Thursday, July 31, 2008

ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။


ဘလော့ဆိုတာ လူရွယ်၊လူလတ်တွေ အဖတ်များကြပါတယ်။ ဘလော့ဂ်ဖတ်သူအချို့ ကလေးပုံပြင်တွေဖတ်ရမှာ ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒီဘလော့ဂ်မှာ ကလေးပုံပြင်တွေ တင်ထားတာ ဆိုပေမယ့်လည်း ပုံပြင်လေးတွေကို ကိုယ့်တူလေးတွေ၊ တူမလေးတွေ၊ ကိုယ့်သားသမီးတွေကို ပြန်ပြောမယ်ဆိုရင်လည်း ပျော်စရာကောင်းမှာပါ။
ဂျပန်ပုံပြင်ဒုတိယတပုဒ်ကို ထပ်မံဘာသာပြန်ဖော်ပြလိုက်ပါတယ်။

ဂျယ်လီငါး (jellyfish)မှာ ဘာ့ကြောင့်အရိုးမရှိတာလဲ။


ဟိုးရှေးရှေးတုန်း နဂါးတိုင်းပြည်က နဂါးဘုရင်ကြီးရဲ့ မိဖုရားကြီးက ကလေးမွေးဖို့နီးလာတဲ့အခါမှာ မိဖုရားကြီးက မျောက်အသည်းကိုစားချင်တဲ့ ချင်ခြင်းဖြစ်မိသတဲ့။ ဘုရင်ကြီးက မိဖုရားကြီးအလိုကို ဖြည့်စီးပေးချင်တော့ သူ့ရဲ့သစ္စာခံ ပင်လယ်လိပ်ကြီးကိုခေါ်ပြီး ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းကောင်းမေးမြန်းတော်မူရှာတယ်။



ပင်လယ်လိပ်ကြီးကလည်း ဥာဏ်အလွန်ထက်ပါတယ်။ သူ ဂျပန်ကျွန်းကိုအလာ ပင်လယ်ကမ်းခြေနားက တောင်တန်းမှာ မျောက်တစ်ကောင် ကစားနေတာကိုတွေ့လိုက်တယ်။
- "မျောက်ကြီးခင်ဗျာ၊ နဂါးနန်းတော်ကို ဧည့်သည်အဖြစ်မသွားလိုဘူးလား"
- "အဲဒီအရပ်မှာ တောတောင်တွေက လှပသလို၊ စားဖွယ်တွေကလည်း စုံလင်လှပါတယ်။ အသင်သာ သွားလိုတယ်ဆိုရင်ဖြင့် ကျွန်ုပ်ကျောကုန်းပေါ်သာ တက်၍လိုက်လာခဲ့ပါ" ဆိုပြီး လိပ်ကြီးက သူ့ရဲ့ကျောကုန်းကြီးကို ပုတ်ပြရင်းပြောတယ်။

သံသယအလျင်းမရှိတဲ့ မျောက်ကြီးဟာ လိပ်ကြီးရဲ့စကားတွေကို ယုံပြီး၊ နဂါးတို့တိုင်းပြည်ကို စိတ်နှလုံးပျော်မွှေ့စွာ လိုက်လာခဲ့ပါတယ်။ သူ နန်းတော်ကို တကယ်ရောက်တဲ့အခါ သူအရင်ကကြားဖူးထားတာထက် ပိုပြီး ခမ်းနားနေတာကို တွေ့ရပါတယ်။

နန်းတော်အဝင်ဝပေါက်ကြီးမှာ မျောက်ကြီးက လိပ်ကြီးကို စောင့်နေတုန်း၊ တံခါးမှုး ဂျယ်လီငါးက မျောက်ကြီးရဲ့မျက်နှာကိုကြီးပြီး တဟားဟားရယ်ပါတော့တယ်။
- " မျောက်ကြီး ခင်ဗျာတကယ်ကို မသိတာလားဗျ။ မိဖုရားကြီးက ကလေးမွေးခါနီး မျောက်အသည်းကို စားချင်တယ်လို့ ချင်ခြင်းတပ်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားကို ဧည့်သည်တော်အနေနဲ့ ဖိတ်တာဖြစ်ပါလိမ့်မယ်။"လို့ဂျယ်လီငါးက ပြောလိုက်တယ်။

- " ဒီလိုကြီးတော့ မဖြစ်သေးဘူး။" - ကြောက်လန့်သွားတဲ့ မျောက်ကြီးက တွေးလိုက်တယ်။ သူကလည်း သိပ်တော်တဲ့သူဆိုတော့ ဘာကိုမှ မသိသလိုနဲ့ လိပ်ကြီးကို စောင့်နေလိုက်တယ်။
လိပ်ကြီး ရောက်လာတော့ - " ဒီလမ်းအတိုင်းသွားမယ်ဟေ့" - လို့ပြောပါတယ်။
- " လိပ်ကြီး ခင်ဗျာ"
မျောက်ကပြောလိုက်တယ်။
- " ကျနော် အမှားတခုလုပ်ခဲ့မိပါတယ်။ အခုလို ရာသီဥတုသာယာမယ်ဆိုတာကို ကြိုသိရင် ကျနော့်ရဲ့ အသည်းကို ဒီကို ယူလာပါတယ်။ အခုတော့ တောင်ပေါ်က သစ်ပင်ပေါ်မှာ ကျနော့်အသည်းကို အခြောက်လှမ်းဖို့ ချိတ်ထားခဲ့ပါတယ်။ မိုးရွာမယ်ဆိုရင် အသည်းတော့ မိုးစိုတော့မယ်ဆိုပြီး စိတ်ပူမိပါတယ်"

