Wednesday, July 2, 2008

The Killer


သေနတ်သမား

သူ ရုတ်တရက်နိုးလာတော့ သူဘယ်သူလဲဆိုတာမသိဘူး၊ အဲ ဘာကိစ္စ ဒီလက်နက်ပစ္စည်းစက်ရုံထဲ ရောက်နေသလဲဆိုတာ နားမလည်ပါဘူး။ ကိုယ့်နာမည်ကိုတောင်မမှတ်မိ၊ ဘာတွေများလုပ်နေမိပါလိမ့်။ ဘာဆိုဘာမှကို မမှတ်မိပါဘူး။

စက်ရုံကအတော်အတန်ကြီးပါတယ်။ ပစ္စည်းတပ်ဆင်ရေးလိုင်း၊ ကွန်ဗိုင်ယာတွေ၊ ပစ္စည်းတပ်ဆင်သံတွေထွက်လို့ပါ။

သူ အဆင်သင့်လုပ်ပြီးသား သေနတ်တလက်ကို အော်တိုမက်တစ်ထုပ်ပိုးထားတဲ့ သေတ္တာထဲကနေ ဆွဲထုတ်လိုက်တယ်။ ယန္တယားတစ်ခုကို သူကိုင်တွယ်မောင်းနှင်ခဲ့တာ အခုတော့ ယန္တယားက ရပ်သွားပါပြီ။



သေနတ်ကို ဖြတ်ကနဲလှမ်းကိုင်လာတာ အသားကျနေတာပါပဲလား။ လမ်းသွယ်ကလေးကနေ စက်ရုံရဲ့အခြားဖက်ခြမ်းကို ထွက်လာတဲ့တယ်။ အဲဒီမှာ အခြားတစ်ယောက်က ကျည်ဆံတွေကို ထုပ်ပိုးနေတယ်။

“ငါဘယ်သူလဲ” သူ အသံခပ်တုန်တုန် လေးလေးကန်ကန်မေးလိုက်တယ်။

အဲဒီလူက အလုပ်ဆက်လုပ်နေတယ်။ လှည့်မကြည့်သလို ဘာမှမကြားသလို လှုပ်ရှားမှုလည်း ရှိပါဘူး။
“ငါဘယ်သူလဲ” “ငါဘယ်သူလဲ” လို့ အော်လိုက်တယ်၊ ဒါပေမယ့် စက်ရုံကြီးတခုလုံးမှာ သူ့အသံကြီးပဲ့တင်ထပ်သွားတာကလွဲပြီး ဘာမှထူးခြားမသွားပါဘူး။ လူတွေလည်း လှည့်တောင်မကြည့်ဘဲ အလုပ်ပဲဆက်လုပ်နေကြပါတယ်။

သူ ကျည်ထုပ်ပိုးနေတဲ့သူရဲ့ ခေါင်းကို သေနတ်နဲ့ မွှေ့လိုက်တယ်။ ဖျောင်းကနဲ အသံမြည်သွားပြီး ကျည်ထုပ်ပိုးနေတဲ့သူလည်း မှောက်ကျသွားပြီး ကျည်ဆံတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။

ကျည်တစ်တောင့်ကို ကောက်ယူလိုက်တယ်။ အသင့်တော်ဆုံး ကျည်ဆံတခုထင်ပါရဲ့။ ကျည်တွေက အဆင်မပြေတွေဖြစ်တတ်တယ်။

သူ အပေါ်ဘက်က ခြေသံတချက်ချက်ကို ကြားရတယ်၊ လမ်းသွယ်လေးကနေ သူ့ဆီကိုလာနေတဲ့သူကို အဖြေကိုလုံးဝ မမျှော်လင့်ဘဲ “ငါဘယ်သူလဲ” ဆိုပြီး လှမ်းမေးလိုက်တယ်။

အဲဒီတစ်ယောက်လည်း အောက်ကိုငုံ့ကြည့်ပြီး ပြေးတော့တာပဲ။

သူလည်း သေနတ်ကို အပေါ်ထောင်ပြီး နှစ်ချက်လောက်ပစ်လိုက်တယ်။ ပြေးသွားတဲ့သူလည်း ရပ်ပြီး ဒူးထောက်ကျသွားပြီး လဲမကျခင်မှာဘဲ နံရံပေါ်က ခလုတ်အနီလေးကို နှိပ်လိုက်တယ်။

အချက်ပေး အသံတွေက ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်းပေါ်ထွက်လာတယ်။

“သေနတ်သမား သေနတ်သမား သေနတ်သမား ” ဆိုပြီး စပီကာတွေကနေ အချက်ပေးသံတွေထွက်လာတယ်။

ဘယ်အလုပ်သမားတွေကမှ လှည့်မကြည့်ကြပါဘူး။ အလုပ်ပဲ ဆက်လုပ်နေကြတာပါ။

သူ ပြေးတယ်၊ သတိပေးသံတွေထွက်နေတဲ့ စပီကာတွေကနေလွတ်အောင်ပေါ့။ တံခါးတစ်ပေါက်ကိုတွေ့တော့ အဲဒီဆီကို ပြေးသွားလိုက်တယ်။ တံခါးကပွင့်သွားတယ်၊ အဲ ယူနီဖောင်းမတူ လူလေးယောက်ရပ်နေတယ်။ သူတို့တွေက သူ့ကို အံ့ဖွယ်စွမ်းရည်မြင့်သေနတ်တွေနဲ့ ပစ်ခတ်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ပစ္စည်းတချို့ပြုတ်ထွက်ကုန်တယ်။ သူက သုံးကြိမ်လောက် သေနတ်နဲ့ ပြန်ပစ်တော့ ဟိုလေးယောက်ထဲက တစ်ယောက်က သေနတ်ကြီး ပြုတ်ကျပြီး ကြမ်းပြင်ပေါ်မှောက်သွားတယ်။

သူတစ်ခြားတစ်ဖက်ကို ထွက်ပြေးပေမယ့် အဲဒီတခြားဖက်ကလည်း အဲသလို လူတွေ ထွက်လာကြတာပဲ။ ဘေးဝန်းကျင်ကိုကြည့်တော့ ဖက်ပေါင်းစုံကနေ သူ့ဆီကို ချဉ်းကပ်လာတာတွေ့ရတယ်။

လွတ်အောင်ပြေးမှဖြစ်မယ်။

သူ အထက်အမြင့်တွေရောက်အောင် အပေါ်ထပ်တွေကို တက်တယ်။ အပေါ်မှာလည်း သူတို့တွေနဲ့ သူပိတ်မိနေပြီ။ သူကျည်တွေ ကုန်သည်အထိ သေနတ်နဲ့ ပစ်လိုက်တယ်။

သူတို့တွေ သူ့ဆီကို အပေါ်တွေ အောက်ဖက်တွေကနေချဉ်းကပ်လာတော့ “ကျေးဇူးပြုပြီး ငါ့ကို မပစ်ခတ်ပါနဲ့၊ ငါဘယ်သူလဲဆိုတာကို သိချင်ယုံသက်သက်ပါ”

သူတို့ သူ့ကို ပစ်ခတ်လိုက်ပါတယ်၊ စွမ်းအင်မြင့်အရောင်တွေ ဖြာကျ၊ အရာအားလုံးပြီးဆုံးသွားပါတယ်…

///////

သူတို့တွေက သူ့ကိုကြည့်ပြီး တံခါးကို ၀ုန်းကနဲပိတ်လိုက်တယ်၊ ပြီးကုန်တင်ကားလည်း ထွက်သွားတယ်။ “သူတို့ထဲက တစ်ယောက်ယောက်ကတော့ ခဏခြင်း အဲသလိုတွေ ဖြစ်တတ်တယ်” အစောင့်တစ်ယောက်ကပြောတယ်။

“ငါက အဲဒါ နားကိုမလည်တာ”ဆိုပြီး ဒုတိယ အစောင့်က ခေါင်းကုတ်ရင်းပြောတယ်။

“အခုတစ်ယောက်ကိုပဲ ကြည့်၊ သူဘာပြောသလဲဆိုတော့ ငါဘယ်သူလဲဆိုတာလေးကိုပဲ သိချင်တာပါတဲ့။ အဲသလိုတွေပဲ၊ လူတွေနဲ့ သိပ်တူတာ။ သူတို့တွေက အဲဒီစက်ရုပ်တွေကို သိပ်ပြီး ကောင်းလွန်းအောင်လုပ်ထားတယ်လို့ ငါတော့ ထင်တယ်။”

အစောင့်နှစ်ယောက်သည် စက်ရုပ်တင်သွားသော ကုန်တင်ကား ကွယ်ပျောက်သွားသည်အထိ ငေးမောကြည့်နေကြလေသည်။

မူရင်း - The Killer by Stephen King

စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ....

6 comments:

တားမြစ် ထားသော... said...

ဖတ်လို့ကောင်းတယ်ဗျ။ StephenKing ကို အရမ်းကြိုက်တယ်။ စာတွေကိုတော့ မဖတ်ဘူးပါဘူး။ သူ့ရဲ့ရုပ်ရှင်တွေကို ကြည့်ဖူးတာပါ။ အခုလိုဝေမျှတာ ကျေးဇူးဗျ။
နောက်ဆုံး မှတ်ချက်လေးကိုတော့ လွမ်းတမ်းတမိတယ်။ “စက်ရုပ်လူသား သူငယ်ချင်းများသို့ အမှတ်တရ” ဆိုလို့ပါ။ အသက်တွေရလာတာနဲ့၊ လူ့ဘဝ အလုပ်တွေများလာတာနဲ့ လူတွေက စက်ရုပ်တွေလို ဖြစ်ကုန်မယ်ထင်တယ်။

မောင်ဖြူ said...

ကောင်းတယ်ဗျို့။ ငါဘယ်သူလဲ????

အိမ်လွမ်းသူ(မှန်နီကုန်း) said...

မိုက်တယ်ဗျာ...။ ရုပ်ရှင်ဇတ်ကား ထိုင်ကြည့်ရသလိုပဲဗျ..။ဆက်လက်ဖော်ပြ ပေးပါအုံး...ဗျို့။
မျှော်နေမယ်...ဗျို့။

Anonymous said...
This comment has been removed by the author.
Anonymous said...

ကေဇက်ရေ စက်ရုပ်တွေက ကိုယ့်ကိုကိုယ်ရှာဖွေလာကြတော့မယ့် ခေတ်မှာ ကျနော်တို့လူသားတွေက မိမိကိုယ်ကို ပျောက်ဆုံးလာနေကြတယ်။

မရှိခြင်းတွေမှာ နေသားကျပေမယ့်
မသိခြင်းတွေမှာ မရောင့်ရဲနိုင်ဘူး

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုကေဇက်ရေ ခုမှပဲ ကွန်မန့်လာပစ်နိုင်တဲ့ စက်ရုပ်တစ်ကောင်ပါဗျာ ။ မနက်ဆို နေရောင်မမြင်ခင် အလုပ်ထဲရောက်၊ ရှိသမျှ မှတ်ဥဏ်တွေ ၊ ကြံရည်ဖန်ရည်တွေသုံး မိုးလုံးလုံးချုပ်မှ ပြန်လာ အင်း . . . ကျနော်လည်း ငါဘယ်သူလည်းဆိုတာ သိချင်လှပြီ ။