Sunday, February 10, 2008

How to study Myanmar poems




မြန်မာကဗျာ လေ့လာမယ်ဆိုရင်

တနေ့ သူငယ်ချင်းတစ်ယောက် အခန်းကို အလည်သွားရင်း သူ့ဆီမှာ စာအုပ်တစ်အုပ်တွေ့တယ်။ ရုတ်တရက် စာအုပ်ပုံစံလေးကထူးဆန်းလို့ ဖတ်ကြည့်မိတော့ အထက်တန်း ကဗျာလက်ရွေးစင်ဆိုပဲ။ အော် ဒါဆို တက္ကသိုလ်ဝင်တန်း ကဗျာစာအုပ်ပဲပေါ့ဆိုပြီး ပြန်ချထားသေးတယ်။ နောက်တော့လဲ စကားပြောရင်း ပျင်းလာတာနဲ့ ဟိုဟိုဒီဒီ ဖတ်မိတယ်။ အားပါး တကယ့်ကဗျာလေးတွေပဲ၊ ငါဖတ်အုံးမှဖြစ်မယ်ဆိုပြီး သူငယ်ချင်းဆီကနေ ငှားလာလိုက်တယ်။ ၁၉၈၄ ဇန်နဝါရီလ အုပ်ရေ (၈၅ ၀၀၀)တဲ့။ မာတိကာကနေပြီး ကဗျာပုဒ်ရေ ၅၀ ကျော်မှာ စိတ်ဝင်စားတဲ့ ကဗျာဆရာအမည် ကဗျာခေါင်းစဉ် တွေကနေ ရွေးဖတ်ရင်း အဲဒီတစ်ညကုန်ပါရောလား။ တကယ်ကောင်းတဲ့ အထက်တန်းကဗျာ လက်ရွေးစင်ပါ။ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုဏ်တာရာ၊ ငွေတာရီ၊ ဗန်းမော်ညိုနွဲ့၊ နန်းညွန့်ဆွေ၊ နုယဉ်၊ ဇေယျ၊ ထီလာစစ်သူ၊ မောင်စွမ်းရည်၊ တင်မိုး၊ ကိုလေးအင်းဝဂုဏ်ရည် စသည်ဖြင့်ပေါ့။ နောက်ထပ်လဲ ပါကြသေးတယ်၊ အဲဒီခေတ်ရဲ့ ခေတ်ပြိုင်ကဗျာဆရာတွေ။ ရခိုင်တေး၊ ထားဝယ်တေး၊ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ လွမ်းချင်း အဲသလိုမျိုး မြန်မာကဗျာ ခေတ်ဦးပိုင်းက စာတွေလဲပါသဗျ။ ဖတ်ရင်း သဘောကျနေမိတာ။ တချို့ကဗျာတွေများဆို တစ်ကြိမ်ဖတ်ရတာနဲ့ အားမရလို့ ထပ်ထပ်ပြီး ဖတ်နေမိတာ။ ကဗျာစာအုပ်လေးမှာ သဘောကျမိတာက ကဗျာပုဒ်ရေ ၅၆ပုဒ်မှာ ၁၀ပုဒ်ပဲ ခေတ်ဦးပိုင်း မြန်မာကဗျာတွေ။ ကျန်တဲ့ကဗျာအားလုံးက ဒီနေ့ခေတ် မြန်မာကဗျာတွေ။ (ဒီနေ့ခေတ်ဆိုတဲ့ အသုံးမှာက ရှေးရိုးမဆန်ချင်းကိုသာ ဆိုလိုရင်းဖြစ်သည်။ မော်ဒန်၊ ပိုစ့်မော်ဒန်ခေတ် ဘာခေတ်၊ညာခေတ် ခွဲပြနိုင်လောက်အောင် ဗဟုသုတ မပြည့်စုံ၍ ဒီနေ့ခေတ်ဟုသုံးကြောင်း။) ကဗျာရေးသူတွေကလဲ မြန်မာကဗျာလောက၊ စာပေလောကမှာ ထင်ရှားသူတွေ။ တချို့ကဗျာတွေဆို ကျော်ကြားလွန်းလို့ ကျွန်တော်တို့ ဖတ်ဖူးကြပါတယ်။ ဥပမာ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလိုမျိုးတွေပါ။




