Thursday, October 30, 2008

just 4 fun


လူတစ်ချို့က ဒီလိုမျိုးတွေအတွက် ငွေကုန်ခံနေကြတယ်။ သဘောကတော့ ဗေဒင်မေးစရာမလို၊ ဒါလေးကိုဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ အချိန်လည်းသိပ်မပေးရဘူး။ တစ်ခုတော့ရှိတယ်။ သိပ်မခံစားပါနဲ့။ အပျော်ပေါ့။ အဖြေလေးတွေက အခုလက်ရှိ ခင်ဗျားကိုပြောတာနော်။ အရင်ကခင်ဗျားမဟုတ်ဘူး။

ကဲ၊ ခဲတံလွယ်မယ်ဆိုရင်လည်း ခဲတံ။ ဘောလ်ပင်လွယ်မယ်ဆိုလည်း ဘောလ်ပင်ပေါ့။ စာရွက်တစ်ရွက်လည်း ဆောင်ထားလိုက်နော်။ မေးခွန်း(၁၀)ခုရှိမယ်။ တစ်ခုခြင်းစီရဲ့ မေးခွန်းနံပါတ်နဲ့ အဖြေခေါင်းစဉ်လေးတွေကို ရေးမှတ်ထားလိုက်ပါ။ အစဉ်လိုက်လေးပေါ့။ ကဲစကြမယ်။



(၁)
ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်

(၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ်။

(၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။ ဒါမှမဟုတ် ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ် မျက်နှာကို ပွတ်သပ်နေရင်း။

(၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။

(၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။

(၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ ရှိနေမလားလို့ ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။

(၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား လုပ်နေချိန်မှာ တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့ တုံ့ပြန်တတ်တယ်။

(၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်

(၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့ ပုံလေးက …
(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။

(၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
(ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။

ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။ ခင်ဗျားမှတ်ထားတဲ့ နံပါတ်နဲ့ အဖြေလေးတွေအလိုက် အမှတ်လေးတွေရှိတယ်။ တစ်ခုခြင်းစီကို အမှတ်လေးတွေမှတ်ပြီး အားလုံးပေါင်းလိုက်အုံးနော်။ ရလာတဲ့ အမှတ်ပေါင်းအလိုက် ခင်ဗျားဟာ ဘယ်လိုလူလည်းလို့ ဖတ်ကြည့်လိုက်ပါအုံး။ အပျော်ပေါ့။ ခင်ဗျားရဲ့ ရမှတ်လေးကို ကွန်မန့်မှာ ရေးပေးသွားအုံးနော်။ အားလုံးလည်း သိရတာပေါ့။

နံပါတ်စဉ်အလိုက် အမှတ်လေးတွေကတော့ ….
(၁) (က)၂ (ခ)၄ (ဂ)၆
(၂) (က)၆ (ခ)၄ (ဂ)၇ (ဃ)၂ (င)၁
(၃) (က)၄ (ခ)၂ (ဂ)၅ (ဃ)၇ (င)၆
(၄) (က)၄ (ခ)၆ (ဂ)၂ (ဃ)၁
(၅) (က)၆ (ခ)၄ (ဂ)၃ (ဃ)၅ (င)၂
(၆) (က)၆ (ခ)၄ (ဂ)၂
(၇) (က)၆ (ခ)၂ (ဂ)၎
(၈) (က)၆ (ခ)၇ (ဂ)၅ (ဃ)၄ (င)၃ (စ)၂ (ဆ)၁
(၉) (က)၇ (ခ)၆ (ဂ)၄ (ဃ)၂ (င)၁
(၁၀) (က)၄ (ခ)၂ (ဂ)၃ (ဃ)၅ (င)၆ (စ)၁

အမှတ်ပေါင်းကြည့်ပြီးသွားပြီဆိုရင်တော့၊ ဖတ်ကြည့်လိုက်ပေတော့။ ခင်ဗျားဘယ်လိုလူလည်း ဆိုတာကိုး) …

အမှတ်(၆၀)ကျော်တယ်ဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားကို ဂရုတစိုက် ပေါင်းသင်းဆက်ဆံရမဲ့လူလို့ မြင်ကြတယ်။ ခင်ဗျားက မာနကြီးတယ်၊ အတ္တကြီးတယ်၊ ပြီးတော့ သူတစ်ပါးကို အပေါ်စီးကနေ ပြောဆိုချင်တယ်။ လူတစ်ချို့က ခင်ဗျားကို လေးစားကြမယ်၊ နှစ်သက်ကြမယ်။ ဒါပေမဲ့ ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဖို့ကို စိတ်မပါကြဘူး။ ဒါမှမဟုတ် ချီတုံချတုံ ဖြစ်နေတတ်တယ်။

အမှတ်(၅၁)ကနေ (၆၀)အထိဆိုရင် -
တစ်ခြားလူတွေက ခင်ဗျားဟာ စိတ်လှုပ်ရှားလွယ်တယ်။ ဒါမှမဟုတ် စိတ်ထက်သန်သူ၊ တစ်ခါတရံမှာလည်း အလွယ်တကူ လက်လျော့တတ်တယ်လို့ မြင်ကြမယ်။ စိတ်ကူးရနေရင်တော့ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်လို ပါပဲတဲ့။ ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ပေးတတ်တယ်။ အဲဒီအခါမျိုးတွေမှာ ခင်ဗျားဟာ ရဲရင့်သူတစ်ယောက်၊ နောက်ပြီးတော့ စွန့်စားမှုတစ်ခုခုကို လုပ်နေတတ်တယ်။ ဥပမာ အပြောင်းအလဲတစ်ခုခု၊ ဒါမှမဟုတ်လည်း စွန့်စားမှုတွေနဲ့ ပျော်နေတတ်တယ်။ ခင်ဗျားနဲ့ အပေါင်းအသင်းဖြစ်ရမှာကိုလည်း လိုလိုချင်ချင်ရှိနေကြတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားရဲ့ စိတ်ထက်သန်မှုတွေက တခြားသူတို့အပေါ် စိုးမိုးနိုင်(နှိုးဆွနိုင်)လို့ပါပဲ။

အမှတ်(၄၁)ကနေ (၅၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားဟာ လန်းဆန်းတက်ကြွနေတတ်သူ၊ အမြဲနှိုးကြားနေသူ၊ စွဲဆောင်မှုရှိသူ၊ ပျော်ရွှင်တတ်သူ တစ်ယောက်။ ပြီးတော့ လက်တွေ့ဆန်ဆန်နေတတ်ပြီး အမှုကိစ္စတွေကို အမြဲပဲ စိတ်ဝင်စားနေတတ်သူလို့ မြင်ကြတယ်။ နောက်ပြီးခင်များဟာ အမြဲတမ်းလိုပဲ တစ်စုံတစ်ခုကို အလေးအနက်တွေးနေတတ်တယ်။ ဒါပေမဲ့ သေသေချာချာ ပိုင်းခြားချင့်ချိန်တတ်ပြီး ပြဿနာတွေကို ခေါင်းထဲထည့်မထားတတ်သူပါ။ လူတွေက ခင်ဗျားကို ကြင်နာတတ်သူ၊ ညှာတာထောက်ထားတတ်သူ၊ ပြီးတော့ နားလည်ပေးနိုင်သူလို့လည်း မြင်ကြမယ်။ အမြဲပဲ သူတို့တွေအပေါ်မှာ အားပေးလို့ ကူညီနေတတ်သူလို့လည်း ခံယူကြတယ်။

အမှတ်(၃၁)ကနေ (၄၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို ဆင်ခြင်ဆုံးဖြတ်နိုင်သူ၊ သတိရှိသူ၊ ဂရုတစိုက်နေထိုင်တတ်ပြီး လက်တွေ့ဆန်သူလို့ မြင်ကြတယ်။ နောက်ပြီး ခင်ဗျားဟာ ပါးနပ်လိမ္မာသူ၊ မွေးရာပါ ပါရမီကိုက ကောင်းသူ၊ အရည်အချင်းရှိသူတစ်ယောက်ဖြစ်တဲ့အပြင် ခေတ်ဆန်ဆန်လည်း နေတတ်ပါတယ်။ ခင်ဗျားဟာ အလွယ်တကူနဲ့ မြန်မြန် အပေါင်းအသင်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ အပေါင်းအသင်းကို အရမ်းပဲ သစ္စာရှိစွာ ပေါင်းသင်းတတ်ပါတယ်။ ကိုယ့်အပေါ်မှာလည်းပဲ သစ္စာရှိစွာ ပေါင်းသင်းသူတွေကိုသာ အဲဒီလို ပြန်လည်ပေါင်းသင်းတတ်သူပါ။ ခင်ဗျားကို နားလည်လိုသူတွေဟာ ခင်ဗျားနဲ့ တစ်ကယ်ကို ယုံကြည်စွာ ပေါင်းသင်းနေသူ ဖြစ်မှ နားလည်နိုင်မှာပါ။ ဒါပေမဲ့ အဲဒီလိုအချက်တွေကြောင့်ပဲ ယုံကြည်မှုပြိုလဲသွားရင် ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပေါ်ထားတဲ့ စိတ်ခံစားချက်ကို ကျော်လွန်နိုင်ဖို့ အချိန်ယူရတတ်သူပါ။

အမှတ်(၂၁)ကနေ (၃၀)အထိဆိုရင် -
တစ်ခြားသူတွေက ခင်ဗျားကို လုံလရှိသူတစ်ယောက်။ ဒါပေမဲ့ ပျာယာခတ်ပြီး ဇီဇာကြောင်တတ်သူလို့ မြင်ကြတယ်။ သူတို့တတွေက ခင်ဗျားဟာ သတိရှိသူ၊ အမြဲတမ်းလိုလို ဂရုတစိုက်လုပ်တတ်သူ၊ ဖြည်းဖြည်းမှန်မှန်နဲ့ မနားမနေ အလုပ်လုပ်တတ်သူလို့လည်း မြင်ကြတယ်။ တစ်ခါတစ်ရံ ခင်ဗျား စိတ်ကူးရသလိုလုပ်နေတတ်တာ၊ ဒါမှမဟုတ် ခင်ဗျားတိုက်တွန်း နှိုးဆွလိုက်တဲ့ ကိစ္စတွေအတွက် တစ်ခြားသူတွေက သဘောကျ နှစ်ခြိုက်နေတတ်ပါတယ်။ ခင်ဗျားရဲ့ ပြဿနာတွေကို အသေအချာ ချဉ်းကပ်ပြီး မထင်ရတဲ့ ပုံစံနဲ့ ဆုံးဖြတ်ချက်တွေကိုလည်း နှစ်ခြိုက်ကြပါတယ်။ သူတို့တွေက ခင်ဗျား ဒီလိုချဉ်းကပ် ဖြေရှင်းနိုင်တာကိုက ခင်ဗျားရဲ့ ဂရုတစိုက် လုပ်တတ်တဲ့ အကျင့်ကြောင့်လို့လည်း တွေးကြတယ်။

