Tuesday, October 7, 2008

Walking, talking (2).



လမ်းလျှောက်သော လျှောက်လှမ်းခြင်း

“ပန်းတစ်ပွင့်နှင့် အလွမ်းသင့်လေသည်။”

အစဦးအခြေအနေလို့ဆိုပါတယ်။ သိပ္ပံပညာမှာတော့ ဘယ်လိုမှ မေ့ထားလို့မရတဲ့ အခြေအနေတစ်ရပ်။ တစ်ချို့သော ကိစ္စရပ်တွေမှာ သူကအရေးမပါသလိုထင်ရပါတယ်။ ထည့်မစဉ်းစားရင်လည်း အဆင်သင့်နေသလိုပါပဲ။ ဒီကနေ့ ထွန်းကားလာတဲ့ သီအိုရီရူပဗေဒမှာ ခေးအော့(Chaos)ဆိုတာ မထိတွေ့ဘူးရင်တောင်မှ မကြားဖူးသူ မရှိသလောက်ပါဘဲ။ ကပြောင်းကလဲဖြစ်စဉ်ထဲမှ အစီစဉ်ကျမှုတစ်ချို့ကို တွေ့ရှိလိုက်ရတဲ့ သီအိုရီပေါ့။ သူ့မှာတော့ အစဦးအခြေအနေဟာ အတော်ကို အရေးပါနေသတဲ့။ အစီစဉ်မကျမှုတွေထဲမှာ၊ ဖြစ်ချင်တာဖြစ်နေတတ်တဲ့ထဲမှာ အစီစဉ်ကျမှုလေးတွေ ရှိနေတတ်တယ်ဆိုတော့ ကျွန်တော်က အတွေးကို ဆက်စပ်မိပါတယ်။ ဒါလူ့ဘဝလို့။ အဲဒီတော့ အတွေးက ဆက်လျှောက်တော့တာပါပဲ။ ဒီလိုသာဆိုရင် လူတစ်ဦးချင်းစီမှာလည်း အစဦးအခြေအနေဟာ အရေးပါနေပါတယ်။ ကျွန်တော်တို့ရဲ့ တွေးမြင်ပုံတွေ၊ အမူအကျင့်တွေ၊ လူမှုဆက်ဆံရေးတွေဟာ အစဦးအခြေအနေ (ကနဦးအခြေအနေ)ပေါ်မှာ မူတည်နေရပါတော့တယ်။



ကလေးဘဝက ပုံပြင်လေးတစ်ခုကိုလည်း သတိရစေပါတယ်။ မုန်တိုင်းကြောင့် ကွဲကွာသွားရတဲ့ ကျေးငှက်လေးနှစ်ကောင်အကြောင်းပါ။ နောက်တော့ တစ်ကောင်က ယဉ်ကျေးပြီး၊ တစ်ကောင်က ရိုင်းစိုင်းနေတယ်ဆိုတဲ့ ပုံပြင်လေးပေါ့။ သူတို့နှစ်ကောင်ရဲ့ ကြီးပြင်းမှု အစဦးအခြေအနေတွေ ကွာခြားသွားတာဟာ သူတို့ကိုနှစ်ကောင်အတွက် မတူညီမှုတွေ ပေးအပ်လိုက်တာပါပဲ။ ကျွန်တော်တို့ လူတစ်ဦးခြင်းစီမှာလည်း ဒီလိုပါပဲ။ အစဦးအခြေအနေတစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုကို လူငယ်ဘဝမှာ ခံယူကြရတယ်။ အတော်လေးကို စွဲလမ်းစေတဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို ပတ်ဝန်းကျင်က ပေးအပ်လိုက်တာပါပဲ။ အဲဒီအတွက် ပတ်ဝန်းကျင်ဆိုတာ အတော်အရေးကြီးသွားပါတယ်။ ဒါကလည်း ဘာနဲ့သွားတူလည်းဆိုတော့ ပန်းလေးတစ်ပွင့် ဖူးပွင့်ရသလိုပါ။