ဒီကဗျာလက်ရွေးစင်ကိုဖတ်ရင်းနဲ့ ပြန်စဉ်းစားမိတယ်။ သူငယ်ချင်းနဲ့လဲ စာအုပ်အကြောင်းပြောဖြစ်တယ်။ ကဗျာတွေကို သလောကျမိတဲ့ အကြောင်းပေါ့။ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကဗျာတွေအကြောင်းလဲပါတယ်။ ဒီလက်ရွေးစဉ်ကဗျာတွေကို ကျွန်တော်တို့ မဖတ်ခဲ့ရ၊ မလေ့လာခဲ့ရပါဘူး။ ကျွန်တော်တို့ ဖတ်ခဲ့ရတာတွေကို ပြန်စဉ်းစားတော့ စဉ်းစားလို့မရကြဘူး။ တစ်ပုဒ် နှစ်ပုဒ်လောက်ပဲ မှတ်မိကြတယ်။ ဥပမာ နွေဦးကာလမြူထသောအခါ၊ ကလူ၏သို့မြူ၏သို့၊ နောက်ပြီး ဆုံးမစာတွေပေါ့။ ထူးဆန်းတာက ကျွန်တော်တို့နှစ်ယောက်လုံး ဒီလိုပဲဗျ။ (နှစ်ယောက်စလုံး ညံ့နေတာလဲ ဖြစ်နိုင်ပါတယ်။) စွဲမက်လောက်တဲ့ ကဗျာရယ်လို့ပြောရရင်လဲ ခေတ်ဦးပိုင်း ကဗျာတွေပဲဗျ။ ခေတ်ပြိုင်ကဗျာဆရာတွေရဲ့ ကဗျာတွေကို မမှတ်မိကြဘူး။ တွေးမိကြတာကတော့ ခေတ်ပြိုင်ကဗျာတွေ မပါသလိုပဲ။ တကယ်က တက္ကသိုလ်ဝင်တန်းဆိုတဲ့ အရွယ်တွေကို ခေတ်ရဲ့ပုံရိပ်ထင်ဟပ်နေတဲ့ ကဗျာတွေနဲ့ များများထိတွေ့ပေးရပါမယ်။ မြန်မာစာ မြန်မာကဗျာရဲ့ အနှစ်သာရဖြစ်တဲ့ ရှေးရိုးဆန်ဆန်တွေကို အသိပေးရုံ၊ ခံစားတတ်ရုံလောက်ပဲ ထိတွေ့ပေးသင့်ပါတယ်။ ခေတ်ပြိုင်ကဗျာတွေကို ဖတ်ရ၊ လေ့လာရမှ တက်သစ်စလူငယ်တွေ အနေနဲ့ သူတို့ရောက်ရှိနေတဲ့ ခေတ်ကို ခံစားတတ်မယ်၊ လိုအပ်ချက်တွေ အားသာချက်တွေကို ကြည့်ပြီး သူတို့အနာဂတ်အတွက် စဉ်းစားစရာတွေ ပြင်ဆင်စရာတွေ လုပ်နိုင်ကြမှာပါ။ ဒီထက်ပိုပြီး မြန်မာကဗျာတွေကို စိတ်ဝင်စားသူ လေ့လာလိုသူတွေအတွက်က တက္ကသိုလ်အဆင့် တက်လှမ်းရမှာပါ။ အခုဖတ်မိတဲ့ ကဗျာလက်ရွေးစဉ်လေးက ကျွန်တော်တို့ တွေးမိသလိုလေးတွေနဲ့ အံဝင်နေပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ ဖတ်ခဲ့တဲ့ ကဗျာလက်ရွေးစဉ်လေးကို ကောင်းကောင်းမမှန်မိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီစာအုပ်လေးအကြောင်း သူငယ်ချင်းနှစ်ယောက်ပြောကြရင်း၊ နှစ်ယောက်စလုံး သဘောကျနှစ်ခြိုက်မိတဲ့ ကဗျာလက်ရွေးစဉ်စာအုပ်လေးရဲ့ အမှာစကားနဲ့ ကျောင်းသားတွေကို ဘယ်လိုသင်ကြားပါဆိုပြီး ပြောထားတဲ့ စာလေးကို ကူးယူပြီးဝေမျှလိုက်ပါတယ်။ ကဗျာချစ်သူများအတွက်ရော ဖတ်မိသူ စာချစ်သူတို့အတွက် အနည်းငယ် စိတ်ကျေနပ်စရာ မဖြစ်ရင်တော့ ကျွန်တော့်ရဲ့ စကားပြေ ညံ့ဖျင်းမှုသာဖြစ်ကြောင်း။ ။