အမှတ်ပေါင်းက (၂၁)ရဲ့ အောက်မှာဆိုရင်တော့ …
တစ်ခြားသူတွေက ခင်ဗျားကို ရှက်တတ်သူ၊ စိုးရိမ်ကြောင့်ကြတတ်သူ၊ အဆုံးအဖြတ်မပေးနိုင်သူ၊ အတိတ်ကို အမြဲတမ်း ပြန်ကြည့်နေတတ်သူတစ်ယောက်။ တစ်စုံတစ်ယောက်ဆီကနေ အမြဲပဲ ဆုံးဖြတ်ချက်တွေကို လိုချင်နေသူ။ တစ်ခြားသူတွေနဲ့ ပေါင်းသင်းရမှာ ကိစ္စအသစ်တွေမှာ ပါဝင်ဆင်နွှဲရမှာကို မလိုလားတတ်သူလို့ မြင်ကြတယ်။ ပိုဆိုးတာက သူတို့တစ်တွေရဲ့ အမြင်မှာ ခင်ဗျားဟာ အမြဲတမ်း တစ်ခုခုကို စိုးရိမ်နေတတ်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေကို စဉ်းစားပြီး တွေးကြောက်နေတတ်သူလို့ မြင်နေတတ်တာပါ။ အပျင်းကြီးတယ်လို့ကလည်း ထင်ကြသေးတယ်။ တစ်ခုတော့ရှိပါတယ်။ ခင်များကို ကောင်းကောင်းသိတဲ့ နားလည်တဲ့သူတွေကသာ ခင်ဗျားဒီလိုမဟုတ်တာကို သိကြမယ်။


ကဲ။ မေးခွန်းနဲ့ အဖြေတွေကတော့ ပြီးသွားပါပြီ။ ဘာရယ်မဟုတ်ပါဘူး။ စာဖတ်သူတွေကို အပျင်းပြေစေချင်တာ တစ်ခုပါပဲ။ Forward mail တစ်ခုကနေ ရလာတာလေးကို တတ်နိုင်သလောက် ဘာသာပြန်ပေးလိုက်ပါတာ။ (တတ်နိုင်သလောက် အဘိဓါန်လှန်လိုက်တယ်ဆိုရင် ပိုမှန်မလားပဲ။) တစ်ကယ်တော့ လူဆိုတာ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံးပါ။ ဒါပေမဲ့ စကားလေးတစ်ခုလည်း ရှိနေတာကိုး။ လူဆိုတာ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်ဘူးတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကွန်မန့်မှာ ကိုယ်ရတဲ့ အမှတ်ပေါင်းလေးကိုတော့ ပြောပြပေးသွားနော်။ ကိုယ်ရေးကိုယ်တာတွေကို စပ်စုသလိုများ ဖြစ်သွားမလားပဲ။ ကျွန်တော်ကတော့ တွေ့ခါစတုန်းက စမ်းကြည့်တာ အမှတ်က ၃၁-ကနေ ၄၀အတွင်းရှိတယ်။ ဘာသာပြန်ပြီး ထပ်စမ်းကြည့်တာလည်း ဒီလိုပဲဗျ။ သူပြောထားသလိုလည်း ဟုတ်တော့ဟုတ်သလိုလို။

ကဲ… ပျော်ရွှင်အဆင်ပြေကြပါစေ ခင်ဗျာ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, October 27, 2008

ခံစားမိသောသီချင်းများ....

Data လိုလို့  CD အဟောင်းတွေပြန်ကြည့်ရင်းနဲ့ 

ပုံလှလှလေးတွေ ....

သီချင်းတွေ ......

ပြန်တွေ့ တာနဲ့ Movie လေးလုပ်ပြီးတင်ပေးလိုက်ပါတယ်....

အကုန်လုံးကို Internet ကနေယူထားပေမဲ့

Source ကိုတော့မသိတော့ဘူး...

မယ်ကြိုက်တဲ့သီချင်းမို့ အမှတ်တရတင်ပေးလိုက်ပါတယ်...

video



မယ်(26.10.08)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, October 25, 2008

From . . . . To . . . .

. . . . . . မှ
သို့ . နတ်ဆိုးလေး

လကွယ် လမိုက်
ဂရုစိုက်ဖို့မေ့ရင်း
ရင်တွင်းက စကားတွေ
ဂစ်တာပွေ့ပြီး အံထုတ်
မိုးဘယ်လောက် ချုပ်ချုပ်
လိုက်ကာ လှုပ်မှ ပြန်တဲ့ သူရယ် . . . . .




မေ့ အခန်းဆီ ငေး
ဖြေးလေးစွာ တီးခတ်
ဖြာထွက်လာတဲ့ သံစဉ် အစ
မေ့ရင်ကို ထိရှတာ
သူလည်း သိမှာပါလေ ။

ဟော . . . ခုညဆိုကြည့်ကွယ်
ခြင်ကလည်းကိုက်
နှင်းလည်း ရိုက်သေး
ဒီလောက်အေးတဲ့ လမ်းပေါ်
မော်ကြည့်လျက် သံစဉ်ထုတ်
မေ ဘယ်လို လုပ်ရပါ့ . . . . .
ကုတင်ပေါ် စောင်ခြုံကွေး
စာအုပ်လေး ဖတ်ပြီး
သံစဉ်လေး နားဆင်
ဒီလိုနေချင် ပေမယ့်
မသနားတတ်တဲ့ နှင်းကြား
သူ့ကို မထားရက်တာကြောင့်
ကဲပါလေ . . . . . ခန်းဆီးလေး လှပ်ပြီး
ဝရံတာထွက် မတ်တပ်ရပ်လိုက်မယ် . . . ။ ။


ဖြတ်သန်းခဲ့ဘူးသော ကျောင်းသားဘ၀ရဲ့
သပြေ၊ တောင်ဇလပ် ( အင်း စိန် GTI)
သဇင် ၊စဥ့်ကူ (RC2)
ကျနော်တို့အားလုံးရဲ့ အသဲကျော် G-Hall ( RIT)
မန်းချယ်ရီ ၊မန်းသီရိ၊ မန်းသဇင် (ယ္ခင် ပြင်စည်) (MIT)
ခေတ်ပြိုင် အဆောင်သူများ အတွက် အမှတ်တရ ပြုံးရယ် စရာ ၊ အဆောင်သားများအတွက် လွမ်းစရာ ညများ ၊ အထူးသဖြင့် ကျနော့်ရဲ့ ဒုက္ခကို ခါးစည်းခံခဲ့ကြရသော ကိုကြီးဟန်၊ ဦးမံ ၊ ဦးစိုး၊ ရင်ခွင်ငြိမ်း (ဧရာ အနောက်) တို့အတွက် အမှတ်တရ ပါခင်ဗျာ ။
ကိုမျိုးကျော့မြိုင် ရဲ့ သီချင်းလေး “ . . . ကိုယ်တကယ်ချစ်သောမိန်းကလေးနဲ့ အတူရှိတဲ့ ဘ၀ ဘယ်လောက်ကောင်းလိုက်မလဲ” လို့ စိတ်ကူးယဉ် သလိုပေါ့ခင်ဗျာ ကျနော်လည်း အဲလိုသာဆို ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်ခြင်း သတ်သတ်မျှ နဲ့ ဖွဲ့ထားတဲ့ ကဗျာလေးပါ။

ခင်မင်လေးစားလျက်
တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Friday, October 24, 2008

to my lovely Mom!


အနှိုင်းမဲ့ မေတ္တာရှင်

မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
နေကောင်းပါစေ မွေးမေမေ။



(၁)
မေမေ…
အားအင်တွေကိုဖြည့်ဆည်း
ချစ်သမီးရဲ့ ဘဝခရီး လမ်း
ကြမ်းတမ်းမှုတွေကင်းဝေး
ပန်းခင်းထားတဲ့လမ်း ဖြစ်စေဖို့အရေး
ကိုယ် ကိုယ်တိုင်ကတော့
ခရောင်းလမ်းကိုဖြတ်
ဆူးခင်းလမ်းဖြစ်လည်း ခရီးဆက်ခဲ့တယ်။

(၂)
ချစ်ရတဲ့သား
ကြီးတဲ့အခါ အားဖြစ်စေဖို့။
ချစ်ရတဲ့သမီး
ကြီးတဲ့အခါ ထီးဖြစ်စေဖို့။
ဘဝရဲ့လှိုင်းဒဏ် ရုန်းကန်လို့ရင်ဆိုင်ရင်း
သားလေးမျက်နှာ သော်တာငွေစင်
သမီးလေးမျက်နှာ သီတာရေစင် လို့
စိတ်မှာစွဲမှတ်
သားသမီးတွေအတွက် ပေးဆပ်ခဲ့တယ်။

(၃)
မိဘတို့ဝတ္တရား ငါးပါးထက်မက
ပိုပြီးများလှတဲ့ အနန္တမေတ္တာတွေနဲ့
လုပ်ကျွေးပြုစု ယုယပိုက်ထွေး
လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာလေး
သေချာစွာ ရဖို့အတွက်
ဘွဲ့တစ်ခုကိုလည်း အပ်နှင်း လို့ပေးခဲ့သေးတယ်။

(၄)
ဆယ်ကျော်သက်အရွယ်
အသိဉာဏ် မကြွယ်သေးခင်က
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းပဲရောက်
မတောက်တခေါက် အတွေးတွေကြောင့်
လမ်းပျောက်လို့ မသွားရအောင်
နူးညံ့တဲ့အပြုံး ချိုသာတဲ့စကားလုံးတွေနဲ့
လမ်းမှန်ပေါ်ကိုဆွဲတင်
အရာရာကိုမြင်တတ်အောင်
မေမေက သင်ပေးခဲ့တယ်။

(၅)
မေမေပေးလိုက်တဲ့ ဘွဲ့တစ်ခု
ကိုယ်ကိုယ်တိုင် အသုံးပြုဖို့
လောကကြီးထဲကိုတိုးဝင်
ခြေချလို့မှ မရသေးခင်မှာ
လူတွေရဲ့အကြောင်း လောကရဲ့အကြောင်း
ကောင်းကောင်းသိစေဖို့အရေး
လက်တွေ့ကျကျ ပညာရအောင်
မေမေက သင်ပြပေးခဲ့သေးတယ်။

(၆)
လောကရဲ့ဇာတ်ခုံမှာ
ဘဝအဖုံဖုံနဲ့ လှုပ်ရှားရင်း
ကယ်မလိုနဲ့ ဖယ်ခွာ
ကူမလိုနဲ့ ရှုတ်ချ
ဝမ်းနည်းသယောင်နဲ့ ဟားတိုက်ကြတဲ့
တချို့တချို့သော လူတွေရဲ့
ဟန်ဆောင် မျက်နှာဖုံးအတုတွေအကြောင်း
မေမေကိုယ်တိုင် သိစေခဲ့တယ်။

(၇)
တစ်ခါတစ်ခါ လူတွေနဲ့အဆင်မပြေ
လောကကြီးနဲ့ မကြေလည်လေတော့
အရာရာကို စိတ်တိုင်းမကျ
အဆိုးဘက်ကချည်း မြင်လေတဲ့အခါ
အမေ့ဘဝကိုပမာပြု
သမီး အံတုနိုင်အောင် အားပေးခဲ့တယ်။
….. ကံကြမ္မာဂြိုဟ်ဆိုးဝင်လို့
အဆိုးတွေနဲ့ ရင်ဆိုင်၊ အရှုံးတွေကို ဆင်နွှဲ
လူတွေလည်း ဝိုင်းပြီးပြစ်တင်ချိန်မှာ
မေမေ့ရင်မှာ ခေါင်းဝှက်စေရင်း
သမီးဘက်ကအမြဲ
ရပ်တည်လို့ပေးမဲ့ အမေ
အရှုံးမပေးစတမ်းတဲ့လေ။

(၈)
ဘယ်အရွယ်ပဲရောက်ရောက်
အမေ့ရဲ့မျက်စိအောက်မှာတော့
သမီးက ကလေးပဲရှိသေးတယ်။
ဘယ်လိုပဲနေနေ
အမေ့မျက်လုံးထဲမှာတော့
သမီးက အလှဆုံးပဲတဲ့လေ။
သမီးပျော်ရင် အမေလည်းပျော်သလို
သမီးငိုကြွေးတဲ့အခါမှာလည်း
အမေက ပူဆွေးတတ်သေးတယ်။


မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ ကျေးဇူးဆပ်ခွင့်ပြုပါအမေ။
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
အမေနဲ့သမီး၊ သမီးနဲ့အမေ
ဘယ်လိုဘဝမှာပဲနေနေ
အမြဲထာဝရ အမေ့ရဲ့သမီးဘဝ
ရပါရစေ မာတာမိခင် မွေးမေမေ။…..။
Rhyme (10:45 PM)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, October 23, 2008

Specific & Absolute Values

“ဇ”၏ ပကတိတန်ဖိုးများ
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။



လူတွေမှာ ‘ဇ’ ကို အထူးတန်ဖိုး လို့သချာင်္မှာလို သတ်မှတ်လို့ရမလား။ “သိပ်လုပ်စရာမလိုလိုက်ဘူး၊ လွယ်လွယ်ကူကူ ပြီးသွားတယ်။” ဆိုတာမျိုးဟာ သူ့ရဲ့ ပင်ကိုဗီဇအစွမ်းကြောင့်လား။ မေးခွန်းနဲ့စရတာက သူငယ်ချင်းတွေ ဆွေးနွေးကြည့်တဲ့သဘောပဲ။
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။
အခြားတို့ နုစဉ်ကစပြီး ကိုယ်လျှောက်နေတဲ့လမ်းကို မရဲတရဲ ပြန်ပြန်ကြည့်တတ်ကြတယ်။ ဒီလမ်းက ဘယ်ကိုဦးတည်နေတာလည်းပေါ့။ ကိုကတော့သွားနေတာ အသေအခြာပဲ။ ရှေ့ကိုလား၊ နောက်ကိုလား။ အပေါ်ကိုလား၊ အောက်ကိုလား။ ဘေးကိုပဲ ထွက်နေတာလား။ ဒါမှမဟုတ် ဝင်္ကပါထဲမှာ လည်နေတာလား။
အရေးတကြီး ဇ ရဲ့အကြောင်း ဆွေးနွေးရတာက ဘဝရဲ့လမ်းတွေလျှောက်ရာမှာ သူ့ရဲ့ နေရာက အရေးကြီးတယ်လို့ ယူဆလို့ပဲ။
နောက် ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။ တုံးသွားအောင် လုပ်လို့လည်း ရတယ်။ ပျောက်ကွယ်အောင် လုပ်ဖို့ပဲ ခက်မှာ။
နောက် ဇ က အခြေအနေ အချိန်အခါ ပေါ်မှာလည်း မူတည်ပြီး အစွမ်းပြတတ်တယ်။ အဲဒါကတော့ ဇ ပိုင်ရှင်တွေကိုယ်တိုင် သတိမထားမိတတ်တာပဲ။ အဲဒါကြောင့် အထူးသတိထားပြီး ထိန်းကြောင်းသွားဖို့ပဲ။
နောက်ဆုံး အနေနဲ့က ဇ ကို နေ့စဉ်လုပ်ငန်းတွေမှာ သုံးပုံပဲ။ သချာင်္ညီမျှခြင်းတစ်ခုမှာ အထူးကိန်းသေတန်ဖိုး ထည့်သလိုပဲ။ ညီမျှခြင်းက သာမန် အပေါင်း၊အနှုတ်လား အမြှောက်၊အစားလား ထပ်ကိန်းတွေနဲ့လား။ အဲဒီညီမျှခြင်းမှာ ဇ က ဘယ်နေရာက ပါဝင်ရမှာလည်း။ နေရာပေါ်မူတည်ပြီး ရလဒ်တွေ အမျိုးမျိုး ထွက်လာမယ်။ ကွာဟမှူ တွေ တွေ့ရမယ်။ အံ့ဩလောက်စရာ ဘာထူးခြားမှူမှ မရှိပါဘူး။
အခြားတို့ အနေနဲ့ လုပ်နိုင်တာက သွေးနေဖို့၊ အခြေအနေ၊အချိန်အခါ သဘောပေါက်ဖို့နဲ့၊ ညီမျှခြင်းကို ရွေးခြယ်တတ်ဖို့ပဲ။ နောက် ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။
လေးစားလျှက်။ ။

The other.(ကိုအခြားကို ခွင့်မတောင်းဘဲ ပြန်တင်လိုက်တာပါ။ မဖတ်ရသေးသူများအတွက် ရည်ရွယ်ပါတယ်။ -- သုခမိန်)

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, October 22, 2008

အားမာန်


ဒီတစ်ခါတော့ အဖေ့ရဲ့ကဗျာ တစ်ပုဒ်ကို ထုံးစံအတိုင်း ကျနော်မှတ်မိသလို ဝေမျှပါရစေ။

ဒီကဗျာလေးဟာ ကျနော်ထက် အသက်ကြီးတာ သေချာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိအောင် ကြီးလည်းတော့ ကျနော်မသိပါ။

E-Journal မှာ အမေရဲ့ ကဗျာတွေကို အရေအတွက်တစ်ခုထိ မျှဝေခဲ့ပြီး ဖြစ်ပေမယ့် အဖေ့ရဲ့ကဗျာ တစ်ပုဒ်သာ မျှဝေရပါသေးတယ်။

တစ်ကယ်တော့ ကျနော်တို့တစ်မိသားစုလုံးဟာ အဖေ့ကြောင့်သာ စာပေအနုပညာနဲ့ အတိုင်းအတာတစ်ခုအထိ နီးစပ်မှုရှိခဲ့ကြတာပါ။ မဝင့်မဝါပြောရရင် ကျနော်တို့မြို့ကလေးတစ်ဝိုက်က လူတော်တော်များများအဝင်အပါလို့ ဆိုနိုင်ပါတယ်။ အဲဒီအတွက် အဖေဟာ တစ်ဘဝလုံးပေးဆပ်ထားခဲ့တာပါ။ အဖေ့ရဲ့ ဘဝဆိုတာ ကျနော်တို့ တစ်မိသားစုလုံးပါ။

ဒီအဖေ၊ ဒီအမေရဲ့သားဖြစ်ရတာကို ကျနော်ဘယ်အရာနဲ့မှ မလဲနိုင်ပါ။



အားမာန်

ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။

တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 21, 2008

မျှော်လင့်မထားသောဖြစ်ရပ်များသို့ .....

လူတွေကဘာကိုပဲလုပ်လုပ်…
ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ်….
အကောင်းဆုံးတွေကိုမျှော်လင့်ပြီးလုပ်ခဲ့ကြ…
ဆုံးဖြတ်ချက်ခဲ့ကြမှာပါ….မယ်ကိုယ်တိုင်လည်းအကောင်းဆုံးကိုမျှော်လင့်ပြီးဆုံးဖြတ်ခဲ့…လုပ်ခဲ့ဖူးပါတယ်…



အကောင်းဆုံးကိုပဲမျှော်လင့်ခဲ့ပြီး
အကောင်းဆုံးတွေပဲဖြစ်လာမယ်လို့ ထင်ခဲ့တယ်…
ဒါပေမဲ့မယ်မျှော်လင့်ခဲ့သလို အကောင်းဆုံးတွေဖြစ်မလာခဲ့ဘူး….
နောက်ဆုံးရလဒ်ကတော့ထင်ထားတာရဲ့ 
မျှော်လင့်ထားခဲ့တာနဲ့ ဆန့် ကျင်ဖက်တွေပဲ…
ဘာကြောင့်အဲဒီလိုဖြစ်ခဲ့ရလည်းဆိုတဲ့အဖြေကိုသေချာပြန်စမ်းစစ်ကြည့်မိတော့
မယ်ကအကောင်းဆုံးတွေကိုမျှော်ပဲမျှော်လင့်ခဲ့မိတာကို…
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး
အရိုးသားဆုံးဝန်ခံရရင် အဲဒီအချိန်တုံးက နှလုံးသားကိုပဲအားကိုးခဲ့ပြီး
ဦးနှောက်ကိုသုံးဖို့ မေ့နေခဲ့တယ်…..
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရလာမဲ့ရလဒ်က အကောင်းဆုံးဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုသေချာမစိစစ်မိခဲ့ဘူး…
အဲဒီကိစ္စနဲ့ ပတ်သက်ခဲ့ဖူးတဲ့ဇစ်မြစ်တွေကို သေချာမဆန်းစစ်ခဲ့မိဘူး…
လူတွေကအကောင်းဆုံးတွေသာမျှော်လင့်ခဲ့ကြပြီး…
အကောင်းဆုံးတွေရနိုင်မရနိုင်ဆိုတာကိုသေချာမတွက်ဆခဲ့လိုတာ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ လွဲခဲ့ကြတာနေမယ်….
မယ်အတွက်ကတော့….သင်ခန်းစာရလိုက်တာက….
ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဆုံးကိုသာမျှော်လင့်မထားပဲ …
ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် သေချာဆုံးဖြတ်ပြီးလုပ်ရမယ်…
နှလုံးသားတခုကိုပဲအားမကိုးပဲ ဦးနှောက်ပါသုံးရမယ်…
ရှောင်လွဲမရတဲ့ကိစ္စတွေကလွဲလို့ …
အကောင်းဆုံးဖြစ်နိုင်ချေမရှိတဲ့အရာတွေအတွက်
မျှော်လင့်ချက်ထားမနေတော့ဘူး…
အကောင်းဆုံးကိုပဲမျှော်လင့်ပြီးလုပ်မနေတော့ဘူးလို့ လေ….

မယ်(20.10.08)

**** မျှော်လင့်မထားခဲ့သောအဆိုးဆုံးဖြစ်ရပ်များသို့ 


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, October 19, 2008

I really dislike U, MR.


“မမ”အတွက် ချစ်ခြင်းပါတဲ့ အမုန်း။

ကျွန်တော်ရဲ့ ခံစားချက်အပိုင်းအစတွေကို “မမ”ကတော့ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ “မမ”ရေ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတစ်ဦးဆီမှာ “မမ”အကြောင်းကို ရင်ဖွင့်ချင်မိတာ သက်သက်လေးပါ။ “မမ”နားလည်နိုင်မယ် ထင်ပါရဲ့။ တစ်နေရာကနေများ “မမ”ကြားနိုင်ခဲ့ရင်၊ ကျွန်တော့်ရင်ဖွင့်သံတွေကို နားဆင်နိုင်ခဲ့ရင်၊ နားလည်ပေးစေချင်တာ။ ဒါအရိုးသားဆုံးနဲ့ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုအပါအဝင်ပေါ့။



