Friday, December 19, 2008

thought from some words (4)



အတွေးအမြင်ကဏ္ဍမှ စာစုလေးများ အကြောင်း (၄)


ကျွန်တော်တို့ အီးဂျာနယ်(E-Journal)လေးမှာ “သတင်းနှင့် အတွေးအမြင်” ဆိုတဲ့ ကဏ္ဍလေးရှိပါတယ်။ စာလာဖတ်သူတွေကို ပေးချင်တဲ့ သတင်းနဲ့ အတွေးအမြင်လေးတွေကို ဖော်ပြပေးတာပါ။ သတင်းနဲ့ အဆက်ပြတ်တတ်သူဆိုတော့လည်း သတင်းတွေကိုတော့ တစ်ခါမှ မဖော်ပြဖူးသေးပါဘူး။ ဒါပေမဲ့ ကဏ္ဍလေးစကတည်းက ဝိုင်းတော်သားတွေ တပျော်တပါးပဲ အတွေးလေးတွေ၊ အမြင်လေးတွေ၊ သတိပြု ဆင်ခြင်စရာလေးတွေ တင်ထားကြပါတယ်။ စာဖတ်သူတွေမှာ သတိမထားမိသူရှိသလို သတိတရ ဖတ်မိသူတွေလည်း ရှိမှာပါ။ အခုဆိုရင် ဖော်ပြထားတာလေးတွေ အတော်တောင် များနေပါပြီ။ အားလုံးလည်း ဖတ်စရာလေးရအောင်ဆိုပြီး ကျွန်တော်က ဖော်ပြပြီးသမျှတွေကို အဟောင်းဆုံးကနေစပြီး အသစ်ဆုံးထိ ဖြည်းဖြည်းခြင်း ခံစားသွားပါမယ်။ စာစုလေးတွေအပေါ်မှာ ကျွန်တော့်ရဲ့ အမြင်တွေပါပဲ။ စာဖတ်သူတို့လည်း လွတ်လပ်စွာ တွေးထင်၊ ဝေဖန်ပိုင်းခြားလို့ လမ်းပြပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။



16-Jun-2008 - အချိန်ကို အသုံးချပုံဟာ ကံကြမ္မာပဲ။ (Chapman)
16-Jun-2008 - သဘာဝတရားက လူတွေအပေါ် တန်းတူညီမျှ အတူတူထားတာ တစ်ခုရှိတယ်ဆိုရင် ... အဲဒါ အချိန်ပါပဲ။ (ဆရာ တင်မောင်သန်း)

ကျွန်တော်တို့ ငယ်ငယ်က အပျော်သဘောနဲ့ ပြောတတ်တဲ့ ပုံပြင်လေးကို ပြန်ပြောပြပါအုံးမယ်။ တစ်ခါက လင်မယားနှစ်ယောက်ပဲ ရှိတဲ့အိမ်မှာ အမျိုးသားဖြစ်သူက အလုပ်ကိစ္စနဲ့ ခရီးရှည်သွားရမယ်။ အဲဒီတော့ သူမရှိနေတုန်းမှာ ချစ်ရတဲ့ဇနီးအတွက် မှာတမ်းတွေ ခြွေတော့တာပါပဲ။ ဒီလိုနဲ့ သွားခါနီးမှာတော့ “ကဲ..မိန်းမရေ၊ မှာတာတွေလည်းများပြီ၊ ဘာမှမမှတ်မိတောင် - ကိုယ်မရှိနေတုန်းမှာ အချိန်နဲ့စား။ အချိန်နဲ့အိပ်။ အချိန်နဲ့ပဲနေပါကွာ။ နော်။” အဲသလို မှာသွားတဲ့။ နောက်တော့ ခရီးရက်ရှည်ကနေပြန်လာတဲ့ အချိန်မှာ အိမ်ဝကနေ ဆီးကြိုနေတဲ့ သူ့ဇနီးက ဗိုက်ကလေးနဲ့ဖြစ်နေပါရော။ ဒါနဲ့ပဲ အမာတကော ဘယ်လိုဖြစ်ရတာလည်း မေးလိုက်တော့ မိန်းမက ပြန်ပြောသတဲ့ “ဟင်.. ရှင်ပဲ - အချိန်နဲ့စား၊ အချိန်နဲ့အိပ်။ အချိန်နဲ့နေဆို…”တဲ့။ ပြောရင်းနဲ့ မေးထိုးပြတာက မျက်စောင်းထိုး လမ်းဟိုဘက်က အချိန်ဆိုတဲ့ တရုတ်ကြီးရဲ့အိမ်ကိုပါတဲ့။ သူ့ရဲ့ (အမျိုးသမီးရဲ့) အချိန်ကို အသုံးချပုံဟာလည်း မဆန်းကြယ်ပေဘူးလား ခင်ဗျာ။