သုခမိန်

-------------------------------------------------------------------------------------------

ကျွန်ုပ်တို့၏ စာဆိုတို့သည် အခြေအနေအရ ကဗျာအမျိုးမျိုးကို ဖွဲ့ဆိုခဲ့ကြသည်။ ဇာတ်တော်များကို အခြေပြု၍ ပျို့လင်္ကာများကိုဖွဲ့ဆို ခဲ့ကြသည်။ စစ်ရေးမက်ရေး နိုင်ငံရေးကို အခြေပြု၍ ဧချင်း မော်ကွန်း တို့ကို ဖွဲ့ဆိုခဲ့ကြသည်။ တောတောင်ရေမြေ ရာသီဥတုကို အခြေပြု၍ ရတုကဗျာများကို ဖွဲ့ဆိုခဲ့ကြသည်။ ထိုနည်းတူစွာ မျက်မှောက်ခေတ် စာဆိုတို့သည်လည်း ကဗျာအမျိုးမျိုးကို ဖွဲ့ဆိုလျက်ရှိကြသည်။ ယင်းကဗျာတို့မှ သင့်နိုးရာရာတို့ကို ရှာဖွေ ရွေးချယ်၍ ဤကဗျာစာအုပ်ကို ပြုစုထားသည်။ ရှေးရေး ကဗျာအချို့နှင့် ရခိုင်တေး၊ ထားဝယ်တေး တို့ကိုလည်း ထည့်ထားသည်။

စာဆိုတို့သည် မျက်စိရှင်ကြသည်။ နားပါးကြသည်။ အတွေးကြွယ်ဝသည်။ အပြောတတ်ကြသည်။ သာမန်လူတို့ မြင်သည်ထက်၊ သာမန်လူတို့ ကြားသည်ထက်၊ သာမန်လူတို့ တွေးသည်ထက်၊ သာမန်လူတို့ ပြောသည်ထက် မြင်တတ်၊ ကြားတတ်၊ တွေးတတ်၊ ပြောတတ် ကြသည်။ သူတို့ဖွဲ့ဆိုသော ကဗျာတို့ကို ဖတ်ရွတ် လေ့လာရခြင်းဖြင့် အခြားသူတို့သည်လည်း သူတို့ကဲ့သို့ပင် မြင်တတ်၊ ကြားတတ်၊ တွေးတတ်၊ ပြောတတ်နိုင်သောအစွမ်းကို ရရှိနိုင်ကြသည်။ ဤသို့ ရရှိအောင်လည်း ဆရာတို့က တပည့်တို့အား သင်ကြားပို့ချ ညွှန်ပြနိုင်ရန် အားထုတ်ကြရာသည်။
အင်္လကာနည်း
ကဗျာတို့တွင် အရသာများ ပါရှိသည်။ ဤအရသာတို့ကို ရှေးဆရာတို့သည် ကိုးမျိုးကိုးစား ခွဲပြလေ့ရှိသည်။ ယင်းတို့မှာ (၁)ချစ်ခင်မှုဆိုသော သိင်္ဂါရရသ (၂)ရယ်ရွှင်မှုဆိုသော ဟဿရသ (၃)ကြင်နာမှုဆိုသော ကရုဏာရသ (၄)ရက်စက်မှုဆိုသော ရုဒ္ဒရသ (၅)စွန့်စားမှုဆိုသော ဝီရရသ (၆)ကြောက်ရွံ့မှုဆိုသော ဘယာနကရသ (၇)မုန်တီးမှုဆိုသော ဝိဘစ္ဆရသ (၈)အံ့သြမှုဆိုသော အဗ္ဘုတရသ (၉)တင်းတိမ် ရောင့်ရဲမှုဆိုသော သန္တရသတို့ ဖြစ်ကြသည်။ ကဗျာတပုဒ်တွင် ဤအရသာမျိုး တမျိုးသော်လည်းကောင်း၊ အများသော်လည်းကောင်း ပါဝင်နေသည်ကို တွေ့ရမည်။ ကဗျာ လေ့လာသူတို့သည် ဤအချက်ကို သတိပြု ဖော်ထုတ် တတ်ကြရာသည်။