“မမ”ကို မတွေ့တာကြာပြီ ပြောချင်ပေမဲ့ တတ်နိုင်သလောက် အဝေးဆုံးမှာ ကျွန်တော်နေခဲ့တာပါ။ ကျွန်တော်ဝန်ခံရမှာပါပဲ။ “မမ”ရဲ့ ပတ်ဝန်းကျင်၊ အပြုအမူတွေ၊ နောက်ပြီးတော့ “မမ”မှာက ဘာမဟုတ်တဲ့ကိစ္စ ကျွန်တော့်မှာတော့ ရင်နဲ့အမျှတွေလေ။ ဒါတွေကြောင့်ပေါ့ “မမ”ရေ။ အဝေးတစ်နေရာကနေ “မမ”ရဲ့ ကြည်နူးစရာဘဝကို မသိမသာပဲ ကျွန်တော် ရောင်ပြန်ဟပ်ခဲ့တာပါ။ အချစ်ကြီးသူတွေက အမုန်းကြီးတတ်သတဲ့ “မမ”ရယ်။ ကျွန်တော်ကတော့ အမုန်းတွေကို တတ်နိုင်သလောက် ဖြေဖျောက်ပါတယ်။ အမုန်းဆိုတာ ကမ္ဘာကိုပျက်သုန်းစေသတဲ့လို့ မပြောချင်ဘူး၊ အမုန်းကိုသာရင်ဝယ်ပိုက်ကြည့် အမုန်းက ရင်ခွင်ကိုစားသုံးပြီး ပိုင်ရှင်ကိုယ်တိုင် ပျက်သုန်းတတ်စေတာလေ။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့၊ ဘဝဆိုတာ ဂျီသြမေတြီ ပုဒ်စာတစ်ပုဒ်မှ မဟုတ်တာတဲ့။ ကျွန်တော်နှစ်သက်လို့ မှတ်မိနေတဲ့စကားပေါ့။ “မမ” – “မမ”ကိုတွေးကြည့်စေချင်တာပါ။ စကားတစ်ခွန်းကိုတောင် နှစ်သက်လို့ မကြာခဏသတိရစေတယ်ဆိုရင် “မမ”အပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်နှစ်သက်မှုကို ဘာမှ သက်သေပြစရာမလိုတော့ပါဘူး။ ဟိုး.. ငယ်စဉ်ကလေးဘဝကတည်းက “မမ”ရဲ့ဖမ်းစားမှုမှာ ကျရှုံးနေပြီးသားလေ။ ဘာမဟုတ် ညာမဟုတ် အရုပ်ကလေးတွေကိုတောင် တစ်ကယ့်“မမ”လိုပဲ ခံစားမိခဲ့တာ။ ပထမဆုံး “မမ”ကိုထိတွေ့ခွင့်ရတဲ့နေ့က ဘဝမှာ ခဏတာကြီးကျယ်သွားခဲ့မိသေးတယ်။ “မမ”ရဲ့ဘဝထဲကို ဘာမှနားမလည်တတ်သေးတဲ့ ပါမွှားလေးကျွန်တော် စီးဝင်လို့ ပျော်ခဲ့ဘူးလေရဲ့။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

မုန်းဖို့ကြိုးစားရင်း မေ့ဖို့ကြိုးစားရင်း ရင်မှာပိုပို သတိရလာတယ်တဲ့။ ဇော်ဝင်းထွဠ်ရဲ့ သီချင်းအပိုင်းအစ ကျွန်တော့်အတွက် ဖြစ်နေရပြီ။ “မမ”ကိုမုန်းကြောင်းပြောမယ်ဆိုမှ ချစ်ခဲ့ဖူးတာတွေကိုပဲ ပြန်သတိရနေမိပြန်တယ်။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝတစ်လျှောက် “မမ”နဲ့ ထိတွေ့ဖူးတာလေးတွေ။ ကျောင်းပိတ်ရက်တိုင်းရဲ့ အကောင်းဆုံးအဖော်လို့ ကျွန်တော်တွေးခဲ့တာ မှားတော့ မမှားခဲ့ပါဘူး။ မေမေ့ရင်ခွင်ပြန်တိုးချင်လို့ မြို့ငယ်လေးကို အပြေးပြန်တိုင်းမှာ “မမ”နဲ့အတူ ရင်းနီးခဲ့ဘူးတာတွေဟာ ပျော်စရာအတိတ်တွေပါ။ ကြည့်လိုက်စမ်းပါ “မမ”ရယ်။ ပြန်တွေးရင်းအခု ကြည်နူးမှုတို့ စီးဝင်နေတာများ မုန်းဖို့တောင် ခက်လှချည်ရဲ့။ အချိန်ကိုစီးနင်းရတော့ ကျွန်တော် စကားတတ်သွားတယ်ထင်ပ။ “မမ” – “မမ”ကိုပြုပြင်လို့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်မြင်ချင်လွန်းလှတယ်။ တစ်ကယ်မြင်ချင်တယ် “မမ”ရယ်။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

မုန်းတယ်“မမ”ရေ။ တစ်ကယ်ကိုမုန်းတယ်။ မုန်းလွန်းလို့ ဝေးဝေးကိုတောင် ရှောင်ပုန်းခဲ့ပါတယ်။ တိုက်ဆိုင်တဲ့ ဒီတစ်ရက် ကျွန်တော် “မမ”ဆီကို ပြန်ဆင်းသက်ခဲ့ရတယ်။ ဘာလို့လည်း“မမ”ရယ်။ ဘာလို့ ကျွန်တော်တို့ထိတွေ့မှုက မနွေးထွေးတာလည်း။ ဘာလို့ စိတ်ရှိတိုင်း“မမ” ပျက်စီးနေရတာလည်း။ မကောင်းဘူး“မမ”ရယ်။ “မမ”မကောင်းဘူး။ ကျွန်တော်အရင်လို မနှစ်သက်တော့ပေမဲ့ ချစ်ခင်လျှက်ပါ။ ဝေးဝေးမှာနေရင်း “မမ”ရဲ့တိုးတက်မှုကိုမကြားမိတာလို့ ထင်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေ ပြုတ်ကျကုန်ပေါ့။ အချိန်တွေဆိုတာ “မမ”ဆီမှာနယ်ကျွံလို့ မျဉ်းကွေးတစ်ခုနဲ့ စကြဝဠာအပြင်များ ထွက်သွားလေသလား။ လူလူချင်းဆိုတဲ့ ယဉ်းကျေးမှုကိုရော “မမ”မသိကျိုးကျွန်ပြုနေနိုင်တယ်။ နွမ်းပါးမှုကို လက်ညိုးမထိုးချင်ပါနဲ့လား။ အဆင်ပြေတဲ့ အဖြေတစ်ခု အမြဲရှိနေတတ်တာပဲဟာ။ ဘယ်လိုပြောပြော ကျွန်တော် “မမ”ကိုမုန်းတယ်။ မစွန့်ပယ်ချင်တဲ့ အမုန်း။ ချစ်ခြင်းဖွဲ့အမုန်းတွေပါ။ “မမ”များကြားသိနိုင်မယ်ဆိုရင် ကျွန်တော်လေ “မမ”ကိုပြုပြင်စေချင်လိုက်တာ။

ဟုတ်တယ်“မမ”၊ အချိန်တွေလမ်းလျှောက်တော့ ကျွန်တော့်စကားတွေ “မမ”အတွက် အဆိပ်လိုတောက်ချင်နေတယ်။ ကဲထားတော့လေ၊ နော်။ ကျွန်တော့်မိတ်ဆွေကို ကျွန်တော်စကားပြောလိုက်အုံးမယ်။
X X X
ဟေ့… မိတ်ဆွေကြီး။ ကျန်းခန့်သာလို့ မာနေတယ်နော်။ ကောင်းလေစွ၊ ကောင်းလေစွ။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက် ကျွန်ုပ် မီးရထားနဲ့ ခရီးထွက်ခဲ့တယ်ဗျ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

ကန္တာရမှ စိမ့်စမ်းရေ


ကျနော် တကယ်ကို အလုပ်များနေပါတယ်။
ဘာပဲဖြစ်ဖြစ် မင်းကွန်းဆရာတော်ထုံး နှလုံးမူကာ “သူများတွေ ကွမ်းစားချိန်၊ ဆေးလိပ်သောက်ချိန်လေးတွေ ရအောင်ယူသလို” ကျနော်လည်း E-Journal အတွက် အချိန်ရအောင်ယူပြီး ပို့စ်ကလေးတွေ တင်သွားမှာပါ။

ကျနော့် အမေရေးခဲ့တဲ့ ကဗျာလေးပါပဲ။
လွန်ခဲ့တဲ့ (၂၅) နှစ်ကျော်ကျော်က ကဗျာလေးပါ။
အမေစစ်စစ်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ကဗျာစစ်စစ်တစ်ပုဒ်ပါ။

ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူ ဖြစ်ပါကြောင်း ဒီကဗျာနဲ့ ထပ်လောင်း သက်သေပြုခြင်းဖြစ်ပါတယ်…..



ကန္တာရမှ စိမ့်စမ်းရေ

နေ့ဖို့ညစာ၊ ဖွေရှာပူမော
သောကကမ္ဘာ၊ လူးလိမ့်ကာဖြင့်
မနားမနေ၊ ရင်ဆိုင်နေလည်း
ရင်ခွင်ထဲမှာ၊ မေ့သည်းချာ၏
မျက်လွှာပိတ်ဆိတ်၊ အိပ်တော့မယောင်
ပြုံးယောင်ယောင်ကို၊ မြင်ယောင်ခဏ
ချစ်မဝ၍၊ ဖွဖွမေနမ်း
ပန်းသမျှပြေ၊ ကန္တာရမှ စိမ့်စမ်းရေ။……….။

ဆက်ဖတ်မယ်ဆိုရင် ...

chit chat


သူတစ်ချို့နဲ့ စကားစမည်




“သူတစ်ချို့နဲ့ စကားစမည်”

(၁)
ဆာလောင်မှု
နှလုံးသားနဲ့ ရေအသက်လား
တစ်နံနက်စာ သွေးမှာတောင်းတာ
ကဗျာ… ကဗျာပါဗျာ။

(၂)
ကဗျာဆိုတာမှာက
ကာရန်လည်းရှိ
သာမာန်ချစ်ကြည့် စရာအကြောင်းလေးတွေ။
အသံအားကြည့်
ရင်တွင်းဟစ်မိ နေချင်စရာလေးတွေ။
စကားလုံးမိ
နှလုံးသားထိ အားပြုစရာလေးတွေ။
အလင်္ကာညီ
မိုးထိမြင့်ပီ(ပြီ) စာပန်းချီလေးတွေပေါ့။

(၃)
ဒီမှာဒီမှာ ကံကြမ္မာနတ်သမီး
နင်မပေးရဘဲနဲ့ငါအဆိပ်မိနေလို့
ခံတွင်းကိုထိုး တစ်မျိုးလုံးအန်
ကဲ..ဆိုတဲ့ပြီး အမျိုးစပ်ရန်ကြံတော့
(သြော်)
အတော်တိုးတက်ရန်လိုသေးပါပကော။

(၄)
ဘာပြောချင်တာလည်း… ဟုတ်လား။
ရင်ထဲရှိလို့ ပွင့်အန်ချတာ
ဒီရင်ခုန်နှုန်း အများသုံးမှာ
ကဗျာတစ်ပုဒ် စာတစ်ပုဒ်ပါ။

(၅)
ဟေ့ဟေ့၊ ဒါကမ္ဘာ့ရွာကြီးပါကွ (ဆိုရင်ရော)
ဟင့်အင်း၊ မဟုတ်
အတင်းမလုပ် ငါ့သရုပ်ကို
အများမြင်သာ လမ်းဆုံမှာ
… မိတ်ဆွေရာ (ကျုပ်လေ)၊
မျောက်ပွဲသာကချင်တော့တယ်။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, October 16, 2008

Knife!


