Sunday, October 5, 2008

ပြုံးပါ

၁။
ပြုံးပြီးတော့ နေတယ်။
ပျော်ပြီးတော့ နေတယ်။
ငါ ငြိမ်းချမ်းနေတယ်။
ငါ ရွှင်လန်းနေတယ်။
ကျေနပ်ပြည့်ဝအားရနေတယ်။
စက္ကန့်တိုင်းမှာ သိနေတယ်။
ငြိမ်းချမ်းခြင်းကိုမျှဝေတယ်။
အကြွင်းမဲ့ချစ်တယ်။
………………………………..
ကျွန်တော့် အလုပ်စားပွဲပေါ်မှာ ထောင်ထောင်ကလေးရပ်နေတဲ့ ဓာတ်ပုံမှန်ပေါင်လေးထဲက စာသားလေးတွေပါ။ ကျွန်တော် လိုက်နာကျင့်ကြံနေထိုင်နေတဲ့ ဘဝနေနည်းလည်း ဖြစ်ပါတယ်။

၂။ ကျွန်တော် နေထိုင်ရာ ဒေသက စာအုပ်ရောင်းတဲ့ဆိုင်မှာ ချင်းတွင်းမဂ္ဂဇင်းကို လစဉ် တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီဆိုင်က လစဉ် (၅)အုပ် တင်ပေးပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီဆိုင်တွေဘက်ကို အရောက်အပေါက်နည်းတာကြောင့် တချို့ လတွေမှာ ဖတ်ခွင့်မရပါ။

၃။ တစ်ခါတစ်ရံ တချို့ ဘလော့တွေမှာ စာကောင်းပေကောင်းတွေ(ချင်းတွင်းမဂ္ဂဇင်းထဲက စာလေးတွေအဝင်အပါ) ဝေငှထားတာဖတ်ရတဲ့အခါ ကျွန်တော့်မှာ ရေတွင်းထဲကျတဲ့ ရေငတ်သူပမာ အားရဝမ်းသာ ကျေးဇူးတင်မဆုံးပါ။

၎။ ဒါကြောင့် ကျေးဇူးပြုပြီး ကျေးဇူးဆပ်ခွင့်ပြုကြပါ ခင်မျာ။

၅။ E-Journal မှာ ကျွန်တော် ပါဝင်ရေးသားနေတာ ဝါသနာကြောင့် မဟုတ်ပါ။ တတ်နိုင်သမျှ လုပ်နိုင်တာလေးလုပ်နေတဲ့သဘောမျှသာ။

၆။ အခု ကျွန်တော် အလုပ်လုပ်ပါရစေ။ :-)
ဆက်ဖတ်မယ့် နံပတ် (၇)ဟာ ကျွန်တော် အလုပ်နဲ့ ကျေးဇူးဆပ်ထားတာလေးပါခင်မျာ။



၇။

ပြုံးပါ


ဘဝကား ဒုက္ခနှင့် ပြည့်နေသည်။ ဒါပေသိ ကောင်းကင်ပြာ၊ နေရောင်ခြည်၊ ကလေးသူငယ်၏မျက်လုံး စသော တအံ့တသြ တထူးတဆန်းတို့လည်း ဘဝ၌ ရှိသည်။ ဘဝကတော့ ဒုက္ခချည်းပဲဟု ခံစားနေလျှင် မနိပ်။ ဘဝ၏ တအံ့တသြ တထူးတဆန်းများနှင့်လည်း ကျုပ်တို့ တွေ့ထိနေရလိမ့်မည်။ တကယ်တော့ ကျုပ်တို့ အတွင်းထဲ၊ ကျုပ်တို့ပတ်ပတ်လည်၊ နေရာတကာ၊ ဘယ်အချိန်မဆို တအံ့အသြဖြစ်စရာများ ရှိနေသည်။