တဖန် စာဆိုတို့သည် မိမိတို့တင်ပြလိုချက် ထင်ရှားပေါ်လွင် ထိခိုက်အောင် ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသည်တို့ကို သုံး၍ ဖွဲ့ဆိုတတ်ကြသည်။ ရေလိုအေး၍ ပန်းလိုမွှေးပါစေဟူသော ဆုတောင်းမေတ္တာ ပို့သပုံသည် ဥပမာခိုင်းနှိုင်းထားသည်ဖြစ်၍ ဥပမာအလင်္ကာပါသော အဆိုအမိန့်ဟု သိရသည်။ ထို့ပြင် ဘဝဇာတ်ခုံ ဆိုသောစကားကို လူတို့သုံးနေကြသည်။ လူ့ဘဝသည် ရသမျိုးစုံ ကခုန်နေရသော ဇာတ်ခုံနှင့်တူသည်။ ထို့ကြောင့် ဘဝနှင့် ဇာတ်ခုံကို အတူပြုကာ ဘဝဇာတ်ခုံဟု ခေါ်လိုက်ကြသည်။ ဤအခေါ်မျိုးကို ရှုပကအလင်္ကာပါသော အခေါ်အဝေါ်ဟု သိရသည်။ (ဥပမာအလင်္ကာတွင် “ကဲ့သို့” ဆိုသောပုဒ် သို့မဟုတ် အနက်တူပုဒ် တခုခု ပါရသည်။ ရှုပကအလင်္ကာတွင်ကား မပါ။ ဤသည်လျှင် ထူးခြားချက် ဖြစ်သည်။)

ဤအလင်္ကာနှစ်မျိုးအပြင် သမာဓိဂုဏ် မြောက်အောင်လည်း ဖွဲ့ဆိုတတ်ကြသည်။ သမာဓိဂုဏ် ဆိုသည်မှာ (၁)အသက်ရှိသော သတ္တဝါတို့၏သဘောကို အသက်မဲ့သော ဝတ္ထု၌တင်စားခြင်း (၂)အဆင်းသဏ္ဌာန်ရှိသော ဝတ္ထု၏ သဘောကို အဆင်းသဏ္ဌာန်မဲ့သော ဝတ္ထု၌တင်စားခြင်း (၃)အရသာရှိသော ဝတ္ထု၏ သဘောကို အရသာမဲ့သော ဝတ္ထု၌တင်စားခြင်း (၄)အရည်ဖြစ်သော ဝတ္ထု၏ သဘောကို အရည်မဟုတ်သော ဝတ္ထု၌တင်စားခြင်း (၅)လုပ်တတ်သောသူ၏သဘောကို လုပ်တတ်သူမဟုတ်သော ဝတ္ထု၌တင်စားခြင်း (၆)အစိုင်အခဲ ဖြစ်သော ဝတ္ထု၏သဘောကို အစိုင်အခဲမဟုတ်သော ဝတ္ထု၌ တင်စားခြင်း တို့ဖြစ်သည်။ (အကျယ်ကို အလင်္ကာ နိသျတို့၌ ကြည့်။) ကဗျာ လေ့လာသူတို့သည် ဤအလင်္ကာနှင့် ဂုဏ်တို့ကိုလည်း သတိပြု ဖော်ထုတ် ကြရာသည်။

