Sunday, September 28, 2008

မင်းနဲ့ငါ တစ်ညတာ


အစားကောင်းစားရတဲ့အခါ ချစ်သောသူကို သတိရတယ် - တဲ့။
ကိုယ့်အတွက် သာမြင်ညောင်ညဟာ တစ်ချို့ အတွက် ရာထောင်မက ဖြစ်နေတတ်ပါတယ်။ အခု ကျနော့်ရဲ့ ရာထောင်မကတွေကို ခင်များတို့အား ဝေမျှလိုပါတယ်။ တကယ်တော့ ဒါဟာ တာဝန်တစ်ရပ်ကို ထမ်းရွက်ခြင်းလည်း ဖြစ်ပါတယ်……



မင်းနဲ့ငါ တစ်ညတာ

မင်းလည်း ပြောစရာရှိတာ မပြောနဲ့တော့။ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ မင်းကြီးပြင်းခဲ့တဲ့မြို့၊ မင်းငယ်ဘဝ၊ ငါကြီးပြင်းခဲ့ရာမြို့၊ ငါ့ငယ်ဘဝ။ ငါတို့ရဲ့အမှတ်ရစရာတွေ။ ငါတို့ရဲ့ခံစားမှုတွေ။ ငါတို့သီခဲ့ကြတဲ့တေးတွေ ရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။ လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ၊ ဝမ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။ အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။ ငါတို့မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲရှိနေပါစေကွာ။ ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ဒါကို ငါစဉ်းစားမိသလို ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။ တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံး ကောင်းကောင်းဖုတ်မယ်။ သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကို စောင့်မျှော်မယ်။ မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့၊ ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။ အတွေ့အကြုံဖြတ်သန်းမှု မတူပေမယ့် ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။ မနက်လင်းရင် အရှေ့ အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်မယ်။ ငါတို့ငြင်းခုန်ဖို့ မလိုတော့ဘူး။ ငါတို့ဆွေးနွေးဖို့ မလိုတော့ဘူး။ စက်သီးကြိုးနဲ့ ကျောက်တုန်းရေတွင်းထဲကရေကို ငါငင်မယ်။ မင်းက သလဲပင်ကလေးကို လောင်းပါ။ တကယ်တော့ ပေါင်မုန့် တစ်လုံးထက် ပေါင်မုန့်နှစ်လုံးက ပိုကောင်းတာပေါ့ကွာ။ ဒါပေမယ့် ပေါင်မုန့်တစ်လုံးပဲ မင်းဖုတ်ခဲ့လည်း ငါကျေနပ်ပြီ။ မီးဖိုထဲက မီးတွေ ငြိမ်းသွားလို့ အအေးဓာတ် စတင် ဖြစ်ပေါ်လာခဲ့ရင် မင်းငါ့အနားကိုတိုးပါ။ မင်းကို ငါပွေ့ဖက်ထားမယ်။ နွေးအောင်ပေါ့။ ဒီထက်မပိုဘူး။ တကယ်လို့ မင်းနားထောင်ချင်ခဲ့ရင် ငါအလေးအနက် ပြောခဲ့တဲ့စကားကို ဘေးဖယ်ထားပြီး မင်းကို အကြောင်းအရာတစ်ခု ပြောပြမယ်။ ဟိုး ငါငယ်ငယ်တုန်းက ကြောင်ကလေးကို လက်သဲညှပ်ပေးခဲ့တဲ့ အကြောင်းလေ။ မင်းလည်း ခုထိ အမှတ်ရနေတဲ့ ငယ်ငယ်က မိုက်မဲမှုတစ်ခုခုကို ပြောပြပါ။ ငါနားထောင်ချင်လို့။

နေမျိုး
(ချင်းတွင်းမဂ္ဂဇင်း၊အမှတ် -၉ ၊ စက်တင်ဘာလ၊ ၂၀၀၆)

1 comment:

တားမြစ် ထားသော... said...

မင်းလည်း ခုထိ အမှတ်ရနေတဲ့ ငယ်ငယ်က မိုက်မဲမှုတစ်ခုခုကို ပြောပြပါ။ ငါနားထောင်ချင်လို့။

***********

တို့ရဲ့မိုက်မဲမှုတွေနဲ့အတူ နေမင်းကိုကြိုဆိုဖြစ်မယ်ဆိုလည်း ကြိုဆိုလိုက်ကြတာပေါ့။ သလဲပင်လေးကိုသာ မိုက်မဲမှုတွေငင်ပြီး အဆိပ်ရေမလောင်းမိဖို့ မင်းလည်းငါ့ကိုသတိပေးပါ။ ငါလည်း မင်းကို သတိတရ ရှိနေမှာပေါ့။ ဒါပေမဲ့အဲဒီတစ်ချိန်ဟာ မင်းနဲ့ငါရဲ့ တစ်ညတာ ကုန်ဆုံးချိန်၊ အလင်းသစ်တို့ မွေးဖွားချိန်ပါလေ။
*****************

ဝေမျှခြင်းအနုပညာကို ခံစားသွားပါတယ်။ ချစ်သောသူများကို သတိရပေးတော့ အချစ်တို့ တိုးပွားရပါတော့တယ်။
ကျေးဇူးတင်ပါတယ်။

သုခမိန်(E-Journal)