Sunday, October 19, 2008

I really dislike U, MR.


“မမ”အတွက် ချစ်ခြင်းပါတဲ့ အမုန်း။

ကျွန်တော်ရဲ့ ခံစားချက်အပိုင်းအစတွေကို “မမ”ကတော့ သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ “မမ”ရေ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတစ်ဦးဆီမှာ “မမ”အကြောင်းကို ရင်ဖွင့်ချင်မိတာ သက်သက်လေးပါ။ “မမ”နားလည်နိုင်မယ် ထင်ပါရဲ့။ တစ်နေရာကနေများ “မမ”ကြားနိုင်ခဲ့ရင်၊ ကျွန်တော့်ရင်ဖွင့်သံတွေကို နားဆင်နိုင်ခဲ့ရင်၊ နားလည်ပေးစေချင်တာ။ ဒါအရိုးသားဆုံးနဲ့ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုအပါအဝင်ပေါ့။



“မမ”ကို မတွေ့တာကြာပြီ ပြောချင်ပေမဲ့ တတ်နိုင်သလောက် အဝေးဆုံးမှာ ကျွန်တော်နေခဲ့တာပါ။ ကျွန်တော်ဝန်ခံရမှာပါပဲ။ “မမ”ရဲ့ ပတ်ဝန်းကျင်၊ အပြုအမူတွေ၊ နောက်ပြီးတော့ “မမ”မှာက ဘာမဟုတ်တဲ့ကိစ္စ ကျွန်တော့်မှာတော့ ရင်နဲ့အမျှတွေလေ။ ဒါတွေကြောင့်ပေါ့ “မမ”ရေ။ အဝေးတစ်နေရာကနေ “မမ”ရဲ့ ကြည်နူးစရာဘဝကို မသိမသာပဲ ကျွန်တော် ရောင်ပြန်ဟပ်ခဲ့တာပါ။ အချစ်ကြီးသူတွေက အမုန်းကြီးတတ်သတဲ့ “မမ”ရယ်။ ကျွန်တော်ကတော့ အမုန်းတွေကို တတ်နိုင်သလောက် ဖြေဖျောက်ပါတယ်။ အမုန်းဆိုတာ ကမ္ဘာကိုပျက်သုန်းစေသတဲ့လို့ မပြောချင်ဘူး၊ အမုန်းကိုသာရင်ဝယ်ပိုက်ကြည့် အမုန်းက ရင်ခွင်ကိုစားသုံးပြီး ပိုင်ရှင်ကိုယ်တိုင် ပျက်သုန်းတတ်စေတာလေ။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့၊ ဘဝဆိုတာ ဂျီသြမေတြီ ပုဒ်စာတစ်ပုဒ်မှ မဟုတ်တာတဲ့။ ကျွန်တော်နှစ်သက်လို့ မှတ်မိနေတဲ့စကားပေါ့။ “မမ” – “မမ”ကိုတွေးကြည့်စေချင်တာပါ။ စကားတစ်ခွန်းကိုတောင် နှစ်သက်လို့ မကြာခဏသတိရစေတယ်ဆိုရင် “မမ”အပေါ်မှာရှိတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်နှစ်သက်မှုကို ဘာမှ သက်သေပြစရာမလိုတော့ပါဘူး။ ဟိုး.. ငယ်စဉ်ကလေးဘဝကတည်းက “မမ”ရဲ့ဖမ်းစားမှုမှာ ကျရှုံးနေပြီးသားလေ။ ဘာမဟုတ် ညာမဟုတ် အရုပ်ကလေးတွေကိုတောင် တစ်ကယ့်“မမ”လိုပဲ ခံစားမိခဲ့တာ။ ပထမဆုံး “မမ”ကိုထိတွေ့ခွင့်ရတဲ့နေ့က ဘဝမှာ ခဏတာကြီးကျယ်သွားခဲ့မိသေးတယ်။ “မမ”ရဲ့ဘဝထဲကို ဘာမှနားမလည်တတ်သေးတဲ့ ပါမွှားလေးကျွန်တော် စီးဝင်လို့ ပျော်ခဲ့ဘူးလေရဲ့။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