၁။ ။ တကြိမ်၊ နှစ်ကြိမ် ဖတ်ရုံမျှနှင့် ကဗျာ၏ဆိုလိုချက်ကို အပြည့်အစုံ မသိမြင်နိုင်။ ထို့ကြောင့် ကဗျာကို အကြိမ်ကြိမ်ဖတ်ပါ။ ဖတ်သည်နှင့်အမျှ ဆိုလိုချက်တို့ ထင်ရှားပေါ်လွင်လာလိမ့်မည်။
၂။ ။ စာဆိုတို့သည် စကားလုံးတို့ကို တိတိကျကျ ကျစ်ကျစ် လစ်လစ် သုံးတတ်သည်။ သို့သော်လည်း ထိုစကားလုံးတို့သည် ဟောရိုးဟောစဉ် အနက်ထက် ပိုလွန်၍ ဟောတတ်သည်။ ထို့ကြောင့် အဘိဓါန်ကိုဖြစ်စေ ခက်ဆစ်အဖြေကိုဖြစ်စေ တတ်အားသမျှ လေ့လာပါ။
၃။ ။ အခွင့်သာလျှင် ကဗျာကို အသံထွက်၍ ဖတ်ပါ။ အခွင့်မသာလျှင် မိမိစိတ်က ကြားရလောက်အောင် နှုတ်ခမ်းလှုပ်၍ ဖတ်ပါ။ ကဗျာတွင် စီကုံးထားသော စကားလုံးတို့၏ အသံသည် ကဗျာ၏ အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်စေနိုင်သည်။ တတ်နိုင်လျှင် အနေအသံထားနှင့် ဌာန်ကရိုဏ်းကျအောင် ဖတ်ပါ။ ကဗျာ့အရသာကို ပို၍ တွေ့ရပါလိမ့်မည်။
၎။ ။ ကဗျာတို့တွင် ကာရန် အခံအအုပ် အချိတ်အဆက်တို့ ရှိသည်။ ပါဒ အဖြတ်အတောက် အရပ်အနားတို့ ရှိသည်။ ယင်းတို့ကို ရှာဖွေလေ့လာ၍ ယင်းတို့ ပေါ်လွင်အောင် ကဗျာကို ဖတ်ရွတ်ပါ။ ကာရန်ကို နားလည်၍ အဖြတ်အတောက် အရပ်အနားကို သဘောပေါက်လျှင် ကဗျာ၏ အဓိပ္ပါယ်ကို ထူးချွန် သိမြင်နိုင်သည်။
၅။ ။ ကဗျာတွင် ကာယကံရှင် တယောက်သော်လည်းကောင်း၊ အများသော် လည်းကောင်း ပါရှိသည်။ စာဆိုသည် ကာယကံရှင်ကို ပြထားသည်လည်းရှိသည်။ ဖျောက်ထားသည်လည်း ရှိသည်။ ဖျောက်ထားလျှင် ဆိုင်ရာ ကြိယာတို့ကိုကြည့်၍ ကာယကံရှင်ကို ဖော်ထုတ်ပါ။ ကာယကံရှင်သည် ငါလား၊ သူလား၊ သင်လား။ ငါဆိုလျှင် ကျွန်တော်လား၊ ကျွန်မလား စသည်ကို ဖော်ပါ။ သူဆိုလျှင် သက်ရှိလား၊ သက်မဲ့လား၊ ယောက်ျားလား၊ မိန်းမလား စသည်ကို ဖော်ပါ။ သင်ဆိုလျှင် ရှင်လား၊ ခင်ဗျားလား စသည်ကို ဖော်ပါ။ ဥပမာ မသာလည်းတ၊ သာလည်းတ၊ ဖိုးလငွေသော်တာ ဆိုရာဝယ် ကာယကံရှင် မည်သူနည်း။ လူသားတို့ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ဖိုးလမင်းကို မသာလည်း တကြသည်။ သာလည်း တကြသည်ဟု သိရသည်။ လုပ်အားတန်ဖိုး၊ ချစ်မြတ်နိုးဟူ၍ ဆရာက တပည့်များကို ဆုံးမရာတွင် ကာယကံရှင် မည်သူနည်း။ တပည့်တို့ ဖြစ်သည်။ ထို့ကြောင့် အသင်တပည့်တို့သည် လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးကြရမည် ဟူ၍ ဆုံးမသည်ဟု သိရသည်။ ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ် ဆိုရာတွင် ကာယကံရှင် မည်သူနည်း။ ငါတို့ဖြစ်သည်။ ငါတို့ သပြေသီး သွားကောက်ကြစို့ ဟူ၍ အဖော်ညှိသည်ဟု သိရသည်။