ပန်းလေးတစ်ပွင့် ဖူးပွင့်လာဖို့အတွက် သူ့ပတ်ဝန်းကျင်ရဲ့ အထောက်အကူဟာ အများကြီးကိုလိုအပ်ပါတယ်။ မြေအနေအထား၊ နေရောင်ခြည် ရရှိမှု၊ ရေရရှိမှုတွေ စသဖြင့်ပေါ့။ ဒီလို လိုအပ်ချက်တွေအပြင် ပိုးကျလာတာတို့၊ သဘာဝဘေးဒါဏ်တို့ ဘာတို့လိုမျိုး သူ့ကိုဖျက်ဆီးနိုင်တာတွေနဲ့လည်း ဝေးကွာနေမှ လန်းဆန်းတက်ကြွတဲ့ ပန်းတစ်ပွင့်ကို ကျွန်တော်တို့ မြင်တွေ့နိုင်တာပါ။ ပန်းလေးတွေ ဖူးပွင့်လာပြီးတော့ သူ့အမျိုးအစားနဲ့သူ လောကကို အကျိုးပြုကြတော့တာပါပဲ။ မွှေးရနံ့နဲ့လား၊ အဆင်းနဲ့လား။ ဒါမှမဟုတ် တစ်ချို့များဆို သုံးတတ်ရင် ဆေးဖက်တောင်ဝင်သတဲ့။ ကျွန်တော်က အတွေးတစ်မျိုးဝင်မိပါတယ်။ သူတို့တာဝန်ကျေကြပါလား။ သူတို့တတ်နိုင်တဲ့ဘက်ကနေ သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်ကို သူတို့ အကျိုးပြုတာပါပဲ။ ပတ်ဝန်းကျင်ကို ပြန်လက်ညိုးထိုးတတ်တဲ့ပန်း သိပ်မတွေ့ဖူးသလိုပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ အမြင်၊ အထင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းတစ်ပွင့်ရဲ့ တာဝန်ကျေပုံကို တွေးမိတော့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းမေးမိပါတယ်။

ပန်းတစ်ပွင့်နဲ့ မတူတာကတော့ ကျွန်တော်တို့ဟာ လူသားတွေဖြစ်နေတာပါပဲ။ တွေးတတ်တယ်။ သင်ယူတတ်တယ်။ တုံ့ပြန်တတ်တယ်။ ရွေးချယ်တတ်တယ်။ မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းတတ်တယ်။ အကျိုးများစေတဲ့ လူသားရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကျွန်တော်တို့ ကြီးပြင်းရာ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရရင်တောင်မှ ပြစ်ပယ်နိုင်ကြတယ်။ ဝေဖန်နိုင်တယ်။ ဒီနေရာမှာ ဘာကိုသွားတွေ့လည်းဆိုတော့ လူတွေက အလွယ်တကူ လက်ညိုးထိုးတတ်နေတာပါပဲ။ အသိဆိုတာရှိနေတဲ့အတွက် ကျွန်တော်တို့တတွေဟာ အကျိုးများပါတယ်။ ကိုယ်ကြီးပြင်းရာ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် ရွေးချယ်နိုင်ခွင့်၊ ပြစ်ပယ်နိုင်ခွင့်တွေရှိနေတော့။ ရွေးချယ်ကြတယ်။ ပြစ်ပယ်ကြတယ်။ ဒါက မကောင်းခဲ့ရင်ဆိုတဲ့အမြင်။

ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရပြန်ပြီ ဆိုတော့လည်း ကိုယ့်ရဲ့တိုးတက်မှုကို ကိုယ်တိုင်ကျေနပ် အားရနေရင်းနဲ့ပဲ ဆက်လက်ချီတက်ကြတာပါ။ လက်ညိုးပြန်ထိုးရင်လည်း ခေါင်းမော့ရင်ကော့လို့ ငါတို့ကတော့ ဒီလို ကြီးပြင်းလာတာ။ အဲဒီလောက်ပါပဲ။ ကျွန်တော်ကတော့ ဒီ့ထက်ပိုစေချင်ပါတယ်။ ပတ်ဝန်းကျင် ပတ်ဝန်းကျင်နဲ့ ပြောသာနေကြတာ။ အဲဒီပတ်ဝန်းကျင်မှာ ကိုယ်တိုင်ကလည်း ပါဝင်ပက်သက်နေသူပဲ။ ကိုယ်မကောင်းရင် ကိုယ့်ပတ်ဝန်းကျင်ဆိုတာလည်း ကောင်းမှာမဟုတ်ပါဘူး။ နောက်တစ်ခါ ပန်းကလေးတွေလိုပေါ့ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ပြီး အကျိုးပြုစေချင်တယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်စွမ်းသလောက်၊ ကိုယ်နိုင်သလောက်နဲ့ ဖြည့်ဆည်းပေးစေချင်တယ်။ အဲဒီလိုမှမလုပ်ရင်လည်း နှောင်လာမဲ့မျိုးဆက်တွေအတွက် ကျွန်တော်တို့က မြေသြဇာကောင်းတွေ၊ ရေခံမြေခံကောင်းတွေ ဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ထိ ပြန်ကြည့်ကြမယ်။ ငါကျင်လည်ခဲ့ရတဲ့ အစဦးပတ်ဝန်းကျင်ဟာ ငါ့ကိုဘာတွေပေးခဲ့သလည်း။ အခုရော ပတ်ဝန်းကျင်က ဘာတွေပေးနိုင်နေသလဲ။ ကိုယ်တိုင်ကရော ဘာတွေပြန်လို့ ပူးပေါင်းပါဝင်ပေးနိုင်ပြီလည်း။ ဘယ်လို အစဦးအခြေအနေမျိုးကို နှောင်တက်လာမဲ့ အပြုပြင်ခံလေးတွေအတွက် ပေးချင်တာလည်း။ မေးမိတယ်။ ကိုယ့်ကိုကိုယ် မေးမိတယ်။

ပန်းကလေးတွေဟာ လန်းဆန်းလို့ ဝင့်ကြွားနေချိန်မှာ ကျွန်တော်က အရေခြုံအပြုံးတစ်ခု၊ ချမ်းသာရာကိုပဲ ရှာတော့မှာလိုလို တောင်ရောက်မြောက်ရောက်နဲ့ ရနံ့မရှိ အဆင်းမရှိ။ ကဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ ပန်းတစ်ပွင့်ကိုသာ အားကျနေမိတယ်ဗျာ။

သုခမိန်။…..။

7 comments:

ဇနိ said...

အတွေးလေးကတော့ ကောင်းတယ်ဗျာ...
လူတစ်ယောက်အတွက် ပတ်ဝန်းကျင်က အရေးကြီးပါတယ်.. သိပ်ကိုတော်လွန်း တတ်လွန်း ခိုင်မာလွန်းတဲ့သူကိုသာ ပတ်ဝန်းကျင်က မလွှမ်းမိုးနိုင်တာပါ...
ကိုယ်တတ်နိုင်သလောက် ကိုယ့်ဝန်းကျင်ကို ပြန်ပြီး အကျိုးပြုဖို့ကလည်း မမေ့ဘဲနဲ့ လုပ်နိုင်အောင်ကြိုးစားသင့်ပါတယ်။
း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသု ရေ ကော်မန့်ပေးထားတယ်နော် ။ ပိုစ်အဖြစ် လုပ်ထားတယ် ။ :)

KHINMYAWIN said...

ဟုတ်တယ်
ပတ်ဝန်းကျင်ဟာအရမ်းအရေးကြီးတယ်
ကောင်းတာတွေသယ်ပြီး
မကောင်းတာတွေဖယ်တတ်ဖို့လိုတာပေါ့နော်
အတုယူမမှားဖို့ပေါ့။
ဒီလိုအကျိုးရှိတဲ့စာလေးတွေဖတ်ခွင့်ရတာ
ကျေးဇူးပါ။

ရွက်ဝါ said...

