Sunday, May 31, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၆)


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကားကို ဆိုတတ်သူဖြစ်ဖို့ လိုတယ်။ ပြောပုံဆိုပုံ အသံနေအသံထားကအစ လှပအောင် လေ့လာသင့်တယ်။



အမူအရာလှပတာလည်း ရှိတယ်။ ပြောပုံဆိုပုံလှတာလည်း ရှိတယ်။ ပြောပုံဆိုပုံ အသံနေအသံထားကအစ လှပအောင် လေ့လာသင့်တယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးလှပမှုဟာ တန်ဖိုးထားရမယ့်အရာ ဖြစ်တယ်။

အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာရှိတဲ့သူဟာ ချစ်သူခင်သူ ပိုများတယ်။
ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းတာဟာ မလှပတဲ့အမူအရာဖြစ်တယ်။ မောက်မောက်မာမာ ပြောဆိုတာဟာ မလှတဲ့ အမူအရာဖြစ်တယ်။ အမူအရာမလှတဲ့သူကို မဆက်ဆံချင်ဘူး။ ဆက်ဆံရရင်လည်း စိတ်မချမ်းသာဘူး။
စကားအပြောအဆို ကြမ်းတမ်းတာလည်း ယုတ်ယင်းမှု၊ ကြမ်းတမ်းမှုဖြစ်တယ်။

”ဖရုသဝါစာ“ ကြမ်တမ်းသောစကားကို မပြောရဘူး။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူပြောတဲ့စကား၊ သူသုံးတဲ့ စကားလုံးကို ကြည့်ပြီး မှန်းလို့ရတယ်။ ကြမ်းတမ်းတဲ့စကားကို ဂုဏ်ယူပြီးပြောလာရင် အဲဒီလူဟာ စိတ်ဓာတ်ပါ ကြမ်းတမ်းလာမယ်။ ကိုယ်ပြောတဲ့စကားဟာ ကိုယ့်စိတ်ဓာတ်ကို အများဆုံး လွှမ်းမိုးတယ်။

စကားကို အသံကျယ်ကျယ်နဲ့ ပြောတာလည်း ယဉ်ကျေးမှု နိမ့်တဲ့သဘောဖြစ်ပါတယ်။ လိုတာထက် ပိုပြီး အသံကျယ်နေရင် မကောင်းဘူး။ တကယ်လေးနက်တဲ့ စကားကို ပြောချင်ရင် မတိုးမကျယ်ပြောမှ လေးနက်တယ်။

* (အလှတရားမှ အမှန်တရားသို့ - ဆရာတော်ဦးဇောတိက) မှ ထုတ်နုတ်ပါသည်။

စကားပြောပုံဟာလည်း လူ့ရဲ့ကိုယ်ရည်ကိုယ်သွေးထဲမှာပါပြန်တယ်။ စကားလုံးအသုံးအနှုန်းက စရိုက်သဘာဝကို ထင်ဟပ်ပြတယ်။ စကားလုံးရိုးရိုးသုံးတဲ့လူရဲ့ စိတ်အခြေအနေနဲ့ ခေတ်စကားများများသုံးတဲ့လူရဲ့ စိတ်အခြေအနေချင်း မတူဘူး။ ဘဝကို လေးလေးနက်နက် သဘောထားပုံချင်း မတူဘူး။ ကိုယ့်ကိုယ်ကို လေးစားမှု၊ သူတစ်ပါးကို လေးစားမှုချင်းလည်း မတူဘူး။ ဒီနှစ်ဦးဟာ ဘယ်အရာကိုမဆို လေးလေးနက်နက် သဘောထားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘယ်အရာကိုမဆို ပေါ့ပေါ့တန်တန် အပေါ်ယံလေး သဘောထားတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်။

* (ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ ထုတ်နုတ်ပါသည်။


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကား၏ အင်္ဂါ(၇)မျိုး …

(၁) “နဠ” - အပြစ်ကင်း၏။
(၂) “ကဏ္ဍသုခ” - နားချမ်းသာ၏။
(၃) “ပေမနီယ” - နှစ်သက် မြတ်နိုးဖွယ် ရှိ၏။
(၄) “ဟဒယင်္ဂမ” - မထိခိုက်ဘဲ ချမ်းသာစွာ စိတ်နှလုံးသို့ သက်ဝင်၏။
(၅) “ပေါရီ” - နေပြည်တော်သူ မြို့ကြီးသားတို့ ပြောဆိုတဲ့ စကားလို ယဉ်ကျေး၏။
(၆) “ဗဟုဇနကန္တ” - ကြားရသူ အများနှစ်သက်၏။
(၇) “ဗဟုဇနမနာပ” - လူအများ စိတ်ကို နှစ်သက် မြတ်နိုးသည်၏ အဖြစ်ဖြင့် တိုးပွားစေ၏။

နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကားကို ဆိုတတ်သူဖြစ်ကြောင်း ကိုယ်ရည်ကိုယ်သွေး “သာခလျ”သဘော(၃)ရပ် …

၁။ “သဏှဝါစတာ” - ပြေပြစ်သော စကားရှိသူ၏ အဖြစ်။
၂။ “အဖရုဿဝါစတာ” - နူးညံ့သိမ်မွေ့သာ စကားရှိသူ၏ အဖြစ်။
၃။ “သခိလဝါစတာ” - မကြမ်းတမ်းသော စကားရှိသူ၏ အဖြစ်။


နူးညံ့သိမ်မွေ့၊ ပြေပြစ်သော ချစ်ဖွယ်စကား၏ ဆန့်ကျင်ဘက်အကြောင်းတရား(၆)မျိုး …

(၁) “ကဏ္ဍက”
မပြေမပြစ် အဖုအထစ်ရှိ၏။ အဆစ်၊အထုံး ရှိသလို၊ မချောဘူး၊ မပြေဘူး၊ ကြားရသူ စိတ်ထဲမှာ စိတ်ခုစရာ၊ မနှစ်သက်စရာ၊ အောင့်သက်သက်နှင့် ဘဝင်မကျစရာ စိတ်ထဲခလုတ်တိုက်တာမျိုး ဖြစ်ရတဲ့ ခံစားချက်သဘော။ သူတစ်ပါးကို ထိခိုက်စေတဲ့ အပြောအဆိုမျိုး၊ နာရသူရဲ့စိတ်ထဲမှာ နာကျင်တဲ့ ခံစားမှုကို ခံစားရစေသည်။

(၂) “ပရကဏ္ဍက”
သူတစ်ပါးနား၌ ခါးစပ်သည်။သူတစ်ပါးကို စပ်ပူစေတတ်၏။ ကြားရနာရသူ စိတ်ထဲမှာ ဒေါသကို ဖြစ်စေတတ်၏။

(၃) “ကက္ကသ”
နားမချမ်းသာဖွယ်ဖြစ်၏။ ဆွေးမြည့်၏။ ကြမ်းတမ်းခက်မာသည်။ သူတစ်ပါး မခံသာအောင် ပြောတဲ့စကားဟာ ကြားရသူရဲ့ နားထဲမှာ မချမ်းသာမှုကို ခံစားရစေသည်။