“လာမယ့် စနေနေ့ဆိုရင် ကျွန်တော် အသက်-၃၀-ပြည့်တော့မယ်ဗျ။” ဒီလိုစကားမျိုးလေးကိုကြားရင် အားလုံးသောသူတွေ နားလည်လိုက်တာက သူ့ရဲ့ မွေးနေ့ကနေ အဲဒီ့စနေတစ်ရက်အထိ ရေတွက်ရင် အနှစ်-၃၀-ဆိုတာကိုပါပဲ။ ဒီလူတစ်ယောက်ရဲ့ အနှစ်-၃၀-ဆိုတာဟာ ကျွန်တော်တို့ရဲ့ အနှစ်-၃၀-နဲ့ အတူတူပါပဲ။ ဖြတ်သန်းရတဲ့ခေတ်တွေ၊ စနစ်တွေနဲ့ ပတ်ဝန်းကျင်တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီအောင် ပြုလုပ်တတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အမူအကျင့်တွေကလည်း မတူညီအောင် ပြုလုပ်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ အားလုံးသောသူတွေအတွက် တစ်ရက်ဆိုတာဟာ ၂၄-နာရီပါပဲ။ ဘယ်သူမှ ပိုမရသလို၊ လိုနေတယ်ဆိုတာလည်း မရှိပါဘူး။ (ဒီနေရာမှာ ဆောင်းဝင်လာလို့ နာရီလှည့်ရတဲ့ နိုင်ငံတွေကတော့ အနည်းအကျဉ်း ပြောစရာရှိနေမယ်ထင်တယ်။ ပျမ်းမျှအနေနဲ့ ပြောလိုခြင်းပါ။ - စကားချပ်) အဲဒီလို အတူတူရလိုက်တဲ့ အချိန်ဆိုတာကို အသုံးချပုံတွေသာ ကွာခြားသွားကြတာပါ။

အထက်မှာ ဖော်ပြထားတဲ့ စာသားလေးနှစ်ခုစလုံးက ကျွန်တော်သဘောကျလို့ ဆိုပြီး ဆရာတင်မောင်သန်းရဲ့ “အကျိုးရှိအချိန်”ဆိုတဲ့ ဆောင်းပါးလေးကနေ ကူးယူဖော်ပြတာပါ။ အချိန်ကို အကျိုးရှိစွာ အသုံးချတယ်ဆိုတာကလည်း တစ်ဦးခြင်းစီရဲ့ စံတွေနဲ့သာ သက်ဆိုင်မယ်ထင်ပါတယ်။ လူတစ်ဦးတစ်ယောက်အတွက် အကျိုးရှိတယ်လို့ သတ်မှတ်နေတာဟာ တစ်ခြားသူတစ်ယောက်အတွက် မှန်ချင်မှလည်း မှန်နေပါမယ်။ ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေးလိုမျိုးတော့ ကွာနေနိုင်တာပါပဲ။ အကျိုးရှိဖို့ဆိုရာမှာ ငါဘာဖြစ်ချင်တာလည်း ရှင်းရှင်းလင်းလင်း သိနေရင် အကောင်းဆုံးပါပဲ။ အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်အတွက် လက်ရှိအချိန်ကို အမှန်ကန်ဆုံး အသုံးချနိုင်ရင်တော့ ပြီးပြည့်စုံမှုတစ်ခုကို လက်ဝယ်ပိုင်ဆိုင်နိုင်သလို ခံစားရမှာပါ။
အဲဒီတော့ ကျွန်တော်က သဘောကျစွာ တွေးမိပါတယ်။ “သဘာဝတရားရဲ့ ဘက်မလိုက်တဲ့ ပေးအပ်မှုတစ်ခုကို၊ အသုံးချပုံဟာ၊ ကျွန်တော်တို့ရဲ့ ကံကြမ္မာပဲ မဟုတ်လားဗျာ။”


