျာ့အရသာကို ပို၍ တွေ့ရပါလိမ့်မည်။
၎။ ။ ကဗျာတို့တွင် ကာရန် အခံအအုပ် အချိတ်အဆက်တို့ ရှိသည်။ ပါဒ အဖြတ်အတောက် အရပ်အနားတို့ ရှိသည်။ ယင်းတို့ကို ရှာဖွေလေ့လာ၍ ယင်းတို့ ပေါ်လွင်အောင် ကဗျာကို ဖတ်ရွတ်ပါ။ ကာရန်ကို နားလည်၍ အဖြတ်အတောက် အရပ်အနားကို သဘောပေါက်လျှင် ကဗျာ၏ အဓိပ္ပါယ်ကို ထူးချွန် သိမြင်နိုင်သည်။
၅။ ။ ကဗျာတွင် ကာယကံရှင် တယောက်သော်လည်းကောင်း၊ အများသော် လည်းကောင်း ပါရှိသည်။ စာဆိုသည် ကာယကံရှင်ကို ပြထားသည်လည်းရှိသည်။ ဖျောက်ထားသည်လည်း ရှိသည်။ ဖျောက်ထားလျှင် ဆိုင်ရာ ကြိယာတို့ကိုကြည့်၍ ကာယကံရှင်ကို ဖော်ထုတ်ပါ။ ကာယကံရှင်သည် ငါလား၊ သူလား၊ သင်လား။ ငါဆိုလျှင် ကျွန်တော်လား၊ ကျွန်မလား စသည်ကို ဖော်ပါ။ သူဆိုလျှင် သက်ရှိလား၊ သက်မဲ့လား၊ ယောက်ျားလား၊ မိန်းမလား စသည်ကို ဖော်ပါ။ သင်ဆိုလျှင် ရှင်လား၊ ခင်ဗျားလား စသည်ကို ဖော်ပါ။ ဥပမာ မသာလည်းတ၊ သာလည်းတ၊ ဖိုးလငွေသော်တာ ဆိုရာဝယ် ကာယကံရှင် မည်သူနည်း။ လူသားတို့ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ဖိုးလမင်းကို မသာလည်း တကြသည်။ သာလည်း တကြသည်ဟု သိရသည်။ လုပ်အားတန်ဖိုး၊ ချစ်မြတ်နိုးဟူ၍ ဆရာက တပည့်များကို ဆုံးမရာတွင် ကာယကံရှင် မည်သူနည်း။ တပည့်တို့ ဖြစ်သည်။ ထို့ကြောင့် အသင်တပည့်တို့သည် လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးကြရမည် ဟူ၍ ဆုံးမသည်ဟု သိရသည်။ ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ် ဆိုရာတွင် ကာယကံရှင် မည်သူနည်း။ ငါတို့ဖြစ်သည်။ ငါတို့ သပြေသီး သွားကောက်ကြစို့ ဟူ၍ အဖော်ညှိသည်ဟု သိရသည်။
၆။ ။ ကဗျာနှင့် သက်ဆိုင်ရာ ကာလကို မှန်းဆကြည့်ပါ။ နေ့လား၊ ညလား၊ မည်သည့်လ၊ မည်သည့်နှစ်၊ မည်သည့်ခေတ်လဲ။ ကဗျာနှင့် သက်ဆိုင်ရာ ဒေသကိုလည်း မှန်းဆကြည့်ပါ။ အိမ်တွင်းလား၊ အိမ်ပြင်လား၊ မြို့ပြလား၊ ကျေးရွာလား။ ကာလဒေသကို မှန်းဆနိုင်လျှင် ကဗျာ၏အဓိပ္ပါယ် ပိုမို ထင်ရှား ကျယ်ပြန့်လာလိမ့်မည်။