(၄) “ပရာဘိသဇ္ဇနီ”
သွားလိုရာသို့ သွားခွင့်မပေးဘဲ ဆူးခက်ကဲ့သို့ အလွန်ငြိတွယ်တတ်၏။ သူတစ်ပါးစိတ်ကို ထိခိုက်အောင် လုပ်တတ်တဲ့ သဘော။ စကားပြောရင်း အနှောင့်မလွတ်၊ အသွားမလွတ်အောင် စောင်းချိတ်ပြောတဲ့ သဘော။သူတစ်ပါးကို သူလုပ်ချင်သလို လွတ်လွတ်လပ်လပ် လုပ်ခွင့် မရအောင်၊ ဆူးခက်နဲ့ ငြိနေသလို နာလိုခံခက်ဖြစ်အောင်လုပ်တဲ့ သဘော။ သူများရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို တားဆီးဆွဲငင်တဲ့ သဘောနဲ့ စကားနာထိုးတာမျိုး၊ စောင်းပြောတာမျိုး။ သူတစ်ပါးစိတ်ကို ချုပ်ချယ်လိုတဲ့ သဘော၊ ဒါပေမဲ့ တည့်တည့်မပြောဘူး။ ကြားရသူစိတ်ထဲမှာ ထိခိုက်အောင်၊ ဒုက္ခဝေဒနာ ခံစားရအောင် ဒေါမနဿ ဖြစ်အောင် စောင်းချိတ် ပြောတာမျိုး။

(၅) “ကောဓသာမန္တာ”
သူတစ်ပါးကို စိတ်ဆိုးအောင်၊ အမျက်ဒေါသထွက်အောင် ပြောသည်။

(၆) “အသမာဟိသံဝတ္တနိက”
တည်ကြည်မှု သမာဓိကို မဖြစ်စေသောတရား။

* ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၃၇-၁၄၂)” - မှ ထုတ်နုတ်ကူးယူပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, May 25, 2009

Thought from some words (7)




အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၇)


ကျွန်တော်တို့စာမျက်နှာလေးရဲ့ ဆိုဒ်ဘားလေးမှာ သတင်းနှင့်အတွေးအမြင်ဆိုပြီး အတွေးစာစုလေးတွေကို ဝိုင်းတော်သားတွေ တင်လေ့ရှိပါတယ်။ အတော်များများရှိနေပြီဆိုတော့ မှတ်တမ်းလေးလိုလည်းဖြစ်အောင် တင်ထားတဲ့အတွေးအမြင်တွေကို အဟောင်းဆုံးကနေစပြီး ကျွန်တော်က ခံစားထားတာပါ။ တစ်ခြားပိုစ့်လေးတွေကိုလည်း လင့်ခ်လေးတွေကနေ သွားဖတ်ကြည့်လို့ ရပါတယ်။ အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄) အပိုင်း(၅) အပိုင်း(၆)




……………………………………………………………..
21st July 2008 - To be surrounded by positive people, you first put a smile on your own face.
……………………………………………………………..
ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့နေရာမှာ ကျွန်တော်တို့တစ်တွေဟာ အဲဒီ့ကောင်မကောင်းဘူးလို့ ဆုံးဖြတ်ဖို့လွယ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်စိတ်နဲ့မတွေ့ရင်ပေါ့။ တစ်ခါတစ်လေ မတွေ့တာကြာပြီဖြစ်တဲ့ အပေါင်းအသင်းကို တွေ့ပြီဆိုရင် “အေးကွာ - မင်းကမှတော်သေး ငါတော့နေ့စဉ် ဒီိလိုလူတွေနဲ့ ထိတွေ့ဆက်ဆံနေရတယ်” ဒီလိုပြောရင်းနဲ့ စိတ်ပျက်မှုကိုဖော်ပြတတ်ကြတာပါပဲ၊ ဒါဟာ ကျွန်တော်တို့လိုချင်တဲ့ စံနှုန်းတွေနဲ့ ဆုံးဖြတ်မိတဲ့နေရာမှာ စိတ်စောသလို ဖြစ်သွားတတ်တာပါ။ ရေလာမြောင်းပေးဆိုတဲ့ စကားလေးရှိတယ်မဟုတ်လား။ ကိုယ်ကလိုချင်ရင် လိုချင်တာကိုရအောင် တစ်နည်းနည်းနဲ့ လမ်းကြောင်းပေးရတာမျိုးကို ဆိုလိုတာပါ။ ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူကောင်းတွေရှိ(လာ)ဖို့ ကျွန်တော်တို့ကိုယ်တိုင်က အေးစက်စက်မျက်နှာကြီးနဲ့ ညှင်းသိုးသိုးကြီးဆိုရင် ဘာတွေပြန်ရမလဲဆိုတာ တွေးကြည့်လို့ရမယ်ထင်ပါရဲ့။ ကဲ အပြုံးလေးတွေ ဆင်ထားကြည့်မယ်ဆိုရင်ရောဗျာ။ တွေးကြည့်ချင်စရာ မဟုတ်လား။

……………………………………………………………..
21st July 2008 - Knowledge is Power. Power is nothing without Control. (အခြား)
……………………………………………………………..
ဗဟုသုတဆိုတာ စွမ်းအားတစ်ခုပါပဲ။ အဲဒီ့စွမ်းအားဆိုတာကလည်း ထိန်းချုပ်မှုမရှိရင် အလကားဖြစ်တာပါပဲ။ သဘောကတော့ ဗဟုသုတဆိုတာကို လမ်းကြောင်းပေးနိုင်ရင် စွမ်းအားတစ်ခုလိုပဲ အသုံးချနိုင်မယ်ပေါ့။ ကိုအခြား ရေးခဲ့တဲ့ အတွေးအမြင်လေးပါ။ ဒီနေရာမှာ တစ်ခါတည်းဆက်ပေးသင့်တာက နောက်ထပ်အတွေးအမြင်လေးတစ်ခုပါ။
22nd July 2008 - အခြားတစ်ဖက်မှဆင်ခြင်ရန်မျှသာ… Knowledge is not Power. Knowledge is just potential. Implementation is Power.
ကိုမာရေးသျှင်ရဲ့ အတွေးအမြင်လို့ထင်ပါတယ်။ သူပြောသလိုပဲ အခြားတစ်ဖက်ကနေ ဆင်ခြင်ကြည့်မယ်ဆိုရင်တော့ ဗဟုသုတဆိုတာ စွမ်းအားတစ်ခုမဟုတ်ပါဘူး။ ဗဟုသုတဆိုတာ ကိုယ့်အတွက် တစ်ခုခုကို ရထားလိုက်သလိုပဲဖြစ်ပါတယ်။ စွမ်းအားတစ်ခုဆိုတဲ့ အဆင့်ကိုပြောမယ်ဆိုရင် ထိထိရောက်ရောက်အသုံးချနိုင်မှု၊ ပူပေါင်းပါဝင်နိုင်မှုတွေကသာ စွမ်းအားဖြစ်စေတာပါ။ ဒီတော့ ဗဟုသုတ၊ စွမ်းအား၊ ထိရောက်စွာ ပူးပေါင်းပါဝင်နိုင်မှု ဒါတွေကိုဆက်စပ်ကြည့်ဖို့ လိုလာတယ်ထင်ပါတယ်။