26-Jun-2008 - Who looks outside, Dreams. Who looks inside, Awakes. (ဆရာတော် ဦးဇောတိက)

သူငယ်ချင်း “အခြား”တင်ခဲ့တဲ့ စာသားလေးပါ။ သူကတော့ အတော်သဘောကျတယ် ပြောပါတယ်။ ကျွန်တော်လည်း ကြိုက်တာပါပဲ။ ကြိုက်ရတာကလည်း ကျွန်တော့်ရဲ့ အတွေးလေးတွေနဲ့ တူနေတတ်လို့ပါ။ ကျွန်တော့်က အပြည့်အဝ လိုက်မလုပ်နိုင်သေးပေမဲ့ တတ်နိုင်သလောက် အမှုကိစ္စတွေကို အတွင်းမှ အပြင်သို့ ချဉ်းကပ်နည်းဆိုတာလေးနဲ့ ချဉ်းကပ်တတ်ပါတယ်။ ဒါကိုမှန်သောနည်းလမ်း၊ ကောင်းသောနည်းလမ်းလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ဆရာတော်ရဲ့ စကားလေးကို ကျွန်တော်က အဲဒီလိုချဉ်းကပ်နည်းကို ပြောနေတာလို့ တွေးထင်တာပါပဲ။

အမှုကိစ္စဆိုတာကလည်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ညွှန်းလိုတာပါ။ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ ပတ်ဝန်းကျင်ဆိုတာရဲ့ ရိုက်ခတ်မှုတွေ ရှိနေတတ်ပါတယ်။ အဲဒီ့လို အခြေအနေမှာ ဘေးပြောတွေ၊ ဘေးကဝေဖန်ချက်တွေကို အရမ်းကာရော ဂရုစိုက်လွန်းနေရင် အဆင်မသင့်ပါဘူး။ သူတို့ပြောသလို လိုက်လုပ်နေရတာဟာ အိမ်မက်မက်နေရသလိုပါပဲ။ ကိုယ်တကယ် လုပ်ချင်တာ၊ ကိုတကယ် ဖြစ်ချင်တာကို မလုပ်မိတော့ပဲ ဘေးကတီးပေးနေသလို လိုက်ကနေရင်းကနေ ပတ်ဝန်းကျင်ဆိုတာကို အားကိုးချင်လာမိမှာပါ။ အားကိုးလို့ရနေတုန်းတော့ ဟုတ်သလိုရှိနေရာကနေ အားကိုးလို့လည်းမရဘူးဆိုရော ကိုယ်တည်ဆောက်ထားတဲ့ ကမ္ဘာဟာ အိမ်မက်လိုပျောက်ကွယ်မှာပေါ့။ သူတစ်ပါး အကြိုက်လိုက်လုပ်နေရတာကိုး။ အိမ်မက်က လန့်နိုးလာသူတစ်ယောက်လို အရာအားလုံးဟာ အရင်နဲ့ဘာမှမဆိုင်သလို ဖြစ်နေမှာ။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းနေတာဟာ ကိုယ့်လမ်းကြောင်းကို မှေးမှိန်လို့ အိမ်မက်ဆန်သွားစေနိုင်ပါတယ်။