ကျုပ်တို့ မပျော်ရွှင်၊ ကျုပ်တို့ မငြိမ်းချမ်းက ပျော်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို တခြားသူတို့နှင့် မဝေမျှနိုင်၊ ချစ်သူတို့ကိုသော်မှ တမိုးအောက်နေသူတို့ကိုသော်မှ မပေးနိုင်။ ကျုပ်တို့ ပျော်ရွှင်၊ ကျုပ်တို့ ငြိမ်းချမ်းပါမှ ကျုပ်တို့ပြုံးနိုင်၍ ပန်းတစ်ပွင့်ကဲ့သို့ ပွင့်နိုင်သည်။ ထိုအခါ ကျုပ်တို့မိသားစု ကျုပ်တို့အသိုက်အဝန်း အကျိုးအရှိသည်။

ကောင်းကင်ပြာ၏အလှကို အရသာခံစားဖို့များ ကျုပ်တို့အားထုတ်နေဖို့ လိုပါသလား။ လေ့ကျင့်နေဖို့ကော လိုပါသလား။ မလိုပါ။ အရသာခံလိုက်ရုံမျှသာ၊ စက္ကန့်တိုင်း မိနစ်တိုင်း အဲသလို နေလို့ရသည်။ ဘယ်နေရာမဆို ဘယ်အချိန်မဆို နေရောင်ကို အရသာခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။ ကောင်းကင်ပြာကို ကြည့်ရန် အမေရိကန်သွားစရာ မလိုပါ။ အသက်ရှူသည်ကို သိနေခြင်းမှာ အရသာခံရန် အနာဂတ်ကို သွားစရာ မလိုပါ။ ယခုချက်ချင်းပင် ထိုအရာများကို တွေ့နိုင်ပါသည်။ ဒုက္ခချည်းသာဟု သိနေလျှင် ကျုပ်တို့ခမျာ သနားစရာကောင်းလှသည်။

ကျုပ်တို့ ချစ်ခင်သောသူများကိုမှ မကြည့်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုမှ ငဲ့မကြည့်နိုင်လောက်အောင် ကျုပ်တို့မှာ ကိုယ့်အိမ်ထဲ၌ပင် အချိန်ရှားပါး အလုပ်ရှုပ်နေကြသည်။ လူ့အဖွဲ့အစည်းက ထိုသို့ဖြစ်နေသည်။ အားလပ်လျှင်သော်မှ ကိုယ့်ကိုယ်ကို ပြန်ထိတွေ့ဖို့ အချိန်အသုံးပြုရကောင်းမှန်း မသိကြတော့။ အဖိုးတန်အချိန်ကို ဖြုန်းပစ်ဖို့ နည်းတစ်ရာရှိနေသည်။ တီဗီဖွင့်သည်။ တယ်လီဖုန်းဆက်သည်၊ ကားမောင်း၍ တစ်နေရာရာ သွားသည်။ ကိုယ်က “ကိုယ်၏ဖြစ်တည်ခြင်း” နှင့် အကျွမ်းတဝင် မရှိလှ၊ မိမိက မိမိကိုယ်ကို မကြိုက်သကဲ့သို့ ဖြစ်နေလျက် မိမိက မိမိကိုယ်မှ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။

တရားထိုင်ခြင်းကတော့ ဘာဖြစ်နေသည်ကို သိဖို့ ဖြစ်သည်။ ကျုပ်တို့ ခန္ဓာမှာ၊ ကျုပ်တို့ စိတ်မှာ၊ ကျုပ်တို့ ဝေဒနာမှာ ပြီးတော့ ကမ္ဘာမှာ .. ။ နေ့တိုင်း နေ့တိုင်း ကလေး လေးသောင်း အစာငတ်မွတ်၍ သေသည်။ နျူးကလီးယားထိပ်ဖူး ငါးသောင်းက ကမ္ဘာကို လေးငါး ဆယ်ခါထိ ဖျက်နိုင်သည်။ ပသို့ဆိုစေ နေအရုဏ်တက်မှာ လှသည်၊ နံရံပေါ်မှ မနက်ကပွင့်သော နှင်းဆီပန်းမှာ အံ့ဖွယ်သရဲ။ ဘဝသည် စိုးရွံ့ ဖွယ် လည်းကောင်း၍ ရွှင်လန်းစရာလည်း ဖြစ်၏။ တရားထိုင်ခြင်းကား ထိုနှစ်ခုစလုံးကို ထိတွေ့ဖို့ ဖြစ်လေသည်။ တရားထိုင်ဖို့ ဣနြေ္ဒကြီးနှင့် နေမှရမည်ဟု မမှတ်နှင့်။ ကောင်းကောင်းတရားထိုင်ဖို့ အများကြီးပြုံးရမည်။

