Sunday, February 22, 2009

Various Life! (1)


ဘ၀များ (၁)
မနက်ကလေ . . .
လူတစ်ယောက်ကိုတွေ့တယ်
အင်း. မွန်မွန်ရည်ရည်ပါပဲ
ဇာတ်ကားတွေထဲကလိုတော့ မသားနား
အားနာတတ်ပုံတော့ ပေါ်ရဲ့ ။




ရထားက ရပ်တာ ကြာလို့
စကားတွေ ဖောင်ဖွဲ့
ရိသဲ့သဲ့ မပါရင်တော့
ကျမကလည်း ok
ကိုယ့် Customer ပဲလေ
အထိုက်အလျောက်တော့ လေပေးမှ . . . ။

ဒါနဲ့ပဲ စပ်မိ၊စပ်ရာတွေ ပြောကြ
ဦးလေးက အင်ဂျင်နီယာ ပါတဲ့
မိဘ ရပ်ထံ ပြန်တယ် ဆိုပဲ . . .
ကျမလည်း သိသမျှနဲ့စမေး
လမ်းလေးဖောက် တံတားဆောက်သလားဆိုတော့
တဟားဟားနဲ့ရီတယ်
ဦးက TV ပြင်ဆရာ ပေါ့ကွာတဲ့ ။

မရီ နဲ့လေ ဦးလေး
အမယ်လေးလေး ချာတိတ်တဲ့
ကျမ အိမ်ထောင်ကျပြီးပေါ့
လွန်ခဲ့တဲ့ လက ကျမ ၁၆နှစ်ပြည့်တယ်။

ကျမလား ရေ ရွက် ရောင်းတယ်
တခါတခါ မုန့်ဖက်ထုပ်
ထမင်းတလုတ်အတွက်
၁၀နှစ် သမီးကတည်းက
ခေါင်းပေါ်မှာဈေးတည်
ပြောင်းဖူးပြုတ် ၊မြေပဲ
ငုံဥ ၊ ကြက်ဥ
ရေသန့်၊ အချိုရည်
အင်း . တော်တော် စုံသည်ပေါ့လေ ။

ကျမ ယောက်ျားလား
ဖိုးတုတ်ဆိုတဲ့ ဒီအကောင်
ဘူတာမှာ ကုန်ထမ်း
နေ့ဆို ရေထမ်းပေါ့
ညဘက်ဆို သံလမ်းကင်းစောင့်
ဒီလိုပဲ . ထောင့်စေ့အောင် ခိုင်းရတာပေါ့ ။

အမယ်လေးလေး
မပိုပါဘူး ဦးလေးရယ်
နှစ်ဝမ်း နှစ်ခါး မို့တော်သေး
ကလေး ရရင်များ ခက်မယ်
စရိတ်၊စခ ကလည်း များသား
အင်း . ရတနာလို့တော့ ပြောကြတာပဲ
ဆင်းဆင်းရဲ ရဲ ဘ၀ထဲတော့
ဝင်မလာတာ ကောင်းမယ်။

ကုန်ဈေးနှုန်းကလည်း
ဘုန်းကြီးပျံက ဒုံးလိုပြေး
ဒီကြားထဲ. . . ဟိုကြေး၊ ဒီကြေးတွေကများ
ရွာလူကြီး တွေကလည်း ခက်သား ပဲတော်
ဈေးနှုန်းတွေကလည်း တက်ပြီး ပြန်မကျ
ကျမတို့ကြ ကုန်းရုန်းရှာ
ငွေဆိုတာကလည်း
ရေများရာ မိုးရွာတာပါပဲ ဦးလေး
မနက်ဖြန်ဆိုတာတွေးရင်
လူဖြစ်ရဖို့ ကြောက်ပရှင် ။


အိမ်အပြန် ရန်ကုန်-ပြည် ရထားလမ်းပေါ်က ဘူတာ တခုမှာ ရေရွက်ရောင်းတဲ့ ချာတိတ်မလေး တယောက်နဲ့ စပ်မိစပ်ရာ ပြောခဲ့ဘူးတာလေးကို ကဗျာတခုလို ချရေးမိတာပါ။ သူ့လေယူ လေသိမ်းကို တတ်နိုင်သမျှ ရအောင်တော့ ထည့်ရေးပေးထားပါတယ်။
တကယ်ပြောပြချင်တဲ့ အကြောင်းက ကျနော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာဆို လမ်းဖောက် တံတားဆောက်လုပ်တဲ့ Civil အင်ဂျင်နီယာလောက်ပဲ အင်ဂျင်နီယာ ထင်တတ်ကြတဲ့ အကြောင်း (အသိ အမြင် မကျယ်ပြန့်မှူ့) ၊ အရွယ် ငယ်ငယ်နဲ့ ပညာ ဆိုတာ မသင်စို့ ၊ မဆည်းပူးနိုင်ပဲ ဘ၀ လမ်းမပေါ် ပြေးလွှားပြီး အရွယ် မတိုင်ခင် အိမ်ထောင်ရက်သားတွေကျ၊
ဒီလိုနဲ့ ဆင်းရဲတွင်းက မလွတ်၊ လုံးချာ ပတ်ချာလည် ၊ မိဘကလည်း အားကောင်းမောင်းသန် ကျန်းမာရေးတွေက ဒေါင်ဒေါင်မြည် မရှိကြတော့ မွေးဖွားလာတဲ့ ကလေးတွေကလည်း ချူချာ၊ ဥဏ်ရည် နိမ့်ပါး အဲလို လုံးချာ လိုက်နေကြတယ် ဆိုတာလေးကို မြင်စေချင်တာပါပဲ။
ပြီးတော့ ကုန်ဈေးနှုန်းရယ်၊ တခြား သာရေး၊ နာရေး ကြေးတွေရယ်ကလည်း လက်လုပ်လက်စား လူထုကို ထိခိုက်စေတတ်တယ် ဆိုတာလေး ချပြချင်တာပါ။

အားလုံးကို လေးစား ခင်မင်လျက်

တာတူး


3 comments:

တားမြစ် ထားသော... said...

ကိုတာတူး။
ထူးလို့ မြူးလို့ ကဗျာတစ်ပုဒ် စာတစ်ပုဒ် ပေါ်လာပြန်တယ်ထင်တယ်။
ဆက်ပြီးလည်း ထူးနိုင် မြူးနိုင်ပါစေလားဗျာ။

ကဗျာခေါင်းစဉ်လေးလိုပါပဲ၊ ဘဝတွေ များလွန်းလှတယ်။

သုခမိန်(E-Journal)

Anonymous said...

ညီရေ.. ခံစားတင်ပြမှုတွေကောင်းတယ်ကွာ.. သိပ်သဘောကျတယ်..

Anonymous said...

ကဗျာလေးကို နှစ်သက်ခံစားသွားပါတယ်။ မနက်ဖြန်ကို လူဖြစ်ရဖို့ ကြောက်ပရှင် အသံလေး ကြားမိတော့ သနားဂရုဏာ တရားလေး ပေါ်မိသွားကြောင်း။ ကိုယ်တိုင်ရော မနက်ဖြန်ကို ရဲရင့်စွာ လျှောက်လှမ်းနိုင်ပြီလား အတွေးများနဲ့..။