အမှုကိစ္စတွေကို ချဉ်းကပ်ရာမှာ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်ကနေ စတင်ချဉ်းကပ်သင့်ပါတယ်။ ဒီကိစ္စကို ငါကရော ဘယ်လိုမြင်လဲ။ ဘာလို့ ငါဒီလိုတွေး - ဒီလိုခံစားနေလည်း။ ကိုယ့်ကိုကိုယ် အရင်ဆုံး ဆန်းစစ်၊ နောက်တော့မှ တဖြည်းဖြည်းခြင်း သက်ဆိုင်ရာ အမှုကိစ္စကို အပြန့်ကျယ်စွာ ချဉ်းကပ်သင့်ပါတယ်။ ဒီနေရာမှာ ငါ့ကိုယ်ငါ ရှေ့တန်းတင်တယ်ဆိုတာ အတ္တကြီးခြင်း၊ တကိုယ်ကောင်းဆန်ခြင်းကို အားပေးစေလိုတာ မဟုတ်ပါဘူး။ မိမိနှင့်နှိုင်းယှဉ်လို့၊ အော်.. ငါကဒီလိုတွေးနေပေမဲ့ သူကဒီလိုတွေးချင်မှတွေးမယ်။ သူနဲ့ကိုယ်ရဲ့ အမြင်ကို နှိုင်းယှဉ်ရင်း၊ ကိုယ်ချင်းစာရင်း ဖြေရှင်းစေချင်တာပါ။ ကိုယ့်ကိုကိုယ် တည်ဆောက်ရာမှာလည်း “ငါ”ဘာလဲဆိုတာကို အရင်သိအောင် လုပ်နိုင်တာ အကောင်းဆုံးပါ။ ဒါကြောင်းလည်း ကိုယ့်စိတ်ကို ကိုယ်စစ်နေတတ်သူတွေဟာ နိုးကြားနေသူတွေ၊ ဖမ်းဆုပ်နိုင်သူတွေ ဖြစ်နေတာပါပဲ။


သုခမိန်။…..။

မှတ်ချက် ။…..။ ဒီရက်ပိုင်းမှာ အလုပ်ရှုပ်နေတာရယ်၊ ကွန်ပျူတာတွေ အင်တာနက်တွေ မသုံးနိုင်တာရယ်နဲ့ စာမရေးဖြစ်ဘူး။ သုံးဖြစ်ရင်လည်း ခဏဆိုတော့ အိမ်လည်လိုက်တာနဲ့ ပြီးနေတယ်။ ဒီစာလေးတွေကို အကြမ်းချရေးထားတဲ့ စာရွက်ကလည်း ဒီနေ့ ပျောက်နေတယ်။ စိတ်ထဲ မှတ်မိသလောက်နဲ့ တင်လိုက်ပါတယ်။ ဖတ်လို့ အဆင်မပြေရင်လဲ ကျွန်တော့်ရဲ့ အတွေးယိုင်နဲ့နဲ့ တွေကြောင့်ပါပဲ။ နောက်မှ ဆက်ပါအုံးမယ်။ ပြီးခဲ့တဲ့ အပိုင်းတွေကိုလည်း သွားဖတ်ဖို့ အချိန်ရရင် ဖတ်ကြည့်ကြပါအုံး။
အပိုင်း(၁)။ အပိုင်း(၂)။ အပိုင်း(၃)။

4 comments:

အခြား said...

စာတော့ မရေးဖြစ်တာကြာပြီ ....
နီးဆက်ရာ စာတွေကတော့ ဖတ်ဖြစ်ပါတယ်။
နီးဆက်ရာဆိုတာကတော့ စိတ်နဲ့နီးတာကိုပြောတာပါ။
အစာစားသလိုပဲ။
ကြိုက်နှစ်သက်ရာကို ကြံဖန် ပြီးပေါ့။
ကိုသု့ ပြောသလိုပါပဲ ....
ကိုယ့်အတွင်းစိတ်ကို ပြန်မကြည့်မိရင် ....
တချို့ ပုစ်ဆာတွေက အဖြေရှာလို့ မရတတ်ဘူး။
ကိုသု့ကျေးဇူးနဲ့ သိခဲ့တာလေးတွေ ပိုခိုင်မာသွားတယ်။
အားလုံးကို ကျေးဇူး ....

Dr Phyo Wai Kyaw said...

