Tuesday, July 15, 2008

သားတို့ရုပ်ရည် (သို့) အမေရေးတဲ့ ကျနော့်ပုံတူ

သားတို့ရုပ်ရည်(သို့) အမေရေးတဲ့ ကျနော့်ပုံတူ

ဆရာ တားမြစ် ထားသော ရဲ့ “ကျွန်တော်၊ E-Journal နှင့် ဝိုင်းတော်သားများ“ကိုဖတ်ပြီးတဲ့အခါ ဒီကဗျာကို သတိရပါတယ်။
အစကတော့ ဆရာ့ရဲ့ပို့စ်အတွက် commentတစ်ခုအနေနဲ့ တင်ဖို့ပါ။ ပြီးမှ E-Journalရဲ့ မိတ်ဆွေတွေအားလုံး အလွယ်ကူဆုံး ဖတ်လို့ရအောင် သီးသန့်ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ခြင်းဖြစ်ပါတယ်။
သားမရှိတဲ့ အမေတွေရှိပေမယ့်၊ အမေမရှိတဲ့ သားကတော့ တစ်ယောက်မျှမရှိပါဘူး။ အမေရှိတဲ့ သား(သမီး) တစ်ဦးချင်းတစ်ယောက်ချင်းဆီတိုင်းအတွက် အမေတွေရဲ့စိတ်နှလုံးမှာ ကျနော်တို့ကို ဘယ်နည်းဘယ်ပုံ ရှုမဆုံးဖြစ်နေပုံလေး မိတ်ဆက်ပေးတာပါ။
အမေရေးတဲ့ ကျနော့်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့ ဆုတောင်းကဗျာပါ။ အမေကပြောတဲ့ သားအကြောင်းဆိုတော့ တစ်ဖက်စောင်းလေးတွေ ပါကောင်းပါမှာပေါ့ဗျာ။
ကျနော်ဟာ အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ထပ်လောင်းပြောပါရစေ...

မျိုးဆက်သွေးတို့၊တိုးတက်စေကြောင်း
ကောင်းရာလမ်းညွှန်၊သွန်သင်ပေးရင်း
စိတ်ဓာတ်ရင့်ကျက်၊လွန်ထက်မြက်သူ။
အတတ်ပညာ၊လေ့လာမကုန်
အထုံကြီးမား၊စကားနူးညံ့
လွင့်ပျံ့မေတ္တာ၊မြင့်မြတ်ပါဘိ။
သဘောထားကြီး၊တရားနည်းလမ်း
လက်ကမ်းဖြန့်ဝေ၊အကျင့်စေတနာ
ဖြူစင်ပါသော၊မယ့်သားချော။
ငွေရတုခါ၊ရောက်ချိန်မှာဖြင့်
မပေါ့မဆ၊တိုးလုံ့လဖြင့်
ဘဝသာသနာ၊မြင့်ဝေဆာပြီး
ခရီးမဂ်ရောက်၊နိဗ္ဗာန်ပေါက်အောင်
အရောက်လှမ်းချီ၊မြန်းနိုင်မည့်သား ဖြစ်စေသောဝ်။……….။

7 comments:

Anonymous said...

အစောဆုံး ရေးခဲ့တယ်ဗျာ.. အတော်ကောင်းတဲ့ပိုစ်လေးပဲဗျ....တန်ဖိုးရှိပါတယ်

RePublic said...

ဒီအမေ့ဆုတောင်း ကဗျာလေးဖတ်ပြီး ရင်ထဲကအမေ့ကို
တမ်းတမ်းတတ သတိရမိတယ်ဗျာ ၊၊
အမေ..ငြိမ်းချမ်းပါစေ ၊၊

တားမြစ် ထားသော... said...

သားမရှိတဲ့ အမေတွေရှိနိုင်ပေမဲ့၊ အမေမရှိတဲ့သား မရှိပါဘူးတဲ့။ ကောင်းတဲ့ ခပ်ရိုးရိုး စကားလေးပါ။ အရိုးဆုံးဆိုတာ ဘယ်တော့မှ မရိုးတာပါပဲ။
အမေလိုချင်တဲ့ သားမျိုး ဖြစ်နိုင်ပါစေဗျာ။
****
စကားမစပ်၊ ဒီပိုစ့်လေးဖတ်အပြီး နာရီပိုင်းမှာ မတွေ့တာကြာပြီဖြစ်တဲ့ အမေ့အိမ်ကို ပြန်မလို့ပါ။ အမေအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ဘလော့ဂ်နဲ့လည်း ခဏပြတ်နေအုံးမယ်။

ဆောင်း said...

အမေ့ဆုတောင်းထဲမှာ သားကို လူပျိုကြီးဘဲ ဖြစ်စေချင်ပုံရတယ် အိမ်ထောင်ရေးအတွက် ထဲ့ဆုတောင်းမပေးထားဘူး... မေ့နေလို့ လား မသိဘူး မေးကြည့်အုန်းနော်

ဆောင်း said...

အဲ အခုမှ အသေချာ ကြည့်မိတယ် ဘဝသာသနာ၊မြင့်ဝေဆာပြီး
ခရီးမဂ်ရောက်၊နိဗ္ဗာန်ပေါက်အောင်
အရောက်လှမ်းချီ၊မြန်းနိုင်မည့်သား ဖြစ်စေသောဝ်။……

ဆိုတော့ ရဟန်းဘောင် ၀တ်ဖို့ မှာခဲ့တာကိုး
သိပြီ သိပြီ
သာဓုပါနော်

ဆောင်း said...

ကဗျာ လေးက အတော်ကောင်းတာဘဲ

အခြား said...

"စိတ်ဓာတ်ရင့်ကျက်၊လွန်ထက်မြက်သူ။
အတတ်ပညာ၊လေ့လာမကုန်
အထုံကြီးမား၊စကားနူးညံ့
လွင့်ပျံ့မေတ္တာ၊မြင့်မြတ်ပါဘိ။"
မိဘတွေ သား၊သမီး တွေအပေါ် နည်းအမျိုးမျိုးနဲ့ ချစ်ခဲ့ကြမှာ၊ ချစ်နေကြဦးမှာပါ။

"အမေရဲ့သား ဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဤကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း"
ဒီသား နဲ့ ဒီအမိ မေတ္တာကတော့ ကြည်လင်လှပါပေတယ်။ ဆက်လက်၍ အေးမြပါစေကြောင်း ......