ကျွန်တော်တို့မြန်မာတွေ ပြောလေ့ရှိတဲ့ ပုံပြင်ဆန်ဆန်လေးတစ်ခု ရှိပါတယ်။ သူငယ်ချင်းနှစ်ယောက် စောင်းအတတ်ကိုသင်တော့ ဆရာကမေးသတဲ့ - မင်းတို့နှစ်ယောက် စောင်းကိုဘယ်လောက်ကျွမ်းကျင်အောင် တီးတတ်သလဲ။ အဲဒီမှာ တစ်ယောက်က အနည်းအကျဉ်းတီးတတ်တယ်။ နောက်တစ်ယောက်ကတော့ လုံးဝမတီးတတ်ဘူးတဲ့။ ဒါနဲ့ဆရာက စောင်းအတတ်သင်ဖို့ ကန်တော့ကြေးသတ်မှတ်တော့ အနည်းအကျဉ်းတီးတတ်တဲ့သူက များနေပါသတဲ့။ ဒါကိုမကျေနပ်လို့ သူငယ်ကအမေးရှိလာတော့ - ဟိုကောင်က ဘာမှမတီးတတ်လို့ ငါသင်ရတာလွယ်မယ်။ မင်းကတော့ မတောက်တခေါက်ဖြစ်နေလို့ ငါသင်ရတာ ပင်ပန်းမယ်။ ဒါ့ကြောင့် ပိုများနေတာလို့ ရှင်းပြသတဲ့။

ဒီပုံပြင်ကို မြန်မာလူငယ်တွေ အကြိုက်တွေ့တယ်ထင်ပါတယ်။ အများစုက ဘာမှမတတ်ကြဘူး။ သူတို့တစ်ကယ်လေ့လာမယ်ဆိုရင် အကုန်အကျသက်သာအောင်ထင်ပါတယ်။ နောက်တစ်ခုရှိသေးတာက အနည်းအကျဉ်းသော ဗဟုသုတဆိုတာ အန္တရာယ်ရှိကြောင်းလည်း မှတ်သားလေ့ရှိကြသေးတယ်။ ကျွန်တော်ကတော့ ဘာမှမသိတာနဲ့စာရင် အနည်းအကျဉ်းလည်း မဆိုးပါဘူးပြောချင်တာပဲ။ ငါအကုန်မသိနိုင်သေးဘူး လိုအပ်ချက်တွေနဲ့၊ လေ့လာစရာတွေဆိုတာ အများကြီးပါလို့ စိတ်မှာတွေးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် ဗဟုသုတက အန္တရာယ်ဖြစ်လာဖို့ အတော်ဝေးတဲ့နေရာမှာရှိနေမှာပါ။

တကယ်လို့ ဗဟုသုတသာ မရှိဘူးဆိုရင် အဖြစ်အပျက်တစ်ခုကို (ကိစ္စတစ်ရပ်ကို) ထိရောက်စွာ အသုံးချနိုင်မှု၊ ပူးပေါင်းပါဝင်နိုင်မှုဆိုတာတွေရဖို့ မလွယ်ဘူးမဟုတ်လား။ အဲဒီလိုသာဆို ကျွန်တော်တို့ရဲ့ တစ်ဦးချင်းစွမ်းအင်၊ အပေါင်းအစုစွမ်းအင်၊ နိုင်ငံ့စွမ်းအင်ဆိုတာ ဝေးနေအုံးမှာပါပဲ။ အဲဒီတော့ ဗဟုသုတဆိုတာကို ရနိုင်သလောက်စုဆောင်းပါ။ နောက်ပြီးရင် ကိုယ့်အသိစိတ်လေးနဲ့ ဗဟုသုတဆိုတာကို ထိန်းချုပ်ရင်း ထိထိရောက်ရောက် အသုံးချနိုင်အောင် ပူးပေါင်းပါဝင်နိုင်အောင် ကြိုးစားရမှာပါပဲ။ ဒါမှလည်း ကိုယ့်ရဲ့စွမ်းအင်ဆိုတာ အားကောင်းလာမှာပေါ့။ စဉ်းစားမိတာပါ။


သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, May 20, 2009

Let's Do it, again!

“တစ်ချီတမောင်း”

ဒီမှာ ဒီမှာ
ဟိုနားတစ်စု ဒီနားတစ်စု
သနားစဖွယ်မျက်နှာ အစုတွေရဲ့အသံ
ဟောဟို့ မိုးလုံးညံတွေနဲ့ကွာသလိုပဲ။

ပူတယ်ဆိုတဲ့မီးကို
သက်ကြီးဆရာအိုတို့အလစ်
ခိုးလို့ ဖျစ်ကြည့်ဖူးသလိုပ -
တစ်နေ့တစ်ရက်တွေရဲ့
အမောဆို့ ထမင်းတစ်နပ်ကို
မင်းတို့ ဖျစ်ညှစ်ကြည့်ကြပါအုံး။

ကြိမ်မီးအုံးသလိုဆိုတာတော့
ကြာပါပေါ့ကွယ် -
မီးထတောက်ဖို့အရေး
လေများများသွေးမှဆိုပြီး
လေညာအရပ်မှာ အချစ်မသင့်ကြစမ်းပါနဲ့။

အို- ပညာတတ်ရွာသားအပေါင်းတို့
ခပ်ပြားပြားကမ္ဘာကနေ
ခပ်လုံးလုံးပဲရှိနေသေးတဲ့
ခပ်တုံးတုံးစိတ်ဓါတ်တို့ကို
အရေးဆို -
အရေးဆိုတတ်အောင်ပ
သင်ကြားလို့ပေးကြပါအုံး။

တစ်ချီတမောင်းတိုင်းမှာ
ကောက်ရိုးမီးဖြစ်နေရတာ
ဉာဏ်နည်းလို့ - လို့ဆိုရင်
ချစ်ခြင်းအားဖြင့် နားလည်ပေးစေချင်ပါတယ်။…..။

သုခမိန် (image link)

ဆက်ဖတ်မယ်ဆိုရင် ...