ဓါး (သို့) ဆန္ဒ

ပါးပါးလှီးဖို့လား
တ တုံးချင်း တုံးမှာလား
လိုအပ်ရင်
စဉ်း နှီးတုံးပါ သုံးပေါ့ ။




ငါ့မှာ ဘာချို့ယွင်းချက် ရှိလို့လဲ
ကိုယ့်ဓါးနဲ့ ကိုယ်တောင်
ကိုယ့် ကိုယ် ကိုပဲ ပြန်ခုတ်မိတယ် ။

လူဆိုတာ
ဓါး ကိုယ် စီနဲ့
သူများကို မခုတ်မိဖို့တော့ အရေးကြီးတယ် ။
ဒါပေမယ့်
လက်ဆ ဆိုတာလည်း မှန်းရခက်သား
မခုတ်ရင်လည်း ရှေ့ရောက်မှာ မဟုတ် ။

ဒီလိုနဲ့
ဘာကြာသေးလို့လည်း
ကျနော်တို့ မြို့မှာ
ဓါးသင်တန်းတွေ မကြာခဏ ဖွင့်လာကြလေရဲ့ ။

မိတ်ဆွေ
ခင်ဗျားကော ဘယ်လိုဓါးမျိုး ရှိချင်လဲ
ရိုးသားခြင်း ဓါးလား
မာယာ ဓါးလား
အတ္တပုံရိပ် ဓါးလား
စူးနစ်ခြင်း ဓါးလား
အကောင်းဆုံးကတော့
သံချပ်ကာ အင်္ကျီပါ ဆောင်ထား နိုင်ဖို့ပဲ
ဘယ်ဓါးမှ ကြောက်စရာ မလိုတော့ဘူးပေါ့
ဒါပေမယ့်
ဒါက ကိုယ်ပိုင် အရာတော်တော် များများနဲ့ လဲရမှာ။
ရိုးသားခြင်းနဲ့ မေတ္တာတရားကတော့
ပါ မသွားစေနဲ့ပေါ့ ။

တိမ် မိုးအောင်

* ရေမီးရှားက သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးကို ကူးယူဖော်ပြပေးတာပါ ။ :)

လေးစား ခင်မင်လျက်
တာ တူး





ဆက်ဖတ်မယ်ဆိုရင် ...

Monday, October 13, 2008

Just One Time!


ဒီ တစ်ကြိမ်

သစ်သီး ကြိုက်တဲ့ လူတွေထဲမှာ
သစ်သီး မကြိုက်တဲ့ သူမကိုတွေ့တယ် ။

ရောင်ခြည်တွေ သိပ်မလင်းလည်း
ကိစ္စမရှိဘူး . . .
သူမက ကန္တာရလေ
အလင်းရောင် နည်းလေ ပိုလှလေ ။




သူမကို ချစ်ရတာ
မှော်ဆရာ တစ်ယောက်ဆီက
လက်စွပ်ကို ခိုးရသလို ။

ကြယ်တွေ ကြွေကျတဲ့ ညတစ်ည လိုပဲ
အဲဒီလိုမျိုး ရင်ခုန်ခဲ့တာ ။

တောင်ထိပ်ကိုရောက်ရင်
နှလုံး ၀ိညာဉ်ဟာ
အရာရာကို ပိုင်စိုးနိုင်တယ်
သူမအချစ်ကိုရရင်
အဲလိုမျိုးဖြစ်မှာ ။

ဘ၀မှာ ခဏခဏ ကံကောင်းစရာမလိုပါဘူး
(ဒါပေမယ့်) ဒီတစ်ကြိမ်ထဲပါ ။ ။

တိမ်မိုးအောင်

* ရေမီးရှားက သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးကို ကူးယူဖော်ပြပေးတာပါ ။ :)

လေးစား ခင်မင်လျက်
တာ တူး

ဆက်ဖတ်မယ်ဆိုရင် ...

Two Museums and A Diary


" ပြတိုက်နှစ်ခုနဲ့ ဒိုင်ယာရီ "


ယင်းမာတွေ လှိုင်လှိုင် ပွင့်တဲ့

ရာသီတစ်ခုရဲ့ နံနက်ခင်းမှာ

လမင်းတစ်စင်းဟာ

ကျနော်တို့ ကျောင်း Canteen မှာ

စတင် သာလာခဲ့ . . . . . ။

ဒီလိုနဲ့ . . . . .



သူမကိုချစ်ရတဲ့ သမိုင်းမှာ

ဓားစာခံ အချို့ ရှိလာတယ်

အမိ YTU ရဲ့ ဆင်ဝင်တောင်

ကျနော့် မျှော်စင်ဖြစ်ဘူးရဲ့ . . .

ကံ့ကော် တန်းမှာ

ကျောင်းတော်ကြီး အ၀င်လမ်းမှာ

ကုက္ကိုတန်းမှာ

. . . . . . . မှာ

စင်္ကြံ လမ်းတစ်လျောက်မှာ

သူမ အရိပ်တွေ လိုက်ကောက်နေမိခဲ့ . . .

ဒီ . စကားပင်တွေ အောက်ပေါ့

သူမကို ခြေရာကောက်ရင်း

စကားလုံးတွေ လေပြေသိသွားခဲ့ ဘူးတယ် . . . ။

Library ရဲ့ ပြူတင်းလို

ခပ်တင်းတင်းစေ့ထားတဲ့

နှုတ်ခမ်းပါးလေးရေ

နင်ကတော့ မေ့နေလောက်မှာပါ

စကားဖြူပွင့်တွေကြားမှာ

အစိမ်းရင့်ရင့် တစ်ပွင့်

ခြွေ လွှင့်ခဲ့တာဘူးကိုပေါ့ . . . ။

ပွင့်ချပ်မဲ့နေတဲ့ ရေပန်းလေးရယ်

ငါလည်း နင့်လိုပါပဲ

အဓိပ္ပါယ်တွေပျောက်ဆုံး . . .

သံစဉ်မဲ့ရပ်ဝန်းက Canteen လေးအတိုင်း

ငြိမ်ငြိမ်လေး . လျောင်းရင်း . . . ဆွေး

အသဲကွဲတေးတောင် ဆို မဖြစ် . . . . . ။

သိပ်ချစ်နေဆဲပဲဆိုတာ

သူမက သိမယ်မထင်တော့ပါဘူး

ကျနော့်မှာ . . .

မနက်မနက်ဆို

Main Building ထက်က

ဝဲကျနေတဲ့ နွယ်တွေငေးရင်း

ကျစ်ဆံလေးကို လွမ်းရဆဲ . . . . . ။


(ဟိုတုံးက ရေးခဲ့ဘူးတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။ အမှတ် တရ တင်လိုက်ပါတယ် ခင်ဗျာ။)


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, October 8, 2008

လေလွင့်ပန်း၏ ခြေရာများ


ညီအကို မောင်နှမ အားလုံးခင်ဗျာ ကျနော် ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ ။ဘလော့တွေကို လျောက်လည်တယ် ။ ခြေရာ တော့ မချန်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့်မှတော့ မဟုတ်ပါဘူး ။ စိတ်လေနေမိတာပါ ။ ဒီနေ့တော့ ကိုသု ရေးတဲ့ “ပန်းတစ်ပွင့်နှင့် အလွမ်းသင့်လေသည်။” ပိုစ့်လေးကို ကွန်မန့်ရေးချင်တာကနေ စရင်း ကော်မန့်လေးကို ကျနော် ပိုစ့်လေး တစ်ခုအဖြစ် အသွင်ပြောင်းလိုက်ပါတယ် (အပျင်းထူတာ ၊ လူလည်ကျတာ ) ။ ကိုသုခမိန် (E-journal ) အတွက် စာမူခပေးတာပါခင်ဗျာ ။
ကျနော့ကို အပျင်းထူခွင့်ပေးကြပါ ။
ကျနော့ကို လူလည်ကျခွင့်ပေးကြပါ ။



ကိုသုရေ

ပစ်လိုက်သော မြှားကတော့ ထိချက် ပြင်းသဗျာ။ ငါ ဘာကောင်လည်းလို့ ပြန်မတွေးဖြစ်သော လူတွေတောင် သွေးကြောင် သွားစေလောက်တယ် ။ ကျနော်တို့ ဟာ တွေးခေါ်မြှော်မြင်တတ်သော လူသားများ ဖြစ်သော်ငြားလည်း ပန်းတပွင့်လောက်တောင်မှ သစ္စာ မရှိသလို ၊ တာဝန်မကျေသလိုလည်း ဖြစ်နေကြပါပေါ့ဗျာ ။ ကိုသုရေ အခြား တစ်ဖက်ကနေ ဆင်ခြေ ပေးကြည့် ပါရစေ ။ ကို သု အဆိုကို လက်မခံတာ တော့ မဟုတ်ပါဘူး အခြား မြင်ကွင်း ၊ ရှူ့မြင်ရာ တစ်ဖက်က စဉ်းစားကြည့်တာပါ။

ကျနော်တို့တတွေဟာ ကိုယ် မှီတည် ဖြစ်လာရာ ကနေ ရေကြည်ရာ မြက်နုရာ ခွာကြတယ် ။မူလ ဖွားရာ အရပ်မှာ ပြန်ပြီး ဘ၀ကို အဆုံးသတ်လိုသူတွေ ရှိမယ် ။ ဘ၀ဆိုတာ ဒီလိုပါပဲလို့ အစွဲ အလမ်း မရှိသူတွေလည်း ရှိမယ်။ အခြေအနေကြောင့် ဝေးသွားသူတွေလည်း ရှိမယ် . စသဖြင့်ပေါ့ဗျာ။ယထျာဘူတျ ကျကျ ပြောရရင် ဒီမြေ ဒီအရပ်မှာ ကိုယ် ပေါက်ဖွား ၊ အရွယ်ရောက်ပေါ့ . ဒီတော့ ဆရာဇော်ဂျီ ရဲ့ ကဗျာလေးလို "သင်ဖွားသောမြေ သင်တို့မြေလည်း . . . . ." ပေါ့ ။ခက်တာက ကျနော်တို့ အမိမြေကြီး ခုလိုကြုံနေတာက အခြား ဒိုင် မင်းရှင်းတွေဗျ ။

လူဆိုတာ သဘာဝလောကအလိုအရကို အာဏာမက်တယ်၊ စည်းစိမ်မက်တယ်၊ သက်သောင့်သက်သာနေလိုတယ် ၊ (ပြောရရင် ပျင်းတတ်တယ် ) သဘာဝလောက အပေါ်မှာ ငါက လူသား၊ တွေးတတ်ခေါ်တတ်တယ်ဆိုပြီး ခေါင်းတစ်လုံးမြင့်ချင်တဲ့ ဘ၀င်လေးရှိတယ် ။ အဲလို ပေါ့ဗျာ ။ အဲဒီ ဘ၀င်လေး တွေးတတ်ခေါ်တတ်တာလေးက တစ်စ တစ်စနဲ့ ကျယ်လာတော့ အာဏာ ပြတာတွေ၊ ပါဝါပြတာတွေ စတယ်။ အဲဒီ အကျိုးဆက်ကတော် လှန်တဲ့ စိတ်ကလေး ဖြစ်လာတယ်။ ဘာဘုရင်လည်း ဒီကောင်လည်း ငါ့လို ခြေနှစ်ဘက် လက်နှစ်ဘက်ပါ ။ ငါက ကျွဲလို နွားလို ရုန်းရတယ်၊ လက်နက်ဆွဲ တိုက်ရတယ် ။ ဒင်း က စည်း စိမ်ယစ်တယ် ။ မိဖုယားမြှောက်တယ်ဆိုပြီး တော် ကောက်တယ် ဘာညာ စကားလုံးတွေ သုံးပြီး ငါတို့အခွန်ငွေတွေနဲ့ ဇိမ်ကျလို့ ဒါ မဖြစ်သင့်ဘူး စသဖြင့်ပေါ့ဗျာ ။ နဲနဲလေး အသိ ပိုမြင့်လာတော့ ဒီဘုရင်ကွာ ဒါတော့ မလုပ်သင့်ဘူး ။ ဒီလို လေးလုပ်ရင် ပိုကောင်းမယ် ပြည်သူတွေ သက်သာမယ်။ တိုင်းပြည် ပိုစည်ပင်မယ်ပေါ့ ။ အမြင်မတော်တော့ ၀င်ပြော မိတာတို့ ၊ ဝေဖန်တာတို့ ရှိလာတယ် ။ ဒါက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေရဲ့ အမြင်တွေ အသိတွေ ပေါ့။

