Wednesday, July 16, 2008

မြစ်ဝကျွန်းပေါ်


“ဘက်စ်ကားပေါ်က ထိုင်ခုံမှာ
မတော်တဆဆုံသလိုမျိုး
အမိ၊အဖ၊မောင်နှမ
မိသားစုကဏ္ဍကိုမယုံဘူး။
ချစ်ခြင်းမေတ္တာတစ်ခုပဲယုံတယ်……… “
ကျနော် ပွင့်အန်လျှံကျခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်က စာသားအချို့ ပါ။
ကျနော်ဟာ ကျနော့်မောင်နှမတွေအားလုံးကို ကျေးဇူးတရား ဦးထိပ်ထားပြီး လေးလေးစားစား ချစ်သူပါ။ မောင်နှမတော်လို့ ချစ်တာ မဟုတ်ပါ။ ကျနော့် မောင်နှမများကို ချစ်တာပါ။



မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ ဆိုလို့
ငါ့ခေါင်းအုံးအောက် က စာဟောင်းထဲမှာ
ငယ်ဘဝတွေက ပြိုကျနေတဲ့ ကမ်းပါးရှေ့ ကပြေး
ကမ်းပါးနောက်မှာ ကျန်ခဲ့တာက
ငါတို့ရဲ့ နောက်တစ်နေ့
ငါတို့ရဲ့ ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ် ပေါ်လာမယ့် သဲသောင်
အိပ်လို့ မပျော်တိုင်း
ထထကြည့်ရတဲ့ ငါတို့ရဲ့ မောင်နှမများ။
ငါတို့ အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့ အတူမျောပါခဲ့ရတဲ့ သရက်သီးများ
ရေစီးက တအားသန်တယ်
ငါတို့ ပြန်မလာနိုင်ကြတော့ဘူး။……….။

မိုးဝေး


မျက်ရည်တွေလူးနေတဲ့ မျက်လုံးအစုံ ကိုယ့်ကိုယ်ကိုမယုံနိုင်အောင် ခံစားခဲ့ရတယ်။
ကျနော် ရွှေပြည်ကြီးကခွာတဲ့အခါ တခုတ်တရကူးယူလာခဲ့တဲ့ တစ်ပုဒ်တည်းသော ကဗျာပါ။
မောင်နှမတွေကိုလွမ်းတဲ့အခါ ဒီကဗျာကို ထုတ်ထုတ်ဖတ်ပါတယ်။
အခု E-Journal မောင်နှမတွေအားလုံးကို ချစ်ခင်လေးစားစွာ ဒီကဗျာကို မျှဝေလိုက်တာပါ။
ကဗျာကိုချစ်တဲ့ အရိုးခံနှလုံးသားနဲ့ အစ်ကိုကြီးမိုးဝေးအား ရိုသေတုပ်ကွ ဂါရဝပြုရင်း…..
ချစ်ခြင်းအားဖြင့်

မာရေးသျှင်

3 comments:

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ....

“ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး”
လားမသိပါဘူး...မောင်နှမတွေကိုလွမ်းမိတယ်..

အခြား said...

အရိုးခံနှလုံးသားနဲ့ အစ်ကိုကြီးမိုးဝေး လောက် ကဗျာကို မချစ်တတ်ခဲ့ပေမယ့် အတိုင်းအတာတစ်ခုထိတော့ ......

တားမြစ် ထားသော... said...

ရေစီးက တအားသန်တယ်
ငါတို့ ပြန်မလာနိုင်ကြတော့ဘူး။……….။
ရေစီးက တအားသန်တယ်
ငါတို့ .........
ငါတို့ ရဲ့မနက်ဖြန်တိုင်းမှာ
ရေဆန်ကို လှော်ကြစို့လား။.....။
*********************
ကဗျာကောင်းလေးကို ဝေမျှတာ ကျေးဇူးပါ။