Monday, May 18, 2009

အယူခံ

အယူခံ


မတန်ဘူးဆိုတဲ့စိတ်တစ်ခုနဲ့
မာနဆိုတဲ့ရုပ်တုတစ်ခု
တမင်တကာထုဆစ်ခဲ့တာမဟုတ်ပါဘူးမောင်။

ပင်မြင့်ကိုမှမှန်းတတ်တဲ့
ပန်းသဇင်လိုဟန်ရေးကြွယ်ပြီး
အဝေးကနေမာန်ဝင့်ထည်ခဲ့တာမဟုတ်ပါဘူးမောင်။

လေအဝေ့မှာ အလိုက်သင့်မျော
ရွက်ဝါတို့ရဲ့ သဘောတစ်ခုလို
အတွေးတွေနဲ့ရူး
စိတ်ကူးကစားခဲ့တာမဟုတ်ပါဘူးမောင်။

ဇာတ်ဆရာရဲ့အလိုကျ
ခဏတာဝေးရကံဖန်ခဲ့ပြန်တာမို့
နှုတ်မဆက်ဘဲချန်ထား
စိမ်းကားလို့သွားခဲ့တာမဟုတ်ပါဘူးမောင်။

မိန်းကလေးဘ၀ စရခက်ခဲ့တာမို့
နှုတ်ခမ်းဖျားကမပြောသာ
မျက်ဝန်းစကားရဲ့နမိတ်အထာကို
ရိပ်မိမှာလို့ထင်ခဲ့တာပါမောင်။

တို့နှစ်ဦးရံကြား
ထင်မှတ်မထားတဲ့လွဲချော်မှုများက
မာနဆိုတဲ့အရာနဲ့
စည်းခြားလို့ထားရစ်ခဲ့တာလားမောင်။

မြတ်နိုးစွာတောင်းခံ
ကြည်ဖြူစွာပန်ဆင်ပါမှ
မျှော်လင့်ရတဲ့မိန်းကလေးဘဝ
ပန်းအလှလိုလန်းဆတ်ရမှာပါမောင်။
Rhyme

(ကျွန်တော်တို့ရဲ့ဝိုင်းတော်သားဖြစ်သော၊ ကဗျာကိုချစ်တတ်သော Rhyme-ဆိုသည့် ညီမလေး၏လက်ရာပါ ခင်ဗျား။ ရှားရှားပါးပါးရောက်လာတဲ့ ဧည့်သည်တွေ မှားမှားနေကြလို့။း) - သုခမိန် )

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, May 14, 2009

Thought from Memorial Days!



အမှတ်တရရက်များမှ အမှတ်တမဲ့အတွေးစတစ်ချို့


ကျွန်တော်တို့တစ်တွေရဲ့ ရက်တွေလတွေ နှစ်တွေမှာ အမှတ်တရနေ့ရက်လေးတွေ ရှိတတ်ပါတယ်။ ကိုယ့်တစ်ဦးတည်းနဲ့ဆိုင်တဲ့ နေ့တွေ၊ အများနဲ့ပါ သက်ဆိုင်တဲ့နေ့တွေ၊ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ကိုယ်နဲ့ဆိုင်သလိုဖြစ်နေတတ်တဲ့နေ့တွေ။ အများကြီးပါပဲ။ အားလုံးကိုမှတ်မိနေဖို့ဆိုတာ မလွယ်သလို အားလုံးကို ဂရုတစိုက်လည်း သတိရမနေနိုင်၊ မကျင်းပနိုင်ပါဘူး။ တစ်ခါတစ်လေမှာ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။ တစ်ချို့က မွေးနေ့ဆိုတာလေးကို အမှတ်တရ အမြတ်တနိုးရှိတတ်ကြပေမဲ့ တစ်ချို့ကတော့ သူ့ဘာသာသူ နှစ်စဉ်ရောက်နေတဲ့ နေ့တစ်နေ့ကို ဘာအထူးအဆန်းလုပ်နေရမှာလည်းလို့ တွေးတတ်ကြသေးတယ်။ ဒါပေမဲ့ မမေ့သင့်တဲ့ရက်တွေဆိုတာ အနည်းအကျဉ်းတော့ ရှိနေတတ်တာပဲမဟုတ်လား။



အခုကျွန်တော်ပြောချင်တာလေးက အွန်လိုင်းပေါ်မှာ (အထူးသဖြင့် မြန်မာဘလော့ဂ်တွေမှာ) စိတ်ထဲတစ်မျိုးလေး ခံစားနေရတာလေးကိုပါ။ သဘောအားဖြင့်တော့ မြန်မာဘလော့ဂ်လောကမှာ ကျင်လည်နေသူတွေက နိုင်ငံခြားရောက် မြန်မာအသိုင်းအဝိုင်းတွေပါ။ အသက်အရွယ်စုံ၊ အလေ့အထစုံလင်ပြီး အကြောင်းအရာကလည်း စုံလင်လှပါတယ်။ ကောင်းပါတယ်။ တစ်ချို့စာတွေဆို အလကားဖတ်ရတာ အားနာသလိုဖြစ်လောက်အောင်ကို ကောင်းပါတယ်။ ဘလော့ဂ်ရဲ့ သဘောတရားလေးအရ တူရာတူရာလေးတွေစုမိပြီး အဖွဲ့ကျသွားကြတာပါပဲ။ နောက်ပြီး ဘလော့ဂ်လေးတွေအပေါ်မှာ အမှတ်တရ ရေးတာလေးတွေ၊ ပြန်လည်ဝေမျှတာလေးတွေ ရှိလာပါတယ်။ ဘလော့ဂ်လေး တစ်နှစ်ပြည့်၊ ဘာနေ့ညာနေ့ စသဖြင့်ပေါ့။

ကျွန်တော်တို့တွေ ပြောလေ့ရှိတာလေးတစ်ခုကလည်း ရှိပါသေးတယ်။ ဘာတဲ့ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတာ။ ဟုတ်ပါတယ် ပတ်ဝန်းကျင်တစ်ခုကို ဝင်ဆန့်နိုင်ဖို့လိုပါတယ်။ ကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင် ကြိုးစားသင့်တယ်လို့တောင် သုံးချင်ပါတယ်။ သဘောကတော့ နိုင်ငံခြားမှာနေတာပဲ ရောက်နေတဲ့ပတ်ဝန်းကျင်နဲ့ တစ်ထပ်တည်းမကျတောင် နီးစပ်အောင်၊ ဒီပတ်ဝန်းကျင်မှာ ကိုယ်က ကန့်လန့်ဖြစ်မနေအောင် နေတတ်ဖို့လိုပါတယ်။ ဥပမာ တရုတ်ပြည်ရောက်နေတယ်ဆိုရင် သူတို့နှစ်သစ်ကူးပွဲမှာ တတ်နိုင်သလောက်ဝင်ဆင်နွှဲ၊ နီးစပ်ရာ မိတ်တွေကိုလည်း နှစ်ကူးမင်္ဂလာစကားလေး ဘာလေး ပြောပေါ့။ ဒါကောင်းတာပဲ။ အဲလိုမဟုတ်ဘဲ မင်းတို့နှစ်ကူးလည်းကူးပေါ့ ငါတော့စိတ်မဝင်စားဆိုရင် ဘယ်ကောင်းမလဲ။