မုန်းဖို့ကြိုးစားရင်း မေ့ဖို့ကြိုးစားရင်း ရင်မှာပိုပို သတိရလာတယ်တဲ့။ ဇော်ဝင်းထွဠ်ရဲ့ သီချင်းအပိုင်းအစ ကျွန်တော့်အတွက် ဖြစ်နေရပြီ။ “မမ”ကိုမုန်းကြောင်းပြောမယ်ဆိုမှ ချစ်ခဲ့ဖူးတာတွေကိုပဲ ပြန်သတိရနေမိပြန်တယ်။ ကျွန်တော့်ရဲ့ ကျောင်းသားဘဝတစ်လျှောက် “မမ”နဲ့ ထိတွေ့ဖူးတာလေးတွေ။ ကျောင်းပိတ်ရက်တိုင်းရဲ့ အကောင်းဆုံးအဖော်လို့ ကျွန်တော်တွေးခဲ့တာ မှားတော့ မမှားခဲ့ပါဘူး။ မေမေ့ရင်ခွင်ပြန်တိုးချင်လို့ မြို့ငယ်လေးကို အပြေးပြန်တိုင်းမှာ “မမ”နဲ့အတူ ရင်းနီးခဲ့ဘူးတာတွေဟာ ပျော်စရာအတိတ်တွေပါ။ ကြည့်လိုက်စမ်းပါ “မမ”ရယ်။ ပြန်တွေးရင်းအခု ကြည်နူးမှုတို့ စီးဝင်နေတာများ မုန်းဖို့တောင် ခက်လှချည်ရဲ့။ အချိန်ကိုစီးနင်းရတော့ ကျွန်တော် စကားတတ်သွားတယ်ထင်ပ။ “မမ” – “မမ”ကိုပြုပြင်လို့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကျွန်တော်မြင်ချင်လွန်းလှတယ်။ တစ်ကယ်မြင်ချင်တယ် “မမ”ရယ်။ ဒါပေမဲ့“မမ”ရေ ကျွန်တော် “မမ”ကိုမုန်းတယ်။

မုန်းတယ်“မမ”ရေ။ တစ်ကယ်ကိုမုန်းတယ်။ မုန်းလွန်းလို့ ဝေးဝေးကိုတောင် ရှောင်ပုန်းခဲ့ပါတယ်။ တိုက်ဆိုင်တဲ့ ဒီတစ်ရက် ကျွန်တော် “မမ”ဆီကို ပြန်ဆင်းသက်ခဲ့ရတယ်။ ဘာလို့လည်း“မမ”ရယ်။ ဘာလို့ ကျွန်တော်တို့ထိတွေ့မှုက မနွေးထွေးတာလည်း။ ဘာလို့ စိတ်ရှိတိုင်း“မမ” ပျက်စီးနေရတာလည်း။ မကောင်းဘူး“မမ”ရယ်။ “မမ”မကောင်းဘူး။ ကျွန်တော်အရင်လို မနှစ်သက်တော့ပေမဲ့ ချစ်ခင်လျှက်ပါ။ ဝေးဝေးမှာနေရင်း “မမ”ရဲ့တိုးတက်မှုကိုမကြားမိတာလို့ ထင်နေတဲ့ ကျွန်တော့်ရဲ့စိတ်တွေ ပြုတ်ကျကုန်ပေါ့။ အချိန်တွေဆိုတာ “မမ”ဆီမှာနယ်ကျွံလို့ မျဉ်းကွေးတစ်ခုနဲ့ စကြဝဠာအပြင်များ ထွက်သွားလေသလား။ လူလူချင်းဆိုတဲ့ ယဉ်းကျေးမှုကိုရော “မမ”မသိကျိုးကျွန်ပြုနေနိုင်တယ်။ နွမ်းပါးမှုကို လက်ညိုးမထိုးချင်ပါနဲ့လား။ အဆင်ပြေတဲ့ အဖြေတစ်ခု အမြဲရှိနေတတ်တာပဲဟာ။ ဘယ်လိုပြောပြော ကျွန်တော် “မမ”ကိုမုန်းတယ်။ မစွန့်ပယ်ချင်တဲ့ အမုန်း။ ချစ်ခြင်းဖွဲ့အမုန်းတွေပါ။ “မမ”များကြားသိနိုင်မယ်ဆိုရင် ကျွန်တော်လေ “မမ”ကိုပြုပြင်စေချင်လိုက်တာ။