အုပ်ချုပ်ခံရသူ အချင်းချင်းကျတော့လည်း ဒီကောင်က ဘယ်လိုလေး လုပ်လို့ ဘာဖြစ်သွားတယ် ။ငါ သူ့ထက်သာအောင် ဘာလုပ်မယ် ၊ ဘာညာပေါ့ ။ အဲလိုလေး ခေါင်းတလုံး မြင့်ချင်ကြတယ် ။ သူ့လို ထွန်စက်လေးတော့ ၀ယ်ဦးမှ ။ ဇိမ်နဲ့ ထိုင်လိုက်ရုံပဲ ။ နွားတွေနောက်က ခြေတိုအောင် လိုက်စရာ မလိုဘူး ဘာညာပေါ့ သက်တောင့် သက်သာ နေလိုကြတယ် ။

လိုရင်းကိုပြန်ကောက်ရရင်တော့ ကျနော်တို့ ရှင်သန်ပေါက်ဖွားရာ နေရာကို ပြန် အကျိုးပြုကြဖို့ဆိုတာ ကတော့ နိယာမ တစ်ခု အရ လို ကို လိုအပ်တာပါ ။ ပေးတယ် ၊ ယူတယ် ပြီးရင်တော့ ပြန်ပေး သင့်တာပေါ့ ။ တစ်ခါတစ်ရံတော့ လေနဲ့ အတူ လွင့်သွားတဲ့ ပန်းတွေလည်း ရှိမယ်။ အဆင်း၊ ရနံ့ မရှိသော ပန်းတစ်ချို့လည်းရှိမယ် ။ အဆင်းရော ရနံ့ပါ ရှိပြီး အကျိုးပြုသော ပန်းတွေလည်းရှိမယ် ၊ အကျိုးမပြုသော ပန်းလည်းရှိမယ် ။ အစုံစုံပေါ့ဗျာ။ ကိုသုရေ အကြောင်းကြောင်းတွေကြောင့် လေ နဲ့ပါသွားခဲ့သော ပန်းတို့ဘက်မှ စိတ်ကူးယဉ်ကြည့်မှူ့ တစ်ချို့ပါခင်ဗျာ ။

ခင်မင် လေးစားလျက်
တာတူး


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 7, 2008

Walking, talking (2).



လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“ပန်းတစ်ပွင့်နှင့် အလွမ်းသင့်လေသည်။”

အစဦးအခြေအနေလို့ဆိုပါတယ်။ သိပ္ပံပညာမှာတော့ ဘယ်လိုမှ မေ့ထားလို့မရတဲ့ အခြေအနေတစ်ရပ်။ တစ်ချို့သော ကိစ္စရပ်တွေမှာ သူကအရေးမပါသလိုထင်ရပါတယ်။ ထည့်မစဉ်းစားရင်လည်း အဆင်သင့်နေသလိုပါပဲ။ ဒီကနေ့ ထွန်းကားလာတဲ့ သီအိုရီရူပဗေဒမှာ ခေးအော့(Chaos)ဆိုတာ မထိတွေ့ဘူးရင်တောင်မှ မကြားဖူးသူ မရှိသလောက်ပါဘဲ။ ကပြောင်းကလဲဖြစ်စဉ်ထဲမှ အစီစဉ်ကျမှုတစ်ချို့ကို တွေ့ရှိလိုက်ရတဲ့ သီအိုရီပေါ့။ သူ့မှာတော့ အစဦးအခြေအနေဟာ အတော်ကို အရေးပါနေသတဲ့။ အစီစဉ်မကျမှုတွေထဲမှာ၊ ဖြစ်ချင်တာဖြစ်နေတတ်တဲ့ထဲမှာ အစီစဉ်ကျမှုလေးတွေ ရှိနေတတ်တယ်ဆိုတော့ ကျွန်တော်က အတွေးကို ဆက်စပ်မိပါတယ်။ ဒါလူ့ဘဝလို့။ အဲဒီတော့ အတွေးက ဆက်လျှောက်တော့တာပါပဲ။ ဒီလိုသာဆိုရင် လူတစ်ဦးချင်းစီမှာလည်း အစဦးအခြေအနေဟာ အရေးပါနေပါတယ်။ ကျွန်တော်တို့ရဲ့ တွေးမြင်ပုံတွေ၊ အမူအကျင့်တွေ၊ လူမှုဆက်ဆံရေးတွေဟာ အစဦးအခြေအနေ (ကနဦးအခြေအနေ)ပေါ်မှာ မူတည်နေရပါတော့တယ်။



ကလေးဘဝက ပုံပြင်လေးတစ်ခုကိုလည်း သတိရစေပါတယ်။ မုန်တိုင်းကြောင့် ကွဲကွာသွားရတဲ့ ကျေးငှက်လေးနှစ်ကောင်အကြောင်းပါ။ နောက်တော့ တစ်ကောင်က ယဉ်ကျေးပြီး၊ တစ်ကောင်က ရိုင်းစိုင်းနေတယ်ဆိုတဲ့ ပုံပြင်လေးပေါ့။ သူတို့နှစ်ကောင်ရဲ့ ကြီးပြင်းမှု အစဦးအခြေအနေတွေ ကွာခြားသွားတာဟာ သူတို့ကိုနှစ်ကောင်အတွက် မတူညီမှုတွေ ပေးအပ်လိုက်တာပါပဲ။ ကျွန်တော်တို့ လူတစ်ဦးခြင်းစီမှာလည်း ဒီလိုပါပဲ။ အစဦးအခြေအနေတစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုကို လူငယ်ဘဝမှာ ခံယူကြရတယ်။ အတော်လေးကို စွဲလမ်းစေတဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို ပတ်ဝန်းကျင်က ပေးအပ်လိုက်တာပါပဲ။ အဲဒီအတွက် ပတ်ဝန်းကျင်ဆိုတာ အတော်အရေးကြီးသွားပါတယ်။ ဒါကလည်း ဘာနဲ့သွားတူလည်းဆိုတော့ ပန်းလေးတစ်ပွင့် ဖူးပွင့်ရသလိုပါ။

ပန်းလေးတစ်ပွင့် ဖူးပွင့်လာဖို့အတွက် သူ့ပတ်ဝန်းကျင်ရဲ့ အထောက်အကူဟာ အများကြီးကိုလိုအပ်ပါတယ်။ မြေအနေအထား၊ နေရောင်ခြည် ရရှိမှု၊ ရေရရှိမှုတွေ စသဖြင့်ပေါ့။ ဒီလို လိုအပ်ချက်တွေအပြင် ပိုးကျလာတာတို့၊ သဘာဝဘေးဒါဏ်တို့ ဘာတို့လိုမျိုး သူ့ကိုဖျက်ဆီးနိုင်တာတွေနဲ့လည်း ဝေးကွာနေမှ လန်းဆန်းတက်ကြွတဲ့ ပန်းတစ်ပွင့်ကို ကျွန်တော်တို့ မြင်တွေ့နိုင်တာပါ။ ပန်းလေးတွေ ဖူးပွင့်လာပြီးတော့ သူ့အမျိုးအစားနဲ့သူ လောကကို အကျိုးပြုကြတော့တာပါပဲ။ မွှေးရနံ့နဲ့လား၊ အဆင်းနဲ့လား။ ဒါမှမဟုတ် တစ်ချို့များဆို သုံးတတ်ရင် ဆေးဖက်တောင်ဝင်သတဲ့။ ကျွန်တော်က အတွေးတစ်မျိုးဝင်မိပါတယ်။ သူတို့တာဝန်ကျေကြပါလား။ သူတို့တတ်နိုင်တဲ့ဘက်ကနေ သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်ကို သူတို့ အကျိုးပြုတာပါပဲ။ ပတ်ဝန်းကျင်ကို ပြန်လက်ညိုးထိုးတတ်တဲ့ပန်း သိပ်မတွေ့ဖူးသလိုပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ အမြင်၊ အထင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းတစ်ပွင့်ရဲ့ တာဝန်ကျေပုံကို တွေးမိတော့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းမေးမိပါတယ်။

ပန်းတစ်ပွင့်နဲ့ မတူတာကတော့ ကျွန်တော်တို့ဟာ လူသားတွေဖြစ်နေတာပါပဲ။ တွေးတတ်တယ်။ သင်ယူတတ်တယ်။ တုံ့ပြန်တတ်တယ်။ ရွေးချယ်တတ်တယ်။ မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းတတ်တယ်။ အကျိုးများစေတဲ့ လူသားရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကျွန်တော်တို့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရရင်တောင်မှ ပြစ်ပယ်နိုင်ကြတယ်။ ဝေဖန်နိုင်တယ်။ ဒီနေရာမှာ ဘာကိုသွားတွေ့လည်းဆိုတော့ လူတွေက အလွယ်တကူ လက်ညိုးထိုးတတ်နေတာပါပဲ။ အသိဆိုတာရှိနေတဲ့အတွက် ကျွန်တော်တို့တတွေဟာ အကျိုးများပါတယ်။ ကိုယ်ကြီးပြင်းရာ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ရွေးချယ်နိုင်ခွင့်၊ ပြစ်ပယ်နိုင်ခွင့်တွေရှိနေတော့။ ရွေးချယ်ကြတယ်။ ပြစ်ပယ်ကြတယ်။ ဒါက မကောင်းခဲ့ရင်ဆိုတဲ့အမြင်။

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရပြန်ပြီ ဆိုတော့လည်း ကိုယ့်ရဲ့တိုးတက်မှုကို ကိုယ်တိုင်ကျေနပ် အားရနေရင်းနဲ့ပဲ ဆက်လက်ချီတက်ကြတာပါ။ လက်ညိုးပြန်ထိုးရင်လည်း ခေါင်းမော့ရင်ကော့လို့ ငါတို့ကတော့ ဒီလို ကြီးပြင်းလာတာ။ အဲဒီလောက်ပါပဲ။ ကျွန်တော်ကတော့ ဒီ့ထက်ပိုစေချင်ပါတယ်။ ပတ်ဝန်းကျင် ပတ်ဝန်းကျင်နဲ့ ပြောသာနေကြတာ။ အဲဒီပတ်ဝန်းကျင်မှာ ကိုယ်တိုင်ကလည်း ပါဝင်ပက်သက်နေသူပဲ။ ကိုယ်မကောင်းရင် ကိုယ့်ပတ်ဝန်းကျင်ဆိုတာလည်း ကောင်းမှာမဟုတ်ပါဘူး။ နောက်တစ်ခါ ပန်းကလေးတွေလိုပေါ့ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ပြီး အကျိုးပြုစေချင်တယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်စွမ်းသလောက်၊ ကိုယ်နိုင်သလောက်နဲ့ ဖြည့်ဆည်းပေးစေချင်တယ်။ အဲဒီလိုမှမလုပ်ရင်လည်း နှောင်လာမဲ့မျိုးဆက်တွေအတွက် ကျွန်တော်တို့က မြေသြဇာကောင်းတွေ၊ ရေခံမြေခံကောင်းတွေ ဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ထိ ပြန်ကြည့်ကြမယ်။ ငါကျင်လည်ခဲ့ရတဲ့ အစဦးပတ်ဝန်းကျင်ဟာ ငါ့ကိုဘာတွေပေးခဲ့သလည်း။ အခုရော ပတ်ဝန်းကျင်က ဘာတွေပေးနိုင်နေသလဲ။ ကိုယ်တိုင်ကရော ဘာတွေပြန်လို့ ပူးပေါင်းပါဝင်ပေးနိုင်ပြီလည်း။ ဘယ်လို အစဦးအခြေအနေမျိုးကို နှောင်တက်လာမဲ့ အပြုပြင်ခံလေးတွေအတွက် ပေးချင်တာလည်း။ မေးမိတယ်။ ကိုယ့်ကိုကိုယ် မေးမိတယ်။

ပန်းကလေးတွေဟာ လန်းဆန်းလို့ ဝင့်ကြွားနေချိန်မှာ ကျွန်တော်က အရေခြုံအပြုံးတစ်ခု၊ ချမ်းသာရာကိုပဲ ရှာတော့မှာလိုလို တောင်ရောက်မြောက်ရောက်နဲ့ ရနံ့မရှိ အဆင်းမရှိ။ ကဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ ပန်းတစ်ပွင့်ကိုသာ အားကျနေမိတယ်ဗျာ။

သုခမိန်။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, October 5, 2008

ပြုံးပါ

၁။
ပြုံးပြီးတော့ နေတယ်။
ပျော်ပြီးတော့ နေတယ်။
ငါ ငြိမ်းချမ်းနေတယ်။
ငါ ရွှင်လန်းနေတယ်။
ကျေနပ်ပြည့်ဝအားရနေတယ်။
စက္ကန့်တိုင်းမှာ သိနေတယ်။
ငြိမ်းချမ်းခြင်းကိုမျှဝေတယ်။
အကြွင်းမဲ့ချစ်တယ်။
………………………………..
ကျွန်တော့် အလုပ်စားပွဲပေါ်မှာ ထောင်ထောင်ကလေးရပ်နေတဲ့ ဓာတ်ပုံမှန်ပေါင်လေးထဲက စာသားလေးတွေပါ။ ကျွန်တော် လိုက်နာကျင့်ကြံနေထိုင်နေတဲ့ ဘဝနေနည်းလည်း ဖြစ်ပါတယ်။

၂။ ကျွန်တော် နေထိုင်ရာ ဒေသက စာအုပ်ရောင်းတဲ့ဆိုင်မှာ ချင်းတွင်းမဂ္ဂဇင်းကို လစဉ် တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီဆိုင်က လစဉ် (၅)အုပ် တင်ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီဆိုင်တွေဘက်ကို အရောက်အပေါက်နည်းတာကြောင့် တချို့ လတွေမှာ ဖတ်ခွင့်မရပါ။

၃။ တစ်ခါတစ်ရံ တချို့ ဘလော့တွေမှာ စာကောင်းပေကောင်းတွေ(ချင်းတွင်းမဂ္ဂဇင်းထဲက စာလေးတွေအဝင်အပါ) ဝေငှထားတာဖတ်ရတဲ့အခါ ကျွန်တော့်မှာ ရေတွင်းထဲကျတဲ့ ရေငတ်သူပမာ အားရဝမ်းသာ ကျေးဇူးတင်မဆုံးပါ။

၎။ ဒါကြောင့် ကျေးဇူးပြုပြီး ကျေးဇူးဆပ်ခွင့်ပြုကြပါ ခင်မျာ။

၅။ E-Journal မှာ ကျွန်တော် ပါဝင်ရေးသားနေတာ ဝါသနာကြောင့် မဟုတ်ပါ။ တတ်နိုင်သမျှ လုပ်နိုင်တာလေးလုပ်နေတဲ့သဘောမျှသာ။

၆။ အခု ကျွန်တော် အလုပ်လုပ်ပါရစေ။ :-)
ဆက်ဖတ်မယ့် နံပတ် (၇)ဟာ ကျွန်တော် အလုပ်နဲ့ ကျေးဇူးဆပ်ထားတာလေးပါခင်မျာ။



၇။

ပြုံးပါ


ဘဝကား ဒုက္ခနှင့် ပြည့်နေသည်။ ဒါပေသိ ကောင်းကင်ပြာ၊ နေရောင်ခြည်၊ ကလေးသူငယ်၏မျက်လုံး စသော တအံ့တသြ တထူးတဆန်းတို့လည်း ဘဝ၌ ရှိသည်။ ဘဝကတော့ ဒုက္ခချည်းပဲဟု ခံစားနေလျှင် မနိပ်။ ဘဝ၏ တအံ့တသြ တထူးတဆန်းများနှင့်လည်း ကျုပ်တို့ တွေ့ထိနေရလိမ့်မည်။ တကယ်တော့ ကျုပ်တို့ အတွင်းထဲ၊ ကျုပ်တို့ပတ်ပတ်လည်၊ နေရာတကာ၊ ဘယ်အချိန်မဆို တအံ့အသြဖြစ်စရာများ ရှိနေသည်။

ကျုပ်တို့ မပျော်ရွှင်၊ ကျုပ်တို့ မငြိမ်းချမ်းက ပျော်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို တခြားသူတို့နှင့် မဝေမျှနိုင်၊ ချစ်သူတို့ကိုသော်မှ တမိုးအောက်နေသူတို့ကိုသော်မှ မပေးနိုင်။ ကျုပ်တို့ ပျော်ရွှင်၊ ကျုပ်တို့ ငြိမ်းချမ်းပါမှ ကျုပ်တို့ပြုံးနိုင်၍ ပန်းတစ်ပွင့်ကဲ့သို့ ပွင့်နိုင်သည်။ ထိုအခါ ကျုပ်တို့မိသားစု ကျုပ်တို့အသိုက်အဝန်း အကျိုးအရှိသည်။

ကောင်းကင်ပြာ၏အလှကို အရသာခံစားဖို့များ ကျုပ်တို့အားထုတ်နေဖို့ လိုပါသလား။ လေ့ကျင့်နေဖို့ကော လိုပါသလား။ မလိုပါ။ အရသာခံလိုက်ရုံမျှသာ၊ စက္ကန့်တိုင်း မိနစ်တိုင်း အဲသလို နေလို့ရသည်။ ဘယ်နေရာမဆို ဘယ်အချိန်မဆို နေရောင်ကို အရသာခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။ ကောင်းကင်ပြာကို ကြည့်ရန် အမေရိကန်သွားစရာ မလိုပါ။ အသက်ရှူသည်ကို သိနေခြင်းမှာ အရသာခံရန် အနာဂတ်ကို သွားစရာ မလိုပါ။ ယခုချက်ချင်းပင် ထိုအရာများကို တွေ့နိုင်ပါသည်။ ဒုက္ခချည်းသာဟု သိနေလျှင် ကျုပ်တို့ခမျာ သနားစရာကောင်းလှသည်။

ကျုပ်တို့ ချစ်ခင်သောသူများကိုမှ မကြည့်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုမှ ငဲ့မကြည့်နိုင်လောက်အောင် ကျုပ်တို့မှာ ကိုယ့်အိမ်ထဲ၌ပင် အချိန်ရှားပါး အလုပ်ရှုပ်နေကြသည်။ လူ့အဖွဲ့အစည်းက ထိုသို့ဖြစ်နေသည်။ အားလပ်လျှင်သော်မှ ကိုယ့်ကိုယ်ကို ပြန်ထိတွေ့ဖို့ အချိန်အသုံးပြုရကောင်းမှန်း မသိကြတော့။ အဖိုးတန်အချိန်ကို ဖြုန်းပစ်ဖို့ နည်းတစ်ရာရှိနေသည်။ တီဗီဖွင့်သည်။ တယ်လီဖုန်းဆက်သည်၊ ကားမောင်း၍ တစ်နေရာရာ သွားသည်။ ကိုယ်က “ကိုယ်၏ဖြစ်တည်ခြင်း” နှင့် အကျွမ်းတဝင် မရှိလှ၊ မိမိက မိမိကိုယ်ကို မကြိုက်သကဲ့သို့ ဖြစ်နေလျက် မိမိက မိမိကိုယ်မှ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။

တရားထိုင်ခြင်းကတော့ ဘာဖြစ်နေသည်ကို သိဖို့ ဖြစ်သည်။ ကျုပ်တို့ ခန္ဓာမှာ၊ ကျုပ်တို့ စိတ်မှာ၊ ကျုပ်တို့ ဝေဒနာမှာ ပြီးတော့ ကမ္ဘာမှာ .. ။ နေ့တိုင်း နေ့တိုင်း ကလေး လေးသောင်း အစာငတ်မွတ်၍ သေသည်။ နျူးကလီးယားထိပ်ဖူး ငါးသောင်းက ကမ္ဘာကို လေးငါး ဆယ်ခါထိ ဖျက်နိုင်သည်။ ပသို့ဆိုစေ နေအရုဏ်တက်မှာ လှသည်၊ နံရံပေါ်မှ မနက်ကပွင့်သော နှင်းဆီပန်းမှာ အံ့ဖွယ်သရဲ။ ဘဝသည် စိုးရွံ့ ဖွယ် လည်းကောင်း၍ ရွှင်လန်းစရာလည်း ဖြစ်၏။ တရားထိုင်ခြင်းကား ထိုနှစ်ခုစလုံးကို ထိတွေ့ဖို့ ဖြစ်လေသည်။ တရားထိုင်ဖို့ ဣနြေ္ဒကြီးနှင့် နေမှရမည်ဟု မမှတ်နှင့်။ ကောင်းကောင်းတရားထိုင်ဖို့ အများကြီးပြုံးရမည်။

မကြာခင်က ကလေးတစ်စုနှင့် ထိုင်နေခဲ့ရာ “တင်” ဟူသော သူငယ်လေး၏ အပြုံးက ချစ်စရာကောင်းလှကြောင်း တွေ့သည်။ “ တင် .. မင်းအပြုံးက တယ် ချစ်စရာကောင်းတာကိုး”ဟု ကျုပ်က ပြောသောအခါ “ကျေးဇူးတင်ပါတယ်”ဟု “တင်”က ပြန်ပြောသည်။ “မင်းက ကျေးဇူးတင်စရာ မလိုဘူး။ ကျုပ်ကသာ ကျေးဇူးတင်ရမှာ၊ မင်းအပြုံးကြောင့် ပိုပျော်စရာ ကောင်းသွားသကွ၊ ကျေးဇူးတင်ပါတယ်လို့ ပြောမယ့်အစား ရပါတယ်ဗျာ လို့ပြော၊ ဒါမှမဟုတ် သာဓု သာဓုလို့ ပြောကွာ”