မကြာခင်က ကလေးတစ်စုနှင့် ထိုင်နေခဲ့ရာ “တင်” ဟူသော သူငယ်လေး၏ အပြုံးက ချစ်စရာကောင်းလှကြောင်း တွေ့သည်။ “ တင် .. မင်းအပြုံးက တယ် ချစ်စရာကောင်းတာကိုး”ဟု ကျုပ်က ပြောသောအခါ “ကျေးဇူးတင်ပါတယ်”ဟု “တင်”က ပြန်ပြောသည်။ “မင်းက ကျေးဇူးတင်စရာ မလိုဘူး။ ကျုပ်ကသာ ကျေးဇူးတင်ရမှာ၊ မင်းအပြုံးကြောင့် ပိုပျော်စရာ ကောင်းသွားသကွ၊ ကျေးဇူးတင်ပါတယ်လို့ ပြောမယ့်အစား ရပါတယ်ဗျာ လို့ပြော၊ ဒါမှမဟုတ် သာဓု သာဓုလို့ ပြောကွာ”

ကလေးတစ်ယောက်၏ အပြုံးဖြစ်စေ၊ လူကြီးတစ်ယောက်၏ အပြုံးဖြစ်စေ အပြုံးများကား အရေးကြီးသည်။ ပြုံးနိုင်သည်ရှိသော် ငြိမ်းချမ်း၍၊ ပျော်နေသည်ရှိသော် ကျုပ်တို့သာမက လူတိုင်းအတွက် ကောင်းလို့ဖြစ်၏။ ယင်းအရာကား ငြိမ်းချမ်းရေးလုပ်ငန်း၏ အခြေခံအကျဆုံး ဖြစ်လေသည်။ တစ်ခါတစ်ရံမှာ ဖြေလျှော့ဖို့၊ ငြိမ်းချမ်းဖို့ ရိပ်သာသွားဖို့ အချိန်ယူရမလား အောက်မေ့ကြလိမ့်မည်။ သတိ သမာဓိရှိတဲ့ တစ်ရက်တလေပေါ့။ ဖြည်းဖြည်းဆေးဆေး လမ်းလျှောက်၊ ပြုံးပြ၊ မိတ်ဆွေတစ်ယောက်နဲ့ ရေနွေးကြမ်းတစ်ခွက်သောက်၊ ကမ္ဘာပေါ်မှာဖြင့် တို့လောက်ပျော်တဲ့သူ ရှိမယ် မထင်ဘူးကွလို့ စကားအတူပြောဖို့။ တကယ်တော့ ဒါမျိုးဟာ နောက်ဆုတ်တာမဟုတ်၊ ရှေ့ တိုးတာ၊ စင်္ကြံလျှောက်စဉ် ဖြစ်စေ၊ စားဖိုဆောင်မှာ၊ ဥယျာဉ်ထဲမှာ အလုပ်အလုပ်နေစဉ်ဖြစ်စေ တင်ပြင်ခွေပြီး တရားရှုမှတ်စဉ်ပဲ ဖြစ်စေ တစ်နေ့ခင်းလုံး ပြုံးရယ်ဖို့ လေ့ကျင့်နိုင်သည်။ ပထမတော့ ပြုံးဖို့ခက်မှာပဲ။ ဘာကြောင့်လဲ စဉ်းစားရုံပါပဲ။ ပြုံးရယ်ခြင်းရဲ့ အဓိပ္ပာယ်က ကျုပ်တို့က ကျုပ်တို့ပါပဲ။ ကျုပ်တို့က ကျုပ်တို့ကိုယ်အပေါ်မှာတော့ ပိုင်ပိုင်နိုင်နိုင်ရှိတယ်။ ပြီးတော့ မမေ့မလျှော့တဲ့ အပ္ပမာဒတရား ရှိသူတွေပဲ၊ အဲသလို အဓိပ္ပာယ်ရှိသည်။ အဲသလို အပြုံးကို ဘုရားကိုယ်တော်တိုင်နဲ့ ရဟန်းတွေရဲ့ မျက်နှာတော်မှာ တွေ့နိုင်သည်။