ဟုတ်တယ်“မမ”၊ အချိန်တွေလမ်းလျှောက်တော့ ကျွန်တော့်စကားတွေ “မမ”အတွက် အဆိပ်လိုတောက်ချင်နေတယ်။ ကဲထားတော့လေ၊ နော်။ ကျွန်တော့်မိတ်ဆွေကို ကျွန်တော်စကားပြောလိုက်အုံးမယ်။
X X X
ဟေ့… မိတ်ဆွေကြီး။ ကျန်းခန့်သာလို့ မာနေတယ်နော်။ ကောင်းလေစွ၊ ကောင်းလေစွ။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက် ကျွန်ုပ် မီးရထားနဲ့ ခရီးထွက်ခဲ့တယ်ဗျ။

သုခမိန်။…..။

10 comments:

khin oo may said...

တောက်လျှောက်ဖတ်လာခဲ့တယ်။ နောက်ဆုံး ၂ကြောင်း က ဘယ်ကထွက်လာတာလဲ။ နားမလည် လိုက်ဘူး။

Anonymous said...

ကောင်းလိုက်တဲ့ စကားပြေအရေးအသားဗျာ။
အားရလိုက်တာ။ အားကျလိုက်တာ။
ဆရာသုရေ…. အချိန်ကလေးတွေ အားပါစေ။
စိတ်ကလေးတွေ ယားပါစေ။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဆက်လက်ချီတက်နိုင်ပါစေ။

khin oo may said...

ဖတ်သူညံ့ ခြင်းသာ ဖြစ်ပါတယ။်

Anonymous said...

“မမ”အတွက် ချစ်ခြင်းပါတဲ့ အမုန်း ပို့စ်ကလေးမှာ စကားလုံးအသုံးအနှုန်း၊ အရေးအသားနဲ့ တင်ပြပုံလေးများကို ကျွန်တော် သိပ်ကို သဘောကျနှစ်ခြိုက်မိပါတယ်။
“အမုန်းကိုသာရင်ဝယ်ပိုက်ကြည့် အမုန်းက ရင်ခွင်ကိုစားသုံးပြီး ပိုင်ရှင်ကိုယ်တိုင် ပျက်သုန်းတတ်စေတာလေ“ သိပ်ကို နှစ်ခြိုက်မိတဲ့စကားစုလေးပါ၊ အမုန်းရဲ့ သဘာဝကို ထိထိမိမိကို ခံစားမိပါတယ်၊ နောက်ရှိနေပါသေးတယ်။
“အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့၊ ဘဝဆိုတာ ဂျီသြမေတြီ ပုဒ်စာတစ်ပုဒ်မှ မဟုတ်တာတဲ့” အဲဒါကိုလည်း တော်တော်လေး သဘောကျမိတယ်ဗျာ။ ရင်ဘတ်ကို တိုက်ရိုက်ထိတဲ့ စကားစုလေးပါ။
“မီးရထားနဲ့ ခရီးထွက်ခဲ့တယ်ဗျာ ...”
နောက်ဆုံးစကားစုလေးကတော့ ကျွန်တော့်ကို ဒွိဟဖြစ်သွားတဲ့ခံစားမူကို ခံစားမိစေပါတယ်။ သိပ်ကိုကောင်းမွန်တဲ့ ပိုစ့်လေးတစ်ခုဖြစ်ပါကြောင်း Comment ပွတ် မှတ်ချက်ပြုမိပါကြောင်း ... ။

လေးစားစွာဖြင့်

May Moe said...