အဆင်းအနံ့လေးတွေနဲ့ အကျိုးပြုကြသော
ပန်းလေးတွေကို အားကျနေတဲ့
ကိုသုခမိန်ကလည်း လောကကို
စာပေနဲ့ အလှဆင်တော့
တာဝန်တွေ ကျေသင့်သလောက်ကျေ နေပါတယ်။

အားပေးနေတယ်ဗျို့ တစ်ဖွဲ့လုံး။

Anonymous said...

၁။“အစီစဉ်မကျမှုတွေထဲမှာ၊ ဖြစ်ချင်တာဖြစ်နေတတ်တဲ့ထဲမှာ အစီစဉ်ကျမှုလေးတွေ ရှိနေတတ်တယ်ဆိုတော့ ကျွန်တော်က အတွေးကို ဆက်စပ်မိပါတယ်။ ဒါလူ့ဘဝလို့။” တွေးချိန်ချင့်စရာပါ။ တွေးပုံဆန်းပါပဲ။

၂။“ကျွန်တော်တို့ရဲ့ တွေးမြင်ပုံတွေ၊ အမူအကျင့်တွေ၊ လူမှုဆက်ဆံရေးတွေဟာ အစဦးအခြေအနေ (ကနဦးအခြေအနေ)ပေါ်မှာ မူတည်နေရပါတော့တယ်။” အဲဒါကို သိလာတဲ့အခါ မိမိကိုယ်ကိုအဝင်အပါ၊ လူတွေကို နားလည်ခွင့်လွှတ်တတ်လာပါတယ်။ တစ်ခါတစ်ရံ စိတ်ဆိုးဒေါသဖြစ်ရမယ့်အစား သနားလာတတ်ပါတယ်။
၃။ကိုယ်တိုင်ကရော ဘာတွေပြန်လို့ ပူးပေါင်းပါဝင်ပေးနိုင်ပြီလည်း။
E-Journal ကို ကျနော်ကတော့ အလုပ်တစ်ခုအနေနဲ့ လုပ်နေတာပါ။ ဆရာသုတို့လည်း ဒီလိုပဲလို့ ယုံကြည်ပါကြောင်း။
“Be careful the environment you choose for it will shape you;
be careful the friends you choose for you will become like them.” (W. Clement Stone)

မသက်ဇင် said...

ပန်းကလေးတွေဟာ လန်းဆန်းလို့ ဝင့်ကြွားနေချိန်မှာ ကျွန်တော်က အရေခြုံအပြုံးတစ်ခု၊ ချမ်းသာရာကိုပဲ ရှာတော့မှာလိုလို တောင်ရောက်မြောက်ရောက်နဲ့ ရနံ့မရှိ အဆင်းမရှိ။ ကဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ ပန်းတစ်ပွင့်ကိုသာ အားကျနေမိတယ်ဗျာ။

ဒီနေ့ ကိုသုခမိန် တယောက်ကို သတိတရ
ရှိနေမိတာနဲ့ E-journal ကို လာမွှေ နေမိတယ်--
ရက် ၉၀ ဝင်နေတာလားများ--ပေါ့
ခုမှ ဒီစာလေးကို တွေ့တယ်--
အကျိုးရှိလိုက်တာရှင်---ပန်းလေးတပွင့်ကို
ပဲအားကျနေတာပေါ့နော်---
ခင်မင်လျက်

Anonymous said...

ဒီပိုစ့်လေးကို ဖတ်လိုက်မိရင်ပြ ကျွန်တော်လည်း ကိုသု လိုပဲ ပန်းတစ်ပွင့်ကို အားကျသွားမိပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း အသွေးအရောင်ဆင်းအနံ့နဲ့ ကုံလုံတဲ့ ပန်းလေးတစ်ပွင့် ဖြစ်ချင်မိတယ်။ ချယ်ရီပန်းတော့ မဖြစ်ချင်ဘူးဗျာ ... ။

ခင်မင်လေးစားစွာဖြင့်