Wednesday, April 23, 2008

ကျနော်တွေးမိသော ခွေးများအကြောင်း


အခုတလော ကျနော် ခွေးနဲ့ပတ်သတ်တဲ့ စကားပုံတွေ၊ လူတွေနဲ့ ခွေးတွေရဲ့ကြားမှာရှိတဲ့ ဆက်ဆံရေး အကြောင်းတွေကို တွေးနေမိပါတယ်။ ကျနော်သိသလောက်၊ စဉ်းစားရသလောက် ခွေးနဲ့ပတ်သတ်တဲ့ နေ့တိုင်းပြောစကားတွေထဲက စကားလုံးတွေ၊ စကားပုံတွေကို ရေးချကြည့်ပါဦးမယ်။



လူတစ်ယောက်က မဟုတ်တရုတ်လုပ်ဖို့ ကြံစည်နေရင်၊ အတော့်ကို အဆင့်အတန်းနိမ့်နိမ့် အပြုအမှုတစ်ခု၊ လုပ်ရပ်တစ်ခုကို လုပ်ကိုင်ဖို့ကြံစည်နေပြီဆိုရင် ပြောလေ့ရှိတာက “ခွေးကျင့်ခွေးကြံမကြံနဲ့”။ ခွေးတွေက တစ်ခုခုစားစရာရှိရင် လူတွေမသိအောင် အသာကလေး ခိုးကြောင်ခိုးဝှက်နဲ့ ခိုးစားတတ်တယ်။ ပိုင်ရှင်က ကြည်ဖြူလို့ ကျွေးမှ စားရသောက်ရမှာကို စားလိုစိတ်နဲ့ ခွေးက အဆင့်အတန်းနိမ့်နိမ့်ကြံစည်တတ်တာမျိုးကို အစွဲပြုပြီး ခွေးကျင့်ခွေးကြံမကြံနဲ့လို့ ပြောစကားပေါ်လာတာလားမသိနော်။ (ကျနော်က ဒီနေရာမှာ အစားကို ပြောတာဆိုပေမယ့် ခွေးစားချင်တာက အစားတစ်ခုတည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ အစားအပြင် တခြားဟာတွေလည်း ရှိမှာပါ။)

ခွေးနဲ့ပတ်သတ်တဲ့ စာကြောင်းတစ်ခုကို ငယ်ငယ်က ဖတ်ဖူးပါတယ်။ ကျွန်းပြားပေါ်မှာ ပန်းချီဆရာက အဲဒီစာကြောင်းကို အသေအချာ ရေးထားတာပါ။ ပြီး အိမ်ရှင်က ဧည့်ခန်းမှာ အိမ်လာတဲ့သူတိုင်း ထင်းကနဲမြင်သာတဲ့ နေရာမှာ ချိတ်ထားတာပါ။ စာကြောင်းကတော့ “လူတွေအကြောင်းသိလေလေ၊ ခွေးတွေကိုပိုချစ်ချစ်လေလေ” တဲ့။ ကျနော်အဲဒီစာကြောင်းကို မြင်စကတည်းက အတော်ဘ၀င်မကျတာပါ။ အိမ်ကို အလည်ပဲရောက်လာလာ၊ ကိစ္စရှိလို့ပဲရောက်လာလာ ရောက်လာတဲ့သူတိုင်းရဲ့ရင်ဝကို ခြေနဲ့ဆီးကန်လိုက်သလိုပါပဲ။ အတော်ကြည်နူးစရာမကောင်းတဲ့ စာကြောင်းပါ။ သူက လူတွေကို ဘယ်လို စိတ်နာနေလို့ပါလိမ့်။ သူဆိုလိုချင်တာက လူတွေက ခွေးတွေလောက်တောင် သစ္စာမရှိဘူးလို့ ပြောချင်တာလား။ အိမ်လာတဲ့သူအပေါင်းကို မင်းတို့လူတွေက လိမ်လည်လှည့်ဖြားတတ်လွန်း၊ ကျေးဇူးမသိတတ်လွန်းလို့၊ ငါကတော့ မင်းတို့ကို ခွေးတွေလောက်တောင် မခင်တွယ်ဘူးဟေ့ဆိုတာကို ပြောချင်တာလား။ ထားပါတော့ ကျနော့်ကတော့ ဘယ်လိုပဲနေနေ ဒီစာတန်းကြီးကို မြင်ရတာ အတော် ဘ၀င်မကျတာပါ။

ခွေးနဲ့ပတ်သတ်တဲ့ စာကြောင်းနောက်တစ်ခုကတော့ “လူပု စိတ်တို၊ ခွေးပု ရန်လို”တဲ့။ အရပ်ပုပြီး စိတ်အလွန်တိုတတ်တဲ့သူတွေကို စချင်၊နောက်ချင်တာနေမှာပါ။ ရှိပါသေးတယ် “ခွေးဝဲစား”၊ “သားရေပေါ်အိပ်၊ သားရေနားစား”၊ “ဈေးခွေး”၊ “မွဲချင်တဲ့ခွေး ပြာပုံတိုး”၊ “ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုတာတွေ။ စိတ်ထဲပေါ်လာသလောက်ချရေးတာပါ။ အဓိပ္ပါယ်တွေတော့ မဖွင့်တော့ပါဘူး။

