Monday, February 23, 2009

thought from some words (5)


အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၅)


ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ ပိုစ့်တွေကိုလည်း ကလစ်လုပ်ပြီး သွားဖတ်နိုင်ပါတယ်။ အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) အပိုင်း(၄)




……………………………………………………………………
26th-june-2008 - ဒါနဟူသည် ပေးစွန့်ခြင်းပင် ဖြစ်လေရာ လှူဖွယ်ဝတ္ထုကို ပေးစွန့်မှသာ ဒါနမြောက်သည် မဟုတ်၊ အများကောင်းကျိုးအတွက် မိမိဘဝကို စတေးခြင်းသည်လည်း ဒါနမည်၏။ (ဦးရွှေအောင်)
……………………………………………………………………
ဘာသာတရားနဲ့ ပက်သက်လာရင် ပြောစရာတွေများပေမဲ့ ဒါနလို့ပြောလိုက်တာနဲ့ လူအများစုက နားလည်ပြီးသားပါ။ ဗုဒ္ဓသာသနာထွန်းကားရာဖြစ်တဲ့ မြန်မာပြည်ကိုလည်း ဒါနပါရမီ အားကောင်းသူတွေ များတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ ဒါနကို အထူးတလည်မပြောချင်ပါဘူး။ လူသာမာန်တို့ နားလည်ထားတဲ့ ဒါနအကြောင်းလေးကို အမြင်တစ်မျိုးမြင်ကြည့်တာပါ။ ပေးကမ်းစွန့်ကြဲခြင်း ဆိုတဲ့နေရာမှာ လှူဖွယ်ဝတ္ထုကို ပေးကမ်းစွန့်ကြဲမှ ဒါနမြောက်မယ်ထင်သူတွေ၊ အဲဒါမျိုးကိုမှ တကယ့်ဒါနထင်သူတွေအတွက် ဒီစကားစုလေးက တစ်မျိုးထင်စရာပါ။
လှူတယ်။ အတော်များများလည်း လှူကြပါတယ်။ ညောင်စေ့လောက်နိုင်သူက ညောင်စေ့၊ ကျွဲကောသီးလောက်နိုင်သူက ကျွဲကောသီး- မြန်မာ့အလှူကြီးတွေ မနည်းမနောပါပဲ။ လွတ်မြောက်ရာလမ်းကို ရှာတွေ့သွားတဲ့ မြတ်ဗုဒ္ဓဟာ တရားတွေဟော၊ ဆုံးမသင့်သူတွေကို ဆုံးမသွန်သင်ခဲ့တာ အများကောင်းကျိုးအတွက် ဆောင်ရွက်သွားတာပါပဲ။ အကောင်းဆုံးသော အကျိုးဆောင်မှုပါ။ ဥပမာယူချင်စရာ မြတ်သောလူသားပါ။
အများကောင်းဖို့ ကိုယ့်ဘဝကိုစတေးလိုက်တာဟာလည်း မြတ်သောဒါနပါပဲ။ ဘာတွေကို စတေးရမှာလည်း။ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ မဖြစ်ညစ်ကျယ်စကားတွေကိုတော့ လက်စွဲတော်အဖြစ်မထားတော့ပါဘူး။ လမ်းမပေါ်ကအမှိုက်လေးတစ်ခုကို ဖယ်ရှားလိုက်တာ၊ ခင်များရဲ့ နေထိုင်မှုစရိုက်က ပတ်ဝန်းကျင်အပေါ် အနှောင့်အယှက်မဖြစ်တာ၊ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ဝေမျှတာ၊ လူအများကောင်းဖို့ အဖိုးအခမရပဲ ဦးဆောင်ဦးရွက်ပြုတာ စသည်ဖြင့်ပေါ့။ ကိုယ့်အတွက်မပါပဲ လုပ်လိုက်ရတာဟာ စတေးလိုက်ရတာပါပဲ။
ကဲ ~ ကျွန်တော်တို့ ဘာတွေစတေးခဲ့ပြီးပြီလည်း။ ကျေနပ်နေဖို့ ပြန်တွေးစေချင်တာမဟုတ်ဘူး။ ဒီ့ထက်ကောင်းဖို့၊ အများကောင်းဖို့ ဘယ်လိုဒါနတွေ ပြုကြမလည်း ဆက်တွေးကြည့်စေချင်တာ။ အားကောင်းတဲ့ မြန်မာ့ပါရမီကို ပထမဦးဆုံးအနေနဲ့ မြန်မာတွေကောင်းဖို့ ဒါနပြုကြပါစို့လား … တွေးကြည့်ချင်စရာပါ။