ကလေးတစ်ယောက်၏ အပြုံးဖြစ်စေ၊ လူကြီးတစ်ယောက်၏ အပြုံးဖြစ်စေ အပြုံးများကား အရေးကြီးသည်။ ပြုံးနိုင်သည်ရှိသော် ငြိမ်းချမ်း၍၊ ပျော်နေသည်ရှိသော် ကျုပ်တို့သာမက လူတိုင်းအတွက် ကောင်းလို့ဖြစ်၏။ ယင်းအရာကား ငြိမ်းချမ်းရေးလုပ်ငန်း၏ အခြေခံအကျဆုံး ဖြစ်လေသည်။ တစ်ခါတစ်ရံမှာ ဖြေလျှော့ဖို့၊ ငြိမ်းချမ်းဖို့ ရိပ်သာသွားဖို့ အချိန်ယူရမလား အောက်မေ့ကြလိမ့်မည်။ သတိ သမာဓိရှိတဲ့ တစ်ရက်တလေပေါ့။ ဖြည်းဖြည်းဆေးဆေး လမ်းလျှောက်၊ ပြုံးပြ၊ မိတ်ဆွေတစ်ယောက်နဲ့ ရေနွေးကြမ်းတစ်ခွက်သောက်၊ ကမ္ဘာပေါ်မှာဖြင့် တို့လောက်ပျော်တဲ့သူ ရှိမယ် မထင်ဘူးကွလို့ စကားအတူပြောဖို့။ တကယ်တော့ ဒါမျိုးဟာ နောက်ဆုတ်တာမဟုတ်၊ ရှေ့ တိုးတာ၊ စင်္ကြံလျှောက်စဉ် ဖြစ်စေ၊ စားဖိုဆောင်မှာ၊ ဥယျာဉ်ထဲမှာ အလုပ်အလုပ်နေစဉ်ဖြစ်စေ တင်ပြင်ခွေပြီး တရားရှုမှတ်စဉ်ပဲ ဖြစ်စေ တစ်နေ့ခင်းလုံး ပြုံးရယ်ဖို့ လေ့ကျင့်နိုင်သည်။ ပထမတော့ ပြုံးဖို့ခက်မှာပဲ။ ဘာကြောင့်လဲ စဉ်းစားရုံပါပဲ။ ပြုံးရယ်ခြင်းရဲ့ အဓိပ္ပာယ်က ကျုပ်တို့က ကျုပ်တို့ပါပဲ။ ကျုပ်တို့က ကျုပ်တို့ကိုယ်အပေါ်မှာတော့ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။ ပြီးတော့ မမေ့မလျှော့တဲ့ အပ္ပမာဒတရား ရှိသူတွေပဲ၊ အဲသလို အဓိပ္ပာယ်ရှိသည်။ အဲသလို အပြုံးကို ဘုရားကိုယ်တော်တိုင်နဲ့ ရဟန်းတွေရဲ့ မျက်နှာတော်မှာ တွေ့နိုင်သည်။

တစ်ခါတလေမှာ ခင်များရွတ်ချင်ရွတ်ဖို့ ကဗျာတိုလေးတစ်ပုဒ် ကျုပ်ပေးချင်သည်။ အသက်ရှူရင်း ပြုံးရင်း ရွတ်ပါ။

ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်
ရှူထုတ်လျက် ငါ ပြုံးနေသည်
ပစ္စုပ္ပန်ခဏမှာ ငါ နေသည်
ဤခဏကား အံ့ဖွယ်သရဲဟု ငါသိသည်။

“ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်” ဤဝါကျကို ရွတ်သည်မှာ ရေအေးအေးတစ်ခွက်သောက်သည်နှင့် တူမည်။ အေးမြခြင်း၊ လန်းဆန်းခြင်း တို့ခန္ဓာတလျှောက် ပြန့်သွားသည်ဟု ခင်မျာ ခံစားရမည်။ အသက်ရှူသွင်းပြီး ဒီဝါကျကို ကျုပ်ရွတ်လျင် .. အသက်ရှူခြင်းက ကျုပ်ခန္ဓာ၊ ကျုပ်စိတ်ကို တည်ငြိမ်စေသည်ဟု ကျုပ်တကယ် ခံစားရသည်။


“ရှူထုတ်လျက် ငါ ပြုံးနေသည်” ခင်များလည်း အပြုံးရဲ့ အာနိသင်ကို သိသည်။ အပြုံးတစ်ခုဟာ မျက်နှာက ကြွက်သားများကိုလျှော့၊ ခင်များရဲ့ အာရုံကြောအဖွဲ့ကို ပြေစေသည်။ ပြုံးလိုက်သည်နှင့် ခင်များဟာ ခင်များကိုယ်ကို နိုင်သူဖြစ်သွားသည်။ ဒါကြောင့် ဗုဒ္ဓနှင့် သူ၏သာဝကမျာ အမြဲပြုံးနေကြခြင်းဖြစ်သည်။ ပြုံးကြည့်စမ်းပါ။ အပြုံး၏ တအံ့အသြ တထူးတဆန်းကို ခင်များသိမည်။


“ပစ္စုပ္ပန်ခဏမှာ ငါ နေသည်” ဒီမှာ ထိုင်နေဆဲ တခြားနေရာကို ကျုပ်မစဉ်းစား၊ အတိတ်ဖြစ်ပါစေ၊ အနာဂတ်ဖြစ်ပါစေ။ ကျုပ် ဒီမှာ ထိုင်သည်။ ကျုပ်ဘယ်မှာဟု ကျုပ်သိသည်။ ထိုဟာကား အရေးကြီးသည်။ အနာဂတ်မှာ ကျုပ်တို့ ရောက်ရောက်နေတတ်သည်။ ယခု(ဝါ)ပစ္စုပ္ပန်မှာ မရှိတတ်။ ကျုပ်တို့ ပြောလေ့ရှိသည်။ “ဘွဲ့ရအောင် စောင့်ဦးမယ်။ ဒေါက်တာဘွဲ့ရတဲ့အခါမှ၊ အဲသည်တော့မှ ကျုပ်တကယ် လူစဖြစ်မှာ” ရပြီးတဲ့အခါမလည်း ပြောလေ့ရှိသည်။ အလုပ်ရအောင် စောင့်မှဖြစ်မယ်။ အဲသည်တော့မှ ကျုပ် လူစလုပ်ရမှာ။ အလုပ်ရပြီးတော့လည်း ကား၊ ကားပြီးတော့ အိမ်။ တကယ်စင်စစ် ပစ္စုပ္ပန်မှာ ကျုပ်တို့ အသက်ရှင်နေထိုင်ကြသည် မဟုတ်။ ဘယ်တော့မှန်းမသိသော အနာဂတ်။ ထိုအနာဂတ်ဆီသို့ ကျုပ်တို့၏ ရှင်သန်နေထိုင်ခြင်းကို ရွှေ့ ထားလေ့ရှိသည်။ “အခု”ဆိုသော ခဏမှာ မနေ။ တစ်ဘဝလုံး ဘယ်အချိန်မှာမှ ကျုပ်တို့ ရှင်သန်နေထိုင်ဟန် မတူ။ ထို့ကြောင့် နေနည်း..ဘဝနေပုံထိုင်ပုံနည်း ပြောရလျှင်။ ယင်းနေနည်းကား ပစ္စုပ္ပန်မှာ တည်ရှိခြင်း၊ “ဒီမှာ”၊ “ယခု”ကျုပ်တို့ ရှိနေသည်။ ဒီခဏသည်သာ ကျုပ်တို့ရှင်သန်သော အချိန်ဖြစ်သည်ဟု သိမှတ်ခြင်းဖြစ်သသည်။

ဤခဏကား အံ့ဖွယ်သရဲဟု သိသည်။ ဤခဏသာ အစစ်အမှန်ဖြစ်သည်။ “ဒီမှာနှင့် ယခု” ၌ ရှိလျက် ပစ္စုပ္ပန်ဆတ်ဆတ်ကို ခံစားရန်၊ ဤသည်ကား ကျုပ်တို့၏ အရေးကြီးဆုံးကိစ္စ ဖြစ်သည်။ “တည်ကြည်၊ ပြုံး၊ ယခု ခဏ၊ တထူးတဆန်း အံ့ဖွယ် သရဲ တစ်ခဏ” ခင်များ ကြိုးစားကြည့်စမ်းမည်ဟု ကျုပ် မျှော်လင့်ပါသည်။

သစ်ခ်နတ်ဟန်(ရေး)
မောင်မြတ်ထင်(မြန်မာပြန်)

(ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် (၁၇)၊ ဇွန်လ၊ ၂၀၀၇ ပါ စင်ကြယ်သောစိတ် မှ ဆောင်းပါးကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, October 2, 2008

ကျနော် ကဗျာရွတ်ပါရစေ။

ဒီတစ်ခါလည်း ဗုံသံတွေထဲ ကျွံကျနေတဲ့ ကဗျာအလှကိုပဲ ရွတ်ပါရစေ။

ဒါဟာ ကျနော်တို့E-Journalမှာ ပင်တိုင်ကဗျာရေးတဲ့၊ သူ့ရင်ခုန်သံဟာ “ကဗျာ”၊“ကဗျာ”လို့ထွက်နေရှာတဲ့ ဆရာတောကြောင် နှင့် တောင်းစုတ်၊ပလုံးစုတ်သာ စွန့်ပယ်နိုင်ရှာပြီး၊ E-Journal ကို မစွန့်ခွာနိုင်ရှာတဲ့ ဆရာ သုခမိန် တို့ကို အမှူးထားကာ ကျနော့်ရဲ့ ဝတ္တရားတစ်ရပ်ကို ထမ်းရွက်ခြင်းဖြစ်ပါတယ်။

အဲဒီတော့ ထုံးစံအတိုင်း ကဗျာလေးကို နားမဆင်ခင် ကိုယ့်ကိုယ်ကို အရင်ပြင်ဆင်ကြရအောင်…….


ကျေးဇူးပြုပြီး……….
သင့်ခန္ဓာကိုယ် အနေအထားကို မတ်မတ်ကလေးထားလိုက်ပါ။
တစ်ကိုယ်လုံးက အကြောတွေလျော့နေပါစေ။
မျက်လွှာကလေးတွေကိုသိမ်းလိုက်ပါ။
အသက်ဝဝရှုသွင်းပါ။
(၁) ကနေ (၁၀) ထိ ရေတွက်ပါ။
ပြီးမှ ပြန်ရှုထုတ်ပါ။
……………………………………………
အဲသလို (၅) ကြိမ်လုပ်ပါ။

ကျနော်ကဗျာ ရွတ်ပါတော့မယ်။







ရိုးရိုးလေးနဲ့လှနေတာ
ခေါင်းဖြီးမထားဘူး ၊
ပြောင်ပြောင်လက်လက်တွေ ဝတ်မထားဘူး ၊

လသာပုံကအစ
ယဉ်ယဉ်ကလေးရယ်

အခါတိုင်းလို
ဗုံသံတွေထဲ ကျွံကျနေတဲ့
ညလဲမဟုတ်ဘူး ။
လေတစ်ဖြူးဖြူးနဲ့ ည
လကိုတစ်ကိုယ်လုံးမြင်ရတဲ့ ည
ကြယ်တွေဆိုလဲ
မျက်စိနောက်စရာကောင်းလောက်အောင်
များ များ စား စားကြီး ရှိမနေဘူး ၊
ယောက်ယက်ခတ်မနေဘူး ၊
တစ်ပွင့်ချင်းနဲ့တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေးထွန်းနေတာ
သိပ်ကို အချိုးအစားကျတဲ့ ည

သဘာဝဖြစ်ရက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာလှပခွင့်မရတဲ့
သဘာဝတရားဟာ
ဒီညထဲ
သဘာဝကျစွာလှပလို့ ၊

ဟိုယခင်
ရှောင်ပုန်းနေတဲ့ညတွေကို
အလင်းတစ်ဝက် ၊ အလွမ်းတစ်ဝက်နဲ့
ဂလဲ့စားချေနေသလိုမျိုး ၊

နဂိုကလှပြီးသား ည
စိတ်လွတ်ကိုယ်လွတ်နဲ့
လှချင်တိုင်းလှထွက်သွား
ညငတ်နေတဲ့သူ
ဒီညကို မေတ္တာသက်ဝင်မဆုံးပေါ့ ။


နှလုံးသား ဖမ်းဆီးချုပ်နှောင်မထားတဲ့


လရောင်မှန်သမျှ အလဟဿမဖြစ်စေရတဲ့


သန်းကောင်ယံပင်ဖြစ်လင်းကစား
ပန်းရနံ့တွေကိုဝှက်မထားတဲ့

ကြယ် ပေါင်း ရံ ခ
ကွန်ထဲကလွတ်ထွတ်လာတဲ့ညရယ်
ငါ ချက်မစားရက်ပါဘူး ။……….။

မောင်သိန်းဇော်

ဆက်ဖတ်မယ်ဆိုရင် ...