ကြားဖူးတာ နောက်တစ်ခုက လူတွေက သခင်ဖြစ်ချင်လို့ ခွေးမွေးတာတဲ့။ ကိုယ့်ကသာ ကျွေးမွေးထားတယ်ဆိုရင် ခွေးဆိုတာ သခင်အပေါ်မှာ အလွန်သစ္စာရှိသတဲ့။ ညရေးညတာ ခြံလုံအောင်လည်း ကင်းစောင့်တတ်ပါတယ်။ မွေးရကျိုး အလွန်နပ်ပါတယ်။ တစ်ချို့ကလည်း အလှမွေးကြတာပါ။ လမ်းလျှောက်ဖော်ပေါ့။ ဈေးကြီးကြီးပေးပြီး သာမန်လူတွေတောင် ၀ယ်မစားနိုင်တဲ့ အသားတွေ၊ အစားတွေကို ကျွေးရပါသတဲ့။ ခွေးနဲ့လူကြားက ဆက်ဆံရေးတွေပါ။

နောက်ဆုံးတော့ ခွေးတွေအပေါ်ထားတဲ့ ကျနော့်အမြင်ကို ပြောချင်တာပါ။ ခွေးဆိုတာကို ကျနော်က ခြံလုံအောင် ကင်းစောင့်စေဖို့ပဲ မွေးလိုတာပါ။ ၀အောင်ကျွေးမယ်၊ ခွေးနဲ့တန်တဲ့နေရာ စီစဉ်ပေးမယ် (ခွေးခြံဆောက်ပေးမယ်ပေါ့ဗျာ။) ခွေးရဲ့စောင့်ရှောက်မှုမလိုတဲ့အချိန် (ဥပမာ၊ နေ့ခင်းလို အိမ်မှာ လူတွေရှိနေတဲ့အချိန်)မှာ ခွေးကို ခွေးခြံထဲမှာပဲထားမှာပါ။ ခွေးရဲ့အစောင့်အရှောက်လိုတဲ့ ညလိုအခါမျိုးမှာသာ ခွေးကို ခွေးခြံထဲက လွတ်ပေးပြီး ခြံအစောင့်ခိုင်းမှာပါ။ ခြံလုံအောင် အစောင့်ခိုင်းဖို့ မွေးတဲ့ခွေးကို သခင်ဖြစ်တဲ့ ကျနော်က ကြောက်လာရရင်တော့ မကြိုက်တော့ပါဘူး။ အစာကျွေးတဲ့ လက်ကို မာန်တွေဖီလာပြီး ကိုက်ချင်လာရင်တော့ အတော့်ကို ကျနော် မနှစ်မြို့တော့တာပါ။ စာဖတ်သူတွေရော ခွေးမွေးမယ်ဆိုရင်ရော ဘာကြောင့် မွေးချင်တာလဲ ပြောပြပါလား။ နောက်ဆုံးအနေနဲ့ စာဖတ်သူတွေကို ကျနော် ဆုတောင်းပေးလိုက်ပါ့မယ်။ ကိုယ့်မွေးထားတဲ့ခွေးက ကိုယ့်ကိုပြန်ခြောက်လို့ ကြောက်ရတဲ့သူတွေ မဖြစ်ပါစေနဲ့ဗျာ။

4 comments:

khin oo may said...

ဒီနေ. ဘလောတွေလျောက်လည်တော.စုဆောင်းထားတာလေးတွေတွေ.ရတယ်

ကျွှန် တော်တွေးမိသော ခွေးအကြောင်းများ
http://ver-bo-ten.blogspot.com/

မိုးနှင်းပက်သက်သော သီချင်းများ
http://www.mgtaryar.iblogger.org/

မြတ်နိုးရဲ. ဂျပန် က အမျိုက်စွန်.ပုံ အမျူိးူမျိုး
http://www.yuyamyatnoe.blogspot.com/

မြန်မာ(ရွှေ) ဖြစ်မဖြစ်စစ်ဆေးနည်း
http://kookgyi.blogspot.com/

Han Thit Nyeim said...

ကြိုက်တယ်ဗျာ။
ကျွန်တော်က တိရစ္ဆာန်တွေ အကုန်သုံးပြီး တစ်ပုဒ်ရေးဖူးတယ်ဗျ။ လာအားပေးပါဦးဗျာ။
http://hanthitnyeim.isgreat.org/?p=107

ခင်မင်လျက်
ဟန်သစ်ငြိမ်

စိုးထက် - Soe Htet ! said...

ကိုယ်မွေးထားတဲ့ မျောက်က ကိုယ့်ကိုပြန် ခြောက် လို့ ကြားဘူးတာ ... :P

ရွှေဂျမ်း said...

စိတ်ဝင်စားစရာကောင်းတဲ့ အတွေးလေးတွေ ပေးတဲ့ ပို့စ်လေးပါ။ သခင်ထားရာနေ၊ သခင်ကျွေးရာစား၊ သခင်အပေါ် သစ္စာစောင့်သိတဲ့ ခွေးမျိုးတွေ ရှိသလို ကိုယ်ထားရာနေရမယ့် ခွေးက သခင် ကိုယ့်ကို ပြန်ကိုက်၊ ပြန်မာန်ဖီ၊ သခင်ဆီက အသားတွေ လုစား၊ သခင်အတွက် အရိုးအရင်းသာ ချန်ထားတဲ့ ခွေးမျိုးတွေလည်း ရှိမှာပါပဲ။ လူတွေအတွက် သိပ်ဒုက္ခပေးတဲ့ ခွေးတွေကို နိုင်ငံခြားမှာတော့ သတ်ပစ်လိုက်ကြရတာပါပဲ။