တစ်ခါတလေမှာ ခင်များရွတ်ချင်ရွတ်ဖို့ ကဗျာတိုလေးတစ်ပုဒ် ကျုပ်ပေးချင်သည်။ အသက်ရှူရင်း ပြုံးရင်း ရွတ်ပါ။

ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်
ရှူထုတ်လျက် ငါ ပြုံးနေသည်
ပစ္စုပ္ပန်ခဏမှာ ငါ နေသည်
ဤခဏကား အံ့ဖွယ်သရဲဟု ငါသိသည်။

“ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်” ဤဝါကျကို ရွတ်သည်မှာ ရေအေးအေးတစ်ခွက်သောက်သည်နှင့် တူမည်။ အေးမြခြင်း၊ လန်းဆန်းခြင်း တို့ခန္ဓာတလျှောက် ပြန့်သွားသည်ဟု ခင်မျာ ခံစားရမည်။ အသက်ရှူသွင်းပြီး ဒီဝါကျကို ကျုပ်ရွတ်လျင် .. အသက်ရှူခြင်းက ကျုပ်ခန္ဓာ၊ ကျုပ်စိတ်ကို တည်ငြိမ်စေသည်ဟု ကျုပ်တကယ် ခံစားရသည်။


“ရှူထုတ်လျက် ငါ ပြုံးနေသည်” ခင်များလည်း အပြုံးရဲ့ အာနိသင်ကို သိသည်။ အပြုံးတစ်ခုဟာ မျက်နှာက ကြွက်သားများကိုလျှော့၊ ခင်များရဲ့ အာရုံကြောအဖွဲ့ကို ပြေစေသည်။ ပြုံးလိုက်သည်နှင့် ခင်များဟာ ခင်များကိုယ်ကို နိုင်သူဖြစ်သွားသည်။ ဒါကြောင့် ဗုဒ္ဓနှင့် သူ၏သာဝကမျာ အမြဲပြုံးနေကြခြင်းဖြစ်သည်။ ပြုံးကြည့်စမ်းပါ။ အပြုံး၏ တအံ့အသြ တထူးတဆန်းကို ခင်များသိမည်။