၆။ ။ ကဗျာနှင့် သက်ဆိုင်ရာ ကာလကို မှန်းဆကြည့်ပါ။ နေ့လား၊ ညလား၊ မည်သည့်လ၊ မည်သည့်နှစ်၊ မည်သည့်ခေတ်လဲ။ ကဗျာနှင့် သက်ဆိုင်ရာ ဒေသကိုလည်း မှန်းဆကြည့်ပါ။ အိမ်တွင်းလား၊ အိမ်ပြင်လား၊ မြို့ပြလား၊ ကျေးရွာလား။ ကာလဒေသကို မှန်းဆနိုင်လျှင် ကဗျာ၏အဓိပ္ပါယ် ပိုမို ထင်ရှား ကျယ်ပြန့်လာလိမ့်မည်။
၇။ ။ ကဗျာ၏ အရင်းခံအကြောင်းသည် အလယ်နည်း။ ဝါကျတကြောင်းလောက်နှင့် ဖော်ကြည့်ပါ။
၈။ ။ ကဗျာကို လွယ်ကူသော စကားတို့ဖြင့် တိကျရှင်းလင်းစွာ စကားပြေပြန်ကြည့်ပါ။ ကဗျာတွင်ပါသည့် အရေးကြီးသော စိတ်ကူးကို မကြွင်းကျန်ရစ်ရအောင် သတိပြုပါ။ စကားပြေပြန်ရာတွင် သွယ်သွယ်ဝိုက်ဝိုက် ရေးဖွဲ့ထားသော အဆိုအမိန့်တို့ကို စကားရိုးဖြင့် ပြန်ရေးပါ။ ဥပမာ တရားစည်ကြီး ရိုက်တီးဆော်ရွမ်းတော်မူ၏ဟု ရှိသည်ကို ဘုရားသခင်သည် တရား ဟောတော်မူ၏ဟု ပြန်ရေးပါ။ ရူပကအလင်္ကာတို့ကိုလည်း ဥပမာအလင်္ကာ လုပ်ယူပါ။ ဥပမာ၊ လောကဇာတ်ခုံဟု ရှိသည်ကို ဇာတ်ခုံနှင့်တူသော လောကဟုပြန်ရေးပါ။ စကားပြေ ရေးခြင်းသည် ကဗျာ၏အဓိပ္ပါယ်ကို သိနိုင်အောင် တနည်းတလမ်း အားထုတ်ခြင်းမျှ ဖြစ်သည်။ ကဗျာအတွက် အစားထိုးခြင်း မဟုတ်သည်ကို သတိပြုပါ။
၉။ ။ ကဗျာတပုဒ်၏ အဓိပ္ပါယ်ကို သဘောပေါက်ပုံ အရသာကို ခံစားရပုံတို့သည် လူတဦးနှင့်တဦး မတူနိုင်။ နှစ်ကို သုံးနှင့်မြှောက်လျှင် ခြောက်ဖြစ်သည်ဟု ဆရာက သင်ပြသောအခါ ဆရာသင်ပြသည့်အတိုင်း တမျိုးတစားတည်း တပည့်တို့နားလည်ကြသည်။ ဤသို့လည်း ဆရာက နားလည်စေလိုသည်။ သို့သော် ကဗျာကို ပို့ချသောအခါတွင် တပည့်တဦးနှင့် တဦးသည် ကဗျာ၏စကားပြေကို အတူတူနားလည်နိုင်မည် ဖြစ်သော်လည်း ကဗျာ၏အဓိပ္ပါယ်ကိုကား မိမိတို့၏ စွမ်းအားအလျှောက် အမျိုးမျိုး သဘောပေါက်ကြလိမ့်မည်။ အရသာကိုလည်း အမျိုးမျိုး ခံစားရလိမ့်မည်။ ဤသို့ အမျိုးမျိုးသဘောပေါက်သည်ကို လည်းကောင်း၊ အရသာခံစားရသည်ကို လည်းကောင်း ဆရာတို့က အားပေးရာသည်။ ချွတ်ချော် တိမ်းယိမ်းနေလျှင် တည့်မတ်ပေးရမည်။ အစီအစဉ်မသင့်လျှင် ပြုပြင်ပေးရမည်။ မပြည့်စုံလျှင် ဖြည့်စွက်ပေးရမည်။ မိမိ သဘောပေါက်သည်နှင့် မတူသဖြင့် မိမိခံစားမိသည်နှင့် မတူသဖြင့် တပည့်အား အပြစ်မဆိုရာ။ သင့်လျှော်အောင် ခေါင်းဆောင် လမ်းပြမှုကိုသာ ပြုရာသည်။

အထက်ပါ အလင်္ကာနည်း၊ လေ့လာနည်းတို့ဖြင့် ကဗျာကိုသင်ကြားပို့ချပေးလျှင် တပည့်တို့သည် စာဆိုကဲ့သို့ပင် စွမ်းအားအလျှောက် မျက်စိရှင်လာကြလိမ့်မည်၊ နားပါးလာကြလိမ့်မည်၊ အတွေးကြွယ်လာကြလိမ့်မည်၊ အပြောတတ်လာကြလိမ့်မည် ဟူ၍ ကဗျာ သင်ကြားပို့ချသော ဆရာတို့အား မှာကြားလိုက်ပါသတည်း။ ။

No comments: