Monday, May 18, 2009

အယူခံ

အယူခံ


မတန်ဘူးဆိုတဲ့စိတ်တစ်ခုနဲ့
မာနဆိုတဲ့ရုပ်တုတစ်ခု
တမင်တကာထုဆစ်ခဲ့တာမဟုတ်ပါဘူးမောင်။

ပင်မြင့်ကိုမှမှန်းတတ်တဲ့
ပန်းသဇင်လိုဟန်ရေးကြွယ်ပြီး
အဝေးကနေမာန်ဝင့်ထည်ခဲ့တာမဟုတ်ပါဘူးမောင်။

လေအဝေ့မှာ အလိုက်သင့်မျော
ရွက်ဝါတို့ရဲ့ သဘောတစ်ခုလို
အတွေးတွေနဲ့ရူး
စိတ်ကူးကစားခဲ့တာမဟုတ်ပါဘူးမောင်။

ဇာတ်ဆရာရဲ့အလိုကျ
ခဏတာဝေးရကံဖန်ခဲ့ပြန်တာမို့
နှုတ်မဆက်ဘဲချန်ထား
စိမ်းကားလို့သွားခဲ့တာမဟုတ်ပါဘူးမောင်။

မိန်းကလေးဘ၀ စရခက်ခဲ့တာမို့
နှုတ်ခမ်းဖျားကမပြောသာ
မျက်ဝန်းစကားရဲ့နမိတ်အထာကို
ရိပ်မိမှာလို့ထင်ခဲ့တာပါမောင်။

တို့နှစ်ဦးရံကြား
ထင်မှတ်မထားတဲ့လွဲချော်မှုများက
မာနဆိုတဲ့အရာနဲ့
စည်းခြားလို့ထားရစ်ခဲ့တာလားမောင်။

မြတ်နိုးစွာတောင်းခံ
ကြည်ဖြူစွာပန်ဆင်ပါမှ
မျှော်လင့်ရတဲ့မိန်းကလေးဘဝ
ပန်းအလှလိုလန်းဆတ်ရမှာပါမောင်။
Rhyme

(ကျွန်တော်တို့ရဲ့ဝိုင်းတော်သားဖြစ်သော၊ ကဗျာကိုချစ်တတ်သော Rhyme-ဆိုသည့် ညီမလေး၏လက်ရာပါ ခင်ဗျား။ ရှားရှားပါးပါးရောက်လာတဲ့ ဧည့်သည်တွေ မှားမှားနေကြလို့။း) - သုခမိန် )

5 comments:

တားမြစ် ထားသော... said...

Rhyme ရေ..
ကောင်းတဲ့ ကဗျာလေးပါပဲ။
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပေါ်လွင်စေတယ်ထင်ပ။

ဆက်လက်လို့ ဝေမျှပါအုံး။

သုခမိန်

နှင်းဆီနက် said...

အကိုရေ ကဗျာလေးကောင်းလိုက်တာ ခံစားသွားတယ် ရေးချက်ကမိန်းကလေးတယောက်အတိုင်းပဲနော်း)

ခင်တဲ့

နှင်းဆီနက်

ကဗျာဦး said...

ကဗျာလေးအရမ်းကောင်းတယ်

မသက်ဇင် said...

မြတ်နိုးစွာတောင်းခံ
ကြည်ဖြူစွာပန်ဆင်ပါမှ
မျှော်လင့်ရတဲ့မိန်းကလေးဘဝ
ပန်းအလှလိုလန်းဆတ်ရမှာပါမောင်။

Rhyme ရေ
ရေးတတ်လိုက်တာ
ခံစားသွားပါတယ်

Anonymous said...

လန်းတယ်ဗျ.. အင်းပေါ့ဗျာ.. ရှင်ဘုရင်ဝတ်တဲ့ပုဆိုး ပိုချည်းပဲဆိုတော့လဲ
ကောင်းတာ မဆန်းဘူးပေါ့ဗျာ နော....။