"Who looks outside, Dreams. Who looks inside, Awakes. "

အထက်ပါ စကားလေးကတော့ ၀ိပဿနာ ရှုမှတ်ရာ မှာ အသုံးပြုတဲ့ စကားလေးကို လက်တွေ့ဘ၀မှာ ယူပြီးသုံးနှုန်းပြလိုက်တာဖြစ်ပါလိမ့်မယ်..။

ပတ်ဝန်းကျင် ဆိုတာ ကတော့ အာရုံပါပဲ..အတွင်းဘက်ဆိုတာကတော့ မိမိရဲ့ ခန္ဓာငါးပါးပါပဲ..။

အာရုံ ဆိုးကောင်းနဲ့ ထိတွေ့မှု ကြောင့် ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ စိတ် ဝေဒနာ သညာ သင်္ခါရာ ရုပ် အမျိုးမျိုးကို ကုသိုလ်ချည်းပဲဖြစ်အောင် နှလုံးသွင်းရှူမှတ်နိုင်မှု သဘောကတော့ အတွင်းကိုပြန်လှည့်ကြည့်တာပါပဲ..။

(တနည်း.. အာရုံဆိုးကောင်းနဲ့ ကြုံရသမျှမှာ.. မိမိ သန္တန်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စိတ်တွေကို ဖယ်ရှား မဖြစ်သေးတဲ့ အကုသိုလ်စိတ်တွေကို တားမြစ်.. ဖြစ်ပြီးသား ကုသိုလ်စိတ်တွေကို တိုးပွား.. မဖြစ်သေးတဲ့ ကုသိုလ်စိတ်တွေကို ဖြစ်ပေါ်စေခြင်း)

ဆိုတဲ့ အနက်ကို ရမယ်လို့ ထင်မြင်ယူဆပါကြောင်း...

အပြင်ကိုကြည့်တယ်ဆိုတာကတော့ အာရုံ ဆိုးကောင်းကို မရှုမှတ်နိုင်တဲ့ အခါမှာ စိတ်တိုစရာတွေ့ရင် တို.. ၀မ်းသာစရာ တွေ့ ၀မ်းသာမယ်.. အညီအမျှ သဘောမထားနိုင်တဲ့ အတွက်..အိပ်မက်သလိုပဲ လို့ရည်ပြီး ဆိုထားတာဖြစ်ပါလိမ့်မယ်..

ပိုစ့်လေးကိုကော ဆရာတော် သူမြတ်ကိုကော လေးစားကြည်ညိုတဲ့ အတွက် လေးစားစွာပဲ သုံးသပ်ခဲ့ပါကြောင်း.....

ဝါခေါင်မိုး said...

အတော် တန်ဖိုးရှိတဲ့စာလေးပါပဲ။
ငယ်ငယ် အထက်တန်းကျောင်းမှာတုန်းက သင်ခဲ့ရတဲ့
ပီမိုးနင်းရဲ့ "အဖိုးတန်ဆုံးသောအရင်းအနှီး" ဆိုတဲ့
စာလေးကိုသတိရမိတယ်။
"ကုန်ဆုံးသွားသောအချိန်တွေဟာ ပြန်ရရိုးထုံးစံမရှိ" တဲ့။
"အချိန်ဟာ ပုလဲလုံး ပတမြားလုံးလေးတွေလို တန်ဖိုးရှိတယ်"တဲ့။
ဒါကြောင့် လက်ရှိအချိန်လေးတွေကို အကျိုးရှိရှိ အသုံးပြုတတ်အောင်ကြိုးစားရမှာပေါ့နော်။

မသက်ဇင် said...

သုခမိန်ရေ----
“ငါ”ဘာလဲဆိုတာကို အရင်သိအောင် လုပ်နိုင်တာ အကောင်းဆုံးပါ။ ဒါကြောင်းလည်း ကိုယ့်စိတ်ကို ကိုယ်စစ်နေတတ်သူတွေဟာ နိုးကြားနေသူတွေ၊ ဖမ်းဆုပ်နိုင်သူတွေ ဖြစ်နေတာပါပဲ။

ဒီအပုဒ်လေးကိုတော့သေခြာမှတ်သွားပါတယ်ရှင်--
အလွန်တန်ဘိုးရှိတဲ့ ပိုစ့်လေးပါပဲ--
အချိန်သေခြာယူပြီးလာဖတ်ပါတယ်--