၇။ ။ ကဗျာ၏ အရင်းခံအကြောင်းသည် အလယ်နည်း။ ဝါကျတကြောင်းလောက်နှင့် ဖော်ကြည့်ပါ။
၈။ ။ ကဗျာကို လွယ်ကူသော စကားတို့ဖြင့် တိကျရှင်းလင်းစွာ စကားပြေပြန်ကြည့်ပါ။ ကဗျာတွင်ပါသည့် အရေးကြီးသော စိတ်ကူးကို မကြွင်းကျန်ရစ်ရအောင် သတိပြုပါ။ စကားပြေပြန်ရာတွင် သွယ်သွယ်ဝိုက်ဝိုက် ရေးဖွဲ့ထားသော အဆိုအမိန့်တို့ကို စကားရိုးဖြင့် ပြန်ရေးပါ။ ဥပမာ တရားစည်ကြီး ရိုက်တီးဆော်ရွမ်းတော်မူ၏ဟု ရှိသည်ကို ဘုရားသခင်သည် တရား ဟောတော်မူ၏ဟု ပြန်ရေးပါ။ ရူပကအလင်္ကာတို့ကိုလည်း ဥပမာအလင်္ကာ လုပ်ယူပါ။ ဥပမာ၊ လောကဇာတ်ခုံဟု ရှိသည်ကို ဇာတ်ခုံနှင့်တူသော လောကဟုပြန်ရေးပါ။ စကားပြေ ရေးခြင်းသည် ကဗျာ၏အဓိပ္ပါယ်ကို သိနိုင်အောင် တနည်းတလမ်း အားထုတ်ခြင်းမျှ ဖြစ်သည်။ ကဗျာအတွက် အစားထိုးခြင်း မဟုတ်သည်ကို သတိပြုပါ။
၉။ ။ ကဗျာတပုဒ်၏ အဓိပ္ပါယ်ကို သဘောပေါက်ပုံ အရသာကို ခံစားရပုံတို့သည် လူတဦးနှင့်တဦး မတူနိုင်။ နှစ်ကို သုံးနှင့်မြှောက်လျှင် ခြောက်ဖြစ်သည်ဟု ဆရာက သင်ပြသောအခါ ဆရာသင်ပြသည့်အတိုင်း တမျိုးတစားတည်း တပည့်တို့နားလည်ကြသည်။ ဤသို့လည်း ဆရာက နားလည်စေလိုသည်။ သို့သော် ကဗျာကို ပို့ချသောအခါတွင် တပည့်တဦးနှင့် တဦးသည် ကဗျာ၏စကားပြေကို အတူတူနားလည်နိုင်မည် ဖြစ်သော်လည်း ကဗျာ၏အဓိပ္ပါယ်ကိုကား မိမိတို့၏ စွမ်းအားအလျှောက် အမျိုးမျိုး သဘောပေါက်ကြလိမ့်မည်။ အရသာကိုလည်း အမျိုးမျိုး ခံစားရလိမ့်မည်။ ဤသို့ အမျိုးမျိုးသဘောပေါက်သည်ကို လည်းကောင်း၊ အရသာခံစားရသည်ကို လည်းကောင်း ဆရာတို့က အားပေးရာသည်။ ချွတ်ချော် တိမ်းယိမ်းနေလျှင် တည့်မတ်ပေးရမည်။ အစီအစဉ်မသင့်လျှင် ပြုပြင်ပေးရမည်။ မပြည့်စုံလျှင် ဖြည့်စွက်ပေးရမည်။ မိမိ သဘောပေါက်သည်နှင့် မတူသဖြင့် မိမိခံစားမိသည်နှင့် မတူသဖြင့် တပည့်အား အပြစ်မဆိုရာ။ သင့်လျှော်အောင် ခေါင်းဆောင် လမ်းပြမှုကိုသာ ပြုရာသည်။