……………………………………………………………………
10th-july-2008 - အချစ်တဲ့ ခပ်ရင့်ရင့် တွေးကြည့်လိုက်တော့၊ သံယောဇဉ်ကို ဘာမှန်းမသိတာနဲ့ ငါ “အချစ်” လို့ထင်နေမှန်း သိလိုက်ရတယ်။ (သုခမိန်)
……………………………………………………………………
အချစ်တဲ့။ ကြီးကျယ်ခန်းနားတဲ့ စကားလုံးလေးပါ။ ဖွင့်လိုက်ကြတဲ့ အဓိပ္ပါယ်တွေ၊ အကြောင်းအရာပေါင်းစုံနဲ့ ပုံဖော်လို့လည်း မကုန်နိုင်ဘူး။ တစ်ရက် - ကျွန်တော့်ရင်ထဲကို ကျွန်တော်ပြန်ကြည့်လိုက်တယ်။ ကြိုးမျှင်လေးပေါင်းများစွာနဲ့ ဖွဲ့တည်နေတဲ့ သူ့ကို(အချစ်ကို)တွေ့ရတာ။ သေချာစစ်ကြည့်လိုက်တော့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်နေတာပါပဲ။ ကျွန်တော်ချစ်ရတဲ့သူဟာ ရင်ထဲကသံယောဇဉ်ကြိုးများစွာရဲ့ ပိုင်ရှင်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ အချစ်ဆိုတာကို ကျွန်တော်ကတော့ ပုံဖော်လိုက်တယ်။ ကြိုးမျှင်ချည်သီအိုရီအရ (String Theory) အချစ်မှာ အခြေခံအကျဆုံး ကြိုးမျှင်ချည်ဟာ သံယောဇဉ်ပေါ့။
အချစ်အကြောင်းပြောရင် မေ့ထားလို့မရတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒီကောင် အတော်ချစ်တတ်မှန်း ကျွန်တော်မသိဘူး။ သူနဲ့ကျွန်တော်ဆိုတာ ကျောင်းသားဘဝက အတူစားအတူသွား ပေါင်းသင်းလာတာ။ ကောင်မချောချောလေးတွေ့ရင် ကြိုက်တတ်တဲ့သူ။ ဒီလောက်ပဲသိထားတာ။ ကျောင်းပြီးသွားတော့ အနေဝေးသွားတယ်။ ခုတော့ သူနဲ့မေဂျာတူက ကောင်မလေးတစ်ယောက်ကို သူကြိုက်နေတာ အချိန်တွေလည်းကြာပြီ။ အနေဝေးနေကြတာလည်း နှစ်တွေများလှပြီ။ သူကတော့ချစ်နေဆဲ။ သစ္စာရှိနေဆဲပဲ။ အဲလိုပြောတော့ ကောင်မလေးက သစ္စာမရှိသလို မချစ်တော့သလိုဖြစ်သွားတယ်။ တစ်ကယ်တော့ ကောင်မလေးက အစကတည်းက သူ့ကို ပြန်မချစ်ခဲ့တာပါပဲ။ သူငယ်ချင်းရဲ့ရင်ထဲက သံယောဇဉ်ကြိုးတွေကို ဒီကောင်မလေးကပဲ အပိုင်စီးထားလေရော့သလား … တွေးကြည့်ချင်စရာပါ။


သုခမိန်။…..။

4 comments:

Anonymous said...