အဝေးရောက်တာကြာတော့ တစ်ချို့လည်းကိုယ့်နိုင်ငံက နေ့ထူးနေ့မြတ် သတိရစရာ အမှတ်ရစရာတွေကို မေ့နေရင်မေ့နေမှာ။ ဒါပေမဲ့ ကိုယ်ရောက်နေရာနိုင်ငံမှာ ကျင်းပလေ့ရှိတတ်တဲ့နေ့တွေကို သတိထားမိရင်းကနေ ငါတို့ဆီမှာဆိုရင် ဒီပွဲက ဘာပွဲနဲ့တူတာပေါ့ကွာ၊ ဘာညာနဲ့ မှတ်မိနေသင့်ပါတယ်။ တစ်နှစ်မမှတ်မိတောင် တိုင်းပြည်လွမ်းစိတ်နဲ့ သတိတွေထားမိလာရင်း မှတ်မိသင့်တဲ့ နေ့တွေရှိတာပေါ့။ ကမ္ဘာကြီးကလည်း ပြားလာတယ်ပြောတယ်၊ ရွာဖြစ်သွားတယ်လည်းပြောတယ် ထူးတော့ထူးဆန်းတယ်။ ဟိုးအရင်က ကမ္ဘာမပြားကြောင်းကို အသဲအသန်ငြင်းဆန်ခဲ့ရသူတွေများ ရုတ်တရက်ကြားရင် စိတ်ရှုပ်စရာ။ တိုးတက်တယ်လည်းပြောရဲ့ မြို့ကြီးဖြစ်မလာဘဲ ရွာဖြစ်သွားတယ်။ ဒီနေ့ခေတ်မှာက စိတ်ကိုသတိကပ်ထားမှကို တော်ကာကျမယ်ထင်တယ်။ ယဉ်ကျေးမှုတွေလည်း တိုးမိတိုက်မိတယ်ပြောတာကိုး။

ပြီးခဲ့တဲ့ တစ်လကျော်လောက်က မြန်မာနှစ်ကူးပါတယ်။ ဘလော့ဂ်တွေပေါ်မှာ သင်္ကြန်ရက်တွေရောက်မှပဲ စီဘောက်စ်တွေမှာ ရေလိုက်လောင်းတာတို့၊ သင်္ကြန်အမှတ်တရ ပိုစ့်တွေ၊ ကဗျာတွေ စသည်ဖြင့်တွေ့လာရတယ်။ ကျွန်တော် ဖြစ်စေချင်တာက သင်္ကြန်မတိုင်ခင်ခပ်စောစောလေးမှာ တို့တွေရဲ့နှစ်ကူးတော့ ရောက်တော့မယ်ဆိုပြီး ပိုစ့်တွေ ရေးစေချင်တာပါ။ မတွေ့ရသလောက်ပဲ။ ခရစ်နှစ်ကူးမှာဆိုရင်တော့ ပြားသွားတဲ့ ကမ္ဘာ့ရွာကြောင့်လား၊ ရောက်နေတဲ့နေရာရဲ့ ယဉ်ကျေးမှုကြောင့်လားတော့မသိဘူး ခပ်စောစောကတည်းက ဟက်ပီးနယူးရီးယားနေတာ မျက်စိတောင်နောက်ချင်ချင်ရယ်။ ဒါပေမဲ့ ဘလော့ဂ်ဂါအမတစ်ယောက်ကတော့ ပြောပါတယ် - စီးပွားပျက်ကပ်ကြောင့် ရွှေမြန်မာတွေလည်း တည်မြဲရေးကြိုးစားနေရတယ်။ အဲဒါကြောင့်ထင်ပါသတဲ့။ ဒါလည်း ဟုတ်တော့ဟုတ်တာပါပဲ။

အဲဒီလိုဖြစ်နေတဲ့ စိတ်ထဲမှာပြောချင်ချင်ရက်တွေက အများသားပါ။ နှစ်ကူးဆိုတာကလည်း သဘောပြောတာပါ။ မနေနိုင်မထိုင်နိုင် ရေးဖြစ်အောင်ဖြစ်သွားတာက လွန်ခဲ့တဲ့ ကဆုန်လပြည့်ကြောင့်ပါ။ ခရစ်စမတ်ဆိုတာ ကမ္ဘာ့ပွဲကြီးလိုပါပဲ။ ဘာသာရေးပွဲဆိုပေမဲ့ အတော်လေးကို လူစိတ်ဝင်စားတဲ့ပွဲတစ်ခုပါ။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ လူအများစု ကိုးကွယ်ရာဖြစ်နေလို့လားပဲ။ ထားပါ။ ဘယ်လိုဖြစ်ဖြစ်ပေါ့။ ကိုယ်နဲ့ဆိုင်မယ်ထင်တဲ့ နေ့လေးတွေကိုတော့လည်း မှတ်မိသင့်တယ်။ သတိပြုသင့်တာလေးတွေဆိုရင်လည်း သတိပြုသင့်ပါတယ်။ ဂေါတမဗုဒ္ဓဆိုတဲ့ ကျွန်တော်တို့ရဲ့ ဘုရားရှင်ဟာ ကဆုန်လပြည့်မှာမွေး၊ ကဆုန်လပြည့်မှာ ဘုရားဖြစ်တော်မူ၊ ကဆုန်လပြည့်မှာပဲ ပရိနိဗ္ဗာန်စံတော်မူပါသတဲ့။ ရိုးသားတဲ့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အိမ်မှာပဲ မြန်ပြည်ကဘုရားတွေကိုမှန်းဆလို့ ဘုရားရှိခိုးဖြစ်ကြသလား၊ မေ့ပဲနေသလားတော့ မပြောတတ်ပါဘူး။ ဘာမှမဟုတ်တောင် အနည်းအကျဉ်းတော့ ညောင်ရေသွန်းပွဲလေးကို အမှတ်ရသင့်ပါတယ်။ တိုးတိုက်မိသူခြင်း အင်အားကွာသွားကြတာများလား။ စဉ်းစားမိတာပါ။

အင်း.. ဒီလိုနေ့တွေ အများသားဗျ။ အကုန်မမှတ်မိနိုင်သလို ပတ်ဝန်းကျင်ဆိုတာကလည်း ရှိသေးဆိုပေမဲ့ ထိန်းသိမ်းသင့်တယ်ထင်တာတွေကိုတော့ ထိန်းသိမ်းစေချင်ပါတယ်။ နိုင်ငံခြားရောက်တွေက ပိုလို့တောင်သိသင့်ပါတယ်။ များများသိလေ ကောင်းလေပေါ့ဗျာ။ သူများနဲ့ပြောစရာကြုံလာရင် အင်..အဲ…တွေအများသားနဲ့ ခွေးအလှည်းနင်းနေရင် ရှက်စရာမဟုတ်လားဗျာ။ တစ်ချို့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးရဲ့ နေ့လေးတွေကို အမှတ်တရရှိစေချင်ပါတယ်။ ရေးစေချင်တယ်၊ ဝေမျှစရာတွေရှိတယ်ဆိုရင် ဝေမျှစေချင်ပါတယ်။ ပြောသာပြောရတာပါ ကျွန်တော်ဆိုလည်း ဘာနေ့ ညာနေ့ဆိုတာမျိုးတွေကို မသိတာများပါတယ်။ တကယ်က ဗဟုသုတနည်းတာပါ။ အမှတ်တရတွေလုပ်ရတာကိုက သိပ်ဝါသနာပါတာ။ တစ်ချို့လူတွေကျတော့လည်း ရောင့်ရဲနိုင်တာလား၊ အသည်းမာတာလားဆိုတာကို မပြောနိုင်လောက်အောင် သတိတရ အမှတ်တရဖြစ်သင့်တဲ့နေ့တွေကို မေ့ထားနိုင်တယ်။ ဟန်ဆောင်တောင်မှ လုပ်လေ့မရှိဘူး။