အထက်ပါ အလင်္ကာနည်း၊ လေ့လာနည်းတို့ဖြင့် ကဗျာကိုသင်ကြားပို့ချပေးလျှင် တပည့်တို့သည် စာဆိုကဲ့သို့ပင် စွမ်းအားအလျှောက် မျက်စိရှင်လာကြလိမ့်မည်၊ နားပါးလာကြလိမ့်မည်၊ အတွေးကြွယ်လာကြလိမ့်မည်၊ အပြောတတ်လာကြလိမ့်မည် ဟူ၍ ကဗျာ သင်ကြားပို့ချသော ဆရာတို့အား မှာကြားလိုက်ပါသတည်း။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 8, 2007

ကျနော်တို့နိုင်ငံ၏ပညာရေး( အင်ဂျင်နီယာပိုင်း)

ကျနော်ခုရက်ပိုင်း ရုံးပိတ်ရက်ကလည်းဆက်တာနဲ့ အပြင်မှာ အချိန်ကုန်တာများပါတယ် ။ အပေါင်းအသင်းသစ်တွေလည်းရပါရဲ့ဗျာ ။
ကျနော်တစ်ခု သတိထားမိတာက အားလုံးက ကိုယ့်တိုင်းပြည်ကိုကောင်းစားစေချင်ကြသူချည်းဗျ ။ ကျနော်သူတို့အသံတွေကို နားထောင်ကြည့်တယ် တစ်ချို့ကတော့ အားမလိုအားမရ ၊ တစ်ချို့လည်း တက်တက်ကြွကြွ ။
ဒါနဲ့ ကျနော့်အသံကို ဘလော့မောင်နှမတွေကြားဝေမျှချင်ပါတယ်။ နိုင်ငံ့အရေးလိုပဲ ခေါင်းစဉ်မြင်စေချင်ပါတယ်။

ကျနော်သတိထားမိတာတစ်ခုရှိတယ်။ ကျနော်တို့ငယ်ငယ်က ဂျီတီအိုင်ကျောင်းဆင်းတို့ အာအိုင်တီကျောင်းဆင်းတို့ဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဗျ။ အနာဂတ်သေချာပြီးသားဆိုပါတော့ဗျာ။
ဆေးကျောင်းသားဆိုလည်းထို့အတူပေါ့။ နိုင်ငံခြားထွက်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုပါ၏ပဲ ။ ကိုယ့်ဘာသာကိုလည်း ယုံကြည်စိတ်အပြည့်ရှိကြတာ ဗျ။ ကျနော်ထင်တာမမှားဘူးဆိုရင် ခုနောက်ပိုင်း ကျနော်တို့မျိုးဆက်မှာ ကိုယ့်ကိုယ်ကိုရော သူများကကိုယ့်ကို မြင်ကြပုံပါ ယုံကြည်မှူ့က သုညနားကပ်ကပ်လာသလိုပဲ။
ကျနော်တို့ အချိန်တွေကုန် ငွေတွေကုန် လူပင်ပမ်းစိတ်ပင်ပမ်းခံပြီးကျောင်းတွေတက်ကြ ပညာတွေရှာကြတာဟာအနာဂတ်တစ်ခုခိုင်မာဖို့ဆိုတဲ့ အတွေးတွေ ၊ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေက ၈၀ ရာခိုင်နှုန်းထက်ပိုမယ်ထင်ပါတယ်။ မိသားစုကလည်းထို့အတူ ထပ်တူထပ်မျှနီးနီးပါ။ ခုကျနော်တို့ဘာတွေဖြစ်နေကြပါသလဲ၊ ကျနော်တို့မြင်တာကတော့ တစ်ခုခုတော့ မှားနေတယ်ထင်ပါရဲ့။ မြန်မာတွေမညံ့ကြတာတော့ အစဉ်အလာနဲ့ကို ချီပြီးပြောလို့ရပါတယ်။ ခုထိလည်း သက်သေပြနိုင်ကြဆဲလို့ ကျနော်ရိုးသားစွာ ယုံကြည်ပါတယ်။
ခုအတိုင်းဆက်သွားကြရင်တော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချခွင့် ဆက်လက်ဆုံးရှုံးနေရဦးမည်ဟု ကျနော်ထင်ပါသည်။ ပိုးသာကုန် မောင်ပုံစောင်းမတတ် တော့ မဖြစ်စေ ချင် လှပါ။
လျာရှည်တယ်လို့ပြောလည်းခံရမှာပါပဲ ။ ကျနော့်ကိုမေးခွန်းတစ်ခုမေးခွင့်ပြုပါ။
ကျနော်တို့ ဘယ်လို များပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နိုင်ပါသေးလဲခင်ဗျာ။ အကြံပြုပေးကြပါလို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ။

ဆက်ဖတ်မယ်ဆိုရင် ...