“ပစ္စုပ္ပန်ခဏမှာ ငါ နေသည်” ဒီမှာ ထိုင်နေဆဲ တခြားနေရာကို ကျုပ်မစဉ်းစား၊ အတိတ်ဖြစ်ပါစေ၊ အနာဂတ်ဖြစ်ပါစေ။ ကျုပ် ဒီမှာ ထိုင်သည်။ ကျုပ်ဘယ်မှာဟု ကျုပ်သိသည်။ ထိုဟာကား အရေးကြီးသည်။ အနာဂတ်မှာ ကျုပ်တို့ ရောက်ရောက်နေတတ်သည်။ ယခု(ဝါ)ပစ္စုပ္ပန်မှာ မရှိတတ်။ ကျုပ်တို့ ပြောလေ့ရှိသည်။ “ဘွဲ့ရအောင် စောင့်ဦးမယ်။ ဒေါက်တာဘွဲ့ရတဲ့အခါမှ၊ အဲသည်တော့မှ ကျုပ်တကယ် လူစဖြစ်မှာ” ရပြီးတဲ့အခါမလည်း ပြောလေ့ရှိသည်။ အလုပ်ရအောင် စောင့်မှဖြစ်မယ်။ အဲသည်တော့မှ ကျုပ် လူစလုပ်ရမှာ။ အလုပ်ရပြီးတော့လည်း ကား၊ ကားပြီးတော့ အိမ်။ တကယ်စင်စစ် ပစ္စုပ္ပန်မှာ ကျုပ်တို့ အသက်ရှင်နေထိုင်ကြသည် မဟုတ်။ ဘယ်တော့မှန်းမသိသော အနာဂတ်။ ထိုအနာဂတ်ဆီသို့ ကျုပ်တို့၏ ရှင်သန်နေထိုင်ခြင်းကို ရွှေ့ ထားလေ့ရှိသည်။ “အခု”ဆိုသော ခဏမှာ မနေ။ တစ်ဘဝလုံး ဘယ်အချိန်မှာမှ ကျုပ်တို့ ရှင်သန်နေထိုင်ဟန် မတူ။ ထို့ကြောင့် နေနည်း..ဘဝနေပုံထိုင်ပုံနည်း ပြောရလျှင်။ ယင်းနေနည်းကား ပစ္စုပ္ပန်မှာ တည်ရှိခြင်း၊ “ဒီမှာ”၊ “ယခု”ကျုပ်တို့ ရှိနေသည်။ ဒီခဏသည်သာ ကျုပ်တို့ရှင်သန်သော အချိန်ဖြစ်သည်ဟု သိမှတ်ခြင်းဖြစ်သသည်။

ဤခဏကား အံ့ဖွယ်သရဲဟု သိသည်။ ဤခဏသာ အစစ်အမှန်ဖြစ်သည်။ “ဒီမှာနှင့် ယခု” ၌ ရှိလျက် ပစ္စုပ္ပန်ဆတ်ဆတ်ကို ခံစားရန်၊ ဤသည်ကား ကျုပ်တို့၏ အရေးကြီးဆုံးကိစ္စ ဖြစ်သည်။ “တည်ကြည်၊ ပြုံး၊ ယခု ခဏ၊ တထူးတဆန်း အံ့ဖွယ် သရဲ တစ်ခဏ” ခင်များ ကြိုးစားကြည့်စမ်းမည်ဟု ကျုပ် မျှော်လင့်ပါသည်။

သစ်ခ်နတ်ဟန်(ရေး)
မောင်မြတ်ထင်(မြန်မာပြန်)

(ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် (၁၇)၊ ဇွန်လ၊ ၂၀၀၇ ပါ စင်ကြယ်သောစိတ် မှ ဆောင်းပါးကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။)

13 comments:

Winkabar said...

ပြုံးတာကတော့ စိတ်အတွက်အဟာရတစ်ခုပဲ။ ပြီးတော့ သူကဘေးကင်းတယ်လေ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ တွေ့တဲ့လူတိုင်းကိုလည်း စိတ်ချမ်းသာစေတယ်။ နောက်ပြီးတော့ ပြုံးထားတဲ့အခါကျရင် ဒေါသထွက်လို့မရဘူးတဲ့။ စမ်းကြည့် ကြည့်ပါလား :) ။

တားမြစ် ထားသော... said...

ပြုံး။ အားရပါးရ ပြုံးသွားပါတယ်။
တာဝန်ကျေမှုနဲ့ ကျေးဇူးဆပ်မှုတွေက ကျွန်တော့်အတွက်တော့ အဟာရဖြစ်စေပါတယ်။

ကျေးဇူးပါ ကိုမာရေးသျှင်။

သုခမိန်(E-Journal)

စူး said...

ပြုံးမိပါသည်။
သို့သော် ထိုအပြုံးသည် အပြစ်မကင်းစင်လှပါ။
သို့သော် ပြုံးမြဲ ပြုံးပါမည်။
စာကောင်းလေးအတွက် ကျေးဇူးပါ။

မသက်ဇင် said...

ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်
ရှူထုတ်လျက် ငါ ပြုံးနေသည်
ပစ္စုပ္ပန်ခဏမှာ ငါ နေသည်
ဤခဏကား အံ့ဖွယ်သရဲဟု ငါသိသည်။

ဝေငှ ပေးတာ ကျေးဇူးတင်လိုက်တာ----
မာရေးသျှင်ရေ----
E-journal လေးကတော့ အကျိုးပြုမှုတွေ
အတွက် စာစုံပါပဲနော်--အချိန်ရသလောက်
အထက်ပါစာပိုဒ် လေးအတိုင်းအချိန်ရသလောက်လုပ်နိုင်လေ
ကောင်းလေပါပဲ----
မသက်ဇင်ကတော့လေ---လေဒဏ်မိုးဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံ
ရင်း ရည်ရွယ်ချက်ပန်းတိုင်ကို လျှောက်
လှမ်းဆဲပါ----
အပြုံးမပျက်ပဲပေါ့---ပြုံးနေပါတယ်---
ပြုံးနေရင်း ကိုယ့်ရှေ့က ဆူးညှောင့် ခလုတ်တွေကို ကိုယ်တိုင်ဖယ်ရှားရင်း
ပေါ့လေ------

Dream said...

ဦးဦး တုခမိန်... ပြုံးပြုံးလေးနဲ့
လာဖတ်တယ်နော်...
ခုလိုမျှဝေဖော်ပြပေးတာ ကျေးဇူးပါ....ဦးဦး...
:) :)

မယ် said...

အမြဲပြုံးနိုင်အောင်ကြိုးစားပါ့မယ်....
ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ....

thonn thonn said...

ကျေးဇူးတင်ခြင်းများစွာဖြင့် ပြုံးသွားပါသည်..။

KHINMYAWIN said...

အပြုံးကိုဘယ်လောက်နှစ်သက်သလဲဆိုရင်
ငယ်ငယ်သိတတ်တဲ့အရွယ်မှာကတည်းက
မှန်ထဲကြည့်ကြည့်ပြီး
ကိုယ့်အပြုံးကိုကိုယ်ပြန်ကြည့်တတ်တဲ့ အကျင့်လေးရှိခဲ့တာ ခုချိန်ထိဆိုပါတော့
အမြဲပြုံးနိုင်အောင်ကြိုးစားလျှက်ပါ။
တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။

KHINMYAWIN said...
This comment has been removed by the author.
ကိုရင်နော်ခင်လေးငယ် said...

ကိုကြီးသု...
ခုဒီ comment ကို ပြုံးပြုံးကြီးဖတ်နေတာလား..!!
ဘားမှ ရေးရသေးဖူးလေ...
မပြုံးနဲ့ဦး.. (၃)မိနစ်ပဲစောင့်...!!
“အိန္ဒြာအူဝဲ” ဟုတ်ဖူးနော်..

(ခင်လေး)

မြေ said...
This comment has been removed by the author.
မြေ said...
This comment has been removed by the author.
မြေ said...

့” ပြုံးပါ ” မှဖြစ်တည်လာသော......

ပျော်ရွှင်ငြိမ်းချမ်း
ပန်းခင်းလမ်းပေါ့
လျှောက်လှမ်းစေချင်
ုပြုံးရိပ်ထင်အောင်
မဂ္ဂင်ဖောင်ဖွဲ့
ချည်နှောင်ခဲ့သည့်
ကြွင်းမဲ့တရား
ဆင့်ပွားစေရန်
စိတ်ရည်သန်သည်
လမ်းမှန်ဆီသို့ မှန်းကာရည်
အပြုံး ကဋေကဋာ ဖြင့် လှမ်းပါမည်..... ။

“ ပြုံးပါ “ ဆောင်းပါး ရေးသူ၊ ဘာသာပြန်သူ၊ ထုတ်ဝေသူ နှင့် ခံစား ဝေမျှသူ အားလုံး ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက်...