ဒါပေမဲ့ ကိုယ်က ဘာမှမတတ်နိုင်ရင် (မပြောနိုင်ရင်တော့လည်း) မသိသလို နေလိုက်ရတာပဲလေ။ ကျွန်တော်က မွေးနေ့ဆိုတာလေးကို မျှော်လင့်ပြီး အမှတ်တရရှိသလောက် ကျွန်တော်သဘောကျနေတဲ့ကောင်မလေးက ဘာမှလည်း အဓိပ္ပါယ်မရှိပဲနဲ့တဲ့။ ကဲ.. မခက်လားဗျာ။


သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, May 12, 2009

Matisse and Renoir meet


Matisse and Renoir meet

လူရွယ်ဖြစ်တဲ့ ပန်းချီဆရာ Henri Matisse က ပန်းချီကျော်ဆရာကြီး Renoirဆီ၊ သူ့ပန်းချီခန်းကို အပတ်စဉ်အလည်သွားလေ့ရှိပါတယ်။ ဆရာရီနွာ(Renoir) က အဆစ်ရောင်ရောဂါဒဏ်ကို ခံစားရတဲ့အခါမှာ မာတီးစ်(Matisse) ကနေ့တိုင်းလိုသွားပြီး ဆရာ့အတွက် အစားအသောက် ပြင်ပေးတယ်၊ စုတ်တံတွေ ပန်းချီကားတွေ ပြင်ဆင်ပေးရင်းနဲ့ အလုပ်တွေအများကြီးလုပ်လွန်းလို့ အနားယူဖို့ ဆရာ့ကို ပြောရတယ်။




တနေ့မှာတော့ ဆရာစုတ်တံတချက်ဆွဲလိုက်တိုင်း နာကျင်လွန်းလို့ညီးတွားသံကို ကြားတော့ တပည့်ကျော်က ဆရာ့ကို မနေနိုင်လို့ ပြောပါတယ်။
- ဆရာရယ် ပန်းချီကားတွေ၊ အရေးကြီးတဲ့ အရာတွေ အများကြီးကိုလည်း ဖန်တီးပြီးပါပြီ။ ဘာလို့များ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကို ညဉ်းပန်းနေတာပါလဲဆရာရယ်။

- ရိုးရိုးလေးပါပဲကွယ်။ လို့ ဆရာ ရီနွာက ပြန်ပြောပါတယ်။
အလှတရားက ကျန်ခဲ့တယ်လေကွယ်၊ နာကျင်မှုဆိုတာ ပျောက်သွားတာပါတဲ့။

Paulo Coelho ၏ စာကို ဘာသာပြန်သည်။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, May 10, 2009

The man who got depression with love.



မိမိကိုယ်ကို အသဲခွဲသူတစ်ယောက်အကြောင်း


ကျွန်တော်တို့တွေရဲ့ ငယ်ဘဝလေးတွေနောက်ပိုင်းကတည်းက သူနဲ့ကျွန်တော်က ဆုံဖြစ်လိုက် မဆုံဖြစ်လိုက်ကနေ ခုဆို ရေခြားမြေခြားတွေပေါ့။ မဆုံဖြစ်ချိန်တွေများခဲ့တဲ့တစ်လျှောက်မှာ သူလည်းအတော်ပြောင်းလဲခဲ့တယ်။ ဘာတွေပြောင်းလဲတာလည်းဆိုရင်တော့ ပြောစရာများမယ်။ ခုတော့ တစ်ခုပဲ သေချာပြောချင်တယ်။ သူဟာ သူ့ကိုယ်သူ အသဲခွဲလိုက်သူဖြစ်သွားကြောင်းကိုပေါ့။ စကားလုံးများ ရှုပ်သွားမလား။ သူ့ကိုယ်သူ အသဲခွဲလိုက်တယ်ဆိုလို့လေ။ ဟုတ်တယ် တစ်ကယ်ပဲ ဒီလိုဖြစ်ခဲ့တယ်။



သူ့ကို ငါစတွေ့တယ်ဆိုတာထက် ငါသတိထားမိလိုက်တဲ့ တစ်နေ့က သူ့မွေးနေ့ဖြစ်နေတယ်။ ပိုမှတ်မိစေတာက မွေးနေ့ကို ငါနောက်ကျပြီးရောက်ခဲ့တာလေ။ အမှတ်တမဲ့များစွာအတွက် အမှတ်တရဖြစ်စေခဲ့တာလေးတစ်ခု အဲဒီ့ပွဲမှာစခဲ့ပါသတဲ့။ ဟိုအရင်ကတည်းက သူမြင်ဖူးနေတဲ့ သူမကို ဒီတစ်နေ့ကျမှပဲ အတော်လှတဲ့အပြုံးပိုင်ရှင်မှန်း သတိထားမိခဲ့တာပါတဲ့။ အဲဒီ့နောက်တော့ ကျောင်းကို အတန်းမှန်မှန်တက်ဖြစ်ခဲ့တဲ့အပြင် သူမနာမည်နဲ့ သူမရဲ့အဆောင်ကို ကဗျာလေးတွေ ပုံမှန်ရောက်နေခဲ့တာပါပဲ။

သူ့ရဲ့ကဗျာမှာ သူမနေရာယူသွားခဲ့သလို၊ သူမဆီမှာလည်း သူ့ရဲ့ကဗျာလေးတွေဟာ တစ်နေရာရနေခဲ့မယ်လို့ သူထင်နေခဲ့တာပါ။ ချစ်ခြင်းကို အရှည်သဖြင့်ပဲတွေးတတ်သလို တိတ်ဆိတ်ငြိမ်သက်မှုနဲ့ သက်သေပြတတ်တဲ့သူ့အကျင့်ကို သူမ သတိထားမိစေတာကတော့ ကျောင်းသွားကျောင်းပြန်တိုင်းရဲ့ လမ်းထိပ်တစ်နေရာက မျက်ဝန်းတွေပဲရှိခဲ့တာပါ။ ဒီလိုနဲ့ ချစ်သူများနေ့ဆိုတာလေးတစ်ခုကိုအရောက် သူမအတွက် ပန်းစည်းပို့ဖို့ကြိုးစားရင်း သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ကဗျာလေးတွေရဲ့ပိုင်ရှင်ဟာ သူပဲလို့ အတည်အလင်း သူမသိသွားခဲ့ပါတယ်။