ဖတ်နေရင်း နဲ့ မမ ဆိုတာ မြန်မာ့ မီးရထားလားမသိလို့ထင်နေတာ ဟီး မှန်သွားတယ် :P

Unknown said...

ဟေး
တို့လည်း မမကို သိပ်မုန်းတယ်သိလား။ ဘယ်တော့မှအချိန်မမှန်ဘူး။ အိမ်ပြန်ချိန်ကိုလည်းမသိဘူး။ ပြီးတော့သိလား အရမ်းညစ်ပတ်တယ်။ ဒါပေမယ့် တို့ကပိုက်ဆံမရှိတော့ မမနဲ့ပဲ အတူတူသွားလာနေရတာပါပဲ။ မမက ဘေးတော့ကင်းပါတယ်။ ဟ ဟ။

မယ် said...

သြော်.....

မသက်ဇင် said...

ကိုသုခမိန်ရေ----
မမ အတွက် ချစ်ခြင်းပါတဲ့ အမုန်း ဆိုတော့---
စာဖတ်သူကို နိဒါန်းလေးနဲ့ ဆွဲခေါ်သွားလိုက်တာ--
စကားပြေအရေးအသားကလည်း
ကောင်းပါ့ရှင်---
ထပ်ခါထပ်ခါ ပြန်ဖတ်နေမိတယ်---
ခင်မင်လျက်

ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးမိန်...
ဒါမျိုးရေးတာ ပထမဦးဆုံးဖတ်မိတာပါ...
ဟိုးးး အရင် post တွေမှာရှိကောင်းရှိနိုင်ပါတယ်
မဖတ်ဖူးတာမျိုးလည်း ဖြစ်နိုင်ပါတယ်..
ဖတ်လို့ အရမ်းကောင်းတာဘဲ...

ဘာတဲ့.............
“မမ” ကို ကျွန်တော်မုန်းတယ်.. ဟုတ်လား..!!
ဂယ်ရီးလား..!! :P :P :P
ယုံဝူးနော်...!! ဟီးးးး

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ ဟိုတုံးက အိမ်ပြန်ချိန်တွေကို သွားသတိရသဗျ။ ကျနော်တို့မြို့လေးက ရန်ကုန်က သွားမယ်ဆိုရင် မမ နဲ့မှ အဆင် သကိုးဗျာ။ ကားနဲ့သွားရင်တော့ နောက်တဆင့်ပြောင်းရတော့ အလုပ် ရှုပ် သဗျာ။ အချိန်မတော် ကြီးရောက်ပြန်ရင်လည်း နောက်တဆင့်ပြောင်းရတာ ခက်လွန်းလို့ ကျနော်တို့ မြို့သားတွေရဲ့ အားထားရာကတော့ မမ မှ မမ ပဲပေါ့။ ပြီးတော့ ကျနော်တဲ့ မြို့ရဲ့ နာမည်ကျော် ထွက်ကုန်တွေကို ရန်ကုန် ကို သယ်ဆောင်ပေးတာလဲ မမ ပဲပေါ့ဗျာ။ ကျနော်လည်း ငယ်ကတည်းက မှတ်မှတ်ရရ ရှိနေတာက မမ ပေါ့။ ပြောရရင်တော့ စုံလှသဗျာ။ မမက လူတွေရဲ့ သမိုင်းကို တော်တော် သိသဗျ။ ပြီးတော့ အဲဒီ ခရီးသွား မိဘ ပြည်သူဆိုတာတွေကပဲ မမကို ဖျက်ဆီးကြ။ ဒီလိုနဲ့ မမ ဘ၀လည်း မလှမပတွေဖြစ် ပြီး လုံးချာလည် လိုက်တာ ခုဆို မိုးရွာရင် ရေယို၊ ညဆို လကွယ် ထက်ဆိုး၊ မိုးတိုး မတ်တတ်ပဲ ခရီးသွားလို့ရ . . . . သြော် မမ ရေ . . . . . .