- " ဘယ်လို ..... ဘယ်လို .... ဘယ်လိုဖြစ်တာလဲကွ။ အသည်းကို ထုတ်ပြီး နေလှန်းခဲ့တယ်၊ ဟုတ်လား"
လိပ်ကြီးက အော်ပြောလိုက်တယ်။
- " ဒီတော့လည်းကွာ တခေါက်ပြန်ပြီး အသည်းကိုသွားယူရမှာပေါ့"

လိပ်ကြီးလည်း မျောက်ကို ကျောကုန်းကြီးပေါ်တင်ပြီး ကမ်းခြေဆီကို ပြန်လာခဲ့ရတယ်။ ကမ်းခြေကို ရောက်ရောက်ခြင်းပဲ မျောက်ကြီးက လိပ်ကြီးကျောကုန်းပေါ်ကနေ လျင်လျင်မြန်မြန်ခုန်ဆင်းပြီး အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ပြေးပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို ဘာမှမဖြစ်သလိုကြည့်လိုက်သေးတယ်။

- " မျောက်အိုကြီး ဘယ်လိုလုပ်တာလဲကွ" ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ လိပ်ကြီးက လှမ်းအော်လိုက်ပါတယ်။

မျောက်ကြီးက ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တယ်။
- " ပင်လယ်ထဲမှာ တောင်တန်းတွေနိုင်မရှိဘူး၊ ခန္ဓာကိုယ်အပြင်ဘက်မှာ အသည်းမရှိနိုင်ဘူး"

ပင်လယ်လိပ်ကြီး နန်းတော်ကို ပြန်ရောက်တဲ့အခါမှာ နဂါးမင်းကြီးကို တင်လျှောက်ရပါတယ်။
-" တံခါးဝမှာ မျောက်ကြီး နန်းတွင်းထဲ ဝင်ဖို့စောင့်နေတုန်း စကားအလွန်ပေါတဲ့ ဂျယ်လီငါးက အကြောင်းစုံကို ပြောလိုက်တာဖြစ်ပါတယ်"
- "စည်းမစောင့်တဲ့သူပဲ၊ သူ့အကြေးခွံတွေကို အကုန်ခွာလိုက်၊ ပြီး အရိုးတွေလည်း အကုန်ထုတ်ပစ်လိုက်ကြစမ်း"လို့ နဂါးဘုရင်ကြီးက အမိန့်ပေးလိုက်ပါတယ်။

စကားတွေ ဟိုပြောဒီပြော လုပ်လွန်းလို့ ဘုရင်ကြီးက အပြစ်ပေးလိုက်တာကြောင့် ဂျယ်လီငါးတွေက အခုခေတ်မှာ မြင်ရသလို အရိုးမရှိတဲ့ပုံစံဖြစ်နေတာပါ။
******

ဂျယ်လီငါးဆိုတာ ဒီပုံထဲကလို ငါးလေးဖြစ်ကြောင်း ကလေးတွေကို ပုံကလေးကိုပြရင်း ဒီပုံပြင်လေးပြောပြပြီး အခြားလူများရဲ့စကားတွေကို ကိုယ်နဲ့မဆိုင်ဘဲ ဟိုပြန်ပြော၊ ဒီပြန်ပြောမလုပ်ဖို့ ကလေးတွေကို သင်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်ခင်ဗျာ။


5 comments:

မယ် said...

မယ်ကတော့ ကြိုက်တယ်... ပုံပြင်မဖတ်ရတာကြာပြီ...ကျေးဇူးတင်ပါတယ်....

ရွှေပြည်သူ (ShwePyiThu) said...

တခါမှ မဖတ်ဖူးတဲ့ ပုံပြင်လေးပါ။ ဖတ်လို့တကယ် ကောင်းပါတယ်။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

တားမြစ် ထားသော... said...

ဟဲ ဟဲ။ ထပ်ပြောအုံးမယ်။ ကလေးတွေမှဟုတ်ဘူးဗျ။ လူကြီးတွေလည်း အခြားလူများရဲ့စကားတွေကို ကိုယ်နဲ့မဆိုင်ဘဲ ဟိုပြန်ပြော၊ ဒီပြန်ပြောမလုပ်ဖို့ သတိရှိရင် ပိုကောင်းမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုံပြင်လေးတွေကိုတော့ သဘောကျသဗျာ။
ဝေမျှတာ ကျေးဇူးနော်။

မင်းကျန်စစ်။ said...

ဖတ်ကောင်းသားဗျ။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။
ကလေးရမှ ပြန်ပြောပြရအုံးမယ် ဟတ်ဟတ်

Taungoo said...

ပုံပြင်ပေမယ့် သင်ခန်းစာယူစရာလေးပေးထားတော့ ဖတ်ကောင်းတာပေါ့ဗျာ
အဲ ဒါပေမယ့် ဂျယ်လီငါးမှာ အကြေးခွံတွေ အရိုးတွေပါနေရင် ဘယ်လိုပုံစံဖြစ်နေမလဲမသိဘူး


မေတ္တာဖြင့်