မျှော်လင့်ထားတာတွေထက် မမျှော်လင့်တာတွေသာ အဖြစ်များတတ်တဲ့လောကကို သူစတွေ့ရတော့တာပါပဲ။ သူမရဲ့ မျက်ဝန်းစိမ်းစိမ်းဟာ သူ့အတွက်လက်ဆောင်ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့တစ်နေ့တာအစတိုင်းကို သူမနဲ့စမိနေတာ သူ့အမှားလားလို့ မေးလိုက်တော့ ဒါဟာ ဖြစ်သင့်တဲ့ စိတ်ခံစားချက်ပဲလို့ ကျွန်တော်ဖြေခဲ့ပါတယ်။ သူချစ်တဲ့(သူ့ကိုမချစ်တဲ့)သူနဲ့အဝေးမှာ ဘဝဆိုတာမြင့်တက်လာရေးကိုကြိုးစားရင်း တစ်ခါတစ်လေ ရင်ဖွင့်တတ်တဲ့အကြောင်းများစွာထဲက အကြောင်းတစ်ခုပေါ့။ သူ့ရဲ့သူငယ်ချင်းများစွာကလည်း နားမလည်နိုင်အောင်ဖြစ်ရသလို သူချစ်ရတဲ့ သူမရဲ့အပေါင်းအသင်းတွေကလည်း နားမလည်နိုင်လောက်အောင် သူကတော့ စွဲလမ်းနေဆဲပါပဲ။ အဝေးတစ်မြေကို မသွားခင်ထိ သူမရဲ့အပြုသဘောဆန်တဲ့ စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ခုကို သူမျှော်လင့်ခဲ့တာပါပဲ။ ဒါပေမဲ့ သူရရှိခဲ့တာ သူရရှိနေတာကတော့ သူမရဲ့ပစ်ပယ်မှုတွေပေါ့။

သူ့ရဲ့ တိတ်တခိုးချစ်ခြင်းတွေကို သူမသိပြီးနောက်ပိုင်းမှာတော့ သူငယ်ချင်းတွေက စကြနောက်ကြရင်း အလိုလို သူမနဲ့ စိမ်းနေရတာ။ အဲဒီနောက် စာတန်းတွေအတွက် အလုပ်လုပ်ကြတော့ တက်ကြွစွာလုပ်တတ်တဲ့သူ့အကျင့်ကြောင့် သူမကို အကူအညီတွေပေးနိုင်ခဲ့သလို ရင်းနှီးမှုတစ်ချို့လည်းရရှိခဲ့ပါတယ်။ ဒီအချိန်တွေဟာ သူနဲ့သူမအကြားမှာ အရင်းနှီးဆုံးနဲ့ သူ့အတွက်တော့ ပျော်စရာအကောင်းဆုံးနေ့တွေ ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ခပ်တင်းတင်း သူမမျက်နှာအတွက် သူ့အချစ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြဖြစ်ပါဘူး။ တစ်နေ့တော့ သူကိုယ်တိုင်ဖွင့်ပြော ဖြစ်လိုက်ပါတယ်။

မနည်းတဲ့ ခုနှစ်တစ်ချို့ကိုဖြတ်သန်းအပြီးမှာတော့ သူမကို သူ့ရဲ့ချစ်ခြင်းတွေအကြောင်း သေချာပြောမယ်လို့ ဆုံးဖြတ်မိပါတော့တယ်။ ဒါပေမဲ့ အဲဒီ့အချိန်မှာသူမက ရေခြားမြေခြားမှာပါ။ လုပ်မယ်ဆို ဖြစ်အောင်ထလုပ်တတ်တဲ့ သူ့အကျင့်အတိုင်း ဖုံးလှမ်းခေါ်ခဲ့ပါတယ်။ အများကြီး ပုံဖော်ပြနေစရာမလိုပေမဲ့ ရင်နှင့်အမျှချစ်ခြင်းတွေကို တိတ်ဆိတ်စွာ သူမနားထောင်ပြီးတော့ ပြန်ပြောခဲ့တာက မဖြစ်နိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းပါပဲ။ စကားတစ်ခွန်း အတွက်နဲ့ သူမစိုးရိမ်ခဲ့ပါဘူး။ သူမပြန်လာချိန်ကို စိတ်ရှည်စွာစောင့်စားရင်း အားတင်းထားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဖုံးတစ်ခါပြောအပြီးမှာ တစ်ဆစ်ချိုးသွားတဲ့ သူ့ကံကြမ္မာဟာ ပြန်ပြင်လို့မရခဲ့ပါဘူး။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းအတွက် ကျဆင်းတဲ့စိတ်ဓါတ်တွေကို သူ့ဘဝမြင့်တက်ဖို့ကြိုးစားရင်း အားပြန်တင်းခဲ့ပါတော့တယ်။ ဟုတ်ပါတယ်။ ငါပြန်လာခဲ့အုံးမယ် ဆိုတဲ့စကားတစ်ခွန်းနဲ့ ရေခြားမြေခြားကို သူထွက်သွားတော့တာပါပဲ။ အဲဒီနောက်တော့ သူမနဲ့ အဆက်အသွယ် လုံးဝမရတော့အောင် အဆက်ပြတ်သွားတော့တာပါပဲ။ သူကတော့ ခုချိန်ထိ နေ့သစ်တိုင်းကို သတိရခြင်းတွေနဲ့ စနေပါတယ်။ သူမနဲ့သူ့အတွက် တစ်နေ့ဆိုတာကိုလည်း မျှော်လင့်နေတုန်းပါပဲ။

ချစ်ခြင်းနဲ့ မသင့်မြတ်ကြသူများကို ကျွန်တော်တွေ့ဖူးတာပေါ့။ ကျွန်တော်တို့အားလုံးဟာ တစ်ကွေ့မဟုတ်တစ်ကွေ့မှာတော့ ချစ်ခြင်းနဲ့မသင့်မြတ်ပဲ ဒုက္ခများဖူးကြသူတွေပါ။ ဒါပေမဲ့ ချစ်ခြင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေပြီး ဒီချစ်ခြင်းအတွက်နဲ့ပဲ ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကိုကိုယ်အသဲခွဲမိခြင်းတစ်ရပ်လို့ပဲ ပြောစမှတ်ပြုကြရအောင်လားဗျာ။


သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, May 9, 2009

Six Sense Technology

ဆဌ အာရုံ

ကျနော်လည်း ဘလော့လောကကနေ ပျောက်နေတာ တော်တော်ကြီးကို ကြာပါပြီ။
ဒီလောက်ကြာမှ ဘာထ စိတ်ရူးပေါက်လည်း မေးရင်တော့လည်း ပြုံးနေယုံမှ တပါး ကျနော်လည်း ဘာမှ မဖြေတတ်တော့ပါ။ ရေးချင်တာလေးတွေတော့ ရှိပါတယ် လူက မအား တခါတလေတော့လည်း စိတ်က မအားပါ ။ နောက် စိတ်က အရင်လို မကြည်လင်။ အဲလို ချာလပတ်တွေရမ်းရင်း၊ အပျင်းတွေ ထူရင်း ဘလော့ လောက ကနေ ပျောက်နေဖြစ်တာ တော်တော် ကြာပါပြီ. ဒီနေ့တော့ Internet မှာ မွှေရင်း သဘောကျတာလေး တခုတွေ့လို့ တင်လိုက်ပါတယ် ။ Technology က ကျနော် တို့ အိမ်မက် မက်ခဲ့ကြသလို ဖြစ်လာဖို့ နီးလာနေပါပြီ။ ကျနော် ယခု Six Sence Technology ဆိုတာလေး ဝေမျှ လိုက်ပါတယ်. . ထွင်တဲ့ သူကတော့ ကျနော် .မောင် တာတူး . . . . . . . . . . .လို့ မထင်ပါနဲ့လို့ . . . :P .
Technology နဲ့ ပက်သက်ရင် နာမည်ကြီးတဲ့ MIT က ကျောင်းသား/ သူ တွေ (Pranav Mistry၊ Dr. Pattie Maes) ပါ။
,




Pranav Mistry

,
Dr. Pattie Maes
တို့ထွင်တာပါ ။




မူရင်း က video

http://www.ted.com/index.php/talks/pattie_maes_demos_the_sixth_sense.html

မှာပါ။


လေးစား ခင်မင်လျက် . . .