ကိုယ်ကျိုးစွန့်တယ်၊ ကိုယ့်ဘဝကို အများအတွက် စတေးပစ်ပြီး ကောင်းကျိုးပြုတယ်လို့ သုံးစွဲကြ၊ သုံးစွဲနေရ ပေမယ့် တကယ် စွန့်ပစ်သူ ကိုယ်တိုင်ရောက်တော့ ကိုယ့်ကိုကိုယ် စွန့်လို့ စွန့်မှန်းတောင် သိမယ် မထင်ဘူး ဖြစ်နေလိမ့်မယ်။ ပြုမူနေတဲ့ ဒါနကုသိုလ်လေး အပေါ်မှာပဲ သူ့အာရုံနဲ့သူ ကြည်နူးနေမယ် ထင်မိပါတယ်။ တစ်ခါတလေ ကျနော့်ရင်မှာ ဖြစ်ပေါ်မိတဲ့ ခံစားမှုလေးတစ်ခုကို အခြေခံပြီး စဉ်းစားမိတာပါ။ အဆင်ပြေပါစေ။

တားမြစ် ထားသော... said...

ဟုတ်ကဲ့။
ဖြစ်ကောင်းဖြစ်နိုင်ဆိုတာထက် မှန်တဲ့အယူအဆလေးဖြစ်မှာပါ။

ကျွန်တော်ဖြစ်စေချင်တာကလည်း ဒါနဆိုရင် သာသနာနဲ့ဆိုင်တာလှူ၊ အဲလိုလှူလိုက်တာနဲ့ ပြည့်စုံနေသလိုလို မဖြစ်စေချင်တာပါ။ အများအကျိုးပြု လုပ်ငန်းတွေ(ဒါနတွေ)ကိုလည်း ပြုစေချင်တာပါ။

ကိုဝိုင်းဝိုင်းပြောသလို တစ်ကယ်ပေးဆပ်နေသူတွေ ကတော့ ပီတိကိုစားနေတာနဲ့ စောစောကလို ပေးဆပ်တယ်၊ ဘာညာတွေ စဉ်းစားနေမိကြမယ် မထင်ပါဘူး။ မလုပ်ဖြစ်သေးသူတွေ လုပ်ဖြစ်အောင် တွေးကြည့်စေချင်တာပါ။

သုခမိန်

မသက်ဇင် said...

ဂျာနယ်လေးကို ဒီနေ့မှ အတိုးချပြီးဖတ်သွားပါတယ်--

မသက်ဇင် said...

အချစ်တဲ့။ ကြီးကျယ်ခန်းနားတဲ့ စကားလုံးလေးပါ။ ဖွင့်လိုက်ကြတဲ့ အဓိပ္ပါယ်တွေ၊ အကြောင်းအရာပေါင်းစုံနဲ့ ပုံဖော်လို့လည်း မကုန်နိုင်ဘူး။ တစ်ရက် - ကျွန်တော့်ရင်ထဲကို ကျွန်တော်ပြန်ကြည့်လိုက်တယ်။ ကြိုးမျှင်လေးပေါင်းများစွာနဲ့ ဖွဲ့တည်နေတဲ့ သူ့ကို(အချစ်ကို)တွေ့ရတာ။ သေချာစစ်ကြည့်လိုက်တော့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်နေတာပါပဲ။ ကျွန်တော်ချစ်ရတဲ့သူဟာ ရင်ထဲကသံယောဇဉ်ကြိုးများစွာရဲ့ ပိုင်ရှင်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ အချစ်ဆိုတာကို ကျွန်တော်ကတော့ ပုံဖော်လိုက်တယ်။ ကြိုးမျှင်ချည်သီအိုရီအရ (String Theory) အချစ်မှာ အခြေခံအကျဆုံး ကြိုးမျှင်ချည်ဟာ သံယောဇဉ်ပေါ့။

ကိုသုခမိန်
အချစ်မှာ အခြေခံအကျဆုံး ဟာ သံယောဇဉ်လား
ဒါဆို လူတယောက်ဟာ အဝေးကနေ သံယောဇဉ်
ကြောင့်တယောက်တည်း သူ့ဘဝမှာ အသက်ရှင်နေတာလား ??????