တာ တူး




ဆက်ဖတ်မယ်ဆိုရင် ...

Friday, May 1, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၅)


”အသိတေ ပိတေ သာယိတေ ခါယိတေ သမ္ပဇာန ကာရီဟောတိ“
”စားတုန်း၊ သောက်တုန်း၊ ခဲတုန်း၊ လျက်တုန်းမှာ သတိလေးနဲ့ယှဉ်ပြီးတော့ ပြုပါ။“




ဘုရားဟောထဲမှာတော့ ရဟန်းတွေအတွက် အသေးစိတ်ဟောထားခဲ့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါမှာ ဆွမ်းလုတ်ကို လုံးလုံးညီညီလေး လုပ်ရမယ်၊ လုပ်ပြီးတော့ သပ်သပ်ရပ်ရပ်ကလေး ပါးစပ်ထဲ ထည့်ရမယ်၊ ပွကြဲပြီး အောက်ကို ပြန်မကျရဘူး။

ကိုယ့်ဟာကိုယ် ထမင်းစားတဲ့အခါလည်း လက်နဲ့ဖြစ်စေ၊ ဇွန်းခက်ရင်းနဲ့ဖြစ်စေ စားတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင်ထားပြီးတော့ ထမင်းကို သပ်သပ်ရပ်ရပ်ကလေး ဖြစ်အောင်၊ ဇွန်းသံ၊ ပန်းကန်သံလည်း မကြားအောင်၊ ဘေးကိုလည်း မကျအောင်လုပ်ပြီးမှ ပါးစပ်ထဲကို ရောက်အောင် ထည့်ရမယ်၊ တစ်လုံးမှ ကျမသွားအောင် ပြန်ထုတ်ယူရမယ်။

ဟင်းချိုသောက်တဲ့အခါမှာ ရဟန်းတော်များအတွက် ဘုရားဟောထားတာ ရှိပါတယ်။ ”ရဟန်းတော်များ ဟင်းချိုသောက်တဲ့အခါမှာ ရှရူး ရှရူး အသံမမြည်စေနဲ့“ တဲ့။

(ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် - ဆရာတော်ဦးဇောတိက) မှ



အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား (ဘောဇနမတ္တညုတ)ကို ဘယ်လို ဟောသလဲဆိုတော့ မြတ်စွာဘုရားက သူ့သာသနာထဲက သားတပည့်တွေ ရဟန်းသံဃာတော်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးကို ဦးတည်ပြီးဟောခဲ့တာ၊ ဒါပေမယ့် အဆင့်မြင့်လူသား ဖြစ်ချင်သူတိုင်းအတွက် ဒီဟောကြားချက်တွေဟာ အလွန်တန်ဖိုးရှိတယ်။

အစားအသောက်စားတဲ့အခါ ဉာဏ်အဆင်အခြင်မပါဘဲ မစားရဘူး။ ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်လျော်သောအားဖြင့် စားရမယ်တဲ့။

အစားအစာကို စားတဲ့အခါ
(က) ကချေသည်၊ ကျွမ်းသမားတို့လို မြူးထူးပျော်ပါးခြင်းငှာ မစားရဘူးတဲ့။
(ခ) မင်းစားသလို၊ မှူးမတ်တွေ စားသလို မာန်ယစ်ခြင်းငှာလည်း မစားရဘူးတဲ့။
(ဂ) ပြည့်တန်ဆာမတွေ နန်းတွင်းသူတွေလို ခန္ဓာကိုယ်လှပခြင်းငှာ၊ ခန္ဓာကိုယ်တန်ဆာဆင်ခြင်းငှာ မစားရဘူးတဲ့။
(ဃ) လက်ဝှေ့သည်၊ လက်ပန်းသည်၊ နပန်းသမားတွေလို အသားအရေကို ပြည့်ဖြိုးခြင်း၊ တိုးပွားခြင်းငှာလည်း မစားရဘူးတဲ့။


မြတ်စွာဘုရားက အစားအစာ(ဘောဇဉ်)၌ အတိုင်းအရှည် သိတတ်သူ ဖြစ်ကြောင်းတရား ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြထားတယ်။
(က) ဤကိုယ် တည်တံ့ရန်
(ခ) မျှတရန်
(ဂ) ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်
(ဃ) ဆာလောင်မွတ်သိပ်ခြင်း ငြိမ်းရန်
(င) မြတ်သောအကျင့်ကို ချီးမြောက်ရန် အကျိုးငှာသာလျှင် အစာအာဟာရကို စားသောက်ရမယ်တဲ့၊ ဒီနေရာမှာ မြတ်စွာဘုရားက အစာအာဟာရကို စားသောက်ခြင်းကြောင့် ခံစားမှု ဝေဒနာအဟောင်း၊ ဒါက အစာမစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာကို ပယ်ဖျောက်ဖို့ ရည်ရွယ်ပြီး စားရမယ်။ ခံစားမှု ဝေဒနာသစ်ဆိုတာက အလွန်စားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာမျိုးလည်း မဖြစ်စေရအောင် ဆင်ခြင်တိုင်းထွာပြီး စားရမယ်။ ဘယ်လိုဆင်ခြင်တိုင်းထွာရမလဲဆိုတော့ ငါ့အား မျှတခြင်းသည် လည်းကောင်း၊ အပြစ်မရှိခြင်းသည်လည်းကောင်း၊ ချမ်းသာစွာနေရခြင်းသည်လည်းကောင်း ဖြစ်လိမ့်မည်ဆိုသော ရည်ရွယ်ချက်ထား၍သာ အစာအာဟာရကို စားရမယ်တဲ့။

စားဖွယ်(ဘောဇဉ်)၌
(၁) ရောင့်ရဲသူ၏အဖြစ် ”သန္တုဋ္ဌိတာ“ရှိရမယ်။
(၂) အတိုင်းအရှည်ကို သိသူ၏အဖြစ် ”မတ္တညုတာ“ရှိရတယ်။
(၃) စားဖွယ်ဘောဇဉ်ကိုဆင်ခြင်သူ၏အဖြစ် ”ပဋိသင်္ခါဘောဇဉ်“ရှိသူ ဖြစ်ရမယ်။
လို့လည်း ဟောတော်မူတယ်။

ဆရာဦးဆန်းလွင်၏ “မြတ်ဗုဒ္ဓ၏ ကိုယ်ရည်ကိုသွေး မြင့်မားရေးတရား (ပထမအကြိမ်) ၊ စာ(၁၅၇-၁၅၈)” - မှ ထုတ်နှုတ်ကူးယူပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...